Showing posts with label ၀တ္ထုရှည်. Show all posts
Showing posts with label ၀တ္ထုရှည်. Show all posts

Tuesday, September 7, 2010

ပုခက်လွှဲကျယ် (အပိုင်း- ၂)

မိုးဖွဲဖွဲရွာလို့ မြေသိပ်နေပြီး လျှောက်လို့ ကောင်းတဲ့ သဲနီလမ်းကလေးက ခပ်တိုတိုပေမယ့် ဒီ လမ်း ပေါ်မှာပဲ တရက် ၂ချိန် တက်ရတဲ့ မူလတန်းနဲ့ အလယ်တန်း ကျောင်း၂ကျောင်းတောင် ရှိနေတာမို့ ကလေးငယ်တွေ ကျောင်းဝတ်စုံနဲ့ သွားလာ ကျောင်းတက်နေတာကို မနက် နေ့လယ် ညနေ နေ့ သုံးယံ စလုံးမှာ ကျောင်းတက် ကျောင်းဆင်း ချိန်တိုင်း ပျားပန်းခပ် စည်ကားနေတဲ့ လမ်းလေးပါ။ ဒါပေ မယ့် ညနေစောင်းလို့ လထွက်တပြူ ရောက်ရင်တော့ အေးဆေး ငြိမ်သက် တိတ်ဆိတ် လို့။ စာတမ်းအတွက် စာဖတ်များလို့ ငြီးစီစီ ဖြစ်မှုကနေ သက်သာဖို့ ၀ရန်တာ မှာ ရပ်ရင်း ငေးမောနေ မိတဲ့ သက်ထားက မျက်စောင်းထိုးအိမ်က မြင်ကွင်းတခုကြောင့် ရုတ်တရက် မှင်သက် အံ့သြ။ သေသေချာချာ မမြင်ရလို့ အကြံ ထုတ်ရင်း ခရီးထွက်စဉ်က အမှတ်တရ ၀ယ်ခဲ့တဲ့ အဝေးကြည့် မှန်ပြောင်းလေးကို သတိရသည်။ သင့်မသင့် ခဏလောက် စဉ်းစား ပြီးမှ သိချင်စိတ်ကို ထိန်းမရတာမို့ အခန်းထဲ ၀င်ယူပြီး ကန့်လန့်ကာ ကြားက ကြည့်လိုက်မိတော့…

ရွှန်းရွှန်းလက်နေတဲ့ သရက်ကိုင်းတွေရဲ့ အရိပ်အောက်က လရောင်အောက်မှာ မျက်နှာကို မော့ ရင်း မျက်စိ မှိတ် လျက် ငြိမ်ပြီး ရပ်နေတဲ့ ပါးကွက်ဝိုင်းမ… လက်၂ဖက်က ကလေးငယ်တယောက် လူ ကြီး ချီတာ ခံချင်လို့ မြှောက်ထား တဲ့ဟန်နဲ့။ အံ့သြစိတ်နဲ့ အတူ ဆေးပညာဆိုင်ရာ ဖြစ်နိုင်ချေ တို့က စိတ်ထဲမှာ ပြေးလွှား တွက်ချက်လို့… ဒီကလေးမ အိပ်မက်ယောင် နေတာလား။ ဒါမှမဟုတ် စိတ္တဇ ဖြစ် နေပြီလား… ဒါမှမဟုတ်… ၀ရန်တာကို ကြည့်ရင်းလဲ မဖြစ်သင့် တာတွေ ဖြစ်မသွားဖို့ ရင်တထိတ်ထိတ် ဆုတောင်းရင်း ဘာလုပ်ရမှန်းမသိ။ သူ့အိမ်က လူကြီးတွေ မသိကြဘူးလား။ ဖုန်းဆက်ပြီး အချိန်မီ ပြောမှ ထင်ပါရဲ့.. အို.. သူတို့ အိမ်မှာ ဖုန်းမှ မရှိဘဲ။ အဝေးကြည့်မှန်ပြောင်းကို မြှောက်လိုက် ချ လိုက် ပြာယာခတ်နေတဲ့ သက်ထား တယောက် … လင်းလင်းသာ နေတဲ့ လရောင်ဖြူ ၀ါထိန် အောက်မှာ ပါးကွက် ၀ိုင်းမ မျက်ခွံ လေးတွေ တဖြည်းဖြည်း ပွင့်လာတာ မြင်လိုက်ရမှ အသက် ရှူမိတော့သည်။ ၀မ်းနည်း အားငယ် လွမ်းဆွတ် နေသော မျက်ဝန်းလေးများ… နေ့လည်က စာသင်ခန်းထဲမှာ အတန်း ရှေ့ထွက်ပြီး ဂုဏ်ပြု သြဘာသံ လက်ခံ နေရစဉ်က မျက်နှာ ပြုံးပြုံးလေး နဲ့ တခြားစီ။ တန်းကနဲ ကျ လာတဲ့ မျက်ရည် တစကို ဖျတ်ခနဲ သုတ်ရင်း အိမ်တံခါးကို အင်မတန် လေးကန်ကန် ဖွင့်ရင်း အထဲကို ဖွဖွလေး ၀င်သွားပုံကို မျက်စိတဆုံး ငေးရင်း အရင် အပတ်က ဒေါက်တာ သက်ထား စုံစမ်းရရှိလာတဲ့ အချက်အလက်တချို့ကို သတိရသွားပြန်သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

သြော် ဒေါက်တာ က ပါးကွက်ဝိုင်းမလေးကို ချစ်လို့လား။ အင်းး ချစ်စရာ ချောလဲချော ဥာဏ်လဲ ကောင်းကိုးး အင်းလေ မျိုးရိုး ကလဲ သူ့အဘွားဆို ချောလွန်းလို့ အောက်ပြည်က လူတွေ လှေကို လချီစီးပြီး အထက်အညာထိ တက်ကြည့်ယူရတဲ့ အထိကို နာမည်ကြီးခဲ့တာကလား သူ့အမေလဲ ဒီလိုပေါ့။ ဒီကလေးမလဲ အပျိုဖြစ်လာရင် ဒီလိုပဲ နေမှာပါ။ ဒါပေမယ့် သူ့ အဖိုးသာ ခုနေ သူ့မြေးကို မြင်ရင် စိတ်ကောင်းမှာ မဟုတ်ဘူး။ သူ့အဖိုးက ပါးကွက်ဝိုင်းမ ၄တန်းနှစ်ကပဲ ဆုံးသွား တာလေ။ သူ့မြေးသူ ချစ်လိုက်တာ တုန်လို့ပေါ့ဗျာ။

ဦးကြီးက ဆွေစဉ်မျိုးဆက်ကိုသိတာပါလား။ ဘယ်လိုသိလဲ ဦးလေးရဲ့။ နောက်ပြီး သူ့အဖိုးက ဘာလို့ စိတ်မကောင်း ရမှာလဲ။

သြော် ဦးလေးက ပါးကွက်ဝိုင်းမရဲ့ အမေဘက်က အဖိုးအိမ်မှာ ကုန်ကားမောင်းခဲ့ဖူး တာကိုးကွယ့်။ သိပြီပေါ့။ သူ့အဖိုးရဲ့ ကျေးဇူး ကြောင့်လဲ ခုလို အိမ်ပိုင် ယာပိုင် နေနိုင်တာပါလေ။ ပြည်သူပိုင် သိမ်းတဲ့ ခေတ်မှာ အရေးပိုင်တွေ မြို့ကို မရောက်ခင် အသိမ်း မခံရခင် သူ့အဖိုးက သူပိုင်သမျှ ကုန်တိုက်နဲ့ ပွဲရုံတွေ ထဲက လိုချင်တာ မှန်သမျှ ကုန်ကားနဲ့ တစီး တိုက် သယ်သွား ပေတော့ ဆိုပြီးပေးခဲ့တာကွဲ့ … ဦးကြီးလဲ ခုလောက်ဆို နတ်ရွာသုဂတိ လားမှာပါလေ။

သြော် ပါးကွက်ဝိုင်းမ အဖိုးက သူဌေးကြီးလား

ချမ်းသာပြီကော ဆရာမရဲ့။ တမြို့လုံး ချမ်းသာသမျှ အကုန်စုတောင် သူ့အဖိုးကို မမီဘူး။ အိမ်ဖော် တွေက တန်းလျား လိုက်။ ပွဲရုံ ၀န်ထမ်းတွေက ရာချီနေတာ။ အဲလို သူဌေးသမီးက တမြို့တည်းသား စည်းကမ်းကြီး ဘီးစိပ် တိုက်တဲ့ တရုတ် မိသားစုက သားအငယ် အစိုးရ အရာရှိနဲ့ ညားပြီး အိမ်တွင်းမှု မနိုင် တော့ ဒီဘက် မိသားစုက မကြည်ဖြူ.. တခါ ပါးကွက်ဝိုင်းမ အဖေ ကိုလဲ မချမ်းသာလို့ အမေဘက်က အသိုင်းအ၀ိုင်းက နှိမ်တာ ပြောတာတွေနဲ့ ဆိုတော့ အိမ်ထောင်ရေး က မသာယာ ဘူးလေ။ ပါးကွက် ၀ိုင်းမ အဖေဘက်က အဖိုးအဖွားတွေက စီးပိုး တယ်။ ဒီကြားထဲ ပါးကွက်ဝိုင်းမရဲ့ အမေ ရန်ကုန်မှာ ကျောင်းလာ တက်တုန်း နောက်ပိုင်းက ဆွေမျိုးတွေက ဦးကြီး ဆုံးခါနီး အမွေတွေကို လက်ဝါးကြီး အုပ် လိုက်တယ်လေ။ အဲဒီ နောက်ပိုင်းမှာ သူ့အမေ နေရာမရ တော့ဘူးပေါ့။ ပါရဂူဘွဲ့ရ ချွေးမ အကြီး ကို ဖူးဖူး မှုတ်တော့ တာပေါ့။ ဒါတွေ ကြောင့်လဲ ဒီကလေးမကို အားကိုးပြီး အနိုင်ယူမယ်လို့ တလွဲ ဆံပင်ကောင်း တွန်းအားတွေ အဖေရော အမေကပါ ပေးတော့ တာပဲလေ။ ကျွန်တော့မှာ အိမ်ချင်းကပ် ဆိုတော့ သူတို့အိမ် ထဲက ပြောသံဆိုသံတွေက အတိုင်းသား ကြားရ တာကလား။ ဒါထက် ပါးကွက် ၀ိုင်းမက ဘာလို့ ဆေးခန်း ပြရတာလဲ ဒေါက်တာ.. မိုးမိပြီး ဖျားလို့လား။

ဟူးးး စိတ္တဇနာ လို့ ပြောရမယ် ထင်ပါရဲ့ ဦးလေးရယ်… မူးလဲလို့ပါ။ ဒီလောက် အရွယ် ငယ်ငယ်လေးနဲ့ သွေးအား နည်း တာ မဖြစ်သင့် ဘူး။ ဒါထက် ဦးလေးလဲ ခါးကို ဓာတ်မှန်တော့သွားရိုက်ဖို့ ကျွန်မ ဆေးစာ ရေးပေး လိုက်မယ်နော်။ ဒူလာနဲ့ လိပ်ခေါင်း ကတော့ စိတ်သိပ်မပူပါနဲ့ အဆိုးကြီး အဆင့် မရောက်သေးပါဘူး။ ပေးလိုက်တဲ့ ဆေးတွေ မှန်မှန်သောက်နော်။ ကုန်ကား မောင်း လာတဲ့ဒဏ်တွေလေ။ ဦးလေးပြောမှ သိတော့ အဆင်ပြေတာပေါ့။

ဟုတ်ကဲ့ ဒေါက်တာလေးရေ.. ကျန်းမာပါစေဗျာ ပြန်ဦးမယ်နော့
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

သမီး မအိပ်ဘဲ မှန်ပြောင်းကြီး ကိုင်ပြီး ဘာငိုင်နေတာလဲကွဲ့ အိပ်တော့လေ မေမေတောင် တရေးနိုးပြီ

ခုနက ပါးကွက်ဝိုင်းမလေ ၀ရံတာမှာ တယောက်တည်း မတ်တပ်ရပ်နေတာ အကြာကြီးပဲ အမေရဲ့။ သမီး စိတ်ပူလို့ ချောင်းနေ တာ
သူတို့ အိမ်က ကလေးပြုစုပုံ မှားနေတယ်ကွယ်… ဘာလဲ သမီးရဲ့ စာတမ်းအတွက် လေ့လာနေတာ မို့လား မေမေလဲ အခြေ အနေ ကြည့်ပြီး တရက်ရက် သူတို့အိမ် သွားလည်ရင်း စောင်းပါးရိပ်ခြည် တားမြစ် ပြောဆိုကြည့်ပါဦးမယ်ကွယ်

သမီးလေ မေမေ့လို ဆရာဝန် ပြီးတော့ ကလေးတွေကို နားလည်တတ်တဲ့ အမေ တယောက်ရတာ သိပ်ကို ကံကောင်း တာပဲ လို့ ပိုပို ခံစားမိလာတယ် သိလား။ ဒါထက် သူတို့ အိမ်ကို ဘာအကြောင်းပြ ပြီး သွားလည်မလဲ မေမေရဲ့

ခြံထဲမှာ ပိန်းပန်းတွေ ပွင့်နေပြီလေ။ ဘုရားပန်းတွေ အိမ်နီးချင်းနဲ့ မျှဝေ တာဟာလဲ ချစ်ဖို့ကောင်းတဲ့ တို့မြန်မာ့ ဓလေ့ပဲ မို့လား

အားကိုးလိုက်ရတာ … ဒါမှ ချစ်မေကွ

အမေ့ကို သိုင်းဖက်ရင်း သက်ထား တယောက် ခြံထဲက ပန်းလေးတွေကို ငေးရင်း အတွေး တခု လက်ခနဲ ၀င့်သွား လေသည်
သြော်… ပန်းလေးတွေလဲ ဥယျာဉ်မှူးကောင်းရဲ့ ပြုစုပျိုးထောင်မှု ရမှ လန်းဆန်းငွားစွင့် အားအင် အပြည့် နဲ့ ဖူးပွင့်နေခွင့် ရတာ ပါလား… ပန်းငုံ ပန်းဖူးလေး တွေလို နုနယ်လှတဲ့ ကလေးငယ်တွေ အနာဂတ်ဥယျာဉ်မှာ သန်စွမ်း လှပ စေဖို့ ဥယျာဉ်မှူး တွေကို သင်တန်းများ ပေးခွင့်ရရင်ဖြင့် … အတွေးနဲ့ပင် သက်ထား ရင်ခုန်နေမိလေသည်။

(အပိုင်း ၃ မျှော်ပါရန်)

Read More...

Sunday, September 5, 2010

ပုခက် လွှဲကျယ် (အပိုင်း- ၁)

မိတ္ထီလာ ကန်ဝယ်… ဖားကောက်ခဲ့ပါ့မယ်… ဗျိုင်းရှေ့က ပျံကာ ပျံကာရယ်...

ခပ်သဲ့သဲ့ ကြားနေတဲ့ ကလေးချော့တေးကြောင့် ပြတင်းပေါက်က အသာငုံ့ကြည့်လိုက်တော့ ဘေးအိမ်က ပါး ကွက်ဝိုင်းမ ခြံထဲက သစ်ပင်ရိပ်မှာ ဆင်ထားတဲ့ ပုခက်ကို လွှဲရင်း သူ့သမီး ပုလုကွေး ကို တေးဆိုသိပ် နေ သည်။ စည်းချက်ကျကျ ဖြည်းဖြည်း မှန်မှန် လွှဲနေတဲ့ ပုခက်ထဲမှာတော့ အခါလည် ကလေးမက တေးစနဲ့ ငြိမ့် ရင်း မှိန်းလို့။ သြော် ပါးကွက်ဝိုင်းမ လေးတောင် ကလေး အမေ ဖြစ်နေပြီကော။ ဒေါက်တာ သက်ထားနွယ် ဒီရပ်ကွက်ထဲ ပြောင်းလာခါစ က သူတို့လေးတွေ အသက် ဆယ်နှစ် တောင် မပြည့်တတ် ကြသေး။ ပါးကွက် ၀ိုင်းမ၊ ဗျိုင်းဖြူမ၊ မယ်ညိုလေးနဲ့ သီတာအေး တို့က အိမ်နီးချင်း လဲ ဟုတ်သလို တတန်း တည်း ကျောင်းသူ လေးတွေ။ ဒါပေမယ့် သူတို့လေးတွေ ကစားဖော် ကစားဖက် စိတ်ဖြောင့်ဖြောင့် မဖြစ်ခဲ့ ရှာကြ။

ပါးကွက်ဝိုင်းမ အဖေနဲ့ မယ်ညိုလေးနဲ့ သီတာအေးတို့ အမေတွေက တရုံးတည်း လုပ်ဖော်ကိုင်ဖက်တွေ။ ဒီတော့ လတိုင်း ရုံးက အစည်းအဝေးမှာ ဆုံကြတိုင်း လုပ်ဖော်ကိုင်ဖက်များက သတင်းမေးကြသည်။ ဒီလ အတန်းထဲ ဘယ်သူ အဆင့်တစ် ရလဲဗျ… ဆိုတိုင်း ခေါင်းမော့ ဖြေနိုင်သူက ပါးကွက်ဝိုင်းမ အဖေ ဆိုတာကိုလဲ ဒေါက်တာ သက် ထားနွယ် မှာ သူ့ဆေးခန်းက လူနာတွေ ဆီက တဆင့် စကား ပြန်ကြား ခဲ့ရသည်။ ရုပ်ရည် သန့်ပြန့် သွက်လက် ချက်ချာတဲ့ ဒီကလေးတွေက ဒီရပ်ကွက်လေးထဲမှာ လူ စိတ်ဝင်စား ခံကြရဆုံးများ ဖြစ် ခဲ့ကြသည်။ သို့သော် အိမ်နီးချင်းမို့ ပါးကွက်ဝိုင်းမလေးကို အကြောင်းပိုသိခဲ့ရသလို ပိုစိတ် မကောင်း ဖြစ်ခဲ့ ရသည့် သက်ထား တယောက် ဘွဲ့လွန် စာတမ်းအတွက် ရွေးလိုက်သည်က ပတ်ဝန်းကျင် သက်ရောက်မှု နဲ့ ကလေးစိတ်ပညာ ဆိုတဲ့ ခေါင်းစဉ်ပါ။ ကလေးတွေကို လေ့လာဖို့သူ ရွေးချယ်လိုက်တာက ဒီရပ်ကွက်ထဲက ကလေးတွေ တက် နေတဲ့ သူနေတဲ့ လမ်းထဲက ကျောင်းကလေး။ ပါးကွက်ဝိုင်းမတို့ ကျောင်းကလေးပါ။ ကျောင်းအုပ်ကြီး နော်မာရီယာက အားတက် သရော ကူညီတာကြောင့် သက်ထား ၀မ်းမြောက်ရသည်။ ကျောင်းအုပ်ကြီး ရုံးခန်းက အထွက် ဘေးချင်းကပ် စာသင်ခန်းထဲက လက်ခုပ်သံ တဖြောင်းဖြောင်းကြောင့် အသာရပ် စေ့ငုတော့ ကျောင်းအုပ်ကြီး ကနားလည်စွာ ပြုံးလို့

ကဲ.. ဒီနေ့ စာစီစာကုံး ပြိုင်ပွဲမှာရော ၀ါကျ အလှရေး ပြိုင်ပွဲမှာရော စာလုံးပေါင်းသတ်ပုံ စစ်ပွဲမှာပါ ၃ခုလုံး ပထမ ရတဲ့ အတွက် ခုလို ဂုဏ်ပြုတာ ဖြစ်တယ်။ သားတို့ သမီးတို့လဲ သူ့လို တော်ရင် သူ့လို ဂုဏ်ပြုခံရမယ်။ သမီး ကလဲ ဒီလိုဖြစ် အောင် ဘယ်လို ကြိုးစားခဲ့တယ် ဆိုတာ သူငယ်ချင်းတွေ သိရအောင် ပြောပါဦး

သမီးက ကျောင်းစာ အပြင် ဗဟုသုတ ရအောင် ရွှေသွေး တို့ တေဇတို့ တို့ကျောင်းသားတို့ ဖတ်ပါတယ်။ တို့ ကျောင်းသား စာစောင်ထဲက စာစီစာကုံးတွေကို နမူနာ ယူပါတယ်။ ရွှေသွေးနဲ့ တေဇ စာစောင်တွေက ၀ါကျ ရေးပုံ အသစ်တွေကိုလဲ သတိ ထား မိပါတယ်xxxx

သွက်လက် ချက်ချာစွာနဲ့ အတန်းရှေ့မှာ ခပ်ပြုံးပြုံးလေး ရပ်ရင်း ပြောပြ နေတာက ပါးကွက်ဝိုင်းမ… အတန်း ရှေ့က အသာ ထွက်လာတော့ ကျောင်းအုပ်ကြီးက ပြုံးလို့။

ဒီကလေးမလေး က ကျောင်းမှာ အသက်မပြည့်ဘဲ ကျောင်းအပ်လက်ခံ ပေးခဲ့တဲ့ တယောက်တည်းသော ကျောင်းသူ လေးပါ။ ကျွန်မ အဲဒီတုန်းက ဆုံးဖြတ်ချက် မမှားဘူးဆိုတာ ကြာလေ သိလေပဲ။ သူက သိပ်ကို လေ့လာအား ကောင်းတယ်

ဟုတ်ကဲ့ ပါးကွက်ဝိုင်းမက ကျွန်မနဲ့ အိမ်နီးချင်းပါ။ ကျွန်မလဲ သူ့ကို စိတ်ဝင်စားတယ်။ သူတင် မကဘူး ဒီ အတန်း ထဲက ဒီရပ်ကွက်ထဲက ကလေးတွေက ကျွန်မ သတိထားမိသလောက် တယောက်တမျိုးစီ ထူးချွန်ကြ သလိုပဲ။ သီတာအေးက အဆို အက မှာ ပါရမီပါတယ်။ မယ်ညိုလေးဆို ပန်းချီဆွဲ သိပ်တော်တာပဲ။ ဗျိုင်းဖြူလေး က စီးပွားရေး သမားရဲ့ သမီးပီပီ လူမှု ဆက်ဆံရေး တယ်တော်တာကိုး ဆရာမကြီးရဲ့။

ဟုတ်တယ် ကျွန်မတို့ကတော့ အခြေခံ ပါရုံလောက်ပဲ သင်ပေးနိုင်တာပါလေ။ သူတို့လေးတွေ အားသန်ရာ နယ်ပယ်မှာ ထူးချွန်ပေါက်မြောက်သွားဖို့ မိဘနဲ့ ပတ်ဝန်းကျင်က အရေးကြီးတယ်

စကားစမြည်ပြောရင်း နှုတ်ဆက် ထွက်ခွာ… စာတမ်းအတွက် လေ့လာရင်း စာဖတ်ရင်းနဲ့ သက်ထားတယောက် နေ့နဲ့ ညလဲ မှားခဲ့လွန်းလှပြီ။ စိတ်ပါရင် ပါသလို အလုပ်ထဲ စာတမ်းထဲ နစ်မြုပ်နေရင်း တန်းလန်း သက်ထားရဲ့ စိတ်ကို ပတ်ဝန်းကျင်ဆီ ပြန်ဆွဲခေါ်လိုက်တာက
(((ဖြန်း))).. ((( ဖြန်း))).. ((( ဖြန်း)))
ကိုယ့်အဆင့်ကိုယ် မထိန်းသိမ်းနိုင်ဘူးလား။ ဒီလောက် လွယ်တဲ့စာ တွေ ကို ဒီလောက် နိမ့်တဲ့ အတန်းမှာတောင် အမှတ်ပြည့် ရအောင် မဖြေနိုင်ရင် ကြီးရင် ဘယ်လို လူလုပ်မှာလဲ။ ကြည့်ချင်လိုက်တဲ့ တီဗီ ဖတ်ချင်လိုက်တဲ့ ရွှေသွေး တေဇ တို့ကျောင်းသား။ မိဘဆီက တောင်းဆိုတတ် သလောက် ကိုယ့်ဘက် အဖြစ် ရှိအောင် ထိုက်တန်အောင် ဘယ်လို ကြိုးစားရမယ် ဆိုတာ မသိဘူးလား။ နောက် လမှာ အဆင့်လျှော လို့က တော့ ဒီဝါးခြမ်းပြားနဲ့ကို မဟုတ်ဘူး ဟိုကြိမ်လုံးကို ကြည့်ထား။

ရင်ထဲ ဆို့ကနဲ ဖြစ်သွားသည်။ အသာလှမ်းချောင်း လိုက်တော့ ပါးကွက်ဝိုင်းမ.. ကလေးတန်မဲ့ သူ မငို။ သူ့ ပါးကွက်ဝိုင်းလေး တွေပေါ် ဖြတ်စီးနေတဲ့ မျက်ရည် တွေကိုလဲ မသုတ်။ အံကိုကြိတ်လျက် ၀မ်းနည်းခံပြင်းနေတဲ့ မျက်လုံးတွေကို ခြံပြင်ကို ပို့ထား လျက်။ သူ့ခြေသလုံး ဖောင်းဖောင်းဖြူဖြူလေးတွေမှာ အနီစင်း ၃ချက် ကန့်လန့် ဖြတ်လျက်သား အစင်းလိုက်… သက်ပြင်းချရင်း အ၀တ်လဲပြီး ကျောင်းအုပ်ကြီး ဆီကို တိုင်ပင်ဖို့ ထွက်လာခဲ့သည်။ သို့သော် ဗျိုင်းဖြူမ လေးတို့ အိမ်ရှေ့က အဖြတ်

ကြောက်ပါပြီ ပါပါကြီးရယ် သမီးထပ်ကြိုးစားပါ့မယ်။ သမီး နာလှပါပြီ။ ထပ်မရိုက်ပါနဲ့တော့ အီးဟီးဟီး

ကိုအောင်ဝင်းရယ် ကျွန်မ တောင်းပန်ပါတယ် ကျွန်မ စာအသင်အပြ ညံ့လို့ပါ သမီးအပြစ် မဟုတ်ပါဘူး ကျွန်မကို ဒီလောက် ရိုက်ရရင် တော်ရောပေါ့ရှင် သမီးလေးကို မရိုက်ပါနဲ့တော့ နော်

နင်တို့ သားအမိ ၂ယောက်လုံး @#$%သုံးကို မကျဘူး။ ဟိုကောင်ထက် ငါပိုချမ်းသာတယ် ငါပို ငွေရှာ နိုင် တယ်။ နင်တို့ကို ဒီလောက် ထားတာတောင် ဟိုကောင့်သမီးထက် ငါ့သမီးက ညံ့ရသေးလား။ ဟမ်.. နင်တို့ ငါ့ကို အရှက်ခွဲနေကြတာ။ သူ့သမီး က ဆုပေးပွဲ မှန်သမျှ သူ့အတွက်ချည့်လား အောက်မေ့ရတယ်။ ဘာလို့ အဲလောက်တောင် တုံးအ ညံ့နေရတာလဲ။ သူ့-ျီးပဲ နင်စားနေဖို့ ကောင်းတယ်

နားနှစ်ဖက်ကို ယောင်ယမ်း ပိတ်ရင်း ခြေလှမ်းကို သွက်သွက်လှမ်းမိသည်။ ဆရာမကြီးတို့ အိမ်ဘက် လမ်းခွဲကို အကွေ့… မယ်ညိုလေးကို သူ့ခြံထဲက သစ်ပင်အောက် ပန်းချီဆွဲတဲ့ ဒေါက်ခုံလေး ဘေးမှာ တွေ့လိုက်ရသည်။ စိတ်ထဲ နည်းနည်း အေးချမ်း သွားလို့ တစေ့တစောင်း အကဲခတ်ရင်း မျက်ဝန်းက မယ်ညိုလေးရဲ့ ပန်းချီကား ကနေ တဆင့် စုတ်တံကိုင်ထားတဲ့ လက် ကလေး တွေ တုန်ယင်နေတာကို သတိပြုမိသည်။

ဘုရားရေ… ညိုမည်း ဖောင်းအစ်နေတဲ့ လက်ဆစ်လေးများ၊ ပြီးတော့ ပြီးတော့ နီရဲ ဖောင်းကားနေတဲ့ နားရွက်လေးများ။ ဖျတ်ခနဲ စုတ်တံ လွတ်အကျမှာတော့ ယောင်ကိုင်းနေတဲ့ လက်ဖ၀ါး ရဲရဲလေး။

သမီး
ခပ်အုပ်အုပ် ခေါ်သံ အဆုံး မယ်ညိုလေး ဖြည်းဖြည်းလှည့်ကြည့်သည်။ ပြီးတော့ ခြံစည်းရိုးနားကို ဖြည်းဖြည်း ချင်း လှမ်းလာ သည်။ မျက်ဝန်းမှာ မျက်ရည်ဥကလေးက တွဲလောင်းခိုလျက်သား…

သမီးလေး လက်တွေ ဘာဖြစ်တာလဲ
မေမေ လက်ဆစ်ခေါက်ထားတာ ဒေါက်တာအန်တီ

ခပ်အစ်အစ် ဖြေသံ အဆုံး ရှိုက်သံတိုးတိုးလေး ထွက်လာသည်။

ဘာဖြစ်လို့လဲ သမီးရယ်
အဆင့်တစ် မရလို့ ပြီးတော့ ပါးကွက်ဝိုင်းမထက် အမှတ်ပို မများလို့။ ဒေါက်တာ… သမီး ပါးကွက်ဝိုင်းမထက် ပို ဥာဏ်ကောင်း အောင် တော်အောင် ဘာဆေး စားရမလဲဟင်

ဘုရား ဘုရား သမီးလေးရယ်… ရင်ထဲမှာ ဆို့နင်းရင်းက ကလေးအတွက် သင့်တော်မယ့် အဖြေကို အပြေးအလွှား စဉ်းစားရသည်။

သမီးက ပါးကွက်ဝိုင်းမ လောက် ဥာဏ်မကောင်းတာ မဟုတ်ပါဘူးကွယ်။ ပါးကွက်ဝိုင်းမ က သမီးလို ပန်းချီဆွဲ မတော်ဘူးလေ။ သမီးက ပါးကွက်ဝိုင်းမထက် တော်တာတွေ ရှိပါတယ်ကွယ်။
ဒါပေမယ့် ပိုတော်တာတွေက အသုံးမကျဘူးတဲ့။ စာပိုတော်မှ ဖြစ်မယ်တဲ့.. မေမေနဲ့ ဖေဖေက ပြောတယ်

ပါးပေါ်လိမ့်ဆင်းလာတဲ့ မျက်ရည်ဥတို့ ကို သုတ်ပေးရင်း

ဒါဆို သမီးရဲ့ ဖေဖေနဲ့ မေမေကို အန်တီ ရှင်းပြပေးမှာပေါ့ကွယ်.. မငိုနဲ့နော် တိတ်နော် သမီးလေးက တော်ပါတယ်ကွယ်။ လက်တွေကို ဘာဆေးလိမ်းထားလဲ။
ဒဏ်ကြေဆေး လိမ်းထားတယ် အန်တီ
အေးပါ သမီးလေးရယ်။ သမီး ရဲ့ ဖေဖေနဲ့ မေမေ ရှိလား
အပြင်သွားတယ် ညနေမှ ပြန်ရောက်မယ်တဲ့
အန်တီ လာခဲ့ပါဦးမယ်။ ဟော မိုးဖွဲတွေ ကျလာပြီ။ သမီး အအေးမိနေမယ် အိမ်ထဲ ၀င်တော့နော်

မိုးဖွဲတို့က သူ့ရင်ကို မအေးစေနိုင်ပါချေ။ နယုန်မိုးသေးက မွေးထုတ်လိုက်တဲ့ မြက်သားတွေလို ကလေးတွေရဲ့ အနာဂတ် ဘ၀ လေးတွေ စိမ်းလန်းစေဖို့ သူ တတ်စွမ်းသမျှ မိုးဖွားလေးတွေနဲ့ ဖြန်းပက်ဖို့ ဆုံးဖြတ်လိုက်မိ လေတော့သည်
+++++++++++++++++++++++++++++++++++++++++++++++++++

(စိတ်ကူးထဲမှာ ရေးနေတာ ၂နှစ်ကျော်ပြီ ဖြစ်ပေမယ့် ဆေးပညာဆိုင်ရာ တွေ့ရှိချက်တွေကို ပြန်ဖတ်ပြီး တိုက်ဆိုင် စစ်ဆေး နေလို့ ကြာသွားပါတယ်။ ဒီ ဇာတ်လမ်းလေးဟာ ဖြစ်ရပ်မှန်ကို အခြေခံ ထားတယ် ဆိုတာ ၀န်ခံပါတယ်။ ခွန်မြလှိုင် သိပ်တော် လွန်းလို့ ရေးနိုင်တာ မဟုတ်ရ ပါဘူး။ တကယ် ဖြစ်ခဲ့တာပါ။)

Read More...

Saturday, April 10, 2010

ရှမ်ဘဲလားသို့ အပြန်လမ်း (ဇာတ်သိမ်းပိုင်း)

ကပ်ဘေးတွေက များပဲ များနိုင်လှသည်။ မုန်တိုင်း ငလျင် ပြီးတော့ မုန်တိုင်း ချည့် ဆက်တိုက် လေးငါးခါ အကြီးအကျယ် စာဖွဲ့ ယူရလောက်အောင် တိုက်ခတ်ပြီး တခါ ငလျင်… ကပ်ဘေး ကယ်ဆယ်ရေး သမားတွေ လက် မလည်နိုင်အောင် ခြေကုန်လက်ပမ်း ကျလောက်အောင် အလုပ်များလှသည့် ရက်ပိုင်း ကုန်လွန်ပြီးနောက် ပညာရှင်တွေက သတိ ပေးလာ ပြန် သည်။ သဘာဝ ဘေး အန္တရာယ်ထဲမှာ disaster အဆင့်မကတဲ့ catastrophe မဟာကပ်ကြီး ဆိုက်ဦးမည် တဲ့။ ကြိုတင် ပြင်ဆင်ရေးတွေနဲ့ အစမ်းလေ့ကျင့်မှု သင်တန်းတွေ မနားတမ်း ဆက်နေသည်မို့ လူတိုင်း မောပန်းနွမ်းလျ နေကြ ပြီ။ ဒါပေမယ့် လုပ်စရာရှိတာတော့ ကိုယ့်ဘက်က ထောင့်စေ့အောင် လုပ်ထားရမည်။ သဘာဝဘေးကို လက်မြှောက် ခဲ့ကြရင် ကမ္ဘာပေါ်မှာ လူသားမျိုးတုံးတာ ကြာခဲ့ရော့မည်။ ဒီအပတ် သင်တန်းဆင်းပွဲ အပြီး ရုံးဆီကို ပြန်လာခဲ့သည်။ တောင်ကုန်း မို့မို့ ပေါ်က သဘာဝ ကပ်ဘေး ကြိုတင်ကာကွယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး ဦးစီး ဌာန ဆိုတဲ့ မုခ်ဦး ဆိုင်းဘုတ်က ထီးထီး မားမား။ လူ့အသက် များစွာကို သေမင်းလက်က တတ်နိုင်သလောက် လုယူဖို့ လို့ပဲ ပြောရမလား၊ ကယ်သင့် ကယ်ထိုက် သူတွေကို တတ်စွမ်းသမျှ ကယ်နိုင်ဖို့ လို့ပဲ ပြောရမလား။ ဒီဌာနကြောင့်သက်သာရာ ရသူတွေလဲ များပေ သည်။ တောင်ကုန်း ထိပ် ရောက်မှ မြို့ကလေးကို စီးမိုး ဖြန့်ကျက် ကြည့်လိုက်တော့ ညဦးယံ အမှောင်ထု ကို ကြယ်စင် အလင်းရောင် နဲ့ ဖြန့် ကြက် ဖြိုခွင်းထားတဲ့ ပင်လယ်ကမ်းစပ် မြို့ ကလေးက မခို့တရို့ အိပ်မောကျနေပြီ။ ကိုယ်တို့ အဖွဲ့ သားတွေ မှာသာ မအား နိုင် မနားနိုင်။ ကိုယ့်မိသားစု ကိုယ့်အိမ် တောင် မပြန်နိုင်ကြ။ ဘာပဲ ပြောပြော ချွေးထွက်များမှ သွေးထွက် နည်းမည် မို့ စာတွေ့ လက်တွေ့ သင်တန်းတွေ နေ့ည မနား ဆက်တိုက် စီစဉ် အပြီး ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်မိတော့ အာရုဏ်တက်လို့ ရောင်နီတောင် ပျို့ နေချေပြီ…
********************************************


သိမ့်ခနဲ တချက် လှုပ်ရှားမှုကို ခြေထောက်က တဆင့် ခံစားရချိန် လူက ယိမ်းထိုးသွားသည်… ခပ်ဝေးဝေးကနေ နီးနီး လာသည့် အသံကို ယိမ်းထိုးလျက်က နားစွင့်မိတော့ တော်လံသံကြီးက မြည်ဟည်း သထက် မြည်ဟည်း လာသည်။ အုတ်အော် သောင်း တင်း သံတွေက ပွက်လောထ လာပြီ်။ အိမ်ထဲက ပြေးထွက်လာတော့ မြင်ရတဲ့ မြင်ကွင်းကြောင့် ကြက်သေ သေ။ အထပ် မြင့် တိုက်ကြီးတွေက ယိမ်းကနေသည်။ မြို့တော်ရင်ပြင် ကွင်းကျယ်ကြီးက အမြဲ လဲလျောင်းနေရတာ ညောင်း သည် ထင့်။ တွန့် လိမ် ကုန်းထ နေလိုက်သည်မှာ ခ၀ါသည် စောင်လှန်း နေသည့်အလား။ ရင်ကွဲပက်လက် အမိမြေက ရင် ထဲက ခံစားချက် နှလုံး သွေးတွေ ပန်းထွက် နေသည့်အလား.. မြေပြင် အက်ကွဲကြောင်း ဟက်ခနဲ ဟက်ခနဲ ကွဲထွက် နေ သည့် အထဲက မီးရည်တွေ ဖွားကနဲ ဖွားကနဲ နေအောင် ပန်းထွက် နေသည်။ ကယ်ပါ ယူပါ တစာစာနဲ့ ပြေးလွှားနေတဲ့ လူများရော ငိုင်တွေ ရပ်မော နေသူ များပါ မြေပြင် သိမ့်ခနဲ တချက် အခါမှာ လွင့်ထွက်သွားသူ သွားကြ၊ မြေပြင် ပတ်ကြား အက် အကွဲထဲ လိမ့်ကျ သူ ကျကြ။ ကမ္ဘာပျက်တယ် ဆိုတာ ဒါလား လို့ လဲမကျေအောင် အနိုင်နိုင် ထိန်းရင်း ဖျတ်ခနဲ တွေးလိုက် မိသေးသည်။ ၅မိနစ် လောက် ပြင်းပြင်းထန်ထန် လှုပ်အပြီးမှာ ငြိမ်ကျသွားပြီ။ တော်သေးတာ က ငလျင်ဆိုတာ လှုပ်တာ မကြာ တတ်။ ငလျင်လှုပ် လေ့ ရှိတဲ့ လမ်းကြောတွေ ကလဲ သူ့ဟာနဲ့သူ ရှိပြီးသားမို့ ငလျင် လှုပ်နေကျ နေရာပီပီ သည်မြို့လေးက သူ့အတွက် အထာနပ်ပြီးသားပါ။ အ ဆောက် အဦတွေကလဲ ငလျင်ဒဏ် ခံနိုင် အောင် ဆောက်ထားပြီး သားမို့ အထူး ပူစရာ မလိုတော့။ ငလျင်ကြီး ပြီးရင်တော့ ငလျင် သေးသေးလေးတွေ ဆက်တိုက် လှုပ်ဦးမည်။

ဖျတ်ခနဲ အသိအ၀င်… ငလျင်ဒီလောက် ကြီးရင် ပင်လယ်ကမ်းစပ်မြို့ တွေမှာ မကြာခင် မရဏ လှိုင်းလုံးကြီးတွေ ၀င်တတ် သည်။ အခန်းထဲ ပြေးအ၀င် စက်တွေက အချက်ပြနေသည်မှာ အထင်းသား… မကြာခင် အချိန် အတွင်း မရဏ ရေလှိုင်း လုံးကြီး ဆူနာမီ ၀င်တော့မည်။ ဆူနာမီ အချက်ပေး တာဝါတိုင် က အချက်ပေး ဥသြသံက ညံထွက်လာသည်။

ပေါ်………….. ပေါ်……………. ပေါ်……………… ပေါ်

သတ်မှတ်နေရာကို အရေးပေါ်ကားတွေအမြနှ်ဆုံး ရောက်အောင် စီစဉ်၊ လူတွေကိုကားတွေပေါ် အမြန်ဆုံးရောက်အောင် တင်ပြီး ကြို ရှာထားတဲ့ ဘေးလွတ်ရာကို မောင်းပြေးရမည်။

ရွှီ…… ရွှီ…… ရွှီ

အချက်ပေး ၀ီစီကို အတတ်နိုင်ဆုံး မှုတ်ရင်း ပြေးလွှားစီစဉ်နေကြတဲ့ ကယ်ဆယ်ရေး လုပ်သားများ .. ဒီလောက် အသက် ဘေး နီးနေချိန်မှာ ကိုယ်လွတ်ရုန်း မပြေးနိုင်ဘဲ တပိုင်တနိုင် အထုပ်အပိုးသမား များက တမှောင့်။ အချိန်မီ မပြေးနိုင်ရင် အထုပ် မပြောနဲ့ အသက်တောင် မီဖို့ မလွယ်တာကို ပစည်းကို ခင်တွယ်လွန်းနေသည်က ခက်ပ။
ဟိုလူ့ကို စောင့်ပေးပါဦး
ဒီလူ ကျန်နေခဲ့သေးတယ်
ထွက်တော့ ဆရာမ ပြေးဖို့ အချိန် မမီဘဲ နေမယ်
သြော် မောပ… လှုပ်ရှားနေတဲ့လူတိုင်း အသက်ရှိတဲ့ လူချည့် … ကယ်ဆယ်ရေးသမားတွေလဲ သေမှာတော့ ကြောက်ကြ ပါတယ်။ ဒါပေမယ့် ကိုယ့် အသက်ကို ရင်းပြီး သူများကို ကယ်နေသူ တွေကိုမှ အားမနာ … ကိုယ်ဖြစ်ချင်တာတွေချည့် စွတ်အော်နေသော အတ္တ သမားများ… လူ့လောက မှာ လူစားတွေက စုံလွန်းသည်။

တသိမ့်သိမ့် လှုပ်နေတဲ့ ငလျင်သေးလေးတွေကြောင့် ထိုင်ချလိုက် ထပြေးလိုက်... လမ်းလျှောက်စကားပြောစက် တလုံးနဲ့ အလုပ်ရှုပ်နေရင်း ကိုယ့်အသံ ကိုယ်ပြန်မကြားတော့မှ အသံ အတော့ကို ၀င်နေပြီ မှန်း သူသိလိုက်သည်။ ကားတန်းကြီးက တရွေ့ရွေ့ ထွက်အသွားမှာ အိမ်ကို သူသတိရလိုက်သည်။ ဟုတ်သည်။ အိမ်… မိသားစုတွေ…

ကသောကမျော ဟပ်ထိုးလဲလုမတတ် ပြေးလာတဲ့သူ… ကားတစင်းပေါ်မှာ မိသားတစုလုံးကို အပြည့်အညပ် တွေ့လိုက် သည်။
“ပစည်းတွေ တင်နေလို့ ခုထိ မထွက်ရသေးတာ… ခဏခဏ ကပ်ဆိုက်လွန်းလို့ ကူညီမယ့် လူတွေ လက်ပန်းကျနေပြီ ဒါကြောင့် ကယ်ဆယ်ရေးက ရေရှည် ကူညီနိုင်မှာ မဟုတ်ဘူး။ လိုတာ အားလုံး အဆင်သင့် စုထားတာတွေ တင်နေရတာ”
“တော်ကြာ ကားလေးကျိုးဦးမယ် တင်ထားတာ မနည်းမနောဘဲ”
ပြန်သာပြောရသည် သူ့အသံကို သူ့နားကပင် ကောင်းကောင်းမကြားရ
“ဟဲ့ သမီး အောင်လက်မှတ်တွေ ထည့်ထားတဲ့ အိတ် ဗီ၇ို အောက်ဆုံးထပ်ထဲမှာ ကျန်နေသေးတယ် ပြေးယူလိုက်ဦး မြန်မြန် “
(((ပေါ်……… ပေါ်…….. ပေါ်…… ပေါ်)))
အာာ ခက်တော့နေပြီ မယူမချင်း ကားထွက်မှာ မဟုတ်.. ဆူနာမီ အထူး အချက်ပေးသံက လာနေပြီ။ ချာကနဲလှည့်ပြီး အိမ်ထဲ ပြေးဝင်လာခဲ့သည်။ ထောင်းလမောင်းထအောင် ပွရှုပ်နေတဲ့ ပစည်းပုံတွေကို လွှားခနဲ ခုန်ကျော်ပြီး ခြေချစရာ မရှိလောက်အောင် ပွနေတဲ့ ပစည်းတွေကို နင်းရင်း ဗီရိုထဲက ဖိုင်တွဲအိတ်ကို ယူပြီး အိမ်ထဲက အပြေးထွက် အလာ သိမ့်ခနဲ ထပ်ပြီး ငလျင်လှုပ် လာခဲ့ပြီ…. ခြေခွင်ပြီး လဲရာက ပြန်ကုန်းအထ နောက်ထပ် ငလျင်တလှိုင်းက သူ့ကို ပြန်လဲကျအောင် ရိုက်ခါ ချလိုက်သည်။
(((ပေါ်……… ပေါ်…….. ပေါ်…… ပေါ်)))
လဲကျရာက အားယူပြီး ပြန်အထ မထင်မှတ် ထားလောက်အောင် ကားက ထွက်သွားခဲ့ပြီ… အော်ရင်းဟစ်ရင်း နောက်က ပြေး လိုက်ပေမယ့် မမီနိုင်ခဲ့တော့… မောလွန်းမက မောရင်း ခြေမခိုင်နိုင်တော့တဲ့ အဆုံး ဒူးထောက်ရင်း အမောဖြေရ တော့ သည်… အပျက်အစီး ပုံတွေ ကြားမှာ သူတယောက်တည်း… နောက်ဘက်ကို လှည့်ကြည့် လိုက်တော့ မရဏ ရေလှိုင်း လုံးကြီး က တဝေါဝေါ အော်သံပေးပြီး တက်လာနေပြီ.. ရှေ့ဘက် မှာတော့ ကားတန်းကြီးက ကုန်းမြင့်ပိုင်းနဲ့ တောင်တန်း တွေ ရှိရာ အမြင့်ပိုင်းဆီကို မောင်းထွက်နေပြီ…

ရီဝေေ၀ မျှော်ငေးရင်း ကြက်သေသေ… မောလိုက်သည်မှာလဲ ရင်ခေါင်းတခုလုံး ဟင်းလင်းပွင့်ထွက် တော့မတတ်… ခုမှ ရေငတ်မှန်း သတိရမိသည်။ မျိုချစရာ တံတွေးပင် မထွက်တော့…
ဘယ်မလဲ လူတွေ…
ဘယ်မလဲ မိသားစု
ဘယ်မလဲ သူချစ်တဲ့ အရာတွေ
ဘယ်မလဲ သူတန်ဖိုးထား လေးစားခဲ့ရတာတွေ
ဘယ်မလဲ သူပေးဆပ် ရင်းနှီးထားတဲ့ အပြန်အလှန် ကူညီပေးဆပ်တတ်မှုတွေ

စိတ်ကိုထိန်းရင်း သတိကပ်ပြီး အသက်ကို မှန်မှန် ရှူသွင်းရှူထုတ် လုပ်ရင်း လေးဘက် ထောက်လျက်သားကနေ တဖြည်း ဖြည်း မတ်တပ်ရပ်မိသည်။ ပတ်ဝန်းကျင် တခုလုံးက ဗြောင်းဆန်လျက် သွေးပျက်စရာ… တဖြည်းဖြည်းနဲ့ စိတ်ကို သတိနဲ့ ထိန်းနိုင် တော့ ရင်ထဲမှာ ဗလာကျင်းရင်း စိတ်ရောလူပါ ငြိမ်ကျ သွားသည်။ ပတ်ဝန်းကျင် တခုလုံး တော်လည်းသံတွေ ပွက် ပွက် ညံရင်း ငလျင်တွေ သိမ့်သိမ့်တုန် နေလျက်… ဆူနာမီ ရေလှိုင်းလုံးကြီး တဝေါဝေါ ပြေးလာ နေတာကို မြင်နေရ လျက် နဲ့ ဒီတခါ ထူးထူးခြားခြား စိတ်ထဲမှာ ဘယ်လိုမှ မခံစားမိတော့ လောက်အောင် ရှင်းလင်း အေးချမ်း နေတာကိုလဲ သတိ ထားလိုက်မိသည်။
အဲဒီ အခိုက် ဘေးနားမှာ ကားတစီး လာရပ်ရင်း ကားပေါ်က ယောက်ျားပျို တယောက်က မေးလာသည်

မင်း တယောက်တည်းလား အခြေအနေ မကောင်းဘူးလေ ကားပေါ်တက် ဘေးကင်းတဲ့ နေရာ ငါမောင်းလိုက်ပို့ပေးမယ်
တကယ်လား ရှင့်ကို ကားခ ဘယ်လောက် ပေးရမလဲ
မင်း ငါ့ကို လက်ထပ်ရင် ဖြစ်ပါတယ်

ဖျတ်ခနဲ အတွေးတချက်ကြောင့် မျက်လုံးလက်လက်နဲ့ သူမ ပြန်ဖြေမိသည်။

ဘေးလွတ်ပြီ ဆိုရင်တော့ ရှင့်ကို လက်ထပ်ဖို့ စဉ်းစားဖြစ်မယ် ထင်တယ်
မင်း သိပ်လည်တဲ့ မိန်းကလေးပဲ။ မင်းတွေးတာ ငါသိတယ်။ မင်းရည်ညွှန်းတာ ဒီကပ်ဘေး မဟုတ်ဘူး။ သံသရာဘေး။ ဒီလို အခြေအနေ မျိုးမှာ မင်းမျက်နှာ ဒီလောက် အေးချမ်းပြီး ငြိမ်သက်နေတာ ငါ သတိထားမိတာပေါ့။ ငါ ဘာမှ မတောင်းဆို ပါဘူး။ ကားပေါ်တက်ပါ။ မင်းကို မျှော်နေတဲ့ သူတွေ ရှိတယ်။ မင်းသွားရမယ့် နေရာကို ငါလိုက်ပို့ပါ့မယ်

ဟိုးးး ငယ်စဉ်က ဆွေမျိုးသားချင်း တယောက်ရဲ့ ကလေးတယောက်အပေါ် ဂရုစိုက်တဲ့ ရင်းရင်းနှီးနှီး လေသံမျိုးမို့ သူမ ကား ပေါ် စိတ်ချလက်ချ တက်လိုက်သည်။ ကားပေါ်မှာ နေရာတကျ ထိုင်ပြီးတာနဲ့ တပြိုင်နက် ကားက ရှေ့ကို မမောင်းဘဲ အပေါ်ကို မြင့်တက်သွားသည်။ ကားပြတင်းကနေ ငုံ့ကြည့်မိတော့ မကြုံစဖူး ဆူနာမီ လှိုင်းလုံးကြီးက တောင်ထက်ကို မြင့်မားစွာ တဟုန်ထိုး လိမ့်တက်လာနေပြီ… လူတွေကတော့ လောဘမီး သောကမီး အပူမီးပေါင်းစုံနဲ့ လွတ်လောက်ပြီလို့ သူတို့ ထင်နေတဲ့ သူတို့ ရှေ့က တောင်ကုန်းမို့မို့ ဆီကိုသာ အမောတကော ပြေးလွှား သွားနေကြသည်။ ကောင်းကင် ဆီကို သူမ မြင့်တက်လာလေလေ ဟိုးးး အောက်ခြေက မြင်ကွင်းတွေက သေးသေး သွားလေလေ…

ဘယ်ဘက်ဆီ က အလင်းရောင် နီနီ တပွင့် လွင့်ထွက်လာလို့ လက်ခနဲ အကြည့်ရွှေ့မိတော့ ကမ္ဘာမြေ ထက်ခြမ်းကွဲက ချော် ရည်နီနီတွေကို ပန်းထုတ်နေပြန်ပြီ။ ဗြောင်း ခနဲ ပေါက်ကွဲသံ အပြီးမှာ တောင်တလုံး ၂ခြမ်းအကွဲ လူတွေက လွင့်ထွက် သွား လိုက်ကြတာ… အ၀တ်ကို ခါလှန်းချိန်မှာ ရေစက်ရေပေါက်လေးများ ဖြာထွက်သွားသလိုမျိုး… ဆူနာမီ ရေလှိုင်းကြီးက ရင်ကွဲ မြေပြင် ထဲ စီးအ၀င်မှာတော့ ရေငွေ့တွေက ဟုန်းခနဲ ရှူးခနဲ မှိုပွင့်တွေလို တဟုန်ထိုး တက်လာခဲ့သည်။ ဘယ်လိုမှ ဆက် မကြည့် ရက် စရာ မြင်ကွင်းမို့ မျက်နှာကိုလွှဲ မျက်စိကိုမှိတ်ပြီး အသက် ၀၀ ပြန်ရှူမိသည်။

သူတို့ကိုကျ ရှင် ဘာလို့ မကယ်တာလဲ
ဒီလောက် လူအများကြီး ဒီယာဉ်နဲ့ဘယ်ဆန့်မလဲကွ.. ပြီးတော့ သူများကို မကယ်ဖူးလောက်အောင် ကိုယ့်အတွက်ပဲ ကြည့်နေသူတွေက တပြန်တလှည့် အကယ်ခံခြင်းနဲ့ ထိုက်တန်လို့လား
သြော် ဒါဆို ကျွန်မက ကယ်ဆယ်ရေး လုပ်နေလို့ စိတ်စေတနာ အကျိုးပေးတာပေါ့လေ.. ဒါဖြင့် ကျွန်မ ရဲ့ လုပ်ဖော် ကိုင်ဖက်တွေရော…
မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေထဲက တချို့က ရာထူး နေရာ ကျော်ကြားမှုနဲ့ နာမည်ကောင်းတွေ လိုချင်လို့ ကယ်ဆယ်ရေး လုပ်ခဲ့တာလေ.. စစ်မှန်တဲ့ စေတနာ မဟုတ်လို့ အကျိုး မပေးတာပေါ့ ဒါပေမယ့် တချို့ကတော့ စစ်မှန်တဲ့စိတ်နဲ့ ကိုယ်ကျိုး မဖက် လုပ်တာလေ… သူတို့ကတော့ မင်းရဲ့ ညာဘက်က ယာဉ်တွေပေါ်မှာလေ

သူပြောမှ သတိရပြီး ညာဘက်ကို သူမ လှည့်ကြည့်မိသည်… အိုးးး ကြာပန်း ပုံသဏ္ဍာန်နဲ့ ယာဉ်ပျံတွေ… ကြာပျံတွေ .. အဖြူ တွေရော အနီတွေရော… ကြာပွင့်ချပ်တွေ ကြားက ကြာဝတ်ဆံတွေပေါ်မှာ သူမရဲ့ လုပ်ဖော် ကိုင်ဖက် တချို့။ သူမရဲ့ ဆရာနဲ့ ဆရာမ တချို့…

အဖြူနဲ့ အနီက ဘာကွာလဲ
ကြာပျံ အဖြူကတော့ ပါရမီ ရင့်သန်ပြီးပြီမို့ စိတ်ထဲ ဘာအစွဲမှ မကျန်တော့ဘဲ ဟင်းလင်းရှင်းထွက်သွားတဲ့ သူတွေအတွက် ပေါ့ … သတ္တ၀ါ အားလုံးနဲ့ အခြေအနေ အားလုံးကို ခွင့်လွှတ် နားလည် နိုင်သွားပြီး သံယောဇဉ်လဲ ပြတ်သွားတဲ့ အတွက် သူတို့ တွေရဲ့ စိတ်လှိုင်း အလင်းရောင်က ဖြူစင် တယ်လေ။ ကြာပျံ အနီကတော့ လောကီ ဒုက္ခသည်တွေကို ဂရုဏာ သံယောဇဉ် မပြတ်သေးဘဲ ဆက်ပြီး ကယ်တင် ချင်နေသေးတဲ့ သူတွေပေါ့။ သူတို့ကတော့သူတို့စိတ်ရဲ့ စွမ်းအင်ကြောင့် ဒီ လူ့ဘုံလောကကို ပါရမီ မရင့်မချင်း သံယောဇဉ် မပြတ်မချင်း ပြန်လာပြီး သူတို့ တတ်အားသမျှ ဆက်ကယ်တင် ကြလိမ့် ဦးမယ်။

တိမ်သလ္လာ မုန်တိုင်းတို့ ကြီးစိုးတဲ့ ကောင်းကင်လွှာကို ဖြတ်ကျော် လွန်မြောက် ခဲ့ပြီ ဖြစ်လို့ ပြာလဲ့ ကြည်စင်နေတဲ့ ကောင်းကင် ယံ မှာတော့ ကြာပျံ အဖြူအနီ တို့က လှလှပပ ငြိမ့်ငြိမ့်ညောင်းညောင်း ပျံသန်းဆဲ.. ဟိုးအရှေ့ တနေရာ မှာတော့ တံလျှပ် တံတိုင်းက တလက်လက် တောက်ပလို့

အိုးးး ရှေ့မှာ တံလျှပ်နော်… ဖြတ်ရင် ပူမလား… ကြာပန်းကအပူ မခံနိုင်ဘူး ကြားဖူးတယ် … ကြာတွေ ညှိုးကုန်မယ် ထင်တယ်နော် … အနိစ္စ သဘောကတော့ ဘယ်လိုနေရာမဆို ရှိတတ်တာပဲနော်…
ဒါက တေဇာဓာတ် ကြောင့် ဖြစ်တဲ့ တံလျှပ် မဟုတ်ပါဘူး အကြောင်းရင်းခံ မြေသားတို့ ရေပြင်တို့က ဒီမှာ ရှိမှ မရှိဘဲလေ.. ဒါက အချိန်လွှာ ကွာခြားချက်ကြောင့် ဖြစ်တဲ့ တံလျှပ်ပါ။ တဖက်ခြမ်းမှာ မင်းကို မျှော်နေတဲ့ လူတွေ ရှိတယ်လေ။
************************************************************

စိတ်ကို သတိမပြတ်ကပ်ပြီး မှတ်သားနေဆဲ တံလျှပ် တံတိုင်းကို အဖြတ် စိတ်ထဲမှာ တဆင့်ပြီးတဆင့် သိမ်မွေ့ နူးညံ့ ရှင်း လင်း သွားတာကို သိမှတ်နေမိသည်။ သိမ်မွေ့နူးညံ့မှုတွေကိုလဲ မတပ်မက်၊ ဟင်းလင်း ရှင်းထွက်နေတဲ့ အနေအထားကိုလဲ မမက်မော… အရာအားလုံးကို အလိုက်သင့် စီးမျောရင်း သတိကိုသာ မပြတ်ကပ်နေမိစဉ်….

((( ဟေးးးးးး…… ရှင်းနွီ ကုန်းထိုရ် ဟွေလိုင်င်င်င်င်………….))) (((ဟေးးးးးးးးးး ဟေးးးးးးးးးးးးး ဟေးးးးးးးးးးး)))

အသံကို ကြားရုံ သက်သက် ကြားလိုက်သည်။ အသံ သက်သက် အဖြစ်ကနေ ဖျတ်ခနဲ ပျောက်လိုက် ပေါ်လိုက် … မျက် လွှာ ၂ဖက် ဖြည်းဖြည်းချင်း အပွင့်မှာ မြင်လိုက်ရတာက အုတ်အုတ်သဲသဲ ကြိုဆိုနေတဲ့ လူအုပ်ကြီး..

ဘိုးဘိုး… ဘွားဘွား… ဖေဖေ… မယ်မယ်… အကြီးတော်… အားလုံးကို ဂါရ၀ပြု နှုတ်ဆက်ပြီး ကြိုဆိုနေတဲ့လူအုပ်ကိုလဲ တဆက် တည်း နှုတ်ဆက်လိုက်သည်… ပြီးတော့ သူမကို ခေါ်ဆောင်သွားရာ လမ်းတလျှောက်က လူအုပ်ကြီးကိုလဲ လက် ဝှေ့ယမ်း နှုတ်ဆက်ရင်း သူမ နေထိုင်မည့် အခန်းဆောင် ဆီရောက်လာခဲ့ပြီ

မွှေးပျံ့နေသော ရနံ့၊ လေငြိမ်တာကြောင့် အထက်ကို တတန်းတည်း လွင့်ပျံတက်နေတဲ့ အမွှေးတိုင် မီးခိုးတန်း၊ ငြိမ်ငြိမ် လေး လင်းနေတဲ့ ဆီမီးခွက်က မီးတောက် ၀ါဝါများ၊ လန်းဆန်း ကြွရွ နေတဲ့ ပန်းများ၊ ၀င်းမှည့် နေတဲ့ သစ်သီးများ ရဲ့ နောက် မှာ ငြိမ်းချမ်းတည်ကြည်နေတဲ့ အဘယ မုဒြာနဲ့ ဗုဒ္ဓမြတ်စွာဘုရား ဆင်းတုတော်။ ဘုရားခန်းက ထိုင်ဖုံပေါ်မှာ ကျကျ နန နေရာယူပြီး ဘုရားကို ကြည်ညိုစိတ်အပြည့်နဲ့ ကြည်ကြည်နူးနူး ရှိဦးချလိုက်သည်။ မြန်ဆန်လွန်းတဲ့ အပြောင်း အလဲ တွေကြောင့် သူမ လတ်တလော ဖြစ်ပျက်ခဲ့သမျှ အရာ အားလုံးက တကယ်လား အိပ်မက်လား ဆိုတာတောင် တွေး လိုက်မိ သေးသည်။ သို့သော် ထိုအတွေးက သတိရဲ့ သိမှတ်မှု အောက်မှာ ဖြတ်ခနဲ ပျောက်သွား ပြန်သည်။

သတိ အပြည့် စိတ်နဲ့ကပ်ရင်း ဘုရားခန်းက ထွက်လာပြီး သူမရဲ့ အိပ်ခန်းဆောင်ဆီ လှမ်းလာရင်း ခြေလှမ်းတွေကို ရေ တွက် မိသည်။ တသံသရာလုံး လှမ်းခဲ့ရတဲ့ ဒီခြေထောက်တွေ တော်တော့်ကို ညောင်းနေခဲ့ပြီ။ စိတ်ကလေးက တချက်သာ အိပ်ရာဆီ လှမ်းမယ်လို့ စိတ်ညွတ်လိုက်တာနဲ့ ခြေထောက်တွေက တစိတ်ပြီး တစိတ် ကူးနေတဲ့ စိတ်အလျဉ်ရဲ့ အမိန့်ကို နာခံရင်း တကောက်ကောက် လှမ်းခဲ့ရတာကို သူမ သိခဲ့တာ ကြာပြီလေ။ အိပ်ရာဆီကို အရောက်မှာ သူမရဲ့ အိပ်ရာပေါ်ကို အသာအယာ လှဲအချလိုက်… လောကကြီးနဲ့ အပြီးတိုင် အဆက်ပြတ်ခဲ့လေတော့သည်။ (ပြီးပါပြီ)




Read More...

Saturday, August 22, 2009

ရှမ်ဘဲလားသို့ အပြန်လမ်း (န၀မပိုင်း)

နီတိတွေ ဆိုရိုးတွေကို သံသယ များနေတဲ့အချိန်၊ အိပ်ရေး ၀၀ မအိပ်နိုင်လောင်အောင် ကိုယ် ရော စိတ်ပါ မအားရ မနားရတဲ့ အချိန်၊ အိပ်မိပြန်တော့ အိပ်မက်ထဲမှာ အိပ်မက် ပြန်မက်နေသေး… အိပ်မက်ကျမ်းထဲမှာ အဓိပ္ပာယ်ကို ရှာဖတ်မိတော့ ရက်ရက်စက်စက် အလိမ်ခံရမည်တဲ့။ မဲ့ပြုံးနဲ့ ရှက်ပြုံး ရောပြုံးမိတော့သည်။ စိတ်အာရုံတွေ ပင်ပန်းလွန်းလို့ သက်သာရာ ရစေဖို့ တရားစာအုပ် တအုပ်လောက် ကို အိပ်ချိန်ထဲက ဖဲ့ပြီး ဖတ်ချင်စိတ် ပေါ်လာသည်။ မဟာစည် ဆရာတော် ဘုရား ကြီးရဲ့ ဓမ္မစကြာ တရားတော် တွေကို ပြန်စုစည်း ထုတ်ဝေ ထားတဲ့ စာအုပ် လေးက အိမ်အပြောင်းမှာ ကံကောင်း ထောက်မစွာ စာအုပ်ပုံတွေ ကြားက ထွက်လာခဲ့တာမို့ တော်သေးတယ်လို့ စိတ်ကို ပြန်ဖြေ ရသည်။ စာအုပ်ကို မဲဖတ်နေရင်း…

နောက်ကျောဆီက ရိပ်ခနဲ ဖြစ်သွားလို့ လှည့်ကြည့်မိတော့ အမေ… ထူးထူးခြားခြား ၀တ်စုံနက်ကြီး ၀တ်လို့ မျက်လုံးစိမ်းကြီး ၀င်းဝင်းတောက်ပြီး ကျွန်မကို ကြည့်နေလိုက်တာ


လန့်လိုက်တာ အမေရယ်ယ်ယ်… အသံမပေး ဘာမပေးနဲ့ .. ဟင်င်င် လက်ထဲမှာ ဓားမြှောင်ကြီးက ဘာလုပ်…

စကားမဆုံးမီ ပြေးထိုးလိုက်သော ဓားချက်ကို ကမန်းကတန်း လွတ်အောင်ရှောင်ရင်း ခြေနင်းကွက်က ခံစစ်ကို အသင့်ပြင်လိုက်မိသည်

အမေ ဘာဖြစ်တာလဲ ဘာလုပ်တာလဲ အာာာ အမေ

တရစပ် နောက်က လိုက်ထိုးခုတ်နေတဲ့ ဓားချက်ကို ရှောင်ရင်း အခန်းထောင့်မှာ ချောင်ပိတ် မိသွားသည်။ ဘယ်လို လုပ်ရပါ့။

မြေးငယ်… တရားကို အာရုံပြုလိုက်

မယ်မယ်ရဲ့ အသံကို ဟိုးးးး အပေါ်ဘက်က ဆီက ကြားလိုက်ရသည်။ ထိုအခိုက်မှာပဲ ပိုင်းခုတ်ချ လာတဲ့ အမေ့ ဓားချက် ၀င်းကနဲ အလက်မှာ ကျွန်မရဲ့ ခန္ဓာကိုယ်က အပေါ်ဘက်ကို ပျံတက် သွားခဲ့သည်

မြေးငယ်.. အဲဒါ မြေးငယ်ရဲ့ အမေ မဟုတ်တော့ဘူး.. မြေးငယ် အမေကို သူတို့ သတ်ပြီး အမေ့ကိုယ်ထဲ မိစ္ဆာ ၀င်နေတာ.. မြေးငယ် ခံစစ်ချည့် မကစားနဲ့ တိုက်စစ်ဆင်တော့..

အို…

တခြားအချိန်မှာဆို ဒီစကားကြောင့် တခုခု ဖြစ်မှာသေချာပါသည်။ လက်ဖြစ်တတွက် အချိန်လေး အတွင်းမှာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ချလိုက်သည် ဘယ်အမေရင်းမှ ဒီလို ရက်စက်နိုင်မှာ မဟုတ်။ ခုလဲ အမေကိုယ်ကို မြင်နေရပေမယ့် မျက်လုံးတွေ အသားအရေတွေ ၀တ်စားဆင်ယင်ပုံတွေက အမေ့ ထုံးစံ မဟုတ်။ ဒါပေမယ့် ဘာပဲ ပြောပြော အမေ့ကိုယ်ခန္ဓာကို ကျွန်မက ဘယ်လိုမှ တိုက်စစ် မဆင်နိုင်ပါ။ လေထုလွှာထဲမှာ ဝေ့၀ိုက်ပျံသန်းရင်း အမေ့ကိုယ်ခန္ဓာကို အကဲခတ်တော့ သူကပါ ပျံတက် လိုက်ပါ လာခဲ့သည်။

လှစ်ကနဲ လှစ်ကနဲ ၀င်လာတဲ့ ဓားချက်တွေကို ခါးကို ကုန်းရင်း ငုံ့ရှောင်သည်၊ ခေါင်းကို လှန်ပြီး မော့ရှောင်သည်။ ကိုယ်ကို လှည့်စောင်းပြီး ရို့ရှောင်သည်။ ခြေအစုံကို ကွေးယူ ရင်း သွဲ့ ရှောင်သည်။ လေထဲမှာ ၀ဲကာပျံရင်း ကိုယ်အမူအရာတွေကို အသေးစိတ် တရစပ် စိတ်က လိုက်ပြီး တရားရှုမှတ်ရသည်။

ဝင့်ခနဲ ပေါ့သွားတဲ့ ခံစားချက် နဲ့ အတူ လေထု တလွှာအထက်ကို မြင့်တက်သွားတဲ့ ကိုယ့်ကိုယ်ကို သတိပြုလိုက်မိသည်။ တရစပ် တိုက်ခိုက်နေခဲ့တဲ့ အမေ့ ကိုယ်ခန္ဓာက အောက်မှာကျန်ခဲ့ပြီ။

ဘာလို့ ဒီလို လုပ်ရတာလဲ။ ကျွန်မ ရှင့်ကို ဘာလုပ်မိလို့လဲ
မင့်အသားကို စားမှ ငါက စွမ်းအားတက်မှာ.. မင်းအသားကို မစားရရင် ငါ သာမန် အဆင့်က တက်မှာ မဟုတ်ဘူး
ဒီနေ့ ဒီအချိန်ထိ ဘာတွေ စားခဲ့လို့လဲ
ဟားဟား ငါ့ကို ကိုးကွယ်နေတဲ့ လူတွေရဲ့ အသားတွေ အသွေးတွေကို နည်းနည်းချင်း စုပ်ယူ စားသုံး နေခဲ့တာပေါ့ကွဲ့  သိဒ္ဓိတင်တယ် ဆိုပြီး ခေါင်းကို သပ်ထားရင် ကျေနပ်နေကြတာ.. လောဘ သားတွေဟာ ငါရဲ့ သားကောင်တွေပေါ့… ငါက ငါ့ဆီ လာတဲ့လူတွေ ဆီကပဲ စားတာပါကွယ်..
ဒါဖြင့် ကျွန်မကိုတော့ ရှင်က ဘာလို့ ရန်လုပ်တာလဲ
ဟဲ့ နင်က ကိုယ့်အားကိုယ်ကိုးဖို့ လိုက် လှုံ့ဆော်နေတာကိုးး ငါ့စားအိုးပျောက်တာပေါ့
အယ် .. ဒါဖြင့် ရှင် ဘာလို့ အမေ့ကိုယ်ထဲ ၀င်ရတာလဲ
ဟားဟား ဒါမှ နင့်ကို သတ်လို့ ရမှာကိုးး မဟုတ်ရင် နင်က ပြန်ခုခံမှာလေ

ပြောပြောဆိုဆို သူမ ရှိနေတဲ့ လေထုအလွှာပေါ်ကို အမေ့ ကိုယ်ခန္ဓာက ပျံတက် လိုက်တဲ့အခါ ကိုယ်ပေါ်က အရေပြားတွေ စုတ်ပြတ် ထွက်သွားတာကို တွေ့လိုက်ရသည် အဆီပြင်ရဲရဲ အသားစိုင်တွေနဲ့မို့ မကြည့်ရက် နိုင်ပါ

ဆက်လိုက်တက်မလာခဲ့နဲ့… ဒီအလွှာက ရှင့်အတွက် မဟုတ်ဘူး ရှင်မတက်နိုင်ဘူး မနေနိုင်ဘူး ပြန်သွားပါ ဆက်လိုက်မတက်ခဲ့နဲ့
ငါလိုချင်တာကို ငါက ရအောင် အမြဲယူခဲ့တယ် ငါရအောင်ယူမှာပဲ
တောင်းပန်ပါတယ် ဆက်မလိုက်ခဲ့ပါနဲ့

အနာတရ ဖြစ်သွားတဲ့ ကျားဆိုးထက် သောင်းကျန်းစွာပဲ သူမကို သဲကြီးမည်းကြီး ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့ သွေးသံရဲရဲနဲ့ အမေ့ကိုယ်ကို သူမ ဘယ်လိုမှ မကြည့်ရက်ပါ ဓားချက်တွေကို ရှောင်ရင်း တိမ်းရင်းက သတိ အမှတ်ကို ခံစားချက်က ဖုံးလွှမ်း မသွားဖို့ အထူးသတိထား ကြိုးစားနေရင်းက သိမ့် ခနဲ ခံစားမှုနဲ့ အတူ သူမ ခန္ဓာကိုယ် တခုလုံး ငှက်မွှေးလေး တမှင်လို ပျော့ပျောင်းသွားတာကို ခံစားလိုက်မိတာနဲ့ အတူ နောက်ထပ် လေထု အဆင့် တလွှာပေါ် သူမ ရောက်နေခဲ့ပြီ

ညည်းက နောက်တဆင့် မြင့်အောင် တက်နိုင်တယ်ကိုးးး

ပြောပြောဆိုဆို အမေ့ကိုယ်ခန္ဓာက သူ့လက်သူ တချက်ကိုက်ပြီး သူမရှိရာ လေထု အလွှာဆီကို ထပ် လိုက်တက်လာခဲ့ချိန်မှာ

ဘုရားရေ…

သတိကြီးကြီးနဲ့ အမှတ်မပျက်အောင် ထိန်းထားတဲ့ ကြားထဲက အံ့သြမှုကြောင့် သူမ ဘုရားတ မိသည်… အမေ့ကိုယ်ခန္ဓာက အသားစိုင်တွေ မီးလောင် ပျောက်ဆုံး ကုန်တာများ တရှဲရှဲနဲ့ မြင်ရက်စရာ မရှိ.. တခဏ အတွင်းမှာ အရိုးစု သာ ကျန်တော့သည်

ကျေးဇူးပြုပြီး ဆက်မလိုက်ခဲ့ပါနဲ့တော့

အရိုးစုကြီးက လေးကွေး နှေးလွစွာနဲ့ သူမ နောက်ကို ဆက်လိုက်နေဆဲ… ငှက်မွှေးလေး လွင့်သလို လွင့်နေတဲ့ သူမ အတွက်က သတိ အမှတ်ကို တချက် မလွတ်အောင် သိမှတ်မှုကို သာ အားစိုက်ထားပြီး ဓားချက်တွေကို အထူး ရှောင်စရာ မလိုတော့… သူမကို မထိုးခုတ် နိုင်လောက်အောင် အရိုးစုကြီးက နှေးကွေးလေးလံ နေခဲ့ပြီလေ…

သနားလိုက်ပါဘိ… အသိတရား ရပါတော့ရှင်… ပြန်ပါတော့…

ရေတွင်းထဲက မီးစုန်း တက်လာသလိုပါပဲ.. ဟောက်ပက် ဖြစ်နေတဲ့ အရိုးစု မျက်ကွင်းကြီးထဲက စိမ်းစိမ်းတောက်နေတဲ့ မျက်လုံး အစုံက သူမကို စူးစူးဝါးဝါး ကြည့်ရင်းက ခြောက်တောက်တောက် အသံအက်ကြီးနဲ့ ပြောသံထွက်လာခဲ့သည်

ငါ မရရအောင် သတ်မယ် နင့်ကို ရမှ ငါကျေနပ်နိုင်မယ် ငါ ဒီလို ဖြစ်သွားရတာ နင့်ကြောင့်င့်င့်င့်

သူမစိတ်ထဲ ဖြာကနဲ လင်းသွားတာနဲ့ တပြိုင်နက် အသိတချက် လျှပ်ပြက်သွားခဲ့သည်။ လိုချင်တပ်မက်မှုနဲ့ ငါစွဲက မနာလို ၀န်တိုမှုနဲ့ ဒေါသမီးကို ထွန်းညှိုပြီး အမှန်တရားကို မောဟတံလျှပ်နဲ့ မမြင်ရအောင် ဖုံးကွယ်ပစ်ပြီး သတ္တ၀ါတွေကို အဆုံးစွန် လောင်မြိုက် စေလိုက်တာပါလား။ ကိုယ့်စိတ်ကို သတိကို မလွတ်စေရအောင် ရှုမှတ်ရင်းက လွင့်ကနဲ အတွေ့ကို ခံစားလိုက်မိသည်။ အတွေ့တွေကလဲ မမြဲလိုက်တာ ခဏလေး အတောအတွင်း လေးမျိုးပြောင်းခဲ့သလို နောက်ထပ် လေထု အလွှာ တဆင့်စီကို သူမ ပျံတက်သွားခဲ့တာကို တွေ့လိုက်ရသည်.

ဆက်မလိုက်ခဲ့နဲ့တော့နော်

ဘယ်လိုဖြစ်ဖြစ် အမေ့ကိုယ်ခန္ဓာ ဆိုတဲ့ အစွဲ အပြင် ကိုယ်နဲ့ ပတ်သက်ပြီး ဒုက္ခများနေတဲ့ သူ့ကို သနားလွန်းလို့ ပြောနေရင်း တန်းလန်းနဲ့ သူ ပျံတက်လိုက်ခဲ့ဖို့ ကြိုးစားတဲ့ အခိုက်မှာတော့….

အိုးးးး

သူမ ရှိရာ လေထု အလွှာက လေတွေက အရိုးတွေကို အမှုန့် ဖြစ်အောင် တိုက်စား လွှင့်ထုတ်လိုက်တာကို မျက်ဝါးထင်ထင် ခံစားချက် ကင်းစွာ မြင်လိုက်ရပါတော့တယ်။ ဘေးပတ်ဝန်းကျင်မှာ ကြယ်စင်တွေက တပွင့်ချင်း လင်းလို့… အာကာသထဲက တနေရာကို ဦးတည် ပျံသန်းနေကြသည်။ သူမလဲ တဖြည်းဖြည်းနဲ့ ကြယ်တွေနား ရောက်တော့ သူမလို သတ္တ၀ါတွေ ဖြစ်နေတာကို အံ့သြစိတ် ကင်းစွာ တွေ့လိုက်ရသည်။ တယောက်ကို တယောက် နှုတ်မဆက်ကြ.. မြင်ကာမတ္တနဲ့ အသိအမှတ်ပြုရုံလေး စိတ်ထဲ ပြုလိုက်မိသည်။ ပတ်ဝန်းကျင်က လင်းသထက်လင်းပြီး အလင်းပြင်ကျယ်ကြီးထဲမှာ သူမတို့ အားလုံး ပေါင်းစည်းမိလိုက်ကြလေသည်
***********************************************************

အားးး .. လင်းလွန်းလိုက်တာ

မျက်နှာကို အစွမ်းကုန် ရှုံ့ရင်း ကိုယ်လို လှိမ့်ချလိုက်ရင်းက လက်၂ဖက်ကို အားပြုထောက်ရင်း ထထိုင်မိတော့ မနက် ဆယ်နာရီ.. စူးရဲရဲ နေရောင်က သူမပေါ် လင်းဖြာ ကျနေလေတော့သည်။

ဇာတ်သိမ်းမျှော်


Read More...

Tuesday, December 2, 2008

အစိမ်းရောင် ခြေအိတ် တစ်စုံရဲ့ အရိပ် (၂)

ကျောင်းစာတွေက များသထက် များလာပြီ။ ကျောင်းသူကျောင်းသား တော်တော်များများလဲ ဒီနှစ်ဝက် စာသင် ချိန် အတွင်း စိတ်ဖိစီးမှု များလာတာမို့ ကျောင်းဆေးရုံ ပြေးရတဲ့ နှုံး များလာပြီ။ သူမ မှာတော့ တိုက်ဆိုင်စွာ အစိုးရ ပြောင်းချိန် မိသားစု ရှယ်ယာ ပါသော ဘဏ်များ ဒေ၀ါလီ ခံခြင်း၊ သမီးကညာ ရွယ်ရောက်လာ ဆိုတဲ့ ဂါထာ ဟောင်းကြီး ရွတ်ကာ ရွတ်ကာ ဘာဝနာ ပွားတတ်သော မိဘများနဲ့ အတိုက်အခံ ပြုရခြင်း၊ ကိုယ့်ကို ပညာသင်ဆု ပေးတဲ့ အဖွဲ့အစည်းက အဲဒီနှစ် အတွက် ရန်ပုံငွေကို ကျောင်းသားများ အစား ဒုက္ခသည် စခန်း များသို့ ပေးရန် ဆုံးဖြတ် ချက်ကြောင့် ကျောင်းတန်းလန်းနဲ့ ငွေပြတ်ခြင်း၊ ပေါချောင်ကောင်း ငှားနေသော အဆောင်မှာ ဈေးသက်သာ လွန်းသောကြောင့် နေချင်သူများ တန်းစီ နေချိန်တွင် အခန်းဖော်က သူ့ညီမ မကြာခင် တက္ကသိုလ် တက်တော့မည်မို့ သူမနဲ့ အတူတူ နေစေချင်တိုင်း ကိုယ့်ကို အဆောင်မှူးက နှင်ထုတ် အောင် ချောက်တွန်းခြင်း၊ ကျောင်းက ပေးမယ့် ပညာသင်ဆု အပြိုင် လျှောက်ထားသော အတန်းဖော် ကွန်ပြူတာ ကျွမ်းကျင်သူ ကျောင်းသားရဲ့ မစမှုကြောင့် computer lab ထဲက သူမရဲ့ ပရောဂျက် ဒေတာတွေ ပျောက်ဆုံးခြင်း ………….

ဟူးးးးးးးးးးးးးးးးးးးးး

သက်ပြင်းပူကို မှုတ်ထုတ်ရင်း ကျောင်းပြန် မဖွင့်ခင် လာမယ့်နှစ် ကျောင်းလခ ရှာပုံတော် ဖွင့်ဖို့ စဉ်းစားရ သည်မှာ ဆံပင်တောင် ပါးသည်။ သို့သော် ကိုယ် မမြင်ချင် မတွေ့ချင် သည်များကို မြင်တွေ့ရ နိုင်လောက် သော ဧည့်လမ်းညွှန် အလုပ်ကို လုံးဝ မလုပ်တော့ဖို့ စိတ်ဆုံးဖြတ် လိုက် ပြီမို့ ကိုယ့်အလုပ်ကို သူတပါး လက် လွှဲဖို့ ဆုံးဖြတ် ထားခဲ့လေပြီ။ မမြင်ချင် မတွေ့ချင် သည်များ ဆိုသည်မှာ တခြား မဟုတ်။ ကိုယ့်မှာတော့ ဒီလောက် မအားတဲ့ ကြားက တပတ် တရက်ကို ဖဲ့ကာ ကိုယ့်လူမျိုး အလုပ်သမား တွေရဲ့ ပညာရေး အတွက် လုပ်အားပေး ဆရာမလေး အိတ်စိုက် ၀င်လုပ်ရင်း အမျိုးဂုဏ် ဇာတိဂုဏ် ထိန်းသိမ်းဖို့၊ မိန်းကလေးများ ငွေ နောက် လိုက်ရင်း ဘ၀ ပျက်တာမျိုး မဖြစ်ရအောင် စိတ်နဲ့ အနေအထိုင်ကို ထိန်းသိမ်းဖို့ ပြောဆို ကြိုးစား လိုက်ရတာ… ခုတော့ ဒီနိုင်ငံရဲ့ ပွဲတော် ရက်များမှာ လာရောက် လည်ပတ်သူ ကိုယ့်နိုင်ငံထဲက လုပ်ငန်းရှင် ဆိုသူကြီး များက ကိုယ့်ဝန်ထမ်း သမီး အရွယ်လေး များကို တိတ်တိတ်ပုန်း အပျော် မယား အဖြစ် ခေါ်လာ၊ ဈေးဝယ်ထွက်၊ လည်ပတ် ပျော်ပါး နေလိုက် ကြတာ.. အပြန် ခရီးကျ သူတို့ မဟုတ် သလိုပင်… မတွေ့ချင် မြင်လျက် သားမို့ သက်ပြင်းမောသာ ခဏခဏ ချမိတော့သည်။ ကိုယ့်ညီမ အရွယ်လေးတွေ… နိုင်ငံခြားမှာမို့ ဘယ်သူသိတာ မှတ်လို့ ဆိုတဲ့ အတွေးနဲ့ လွတ်ထွက် နေလိုက် ကြတာ.. ကိုယ့်တန်ဖိုးက မယားငယ် အဆင့် တောင် မရှိတော့ဘဲ လိုချင် တာလေး ၀ယ်ပေးရုံ၊ မုန့်ဖိုး ပေးရုံနဲ့ ပျက်စီးပြီး ပညာတတ် ဘွဲ့ရ ဘ၀ ကနေ ကြေးစား အသွင်ဆောင် သွားတာ ကို သတိ ထားလိုက် မိပုံ မပေါ်။ လူမသိအောင် ခိုးစားတာမို့ ငွေနဲ့ မျှားတဲ့ သားသမီးချင်း မစာနာ မြက်နုကြိုက်ပြီး ကိုယ့်လူမျိုး ကိုယ်ဖျက်ဆီး နေတဲ့ လူကြီး လူကောင်း မျက်နှာဖုံးရှင် များကလဲ တာဝန် ယူစရာ မလို။ မြင်ရ တွေ့ရ စိတ်သက်သာစရာ တခုမှ မရှိ… အမြင်မတော်ရင် အငြိမ် မနေတတ်သော ဒီပါးစပ်ကို သတိထား ပိတ်ရသည်မှာ စိတ်ပင်ပန်း လှသည်။ အင်း တခြား အချိန်ပိုင်း အလုပ် ရှာဦးမှ… ကျောင်း ကင်တင်းန်များ အဆောင် နံရံများက ကြော်ငြာ သင်ပုန်း များကို လိုက်ဖတ်ရင်း အလုပ် ကြော်ငြာနဲ့ ပညာသင် ဆု လျှောက်လွှာ များကို မူးလောက်အောင် လိုက်ရှာ ရသည် မှာလဲ အလုပ်တစ်ခု…

တူ…… တူ………… တူ……………

မြည်လာသော လက်ကိုင်ဖုန်းကို ဖွင့်လိုက်တော့ သူ… ဖုန်းကို ပိတ်ချ ပစ်လိုက် ချင်ပေမယ့် မပိတ်ဖြစ်ခဲ့။ အစွယ် ရှိပြီး အဆိပ် ပြင်းသူရဲ့ မျက်စောင်းက အန္တရာယ် များသည်လေ။ ကိုယ်က ဒီနိုင်ငံမှာ ကျောင်းသူ ပေါက်စလေး.. သူ့မှာ ဘယ်လို အချိတ် အဆက် နောက်ခံ အင်အား ရှိသလဲ ဆိုတာက အကုန် သိရသေးတာ မဟုတ်။ လေသံနဲ့ စကားလုံး မပြင်းထန်အောင် ကိုယ့် ကိုယ်ကို သတိပေးရင်း

ဟယ်လို…
ညီမရေ.. ကိုယ်ရောက်ပြီ.. ခု ကျောင်းပိတ်ရက် မဟုတ်လား ဘာလို့ အိမ်မပြန်လဲ.. ကိုယ်က အိမ်ပြန်တယ် မှတ်လို့ အိမ်ကို မေးလိုက်သေးတယ်။ ပြန်မလာဘူး ဆိုတာနဲ့ ရောက်တုန်း ဖုန်းဆက်လိုက်တာ..

ပြန်လဲ စရိတ်ကုန်ပြီး အချိန် ကုန်ရကျိုး နပ်လောက်အောင် အကျိုးရှိအောင် လုပ်နိုင်မယ့် အလုပ်လဲ မရှိနေ တာနဲ့ စာတမ်းအတွက် စာဖတ်မယ် ဆိုပြီး မပြန်တော့တာ

ပိုက်ဆံ လိုလို့လား။ လိုရင် အားမနာနဲ့ ကိုယ့်ကို အချိန်မရွေး ဆက်သွယ်ပါလို့ ပြောထားတာကို… မာနကလဲ ကြီးလိုက်တာ. စကောလားရှစ်ရော လောက်ရဲ့လား။ နေကတော့ ကောင်းမှာပါ.. လေသံက အမာကြီး ပဲဟာ…

လောက်ပါတယ်.. ဒါထက် ဒီကို ဘာလာလုပ်တာလဲဟင်

ကိုယ် ဒီတပတ် အစည်းအဝေးက တပတ်ကျော်တောင် ကြာမယ်ဗျာ.. presentation တွေလဲ မပြီးသေးဘူး စိတ်ညစ်လိုက်တာ.. ကူပေးနိုင်မလား။ မုန့်ဖိုး ပေးပါ့မယ်ဗျာ.. အလကား မခိုင်းပါဘူး.. အလုပ်မထွက်ခင်ကလို project လိုက် လုပ်တယ် သဘောထားပေါ့…

ကျောင်းပိတ် ထားပေမယ့် ကျောင်းပြန်ဖွင့်တာနဲ့ စာတမ်းခေါင်းစဉ် တင်ရမှာမို့ ဆရာက စာဖတ်ခိုင်း ထား လို့… ဆောရီးပါနော်

သြော် ဒါဆို လုပ်လုပ်.. ကိုယ် တခြား မိတ်ဆွေ တွေကိုပဲ အကူအညီ တောင်းလိုက်တော့မယ်.. လမ်းကြုံရင် လက်ဆောင် ၀င်ယူဦးလေ.. ကိုယ် --- ဟိုတယ်မှာ တည်းတယ်။ နောက်အပတ် စနေ ပြန်မယ်။ အိမ်ကို မှာချင်တာ ပေးလိုက်ချင်တာ ရှိရင် လူကြုံ ပေးချင်လဲ ရတယ်.. အလကား သယ်ပေးမှာပါ.. ဒါပဲနော်.. တိတ်ကဲ.. တာ့တာ

ဟုတ်ကဲ့.. တာ့တာ

ဖုန်းပိတ်ရင်း ကြော်ငြာ သင်ပုန်း တခုပြီး တခု ကူးပြီး ကြော်ငြာ ဖတ်ခဲ့သည်။ ကံကောင်းစွာ စာတမ်းရှင် တော်တော် များများက မေးခွန်းလွှာ လိုက်မေး ပေးသူများ ငှားရမ်း နေကြချိန်… မေးခွန်းလွှာ တစ်စုံကို ၃၀၀ ဆိုတော့ တစ်ရက်ကို အယောက် ၂၀လောက် မေးနိုင်ရင် မဆိုးလှ.. ဧည့်လမ်းညွှန် အလုပ်ထက် ပိုပင်ပန်း ပိုခက် ပေမယ့် ငွေပိုရသည်။ ဧည့်လမ်းညွှန် အလုပ်က ဖန်တရာတေ နေသော အချက် အလက် များကို အပျော် လည်ပတ်သူများ သိရုံလေး ရှင်းပြ ရုံသာ။ ဒီ စာတမ်း မေးခွန်း မေးသူ အလုပ် က တော့ ပညာရေး နယ်ပယ်က မဟုတ်သူ များ ပညာရပ် ဆိုင်ရာ စကားလုံး များကို နားလည်အောင် အရပ်သုံး စကားနဲ့ ရှင်းပြရ၊ စိတ်ရင်းမှန်နဲ့ ဖြေဖြစ်အောင် လမ်းကြောင်းပေးရ သည်မှာ ပညာသား ပါလှသည်။ ဒီလိုနဲ့ သူမ အလုပ် ပြောင်းခဲ့ လေသည်။ (ဆက်ရန်)
*****************************************************************


Read More...

Wednesday, November 26, 2008

အစိမ်းရောင် ခြေအိတ် တစ်စုံရဲ့ အရိပ် (၁)

ပထမဆုံး အဆင့် အနေနဲ့ တမင် မွေးယူ ထားတဲ့ ခြေဖမိုးပေါ်က အမာရွတ် ပျောက်ကင်း အောင် အရေပြား အထူးကုနဲ့ ဆာဂျရီ လုပ်ပြီး ကုယူ ခဲ့သည်။ ဆရာဝန်ကတော့ ထင်ရှာမည်။ ခြေဖမိုးပေါ်က အမာရွတ် သေး သေးကို အကျယ်ချဲ့ပြီး ပလတ်စတစ် ဆာဂျရီ လုပ်ယူ ရလောင်အောင် တော်တော် အလှကြိုက်တဲ့ မိန်းက လေးပဲလို့ … ဒါပေမယ့် ဒီ အမာရွတ်က ဆွပေးတဲ့ နှလုံး သား ဒဏ်ရာကိုတော့ သူသိမည် မဟုတ်။ အရင်က တမင် မွေးယူ ထားခဲ့ပြီး အခုမှ တကူးတက ပြန်ဖျက်ရသည့် အကြောင်းရင်း ကိုလဲ သူသိမှာ မဟုတ်.. နေပါ စေလေ .. သူသိစရာမှ မလိုတာ.. သူ့အလုပ်က သူ့ဆီ အလုပ်လာ အပ်သူ ကျေနပ်အောင် ကုပေး လိုက်ရုံ သာ… ကိုယ့်အလုပ်ကသာ.. အင်းး ကိုယ့်အလုပ်က ဘာလုပ် စရာ ကျန်သေးလဲ…

ဒုတိယ အဆင့် အနေနဲ့ အစိမ်းရောင် ခြေအိတ် တစ်စုံကို တစစီ ဖြုတ်ဖို့… ခြေအိတ်များ မလိုချင် တော့ရင် အစုံလိုက် လွှင့် ပစ် လိုက်ရုံပေါ့ လို့ လွယ်လွယ်နဲ့ နားချလို့ မရနိုင် လောက်အောင် သူမမှာ နာကျည်း မုန်းတီး ချက်တွေ ရှိနေ ခဲ့သည်။ ဒါကြောင့် ဒီ သိုးမွေး ခြေအိတ် အစိမ်းရောင် တစ်စုံကို တစစီ ဖြည်းဖြည်းချင်း စိမ်ပြေ နပြေ ဖြုတ်ပစ်မည်။ ပြီးတော့ မွမွလေးတွေ ဖြစ်အောင် ကတ်ကြေး ထက်ထက် တစ်လက်နဲ့ အပိုင်းပိုင်း ဖြတ် ပစ်မည်။ ပြီးတော့.. ပြီးတော့ သူမ ဘာများ အညိုးတကြီး လုပ်နိုင် ဦးမှာ ပါလဲ.. သိုးမွေးစ မွမွလေးတွေကို တစ်ပုံစီ ပုံပြီး ရေမျှော.. မီးရှို့.. လေထဲ လွှင့်ပစ် ပြီးတော့.. ပြီးတော့…

(((((((((((((((အာာာာာာာာာာာာာာာာာာားးးးးးးးးးးးးးးးးးးးးးးးးး ))))))))))))))))))
**********************************************

ညီလာခံ တစ်ခု တက်အပြီး လမ်းခွဲ နှုတ်ဆက် ခါနီး အမှတ်တရ ပစ္စည်း မလဲလှယ်ခင် တည်းက အရိပ် တကြည့်ကြည့် လုပ်ထားမိသည်မို့ ကြိုတင် ကြံစည် ထားတဲ့ အတိုင်း သူ့ ခြေစွပ် ဖိနပ်ထဲက ၀တ် လက်စ ခြေအိတ် အစိမ်း လေးကို အသာ ထုတ်ယူ ထားခဲ့ပြီး ဖြစ်နေတာ ကိုယ့်ရဲ့ ရူးသွပ်မှု လား။ အသာလေး လှစ်ခနဲ ပြုံးလိုက်မိတဲ့ သူမရဲ့ အပြုံးကို အကြမ်းဖျင်း အဓိပ္ပာယ် ဖွင့်ရရင် ရှက်ပြုံးလို့ အလွယ် ပြောလို့ ရလေ မည် လား။ အပြည့်စုံဆုံး အဓိပ္ပာယ် ဖွင့်ရရင်တော့ မိုနာလီဇာ အပြုံးလို ခံစားချက် တွေကို ကွန်ပြူတာနဲ့ တွက် ထုတ် မှ ရနိုင်မည် ဆိုရင် လွန်ချေ မည်လား ဆိုတာ လီယိုနာဒို ဒါဗင်ချီမှပဲ သိနိုင်ပေမည်။

Even if you can’t marry me, let me be besides you.. Let me help you.. let me support you to fulfill your desired destination.. I don’t want you to be part of my life.. I just want to be part of your life… Will you accept me in this way? Can you do me that little favor please!!!

အို ကြည့်စမ်းပါဦး.. ဘယ်လောက်တောင် ချိုသာ နူးညွတ်ဖွယ် ကောင်းတဲ့ စကားလုံး လေးတွေ ပါလိမ့်.. ဒီ လောက်တောင် အချစ် ဆိုတာကို ဖော်ကျူး တတ်တဲ့၊ ကြင်နာ တတ်တဲ့ ပြီးတော့ တာဝန်လဲ ယူချင်တဲ့၊ တာဝန် ယူခွင့် မရရင်တောင် ဘာ မျှော်လင့်ချက်မှ မရနိုင်ရင်တောင် မစားရတဲ့ အမဲ သဲနဲ့ မပက်ဘဲ ဆက်လက် ကူညီ ထောက်ပံ့ချင်တဲ့၊ လူမျိုးကို ဘ၀ လက်တွဲ ဖော် အဖြစ် လက်တွဲချင်ကြသည့် မိန်းကလေးများ လောကမှာ အပုံ.. ဒါပေမယ့် တကိုယ်ကောင်း မဆန်နိုင်တဲ့ သူမ အဖို့ ငဲ့စရာ များလှတဲ့ လူ့ပတ်ဝန်းကျင်မှာ သူ့ကို လက်မတွဲ နိုင်ရင်တောင် ချစ်ရုံလေး သတိရရုံလေးနဲ့ ဘ၀မှာ ကျေနပ် ရောင့်ရဲ နိုင်မည်ဟု တထစ်ချ ယုံကြည် ခဲ့မိ ဖူး သည်။ သို့သော် ပတ်ဝန်းကျင် သတင်းစကား တွေကြား သူက အပြစ်ကင်းသော သူတော့ မဟုတ်ခဲ့။ အိမ် ထောင် ပျက်ဖူးသော သူ့မှာ ကောလဟလ နဲ့ လူမှုရေး သတင်း စကားတွေ ကတော့ ကောင်းလှသည် မ ဟုတ်။ ဘယ်သူ မှားလို့ ဘယ်သူ မှန်တယ် ဆိုတာ တွေကို မျက်မြင် သက်သေ မရသေး ခင်မို့ သူမ မခွဲခြား နိုင်သေးခင် အနေ မနီး ချင် တာမို့ သူမ ကြိုးစား ရှောင်နိုင် ခဲ့သည်။ ဘ၀ကို အသန့်စင်ဆုံးနဲ့ အပြစ် အကင်း ဆုံး စံပြအဖြစ် ဖြတ်သန်းချင်သူ ပီပီ သူမ ကိုယ်ကျင့်တရား ကို အဖြူစင် အတောက်ပြောင်ဆုံး ဖြစ် အောင် ထိန်းခဲ့တာမို့ ဒီအချိန်မှာ အညစ်စွန်း လုံးလုံး မခံနိုင်။ ထို့အတူ သူမရဲ့ ဘ၀ လက်တွဲဖော် သည်လဲ စံပြ ကိုယ်ကျင့်တရား ကောင်းသူသာ ဖြစ်စေ ချင်တာ သူမရဲ့ သန္ဒိဌာန်ပါ။

ရှင့်ခြေအိတ်လေးကို ကျွန်မ အမှတ်တရ ယူထားလိုက်တယ်နော်

ဗျာ.. ဘယ်ခြေအိတ်လဲဟင်

ဖိနပ်ထဲက ခြေအိတ်ပါ

ဟာ… အဲဒါကြီးက မလျှော်ရသေးဘူး… ယူချင်ရင် မသုံးရသေးတဲ့ ခြေအိတ် အသစ် ရှိပါတယ်။ ကိုယ့် ခြေ အိတ် ဘယ်လောက် နံမယ် ဆိုတာ ကိုယ် သိတယ် ပြန်ပေးပါဗျာ. လိုချင်ရင် ခြေအိတ် အသစ် ယူပါနော်..

ဟင့်အင်း.. အဲဒီ ခြေအိတ်ပဲ ယူမယ်။ ယူထား ပြီးပြီ။

ဟာာာ.. မလုပ်ပါနဲ့ဗျာ ကိုယ် ခြေထောက်မှာလေ.. ဟို နှင်းခူနာ တစ်ခု ရှိတယ်ဗျ။ ကိုယ်က ဆီးချို ရောဂါ ရှိတော့ အနာက ဘယ်လိုမှ မပျောက်နိုင်ဘူး ဖြစ်နေတာ.. အဲဒီခြေအိတ်က အနာက မန်းရည်တွေ စိုချင် စိုနေမှာ.. တော်ကြာ ကူးနေပါမယ်.. မယူပါနဲ့ဗျာ.. တောင်းပန် ပါတယ်နော်…

အဲဒါ မြင်သားပဲ.. သိသားပဲ.. သိသိနဲ့ တမင်ယူတာ… ဒါပဲနော်.. တာ့တာ … အပြန် ခရီးမှာ ကံကောင်းပါစေ။
******************************************************

သူမျက်နှာပူပူနဲ့ ရှက်ကျန် ခဲ့မှာ စိုးလို့ လှစ်ခနဲ ပြေးထွက်လာတာမို့ သူဘယ်လိုပုံစံနဲ့ ကျန်ခဲ့မယ် ဆိုတာ မသိခဲ့… အဲဒီလိုပဲ အသန့်ကြိုက်လွန်းသော သူမ…. ဒီခြေအိတ်ကို တမင် မလျှော်ဘဲ ၀တ်ခဲ့လို့ ခြေထောက် မှာ အနာကူးပြီး ဘဘုန်းဆီ ရောက်ခါ ဆေးတောင်း ခဲ့ရသည်ကိုလဲ သူမသိခဲ့။ ဘဘုန်းက နန်းတွင်း ဆရာ တော် မို့ ဘုရင် ဆက်ကပ်ထားတဲ့ နန်းတွင်းဆေးတွေ သူ့မှာ အပုံအပင်… ဘဘုန်းဆီက ဆေးကောင်းမှုနဲ့ သူမ ခြေထောက်က အနာ ၃ရက် အတွင်း ပျောက်ကင်း ခဲ့ပေမယ့် ဘဘုန်းဆီက တောင်းယူခဲ့တဲ့ ဆေးတွေက အများကြီး ကျန်နေသေးသည်။ ဒီလို အများကြီး ကျန်အောင်လဲ တမင်သက်သက် သူမ ပိုတောင်းယူ ခဲ့ခြင်း သာ.. ထိုမျှမကသေး… သစ္စာ တရားနဲ့ စိတ်စွမ်းအားကို ယုံကြည်သူ ပီပီ သူမ သစ္စာ ဆိုခဲ့သေးသည်။

ကျွန်မရဲ့ ရူးသွပ်မှုကို ကျွန်မသာ သိပါတယ်။ သူ့ဆီက ဘာမျှော်လင့်ချက်မှ မထားဘဲ ဖြူစင် ခဲ့ပါတယ်။ ဒီ သစ္စာ စကား မှန်ပါရင် သူ့အနာ အမြန်ဆုံး ပျောက်ပါစေ။ နောက်ပြီး သူ့ရဲ့ စကားတွေကလဲ မှန်သော သစ္စာ စကား ဖြစ်ခဲ့ရင် သူ့ရဲ့ ဆီးချို ရောဂါပါ အမြန်ဆုံး ပျောက်ကင်း ပါစေ။ တကယ်လို့ သူ့ရဲ့ စကားတွေက မှန် သော သစ္စာစကား မဟုတ်ခဲ့ဘဲ ကျွန်မကို သွေးဆောင် ဖြားယောင်းတာ ဖြစ်ခဲ့ရင် ပြောင်းပြန် အကျိုး အနေနဲ့ သူ့တသက် ဒီ အနာနဲ့ ဒီရောဂါ ဘယ်တော့မှ မပျောက်ဘဲ ကြာလေ ဆိုးလေ ဖြစ်ပါစေ။ ပြီးတော့ သူ့ရဲ့ ဆိုး ပြစ်တွေ အတွက် သူပြန် ဒဏ်ခံ ရတာကို ဒီဘ၀မှာပဲ လက်တွေ့ မြင်ရပါစေ။ အဲဒီ အတွက် နောင်တ တွေကို တသက်လုံး တနုံ့နုံ့ ခံစားရင်း သူ့အပြစ် တွေကိုသူ ပြန်လည် ပေးဆပ် နေရ ပါစေ။

ဒီလို လူမသိ သူမသိ တိတ်တိတ် သစ္စာဆို အပြီးမှ ဆေးဘူးလေးကို အနီရောင် ပိုးသား ချည်ထိုး ရှုံ့အိတ်လေးထဲ ထည့်ပြီး သူလိမ်းဖို့ လက်ဆောင် အဖြစ် ပေး ခဲ့တော့ သူက ပြုံးလဲ့လဲ့…
**************************************************
ကျောင်းတက်ရင်း အပိုဝင်ငွေ ရဖို့ ဧည့်လမ်းညွှန် အလုပ်ကို အချိန်ပိုင်း လုပ်နေတဲ့ သူမ အဖို့ ဟိုတယ် ၀န်ထမ်း များ၊ ဧည့်ကြို ၀န်ထမ်းများနဲ့ တခြား ဧည့်လမ်းညွှန် အပေါင်းအသင်း အများကြီး ရှိတာ မဆန်းသလို လုပ်ငန်း သဘော အရ လမ်းကျွမ်းပြီး မျက်စိလျှင်တာ၊ လူတွေကို မှတ်မိတတ် လာတာလဲ မထူးဆန်းပါ။ ခုလဲ အုပ်စုလိုက် အစည်းအဝေး လာတက်တဲ့ ဧည့်သည် တသိုက်ကို ဟိုတယ် ပြန်အပို့ မှတ်မိနေတဲ့ သူ့အသံကို ဧည့်ကြို ကောင်တာ ဘက်ကနေ မမျှော်လင့်ဘဲ ကြားလိုက် ရတာမို့ ဖျတ်ခနဲ လှည့်အကြည့်

သျှမ်းရေ… ကိုကို ခဏလေးပဲ ပြန်ထွက်ရမှာပါ.. ကို့နောက် တကောက်ကောက် လိုက်နေရရင် သျှမ်းလေး ပင် ပန်းမှာ စိုးလို့.. နားနှင့်နော.. ကိုကို့မိတ်ဆွေနဲ့ တွေ့ပြီးပြီးချင်း ချက်ချင်း ပြန်လာမှာပေါ့.. တစ်ယောက်တည်း ထားခဲ့ရမှာ စိတ်မချ ဘူးကွာ.. အခန်းတံခါးကို သေချာ သော့ခတ် ထားနော်… ကိုကို အလုပ်ပြီးတာနဲ့ ချက် ချင်း ကို ပြန်လာမှာ သိလား.. ခဏလေးတောင် ခွဲချင်တာ မဟုတ်ဘူး.. အခုတောင် သျှမ်းလေး ပင်ပန်း နေမှာ စိုးလို့ဗျ!! သြော် တံခါးခေါက်သံ ကြားရင် ချောင်း ကြည့်ပေါက် ကနေ သေချာ အရင်စစ်ပြီးမှ ကို့အပြုံးကို မြင်မှ ဖွင့်နော်.. စိတ်ပူတယ်.. တာ့တာနော်

မျက်နှာပေး အမျိုးမျိုးနဲ့ လေယူလေသိမ်း အတက်အကျတို့နဲ့ ကြင်ကြင်နာနာကြီး ရွှန်းရွှန်းဝေအောင် အလွမ်း သယ်နေသူက တခြားလူ မဟုတ်.. ကောင်တာက ပြန်ထွက်လာသော သူ .. မမြင်အောင် ကမန်းကတန်း ပုန်း ကွယ်ရင်း သက်ပြင်းကို ကြိတ် ရှိုက်လိုက် မိသည်။ သူ့ကျောပြင်က ကိုယ့် မြင်ကွင်းကနေ တဖြည်းဖြည်း ဝေး သွားတော့ မှ သူမရဲ့ ခြေလှမ်းတွေက ဧည့်ကြို ကောင်တာ ဆီသို့

ခုနက ဧည့်သည်က ဒီဟိုတယ်မှာ ဖောက်သည်လား။

ဟုတ်တယ် အမရဲ့။ သူက အသင်း တောင် ၀င်ထားတယ်လေ.. ကျွန်တော်တို့ ဟိုတယ် လုပ်ငန်းစုရဲ့ ကွန်ယက် ထဲမှာ ဘယ် ဟိုတယ် တက်တည်းတည်း၊ တည်းနေကျ ဖောက်သည် အဖြစ် အသင်းဝင် ထားရင် ရမယ့် ၀န်ဆောင်မှု တွေက အများကြီး ဆိုတော့ အသင်းဝင် အင်အားလဲ များတယ်… ပြီးတော့….

ဧည့်ကြို ယောက်ျားလေးက ဧည့်လမ်းညွှန် သူမနဲ့ ခင်နေ ပြီးသားမို့ ပြီးတော့ လုပ်ငန်းနဲ့ ဆက်စပ် နေတဲ့ သတင်း အချက် အလက် မို့ ရွှန်းရွှန်းဝေ ပြောဆိုနေလျက်.. စကားလက်ဆုံ ခဏတာ ကျအပြီးတွင်တော့ သူနဲ့ အတူ ဒီဟိုတယ်မှာ နေခဲ့ ဖူးသော မိန်းကလေး စာရင်းက ရက်စွဲ များနဲ့ တကွ သူမလက်ထဲမှာ အထပ်လိုက်.. ဒါတင် ပဲလား။ ဒီဟိုတယ်မှာ မဟုတ်ဘဲ ဒီ ဟိုတယ် လုပ်ငန်းစုနဲ့ ချိတ်ဆက် ထားသော တခြား ဟိုတယ် များမှာရော.. လက်စသတ်တော့…

တူ………… တူ……………. တူ……………..

လက်ကိုင်ဖုန်းက အသံမြည် လာသည်မို့ သူမ ကြည့်လိုက်တော့ သူ့နံပါတ်… မဲ့ပြုံးကို ယဲ့ယဲ့ပြုံးရင်း ဧည့်ကြို သူငယ်ချင်းလေးကို နှုတ်ဆက်ပြီး ဖုန်းနားထောင်လိုက်တော့

ကိုယ် ခုပဲ လေယာဉ်ပေါ်က ဆင်းတာ.. ကိုယ့်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်မှာစိုးလို့ ကြိုပြီး မေးလ် မပို့တာ.. ပြီးတော့ ညီမက ကိုယ့် တောင်းဆိုချက်ဆို ဘာတခုမှ ခွင့်မပြုတော့ ၀မ်းနည်းတာနဲ့ တိတ်တိတ် ကလေး နေမလို့ပါဘဲ.. ဒါပေမယ့်ဗျာ.. သတိရလွန်းလို့ ဘယ်လိုမှ စိတ်မထိန်း နိုင်တာနဲ့ ဖုန်းဆက် လိုက် မိတာ.. စိတ်ဆိုးလားဟင်.. စိတ်ညစ် သွားလားဟင်

အသံ မထွက်မိအောင် မနည်း သတိထားပြီး ထိန်းလိုက် ရသည်။ တတ်လဲ တတ်နိုင် ပါပေ့… သို့သော် ရုတ် တရက်မို့ သူမရဲ့ ရင်မှာ စကားလုံးတို့ မရှိတော့.. ရန်တွေ့စရာ စကားလုံးတောင် မရှိ မှတော့ ကိုယ်ကျင့် တရားကို အသက် ထက် တန်ဖိုး ထားတဲ့ သူမ အတွက် တခြား စကားလုံးလဲ မရှိတော့.. အပြစ် တင်ချင် စိတ်လဲ မရှိတော့…

ဒါထက် ခြေထောက်က အနာ ပျောက်သွား ပြီလားဟင်

ဟင့်အင်း မပျောက်သေးဘူး။ အဲဒီ ဆေးဗူးလေးတော့ ကိုယ် လိမ်းလို့ ကုန်သွားပြီ။ ဒါပေမယ့် ဆေးဗူးခွံလေးနဲ့ အိတ်လေးကို ကိုယ် ခုထိ သိမ်းထားတယ် သိလား။ ကိုယ်နဲ့ မကွာကို ဆောင်ထားတာ. ခုတောင် ပါလာ သေးတယ်။ မယုံရင် ပြမယ် သိလား။ အင်းးး ဒါပေမယ့် ညီမက ကိုယ့်ကို တွေ့ခွင့်တောင် ပေးပါ့ မလား မသိဘူး။ ညီမရယ်.. ကိုယ့်အသက်အရွယ် ကိုယ့်အဆင့်နဲ့ ဒီလောက် အောက်ကျခံ တောင်းဆို နေရတာ နည်းနည်းမှ မသနား ဘူးလားဟင်

သူမ မျက်နှာပေါ်မှ မဲ့ပြုံးပင် ပျောက်ကွယ် သွားခဲ့ပြီး တင်းမာ အေးစက်သော မျက်နှာထားကြောင့် သူမရဲ့ အဖော် ဧည့်လမ်းညွှန် လုပ်ဖော်ကိုင်ဖက် ကောင်မလေးပင် ပါးစပ်လေး အ၀ိုင်းသား ဖြစ်သွားသည်မို့ သူမ မျက်နှာထားကို ချက်ချင်း ပြင်လိုက် ရသည်။ ထိုနေ့သည် လောကဓံက သူမ အတွက် စိတ်ကျန်းမာ ကြံ့ခိုင် ရေး လေ့ကျင့်ခန်းနဲ့ စာမေးပွဲ ပြင်းပြင်းထန်ထန် ပေးခဲ့သော နေ့တစ်နေ့ ဖြစ်ခဲ့လေသည်။ သို့သော် သူမ စာမေးပွဲ အောင်ခဲ့ လေသည်။

ဟိုတယ်ထဲက လှမ်းအထွက်.. သက်ပြင်းမောကို မော့အထုတ်လိုက် ဟိုတယ်တိုင်များ နံရံများက လုံခြုံရေး ကင်မရာ များကို ဖျတ်ခနဲ အမြင်မှာ အကြံတစ်ခု လင်းခနဲ လက်သွားသည်။ ကြည့်ဖူးသော အက်ရှင်ကားများ အလကား မဖြစ်။ သူမလို ဧည့် လမ်းညွှန် တစ်ယောက် အတွက် ဟိုတယ်များက လုံခြုံရေး ၀န်ထမ်းများ၊ လုံခြုံရေး ဆိုင်ရာ အရာရှိ များနဲ့ ခင်မင်ဖို့ လုံးဝ မခက်။ ဒါဆိုရင် လုံခြုံရေး ကင်မရာ များက ဖမ်းယူ ရိုက်ကူး သိမ်းဆည်း ထားသော ရုပ်သံခွေများ ရဖို့လဲ လုံးဝ မခက်။

ဒီလိုနဲ့ အခန်းကို ပြန်ရောက်တော့ ဖဲဗူး လှလှလေး တဗူးက သူမရဲ့ စားပွဲပေါ်ကနေ ပစ္စည်းဟောင်းများ ထားသော ကတ္ထူပုံးထဲ ရောက်သွား ခဲ့လေသည်။
**************************************************************
မကြီး
ပြော
နင့်အလုပ်ရှင်ဟောင်းလေ.. မွန် ကာယ အလှမယ်ဟောင်းကို အလုပ်ခန့် ထားပြီး ဖူးဖူးမှုတ် ထားတယ်ဟ..
သူ့လုပ်ငန်းအတွက် အသုံးဝင်လို့ နေမှာပေါ့.. ၀န်ထမ်းကောင်းကိုဆို အလုပ်ရှင်တွေက လက်လွှတ်ရမှာ ကြောက်တတ်တာပဲဟာ .. ထူးဆန်းလား…

ဟဟ .. အဲဒီတစ်ယောက်က လှတာက လွဲရင် ဘာမှ မတတ်ဘူးဟ. အဲဒါကို သူက အင်္ဂလိပ်စာ ဆရာခေါ်ပေး ရတာနဲ့ ကွန်ပြူတာ ဆရာ သီးသန့် ငှားပေး ရတာနဲ့..

ကြိုးစားလို့ .. မြေတောင်မြှောက်ပေးရင် ဖြစ်ထွန်း နိုင်လို့ မြေတောင်မြှောက်ပေး ရင်းနှီး မြှုပ်နှံ ပေးနေတာ ဖြစ်မှာပေါ့။ ကိုယ့် ၀န်ထမ်း တော်လာရင် ကိုယ့်လုပ်ငန်းလဲ အောင်မြင် လာတာပဲဟာ။

ဟာာာ.. ဒီအပျိုကြီးကလဲ ဂေါက်လိုက်တာ.. မဟုတ်ဘူးဟ .. သူတို့ ဘာလိုလိုတွေ.. နင့်အလုပ်၇ှင်ဟောင်း ကလဲ ခပ်ပွေ ပွေနဲ့ … ဟိုတလောက သင်္ကြန်တွင်း ဘုန်းကြီး ၀တ်တော့လဲ ဘုန်းကြီးလေး သုံးရက် ၀တ်တာကို ညီမလေးတို့ အဖွဲ့ထဲက သူသူ ဆိုတဲ့ ကောင်မလေးကို ဘုန်းကြီးဝတ်ကြီးနဲ့ တညတည်း ငါးခါ ဖုန်းမက်ဆေ့ခ်ျ ပို့တယ်ဟ.. ဟာဟ.. ကုသိုလ်တော့ ရဦး တော့မယ်။

သူ့ဟာသူ ဘယ်လိုနေနေ.. ကိုယ်နဲ့ အနေသာကြီး..

အဲလိုဆိုလဲ ပြီးတာပဲလေ.. သူက နင့်ကိုလဲ အီစီကလီ လုပ်ဖူးတယ် မို့လား။ နင်စိတ်ယိုင် သွားမှာ စိုးလို့ ငါက ပြောတာ.. ဒါပဲနော်… အိမ်ထောင်ပျက် လူပွေ တစ်ယောက်နဲ့ ဇာတ်လမ်းရှိတဲ့ လူစားကို ငါက ညီအမ မတော် ချင်ဘူး။

(((ဘာပြောတယ်))) လက်စသတ်တော့ နင်က အသားလွတ် လာစော်ကားနေတာပဲ.. နင် အငယ် ဖြစ်ပြီး တော်တော် မိုက်ရိုင်း ပါလားဟင်… ဟေ့.. ငါ့စာရိတ္တ၊ ငါ့ကိုယ်ကျင့်တရား တခုခု မှားနေရင် အမှားကို ထောက်ပြီး ကြိုက်သလို လာပြော.. အသားလွတ် လာမစော်ကားနဲ့

ဒါကတော့ နင့်ကိုယ်နင် အသိဆုံး ဖြစ်မှာပေါ့

ငါ ဘာမှ မမှားဘဲ ငါ့ကို အသလွတ် လာမစော်ကားနဲ့နော်.. ငါ့သည်းခံမှုက အကန့် အသတ် ရှိတယ်။ နင် ခုချက်ချင်း ငါ့မျက်စိ အောက်က ထွက်သွားစမ်း

ဟတ်ဟတ် ဒီအိမ်က နင့်အိမ်က မဟုတ်ဘူး .. ငါ့မိဘအိမ်.. ငါလဲ ဆိုင်တယ်… နင်မကျေနပ်ရင် နင်ထွက်သွားလေ

(((တောက်)))

ဂုဏ်မက် ငွေမက်လွန်းပြီး ကိုယ်တိုင်က လက်ကြော တင်းတင်း ရှာဖွေ ကြိုးစားချင်စိတ် မရှိဘဲ အပြင်လူ အ ပေါ်တွင် ကောင်းသ လောက် မိသားစု အပေါ်တွင် ဆိုးသွမ်း လွန်းသော ဒီလို ညီမမျိုး ရှိသည့် ကိုယ့်ကံကို ကျိန်ဆဲရင်း အဲဒီညက ခြံထဲမှာ ခြင် တအုပ် ကို အဖော်လုပ်လို့ မိုးလင်း ခဲ့ရသည်။ နို့မို့ရင် ဆက်စော်ကားနေတဲ့ ဒင်းရဲ့ စကားတွေ မခံနိုင်လို့ ရန်ထဖြစ်ရရင် အကြီး ဖြစ်လျက် အငယ်ကို မထိန်းနိုင်ဘဲ ဖက်ပြိုင် ရန်ဖြစ်သည်လို့ အလွယ် သတ်မှတ်ပြီး ဖိဆဲ တတ်တဲ့ မိဘတွေရဲ့ အငြိုငြင်က ဆက်ခံရဦးမှာကို သိနှင့် နေပြီသား။ သူကလဲ ဒီအကွက်ကို တမင် ချိုးသည်ကို သူမ သိပြီးသား... ဒီလို ညမျိုး များပြား လာ လွန်း ခဲ့တော့ သူမ အဖို့ အပြစ်ကင်းသော ထွက်ပြေး ခြင်းဖြင့် ဒီအသိုင်းအ၀ိုင်း ထဲက ထွက်ပြေး ဖို့သာ ရွေးခဲ့ မိတော့သည်လေ။

******************
ဒီနေ့ .. အသိ တစ်ယောက်က အကူအညီ တောင်းလာတာမို့ ဒီနိုင်ငံကို တခါမှ မရောက်ဖူး သေးတဲ့ မိန်းက လေး တစ်အုပ်ကို နောက်ဆုံးရက် အဖြစ် ဧည့်လမ်းညွှန် ၀န်ဆောင်မှု လုပ်ပေးရဦးမည်။ ရက်သတ္တ တပတ်လုံး တခြား နေရာတွေ နှံ့အောင် လည်ပတ် ပြီးပြီမို့ ပြီးတော့ လူငယ်တွေ ချည့်မို့ ကစားကွင်းကို ပို့ပေးပြီး အရိပ် ကောင်းကောင်းမှာ ကိုယ်က နားရင်း စာမေးပွဲ အတွက် စာဖတ်နေချိန်

အမက.. မသစ္စာဖြူ ဟုတ်ပါတယ်နော်… ညီမ အမကို မေးစရာလေးတွေ ရှိလို့ ခဏ ခွင့်ပြုပါနော်..

သူမက ဧည့်လမ်းညွှန် အလုပ်ကို ခေါ်ရလွယ် မှတ်မိလွယ်သော နာမည် တစ်လုံးတည်းနဲ့ လုပ်ကိုင်သူ။ ခု တော့ သူမရဲ့ နာမည် အရင်းကို ဖွင့်မေးရင်း ခွင့်တောင်း လာသူက သူမကို ဧည့်လမ်းညွှန် အဖြစ် ငှားထား သော ပြီးတော့ ငှားထားတဲ့ တပတ်လုံး သူမကို အကဲခတ် နေသည်ဟု သူမ ခံစားရသော တပတ်တာ အလုပ် ရှင်.. ဘာ ရည်ရွယ်ချက်နဲ့ သူမကို ငှားလဲ ဆိုတာကို လှစ်ကနဲ တွေးမိပေမယ့် ဒါပေါ့လေ.. သူ့ဆန်စား ရဲရ မည်ပေါ့.. ခေါင်းကို အသာ ညိတ်ရင်း ထိုင်ခုံကို နှစ်ယောက် ထိုင်သာ အောင် စာအုပ်များ ရှင်းလိုက်တာမို့ သူမက နေရာလွတ်မှာ ၀င်ထိုင်သည်။

အမက ဦးကိုကိုနဲ့ ဘယ်လိုသိပြီး ပတ်သက် တာလဲဟင်

ရှင်.. ဘယ်က ဦးကိုကိုလဲ ညီမ.. ဒီလို နာမည်မျိုးတွေက အများကြီးလေ

သြော်.. **** ကုမ္ပဏီက လူကြီး ဦးကိုကိုပါ။ အမ အဲဒီမှာ အလုပ် လုပ်ဖူးတယ် မို့လား

အင်းးး လက်စသတ်တော့ ကောင်မလေးက သူမရဲ့ နောက်ကြောင်းကို အတော် သိထား ပြီးချေပြီ။ ဘာ ရည်ရွယ်ချက်နဲ့ သူမကို ချဉ်းကပ် လာသည်ကို အကြမ်းဖျင်း မှန်းလို့ ရသွားခဲ့ပြီ။

သြော် ဟုတ်တယ် ညီမရဲ့။ ဒါပေမယ့် အမက ၃လ လောက်ပဲ လုပ်ပြီး အလုပ်ထွက်ခဲ့တာ.. ဒီမှာ လာ ကျောင်းတက် ဖို့လေ။ စတည်းက အဲလောက် အချိန်ပဲ လုပ်နိုင်မယ် ဆိုပြီး စာချုပ်ပြီး လုပ်တာ ညီမရဲ့။ ဘာလို့လဲ။

အမကို သူက ကျောင်းထားပေးနေတာဆို

ဟမ်… ဘယ်ကလာ… ဘယ်သူတွေ ပြောတဲ့ ကောလဟလ ကြားလာပြန်လဲ ညီမရယ်။ အမ ကျောင်းတက် တာရော ပညာတော် သင် လျှောက်တာရော အမဘာသာ တိတ်တိတ် ကြိတ် စုံစမ်း လျှောက်ထား ပြီး အားလုံး အဆင်သင့် အောင်မှ ကျောင်းလာ တက်တာပါ။ အမတို့ တက္ကသိုလ်က ချွန်တွန်း များတော့ အမ နိုင်ငံခြား ထွက်မယ် သတင်း ကြားလို့ မဟုတ်မဟတ် ချွန်ရင် ထွက်ရ ခက်မှာ စိုးလို့။ မိသားစုတောင် အမ နိုင်ငံခြား ထွက်ခါနီး ၃ရက် အလိုမှ သိတာ။ ဦးကိုကိုဆို ထွက်မယ့် ရက်မှကို သိတာ။ အမက အလုပ် အပ်ပြီးတာနဲ့ တခါ တည်း နှုတ်ထွက်တယ် ပြောပြီး ထွက်လာတာ မို့လို့လေ။ ပညာသင် ထောက်ပံ့ကြေး က ကျောင်းစရိတ်ပဲ ရလို့ နေစရိတ်၊ စားစရိတ် အတွက် ခုလို အချိန်ပိုင်း ဧည့်လမ်းညွန် လုပ်ရင်း ကိုယ့်အားကိုယ်ကိုး ကြိုးစား နေတာပါ ညီမရယ်.. နေပါဦး… ဦးကိုကိုက အမကို ကျောင်းထားပေး နေတာလို့ ညီမကို ဘယ်သူက ပြော တာလဲ…

ဟင်.. ဒါဆို ဦးကိုကိုရဲ့ ဒီနိုင်ငံက လုပ်ငန်းတွေကို အမက တာဝန်ခံ လုပ်ပေး နေတာ မဟုတ်ဘူးပေါ့

ဟမ်.. ညီမ ပြောသမျှ အထူး အဆန်း ချည့်ပဲ.. ဦးကိုကိုမှာ လုပ်ငန်းတွေ ဒီနိုင်ငံမှာ ရှိလို့လား။ အမတောင် မသိဘူး။ မကြားမိ သေးဘူး။ နေပါဦး ညီမရဲ့။ ညီမကို ဒါတွေ ဘယ်သူ ပြောတာလဲ။

လှပ ၀ိုင်းစက်သော မျက်လုံးလေး အ၀ိုင်းသားနဲ့ ရှည်လျား ကော့ပျံ နေသော မျက်တောင် ထူစိတ်စိတ် ကြီး တွေ ပုတ်ခတ် ပုတ် ခတ် လုပ်ရင်း ချင့်ချိန် နေပုံ ရသော ကောင်မလေးကို သေချာ ကြည့်ရင်း ပဟေဠိကို သူမ အဖြေ ရှာနေ မိသည်။ နောက်ဆုံး တော့ သက်ပြင်းရှည်ကြီးကို ချရင်း ကောင်မလေး က ဇာတ်စုံ ခင်းတော့ သည်။ သူမ ပြောသော စကား အဆုံး သစ္စာဖြူ တကိုယ် လုံး အကြောအခြင်တို့ တဖျင်းဖျင်း နေအောင် တုန်လှုပ် ဒေါသထွက် မိလေသည်။

ညီမက ဦးကိုကိုရဲ့ ကုမ္ပဏီခွဲ တစ်ခုက ၀န်ထမ်းပါ။ ၀န်ထမ်း အစည်းအဝေး တွေမှာ ဆိုရင် သူက အမ တော် ကြောင်း ကြိုးစား ကြောင်းနဲ့ ဒါကြောင့် သူက အမကို နိုင်ငံခြားမှာ ကျောင်းထား ပေးရုံ မက နိုင်ငံခြားက သူ့ လုပ်ငန်းခွဲ တွေမှာ ဦးစီးဖို့တောင် တာဝန် လွှဲလို့ ရတဲ့ အကြောင်း၊ ကျန်တဲ့ ၀န်ထမ်း တွေကိုလဲ အမလို ကြိုး စား စေချင်ကြောင်း၊ သူ စိတ်ကျေနပ်ရင် အမကို တာဝန် ပေးသလိုပဲ နောက်ထပ် ၀န်ထမ်း တွေကို နိုင်ငံခြား လွှတ်ချင် မြေတောင် မြှောက်ပေး ချင်တဲ့ အကြောင်းတွေ ပြောလေ့ ရှိတယ်။ ၀န်ထမ်းတွေ ရှေ့မှာ ဆိုရင် သူက ခပ်တည်တည် ဆက်ဆံ တတ်ပေမယ့် နှစ်ယောက်ချင်းဆိုရင် ညီမအပေါ် သူက သိပ်ကောင်း ပါတယ်။ ညီမသာ ကြိုးစားပြီး သူ့ကိုလဲ ပျော်အောင် ထားမယ် ဆိုရင် ညီမကို နိုင်ငံခြား ပို့ပြီး ကျောင်းထား မယ်.. အဲဒီ အချိန် အတွင်းမှာ ညီမရဲ့ မိသားစု ကိုလဲ သူက တာဝန် ယူမယ် တဲ့လေ။ ဒါပေမယ့် ညီမက သိပ် ငယ်ပြီး တက်လမ်းတွေ အများကြီး ရှိတော့ ညီမက နိုင်ငံခြားမှာ ကျောင်းတက်ရင်း သူ့ထက် သာတာတွေ တွေ့နိုင် လို့ ညီမရဲ့ အခွင့်အလမ်း တွေကိုလဲ မပိတ်စေ ချင်ဘူးတဲ့။ ဟိုလေ .. ညီမတို့ချင်း သာမန် ဆက်ဆံရေး မက တော့ .. အမက သူ့ရဲ့ ရိုးရိုး ၀န်ထမ်း လား။ ညီမ လိုပဲလား ဆိုတာ ဟို… သိ.. သိချင် လို့ပါ။ ဒါမှ သူ့ကို အလို လိုက်သင့် မလိုက်သင့် ညီမ ဆုံးဖြတ် ရမှာ မို့ပါ။ ညီမတို့ လွန်လွန်ကျူးကျူးတော့ မဖြစ်ကြ သေးပါဘူး အမရယ်.. ညီမကို နားလည်ပါနော်.. ညီမလေ အမရဲ့ ကိုယ်ကျင့်တရားကို အထင်သေးလို့ မဟုတ်ပါဘူးနော်.

သူမ အမြတ်နိုးဆုံး သစ္စာတရား၊ သူမ အသက်ထက် တန်ဖိုးထား စောင့်ရှောက် ရသော ကိုယ်ကျင့်တရား၊ သူမ အဖြစ်ချင်ဆုံး စံနမူနာများ။ ထိုအရာများနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ လုပ်ရပ် များကို ပြုလျက် သူမကို ဘယ်လိုမှ ဖြား ယောင်း သွေး ဆောင် အသုံးချလို့ မရနိုင်တဲ့ အချိန်မှာတောင် အသန့်စင်ဆုံး ဖြစ် အောင် အတတ်နိုင်ဆုံး ထိန်းသိမ်း ထားခဲ့တဲ့ သူမရဲ့ နာမည် ကို မရရအောင် နောက်ကွယ်မှာ ကိုယ်ကျိုး အတွက် အသုံးချသူ၊ ဒီလို အသုံးချရင်း သူမ အမြတ်နိုးဆုံး ဆိုတဲ့ ကိုယ်ကျင့်တရား နဲ့ သစ္စာ တရားတွေကို သမီးချင်း နှမချင်း မစာနာဘဲ မိန်းကလေး ငယ်လေးတွေ ချိုးဖောက် ဖျက် ဆီး အောင် နည်းပေး လမ်းပြ လုပ်ရင်း မဟုတ်မဟတ် မက်လုံး တွေနဲ့ သူတပါးရဲ့ ကိုယ်ကျင့်တရားတွေ သစ္စာတရားတွေကို ဖျက်ဆီး နေတဲ့ သူ့ရဲ့ လုပ်ရပ်ကို သူမ တအား စက်ဆုပ် မုန်းတီး ရွံရှာ မိလေသည်။

ထိုနေ့ညက သူမကို ရှိခိုး ကန်တော့ပြီး သူမရဲ့ အခန်းထဲက မျက်ရည် စက်လက် ငိုရှိုက်ရင်း ထွက်ခွာ သွားတဲ့ မျက်တောင်ရှည် မိန်းကလေးရဲ့ နောက်ကျောကို ကြည့်ရင်း သုမ အတွက် ကံကြမ္မာ စာမေးပွဲကို လှောင်ရယ် ရယ်ခဲ့ မိသော နေ့တစ်နေ့ ဖြစ်ခဲ့ သည်။ သို့သော် မျက်တောင်ရှည် မိန်းကလေးရော.. လောကဓံ စာမေးပွဲကို အောင်မြင်အောင် ဖြေနိုင် ပါမည်လား။ သို့သော် စာမေးပွဲ တစ်ရပ်ကို မေးခွန်း ပုံစံနှင့် မေးတတ်သော အထာ တို့ကို သိနှင့် ပြီးသော လေ့လာ ပြင်ဆင် ထားပြီးသော လူတယောက် အဖို့ ထိုစာမေးပွဲကို အောင်ချင်စိတ် ရှိလျှင် အောင်ကို အောင်မြင်မည်သာ ဖြစ်လေသည်။ ထိုမိန်းကလေး ကရော လောကဓံ စာမေးပွဲကို အမှန် တကယ် လွယ်လွယ်ကူကူနဲ့ အောင်မြင်နိုင်ပါ့မလား။ သူမ ကိုယ်တိုင် ကရော ဒီလောကဓံ စာမေးပွဲကို လွယ်လွယ် ကူကူ အောင်နိုင် ခဲ့တာ ဟုတ်ရဲ့လား။ ခက်ခက်ခဲခဲ အောင်မြင် ခဲ့တာလား။ ဒါမှ မဟုတ် အမြဲတမ်း အောင်နိုင် နေစေဖို့ အမြဲတမ်း လေ့ကျင့် ဆည်းပူးနေတာလား…

**************************************************************
ထိုနေ့ညက သူမရဲ့ ဦးနှောက်နဲ့ နှလုံးသားတို့ စကားစစ်ထိုး ကြသံကို သူမ ရှင်းရှင်း လင်းလင်း ပြတ်ပြတ် သားသား ကြားလိုက် ရသည်။

နှလုံးသားက ပြောသည်…
ကိုယ့်နှလုံးသားကို ကိုယ် သစ္စာဖောက်မလို့လား… မင်းမုန်းရင် မေ့လိုက်ရုံပေါ့.. မင်းမှ မမေ့နိုင်ဘဲလေ

ဦးနှောက်က အသိတရား လက်ကိုင်ထားဖို့ သတိပေးသည်။
ဖြစ်တတ် ပျက်တတ်တဲ့ စိတ်ခံစားမှုကို အလိုလိုက်ပြီး ကိုယ် အနှစ်နှစ် အလလ က စောင့်ထိန်း လာခဲ့တဲ့ ကိုယ်ကျင့်တရားကို ဖျက်ဆီး ပစ်မလို့လား။ ကိုယ့်ပန်းတိုင်၊ ကိုယ့်ခံယူချက်၊ ကိုယ့်စံနမူနာကို ကိုယ်တိုင် ပြန်ပြီး သစ္စာ ဖောက်မလို့လား။

နှလုံးသားက ဆင်ခြေကန်သည်။
မင်း သူ့ကို တကယ် မုန်းမေ့ နိုင်လို့လား.. မင်းရဲ့ အတွေးထဲမှာ သူ့ပုံရိပ်ကို မင်းမေ့ဖျောက်ပစ် နိုင်လို့လား။ ပြီးတော့ မင်း သူ့ကို တကယ် စိတ်နာ ပြတ်သား နိုင်လို့လား

ဦးနှောက်က ၀င်ရောက် ဖြန်ဖြေ ပြန်သည်။

မင်းက အတွေးအခေါ် ဒသနတွေက ထွက်လာတဲ့ စကားလုံး ဆန်းဆန်း လှလှ တွေးစရာ တွေကို စွဲလန်းတတ် တာပဲ။ ပြီးတော့ အမုန်း သံယောဇဉ်ကို မမေ့နိုင်တာက ချစ်တာမှ မဟုတ်တာ။ မင်းက မင်းပတ်ဝန်းကျင်ကို ကောင်းမွန် မြင့်မြတ်တဲ့ လူ့လောက အဖြစ် မြင်ချင်လို့ အဆိပ်ပင် ရေလောင်းတဲ့ လုပ်ရပ်မျိုးကို မလုပ်နိုင် ဘူးဆို။ မင်းရဲ့ ခံယူချက်၊ ရပ်တည်ချက်တွေကို မေ၀၀ါး စေနဲ့လေ။ ဒီလို လူစားမျိုးကို ခွင့်လွှတ် နားလည် ပေးနေရင် သူတို့ ပိုရောင့်တက် အတင့်ရဲပြီး မင်းရဲ့ ရည်မှန်းချက် ပန်းတိုင်လဲ ယိုင်လဲ သွားလိမ့်မယ်။

အပြန်အလှန် မေးခွန်း ထုတ်နေရင်း စိတ်ရှုပ် လာတာမို့ စိတ်အငြီးပြေဖို့ အသစ် ၀ယ်လာသော အယ်လ်ဘမ် တစ်ချပ်ကို MP3 Player ထဲ ထည့်ပြီး ဖွင့်လိုက်စဉ် ကြားလိုက် ရသော သီချင်း တစ်ပုဒ်ကြောင့် စိတ်တိုတိုနဲ့ ထိုအယ်လ်ဘမ်ကို စက်ထဲက ပြန်ထုတ်ပြီး ခါးလယ်က ချိုးလိုက် မိလေတော့သည်။

(ဆက်ရန်)


Read More...

Sunday, November 9, 2008

ရှမ်ဘဲလားသို့ အပြန်လမ်း (အဌမပိုင်း)

ဒီရက်ပိုင်း အလုပ် များလိုက် သမှ ကောင်းကောင်းတောင် မနားရ၊ ပင်ပန်းလွန်းလို့ အိပ်ရာဝင်တဲ့ အချိန် တွေက နောက်ကျ နဲ့မို့ အိပ်လိုက်ရင် တချိုးတည်း သိုးခနဲ အိပ်ပျော် သွားလိုက်တာ ဘာအိပ်မက်မှ မက်ချိန် မရ၊ နှိုး စက်သံ နာခံရင်း နောက်နေ့ မနက်ကို ဖြတ်သန်း ရနဲ့။ ဒီလိုနဲ့ တစ်ရက် ကတော့ နောက်နေ့ နေ့လယ် တစ်နာရီက စလို့ သာ အလုပ် ရှိတော့ တာမို့ အားရ ပါးရ အိပ်ဖို့ အိပ်ရာပေါ်မှာ အကျအန နေရာ ယူပြီး အိပ်မပျော်တပျော် ဖြစ်တုန်း…
**************************************************************************

ဒေါက်… ဒေါက်.. ဒေါက်
ဘယ်သူများ ပါလိမ့်.. အိပ်ရာက လူးလဲ ထရင်း တံခါးဖွင့်တော့ ကိုကြီး..

သြော် .. လာလေ ကိုကြီး အကြောင်းထူး ရှိလို့လား

အင်းးး ညီမလေး အတွက် ဆေးလာပို့တာ။ ရော့ သောက်လိုက်ဦး

အိုးးး ညီမလေး ဆေးသောက်ဖို့ မေ့နေတာ.. ကျေးဇူးကိုကြီး

ဇီးကင်းခန့် ရွှေရောင် ဆေးလုံး လေးကို ကျောက်ပျဉ်ပေါ် တင်သွေး လိုက်တော့ အစိမ်းရောင် ဆေးနှစ်များ ထွက်လာသည်။ ဒါကို ပန်းကန်လုံးလေးထဲ ထည့်ပြီး ကိုကြီး ကမ်းပေးသော ဆေးကို လှမ်းယူ မော့သောက်ရင်း စိတ်ထဲမှာ ထိုင်းမှိုင်း သလို ဖြစ်လာ တာကို သတိ ထားလိုက် မိစဉ်

ညီမလေး.. ကိုကြီးကို ကြည့်စမ်း

အိုးးးး ကိုကြီးမျက်လုံးထဲက ရောင်စဉ်တွေက ကိုယ့်မျက်လုံးထဲ ဖောက်ဝင်တော့မလိုလို.. လူက တအား ထိုင်း မှိုင်း လေးလံ လာရင်း လွတ်ထွက် မတတ် ဖြစ်နေတဲ့ သတိ တွေကို စုစည်း လိုက်ရင်း တရား မှတ်ရင်း ကိုကြီးရဲ့ မျက်လုံး များကို ပြန် လည် စူးစိုက် ကြည့်လိုက် မိစဉ်

ကိုကြီးရဲ့ ကိုယ်ထဲက လျှပ်ပြက်သလို လင်းဖြာ ထွက်လာသော အလင်းတန်းမျှင် များကို ကိုယ့်ခန္ဓာကိုယ်က အစွမ်းကုန် စုပ်ယူ သိုလှောင် ထားလိုက်သည်ကို မိမိဘာသာ တွေ့လိုက်ရလေသည်။
အားးးး
ကိုကြီးးးး
မြေးငယ်… ဘာဖြစ်တာလဲ.. ဘိုးဘိုးဆီ လာဦး
ရှင် .. ဟုတ်ကဲ့ ဟုတ်ကဲ့
ထိုင်ခုံပေါ် ခြေပစ်လက်ပစ် နွမ်းလျစွာ ကျသွားသော ကိုကြီးကို တချက် လှည့်ကြည့်ရင်း လာခေါ်သူနောက် ကမျောသောပါး လိုက်လာစဉ် သူက နံရံကို ဖောက်ထွက် သွားခဲ့သည်။ ကိုယ်လဲ သူ့လို နံရံကို မဖောက်ဝင်ခင် နှစ်ကိုယ် ခွဲလျက် တစ်ကိုယ် ကို ထားခဲ့ပြီး သွားသင့်သလား ဒါမှ မဟုတ် တခါတည်း လိုက်သွား သင့်သလား စဉ်းစားစဉ် ဘေးနားက အသံ တစ်သံက သတိပေး လာသည်။

မချန်ထားနဲ့.. မသမာသူ တစ်ယောက်က မင့်ရဲ့ ၀ိညာဉ် ချက်ကြိုးကို ဖြတ်လိုက်ရင် မင်း တခါတည်း အပြီး ဘ၀ပြတ် သွားလိမ့်မယ်။ ဒီအတိုင်းပဲ လိုက်သွား

သြော်.. ဟုတ်ကဲ့

နံရံကို ဖောက်ထွက်လိုက်တော့ ဟိုမှာ ဘက်ခြမ်းမှာ မြူငွေ့ အပြည့်နဲ့ လဟာပြင်ကြီး.. ငှက်မွေး တစ်မျှင်လို လွင့်မျောနေ ပေမယ့် ဘိုးဘိုး ရှိလောက်ရာ နေရာ ဘက်ဆီက သံလိုက်စက်ကွင်းလို ဆွဲအား တမျိုး ရှိနေတာမို့ အဲဒီဘက်ကို အာရုံခံပြီး အလျားလိုက် လွင့်မျော ပျံသန်း သွားနေစဉ် မြင်လိုက်ရသော မြင်ကွင်းကြောင့် အလွန် အံ့အား သင့်ရ လေသည်။
အလျားလိုက် ဖြတ်သန်း ရသော မြူခိုး လွင်ပြင် တလျှောက်မှာ ရှမ်းဦးလေးကြီး ညီနောင်၊ အညာ ပုဆိုးကြမ်း တိုက်ပုံနက် ရင်ဘတ် ကြယ်သီးမတပ်ဘဲ ၀တ်လျက် ဆံရှည် ဦးကြီး။ တခေါင်းလုံး ဆံပင်တွေ ဖြူနေလျက်နဲ့ ဆံထုံးအကြီး ကြီး နဲ့ ရှေးခေတ်ပုံ ဘွားဘွား ကြီးများ၊ အဖြူ ၀မ်းဆက် ရှေးခေတ် မင်းသား အင်္ကျီ၊ တောင်ရှည်ပုဆိုး တို့နဲ့ ချောမော ခန့်ညား သော အကိုကြီး တစ်ယောက်၊ သူတို့ တွေကို ဖြတ်ကျော် လာတော့ အိန္ဒိယ လူမျိုး ဆံထုံးမှာ မြွေပတ် နေသော ဦးကြီးနဲ့ ဇနီး၊ မျက်နှာ ပြုံးချို ရွှင်သာ လှသော ကလေးငယ် တစ်ဦး၊ ကြာပွင့် ပလ္လင်ပေါ် ထိုင်နေသော အလွန် ချောမော လှပ သ လောက် လက်မောင်း တွေ အများကြီးနဲ့ အိန္ဒိယ ပျိုဖြူ တစ်ဦး၊ လူလို ၀တ်ဆင် ထားရုံ မက လက်ထဲ တင်းပုတ် လုံးလုံးကြီး တစ်ခု ကိုင်လျက် မကိုဋ် ဆောင်းထားသော မျောက်ဖြူ ကြီး တစ်ကောင်။ ဒါ သူတို့ နေရာလားလို့ တွေးရင်း ကိုယ်ကတော့ ဆက်လက် ပျံသန်း နေဆဲ။
အချိန်တော်တော်ကြာ မြူငွေ့ ဖြူဖြူများကြား ဆက်လက် ပျံသန်း ပြီးတော့မှ တနေရာ ရောက်တော့ လမ်းဆုံး တော့မလို ခံစား ရသည်။ ထိုအခိုက်မှာ မိမိ မျက်လုံးမှ မီးမောင်းသဖွယ် အလင်းတန်း ထွက်လာသည်ကိုလဲ ကိုယ့်ဘာသာ အံ့သြစွာ တွေ့လိုက်ရ လေသည်။ စောစောကတော့ မြူငွေ့ ဖြူဖြူ များကြောင့် ကြည့်လေရာ လက်တကမ်းစာသာ မြင်ရသည်မို့ ခံစားချက်ကို လိုက်ပြီး ရမ်းသမ်း လာခဲ့ ရသည်။ ခုတော့ မျက်လုံး မီးမောင်း ကြောင့် သေချာ မြင်ရပြီ။ ကြည့်လိုက်တော့ အလျားလိုက် ဥမင် လိုဏ်ခေါင်း က လမ်းဆုံး နေပေမယ့် အပေါ်အောက် ဒေါင်လိုက် ဖောက်ထားသော ဥမင် လိုဏ်ခေါင်း ကြီးရဲ့ လမ်းကြောင်းပေါ်မှာ ကိုယ်ရောက် နေသည်ကို အထင်းသား တွေ့လိုက် ရသည်။ အောက်ကို ငုံ့ မကြည့်မိဘဲ အပေါ်ကို တရှိန်ထိုး ပျံတက် လာခဲ့တော့ လမ်းတ လျှောက် ကိုလည်း မကြည့်မိ။ အပေါ်ဆုံး ရောက်တော့ ခန်းမကျယ်ကြီး တစ်ခုနှင့် လမ်းဆုံး သွားလေသည်။ ခန်းမကျယ်ကြီး ထဲကို ပျံသန်း ၀င်ရောက် မိစဉ် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ရင်ထဲမှာ ၀မ်းနည်း ၀မ်းသာ ငိုချင် စိတ်များ ပြည့်လျှံ တက်လာ ခဲ့သည် ကို မိမိဘာသာ ပြန်သတိ ထားလိုက် မိသည်။

အစည်းအဝေး ခန်းမ ထဲက ကြာဖြူပွင့် ပလ္လင်များ ပေါ်မှာ အသီးသီး ထိုင်နေ ကြသော သူများ။ အားလုံးက ၀တ်စုံဖြူများ ၀တ်ဆင်လျက် ကြည်လင် အေးမြ ငြိမ်းချမ်းသော မျက်နှာ မျက်လုံး များနှင့် ကိုယ့်ကို ကရုဏာ သက်စွာ ၀ိုင်းကြည့်လို့

မြေးလေး.. တော်တော် ပင်ပန်း သွားပြီလား။ လူ့ပြည်ကို လေ့လာ ချင်လွန်းလို့ ဆိုပြီး အလည်သွားတာ ကြာလှချည့်။ ခုမှ တခေါက် ပြန်ရောက် လာတော့တယ်။ မြေးလေး ဘာတွေ လေ့လာလို့ တွေ့ခဲ့လဲ ပြောပါဦး။

ဘိုးရယ်.. ကိုကြီးလေ ဘာဖြစ်တာလဲ မသိဘူး .. သမီးကိုတိုက်တာ ဘာဆေးလဲ မသိဘူး။ ဆေးတိုက်ပြီး သူလဲ ဘာဖြစ်…

အဘိုးက လက်ကာပြလိုက်တာမို့ စကားစ တပိုင်းတန်းလန်း

မြေးလေး ရဲ့ ကိုကြီးက မြေးလေး ကို ချစ်ပေမယ့် မြေးလေး ကို သူ့လက် အောက် မှာပဲ ထားပြီး စောင့်ရှောက် ချင်ပေမယ့် မြေးလေးက သူ့ထက်သာ သွားတော့မှာမို့ မြေးလေးကို သူ့စိတ်တန်ခိုး လွှမ်း မိုးမှု အောက်မှာပဲ ထားချင်လို့ ဆေးတိုက်ပြီး စိတ်ညှို့ခဲ့တာ။ မြေးလေးက စိတ်ဖြူစင်ပြီး သတိ တအား ကောင်းတဲ့ အတွက် သူ့ရဲ့ အတ္တ မစင်တဲ့ စိတ်တန်ခိုးက မြေးရဲ့ စိတ်တန်ခိုးကို မကျော် နိုင်လို့ ခုတော့ သူ့တန်ခိုး အားလုံး မြေးလေးဆီ ရောက်သွား ခဲ့ပြီ။ သူဟာ ကိုယ့်စိတ်ကို ဖြူစင် နေအောင် သတိထား စောင့်ထိန်းမှု မပြု နိုင်ဘဲ သူတပါး ကိုယ့်ထက် သာမှာ မလိုလားတဲ့ စိတ် ကြောင့် ခုတော့ သူကျင့်ကြံ ထားသမျှတွေ အကုန် ပျောက်ပြီး သာမန်လူ ပြန်ဖြစ် သွားခဲ့ပြီ.. ကိုယ့်အတွက် အဓိက အရေးကြီး ဆုံး စောင့်ကြည့် ရမှာ ကိုယ့်စိတ် ပါပဲ။ ကိုယ် အရေးကြီးဆုံး စောင့်ရှောက်ရမှာ ကိုယ့်စိတ် ဘယ်အကြောင်းနဲ့မှ မညစ်နွမ်း ဖို့ပါပဲ။

သြော်.. ဒါဆို ဘိုးတို့က မြေးကို စောင့်တော့ ကြည့်နေခဲ့တယ်ပေါ့.. ဒါဖြင့် မြေး ဆေးရုံပေါ်မှာ သေကောင် ပေါင်းလဲ ဖြစ်နေ တုန်းက ဘာလို့ မကူတာလဲ.. မြေး မိစ္ဆာ တွေ၊ သရဲ တွေနဲ့ ရင်ဆိုင် နေရချိန်က အဘိုးလဲ မလာဘူး။ မယ်မယ်လဲ ဘယ် ရောက်နေလဲ မသိဘူး

ဝင်မကူ ပေမယ့် မြေးကို စောင့်ကြည့် နေခဲ့ပါတယ်။ မြေး ရင်ဆိုင် နိုင်ခဲ့သားပဲ။ ခုဆို မြေးက ဒီက ထွက်သွား ခါစ မြေး မဟုတ်တော့ ဘူးလေ။ ဒါထက် ပြောပါဦး။ ဒီက မထွက်ခင် ကတော့ ဂင်္ဂါ ၀ါဠု သဲစု မက ဘုရားတွေ ပွင့်သွားပြီး ဒီလောက် တရားတွေ ဟောသွား လျက်နဲ့ လူ့လောကမှာ လူတွေ ဘာဖြစ်လို့ အကျွတ်တရား မရနိုင် ဖြစ်ရတာလဲ။ ချွတ်ရ ခက်တဲ့ အကြောင်း ရင်းကို လေ့လာ ဦးမယ် ဆို။ ခုတော့ ဘာတွေများ လေ့လာ တွေ့ရှိ ခဲ့သလဲ ပြောပါဦး မြေးရဲ့။

တစ္ဆေ မိစ္ဆာ တွေနဲ့ ယှဉ်ပြိုင် တိုက်ခိုက် ရင်းနဲ့ ရလာတဲ့ အသိက

တစ္ဆေ မိစ္ဆာ ဘ၀ကနေ ကျွတ်လွတ်ပြီး ကောင်းရာ ဘုံဘ၀ကို ရောက်ဖို့က ကုသိုလ် ကောင်းမှုလုပ် အမျှဝေလို့ သာဓု ခေါ်ရင် တစ္ဆေ မိစ္ဆာတွေရဲ့ အမွေးကြမ်း၊ အစွယ်၊ ဦးချို၊ ခြေစွယ် လက်စွယ်တွေ ကျွတ်ရတယ်။ အဲဒါတွေ ကျွတ်တဲ့ အချိန် အနာခံ ရတယ်။ အဲလို အချိန်မှာ သူတို့ထက် ပိုဆိုး၊ ပိုအားကြီးတဲ့ တစ္ဆေကြီး မိစ္ဆာကြီးတွေက လာရောက် အနိုင်ကျင့်တာ ခံရတဲ့ အချိန်မှာ ခံနိုင်ရည် ရှိဖို့ လိုတယ်။ ဒါပေမယ့် အဲလို ခံရချိန်မှာ မိစ္ဆာကြီး တွေရဲ့ သူလျှို ဒလန် တွေက ကုသိုလ်လုပ် အမျှ ဝေတဲ့ နည်းနဲ့ သူတို့ အစွယ် တွေကို လာချွတ်လို့ တခြား တစ္ဆေတွေ လာတိုက်တဲ့ အခါ ပြန်ခုခံ စရာ မရှိလို့ ခုလို နာကျင် ခံစား ရတာ၊ ရှုံးနိမ့် ရတာလို့ အထင်မှားတဲ့ အတွက် ကောင်းမှု လုပ်ဖို့ ကြောက်တယ်။ အမျှပေးရင် သာဓု မခေါ်ရဲ တဲ့အပြင် ပိုစိတ်ဆိုးပြီး ရန်လုပ်တယ်။ ပိုမြင့်တဲ့ ဘုံဘ၀ကို ရောက်ဖို့ အတွက် တစ္ဆေ မိစ္ဆာ ဘ၀ကနေ သေမှ ဒီဘ၀က ကျွတ်ပြီး နောက်ဘ၀ကို ရောက်တာ။ ဒီအတွက် အနာခံ အသေ ခံ ရတယ်။ တဘ၀ ချုပ်ငြိမ်း ဇာတ်သိမ်း ပေးရတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်ကို သူတို့ မသိလို့ နားမလည်လို့ သေရမှာ ကြောက်ကြတယ်။ ဒါကြောင့် သူတို့ တစ္ဆေ၊ မိစ္ဆာ ဘ၀က မကျွတ်နိုင် ကြတာ။
လူတွေ မကျွတ်နိုင် ကြတဲ့ အကြောင်း ကလဲ ဆင်တူ ပါပဲ။ သူတို့ စိတ်ဓာတ် လုံခြုံမှု အတွက် မာန ဦးချိုတွေ၊ အတ္တ အစွယ် တွေကို အားကိုးရာ အဖြစ် ကိုးကွယ် နေကြတယ်။ အဲဒီ မာနတွေ အတ္တတွေ ချထားရင်း သည်းခံစိတ် မွေးဖို့ ကြိုးစားချိန်မှာ သူတပါးက စီးတာ၊ ကြောတာ၊ ဗိုလ်ကျ၊ အနိုင်ကျင့် နှိပ်စက်တာ ခံရချိန်မှာ ဒေါသ၊ အတ္တ၊ မာန တွေကို ပြန်ကောက်ပြီး ရန်တုံ့မူဖို့၊ ကာကွယ်ဖို့ ကြိုးစားကြတယ်။ ဒါနဲ့ပဲ သံသရာ လည်နေ ကြတယ်။ လူသားအချင်းချင်း ကိုယ်ချင်းစာစိတ်နဲ့ ဖေးကူ လိုက်ရတဲ့ ပီတိကို ခံစား တတ်လောက်အောင် အသိတရား မပြည့်ဝ ကြသေးဘဲ အချင်းချင်း ဗိုလ်ကျ လိုက်ရတာ၊ ကြောလိုက်ရတာ၊ ဟိန်းဟောက် အနိုင်ကျင့် လိုက်ရတာကို အရသာထင်၊ ကျေနပ် ပီတိ ဖြစ်နေတဲ့ သားရဲ တိရစ္ဆာန် စိတ် ဓာတ် အထုံပါတဲ့ လူတွေ များနေ ကြတယ်။

လောကီ လူသားတွေ စိတ်ဓာတ် ငြိမ်းချမ်း ဖြူစင်နေအောင် ကြိုးစားတဲ့အချိန် သူတို့ ရင်ဆိုင် ရတဲ့ အရေးကြီးတဲ့ အခက်အခဲ တစ်ခု ရှိသေးတယ်။ အဲဒါက ချက်ချင်း မြင်သာတဲ့ အချိန် အတော အတွင်းမှာ အနစ်နာ ခံရတော့ ကိုယ်၊ ကောင်းကျိုး ခံစား ရတော့ သူတပါး ဖြစ်နေတာပဲ။ ဒါကို မကျေမနပ် ခံစားရသလို၊ တချို့ ကျတော့ ကံရဲ့ အကျိုး ဆိုတာ ဘာလဲလို့ သံသယ ပြန်ဖြစ် လာတာပဲ ဘိုးဘိုး။ ကိုယ်က ကောင်းရပြီး ခံစားရတော့ ဆိုးတဲ့သူက ကောင်းကျိုး ခံစား ရတယ် လို့ မြင်ကြ တာကိုးး။ ကောင်းတာ လုပ်ရင် ကောင်းကျိုး ခံစား ရတာက ရေရှည်မှ မြင်သာတဲ့ အခါကျ မှတ်ဥာဏ်က ဆက်စပ် စဉ်းစားဖို့ မေ့ပြီလေ။ ဒါ့အပြင် လူသားတွေ မစဉ်းစား မိတဲ့ နောက် အချက် တစ်ချက် ရှိသေးတယ် ဘိုးရဲ့။ ဒါကတော့ ကောင်းမှုကံ စေတနာ ဆိုတာကို တလွဲ အသုံးချ နေတာပဲ။ သူတပါး ကောင်းစား ပါစေ ဆိုတဲ့ စိတ်စေတနာနဲ့ ကောင်းမှု လုပ်တာ နည်းပြီး ငါကုသိုလ်ရပြီး တနေ့ ကောင်းကောင်း ခံစားရပါစေ ဆိုတဲ့ စိတ်နဲ့ ကောင်းမှု လုပ်နေတာ များနေတယ်။ အဲဒီ တည်းက သူတို့ စိတ်စေတနာက ကိုယ်ကျိုးဖက်ပြီး အတ္တများနေလို့ အကျိုးပေး လျော့နေပြီလေ။ တချို့များ ငါကုသိုလ် ရဖို့ ဆိုတဲ့ အဆင့်တောင် မဟုတ်တော့ဘဲ ကျေးဇူး အကြွေးချ ထားပြီး ငါက ကျေးဇူးရှင်နော် ကျေးဇူးသိတတ်ပါ ဆိုပြီး အတိုးနဲ့ မွေးပြီး ကိုယ်ကျိုး ရှာတာ တွေတောင် တအား များလာ နေပြီ ဘိုးဘိုး။ မြေးစိတ်ထဲ ဘ၀င်မကျဆုံး အချက်က လူ့ပြည်မှာ သာသနာ့ ၀န်ဆောင် သူတော်ကောင်း တွေ အစုလိုက် အပြုံလိုက် ဖမ်းဆီး နှိပ်စက် သတ်ဖြတ် ခံရတာ ခဏခဏ ဖြစ်နေပြီ။ သူတော်ကောင်းကို သူတော်ကောင်း တရားနဲ့ တကွ နတ်ကောင်း နတ်မြတ် တွေက စောင့်ရှောက်တယ်ဆို၊ ခုတော့ ဘာလို့ တရားက ပြန်မစောင့် နိုင်တာလဲ။ ဘာကြောင့် နတ်ကောင်း နတ်မြတ် တွေက မစောင့်ရှောက်တာလဲ။

ဒါကတော့ မြေးရယ်။ တရားက ပြန်စောင့်ရှောက် ချင်ပေမယ့် အဲဒီ သူတော် ကောင်းက အတိတ် ဘ၀က အကုသိုလ် ပါလာလို့ အဲဒီ အကုသိုလ်က ပြန်အကျိုးပေး တဲ့အချိန် အနှိပ်စက် အသတ်ဖြတ် ခံရ တာပါ။ မြတ်စွာဘုရား ကိုယ်တော်တိုင် တောင် ၀ဋ်ပါတော့ ၀ဋ်ခံ ရတာပဲ မဟုတ်လား။ သာမန် သူတော်ကောင်း ကတော့ ပြော စရာ မရှိပါဘူးကွယ်။ နတ်ကောင်း နတ်မြတ်တွေ မစောင့်ရှောက်နိုင် ရတာလဲ အကြောင်း ရှိတယ်ကွယ့်။ ခုချိန်က အပါယ် လေးဘုံ သား သတ္တ၀ါတွေ လူပြန်ဖြစ်တာ များနေတဲ့ အချိန်အခါ ဖြစ်နေတယ်။ နတ်သက် ကြွေပြီး နတ်က လူဖြစ်တာ များတဲ့ အချိန် ခေတ်ကာလမှာ ဆိုရင်တော့ ဒီလောက် မဆိုးရွား လှပါဘူး။ ခုတော့ ဘုရား ပရိနိဗ္ဗာန် စံပြီးစ၊ ဘုရား ချွတ်ထားလို့ ပါရမီ ရင့်ပြီး သား လူ၊ နတ်၊ ဗြဟ္မာ တွေက ကျွတ်တမ်း ၀င်ကုန် ကြတဲ့ အတွက် ပါရမီ နုသေးတဲ့ နောင်ဘုရားရှင် တွေရဲ့ သာဝက တွေပဲ ကျန်တာ ဆိုတော့ သာဝက အားနည်း နေတဲ့ အချိန်ကိုးကွယ့်။ ဒီကြားထဲ နတ်မိစ္ဆာ တွေက လာနှောင့်ယှက်လို့ နတ်၊ ဗြဟ္မာ တချို့ လဲ ကောင်းကောင်း မနေရဘဲ စစ်တိုက်ရ သကွဲ့။ ဒီအချိန် အတော အတွင်းမှာ လူ့ပြည်ကို မစောင့်ရှောက် နိုင်တော့ သာသနာ့ ၀န်ထမ်း ရဟန်း ရှင်လူတွေ နှိပ်စက် သတ်ဖြတ် ခံရ တော့တာပေါ့။ စစ်ပန်း နေတဲ့ နတ်ဗြဟ္မာ တွေလဲ စစ်နိုင်လို့ ခုတော့ ပြန် အားယူတဲ့ အနေနဲ့ ၀ါတွင်း ဥပုသ် သီလ စောင့်နေ ကြပါတယ်။ တချို့လဲ လူ့ပြည်မှာ လူဝင်စား ဆင်းကုန် ကြပါပြီ။

အများကြီး တပြိုင်တည်း မဆင်းနိုင် ကြတာလဲ အကြောင်း ရှိတယ် မြေးရဲ့။ သူတို့ရဲ့ မိဘ ဖြစ်ထိုက် လောက်အောင် ဘုန်းကံနဲ့ အကျင့် သီလ သမာဓိနဲ့ ပြည့်စုံတဲ့ မိခင်လောင်း ဖခင်လောင်းက ရှားလှတယ်။ ကိုယ်ကျင့်သီလ သမာဓိနဲ့ ပြည့်စုံ သူများ ကျတော့လဲ ဘုန်းကြီး၊ မယ်သီလရှင်၊ လူပျိုကြီး၊ အပျိုကြီးတွေ ဖြစ်နေ ပါရော့လား။ ဒီတော့ လူ့ပြည်ကို ကယ်တင်မယ့် နတ်ကောင်း နတ်မြတ် တွေခမျာ လူ့ပြည်ကို ဆင်းလာပြီး ပဋိသန္ဓေ ယူလို့ မဖြစ်နိုင် အခက်တွေ့ နေကြရ တော့တာပေါ့။ ဒီတော့ လူသားတွေလဲ နတ်ကောင်း နတ်မြတ်တွေ ၀င်စားတဲ့ ဘုန်းကံ ကြီးမား မြင့်မြတ်တဲ့ သားသမီး ရတနာတွေ လိုချင်ရင် သူတို့ ကိုယ်တိုင်က သားသမီး ရတနာနဲ့ ထိုက်တန်တဲ့ မိခင်ကောင်း ဖခင်ကောင်း ဖြစ်အောင် ကိုယ်ကျင့်သီလ၊ သမာဓိ၊ ပညာတွေ ပြည့်စုံအောင် နေထိုင် ကျင့်ကြံ ကြဖို့ လိုတယ်။ မြေးလဲ လူ့ပြည်ကို လေ့လာရေး ဆင်းရုံ သက်သက် ခဏ ဆိုပြီး ဆင်းသွား လိုက်တာ၊ နတ်မိစ္ဆာ တွေနဲ့ စစ်ဖြစ်လို့ အင်အား လိုလို့ ပြန်လာဖို့ ခေါ်ပြန်တော့ ငြင်းဆန် ရှောင်ပြေး နေခဲ့တယ်။ ဒါပေမယ့် အဲဒီ အပြစ်တွေကို ကာမိ ရုံ မက သိပ်ကောင်းတဲ့ အတွေ့အကြုံ မှတ်တမ်းတွေ ရလာခဲ့ပြီမို့ နောက်တာဝန် တရပ် အနေနဲ့ လူသား တွေကို ဒီသတင်းလေး ပြန်ပေးဖို့ ပြန်သွား ချေဦးကွယ်။


ကောင်းပါပြီ ဘိုးဘိုး

အပြန်ခရီးမှာ လာရာလမ်းက မပြန်ဘဲ အညို ဘ၀ကနေ အဖြူရောင်ပြောင်း နေသော စီးတော် ခြင်္သေ့ ပျံကြီးက နောက် တံခါး တစ်ခုကနေ ပြန်လိုက်ပို့သည်။ တောစဉ် အထပ်ထပ် တောင်စဉ် အသွယ်သွယ် ရေအိုင်ကြီး အလီလီ မြစ်အစင်းစင်း တို့ကို ဖြတ်ကျော် ပျံသန်းရင်း ………..
အိုးးးး မျက်စိ စူးလိုက်တာ.. ရှေ့မှာ ဘာများ ပါလိမ့်…
************************************************************************
မျက်မှောင်ကို အစွမ်းကုန် ရှုံ့ရင်း နဖူးပေါ် လက်ကာပြီး ကြည့်တော့ ခေါင်းရင်း ပြတင်းပေါက် ကန့်လန့်ကာ ကြားက စူးရဲစွာ လင်းဖြာ ကျနေသော နေခြည်က မျက်နှာပေါ် ကွက်တိကျလို့။ နာရီကြည့်တော့ မနက် ကိုးနာရီခွဲ… ဘုရားဘုရား.. ငါ အိပ်မက် မက်နေ ပြန်တာ ပါလား…. ဒါပေမယ့် ဒီအိပ်မက်က
အိပ်မက် အစစ်လား
တကယ်လား


Read More...

Thursday, August 28, 2008

ရှမ်ဘဲလားသို့ အပြန်လမ်း (သတ္တမ ပိုင်း)


တမနက် သင်တန်း ရောက်တော့ သူငယ်ချင်းမလေးက ဆီးကြို ငြီးတွား လေသည်။
အမရေ… ညီမ အခန်းကလေ သရဲ ခြောက်နေသလိုပဲ.. ညီမတစ်ယောက်တည်း မနေဖူးလို့ စိတ်ချောက်ခြားနေလို့များလား တကယ်လား သိချင်လို့.. အမက သရဲခြောက် ခံဖူးတယ် ဆိုတော့ သေချာအောင် တညလောက် ညီမ အခန်းကို လိုက်အိပ် ပေးပါလားဟင်

ရုံးက လုပ်ဖော်ကိုင်ဖက် ညီမလေး တစ်ယောက် တောင်းဆိုလာသည်။ ဖြစ်ရလေ ငါ့အတွေ့ အကြုံရယ်…

ဘယ်လို ကြုံလို့လဲ ပြောပါဦး ညီမရဲ့

ညီမတို့ နေတဲ့ တိုက် က တိုက်သစ်၊ နောက်ကျောဘက်မှာ တိုက်ပျက်ကြီး တစ်လုံးနဲ့ ငှက် ပျောတော ရှိတယ်။ သူ့ဘေးမှာ ဗလီ တစ်ခု နဲ့ ကုလားတန်း အိမ်ဝိုင်းကြီး ရှိတယ်။ ညီမရဲ့ အခန်း ရှေ့က အပေါ်ထပ်ကို တက်တဲ့ လှေကားနဲ့ အခန်းက ခြံ ထောင့် မြေညီထပ် ဆိုတော့ မှောင်ပြီး နည်းနည်း ချောင်ချတယ်။ အခန်းငှားခ ဈေးသက်သာ တယ်။ ညီမလဲ အခန်းက ည အိပ်ရုံ အိပ်တာ ဆိုတော့ ဈေးသက်သာတာ ယူထားတာ။ အဲဒါ ညည ဆိုရင် နားနားကပ်ပြီး ဟွဲ.. ဟွဲ နဲ့ အသံပေး နေသလိုပဲ။ အဲ့ အသံ ကြားရင် ကြက်သီး ထတာ တအားပဲ။ နောက်ပြီး အခန်းရှေ့ ကနေ တဒေါက်ဒေါက်နဲ့ လမ်းလျှောက်လိုက် အခန်း တံခါး ခေါက်လိုက် လုပ်နေ လို့ တရုတ်ကပ် မှန်ပြတင်း ထဖွင့် ကြည့်ရင် ဘယ်သူမှ မရှိဘူး။ အခန်း ထဲလဲ လက်သည်း ညှပ်သံ တထောက်ထောက်က ညတိုင်း ကြားရတယ်။ အသားဟင်း တွေ ၀ယ်လာတဲ့ နေ့ ဆိုရင် နားနားကပ်ပြီး ငါ့ကိုကျွေးလို့ ပြောလွန်းလို့ အဲ့ညဆို ရူးချင်ရော

အယ်.. အဲဒါ တခါတလေမှလား ညတိုင်းလား
ညတိုင်း
အဲ့အခန်းကို ပြောင်းတာ ဘယ်လောက် ကြာပြီလဲ
၃ပတ်
ကြောက်တာ ဘေးဖယ်ထားဦး… အိပ်ရေးပျက်လို့ ရူးလောက် ပါသည်။ ခုလဲ မျက်လုံးက ကြောင်စီစီ ဖြစ်နေသလိုလို..
ဒီည အမ လိုက်အိပ်ပေးမယ်လေ
ကျေးဇူးပါ အမရယ်
************************************************
တိုက်ကတော့ အပျံစားပေမယ့် အခန်းကိုရောက်တော့ သူပြောသလို အင်မတန် ချောင်ကျ သော အခန်းလေး။ မြေညီထပ် ထောင့်ခန်းမို့ ခြံစည်းရိုး အုတ်တံတိုင်းနဲ့ သူ့အခန်း နံရံက ကပ်နေကာ လေ၀င် လေထွက် လုံးဝ မကောင်း။ ဒီကြားထဲ အခန်းရှေ့ တည့်တည့်က အပေါ် ထပ် တက်သော လှေကားကြီးက ဟီးလို့။ အဲယားကွန်းမရှိ နံရံကပ် ပန်ကာသာ ရှိလေသည်။ သူကြားတဲ့ ဟွဲသံက ဒီပန်ကာ ကလဲ ဖြစ်နိုင်သည်။ ပြီးတော့ ပန်ကာက မူလီကို စစ်သည်။ လက်သည်းညှပ်သံ ဆိုသည်မှာ ပန်ကာ မော်တာထဲ တခုခု ညပ်နေတာလဲ ဖြစ်နိုင်လေသည်။ ညအိပ်တော့ သူမက ပန်ကာ ဖွင့်အိပ်လေ့ ရှိသော်လည်း ကျွန်မက ပန်ကာလေ ကြောက်တာ မို့ ချွေးတစီစီနဲ့ အိပ်ရတော့မည်။

ညစာ စားတော့ ကိုယ်က သင်္ဘောသီးထောင်းနဲ့ မုန့်ဖတ်ကို ထိုင်းစတိုင်လ်နဲ့ စားပေမယ့် အမဲသား ကြိုက်သော သူမက အမဲနှပ်နဲ့ ထမင်းစားသည်။ သရဲကြောက်သော မမ.. အဖော် ပါတော့ အရဲကိုးပြီး အတိုးချ စားလေသည်။ ကျန်နေသော အမဲနှပ်ကို သေချာ ထုပ်ပိုး သိမ်းဆည်းပြီး အတိုးချကာ သိုးအောင် အိပ်တော့သည်။ ကျွန်မကတော့ ထုံးစံအတိုင်း ပဌာန်းရွတ် စည်းချပြီး ဘုရား ရှိခိုးကာ အိပ်တော့သည်။

ဒေါက်… ဒေါက်… ဒေါက်
ဒေါက်ဖိနပ်သံ တခေါက်ခေါက်က လှေကားအတိုင်း ဆင်းလိုက်တက်လိုက် လုပ်နေသည်မှာ ည ဆယ်နာရီ ခန့်မှ မနားတမ်း ကြားနေသည်မှာ တချက်တီး အထိ.. လူအမျိုးမျိုး ခြေသံ အထွေထွေကို ကျွန်မ ကောင်းကောင်း ခွဲခြား တတ်ပါသည်။ သို့သော် ခုက ဒီခြေသံချည့် … တရုတ်ကပ်ကနေ အရဲစွန့် ချောင်းတော့ ဘယ်သူမှ မရှိ။ ထိုအခိုက် ချွေးရွှဲရွှဲကို လေအေးက ဝှေ့တိုက်လာသည်။ တရုတ်ကပ် ပြတင်းမှန်ကိုဖွင့်ပြီး ကန့်လန့်ကာ အထူတပ် ထားတာမို့ ကန့်လန့်ကာကို ဆွဲပိတ် လိုက်သည်။ လက်တည့် စမ်းချင်သည်လေ။ ဒီလေက ဒီလောက် လှောင်ပိတ် နေတဲ့ ဒီအခန်းလို နေရာကို ဘယ်နေရာက သဝေထိုးပြီး တိုက်လာ နေတာလဲ သိချင်သေးသည်။ သိပါပြီ။ လှေကားဘက်က တ၀ှီးဝှီး တိုက်လာသော လေအေးက ကန့်လန့်ကာ အထူကို လွင့်ထွက်အောင် တိုက်သည် အထိ ပြင်းလှ ပါသည်။
တောက်
ဘုရားဘုရား.. တောက်ခတ်သံက ပြင်းလှချည့်။ ခြေသံက ပိုပြင်းလာသည်။ မေတ္တာသုတ်ကို တွင်တွင်ရွတ်သည်။ မေတ္တာပို့ပြီး အမျှဝေသည်။ ငြိမ်းချမ်းရေး စကားပြောသည်။ တရားချ သည်။ ဘယ်လိုမှ မရ။ ဘယ်လို သရဲပါလိမ့်နော်.. ဆေးရုံမှာ တွေ့ရသမျှ၊ တသက်လုံး တွေ့ဖူး သမျှ သရဲတွေ၊ မေတ္တာပို့ရင် ဘုရားစာ ရွတ်ရင် ပြေးရင်ပြေး၊ မပြေးရင် ခင်သွားတာ ချည့်ပါပဲ။ ဒီသရဲက ရန်လို လှချည့်။ နောက်ဆုံး မနှောင့်ယှက်ဖို့ ဘယ်လိုမှ ဖျောင်းဖျ မရတော့ တရား ထိုင်၊ တရားမှတ် နေလိုက် သည်။ ထိုအခိုက် အခန်း တံခါးဝကနေ သူ့ပုံရိပ်က မားမားကြီး ပေါ် လာသည်။ သူ အခန်းထဲ ကို ဘယ်လိုမှ ၀င်လို့ မရ။ ဒီတော့ သူက အိပ်နေသော သူငယ်ချင်း မကို ထပြီး တံခါး ဖွင့်ခိုင်း လေသည်။ မယ်မင်းကြီးမက အိပ်မှုံစုံမွှားနဲ့ တံခါး ထဖွင့်ဖို့ ပြင် သည်။
မဖွင့်နဲ့။ သူက သိပ်စွမ်းနေတယ်။ ငါ နိုင်မနိုင် မသေချာဘူး။ တံခါးဖွင့်ရင် စည်းပေါက် သွားလိမ့်မယ်… လုံးဝ မဖွင့်နဲ့
ကျွန်မ စကားသံကြောင့် တံခါးကို လက်လှမ်းနေသော သူငယ်ချင်းမ လက်က လေထဲ တန်း လန်း ရပ်သွားသည်။ ထိုအခိုက် အလွန်အမင်း ဒေါသထွက် နေသော ထိုသတ္တ၀ါက သူ့ မျက်လုံး စိမ်းများ ထဲကနေ ထိုသူငယ်ချင်းမကို စိုက်ကြည့်လိုက်ပြီး ကျွန်မကို ရန်လုပ် ခိုင်း တော့သည်။ ကျွန်မ ဒုတိယ အကြိမ် ဘုရားတ လိုက်မိသည်။ စည်းဝိုင်းထဲ ၀င်မရလို့ စည်း အပြင်ကနေ အထဲက လူကို လှမ်းညှို့ပြီး ရန်လုပ်ခိုင်း နိုင်သည် အထိ သည်သတ္တ၀ါ စွမ်းလှ ပါတကား။ ထိုအချိန်တွင် ကျွန်မရဲ့ သူငယ်ချင်းကလဲ အသိပျောက်ကာ ကျွန်မထံ လှမ်းလာ နေလေပြီ။ ပါးစပ်ကလဲ ဗလုံးဗထွေးနဲ့ ဘာတွေ ပြောနေမှန်း မသိ။

တရားမှတ် မပျက်စေဘဲ သတိ အပြည့် နှင့်ပင် ကျွန်မ လှုပ်ရှားမှု တစ်ခု ရုတ်ခြည်း ထလုပ် ရ သည်။ ယင်းမှာ သူငယ်ချင်းမကို ပဌာန်းနှင့်ပင် စည်းချ ချုပ်နှောင် လိုက်ရခြင်းပင်။ ပြီးတော့ ပိတ်ထားသော အခန်းတွင်း မီးလုံးများ မီးချောင်းများ အားလုံးကို ဖွင့်ချ လိုက်သည်။ ထို့ နောက် သူရပ်နေရာ အခန်း တံခါး ပေါက်ကို လက်ညှိုး ညွှန်လျက် စက်ကြီး ၁၃သုံးပါး ဂါထာ ရွတ် သစ္စာ ဆိုသောအခါ ထိုသတ္တ၀ါ ပြေးလေ တော့သည်။ နာရီ ကြည့်လိုက်တော့ မနက် ၃ နာရီ ခွဲလေပြီ။ အိပ်ရာထက် ပြန်လှဲရင်း အထပ်ထပ် စဉ်းစား မိသည်။ သည် သတ္တ၀ါ ဘာလို့ ဒီလောက်တောင် ရန်လိုသလဲ။ ဘာလို့ ပါလိမ့် ဆိုတဲ့ အဖြေက ထွက်မလာသေးးး

ဒီလိုနဲ့ တခြံကျော် ကုလားဝိုင်း ထဲက ကြက်တွန်သံ ပျပျကို ကြားရသည်။ လင်းကြက် တွန်ပြီ။ အာရုဏ် လာပြီမို့ စိတ်ချရပြီမို့ စိတ်လျှော့ အချလိုက် အိပ်ပျော် သွားပြန်သည်။ သို့သော် လာပြန်ပါပြီ။ ၈ထပ်တိုက် တလုံးစာ မြင့်သော ကြီးသော သတ္တ၀ါ အမည်းကြီး.. အမဲရောင် အမှုန်များ လှိုင်းများ လွှတ်ကာ သူ့ဝန်းကျင် တခုလုံး မဲမှောင် နေအောင် ဖြန့်ထုတ်ရင်း ဒေါကြီး မောကြီး လာနေသည်။ သူ့ဝန်းကျင်က မဲမဲ အကောင်လေး များကလဲ သူ့အားကိုးဖြင့် ထောင်လွှား မြောက်ကြွ ကျွန်မထံ ပြေးလာ နေကြသည်။ ဒီလောက် အများကြီး ကျွန်မ တစ် ယောက်တည်း ရင်ဆိုင် ရတော့မည်။ ဘယ်လို လုပ်ရပါ့။ ဒေါက်တိုင်တွေ တတိုင်ချင်း ဖြုတ်နေ ရင် မောတာ အဖတ်တင်မည်။ ပင်မတိုင် ပြိုမှ သူ့ကို မှီပြီး မာန်တက် နေသော ဒေါက်တိုင် အားလုံး ပြိုပေမည်။ ဒီသတ္တ၀ါတွေ ဘယ်သူတွေ ပါလိမ့်။ ဗုဒ္ဓနဲ့ ဓမ္မ ကိုတောင် ဒီလောက် သည်းကြီး မည်းကြီး အာခံ နေသည်မှာ ဗုဒ္ဓ သာသနာ ထဲမှ သတ္တ၀ါများ လုံးဝ မဖြစ်နိုင်။ ဒါဆို ဗုဒ္ဓ သာသနာထဲက သူတွေနဲ့ အတိုက်အခံ ဖြစ်နေတာ ဘယ်သူ ပါလိမ့်။ သိကြားနဲ့ အသုရာ စစ်ဖြစ်သတဲ့။ သိကြားက ဘုရားရဲ့ သာဝက။ သာသနာတော်ထဲ ကုသိုလ် လုပ်သမျှ နတ်များ ဟာ သိကြားရဲ့ ပရိသတ် ဖြစ်သတဲ့။ ဒါဆို ဘုရားကို ရိုသေပြီး တရားကို ကျင့်ကြံသူကို နှောင့် ယှက်သူ ဟာ သိကြားရဲ့ ပရိသတ် မဖြစ်နိုင်။ ဘုရားလက်ထက် ကတည်းက ဘုရားရဲ့ သာဝက ကို နှောင့်ယှက်သူဟာ မာရ်နတ်ရဲ့ အပေါင်းပါ ချည့်မို့ ခုလဲ မာရ်နတ်ရဲ့ လက်ပါးစေ မဟုတ်ရင် အသုရာပဲ ဖြစ်နိုင်မည်။ အမှောင်ကို ခွင်းဖို့ အလင်းကိုသာ သုံးရတော့မည်။ သာသနာ အတွက် ဆိုရင်တော့ အသက်သေရင် သေပါစေတော့။ သူတို့ကို ကြောက်လို့ သူတို့ ပြုသမျှ နုရမည်၊ သူတို့ ခိုင်းသမျှ ရိုင်းရမည် ဆိုလို့ ကတော့ သံသရာ နစ်မွန်းကြောင်း မို့ ကောင်းရာမွန်ရာ ဘယ်တော့မှ ရောက်တော့မည် မဟုတ်။ ကိုယ့်စိတ်နဲ့ လူမလုပ်ရဘဲ သူ့စိတ်နဲ့ ကိုယ် ဖြစ်ကာ အရှင်လတ်လတ် သေရသလို ဖြစ်တော့မည်။ သေတာချင်း အတူတူ ဘာထူး မည်နည်း။ ကိုယ့်စိတ်နဲ့ ကိုယ့်ကို သေရတာက ကိုယ့်ဘ၀နဲ့ ကိုယ်မို့ မြတ်ဦးမည်။ သူ့စိတ်နဲ့ ကိုယ့်ကိုယ် သေရတာ ဘ၀ တပိုင်းသေ နဲ့မို့ သေရ ရှင်ရ ကျိုးပင် မနပ်။

ဝင်လေ ထွက်လေကို အာရုံအထူးစိုက်ပြီး တရားမှတ်ရင်း စိတ်ကို ထိုသတ္တ၀ါကို ခြေချွတ်ဖို့ ညွတ်ချ ထားလိုက်သည်။ ထိုအခိုက် ရုပ်ထဲက အဖြူရောင် အလင်းများက ဖြာထွက် လာပြီး ခန္ဓာကိုယ်ပါ ကြွတက်လာပြီး ထိုသတ္တ၀ါရဲ့ ကိုယ်ထဲ ဖောက်ဝင် သွားလေသည်။ မဲလိုက်တာ မှောင်လို့။ ကိုယ့်အလင်းကို သူ့အမဲမှုန် များနဲ့ ဖုံးအုပ် မှောင်ချ ပစ်ဖို့ ထုတ်လွှတ် နေသည်မှာ တဖွားဖွား… ကိုယ်ကလဲ အလင်းနဲ့ ထိုးဖောက်ဖို့ ကြိုးစား ရသည်မှာ အသွေးတွေ အသား တွေ တစစီ ပဲ့ကြွေရင်း လောင်ကျွမ်း လင်းလက် နေရသည့် အလား… ကိုယ့်စိတ်က သတိ စူးစိုက်မှု အားနည်း သွားသည်နှင့် တပြိုင်နက် သူ့ အမည်းမှုန် များက ကိုယ့် ကိုယ်ထဲထိ ထွင်း ဖောက် ၀င်ရောက် လာသည်မှာ အခံရ ခက်လွန်းလှသည်။ ထိုအခါ ချက်ချင်း သတိ ပြန်ထိန်း ပြီး ပြန်တွန်း ထုတ်ရသည်။ အို.. အသွေးတွေ အသားတွေ ကုန်လို့ အရိုးတွေ ရိုးတွင်း ခြင်ဆီ တွေပါ လောင်သွားစေဦး.. ရအောင် တားမည်။ သူလဲ အသက်တချောင်း ကိုယ်လဲ အသက် တချောင်း။ သူ့မှာလဲ အသက်ပို ပါတာမဟုတ်တဲ့ အတူတူ ဘာကြောက်စရာ ရှိလဲ။ စိတ်ပိုင်း ဖြတ်မှု အဓိဌာန် လုံးဝ ဒုံးဒုံးကျ သွားလေလေ စိတ်ကလေးက ပိုသိမ်မွေ့ ငြိမ်သက် သွားလေ လေ။ ထိုအခိုက်မှာ ခန္ဓာကိုယ်က ရုပ်မှုန်လေး တခုချင်းက အသေးဆုံး အစိတ်အပိုင်းထိ ပြိုကွဲ ကြည်လင် လင်းလက် လာခဲ့လေပြီ။

ဒီတခါ ထွက်လာသော အလင်းက တကိုယ်လုံး ရှိသမျှ အားအကုန် ထုတ်သုံး လိုက်သည်မို့ ထင့်။ အရောင်စုံ လှသည်။ အနီ၊ အစိမ်း၊ အဖြူ၊ အ၀ါ၊ အနက်စူးစူးနဲ့ လျှပ်ရောင်တို့ ကုန် အောင် ထွက်လာ ခဲ့သည်။ သို့သော် အရင်လို အကွင်းလိုက် မဟုတ်။ ဓားသိုင်းသမားတို့ ဓားစကြာ လှည့်သလို အလင်းသွားတို့က အ၀ိုင်းလိုက် လှည့်ကာ မွှေလေတော့သည်။ အလင်းသွားများ ကြားဝယ် အမည်းထုက အလွှာလိုက် အလွှာလိုက် ပြတ်ကျလျက်။ ခန္ဓာ ကိုယ် မရှိတော့ သလို ခံစားရလျက်က စိတ်က အဖြစ်အပျက်ကို သိသည် ဆိုရုံလေး သိနေရင်း အမှတ်က တစက် ကလေးမှ မပြတ်။ ပြတ်လို့ မဖြစ်ဘူး ဆိုတဲ့ အသိက သတိကို ထိန်းမတ် ပေးနေသည်။ သတ္တ၀ါကြီးလဲ မခံနိုင်တော့ဘဲ ၀ူးဝူးဝါးဝါး အော်ခဲ့ပြီ။

အပြီးတိုင် ဆုံးမမည် ဆိုသော ပိုင်းဖြတ်ချက်နဲ့ အတူ သူ့ဗိုက်ထဲက ကိုယ့် ခန္ဓာက အပေါ်ကို တဖြည်းဖြည်း မြင့်တက် လာလေပြီ။ ခေါင်းကနေ ဖောက်ပြီး ပြန်ထွက်မည်ဟု ကြံစည် လိုက် သော ခဏ.. ခေါင်းကနေ ဖောက်မထွက် ပါနဲ့ ပါးစပ်ထဲကနေ ပြန်ထွက် ပေးပါ။ နောက်နောင် မနှောင့်ယှက် တော့ပါ ဆိုသော ကတိ စကား ထွက်လာ ခဲ့ပြီ။ သာသနာကို မယုံကြည်ဘဲ နှောင့်ယှက် ဖူးသူရဲ့ ကတိ စကားကို ဘယ်လို ယုံမည်နည်း။ သို့သော် ပြုပြင်ရန် အခွင့်အရေး မပေးပြန်ရင် ဒီအချက်ကြောင့် မိုက်တွင်း နက်ရ ပါသည်လို့ ဆင်ခြေ ပေးနိုင် နေဦးမည်။

အိုး အခက်ဆုံး အပိုင်းပါပေ။ သူနဲ့အပြန်အလှန် စကားပြော နေစဉ် သတိကို လွှတ်လို့ မရ၊ တရားအမှတ်ကို အဆက်ပြတ်လို့ မရ။ တချက်လေး လွတ်လိုက်သည်နှင့် သူ့ အမဲလှိုင်း များ က ကိုယ့်ကို ၀ါးမြို သွားပေ လိမ့်မည်။ သတိကို မပြတ်အောင် ထိန်းရင်း အကြံ တချက် လက်ခနဲ ထွက်ပြီ
ကောင်းပြီ။ သင့်ကိုယ်ထဲမှာ ငါ့ကိုယ်ပွားကို ထားခဲ့ပြီး ငါ သင့်ပါးစပ် ကနေ အပြင် ပြန်ထွက် မယ်။ သင် စိတ်ပြောင်းလို့ ပြန်နှောင့်ယှက်ဖို့ စိတ်ကူး လိုက်တာနဲ့ သင့်ကိုယ်ထဲက ငါ့ ကိုယ်ပွားက ချက်ချင်း သိပြီး ကတိ ဖျက် လိမ်ညာမှု ကြောင့် နောက်တကြိမ် ခွင့်လွှတ်မှု မရှိတော့ဘဲ သင့်ကိုယ်ကို အပိုင်းပိုင်း ဖြတ်လိမ့်မယ်။ သင်ကိုယ်တိုင်က စိတ်ပြောင်းလို့ နှောင့်ယှက်ရင် ဖြစ်စေ၊ သင့် သာဝက နောက်လိုက်များက သာသနာ ထဲက လူတွေကို နှောင့်ယှက် လာရင် ဖြစ်စေ သင့်ကိုယ်ထဲက ငါ့ကိုယ်ပွားက သင့်ကို ဒဏ်ပေး လိမ့်မယ်။ ကဲ ဘယ်လိုလဲ သင်သဘောတူ လက်ခံ နိုင်လား။ လက်မခံ နိုင်ရင်တော့ ငါ သင့်ခေါင်းထဲကနေ ဖောက်ထွက်မယ်။

ငါတို့ အရွယ်မရောက်ခင်က ငါတို့ထက် အင်အား ကြီးသူ တွေက ငါတို့ကို နှိပ်စက်တယ်။ ငါတို့ အရွယ်ရောက်လို့ ဦးချိုတွေ၊ အစွယ်တွေ၊ ခြေသည်း လက်သည်းတွေ၊ အမွှေးကြမ်းတွေ ထွက်လာမှ ငါတို့ အင်အားကြီးမှ သူတို့ အနှိပ်စက် ကို ငါတို့မခံရ တော့တာ။ သင်က တရား လုပ်တယ် ဆိုပြီး နှိပ်စက် တတ်တာပဲ။ သင်က အမျှပေးတယ်။ ငါတို့က အမျှယူပြီး သာဓု ခေါ်လိုက်တာနဲ့ ငါတို့ အစွယ်တွေ၊ လက်သည်းတွေ၊ ဦးချိုတွေ၊ အမွှေးကြမ်း တွေ ကျွတ်ထွက် ကုန်တာ သိပ်နာတယ်။ ဒီလို နာရတဲ့ အထဲ အကောင်ကြီး တွေက နှိပ်စက်ခွင့် ရကုန်တယ်။ တချို့ဆို သာဓု ခေါ်လိုက်တာနဲ့ ချက်ချင်း သေကုန်တယ်။ သင်ပြောတော့ တရားကို လက်ခံသူက ကောင်းကျိုး ရတယ်ဆို ငါတို့ဘယ်မှာ ကောင်းလာ လို့လဲ…

သြော်.. ဒါကြောင့် သင်က ဒီလောက် ရန်လိုတာကိုးးး သင်ဟာ စိတ်နူးညံ့မှုကြောင့် ဒီဘ၀က ကျွတ်ခါနီးလို့ သင်္ကေတ ပြရုံလေး အချိန်မှာ စိတ်ကို ပြန်ကြမ်း ပစ်လိုက်လို့ ဒီဘ၀က မကျွတ် နိုင်ဘဲ ဒီလို ခံစားရတာပါ။ ဒါဆို သာဓု ခေါ်လို့ သေသွားပါတယ် ဆိုတဲ့ သင့်လူတွေ ဘယ် ရောက် ကုန်လဲ သိလား။ သင်တန်ခိုး ကြီးတာပဲ.. သူတို့ကို တမ်းတ ခေါ်ယူပြီး မေးကြည့်ပါဦး။ ဒီဘ၀က လုံးဝ ကျွတ်လွတ်ဖို့ အတွက် မသေဘဲ နောက်ဘ၀ကို ရောက်ရိုး ထုံးစံ ရှိလို့လား။ ဒီဘ၀မှာ အဆင့်မြင့်ရုံပဲ နေချင်တာလား ဒီဘ၀နဲ့ မသက်ဆိုင် လောက်အောင် ကောင်းတဲ့ နောက်ဘ၀ကို ပြောင်းပြီး နေချင်တာလား။ သင် သေချာ စဉ်းစားပါ။ တနေရာကနေ လုံးဝ မစွန့်ခွာဘဲ နောက်တစ်နေရာမှာ အပြီး သွားနေလို့ ရသလား။

အသည်းအသန် သတိထား ထိန်းနေရတဲ့ အမဲလှိုင်း သိပ်သည်းမှု ရုတ်ခြည်း လျော့ကျ သွားခဲ့ ပြီ။ ဒါဆို ဒီသတ္တ၀ါကြီး အတိုင်း အတာ တခုထိ သဘောပေါက်တာ သေချာပါပြီ။

ကောင်းပါပြီ။ ကျုပ် သဘောပေါက်ပြီ။ ဒါပေမယ့် ဘယ်လောက်ထိ မှန်လဲ ဆိုတာ ကျုပ် သုံးသပ် ဦးမယ်။ ပြီးတော့ ကျုပ် နောက်လိုက် ထဲမှာလဲ ပေကပ်ကပ် ကောင်တွေ ရှိပါတယ်။ သူတို့အားလုံးကို ကျုပ်ခေါ်ပြီး မနှောင့်ယှက်ဖို့နဲ့ ပြောစကား နားမထောင်ရင် ဒဏ်ပေးမယ် လို့ သတိပေး ပါ့မယ်လို့ ကျုပ် ရဲရဲကြီး ကတိပေး ပါတယ်။ ဒါပေမယ့် ကျုပ် နောက်လိုက် အားလုံးကို ပြန်ခေါ် သတိပေး စောင့်ကြည့်ဖို့ အချိန် ၂လ စောင့်ပေးပါ။ ဒီကြားထဲမှာတော့ နှောင့်ယှက်လို့ ဆိုပြီး ကျုပ်ကို သင့်ရဲ့ ကိုယ်ပွားက မသတ်ပါနဲ့။ သင် တရားသမား ဆိုရင် ဒီလောက်တော့ ပြန်ငဲ့ညှာပါ။

အမယ်.. သူကလဲ အလာကြီးပဲ။ ဒါပေမယ့်

သင်ပြောတဲ့အထဲမှာ ဟာကွက် ရှိနေတယ်။ ဒီအချိန် ၂လ အတွင်းမှာ သင်ကိုယ်တိုင်ရဲ့ စိတ်ပြောင်းပြီး နှောင့်ယှက်ချင်စိတ်ပေါ်လာရင်၊ အဲဒီစိတ်ကို မထိန်းချုပ်ဘဲ နှောင့်ယှက်ဖို့ ကြိုးစား လာခဲ့ရင် သင့်ကို ငါ့ ဆုံးမ ရလိမ့်မယ်။ သင့်နောက်လိုက် တွေက သင်ထိန်းတဲ့ ကြားက ဆိုးသွမ်းနေရင် သင်ကိုယ်တိုင်က ဒဏ်ပေးဖို့ တမင် အချိန်ဆွဲ နေခဲ့ရင်တော့ သင့်ကိုရော သင့်နောက်လိုက် ကိုရော ငါ ဆုံးမ ရလိမ့်မယ်။ သဘောတူလား…

ကောင်းပြီ .. သဘောတူပါတယ်

မျှတသော တောင်းဆိုမှုမို့ လက်ခံဖို့ ဆုံးဖြတ် ခဲ့သည်။

ကောင်းပြီ။ ငါ ပြန်ထွက်တော့မယ်။ သင့်ကိုယ်ထဲ ငါ့ကိုယ်ပွား ထားခဲ့တာကို သင်လဲ ကိုယ်ချင်းစာ တတ်ရင် ဘယ်လိုမှ အောက်မေ့မှာ မဟုတ်ပါဘူး။

အဓိဌာန်ကြောင့် ကိုယ်၂ခု ကွဲထွက် သွားချိန် အားတွေ တ၀က်လျော့ သွားသလို ခံစားရသည်။ ပြီးတော့ လက်ဖျစ်တတွက်မှာ ကုဋေ ကိုးသိန်း ဖြစ်ပျက် နေသော စိတ်က ကိုယ်ပွားနဲ့ ကိုယ့် ဆီမှာ လူးလာ ခေါက်ပြန်။ လက်ဖျစ်တတွက်မှာ ငါးကုဋေ ကျော်ရုံသာ ဖြစ်ပျက် နေသော ရုပ် ကလာပ်စည်း များကို စိတ်က နိုင်နင်းစွာ ထိန်းသိမ်း ပြီးတဲ့ အခါ စိတ်ရော ရုပ်ပါ ပြန်အားပြည့် စေဖို့ သတိနဲ့ တရားပြန်မှတ်ရ ပြန်သည်။ သေချာပြီလို့ စိတ်က သတ်မှတ်ချိန် ရောက်မှ သူ့ ကိုယ်ထဲက ပြန်ထွက် လိုက်တော့ အပြင်လောကမှာ လင်းချင်းလို့… သူ့ကိုယ်ထဲ ၀င်ရောက် ခါစက အမဲလှိုင်းများ လှိမ့်နေသလိုမို့ ဘာရုပ်မှ သဲသဲ ကွဲကွဲ မမြင်ရသော သတ္တ၀ါ လေးများမှာ ခုတော့ အရေခွံ ပြောင်ပြောင် လေးတွေနဲ့။ သြော် သူကိုယ်တိုင်ရဲ့ ရုပ်သွင် ကိုလဲ ခုမှ သေချာ မြင်ရ တော့သည်။ အမဲမှုန် အမဲလှိုင်းများ လွှင့်ထုတ် ထားခြင်း မရှိတော့။

သာဓု… သာဓု… သာဓု
*********************************************

အင်းးးး… အမ ဘာတွေ သာဓု ခေါ်နေတာလဲ… အင်း ဒီမနက် ဘာလို့လဲ မသိဘူး။ ခါတိုင်း ပန်ကာ ဖွင့်အိပ်တာတောင် အိုက်တာ။ ခုပန်ကာ ပိတ်ထားတာကို ချမ်းလိုက်တာ အမရယ်..

သူငယ်ချင်းမလေးရဲ့ အမေးကြောင့် မျက်စိ ဖွင့်လိုက်တော့ နေရောင်က အခန်းထဲထိ ဖြာကျ နေပြီ။ ပင်ပန်း လွန်းလို့ မလှုပ်ချင် လှုပ်ချင် ထလာသော ကိုယ့်ကို သူက ကြည့်ရင်း
အမ မျက်တွင်းဟောက်ပက်နဲ့ ပါလား.. ညက မအိပ်ရဘူးလား
မမလေးရယ်.. ရှင်ညက သောင်းကျန်း လိုက်တာ မမှတ်မိ ဘူးလား
အန်.. ဘာသောင်းကျန်းလို့လဲ အမရဲ့ .. အယ် ညက ဆိုလို့ ညီမ ညကလေ အိပ်မက် မက် တယ် သိလား… ၆ထပ်တိုက်လောက် မြင့်တဲ့ အကောင်ကြီးက ညီမကို လှမ်းခေါ်တယ်တဲ့။ ပြီးတော့ ညီမ မူးသလိုလို မသိတသိနဲ့ ဘာဆက်ဖြစ်မှန်း မသိဘူး.. နေပါဦး ဘာလို့ ဒီလောက် ချမ်းနေရတာလဲ .. ညက မိုးတွေ တအားများ ရွာလို့လားဟင်
အခန်းပြင် ထွက်ကြည့်လေ… ဘာရေမှ တင်မကျန်နေဘူး.. စိုနေတာလဲ မရှိဘူး
ဟယ်.. ဒါဆို
ရှင့်အခန်းက သရဲက ကြမ်းလိုက်တာ.. အမ တညလုံး မအိပ်ရဘူး.. မိုးလင်းခါနီးမှ အိပ်ပျော်သွားတာ
ဟင့်..
ခုတော့ ကောင်းသွားမှာပါ။ စိတ်မလုံသေးရင် အခန်း ပြောင်းလိုက်နော်.. ကဲ.. ရုံးသွားဖို့ ပြင်ကြစို့
********************
(ဆက်လက် ဖော်ပြ ပါမည်။)


Read More...

ရှမ်ဘဲလားသို့ အပြန်လမ်း (ဆဌမ ပိုင်း)

အလုပ်သစ် လျှောက်လို့ ရွေးချယ်ခံရပြီး သင်တန်းပါ အချိန်ပြည့် တက်နေရသောကြောင့် ပင်ပန်းသမျှ အိမ်ပြန်ရောက် သည်နှင့် တခါမှ ဆွဲဆောင်မှု မကောင်းဖူးသော အိပ်ရာက သံလိုက် ဓာတ် အပြည့်နဲ့ ဆွဲဆောင် နေလေသည်။ ခြေလက် ဆေးကြောပြီးတော့ ညစာပင် မစားရသေး.. ခဏလောက် လှဲလိုက် ဦးမယ် ဟူသော အတွေးကြောင့် အညောင်းပြေ အကြောဆန့် ပြီးမှ ဘုရားကို ရှိခိုးပြီး အိပ်မည်ဟု ဆင်ခြေ တေးထား လိုက်သည်။ ခြေ ဆန့် လက်ဆန့် လှဲချပြီး အကြောဆန့်ခိုက် မှေးခနဲ ဖြစ်သွားသည်။ သို့သော် စိတ်မသန့်လို့ လှည့်ကြည့်လိုက်တော့ လားလား..

အရိုးခေါင်းခြောက်နဲ့ အရိုးပဒေသာ တစ်ခုက ၀တ်ရုံမည်းကြီး ၀တ်လျက် လက်ကြီး ၂ဘက် ဆန့်တန်းပြီး ကျွန်မထံ လှမ်းလာ နေသည်မှာ ခြေလှမ်း ၃လှမ်းစာသာ လိုတော့သည်။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ… ဓမ္မံ သရဏံ ဂစ္ဆာမိ… သံဃံ သရဏံ ဂစ္ဆာမိ..

ဖြည်းဖြည်း မှန်မှန် ရွတ်ရင်း နှာသီးဖျားကို အာရုံစိုက်ကာ စိတ်ကို ငြိမ်အောင် ထိန်းလျက် ၀င်လေ ထွက်လေကို မှန်မှန်ရှု လိုက်စဉ် မဖြစ်စဖူး ထူးကဲသော အဖြစ်တခု ဖြစ်သွားလေသည်။
တရားမှတ်နေသော ခန္ဓာကိုယ် ထဲက လျှပ်စီးရောင် အလင်းကွင်းများ အကွင်းလိုက် အကွင်း လိုက် ပြန့်ထွက် သွားလေရာ ထို လှမ်းလာ နေသော အရိုးစုကို ထိပြီး အပိုင်းပိုင်း ပြတ်ကျ သွားခြင်းပင်.. သြော်… သနားပါတယ်

ဆက်လက် ရှုမှတ် နေခိုက် ဟိုအဝေး ခပ်လှမ်းလှမ်း ဆီမှာ ဆယ်ယောက်ထက် မနည်းသော ၀တ်ရုံမည်းနဲ့ အရိုးစုများ လက်ဆန့်တန်းလျက် လှမ်းလာနေဆဲ.. သူတို့ ကိုယ့်ဆီ ရောက်ဖို့ အချိန် နည်းနည်း လိုသေးသည်။ ထိုအခိုက် ဖျတ်ခနဲ အတွေး တချက် လက်လာခဲ့သည်။

ငါ တရားပြန်မှတ်ရင် ခုနလို အလင်းကွင်းတွေ ထွက်ပြီး သူတို့ အပိုင်းပိုင်း ပြတ်လို့ သေဦး မည်။ ဒါပေမယ့် ကုသိုလ် အထောက်အပံ့ မရှိဘဲ ဒီဘ၀ကို စိတ်စွဲရင် နောင်ဘ၀မှာ ဒီလို သတ္တ၀ါပဲ ပြန်ဖြစ်ရင် ပြန်လာ နှောင့်ယှက် ဦးမှာပဲ။ ဒီတော့ ငါ့အတွက် ဘာမှ အကျိုးမထူးသလို သူတို့လဲ ခဏခဏ သေရတဲ့ အတွက် ငါ့အပေါ် အမုန်း ရန်ငြိုးပဲ တိုးတာ အဖတ်တင်မယ်။ သူတို့ကို နှိမ်နင်း နေရရင် ငါမောတာပဲ အဖတ်တင်မယ်။ ဘယ်လို လုပ်ရပါ့… တရား အမှတ် ကို မပြတ်စေဘဲ သတိထားရင်း စကား တချို့ကို သူတို့ဆီ စိတ်ရွယ်ရင်း ပြောဖြစ်သည်။

အသင်တို့.. သင်တို့ကို ငါ ဒုက္ခ မရောက်စေချင်။ သံသရာမှာ ဘ၀ အဆင့်အတန်းတွေ တိုး တက်ဖို့ ဆိုတာ သူများ လုပ်ပေးလို့ မရ.. ကိုယ်တိုင် လုပ်မှ ကိုယ်တိုင် ရပါတယ်။ ကိုယ့်ဘ၀ တိုးတက်ဖို့ သူများကို နှောင့်ယှက် ဖျက်ဆီး ရုံနဲ့ မရ။ သူများက အမုန်းနဲ့ လက်စားချေရင် ကိုယ်ကျိုး နည်းပါလိမ့်မယ်။ အများ ကောင်းကျိုးလုပ်မှ တိုးတက် မှာပါ။ အများကောင်းကျိုး မလုပ်နိုင်ရင်တောင် သူများ အကျိုးကို မဖျက်ဆီး ပါနဲ့။ ငါ တသက်တာ ပြုခဲ့သမျှ ကုသိုလ် တွေကို အမျှ ပေးပါတယ်။ အမျှယူဖို့ သာဓု ခေါ်ပါ။ ပြီးတော့ ဒီ အတွေးအခေါ် တွေဟာ ဗုဒ္ဓက သင်ကြား ပေးတာမို့ ကျေးဇူးတင်ချင်ရင် ဗုဒ္ဓကို တင်ပါ။ ဒီတရားကို ဗုဒ္ဓ ဟောခဲ့တာ ဖြစ်ပါ တယ်။ ငါက ဗုဒ္ဓရဲ့ တပည့်သာ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ တရားကို ဆည်းပူး လိုက်နာရင် သံသရာမှ မကျွတ်လွတ်ခင် ကိုယ့်ဘ၀ တိုးတက် နိုင်ပါတယ်။ အမျှ.. အမျှ.. အမျှ

စကားဆုံးတော့ တရားကို ဆက်မှတ်ဖြစ်သည်။ ဒီအချိန်မှာ စောစောကလို လျှပ်ရောင် အလင်း ဖြူ ကွင်း မဟုတ်ဘဲ တံလျှပ်လို အရောင်မဲ့ လှိုင်းများ ကိုယ်ထဲက အကွင်းပြန့်လိုက် ဖြန့် ထွက် သွားသည်ကို မိမိကိုယ်ကို အံ့သြလျက် တွေ့လိုက် ရလေသည်။ ထိုအလင်းကွင်း များ သူတို့ ကို ထိတွေ့ မိသောအခါ အပိုင်းပိုင်းများ ပြတ်သွား လေမလားလို့ စိုးရိမ်စိတ်ဖြင့် ကြည့်မိတော့ အိုးးးး ၀တ်ရုံမည်းများ အားလုံး အဖြူရောင် ပြောင်းသွားကာ ကိုယ့်ဆီ ဆန့်တန်း ထားသော လက်များက လက်သည်းများ ကြွေကျပြီး ခုတော့ လက်အုပ်ချီလို့… အရိုးစုများက အသားများ ရုတ်ခြည်း ပြည့်လာပြီး အစွယ်များ ကြွေကျ သွားလေပြီ။ ငြိမ်းငြိမ်းချမ်းချမ်း လှည့်ပြန်သွားသော သူတို့ နောက်မှာတော့ ဒေါသ ထွက်နေသော သတ္တ၀ါ မည်းမည်းကြီး အကြီးကြီး တစ်ကောင်…

ရုတ်တရက် လန့်နိုးလာတော့ လူက နုံးခွေလို့… ထမင်းလုံး တစ္ဆေ ခြောက်ရအောင်က လူက ညစာ မစားရသေး။ ဘုရား မရှိခိုးဘဲ အိပ်မိလို့ အိပ်မက်ဆိုးမက်သလားလို့ တွေးရင်း အိပ်ရာ က လူးလဲထပြီး ရေမိုးချိုး၊ ညစာစား၊ ဘုရား ရှိခိုးပြီး အိပ်ရာ ၀င်ခဲ့ရလေသည်။ သို့ရာတွင် မကြာခဏ မက်တတ်သော ထိုအိပ်မက် များမှာ တခုနဲ့ တခု ဆက်စပ် နေတာမို့ စမ်းသပ် ချင်စိတ်က တားမရလို့ အိပ်မပျော်ခင် အဓိဌာန် တစ်ခု လုပ်ခဲ့မိ လေသည်။ စမ်းသပ် ချင်တာ ကလဲ အကြောင်း ရှိလေသည်။ ငယ်တည်းက အိပ်ပျော်နေလျက်နဲ့ စာထရေးခြင်း၊ တံခါး ထပိတ်ခြင်း၊ တအိမ်လုံးက တံခါးများကို ထစစ်ဆေးခြင်း၊ အိမ်သန့်ရှင်းရေး အမှိုက်လှည်းခြင်း စသည် များကို အိပ်မက်ယောင်ရင်း အစီအစဉ် တကျ ထလုပ်တတ်သော ကျွန်မမှာ မနက် မိုးလင်းလို့ အိပ်ရာက နိုးမှ အိမ်သားများက ပြန်ပြောပြလို့ သိရသည်မှာ ခဏခဏ။

ငါမက်တဲ့ အိပ်မက် များဟာ တစုံတခုကို စိတ်စွဲလို့ သို့မဟုတ် တခြား အကြောင်းအရာ တခုခု နဲ့ ဆက်စပ် ပတ်သက်လို့ မက်နေတာလား။ ဒါမှ မဟုတ် ငါ အိပ်ပျော်နေစဉ် ငါ့ စိတ်က ရုပ်နု ကို နှိုးပြီး တကယ် ကြုံတွေ့ ဖြစ်ပျက် နေတာတွေလား။ သေချာအောင် သိသာ ထင်ရှားအောင် သက်သေ တခု ဒီည အိပ်ပျော်ပြီး မနက်ကျရင် အဖြေတိတိကျကျ သိလာပါစေ။
***********************************************
ကိုရေ.. မိုးလင်းပြီး .. အိပ်ရာထတော့… အပြင် သွားစရာ ရှိတယ်.. မျက်နှာသစ် ထားနှင့်.. ကော်ဖီ ဖျော်ထားနှင့်မယ်

ပြောပြောဆိုဆို မီးဖိုခန်းထဲ ၀င်လာပြီး ကော်ဖီဖျော်ဖို့ လုပ်တော့ ကော်ဖီနဲ့ သကြားက အသင့် ရှိသော်လည်း နို့မှုန့် က ကုန်နေချေပြီ။ ထည့်သော ပုလင်းချင်းက ဆင်တူမို့ သေချာ အောင် နို့မှုန့်ကုန်တာလား သကြားကုန်တာလား ဆိုတာ ထပ်စစ်လိုက် သေးသည်။ အင်း ကုန်တာ နို့မှုန့် သေချာသည်။
ဟောတော့.. နို့မှုန့် ကုန်နေတာကိုးးး အင်း ဒီရက်ပိုင်း မုန်တိုင်း ကယ်ဆယ်ရေး ကိစ္စနဲ့ ခရီးထွက်ချည့် နေရတာနဲ့ အိမ်မှာ ဘာကုန်နေမှန်းတောင် သတိ မထားဘူး။ ကိုရေ မျက်နှာသစ်ပြီးရင် လမ်းထိပ် ဆိုင်မှာ နို့မှုန့် ၀ယ်ပေးဦးနော်.. နော်လို့.. ကြားလား
***************************************
ဟင်… ဘာရယ် ဘာတွေပြောနေတာလဲ.. ဘာလဲ အိပ်မက် ယောင်နေပြန်ပလား
အန်..
မျက်စိ ဖွင့်လိုက်တော့ မိုးစင်စင် လင်းလို့.. ဒါဆို.. အင်း.. အိပ်မက်ကို သေချာအောင် ပြန်စဉ်းစား လိုက်သည်။ နောက်တော့ ခင်ပွန်းသည်ကို စကား မပြန်နိုင်ဘဲ လှေကားအတိုင်း တရကြမ်း ဆင်းပြေးသည်။
ဟ… ဖြေးဖြေးဆင်းလေ.. ဘယ်လိုဖြစ်တာလဲ
အမျိုးသား အသံက နောက်က အလောတကြီး ထွက်လာသည်။ စကားပြန်မပြော နိုင်သေးဘဲ မီးဖိုးခန်းကို အပြေးဝင်သည်။ စင်ပေါ်က ပုလင်းများ ဆွဲချရင်း ပုလင်းများကို စစ်သည်။ ဟော.. တွေ့ပါပြီ..
ဘာဖြစ်တာလဲ… အလန့်တကြားနဲ့.. ဟင်.. နို့မှုန့် ပုလင်း အခွံကြီး ကိုင်ပြီး ဘာတွေ ငိုင်နေ တာလဲ.. ဘာဖြစ်ပြန်တာလဲ.. အာာာာ လုပ်ပြီ။ ရော့… ဒီမှာထိုင်.. လာ.. ရေသောက် လိုက် နော်… ဖြည်းဖြည်းသောက်.. ပေးပေး ဒီပုလင်း… ကို လမ်းထိပ် ထွက်ပြီး နို့မှုန့် ၀ယ်လိုက် ဦးမယ်.. ဟုတ်ပါရဲ့ .. နို့မှုန့် ကုန်နေတာ သတိတောင် မထားမိဘူး။ အိမ်ပြန် မအိပ်ဖြစ်တာလဲ ကြာပြီကိုးးး ဘာရှိလို့ ဘာကုန်နေမှန်းတောင် မမှတ်မိတော့ဘူး… မောနေရင် ငြိမ်ငြိမ် ထိုင်နေ နော်.. ကို မြန်မြန်သွားပြီး မြန်မြန် ပြန်လာမယ်

ပြောပြောဆိုဆို အပြင် ပြန်ထွက် သွားသော ခင်ပွန်းသည်ရဲ့ နောက်ကျောကို ငေးကြောင်ကြောင် ကြည့်ရင်း ပါးစပ်အဟောင်းသားနဲ့ ကျွန်မ သတိ ပြန်ဝင်လာတော့ White Board ပေါ်မှာ စာလုံး သုံးလုံး ချရေး မိလေသည်။
Dreams come true!!!
**********************************************
(ဆက်လက် ဖော်ပြ ပါမည်။)


Read More...

Sunday, August 3, 2008

ရှမ်ဘဲလားသို့ အပြန်လမ်း (ပဉ္စမပိုင်း)


အော်… ဒါမျိုးတွေလဲ ရှိတတ်မှန်း ကျွန်မ သိပါပြီ အသင်လောက လို့သာ ဟစ်လိုက် ချင်ပါသည်။
ကိုယ့်ဆီက အကြွေးယူတုန်း ကတော့ အလွန်ကို အောက်ကျခံ ကျို့ရို့ နေလို့ ကိုယ်က ပြန်ပြီးတောင် အားမနာဖို့ စိတ်ဆင်းရဲ မခံဖို့ အားပေးရင်း ချက်ချင်း ထုတ်ပေး ခဲ့သလောက် သူပြန် အဆင်ပြေ နေလို့ ကိုယ်က အကြွေး ပြန်တောင်းတော့ မထီတရီနဲ့ ညစာ စားစရာ မရှိတော့ရင် ငါးရာမျိုး တစ်ထောင်မျိုး ယူသွားနှင့်လေ… ကြိုမပြော ထားလို့ လက်ထဲ အကြွေးဆပ်ဖို့ငွေ အသင့် မရှိသေး.. ဆိုင်သစ် ဖွင့်ဖို့ ဆိုင်ခန်း ၀ယ်ထားလို့ပါတဲ့…

နောက်တစ်ယောက်ကလဲ အကူအညီ လိုတုန်း ကတော့ ရွှန်းရွှန်း ဝေသလောက် သူ့ ဘက်က ပြန်လည် တုန့် ပြန်ဖို့ ကျတော့ ဘုန်းကြီး ကျောင်းက ဖုန်းနံပါတ်လေး တစ်ခုလောက်ကို ပြန်ပြော ပြဖို့တောင် အလွန် အပန်း တကြီး အလုပ်များ နေလေဟန်နဲ့ တွန့်တို လွန်းရုံမက စကားပါ တင်စီး ပြောဆို လွှတ်လိုက်သေးသည်။

ဟော ခုလဲ နောက်တစ်ယောက်… အမတို့ လုပ်ငန်းကို ကျွန်တော် စိတ်ဝင်စားလို့ ပါဝင် ပါရစေလို့ စတင် တောင်းဆိုလာသူ… ၂ဦး ၂ဖက် ဖက်စပ် လုပ်ပုံ နည်းလမ်းများ ရွေးချယ်ခြင်း၊ တာဝန်ပိုင်းတွေ ခွဲယူ သင့်ပုံနဲ့ အကြောင်းရင်း စတာတွေကို အသေးစိတ် တိုင်ပင် ဆွေးနွေး ခဲ့ကြတာ ဘယ်နှစ်လမှ မရှိသေး။ ခုတော့ သူ့ ဟာသူ တခြားလူတွေ စည်းရုံးပြီး လုပ်ငန်းကို စထားနှင့် ပြီးခါမှ မသိလို့ စလိုက်မိ ကြောင်းနဲ့ ဆင်တူ ၂ခု ရှိနေ တာ မကောင်းလို့ ပူးပေါင်းဖို့ ကမ်းလှမ်း ပါရစေ၊ ဘယ်သူက ဘယ်ဘက်ကို လာပေါင်းရ ပေါင်းရ ပါ ဆို တော့.. အင်းးးး မပေါင်းပြန်လဲ သူတို့က ဒီလောက် သဘောထား ကြီးကြီးနဲ့ ကမ်းလှမ်း တာတောင် ကိုယ် ကပဲ မာန ခံသလို ဖြစ်ဦးမည်။ ပေါင်းတယ် ဆိုတာ နာမည်ချင်း ပေါင်းတာထက် အနှစ်သာရချင်း ပေါင်းတာက ပိုအရေး ကြီးသည်။ လက်ရှိ ပုံစံနဲ့ ပေါင်းရမှာ ကျတော့လည်း လုပ်ပုံ ကိုင်ပုံက …. ခုတည်းက ကျင့်ဝတ်နဲ့ မညီ၊ သြော်.. ဒါမျိုးတွေလဲ ရှိတတ်ပါလားလို့ ကျွန်မ သိပါပြီ အသင်လောက လို့သာ စိတ်ထဲက ကြိတ်အော် မိတော့သည်။

စိတ်မောမောနဲ့ အိပ်ရာထက် ပစ်လှဲ မိရင်း စိတ်ရော လူပါ ဖြေလျှော့ ချလိုက်မိတော့သည်။

ဘယ်လိုလဲ .. စိတ်လျှော့ချင် ပြီလား သမီး

ဘာကို စိတ်လျှော့ ရမှာလဲ မယ်မယ်… ဒေါသစိတ်တို့ သောကစိတ် တို့ ဆိုရင်တော့ လျှော့လို့ ရပါတယ်။ စတည်းက မဖြစ်အောင် သတိထား တာမို့ စိတ်ပျက်မိ ပေမယ့် စိတ်မဆိုးအောင် ထိန်းနိုင်ပါတယ်။ ဒါပေမယ့် သမီးရဲ့ စံနှုံး ကိုတော့ နည်းနည်းမှ မလျှော့ နိုင်ဘူး။ ဒါထက် မယ်မယ်ရဲ့ ပြောပါဦး.. ဘာလို့ သမီးက ဒီလို လူမျိုးတွေ နဲ့ချည့် ခဏခဏ တွေ့နေရတာလဲ။ သမီး ကိုက အနေ မတတ် အထိုင် မတတ် မို့လို့လား။ တချို့ ကလဲ မေးက ငေါ့သေးတယ်.. ချိတ် ချိတ်ချင်းမို့ ချိတ်တာတဲ့။ ဘုန်း ဘုရားကလဲ ပြောသေးတယ်။ ချိတ်ချင်း မဟုတ်လို့ ကိုယ်က ဖြောင့်ပေမယ့် ချိတ်တွေနဲ့ ကန့်လန့်ကြီး ခံနေလို့ သူတို့ လာချိတ်တာ ခံရ တာတဲ့။ သမီးက ချိတ်လား၊ လူကန့်လန့်လား၊ ဘာဖြစ်နေ တာလဲ ကိုယ့်ကိုယ် ကိုလဲ ပြန်ဆန်းစစ် ရလို့ ရူးချင် လာပြီ။ မယ်မယ်ပဲ ဆန်းစစ် ပေးပါဦး…

သမီးက စာမေးပွဲ ဖြေနေ ရတာလေ.. ဒါကြောင့် သမီး စိတ်လျှော့ချင်ပြီလား လို့ မေးတာ
ဘာရယ်.. စာမေးပွဲ

ဟုတ်တယ် သမီးရဲ့ … လူဆိုတာ အခြေခံ သီလ မကောင်းဘဲ သမာဓိ ထူထောင်လို့ မရဘူး။ သီလ ဆိုတာမှာ ကိုယ်ကျင့်သီလ ဖြစ်တဲ့ စာရိတ္တ သီလနဲ့ ၀ါရိတ္တ သီလ ဆိုတာ ရှိတယ်။ ဘုန်းကြီးကျောင်းမှာ ဥပုသ်စောင့် သီလ ယူတာ လောက်ကို သီလလို့ ရဲရဲကြီး မယူဆ နိုင်သေးဘူး သမီးရဲ့။ ဘုန်းကြီးရှေ့မှာ တည်တဲ့ သီလ ဆိုတာ ဘုန်းကြီး ကွယ်ရာမှာ၊ အရေးအကြောင်း ကျဉ်းထဲ ကြပ်ထဲမှာ ဘုန်းကြီးကျောင်းမှာ သီလ ယူထားတဲ့ သူတိုင်း သီလ ကို ဆက်မစောင့် နိုင်ကြ တော့ဘူး။ ဒီတော့ အဲဒီ သီလဟာ ရင်ထဲ အသည်းထဲ ခံယူချက်ထဲ ကိုယ်ကျင့် တရား ထဲမှာ သံမှို ရိုက်သလို မူလီရှည်ရှည် စုပ်ထား သလို စွဲနေရဲ့လား ဆိုတာကို လောကဓံ စာမေးပွဲနဲ့ စစ်မှ ပေါ်တာ… ဒီလို စစ်လျက်နဲ့မှ အောင်တဲ့ သီလကို အခြေခံမှ သမာဓိကို ထူထောင်လို့ ရမှာ သမီးရဲ့
တချို့က ပြောတော့ ဖဲရိုက်တာ၊ ငါးမျှားတာ၊ စီးကရက် သောက်တာလဲ စိတ်ကို ငြိမ်စေတယ် သမာဓိရတယ် ဆိုပဲ မယ်မယ်ရဲ့ ခစ်ခစ်

မကောင်းတာကို လုပ်ပြီး ရတဲ့ သမာဓိက မိစ္ဆာသမာဓိပဲ ဖြစ်မှာပေါ့ သမီးရဲ့။ မဂ္ဂင် ရှစ်ပါးထဲမှာ သမ္မာ သတိနဲ့ သမ္မာ သမာဓိ ဆိုတာ အလကား ထည့်ထားတာ မဟုတ်ဘူးလေ။ သမ္မာ သီလကို အခြေမခံဘဲ သမ္မာ သတိကို တည်လို့ မရဘူး။ သမ္မာသတိ မရှိဘဲ သမ္မာ သမာဓိကို ထူထောင်လို့ကို မရဘူးလေ။ နောက်ပြီး သမာဓိ မခိုင် ဘဲလဲ အရေးကြုံရင် သီလကို မထိန်းနိုင်ဘူးလေ။ ဒီတော့ သမီး ကြုံရသမျှ လောကဓံက သမီးရဲ့ သီလနဲ့ သမာဓိကို စမ်းတဲ့ စာမေးပွဲ တွေပဲပေါ့။
သြော်… ဒါကြောင့် မြတ်စွာဘုရား ပါရမီ ရင့်တဲ့ ဘ၀တွေမှာ လသားအရွယ် ကလေးငယ်လေး သူ့ကို ပြန်သတ် တဲ့ ဖခင်နဲ့ သူ့ကို လေးဘ၀ တိတိ ဆက်တိုက် သတ်ခဲ့တဲ့ မိခင်တို့နဲ့ ကြုံရတာလား မယ်မယ်

ဒါပေါ့ သမီးရယ်… ဒါကို ပညာတိမ်သူ တချို့နဲ့ မိစ္ဆာဒိဌိ တွေက ကောင်းတာ လုပ်လျက်နဲ့ ဆိုးတဲ့ အခြေအနေ ကြုံရတာ အကောင်း အဆိုး ဆိုတဲ့ လုပ်ရပ်တွေရဲ့ အကျိုးဆက် ဆိုတာ မရှိဘဲ ကိုယ်ကိုယ်တိုင်ရဲ့ လိမ်မာ ပါးနပ် မှု နဲ့ လုပ်ရည် ကိုင်ရည် ပေါ်ပဲ မူတည်တယ်လို့ မြင်သွား အယူ ပိုလွဲ သွားတတ် ကြတယ်လေ။ သနားစရာပါ။

ဟင်.. ဒါဆို.. သမီးက ဘာမို့လို့.. ဘယ်သူ မို့လို့ ဒီလို အစမ်းသပ် ခံရတာလဲ …
သမီးမှာ အရေးကြီးတဲ့ တာဝန် တစ်ရပ် ရှိတယ်။ အဲဒီ တာဝန်ကို သီလ အခြေခံ သိပ်ကောင်းပြီး သမာဓိ ခိုင်မာမှု ကြီးတဲ့ သူမှ ထမ်းဆောင် နိုင်မယ်။ ဒါကြောင့် သမီးကို လောကဓံ ပြင်းပြင်းနဲ့ လေ့ကျင့်ပေးပြီး စာမေးပွဲ စစ်နေ တာ..

ဟင် … ဘယ်လို တာဝန်လဲ … ဘယ်သူက ချမှတ်တာလဲ … သမီးကရော ဘာအကြောင်းကြောင့် ဒီတာဝန်ကို ထမ်းဆောင် ရမှာလဲ… ဒါထက် မယ်မယ်ကရော ဘယ်သူလဲ.. သမီးရဲ့ အရင်ဘ၀က အမေလား… ဒါမှ မဟုတ် ခုဘ၀က အမေရင်းက ဘ၀ပြောင်း သွားတာလား

တစ်ယောက်မှ မဟုတ်ပါဘူး သမီးရယ်.. မယ်မယ်က သမီးကို စောင့်ရှောက်ဖို့ တာဝန်နဲ့ လာတာပါ။ သမီးရဲ့ ခမည်းတော်နဲ့ မယ်တော်က လွှတ်ထားလို့ စောင့်ရှောက် နေရ ပေမယ့် သမီးကိုလဲ ငယ်တည်းက သံယောဇဉ် ဖြစ်မိ တာလဲ ပါပါတယ်။

ဖခမည်းတော်နဲ့ မယ်တော်… သူတို့က ဘယ်သူတွေလဲ.. ဘယ်ကလဲ.. သမီးက သူတို့နဲ့ တူတူ မရှိနေဘဲ ဘာလို့ သပ်သပ် ဖြစ်နေရတာလဲ..

သမီးတကယ် မမှတ်မိတော့ ဘူးလား.. သမီးပဲ အလည် ထွက်ချင်လို့ လေ့လာရေး ဆင်းချင်လို့ ဆိုပြီး ခွင့် တောင်းပြီး ထွက်သွား ခဲ့တာလေ.. ဟော်နန်းမှာ ကျူးကျော်သူတွေ လုပ်ကြံလို့ ကိုယ်တော် ဘုရားတို့ အကူ အညီ လိုလို့ သမီးကို သူတို့ ပြန်ခေါ် စဉ်က သမီး ပြန်မလာ ခဲ့ဘူး။ ကိုယ်တော်ကြီး တို့ကလည်း သမီးကို အပြင်မှာ ထားတာဟာ ဟော်နန်း မျိုးဆက် ပြတ်ခဲ့ ရင်တောင် သမီး ကျန်ခဲ့ရင် မျိုးဆက် ကျန်တယ် ဆိုပြီးတော့ သမီးကို လိုလို မယ်မယ် သဘော ထားပြီး ပြန်မခေါ် တော့ဘဲ ချန်ထား ခဲ့ကြတာ သမီးရဲ့… ခုတော့ သမီးရဲ့ အကိုကြီး အစွမ်းနဲ့ လုပ်ကြံ သူတွေ ကျဆုံးလို့ ကျူးကျော် သူတွေ စစ်ရှုံးလို့ သေသူသေ၊ ပြေးသူ ပြေးကုန် ကြပါပြီ။ ကိုယ်တော် ဘုရားတို့ ဘေးကင်း ကြပါပြီ။

ဘာတွေလဲ.. နားမလည်ဘူး.. ဒါဆို ခုလက်ရှိ မိသားစု ၀င်တွေ သမီးအပေါ် ရက်စက် ကြတာ… အတ္တတကြီး ဆက်ဆံ ကြတာ မိသားစုရင်း မဟုတ်လို့လား … ဟုတ်လား.. ဒါဆို သမီးရဲ့ မိသားစု ရင်းတွေ ဘယ်သူ တွေလဲ.. ခုရော ဘယ်မှာ လဲ…

မယ်မယ် ပြောခွင့် မရှိဘူး သမီး… ဘိုးဘေးတွေ ဆိုရင်တော့ မယ်မယ် ပြောခွင့် ရှိပါတယ်။ သမီးရဲ့ မျိုးဆက်ကို ပြန်ရှာချင် သပ ဆိုရင်တော့ ရာဇာဝေနဲ့ တေဇာဝေ ဆိုတဲ့ နာမည် နှစ်ခုကိုသာ မှတ်ထား ပေတော့ သမီး..

ပြူးကျယ် ၀ိုင်းစက်သော မျက်ဝန်း အစုံနဲ့ အံ့သြတကြီး မော့ကြည့် မိတော့ ဖြူမှုန် အေးစိမ့်သော အခိုးအငွေ့ များ တလူလူကြားက အေးချမ်း လင်းချင်းသော အရောင်တို့ ဖြန့်ကျက်လျက် မယ်မယ်က ၀တ်စုံဖြူနဲ့ လှပ ကြည်လင် နေသည်။ ယုံရအခက် မယုံရ အခက်မို့ သူမ ဘာပြန်ပြော ရမယ်မှန်း မသိသောကြောင့် စမ်းသပ်ရန် တစ်ခု တောင်းဆို လိုက်မိသည်။
သမီး မိဘတွေနဲ့ တွေ့ချင်တယ်… သူတို့ကို အပြင်မှာ မြင်ရင်တောင် မမှတ်မိတဲ့သူ မဖြစ်ချင်ဘူး။ မိဘမှန်း မသိလို့ မတော်တဆ စော်ကားမိရင် ဘယ်လို လုပ်မလဲ… သူတို့ ဘယ်သူလဲ .. ဘယ်မှာလဲ…

သမီး ပြန်လာ ခဲ့မယ် ဆိုရင် … အင်း ပြန်လဲ ပြန်လာရ မှာပါပဲ… သမီးဟာ လူ့လောကကို နားလည်ပြီ ဆိုမှတော့ နည်းလမ်း တွေလဲ ရလာ မှာပဲမို့.. ပြန်လာ ဖြစ်မှာ သေချာပါတယ်။ သမီးရဲ့ ခမည်းတော်နဲ့ မယ်တော် တို့ကို သမီး ပြန်မှတ်မိ သင့်ပါပြီ… သူတို့လဲ ဟိုးမှာ သမီးကို မျှော်နေ ကြပါတယ်…

ဟိုးးးးး မှာ…..

ပြောပြောဆိုဆို ညွှန်ပြ ရာကို လှမ်းမျှော် ကြည့်မိတော့ သဲကန္တာရလား နှင်းတောင် တွေလား မသေချာတဲ့ ဖွေး ဖွေး ဆွတ် နေတဲ့ တောင်ထွဋ် တစ်ခု ပေါ်မှာ ထူးဆန်း သပ်ရပ် ထူထဲသော ၀တ်စုံ ကိုယ်စီနဲ့ လူသုံးယောက် လက်များ ဝှေ့ယမ်း ပြနေတာကို ပျပျလေး လှမ်းမြင် လိုက်ရ လေသည်။ ထိုသူ သုံးယောက်ကို အားစိုက် ကြည့် လိုက်မိတော့ သူမရဲ့ ကိုယ်က အဖြူရောင် အလင်းများ ယှက်ဖြာ ကျလာတာကို အံ့သြ တကြီး တွေ့လိုက် ရသ လို ထိုသူ သုံးယောက် ထံက အဖြူရောင် အလင်းလှိုင်း များကလဲ သူမထံကို လွင့်ပျံ ကျရောက် လာကြပြီး လုံးဝ တသားတည်း ကျသွားခိုက် … သူမစိတ်ထဲ မည်သို့ ဖြစ်သည် မသိ… လှိုက်ဖို နွေးထွေး လှုပ်ရှားမှုကို သည်းမခံ နိုင်တော့တဲ့ အဆုံး စကားလုံး တချို့ သူမရဲ့ နှလုံးသား ထဲမှ ပေါက်ကွဲ ထွက်လာပြီး ရင်ခေါင်း တခုလုံး ပဲ့တင် ထပ်လျက် နှုတ်ခမ်း နှစ်လွှာမှ တဆင့် ပွင့်အန် ထွက်လာ ခဲ့လေသည်….

(((ဖုဝှါ))) …. (((မူဟို့))) … (((တာ့ကော))) … (((( နွီအော်.. ဟွေလိုင်)))) ((( နွီအော် ကျင်းဟွေလိုင်))) (((မန့်တာ့ )))
***************************************************************
စွေ့ကနဲ ဆွဲထူ ပွေ့ယူ လိုက်တဲ့ အတွေ့ကြောင့် လန့်ဖျပ် မောဟိုက်စွာ မျက်လုံး အစုံကို ဖွင့်ကြည့် မိတော့ စိုးရိမ် တကြီးနဲ့ ခင်ပွန်းသည်… လက်ထဲမှာလဲ အိပ်ရာဘေးမှာ အဆင်သင့် အမြဲ ဆောင်ထား တတ်သော ရေသန့်ဘူးက အသင့်…

အိပ်မက် ယောင်ပြန် ပြီလား…. မောနေပြီ … စိတ်ကို လျှော့ထားနော်… ဖြည်းဖြည်းချင်း ရေသောက်… ဖြည်း ဖြည်း နော်.. မသီး စေနဲ့.. အင်းး ဖြစ်ရမယ်.. ခုတလော အိပ်မက် ယောင်တာ စိပ်တယ်နော်… ဘာတွေ အတွေးများနေလဲ.. ကြည့်ရတာ ကိုယ့် မိန်းမက တိဘက် တရုတ် သေလို့ ၀င်စားလား မသိဘူးနော်.. တရုတ်စကား မတတ်ဘဲ အိပ်မက်ယောင် လိုက်ရင် အမြဲ တရုတ်လို ချည့်ပဲ ယောင်တာလေ…

အင်းးးး မသိပါဘူး ကိုရာ… ခုန ဘာတွေ ယောင်လိုက် လို့လဲ.. အဲဒါ ဘာအဓိပ္ပာယ် တွေလဲ… ကိုက တရုတ်စကားပြော သင်ထားတာ ဆိုတော့ ကိုပဲ ဘာသာ ပြန်ပေး ပါဦး…

ခမည်းတော်နဲ့ မယ်တော် ဘုရား.. သမီးပြန်လာပါ့မယ် ခဏစောင့် ဆိုပဲ.. ဘာလဲ.. ကို့ကို ထားခဲ့မှာလား

အယ်… အဲလိုကြီးလား အဟီးးး

မချိသွားဖြဲလေး ရယ်ရင်း စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းကုပ်နေတဲ့ သူမကို ကိုက ပြုံးစိစိနဲ့ ကြည့်ရင်း

တရုတ်ကားတွေ ကြည့်ရင်း စိတ်စွဲလို့ လျှောက်ယောင် နေတာ ဖြစ်မှာပေါ့.. ခေါင်းရှုပ် စိတ်ညစ် ခံမနေ ပါနဲ့… ထတော့.. အိပ်ပုတ်လေး.. ကိုက မနက်စာ ဆန်ပြုတ်တောင် ပြုတ်ပေး ပြီးနေပြီ.. ဘုရားဆွမ်းတော် ကပ်ရင်း သူအော်သံ ကြားလို့ ပြေးဝင်လာတာ.. မျက်နှာသစ်နှင့်… ကို ဆွမ်းတော် စွန့်ပြီး အောက်ထပ် ဆင်းလာခဲ့မယ်…

ဟုတ်ကဲ့ရှင့် … သာဓုပါရှင်… ခုလို အမြဲ လိမ်လိမ်မာမာ လုပ်ပေးနော် အဟိ
ဟွန်းးး

(ဆက်လက် ဖော်ပြ ပါဦးမည်။)


Read More...