Sunday, August 3, 2008

ရှမ်ဘဲလားသို့ အပြန်လမ်း (ပဉ္စမပိုင်း)


အော်… ဒါမျိုးတွေလဲ ရှိတတ်မှန်း ကျွန်မ သိပါပြီ အသင်လောက လို့သာ ဟစ်လိုက် ချင်ပါသည်။
ကိုယ့်ဆီက အကြွေးယူတုန်း ကတော့ အလွန်ကို အောက်ကျခံ ကျို့ရို့ နေလို့ ကိုယ်က ပြန်ပြီးတောင် အားမနာဖို့ စိတ်ဆင်းရဲ မခံဖို့ အားပေးရင်း ချက်ချင်း ထုတ်ပေး ခဲ့သလောက် သူပြန် အဆင်ပြေ နေလို့ ကိုယ်က အကြွေး ပြန်တောင်းတော့ မထီတရီနဲ့ ညစာ စားစရာ မရှိတော့ရင် ငါးရာမျိုး တစ်ထောင်မျိုး ယူသွားနှင့်လေ… ကြိုမပြော ထားလို့ လက်ထဲ အကြွေးဆပ်ဖို့ငွေ အသင့် မရှိသေး.. ဆိုင်သစ် ဖွင့်ဖို့ ဆိုင်ခန်း ၀ယ်ထားလို့ပါတဲ့…

နောက်တစ်ယောက်ကလဲ အကူအညီ လိုတုန်း ကတော့ ရွှန်းရွှန်း ဝေသလောက် သူ့ ဘက်က ပြန်လည် တုန့် ပြန်ဖို့ ကျတော့ ဘုန်းကြီး ကျောင်းက ဖုန်းနံပါတ်လေး တစ်ခုလောက်ကို ပြန်ပြော ပြဖို့တောင် အလွန် အပန်း တကြီး အလုပ်များ နေလေဟန်နဲ့ တွန့်တို လွန်းရုံမက စကားပါ တင်စီး ပြောဆို လွှတ်လိုက်သေးသည်။

ဟော ခုလဲ နောက်တစ်ယောက်… အမတို့ လုပ်ငန်းကို ကျွန်တော် စိတ်ဝင်စားလို့ ပါဝင် ပါရစေလို့ စတင် တောင်းဆိုလာသူ… ၂ဦး ၂ဖက် ဖက်စပ် လုပ်ပုံ နည်းလမ်းများ ရွေးချယ်ခြင်း၊ တာဝန်ပိုင်းတွေ ခွဲယူ သင့်ပုံနဲ့ အကြောင်းရင်း စတာတွေကို အသေးစိတ် တိုင်ပင် ဆွေးနွေး ခဲ့ကြတာ ဘယ်နှစ်လမှ မရှိသေး။ ခုတော့ သူ့ ဟာသူ တခြားလူတွေ စည်းရုံးပြီး လုပ်ငန်းကို စထားနှင့် ပြီးခါမှ မသိလို့ စလိုက်မိ ကြောင်းနဲ့ ဆင်တူ ၂ခု ရှိနေ တာ မကောင်းလို့ ပူးပေါင်းဖို့ ကမ်းလှမ်း ပါရစေ၊ ဘယ်သူက ဘယ်ဘက်ကို လာပေါင်းရ ပေါင်းရ ပါ ဆို တော့.. အင်းးးး မပေါင်းပြန်လဲ သူတို့က ဒီလောက် သဘောထား ကြီးကြီးနဲ့ ကမ်းလှမ်း တာတောင် ကိုယ် ကပဲ မာန ခံသလို ဖြစ်ဦးမည်။ ပေါင်းတယ် ဆိုတာ နာမည်ချင်း ပေါင်းတာထက် အနှစ်သာရချင်း ပေါင်းတာက ပိုအရေး ကြီးသည်။ လက်ရှိ ပုံစံနဲ့ ပေါင်းရမှာ ကျတော့လည်း လုပ်ပုံ ကိုင်ပုံက …. ခုတည်းက ကျင့်ဝတ်နဲ့ မညီ၊ သြော်.. ဒါမျိုးတွေလဲ ရှိတတ်ပါလားလို့ ကျွန်မ သိပါပြီ အသင်လောက လို့သာ စိတ်ထဲက ကြိတ်အော် မိတော့သည်။

စိတ်မောမောနဲ့ အိပ်ရာထက် ပစ်လှဲ မိရင်း စိတ်ရော လူပါ ဖြေလျှော့ ချလိုက်မိတော့သည်။

ဘယ်လိုလဲ .. စိတ်လျှော့ချင် ပြီလား သမီး

ဘာကို စိတ်လျှော့ ရမှာလဲ မယ်မယ်… ဒေါသစိတ်တို့ သောကစိတ် တို့ ဆိုရင်တော့ လျှော့လို့ ရပါတယ်။ စတည်းက မဖြစ်အောင် သတိထား တာမို့ စိတ်ပျက်မိ ပေမယ့် စိတ်မဆိုးအောင် ထိန်းနိုင်ပါတယ်။ ဒါပေမယ့် သမီးရဲ့ စံနှုံး ကိုတော့ နည်းနည်းမှ မလျှော့ နိုင်ဘူး။ ဒါထက် မယ်မယ်ရဲ့ ပြောပါဦး.. ဘာလို့ သမီးက ဒီလို လူမျိုးတွေ နဲ့ချည့် ခဏခဏ တွေ့နေရတာလဲ။ သမီး ကိုက အနေ မတတ် အထိုင် မတတ် မို့လို့လား။ တချို့ ကလဲ မေးက ငေါ့သေးတယ်.. ချိတ် ချိတ်ချင်းမို့ ချိတ်တာတဲ့။ ဘုန်း ဘုရားကလဲ ပြောသေးတယ်။ ချိတ်ချင်း မဟုတ်လို့ ကိုယ်က ဖြောင့်ပေမယ့် ချိတ်တွေနဲ့ ကန့်လန့်ကြီး ခံနေလို့ သူတို့ လာချိတ်တာ ခံရ တာတဲ့။ သမီးက ချိတ်လား၊ လူကန့်လန့်လား၊ ဘာဖြစ်နေ တာလဲ ကိုယ့်ကိုယ် ကိုလဲ ပြန်ဆန်းစစ် ရလို့ ရူးချင် လာပြီ။ မယ်မယ်ပဲ ဆန်းစစ် ပေးပါဦး…

သမီးက စာမေးပွဲ ဖြေနေ ရတာလေ.. ဒါကြောင့် သမီး စိတ်လျှော့ချင်ပြီလား လို့ မေးတာ
ဘာရယ်.. စာမေးပွဲ

ဟုတ်တယ် သမီးရဲ့ … လူဆိုတာ အခြေခံ သီလ မကောင်းဘဲ သမာဓိ ထူထောင်လို့ မရဘူး။ သီလ ဆိုတာမှာ ကိုယ်ကျင့်သီလ ဖြစ်တဲ့ စာရိတ္တ သီလနဲ့ ၀ါရိတ္တ သီလ ဆိုတာ ရှိတယ်။ ဘုန်းကြီးကျောင်းမှာ ဥပုသ်စောင့် သီလ ယူတာ လောက်ကို သီလလို့ ရဲရဲကြီး မယူဆ နိုင်သေးဘူး သမီးရဲ့။ ဘုန်းကြီးရှေ့မှာ တည်တဲ့ သီလ ဆိုတာ ဘုန်းကြီး ကွယ်ရာမှာ၊ အရေးအကြောင်း ကျဉ်းထဲ ကြပ်ထဲမှာ ဘုန်းကြီးကျောင်းမှာ သီလ ယူထားတဲ့ သူတိုင်း သီလ ကို ဆက်မစောင့် နိုင်ကြ တော့ဘူး။ ဒီတော့ အဲဒီ သီလဟာ ရင်ထဲ အသည်းထဲ ခံယူချက်ထဲ ကိုယ်ကျင့် တရား ထဲမှာ သံမှို ရိုက်သလို မူလီရှည်ရှည် စုပ်ထား သလို စွဲနေရဲ့လား ဆိုတာကို လောကဓံ စာမေးပွဲနဲ့ စစ်မှ ပေါ်တာ… ဒီလို စစ်လျက်နဲ့မှ အောင်တဲ့ သီလကို အခြေခံမှ သမာဓိကို ထူထောင်လို့ ရမှာ သမီးရဲ့
တချို့က ပြောတော့ ဖဲရိုက်တာ၊ ငါးမျှားတာ၊ စီးကရက် သောက်တာလဲ စိတ်ကို ငြိမ်စေတယ် သမာဓိရတယ် ဆိုပဲ မယ်မယ်ရဲ့ ခစ်ခစ်

မကောင်းတာကို လုပ်ပြီး ရတဲ့ သမာဓိက မိစ္ဆာသမာဓိပဲ ဖြစ်မှာပေါ့ သမီးရဲ့။ မဂ္ဂင် ရှစ်ပါးထဲမှာ သမ္မာ သတိနဲ့ သမ္မာ သမာဓိ ဆိုတာ အလကား ထည့်ထားတာ မဟုတ်ဘူးလေ။ သမ္မာ သီလကို အခြေမခံဘဲ သမ္မာ သတိကို တည်လို့ မရဘူး။ သမ္မာသတိ မရှိဘဲ သမ္မာ သမာဓိကို ထူထောင်လို့ကို မရဘူးလေ။ နောက်ပြီး သမာဓိ မခိုင် ဘဲလဲ အရေးကြုံရင် သီလကို မထိန်းနိုင်ဘူးလေ။ ဒီတော့ သမီး ကြုံရသမျှ လောကဓံက သမီးရဲ့ သီလနဲ့ သမာဓိကို စမ်းတဲ့ စာမေးပွဲ တွေပဲပေါ့။
သြော်… ဒါကြောင့် မြတ်စွာဘုရား ပါရမီ ရင့်တဲ့ ဘ၀တွေမှာ လသားအရွယ် ကလေးငယ်လေး သူ့ကို ပြန်သတ် တဲ့ ဖခင်နဲ့ သူ့ကို လေးဘ၀ တိတိ ဆက်တိုက် သတ်ခဲ့တဲ့ မိခင်တို့နဲ့ ကြုံရတာလား မယ်မယ်

ဒါပေါ့ သမီးရယ်… ဒါကို ပညာတိမ်သူ တချို့နဲ့ မိစ္ဆာဒိဌိ တွေက ကောင်းတာ လုပ်လျက်နဲ့ ဆိုးတဲ့ အခြေအနေ ကြုံရတာ အကောင်း အဆိုး ဆိုတဲ့ လုပ်ရပ်တွေရဲ့ အကျိုးဆက် ဆိုတာ မရှိဘဲ ကိုယ်ကိုယ်တိုင်ရဲ့ လိမ်မာ ပါးနပ် မှု နဲ့ လုပ်ရည် ကိုင်ရည် ပေါ်ပဲ မူတည်တယ်လို့ မြင်သွား အယူ ပိုလွဲ သွားတတ် ကြတယ်လေ။ သနားစရာပါ။

ဟင်.. ဒါဆို.. သမီးက ဘာမို့လို့.. ဘယ်သူ မို့လို့ ဒီလို အစမ်းသပ် ခံရတာလဲ …
သမီးမှာ အရေးကြီးတဲ့ တာဝန် တစ်ရပ် ရှိတယ်။ အဲဒီ တာဝန်ကို သီလ အခြေခံ သိပ်ကောင်းပြီး သမာဓိ ခိုင်မာမှု ကြီးတဲ့ သူမှ ထမ်းဆောင် နိုင်မယ်။ ဒါကြောင့် သမီးကို လောကဓံ ပြင်းပြင်းနဲ့ လေ့ကျင့်ပေးပြီး စာမေးပွဲ စစ်နေ တာ..

ဟင် … ဘယ်လို တာဝန်လဲ … ဘယ်သူက ချမှတ်တာလဲ … သမီးကရော ဘာအကြောင်းကြောင့် ဒီတာဝန်ကို ထမ်းဆောင် ရမှာလဲ… ဒါထက် မယ်မယ်ကရော ဘယ်သူလဲ.. သမီးရဲ့ အရင်ဘ၀က အမေလား… ဒါမှ မဟုတ် ခုဘ၀က အမေရင်းက ဘ၀ပြောင်း သွားတာလား

တစ်ယောက်မှ မဟုတ်ပါဘူး သမီးရယ်.. မယ်မယ်က သမီးကို စောင့်ရှောက်ဖို့ တာဝန်နဲ့ လာတာပါ။ သမီးရဲ့ ခမည်းတော်နဲ့ မယ်တော်က လွှတ်ထားလို့ စောင့်ရှောက် နေရ ပေမယ့် သမီးကိုလဲ ငယ်တည်းက သံယောဇဉ် ဖြစ်မိ တာလဲ ပါပါတယ်။

ဖခမည်းတော်နဲ့ မယ်တော်… သူတို့က ဘယ်သူတွေလဲ.. ဘယ်ကလဲ.. သမီးက သူတို့နဲ့ တူတူ မရှိနေဘဲ ဘာလို့ သပ်သပ် ဖြစ်နေရတာလဲ..

သမီးတကယ် မမှတ်မိတော့ ဘူးလား.. သမီးပဲ အလည် ထွက်ချင်လို့ လေ့လာရေး ဆင်းချင်လို့ ဆိုပြီး ခွင့် တောင်းပြီး ထွက်သွား ခဲ့တာလေ.. ဟော်နန်းမှာ ကျူးကျော်သူတွေ လုပ်ကြံလို့ ကိုယ်တော် ဘုရားတို့ အကူ အညီ လိုလို့ သမီးကို သူတို့ ပြန်ခေါ် စဉ်က သမီး ပြန်မလာ ခဲ့ဘူး။ ကိုယ်တော်ကြီး တို့ကလည်း သမီးကို အပြင်မှာ ထားတာဟာ ဟော်နန်း မျိုးဆက် ပြတ်ခဲ့ ရင်တောင် သမီး ကျန်ခဲ့ရင် မျိုးဆက် ကျန်တယ် ဆိုပြီးတော့ သမီးကို လိုလို မယ်မယ် သဘော ထားပြီး ပြန်မခေါ် တော့ဘဲ ချန်ထား ခဲ့ကြတာ သမီးရဲ့… ခုတော့ သမီးရဲ့ အကိုကြီး အစွမ်းနဲ့ လုပ်ကြံ သူတွေ ကျဆုံးလို့ ကျူးကျော် သူတွေ စစ်ရှုံးလို့ သေသူသေ၊ ပြေးသူ ပြေးကုန် ကြပါပြီ။ ကိုယ်တော် ဘုရားတို့ ဘေးကင်း ကြပါပြီ။

ဘာတွေလဲ.. နားမလည်ဘူး.. ဒါဆို ခုလက်ရှိ မိသားစု ၀င်တွေ သမီးအပေါ် ရက်စက် ကြတာ… အတ္တတကြီး ဆက်ဆံ ကြတာ မိသားစုရင်း မဟုတ်လို့လား … ဟုတ်လား.. ဒါဆို သမီးရဲ့ မိသားစု ရင်းတွေ ဘယ်သူ တွေလဲ.. ခုရော ဘယ်မှာ လဲ…

မယ်မယ် ပြောခွင့် မရှိဘူး သမီး… ဘိုးဘေးတွေ ဆိုရင်တော့ မယ်မယ် ပြောခွင့် ရှိပါတယ်။ သမီးရဲ့ မျိုးဆက်ကို ပြန်ရှာချင် သပ ဆိုရင်တော့ ရာဇာဝေနဲ့ တေဇာဝေ ဆိုတဲ့ နာမည် နှစ်ခုကိုသာ မှတ်ထား ပေတော့ သမီး..

ပြူးကျယ် ၀ိုင်းစက်သော မျက်ဝန်း အစုံနဲ့ အံ့သြတကြီး မော့ကြည့် မိတော့ ဖြူမှုန် အေးစိမ့်သော အခိုးအငွေ့ များ တလူလူကြားက အေးချမ်း လင်းချင်းသော အရောင်တို့ ဖြန့်ကျက်လျက် မယ်မယ်က ၀တ်စုံဖြူနဲ့ လှပ ကြည်လင် နေသည်။ ယုံရအခက် မယုံရ အခက်မို့ သူမ ဘာပြန်ပြော ရမယ်မှန်း မသိသောကြောင့် စမ်းသပ်ရန် တစ်ခု တောင်းဆို လိုက်မိသည်။
သမီး မိဘတွေနဲ့ တွေ့ချင်တယ်… သူတို့ကို အပြင်မှာ မြင်ရင်တောင် မမှတ်မိတဲ့သူ မဖြစ်ချင်ဘူး။ မိဘမှန်း မသိလို့ မတော်တဆ စော်ကားမိရင် ဘယ်လို လုပ်မလဲ… သူတို့ ဘယ်သူလဲ .. ဘယ်မှာလဲ…

သမီး ပြန်လာ ခဲ့မယ် ဆိုရင် … အင်း ပြန်လဲ ပြန်လာရ မှာပါပဲ… သမီးဟာ လူ့လောကကို နားလည်ပြီ ဆိုမှတော့ နည်းလမ်း တွေလဲ ရလာ မှာပဲမို့.. ပြန်လာ ဖြစ်မှာ သေချာပါတယ်။ သမီးရဲ့ ခမည်းတော်နဲ့ မယ်တော် တို့ကို သမီး ပြန်မှတ်မိ သင့်ပါပြီ… သူတို့လဲ ဟိုးမှာ သမီးကို မျှော်နေ ကြပါတယ်…

ဟိုးးးးး မှာ…..

ပြောပြောဆိုဆို ညွှန်ပြ ရာကို လှမ်းမျှော် ကြည့်မိတော့ သဲကန္တာရလား နှင်းတောင် တွေလား မသေချာတဲ့ ဖွေး ဖွေး ဆွတ် နေတဲ့ တောင်ထွဋ် တစ်ခု ပေါ်မှာ ထူးဆန်း သပ်ရပ် ထူထဲသော ၀တ်စုံ ကိုယ်စီနဲ့ လူသုံးယောက် လက်များ ဝှေ့ယမ်း ပြနေတာကို ပျပျလေး လှမ်းမြင် လိုက်ရ လေသည်။ ထိုသူ သုံးယောက်ကို အားစိုက် ကြည့် လိုက်မိတော့ သူမရဲ့ ကိုယ်က အဖြူရောင် အလင်းများ ယှက်ဖြာ ကျလာတာကို အံ့သြ တကြီး တွေ့လိုက် ရသ လို ထိုသူ သုံးယောက် ထံက အဖြူရောင် အလင်းလှိုင်း များကလဲ သူမထံကို လွင့်ပျံ ကျရောက် လာကြပြီး လုံးဝ တသားတည်း ကျသွားခိုက် … သူမစိတ်ထဲ မည်သို့ ဖြစ်သည် မသိ… လှိုက်ဖို နွေးထွေး လှုပ်ရှားမှုကို သည်းမခံ နိုင်တော့တဲ့ အဆုံး စကားလုံး တချို့ သူမရဲ့ နှလုံးသား ထဲမှ ပေါက်ကွဲ ထွက်လာပြီး ရင်ခေါင်း တခုလုံး ပဲ့တင် ထပ်လျက် နှုတ်ခမ်း နှစ်လွှာမှ တဆင့် ပွင့်အန် ထွက်လာ ခဲ့လေသည်….

(((ဖုဝှါ))) …. (((မူဟို့))) … (((တာ့ကော))) … (((( နွီအော်.. ဟွေလိုင်)))) ((( နွီအော် ကျင်းဟွေလိုင်))) (((မန့်တာ့ )))
***************************************************************
စွေ့ကနဲ ဆွဲထူ ပွေ့ယူ လိုက်တဲ့ အတွေ့ကြောင့် လန့်ဖျပ် မောဟိုက်စွာ မျက်လုံး အစုံကို ဖွင့်ကြည့် မိတော့ စိုးရိမ် တကြီးနဲ့ ခင်ပွန်းသည်… လက်ထဲမှာလဲ အိပ်ရာဘေးမှာ အဆင်သင့် အမြဲ ဆောင်ထား တတ်သော ရေသန့်ဘူးက အသင့်…

အိပ်မက် ယောင်ပြန် ပြီလား…. မောနေပြီ … စိတ်ကို လျှော့ထားနော်… ဖြည်းဖြည်းချင်း ရေသောက်… ဖြည်း ဖြည်း နော်.. မသီး စေနဲ့.. အင်းး ဖြစ်ရမယ်.. ခုတလော အိပ်မက် ယောင်တာ စိပ်တယ်နော်… ဘာတွေ အတွေးများနေလဲ.. ကြည့်ရတာ ကိုယ့် မိန်းမက တိဘက် တရုတ် သေလို့ ၀င်စားလား မသိဘူးနော်.. တရုတ်စကား မတတ်ဘဲ အိပ်မက်ယောင် လိုက်ရင် အမြဲ တရုတ်လို ချည့်ပဲ ယောင်တာလေ…

အင်းးးး မသိပါဘူး ကိုရာ… ခုန ဘာတွေ ယောင်လိုက် လို့လဲ.. အဲဒါ ဘာအဓိပ္ပာယ် တွေလဲ… ကိုက တရုတ်စကားပြော သင်ထားတာ ဆိုတော့ ကိုပဲ ဘာသာ ပြန်ပေး ပါဦး…

ခမည်းတော်နဲ့ မယ်တော် ဘုရား.. သမီးပြန်လာပါ့မယ် ခဏစောင့် ဆိုပဲ.. ဘာလဲ.. ကို့ကို ထားခဲ့မှာလား

အယ်… အဲလိုကြီးလား အဟီးးး

မချိသွားဖြဲလေး ရယ်ရင်း စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းကုပ်နေတဲ့ သူမကို ကိုက ပြုံးစိစိနဲ့ ကြည့်ရင်း

တရုတ်ကားတွေ ကြည့်ရင်း စိတ်စွဲလို့ လျှောက်ယောင် နေတာ ဖြစ်မှာပေါ့.. ခေါင်းရှုပ် စိတ်ညစ် ခံမနေ ပါနဲ့… ထတော့.. အိပ်ပုတ်လေး.. ကိုက မနက်စာ ဆန်ပြုတ်တောင် ပြုတ်ပေး ပြီးနေပြီ.. ဘုရားဆွမ်းတော် ကပ်ရင်း သူအော်သံ ကြားလို့ ပြေးဝင်လာတာ.. မျက်နှာသစ်နှင့်… ကို ဆွမ်းတော် စွန့်ပြီး အောက်ထပ် ဆင်းလာခဲ့မယ်…

ဟုတ်ကဲ့ရှင့် … သာဓုပါရှင်… ခုလို အမြဲ လိမ်လိမ်မာမာ လုပ်ပေးနော် အဟိ
ဟွန်းးး

(ဆက်လက် ဖော်ပြ ပါဦးမည်။)


2 comments:

တန်ခူး said...

ဇာတ်ရှိန်တက်လာပြီလှိုင်ရေ… မှန်မှန်လေးတင်ပေးနော်… မယ်မယ်နဲ့ ပြောစကားလေးတွေက မှတ်သားစရာတွေ အများကြီး…

myatnoe said...

မျှော်နေတယ်.. အမြန်ဆက်ပါ နှမတော်...
အမိန့်တော် ချတယ်.. အမြန်ဆက်တော်မူကွဲ့...