Showing posts with label ၀တ္ထုတို. Show all posts
Showing posts with label ၀တ္ထုတို. Show all posts

Saturday, April 2, 2011

ချစ်ခြင်းငယ်ပြိုင်

အချစ်နဲ့ ပတ်သက်လာရင် Tag မှကို ရေးဖြစ်နေတော့တာ… အရင်တုန်းကလဲ ဘ၀လက် တွဲဖော် နဲ့ အချစ် ဆို သည်မှာ ကို တဂ်လာလို့ ရေးဖြစ်ခဲ့တာ… ခုလဲ အမသက်ဝေက အချစ်အကြောင်း ပြောရအောင် တဲ့။ ခက်တာ က အရင်အခေါက်တွေ တုန်းက ရေးလိုက်တာ လက်လွန်သွားတယ်။ ထပ်ရေး ရအောင်ကလဲ အကြောင်း အရာ တွေ ထပ်ကုနမှာကို မရေးချင်… ဒီလိုနဲ့ တိတ်တိတ်ကလေး နေရင်း သူများရေးတာတွေ ချောင်းရင်း နဲ့ ရှိစုမဲ့စု အိုင်ဒီယာနဲ့ မှတ်ဥာဏ် ကို ကြံကြိတ်စက်ထဲ ထည့်ပြီး ညှစ်ထုတ်နေတုန်း ဆုံးမစာလေး တကြောင်းက နားစည် ကို ပြန်ရိုက်ခတ် ကြားယောင် လာခဲ့ပါတယ်။

တန်းတူ တွေ့ရင် မေတ္တာဝင်… မ၀င်နိုင်က ပြိုင်တတ်တယ်… ပြိုင်မယ့် အစား မေတ္တာပွား … စိတ်ထား ပြုပြင် ပြောင်းပါ့မယ်…
++++++++++++++++++++++++++

အကားရေ… ကျောင်းဆရာ ဆီက စာ ကျွန်တော် မေးလ်ပို့ထားတယ်နော်… နောက်လ သွားတဲ့အခါ ထည့်ပေး ရအောင် အမ စာရေး ပို့ထားပါဦး
အိုကေ ချိုတေးဖိုက်… ကျေးဇူးနော် အမရေးထားမယ်
ဘိုင် အကား… ကျွန်တော် လစ်ဦးမယ်
ဘိုင်.. တိတ်ကဲနော်

ကုလားလေးလို့ နောက်ရင်းပြောင်ရင်းနဲ့ မောင်နှမ အရင်းလို ခင်ရတဲ့ သူငယ်ချင်းရဲ့ ညီငယ်လေး… သူက နရသိန်စံ သူ့ အကိုနဲ့ ကိုယ့်ကို အဆက်အသွယ် လုပ်ပေးတဲ့ ကျေးဇူးရှင်လေး… သူ့ကြောင့် ကိုယ်တို့ အရင်း နှီးဆုံး သူငယ်ချင်းတွေ ဒီ၃နှစ်ကျော် လေးနှစ်အတွင်းမှာ အဆက်အသွယ် မပြတ်ခဲ့ကြ။ မေးလ်ကို ဖွင့်ဖတ်လိုက် တော့ ၂လကြာ အဆက်အသွယ် ပြတ်မှု အတွက် စိတ်ဆိုးနေရင် စိတ်ဆိုးပြေပါ ဆိုတဲ့ သူငယ်ချင်းရဲ့ စာလေး ကို ဖတ်ရသည်။ ကိုယ်စိတ်ညစ်ရတဲ့ အခါတိုင်း သူက အမြဲ ဖြန်ဖြေ ဖြောင်းဖျပြီး အကျိုးသင့် အကြောင်းသင့် ပြေရာ ပြေကြောင်း ပြောတတ်တဲ့ တိုင်ပင်ဖော် တိုင်ပင်ဖက်။ ပူအမျှ လို့ ပြောရင်း ဆိုရင်း ခင်မင်မှု သက်တမ်း တွေ တိုးလာရတာကို စာအဆက်အသွယ် ပြတ်ရုံလေးနဲ့ စိတ်ဆိုး စရာလား သူငယ်ချင်းရယ်။
+++++++++++++++++++++++++++++++++++++++++

ထစ်ခနဲရှိ ငါက နင့်ကို စိတ်ဆိုးနေတယ်ချည့် ထင်နေတော့တာပဲ။ ငါ နင့်ကို ဘယ်နှခါ စိတ်ဆိုးဖူးလဲဟဲ့။ ငါ နင့်ဆီ စာမရေးဖြစ် တာ နင့်ကို စိတ်ဆိုးနေတာ မဟုတ်ဘူး။ ငါ့ဟာငါ ပွဲဆက်တွေ များနေတာ။ နင့်ဆီစာ မရေးဖြစ်ပေမယ့် နင့်ကို သတိရကြောင်း နင်ကတော့ ပူအမျှ ဆိုရင် သတိကရပြီလို့ နောက်တော့မယ် ထင် ကြောင်း ဖေ့စ်ဘွတ်ခ်ပေါ် ရေးတင်ထားလို့တောင် ငယ်လေး တို့က ၀င် ကောမန့် ပေးခဲ့ကြသေးတယ်။ နင့်ကို နောက် နေကျ စကား လိုပေါ့။ အရှုပ်တွေ လုပ်ထားတော့ အလုပ်တွေ ရှုပ်နေ တာဟေ့။ နာဂစ် ဒဏ်သင့် ကလေး တွေ အတွက် ကျောင်းထောင်ပေးတာ အလှူရှင် ယောင်ဆောင် လှူချင်ယောင် ဆောင်ပြီး သတင်းမေးပြီး ငါတို့ ကပဲ လိမ်စားနေသလို မဖြစ်ညစ်ကျယ် ဟန်ပြလုပ်စား နေသလို အပုပ်ချ စော်ကားပြီး ဘလော့ပေါ် တင် အရှက် ခွဲ ခံရလို့ဟေ့။ လုပ်တဲ့ မမက ငါတို့ကျောင်းက စီနီယာပဲ။ ကော်မတီဝင် ဘုန်းဘုန်းတွေကိုပါ နှပြားမတန် ရေး တင် ထားလို့ င့ါမှာ ပြန်ရှင်းယူရတယ်။ ဒါက တပူ။ နောက်တပူကလဲ ကျောင်းက ဟာတွေနဲ့ပဲ ပတ်သက်တယ်။

ငါတို့ လှိုင်သာယာမှာ မတက်ခင် မှော်ဘီမှာ တက်တုန်းက ကျောင်းကြော်ငြာ သင်ပုန်းမှာ ကဗျာတွေ အပျော် ရေးကပ်ကြတယ် လေ။ အဲ့မှာ ကဗြောင်တွေ (နောက်ပြောင် ထားတဲ့ ကဗျာ တွေ) တိတ်တိတ် သွားကပ် ထား ကြတဲ့ သူငယ်ချင်း ကျောင်းသား တယောက်က နောက်တော့ ငါ့အကြောင်း ကောလဟလ သတင်းတွေကြောင့် အထင်လွဲပြီး ဆက် မခင်ဖြစ်တော့ဘဲ ကျောင်းက မမ တယောက်နဲ့ ညားသွားပြီးမှ အခုမှ သူ့လူကလဲ ငါ့ အကြောင်းတွေ ပြန်သိ သူကလဲ သူ့လူ အခြေအနေမှန်တွေ ပြန်သိ တော့ မမက လူတကာ လည်ငိုပြပြီး ငါ့ကို အရှက်တွေ ခွဲပါလေရော။ ငါလေ အဲဒီ အချိန် နင့်ကို တအား သတိရတာပဲ။ ဘာ လို့လဲ သိလား။ ငါ အထိန်း သိမ်းဆုံး ကိစ္စနဲ့ ပတ်သက်ရင် ဆတ်ဆတ်ထိ မခံ တတ်တဲ့ငါ အဲဒီအချိန်မှာ လုပ်မိတော့မလို ဖြစ် သွား တဲ့ ကိစ္စ ၁ခု ရှိတယ်။ ငါ ကိုယ်တိုင် က အဲဒီ သူငယ်ချင်းကို မိန်းမနဲ့ ပြန်ပေါင်းဖို့ ကလေး မျက်နှာ ထောက်ဖို့ ဖြောင်း ဖျထားတဲ့ ချတ်လော့ တွေ ငါ့ဆီမှာ ရှိတယ်လေ။ အဲဒါတွေ ငါပြန်တင် လိုက်ရလို့ ကတော့ ဆိုပြီး စိတ်ရိုင်း ၀င်လာတယ်။ ဒေါမကန် ခံနိုင်ရိုးလား သူလဲ သူ့မိသားစုနဲ့ သူ၊ ကိုယ်လဲ ကိုယ့်မိသားစုနဲ့ကိုယ် ပြီးတော့ နေကြတာ တနိုင်ငံစီ။ နင့် စကား ၂ခွန်း ကြောင့် ငါ လက်တုံ့ မပြန်ဖြစ်လိုက်ဘူး။
ငါတို့ နောက်ဆုံးနှစ်က ကျူရှင်တ၀ိုင်းမှာ တခြားမေဂျာ ၂ခုက နာမည်ကြီး မမ ၂ယောက်ရဲ့ ဘဲတွေနဲ့ ငါတို့ ကျူရှင် တ၀ိုင်း တည်း ကျတုန်းက အဲဒီကျောင်းသားတွေရဲ့ ကားနဲ့ ဆရာမကို တလှည့်စီ ကြိုပို့ လုပ်ကြတယ်။ ဆရာမ အိမ်ကို သွားတဲ့လမ်းနဲ့ ငါ့အိမ်နဲ့ လမ်းကြုံလို့ ဆရာမက ကားကြုံ လိုက်ဖို့ ခေါ်တယ် ကျောင်းသား (ငါတို့ အတန်းသား သူငယ်ချင်းတွေ ပါပဲ) တွေကလဲ ကားကြီးချောင်နေတာ လိုက်ခဲ့ ဆိုလို့ ဆရာမနဲ့ တူတူ ကားကြုံ စီးဖြစ် တာကို မချောတွေက မျက်နှာ ရှစ်ခေါက်ချိုးနဲ့ သူတို့ ဘာသာ မဟုတ်ဘဲ ကျူရှင် လိုက်တက် ငါ့ကို စောင်း မြောင်း ပြော လို့ ငါ စိတ်ဆိုးတုန်းက နင် ငါ့ကို ဖြောင်းဖျတဲ့ စကားလေ။
“လူတွေဟာ ကိုယ့် ခံစားချက် ဒုက္ခကိုမှ တလောက လုံးမှာ အကြီးဆုံး အဆိုးဆုံး ထင်တတ်ကြတယ်” ဆိုတဲ့ စကားရယ်၊
“နင်က အဲ့လူတွေကို အထင် မကြီးပေမယ့် သူတို့ ဘဲတွေကိုတော့ တလောကလုံးမှာ အချောဆုံး အကောင်း ဆုံး အတော်ဆုံး လို့ သူတို့ကတော့ ထင်မှာ ပေါ့ဟဲ့” ဆိုပြီး နင် ရီမောရင်း ပြောတဲ့ စကားရယ်ကို ငါ သတိရ သွားလို့ ကိုယ်ချင်း မစာပေမယ့် သူချင်းစာပြီး ငါ လက်တုန့် နှုတ်တုန့် မပြန်လိုက်ပါဘူး။ ငါ့ရဲ့ ဘ၀မှတ်စု ထဲ မှာတော့ ကိုယ်တွေ့ပေါ် အခြေခံတဲ့ ကောက်ချက် တခု ချလိုက်မိတယ်။

တချို့ လူတွေဟာ သူတို့ရဲ့ လူသိမခံ နိုင်တဲ့ လျှို့ဝှက်ချက်တွေကို တယောက်ယောက်က သိသွားပြီဆိုရင် ဒါမှမဟုတ် သိသွားပြီ လို့ ထင်ရင် လက်ဦး မှု ယူပြီး သူတို့အဖြစ်ကို သူများအဖြစ်လုပ်၊ သူတို့ ကိုယ် သူတို့ ကာကွယ်ဖို့ သူများအမြင်မှာ သူတို့ကို အ ထင်ကြီးဖို့ သနားဖို့ လက်ဦးမှု ယူပြီး လုပ်ဇာတ် ခင်း တတ်ကြတယ်
လို့လေ။ ငါ လက်တုံ့ပြန် မဖြေရှင်း တာ ငါ့ဘက်က မလုံလို့ လို့ တချို့က ပြောလိမ့် ဦးမယ်။ ငါ လက်တုံ့ပြန်လို့ ငါ့ဘက်က ဒေါသ ပြေနိုင်ပေမယ့် သူတို့ချင်း ဆက် ဖြစ်မယ့်နောက်ဆက်တွဲ ကြားမှာ လူမမယ် ကလေး တွေပါ ကြားညပ်ပြီး စိတ်ဒဏ်တွေ သင့် ကုန်မှာ၊ လူရှေ့တမျိုး ကွယ်ရာ တမျိုး မာယာ တောထဲက ရုန်း ထွက်ဖို့ ကြိုးစားတိုင်း မိန်းမပွေချင်လို့ လို့ ခေါင်းစဉ်တပ် သမိုင်းဖျက် ခံနေရတဲ့ သူငယ်ချင်းကို ငဲ့တာရော ပြီးတော့ ဆဒ္ဒန်ဆင်မင်းက စူဠသုဘဒ္ဒါကို မုန်း သံယော ဇဉ် ဖြတ်ဖို့ အလျော့ပေး လိုက်တာတွေကို တွေးမိပြီး ငါ စိတ်လျှော့ လိုက်တာပါ။

လူတွေဟာလေ... အချစ်နဲ့ ပတ်သက်ရင် အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူးဆိုပြီး တဖက်သားရဲ့ အနေ အထား ခံစားချက်နဲ့ သိက္ခာကို နည်းနည်းမှ မငဲ့ကြဘူး။ ကိုယ့်ခံစားချက် တခုကိုပဲ ရှေ့တန်းတင်လို့ လက်ဦးမှု ယူချင်ကြတယ်။ တဖက်သားလဲ အသက်နဲ့ အရှက်နဲ့ စဉ်းစားဥာဏ်နဲ့ လူပါလား ဆိုတာကို မစဉ်းစားမိ နိုင်လောက်အောင် ဘာလို့ အဲလောက် ပူလောင်ကြတာ လဲ မသိဘူးနော်။ ကိုယ့်စိတ်ကိုယ် ဆန်းစစ်မှု အားနည်းကြ တာလား ဘာလဲ တော့ မသိဘူး။ မေတ္တာရဲ့ အဓိပ္ပာယ်ဟာ အကျိုး ကို လိုလားခြင်း လို့ နင့်စာထဲမှာ ပါတဲ့ အတိုင်း ငါလဲ အဲလိုပဲ ခံယူမိတာပါပဲ။ တချို့လူတွေကတော့ ချစ်ခြင်းမေတ္တာ အစား ချစ်ခြင်း ရမက်တွေ ချစ်ခြင်းအတ္တတွေ ချည့်ပဲ ကြီးမား နေကြသလား လို့တော့ ငါကတော့ တွေးမိတယ်ဟာ... ချစ်ခြင်းမေတ္တာ ဆိုရင် ငြိမ်းချမ်း အေးမြ နေရမှာမို့လား။ ခုတော့ သူတို့မှာ ပူလောင် လိုက်ကြတာဟယ်...

နင်ကတော့ နင့်သူငယ်ချင်းငါ တော်တော် စိတ်တွေ ပြောင်းကုန်ပါလား အရင်လို စိတ်မကြီးတော့ပါလားလို့ ထင်မယ်။ လောကဓံ တွေက ထုလွန်း ထောင်းလွန်းလို့ စိတ်ပျော့ သွားတာတော့ မဟုတ်ဘူးဟ။ နာဂစ် ထူ ထောင်ရေး ကော်မတီဝင် ဘုန်းဘုန်း ဦးဇောတိက က မိန့်တယ်။ လူတွေဟာ သူတို့ ပါရမီ ရင့်သလောက် ရှိသလောက်ပဲ လူသားဆန်နိုင်တယ်တဲ့၊ အသိဥာဏ် ပါရမီ အတန်အသင့် ပါတဲ့ လူတွေတောင် သူတို့မှာ အကုသိုလ် အကျိုးပေးမယ့် ကံကဖိစီးလာပြီ ဆိုရင် အမှန်ကို မမြင်နိုင်ဘဲ အမှား တွေကို တဇွတ်ထိုး လုပ်တတ် တယ် ခွင့်လွှတ် သည်းခံ နားလည် ပေးလိုက်ပါတဲ့။ ဘုန်းဘုန်းမိန့်တာကို ငါ ကောင်း ကောင်း သဘောပေါက် လိုက် တယ်။ သူ့မှာမှ ဒီလောက်ပဲ ဆင်ခြင်တုံ တရား ပါတာကို မဆင်ခြင်ရ ကောင်းလားလို့ ကိုယ်က ခွင့်မ လွှတ် နား မလည် နိုင်ရင် ကိုယ်ပဲ ခံစားရမှာ ဆိုတော့ ၂ခါ နာတယ်လေ။ ခွင့်လွှတ် နားလည် သည်းခံ တာဟာ သူများ ကောင်း ဖို့ မဟုတ်ဘဲ ကိုယ်ကောင်းဖို့ ဆိုတာ ကိုလဲ သဘောပေါက် လိုက်တယ်။ စံပြ ဆိုတာ တွေကို စာတွေ့ အရ မြင်ပါ ဖတ်ပါ များလို့ ကြိုက်တတ် နေခဲ့ပေမယ့် ခုတော့ လူတိုင်းကို ကိုယ့်ရဲ့ ပေတံနဲ့ လိုက်တိုင်းလို့ မဖြစ် ဘူး ဆိုတာကို ကောင်း ကောင်းကြီး နားလည် သွားတာလဲ ဖြစ်မယ်။ သူတို့မှာတော့ သူတို့ ခံယူ ကျင့်သုံး ခဲ့တဲ့ စကေးနဲ့ ပေတံက ကိုယ်နဲ့ ဘယ်တူ နိုင်မလဲလေ။ ဒီလောက်ဆို ငါ့အပူတွေနဲ့ ငါ ရှုပ်နေတာ နင့်ကို စိတ်ဆိုး နေတာ မဟုတ်ဘူးဆိုတာ သိသာရောပေါ့။ ဆင်ခြေ ပေးနေတာ မဟုတ်ဘူးနော်။

+++++++++++++++++++++++++++++
သူငယ်ချင်းဆီ ရေးလက်စ စာကို ခဏရပ်ပြီး သူနဲ့ ကိုယ် တက္ကသိုလ် တူတူ တက်ချိန်က အကြောင်းတွေ အတွေးထဲ ပြန်ဝင် လာခဲ့သည်။ ကျောင်းပြေးလွန်းလို့ ကိုယ့်အတန်း ကိုယ် ဘယ်နား တက်ရမှန်းတောင် မသိ ခဲ့တဲ့ ကိုယ်က သူငယ်ချင်း လူရင်း တွေ စာပြပေးမှု ကျေးဇူးကြောင့် စာမေးပွဲတော့ တနှစ်တတန်း မှန်မှန်အောင် ခဲ့သည်။ စတုတ္ထနှစ် စာမေးပွဲအပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေထဲ လက်တွေ့ကွင်းဆင်းတော့ ကိုယ်နဲ့ တဖွဲ့တည်း တာဝန်ကျမယ့် ကျောင်းသူ ကျောင်းသားတွေ ဘယ်သူတွေ လဲ ဆိုတာကို လုပ်ငန်းခွင်ထဲရောက်မှ AE ကိုမေးတော့ ကံထူးရှင် ကျွန်မ တယောက်တည်း မိန်းမ… ကျန်သူ အားလုံးက ယောက်ျား လေးတွေချည့် @#$% ကိုယ့်ကံကို နဖူးပုတ်ရင်း သူတို့ကို မေးလိုက်သည်

နင်တို့က PTU ကလားဟေ
ဟမ် ကျောင်းပြေး… လေးတန်း စာမေးပွဲ ဖြေတော့ နင့်နောက်ခုံမှ ထိုင်တာ ငါဟဲ့
ဟေ… သေရော… အဲဒါ နင်လား အဟီး ငါက နင့်ကို တခါမှ မမြင်ဖူးလို့ဟ
အေး ငါကတော့ မီးပြတိုက်လို ဖြစ်နေတဲ့ နင့်အရပ်ကြီးကို မြင်လဲ မြင်တယ် မှတ်လဲ မှတ်မိတယ်
သေလိုက် ဟီးဟီး

ဒီလိုနဲ့ အဖွဲ့ကျ ခင်မင်တဲ့ သူငယ်ချင်း… ကျောင်းတွေ ပြန်ဖွင့်တော့ ကော်ရစ်ဒါ ထောင့်ချိုးမှာ ပြန်အတွေ့ စပ်ဖြဲဖြဲ မျက်နှာပေးနဲ့
ဟဲ့ နင့် AE ကြီးနဲ့ တွေ့သေးလား
တွေ့ပါ့
နင်နဲ့ ဘယ်မှာ တွေ့တာတုံး
အိမ်လိုက်လာတာလေ.. ငါတို့ လိပ်စာတွေ အချက်အလက်တွေက ကျောင်းသားရေးရာက သက်ဆိုင်ရာ လုပ်ငန်းခွင်တွေကို ပေးထားတာကိုးး သူ ဆိုဒ်တွေ လိုက်စစ်ရင်း လမ်းကြုံလို့တဲ့
ဟီးဟီး ငါထင်သားပဲ သူက သဘောကောင်းပါတယ်ဟ
ကောင်းနေ.. ငါ နောက်အပတ်ထဲ မင်္ဂလာဆောင်တော့မှာကို သူ့ကို ပြောထည့်လိုက်ပြီ
ဟေ… ဘာလို့တုန်း
သူက ရှေ့မတိုးနောက်မဆုတ်နဲ့ အကြောင်းရှာပြီး ကဒီးကဒီး လာနေတာ နှင်ထုတ်လို့လဲ မကောင်း ငြင်းလွှတ်ရအောင်ကလဲ ဘာမှ မပြောနဲ့ အိမ်က မေးလှပြီ ငါခေါင်းရှုပ်လာပြီ
သူက နင့်မင်္ဂလာဆောင် လာမယ် လို့ မပြောဘူးလား အဲလိုဆို နင်ညာတာ ပေါ်မှာပေါ့
ပြောတယ် ငါ့ယောက်ျား သ၀န်တိုမှာ စိုးလို့ မလာနဲ့လို့ပြောလိုက်တယ်
သူက ယုံမှာ မဟုတ်ဘူးဟ
မယုံလဲ ရှေ့ဆက် မတိုးသင့်ဘူး ဆိုတာတော့ သိသွားမှာပေါ့
နင်ကလဲ သူ့ခမျာ သနားပါတယ်
သနားရင် နင်ကြိုက်လိုက်
ယောက်ျားချင်းမို့ပေါ့ဟာ ပြီးတော့ သူကမှ ငါ့ကို မကြိုက်ဘဲ ဟီဟီ
ဟားဟားဟား
ဒါ့ထက် ဆိုဒ်ထဲကို နောက်ပိုင်း နင်ခေါ်လာတဲ့ နင့်သူငယ်ချင်း ကောင်မလေး ၂ယောက်ရော
ဟူးးး သိပါဘူးဟာ… အဲ့ AE ငါတို့ တရားစခန်းဝင်တဲ့ ရိပ်သာ လိုက်လာပြီးတည်းက ငါ့ကို ဘာအထင်လွဲတယ် သိဘူး ရှောင်ဖယ်ဖယ်နဲ့
ဟင်.. သူက ရိပ်သာထိ လိုက်လာတာလား…
အင်း ဟိုတယောက်က ငါတို့ တူတူ ရိပ်သာဝင်မယ့်အကြောင်းပြောလိုက်တယ်လေ။ အဲဒါ ဟိုက လိုက်လာပြီး ငါတို့ စားဖို့ သောက်ဖို့ လာပေးရင်းနဲ့ အင်းး
ဟ… ကံကောင်းလှချည်လား
ကောင်းနေ… အဲဒီနေ့က ငါ့မွေးနေ့ ဆိုတာ သူက ကိုယ်ရေးအချက်အလက်ထဲ တွေ့လို့ ဆိုပြီး ငါ့နာမည်နဲ့ သူ လှူခဲ့တဲ့ ဖြတ်ပိုင်းကို မွေးနေ့ လက်ဆောင်ပေးလို့ … ငါရေသွားချိုးတုန်း အဲ့လက်ဆောင်တွေ အားလုံးကို ဟို၂ယောက်က အမှိုက်ပုံးထဲ ပစ်လိုက်တယ်
ဟင်
ဘေးနားမှာ တချိန်လုံး ငြိမ်နေတဲ့ ရခိုင်မလေး ချောစု ဆီက အသံထွက်လာပါတော့သည်
ချောစု။ ။ နင်တို့ ၂ယောက်က ဆိုဒ်ထဲ တူတူ ကျတာလား
အေးလေ
ချောစု။ ။ သြော် သဘောပေါက်ပြီ
ဘာတွေ ပေါက်တာလဲ
ချောစု။ ။ ငါ့ကို ဟို၂ယောက်က လာပြောတယ်။ ခုမှ ငါက နယ်က ပြောင်းလာတာမို့ မသိသေးဘူး ထင်တယ် နင်က သူများ ရည်းစားကို လိုက်လုတတ်တဲ့ အကျင့်ရှိလို့သူတို့က ဆက်မပေါင်းတော့တာတဲ့။ နင်နဲ့မပေါင်းနဲ့တဲ့
ဟောဗျာ… ဟောတော့
ချောစု။ ။ ပြီးတော့ နင်က တော်တော်တော့ စွမ်းတယ်တဲ့ ဘယ်လိုတွေ အီထားလဲတော့ မသိဘူး ဒီ လောက် တနေ့ တယောက် တွဲနေတာတောင် မှ ယောက်ျားတွေက နင်မှ နင်တဲ့။ ငါတို့လို ကျူရှင်တူ ကျောင်း တူ တက်ဖူးတဲ့ လူရဲ့ စကားတောင် မတိုးဘူးတဲ့ ဟိုအတန်းကြီး အကိုကြီးတွေဆို သည်းသည်းလှုပ်တဲ့ အခန်း ရှေ့မှာ မနက်ကတောင် လာရပ်နေသေး တယ်လေ အဲ့တယောက်ကို ပြောတာ
အမ် .. သူက အိမ်ရှေ့ မနက်ဆို ကားပါကင် လာထိုး ရပ်စောင့် သွားလေရာ ကားဘီးတလိမ့်ချင်းလိမ့်ပြီး လိုက် ပြီးတော့ တို့ သူငယ်တန်းတုန်းက အတန်းပိုင် ဆရာမရဲ့ သမီး စက်မှု မေဂျာက စတုတ္ထနှစ်မှာ သင်္ချာသင်တဲ့ ဆရာမရဲ့ ကျူရှင်က တို့အိမ်နဲ့ ကျောချင်းကပ်လေ အဲဒီမှာ လာကျူရှင် တက် ပြီး တို့အကြောင်းစုံစမ်းသွားတဲ့ လူကြီးလေ။
ချောစု။ ။ အယ်.. ဒီလိုဆိုတော့ နင့်အကြောင်း ဟိုတယောက်က အကုန်သိနေမှတော့ သူတို့ အဲလို လည်ပြော တာ ဘယ်ယုံတော့မလဲ သူတို့ကလဲ ဒုက္ခ ပါပဲနော်….
ဖြစ်ရလေဟယ် နင့်အဖြစ်ကလဲ... နင်က သူများရည်းစား လုတတ်တဲ့ အကျင့်ရှိတယ် ပြောရအောင် ဘယ်သူ့ ရည်းစားက နင့် ကို ပိုးနေလို့ နင်ကရော ဘယ်သူ့ရည်းစားနဲ့ တွဲနေလို့လဲ... နင့်ကို သူတို့က တော်တော် အထင်ကြီးကြတာနော် အဟိ
အာာာ နင်က တမျိုး... ထားလိုက်ပါဟာ။ ဒါထက် ချောစုရဲ့ ရှင်က သူတို့ အဲလောက် တားတဲ့ကြားက ဘာလို့ ငါနဲ့ ဆက်ပေါင်းတာလဲ
ချောစု။ ။ တကယ် ဟုတ်မဟုတ် သိချင်လို့ ခွိ
((( ဟားဟားဟား )))
+++++++++++++++++++++++++++++++

ဟေးးး နင်ရှိနေလား
ဟယ်အောင်မိုးးး နင်က ခုမှ အွန်လိုင်း မတက်စဖူး တက်လို့ ပျောက်လှချည်လား
ပျောက်ဆို သားလေးမွေးလို့ဟ ဟီဟီ
ဟားဟား သားရှင်ကြီး ကိုးးး ကွန်ဂရက်ကျူလေးရှင်းဟာ ဒါထက် သက်စုရော နေကောင်းလား
အေး ကောင်းတယ်ဟ ၀ဖြီးလို့.. နင်ရော
ငါလဲ ကောင်းပါတယ်ဟ တမိသားစုလုံး အေးဆေးပဲ ဒေါင်ဒေါင်မြည်ရော ဒေါင်းဒေါင်းပြေးရော
ဟားဟား ဒါထက် နေမျိုးရော
အေးဟာ သူလဲ ဟိုတလောက သွေးတိုးလို့တဲ့
အေးဟာ ငါလဲ စာရေးပြီး ပို့ထားပါဦးမယ် ငါလဲ သတိရပါတယ်ဟာ ကလေးငိုနေပြန်ပြီဟ ငါပြေးလိုက်ဦးမယ် နော်
အေးအေး
အောင်မိုးပြန်ထွက်သွားတော့ ရေးလက်စ စာဆီကို စိတ်က ပြန်ရောက်ရင်း တဆက်တည်း ကျောင်းတုန်းက သူငယ်ချင်း ၃ယောက် အကြောင်း ပြန်တွေးမိလို့ ပြုံးရပြန်သည်
အောင်မိုး… နေမျိုး နဲ့ ကျွန်မ
+++++++++++++++++++++++++++++++++++++
ဟဲ့ နင်က ကျောင်းရော ပြီးအောင် ဆက်တက်ဦးမှာလား ကျောင်းပြေးလှချည်လား
ကျောင်းကဲင်တင်းမှာ ခေါင်းမဖော်တမ်း တယောက်တည်း စားသောက်နေတုံး အသံကြားတော့ ခေါင်းမော့ ကြည့်လိုက်တော့ မျက်မှောင်ကြုတ်ရင်း ကျောင်းပြေးကို ဖမ်းမိတဲ့ ဆရာရဲ့ မျက်နှာပေးနဲ့ သူငယ်ချင်း နေမျိုး … ပြောပြောဆိုဆို လွတ်နေတဲ့ ကုလားထိုင် ဆွဲယူ ထိုင်ရင်း သူလဲ မှာစားတာကို ပြီးအောင် စောင့်ပြီးမှ

ငါ့အဖေ ဆေးရုံတက်ရတာနဲ့ တိုဖယ် ဖြေရတာနဲ့ ငါ့အမေ ဖြေခိုင်းလို့ ဂျပန်စာ သံရုံးက စစ်တဲ့ စာမေးပွဲ ဖြေရ တာနဲ့ လက် ကို မလည်ပါဘူးဟာ။ မသွားဖြစ်သေးခင်တော့ အချိန်မီရင်လဲ ကျောင်းက စာမေးပွဲ ဖြေဦးမှာပေါ့
ကြည့်လဲလုပ် ဂေါက်နေဦးမယ်
ခုတောင် နည်းနည်းဂေါက်နေပြီ ထင်တယ် အဟီး
ဒီနေ့ ငါ့မွေးနေ့ဟ။ ခု နင်စားထားတာ ငါရှင်းလိုက်မယ်
ဟာ နင်ကလဲ လုပ်ပြီ။ မရှင်းပါနဲ့
ငါ့မွေးနေ့ မို့ ကျွေးတာပါဆို
အေးလေ အဲဒါကြောင့်ပေါ့ ငါက ခု နည်းနည်းပဲ မှာစားရသေးတာ … ဒီတော့ ကျွေးချင်ရင် နေ့လည် များများ စားတဲ့ အခါမှ ရှင်း ဟီးဟီး
သေလိုက်…
ငါ နင့်ကို PTU က သူငယ်ချင်းတယောက်နဲ့ မိတ်ဆက်ပေးထားဦးမယ် သူက မိဘ လုပ်ငန်း လာစစ်ရင်းနဲ့ ရန်ကုန်ကျောင်းကို လာ တက်တော့ မသွားတတ် မလာတတ် ဖြစ်နေလို့ .. နင်တို့ ယောက်ျားလေးချင်း ဆိုတော့ အဖော်ရတာပေါ့ ပိုပြောလို့ ဆိုလို့ ကောင်းတာပေါ့ တခုတော့ ရှိတယ် သူက မြိတ်က ဆိုတော့ စကားတော့ တော်တော်ဝဲတယ်
နင်က သူနဲ့ ဘယ်လို သိလာရတာတုံး
သြော် ငါက ကျောင်းပြေးလေ ဒီတော့ စာတွေ မလွတ်အောင် အတန်းကြီး အမတယောက်ရဲ့ ကျူရှင်ဝိုင်း မှာ တက်ရင်းနဲ့ အမက သူ့ရဲ့ တခြားဝိုင်းနဲ့ ပေါင်းတက်ပါဆိုလို့ အဲ့ဝိုင်းမှာ သူနဲ့ ခင်လာတာ.. ဟော ဟိုမှာ လာနေပြီ သူပဲ… ဟေးးး အောင်မိုး ငါတို့ ဒီမှာ
သူငယ်ချင်းကို လှမ်းခေါ်ရင်း မိတ်ဆက်ပေးရင်း စားကြသောက်ကြသည်။ ဒီမှာတင် မြန်မာ့သိုင်း တပည့်ကြီး အဆင့်တန်းက လူပီပီ အောင်မိုးက စမြင်သည်။
ဟဲ့ နင်တို့ ကျောင်းက လူတွေက ဘယ်လိုတွေလဲဟ
ဘာလို့တုံး
ပတ်ဝန်းကျင်ကို အသာလေး မသိမသာ မျက်လုံးပဲ စွေပြီး ကြည့်လိုက်… ငါတို့ စားပွဲကို ၀ိုင်းကြည့် နေလိုက်ကြ တာ သရုပ်တောင် ပျက်တယ်
(((ဟေ… )))
အသာလှမ်းကြည့်လိုက်တော့ ကိုယ့်ဆိုင်ထဲမှာရော ကိုယ်ထိုင်နေတဲ့ဆိုင်နဲ့ ဘေးချင်းကပ်ရော မျက်နှာချင်းဆိုင် က ဆိုင်တွေမှာပါ ကျောင်းသူ ကျောင်းသား အပြည့် … အားလုံးက ကိုယ်တို့ စားပွဲကို မျက်လုံး အပြူးသားနဲ့ ၀ိုင်းကြည့်လို့…
နေမျိုး။ ။ ဟောဗျာ ဘယ်လိုဖြစ်ကြတာလဲ
ကျွန်မ။ ။ ငါတို့ စားတာ သောက်တာ များသွားလို့လား
အောင်မိုး။ ။ ငါသဘောပေါက်ပြီ အဲဒါ နင့်ကြောင့်ဟ
နေမျိုး။ ။ ဟင် ဘယ်လိုဘယ်လို
အောင်မိုး။ ။ တနေ့က ငါ့ကို ကျောင်းသားတွေ လာမေးကြတယ် မင်းက ဘယ်ကလဲ ဘာလို့ ဆရာမနဲ့ တွဲတာလဲ ဘာလို့ ဆရာမနဲ့ တူတူ ထိုင်တာလဲတဲ့
ကျွန်မ။ ။ ဘယ်က ဆရာမလဲ
အောင်မိုး။ ။ နင့်ကို ပြောတာ
ကျွန်မ။ ။ ငါက ဆရာမမှ မဟုတ်တာ
အောင်မိုး။ ။ နင့်ကို သူတို့က ဆရာမလို့ပဲ ခေါ်တာဟဲ့ ပါတိတ်တွေချည့် ၀တ်ပြီး ကျောင်းတက်လို့တဲ့
ကျွန်မ။ ။ သြော် ငါလဲ ဆယ်တန်းဂိုက်တွေ ကန်တော့တဲ့ အလကားရတဲ့ ပါတိတ်ပဲ ချုပ်ဝတ်နိုင်တာကိုးးး အဲဒါနဲ့ နင်က ဘာပြန်ဖြေလိုက်လဲ
အောင်မိုး။ ။ ငါစကားဝဲတော့ ငါပြောတာ သူတို့မှ နားမလည်တာ… ငါလဲ ရီပြလိုက်တယ် အဟီး
ကောင်းရော အဲဒါနဲ့ ခု ၀ိုင်းကြည့်တာနဲ့ ဘာဆိုင်လဲ
အောင်မိုး။ ။ နင်က နင့်ကိုယ်နင် မိန်းမ ဆိုတာ မေ့နေတာကိုးး ယောက်ျားလေး ၂ယောက်နဲ့ အတူ မထိုင် စဖူး တူတူတွဲ ထိုင်ပြီး စားသောက် စကားပြောနေတော့ ငါတို့ ၃ပွင့်ဆိုင် ဇာတ်လမ်းကို ရှင်းနေတယ်လို့ ထင်လို့ နေမှာပေါ့
သေလိုက်ပါတော့ဟယ်
နေမျိုး။ ။ အောင်မိုးပြောတာ ဖြစ်နိုင်တယ်နော်.. ဟိုကောင်တွေ ဖဲဝိုင်းမှာ ကြားခဲ့လို့ ဆိုပြီး ငါ့ကို ပြောခဲ့ကြ သေးတယ် နင်နဲ့ ယောက်ျားလေးတယောက် တူတူ လမ်းသွားနေတာကို စနေနေ့က လှည်းတန်းမှာ တွေ့ခဲ့ လို့တဲ့
ဟဲ့ အောင်မိုး စနေနေ့က ငါတို့ သက်စု အဒေါ်အိမ် ကို သွားကြတာ မို့လား
ဟာာ ငါမှတ်မိပြီ။ ငါနဲ့ င့ါကောင်မလေး သက်စု ကို ၂ဘက်စလုံးက အိမ်တွေက သဘောမတူလို့ ဟံသာဝတီ အ၀ိုင်းနားက သူ့အဒေါ်အိမ် ခွဲပို့ထားတာ။ အဲဒါ လှည်းတန်း ကျူရှင်က အပြန် သူက ငါ့ကောင်မလေးကို သူ ငယ်ချင်း ဆိုပြီး သွားခေါ် ထုတ်လာတာဟ.. ငါတို့လဲ သူအဲလို ခေါ်ထုတ်ပေးမှ တွေ့ရတာ
နေမျိုး။ ။ လက်စသတ်တော့ နင်က မြှားနတ်မောင်ကိုးး ဒါပေမယ့် ကျော်တော့ လှေသူကြီး ဖြစ်နေပြီ
ခေါက်ထားလိုက်ပါဟာ.. အချိန်တန်တော့ သိလိမ့်မယ်။ ပြောကို ပြောချင် ယုံကို ယုံချင်တဲ့ လူတွေ ပြောချင်တာ ပြောပြီး ယုံချင်တာ ယုံပေ့စေ။ အတွဲချင်း စကားပြောပုံ လမ်းလျှောက်ပုံနဲ့ သူငယ်ချင်းချင်း စကားပြောပုံ တွဲသွားတွဲလာ လုပ်ပုံ အကွာကြီး
နေမျိုး။ ။ အေးလေ ဒါပေမယ့် ခု လူတွေ အထင်လွဲနေတော့ ဘယ်လို ပြန်ရှင်းမလဲ
ဟဲ့ ပြန်ရှင်းရင် သက်စု အိမ်က ငါ့ကိုသတ်မှာပေါ့… ပြီးတော့ အောင်မိုးနဲ့ သက်စုကို ရအောင် ထပ်ခွဲမှာ…
နေမျိုး။ ။ ဒါဆို ဘယ်လိုလုပ်ကြမလဲ
နင်နဲ့ သက်စု မြန်မြန် ယူလိုက်ဟာ လွယ်လွယ်လေးရယ် အဟီး
နေမျိုး။ ။ အေးကွာ… ဟေ့ကောင် အောင်မိုးး မိန်းမ ခိုးပြေးတော့မယ် ဆိုရင် ငါ့ကိုပြော.. ငါ အကုန် ကူညီမယ် ဟဲဟဲ
+++++++++++++++++++++++++

သူငယ်ချင်းရေ… ခုတော့ အောင်မိုးက သားတယောက် အဖေတောင် ဖြစ်နေပြီဟ။ သူတပါးရဲ့ ချစ်ခြင်းတွေကို နားမလည်… နားစွန်နားဖျားနဲ့ မျက်မွှေးတဆုံး တွေပေါ်မှာ အခြေခံတဲ့ အပြောအဆိုတွေ၊ သိလျက်နဲ့လဲ မလို တမာ ပေါက်တတ်ကရ ပြောတဲ့ တချို့ အပြောအဆိုတွေ၊ အဲဒီ အပြောအဆို တွေ ပေါ်မှာ လမ်းဆုံးတဲ့ အတွေး အမြင်တွေ ကြောင့် ခုတ်ရာတခြား ရှရာတလွဲ ဖြစ်ကုန်ကြတဲ့ လေမုန်တိုင်း တွေကို ကြံ့ကြံ့ခံရင်း ငါတို့ သူငယ်ချင်း တွေကတော့ လက်တွဲ မဖြုတ်ကြသေးဘူးနော်…

ညဉ့်နက်နေပြီ မအိပ်သေးဘူးလား တော်ကြာ အိပ်ရေးမ၀လို့ မူးနေဦးမယ် အိပ်တော့လေ ဘာတွေ လုပ်နေလဲ
အင်း ဘလော့မရေးတာ ကြာတော့ ဘလော့ဂါတွေ ဘလော့ပြန်ရေးဖြစ်အောင် တဂ်ထားတယ်လေ အဲဒါ အမသက်ဝေ က တဂ်ထားတာလေး ရေးနေတာ
ဟုတ်လား ဘာအကြောင်းတွေလဲ
သြော် ကျောင်းတုန်းက အခြေအနေတွေပါ
အောင်မိုးတို့ နေမျိုးတို့မှ ပါရဲ့လား
ဟဲဟဲ ပါတာပေါ့။ ခုတောင် တချက်ခုတ် ၂ချက်ပြတ် နေမျိုးဆီ စာရေးရင်းနဲ့ အဲဒီ အကြောင်းအရာတွေကိုပဲ တဂ်ဂိမ်း ပို့စ်မှာ ထည့်ရေးလိုက်တယ်…
သြော် ဟားဟား ဒါလဲ ပြီးတာပဲ… အောင်မိုးကို အလုပ်ကိစ္စ ကို အီးမေးလ်ပြန်ထားတယ်။ သူနဲ့ တွေ့သေးလား ဘာထူးသတဲ့လဲ
သူ သားလေးမွေးလို့ တဲ့ ခဏပဲ နှုတ်ဆက်ပြီး ပြန်ထွက်သွားတယ် နေမျိုးကတော့ ဒီလ ထောင်ဝင်စာနဲ့ အတူ စာတစောင်ပေး လိုက်တာ သူ့ညီက ပို့ထားတယ်။ စာထဲမှာ ကိုရော နေကောင်းလား သူ သတင်းမေးတာ ပြော လိုက်ပါတဲ့
အင်းး ကိုလဲ သူဖတ်ဖို့ စာအုပ်တွေ လမ်းကြုံလို့ ၀ယ်လာတယ်။ လူကြုံ ရှိရင် ထည့်ပေးလိုက်လေ။ ဒါပေမယ့် ညဉ့်နက်နေပြီ နော် နောက်နေ့မှ ဆက်ရေးပါလား…
ဟုတ်… ဒီတပိုဒ် လက်စ သတ်ပြီးရင် ဘုရားရှိခိုးပြီး အိပ်တော့မှာပါ
++++++++++++++++++++++++++++++++++++++++
ကဲ… ညဉ့်နက်နေပြီမို့ လက်စသတ်လိုက်ပါတော့မယ် Tag တဲ့ အမသက်ဝေရော ရေးဖော်ရေးဖက် ဘော်ဘော်တွေရော ကျေနပ် နိုင်ပါစေနော်။ ဘုရားရှိခိုး မေတ္တာပို့ပြီးရင် အိပ်ရာဝင်တော့မှာမို့ ဘိုင့်ဘိုင်နော်…
+++++++++++++++++++++++++++++++++++++++++
တန်းတူ တွေ့ရင် မေတ္တာဝင်… မ၀င်နိုင်က ပြိုင်တတ်တယ်… ပြိုင်မယ့် အစား မေတ္တာပွား… စိတ်ထား ပြုပြင် ပြောင်းပါ့မယ်။
သြကာသ… သြကာသ… သြကာသ


Read More...

Saturday, December 4, 2010

ခွန်မြလှိုင်ရဲ့ ပုံရိပ် ဟောင်းများ

အမကေ က တဂ်ထားတာ ၂လနီးပါး ရှိပါပေါ့။ ခက်တာ ပို့စ်က တဂ်ထားတာသိတာနဲ့ ခရီးက ထွက်လိုက်ရ တော့တာ.. ပြန်ရောက် တော့လဲ ခရီးက ပါလာတဲ့ အလုပ်တွေနဲ့ ခ၇ီးထွက်နေတုန်း နောက်ပိုင်းက တအိမ်လုံး ဗြောင်း ဆန်နေအောင် ဖွ ရှုပ်ထားတဲ့ ၀ူနုမာန်လေး (သမီးက ဆော့လိုက်တာ ၀ူခုံးလား ဟနုမာန်လား ဆိုတော့ သူ့ ကိုယ် သူ ၀ူနုမာန် တဲ့… တနှစ်ခွဲသမီးက ဖြေတဲ့ စကား) ရဲ့ ကျေးဇူးကြောင့် အလုပ်ကြွေးတွေ မနည်းမနော တင် သွား ရာက ခုတော့ တဂ်ကြွေး ဆပ်ပါပြီ။


တက္ကသိုလ်တုန်းက ပုံရိပ်ဟောင်း ဆိုပေမယ့် ဘလော့ဂါ အသိုင်းအ၀ိုင်းမှာတော့ မြန်မာနိုင်ငံထဲက တက္ကသိုလ် က ပုံရိပ်ဟောင်း တွေကိုတော့ ပိုကြည့်ချင်ကြမယ် ထင်ပါတယ်။ ဒါပေမယ့် စီးပွားရေး တက္ကသိုလ်ထဲ စာရင်းကိုင် တက်ဖူးတုန်းက ဓာတ်ပုံတွေက ကိုယ်နဲ့ အတူ ထိုင်းကို ပါမလာ.. အဲဒီတုန်းက ပုံရိပ်တွေကိုတော့ ဒီ ပို့စ် မှာ အစအဆုံး ဖတ်နိုင်ပါ၏ (ရှူးတိုးတိုး)

နည်းပညာ တက္ကသိုလ် (YTU) တက်တုန်း ကလဲ ဓာတ်ပုံကို ဟုတ်တိ ပတ်တိ မရိုက်ဖြစ် (မရိုက်ဖြစ်ဆို ကျောင်းပြေးတာမှ သူများက ကိုယ့်ခုံနံပါတ်နဲ့ ကျူတိုရီ ယယ် ၀င်ဖြေ သွားတာ လူမသိတဲ့ အထိ ပါပဲ)။ သူငယ်ချင်းတွေ ဆီက လိုက်ရှာ စုဖို့ ကျတော့လဲ ဘယ်ပွဲ ဘာ အခမ်းအနား ဘယ်လို ခရီးစဉ်မှ မလိုက်ခဲ့ မိတော့ ဘာမှကို လက်စလက်န မကျန်တဲ့ အထိ အိအိ.. ၀မ်းတောင် နည်းလာတယ်။ ဒါပေ မယ့် (YTU) မှာ ဆရာကန်တော့ပွဲ တနှစ်လောက် တက်ဖူးတော့ အဲ့ဒီပွဲမှာ တက်ရောက် လာသူ လူအများကို ရမ်းသမ်းရိုက်တဲ့ ဓာတ်ပုံတွေထဲ ကိုယ့်ပုံ ပါလာလို့ သူငယ်ချင်းတယောက်က အမှတ်တရ ပို့ပေးလာတာကို တအံ့တသြ ရလိုက်တာပါ။



ကိုယ်တွေကို အဲလို ဓာတ်ပုံ ရိုက်ထားမှန်းတောင် မသိလိုက်ပါဘူး။ ဘာပဲ ပြောပြော အမကေ စိတ်ကျေနပ် လောက်အောင် ပြ စရာ ဓာတ်ပုံ အချိန်မီလေး ရပါရော.. ရှားရှားပါးပါး ရှိစုမဲ့စု ဓာတ်ပုံ လေး တွေ လို့ ပြောလို့ ရပါတယ်။ ပြောမနာ ဆိုမနာ သူငယ်ချင်း တွေ ကတော့ အားပေးပါတယ်။ နင်က စာ သူငယ်ကြား လင်းတ နားဘိသကဲ့သို့ ဆိုတဲ့ အတိုင်းပဲတဲ့.. ရက်စက် ကြပုံ။ ဟွန့် အဲဒါတွေကြောင့် ကျောင်း ပြေး ပွဲပြေးတာလဲ ပါဒယ်… ဒါလောက်ဆို ဘယ်တယောက်က ခွန်မြလှိုင် ဆိုတာ သိရော ပေါ့နော်။

ခုတော့ ကျောင်းတုန်းက သူငယ်ချင်း ၈၀% လောက်က အာဆီယံ နိုင်ငံတွေမှာ… ၁၀% ကတော့ မျက်နှာဖြူ တွေရဲ့ နိုင်ငံ တွေမှာ… ၅% ကတော့ မြန်မာနိုင်ငံ မှာပဲ လွတ်လွတ်လပ်လပ်… အဲဒီထဲကမှ အခင်ဆုံး အကောင်း ဆုံး သူငယ်ချင်း တချို့ကတော့ ထောင်ထဲမှာ  … တွေ့ဆုံ ကြုံကွဲ လောကဓံ ထဲမှာ တချို့တွေနဲ့ လက်တွဲ တွေက မြဲဆဲ… တချို့တွေနဲ့ ကွဲကွာ… ဘ၀ တကွေ့ မှာ ကံမကုန်သေးရင် ပြန်ဆုံကြဦးမယ်လို့ မျှော်လင့် မိတဲ့ သူငယ်ချင်းတွေထဲမှာတော့ ထောင်ထဲက သူငယ်ချင်းတွေက ထိပ်ဆုံးမှာ ပါနေဆဲပါ။

တိမ်ညစ်တို့ ဖရိုဖရဲ
မိုးစက်တို့ စဲတဲ့ တနေ့
ငြိမ်းချမ်းခြင်းရဲ့ ရှေ့မှာ
ငါတို့ ပြန်တွေ့ကြမယ်
ငါတို့ ပြန်တွေ့ကြမယ် သူငယ်ချင်းတို့ရေ။

Read More...

Sunday, September 19, 2010

ကျွန်မ ဆိုးခဲ့ဖူးပါသည် (အပိုင်း- ၂)

သမိုင်းဟောင်းတွေ ဖတ်ရတာ မ၀လို့ သမိုင်းသစ်တွေ ရေးပါဦးလို့ တောင်းဆို လာကြတာ ကြောင့် နောက်ထပ် အဆိုး သမိုင်းသစ်လေးတွေ ထပ်ရေးဖို့ စဉ်းစားရပါတယ်။ အင်းပေါ့လေ ပြန်စဉ်းစား ယူရ တာပေါ့။ ကြီးလာတော့ ငယ်သူမို့ မသိပါ လုပ်လို့ မရတော့ဘူးလေ။ ဒီတော့ ချင့်ချင့် ချိန်ချိန် ဆိုး အဲလေ သိပ်မဆိုးတော့ဘူးလို့ ထင်တာပဲ။ ဒါနဲ့ ခုတလော face book နဲ့ သတင်းတွေမှာ ခေတ်စား နေတဲ့ ရန်ကုန် ဆေးရုံကြီးက ဆေးကုသမှု စနစ် အကြောင်း ဖတ်မိတော့ ဒီနေရာမှာ ပြည်သူနဲ့ တပ်မတော် ထူးမခြားနား တသားတည်း ရှိကြောင်း သတိရ တာနဲ့ သမိုင်းသစ်ကို ရေးလိုက်ပါတယ်။

ဆွေကြီးမျိုးကြီးက ဆင်းသက်လာတဲ့ ကျွန်မမှာ ညီအမ မောင်နှမ ၀မ်းကွဲ ခြောက်ဆယ်ကျော် ရှိပါ တယ် (ဒီလိုကြီးတဲ့ ဆွေကြီး မျိုးကြီး နော်) သူတို့ထဲက ကျွန်မထက် ငယ်တဲ့ တချို့ကို ကျွန်မက study guide လုပ်ပေးရတာက အကြီး တာဝန်ပေါ့။ ဆယ်တန်း အပြီး ကျောင်း လေးနှစ် ပိတ်ထားချိန် မှာတော့ မျက်နှာ နာရတဲ့ အသိမိတ်ဆွေတွေ သူတစိမ်း တွေရဲ့ သားသမီးတွေ ကိုလဲ study guide လုပ်ပေးရ ပါတယ်။ ဒီမှာတင် ကျွန်မရဲ့ လူငယ် ဘ၀လေး ဆုံးရှုံးသွား ပါရော။ အနေအထိုင် ဗရုတ်ကျ မလား .. မင်္ဂလာပါ ဆရာမ ဆိုတဲ့ လက်ညှိုးလေး ပါးစပ်နား တေ့ပြီး နှုတ်ဆက်သံ အဆုံးမှာ သေချင် စော် နံသွား တတ်ပါ တယ်။ ကျောင်းတွေ ပြန်ဖွင့်လို့ ကျွန်မ တက္ကသိုလ် ဒုတိယနှစ် အရောက် မှာ တော့ ကျွန်မ စာသင် ပေးခဲ့တဲ့ မောင်ငယ် တွေက စစ်ဆေး တက္ကသိုလ် ကျောင်းသား ကြီးတွေ ဖြစ်နေ ပါပြီ။ ကျွန်မ မှာတော့ ဘွဲ့ ရဖို့ နေနေသာသာ ကျောင်းတွေ တဆက်တည်း ဆက်တိုက် ဖွင့်ပါစေ ကြောင်း ဆုတောင်း နေရတဲ့ ဘ၀။ ဒါကြောင့်လဲ သူတို့က ကျောင်းဆက်တိုက် ဖွင့်မှာ သေချာတဲ့ တက္ကသိုလ်ကို မိဘတွေ အတင်းပို့လို့ ရောက်ခဲ့ကြ တာပဲကိုးး

သမီးရေ သမီးမောင်လေး ဆေးရုံ တင်ထားရတယ် အဖျားက ၁၀၆ ဖြစ်နေတာ ၅ရက် ဆက်တိုက်မို့ သူ့ စီနီယာတွေက သူ့ကို မင်္ဂလာဒုံ စစ်ဆေးရုံ တင်ထားရတယ်တဲ့။ အမေတို့တော့ လူနာမေး သွားပြီးပြီ ဒါပေမယ့် မောင်လေးက သူ့ မမကြီးကို တွေ့ချင် တယ်လို့ မှာလိုက်တယ် သွားတွေ့လိုက် ပါဦး သမီးရယ် လူမမာ အားရှိတာပေါ့

အမေက ဒီစကား ကို ဆိုလာတော့ စိုးရိမ်စိတ်က ကြီးလာပါတယ်။ ဒီမောင်ငယ်နဲ့ ကျွန်မက စိတ်လှိုင်း အလျားချင်း တူပုံ ရတယ် ။ တယောက် တနေရာစီ ဘယ်လို ကွဲနေပါစေ .. သူ တခုခု ဖြစ်တော့မည် ဆိုရင် ကိုယ် အိပ်မက် မက်တတ် သလို ကိုယ် တခုခု ဖြစ်နေပြီ ဆိုရင်လဲ သူ အိပ်မက် မက်တတ်တဲ့ အကျင့် ရှိတယ်။ ဒီတော့ အရေးအကြောင်းဆို အချင်း ချင်း အမြဲ သိနေကျ။ အဲဒီနေ့ မတိုင်ခင် ညကပဲ သူ ရေတွင်းထဲ ကနေ ပြန်မတက်နိုင်တဲ့ ပုံကို အိပ်မက် မက်ထား တာမို့ ပိုစိတ်ပူသွားပါရော။ ဒါပေမယ့် ကျွန်မက mid-term စာမေးပွဲ ကို နောက်နေ့ စဖြေရ တော့မှာပါ။ ကျွန်မအိမ် ကနေ မှော်ဘီက ကျောင်းကို အသွား လမ်းမှာပဲ မင်္ဂလာဒုံ စစ်ဆေးရုံ ကို ဖြတ်ရတာမို့ မနက်အစောကြီးထ ဘတ်စ်ကား နဲ့ ဆေးရုံသွား လူနာ မေး ပြီးရင် ခဏတဖြုတ် စကားပြော အားပေးပြီး ကျောင်းကား ကို ဆေးရုံရှေ့က တားစီး လိုက်ရင် စာမေးပွဲ လဲ မပျက် ကလေးလဲ စိတ်ချမ်းသာမယ် ဆိုပြီး အဲလို စီစဉ် လိုက်ပါတယ်။ စာမေးပွဲသာ ရှိတာ ကျောင်းက အပြန် တန်းပြီး ၀င်ရမယ့် ညနေပိုင်း study guide အလုပ် ကလဲ ဆက်လုပ် ရဦး မယ်လေ။ အချိန် တွေက ကွက်တိ။

မနက်စောစော ဆန်ပြုတ်ကျို၊ ရေခဲဗူးနဲ့ ထည့်ပြီး ဆရာမနဲ့ တူအောင် ၀တ်ရ စားရ သေးသည်။ ကျောင်းသားက ကိုယ် နဲ့ အသက် သိပ်မကွာလို့ အနေနီးလို့ စိတ်ကစားတာ မဖြစ် ရအောင် အိုရုပ် ထွက်အောင်က ၀တ်ရသေး။ ခါးတို လက် ရှည် ကြေးအို ရောင်ဖျော့ နဲ့ ဒူးနားချိတ် အညိုရင့်ကို ၀တ်ရင်း ခါးထိအောင် ရှည်တဲ့ ဆံပင် တွေကို သေချာ စည်းရ သည်။ ပြီးမှ ကျောင်း စာမေးပွဲ အတွက်ရော စာပြန် သင်ဖို့ ကျောင်းသား တွေအတွက် စာရွက်စာတမ်း တွေကိုပါ စစ် ဆေးပြီး အိမ်က ထွက်လာ ခဲ့ပါတော့တယ်။

ရောက်ပါပြီ စစ်ဆေးရုံ။ ငါးထပ်ဆောင်တဲ့ အဆောင်တွေကို အထပ်ရေ.. ဟုတ်ပြီ။ ဆေးရုံ ၀င်းရဲ့ မြောက် ဘက်ဆုံးက အဆောင်။ ဓာတ်လှေကားက မီးပျက်နေလို့ ၅ထပ်ကို ခြေလျင်တက် ဟုတ်ကဲ့ လူနာဆောင်က *** ရောက်ပြီ။ ဘယ်သူနဲ့ တွေ့ချင်လို့ပါရှင့်။ ဒီအခန်းနော် ဟုတ်ကဲ့။ ဟော တွေ့ပြီ။

မြင်ရတဲ့ မြင်ကွင်းက ရွှေရင်ဆို့။ အလေးမ အားကစား လုပ်ဖူးတဲ့ ဗလ တောင့်တောင့် မောင်ငယ်က လူရုပ် မပေါ်အောင် ပိန်ချုံးပြီး တကိုယ်လုံးက နီစုတ် နေသည်။ အနားကပ် ကြည့်မှ အင်ပြင် အနီစက် တွေက တကိုယ်လုံး အပြည့်။ နဖူးစမ်း တော့ မီးလိုပူ ခြေဖ၀ါးက ရေခဲလို အေးစက်။ ဆေးရုံတက်တာ ငါးရက်ရှိပြီ ဆရာဝန် တယောက်မှ လာမကြည့် သေးဘူး တဲ့။ ဆရာဝန်က လူနာဆောင်ကို ဖုံးဆက်ပြီး တာဝန်ကျ သူနာပြုက ပြောသမျှ နားထောင်ပြီး ဘာဆေး တိုက်လို့ ညွှန်ကြား သတဲ့။ လူနာက ဒီလောက် ဖျားနေချိန်မှာ ဘေးကုတင်က လူကြီးပိုင်း လူနာတွေက စွပ်ကျယ်နဲ့ ဆေးလိပ် တဖွားဖွား။ ပြတင်းပေါက်က လေစိမ်းက ဒလဟော။

ဒီလူတွေက လူနာ မဟုတ်ဘူးလား ဆိုတော့ ရှေ့တန်း မထွက် ချင်တဲ့ ဗိုလ်မှူးတွေ ငွေပေးပြီး ဆေးရုံ အတက်ပြ နေ တာတဲ့။ ဒါကြောင့် ဒီအဆောင်ကို အရာရှိဆောင်လို့ ခေါ်ပြီး ဆရာဝန် တွေ တော်ရုံ မလာဘူးတဲ့။ ဒီလို အဆောင်ကို ဘာလို့ ပို့လဲ ဆိုတော့ အရာရှိလောင်း ဗိုလ်လောင်း မို့ပါတဲ့။ ကောင်းကြရော။ ဒါနဲ့ လူနာကို ပြုစုဖို့ သပ်သပ် ရပ်ရပ် ဖြစ်အောင် ဆံပင်ကို ဆံထုံး ကျစ်ကျစ် ပြင်ထုံး ပစ်လိုက်သည်။

ကဲ ဆေးရုံက ဘာကျွေးထားလဲ ဆိုတော့ ပုံစံ ဆန်ပြုတ်ကို ကြည့်တော့ အော့မိ မတတ်။ အမ ပြုတ် လာတဲ့ ဆန်ပြုတ်ပဲ သောက်ပါ ဆိုပြီး တိုက်တော့ အန်ချတဲ့ အထဲမှာ သွေးတွေ။ ပေရေ ကုန်တာ တွေကို ဆေးဖို့ အိမ်သာ ဘက်ကို ထွက် လာတော့ အ၀မှာတင် အနံ့က ထောင်းထောင်းထ။ ဟယ် ရေငုပ် ချန်ပီယံပဲ အသက်အောင့် ထားလိုက်စမ်း ..

ရဲဆေးတင်ပြီး ၀င်လိုက်တော့ ခြတောင်ပို့ တွေလို ထိုးထိုး ထောင်ထောင်။ အရာရှိဆောင် လုပ်နေပြီး အဲဒီလောက် စည်းကမ်း မဲ့ရ သလား လို့ စိတ်ထဲက ကျိန်ဆဲပြီး ရေဖွင့်တော့ အဖြေသိ သွားသည်။ ရေမလာပါ။ ဒါနဲ့ အောက်ထပ် ပြေးဆင်း … ဆေးရုံ ရှေ့ က စတိုးဆိုင်မှာ ရေသန့်ဘူး ဆယ်ဘူးဝယ်။ ၅ထပ်ကို ပြန်ပြေးတက်။ သန့်စင်ပေး။ ရေ၀တ်နဲ့ နဖူးကို အုပ်ပေးတော့ ကယောင် ကတမ်းတွေ သက်သာ သွားသည်။ ဆန်ပြုတ် နည်းနည်း ထပ်တိုက်။ ထပ်အန် .. သွေးစက်တွေက ပိုများလာပြီ။ လျှော့ထားတဲ့ စိတ်က ထောင်းကနဲ ပြန်ထ လာသည်။

ဒီ လူနာဆောင် တာဝန်ခံ ဘယ်သူလဲ

ခပ်ဆတ်ဆတ် အသံကြောင့် ဗိုလ်မှူး လူနာ ဆိုသူက ကြောင်အမ်းအမ်းကြည့် ယောင်တောင်တောင် လက်ညှိုးထိုးသည်။ သုံးပွင့်နဲ့ အမကြီး တယောက်

ဒီလူနာကို ဆရာဝန် တရက်မှ လာမကြည့်သေးဘူးဆို

ဆရာဝန်က လူကိုယ်တိုင် မလာပေမယ့် ကျွန်မတို့ တချိန်လုံး ရီပို့ တင်ပေး နေပါတယ်။ ပြီးတော့ ဆရာဝန် ညွှန်ကြား ချက် အတိုင်း ဆေးတွေလဲ ဂရုတစိုက် တိုက်နေတာ ပဲလေ။ ဒါ ကျွန်မတို့ ဆီက ထုံးစံပဲ။

အိမ်သာတောင် ရေမရှိ။ ဆရာဝန်က မျက်စိနဲ့တောင် လာကြည့်ဖော် မရတာ ဂရုတစိုက် လား။ ရှင်တို့ ဆေးရုံက ၀န်ဆောင်မှု ဒါအကုန်ပဲလား .. ဒါဆို ကျွန်မရဲ့ မောင်ကို ခု ဆေးရုံက ဆင်းပေး။ ကျွန်မ ဘာသာ အပြင်ဆေးရုံမှာ ကုမယ်
(((ဟာ))) (((ရှင်)))
အဲလိုတော့ ဆင်းပေးလို့ မရဘူးရှင့်။ ကျွန်မတို့ ဆီက လူနာကို တခြား ဆေးရုံမှာ ပေးမကုဘူး။ ဒါထုံးစံ မရှိဘူး

ဒါဆို ကျွန်မ မောင်က ဒီမှာ ငုတ်တုတ် အသေခံ ရမှာလား.. ရှင်တို့ ၅ရက် လုံးလုံး ဂရုတစိုက် ကုပေး ထားလို့ လူရုပ် တောင် မထွက်တော့ဘူး ဟော့ဒီ ရေခွက်ထဲ မြင်လား သွေးတွေ။ ကျွန်မ ရှင်တို့ရဲ့ ကုသမှုကို အယုံအကြည် တစက်မှ မရှိတော့ဘူး။ ခု ဆေးမှူး ဘယ်မှာလဲ။ ကျွန်မ သူနဲ့ အခု တွေ့ချင် တယ်။

ဆေးမှူးက သူ့ ရုံးခန်းမှာ ရှင့် ။ သူ လူနာဆောင် လှည့်ဖို့ အချိန်မရှိတော့ဘူး နောက် နာရီဝက် ဆိုရင် သူ အမှတ် ၂ စစ်ဆေးရုံ သွားရတော့မယ်

(((ဘာပြောတယ်)))… ဟားးးး နေစမ်း ပါဦး အမှတ် ၂က လူတွေ မှာမှ အသက်ပါ တာလား။ ကျွန်မရဲ့ မောင် မှာ အသက် မပါ ဘူးလား။ ကျွန်မရဲ့ မောင်က လူညွန့် တုံးနေတဲ့ လူ မဟုတ်ဘူးရှင့်။ ပညာ သိပ် တော်တဲ့ ဆရာဝန် ဗိုလ်လောင်း။ ဒီလိုလူ ကိုတောင် ရှင်တို့ က အသက် ပါတယ် မအောက်မေ့ဘဲ ဒီလိုပဲ ပစ်ထား သလား။ အဲဒီ ဆေးမှူး ဒီလူနာဆောင်ကို မလာနိုင်ရင် ကျွန်မ သူ့ဆီကို သွားမယ်။ ခု ဖုန်းဆက်ပေး။ ကျွန်မကို မတွေ့ဘဲ အမှတ်၂ကို ထွက်သွားမယ် ဆိုရင် ကျွန်မ အဆိုး မဆိုနဲ့။ အခု ချက်ချင်း ကျွန်မ သူ့ဆီ သွားတွေ့မယ်။ ဒီလူနာကိုပါ ခေါ်သွားမယ်။

ရှင်.. ဟုတ် ဟုတ်ကဲ့။ ဒီလူနာကို ဘယ်လို ခေါ်သွား မလဲ သူ့ကို သယ်ဖို့ ဘီးတပ် ကုတင်လဲ မရှိဘူး။ ပြီးတော့ ဆေးရုံ ထဲမှာ ဆွဲပေးတဲ့ shuttle bus လဲ ခုချိန် မလာသေးဘူး။

ကျွန်မမောင်ကို ကျွန်မဖာသာ ဖြစ်အောင် ထမ်းခေါ် သွားမယ်။ ရှင့် ဆေးမှူးဆီသာ ရှင်ဖုန်းဆက်။

ဒီလိုနဲ့ စိတ်ဆောင်ရင် ဘယ်က အားဝင် လာမှန်း မသိတဲ့ ကျွန်မဟာ ပေါင်ချိန် ၁၆၀လောက် လေးတဲ့ မောင်လေးကို ထမ်းနိုင် ခဲ့တယ်။ အမြင်မတော်တဲ့ ဆရာကြီး (လက်မောင်း ၂ရစ်နဲ့) တယောက်က ကူတွဲတာမို့ ၂ယောက် ညှပ် တွဲရင်း ဆေးမှူး ဗိုလ်မှူး အခန်းကို ရောက်ခဲ့တယ်။ ကြောင်တောင် တောင် နဲ့ နည်းနည်း ရှိန်နေ ပုံ ပေါ်တဲ့ ဆေးမှူးက သေချာ စစ်ပေးပြီး အလန့်တကြား အလော သုံးဆယ်နဲ့ အရေးပေါ် အခန်းကို ပို့ လိုက်ပါတယ်။ သွေးဖောက်စစ်တော့ ဖြစ်နေ တဲ့ ရောဂါက ၀က်သက်။ တိုက်ထားတဲ့ ဆေးတွေက တိုက်ဖွိုက် ဆေး။ နောက်ထပ် ၆နာရီ နောက်ကျလို့ ၀က်သက်ပိုး ဦးနှောက်ထဲ ၀င်ရင် သေ ရင် သေ မသေရင် ရူးတော့ မည်တဲ့။ ပိုက်ကြီး ပိုက်ငယ် အသွယ်သွယ်က ခြေမှာရော လက်မှာ ပါ ချက်ချင်း တန်းလန်း ဖြစ်သွားပြီ.. ပျာယာတွေ ခတ်ပြီး သူကိုယ်တိုင် မိဘ တွေဆီ ဖုန်းဆက်။ လူကြီး တွေက တပ်မတော် အစိုးရ လက်ထက်မှာ တပ်မတော် ဆေးရုံမို့ စိတ်ချ နေရာက ဒရောသောပါး ရောက် လာကြ။ စိတ်ချရတဲ့ အချိန် ရောက်လို့ ဆေးရုံကို ကျောခိုင်း ခဲ့ချိန်မှာ စာမေးပွဲချိန် ပြီးသွား ခဲ့ပြီ။

မတတ်နိုင်။ တက္ကသိုလ်ဆီကို ဆက်လက် ချီတက်.. ဆရာမ တွေကို အနူးအညွတ် တောင်းပန်ပြီး တယောက်တည်း ပြန် ဖြေခွင့် လေးများ ရလိုရငြား တောင်းပန် ကြည့်မည် ပေါ့။ ကျောင်းကို ရောက်တော့ ဆရာမက ဟဲ့သမီး ဘယ်လို ဖြစ်လာ တာလဲ ဖြေနိုင်လား တဲ့။ တီချယ် ဒီလို ဒီလို ပါပဲ… သမီး မဖြေ လိုက်ရဘူး။ ဘယ်လို လုပ်ရမလဲ။ အသနား ခံစာ တင်ပြီး ပြန်ဖြေရ မလား … ဆရာမလဲ ကျောင်းအုပ် ကြီးနဲ့ တိုင်ပင်ပြီး မေးပေး ခွင့်တောင်း ပေးမယ် ဒါထက် သမီးရဲ့ ခုံနံပါတ်က ဘယ်လောက်လဲ

ဟောတော့။ အဖြေလွှာ အထပ်တွေ ကြားထဲမှာ ကျွန်မရဲ့ ခုံနံပါတ်နဲ့ အဖြေလွှာ လေးက အထင်းသား...

ကျောင်းသား အများကြီးကို ဆရာ ဆရာမ မလုံမလောက်နဲ့ သင်ကြား စေခဲ့တဲ့ စနစ်ရဲ့ အကျိုး သက်ရောက်မှု က ဘယ် ကျောင်းသားက ဘယ်ခုံနံပါတ် ဆိုတာ မမှတ်မိ၊ လူနဲ့ နာမည်နဲ့ မတွဲမိ။ ဒီတော့ ကျွန်မ ကိုယ်စား စာမေးပွဲကို ဘယ်သူ ၀င်ဖြေ ပေးခဲ့ မှန်းလဲ ခုချိန်ထိ မသိ။ အဖြစ်မှန်ကို အထက်ကို တင်ပြ ရင်လဲ ဖိထောင်း မယ့် အခြေအနေ တွေကြောင့် တိတ်တိတ် နေခဲ့ပြီး မဖြေ ခဲ့တဲ့ စာမေးပွဲ လေးလဲ အောင်ခဲ့ရ။

မောင်ငယ်လေး ဆေးရုံက ဆင်းလာတော့ လာနှုတ်ဆက်သည်။ မမကြီး ပေးတဲ့ အသက်ပဲ ရှိတော့သည် တဲ့။ ဒါထက် ဆေးရုံ မှာရော သူ့ကျောင်း မှာပါ ဟိုးလေး တကျော် နာမည်ကြီး သွားသည်။ ဆေးမှူး ဗိုလ်မှူး နဲ့ တကွ ဆေးရုံ တခု လုံး လူနာဆောင် တခုလုံးကို ပတ်ကြိမ်း ဆူငေါက် သွားခဲ့သော အနှီ မမသည် ဘယ် ဗိုလ်ချုပ် ကတော် ပါနည်း တဲ့။

သေဟဲ့ နန္ဒိယ!!!

စနစ်ကပဲ ဆိုးနေတာလား … ခေတ်ကပဲ ဆိုးနေတာလား … ကျွန်မကပဲ ဆိုးနေတာလား...

Read More...

Monday, September 13, 2010

ကျွန်မ သောက်မိတဲ့ ကဲမ်းနောင်မိုင်

မနေ့ညနေက သူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်ပါတယ်။ ကိုယ့်အတွက် ပါတယ် မထင်လိုက် ပါနဲ့... သူငယ်တန်းကြိုကို အဆင့်ကျော် တက်ခွင့် ရတဲ့ သမီးလေး အတွက် ကျောင်းကို ထည့်ပေးဖို့ mineral water နဲ့ ဘောင်းဘီ သွားဝယ် တာပါ။ ဒါပေမယ့် shopping center ရောက်တာနဲ့ ဗိုက်က ဆန္ဒပြတော့ food court ကို အရင် သွားပါတယ်။ ကိုယ်ကတော့ ငပိ ထမင်းကြော် (ခေါင့်ပတ် ကပိ) သမီးလေး အတွက်က ကြက်ဆီ ထမင်း (ခေါင့်မန်ကိုင်) အမျိုးသား ကတော့ ၀က်လက် ထမင်း (ခေါင့်ခါမူ) မှာစားကြတာပေါ့ သူငယ်ချင်း မိသားစု ကတော့ ထိုင်းမှာ အနေကြာ သူတွေ ပီပီ ထိုင်းဟင်း ချိုစပ် ထူးထူး ဆန်းဆန်း တွေ မှာစားကြ ပါရော။ အဲဒီ မှာတင် သူငယ်ချင်း ညီမလေးက အမ မြည်းကြည့် ပါလားတဲ့။ ဟင်းရည် မဲပျစ်ပျစ် တပန်းကန် သယ်လာပါတယ်။ လေးတယ် ခံတွင်း မြိန်တယ် ဒါပေမယ့် နည်းနည်း တက်မယ် နော်တဲ့။ အိစံဟင်း အမ ရဲ့တဲ့။ အိစံ ဆိုတာ လာအို နိုင်ငံက လောရှမ်းလူမျိုးတွေ ကို ထိုင်းတွေ ခေါ်တဲ့ နာမည် ပါ။ လောဝ်ရှမ်း ရိုးရာ ဟင်းရည်ပေါ့.. ဟင်းရည် နာမည်က ကဲမ်းနောင်မိုင်...

တဇွန်းမြည်းကြည့်ပါတယ်။ ဟုတ်ပါတယ်။ လေးပါတယ်။ နည်းနည်းငံပြီး စပ်ပါတယ်။ ဒါပေမယ့် ဆားငံတာမျိုး မဟုတ်ဘဲ ဟင်းရည်က လေးပြီး အရသာ တော်တော် ရှိပါတယ်။ ခံတွင်း လိုက် ပါတယ်။ ဒီတော့ ထမင်းဖြူ တပန်းကန် နဲ့ ကြက်သား ငရုတ်ပွ တပွဲ ထပ်သွားမှာပြီး သူ့ဟင်းနဲ့ မျှစားပါတယ်။ စားရင်း တန်းလန်း မျက်ခွံ လေးလာပါတယ်။ စားသောက် ပြီးတော့ ရေသောက် ဈေးပတ် ပေါ့။ ဈေးဝယ်ဖို့ စိတ်လော နေတော့ ကိုယ့်ကိုယ်ကို သတိမထားမိပါဘူး။ ကျွန်မက အဲလိုပဲ စိတ်ဆောင်နေရင် ရှူးဒိုင်းနဲ့ ယောက်ျားကြီး အားကစား သမားလောက် လုပ်နိုင် ကိုင်နိုင် ပေမယ့် စိတ်လျှော့ပြီး နားလိုက် တော့မှ အရုပ် ကြိုး ပြတ်... အိမ်ပြန်ရောက်လို့ သမီးလေးကို သိပ်ပြီး ပစ္စည်းတွေ နေရာချထားပြီးပြီလဲ ဆိုရော လူက လေးကွက်သိုင်း တင် မကဘူး ရှစ်ကွက် သိုင်းပါ နင်းနေပြီ။


မူးလိုက်သမှ... ငယ်တုန်းက အရက်ကို ဘုန်းဘုန်းအလှူခံလို့ ဖြတ်ချိန် မတိုင်ခင် တရုတ်နှစ်ကူးမှာ Chivas Regal ကို ပုလင်းတ၀က် ကုန်အောင် ကျိတ်တုန်း က ဒီလောက် မမူး ပါဘူး။ အထင်မကြီးပါနဲ့ ကျွန်မသွေးက alcohol resistant ရှိနေလို့ပါ။ ဒါပေမယ့် ဒီဟင်းရည်လေး သောက်ပြီး လူက ဘယ်လိုမှ လမ်းမ လျှောက် နိုင်ဘဲ လေထဲ မြောက်တက် မျောပါ နေသလောက်ကို မူးတာပါ။ ခေါင်းကနေ အခိုးတွေ အူထွက်နေသလို ဦးခေါင်းတခုလုံးက ရှိသမျှ အပေါက်တွေ ကနေ အခိုးတွေ ထွက်နေသလို ခံစားရပါတယ်။ ဒါနဲ့ စိတ်ထိန်း သတိထား အမှတ်လေးနဲ့ သတိ တအား ထားပြီး ရေပူနဲ့ ရေချိုး ပါတယ် မရပါဘူး ခေါင်းပါ လျှော်ပစ် လိုက်ပါတယ်။ မထူးပါဘူး။ ဒါနဲ့ လေမှုတ်စက်နဲ့ ဆံပင် ခြောက်အောင် လေမှုတ်.. ယောက်ျားက လှမ်းအော် ပါတယ်.. ဘယ်လိုတွေ ဖြစ်နေတာ လဲတဲ့။ ဟန်ကိုယ့်ဖို့ ဘာမှ မဖြစ်ဘူးလို့ ပြန်ပြောရင်း facebook ဖွင့်တော့ စာလုံးတွေက ပျံနေတယ်.. ဘယ်ရမလဲ လိုက်ဖမ်း တာပေါ့။ ခေါင်းရေ နင်ကပဲ မူးနိုင် မလား ငါ့သတိ ကပဲ ထိန်းနိုင် မလား ... ကိုယ့်သတိကိုယ် ပြန်စမ်းသပ်ရင်း လျှောက် comment ပေး .. နောက်ဆုံးတော့ Laptop ဘေးတင် စိုက်ကျ သွားပါရော။

ကြာလေ တက်လေ ကြာလေ မူးလေ တရိပ်ရိပ်နဲ့ တက်လာ တာများ အသက်ပါ ပါသွားမလားပဲ။ ယောက်ျားက ပွစိပွစိနဲ့ ဆူပူပြီး အိပ်ရာပေါ် ဆွဲတင် တာ တောင် ခေါင်းမပြောနဲ့ လက်ညှိုး တောင် မထောင် နိုင်လောက် အောင်ပါပဲ။ ဇက်ကြောတွေ နားထင်တွေကို ဆေးတွေ လိမ်းပေးပြီး စောင်ခြုံ ပေးတာ တွေကို သိနေပေမယ့် ဘာမှ ပြန်မလုပ် နိုင်ပါဘူး။ မနက် ၂ချက် ခွဲလောက် တရေးနိုးတော့ နာရီလေး ဘာလေး ထကြည့် နိုင်ပြီ။ ရေကို ကိုယ့်ဖာသာ ထသောက်နိုင် လာပြီ။ ဒါပေမယ့် ယိုင်ထိုး နေတုန်း။ နေ့လည်စာ စားခါနီး အချိန် အထိ မူးပြီး အာရုံ ကောင်းကောင်း မစိုက် နိုင်သေး။ ခု စာရေးနေတဲ့ ည အချိန် ရောက်မှ သေချာ ကြည်လင်ပါတော့တယ်။


ဒီလောက် မူးအောင် ဒီဟင်းရည်ထဲ ဘာတွေ ပါလို့လဲ ဟုတ်လား။ ပါတာတွေက


မျှစ်၊ မှိုမွှား၊ ကြွက်နားရွက်မှို၊ ရွှေဖရုံသီး၊ ခ၀ဲသီး၊ ဆူးပုပ်ရွက်၊ ပင်စိမ်းရွက်၊ ဂျင်း၊ ငပိရည်နဲ့ ဂဏန်း ငပိကောင်


ဟုတ်တယ်.. မသေကောင်း မပျောက်ကောင်း... မှတ်ထားတယ် ဒီဟင်းရည် နာမည်က ကဲမ်းနောင်မိုင်... ဝေးဝေးကရှောင်ဖို့။

Read More...

Saturday, August 28, 2010

နိုင်ငံခြားမှာ မြန်မာလို ပြောတော့မယ် ဆိုရင်

ကျွန်မ တွေ့ဖူး သလောက် မြန်မာတွေလေ … နိုင်ငံခြားများ ရောက်ပြီ ဆိုရင် ကိုယ့်တိုင်းပြည်မှာ အကြောင်း အမျိုးမျိုးကြောင့် ပိတ်ထားခဲ့ရတဲ့ ပါးစပ်တွေ အာပေါင်အာရင်းသန်သန် ပွင့်ပြီးသကာလ အရိုးမရှိတဲ့လျှာကို မော်တာ တပ်ပြီး မြန်မာလို အားရပါးရ ကျယ်ကျယ် လောင်လောင် ရှေ့နောက် မကြည့် စတမ်း ပြောတတ် ကြပါ တယ်။ (ထိုင်း ရောက် ရွှေ့ပြောင်း အလုပ်သမားတွေ မပါ။ မြန်မာမှန်း သိရင် ထိုင်းရဲက ဖမ်းပြီး ငွေရှာတတ် လွန်းလို့ ဘောလုံး ပွဲ ရာသီ ဆိုရင် လမ်း တောင် မထွက်ရဲ ကြပါဘူး။ ဘောလုံးပွဲ လောင်းကြေးရှုံးထားတဲ့ ထိုင်းရဲ တွေက အချိန်ပို ဆင်းတတ် လို့ပါ)။ ထင်ကြတာ ကတော့ နိုင်ငံခြားမှာမို့ တခြားလူတွေ ကိုယ့်စကား နားမလည် တာမို့ ပြဿနာ မရှိလောက်ဘူး ထင်ပြီး စိတ်ချလက်ချ ပြော လိုက် ကြတာ ပါပဲ။ ပိုဆိုးတာ နိုင်ငံခြား ရောက်ခါစ ယောက်ျားလေး တွေပါ။ မြန်မာပြည်မှာ တည်းက မိန်းကလေးမြင်လိုက်ရင် နှမသားချင်း မစာနာ တတ်ဘဲ ပါးစပ် အရသာခံ အမျိုးမျိုး နောက်ပြောင် အသားယူ ပြောဆိုတတ်တဲ့ လူတွေ အဆိုးဆုံး။ ကိုယ့် ရှေ့က ဖြတ်သွားရင် ထိုင်းမှန်း မသိ မြန်မာမှန်း မသိနဲ့။ ရမ်းသမ်း ပြောပါ လေရော။ ခဏခဏ နားကြားပြင်း ကတ်လောက်စရာ ကြုံရ ကြားရ ပါတယ်။ ထိုင်းရောက်တာ အနေကြာတဲ့ လူများ ကျတော့ တီဗီထဲ ကင်မရာ တချက် ရမ်းလိုက်ရင် တောင် ဒါ ထိုင်း လား မြန်မာလား ထိုင်းရောက်တာ ကြာနေတဲ့ မြန်မာ လား မြန်မာပြည်မှာ အနေကြာတဲ့ ထိုင်း လား ဆိုတာအထိ သိပါတယ်။ ဒီတော့ ဆင်ခြင်ကြပါတယ်။ အတွေ့အကြုံ တွေ များနေမှကိုးး။

အဲ ခွန်မြလှိုင် ဒီလောက် နိဒါန်းချီနေတာ ဘာလို့ပါလိမ့် ဆိုတော့ ကိုယ်တွေ့လေးတွေ ပြောချင်လို့ပါ။ တရက်သား ဘန်ကောက် မှာ ကွန်ပြူတာ စီးတီးလို့ ခေါ်နိုင်တဲ့ ပန်တစ် ပလာဇာကို အသွား ခင်ပွန်းသည်နဲ့ လမ်းသွား ရင်း ခပ်တိုးတိုး တွတ်ထိုးနေတုန်း နောက်ကနေ ခင်ဗျားတို့က မြန်မာ တွေလား ဆိုလို့ လှည့်ကြည့်လိုက်တာ လား လား အမေရိကန် ဘိုးတော်ကြီးပါ။ တော်တော် များ မြန်မာလို တတ်သလား ဆိုတာ သိချင်လို့ မဟုတ်ဘူး တရုတ် ဆို တော့ သြော် ကကတစ်ကိုးတဲ့.. နောက်တာနော် ကပြား လို့ ပြောတာတဲ့။ လင်မယား ၂ယောက် တယောက် မျက်နှာ တယောက် ကြည့်ရင်း ခေသူမဟုတ်ဘဲကိုး လို့ တပြိုင်နက် ပြောမိ တော့ သူက ရယ်လို့။ ခင်ဗျား မြန်မာစာ ဘယ်မှာသင်လဲ မေးရင်း အတူ စကားပြောရင်း လမ်းဆက်သွားဖြစ်ပါတယ် သူကလဲ ပန်တစ် ကိုပဲ သွားမယ် ဆိုတာကိုးးး ခင်ဗျား နာမည် ဘယ်သူလဲ ဆိုတော့ ဘစောဖြူတဲ့။ အမယ် ခင်ဗျားက မြန်မာ နာမည် တောင် ရှိနေမှပဲ ဆိုတော့ ရခိုင် နာမည်ပါ ခင်ဗျတဲ့။ အဲလို အဲလို… အဲဒီက စပြီး နေ့ပြော နောက်တင် မက ပတ်ပတ်လည် အကုန် ကြည့် လို့ ကိုယ့်ကိုယ်ကို ဆုံးမ လိုက်မိ ပါတယ်။

နောက်တခါက ဘတ်စ်ကား စီးရင်း ခင်ဗျ… ဒီတခါက မြန်မာ မိန်းကလေး ၂ယောက်ပါ။ ကားပေါ် ပါလာတဲ့ ရုပ်ဆိုးဆိုး ပါးမြိုင်း မွှေးတွေ နှုတ်ခမ်းမွှေးတွေနဲ့ ကုလားကြီးကို ဟဲ့ ဟိုမှာ နင့်ချစ်ချစ် ဘာညာနဲ့ အချင်းချင်း နောက်ပြောင်ပြီး ခပ်တိုးတိုး တွတ်ထိုး ပြီး အပြန်အလှန် စနောက် နေပါတယ်။ မခံချင်အောင်ကို ပေးစားပြီး စနောက်နေကြ တာပါ။ ခပ်တိုးတိုးပေမယ့် ကြားနေရ ပါတယ်။ မှတ်တိုင်တော်တော်များများကို ဖြတ်ကျော်လာပြီး ဂိတ်ဆုံးခါနီးအထိ တရစပ် နောက်ပြောင်လာတာပါ။ အဲ မှတ်တိုင် တခုကို ရောက်ခါနီး ကုလား အဖိုးကြီး ထိုင်ရာ က ထရော ဟဲ့ နင့်ချစ်ချစ်ကို နှုတ်ဆက်လိုက်လေ ဆိုပြီး ထပ်အစမှာ ကုလား အဖိုးကြီးက ကဲ ချစ်ချစ်တို့ ကိုယ်ဆင်းတော့မယ်နော် ဆိုပြီး မြန်မာလို ပီပီသသကြီး နှုတ်ဆက်ပြီး ဘတ်စ်ပေါ်က ဆင်းသွား ပါရော။ ကိုယ့်မှာ အိတ်ထဲက စာအုပ် ကမန်းကတန်းထုတ်လို့ မျက်နှာကို အုပ်ရင်း ရီလိုက်ရတာ။ မချော ၂ယောက် သားတော့ တော်တော်ကို အီစိမ့် ကျန်ခဲ့ပါတယ်။

အဲ နောက်တခါ အီစိမ့်သွားတာကတော့ ခွန်မြလှိုင် ကိုယ်တိုင်ပါပဲ။ ဘန်ကောက်ကနေ ချင်းမိုင် အလာ လေယာဉ် ပေါ် စတက် တည်းက တောသားမြို့ရောက် ဒီဇိုင်းနဲ့ တရုတ်ရုပ် မြန်မာ နိုင်ငံသား ငါးယောက်ကို အုပ်လိုက် တွေ့ပါတယ်။ ထိုင်း ဆိုတာက သိတဲ့အတိုင်း လူရှုပ် အုပ်စုရှုပ်မို့ ကျွန်မက အပေါင်းအသင်း များများ မထားရဲပါဘူး။ တော်ကြာ ကိုယ်ပေါင်းမိတဲ့ ၂ယောက်က ထောက်လှမ်းရေးနဲ့ သူပုန် ဖြစ်နေမှာ ကြောက်လွန် လွန်းလို့ပါ။ ဒီတော့ မျက်မှန်းတန်းမိရုံ တချက် ကြည့်ပြီး ခပ်တည်တည် ဆက်နေပါတယ် သူတို့ကတော့ ကျွန်မ ကို တအံ့တသြကြီး ကြည့်လို့… ပြဿနာတော့ လာတော့မယ် လို့ စိတ်ထဲက ခပ်ထင့် ထင့် တွေးရင်း တခရီး တည်း စီးလာလိုက်တာ ချင်းမိုင် လေဆိပ် အရောက် မနေနိုင်တဲ့ ကောင်လေး တယောက် လှမ်းပြော လိုက်တဲ့ စကားကြောင့် ကျွန်မ ထမရိုက်မိအောင် စိတ်ထိန်းရင်း ခပ်မြန်မြန်ပဲ လေဆိပ်ထဲက ထွက်လာရကြောင်းပါ။ ပြောလိုက် တဲ့ စကားက

မျက်နှာလေးက နုသလောက် မိန်းကလေး ပီသသလောက် အရပ်ကြီးနဲ့ လူကောင်ကြီးက နည်းတာကြီး မဟုတ်ဘူးနော်။ အခြောက် ကြီးလား မသိဘူး …. တဲ့

ပိန်လှီ ပုသေး ဖြတ်ဖောက်ချုပ်လေးတွေနဲ့ ညားမယ့် အူတူတူ ငကြောင်လေးတွေ…

ဟွန်းဟွန်းးး ဆင်ခြင်နိုင်လွန်းမှ တော်ရုံ ကျမယ်နော…

Read More...

Thursday, August 19, 2010

ကျွန်မ ဆိုးခဲ့ဖူးပါသည်

အမှားအမှန်နဲ့ အဆိုးအကောင်း ဆိုတာ ကွဲပြားတယ် လို့ ကျွန်မ ထင်ပါတယ်။ ကျွန်မ ဆိုးခဲ့တာတွေ ထဲမှာ မှန်တာလဲ ရှိနိုင် သလို မှားတာလဲ များမှာပါပဲ။ ဒါပေမယ့် ဘာပဲ ပြောပြော ကျွန်မကတော့ ဆိုးခဲ့တုန်းကလဲ သိသိနဲ့ ဆိုးခဲ့တာ ရှိသလို ခုမှ အဲ့ဒီ တုန်းက ဆိုးခဲ့ပါလားလို့ သိတာတွေလဲ ရှိတာပေါ့နော်။ ဘာပဲ ပြောပြောပါ။ ကျွန်မ ဆိုးခဲ့တာတွေ အတွက် ခုချိန် မှာ ၀န်ခံ သင့် တာတွေ ရှိသလို ပြင်သင့်တာတွေလဲ ရှိတယ်လို့ ထင်လို့ အဆိုးသမိုင်းကို ဖွင့်ချပါတော့မယ်။ (ကောင်းတယ် ထင်ပြီး သွေးတိုး မစမ်းနဲ့ မိဆိုးတဲ့ကွနော်…) :P အဲဒီသဘောမျိုးနဲ့ ဖွင့်ချတာ မဟုတ်ရပါဘူးနော်။ နောက်တာပါ အတည်။ ဆိုးတာ တွေချည့် ၀န်ခံ ထားတာ ဖြစ်တဲ့အတွက် ကောင်းကွက် မရှိဘူးလို့ တရှူးထိုးကြီး မထင်လိုက်ကြပါနဲ့နော်။ ပြောမယ့်သာ ပြောရတာ ထင်ချင်ချင် တွေက ထင်ဖြစ်အောင်ကို ထင်ပစ်လိုက်ကြမှာ သိနေပါတယ်လေ :P



ငယ်တုန်းက ကိုယ်ဆိုးခဲ့တာကို ပထမဆုံး မှတ်မိတာကတော့ သူငယ်တန်းပေါ့။ ကိုယ့်ထက် ၂နှစ်ကြီးတဲ့ အတန်းဖော် ဘေးချင်း ကပ် ထိုင်ရတဲ့ သူငယ်ချင်းက ကျွန်မရဲ့ စာအုပ်တွေကို ဖြဲ ခဲတံတွေကိုချိုး ကွန်ပါဗူးကို ဖျက်တာတွေ နေ့တိုင်း လုပ်ပါ တယ်။ ပထမ တပတ်တော့ မိဘက မဆူသေးပါဘူး။ ကိုယ့်ပစ္စည်းကို သူများ မဖျက်ဆီးနိုင်အောင် ဘယ်လိုကာကွယ် ရ တယ် ဆိုတာ သင်ပေးတယ် ထင်ပါတယ် သေချာ မမှတ်မိပါဘူး နောက်ပိုင်းတော့ ကိုယ့်ပစ္စည်းကို မထိန်းသိမ်းနိုင်ဘူး ဆို ပြီး ဆော်ပလော် တီးတော့ တာပါပဲ။ ဒီတော့ ကျွန်မလဲ ကလေးပီပီ ငါအရိုက်ခံရတာ နင့်ကြောင့် ဆိုပြီး သူ့ကို ထပ်မဖျက် ဆီးဖို့ ပြောပါတယ်။ ဒါပေမယ့် မရပါဘူး။ အဲဒီ သူငယ်ချင်းမ နောက်တခါ စာအုပ်အဖြဲမှာ သူ့လက် ကို ခဲတံ ချွန်တဲ့ဓားနဲ့ လှီးလိုက်တာပါပဲ။ သူ့ လက် ဓားရှသွားရုံ ပါပဲ။ ဒါနဲ့ ၂ယောက်သား ရုံးခန်း ရောက်ပါရော။ မိဘတွေ ခံဝန်ကတိ ထိုးလိုက် ရတယ် ထင်ပါတယ်။ နောက်ထပ် သူလဲ ကျွန်မရဲ့ ပစ္စည်းတွေကို မဖျက်ဆီးတော့သလို ကျွန်မလဲ အရိုက်မခံရတော့ ဘူး ပေါ့။ နောက်နှစ် သူကျောင်း ထွက်သွား ပါတယ်။ ဘာကြောင့်ရယ် မသိခဲ့ရပဲ အသက်တွေ ကြီးလို့ ပြန်ဆုံကြတော့ မယုံနိုင် လောက်အောင်ပါပဲ။ သူဟာ မူလတန်း ကျောင်းသူ အရွယ်ထက် ပိုပြီးကိုယ်ကာယရော စိတ်နဲ့ အသိဥာဏ်ပါ ဖွံ့ဖြိုး မလာခဲ့ တော့ပါဘူး။ လက်စသတ်တော့ သူဟာ ဖွံ့ဖြိုးမှု ချို့ယွင်းသူပါ။ ကျွန်မ သူ့ကို ဓားနဲ့ လှီးမိခဲ့တာ အတွက် ခုချိန်ထိ စိတ် မကောင်းနိုင်ပါဘူး။ သူကတော့ ဘာမှ မှတ်မိပုံမရဘဲ ကလေးတယောက်ရဲ့ ဖြူစင်တဲ့ အပြုံးနဲ့ ကျွန်မကို မှတ်မိ နှုတ်ဆက် ဆဲပါ။ ဒါနဲ့ပဲ ကျွန်မတို့ သူငယ်ချင်း တွေ ပြန်ဖြစ်ခဲ့ကြပါတယ်။
နောက်တခေါက်ကတော့ အလယ်တန်းကျောင်းသူဖြစ်စ။ ကျွန်မဟာ ငယ်စဉ်တည်းက ကျွန်မကို တခုခု ပစ်ပေးရင် ခါးခါး သီးသီး မုန်းတတ်တဲ့ ဆိုက်ကို ရှိပါတယ်။ ပေးရင် ရိုးရိုးတန်းတန်း ကမ်းပေးတာကိုပဲ လက်ခံပါတယ်။ ငါးတန်းနှစ်မှာ ကျောင်းသား တယောက် က ဆရာမ ဝေခိုင်းတဲ့ လေ့ကျင့်ခန်းစာအုပ်ကို ကျွန်မဆီကို ပစ်ပေးပါတယ်။ အရှိန်လွဲပြီး သမံ တလင်းပေါ် ပြုတ်ကျ လို့ စာအုပ် အဖုံး ပြဲပါလေရော။ နင်ငါ့ကို ပစ်မပေးနဲ့ ပြန်ကောက်ပေး ဆိုတဲ့စကားဟာ ကျွန်မ တသက်မှာ သူစိမ်း ယောက်ျား လေးကို ပထမဆုံး စပြီးပြောဖူးတဲ့ စကားပါပဲ။ သူက ပြန်ကောက်ပြီးရိုးရိုး မပေးဘဲ ကျွန်မဆီ စာအုပ်ကို လှမ်းလိုက် ကျွန်မက လက်ကမ်းမှ ဖျတ်ခနဲ ပြန်ရုတ်လိုက်နဲ့ စနောက်ပါတယ်။ ဒီမှာတင် ပစ်အပေးခံရလို့ ဒေါကန်နေတဲ့ ကျွန်မ မျက်စိပြာပြီး အနားက သံပေတံနဲ့ မှီရာ လှမ်းရိုက်လိုက်တာ လက်ကျိုးပါလေရော။ ကျိုးတဲ့လက်က ညာလက်။ ကျွန်မ လက်ချက် ကြောင့် စာမေးပွဲကို နှုတ်ဖြေပဲ ဖြေလိုက်ရတဲ့ ကျောင်းသားပါပဲ။ ဆရာမက မေးတော့ သူ့ဟာသူ ချော်လဲပြီး ခုံစောင်းနဲ့ ထိလို့ ကျိုးပါတယ်လို့ လိမ် ဖြေခဲ့တဲ့ အတွက် ကျွန်မတို့ ရုံးခန်းကို မရောက်ခဲ့ပါဘူး။ ကိုယ့်လက်ဆပြင်းတာကို ကိုယ် သိသွားတဲ့ နောက်ပိုင်းမှာ စိတ်ဆိုးရင် လက်မပါဖို့ သတိထားခဲ့ပါတယ်။ ဒါတောင် ရှစ်တန်းနှစ်မှာ ဒီလို အဖြစ်မျိုး ထပ်ကြုံလို့ အတန်းမှူးရဲ့သားလဲဖြစ်တဲ့ အတန်းဖော် ကောင်လေးကို ထပ် ရိုက်မိတာ ခေါင်းပေါက် သွားပါ သေးတယ်။ ကျွန်မ အဲလောက်ကြီးကို ဆိုးခဲ့ဖူးပါတယ်။

အဲဒီ ၈တန်းနှစ်မှာပါပဲ။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းကြီး စဖွဲ့ပါတယ်။ ကျွန်မတို့ ကျောင်းသူ ကျောင်း သား အားလုံး လူထုအင်အားပြပွဲကို မတက်မနေရ။ မတက်ခဲ့ရင် အတန်းတင် စာမေးပွဲ ပေးမဖြေဘူး ဆိုလို့ကျောင်းကို မနက် ငါးနာရီအရောက် သွားရပါတယ် ကျောင်းမှာ လူရေတွက်ပြီး ၆နာရီ သာသာလောက်မှာ တန်းစီရပါတယ် အဲဒီနောက် ဘယ်ဆီမှန်းမသိ သူများနောက် လူတန်းကြီးနဲ့ အတူ လိုက်ရင်း မိုင်နာကွင်းကိုရောက်ပါရော။ အဲဒီကမှ တဆင့် ဆက်လမ်း လျှောက်တာမှာ မနက် ၈နာရီဝန်းကျင်မှာ အောင်ဆန်းကွင်းကို ရောက်ပါတယ်။ စိတ်ဆိုးလိုက်တဲ့ ဖြစ်ခြင်း။ ကျောင်းနဲ့ အောင်ဆန်းကွင်းက ခြေတပေါင် ကျိုး ခုန်ရင်တောင် ဆယ့်ငါးမိနစ်နဲ့ ရောက်တဲ့ အကွာအဝေးပါ။ ခုတော့ မိုးရွာထဲ ကြွက် စုတ်ဖြစ်အောင် ရွှဲရွှဲစိုခံပြီး အဝေးကြီး လမ်းလျှောက် လိုက်ရပါရော။ နောက်ပြီး မိုးရွာပြီးစ မို့ ခြေကျင်းဝတ်အထိရေမြုပ်တဲ့ မြက်ခင်းပြင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်ပြီး အပေါ်က ကြဲနေအောင် ပူတဲ့ နေရောင်အောက်မှာ နေခြောက်လှမ်းခံရင်း မ ကြားရတဲ့ မိန့်ခွန်းခြွေမှုတွေကို စောင့်ရပါတယ်။

အမယ်… မိန့်ခွန်းခြွေတာကိုသာ မကြားရတယ် သဘောတူကြပါသလားခင်ဗျာ ဆိုတဲ့ စကားသံကျ အကျယ်ကြီး ထွက်လာပါတယ်။ ပြီးတော့ ဘယ်က လာမှန်းမသိတဲ့ သဘောတူပါတယ် ဆိုတဲ့ ပြိုင်တူ အသံကြီးကလဲ လော်စပီကာကနေ ဟိန်းလို့ ထွက်လာ တာ ပါ။ ကျွန်မတို့ အူလည်လည် ဖြစ်နေချိန်မှာပဲ အားလုံး ကသဘောတူတဲ့ အတွက် ဒီအဆို ၆ရပ်ကို အတည်ပြုလိုက် ပါတယ် ခင်ဗျားတဲ့။ လက်ခုပ်သံ ဝေါကနဲ ကြားမှာ ကိုယ့် လက် ခုပ်သံ လဲပါပါတယ်။ အခမ်းအနား ပြီးလို့ ပြန်ရတော့မှာမို့ပါ။ ကျောင်း ကို ပြန်ရောက်တော့လား။ ဟုတ်ကဲ့ ကောက်ညှင်းပေါင်း နဲ့ စမူဆာကြော် တယောက်တထုပ် လာဝေပါတယ်။ အဲဒီနေ့က ကျောင်း မှာ သန့်ရှင်းရေး လုပ်တဲ့ ကုလားမကြီး အတော် ပွသွားပါတယ်။ သူ့စေတနာ အကျိုးပေး ပေါ့လေ။ ကောက်ညှင်း ပေါင်း နဲ့ စမူဆာ ထုပ်တွေ ကြွပ်ကြွပ်အိတ်တောင် မဖြည် ဘဲနဲ့ သူပြောင်အောင် ဆေးထားတဲ့ အမှိုက်ပုံးထဲမှာ ပြည့်လို့။ စီကနဲ ညံကနဲ စီခန်း လို့ ဒဂုံတစ် တခွင် ပြဲပြဲစင် ကျော် ကြားတဲ့ ကျွန်မတို့ အတန်းသားတွေ ဘာလုပ်ရမှန်း မသိ ဒေါပွနေရာက ခုံ တွေကို အတန်းထောင့်မှာ သွားစီကြပါတယ်။ အဲဒီနောက် စီထားတဲ့ စာသင်ခုံ စင်မြင့်ပေါ် ကျောင်းသားတွေ တယောက်ပြီး တယောက် တက်ရင်း ကြံ့ဖွံ့ လူထု ဆန္ဒ ခံယူပွဲ လုပ်တမ်း ကစားကြပါရော။ တ၀ါးဝါး တဟားဟားနဲ့ လောင်စိန်ကျနေလိုက်တာ စီအိုင်ဒီ ခင်မာကြည် လာပြီဟေ့ ဆိုမှ မျက်နှာပိုးသတ်ကြပါတော့တယ်။ ကျွန်မတို့ စီတန်းက စာတော်တဲ့ နေရာမှာ အထူးတန်း လို့ ခေါ်တဲ့ (S) တန်းကို ယှဉ်နိုင်သလောက် ဆော့တဲ့နေရာမှာ လူညီပြီး ၀က်ဝက်ကွဲ သောင်းကျန်းလို့ ဆရာ ဆရာမတွေ ချစ် ကြောက် ဆူပူရတဲ့ အတန်းပါ။ ဒါပေမယ့် သမိုင်းဆရာ ဒေါ်ကြည်မာခင်ကိုတော့ စီအိုင်ဒီ ခင်မာကြည် လို့ ကွယ်ရာမှာ ခေါ်ရင်း ကြောက်ကြ ပါတယ်။

အတန်းတင် စာမေးပွဲကြီး နီးလို့ (S) တန်းက ကျောင်းသားတွေ လမ်းသွားရင်းတောင် စာဖတ်လို့ နဖူးနဲ့ ဓာတ်တိုင် ဆောင့် နေချိန်မှာ ကျွန်မတို့က နဖူးချင်း တိုက်နေကြပါတယ်။ နှုတ်ဆက်ပွဲ ပျော်ပွဲ ရွှင်ပွဲ လုပ်ဖို့ပါ။ ဆရာ ဆရာမတွေဆီ ခွင့်တောင်း တော့ ထင်ထားသလိုပါပဲ ဟင့်အင်း တဲ့။ ခွင့်တောင်းတုန်း ခွင့်မပေးတော့ ထပ်ပြီး ခွင့်မတိုင်ဘူးပေါ့။ လေးထပ် ဆောင် အပေါ်ဆုံး ထပ် ထောင့်စွန်းခန်း ဖြစ်တဲ့ ၈တန်းစီကို ရောက်ဖို့ လှေကားထစ်ပေါင်း ၇၂ ထစ်ကို တက်ပြီးမှ ရောက် သလို ကျောင်းဂိတ် ပေါက်ဝ ကနေ အခန်းကိုရောက်ဖို့ ကျောင်းသားတယောက်ဟာအနည်းဆုံး ဆယ်မိနစ် အပြေးတပိုင်း လျှောက်လှမ်းရတာကို မှတ်မိနေပါသေးတယ်။ ဒီအချက်ကို အခွင့်ကောင်းယူပြီး ကျွန်မတို့ နည်း ကျွန်မတို့ ဟန်နဲ့ အတန်း ထဲမှာ နှုတ်ဆက်ပွဲ တိတ် တိတ် ခိုးလုပ်ဖို့ ကျိတ်ဆုံးဖြတ် လိုက်ကြတယ်။ စားဖို့ ရွေးလိုက် တာက လက်သုပ်စုံ (ဟီဟိ)။ အတန်းသား ၆၀ကျော် စားဖို့ လက်သုပ်စုံ နဲ့ အအေး စီစဉ်ရာမှာလက်သုပ်စုံ ခိုးသယ်ဖို့ မိန်းကလေးတွေ တာဝန်၊ အအေးနဲ့ (ပါဆယ်ဂိမ်း ခိုးဆော့ဖို့) ကက်ဆက် ခိုးသယ်ရမှာက ယောက်ျားလေးတွေ တာဝန်ပါ။ လက်သုပ်စုံ သုပ်စားဖို့ ခွက်နဲ့ ဒန်အိုးကြီး အတန်းထဲကို ခိုးသွင်းဖို့ ကတော့ အမှိုက်သိမ်းတဲ့ ကုလားမကြီး တာဝန်ပေါ့။

အိမ်ကနေသယ်လာတဲ့ သောက်ရေဗူးတွေ ထဲမှာတကယ်ပါတာ ဆီချက် ငံပြာရည် ငရုတ်ဆီဖျော်ရည် တွေပေါ့။ တယောက် တမျိုး စီ တာဝန်ယူကြတာပါ မိန်းကလေးက အတန်းထဲမှာ ၂၈ ယောက်တောင်မှပဲ။ အေးဆေးပေါ့။ ထမင်းချိုင့်တွေ ထဲမှာ တော့ လက် သုပ်စုံ အတွက် လိုတဲ့ ပိစိပွစ တွေပေါ့။ လူညီတယ်လေ။ စီတန်း ပါဆို။ ဆောင်းတွင်း ဇန်န၀ါရီလကြီးမှာ ယောက်ျား လေးတွေ ဂျာကင်ကြီးတွေ တဖားဖားနဲ့ ခိုက်ခိုက်တုန်ပြီး အတန်းထဲ အပြေးတပိုင်း ၀င်လာနေကြတယ်။ ဂျာ ကင်အောက် အင်္ကျီထဲမှာ အအေးဗူးတွေ အပြည့် ပါတယ်လေ။ အတွင်းခံတီရှပ်ကို ဘောင်းဘီထဲ အကြပ်ညှပ်ပြီး ၀တ်လာ တာကိုး ကျောင်းစိမ်းအင်္ကျီ ကျောင်းစိမ်း ပုဆိုးနဲ့ ဂျာကင်က အပေါ်က ထပ်ဝတ်လာတာပါလေ။ ဒီတော့ ချမ်းတာပေါ့။ ဒီလို နဲ့ ကျောင်းပေါက်ဝကနေ အတန်းထဲ ရောက်သည်အထိ အထပ်ထပ်စောင့်တဲ့ ဂိတ်ပေါင်း ၆ဂိတ်ကို အောင်မြင်စွာ ဖြတ် ကျော်ပြီး လက်သုပ်စုံ သုပ်အပြီးမှာ ကျောင်းတက်ခေါင်းလောင်း ထိုးပါတယ်။ ဟီးဟီး။ ခုပြန်တွေးရင် ခု ရင်ခုန် ပျော်ရွှင်ရ ပါတယ်။ အတန်းထဲ ၀င်လာတဲ့ ဆရာမ တွေလဲ ရင်ဘတ်ဖိလို့။ သူတို့ကို ကြိုဆိုနေတာက “အသည်းလေး” လို့ နာမည် ပြောင် ပေးထားတဲ့ သူငယ်ချင်းလေးရဲ့ လက်ရာ ဧရာမ အသုပ်စုံအိုးကြီး။ အအေးဗူးတွေက စီရီလို့။ ဒါနဲ့ သူတို့မိအောင် မစစ်ဆေးနိုင်လို့ တာဝန်မကင်းတဲ့ အတူတူ မထူး ဇာတ်ခင်းပြီး ဆရာမတွေပါ ပါဝင်ဆင်နွဲ ပါတော့ တယ်။ အသံမကျယ် စေနဲ့ တဲ့။ ပါဆယ်ဂိမ်း ကစားတာမှာ ခုချိန်ထိ မှတ်မိနေတာက သူငယ်ချင်း ခွေးဖင်ရဲ့ ကြံတော ဟိုတယ် ကြော်ငြာပါ။ မှတ်မိတယ်နော် ရွှေခြူး ဆိုတဲ့ ကြော်ငြာနဲ့ မေသန်းနု တအားပေါက်နေတဲ့ အချိန်မှာ သူမဲကျလို့ ကြော်ငြာတဲ့ စာသားက

ကျွန်တော်တို့ရဲ့ ကြံတော ဟိုတယ်မှာ လာရောက် တည်းခိုသူတွေအတွက် အအေးခန်းတွေ အလုံအလောက် စီစဉ် ထား ပါတယ် သယ်ယူပို့ဆောင်ရေး အတွက်လဲ အသုဘ ယာဉ်တွေကို စီစဉ်ထားရှိပါတယ်။ အလှထိုးပန်းခြင်းတွေ လွမ်းသူ့ ပန်းခွေ တွေ အတွက်လဲ ၀န်ဆောင်မှု လုပ်ငန်းတွေ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ မှတ်မိတယ်နော် ကြံတော တဲ့။ လက်ခုပ်သံတွေ အစဲမှာ နင်ပဲ တည်း ဆိုတဲ့ ရယ်မောသံတွေနဲ့ လှိုင်လှိုင်ဝေလို့။ သူများတွေ စာမေးပွဲ နီးနေလို့ စာအုပ်နဲ့ မျက်နှာနဲ့ မခွာရဲ ဖြစ်နေချိန်မှာ ကျွန်မတို့ ဒီလို ဆိုးခဲ့ကြပါတယ်။


ဒီလိုနဲ့ ဆယ်တန်းအောင်ပြီး ကျောင်းတွေ ပိတ်ထားတဲ့ အချိန်မှာ စီးပွားရေး တက္ကသိုလ်ထဲမှာ ဖွင့်တဲ့ လက်မှတ်ရ စာရင်း ကိုင် သင်တန်း တက်ခဲ့ပါတယ်။ အဲဒီတုန်းကဆိုးသွမ်းခဲ့ပုံကိုတော့ သင်ခန်းစာ ပေးရာဝယ် ဆိုတဲ့ ပို့စ်မှာ သုံးပိုင်းခွဲပြီးကို ဆိုးခဲ့တော့ တာပါပဲ။

တက္ကသိုလ်တွေ ပြန်ဖွင့်တော့ တိုင်ကြီး၁၈လုံးနဲ့ ကျောင်းကြီး ရှိလျက်နဲ့ ပိတ်ထားပြီး လယ်တောမြက်တောထဲက ဂျီတီအိုင် ကျောင်းထဲက နွားတင်းကုပ်သာသာ စာသင်ခန်း ဆိုတာတွေထဲမှာ စာသင်ဖို့ အပို့ခံရပါတော့တယ်။ ဒါတောင် ဂျီတီအိုင် ကျောင်းသားကဒ်တွေ ထုတ်အပေးမှာ ငါတို့ လျှောက်ခဲ့တာ ၀ိုင်တီယူလို့ ရဲရဲကြီး ကြွေးကြော်ပြီး ကိုယ်တက်ရမယ့် တက္က သိုလ် ကို ကိုယ်တိုက်ယူခဲ့ရပါသေးတယ်။ ကျောင်းသားဆိုတာ ကျောင်းက သင်ပေးတာကိုပဲ တက်ရုံပဲ အထွန့် မတက်နဲ့ တဲ့။ ကျွန်တော်ကျွန်မတို့ လျှောက်ခဲ့တာ ၉၆ထုတ် တက္ကသိုလ်ဝင်တန်းလမ်းညွှန်ရဲ့ စည်းမျဉ်းအောက်မှာ လျှောက်ခဲ့တာ ခင်ဗျားတို့က စည်းမျဉ်းကို ချိုးဖောက်ပြီး ပါးစပ်အမိန့်နဲ့ ဒီလိုမျိုး ကျောင်းလွှဲပစ်တာ ဥပဒေနဲ့ ညီရဲ့လား စသဖြင့် အခြေ အတင် စကားတွေနဲ့ တိုက်ရင်း နောက်ဆုံးတော့ မြန်မြန် ကျောင်းပြီး နားအေး သင်ရိုးနဲ့ အင်ဂျင်နီယာ ကျောင်းသူ ဖြစ် လာပါရော။
စတည်းက သင်းသကို ဆိုတဲ့ အတိုင်း ပထမနှစ်ရဲ့ အင်္ဂလိပ်စာ သင်ခန်းစာမှာ ရေးတင်ရမယ့် စာစီစာကုံးက “My University” တဲ့။ ကိုယ်နေခဲ့တဲ့ အခြေခံ ပညာသင်ကျောင်းလောက်တောင်မှ ကျောင်းမပီသတဲ့ ဟာကြီးကို တက္ကသိုလ် အမှတ်နဲ့ စိတ်လျှော့ပြီး လာတက်နေရတဲ့ဟာကို။ မကျေချမ်းနိုင်တဲ့ ဒေါသတွေက စာမျက်နှာပေါ်ကို စကားလုံးတွေ အဖြစ်နဲ့ ခုန်ပေါက် ကျဆင်းလာပါရော…

မြို့ထဲမှာ မွန်းကြပ်နေပြီး စိတ်ညစ်ညူးမှု မဖြစ်ရအောင် မြစိမ်းရောင် လယ်တောမှာ အောက်စီဂျင် အပြည့်ရှူရစေချင်တဲ့ နိုင်ငံတော်ရဲ့ စေတနာကြောင့် မြစိမ်းရောင်စို အမိတက္ကသိုလ်မှာ တက်ရောက်ရလို့ ကောင်းကြောင်း

မြို့ထဲမှာ ဆိုရင် ကိုယ်လက် ကြံ့ခိုင်ရေး လေ့ကျင့်ခန်း မလုပ်ဖြစ်မှာ စိုးလို့ မြို့ပြင်ထိ မနက်စောစော ထွက် အသွား ၃နာရီ အပြန်၃နာရီ ကားစီးပြီး ကျောင်း တက်ရလို့ ကျောင်းသူကျောင်းသားတွေ သက်လုံနဲ့ ကြံ့ခိုင်ရေး ကောင်းစေဖို့ ဖြစ် ကြောင်း

စာသင်ခုံ မလုံလောက်လို့ ခပ်တောင့်တောင့် မတ်တပ်ရပ်ရခြင်း၊ ဆောင်းဆို လေကာမဲ့ နွေဆို အရိပ်မဲ့ မြစိမ်းရွှေတော ပြောင်းလဲတတ်လှတဲ့ လယ်တောတခွင်မှာ စာသင်ရခြင်းဖြင့် သက်လုံ ကြံ့ခိုင်ရေး ပိုမို ကောင်းမွန်စေကြောင်း

ကျောင်းကားမရှိဘဲ မြို့ပြင်မောင်း ဒေါ့ဂျစ်ဘတ်စ်ကားတွေကိုသာ နာရီများစွာ မတ်တပ် တဖုံ တွယ်လျက် တနည်း ခေါင်မိုး စီး တသွယ် စီးနင်း ကျောင်းတက်ရတဲ့ အတွက် ကိုယ်လက်အင်္ဂါတွေကိုကျွမ်းကျင် ခိုင်မြဲစွာ အသုံးချနည်းတွေ တတ်လာ ကြောင်း

ကြံ့ခိုင်သော နိုင်ငံသားကောင်းများကို မွေးထုတ်ရာ ဖြစ်သည်နှင့်အညီ ဆောင်းတွင်း ကားခေါင်မိုးပေါ် တွယ်စီး ရသောကြောင့် လေဖြတ်ပြီး လည်းကောင်း၊ နွေတွင် ကားမြီးမှ တွယ်စီးရလို့ အပူရှပ် သွေးအန်ပြီး လည်းကောင်း၊ နဂို သွေးအားနည်း ဓာတ်ခံ တွင် ပင်ပန်းမှုဝင်ပြီး သွေးကင်ဆာဖြင့် စာသင် နှစ် တ၀က်တွင် ကျဆုံးကြသည့် ကျောင်းသားများ ရှိသော်လည်း အနည်းစု ဖြစ်ပြီး ကျန်အများစုမှာမူ သန်မာ ကြံ့ခိုင်သော နိုင်ငံ့သားကောင်းများ ဖြစ်လာသည့် အတွက် အားတက်မိကြောင်း

စာသင်ဆောင် ကဲင်တင်း လမ်းမ မရှောင် မြက်လျှော မြွေစိမ်း ငန်းပုပ် ငန်းစောင်းမကျန် အခွေခွေ အစင်းစင်း ပေါများတော် မူပေထသော အကောင်ရှည်တို့ကို ရှောင်ရှား ထွက်ပြေး မျက်စိရှင်စေသော လေ့ကျင့်ခန်းများကိုလဲ ရပါကြောင်း

စသဖြင့် စာမျက်နှာ ၈မျက်နှာကျော်အောင် လက်စွမ်းပြတာမှာ (များလွန်းလို့ အချက်အလက် အကုန်တောင် မမှတ်မိတော့ဘူး) ဆရာက ကျွန်မရဲ့ စာစီစာကုံးကို တကယ်ကြိုက်လို့လား ပြန်ရွဲ့ သလား မသိ တကျောင်းလုံး ဒုတိယ အမှတ်အများဆုံး ဖြစ်ခဲ့ တာကို မှတ်မိ ပါသေး။ တွေ့လား ခွန်မြလှိုင်တို့က ဆိုးပေမယ့် အကောင်းမြင်စိတ် ရှိပါတယ် @#$%

ကျောင်းသူ ဘ၀ ကြုံတွေ့ခဲ့ရတဲ့ ဘ၀မုန်တိုင်းတွေကိုတော့ မုန်တိုင်းထဲက သူငယ်ချင်းများ အကူအညီနဲ့ ရင်ဆိုင် ကျော် ဖြတ် ခဲ့ရတာ ပေါ့။ မုန်းလို့တော့ မဟုတ်လောက်ပါဘူး။ သူတို့ ချစ်ပုံချစ်နည်းကို ကိုယ်ကမခံနိုင် ကိုယ့်အချစ် တွေကလဲ သူတို့ လက်မခံနိုင်တဲ့ အချစ်မျိုး ဖြစ်နေလို့ နေမှာပါလေ။ ဒါကြောင့် ခုချိန်ထိ လွမ်းနေမိသေးတယ် တကယ်!!!

နောက်ဆုံးနှစ် စာမေးပွဲ အပြီး လုပ်ငန်းခွင် ၀င်တော့ သုတေသန စီမံကိန်း သေးသေးလေး တခု စလုပ်ခဲ့ရတယ်။ မတတ် တတတ် ရမ်းလုပ်တာ မိကန်းကြေးအိုးတိုး သွားတော့ ခံတွင်းမြိန်တာပေါ့။ ဒီလိုနဲ့ ပရောဂျက် မန်နေဂျာ ပေါက်စ ဖြစ်ခဲ့ရ။ အက်ဒမင်က မမကြီးများက မကြည်ပါဘူး။ သူတို့အသက်ထက် ခေါက်ချိုးငယ်ပြီး ခုမှဝင်တဲ့ ကန္တာရပင်က နေရာရခဲ့ တာကိုးး။ ဒီတော့ ကျွန်မကို ပေးထားတဲ့ အခန်းထဲ သူတို့ အင်တာဗျူးမယ့် လူတွေ ခေါ်သွင်းထားတာ ကျွန်မ သုံးရမယ့် ကွန်ပြူတာကို ယူသုံးနေတာ စသဖြင့် ပညာ မျိုးစုံ ပြလာပါရော… ဟုတ်ကဲ့ ကျွန်မ ရန်မလိုတတ်ပါ။ ကိစ္စမရှိပါ လို့ တခွန်း ပြောပြီး အိမ်ပြန်သွားရုံလေးပါ။ အိမ်မှာ အလုပ် ဆက်လုပ်ပါတယ်။ နောက်မှာ ပွက်လောရိုက်ပြီး ကျန်ခဲ့ပါရော။ နောက်နေ့ လူကြီးက ခေါ်မေး ပါတယ် ရုံးမတက်တာ ဘာကြောင့်လဲတဲ့။ ထိုင်စရာ နေရာနဲ့ သုံးစရာ ကွန်ပြူတာမှ မရှိတာလို့။ ပညာ သည်တွေ သူတို့အတတ် သူတို့ ပြန်စူးကုန်ပါရော။ နောက်တမျိုး လာပြန်ပါတယ်။ ဖုန်းဆက် အင်တာဗျူးဖို့ ကျွန်မက ဖုန်းကို ကိုင်ရင် ပါစင်နယ် မသုံးရ တဲ့။ ဒါဆို ဖုန်းခေါ်ရမယ့် စာရင်းက ဒီမှာ။ ဖုန်းခေါ်ပေး ပြီးရင်ကျွန်မ အခန်းကို လွှဲလိုက် ဒါဆို ကျွန်မက ပါစင်နယ် မသုံးတာ သေချာရောပေါ့ ဆိုတော့ မျက်နှာတွေ နီရဲလို့ ဟီဟိ။ ခွန်မြလှိုင် မဆိုးပါဘူးနော်။ ပြသနာကို အငြိမ်းချမ်းဆုံး ဖြေရှင်းတာပါ။ အဲလို အဲလိုလေးတွေ လုပ်တတ်ပါတယ်။

ခုတော့ ခွန်မြလှိုင် မဆိုးတော့ပါ။ အထူးသဖြင့် အဲဒီလို မဆိုးတော့ပါ။ သိပ်ကို သေချာပါတယ်။ ဒါကြောင့် အရင်တုန်းက ဆိုးခဲ့ သမျှကို ၀န်ခံလိုက်ပါတယ်။ ဟုတ်ကဲ့ ကျွန်မ ဆိုးခဲ့ဖူးပါတယ်။ ဒီပို့စ်ကို လာဖတ်ကြ သူတွေထဲက ကိုယ်ဆိုးခဲ့ ဖူးတာကို ၀န်ခံရဲတဲ့ သတ္တိရှိသူ ဘယ်သူမဆို အားလုံးကို ပြန်တဂ်ပါတယ်။ ဆိုးခဲ့ဖူးတာလေးတွေ ရေးပေးပါလို့။ တခါမှ မဆိုးခဲ့ ဖူးဘူး ဆိုသူများလဲ လိမ်မာ ခဲ့ပုံလေးတွေ ရေးနိုင်ပါတယ်။ ပျော်ပျော်ပါးပါးပေါ့။

Read More...

Saturday, November 14, 2009

ဂွစာမနဲ့ အတိတ်က တန်ဆောင်တိုင်

တန်ဆောင်တိုင် ပွဲတော် ပြီးခဲ့တာ ၂ပတ်လောက်ရှိပြီ ဖြစ်ပေမယ့် ချင်းမိုင်ကတော့ ဗျောက်အိုးဖောက် ကောင်းတုန်း။ မီးပန်းနဲ့ မီးပုံးပျံ ပစ်လို့ လွှတ်လို့ အရှိန် မသတ်နိုင်သေး။ မယ်တန်ဆောင်တိုင်လို့ ခေါ်ရလောက်တဲ့ လွိုင်ကထုံမယ် ရွေးပွဲကတော့ နှစ်တိုင်းကလို ခမ်းခမ်းနားနား ပြီးခဲ့ပြီ။ ဒီလိုအချိန်ရောက်ရင် ဂွစာမလေးကို လွမ်းမိတတ်တာ ဇာတ်လမ်း ရှိလို့ပါ။

နင်က ပွေလီမ ကိုပဲ လွမ်းသလား.. ငါ့ကိုရော ဆိုပြီး ကလေးမဟုတ်ဘဲ ခြေရာက တိုင်းသေး။ နင့်အလှည့် လာ တော့မှ ငါ့ကို ထပ် စကားနာ မထိုးနဲ့နော် ဆိုတော့ ရီဖြဲဖြဲ။ သူနဲ့ ဆက်ဆံရတာ တခြား မိန်းကလေးတွေနဲ့ ဆက်ဆံ ရတာနဲ့ နည်းနည်းမှ မတူ။ သူ့အတွေးက သူများနဲ့ မတူ။ သူ့ခံယူချက်က သူများတွေနဲ့ တော်တော် ကို ကွဲပြား ခြားနား နေခဲ့လို့ ဂွစာမ ဆိုတဲ့ နာမည် တလုံး ရခဲ့သည်။ သူနဲ့ တွေ့တာ တက္ကသိုလ်မှာပါပဲ။
*****************************************************

"ဟာ.. မိုက်တယ်ကွာ ဆံပင်ရှည်ကြီးနဲ့တင် ကွင်းဖြစ်လောက်တယ်.. ဒါပေမယ့် ကိုယ့်ရုပ်လေးမှ အားမနာ .. ၀တ်ထား လိုက်တာ တိုက်ဂေါကြီး"
"ဟဟ အဲဒါ ဂွစာမ ကွ.. ဖရက်ရှာ ၀ဲလ်ကမ်းမလုပ်ခင် သူ့ကို ကွင်းပေးမယ်ဆိုပြီး ပြောပြော နေကြတုန်းက သူ က သူ့ သူငယ်ချင်း ယောက်ျားလေးတွေကို ပြောသတဲ့။ သူ လူမသိသူမသိ အေးဆေးပဲ နေချင်တယ် သူ့ကို ခင်ရင် မဲ မပေးပါနဲ့ တဲ့လေ။ တချို့ ကောင်မလေးတွေက သူ့ကို ရှောက်ကွင်း သရက်ကွင်း မရမ်းကွင်း ဆိုပြီး တိုးတိုးလေး ကပ်ကပ် ပြောသွား ကြတာ စိတ်ပျက်လို့တဲ့။ အများကြားမှာ သီးခြားကြီး သပ်သပ် ကွဲထွက် မနေချင် ဘူးတဲ့။ သူငယ်ချင်းတွေနဲ့ သာမန် သူလို ကိုယ်လို သိုက်သိုက်ဝန်းဝန်းပဲ နေချင်ပါတယ်တဲ့လေ။"
"ဟေ.. အဲလိုတော့ ဟုတ်သား… ဒါပေမယ့် တကယ်က မိန်းကလေး တော်တော်များများက ကွင်းဖြစ်ချင်လိုက် ကြတာမှ… သူတို့ကို လူဂရုစိုက် ခံချင်လွန်းလို့"
"အဲဒါကြောင့် သူ့ကို ဂွစာမ လို့ ခေါ်တာပေါ့ကွ… နောက်ထပ် ဂွကျပေါက်တွေ လာဦးမယ်.. မင်းစောင့်ကြည့် ထား"

ယောက်ျားလေး ၂ယောက် ကော်ရစ်ဒါမှာ ဖြတ်လျှောက်သွားရင်း ပြောသွားတဲ့ စကားကို အခန်းလွတ်က ချောင်ထဲမှာ ၂ယောက် သား စာလုပ်ရင်း ကြားလိုက်တော့ ဂွစာမ က မျက်လုံးလေး ပြူးကာ နှုတ်ခမ်းကို မဲ့ပြသည်။ နောက်တော့ ၂ယောက်သား တဟားဟား ရယ်မိကြသည်။ ဂွစာမတို့များ လူကသာ ဂွကျတာ မဟုတ်။ ကံ ကလဲဂွကျသည်။ သူများ အတင်းပြောတာ ပက်ပင်းမိတဲ့ ကံ က သူ့မှာ သိပ်ကို ပါလေသည်။
****************************************************************

ထိုင်းကိုရောက်တော့ သူ ပိုပြီး သပ်သပ်ရပ်ရပ် ဖြစ်လာသည်။ အ၀တ်အစားကို ဂရုစိုက်လာပြီ။ အနေအထိုင် အသွားအလာက အစ မြင်သူတိုင်း ချီးကျူးရလောက်အောင် သေသပ် လာခဲ့သည်။
"ဟဲ့… ငါ့ကို မေးနေတဲ့ လူတွေ ရှိတယ် နင် အချိုးတွေ ပြောင်းလာတယ်နော်.. တွေ့နေပြီလားတဲ့"
"နင်ကရော ဘယ်လိုပြန်ဖြေလိုက်တုံး"
"အိုးး နင်က တွေ့နေရုံနဲ့ အချိုးပြောင်းမယ့် လူစားလား.. အကြောင်းတွေ မသိတာကျနေတာပဲ"
"ကျွတ်.. အဲဒါပဲ မိန်းကလေး အလှပြင်ရင် ရည်းစားရတယ် ချည့်ထင်နေ.. ဂရုစိုက်စရာ ရည်းစား တမျိုးတစားထဲ ရှိတာ ကျနေ တာပဲ။ နိုင်ငံရပ်ခြားမှာ လာကျောင်းတက်တဲ့ လူတိုင်း ကိုယ့်နိုင်ငံကို ကိုယ်စားပြုပြီး ကျောင်းတက် နေရတာတဲ့ဟာကို။ ကိုယ့်နိုင်ငံ တုန်းကထက် အစစ အရာရာ ပိုဂရုစိုက်ရမှာပေါ့။ ကိုယ့်နိုင်ငံမှာ ပစ်စလက်ခတ် နေလို့ ရတယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် ကိုယ့်အိမ်နဲ့ သူများအိမ်လို အစစ သတိထားရတာ ချင်းတော့ ကွာတာပေါ့ဟာ။ "
"အေး.. နင်က အရင်တုန်းက ရုပ်ဖျက် ထားတာကို။ ခုတော့ တော်တော်ကို လှလာတယ် သိလား။ နိုင်ငံတကာ ကျောင်းသားများ နေ့ ရောက်တော့မယ်နော်။ ကိုယ့်နိုင်ငံ အမျိုးသားဝတ်စုံနဲ့ကိုယ် တက်ရမယ်တဲ့။ နင် အ၀တ်အစား အသင့် ဖြစ်ပြီလား။ ဈေးဝယ် မထွက်ဘူးလား"
"ဟင့်အင်း။ စာအုပ်ဖိုး ငွေချန်ရဦးမယ်။"
"နင် ဒီကိုအလာ မြန်မာ ၀တ်စုံတွေ ၀ယ်လာသေးလား"
"၀ယ်ဖြစ်ပါဘူးဟာ.. ကုန်ကျစရာတွေ များလွန်းတာနဲ့ ပြီးတော့ အ၀တ်အစား ၀ယ်ဖို့လဲ မအားတာနဲ့။ ငါ့အမေရဲ့ ချိတ်ထမီ အနီကြီး သယ်လာတယ် ဟိဟိ"
"ဟယ် လုပ်ချလိုက်ပြန်ပြီ။ နင့်အမေနဲ့ နင် ကိုယ်လုံးချင်းက ၂ဆလောက် ကွာတာကို။ ထမီက ထားပါတော့။ အင်္ကျီရော"
"ငါ့မှာ ပန်းရောင် ၀မ်းဆက် ဇင်းမယ်ချိတ်က အင်္ကျီရှိတယ်လေ။ အင်္ကျီကျ အရောင်က ပြောင် ဆိုတော့ အဆင်မပါတော့ တွဲဝတ် လို့ ရပါတယ်"
"အီ… နင်ကလဲ အနီချိတ်နဲ့ ပန်းရောင်ပြောင် .. နည်းနည်းမှ မလိုက်ဖက်တာ"
"အနီရောင် ဇာနဲ့ ခြုံပုဝါ ရှိပါတယ်ဟ.. အဲဒါ အပေါ်က ခြုံလိုက်ရင်တော့ အမြင် ကိုးလို့ကန့်လန့် မဖြစ်လောက်တော့ပါဘူး
ကပ်စေးနဲမ.. ဂွစာမ.. တကယ့်နေ့ကျမှ ဖြစ်ကတတ်ဆန်း လုပ်တယ်"
"ပိုက်ပိုက်မှ မရှိတာ.. နင်ဝယ်ပေးမလား ပြော"
"ငါလဲ မ၀ယ်နိုင်ပေါင်.. မာစရိုက်ချိတ်ပဲ ၀တ်မှာ… ဟဲ့… အလှပြင်တာတော့ ဟုတ်ပါပြီ ဆံပင်.. ဆံပင် ထုံးဖို့ရော"
"ဒါလေးများ ငါ့ဆံပင်ကို ဒီလိုလေး လိမ်တင်ပြီး ဟော့လိုလေး ဆံညှပ်နဲ့ ထိုးလိုက်ရင် French roll ပုံလေး ဖြစ်သွားရော အဲဒါကို ဒေါင်လိုက် မဟုတ်ဘဲ ၀ိုင်းဝိုင်းခွေခွေလေး ဖြစ်အောင် ထွင်ပြီး လက်နဲ့ ဟော့လိုလေး လှည့်လှည့်ပြီး ဆံညှပ်လေး တွေနဲ့ ဟော့လို ထိုးလိုက်တော့ မြန်မာဆံထုံး ပုံစံ ၀ိုင်းဝိုင်းလေး ဖြစ်သွားရော ဟဲဟဲ.. ဆံပင်ဆိုင် သွားပြီး ငွေကုန် မခံပေါင်"

ထိုနေ့က နိုင်ငံတကာ မယ်အဖြစ် ဂွစာမပဲ အရွေးခံရလေသည်။ ဒါတောင် ၀တ်ထားတဲ့ အ၀တ်နဲ့ လိုက်ဖက်တဲ့ လက်မှာ ပတ်စရာ နာရီကို မ၀ယ်ဘဲ ဗလာကျင်းနေလို့ သူ့သူငယ်ချင်း ကောင်လေး တယောက်က အတင်း ၀ယ်ဆင် ပေးမှ ၀တ်သွား လေသည်။ ဒီလိုဒီလို ပေတေသော ဂွစာမ ပါ။
**************************************************************

"ဟဲ့… နင့်ကို လွိုင်ကထုံမယ် ရွေးလိုက်တယ်ဆို"
"နင်ကလဲ မေဂျာ မတူဘဲ ဒီလောက် စာတမ်းတွေနဲ့ နပမ်းလုံး နေတဲ့ကြားက ဒီအကြောင်း ဘယ်လိုသိလာလဲ။ ခုမေဂျာ မယူနဲ့ စာနယ်ဇင်း မေဂျာ ပြောင်းလျှောက်ပြီး သတင်းထောက် သွားလုပ်။"
"ဒီလောက် နာမည်ကြီးနေတာကို မသိဘဲနေမလားဟ။ ဒါတောင် အစည်းအဝေးမှာ ဟိုဘက် Campus က လူက ပြောတာနော်။ နိုင်ငံခြားသားကို လွိုင်ကထုံမယ် ရွေးတာ ဒါ ပထမဆုံးပဲတဲ့။ ဘက်စုံ ကောင်းနေ တော်နေမှ ရွေးတာတဲ့။ လှတာ တခုတည်းနဲ့ ရွေးတာ မဟုတ်ဘူးတဲ့။ ငါတို့ မြန်မာတွေအတွက် ဂုဏ်ယူစရာပဲဟ ။ နင်က ဒီလိုရွေးခံရတာ မပျော်ဘူးလား"
"မပျော်ပေါင်။ နေပူကြီးထဲ ထီးလေးတချောင်း ဟန်ပြ ဆောင်းပြီး ဟန်ရေးပြ ထိုင်ရမှာ ညောင်းလိုက်မယ့် ဖြစ်ခြင်း။ ၀တ်ကောင်း စားကောင်းတွေ အတောင့် သားကြီး ၀တ်ပြီး ဆံထုံးတွေ မိတ်ကပ်တွေနဲ့ ပူလိုက်မယ့် ဖြစ်ခြင်း။ ပြီးတော့ ပွဲ မပြီးမချင်း ပါးစပ်ကြီး ကလဲ ဟော့ဒီလို ပြုံးထားရဦးမှာ ပါးညောင်းလိုက်မယ့် အဖြစ်"
"ဟားဟားဟား"
"ရီနေပါ.. ငါ့မှာတော့ စိတ်ညစ်လိုက်တာဟာ… သူ့ထိုင်းမ ကို သူ ရွေးတာ မဟုတ်ဘူး။ တချို့ ထိုင်းဆရာမ တွေနဲ့ ထိုင်းကျောင်းသူ တော်တော်များများက မကျေနပ် ကြဘူး။ ငါက စာတမ်းဖတ်ရတော့မှာ… ဘယ်လို အတိမ်းအစောင်းမှ အဖြစ် မခံနိုင်ဘူး။ ပြီးတော့ ကထိန် လှည့်မယ့်နေ့က ငါ့စာတမ်းနဲ့ ဆိုင်တဲ့ ညီလာခံ တခု တနေကုန် တက်ဖို့ ရှိတယ်။ ဟူးးးးး ဘယ်လို ကြံရ ဖန်ရ ပ။ အချိန်ကလဲ တပတ်ပဲ လိုတော့တယ်။"

မကြာပါ။ ဂွစာမ တယောက် နှုတ်ခမ်းကြီး ဖူးယောင်လာလေသည်။
"ဟဲ့ နင့်နှုတ်ခမ်း ဘာဖြစ်တာလဲ"
"ရေယုန်ပေါက်တာလေ အဟဲ"
"ဟောတော့ သန်ဘက်ခါ ကထိန်လှည့်တော့မှာ နင်ဘယ်လိုလုပ်မလဲ ဒီနှုတ်ခမ်းနာကြီးနဲ့"
"ဌာနကို သွားအကြောင်းကြားထားပြီလေ။ ဒီလိုဖြစ်လို့ တခြားတယောက်ကို လွိုင်ကထုံမယ် ရွေးပါ ဆိုပြီး အဟီး။ ခုတော့ 1st runner up ရွေးထားတဲ့ ဆေးကျောင်းသူလေး ရသွားပြီ။"
"ဒီရေယုန်က တိုက်တိုက်ဆိုင်ဆိုင် ခုမှ ဘာလို့ ပေါက်ရတာတုံး.. နင့် အသားအရေက အထိအခိုက် မခံ sensitive ဖြစ်လွန်းလို့ နင် ဒီလောက် ဂရုစိုက်နေတဲ့ ကြားထဲက ဘယ်လိုဖြစ်ရတာတုံး"
"ဟဲဟဲ စာကြည့်တိုက်ရှေ့က အများသုံး ရေအိုးစင်က ရေလေး သောက်လိုက်ရုံပါ။ ခုတော့ ငါတက်ချင်တဲ့ ညီလာခံကို နှုတ်ခမ်းနီ အရောင်ရင့်ရင့်လေး ဆိုးပြီး သွားတက်လိုက်ဖို့ ပြင်လိုက် ဆင်လိုက်ဦးမယ် ဟိဟိ"
"ဟာာာာာာာာာ လက်စသတ်တော့ နင်တမင် လုပ်တာကိုးးး ဂွစာမရဲ့ ကန့်လန့်မရဲ့ လက်လန်ပါ့တော်"
****************************************************************
အနှီ ဂွစာမ တယောက် ထူးထူးခြားခြား အိမ်ထောင်ကျပြီး ပြန်တွေ့ကြတော့လဲ ဒီလို တန်ဆောင်တိုင် အချိန်ပါပေ။

"ဟဲ့ ဂွစာမ.. နင် ညနေဘက် ဂါဝန်ကြီးနဲ့ လမ်းလျှောက် မထွက်နဲ့နော်"
"ဘာလို့တုန်းဟဲ့ စပ်စုမရဲ့"
"နင့်ကို မီးပုံးပျံနဲ့ မှားပြီး မှိုင်းတိုက်မှာစိုးလို့"
((( ဟားဟားဟားဟား)))
"နင် အခု အစစပြည့်စုံနေပြီ ဆိုတော့တော်တော် စိတ်ချမ်းသာ နေမှာပဲနော် .. ၀လို့လှလို့.. အရင်က အပူတွေနဲ့ ဆိုတော့ ပိန်ပိန်လေးရယ်"
"အင်း.. မသိတဲ့ လူတွေကတော့အဲလို ထင်မှာပဲ"
"ဟင်.. နင်ဘာတွေဖြစ်နေလို့လဲ"
"ဘယ်ကောင် ချွန်လိုက်တယ် မသိပါဘူးဟာ… ငါ့ကို ထောက်လှမ်းရေးက အသိတယောက်က မေးနေတယ်။ ထိုင်းမှာ ရောက်နေ တုန်းက အဖွဲ့အစည်းတွေနဲ့ ပတ်သက်နေတယ် စံခလဘူရီမှာ ဖောက်ခွဲရေး သင်တန်း ပေးနေတယ်ဆိုပြီး ငါ့နာမည်က ညီလာခံ အထိ စာရောက်လာတယ်တဲ့"
"ဟယ်တော့ ဘုရားဘုရား သွားပါပြီ ဘယ်လိုပြန်ပြောလိုက်လဲ နင် ဘယ်လိုလုပ်မလဲ ဒီလိုဆို နင် မြန်မာပြည် ပြန်လို့ မရတော့ ဘူးပေါ့။ နင့်ဘက်က ဘယ်လို ဖြူစင်ဖြူစင်.. ရာထူးလိုချင်လို့ ချွန်တဲ့လူကတော့ အကွက်ဆင် ထားမှာနော်"
"အင်းး အဲဒီကောလဟလကို အခု မလွှင့်နဲ့ဦး ။ လူအထင်ကြီး ခံရ နည်းလား မဖြေရှင်းသေးဘူးလို့။ … နောက် ၃လ နေမှ လွှင့်လို့။ ခု ဗိုက်ကြီး ခုနှစ်လနဲ့ ဖောက်ခွဲရေး သင်တန်း ပေးနေတယ် ကြားရင် ဘယ်သူမှ မယုံဘဲနေမှာ စိုးလို့လို့ ပြောလိုက်တယ် အဟီး"
"ဟာာာ ဒီလောက် အရေးကြီး နေတဲ့ အချိန်မှာ နင်ကလဲ ဂေါက် အားသေးတယ်"
"ဟ… မတတ်နိုင်ဘူးလေ။ ငါလောက် ကင်းအောင် နေတာ ငါအသိဆုံးပေါ့။ ဒီကြားထဲက ဘယ်လိုမှ အစပ် အဆက် မရှိဘဲ ချွန်ရင် ငါ့နာမည် သူတို့ အစီရင်ခံစာထဲ တက်ပေ့စေ။ နောက်ဆုံးမှ ငါဘယ်သူလဲ ဆိုတာ ပေါ်မှာပဲ။ အဲဒီအခါမှ တာဝန်ကို အလွဲသုံးစား လုပ်မှုနဲ့ နိုင်ငံတော်ကို သတင်းမှား ပေးမှု၊ သစ္စာဖောက်မှုနဲ့ အရေးယူ ခံရပေ့စေ။"
"တကယ်လို့ သူတို့က သိပ်ပိရိ နေပြီး နင့်ကို အရေးယူလာရင် ဘယ်လိုလုပ်မလဲ။"
"တရားကို နတ်စောင့်ပါတယ်။ နတ်မစောင့်ရင်လဲ နပ်ကတော့ စောင့်ရမှာပဲ။ အဲဒီလို ဖြစ်လာခဲ့ရင် ပါးပါးနပ်နပ်နဲ့ မထူးဇာတ် ခင်းရမှာပဲ။ မတရားတဲ့ လူတွေ လုပ်သမျှတော့ ငါက ခေါင်းငုံ့ မခံဘူး။"

ဤသို့ ဤနှယ် ဂွကျသော အနှီ ဂွစာမ တယောက် ခုတော့ ဘယ်ဆီရောက်လို့ ဘာတွေ ဖြစ်နေသည် မသိ။ ဘေးကင်းပြီး အေးချမ်း သာယာသော ဘ၀မှာ ပြုံးပျော် နိုင်ပါစေကြောင်း တန်ဆောင်တိုင် မီးဖောင်လေး မျှောရင်း ဆုတောင်း လိုက်ရ ပါတော့တယ် ချစ်သူငယ်ချင်းလေး ဂွစာမရယ်။

Read More...

Sunday, April 12, 2009

ပွေလီမနဲ့ အတိတ်သင်္ကြန်

သင်္ကြန်တစ်ခေါက် ကျရောက်ပြန်ပြီ။ အသက်အရွယ်အရ ရော၊ အိမ်ထောင့်တာဝန်တို့ကြောင့်ပါ သင်္ကြန်ကို အရင်လို မနွှဲနိုင်တော့ပေမယ့် သက်ထား အဖို့တော့ အမှတ်တရ လွမ်းစရာတွေက များလှပါသည်။ အထူး သဖြင့်တော့ သူငယ်ချင်း ပွေလီမကို သူငယ်ချင်းများ အားလုံးက အလွမ်းဆုံး ဖြစ်မည် ထင်သည်။ သင်္ကြန် ဆိုရင် ပွေလီမ ကို မဏ္ဍပ်ထိုင်ဖို့ ခေါ်သူတွေက အများသား။ မူရင်းနာမည် လှလှလေး ပျောက်ကာ နာမည် ပြောင် ရလောက်အောင် ပွေပွေ လီလီ စဉ်းစားတတ် သောကြောင့် သူငယ်ချင်းများက သူမ ပါမှ ပွဲစည်သည် ဟုပင် ပြောစမှတ် ပြုကြလေသည်။ ပွေလီမကို ပထမဆုံး သိကျွမ်းခဲ့ရသည်က တက္ကသိုလ်က အဆောင်မှာ…
************************************

"အဆောင်မှာ ဟင်း ချက်မစားရဘူး ဆိုပြီး ကန့်သတ်ပေမယ့် ထမင်းကျ rice cooker တလုံး သွင်းခွင့် ပေးတယ် နော် ဘာကြီးမှန်းလည်း မသိဘူး "
"အပြင်က ဟင်းဝယ်ပြီး ထမင်းတော့ အနံ့ မထွက်လို့ ချက်စားချင် စားလို့ ဆိုလိုတာ နေမှာပေါ့ဟ"
"ခုချိန်က အဆောင် ပိတ်ပြီလေ။ အပြင်မှ ထွက်လို့ မရတော့တာ.. ဗိုက်ဆာလိုက်တာဟာ.. အခြောက် အခြမ်း လေးတွေ ကလဲ ကုန်နေပီ"
"ဟင်.. ဟိုတလောကမှ နင့်အိမ်က ပို့တဲ့ ငါးခြောက်ကြော်က ကုန်ပလား"
"ကုန်ပီဟ"
"ဒါဖြင့် ဘာကျန်လဲ"
"ကြက်ဥ အစိမ်းတွေ.. "
"အွန့်.. ခဏနေပါဦး ငါအကြံအဖန် လုပ်ပါဦးမယ်"
"ဘာလဲ ထမင်းချက်တဲ့အထဲ ကြက်ဥ ရေဆေးပြီး ထည့်ရင် ကြက်ဥပြုတ် ရတာတော့ လာမပြောနဲ့နော်.. ငါ ကြက်ဥပြုတ်ကို မုန်းနေပြီ"
"အေးပါ.. ငါက ကြက်ဥပြုတ်မှာ မဟုတ်ပါဘူး။ ကြက်ဥကြော်ဆိုရင် စားမလား။ ကြက်ဥ အော်န်မလိတ်နော်.. "
"အင်း စားချင်သားးး ဒါပေမယ့် ဘယ်မလဲ ဒယ်အိုးနဲ့ မီးဖို… ပြီးတော့ အနံ့ထွက်ရင် တိုင်မယ့်လူနဲ့ အဆောင်မှူး ကို ထည့်တွက်ရဦးမယ်"
"အေးဆေးပါ.. စောင့်ကြည့်"

ပြောပြောဆိုဆို စတီးပန်းကန်ပြားထဲ ဆီထည့်။ ကြက်ဥကို ပန်းကန်လုံးထဲ ဖောက်ပြီး နာနာခေါက်၊ ခရမ်းချဉ်သီး တစ်လုံး အတုံးသေးသေး ဖြစ်အောင် လှီး၊ ကြက်သွန်နီဥကြီး တစ်လုံးကို ခပ်ကြီးကြီးစိတ်၊ ကြက်ဥခေါက်ထားတဲ့ ပန်းကန်ထဲထည့်၊ ဆားနဲ့ အချိုမှုန့် ထပ်ထည့်ပြီး ထပ်မွှေ… နောက်က လိုက်ကြည့်နေသော သက်ထားက ဒယ်အိုးနဲ့ မီးဖို ကိစ္စကို မေးချင်ပေမယ့် မမေးရဲ။ သူမရဲ့ ဟင်းချက်နည်း အတိုင်း စိတ်တိုင်းကျ သောအခါ ဆီ ထည့် ထားသော စတီးပန်းကန်ပြားထဲ ကြက်ဥ အော်န်မလိတ် လုပ်မယ့် အဆာပလာတွေ ၀ိုင်းနေအောင် လောင်း ချ လိုက်သည်။ ပြီးတော့ စတီး ပန်းကန်လုံး တစ်လုံးကို ပန်းကန်ပြားပေါ် မှောက်အုပ် လိုက် လေသည်။ ပြီးတော့.. ကုတင်ပေါ်မှာ စောင်တွေကို သပ်သပ်ရပ်ရပ် ခွေချပြီး လျှပ်စစ် မီးပူကို ကောက်ကိုင်ရင်း ကြုံးဝါး လိုက်တာက

"ဟင်းး ဘာရမလဲ.. hot plat ကမှ ၀ပ်တစ်ထောင်အား။ ငါ့မီးပူက ၀ပ် ထောင့်နှစ်ရာ အား ကွ… "

မီးပူကို ပက်လက်လှန်ပြီး မီးပူပြားပေါ်တွင် စတီးပန်းကန်ပြားကို တင်ပြီးနောက်မှ မီးပူကြိုးကို ပလပ်ပေါက်တွင် အကျအန တပ်ပြီး 'ပြုံး' လိုက်လေသည်။ ထိုညက ပွေလီမရဲ့ ကြက်ဥ အော်န်မလိတ်က ကောင်းမှကောင်း။ ဒီလို နဲ့ပဲ ပွေလီမသည် သူမတို့ သူငယ်ချင်းများရဲ့ အတိုင်ပင်ခံ ဖြစ်လာတော့သည်။
****************************************
"ဒီနှစ် သင်္ကြန် ထူးထူးခြားခြားလေး ဘာလုပ်ရင် ကောင်းမလဲဟေ"
"ငါ့အဒေါ်ရဲ့ စားသောက်ဆိုင်မှာ မဏ္ဍပ် ထိုးရင် ရတယ်ဟ.. သူကတော့ ကိုယ့်စရိတ်နဲ့ကိုယ် ထိုးနိုင်ရင် ထိုးတဲ့။"
"သူ့ဆိုင်နေရာက သိပ်စည်တာနော်.. ပျော်စရာကြီး။ မဏ္ဍပ်ကို ငါ့အကို အင်ဂျင်နီယာကို ဆောက်ခိုင်းရင် ဖြစ်ပါတယ်။ အဓိက က ကုန်ကျစရိတ်နော်။"
"ဒါများ.. မဏ္ဍပ်ထိုင်ချင်သူတွေဆီက တစ်ရက် ဘယ်လောက် ငွေကောက်မယ်ကွာ"
"အေးဟဲ့.. စာရင်းတွက်ကြစို့"

ဒီလိုနဲ့ မဏ္ဍပ်ကိစ္စ အကောင်အထည်ပေါ်ပါလေပြီ။ သင်္ကြန်ကို အကျနေ့ရော အကြတ်နေ့ပါ ပြသနာ မရှိ။ မဏ္ဍပ် ထိုင်သူများ ကြောင့်ေ ရာ၊ ရေလာ ကစားသူများကြောင့်ပါ စားသောက်ဆိုင်က အထူးေ၇ာင်းကောင်း သောကြောင့် ပွေလီမရဲ့ အဒေါ်က တပြုံးပြုံး။ သင်္ကြန်တွင်း အလုပ်ဆင်းသူ စားဖိုမှူးများနဲ့ စားသောက်ဆိုင် ၀န်ထမ်းများကို အထူးလုပ်အားခ ပေးထား သောကြောင့် ၀န်ထမ်းများကလဲ တပြုံးပြုံးမို့ အစစ အဆင်ပြေ နေသည်။ ပြသနာက သင်္ကြန်အတက်နေ့မှာ စလေသည်။ ရေစက် က မီးခိုးများ ထွက်ကာ တဟွတ်ဟွတ် ချောင်းဆိုး ရင်း ရပ်သွားသည်။ သည်တော့ မဏ္ဍပ်ပေါ်က ရေပိုက်များလဲ ရေမထွက်တော့.. ဆူညံသံများက ထွက်လာပြီ။ သက်ထားတို့လဲ ခေါင်း ကြိမ်းပြီ။ ပွဲဝင်ထိန်းသူက ပွေလီမ…

"ခဏလေးနော်.. ပိုပျော်စရာ ကောင်းမှာ.. ရေခဲတွေ အရည်မပျော်သေးလို့… ရေပက်ခံတဲ့ လူတွေ မသိစေနဲ့"

တီးတိုးတီးတိုး လက်ဆင့်ကမ်းလိုက်တော့ မဏ္ဍပ်ထိုင်သူများရဲ့ ဆူညံ ဝေဖန်သံတို့ နေရာမှာ ကျေနပ်ပြုံးတို့ ဝေေ၀ဆာဆာ နေရာယူ လာသည်။ သိပ်မကြာခင်မှာ ရေခဲ ပေါင်တုံး ကြီးများ တင်ထားသော light truck ကား များက ရေကစား မဏ္ဍပ်က ရေပိုက်တွေနဲ့ ချိတ်ဆက် ထားတဲ့ စားသောက်ဆိုင် နောက်ဖေးက ရေလှောင် အုတ်ကန်ကြီး ထဲသို့ တစီးပြီး တစီး ရေခဲ ဖြည့်နေကြသည်။

"ဟဲ့.. ပွေလီမ.. ရေစက်က ဘယ်လို လုပ်မတုံး။ ပြင်ရင် ကြာမလား။ "
"ငါ့အကို သူငယ်ချင်း အိမ်မှာ ရေစုပ်စက် အကြီး တစ်လုံး ရှိတယ်။ သူတို့ တအိမ်လုံးက ရိပ်သာ ၀င်နေတော့ လောလောဆယ် အသုံး မ၀င်ဘူး။ အဲဒါကြောင့် သွားယူနေတယ်။ စက်ပြင်သမားက ပြင်နေ ချိန်မှာ အဲဒီ ရေစုပ် စက်နဲ့ အစားထိုးမှာ.. ဟဲဟဲ.. ငါတို့ကလဲ ရေပက်တာ လွန်ပါတယ်။ ရန်ကုန် မို့ပေါ့။ နယ်မှာ သာဆို အ၀ီစိ တွင်းတောင် မကဘူး မြေအောက် ရေကြောပါ ခန်းလောက်တယ်။ တနေကုန် မနားတမ်း ပက်နေ မှတော့ စက် လဲ ပူပြီပေါ့။ လောလောဆယ် မဏ္ဍပ်ပေါ်က လူတွေကို မုန့်လက်ဆောင်း ကူဝေပေး ပါဦးဟ။ နောက်တကြော့ ပေါ့။"
"အေးအေး"
*****************************************
မဏ္ဍပ်ပေါ် တက်လိုက်တော့ အားးပါးးပါးးးးး အောက်မှာ နည်းတဲ့ လူအုပ်ကြီး မဟုတ်။ မဏ္ဍပ်ထိုင်သူတွေကို မိန်းကလေးချည့်သာ ကန့်သတ် ထားသောကြောင့် မဏ္ဍပ်အောက်က သကောင့်သား များက အသကုန် နောက်ပြောင် နေကြသည်။

ရေကုန်ပြီ ရေကုန်ပြီ.. ရှက်ပါတယ် ကရော် ကရော်

ရေပက်ချင်လို့ မဏ္ဍပ်ထိုင်.. ရေမလာတော့ ရှုံ့မဲ့ရှုံ့မဲ့

အပျိုပိန်ပိန် ရေစိမ်ထားတော့ အီကြာကွေး အီကြာကွေး.. အပျို၀၀ ရေစိမ်ထားတော့ ပေါင်မုန့်လုံး ပေါင်မုန့်လုံး

သင်္ကြန်ကျလို့ မပျော်နိုင်.. ရေမလာလို့ မှိုင်

ဒုက္ခပါပဲ… မုန့်လက်ဆောင်း ဝေနေရင်း ရေစက် မြန်မြန် ရောက်ဖို့ ဆုတောင်း နေတုန်း ရေစက် တင်ထားသော ဟိုင်းလတ် တစီး ခြံဝင်း ထဲ ၀င်လာသည်ကို လှမ်းမြင်လိုက်တော့မှ သက်ပြင်းချမိသည်။ မုန့်လက်ဆောင်း စား လို့ ကုန်တာနဲ့ ရေပြန် လွှတ်မည် ဖြစ်ကြောင်း သတင်းဖြန့် လိုက်တော့ အပျိုချောတွေ ပျော်သွားကြသည်။ မဏ္ဍပ်အောက်က လမ်းပေါ်မှာတော့ ကားများက ကြပ်ခဲလို့။ ရေမလာတဲ့ မဏ္ဍပ်မို့ မြန်မြန် မောင်းသွား ကြရ မည့် အစား ကားများ ကိုပင် ရပ်ကာ နောက်ပြောင် နေကြသည့် မောင်မင်းကြီးသားများကို စိတ်ထဲက ကြိတ်ပြီး ပျော်ပျော်ကြီး သနားလိုက်သည်။

(((ရယ်ဒီလားးးးးးး )))

ပွေလီမရဲ့ အကိုက မိုက်ခဲရင်း မေးလိုက်သံက သင်္ကြန်သီချင်း ဖွင့်ထားတဲ့ ဆောင်းဘောက်ကြီး ထဲက ဟိန်း ထွက် လာသည်။ အားလုံး ရုတ်တရက် မှင်သက် သွားချိန်မှာ

ဝမ်း.. တူး.. သရီး ((((( ဟေးးးးးးးးးးး)))))
အားးးးးးးးးးးးးးးးးးးးးးးးးး အေးတယ်…
ရေခဲရေနဲ့ ပက်သဟ… ပြေးပြေး

မဏ္ဍပ်ရှေ့မှာ ပြုံတိုး အော်ဟစ် နောက်ပြောင်နေသော လူအုပ်ကြီး ပြေးပေါက် မှားကုန်ကြသည်။ ဘာခုမှ ကြောက် ပါပြီလဲ ဆိုတဲ့ အသံ များ … ရေပိုက်ရှင် မိန်းကလေးများရဲ့ အားရ ကျေနပ်စွာ ရယ်မောသံများ ကြားမှာ မဏ္ဍပ်က စည်ကား အသက်ဝင်လို့။ ရေခဲရေကို ရေစုပ်စက်နဲ့ စုပ်ပြီး ပိုက်နဲ့ ပက်တော့ ဘယ်သူ ခံနိုင်မှာတုံး.. ရေခဲ အုတ်ကန်တကန်စာ အကုန်မှာတော့ ရိုးရိုးရေနဲ့ဆက်ပက် ရပေမယ့် မဏ္ဍပ်ထိုင်သူများ အထူးအဆန်း ပက်ရတာမို့ ကျေနပ် သွားကြ လေသည်။
***************************************************
ဒီလိုနဲ့ သင်္ကြန် တနှစ်စာ ပြီးခဲ့လေသည်။ သည်မဏ္ဍပ်လဲ မဏ္ဍပ်ထိုင်သူများရဲ့ အားရကျေနပ်မှုကြောင့် နောက်နှစ် များအတွက်ပါ စရန် ရလိုက်လေသည်။ အတက်နေ့ ညရောက်တော့ မဏ္ဍပ်ကို ပြန်ဖြုတ်ရင်း အသေးစိတ် စာရင်းတွေ တွက်ကြလို့

" ပွေလီမရယ်.. နင် ဥာဏ်ကောင်းပေလို့ မဟုတ်ရင် ဒီနေ့ တရက်စာ ငွေကို မဏ္ဍပ်ထိုင်သူတွေကို ပြန်လျော် ရမှာ။ ပြီးတော့ ငါတို့လဲ နာမည်ပျက်တော့မယ်။"
"အေးဆေးပါဟာ.. နင်တို့ပဲ သူ့ကို ဒီနာမည် ပေးထားတာ ဘာလဲ.. မပူစမ်းပါနဲ့။ ဒီလို ဥာဏ်မျိုးဆို သူ့ဦးနှောက်က ထွက်ပါတယ်ဟ"

သူငယ်ချင်းများက တယောက်တပေါက် ပြောနေချိန် ပွေလီမကတော့ ပြုံးပြုံးသာ..
********************************
သြော်.. လွမ်းတ ပျော်ရွှင် .. သင်္ကြန်ပင်.. ဒီအချိန်ဆို ပွေလီမ တစ်ယောက်တော့ ပွေလီ ပေါက်စ လေးများနဲ့ ဘာတွေ ထပ် ပွေလီနေမလဲလို့ တွေးရင်းနဲ့ ...


Read More...

Thursday, October 16, 2008

အချစ်ဆိုသည်မှာ

အမတန်ခူး က တဂ်လာသည်။ စကားလုံးလေးက ချစ်စရာ လေး.. ဘာကို ချစ်ရမလဲ.. ဘယ်လို အချစ်မျိုးကို ဖွဲ့ဆို ရမလဲ.. ဒါနဲ့ သူကရော ဘယ်လို အချစ်အကြောင်းကို ဖွဲ့နွဲ့ ထားသလဲ သိရအောင် သူ့ ဘလော့ လေး ကို သွားဖတ်တော့မှ.. လား.. လားး လက်စသတ်တော့ ဘ၀ လက်တွဲဖော်နဲ့ ကိုယ်နဲ့ ကြားက အချစ် ကို ရည်စူးမှန်း သိတော့သည်။ အင်းးး ရေးရဦးတော့ မည်။ ဘယ်က ဘယ်လို စရေးရပါ့။ သူ့လိုပဲ ကလေး ဘ၀က စပြီး နားလည်သလို ကြုံသလို ရေးတော့မည်။

အချစ် ဆိုတာကို ကြားဖူးနားဝ စရှိခဲ့ပုံက ကိုယ့်ကို တော်တော် ခေါင်းရှုပ်စေခဲ့သည်။

ဖေဖေ့ကို ချစ်လား… မေမေ့ကို ချစ်လား.. ဖေဖေနဲ့ မေမေ ဘယ်သူ့ကို ပိုချစ်လဲ.. ဘွားဘွားနဲ့ မေမေ ဘယ်သူ့ကို ပိုချစ်လဲ

ဘယ်သိမလဲ…

သည်ကြားထဲ ဘယ်သူ့ကို ပိုချစ်ပါသည်ဟု ဖြေမိရင် လျော့ချစ်တယ်လို့ အထင်ခံရသူက မျက်စောင်းက ခဲ သေးသည်။ သိဘူး။ တူတူ ချစ်တယ်လို့ ဖြေတော့ နှစ်ဘက် လုံးက မကျေနပ်.. အခက်ကြီးရယ် ခက်ရ ပါ တယ်။ ဒါကြောင့် ချစ်လားလို့ မေးလာရင် ဘယ်တုန်းကမှ မပျော်။ အချစ် ဆိုတာ ဘာလဲ။ သူတဖက် သား တို့ စိတ်ကျေနပ်ဖို့ သုံးနှုံးတဲ့ နှစ်သက်စဖွယ် စကားလုံး တစ်လုံးလား။ သူ့ဘက်သား ကိုယ့် ဘက် သား အပြိုင် ဆွယ်ဖို့ မာယာချိုချိုလား။ ချစ်လား မချစ်လား မေးခွန်း ထုတ်ပြီး သူတို့ စိတ်အလိုမကျတိုင်း အပြစ် မရှိဘဲ စောင်းမြောင်းပြီး ရိုက် နှက် ငေါက်ငမ်းပြီး မျက်ရည် ပိုးပိုးပေါက်ပေါက် ကျအောင် စိတ်ဆင်းရဲ ခဲ့ရပြီးမှ သမီးကို ဆူ ချင်လို့ မဟုတ်ဘူး ဟိုတစ်ယောက်ကို မကျေနပ်လို့ ရွဲ့ပြောတာနော် ဆိုတဲ့ စကားနဲ့ ချွေး သိပ် ခဲ့တာက အချစ်စစ်လား။ အချစ်ဆိုတာ တကယ်က ဘာလဲ။ ကိုယ့်အတွက် ချိုမြိန်သော စကား လုံးနဲ့ အ တွေ့ အကြုံ တစ်ရပ် ဘယ်တုန်းကမှ မဖြစ်ခဲ့။ ကိုယ်တကယ် လွမ်းရတဲ့ အဖိုးက ချစ်လားလို့ တခါမှ မမေးခဲ့ သလို ချစ်ကြောင်းလဲ တခါမှ မပြောခဲ့ ဖူးပါ။ ဒါပေမယ့် သူနဲ့ နေရတာ အချိန်တိုင်း ပျော် တယ်။ စိတ်ထဲမှာ လုံခြုံတယ်။ ချစ်လား လို့ မေးတတ် ပြောတတ်တဲ့ လူတွေနားမှာ ဘယ်အချိန် ကိုယ့်ကို ထပြီး ဆူငေါက် ရိုက်နှက် အလိုမကျ မျက်စောင်းခဲမလဲ ဆိုတာကို စိတ်တထင့်ထင့်နဲ့ နေခဲ့ရသည်။ အချစ် ဆိုတဲ့ အရာ ကိုယ့်အတွက် တော်တော် ဆိုးခဲ့ပါသည်။

နည်းနည်းလေး အရွယ်ရလာတော့ (မူလတန်းပါ) အရပ်ရှည်ပြီး လူကောင် ထွားလွန်းတဲ့ ကိုယ် မှတ်မှတ် ရရ တတိယတန်း အရောက်မှာ အဌမတန်းက ကျောင်းသား တစ်ယောက်က ရည်းစားစာ လိုက်ပေးသည်။ ဘာ နားလည် မှာတုန်း။ ကိုယ့်အကိုဝမ်းကွဲ တွေတောင် ရည်းစား မရကြသေး။ အူကြောင်ကျားနဲ့ ကျောင်း ဆင်း ချိန်မို့ အတန်းပိုင် ဆရာမလဲ အလုပ်ရှုပ်နေချိန်၊ ကိုယ့်ကို အင်မတန်ချစ်လို့ ကျောင်းအပ် စောစော လက်ခံ ခဲ့တဲ့ ကျောင်းအုပ်ကြီးနဲ့ ကျောင်းဝင်းထဲ အတွေ့ သူမေးလို့ ကိုယ်တောင် မဖတ်ရ သေးခင် သူ့ လက်ထဲ ထိုစာ ရောက်သွားရာ တကျောင်းလုံး ဟိုးဟိုးကျော်.. လူတွေ မျက်စိ ဒေါက်ထောက် လိုက်ကြည့် တာ ခံ လိုက်ရ.. အမြင်ကတ်လိုက်သည့် ဖြစ်ချင်း။ အဲသည့် အချစ်ဆိုတဲ့ ဟာကြီးက ကိုယ့်ကို အမြဲ ဒုက္ခပေးသည်။

ကိုယ် အလယ်တန်း ရောက်သည့်အချိန် အကိုဝမ်းကွဲတွေက ရည်းစားတွေ ရနေပြီ။ ပြောလို့ ပြောတာ မ ဟုတ်။ တော်တော် ချောသလောက် အမြင် ကတ်စရာ ကောင်းလောက်အောင် စွံသော အကိုများမို့ သူတို့ အိတ်ထဲမှာ ရည်းစားစာက အနည်းဆုံး ငါးစောင် အထက် နေ့တိုင်း ရှိတတ်သည်။ အဲဒီ ရည်းစားစာ တွေ ကို ခိုးဖတ်ရင်း သူတို့ရှေ့မှာ အပြောင်အပျက် ပြန်ရွတ် နောက်ပြောင် ရယ်မောရင်း အချစ်ဆိုတဲ့ အရာ က လှောင်ပြောင် ရယ်မော စရာအဖြစ် ပြောင်းလာ ခဲ့သည်။ မပြောင်း ခံနိုင်ရိုးလား… ရည်းစားက ဟော တစ် ယောက် ဟောတစ်ယောက်။ အချစ် ဆိုတဲ့ အရာက ကျွန်မရဲ့ အသိအာရုံမှာ လူတစ်ယောက် ကို ကိုယ့် အလိုဘက် ပါလာအောင် မြှူဆွယ် ဖြားယောင်း အချိုသတ် ပြောဆို သုံးနှုံး တတ်သော အသုံးချခံ စကား လုံး အဖြစ် စွဲနေ ခဲ့ လောက် အောင် အဖြစ်အပျက် များက တွန်းပို့ ခဲ့ပြီကိုးးး အဲဒီ အချိန်က အကိုတစ် ယောက် ရဲ့ ရည်းစားစာ ထဲက ကဗျာ တစ်ပုဒ် အောက်မှာ ခဲတံနဲ့ ဖြည့်စွက် ရေးခဲ့ပုံလေးကို ခုထိ သတိရ မိသည်။

ဆံကေသာဦး ပန်ရွယ်ခူးလဲ၊ ဂုဏ်နှိုင်းမမီ၊ ဘက်မညီမို့၊ ရည်တည် နေမြဲ၊ တကိုယ်တည်း (ဆံကေသာဦး ပန်ရွယ်ခူးမယ်ဆိုလို့ တပွင့်တည်းလား မှတ်တယ် .. တကယ်တမ်းကျ အခိုင်လိုက်ကြီး ဟွန့်) တဲ့လေ။

ဒီလို စိတ်အခြေခံ ရှိရတဲ့ အထဲ အထက်တန်းအောင်လို့ GCE ‘A’ level သင်တန်းကို သွားတက်တော့ ဘိုကေ ဆံပင်မှာ ရှပ်အင်္ကျီနဲ့ စတိုင်လ် ဘောင်းဘီရှည်၊ ဝေါ့ခ်ကင်းရှူး နဲ့ သင်တန်း တက်တတ်တဲ့ ကိုယ် က စာသင်ခန်းထဲ ဘယ်သူနဲ့မှ အတူ မထိုင်ဘဲ တစ်ယောက်တည်း ထိုင်သည်။ ကိုယ့် နောက် ခုံတန်းက ယောက်ျားလေး တအုပ်က စာအုပ် တအုပ်နဲ့ အလုပ်ရှုပ်ရင်း ပြောတတ်တဲ့ စကားများက ကိုယ့်နားထဲ သံရည်ပူ လောင်းထည့် သလို….

ဟေ့ကောင်တွေ.. မင်းတို့နဲ့ လောင်းထားတဲ့အတိုင်း ၁၇လမ်းက ကောင်မလေးကို ငါလိုက်တာ ခု အဖြေ ရပြီ ဟော့ဒီမှာ သူ့ဆီက စာနဲ့ ဓာတ်ပုံ.. ကဲ လောင်းကြေး ပေးပေတော့.. ၂၁လမ်းထဲက စော်ကတော့ ဂန်ကျယ် နေတယ်ကွာ.. ခုထိ အဖြေမရသေးလို့ ငါလောင်းကြေး ရှုံးတယ်ပဲ ထားလိုက်ပါ။ ဒီတော့ ဟို ကောင်ကို ငါက လောင်းကြေး တ၀ိုင်းပေါ့ ဟုတ်လား။ ဟိုဘက် လမ်းထဲက မဲကြီးက ဒီစော်ကို ကြွေနေ တယ် ကြားတယ်။ သူ့ဒေတာတွေ ငါ့ဆီ အသင့်ရှိတယ်။ ၀မ်းတေဘယ်နဲ့ လာဝယ်လို့ ပြောလိုက်….

ဘုရား.. ဘုရား.. ထိုအုပ်စုကို ဖျတ်ခနဲ မြွေကြည့် ကြည့်လိုက်မိသည်။ သေတောင် မျက်စိထဲက ဒီပုံရိပ် ထွက်မည် မဟုတ်။ အချစ်ဆိုသည်မှာ လောင်းကြေး တ၀ိုင်းစာလား။

နောက်ကျူရှင်ချိန် တခုမှာ ကြားလိုက်ရတဲ့ စကား ကိုယ့်နားကို လှမ်းဆွဲပြီး သတိပေး လိုက်သလိုပါ။

“ကောင်လေးတွေ စာလိုက်ပေးရင် မကြိုက်ရင်လဲ အသာယူပြီး နောင်မှ လုပ်ချင်တာ လုပ်ပစ်လိုက်နော်.. ၅လမ်းဘက်မှာ ဂါမဏိတို့ အုပ်စု မိုက်ရိုင်း လိုက်တာ.. သူပိုးနေတဲ့ ကောင်မလေးက သူ့ကို လက်မခံဘဲ လက်ဆွဲ စာပေးတာကို ပါးရိုက်လို့ ဆိုပြီး လူပုံအလယ်မှာ ပြန်ပါးရိုက် ပစ်လို့တဲ့.”

“သူတို့က အဲလိုပဲ သူ့အကိုလဲ ကောင်မလေးက အသားယူ ကြွားပြီး သူ့ကို ထားခဲ့ပြီး ပိုသာတဲ့ နောက်တစ်ယောက် နဲ့ တွဲလို့ ပညာပေးတဲ့ အနေနဲ့ ကားတင်ပြေးပြီး မယူဘူးတဲ့”

ဘုရား..ဘုရား.. အချစ်ဆိုသည်မှာ ဒါလား.. ဒီလိုနဲ့ မမျှော်လင့်ဘဲ လက်ဆောင် ရတတ်တဲ့ ပန်းနီနီ တွေရဲ့ ပွင့်ဖတ်တွေကို ဘောက်ဖောက် ကစား ပစ်ခဲ့သည်။

အိမ်ရှေ့ ဂစ်တာ လာတီးတဲ့ လူတွေကို အိမ်ထဲမှာ အနေရကြပ်အောင် လုပ်သည့် တရားခံ တွေလို့ သတ်မှတ် မျက်မုန်းကျိုး ခဲ့သည်။

အိမ်ရှေ့မှာ ကားလာရပ်ထားပြီး တနေကုန် တနေခမ်း လာထိုင်စောင့် နေတတ်တဲ့ လူတွေကို အလုပ်မရှိ အချိန်ဖြုန်း နေတဲ့သူတွေလို့ စွပ်စွဲ ခဲ့သည်။

ထုပ်ဆီးတိုး နေရလောက်အောင် လိုက်စာပေးရင် လူကြည့်မခံရအောင် မြန်မြန် ပြီး ပြီးရော သဘောနဲ့ ယူလာ ခဲ့ရတဲ့ စာအိတ်တွေကို အိမ်နံရံမှာ ချိတ်ထားတဲ့ အိတ်ကြီးထဲ ထည့်ပြီး ‘လူကို မယုံသင်္ကာ အကြည့် နဲ့ လွယ်အိတ်ကို စစ်လားဆေးလား လာမလုပ်နဲ့။ သိချင် လာဖတ်လှည့်’ လို့ တအိမ်သားလုံးကို စိန်ခေါ် ခဲ့သည်။

ကိုယ်က ဆက်သွယ်ဖို့ ဖုန်းနံပါတ် မပေးပါဘဲလျက် အိမ်နားက အခပေး ဖုန်းခေါ်ပေးတဲ့ အသုပ်ဆိုင်ကို ဖုန်းဆက်ပြီး ကိုယ့်ကို ခေါ်ခိုင်းလို့ ဆိုင်ရှင်က ၀မ်းသာအယ်လဲ လာခေါ်ပေးရင် ဆိုင်ရှင်ကို အားနာလို့ သွားကိုင်ရတဲ့ ဖုန်းဆက်သူ တွေကို သူများပိုက်ဆံ လိုက်ဖြုန်းသူတွေလို့ ရန်တွေ့ရင်း မျက်မုန်းကျိုး ခဲ့ သည်။

ဒီကြားထဲ စတုတ္ထနှစ် ရောက်ခါမှ ကိုယ့်ကို အသုပ်ဆိုင်က တဆင့် ဖုန်းခေါ် တဲ့သူကို အဖေက သွားဖုန်း ထူးပြီး ဖုန်းနံပါတ် ပေးရ ကောင်းလားလို့ ခြေနဲ့ကန်ကျောက် အရိုက် ခံရချိန်က အိတ်ထဲ ဆောင်ထားတဲ့ ဓားပစ်ချပြီး အသေသတ်လို့ ကုန်းအော်ရင်း တနှစ် ဓာတ်ပုံ ခြောက်ပုံ တောင်းပေမယ့် ဓာတ်ပုံ တစ်ပုံမှ စာရင်း မရှိတဲ့ ကျောင်းသားရေးရာက ဓာတ်ပုံနဲ့ ဒေတာ ရောင်းစားတဲ့ ၀န်ထမ်းတွေ အကြောင်း ဖော် ကောင် လုပ်လို့ ကျောင်းထွက်မယ်လို့ ကြိမ်းဝါး ခဲ့သည်။

သို့သော် တချို့ တချို့သော သူများရဲ့ ကိုယ့်အပေါ် ဆက်ဆံမှုက အမြဲ လွမ်းနေရတဲ့ အဖိုးကို သတိရ စေ ခဲ့သည်။ ချစ်ကြောင်း မပြောပေမယ့်၊ စိတ်အနှောင့်အယှက် လုံးဝ မဖြစ်စေ ပေမယ့် သူတို့ရဲ့ လုပ်ရပ် လေး တွေက ကိုယ့်ကို အဖိုးနဲ့ နေရ တုန်းကလို စိတ်လုံခြုံမှု ပေးခဲ့ ကြသည်။ စိတ်ညစ်ချိန် အားပေးလိုက်၊ ကိုယ့် ကို စိတ်အနှောင့် အယှက် ဖြစ်စေလောက်တဲ့ အခြေအနေဆို ရှောင်ရှားလိုက်၊ မထင်မှတ် ထားတဲ့ အချိန် မှာ ကိုယ့်ကို ပျော်ရွှင် ရယ်မော စေလိုက်၊ ကိုယ်ပြသနာ တက်နေချိန်မှာ ပြသနာ ဖြေရှင်းနည်းကို သွယ် ၀ိုက် လမ်းပြ လိုက်နဲ့ ဘာအခွင့်အရေးမှ ပြန်မတောင်းဆိုသလို ဘယ်လို စိတ် ရှုပ် စရာ မျိုးကိုမှ မဖြစ်စေ လိုက်တဲ့ သူများရဲ့ ဂရုစိုက်မှု များက အချစ် ဆိုတဲ့ အရာရဲ့ တကယ့် အဓိပ္ပာယ် ခံစားမှုကို ပါးစပ်က မပြော ဘဲ ကိုယ့်ကို သင်ပြ ပေးခဲ့သလိုပါ။

ဒါပေမယ့် နေ့စဉ်နဲ့ အမျှ ပူလောင် ပြင်းထန် ပေါက်ကွဲ နေတဲ့ ကိုယ့်ပတ်ဝန်းကျင်က အတ္တ လွန်ဆွဲပွဲ တွေ က ဒီငြိမ်းချမ်းတဲ့ အချစ်တွေကို ခံစားခွင့် မပေးနိုင်လောင်အောင် ပွဲဆက်က များလွန်း ခဲ့သည်။ ဖြစ်စေ ချင်လို့၊ အမြင့်ကို ရောက်စေ ချင်လို့၊ ချမ်းချမ်းသာသာ မြင့်မြင့်မားမား နေစေ ချင်လို့ စတဲ့ စတဲ့ တွန်း အား များက တဖြည်းဖြည်းမက ဖိအားတွေ အဖြစ်နဲ့ အသက်တောင် ၀၀ မရှူနိုင်ခဲ့။ နောက်ဆုံးတော့ ခါးရိုး ကျိုးကြေ သွားတဲ့ ကုလားအုတ်လေး တစ်ကောင်လိုပဲ စိတ်မပါဘဲ ခြေကုန် လက်ကုန် ဆွဲနေ ခဲ့ရတဲ့ လွန်ကြိုးကို ပစ်ချလို့ လွန်ပွဲကို ကျောခိုင်းပြီး ငြိမ်းချမ်းစွာ ရင်ဖွင့်လို့ လမ်းလျှောက် သင်နေတဲ့ ကလေးကို လိုက်ကြည့် သလို အရိပ် တကြည့်ကြည့်နဲ့ လက်ကမ်း ကြို နေတဲ့ အနီးဆုံး ရင်ခွင်ထဲ ၀င်ပြီး နားခို ခဲ့ပါ တော့တယ်။

တချို့က ပြောကြတယ်။ မင်းပတ်ဝန်းကျင်က တန်းစီနေတဲ့ သူတွေထဲမှာ သူက ဘာများ သာလို့လဲတဲ့။ ငါ့ထက် သူက ဘာများ သာတာ ရှိလို့ မင်းက ရွေးရတာလဲ ပြောစမ်းပါဦးကွာတဲ့။ မင်းကို လက်ထပ်ခွင့် တောင်းထားတဲ့ ဂုဏ်ထူး ဘွဲ့ထူး ရာထူး စည်းစိမ်တွေ အပြည့်နဲ့ လူတွေကို ကျော်ပြီး ဒီတစ်ယောက်ကို ဘာလို့ ရွေးတာလဲ ပြောစမ်းပါဦးတဲ့။ အားမနာတမ်း ဖြေလိုက် ချင်ပါတယ်။

ဒီရင်ခွင်မှာ လူမက်စရာ ဂုဏ်၊ ပကာသနတွေ တခုမှ မရှိဘူး…
ဒီရင်ခွင်မှာ စည်းစိမ် ချမ်းသာ ရာထူး အာဏာတွေ တခုမှ မရှိဘူး…

အဲဒီလိုပဲ
ဒီရင်ခွင်မှာ ပူလောင် ပြင်းပြမှုတွေ တခုမှ မရှိဘူး…
ဒီရင်ခွင်မှာ တောင်းဆိုချက်တွေ တခုမှ မရှိဘူး…
ဒီရင်ခွင်မှာ အပေးအယူ ကိစ္စတွေ တခုမှ မရှိဘူး…

ဒါပေမယ့်
ဒီရင်ခွင်မှာ လုံခြုံ စိတ်ချရမှုတွေ အပြည့် ရှိတယ်…
ဒီရင်ခွင်မှာ မြတ်နိုး လေးစား စရာ စာရိတ္တတွေ အပြည့် ရှိတယ်…
ဒီရင်ခွင်မှာ ကြည်ညို လေးမြတ်စရာ ကိုယ်ကျင့်တရားတွေ အပြည့် ရှိတယ်…
ပြီးတော့ ဒီရင်ခွင်မှာ အချစ် ဆိုတာကို အဆိုးမြင်၊ မကောင်းထင်ပြီး သံသယတွေနဲ့ အမြဲ ရန်လုပ် တတ်တဲ့ မိန်းမဆိုးလေး တစ်ယောက်ကို အချစ်ရဲ့ နူးညံ့ သိမ်မွေ့ ကိုယ်ကျိုးရှာမှု ကင်းတဲ့ အခြင်းအရာ တွေကို ဖွင့်ပြော သင်ကြား ပေးခြင်း မရှိဘဲ နားလည် လက်ခံ လာအောင် စွမ်းဆောင် နိုင်တဲ့ အမြုတေ ဓာတ်တွေ ကိန်းဝပ်နေတယ်။

ဒီတော့ အချစ်ဆိုသည်မှာ ကိုယ့်အတွက်တော့ ကန္တာရ ဘ၀ခရီးကြမ်းမှာ ငြိမ်းချမ်းစွာ နားခိုခွင့် ပေးခဲ့တဲ့ အိုအေစစ် ရပ်ဝန်းလေး တစ်ခုပါပဲ။

ဘလော့ဂါ ရပ်ဝန်းက ညီအစ်မ များကို ပြန်တဂ်ပါမယ်
အမ ယုယမြတ်နိုး
ညီမလေး ဆောင်းမြူနှင်းနှင်းဆီ နီနီမီးလေးဝင်္ကပါ၊ ခေးအော့စ် အားရင်၊ ခံစားလို့ ရရင် ရေးပေး ပါနော့။


Read More...

Sunday, October 5, 2008

အလွမ်းခရေ ကြွေလေတဲ့ နှလုံးသား

ဝါဆို ခဲ့ပြန်ပြီ။ ဒီလို ၀ါဆိုမိုးတို့ သည်းချိန်မှာ ဒီ ခရေ လမ်းမှာ မိုးရွာထဲ သူငယ်ချင်း တွေ တရုန်းရုန်းနဲ့ ကျောင်းတက် ခဲ့ကြသည်။ ဖြူစင်တဲ့ စေတနာတွေနဲ့ တစ်ယောက်ကို တစ်ယောက် လက်တွဲ ခေါ်ယူရင်း တစ်ယောက် ကွက်လပ်ကို တစ်ယောက်က ဖြည့်ပေးရင်း ကြိုးစား တက်လှမ်း ခဲ့ကြသည်။ ဒီသူငယ်ချင်းတွေ အပါအ၀င် သူနဲ့ နှစ်ယောက်အတူ လမ်း လျှောက် ခဲ့ဖူးသည်။ မိုးရေ စိုရွှဲ နေတာ ကို မမှုဘဲ မိုးရေကြောင့် ကြွေတဲ့ ခရေ လတ်လတ် ဆတ်ဆတ် တွေကို တမ်းတမ်း မက်မက် ကောက်ခဲ့ ဖူးသည်။ ကျန်းမာရေး ချူချာသူ ကိုယ့်ကို စိုးရိမ် တကြီး ဗျစ်တောက် ဗျစ်တောက် ဆူရင်း ထီးလိုက် မိုးပေးရင်း ရွှဲရွှဲစို ကုန်သော ကိုယ်တို့ နှစ်ယောက်ကို သူငယ်ချင်းတွေ ၀ိုင်းစ, တော့ ရှက်ရမ်း ရမ်းပြီး သူ့ပုခုံးကို စာအုပ်နဲ့ ရိုက်ဖူး သည်။ ပြီးတော့ ရှက်မွှန် မွှန်ပြီး ကားလမ်းကို ကယောင် ကတမ်း ဖြတ်ကူးတော့ ကားတိုက်မိ မလို ဖြစ်လို့ သူက ကမန်းကတန်း ပြေးလာပြီး လှမ်းအဆွဲမှာ ….

(((ကျွီ…..))) ဟေ့ .. အဲလောက်တောင် မိုးမမြင် ကားမမြင် လမ်းပေါ်တက်ကဲ နေရလား.. ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တော် သေချင်နေလား .. မင်းတို့ သေချင်လဲ ငါ အမှုပတ် မခံနိုင်ဘူး.. လမ်းဘေး ဆင်းလျှောက်…

ကြောက်မက်ဖွယ် ကား အရှိန်သတ်သံနဲ့ အတူ ဟိန်းဟောက် ငေါက်ငမ်းသံ တို့ကြောင့် လန့် ပြီး ဖျတ်ခနဲ လှည့်ကြည့်ခိုက် မီးဝင်းဝင်း တောက်သော မျက်လုံး အစုံနဲ့ ကားမောင်းသူက ကားကို ဒေါသတကြီး ကွေ့မောင်း သွားခဲ့ပြီ။

နင်ကလဲ !! ဘာလို့ လာဆွဲတာလဲ.. ဟိုမှာ ငါတို့ကို ရစရာ မကျန်အောင် အော်ငေါက်သွားပြီ

ဟဲ့.. နင့်ကို ကားတိုက်မိမှာ စိုးလို့ ပေါ့ဟဲ့

နင့္ကိုပါ တိုက္မိမွာက် မစိုးရိမ္ဘူးလား

ဟေ့အေး.. နင့်ကို တိုက်မိမှာ စိုးလို့ မျက်စိပြာထွက် သွားပြီး ဘာလုပ် လိုက်မိ မှန်းတောင် သတိ မထားလိုက် မိဘူး

ရှက်တာရော လန့်တာပါ ပေါင်းပြီး ရင်ခုန် မောဟိုက် လွန်းလို့ သွေးရှိန် တက်ပြီး နီရဲ နေတဲ့ ကိုယ့်မျက်နှာကို ကရုဏာ သက်စွာ ကြည့် ရင်း ကားငှားပြီး အိမ်အရောက် လိုက်ပို့ ပေးခဲ့တဲ့ သူ… ဒီလို ကားတိုက် မိမှာ စိုးလို့ ဖျတ်ခနဲ လှမ်းဆွဲတဲ့ လက်ဖ၀ါး အတွေ့ နွေးနွေးလေးက တစ်သက်မှာ နှစ်ကြိမ်ထဲ ဆိုပေမယ့် နှလုံးသား ထဲထိ စီးဝင် သွားခဲ့ တယ် မောင်။
************************************************************
ဖြူဖြူစင်စင် နေခဲ့မိတာ အမှားလားမောင်။ မောင့်ဘ၀ လုံခြုံ ပျော်ရွှင်နေမှ ပျော်နိုင်မှာမို့ ဒီလို အခြေအနေနဲ့ နီးစပ်အောင် ဖန်တီးခွင့်တွေနဲ့တောင် အလှမ်းဝေး လွန်းလှလို့ ဖြူစင်တဲ့ သူငယ်ချင်း ဆိုတဲ့ အခြေအနေ လေးတွေကို အနိုင်နိုင် ထိန်းထား ခဲ့ရင်း နီးစပ်ခွင့် လေးတွေကို ရှာကြည့် ခဲ့ပါသေးရဲ့။ ဒါပေမယ့် မောင်ရယ်… အကုသိုလ် ဆိုတာ ၀င်ရင် အပေါင်း အဖော်နဲ့ ၀င်တတ်တယ် ဆိုသည့် အတိုင်း နောက်ဆုံး အနေနဲ့ နှုတ်ဆက်ခွင့် လေးပင် မရခဲ့။ မောင့် အနား မှာလဲ ဆူးမဲ့ တော်ဝင် ပန်းလေး တွေက အစီအရီပါ။ ကန္တာရ ဆူးပင် တစ်ပင် ကနေ ဘယ်အချိန် ဘယ်လို ပွင့်နိုင် မယ်မှန်း မသေချာ နိုင်တဲ့ အခွင့် တစ်ခုကို တော်ဝင်ပန်းနဲ့ မလဲချင် ပါနဲ့ မောင်ရယ်။ မလဲစေချင်ပါဘူး။ နှလုံးသားမှာ မောင်က အပြည့် နေရာ ယူပြီးခါမှ ချစ်မိမှန်း ရိပ်မိ သိရှိ ခဲ့ရတဲ့ နောက်ကျမှု အတွက် ဘယ်လွမ်းကျန် နေချင်ပါ့ မလဲ မောင်ရယ်။ ဒါပေမယ့်လေ.. ကိုယ့်နှလုံးသား စိတ်အဆာ ပြေဖို့ မောင့်ဘ၀ကို ကိုယ့်နားမှာ အဆင်းရဲ ခံပြီး ခေါ်မထား ရက်ဘူးမောင်။ မောင့်ရဲ့ ဖြူစင် အပြစ်ကင်းတဲ့ နှလုံးသားကိုလဲ ဘယ်နည်းနဲ့မှ မနာကျင် စေရက်ဘူး။ ဒီလိုနဲ့ ဆုံးဖြတ်ချက် မခိုင့်တခိုင်ကို အတင်း ဖြတ်ချရင်း မောင်နဲ့ ဝေးရာဆီ ပြေးထွက် ဖို့ ကြိုးစား ခဲ့ရသည်။ ရုန်းထွက်ရာ လမ်းမှာ မိုးစက်တွေ နဲ့အတူ ခရေ တွေ တဖွဲဖွဲ ကြွေနေတယ်မောင်…

ကံကြမ္မာ မုန်တိုင်း တစ်ခုကို မောင့်ဆီ သယ်ဆောင် မလာရက်ဘူး မောင်… နှလုံးသား သစ်ပင် က အချစ်ပန်းတို့ မဝေခင် တည်းက ရာသီကျော် စဉ်းစား ချင့်ချိန်မှု ဦးနှောက်က ပူပင် သောက တွေကြောင့် အလွမ်းတွေ အရင် ကြွေခဲ့ ပြီကော… ကျူရှင် break ပေးချိန်မှာ ထုံးစံ အတိုင်း စကားတွေ ပေါက်ပေါက်ဖောက်ရင်း သီချင်းဆိုရင်းနဲ့ အရင်နေ့ညက မြ၀တီ ရုပ်သံက ပြသ ခဲ့တဲ့ ဇာတ်လမ်းကို ဆွေးနွေး ငြင်းခုန် သလိုလိုနဲ့ မင်းသားကို အဆက်ဖြတ်တဲ့ မင်းသမီး ကိုယ် စား ရှေ့နေ လိုက်ပေး ခဲ့ရင်း မောင့်အတွက် စကား တခွန်း ချန်ဖြစ် ခဲ့သည်။

မင်းသမီးက မင်းသားကို ဖြတ်ပစ်ခဲ့တာ အချစ်တစ်ခု အတွက်နဲ့ ဘ၀ကို မဖျက်စေချင်လို့ ပါဟာ..

ဒါပေမယ့် အဲဒီ အချစ်တစ်ခု မရှိရင်ကို ဘ၀က အဓိပ္ပာယ် နဲ့ အနှစ်သာရ မရှိတော့ဘဲ ခြောက်ခမ်း သေဆုံး ခဲ့သလို ဖြစ်တတ်တယ်ဟ

ဖြစ်တတ်တာ ဖြစ်မှာပါ.. ဖြစ်ကို ဖြစ်ရမယ် ရယ်လို့တော့ မဟုတ်ဘူး မို့လား။ နောက်ပြီး အချစ်ဆိုတာ ပြန်လည် ရှင်သန် နိုင်သလို ထပ်ပြီးလဲ မွေးဖွား နိုင်စွမ်း ရှိတတ်ကြတယ် မို့လား

လင်းလက် နေတဲ့ သူ့မျက်ဝန်း ရုတ်တရက် မှိုင်းမှုန် သွားခဲ့သည်။ ပြီးတော့ အဝေးကို ငေးရင်း တွေးရင်းမှ သူ့ကို လိုက်လျောသလို သဘော တူသလိုလိုနဲ့ မသေမချာ စကားတခွန်း ပြန်ခဲ့သည်။

အင်းးး ဟုတ်ချင် ဟုတ်မှာပေါ့ တဲ့..

ဇာတ်ကားတွေကလဲဟာ ဒီအချစ် အကြောင်းချည့် ရိုက်ပြ နေလိုက်တာ… အချစ်စစ် ဆိုတာ ဘာလဲ။ ပေးဆပ်ခြင်းလား ရယူခြင်းလား။ စွန့်လွှတ်ခြင်းလား။ ပိုင်ဆိုင်ခြင်းလား။ အချစ်ကို ရအောင် ယူနိုင်သူက နိုင်သူလား။ ဒါဆို ချစ်မိသွားတဲ့ မိန်းကလေးက အရှုံးပေး ပါတယ် ဆိုတော့ ဘာကို ရှုံးသွားတာလဲ…

အဲဒါတွေကြောင့် ငါက မြန်မာကားတွေကို မကြိုက်တာ ပေါ့ဟ.. ချစ်တယ် ဆိုတာ အပေးအယူ လုပ်နေတာ မဟုတ်ဘူး။ အရောင်း အ၀ယ် လုပ်နေတာလဲ မဟုတ်ဘူး။ အလဲ အလှယ် လုပ်နေ တာလဲ မဟုတ်ဘူး။ အနိုင်အရှုံး သတ်မှတ် ရအောင် ပြိုင်ပွဲ လုပ်နေ တာလဲ မဟုတ်ဘူးလေ။ ငါကတော့ ချစ်တယ် ဆိုတာဟာ ငါချစ်တဲ့ မိန်းကလေး စိတ်ချမ်းသာ ပျော်ရွှင် ကျေနပ် နေတာ ကို ငါ တစိမ့်စိမ့် ကြည့်ရင်း ပျော်နေတာ.. ငါချစ်တဲ့ မိန်းကလေး အဲလို ဖြစ်နေအောင် ငါက ဖြည့်ဆည်း ပေးနေရတာကို ကျေနပ်နေတာ ဒါဟာ ငါ့အချစ်ပဲ..

အော် ဒါဆို နင်က အချစ်ကို ပေးဆပ်ခြင်းလို့ ယူဆ တာပေါ့ ဟုတ်လား

ဟုတ်ဘူး.. ငါက အဲလို နေရတာကို ပေးဆပ် နေရ ပါလား လို့ကို မမြင်တာ.. ငါ့စိတ်ထဲမှာ ကျေနပ်မှုတွေ ငါရ နေတယ်လေ…

သူ့စကားတွေက တဖြည်းဖြည်းနဲ့ နှုတ်ဖျား မှာသာ မက မျက်ဝန်း မှာပါ လက်ဖြာ လာလေပြီ။ ပြုံးရီ လဲ့စို နေတဲ့ သူ့မျက်ဝန်း များကြောင့် ကိုယ် တားဆီး နိုင်ခြင်းငှာ မစွမ်းသော အခြေအနေ သို့ မရောက်မီ အမြန် စကားစ ဖြတ်ရ တော့မည်မို့

ဒါဆို ဒသနတွေ ကျွမ်းနေပုံ ထောက်ရင် နင် တစ်ယောက် ယောက်ကို ချစ်ဖူးပြီးသား ထင် တယ်။ နင့်ကောင်မလေး ကံကောင်းတာ ပဲပေါ့။ ငါတို့နဲ့ မိတ်ဆက် ပေးဖို့ တရက်ရက် ခေါ်လာ ခဲ့လေ…

ကွက်ခနဲ ပျက်သွားသော မျက်နှာ၊ တင်းခနဲ စေ့သွားသော နှုတ်ခမ်း၊ မသိ မသာလေး တွန့်ချိုး သွားသော မျက်မှောင် တို့နဲ့ အတူ ဖွဖွလေး ချလိုက်သော သက်ပြင်းတို့က တကယ့်ကို ငြင်ငြင် သာသာ လေး ရယ်ပါ။

မင်္ဂလာဆောင်မှပဲ ကြည့်တော့ဟာ.. နင်တို့ စနောက် နေရင် ငါ့ကောင်မလေး ရှက်နေရ ဦးမယ်
(((အောင်မယ်လေးဟဲ့.. အဖြစ်သည်း နေလိုက်တာ)))
သူတို့ နှစ်ယောက်ရဲ့ အခြေအနေကို အကဲခတ် စောင့်ကြည့် နေသော သူငယ်ချင်းတွေ ပြိုင်တူ ၀ိုင်းအော်ရင်း တစ်ယောက် တစ်ပေါက် ကျိန်ဆဲ ကြတော့ သူက ရယ်ဟဟနဲ့။

********************************************************
စာရူး ကဗျာရူးလေးများ ပီပီ ကဗျာစာအုပ် စုထုတ်ဖို့ စိတ်ကူးယဉ် ကြချိန်။ တစ်ယောက် ၂ပုဒ်နှုံး ကဗျာစုဖို့ တောင်းဆိုကြတာမို့ စာအုပ်ဟောင်းလေးထဲက ကဗျာဟောင်းတွေကို ကောင်းနိုးရာရာ ပြန်ရွေးနေချိန်…
ဟိတ် .. ဘာကဗျာတွေ ရှိလဲ ပြဦးလေ
အာာာ ပြဘူး။ ရွေးပြီးရင် ကြည့်ပေါ့..
မပြလဲ နေပေါ့ .. ငါတို့က နင် ကျောင်းလခ သွင်းနေတုန်း နင့်လွယ်အိတ်ထဲက ခါးပိုက်နှိုက် လုပ်ထားပြီး ခိုးဖတ်ပြီးပေါ့။ တစ်ပုဒ် ရွေးပြီးပြီ ဒါပဲ…
ဟမ်.. အစုတ်ပလုတ်တွေ အဲလို လုပ်စရာလား.. စိတ်ပုတ် လိုက်ကြတာ ဘယ် တစ်ပုဒ်တုန်း
(((အိပ်မက် ချစ်သူ တဲ့)))
ပြုံးပြုံးကြီး လှမ်းပြောတဲ့ သူတို့ကို သေချာ မကြည့်ရဲဘဲ လှမ်းပေးလာတဲ့ စာအုပ်ကို လွယ်အိတ်ထဲ ကမန်းကတန်း ထိုးထည့်ရင်း ပြေးထွက် ခဲ့တော့ ကရော်ကရော် အော်ရင်း နောက်ပြောင်သံတွေ နောက်နားဆီမှာ ဝေးလို့ ကျန်ခဲ့ပြီ။ ရင်မောရပါလား မောင်ရယ်…

အိပ်မက် ချစ်သူ

ဖြူစင်တဲ့ စိတ်နှလုံး
ခန့်တည်တဲ့ ရုပ်ရည်
အားထားလောက်တဲ့ လူရည်လူသွေး
ချီးကျူးရတဲ့ လုပ်ဆောင်ချက်တွေနဲ့
အိပ်မက်ထဲက ချစ်သူရေ
အာရုဏ်နဲ့ ဆည်းဆာကြား
လွမ်းလိုက်တာကွယ်
အခက်အခဲ တွေ့ခဲ့ရင်
ရှေ့ကသာ ရင်ဆိုင်လို့
ဘ၀ တကွေ့ တွေ့မယ့် ပြသနာ
သူသာလျှင် ဖြေရှင်းမတဲ့လား

မေတ္တာ သံလျှက်၊ သစ္စာ ဦးသျှောင်
မြဲမြဲ ဆောင်လို့
ဘ၀ခရီးလမ်းတလျှောက်
ကျင့်ဝတ်တွေ စောင့်ချင်ပြန်သတဲ့လား

ဂုဏ်မမက် ငွေမမက်ပေမယ့်
ဖြူစင်ရိုးသားမှု နှလုံးသားလေးတစ်ခု
ပိုင်စိုးမှု ဧကရာဇ် တစ်ဆူ
သူ့ကို ကိုယ်မြတ်နိုးလိုက်ရတာ….

ဒါပေမယ့်လဲလေ.. သူသိရဲ့လား အိပ်မက်ချစ်သူရေ
အပြင်လောက တခွင်မှာတော့
ဂုဏ်၊ အာဏာ၊ ငွေ အမိုး လက်နက်နဲ့
နည်းမျိုးစုံ လက်ကိုင်ပြုလို့
လုယက်ချင်ကြတဲ့ ဗိုင်းရပ်စ်တွေ ထူပြော နေလေရဲ့

ထူထဲတဲ့ ခံယူချက်တွေနဲ့မို့
လုံခြုံအောင် မကာကွယ် နိုင်သေးခင်တော့
အိပ်မက်ထဲက ချစ်သူရယ်
ဘယ်လို အခြေအနေနဲ့မှ အစွန်းထင်း မခံနိုင်တာမို့
Yes or No မပြောရက်
အိပ်မက်ထဲက မထွက်ခဲ့ပါနဲ့ကွယ်။ ။
*************************************************************

ဒီလိုနဲ့ သီတင်းကျွတ်တော့ ကျောင်းတွေလဲ ပြီးခဲ့ပြီ။ လုပ်ငန်းခွင် ၀င်ပြန်တော့ အချင်းချင်း လဲ မြင်တွေ့ရချိန် နည်းလာခဲ့သည်။ တယ်လီဖုန်း များတော့ အဆက်အသွယ် မပြတ် ကြ။ သို့သော် ကံကြမ္မာ မုန်တိုင်းက ရိုင်းသထက် ရိုင်းလာခဲ့ပြီ။


ကိုယ်နဲ့ အတူ ရှိနေရင် ကြုံတွေ့ရမယ့် ဒုက္ခ တွေကြောင့် နာကျင် ခက်ခဲစွာ ခံစား နေရ မှာကို မကြည့်ရက် မမြင် ရက်လို့ ဝေးနေရင် မီးဝေး ချိတ်မာ ဆိုသလို ခံစားချက် သက်သာ ပါစေ တော့ ရယ်လို့ ပြေးထွက် ခဲ့တာပါ မောင်။ ဘ၀မှာ နွေးထွေး လုံခြုံစွာနဲ့ အချစ်ခံရသူ မောင့် အတွက် ကိုယ့်အချစ် မရှိလဲ မိသားစု ပတ်ဝန်းကျင်က ပေးတဲ့ အချစ်နဲ့ လုံလောက် နေမှာပဲ လို့ တွက်ဆ၊ အချိန်နဲ့ ကြင်နာ ယုယမှု မပေး နိုင်တဲ့ ကိုယ့်အချစ် သေးသေးလေးကို မရရုံနဲ့ ဘာမှ မဖြစ် လောက်ဘူးလို့ ထင်ခဲ့မိ တာလဲ ပါပါတယ်မောင်… ဝေးလေလေ ဆွေးမပြေ ဖြစ်ရ မယ်မှန်း သိရင် စတည်းက ဒီလမ်းကို မမြန်း ခဲ့ဘူးမောင်… ဆုံးဖြတ်ချက် မှားမှန်း သိတဲ့ အချိန်မှာ လွမ်းနောင်တ တို့က အထိတ်တလန့် သတိပေး ချိန်မှာ ပြန်ပြင်ဖို့ အချိန်နှောင်း ခဲ့ပြီလေ..

ဘ၀မှာ ကံကြမ္မာ မုန်တိုင်းတို့ ဘယ်လောက် ရိုင်းရိုင်း ကိုယ့်ကို အမြဲ ကာကွယ် ပေးတတ်တဲ့ အားပေးတတ်တဲ့ မောင့်ကို အိပ်မက်ထဲမှာ မြင်လိုက် ရရုံနဲ့ အရာရာကို တစ်ယောက်တည်း ရင်ဆိုင် ရဲလောက်အောင် ဘ၀တစ်ခုလုံး ပြီးပြည့်စုံ အားရှိ သွားတယ် ဆိုရင် ပိုတယ်လို့ ဆိုမှာလားမောင်.. အဲလိုတော့ မပြောပါနဲ့ လောကကြီးရယ်.. ဒီလို ကံကြမ္မာ မုန်တိုင်းတို့ ရိုင်းလေတိုင်း အနားမှာ မောင် မရှိတာ တော်ပါသေးရဲ့.. မဟုတ်ရင် မောင်ပါ ခံစားနေရမှာ ဆိုတဲ့ အတွေးကြောင့် စိတ်သက်သာ ရာရ တတ်လို့ပါ။

ဒါပေမယ့် လဲလေ… မလွမ်းပါနဲ့ လို့ မတားရက် ခဲ့တာ မောင် ပိုလွမ်းမှာ စိုးလို့ပါ။ ၀ါဆို မိုးတို့ ဖြိုင်ဖြိုင် ရွာပြီ ဆိုရင် သစ်စေ့ လေးတွေ ကနေ သစ်ပင်ပေါက် လေးတွေ အပြိုင်းအရိုင်း ထွက်ပေါ် လာသလို အချစ် သစ်စေ့ လေးတွေ ကနေပြီး အလွမ်း ခွန်အားတို့ ရှင်သန် နိုးထလို့ သတိရခြင်း အပင်သစ် လေးတွေ အပြိုင်း အရိုင်း ထွက်ပြူလို့… နှစ်ယောက် အတူ လျှောက် ဖူးတဲ့ လမ်းမဟုတ် ပေမယ့် ခရေပင်တွေ စီတန်း ပေါက်ရောက် နေတဲ့ လမ်းတွေ ဆီကို မိုးရွာချိန် တွေမှာ ရောက်တိုင်း … မိုးကြောင့် ကြွေတဲ့ ခရေဖြူ လတ်လတ်ဆတ်ဆတ် တွေကို ငေးရင်း အလွမ်းခရေ တို့ကလဲ နှလုံးသား သစ်ပင် ထက်က တဖြုတ်ဖြုတ် ကြွေလို့… ခရေ ပင်ရိပ်မှာ ကိုယ်တစ်ယောက်တည်း ခရေတွေနဲ့ အတူ အသည်းတို့ အခါခါကြွေ….
**********************************************************

မောင် လွမ်းကျန် ခဲ့တယ် ထင်တယ် ဆိုတဲ့ စကားတွေကို အတ္တ မကုန်သေးသူ ပီပီ ရင်ခုန် ကျေနပ်စွာ နားထောင် နေမိပေမယ့် အလွမ်း ဒဏ်ရာကို မောင် မခံစား ရစေချင်တဲ့ ဆန္ဒတွေက ဒီရေလှိုင်းလို တလိမ့်လိမ့် တက်လာ ပြန်သည်။ အချစ်ကို ကိုးကွယ်ရင်း နှလုံးသား ကို မနာကျင် စေချင်ဘူးမောင်… လက်ရှိ အခြေအနေကြောင့် မေ့လို့ မရဘူး ဆိုရင်လဲ အပြစ် မြင်စရာ အမှား တွေကို မြင်လို့ မုန်းလိုက် ပါတော့မောင်. ခံစားချက် မဲ့တဲ့ အတ္တကြီးလွန်းပြီး မေတ္တာ တရား ခေါင်းပါး လွန်းတဲ့ မိန်းမ တစ်ယောက် အဖြစ် အပြစ် မြင်လို့ မုန်းမေ့ လိုက် ပါတော့… မုန်းမေ့မှ မောင် ခံစားရ သက်သာ မှာမို့ မောင်မုန်းအောင် တမင် လုပ်ရက် ခဲ့တဲ့ မိန်းမ တစ်ယောက်ကို မောင် မလွမ်း ပါစေနဲ့ လို့ပဲ ဆုတောင်း နေမိတယ် မောင်…




Read More...

Tuesday, September 30, 2008

ခွန်မြလှိုင်ရဲ့ ပထမဆုံးများ

မတန်ခူးက Tag ထားပြီး မလေးက လာချောင်းတယ်ဆိုလို့ ဘာများလဲလို့ … အဟင့်.. နောက်ကြောင်းတွေ တယ်ပေါ်တဲ့ တက်ဂ် ပါလားနော်.. ချစ်မ များက တကူးတက မမေ့ မလျော့ တက်ဂ်မှတော့၊ ရေးပြီးပြီလားလို့ လာချောင်းမှတော့ ပြောပါ့မယ်… ခက်တာက (အဟဲ မတန်ခူးလို စကားလုံး သုံးကြည့်တာ) တခုမှ မမေ့ အတိအကျ အသံဖမ်း၊ ဓာတ်ပုံ ရိုက်ထားသလို အကုန် မှတ်မိနေတာ..

ပထမဆုံးတက်ရသည့်အတန်း
မူကြို မတက်ဖြစ်ဘူး.. ကျောင်းကို နေရမှလို့ ပူဆာလွန်းလို့ ၄နှစ်နဲ့ သူငယ်တန်း တက်ဖြစ်ခဲ့တယ်။ ကျောင်းလေးက အိမ်နားက ကျောင်းပါ။ တစ်ရက်ကို ၂ချိန် သင်တဲ့ ကျောင်းမို့ မနက်ခင်း တသုတ်၊ နေ့ခင်း တသုတ်၊ ညနေတသုတ် အိမ်ရှေ့က ဖြတ်သွား ကြတဲ့ အဖြူအစိမ်း တွေကို မြင်ပြီး ကျောင်း တက်ချင်လွန်းလို့ နေမရအောင် ပူဆာ တာနဲ့ ကျောင်းဖွင့်ပြီး ၃လ အကြာ မှ ကျောင်းအပ်လဲ ဖောင် ပိတ် ပြီးတဲ့အချိန် မိဘတွေက ကျောင်းအုပ် ဆရာမကြီး ဒေါ်မာရီယာ ကို သွားတွေ့၊ အကျိုးအကြောင်း ပြော၊ အပျော် သဘောပဲ ဖြစ်ဖြစ် ကျောင်းပေး နေပါလို့ တောင်းပန် နေတုန်း ကိုယ်က ကျောင်းစိမ်း ဂါဝန်လေး ၀တ်ပြီး ကျောင်းအုပ်ကြီး ရုံးခန်းကို တစ်ယောက်တည်း နောက်က လိုက်လာပါရောလား… ဒါနဲ့ ကျောင်းအုပ်ကြီးလဲ အခြေအနေ သဘောပေါက်ပြီး ကလေး စိတ်ချမ်းသာအောင် ဆိုပြီး ကျောင်း အပ် လက်ခံ ပေးပါတယ်။ အမယ်.. ၀င်ခွင့် အင်တာဗျူးသေးသဗျ.. သမီးက ကျောင်းစိမ်းဂါဝန်လေးနဲ့ လှလိုက်တာ ဆိုတော့ ၄နှစ်သမီး ပါးစပ်က ထွက်တဲ့စကားက “ လှမှာပေါ့ စကော့ဈေးက ၀ယ်လာ တာလေ.. ၁၅၀တောင် ပေးရတယ်တဲ့” အဟိ အဲလို နှုတ်သွက် တာပေါ့.. ၈၅ ခုနှစ်က ဈေးနှုံးလေ။ သြော် သမီးက စကော့ဈေးတောင် သိနေပါလား.. ကျောင်းတက် ရင် စာတွေ ကျက်ရမှာနော် လို့ ကျောင်းအုပ်ကြီးက ပြောတော့ သမီးက ခု သူငယ်တန်း ဖတ်စာ အကုန် ရနေပြီ ပထမတန်းကို ကျော် တက်လို့ ရမလားလို့ ပြန်မေးလို့ ကျောင်းအုပ်ကြီးလဲ လက်ဖျား ကို ခါရော.. အိမ်ဘေးနားက ကျောင်းသူ ကျောင်းသားတွေ စာအော်ကျက်တာ နားထောင်ပြီး ကျောင်း ၀င်ခွင့် အပ်တဲ့နေ့ပဲ သူငယ်တန်းကို နှုတ်ဖြေ အောင်ခဲ့တယ်။ ကကြီးခခွေး ရေးတတ် သေးဘူးနော်။

ပထမဆုံးတက်ရသည့်ကျောင်း

အိမ်နားလေးက ကျောင်းလေးပါ။ ၃မိနစ် လမ်းလျှောက်ရင် ရောက်ပေါ့။ ဖဆပလ ခေတ်က အောင် မေတ္တာ လို့ ခေါ်တဲ့ ကိုယ်ပိုင်ကျောင်းလေးကို မဆလ ခေတ်မှာ ပြည်သူပိုင် သိမ်းပြီး အစိုးရ အလယ် တန်း ကျောင်း ဖြစ်လာခဲ့တယ်။ မြို့နယ် အတွင်း အောင်ချက် အကောင်းဆုံး ဆုကို နှစ်စဉ် အမြဲ ရခဲ့ ရနေဆဲ ကျောင်းလေးပါ။ ဗိုလ်ချုပ် ခင်ညွန့် လက်ထက် CPR စနစ်လို့ ခေါ်တဲ့ မအောင်မချင်း မော် ဒရေရှင်း ပညာရေး စနစ်ကြောင့် “ငါတို့ စာမကျက်လဲ အချိန်တန်ရင် အောင်မှာပါ။ ဆရာတွေ ငါတို့ ကို စာမေးပွဲ ချလို့မှ မရဘဲ” ဆိုပြီး လူပါးဝ လာတဲ့ ကလေးတွေ စာမလုပ်တော့လို့ စာညံ့ကုန်လို့ စနေ တနင်္ဂနွေ နေ့တွေပါ ကျောင်းချိန်ခေါ်ပြီး တကျောင်းလုံးက ကျောင်းအုပ်၊ ဆရာ၊ ဆရာမတွေ ကိုယ့်စရိတ် ကိုယ်စိုက် ကျောင်းဖွင့် စာသင်ပေးတဲ့ ကျောင်းလေးပါ။ အစဉ်အဆက် ဆရာ ဆရာမ များရဲ့ မေတ္တာ စေတနာက တော့ တကယ်ကို လက်ဖျား ခါလောက် ပါတယ်။ သူတို့ကြောင့်လဲ ကျွန်မ စိတ်ကောင်းလေး နည်းနည်း ရှိနေ တယ်လို့ ပြောလို့ ရမယ် ထင်တယ် :) ကျောင်းလေးရဲ့ ခုလက်ရှိ နာမည်က (မပြောပြဘူး)

ပထမဆုံးအတန်းပိုင်ဆရာမ

ဒေါ်တင်ညိုတဲ့။ စည်းကမ်းကြီး စနစ်ကြီးတဲ့ လူပု စိတ်ရှည် ဆရာမပေါ့။ စာသင် တော်လား မတော် လား မွေးထားတဲ့ သားသမီးတွေ အားလုံး နည်းပညာ တက္ကသိုလ်က ဆရာမ၊ အင်ဂျင်နီယာ စသဖြင့် ထွန်းထွန်း ပေါက်ပေါက် တွေချည့်ပါပဲ။ တပည့်တွေလဲ ထွန်းပေါက် အောင်မြင်တာ များပါတယ်။ အသားညိုညို အညာသူရုပ်နဲ့ ရှေးဆံထုံး နောက်တွဲ ထုံးလေ့ ရှိတယ်။ သူနေတာ ကိုယ့်အိမ်နဲ့ ကျောချင်းကပ်ပဲလေ။ အနှစ် အစိတ်ကျော် အိမ်နီးချင်းနဲ့ ပထမဆုံး ဆရာမမို့ အတွင်းသိ အစင်းသိ။

ပထမဆုံးသောသူငယ်ချင်း(မိန်းကလေး)

ခက်ကပြီ။ သူငယ်တန်း တုန်းက အရမ်းပျော်ပြီး စာကြမ်းပိုး လုပ်နေလို့ သူငယ်ချင်း မမှတ်မိတော့ဘူး။ ပထမတန်းမှာ စခင်ပြီး ဆယ်တန်းအထိ တွဲဖြစ်ခဲ့တာ မြသီတာ တဲ့။ လူတိုင်းက ကျွန်မတို့ နှစ် ယောက်ကို ညီအမ ထင်ကြတယ်။ ရုပ်ဆင်ပြီး အရပ်ပဲ ကွာတာ။

ပထမဆုံးသောသူငယ်ချင်း(ယောင်္ကျားလေး)

ယောက်ျားမိန်းမ တွဲထားတဲ့ ကျောင်းချည့် နေခဲ့ရပေမယ့် “ မိန်းကလေး ပီသ စမ်းပါ။ မိန်းမက မိန်းမ လိုနေစမ်းပါ” စတဲ့ စကားများကြောင့် အမြင်ကတ်ကတ်နဲ့ “မိန်းမနဲ့ ယောက်ျား ဘာကွာလဲ သူတို့ လုပ်တတ်သမျှ မိန်းမက အကုန်လုပ်နိုင်တယ်။ သူတို့ ယောက်ျားတွေသာ မိန်းမ တွေလို ဗိုက်ကြီးပြီး ကလေးမွေးလို့ မရတာ” လို့ ပြန်ကြိမ်း တတ်တဲ့ ကျွန်မဟာ ယောက်ျားတွေကို ပြိုင်ဖက်လိုပဲ သဘော ထား တတ်ခဲ့လို့ ယောက်ျားလေး သူငယ်ချင်း မရှိခဲ့ဘူး။ မှတ်မှတ်ရရ ရှစ်တန်း ရောက်မှ အတန်းထဲက လက်လက်ထအောင် ဆော့ဖော်ဆော့ဖက်၊ တေဖော်တေဖက် ကြောင်ချေး၊ ခွေးဖင်၊ မာမီလှိုင်၊ မာမီ ကြိုင် (အဟိ .. မေတ္တာပို့ကြတော့မှာပဲ) စတဲ့ သူငယ်ချင်းများ ရလာခဲ့ပါတယ်။ ခုခေတ် ရှစ်တန်း ကျောင်းသူ ကျောင်းသားများ ဘယ်စတိုင် ချိုးလဲတော့ မသိ။ ကျွန်မတို့ ကတော့ စာသင်ခန်းထဲ ခုံ တွေကြား ပတ်ပြေးပါတယ်။ ပါဆယ်ဂိမ်း ခိုးဆော့ပါတယ်။ ဖတ်စာအုပ်တွေ လှန်ပြီး စာမျက်နှာ နံပါတ် ကြည့်လို့ ဂဏန်းကြီးသူက ငယ်သူကို နဖူးတောက်ပါတယ်။ သြော် သူတို့ထဲက ခွေးဖင် ဆိုတာ တခြားသူ ဟုတ်ပါရိုးလား.. ခု နာမည်ကျော် တနိုင်ငံလုံး သိတဲ့ ရုပ်ရှင်မင်းသား၊ အဆိုတော် တစ် ယောက် ပေါ့။ တမြက်စည်းရောင်းတမ်း ကစားရာမှာ ဟော့ဒီက မောင်ခိုင်မြဲ တံမြက်စည်း ဆိုပြီး ကြမ်းပြင်နဲ့ ရိုက်ပြတာ စာသင်ခန်းထဲက တံမြက်စည်းတွေ ကျိုးကုန်လို့ တသင်းလုံး စိုက်လျော် လိုက်ရဖူးတယ်။

ပထမဆုံး ဖတ်ရသော စာအုပ် (ဖတ်မိသမျှစာအုပ်များထဲမှ မှတ်မိသော)

မိဘတွေက ကျောင်းစာကလွဲလို့ တခြားစာ မဖတ်ရ တဲ့အထဲ ကျွန်မလဲ အပါ။ ခိုးဖတ်ဖူးတဲ့ ပထမဆုံး စာအုပ်က ဂျာနယ်ကျော် မမလေးရဲ့ “သွေး”

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ)

ဟိုဘက်လမ်းက မီးထိန်ထိန်
ဒီဘက်လမ်းက မီးမှိန်မှိန်
လျှပ်စစ် ထိန်ထိန်လင်းပါတဲ့
ဝန်ကြီးတို့အိမ် (ကလေးဘ၀ တည်းက ကဗျာကို ပြောင်ဆိုတတ်တာ အကျင့်ပါ :P )

ပထမဆုံး ရဖူးသောဆု

အသက် မပြည့်ဘဲ ကျောင်းတက်တဲ့အပြင် ကျောင်းအပ် သုံးလ နောက်ကျ လို့ သူများတွေ ညအခါ လသာသာ သင်နေချိန်မှာ ကကြီး၊ ခခွေး စရေး နေတဲ့ ကိုယ့်ကို ဒီနှစ်တော့ အပျော်ပါ လို့ တခြား အတန်းသား မိဘတွေ ပြောတာကို မခံချင်လို့ ကြိုးစားလိုက်တာ အဲဒီ သူငယ်တန်းကိုပဲ တန်းချုပ် တတိယနဲ့ ၃ဘာသာ ဂုဏ်ထူး ၂ဆုလုံး ရခဲ့တယ်။

ပထမဆုံး စီးရသော ဘတ်စ်ကား

၇တန်းမှာ ကျောင်းပြောင်းတော့ အဖေကို အကြိုအပို့ မလုပ်ခိုင်းဘဲ ကိုယ့်အားကိုယ်ကိုး ဘတ်စ်ကား စီးမယ် ဆိုပြီး စီးခဲ့တာ… ပထမ တပတ်လုံးတော့ ဘတ်စ်ကား မူးတာ ချာလပတ်ကိုလည်လို့… နောက်တော့ ၀ိဓူရ အမတ်လိုလဲ ကားမြီးမှာ စီးတတ်သွားတယ်။

ပထမဆုံး ဆိုခဲ့သော သီချင်း

(((တိုင်းပြည်ကို ရှေ့ဆောင်ကာ တို့ ကျောင်းသားတွေသည် .. စံနမူနာတင် ကျောင်းသားသမဂ္ဂတို့ ဖြစ်သည် ... ကမ္ဘာ တ၀ှမ်း မှာ ဗမာ အစွမ်းသာ မော်ကွန်း တင်ပါမည်။ တို့တတွေ သွေးစည်းမည် ... ဗမာပြည်ဆိုင်ရာ ကျောင်းသားသမဂ္ဂ သည် ရာဇ၀င် တွင်လောက်ပေသည်... တော်လှန်ရာ တွင် ရှေ့ ကပင် ဦးထိပ်တည် သက်စွန့် ကြိုးပမ်း ထမ်းရွက် ခဲ့ပေသည်.. ကိုယ်ကျိုးအတွက်ဆို မငဲ့ကွက် နိုင်ပါသည်.. ကျောင်းသားများရဲ့ ကောင်းကျိုးတွေကို ထမ်းရွက်မည်... ညီညီညာညာ တို့ အောင်လံ တော် အောက်ကို ၀င်ကာ အတည်.. တို့ကျောင်းသားတွေ ညီကြမည်... ဟေ့...))) (အဘိုး ဆိုလေ့ ရှိတဲ့ သီချင်း ပါ။ သူတို့ခေတ်က တက္ကသိုလ် ဆိုတာ တယ် ကိန်းခန်းကြီး ဆိုပဲ ဒီတက္ကသိုလ် ကျောင်း သား တွေရဲ့ လှုပ်ရှားမှုကြောင့် တပ်မတော်ကြီး ပေါ်လာပြီး လွတ်လပ်ရေး ရခဲ့တယ်လို့ အဘိုးရဲ့ အိပ်ရာဝင် သမိုင်းတွေက ပြောပြတယ်။) ခုသီချင်းက ခုခေတ်မှာ ဆိုမိရင် ဘာဖြစ်မလဲ မသိဘူးဗျ.. တကယ်ကတော့ ဗမာ့ လွတ်လပ်ရေးအတွက် မျိုးစေ့ ချပေးခဲ့တဲ့ ရှေးသီချင်းပါ။ မိဘက ကြပ် လိုက် တာမှ ကက်ဆက်၊ တီဗီတောင် ၀ယ်မပေး ထားလို့ ကိုးတန်းမှာ မြန်မာစာအချိန် လျှပ်တပြက် စာစီ စာကုံး ပြိုင်ပွဲမှာ အနှစ်သက်ဆုံး သီချင်း တစ်ပုဒ်ကို ရေးခိုင်းတော့ အစအဆုံး မှတ်မိတဲ့ တခြား သီချင်း မရှိလို့ နိုင်ငံတော် သီချင်းကို ရေးခဲ့ ရတယ်။ ပထမ ရသဗျ။



ပထမဆုံး ဝယ်သော သီချင်းခွေ (ကက်ဆက်ခွေ)

သီချင်းနဲ့ ပတ်သက်ရင် သိပ်ဝေးတယ်။ ပထမဆုံး ၀ယ်ဖူးတာ အယ်လ်လွန်းဝါရဲ့ အချစ်မျက်ဝန်း။ ကိုယ်နားထောင်ဖို့ ၀ယ်တာတော့ မဟုတ်ဘူး။ သူငယ်ချင်းတစ်ယောက်က လက်ဆောင် အဖြစ် ၀ယ်ပေးခိုင်းလို့ :P

ပထမဆုံး အကြိမ် ဝယ်သော နိုင်ငံခြား တီးဝိုင်း ဗီဒီယို အခွေ

အဟိ .. မတန်ခူး အတိုင်းပဲ (အမှန်အတိုင်းပြောရရင်… ခုထိ တခါမှ မ၀ယ်ဖူးဘူး… အိမ်က အမျိုးသား ၀ယ်တာတွေပဲ ကြည့်တာ….)

ပထမဆုံး ရုံမှာ ကြည့်ခဲ့ဖူးသော ရုပ်ရှင်

ဖယ်မလီယာ ဦးဇကွဲ … ညွန့်ဝင်း ၂ကိုယ်ခွဲနဲ့ ကလေးသရုပ်ဆောင် တစ်ယောက်ပါတယ်။ ၃၈ဖြာ မင်္ဂလာ သံပေါက် ကဗျာလေးတွေ ဆိုတာကို ကြိုက်လွန်းလို့  ခုထိမှတ်မိနေတုန်း…

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ်

၂၀၀၅.. (အဲဒီရီးစားနဲ့ ပဲ အိမ်ထောင်ကျခဲ့တာပေါ့).. တက္ကသိုလ်မှာတုန်းက ကျောင်းပြေးလွန်းတဲ့ ကျွန်မကို ကောလဟလ သတင်းတွေ လွှင့်ကြ လွန်းလို့ ကျွန်မ ရည်းစား ထားဖူး မထားဖူး တ၀ိုင်း ကြေး လောင်းပြီး ၀ိုင်းစုံစမ်း ကြသူတွေ ရှိကြရဲ့။ ကျွန်မရဲ့ သူငယ်တန်း အတန်းပိုင်ရဲ့ သမီးက ကျွန်မရဲ့ တက္ကသိုလ် သင်္ချာ ဆရာမ မို့ သူ့အိမ်မှာ ကျူရှင်တက်ရင်း စုံစမ်းတော့ ပြီးရောပေါ့။ ကျွန်မအကြောင်း အတွင်းသိ တွေက ယောက်ျားလျာလို့ ထင်ကြပြီး မသိသူတွေက ယောက်ျားအစစ် လို့ ထင်ကြတာ အကိုတွေနဲ့ ကြီးခဲ့လို့ ဖြစ်မယ် ထင်ရဲ့။ တက္ကသိုလ် ပထမနှစ်တည်းက သူငယ်ချင်း နဲ့ ရည်းစားဖြစ်ပြီး ၃လ အကြာမှာပဲ လက်ထပ် ခဲ့တယ်။ လွှင့်ချင်ဦးဟဲ့ ကောလဟလ...

ပထမဆုံး ရေးခဲ့သော ရည်းစားစာ

ခုထိ တစ်စောင်မှ မရေးဖူး သေးဘူးဆို ယုံလား... (ဒီလောက် ဖုန်းပြောနေတာ.. ရေးဖို့ တောင် မအားဘူး)

ပထမဆုံး ကဗျာ

ဗိုက်က ဆာဆာနဲ့ guide က ပြန်အလာ
ငါစားရန်.. ဘာများကျန်မလဲလို့
အုပ်ဆောင်းကို ဖွင့်ကာကြည့်
ဗလာနတ္ထိ။
ဆယ်တန်းဂိုက် သင်ပြီး ညဘက် ဗိုက်ဆာဆာနဲ့ အိမ်ပြန်ရောက်လာတာ အိမ်က ကျွန်မ စားဖို့ ညစာ ချန်မထားလို့ စိတ်နာနာနဲ့ ရေးဖြစ်တဲ့ ကဗျာပေါ့။

ပထမဆုံးရောက်ခဲ့သော အခြားမြို့

အဘိုးနေတဲ့ သိပ်ချစ်စရာကောင်းတဲ့ မြို့ လေးပေါ့… တမာပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ … သနပ်ခါး ပါးကွက်ကြားနဲ့  ပွင့်လင်းတဲ့ အညာသူလေးတွေရှိတယ်… ပြီးတော့…ကျွန်မ သိပ်ကြိုက်တဲ့ ပါးစပ် ပိတ်နေတဲ့ ခြင်္သေ့ကြီး ရှိတယ်။ ငယ်ငယ်က ဂုတ်ခွ စီးခဲ့တဲ့ စီးတော် ခြင်္သေ့ကြီးပေါ့။

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား

ထိုင်းနိုင်ငံ... ဒီမိုကရေစီ ရလိုက် ပျောက်လိုက် ဖြစ်တဲ့ နိုင်ငံလေးပေါ့။ စစ်အာဏာရှင် နိုင်ငံမှာ နေထိုင် ကြီးပြင်း၊ ဒီမိုကရေစီ အခြေမခိုင်တဲ့ ဒီနိုင်ငံမှာနေ၊ ဒီမိုကရေစီ အခြေခိုင်တဲ့ နိုင်ငံအကြောင်း ပညာသင်၊ ကွန်မြူနစ် နိုင်ငံကို ခဏခဏ အလည် ခရီးထွက်... အင်းးးး နောက်ထပ် ဘယ်နိုင်ငံကို သွားရင် ကောင်းမလဲ...

ပထမဆုံး သောက်ဖူးသော ဆေးလိပ်၊အရက်

၉နှစ်သမီးတုန်းက ပထမဆုံး ဆေးလိပ် ခိုးဖွာတာ မီးခိုးသီးလို့ အဲဒီတည်းက ကိုယ့်သဘောနဲ့ကိုယ် ဆေးလိပ်ကို အဝေးဆုံး ရှောင်ခဲ့တာ.. အရက်လား.. ဂန္ဓာလရာဇ် သွေးပီပီ ဆယ့်လေးနှစ် သမီးမှာ အရက် သောက် တတ်တာ မဆန်း ပါဘူးနော့။ တရုတ်နှစ်ကူးမှာ အဘိုး ကိုယ်တိုင် စပ်ထားတဲ့ တရုတ် ဆေးမြစ် အမျိုး ၂၀ကျော် စိမ်ထားတဲ့ ဘလက်လေဘယ် ပါပဲ။ လေးဘက်နာ ရောဂါကို ၆နှစ်တိတိ ဆေးကု ယူရချိန်မှာ အဲ့ဒီ အရက် သောက်ရတော့ သွေးလှည့်ပတ်မှု ကောင်းပြီး အကိုက်အခဲ သက် သာ လို့ ခွက်ပုန်း ဖြစ်သွား တာလေ… အနှစ် ၇၀ တိတိ မပြတ်တမ်း အရက်သောက်တဲ့ အဘိုးကြောင့် alcohol resistant gene ရသွားလိုက်တာ… Newyear party တစ်ခုမှာ မှောက်အောင် တိုက်မယ် ဆိုတဲ့ သူငယ်ချင်းတွေ မှောက်သွားပြီး ကိုယ်ကတော့ ကြွက်တွင်းဘွဲ့ ရခဲ့ဖူးတယ်။ ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ကြီး က အရက်ကို ရာသက်ပန် အလှူခံလို့ လှူပြီးမှ အရက် ပြတ်သွား တော့ တယ်။ ခုများတော့ အရက်ကို လုံးဝ လက်ရှောင်…

ပထမဆုံး ချက်ဖူးသော ဟင်း

ကင်ပွန်းရွက် ချဉ်ရည်

ပထမဆုံး ပစ်ဖူးသော သေနတ်

၇နှစ်သမီးမှာ ကျည်မပါဘဲ ပစ်တာ မောင်းပြန် ရိုင်ဖယ်.. ကျည်ဆံ နဲ့ ပစ်ဖူးတာက အမ်အေဖိုး.. (သေနတ်က အစစ်လား အတုလား ဆိုတာတော့ ပြောပြဘူး အဟိ.. လူအထင်ကြီး ခံရ နည်းလား) ကွမ်းသီးပင် တစ်ပင်ကနေ တစ်ပင်ကို ခုန်ကူးနေတဲ့ ရှဉ့်ကို ပစ်တာ ထိသဗျ.. တွတ်ပီလိုပဲ.. သူငြိမ်နေရင် ထိချင်မှ ထိမှာ.. ခုတော့ သနားစရာလေးတွေ ဖြစ်ကုန်ရော..

ပထမဆုံး ဘလော့ပို့စ်

ရိုးရာ အမွေ

ပထမဆုံး ကျောင်းပြေးပြီး သွားခဲ့သည့် နေရာ

TOEFL သင်တန်းကျောင်း

ပထမဆုံး လည်ပတ်ကြည့်ရှုခဲ့ဖူးသော ဘလော့ဂ်

နေဘုန်းလတ်

ပထမဆုံး စတင်ရင်းနှီးခဲ့ရသော ဘလော့ဂ်ဂါ

နေဘုန်းလတ် နဲ့က ကျောင်းနေဘက် သူငယ်ချင်းမို့ နဂိုတည်းက သူ့စာတွေနဲ့ ရင်းနှီး ပြီးသားပါ။ သူဘလော့ရေးတော့မှ ကိုယ်က ဘလော့ ဆိုတာကို စသိတာမို့…


Read More...