Tuesday, October 27, 2009

If there is no self-censorship, Dictatorship comes. (By Morgan Olofsson)

(မကြာမီ = မျှော်)

Type rest of the post here

Read More...

Monday, October 26, 2009

နိုင်ငံရေးကို နှာခေါင်းရှုံ့ခဲ့တဲ့ ရေပေါ်ဆီ လူတန်းစားတွေ

လူထုစိန်ဝင်း

(အောက်တိုဘာ ၅ ရက်နေ့ထုတ် Favourite ဂျာနယ်မှာ ရေးထားတဲ့ ဆရာလူထုစိန်ဝင်းရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ တတိယအုပ်စု ဆိုသူတွေကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ ဆရာ လူထုစိန်ဝင်းရဲ့ အမြင်ကို သိနိုင်အောင် မျှဝေပေးလိုက် ပါတယ်။ )

"မြန်မာ လူမျိုးများရဲ့ နိုင်ငံရေး အသိအမြင် ဗဟုသုတက နိမ့်ကျနေသေး လေတော့ ဒီမိုကရေစီ စနစ် အောင်မြင်ပါ့မလား" အသက်နှစ်ဆယ်၊ အစိတ်ဝန်းကျင် လူငယ်တွေနဲ့ စကားပြောကြတိုင်း ဒီမေးခွန်း တစ်ခုကို မေးမြဲဖြစ်တယ်။ သူတို့ စိတ်ထဲမှာ အနောက် နိုင်ငံကြီးတွေလို ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံကြီးတွေမှ ဒီမိုကရေစီ အောင်မြင်နိုင်တယ်လို့ ထင်မှတ် နေကြဟန် ရှိပါတယ်။ တချို့ကျတော့လည်း နိုင်ငံရေးဆိုတာ နှာခေါင်း ရှုံစရာလို့ ယူဆပြီး တစ်သက်လုံး ဝေးဝေးရှောင်ခဲ့တဲ့ ရေပေါ်ဆီ လူတန်းစား "အီလစ်"(elite) တွေ ပြောတဲ့ စကားသံတွေ ကြားပြီး "နဝေတိမ်တောင်" ဖြစ်နေကြပုံ ရပါတယ်။

အပေါ်ယံမှာ ဝေ့ကာဝဲကာ

ရေပေါ်ဆီ လူတန်းစား ဆိုတာက အများအားဖြင့် ခေတ်တိုင်း ခေတ်တိုင်းမှာ ရေပေါ်ဆီလို အပေါ်ယံမှာချည်း ဝေ့နေလေ့ရှိလို့ ရေပေါ်ဆီ လူတန်းစားလို့ ခေါ်တာဖြစ်တယ်။ သူတို့က မြို့ကြီးသားတွေ ဖြစ်တော့ လည်လည်ပတ်ပတ် ရှိကြတယ်။ ဘယ်သူ တန်ခိုးရှိသလဲဆိုတာ ကောင်းကောင်းသိပြီး တန်ခိုးရှိသူတိုင်းနဲ့ တည့်အောင်ပေါင်း အမြတ်ထုတ်တတ်ကြတယ်။ ပေါင်းနေတဲ့ သူ တန်ခိုးအရောင် မှိန်သွားရင် ချက်ချင်းစွန့်ခွာပြီး အရောင်တောက်သူကို ပြေးကပ်လေ့ ရှိတယ်။ ရာသီဥတုကို လိုက်ပြီး အရောင် ပြောင်းတတ်တဲ့ လူစားမျိုးတွေ ဖြစ်ကြတယ်။ ခေတ်တိုင်း ခေတ်တိုင်း အပေါ်ယံလွှာမှာချည်း ဝေ့ကာဝဲကာ နေကြ လေတော့ လူတွေကို အမြဲတမ်း ငုံကြည့်လေ့ရှိတယ်။ တန်ခိုးရောင် ပြိုးပြိုးပြက်ပြက် လက်တဲ့သူ မဟုတ်ရင် ဘယ်သူ့ကိုမှ အထင်ကြီးတာ မဟုတ်ဘူး။ဒီတော့ လူတွေကြား ဘယ်တော့မှ မနေဘူး။ လူတွေ အကြောင်းလည်း ဘာမှမသိဘူး။ လူတွေ အကြောင်း မသိတော့ တိုင်းပြည် နိုင်ငံအကြောင်းလည်း ဘာမှ မသိပါဘူး။ စင်ကာပူ နိုင်ငံကြီး တိုးတက်ပုံတွေ၊ နယူးယောက် မြို့တော်ကြီး စည်ကားပုံ တွေ အကြောင်း အများကြီး ပြောနိုင်ပေမယ့်၊ လယ်ဆိုတာ ဘာလဲ၊ ယာဆိုတာ ဘာလဲ၊ ကိုင်းဆိုတာ ဘာလဲလို့ မေးရင်တောင် မှန်အောင် ဖြေနိုင်တာ မဟုတ်ပါဘူး။

ဆယ်ဆသာတယ်

ဒီလို လူတွေဟာ တိုင်းရေးပြည်ရေး နိုင်ငံရေးဆိုတာ သူတို့လို ရေပေါ်ဆီတွေနဲ့ပဲ ဆိုင်တယ်။ လက်လုပ်လက်စား လူသာမန် တွေနဲ့ လားလားမှ ထိုက်တန်တာ မဟုတ်ဘူး။ ဒီမိုကရေစီရဲ့ အနှစ်သာရဆိုတာ ပညာတတ် ရေပေါ်ဆီတွေသာ သဘောပေါက် နားလည် နိုင်တာမျိုး ဖြစ်တယ်၊ ဆင်းရဲလို့ ပညာကောင်းကောင်း မသင်နိုင်တဲ့ သူတွေရဲ့ နိုင်ငံရေး အသိပညာ ရေချိန်ဟာ အင်မတန် နိမ့် တယ်။ ဒီလူတွေနဲ့ ဒီမိုကရေစီ တည်ဆောက်လို့ မရသေးဘူးလို့ ကျယ်ကျယ်လောင်လောင် ပြောလေ့ ရှိကြတယ်။ ဒီစကားတွေ ကြားပါများတော့ လူငယ်တွေက နားယောင်ပြီး ဟုတ်နိုးနိုး ထင်နေရှာကြတာ ဖြစ်တယ်။ အဲဒါကြောင့် မြန်မာလူမျိုးဟာ တခြား နိုင်ငံကြီးသားတွေလောက် နိုင်ငံရေး အသိမမြင့်ဘူး ဆိုတောင်မှ နိုင်ငံရေးဆိုတာ နှာခေါင်းရှုံ့စရာ သဘောထားပြီး ဘယ်တုန်းကမှ နိုင်ငံရေးကိစ္စ တွေမှာ မပါဝင်ခဲ့ဖူးတဲ့ ရေပေါ်ဆီ လူတွေထက်တော့ ဆယ်ပြန် ဆယ်ဆမက နိုင်ငံရေးအသိ မြင့်မားတယ်လို့ ရှင်းပြလိုက်ရ ပါတယ်။

လိမ်မှန်းညာမှန်းမသိတဲ့ လူမျိုး

မြန်မာလူမျိုးဟာ တခြား နေရာများမှာ ညံ့ချင်ညံ့မယ်။ နိုင်ငံရေး အသိမှာတော့ ထိပ်တန်းက ရှိနေတဲ့ လူမျိုးဖြစ်တယ်။ နယ်ချဲ့ အစိုးရက ၉၁ဌာန အုပ်ချုပ်ရေးတို့၊ ဒိုမီနီယံ အဆင့်ပေးမယ် တို့နဲ့ လှည့်စားခဲ့ပေမယ့် လိမ်တာကို လိမ်မှန်းသိ၊ ညာတာကို ညာမှန်း သိလို့ လုံးဝ လွတ်လပ်ရေးမှ တစ်ပါး ဘာမှ မလိုချင်ဘူးလို့ အပြတ် ပြောခဲ့တာပါ။ ပါးစပ်ပြောသာ မဟုတ်ဘူး။ လက်တွေ့မှာလည်း မရရတဲ့နည်းနဲ့ ယူမယ်ဆိုတာ အထင်အရှား ပြခဲ့တာပါ။ ဂျပန်ခေတ်မှာလည်း ဂျပန်ပေးတဲ့ လွတ်လပ်ရေး နဲ့တင် ကျေနပ် ရောင့်ရဲ မနေခဲ့ပါဘူး။ လိမ်တာကို လိမ်မှန်းသိလို့ တော်လှန်ရေးဆင်နွှဲ အောင်ပွဲခံခဲ့တာ ဖြစ်တယ်။ ရှေးလူကြီးတွေကသာ ပေးတာလေးယူပြီး ရောင့်ရဲနေလိုက်ကြရင် ဒီနေ့ လွတ်လပ်တဲ့ မြန်မာလူမျိုးရယ်လို့ ရှိလာမှာ မဟုတ် ပါဘူး။

ရန်/ငါပြတ်လို့

လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ဘိုးဘွားများကို ကျေးဇူးတင်စရာ ကောင်းလှပါတယ်။ သူတို့တစ်တွေ ရည်မှန်းချက် တိကျ ခိုင်မာပြီး၊ ရန်/ ငါ ပြတ်သား ခဲ့ကြလို့သာ လုံးဝ လွတ်လပ်ရေး ရခဲ့တာပါ။ ဒီကနေ့ အာဆီယံ နိုင်ငံတွေ ထဲမှာ ဝင့်ဝင့် ကြွားကြွား ဖြစ်နေတဲ့ မလေးရှား နိုင်ငံဆိုရင် ၁၉၅၇ ခုနှစ်ကျမှ လုံးဝ လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ရောက်ရှိ လာခဲ့တာပါ။ အဲဒါ ကြောင့် မြန်မာလူမျိုးများကို နိုင်ငံရေးအသိ နိမ့်ကျတယ် ဆိုတဲ့ စကားကို လုံးဝ လက်မခံပါဘူး။ မြန်မာပြည် က ရေပေါ်ဆီ လူ တွေ လောက်က ပြောတာသာ မဟုတ်ပါဘူး။ သူတို့ အထင်ကြီး ကိုးကွယ်တဲ့ အနောက် နိုင်ငံကြီးတွေက မြန်မာ့အရေး ကျွမ်းကျင် သူ လို့ ကိုယ့်ဟာကိုယ် ကင်ပွန်းတပ်ထားတဲ့ "နိုင်ငံရေးဂုရု" ဆိုသူတွေ ပြောတာလည်း လက်မခံ ပါဘူး။ မြန်မာပြည်မှာ နေပြီး နယ်ချဲ့ဒဏ်၊ ဖက်ဆစ်ဒဏ်၊ ပြည်တွင်း စစ်ဒဏ်တွေကို ကျောကော့အောင် ခံခဲ့ရတဲ့ မြန်မာလူမျိုး တွေလောက် မြန်မာ့ နိုင်ငံရေးကို နားလည်တဲ့လူ ဘယ်မှာမှ မရှိနိုင်ပါဘူး။

မျက်နှာပြောင်သူတွေ

မျက်ကန်း မျိုးချစ်စိတ်နဲ့ ဒီလိုပြောတာ မဟုတ်ပါဘူး။ အဲဒီ ကိုယ့်ဟာကိုယ်ခန့်တဲ့ "ဂုရု"တွေ ရေးတဲ့ စာအုပ်တွေ အများကြီး ဖတ် ထားဖူးလို့ ပြောတာပါ။ ဆင်စွယ် ရဲတိုက်ကြီးတွေ ထဲက စာအုပ်တွေမှာ လှန်လှောရှာဖွေပြီး သူများတကာ ရေးထားတဲ့ သီအိုရီ တွေနဲ့ ချိန်ညှိပြီး ရေးသား ထားတာမျိုး တွေသာ များပါတယ်။ နိုင်ငံရေး ဆိုတာ သိပ္ပံပညာရပ် တစ်ခု ဖြစ်ပေမယ့်လို့ ဂျီသြမေကြီ တွက်သလို၊ သင်္ချာတွက်သလို၊ တွက်လို့ဖြစ်တာ မဟုတ်ပါဘူး။ နိုင်ငံရေး ဆိုတာ လူတွေနဲ့ တိုက်ရိုက် ပတ်သက် နေတာ ဖြစ်လို့ လူတွေရဲ့ ဘဝ၊ လူတွေရဲ့ ခံစားချက်ကို အလေးထားပြီး စဉ်းစားဖို့ လိုအပ်ပါတယ်။ လူတွေ ကြားမဝင်ဖူးတဲ့ ရေပေါ်ဆီ "အီလစ်" တွေနဲ့ နိုင်ငံခြားသား "ဂုရု"တွေက မြန်မာလူမျိုးတွေရဲ့ ဘဝ၊ မြန်မာလူမျိုးတွေရဲ့ ခံစားချက်ကို မြန်မာတွေထက် ပိုသိတယ်လို့ ပြောရင်တော့ တော်တော် မျက်နှာပြောင်တဲ့ လူတွေပဲလို့သာ ကောက်ချက်ချလိုက် ရတော့မှာ ဖြစ်ပါတယ်။

လူထုစိန်ဝင်း

(padaukmyay.blogspot.com မှရယူထားခြင်း ဖြစ်ပါတယ်။)

Read More...

Friday, October 23, 2009

21st century's e-Library

ရွှေမြန်မာတို့ရဲ့ ပညာရေးနဲ့ သတင်း၊ နည်းပညာ တို့အတွက် ခေတ်နဲ့အမီ လေ့လာစရာ e-Library website တခုကို သတင်းကောင်း ပါးပါရစေ။

" Shweinfo.net တွင် ပြည်တွင်း ပြည်ပမှ ပညာ၊ ဗဟုသုတ လေ့လာ သင်ကြား ရှာမှီးလိုသူတိုင်း အတွက် ရည်ရွယ်၍ ဘာသာရပ်ပိုင်း ဆိုင်ရာ စာအုပ်များ၊ အထွေထွေ ဗဟုသုတ စာအုပ်များ၊ မဂ္ဂဇင်းနှင့် ဂျာနယ်များ၊ audio book များ၊ video နှင့် အခြား multimedia resource များကို အလျဉ်းသင့် သလို ဖော်ပြသွားမည် ဖြစ်သည်" လို့ ရေးသား ဖော်ပြ ထားပါတယ်။ မြည်းစမ်း ကြည့်လို့ အကြိုက် တွေ့ကြမယ်လို့ ထင်ပါတယ်။ အသုံးဝင်မှုကတော့ အသုံးချသူရဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ အခြေအနေပေါ် မူတည်မယ်လို့ ထင်ပါတယ်ရှင့်။

Read More...

Wednesday, October 21, 2009

ပူဆာသူ များတဲ့ Burma VJ

သူငယ်ချင်းတွေ ခဏခဏ လင့်ခ်တောင်းတဲ့ Burma VJ ကို မူရင်းအရည်အသွေး အတိုင်း တထိုင်တည်း download ဆွဲချင်ရင် ဒီမှာ
ဆွဲနိုင်ပါတယ်။ Internet Connection မကောင်းလို့ ၂ပိုင်းခွဲ ဆွဲချင်ရင်တော့ ပထမပိုင်းကို
ဒီက ယူပြီး ဒုတိယပိုင်းကို ဒီက
ယူပါ။ ကဲ... chatting ကနေ ပူဆာ ကြတဲ့ ဘော်ဘော် အားလုံး တာဝန်ကျေပြီနော် :P

Type rest of the post here

Read More...

Sunday, October 18, 2009

'K' for Khunmyahlaing, ခွန်မြလှိုင် အတွက် 'ခ' ဆိုတာ

သူများတွေ ရေးနေကြတာ အစောတည်းက တွေ့သား... ဦးနှောက်ရေသာခိုပြီး လိုက်မစဉ်းစား မိခဲ့ဘူး။ ခုတော့ ချစ်မ "တန်ခူး" က tag တယ်တဲ့။ ဦးနှောက်ကို ကြံကြိတ်စက်ထဲ ထည့်ညှစ်လိုက်တာ... မရတော့လဲ wikianswer ကို အားကိုးလိုက်တာပေါ့ နော... လာပါပြီ "ချစ်သမျှကို" ပတ်ပျိုး မဟုတ်တဲ့ "သိသမျှကို" tag game...


K…

1. What is your name : Khun Mya Hlaing
2. A four Letter Word : Knob
3. A boy's Name : Kenneth
4. A girl's Name : Kiara
5. An occupation : Karate teacher
6. A color : Kelly green (a light shade of green)
7. Something you'll wear : Kraprong (thai name for gown)
8. A food : Kiwi Salad
9. Something found in the bathroom : kleener
10. A place : Kyeik hti yoe
11. A reason for being late : Kept in accident
12. Something you'd shout : Kneel down !!!
13. A movie title : Kill Bill
14. Something you drink : Kiwi juice
15. A musical group : Kingsmen
16. An animal : Kitty or Koala
17. A street name : Kyeik hto street
18. A type of car : KIA (Wikianswer နဲ့ ရှာတာတောင် တမျိုးပဲ ရှိတယ်။ အလွယ်လေး မခင်မင်းဇော် ဆီက ကူးချတာ မဟုတ်ရပါဘူး နော်နော်)
19. The title of a song : Kryptonite
20. A verb : Know

ခွန်မြလှိုင် အတွက် ခ ဆိုတာ
1. What is your name : ခွန်မြလှိုင်
2. A four Letter Word : ခွင့်လွှတ်ပါတယ်(ဒီစကားကို ပြောနိုင်ဖို့ စိတ်ကို တော်တော်လေး ခဏခဏ လျှော့ထားရတာ)
3. A boy's Name : ခွန်စံလော (ဒီပုံပြင် သင်ရတုံးက အပျိုကြီး လုပ်မလို့ စဉ်းစားဖြစ်သေးတာ ဟဟ)
4. A girl's Name : ခင်ဦး (ရာဇ၀င်ထဲက ဇာတ်ကောင် ဆိုတော့ လွယ်သား)
5. An occupation : ခလေးထိန်း (ခုလုပ်နေတာပေါ့လို့)
6. A color : ခဲရောင် (ထီးအတွက်ပဲ သုံးဖြစ်ပါတယ်လေ)
7. Something you'll wear : ခမောက် (မြန်မာပြည်ထဲဆို ဆင်ဆာမိ မလားပဲ)
8. A food : ချဉ်ဖတ်သုပ် (နေက ပူတော့လေ.. စဉ်းစားမိရုံနဲ့ လျှာရည်တောင်လည်တယ်)
9. Something found in the bathroom : ခွေးခြေခုံ (ကလေးရေချိုးပေးရတာကိုး... မရှိမဖြစ်ပေါ့)
10. A place : ချောက်မြို့၊
11. A reason for being late : ခလုတ်တိုက်မိလို့ ခြေနာသွားတယ်။
12. Something you'd shout : ခေါ်ရင်လာ၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့၊ ခိုးစား၊ ခွဲယူ ဆိုတဲ့စနစ်နဲ့ လည်ပတ်နေတဲ့ လူ့အဖွဲ့အစည်းဟာ အမိမြေတဲ့လား… ပြောင်းကြပါတော့…
13. A movie title : ခြိမ်း၍မရွာသောမိုး (ခဏခဏ ကြုံနေပေါ့... ရာသီဥတု ဖောက်ပြန်တယ်လေ)
14. Something you drink : ချယ်ရီသီး ဖျော်ရည်
15. A musical group : ချောကလက်
16. An animal : ခြင်္သေ့ မမှတ်နဲ့ တကယ်က ခါချဉ်ကောင် မာန်ကြီးနေတာ...
17. A street name : ချစ်သူ့လမ်းကြား (ဘယ်နားရှိမှန်းတောင် မသိဘူး ကြားဖူးတာပဲ ရှိတယ်.. အဲလို ကျောင်းတော်ကြီးနဲ့ ဝေးခဲ့တာ)
18. A type of car : ခရိုက်စလာ (US- Crysler) မနည်းစဉ်းစားယူရတယ် မရတာနဲ့ ပီအေကို အကူအညီ တောင်းလိုက်တယ် ဟိဟိ
19. The title of a song : ချစ်တယ် (တေးဆို- သုမောင်)
20. A verb : ခုန်ပျံကျော်လွှား ကြိုးစားရအောင် !!!


Read More...

Sunday, October 11, 2009

ချစ်သမီးလေး ပိုးကြူးဆိုဖို့

က ကားကား သူစီးသွား
ခ ချစ်သမီး ရှုမငြီး
ဂ ဂူဂူး သူပျော်မြူး
င ငါးကြော်ပေါင်း စားလို့ကောင်း

စ စံပယ်ပန်း ဆင်ကာမြန်း
ဆ ဆီထမင်းအကြော် ကြိုက်လှသနော်
ဇ ဇလပ်ဖြူ မွှေးကြူကြူ
ည ညနေခင်း လမ်းလျှောက်ခြင်း
တ တိရစ္ဆာန် သနားပြန်
ထ ထမင်းဖြူ စားလို့ကူ
ဒ ဒရယ်သမင် ခုံခုံမင်
ဓ ဓားသေနတ် သူပစ်ခတ်
န နီတာတာ မီးကြိုက်တာ
ပ ပုခက် သမီး အိပ်စက်
ဖ ဖိနပ်နီ ခုန်ပေါက်သည်
ဗ ဗလကြီး သူဝဖီး
ဘ ဘိုးဘွား သမီး ကျီစား
မ မိုးစက် သူရေတွက်
ယ ယားကလိ ခိခိခိ
ရ ရေကူး ပျော်ပျော်မြူး
လ လိပ်ပြာ လိုက်ဖမ်းကာ
ဝ ၀ါးရွက်လေး လေအေးသွေး
သ သမီးလေး ပုလုကွေး
ဟ ဟဟာဟ ပြုံးရယ်ပြ
အ အဖေအမေ ချစ်သလေ
အမြဲ တမ်းတနေ။

Read More...

Wednesday, October 7, 2009

ပြည်တွင်းဖြစ် / နိုင်ငံခြားဖြစ် ရွှေမြန်မာ များသို့

ကျွန်မရဲ့ ဘလော့မှာ ယောက်ျားမိန်းမ ကွဲပြားမှုအပေါ် ထားတဲ့ အမြင်နဲ့ ပတ်သက်တဲ့ ပို့စ် တစ်ခု ပြီးရင် ပြည်တွင်းဖြစ် နိုင်ငံခြားသား ကိုရွှေမြန်မာများ ပို့စ်က ကောမန့် အများဆုံး ရတဲ့ ပို့စ် ဖြစ်နေပါရောလား။ ဒီပို့စ်ကတော့ ကျွန်မ ရေးတာ မဟုတ်ဘဲ ဆရာ လူထုစိန်ဝင်း ရေးတဲ့ ပို့စ်ကို တွေးစရာ အများကြီး ရတာနဲ့ စာဖတ်သူတွေကို ဝေငှလိုက်တာပါ။ စာဖတ်သူ တွေရဲ့ အတွေးအမြင်ကို သိချင်လို့ပါ။ ကျွန်မရဲ့ အတွေးတွေ ကတော့

မြန်မာတွေ ပျင်းတယ် ဖျင်းတယ် ရေသာခိုတယ် စည်းကမ်းမဲ့တယ် ကြိုးစား အားထုတ်မှု မရှိဘူး ဆိုတဲ့ စကားကို စပြီး ဆွေးနွေးချင်ပါတယ်။

နက်ဖန် လုပ်လို့ ရတဲ့ အလုပ် ဒီနေ့ မလုပ်ပါ ဆိုတဲ့ လူစားထဲ ကိုယ်ပါသလား စဉ်းစားကြည့်ပါ။ ကိုယ့် ပတ်ဝန်း ကျင် မှာ ဘယ်လောက် များလဲ စဉ်းစားကြည့်ပါ။ မြန်မာတွေ ဆိုပြီး ရှိသမျှ မြန်မာတွေကို ၀ါးလုံးသိမ်း မရမ်းချင် ပေမယ့် ကိုယ်နဲ့ တကွ ကိုယ့်ဝန်းကျင်မှာ ရာခိုင်နှုံး ဘယ်လောက် များများ ရှိလဲ စဉ်းစားပေးပါ။ ပြည်တွင်းမှာ ကျန်ခဲ့တဲ့ နေ့စား အလုပ်သမား တွေထဲ မှာ နက်ဖြန်အတွက် ထမင်းဖိုး ရှိနေရင် ဒီနေ့ အလုပ် မဆင်းတဲ့ လူ တွေ၊ ရသမျှငွေကို ချဲထိုးပစ်သူတွေ၊ နိုင်ငံခြား ကနေ ငွေပို့ပေးနေတဲ့ မိသားစုဝင်ရှိရင် ထိုင်စားပြီး ချဲထိုး ဂိမ်း ကဆော့ ပစ်နေတဲ့ ကျန်တဲ့ အိမ်သား တွေ ဒီလို လူတွေကို မြင်ဖူး ပါသလား…. ကျွန်မကတော့ ကိုယ်တွေ့ ကြုံနေ မြင်နေရပါတယ်။

ချဲသမား လောင်းကစား သမားကို ကျွန်မ သိပ်အထင်သေးပါတယ်။ ငွေကို လောင်းကြေး အဆနဲ့ နည်းနည်း ရင်း များများ လိုချင်လို့ ငွေကိုငွေနဲ့ လိုက်နေတဲ့ ကြိုးစား အားထုတ်မှု မရှိတဲ့ ရေသာခို သမားတွေလို့ ခုချိန်ထိ ကျွန်မ ထင်မြင် ယူဆ ပါတယ်။ သူတို့တွေဟာ ဘယ်တော့မှ လက်ကြောတင်းအောင် အလုပ်မလုပ်ဘဲ စားစရာ တရက်စာလောက် ရှိတာနဲ့ ကျန် ငွေကို လောင်းကစား လုပ်ပစ်ကြတာ ကိုယ်တွေ့မို့ပါ။ ကျွန်မရဲ့ ထင်မြင်ချက် ကို ခုချိန်ထိတော့ မှန်တယ်လို့ ကျွန်မ ထင် နေ တုန်းပါ။ မြန်မာနိုင်ငံမှာ ချဲသမား ရေသာခို သမား ဘယ်လောက် များပါသလဲ။ မိသားစု တစုမှာ ကြိုးကြိုးစားစား အလုပ် လုပ်သူ တယောက် ရှိရင် ဘယ်လောက် ချောင်လည် ပါသလဲ။ မိသားစု တစု ထဲမှာ ချဲရှုံးပစ်တဲ့ ချဲသမား တယောက် ရှိရင် ဘယ်လောက် ကျပ်တည်းပါသလဲ ။ ဟုတ်ကဲ့ မြန်မာ တနိုင်ငံလုံးမှာ ရှိတဲ့ မိသားစု အရေအတွက်နဲ့ ချောင်လည် ကြပ်တည်း မှု တွေကို တွက်ချက် ကြည့်လိုက်ရအောင်ပါ။

အင်တာနက်ပေါ်ကနေ စီးပွားရေး ပွဲစား အကုန်လုပ်လို့ရနေပါတယ်။ ကျားမ ခွဲခြားနေစရာ မလိုပါဘူး ကျွန်မ လေဖြတ် နေ စဉ် က အိမ်နေရင်း အ၀တ်နဲ့ ကွန်ပြူတာရှေ့ ထိုင်ပြီး ချတ်တင်းကနေ ဈေးစကားပြောလို့ ကျောက် ပန်းချီ၊ ခရုနဲ့ လုပ်ထား တဲ့ fancy ဆွဲကြိုးလက်ကောက်တွေ ဖောက်သည်ပေး ရောင်းပါတယ်။ ဒီလောက်ဆို ရှင်းပါပြီနော်။ မြန်မာပြည်က အင်တာ နက် ဆိုင်တွေမှာ နေ့စဉ်နဲ့ အမျှ ချတ်တင်းရိုက်နေတဲ့ ယောက်ျား လေး မိန်းကလေးများ ဘာအကြောင်းအရာတွေ ချတ်ပါ သလဲ.. ကျွန်မ နာမည် ခွန်မြလှိုင်မို့ ယောက်ျားမှတ်ပြီး ကုလား စမိုင်က အရှုံးပေးရအောင် ချိုအီနေတဲ့ ညုတုတု စကား တွေနဲ့ လာပြီး အီစီကလီရိုက်တဲ့ မိန်းကလေး များကိုတောင် တွေ့ရ ပါသေးတယ်။ ငွေရှာနိုင်တဲ့ ယောက်ျားကို ရအောင် ယူချင်တာ ရေသာခိုတဲ့ မိန်းမ လို့ ပြောရင် ကျွန်မ လွန်မလား… လေဖြတ်နေတဲ့ ကျွန်မ အဲဒီအချိန်က လက်တွန်းလှည်း ပေါ်ကနေ အလုပ်လုပ် နေခဲ့ပါတယ်။ ယောက်ျား လုပ်စာကို ကြည်နူးမှုနဲ့ စားပါတယ် ကိုယ့်လုပ်စာကို ဂုဏ်ယူမှုနဲ့ စားပါ တယ်။ တမျိုးစီ အရသာ ရှိပါတယ်…

ဒီလိုဆိုရင် ပြောစရာ ရှိလာနိုင်ပါတယ် အဲလို အင်တာနက်က နေ စီးပွားရေး လုပ်လို့ရကောင်းမှန်း မသိလို့ နေ မှာ.. ကိုယ် သိတိုင်း သူများကို မနှိမ့်ချ ပါနဲ့လို့ ပြောလာရင် ကျွန်မ ရီမိမှာပါ။ ကျွန်မနဲ့ ချတ်မိတဲ့ မိန်းကလေး တွေကို ကျွန်မ သင်ပေး ပါတယ်။ ကွန်ပြူတာ ပစ္စည်းတွေ ကျွန်မက ပို့ပေးမယ်ဆိုရင် ရောင်းဖို့ စိတ်ဝင်စားလား ဆိုပြီး လမ်းပါ ဖွင့်ပေးပါတယ်။ ဟုတ်ကဲ့ လူချင်းမမြင်ဖူးတဲ့လူ တစ်ယောက်ကို မျက်စိမှိတ် ယုံရ လောက်အောင် ကျွန်မ မမွှန် မတုံးအ ပါဘူး။ သူ ကျွန်မကို ထပ်ခါ ထပ်ခါ လိမ်ပါတယ်။ ဈေးတင်ရိုက်ပါတယ်။ ကျွန်မ ပြန် စစ် ဆေး နိုင်ကြောင်းနဲ့ အမှန်တိုင်း ပြောဖို့ ဖျောင်းဖြပြီး အခွင့်အရေး ထပ်ပေးပါတယ်။ ထပ်လိမ်ရုံမက ကောင် လေး တယောက်နဲ့ ချိတ်ပေးပြီး ကျွန်မကို အီစီကလီ လုပ်ဖို့ အဲဒီ ကောင်လေးကို ထပ်ပြီး ခိုင်းပါတယ်။ မှတ်ရော။ ကျွန်မ တင်မှ မဟုတ်ပါဘူး။ ကျွန်မ သူငယ်ချင်း ယောက်ျားလေး တွေလဲ ဒီလို အဖြစ်မျိုး ကြုံရပါတယ်။ လင်ကြီး နဲ့ လင်ငယ်ကို မောင်နှမ ၀မ်းကွဲပါလို့ အပြုံးမပျက် မိတ်ဆက် ပေးနိုင်တဲ့ မိန်းက လေး တယောက်က အသက် ၁၇နှစ်ပဲ ရှိပါသေးတယ်။ ဆရာဝန် တယောက်ကို ရည်းစားထားပြီး နယ်အလုပ် ဆင်းတယ်လို့ သူ ထင်တဲ့ အချိန် လင်ကြီးနဲ့ ရုပ်ရှင်ရုံ ရှေ့မှာ ပက်ပင်းမိလို့ နောက်ယောင်ခံ လိုက်တော့မှ ဆရာဝန်ဆီက ငွေကို လင် မယား ၂ဦး သဘောတူ ချူစားနေတာ ပေါ်တဲ့ အဖြစ်တွေ… လက်ဖျား ခါရလောက်တဲ့ သတင်းတွေက တနှစ် ကို ဆယ်ခု လောက်က အသားလေးပါ။ ဒီတော့ မြန်မာတွေ စိတ်ဓာတ်ရေးရာ ပျက်စီးကုန်ပြီ ဆိုတဲ့ စကား ကို ကျွန်မက ထောက်ခံ ရမှာလား အဆို တင်သွင်း ရမှာ လား.. မြန်မာ အားလုံးကို မဆိုလိုပေမယ့် အသက် အစိတ်အောက် မြန်မာတွေနဲ့ အသက် အစိတ် အထက် မြန်မာတွေ စိတ်ဓာတ်ရေးရာ တအား ကွာထွက်သွားတာကို ကျွန်မ ကောင်းကောင်းကြီး သိလိုက် ပါတယ်. ဘာလို့ ဒီကလေးတွေ ငယ်ငယ် ရွယ်ရွယ် နဲ့ အဲလောက် စိတ်ဓာတ် ရေးရာ သိမ်ဖျင်း အောက်တန်းကျ ကုန်ကြတာလဲ။ ဗီဇလား၊ ခေတ်လား၊ စနစ်လား။

ဒီနေရာမှာ အများ မိုးခါးရေ သောက်လို့ ကိုယ်လိုက်သောက်ရတယ် မသောက်လို့ မဖြစ်ဘူး။ အထက်လူက မပေးရင် ငြိုငြင် တယ်။ သူ့ကိုပေးဖို့ ကိုယ်ကလဲ အောက်လူဆီက ယူရတာပါ စတဲ့ ဆင်ခြေတွေ များအားကြီးလို့ ရိုးလွန်း အီလွန်း နေပါပြီ။ မိုးခါးရေ မသောက်ဘဲ စမ်းရေ ကန်ရေ သောက်စရာ မရှာချင်တော့တာလား အလွယ် မိုးပေါ်က ကျလာတဲ့ ရေကို ခေါင်းမော့ ပါးစပ်ဟ အလွယ်ခံသောက် လိုက်ချင်တာလား။ တခြား နည်းလမ်းကို သေချာ အင်တိုက် အားတိုက် ရှာခဲ့ ရဲ့လား။ ရွေးစရာ ပေါလွန်းတဲ့ လောကကြီးမှာ ကိုယ်က ရှာဖို့ ၀တ္တရား ပျက်ကွက် ခဲ့ပြီး ရွေးစရာ လမ်းမရှိတော့ လို့ပါ ဆိုပြီး အလွယ် လိုက်ခဲ့မိတာလား ကိုယ့်ကိုယ်ကို မညှာတမ်း ဝေဖန် ဆန်းစစ် စေချင်ပါတယ်။ ကျွန်မကိုယ် ကျွန်မလဲ အမြဲတမ်း အတတ်နိုင်ဆုံး ရက်ရက်စက်စက် မညှာမတာ ဝေဖန် ဆန်းစစ်လေ့ ရှိပါတယ်။

မြန်မာပြည်တွင်းက မြန်မာတွေ စိတ်ဓာတ်နဲ့ အတွေးအခေါ် ပျက်စီးတာ သိပ်များနေပြီ လို့ မှတ်ချက် ပေးကြ တာ အတော် များပါတယ်။ အပြင်က မြန်မာတွေကရော သူတို့ အပြင်ရောက်သွားလိုက်တာနဲ့ ငါတို့ကို ဆော်တယ် လို့ မျက်စိမှိတ် မ ပြော စေချင်ပါဘူး။ အပြင်က မြန်မာတွေ ထဲမှာလဲ စိတ်ဓာတ်နဲ့ အတွေးအခေါ် ပျက်စီးနေကြတဲ့ လူတွေ ရှိပါတယ်။ အပြင် က မြန်မာတွေက မိဝေး ဖဝေး ဘာသာတရား အဆုံးအမ၊ မိဘ ဆွေ မျိုး အဆုံးအမနဲ့ ဝေးနေလို့ စိတ်ဓာတ်နဲ့ အတွေး အခေါ် ပျက်တယ်ပဲ ထားပါဦးတော့။ ပြည်တွင်းက မြန်မာ တွေက ဘာလို့ ပျက်စီးရတာလဲ။ တကယ်တော့ ပြည်ပမှာ လူ လည် တွေ များလို့ တော်ရုံ တန်ရုံနဲ့ အကျင့် စာရိတ္တကို အပျက် မခံရဲ ကြပါဘူး။ အကျင့်ပျက်မှန်း သိလိုက်တာနဲ့ ပက်ပက် စက်စက် ဟန်မဆောင်တမ်း အပြစ် တင်လေ့ ရှိကြသလို ရာထူး တက်လမ်း အလုပ် စတာတွေ ချက်ချင်း လက်ငင်း ဆုံးရှုံး တတ်လို့ပါ။ အကျင့် စာရိတ္တနဲ့ ပတ်သက်လာရင် ဘယ်သူ့ မျက်နှာမှ မထောက်ကြသလို ဘယ်သူက မှလဲ ဖုံးဖိ မပေးကြ ပါဘူး။ ထိုင်း ၀န်ကြီးချုပ် သက်ဆင်ရဲ့ သားဟာ သမ်မားဆက် တက္ကသိုလ်မှာ စာမေးပွဲတွင်း စာခိုးချလို့ ချက်ချင်း ကျောင်း ထုတ် ခံရပါတယ်။ သူ့အဖေ ၀န်ကြီးချုပ် ဘာမှ မတတ်နိုင်ပါဘူး။ ဒါ ထိုင်းပဲ ရှိပါသေးတယ်။ မြန်မာ ပြည် မှာ ဘယ်လို ဆို တာ အထူး ပြောစရာ မလိုပါဘူး။ ဘာပဲ ဖြစ်ဖြစ်ပါ။ ပြည်တွင်း ပြည်ပ အချင်းချင်း လက်ညှိုး ထိုး အပြစ်တင်မယ့်အစား ၂ဖက် လုံးက စိတ်ဓာတ်တွေ ပြင်ကြရင် ကောင်းပါတယ်။ သူများကို ဆရာလုပ် နေရ အောင် မင်းကိုယ်တိုင်ကရော ဘယ်လောက် ကောင်းလို့ လဲလို့ ပြန် အငေါ် တူးလာရင် ကျွန်မလဲ ဖြေပါ့မယ်။ ကျွန်မ ဆရာလုပ်နေတာ မဟုတ်ပါ။ ကိုယ့်လူမျိုး ကိုယ့် တိုင်းပြည်ကို လူတကာ အထင်ကြီး လေးစား တန်ဖိုးထား နေတာကို မြင်ချင်လွန်းလို့ တထောင့် တနေရာ ကနေ ကြိုးစား ကြည့် နေတာပါ။ ကျွန်မ ကိုယ်တိုင်လဲ ဆိုးမိမှာ စိုးလို့ သိတဲ့လူများ အကျိုးအကြောင်းနဲ့ တကွ ၀င်ထောက်ပြ ဆုံးမ သွားကြပါလို့ ခဏခဏ ရေးဖူး ပါတယ်။

ကျွန်မ လေ့လာ မိသလောက် ပြည်တွင်းက မြန်မာတွေက ယုံလွယ်ပါတယ်။ ပါးပါးလေး နေရာပေးရင် မြှောက် ပေးရင် အဲဒီ ကနေ တဆင့်တက်ပြီး ယုံကြည်ပြ ကိုးကွယ်ပြရင် သဘောကျပြီး ခိုင်းသမျှ လုပ်ပေး တတ်ကြ ပါ တယ်။ ဆိုက်ကို ဆိုတဲ့ စိတ်ပညာကို နားမလည်ဘဲ ရိုးအ ကြပါတယ်။ လူတော်တွေကို နိုင်ငံတကာမှာ မတော် တဲ့လူ တွေ အလွယ် တက်ကြတဲ့ နည်းပညာ တက္ကသိုလ်ကို ပေးတက်ပြီး ဘ၀င်မြင့်စေ ပါတယ်။ ဆယ်တန်း ရမှတ်နည်းပြီး ပေါ့တီးပေါ့ဆ သမားတွေကို ဘက် ပေါင်းစုံ ရှုထောင့် ပေါင်းစုံကနေ လှည့်ပတ် ဝေဖန် စဉ်းစား ချင့်ချိန်မှု အဓိက ဘာသာတွေကို ပေးယူစေ ကျောင်းတက် စေပါ တယ်။ ဒီလို ပညာရေး စနစ်နဲ့ လူတော်တွေနဲ့ လူ့လောကကို ဘက်ပေါင်းစုံ ရှုထောင့် ပေါင်းစုံကနေ လှည့်ပတ် ဝေဖန် ပိုင်းခြား ချင့်ချိန်တတ်မှုနဲ့ မတွဲမိအောင် ခွဲထုတ် ထားပါတယ်။ နောက်ပြီး ပညာရေး စနစ်မှာ အုပ်ချုပ်ရေး စနစ်မှာ အထက် က လူပြော သမျှ အကုန် မှန် ရမယ်။ အောက်လူက ပြန်ပြောခွင့် မရှိဆိုတဲ့ မူကို ချမှတ်ကျင့်သုံး ထားလေတော့ အောက်လူ ကလဲ အထက် ရောက် ရင် သူတွေ့ကြုံ ဖြတ်သန်း ခဲ့တဲ့ နည်းလမ်း အတိုင်း ငါတကောကော ပါတော့တယ်။ ဒီလိုနဲ့ ငါပြော တာ မှန်ရမှ၊ ငါ တကော ဓလေ့ ထုံးစံ ကြီး ထွန်းကားပြီး သူတပါးရဲ့ အတွေးအခေါ် ရှုမြင် စဉ်းစား သုံးသပ်ပုံကို တန်ဖိုး ထား နေရာပေး လေးစားရ ကောင်းမှန်း မသိတော့တဲ့ လူ့အဖွဲ့အစည်းကြီး ထွန်းကား လာပါတော့တယ်။ ဒိပြင် ကိုယ့်လုပ်ရပ်ကို တာဝန်ယူ တာဝန်ခံမှု အစား အခြေအနေ တခုခု ကြုံတွေ့ လိုက်တာနဲ့ ငါ့ကို အပြစ်တင်တော့ မှာပဲ ဆိုတဲ့ ကိုယ့်ကိုယ်ကို မလုံခြုံ စိတ်က လွှမ်းမိုးပြီး ဆင်ခြေကန် တဲ့ အနေနဲ့ သူများကို ဦးအောင် အပြစ်တင် တာတွေ၊ ကိုယ့်ကို ဘာမှ ပြောခွင့် မသာအောင် စကား ကို တရစပ် အချိတ်အဆက် မရှိ ပြောတာတွေနဲ့ အခြေ အနေကို ရန်လိုမှု ဗိန်းမောင်းနဲ့ စပြီး ရင်ဆိုင် ကြပါတော့တယ်။ ဒီတော့ ပြေပြေလည်လည် ဆွေးနွေး ပြောဆိုလို့ အဆင်ပြေရမယ့် အခြေအနေက တုတ်တပြက် ဓား တပြက် သွေးထွက်အောင် ဖြေရှင်းမှရတဲ့ အခြေအနေ ထိ ဖြစ်ကုန်ကြပါတယ်။ အဓိက တရားခံက ငါတကော ဓလေ့ ထုံးစံ ကြီးပါ။

ငါတကော ဓလေ့ ထုံးစံ ထဲကိုမှ လူလည်တွေက ဘ၀င် ဆိုတဲ့ ဆေးပါးပါးလေး ကို မြှောက်ပင့်မှု ပေါင်းစပ်ပြီး ဆိုးပေး လိုက် ကြ ပါသေးတယ်။ အများပြည်သူ အော့ကြောလန် သတင်းပေး ဒလန်ဖြစ်တဲ့ စွမ်းအားရှင် လူမိုက် တွေကို ငွေတပြားမှ မပေး ရဘဲ ဗိုက်ငှားဓားထိုး လူမိုက် လက်သုံးတော် အဖြစ် အသုံးပြုနိုင်တာ ပါးပါးလေး မြှောက်ပင့် နေရာပေးမှု ဆိုတဲ့ အချက် ကြောင့် ပါ။ မကောင်းတဲ့ စိတ်ဓာတ် လုပ်ရပ်တွေကြောင့် သာမန်လူတွေက ကြဉ်ပယ် ထားတာ ခံရသူတွေကို သနားဟန် ကိုယ်ချင်းစာ ဟန် သူတို့ ကိုယ်စား မခံချင်ဟန် ဆောင်ပြီး ပါးပါး လေး မြှောက်ပင့် နေရာပေးပြီး လူမိုက် မွေးကြတာတွေ မြင်တွေ့ နေရ ပါတယ်။ ဒါ့အပြင် ကိုယ်က မှန်တာ လုပ်နေ တာမို့ နိုင်ငံတကာ သတင်းဌာနတွေ သူတို့ ဖာသာ စုံစမ်းပြီး လာ အင်တာဗျူး တာကို ပေါ်တင် ဖြေရုံပဲ ဖုန်းကွယ် ၀ှက်ထားပြီး လူသိ မခံ တာမျိုး လုပ်စရာ အကြောင်း မရှိဘူးလို့ မြှောက်ပေး ပြီး ဖြေခိုင်း ကြလို့ တားမိသူကို ပြန်ရန်တွေ့ရင်း ဖြေမိလို့ နိုင်ငံခြား သတင်းဌာန တွေကို သတင်းပေးမှုနဲ့ အဖမ်းခံရ ထောင်နန်းစံ ရတဲ့ လူတွေ ရှိပါ သေးတယ်။ limitation ဆိုတဲ့ အပိုင်းအခြား ကန့်သတ်ချက် အထူအပါးကို နားမလည် ကြသေးတဲ့ လူတွေကို နားလည် ပြီးသား လူတွေက လက်တွဲ ခေါ်သင့်ပါတယ်။ ထိုးချပြီး ရာထူး နေရာ ယူတာကတော့ ကိုယ့်လိပ်ပြာ ကိုယ်ရှက် သင့်ပါတယ်။

နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ လူလိမ် မရှိမဟုတ် ရှိပါတယ် အချိုးချရင် နည်းပါတယ်။ (မှတ်ချက်။ ရာဇ၀တ် အများဆုံး နယူးယောက် နဲ့ ၀ါရှင်တန် ဒီစီ ၂ခုတည်းနဲ့တော့ မနှိုင်းနဲ့ ပေါ့ရှင်။ ပျမ်းမျှခြင်း အနေနဲ့ ကြည့်ရ အောင်ပါ။ နောက်ပြီး အကျင့်ပျက် ခြစားမှု လို့ ခေါ်တဲ့ corruption case မှာ မြန်မာဟာ ကမ္ဘာ့ထိပ်ဆုံး တစ် နှစ် သုံး ကို နှစ်တိုင်း ၀င်ခဲ့တာ ကြာနေပြီ ဆိုတာကို မမေ့ပါနဲ့။ ) ကျွန်မနဲ့ တွဲမိပြီး အလုပ် အတူ လုပ်ဖြစ်တဲ့ ဂျပန် လူမျိုးတွေရော အီတလီနဲ့ ဒတ်ခ်ျ လူမျိုးတွေပါ အလုပ်လုပ်ရာမှာ သိပ် တိကျပြီး ပြတ် သား ပါတယ်။ မယုံ သင်္ကာ စိတ်လဲ နည်းပါတယ်။ အမှာစာ စမှာတဲ့ အချိန် မှာ သူတို့ ကျွန်မကို မမြင်ဖူးဘဲနဲ့ ငွေစလွှဲပြီး စမှာပါ တယ်။ ကျွန်မဘက်က အချိန်နေရာ အတိအကျ ကုန်စည် ကို ပို့ပေး နိုင်တဲ့ အခါ နောက်ထပ် ထပ်ပြီး အော်ဒါ အများကြီး မှာပါတယ်။ ကျွန်မ စီးပွားရေးကို ငွေရင်း တပြား မှ မပါဘဲ ဒီလို စလုပ် ခဲ့တာပါ။ အဲဒီ အချိန်မှာ ကျွန် မ မှာ ရင်းနှီး ထားတာ ဆိုလို့ ကွန်ပြူတာ တစုံ၊ အင်တာနက် နဲ့ ဖက်စ် ဖုန်း တလုံး ဒါအကုန် ပါပဲ။ ဒါလေးရင်းပြီး ဘလော့ရေး၊ ဘလော့ပေါ် ပစ္စည်း တင် ကြော်ငြာ၊ ချတ်တင် ကနေ ဈေးစကားပြော၊ ဖုန်းတလုံး နဲ့ ပါးစပ် တ ပေါက် ခေါင်းတလုံးရင်းပြီး စီးပွားရေး လုပ်ခဲ့ရ ပါတယ်။ အောင် မြင် ပါတယ်။ ကျွန်မလို လေဖြတ် နေတဲ့ လူ တောင် လုပ် နိုင်ရင် မြန်မာပြည်က တခြား လူ တွေလဲ အောင်မြင် အောင် လုပ်နိုင်ပါလိမ့်မယ်။ လုပ်ချင်စိတ်နဲ့ ရိုးသား ဖြောင့်မတ်မှု၊ ယုံကြည် ကိုးစား ထိုက်မှု၊ အလုပ်ကို အလုပ် နဲ့ တူအောင် တိတိကျကျ ပွင့်ပွင့်လင်းလင်း လုပ်ဖို့ပဲ လိုပါတယ်။ ကျွန်မထက် ပိုပြီး အဆက် အသွယ် ကောင်း သူ၊ မိတ်ကောင်းဆွေကောင်း များသူ၊ ငွေရင်း ငွေနှီး ရှိသူတွေ ဒိထက် ပို အောင်မြင် သင့်ပါ တယ်။ ကံနဲ့ စန်း ရှိသေးတယ် ဆိုရင် လေဖြတ်နေတဲ့ လူထက် ကံဆိုးဦးမလား လို့ မေးပါရစေ။ အတိတ်ကံ ဆိုးရင် ပစ္စုပ္ပန် ကံနဲ့ မြှင့်ယူလို့ ရပါတယ်။ ကံဆိုးလို့ တက်ကျိုးရင် လက်နဲ့ လှော်ကြတာပေါ့နော်။

မြန်မာတွေ စည်းကမ်း မဲ့တယ်ဆိုတဲ့ စကားကို ဆက် ဆွေးနွေးချင်ပါတယ်။ ဘာစည်းကမ်းကို မဲ့တာပါလဲ။ အိမ်ထောင်ရေး စည်းကမ်း၊ မိသားစု စည်းကမ်း၊ လူမှုရေး စည်းကမ်း၊ ရပ်ရွာ စည်းကမ်း၊ စစ်စည်းကမ်း စသဖြင့် စည်းကမ်းတွေက များလွန်း ပါတယ်။ ကိုယ်တိုင်ရော စည်းကမ်းမဲ့တဲ့ စာရင်းထဲမှာ ပါသလား။ ကျွန်မကတော့ အများ နဲ့ ဆိုင်တဲ့စည်းကမ်းကို တတ်နိုင် သမျှ သတိထားပြီး လိုက်နာပါတယ်။ ကိုယ့်ကိုယ်ကို ပြန်ချမှတ် ထားတဲ့ စည်းကမ်း ကိုတော့ သတိ လက်လွတ် ဖြစ်တဲ့ အချိန် မှာ စည်းကမ်း ချိုးဖောက် မိတုန်းပါ။ ၀န်ခံပါတယ်။ ဒါပေမယ့် သူများ သတ်မှတ် ထားတဲ့ စည်းကမ်းတိုင်းကိုတော့ ကျွန်မ မလိုက်နာ ပါဘူး။ လိုက်နာသင့် လိုက်နာထိုက်တယ် လို့ ကျွန်မ ကိုယ်တိုင် လိုလိုလားလား လက်ခံတဲ့ စည်းကမ်းကို ကျွန်မ လိုက်နာပါတယ်။
အလုပ်နဲ့ ပတ်သက်လို့ နိုင်ငံတကာ စံချိန်စံညွှန်း တခုကို ပြပါဆိုရင် ကျွန်မ ပထမဦးဆုံး ချပြမိမှာကတော့ ကိုယ်ရေး ကိုယ်တာ နဲ့ အလုပ်ကို ခွဲခြား ထားခြင်း ပါပဲ။ ကျွန်မ ရောက်ဖူးသမျှ ဘယ်နိုင်ငံ မဆို အလုပ်ကို ဦးစား ပေးပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံတို့ ဖွံ့ဖြိုးဆဲ နိုင်ငံတို့ ဖြစ်နေကြတာ ထင်ပါရဲ့။ ကိုယ်ရေးကိုယ်တာ အရ ဘယ်လောက် မုန်းပြီး မျက်လုံးချင်း မဆိုင်နိုင် ဖြစ်နေကြပေမယ့် အလုပ် အတူ တွဲလုပ်တဲ့ အခါ ခံစားချက်ကို ဦးစား မပေးဘဲ ချိုးနှိမ်ပြီး အလုပ်ကို အတူ လက်တွဲလို့ အောင်မြင် အောင် လုပ်နိုင် ကြတာကို တွေ့ရပါတယ်။ မြန်မာပြည် မှာလို ငါ့အလှည့်ရောက်ရင် ထစ်ထား လိုက်မယ်။ ခေါက်ထား လိုက်မယ် အာဏာနဲ့ လုပ်ပိုင်ခွင့်ကို သုံးပြီး နှောင့်နှေး ထားလိုက်မယ် ဆိုတာမျိုးတွေ မတွေ့ရ ပါဘူး။ ဒီစိတ်ဓာတ် တွေဟာ နိုင်ငံတကာ မှာ မြန်မာတွေ နောက်ကျ ကျန်ခဲ့ရခြင်းရဲ့ အကြောင်းရင်း တွေပါပဲ။

ဖွံ့ဖြိုးပြီး နိုင်ငံ တနိုင်ငံကို ကျွန်မ လေ့လာရေး ခရီး သွားခဲ့စဉ်က လွှတ်တော် အမတ် တယောက် ပြောခဲ့တဲ့ စကား ခုထိ ရင်ထဲ စွဲနေပါတယ်။ work smart is more successful and meaningful than work hard တဲ့။ စဉ်းစား ချင့်ချိန် အကင်း ပါးမှု ဆိုတဲ့ ဥာဏ်ပါတဲ့ အလုပ်လုပ်ခြင်းဟာ ပင်ပင်ပန်းပန်း ကြိုးစားအလုပ်လုပ်ခြင်းထက် အဓိပ္ပာယ် ပိုရှိပြီး ပိုအောင်မြင် ပါတယ်တဲ့။ ဒီတော့ ဆရာ လူထုစိန်ဝင်း ပြောတဲ့ နွားနဲ့ ရုန်းတဲ့၊ ဖိနပ်မချွတ်ဘဲ အိပ်ရာဝင်ပြီး ကြိုးစားတဲ့ လူတွေကို ကျွန်မ ဘယ်လို ကင်ပွန်းတပ်ရပ။ မြန်မာနိုင်ငံလောက် သယံဇာတ ပေါ ကြွယ်ဝတဲ့ နိုင်ငံ၊ အာရှတိုက် တတိုက်လုံးမှာ မရှိပါဘူး …. ဒီသယံဇာတ ပေါကြွယ်ဝတာ တွေကို ခေတ်မီ နည်းပညာတွေ အသုံးချပြီး ထုတ်ယူ သုံးစွဲကြရမှာ မဟုတ်လား။ ရောင်းဝယ် ဖောက်ကား ကြရမှာ မဟုတ်လား။ ဆိုတဲ့ ဆရာ လူထုစိန်ဝင်း ပြောတဲ့ စာပိုဒ် ကိုလည်း ကျွန်မ ဆွေးနွေးချင်ပါတယ်။ အဲဒီ လွှတ်တော် အမတ်ကပဲ ပြောခဲ့ပါတယ် ဖွံ့ဖြိုးတိုးတက်မှု ဆိုတာ မြေကြီးထဲက သယံဇာတတွေ ဗုံးဘောလအော ထုတ်ယူ သုံးစွဲ ပြီး တိုက် ဆောက် ကားဝယ် လုပ်ပြ နိုင်ပြီး ကိုယ့်ရဲ့ နောင်လာမယ့် မျိုးဆက်တွေ သုံးစရာ စားစရာ မကျန်အောင် ဖြုန်းပစ် ခဲ့တာကို ပြောတာ မဟုတ်ဘူး။ သယံဇာတ အနည်းဆုံး ကနေ ဘေးထွက် ဆိုးကျိုး နည်းတဲ့ အကျိုးအမြတ် ခံစား ခွင့် အများ ဆုံး ရအောင် ကြံဆ စွမ်းဆောင် နိုင်စွမ်းတွေ တိုးတက် လာတာကိုမှ ဖွံ့ဖြိုးတိုးတက်မှု အစစ် လို့ ခေါ်ပါတယ်တဲ့။ ဒီလောက် ဆိုရင် ကျွန်မတို့ မြန်မာ နိုင်ငံ ဖွံ့ဖြိုး တိုးတက် လာသလား… မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်စေချင်ရင် အပြင်ကနေ အော်မနေနဲ့ ပြည်တွင်း ပြန်လာပြီး ကိုယ်တိုင် လုပ်ပါလား လို့ ပြောလာချင်သူတွေ ရှိနိုင်ပါတယ်။ ကျွန်မ ပြည်တွင်းမှာ ရနိုင်တဲ့ လျှပ်စစ် အင်တာနက် အခြေအနေနဲ့ ကျွန်မ တတ်ကျွမ်းတဲ့ ပညာ မအပ်စပ်ပါဘူး။ ကျွန်မ ပြည်ပ ကနေ လမ်းရှာပြီး ပြည်တွင်းကို ကူညီ နိုင်တာရဲ့ ဆယ်ပုံတပုံတောင် ကျွန်မသာ ပြည်တွင်းကနေ အလုပ်လုပ်ရင် တိုင်းပြည် အတွက် ကူညီ နိုင်မှာ မဟုတ်ပါဘူး။ အရေးကြီး တာက ပြည်တွင်းပြည်ပ ဆိုတဲ့ နေရာ မဟုတ်ပါဘူး။ ကူညီချင်စိတ် ရှိဖို့နဲ့ လက်တွေ့ ကူညီတဲ့ အဆင့် ရောက်အောင် အကောင်အထည် ဖော်မှုသာ အဓိက ကျပါတယ်။

ကျွန်မရဲ့ ဒီပို့စ်ဟာ ကိုယ့်အားကိုယ်ကိုး ကြိုးစားရုန်းကန်ပြီး တိုင်းပြည် တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင် နေကြသူ တွေကို ၀ါးလုံး၇ှည်နဲ့ သိမ်းရမ်းတာ မဟုတ်မှန်း စာကို သေချာစွာ ဖတ်တတ်သူတိုင်း နားလည် ကြမှာပါ။ ကျွန်မရဲ့ ပို့စ်က ဘယ်သူတွေကို ရည်ညွှန်း ပြောဆိုလဲ ဆိုတာကိုလဲ စိတ်ရင်းမှန်နဲ့ ဖတ်တတ်သူတွေ ရှင်းလင်းအောင် ဖတ်တတ် မြင်တတ် ကြမှာပါ။ ဒီပို့စ်နဲ့ အမိမြန်မာ နိုင်ငံ အတွက် ပြည်တွင်းပြည်ပ ကနေ တတ်နိုင်သလောက် စွမ်းဆောင် ပေးနေကြသူတွေကို ဂါရ၀ ပြုလိုက်ပါတယ်။


Read More...

Friday, October 2, 2009

ထိပ်စီးပြောင်းခြင်း

ဒုတိယ ထိပ်စီးက တတိယ ထပ်စီးကို ပြောင်းတယ်
ဝုန်းကနဲ ချက်ချင်း ပြောင်းတာမဟုတ်
တရက်စီ ဖြည်းဖြည်းချင်း ပြောင်းခဲ့တာမို့
အသစ်တွေ ဟောင်းတာလဲ မမြန်ခဲ့ဘူး။

တဖဲ့ချင်း ထုဆစ်ခဲ့လို့
တတိုင်ချင်း ပြီးခဲ့တဲ့ ဘ၀မှတ်တိုင်တွေ
မော်ကွန်း မ၀င်ရင်တောင်
ငါ့သမိုင်း ငါတင်ခဲ့လို့ ကျေနပ်တယ်။

ပထမ ထိပ်စီးကနေ ဒုတိယ ထိပ်စီး အပြောင်း
ရွှေအိမ်နန်းကနေ ရေအိမ်ခန်းထဲ မရောက်ရုံ တမည်
ပြောင်းခဲ့တဲ့ လောကဓံကို ရယ်တတ်ခဲ့တယ်။

ဒုတိယ ထိပ်စီး သက်တမ်းတလျှောက်
သူများခင်းတဲ့ လမ်းကို တလှည့်
ကိုယ့်လမ်းကိုယ် ထွင်ပြီး တလှည့်
အချိုးအကွေ့တွေကြား
ဟိုတက် ဒီတက်တွေနဲ့ လှော်ရင်း
တက်ကျိုးတော့ လက်ထိုးလှော်ခဲ့တယ်
ငါ့လက်လဲ မကျိုးရုံ တမယ်ပေါ့။

တတိယ ထိပ်စီးရေ
မပြီးသေးတဲ့ ဘ၀ခရီး
လောကဓံကြီးက ပြုံးပြုံးဖြီး စောင့်နေလေရဲ့
စိန်ခေါ်ရင် ဘွာမခတ်တမ်း
လက်ပန်းပေါက် ခတ်လိုက်စမ်းဟေ့။


Read More...

ရှစ်လပြည့် တိုးတက်မှုများ

ပတ္တမြားရွှေဂူ နဂိုနေမူထား
ဝရဇိန်စီကာထားတဲ့ ချစ်သမီးရဲ့သွား
စကားက တီတီတာတာ
ပီပလာ ချွဲတဲ့စကား။ ။

ညီညာညာ လေးဘက်တွားပါလို့
စပ်စုရဲ့ တဖန်
မျက်စချီ လေးတော်ကွေးပါလို့
နွဲ့လျတဲ့ဟန်။
ချစ်ဇောက အရသန်တယ်
ယဉ်နန်းဆန် ထိပ်ထားကွဲ့လေး။ ။

မှတ်ချက်။ ။ ဖတ်ရသူက သည်းရန်ကောလို့ အပြစ်တင်တော့မယ်။ တတ်နိုင်ဘူး။ ကိုယ့်သမီးကိုယ် ချစ်လို့ ရေးတာ ဘာဖြစ် :P

Read More...

Friday, September 25, 2009

တသောင်းတန် နမိတ်


ငွေ စက္ကူ ငါးထောင်တန် ထုတ်မယ်လို့ ကြေညာလိုက်တာနဲ့ တပြိုင်နက် ရွှေဈေးက ခုနှစ်သိန်း နီးပါးထိ တက်သွားသလို ဒေါ်လာဈေး ဘတ်ဈေး စတဲ့ ငွေလဲလှယ်နှုံးတွေလဲ ဖြစ်ချင်တိုင်း ဖြစ်သွားပါတယ်။ ငွေကြေး ဖောင်းပွမှုနဲ့ ပတ်သက်လို့ သတင်းဆိုးတွေ ထွက်လာလိုက်တာ နားမဆံ့ အောင်ပါပဲ။ ရွှေဈေးကွက် ငွေလဲဈေးကွက် အကုန်ပျက်ပြီး အ၀ယ်သာရှိလို့ အရောင်း မရှိတော့ပါဘူး။ နယ်စပ် ကုန်သည် လောက ပွက်လောရိုက်သွားပါတယ်။ ဆူပူမှုတွေ ဖြစ်တော့မယ် ဆိုတာလဲ ကြားရရဲ့။ ငါးထောင်တန် ထုတ်ပေလို့ .. တသောင်းတန်များ ထုတ်လိုက်ရင် ဒီပုံထဲကလို ပြည်သူတွေ ဖြစ်နေကြမှာ မြင်ယောင် ပါသေးတယ်။

Read More...

Monday, September 21, 2009

မောင်သောင်းဒီကို ထိုင်းနိုင်ငံက ဘွဲ့လွန် ပြီးဆုံးသည် အထိ ပညာသင်စရိတ် ထောက်ပံ့မည်။

ဂျပန်နိုင်ငံ ချိဘ ကနေ ဆုတံဆိပ် ပိုက်ပြီး ပြန်လာတဲ့ နိုင်ငံမဲ့ မောင်သောင်းဒီဟာ ထိုင်းနိုင်ငံ သုဝဏဘူမိ လေဆိပ်ကို ပြန်ရောက်ရောက်ချင်းပဲ ထိုင်းနိုင်ငံ သိပ၌ံနဲ့  နည်းပညာ ၀န် ကြီးဌာနရဲ့ ဖိတ်ကြားချက် အရ ၀န်ကြီးဌာနကို သွားခဲ့ရပြီး ခုလို ပညာသင်စရိတ် ချီးမြှင့် ခံရတာ ဖြစ်ပါတယ်။

Read More...

Sunday, September 20, 2009

ဂုဏ်ပြုပါသည် မောင်သောင်းဒီ

နိုင်ငံမဲ့ ဖြစ်လျက်နဲ့ အားမလျော့တမ်း ကြိုးစားခဲ့တဲ့ မြန်မာလူမျိုး အသက် ၁၂နှစ်သား မောင်သောင်းဒီလေးဟာ အခက်အခဲ အမျိုးမျိုးကြားကပဲ အဖွဲ့လိုက် ရွှေတံဆိပ်ဆုနဲ့ တဦးချင်း တတိယ ဆုတို့ ကို ထိုက်ထိုက်တန်တန် ရယူသွားခဲ့ပါပြီ။ ဘာ သက်သေခံ အထောက်အထား လက်မှတ်မှ မရှိပေမယ့် ထိုင်းအစိုးရက ထုတ်ပေးခဲ့ရတဲ့ ယာယီ ခရီးသွား လက်မှတ် ကို ကိုင်ဆောင်ပြီး ဂျပန်နိုင်ငံ ချိဘ မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ စက္ကူလေယာဉ် အရုပ်ခေါက်ပြိုင်ပွဲမှာ ထိုင်းနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင် ခဲ့ရတာပါ။


သူ့မိဘတွေဟာ ရှမ်းပြည်နယ် နမ့်စန်မြို့ မှာနေထိုင် ခဲ့ကြဖူးပြီး မြန်မာနိုင်ငံသား ကဒ်တောင် မရှိကြပါဘူး။ အဲဒီလိုပဲ ထိုင်း မီဒီယာတွေက မောင်သောင်းဒီ အကြောင်းကို အုတ်အော်သောင်းတင်း ရေးသားဖော်ပြ နေချိန်မှာ ဆောက်လုပ်ရေး လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ ရှမ်းလူမျိုး ဖြစ်တဲ့ သူ့မိဘ တွေကတော့ ဘာမှကို မသိကြပါဘူး။ ဖုန်းဆက် မေးမြန်းချိန်မှာတော့ ဘာကြောင့် သူ့ဆီ ဖုန်းတွေ ခဏခဏ လာနေကြလဲ မသိဘူးလို့တောင် ပြောခဲ့ ပါသေးတယ်။ နောက်မှ သားရဲ့ အောင်မြင်မှုတွေကို သိသွား တဲ့ ဖခင် ဖြစ်သူ ဦးစိုင်းညွန့်ဟာ စက္ကူ အရုပ်လေး ခေါက်ရုံနဲ့ ဂျပန် သွားရတယ် ဒီလို ကိစ္စကြီးတွေ ဖြစ်လာတယ် ဆိုတာ နားမလည် နိုင်လောက် အောင်ပဲလို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ သားဟာ အိမ်မှာ စက္ကူတွေကို ဖြဲပြီး ခေါက်နေ ဆော့နေတာ ကိုတောင် သူက တားခဲ့သေးတယ် လို့ ပြောပါသေးတယ်။ စက္ကူတွေကို ဖြုန်းတီးနေတာလို့ ထင်ခဲ့ပါသတဲ့။

ထိုင်းမှာမွေး ထိုင်းမှာ ကြီးခဲ့တဲ့ မောင်သောင်းဒီလေးဟာလဲ သူ့ကိုယ်သူ ထိုင်းလူမျိုး လို့ပဲ ထင်နေခဲ့ပါသတဲ့။ ခုမှ မြန်မာလူမျိုး မှန်း သူ့ကိုယ်သူ သိပါတယ်တဲ့။ သူဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မဲ့ဟယ် ရပ်ကွက်မှာ နေပြီး ဝှေးဆိုင် ထိုင်းကျောင်းမှာ စတုတ္ထ တန်း တက်ရောက် ပညာသင်ကြားနေတဲ့ ကျောင်းသားလေးပါ။ သူ့ကို ထိုင်းနိုင်ငံက ပြုစုပျိုးထောင် ပေးခဲ့ပါတယ်။ ခုချိန်မှာ သူအောင်မြင်မှု ရခဲ့တာကို မြန်မာနိုင်ငံက ရှမ်းလူမျိုး တစ်ယောက်ရဲ့ အောင်မြင်မှု အဖြစ် ဂုဏ်ယူရမလား၊ သူ့အတွက် ဘယ်လို ပံ့ပိုးမှုမျိုးမှ မလုပ်ပေးခဲ့တဲ့ အမိမြန်မာ နိုင်ငံတော်ကြီး ကိုယ်စား ရှက်ရမလား။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ဒီလို အခြေအနေမျိုးကနေ ရုန်းကန် ခဲ့ရတဲ့ ၁၂နှစ်သားလေးရဲ့ ဇွဲ လုံ့လ ၀ီရိယ ကြိုးစားမှု တွေကနေ ပေါက်ဖွားလာတဲ့ အောင်မြင်မှု အသီးအပွင့်တွေ အတွက် ဂုဏ်ပြုပါသည် မောင်သောင်းဒီ ... မောင်သောင်းဒီလေးရဲ့ အောင်မြင်မှု တွေကနေ ကျန်ရှိနေတဲ့ နိုင်ငံမဲ့ မြန်မာ ကလေး တွေ၊ နိုင်ငံတွင်းက ကောင်းကင်မဲ့ ပျံသန်းခွင့်မဲ့ မြန်မာကလေးတွေ၊ တကမ္ဘာလုံးက ကလေးငယ်တွေ မောင်သောင်းဒီလို ကြိုးစားရင်း ထိုက်တန်တဲ့ အောင်မြင်မှုတွေ ရရှိနိုင်ကြပါစေ...

သတင်းဓာတ်ပုံကို ဒီက ယူပါတယ်။

Read More...

မြန်မာ ဘလော့ဂါ လောက အတွက် ဆန္ဒ

တကယ်က ဒီပို့စ်ကို သြဂတ်စ်လ ၃၁ ရက် ဘလော့ဒေး အတွက် ရည်စူးပြီး ရေးခဲ့တာပါ။ ခုမှ ဘလော့ပေါ် တင်ဖြစ်ပါတယ်။

ဘလော့ဆိုတာ ဘာလဲ ဆိုတာကို ပထမဆုံး အကြိမ် မြန်မာ ဘလော့ဂါတွေနဲ့ ပရိသတ်တွေ စုစည်းမိတဲ့ ဘလော့ဒေး စီမီနာမှာ နေဘုန်းလတ် ပြောသွားခဲ့ ပြီးပါပြီ။ မြန်မာနိုင်ငံမှာ သာမန် လူတွေက ဘလော့ဆိုရင် တချို့ လူတွေက ကျောင်း၊ ဈေး၊ ရုံး အိမ်သာနံရံနဲ့ ခြံစည်းရိုး တွေမှာ လက်ဆော့ခြေဆော့ ရေးခြစ်သလို အင်တာနက်ပေါ်မှာ ရေးခြစ်တတ်တဲ့ လူတွေ လို့ နှိမ်ပြော နေကြတုန်းပါ။ တကယ်တမ်းက အမေရိကန် သမတ အိမ်ဖြူတော်က အစ ကမ္ဘာ့  သြဇာ အရှိဆုံး မီဒီယာ တွေထဲက တခု ဖြစ်တဲ့ ရိုက်တာ သတင်းဌာနအဆုံး ခုဘလော့ ရေးလာ ပါတယ်။ ဆည်ကျိုးသလို ၀ါးလုံးထိုး တိုးတက် လာတဲ့ ဘလော့ ရေစီး ကြောင်း ကို အမနာပ ပြောနေလို့ကတော့ ဆည်ရေထဲ မျောပါသလိုပဲ ဖြစ်မှာပါ။ ဒါပေမယ့် ဘာညာ ပြောဖူးသလို ဘလော့ ရေးတိုင်း ဘလော့ဂါ မဖြစ်သလို ဘလော့ မရေးတိုင်းလဲ ဘလော့ဂါ မဟုတ်တော့တာတော့ မဟုတ်ပါဘူး။ ပြက်လုံး ပြောတိုင်း လူရွှင်တော် မဖြစ်သလို ဇာဂနာတို့ ပြက်လုံး မပြော လဲ လူရွှင်တော် ဖြစ်နေသလိုပါပဲ။ ဒီတော့ ဘာကွာလဲ ဆိုရင် ကျင့်ဝတ်နဲ့ အရည်အသွေး ကွာတယ်လို့ ကျွန်မ မြင်ပါတယ်။

ဘလော့ ကျင့်ဝတ်ကတော့ စာနယ်ဇင်း ကျင့်ဝတ် အတိုင်းပဲ ရှိသင့်တယ်လို့ ကျွန်မ မြင်ပါတယ်။ ကိုယ်ရေး ဒိုင်ယာရီ ဆိုတာ လူအများကြီးက တကူးတက လာ မဖတ်တာမို့ စိတ်ကြိုက်ရေးနိုင်ပေမယ့် ငါ့ဘလော့ငါ စိတ်ကြိုက်ရေးမယ်လို့ သဘောထားပြီး ရေးရင် ဘလော့ဂါ ကျင့်ဝတ် မညီနိုင်ပါဘူး။ ဘလော့ကတော့ limited လုပ်မထားရင် published လုပ်ထား ရင် စာနယ်ဇင်း ကျင့်ဝတ် အတိုင်း မဖြစ်မနေ ရှိသင့်ပါတယ်။ ရှေးလူကြီးတွေက စာတလုံး ဘုရားတဆူ လို့ ဆိုရိုးထားတာ ကို ကျွန်မ သဘောတူပါတယ်။ ကိုယ့်စာကို ဖတ်ပြီး စာဖတ်ပရိသတ် လူပေါင်းများစွာ အပေါ် အကျိုးသက်ရောက်မှု ရှိနိုင်တဲ့ အတွက် ကိုယ့်ကျင့်ဝတ်ကိုယ် ထိန်းသင့်တယ်လို့ တိတိကျကျ ခံယူ ထားပါတယ်။ ကျင့်ဝတ် မထိန်းနိုင်ရင် ဘလော့ဂါ မဖြစ်ဘူးလား လို့ မေးနိုင်ပါတယ်။ ကျင့်ဝတ် မထိန်းတဲ့ လူရွှင်တော်နဲ့ ကျင့်ဝတ် ထိန်းတဲ့ လူရွှင်တော် အောင်မြင်ပုံချင်း လူလေးစားတာချင်း ကွာတာကို ကိုဇာဂနာက သက်သေပြနေပါတယ်။

ဘလော့ကို မီဒီယာ အမျိုးအစား တစ်ခု အဖြစ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံ ထားကြပြီ ဖြစ်ပါတယ်။ ဒါကို သက်သေ အနေ နဲ့ http://www.forbes.com/2003/03/17/cx_ah_0317mediablogs.html မှာ တွေ့နိုင်ပါတယ်။ ကိုယ့်ဘလော့ကို သတင်းဘလော့၊ ဒိုင်ယာရီဘလော့၊ ဂျာနယ် ဘလော့၊ မဂ္ဂဇင်း ဘလော့၊ ၀တ္ထုတို ပေါင်းချုပ် ဘလော့၊ ခရီးသွားလာရေး ဘလော့၊ စီးပွားရေး ဘလော့၊ ကြော်ငြာ ဘလော့ စတာတွေ ထဲက ဘယ်လို ဘလော့မျိုး ဖြစ်အောင် ရေးမလဲ ဆိုတာ ကိုယ့် ဆုံးဖြတ်ချက်ပါ။ ကြိုးစား အားထုတ်မှု ပေါ် မူတည်ပြီး အောင်မြင်နိုင်ပါတယ်။ အင်တာနက် သုံးသူများ အချင်းချင်း ဆက်သွယ်တဲ့ ကွန်ယက်၊ ဗဟုသုတ မျှဝေရာ နေရာအဖြစ် အပျော်တမ်း ဘလော့ ရေးတာကနေ တဆင့်တက်ပြီး ဘလော့ အသုံးချ လုပ်ငန်း တွေ ဖော်ဆောင်ဖို့လုပ်စရာတွေ အများကြီး ရှိနေပါတယ်။ ဘလော့ပေါ်ကနေ ဈေးရောင်းနိုင်ပါတယ် ပွဲစားလုပ်နိုင်ပါတယ် မဖြစ် နိုင်ဘူး မထင်ပါနဲ့။ ကိုယ်တွေ့ပါ။

ဥပမာ နယ်စည်းမခြား ဘလော့ဂါများ ဘလော့ဟာ နိုင်ငံတကာက ဘလော့ဂါတွေ ခရီးသွား အတွေ့အကြုံတွေ ဖလှယ်တဲ့ အဆင့် ကနေ တဆင့်တက်ပြီး global tourism လုပ်ငန်းကို ဘလော့ဂါတွေ စုပြီး လုပ်နိုင်ဖို့ အထိ ရည်ရွယ် စုစည်း ပေး ထား ပါတယ်။ လက်တွေ့ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ပဲ လိုပါတယ်။ ထိုင်းကို လာလည်ချင်သူ တွေ ထိုင်းနိုင်ငံက ခရီးသွား လုပ်ငန်းကို ငွေပေး ငှားစရာ မလိုဘဲ ဘလော့ဂါချင်း ချိတ်ဆက်ပြီး မြန်မာ ကျောင်းသား ကျောင်းတဖက်နဲ့ အပိုဝင်ငွေ ရှာချင်တဲ့ သူတွေ အဆင်ပြေအောင် အလည် လာသူတွေ ကိုလဲ သုံးချိုးနှစ်ချိုး သက်သာတဲ့ ဈေးနှုံးနဲ့ အလွတ် tour guide အဖြစ်နဲ့ အဆင် ပြေပြေ ၀န်ဆောင်မှု ပေးနိုင်အောင် ချိတ်ဆက် အကျိုးဆောင် ပေးတာတွေ လုပ်နိုင် ခဲ့ပါ တယ်။ ပျော်ပွဲစား ၀န်ဆောင် မှုတွေ ပေးနိုင်ပါတယ်။ ထိုင်းမှာလိုပဲ တခြား နိုင်ငံတွေမှာလဲ အဲလို အသိုင်းအ၀ိုင်း လေးတွေ ရှိစေချင် ပါတယ်။

စင်ကာပူ၊ ဂျပန်၊ သြစတြေးလျ စတဲ့ နိုင်ငံတွေမှာ တရုတ်လူမျိုး ထိုင်းလူမျိုး သူဌေးတွေက သူတို့ နိုင်ငံသားချင်း ရိုင်းပင်းတဲ့ အနေနဲ့ ကျောင်းသား တွေကို သူတို့ လုပ်ငန်းတွေမှာ internship ပေးလုပ်တာ၊ သူတို့ ဘော်ဒါတွေမှာ ဈေး သက်သက် သာသာနဲ့ ပေးနေတာ၊ လိုအပ်ရင် အတိုးမဲ့/ အတိုးနည်း ငွေချေးတာ စတာတွေကို ကူညီကြပါတယ်။ မြန်မာ အချင်းချင်း ထဲမှာ တော့ နိုင်ငံခြား ရောက်ရင် မြန်မာရှောင်.. ငွေချေးပြီးရင် ပြန်မဆပ်ဘူး အရင် ရောက်နေတဲ့ သူတွေ က ရိတ်တယ် ရိုက်စား လုပ် တယ် ဆိုတဲ့ စီနီယာ ဂျူနီယာ အပြန်အလှန် လက်ညှိုးထိုးနေပြီး ၂ယောက်ရှိရင် သုံးပါတီ ကွဲတယ် လို့ ပြောယူရတဲ့ ဆိုရိုး ပျောက်အောင် ကူညီသူရော အကူညီတောင်းသူရော အပြန်အလှန် စည်းစောင့်ပြီး အမျိုးသား ရေးပါ တိုးတက်အောင် ဘလော့ဂါ တွေက စပြီး ဦးဆောင် ဦးရွက် နမူနာ ပြသနိုင်အောင် ကြိုးစား စေချင် ပါတယ်။ မြန်မာဘလော့ဂါများ ကမ္ဘာ့  အဆင့်မီ နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။



Read More...

Friday, September 11, 2009

အတ္တပရ ဟိတလုပ်ငန်း

ရေးသူ- လူထုစိန်ဝင်း
အစိုးရ မဟုတ်တဲ့ အဖွဲ့ အစည်းလို့ ခေါ်ကြတဲ့ “အင်ဂျီအို” တွေ၊ “အိုင်အင်ဂျီအို”တွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းလို့ဆိုတဲ့ အဖွဲ့တွေ အကြောင်း မကြာခဏ ဆိုသလို ရေးခဲ့ပါတယ်။ အခုတလောတော့ ခပ်စိပ်စိပ် ကလေးကို ရေးဖြစ်ပါတယ်။ အင်တာဗျူး တွေလည်း ဖြေခဲ့ပြောခဲ့ပါတယ်။ အကြောင်း မသိသူတချို့က ဘာကြောင့် ဒါလောက် မျက်မုန်းကျိုးနေတာလဲလို့ မေးကြပါတယ်။ “မြန်မာတွေ မျောက်ဖြစ်ကုန်မှာ စိုးလို့” လို့ပဲ လိုတိုရှင်း ဖြေလေ့ရှိပါတယ်။

အတုမြင် အတတ်သင် မှာစိုး

ဟုတ်ပါတယ်ခင်ဗျ။ မျောက်ပြဆန်တောင်း သူတွေကြောင့် ကျွန်တော်တို့ လူမျိုး မသိမသာနဲ့ မျောက်ဖြစ် နေကြတာတော့ အတော်လေး ကြာနေပါပြီ။ ဒါပေမယ့် ဘာမှ မပြောခဲ့ပါဘူး။ အခုတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ကိုယ်တိုင်က
ကိုယ့်လူမျိုးကို မျောက်အဖြစ် လက်ညှိုး ထိုးပြပြီး မျောက်ပြ ဆန်တောင်းသူ ဖြစ်လာကြတာ မျိုးတွေ တစ်နေ့တစ်ခြား များသထက် များလာ နေတာကြောင့် ခပ်စိပ်စိပ်လေး ပြောနေ ရေးနေရတာ ဖြစ်တယ်။ စေတနာ ရှင်းသန့်တဲ့ လူငယ်လေးတွေ
“အတုမြင် အတတ် သင်” ဖြစ်ကုန်ကြမှာ စိုးလို့ပါ။ တစ်နှစ်ကို တစ်ကြိမ်လောက်၊ နှစ်ကြိမ်လောက် သတိပေး ရေးသား နေရင်းကတောင် တန့်သွားမယ့် အစား ပိုပိုပြီး ကျယ်ပြန့် လာတာကြောင့် ခုလို ခပ်စိပ်စိပ် ပြောရ ရေးရတာ ဖြစ်တယ်။

ဘယ်သူ့မှ အားမကိုးနဲ့

ဘယ်ထိ အခြေအနေ ဆိုးတယ် ဆိုတာ ပြောပြပါမယ်။ မှတ်မှတ်ရရ ပြောရရင် ဒီလို အဖွဲ့အစည်းတွေ အကြောင်းစပြီး ဝေဖန် ရေးသားခဲ့တာ ပထမ အကြိမ်က ကုလသမဂ္ဂနဲ့ ပတ်သက်တာ ဖြစ်ပြီး နောက်တစ်ကြိမ် ကတော့ အိုင်အင်ဂျီအို တစ်ခုနဲ့ ပတ်သက်တာ ဖြစ်တယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က “ဂမ်ဘာရီ” ဆိုတဲ့ ပုဂ္ဂိုလ်ကြီး မြန်မာ့ နိုင်ငံရေး ကိစ္စ ကြားဝင် ဖြေရှင်းဖို့ မြန်မာနိုင်ငံကို လာမယ် ဆိုတုန်းက ပြည်တွင်းပြည်ပ နိုင်ငံရေး လေ့လာသူ တွေနဲ့ နိုင်ငံရေး ဂုရုတွေ၊ နိုင်ငံရေး ပါတီကြီးတွေက ဂမ်ဘာရီ လာမှာကိုပဲ သိကြားမင်းကြီး ဆင်းလာသလို အူမြူးနေကြတာ တွေကို မြင်တွေ့နေရတဲ့အတွက် မြန်မာ့ကိစ္စကို မြန်မာတွေ ကိုယ်တိုင်ရှင်းမှ ရမယ်။ ကုလသမဂ္ဂလည်း မကယ်နိုင်ဘူး။ အမေရိကန်လည်း မကယ်နိုင်ဘူး။ အီးယူလည်း မကယ်နိုင်ဘူး။ ဘယ်သူ့မှ အားမကိုးနဲ့ ကိုယ့်အား ကိုယ်ကိုးပြီး ကိုယ်ဟာကိုယ် ဖြေရှင်းကြလို့ ရေးလိုက်ပါတယ်။

အဲဒီတုန်းကလည်း စာဖတ် ပရိသတ်နဲ့ လူငယ်တွေက သဘောကျ ထောက်ခံကြပါတယ်။

ဆရာကောင်း တပည့်တွေ

အဲဒီတုန်းက “ဆရာရေးတာ သိပ်မှန်တာပဲ” တို့၊ “ရေးတာ နည်းတောင် နည်းသေးတယ်” တို့ ပြောခဲ့ကြတဲ့ လူငယ် တချို့ တောင် အခုတော့ အင်ဂျီအို ဆိုင်းဘုတ် ကိုယ်စီနဲ့ ဖြစ်နေတာကို တွေ့မြင် နေရပါတယ်။ ဒါကြောင့် ရေးရပြောရ ပြန်တာပါ။ ဒီလူငယ်တွေဟာ အစကတော့ သန့်ရှင်းတဲ့ အဖြူထည်တွေပါ။ နောက်ကျမှ ဟိုနိုင်ငံ ဒီနိုင်ငံတွေမှာ ဟိုသင်တန်း ဒီသင်တန်း ဆိုတာမျိုးတွေ တစ်ပတ်လောက်၊ နှစ်ပတ်လောက် သွားတက်ခဲ့ကြပြီး ပြန်ရောက်လာတော့ သူတို့ ကိုယ်တိုင် ဆိုင်းဘုတ် ထောင်ကုန်ကြ တော့တာပါပဲ။ တစ်ပတ်နှစ်ပတ် သင်တန်းတက်ပြီး ဘာတွေ တတ်လာတယ် ဆိုတာတော့ မသိဘူး။ လက်တွေ့ မြင်ရတာ ကတော့ သူတို့ ကိုယ်တိုင် “အင်ဂျီအို” ကုန်ကြတာပဲ ဖြစ်တယ်။ မဖြစ်ဘဲ နေရိုးလား၊ သူတို့ကို ခေါ်ပြီး သင်တန်း ပေးသူတွေ ကိုယ်တိုင်က သူတို့ကို မျောက်အဖြစ် လက်ညှိုးထိုးပြပြီး ဆန်လည်း တောင်းသူတွေ ဖြစ်နေကြတာကိုး။ အတုမြင်
အတတ်သင်ပဲ ပြောမလား။ “ဆရာကောင်း တပည့်ပဲ” ပြောမလား မသိတော့ပါဘူး။

ဂိုရင်းအဘရော့ဒ်

ဆရာကောင်း တပည့်တွေ ပန်းကောင်းပန် နေကြတာတွေ ကတော့ မမြင်ချင် အဆုံးပါပဲ။ တချို့က အေ့ဒ်စ် ဆိုင်းဘုတ် ကိုင်ကြ တယ်။ တချို့က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်းဘုတ် ထောင်ကြတယ်။ တချို့က တောရိုင်း တိရစ္ဆာန်
ဆိုင်းဘုတ်၊ တချို့က မိကျောင်း ထိန်းသိမ်းရေး ဆိုင်းဘုတ်၊ တချို့က ဒီရေတော ဆိုင်းဘုတ်၊ တချို့က ပလတ်စတစ် ဆိုင်းဘုတ် စသဖြင့်၊ စသဖြင့် ဆိုင်းဘုတ်တွေ ကတော့ စုံသလား မမေးနဲ့။ အမယ် ဆိုင်းဘုတ် ဘယ်လောက် များများ
အားလုံးပဲ “လန်း” ကြသဗျ။ “ဝပ်ရှော့” ဆိုတာတွေ တက်ဖို့ “ဂိုးရင်းအဘရော့ဒ်” ဆိုတာတွေလည်း ခဏခဏ မြင်နေရ၊ တွေ့နေရ၊ ကြားနေရ သဗျ။ နောက်တက်လာတဲ့ ကလေးတွေ ဆက်ပြီး ဆရာကောင်း တပည့် ဖြစ်ကုန်ကြ မှာတောင် စိုးရိမ်ရတဲ့ အခြေအနေလို့ ပြောရင် မလွန်လှဘူးလို့ ထင်ပါတယ် ခင်ဗျ။

စံပြပုဂ္ဂိုလ် လိုတယ်

ကလေးတွေ အတွက် မေတ္တာ အပို့ခံပြီး ဒီလို ရေးနေ ပြောနေရတာပါ။ အင်ဂျီအို အားလုံး မကောင်းဘူးလို့ ဆိုတာ မဟုတ် ပါဘူး။ စေတနာ အစစ်၊ မေတ္တာအစစ်၊ ကရုဏာ အစစ်နဲ့ လုပ်နေကြတဲ့ အင်ဂျီအိုတွေနဲ့ ရှင်းသန့်တဲ့ လူငယ်တွေလည်း
ရှိပါတယ်။ ဒါပေမယ့် အစစ်အမှန် သမားတွေက မျောက်ပြဆန်တောင်း သူတွေလို “ပြေ (ပြည်) ပေါ်မှာ ရွှေကြော်ငြာထုတ်”တဲ့ အလုပ်မျိုးတွေ လုပ်လေ့ မရှိတော့ သူတို့အကြောင်း ကလေးတွေက မသိကြဘူး။ ကလေးတို့၊ လူငယ်တို့ ဆိုတာ သူတို့ အားကျ အတုယူရတဲ့ “စံပြု ပုဂ္ဂိုလ်” (Role Model)တွေ ရှိဖို့ လိုပါတယ်။ ဒါကြောင့် ကွယ်လွန်ရှာပြီ ဖြစ်တဲ့ လူရိုး လူကောင်းကြီး
မြန်မာ့အလင်း ဦးတင် အကြောင်းကို နှစ်ကြိမ် သုံးကြိမ်လောက် ရေးပြ ခဲ့ဖူးပါတယ်။ မြန်မာ့အလင်း သတင်းစာ တိုက်အုပ် ဦးတင်က ဘိုးဘွားရိပ်သာကို မူလနေရာ နှင်းဆီကုန်းကနေ စစ်ပြီးတော့ လက်ရှိနေရာကို ရွှေ့ပြောင်းနိုင်ဖို့ ကြိုးစား အားထုတ် ခဲ့သူ ဖြစ်ပါတယ်။ ရွှေ့ပြီးတဲ့ ဘိုးဘွား ရိပ်သာမှာ မနက်တိုင်း ရုံး လာထိုင်ပါတယ်။ ပြီးမှ မြန်မာ့အလင်းတိုက်ကို သွားပါတယ်။

ပရဟိတသမားစစ်စစ်

ဦးလေးတင် ဘိုးဘွားရိပ်သာ ရုံးခန်းရောက်တော့ ဝန်ထမ်းတွေက ကော်ဖီတို့၊ မုန့်တို့ ယူလာပြီး ဧည့်ခံပါတယ်။ အဲဒီအခါ ဦးလေး တင် က သူ့ခြင်းထဲ အမြဲပါနေကျ ကော်ဖီ ဓာတ်ဘူးနဲ့ ရေနွေးကြမ်းဘူးကို ထုတ်ပြီး “ငါ့မှာ အကုန်ပါတယ်။ ဧည့်ခံစရာ မလိုဘူး။ အလှူရှင်တွေ လှူတာက ဘိုးဘွားတွေအတွက် လှူတာ၊ တို့အတွက် မပါဘူး။ ဒါကြောင့် ငါလည်း မစားဘူး။ မင်းတို့လည်း မစားကြနဲ့” လို့ ဆုံးမပါတယ်။ ဦးလေးတင်ဟာ သူ့ကော်ဖီလေး သူထည့်သောက်၊ သူ့ရေနွေးကြမ်းလေး သူ ထည့်သောက် တာပါ။ ဦးလေးတင်ရဲ့ စည်းကမ်း တိကျမှုနဲ့ သမာဓိကို သိတာကြောင့် ဖဆပလ အမှုဆောင် ရွေးတဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်း က နိုင်ငံရေး ဘယ်တုန်းကမှ မလုပ်ခဲ့တဲ့ ဦးတင်ကို မရရအောင် ခေါ်ပြီး ငွေကိုင်ရတဲ့ ဘဏ္ဍာရေးမှူး ခန့်ခဲ့တာ ဖြစ်တယ်။ နောက် တော့ ဦးနုက သူ့ကိုပဲ ဘဏ္ဍာရေး ဝန်ကြီး ခန့်ပါတယ်။ နောက်ဆုံး လွှတ်တော် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင် ခဲ့ရပါတယ်။ ပရဟိတသမား ဆိုတာ အဲဒီလို ပုဂ္ဂိုလ်မျိုး ကိုမှ ခေါ်နိုင်တာပါ။ ကိုယ်ကျိုး တစ်စုံတစ်ရာ ရယူ ခံစားပြီး လုပ်တယ် ဆိုကတည်းက ပရဟိတသမား မစစ်တော့ပါဘူး။ (အတ္တဟိတ+ ပရဟိတ) နှစ်ခုပေါင်းပြီး “အတ္တပရ ဟိတ” သမား၊ “အတ္တ ပရဟိတ လုပ်ငန်း” လို့ပဲ ခေါ်သင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အတ္တဟိတ အတွက် ပရဟိတ လုပ်ငန်း လုပ်တာ မဟုတ်လား။

လူထုစိန်ဝင်း

Read More...

Saturday, September 5, 2009

ပြည်တွင်းဖြစ် နိုင်ငံခြားသား ကိုရွှေမြန်မာ များသို့

ရေးသူ- လူထုစိန်ဝင်း

“ကျွန်တော်တို့ စိတ်ဓာတ်တွေ အများကြီး ပြင်မှကို ဖြစ်မယ်ခင်ဗျ။ သူများတွေနဲ့ အများကြီး ပြတ်ကျန်နေရစ်ပြီ” စင်ကာပူ မှာ ဆယ်နှစ်ကျော်သွားပြီး အလုပ်လုပ်နေခဲ့တဲ့ ကျောင်းသားဟောင်း တယောက် ခေတ္တပြန်လာတိုင်း၊ ကန်တော့နှုတ်ဆက်ရင်း ပြောလိုက်တဲ့ စကားဖြစ်ပါတယ်။ ဟိုနိုင်ငံ ဒီနိုင်ငံတွေက ပြန်ရောက်လာတဲ့ လူတိုင်းပြောမြဲ စကားမို့ မဆန်းတော့ပါဘူး။


ဘ၀င်လေဟပ်သူတွေရဲ့စကား

စိတ်ဓာတ်တွေ ပြင်ရမယ်လို့သာ ပြောတာ။ ဘာစိတ်ဓာတ်မျိုးတွေ ပြုပြင်ရမှာလဲ လို့တော့ တိတိကျကျ မပြောပါဘူး။ နိုင်ငံခြားပြန် တွေ ပြောနေကျ စကားတွေ ကြားရဖန်များလို့ ရိုးတောင်နေပြီ။
´´ မြန်မာတွေပျင်းတယ်``
´´မြန်မာတွေညံ့တယ်၊ ဖျင်းတယ်``
´´ မြန်မာတွေ စည်းကမ်းမဲ့တယ်``
´´ မြန်မာတွေ ကြိုးစားအားထုတ်မှု မရှိဘူး`` စတဲ့စတဲ့ အပေါ်စီးက ကြည့်တဲ့လေသံနဲ့ ပြောစကားမျိုးတွေ ဖြစ်ပါတယ်။

နွားနဲ့ရုန်းနေတာ ပျင်းတာလား

မြန်မာတွေ ပျင်းတယ်ဆိုတာ ဘယ်သူတွေကို ကြည့်ပြီး ပြောတာလဲ။ မနက်အရုဏ် မလာခင်ထ၊ ထွန်ထယ်ကို ထမ်းပြီး လယ် ထဲဆင်း၊ တနေ့လုံး နေပူကြီးထဲမှာ နွားနဲ့အတူ ရုန်းအလုပ်လုပ်၊ ညနေ၊ နေ၀င်ရီသရောမှ အိမ်ကို ပြန်ရတဲ့ မြန်မာနိုင်ငံရဲ့ ၈၀ ရာနှုန်း လောက်ရှိတဲ့ လယ်သမားတွေကို မြင်ဖူးကြလို့လား။ ခရီးသွားတဲ့အခါ အဝေးပြေး လမ်းမကြီး တွေ မှာ လမ်းခင်းလမ်းပြင် လုပ်နေကြတဲ့ မြေတူး ကျောက်ထု လုပ်နေကြတဲ့ မိန်းမ၊ ယောက်ျား အလုပ်သမားတွေကိုတော့ မြင်ဖူးကြမှာပါ။ ခြစ်ခြစ်တောက် ပူလောင်နေတဲ့ လမ်းတွေပေါ်မှာ မျက်နှာလေးတခုပဲ ဖော်ထားပြီး တခေါင်းလုံးပုဆိုးနဲ့ ပတ်ရင်း အလုပ်လုပ် နေရှာကြတယ် မ ဟုတ် ပါလား။ သူတို့ ခြေထောက်တွေမှာ ဖိနပ်တောင် မပါကြပါဘူး။ မြို့ရွာနဲ့ အလှမ်းဝေး ကွာတဲ့ နေရာများမှာဆိုရင် လမ်းဘေး မှာပဲ သစ်ခက်တဲနန်းထိုးပြီးနေကြ၊ ချက်ပြုတ် စားကြရ တာပါ။ ဒီလူမျိုးတွေကို ပျင်းသတဲ့လား။

တီထွင်လုပ်တတ်တဲ့လူတွေ

နောက်ပြီးတော့ မြို့တွေရွာတွေ သန့်ရှင်းမှုအားနည်းတာ၊ လမ်းပေါ်အမှိုက်ပစ်တာ၊ ကွမ်းတံတွေးထွေးတာ စတာတွေနဲ့ ပတ်သက်ပြီး မြန်မာတွေ စည်းကမ်းလုံးလုံး မရှိဘူးလို့ အပြစ်ပြောကြတာ ရှိသေးတယ်။ စင်ကာပူများ သိပ်သန့်ရှင်းတာပဲလို့လည်း ခဏခဏ ပြောကြတယ်။ စင်ကာပူက လမ်းထောင့်တိုင်းမှာ ယူနီဖောင်းဝတ်ရဲတွေ စောင့်နေကြပြီး စည်းမဲ့ကမ်းမဲ့ လမ်းဖြတ်ကူးသူတွေ၊ အမှိုက် ပစ်ချသူတွေကို ချက်ချင်းဖမ်း ဒဏ်ရိုက်လုပ်တာ တွေကျတော့ ထည့်မပြောကြဘူး။ ဘယ်နိုင်ငံက ဘယ်လူမျိုးမဆို ပညာ အခြေခံ နည်းပြီး စိတ်ယဉ်ကျေးမှု နိမ့်ကျသူတိုင်းဟာ ``ပြည်သူ့နီတိ´´ ကို လစ်လျူရှု တတ်ကြပါတယ်။ ``ထွီ၊ ထွမ်´´ နဲ့ လူရှေ့သူရှေ့မှာ တံတွေးထွေးတဲ့နေရာမှာတော့ အရှေ့တိုင်းက လူဝါတွေလောက်ဆိုး တာ ဘယ်မှာမှ မတွေ့ဖူးပါဘူး။ သူတို့နဲ့ စာရင် မြန်မာတွေက အများကြီးယဉ်ကျေးပါတယ်။

မြန်မာတွေက ရေသာခို အချောင်လိုက်စိတ် သိပ်ကြီးမားတယ်။ ကြိုးစားပမ်းစား မလုပ်ချင်ဘူးလို့လည်း စွပ်စွပ်စွဲစွဲ လုပ်လေ့ ရှိကြတယ်။ နိုင်ငံခြားရောက် မြန်မာလူငယ်လေးတွေ အများစုဟာ နေ့အလုပ်၊ ညအလုပ် နှစ်ခုလုပ်ပြီး တပင်တပန်း ပိုက်ဆံရှာ နေကြတာတွေကို မမြင်လို့လား၊ တချို့များဆို အိပ်ရာဝင်တာတောင် အလုပ်ကပြန်တဲ့ အ၀တ်အတိုင်း ဖိနပ်တောင် မချွတ်ဘဲ ၀င်ကြရပါတယ်။ မနက် အချိန်ကျတာနဲ့ အိပ်ရာထဲကတန်းပြီး အလုပ်ကိုပြေးနိုင် အောင် အဆင့်သင့် လုပ်ထားရတာလေ။ မြန်မာတွေ ကြိုးစားသလား။ မကြိုးစားဘူးလား သိချင်ရင် သူများနိုင်ငံတွေမှာ လုပ်ခပေးသလိုပေးပြီး ခိုင်းကြည့်လိုက်စမ်းပါလို့ ပြောလိုက်ချင် တယ်။

မြန်မာတွေဟာ မပျင်းပါဘူး။ မညံ့ပါဘူး။ ဖျင်းလည်း မဖျင်းပါဘူး။ နိုင်ငံခြားသွားပြီး ပညာသင်တဲ့သူတွေ အားလုံးနီးပါးဟာ သူတို့ သင်ယူတဲ့ ပညာရပ်ကို ကောင်းကောင်းသင်ယူ နိုင်ကြတာချည့်ပါ။ စာမလိုက်နိုင်လို့ ပြန်လာရတယ် ဆိုတာ မရှိသလောက်ပါ။ ဘိလပ်သွားပြီး MRCP တို့၊ FRCS တို့လို ဘွဲ့တွေသွားသင်ယူတဲ့ ဆရာဝန်တွေ၊ စာမလိုက်နိုင်လို့ ပြန်လာရတယ်ဆိုတာလည်း မရှိသလောက်ပါပဲ။ မြန်မာလူမျိုးတွေဟာ လူသာဆင်းရဲချင် ဆင်းရဲမယ်။ ဥာဏ်ရည် ဥာဏ်သွေးမှာတော့ မဆင်းရဲပါဘူး။ အခွင့်အရေးရရင် ရသလို ဘာမဆိုဖြစ်အောင် လုပ်နိုင်ပါတယ်။

ကိုရွှေဗမာတွေ

မြန်မာတွေညံ့လို့ မတိုးတက်တာ၊ မြန်မာတွေ သိပ်ပျင်းတာ၊ သိပ်ဖျင်းတာလို့ ပြောကြသူများဟာ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့ ´´ ပြည်တွင်းဖြစ် နိုင်ငံခြားသား`` ကိုရွှေဗမာများသာ ဖြစ်ကြပါတယ်။ ကိုယ်တိုင်ဘာလုပ်နေကြတယ် ဆိုတာတော့ ပြန်မကြည့် ဘဲနဲ့ ပြည်တွင်းမှာ ရှိနေကြတဲ့ သူတွေကို စွပ်စွပ်စွဲစွဲ အရှက်မရှိ ပြောနေကြတာဖြစ်တယ်။ မြန်မာနိုင်ငံလောက် သယံဇာတ ပေါ ကြွယ်ဝတဲ့ နိုင်ငံ၊ အာရှတိုက် တတိုက်လုံးမှာ မရှိပါဘူး။ စားစရာအတွက်၊ နေစရာအတွက်၊ ၀တ်စရာအတွက် ဘာမှပူစရာ မရှိ ပါဘူး။ ပြည်တွင်းမှာ လုံလုံ လောက်လောက်ရှိတယ်။ နောက်ပြီးတော့ ရေနံ ဓာတ်ငွေ့တွေလည်း ထွက်တယ်။ တခြား ဓာတ်သတ္တု မျိုးစုံနဲ့ ကျောက်သံပတ္တမြားတွေလည်းပေါတယ်။ ဒီသယံဇာတ ပေါကြွယ်ဝတာ တွေကို ခေတ်မီနည်းပညာတွေ အသုံးချပြီး ထုတ်ယူ သုံးစွဲကြရမှာ မဟုတ်လား။ ရောင်းဝယ် ဖောက်ကား ကြရမှာ မဟုတ်လား။

သတိပေးလိုက်ချင်တယ်


အခုတော့ အဲဒီလိုလုပ်ရမယ့် နိုင်ငံ့အညွန့်အဖူးတွေ၊ တိုင်းပြည်ရဲ့ ဦးနှောက်တွေက နိုင်ငံရပ်ခြားတိုင်းပြည်တွေအတွက်သွားပြီး အလုပ် လုပ် ပေးနေကြတယ်လေ။ မြန်မာနိုင်ငံက သင်ပေးလိုက်တဲ့ ပညာတွေနဲ့ သူများနိုင်ငံတွေ သွားအလုပ် လုပ်ပေးနေကြတာ အခြေအနေ အရ အခိုက်အတန့်အဖြစ် ကိုယ့်အကြောင်းနဲ့ကိုယ် သွားရောက် လုပ်ကိုင်နေကြရတာကို နားလည်နိုင်ပါတယ်။ အပြစ်မတင်ပါဘူး။ ဒါပေမယ့် ဘယ်မှမသွားဘဲ ကိုယ့်တိုင်းပြည်မှာ ကိုယ်နေပြီး တက်စွမ်းသလောက် ကိုယ့်အား ကိုယ့်အင်နဲ့ ကိုယ့်တိုင်းပြည်အတွက် ကြိုးစား ရုန်းကန်နေတဲ့သူတွေကိုတော့ ပျင်းတယ်၊ ဖျင်းတယ်၊ စည်းကမ်းမဲ့တယ်၊ ရေသာခိုတယ် စတဲ့ စွပ်စွဲမှုတွေနဲ့ ပုတ်ခတ်စော်ကား မလုပ်ကြဖို့တော့ သတိပေးလိုက်ချင်ပါတယ်။

လူထုစိန်ဝင်း

(၃.၉.၂၀၀၈ ရက်နေ့ထုတ် Weekly Eleven အတွဲ(၃)၊ အမှတ် (၄၆) စာ-၂၀ မှ လူထုစိန်ဝင်း၏ ဆောင်းပါးအား ကူးယူ ဖော်ပြသည်)

Ref: http://mayaonlinemagazine.blogspot.com/

ဘလော့ရှင်ရဲ့ မှတ်ချက်။ ။ ဆရာ လူထုစိန်ဝင်းက ပြည်တွင်းဖြစ် နိုင်ငံခြားသား ကိုရွှေမြန်မာများကိုသာ ရည်ညွှန်းပေမယ့် ကျွန်မကတော့ ပြည်တွင်းဖြစ် နိုင်ငံခြားသား/မြန်မာ နိုင်ငံသား ကို/မ ရွှေမြန်မာများကို ရည်ညွှန်းပြီး ဆရာ့ရဲ့ ဆောင်းပါးကို ပို့စ်ကို တင်လိုက်ပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေ ပြန်လာခဲ့ကြ နာဂစ် ဒေသမှာရော မြန်မာ တနိုင်ငံလုံးမှာ လယ်စိုက်စရာ လုပ်စရာ အလုပ်တွေ ပေါတယ်လို့ နိုင်ငံတော် ၀န်ကြီးချုပ်က မိန့်ကြားထားပါတယ်။ လုပ်ခ ပေးမယ် မပေးဘူး နိုင်ငံခြားမှာ အလုပ်လုပ်ရင် ရသလောက် လစာငွေ ရစေရမယ်/ မရနိုင်လောက်ဘူး ဘာမှ အာမခံချက် မပေးထားပါဘူး။ အဲဒီ အပြင် ဘ၀တက်လမ်း ရှိသလား ဆိုတော့ ထိပ်ပိုင်းရာထူး မှန်သမျှ မဆိုင်တဲ့ ဘောင်းဘီဝတ်တွေက တန်းစီ ပိတ်ယူထားပြီး မြေအောက် ရေကြောကို မရှိတဲ့ နေရာမှာ ရေကို မထွက်မချင်း တွင်းတူးခိုင်းတာမျိုး၊ တံတားကြီး တစင်းလုံး ပြီးခါနီးမှ ရေလယ် တိုင် တတိုင် ဖြုတ်ခိုင်းတာမျိုး၊ ဘယ်လောက် စာမေးပွဲတွေ အောင်အောင် ဘယ်လိုအရည်အချင်း ရှိရှိ JE ဆို သိန်း၃၀၊ AE ဆို သိန်းခြောက်ဆယ် ဆိုတာမျိုးတွေ ပပျောက် မသွားဘဲ နဲ့တော့ ဘယ်ပညာရှင်ကမှ ကျင့်ဝတ် သိက္ခာ အပျက်ခံ၊ ဘ၀ တက် လမ်း အပိတ်ခံပြီး ပြန်လာ အလုပ်လုပ်မှာ မဟုတ်ပါဘူး။ ပိုဆိုးတာက အခြေခံပညာမှာ တုန်းက အတန်းထဲ ငါ့နားရွက် ဆွဲထားတဲ့ မိန်းမ၊ ငါက စစ်အင်ဂျင်နီယာမို့ ဆိုဒ်ထဲ ရောက်လာရင် တွေ့မယ် ဆိုတဲ့ လူစားတွေကို နေရာပေး ထားသရွေ့ အဲလိုစနစ်မျိုး အမြစ်တွယ် နေသရွေ့ ဦးနှောက် ယိုစီးမှု၊ လုပ်အား ယိုစီးမှုကို တားနိုင်မှာ မဟုတ်ပါဘူး။ ဟုတ်ကဲ့... နိုင်ငံခြားမှာ အလုပ် လုပ်ရင် ရသလောက် လစာငွေ ကိုမမျှော်မှန်းပါဘူး ပညာရှင်ကို သူ့နေရာနဲ့သူ လုပ်ပိုင်ခွင့်ပေးပြီး အနှောင့်အယှက် ကင်းကင်း လွတ်လွတ်လပ်လပ်နဲ့ နိုင်ငံခြား လစာငွေရဲ့ သုံးပုံနှစ်ပုံပဲ ပေးရင်တောင် ခွန်မြလှိုင်တို့က ရှေ့ဆုံးက တန်းစီပြီး ပြည်တော်ပြန် အလုပ်လုပ်မှာ ဖြစ်ပါတယ်ရှင့်။

Read More...