Showing posts with label ကိုယ့်အကြောင်း. Show all posts
Showing posts with label ကိုယ့်အကြောင်း. Show all posts

Wednesday, February 16, 2011

ကိုယ့်လမ်းကိုယ်ဖောက် လမ်းပေါက်ပါပြီ...

အများအကျိုး ရွက်သည်ပိုးက ခနိုးခနဲ့ဆိုကဲ့ရဲ့လည်း မဖဲ့မစောင်းကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနဲ့ယှဉ် ရှေးရှုနှင်လော့ တဲ့။ ဆရာတော်ကြီးရဲ့ ဆုံးမသြ၀ါဒ စကားပါ။ ကျွန်မတို့ ကော်မတီက တည်ထောင် ပံ့ပိုးပေးခဲ့တဲ့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း လေးကို အစိုးရ မူလတန်းကျောင်းအဖြစ် တရားဝင် ခွင့်ပြုကြောင်း အကြောင်းကြားစာ အီးမေးလ်နဲ့ ဒီကနေ့ပဲ ရောက်လာပါတယ်။ ကျွန်မတို့ရဲ့ကလေးတွေ စာတကယ် တတ်ရုံမက အစိုးရ အသိအမှတ်ပြု အောင်လက်မှတ် ပါ ရတော့မှာမို့ (ဘယ်လိုပဲဖြစ်ဖြစ်) ၀မ်းသာ မိပါတယ်။ အလှူရှင်တွေ ၀မ်းသာရဖို့ လည်လည်လာသူတွေ သာဓုခေါ်နိုင်ဖို့ အမျှဝေပါတယ်။ ကြယ်တပွင့်နဲ့ တမိုးလုံး မလင်းပေမယ့် ကြယ်ပွင့်လေးပေါင်း မြောက်များစွာ ပြိုင်တူလင်းရင်တော့ လမင်းကြီး မရှိလဲ လောကအမှောင်ထုကို ခွင်းနိုင်ပါသေးတယ်။ နေတစင်း မဖြစ်သေးသော်လည်း ကျွန်မတို့ ကြယ်ပွင့်လေးတွေ ပြိုင်တူ လင်းကြစို့လား...





Read More...

Tuesday, February 8, 2011

သွေးချင်းတွေ အပေါ် ဒီလို မလုပ်စေချင်

အမိမြေမှာ ကပ်တွေ ဆိုက်နေချိန် ပြည်ပရောက် မြန်မာတွေက ပြည်တွင်းက ဒုက္ခသည်တွေကို သွေးချင်းလို သဘောထားပြီး ချွေးနှဲစာ တွေထဲက တချို့ကို မျှဝေ လှူဒါန်း ကူညီကြတာ အဆိုးထဲက အကောင်း အဖြစ် မှတ်ယူ နေကြရတာပါ။ ၂၀၀၈ ကစပြီး သိသာလာတဲ့ ကပ်ဘေးတွေက နာဂစ်၊ ဂီရိ၊ သောက်သုံးရေ ရှားပါး ပြတ်လပ်မှု အပြင် စစ်မက်ဘေးကြောင့် ထွက်ပြေး လာကြတဲ့ စစ်ပြေး ဒုက္ခသည်တွေ ဇယ်ဆက်သလိုမို့ လူမှု ရေး အသင်းအဖွဲ့တွေ လက်မလည်ရ ပါဘူး။ လတ်တလော ကူညီကယ်ဆယ်ရေး အပြင် ကပ်ဘေး ကြီးကြီး ထိတဲ့ နေရာတွေများ နှစ်ချီပြီး ပြန်လည် ထူထောင်ရေး လုပ်နေရတာတောင် ခုထိ အခြေခံ လိုအပ်ချက် တောင် မပြည့်မီသေးတာမို့ ကုလသမဂ က ပါ နိုင်ငံတကာကို ဆော်သြ အလှူခံ နေရချိန်ပါ. တောမီးလောင် တော ကြောင် လက်ခမောင်း ခတ်ချိန်မို့ တချို့ စာရိတ္တ ရေချိန် မပြည့်သူတွေက လူမှုရေး အမည်ခံ လုပ်စားသူတွေ အလွဲသုံးစား လုပ်သူတွေ ရှိသလို လူမှုရေး မလုပ်တတ်ဘဲ နာမည်ယူ နေရာ ယူချင်ရုံ သက်သက် ကျော်ကြားမှု ကိုမက်ပြီး ဇော်ကန့်လန့် လုပ်သူတွေ၊ ဘုရင့်ဥယျာဉ် ရေ၀င်လောင်းတဲ့ မျောက်တွေလို လူစားတွေလဲ ရှိတာမို့ အလှူရှင်တွေရဲ့ အလှူပစ္စည်းတွေ အလှူငွေတွေက မလိုအပ်ဘဲ ဖိတ်စဉ်လေလွင့်ကုန်တာတွေလဲ မနည်းပါဘူး။

သူငယ်ချင်းမိတ်ဆွေ များတဲ့ ကျွန်မမှာ ပြည်ပရောက် မြန်မာတွေ တခုခု ဖြစ်ရင် အမိမြေမှာတခုခု ဖြစ်ရင် ကိုယ် နဲ့ မဆိုင်သလို လက်ပိုက်ကြည့် မနေ တတ် တဲ့ အားနည်းချက်ကြောင့် နာဂစ် မုန်တိုင်း ဖြစ်စဉ်က စလုပ်မိ ထားတဲ့ လူမှုရေး အဖွဲ့ တခုမှာ ပါဝင်ခဲ့ပါတယ်။ နိုင်ငံတကာက မြန်မာတွေရော နိုင်ငံခြားသား မိတ်ဆွေ တွေ ကပါ လှူဒါန်းချင်လို့ ဆက်သွယ်လာခဲ့ရင် သူတို့ လှူချင်တာ စိတ်စေတနာ ပေါက်တာပေါ် မူတည်ပြီး သက် ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ကျွန်မက ချိတ်ဆက်ပေးလေ့ ရှိပါတယ်။ နိုင်ငံခြားမှာ အနေကြာတဲ့ လူတွေမို့ ပြည် တွင်းမှာလဲ ယုံကြည် စိတ်ချရတဲ့ ဘယ်အဖွဲ့အစည်း က ဘာတွေ လုပ်နေတယ် ဆို တာ သိချင်လို့ မေးလာ ရင် ကျွန်မက ကျွန်မသိတဲ့ ကျွန်မ ယုံကြည် စိတ်ချတဲ့ အဖွဲ့အစည်းတွေကို လမ်းညွှန်ပါတယ်။ လိုနေ တာ အများ သား သဒ္ဓါ ပေါက်တာ ရေလှူဖို့လား သီတဂူ ဆရာတော်ဆီ သွားပါ။ အလောင်းကောက် ရေသန့်ဝေ ဖို့လား ရုပ်ရှင် မင်းသား ကျော်သူရဲ့ နာရေး ကူညီမှု အသင်းဆီ သွားပါ။ ဆေးလှူချင်သလား သင်္ဘော စီးလုံးငှားပြီး ဆေးလည်ကု ပေးနေတဲ့ ရွှေည၀ါ ဆရာတော်နဲ့ ဆက်သွယ်ပါ။ သွေးလွန်တုပ်ကွေး လို ရာသီပေါ် ရောဂါတွေ ကာကွယ်ရေးအတွက် လှူချင် သလား ရေဗန် သွေးလှူရှင် အသင်း ရှိပါတယ်။ မိဘမဲ့ကလေးတွေ ကူညီ ထောက် ပံ့ ရေး အတွက် ဆိုရင်လဲ MOSN ကို ကျွန်မ ညွှန်ပေးပါတယ်။ ဒီအကြောင်းကို ကျွန်မရဲ့ မိတ်ဆွေတိုင်း နဲ့ အဲဒီ အဖွဲ့တွေ သိကြပါတယ်။

ဘာကြောင့် ကိုယ့်အဖွဲ့ကိုယ် မလှူခိုင်း လဲ မေးလာရင် အဖြေ အသင့်ရှိပါတယ်။ အလှူတွေ သဒ္ဓါပေါက် ရာတိုင်း အကောင် အထည် ပေါ်အောင် မလုပ်နိုင်လို့ပါ။ အဲလောက် ကျယ်ကျယ် ပြန့်ပြန့် လုပ်နိုင် လောက်အောင် တာဝန်မယူနိုင် လူအင်အား မတတ်နိုင်လို့ မလုပ်နိုင်ပါဘူး။ ဒါဖြင့် ကျွန်မတို့ အဖွဲ့ ဘာလုပ်ခဲ့လဲ မေးလာရင် ဒါတွေ လုပ်ခဲ့တယ် ဆိုတာ စလုပ်စဉ်ကနေ ခုချိန်ထိ ငွေတကျပ်တပြား က အစ စာရင်း အတိအကျ ဓာတ်ပုံများ နဲ့ တကွ သက်သေ ပြနိုင်လောက်အောင် ကြေညာ ထား ပါတယ်။ ကျွန်မတို့ အဖွဲ့ သစ္စာ ဆိုနိုင်တာကတော့ အလှူငွေ တပြားတချပ် ကိုမှ လုပ်ငန်းအတွက် ခရီးစရိတ် အဖွဲ့သားတွေရဲ့ စားစရိတ် အတွက် မယူ မသုံးတာ ပါပဲ။ သြ၀ါဒ ဆရာတော် ရဲ့ စကားတခွန်းက အင်မတန် ထိရောက်ပါတယ်။ နင်တို့နော် လေဘေး ဒုက္ခသည်ရဲ့ လာဘ်လာဘကို ခိုးစားရင် နောင်ဘ၀ နင်တို့ လေဘေး ဒုက္ခသည် ဖြစ်တဲ့ အခါ နင်တို့ရဲ့ ရှားရှားပါးပါး လာဘ် လာဘတွေ သူများ ခိုးစားတာ ပြန်ခံရမယ် ဘယ်လောက် သနားစရာ ကောင်းမလဲ ကိုယ်ချင်းစာ ကြည့်စမ်း တဲ့။ ကျွန်မတို့ ထိုင်းကော်မတီ ဟာလဲ မဟာချူလာလောင်ကောင် တက္က သိုလ် မှာ မဟာတန်း တက်နေတဲ့ မြန်မာ သံဃာတော် တွေ ဦးစီးတာ ဖြစ်သလို မြန်မာကော်မတီဟာလဲ သတင်း စာ အယ်ဒီတာဟောင်းတွေ ဆေး တက္ကသိုလ် က ကထိကတွေ စတဲ့ ပညာတတ် လူကြီးလူကောင်းတွေ ဦးစီး လုပ်နေတာပါ။ ရွာကျောင်းက ဆရာတော် ကလဲ နိုင်ငံတော် သံဃ မဟာနာယက က ထောက်ခံထားတဲ့ စာရေး ဆရာ ပညာတတ် သာသနာပြု ဆရာတော်ပါ။

ဒီလိုနဲ့ ကျွန်မတို့တွေဟာ ကိုယ့် ချွေးနှဲစာ ကိုယ့်လခနဲ့ ကိုယ်လှူ၊ စရိတ်အဖြစ် သုံးပါတယ်။ နာဂစ် ဒဏ်ခံ ရတဲ့ အထဲက အခြေအနေ အဆိုးဆုံးနဲ့ လူသူ အရောက်အပေါက် အနည်းဆုံးမို့ ဘာ အကူအညီမှ မရကြ ရှာတဲ့ ချောင်းကြို မြောင်းကြားက ရွာသိမ် ရွာငယ်လေးတွေဆီကို ကိုယ့်စားရိတ် ကိုယ်ခံ ရှာဖွေ သွားရောက်ပြီး လှူပါ တယ်။ အပေါ်နေပူ အောက်က ဆားငံရေ စိမ်ထားလို့ မပုပ်နိုင်တဲ့ လူသေအလောင်း ရာနဲ့ချီပြီး ချာလပတ် လည်အောင် မျောနေ လှည့်နေတဲ့ ရေ၀ဲကြီးတွေကို သက်စွန့် ဆံဖျားကျော်ပြီး နာရီနဲ့ချီ ပဲ့ထောင် စီးရတဲ့ ရွာသိမ် တွေ ရှိခဲ့ဖူးတဲ့ နေရာကိုရောက်တော့ ပီနံအိတ်ဝတ်ပြီး အသံပျောက်နေတဲ့ ရွာသားတွေကို တွေ့ပါတယ်. စားစရာ အုန်းသီး သောက်စရာ အုန်းရေပဲ ရှိတော့လို့ပါ။ ဒီလိုနေရာတွေက ရွာသားတွေမှာ စိတ်ဓာတ် အကျ ကြီး ကျနေရာက အလှူရှင် အဖွဲ့ကို တွေ့တော့ စကားမပြောနိုင်အောင် ၀မ်းသာပြီး ငိုကြပါတယ်။ ဘ၀ကို တစ်ကနေ ပြန်မစ၊ အနှုတ်ကနေ ပြန်စရတဲ့ ရွာသားတွေ သူတို့ရဲ့ ကလေးငယ်တွေ… နိုင်ငံရပ်ခြားမှာ သာမန် လောက် ဒုက္ခရောက်တာလို့ ပြောနိုင်တဲ့ အလုပ်ပြုတ်တဲ့ အလုပ်အဆင်မပြေတဲ့ လူတွေတောင် ဒီလောက် စိတ်ဓာတ်ကျရင် စည်းစိမ် မိသားစု အိမ်နီးချင်း ဘ၀ပါ ပျက်တယ်လို့ ပြောရလောက်တဲ့ ဒီကပ်ဆိုးကြီး ဒဏ် ကနေ ရုန်းထရတာ ဘယ်လိုမှ မလွယ်ပါဘူး။
လယ်ပြန်စိုက်ဖို့ အိမ်ပြန်ဆောက်ဖို့ မဆိုထားနဲ့ သောက်ရေကန် ပြန်ဆယ်ဖို့ တောင် ပေါက်တူးမရှိ ဓားမရှိ၊ သေချင် လောက်အောင် စိတ်ဓာတ်ကျ နေတဲ့ လူတွေကို လုပ်ချင် ကိုင်ချင်စိတ် ပြန်ရှိလာအောင်၊ တနေ့စာ တနေ့ ဘယ်လိုရှာစားရမှန်း မသိ ဖြစ်နေတဲ့ မိဘတွေကို သူတို့ သားသမီးတွေကို ကျောင်းထားချင် လာအောင် ပြီးတော့ ကလေးတွေကိုလဲ ကျောင်းပြန် နေချင်စိတ်ပေါက် လာအောင်၊ ပြောရတာ လွယ်တဲ့ အလုပ် မဟုတ်ပါ ဘူး။ တဖက်ကလဲ ကျောင်းဆောက်ရသလို စာသင် ပေးမယ့် ဆရာ ရှာရတာလဲအလုပ်ကြီး တလုပ်ပါ။ အင်မတန် ခေါင်လွန်းတဲ့ ရွာလေး ဆီမှာ ဘ၀ကို နှစ်မြှုပ်ပြီး လာနေ စာသင် ပေး ချင်မယ့် ဆရာတွေနဲ့ အဲဒီ ဆရာတွေ အတွက် လုံလောက်တဲ့ စားဝတ် နေရေး ဖန်တီးပေးရတာ လဲ အပြော ထက် အလုပ် ခက်တာ လုပ်ဖူးသူတွေ သိမှာပါ။ ထိုင်းနိုင်ငံရောက် ရဟန်းတော် များက သူတို့ အလှူခံ လို့ ရတဲ့ န၀ကမ္မ ငွေစလေး တွေနဲ့ ကျောင်းသူ ကျောင်း သား တွေက သူတို့ မုန့်ဖိုးလေးတွေနဲ့ ရွှေ့ပြောင်း မြန်မာ အလုပ်သမား တွေက သူတို့ရဲ့ နေ့စားခ လေးတွေ နဲ့ တပိုင်တနိုင် စုပေါင်း လှူဒါန်းပြီး ဖျာပုံ မြို့နယ်စု ထဲက ပင်လယ်ဝမှာ ရှိတဲ့ ရွာသိမ်လေး တရွာကို စုပေါင်း ကူညီ ပံ့ပိုး ပေးနေခဲ့ကြပါတယ်။

ထိုင်းအခြေစိုက် ကော်မတီက အလှူငွေစု၊ ရန်ကုန် အခြေစိုက် ကော်မတီက အလှူငွေ တွေကို တလတခါ ၂လ တခါ ဆိုသလို ရွာကို ငွေလွှဲ၊ တခါတလေ ကိုယ်တိုင် သွားပို့ရင်း ရွာဦးကျောင်း ဆရာတော် လဲဖြစ် ဘုန်းတော် ကြီးသင် ပညာရေး ကျောင်း က ဆရာတော်လဲ ဖြစ်တဲ့ ဆရာတော် ဦးသုဒဿန နဲ့ ကပ္ပိယ များ ရွာမိရွာဖ များနဲ့ တိုင်ပင် ဆွေးနွေးပြီး အခြေအနေ တိုး တက်မှုကို ဆန်းစစ် လေ့လာ ရပါတယ်။ အခြေအနေ တွေကို ရန်ကုန် ကော်မတီ က ထိုင်း မှာရှိတဲ့ ကော်မတီကို အကြောင်း ကြားပြီး လိုအပ်သည် များကို ထပ်ပြီး ပံ့ပိုး ရပါတယ်။ ထိုင်းကော်မတီ ကလဲ ဖြစ်သင့်တာ ဖြစ်စေ ချင်တာ တွေကို ပြောပြပြီး လုပ်နိုင် မလုပ်နိုင် ပြန်မေးရ ပါတယ်။ ဒီလိုနဲ့ ဆရာတော် တပါးနဲ့ ကိုရင်ကြီး တပါးက ကျောင်းသား အယောက် ၁၅၀ကို ဘာသာစုံ သင်ပေး တဲ့ ဆရာအဖြစ် သင်ကြားပေး နေရတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလေးဟာ ကျောင်း ဆရာ ၅ယောက် တိုးချဲ့ ပြီး ကျောင်းသား ၃၅၀ ကို စာသင်ပေးနေတဲ့ ဘုန်းတော် ကြီးသင် ပညာရေး ကျောင်းလေး ဖြစ်လာခဲ့ ပါတယ်။

တဖက်က ဒီလို စီစဉ်နေရချိန်မှာ တခြားတဖက်က ဖြေရှင်းနေရတာ ကတော့ လူမှုရေး လုပ်ငန်းအကြောင်း နားလည် လောက် အောင် ဥာဏ်ရည် မမီသူ များလို့ ပြောရမလား အတွေး တိမ်တိမ်နဲ့ အထင်တလွဲ ဆုံးဖြတ် ချက် မြန်တဲ့လူတွေ လို့ ပြောရ မလား မမှန် သတင်းလွှင့် ချောက်ချ အပုပ်ချ မျိုးစုံအောင် ခံရပါတယ်။ တာဝန် လက်ရှိ ဗိုလ်မှူးတယောက် ကိုယ်တိုင် ရွာအထိ လိုက်လာ စစ်ဆေး ပြီးတဲ့အခါ မှာတော့ အဲဒီ ဗိုလ်မှူး ကိုယ်တိုင် က ကျောင်း အတွက် ကျပ်ငွေ ၂သိန်း လှူခဲ့ပြီး တွဲဖက် အစိုးရ မူလတန်းကျောင်းအဆင့် အထိ တိုးချဲ့ဖို့ ထောက်ခံစာ ရေးပေးပြီး လိုအပ်တာ တွေကို ကူညီသွားခဲ့ပါတယ်။ ကျွန်မတို့ အဲလောက်ထိ နောက်ကြောင်း ရှင်း ပွင့်လင်း ခဲ့တာပါ။

ဒီအကြောင်းတွေကို ရေးပြနေတာ အကြောင်းရှိပါတယ်။ အလှူရှင်တွေရဲ့ အချိန်တွေ ငွေတွေ စေတနာတွေကို အသိအမှတ် ပြု ပါတယ်။ အလှူရှင်တွေ ဘက်က လူမှုရေးကို အမှန်တကယ် စိတ်ရင်း စေတနာနဲ့ လုပ်ကိုင် လှူဒါန်း ပေးနေသူတွေ မှာလဲ ဘ၀ နဲ့ ရင်းတဲ့ အချိန်တွေ ပေးထား ရသလို ငွေတွေ စေတနာတွေ သူတို့လဲ ထည့်ဝင် လှူဒါန်း နေတယ် ဆိုတာကို သိစေချင် တာပါ။ ဒီကြားထဲမှာ အနှောင့်အယှက် မျိုးစုံနဲ့ အခက်အခဲ သောင်းခြောက်ထောင်ကို ရင်ဆိုင် ဖြေရှင်း နေရတာပါ။ ဒီကြားထဲမှာ ဟိုလိုမှ လှူချင်တာ ဒီလိုဆို ဘယ်လိုဖြစ် နေမှာပေါ့ စသဖြင့် လှူမယ့် ငွေလေး ကို ဖွားစော ကျောက်စာလောက် ထောင့်စေ့ချင် ကမ္ပည်း ထိုးချင်တဲ့ အလှူရှင် မျိုးနဲ့ ကြုံရရင် သူ့ရဲ့ သဒ္ဓါစိတ်လေး မပျက်ဖို့ ကိုယ့်မှာ ခန္တ်ီပါရမီ အင်မတန် ရင့်သန် ရပါတယ်။
ဒီအကြောင်းတွေကို ကျွန်မနဲ့ ခင်မင် ရင်းနှီးနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည် ပြောရင်း သူတို့ မေးရင် ပြောဖြစ် ပါတယ်။

ဒါပေမယ့် ခင်မင် ခဲ့တဲ့ လေးနှစ်တာ ကာလ အတွင်း တလကို အနည်းဆုံး ရက် ၂၀လောက် စိတ်ညစ်တယ်လို့ chatting ကနေ အော်ရင်း သူစိတ်ညစ် ပြေစေဖို့ ဖြန်ဖြေ နားထောင် ပုခုံးငှား ရင်ဘတ်ငှား အချိန်ပေး စကားပြော ခဲ့ရတဲ့ သူတယောက် ကိုတော့ ကျွန်မရဲ့ စိတ်ညစ်စရာ တွေကို ပြန် မဝေမျှ ခဲ့တာ ကျွန်မရဲ့ စေတနာပါ။ ဒါပေမယ့် အဲလောက် စိတ်ရှည် သည်းခံ နေတဲ့ ကြားထဲက သူ့ရဲ့ ချစ်သူနဲ့ ၂ကိုယ်တူ အလှူ လှူချင်တယ် ဆိုလာပြန်တော့ ထုံးစံအတိုင်း ကြည်စိုး အိုင်စီ ကြော်ငြာနဲ့ တူနေတဲ့ ကျွန်မရဲ့ အလှူလမ်းညွှန် ဂါထာကို ပြန်ရွတ်ပါတယ်။ မိဘမဲ့ မိန်းကလေးတွေချည့်သီးသန့် လှူချင် ရင်ရော ဆိုလာ ပြန်လို့ ဘလော့ဂါ ပင့်ခ်ဂိုးလ်တို့ ထာဝရ ပဒေသာပင် ဖြစ်အောင် သရက်ပင်တွေ သွားစိုက်လှူထားတဲ့ မြသိင်္ဂီ မယ် သီလရှင် သင် ပညာရေးကျောင်းကို ညွှန်ရင်း ပင့်ခ်ဂိုးလ်ဆီကနေ လိပ်စာတောင်းပြီး ပေးခဲ့ရပါသေးတယ်။ ကျွန်မတို့ အဖွဲ့ကို မေးလာ တော့ အခြေအနေ အရပ်ရပ်ကို အစကနေ နောက်ဆုံးအချိန်ထိ လှုပ်ရှားပုံ တိုးတက်ပြောင်းလဲပုံ ငွေစာရင်း ဓာတ်ပုံတွေက အစ အသေးစိတ် တင်ပြ ထားတဲ့ ဘလော့လင့်ခ်ရော ဘလော့ပေါ် မတင်ရသေးတဲ့ အခြေအနေတွေ အတွက် ဖော်ဝပ်မေးလ် တွေကိုပါ ပေးပို့ ခဲ့ပါတယ်။ လှူချင်ရင် လောလောဆယ် စိတ်ထဲ ပူပန်နေရတဲ့ ကျောင်းဆရာ လခကို လှူနိုင်ပြီး ပညာရေးနဲ့ ပတ်သက်ပြီးမှ လှူချင်သပ ဆိုရင် တော့ စာကြည့်တိုက်လို့ ပြောခဲ့တာပါ။ အဲဒီနောက် ရန်ကုန် ကော်မတီနဲ့ ဆက်သွယ် ချင်တယ် ဆိုလို့ ချိတ်ဆက် ပေးခဲ့ပါတယ်။

ရန်ကုန် ကော်မတီဝင် ကိုလဲ သူ့ချစ်သူက စီးစီးပိုးပိုး ပြစ်တင် ပြောဆိုခဲ့တဲ့ အပြင် တခြား လှူဖို့ အဖွဲ့အစည်း တွေရဲ့ လိပ်စာ တွေကို မေးမြန်းခဲ့လို့ ရန်ကုန် ကော်မတီဝင် ကလဲ သည်းခံ စိတ်ရှည်ပြီး အလှူ အထမြောက် ပါစေလို့ သဘောထားပြီး ကူညီ ခဲ့ရ ပါသေးတယ်။ ဒါပေမယ့် အလှူရှင် လုပ်ချင်သူပါလို့ ကြွေးကြော် ထားသူက မဟုတ်တမ်း တရားတွေကို ပြောပြချင်သော လို့ ခေါင်းစဉ်တပ် သူ့ဘလော့ပေါ် တင်ပြီး ကျွန်မကို စိတ်ဆိုး မာန်ဆိုး ရန်တွေ့၊ ရှိသမျှ ကော်မတီဝင်တွေကို ရွာကျောင်းက သာသနာ ပြု ဆရာတော်ကိုပါ မချန် စော်ကား ပြောဆို ထားတာတွေ မြင်လိုက်ချိန်မှာတော့ အံ့အားကြီး သင့်ရပါတယ်။ ဘယ်လို တွေ ဖြစ်ပျက်ခဲ့တယ် ဆိုတာ ကို အသေးစိတ် ပြန်ပြောဖို့ ရန်ကုန် ကော်မတီဝင်ကို ပြန်မေးတဲ့ အခါ တွဲလျက်ပါ အတိုင်း အဖြေ ရခဲ့ပါတယ်။

အင်ဂျင်နီယာ အဖြစ် ဘယ်အိမ်ယာတွေ ဆောက်ခဲ့တယ် ဆိုရင် ကျွန်မ တချက် ပြန်ထောက် မေးချင် ပါတယ်။ ဓနိမိုး ထရံကာ ကျောင်းအိမ်သာ တလုံးကို တသိန်းနဲ့ ၂လုံးဆို ၂သိန်းကျမယ် လို့ အကြောင်း ပြန်တာကို အပြစ် တင်ထားတဲ့ အချက်ကိုပါ။ ဟုတ်ကဲ့ ဓနိပျစ်ကို ခေါင်းပေါ်ရွက်ပြီး အခင်းကြီး သွားခိုင်းမယ် ဆိုရင် ငွေ တသိန်း မကုန်ပါဘူး။ ဒါပေမယ့် အိမ်သာ တလုံးကို အနည်းဆုံး ပင်မတိုင် လေးလုံး၊ ကြမ်းခင်း၊ ခေါင်မိုး တွဲဖို့ ထုတ် ဒိုင်း မြှား စတာတွေအတွက် သစ်ဝါးဈေး မြန်မာ နိုင်ငံမှာ ဘယ်ဈေး ပေါက်လဲ ဆိုတာလေး ပြန်စုံစမ်း ပြီးမှ ရွာသားတွေနဲ့ ကော်မတီဝင်တွေရဲ့စာရိတ္တကို ဆုံးဖြတ် စော်ကား ရင်လဲ အချိန်မနှောင်း ပါဘူး။

နောက်ပြီး ဘလော့ပေါ်က ကောမန့် ပေါ်မှာ ကျွန်မက ဘယ်သူ ဘယ်ဝါ နာမည် မဖော်ထား ပါဘူးလို့ တဖက် က ကြေညာ ထားပြီး ဖော်ဝပ်မေးလ်တွေ ထပ်ဆင့်ပေးပို့ နာမည်ဖျက် ထားတာဟာ အင်တာနက် ဥပဒေ စာပေ ရေးသား ခြင်းဖြင့် အသရေ ပျက်စေမှု ဥပေဒတွေနဲ့ တရားစွဲဆို လို့ ရတယ် ဆိုတာလေး သတိချပ်စေ ချင်ပါတယ်။ မဟုတ်တမ်းတရားတွေကို အမှားကို အမှန်လုပ် လိပ်ကိုမျောက် ဖြစ်အောင် သက်သေပြု ရေးသား ထားလို့ပါ။ ထိုင်းကော်မတီဝင် ကျွန်မရော ရန်ကုန် ကော်မတီဝင် ကပါ ငွေလှူဖို့ အတင်းအလှူ မခံသလို ကုန်ကျစရိတ် တွေကိုလဲ အရိုးသားဆုံးပဲ ပြောခဲ့တာပါ။

နောက်ဆုံး တချက် ပြောချင်တာ ကတော့ ကော်မတီဝင်တွေ အားလုံးက သုံးသပ်ကြတဲ့ စကားတခွန်း ကြောင့်ပါ။ အလှူရှင်နဲ့ ကျွန်မကြား ပုဂ္ဂိုလ်ရေး ရန်ငြိုးရန်စ မနာလို မုန်းထား ရှိသလားတဲ့။ စချဉ်းကပ်ပုံ ကနေ နောက်ဆုံး အချိန်ထိ လုပ်သွားပုံကို သုံးသပ်ရတာ လှူချင်လို့ ချဉ်းကပ်တာ မဟုတ်ဘဲ နာမည်ဖျက် ချင်လို့ အလှူကို ဗန်းပြ ချဉ်းကပ် တာနဲ့ တူနေလို့ ပါတဲ့။ ဟုတ်ကဲ့။ ကျွန်မကို မုန်းရင် ကျွန်မကို ထိခိုက်အောင် လုပ် ချင်ရင် ကျွန်မ တယောက် တည်း ထိခိုက်အောင် လုပ်ချင်တာ လုပ်ပါ။ သံသရာ ဘ၀ အဆက်ဆက် က ၀ဋ် ဟောင်းတွေ ကုန်အောင် ကံသစ် တွေ ရင်းပြီး ချွတ်ပေးတဲ့ သူအဖြစ် ကျွန်မ ကျေးဇူး တင်လိုက်ပါ့မယ်။ ဒါပေ မယ့် နဂို ကံဆိုး ပြီးသား အမိမြေက ဒုက္ခသည် တွေကို မစော်ကားပါနဲ့။ ဘ၀ပျက်လို့ နာလံမထူ နိုင်အောင် နာကျင် ပြီးသား လူ တွေကို ပို နာကျင် အောင် မလုပ်ပါနဲ့။ သူတို့ရဲ့ လာဘ်ကို မပိတ်ပါနဲ့။ ပြီးတော့ စေတနာ ဖြူစင် အကျင့်သီလ သန့်စင် လွန်းတဲ့ ကော်မတီဝင် တွေရဲ့ စာရိတ္တကို မစော်ကား ပါနဲ့။ အကြံပေးသူ ပြုလုပ် သူ ပူးပေါင်း ပါဝင်သူ တွေအပြင် အကြောင်းစုံကို သေချာ မသိသူတို့ အထင်လွဲ ပြစ်မှားမိရင် အကုသိုလ် ဖြစ်မှာ လူအများမို့ အပြစ် ကြီးလေးလွန်း လှပါတယ်။ အမိမြေက သွေးချင်းတွေ ၀ဋ်ကြီးလို့ ကပ်ဘေး တွေနဲ့ တိုက် ရိုက် ရော သွယ်ဝိုက် ပြီးပါ ဒုက္ခရောက် နေချိန်မှာ ၀ဋ်အသစ် တွေ ထပ်မပေးပါနဲ့။ ကျွန်မရဲ့ ၀ဋ်ဟောင်းတွေ လျော့အောင် လုပ်ပေးခဲ့တဲ့ မြတ်နိုး တယောက် နှလုံး စိတ်ဝမ်း ငြိမ်းချမ်းပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။

Read More...

Sunday, September 19, 2010

ကျွန်မ ဆိုးခဲ့ဖူးပါသည် (အပိုင်း- ၂)

သမိုင်းဟောင်းတွေ ဖတ်ရတာ မ၀လို့ သမိုင်းသစ်တွေ ရေးပါဦးလို့ တောင်းဆို လာကြတာ ကြောင့် နောက်ထပ် အဆိုး သမိုင်းသစ်လေးတွေ ထပ်ရေးဖို့ စဉ်းစားရပါတယ်။ အင်းပေါ့လေ ပြန်စဉ်းစား ယူရ တာပေါ့။ ကြီးလာတော့ ငယ်သူမို့ မသိပါ လုပ်လို့ မရတော့ဘူးလေ။ ဒီတော့ ချင့်ချင့် ချိန်ချိန် ဆိုး အဲလေ သိပ်မဆိုးတော့ဘူးလို့ ထင်တာပဲ။ ဒါနဲ့ ခုတလော face book နဲ့ သတင်းတွေမှာ ခေတ်စား နေတဲ့ ရန်ကုန် ဆေးရုံကြီးက ဆေးကုသမှု စနစ် အကြောင်း ဖတ်မိတော့ ဒီနေရာမှာ ပြည်သူနဲ့ တပ်မတော် ထူးမခြားနား တသားတည်း ရှိကြောင်း သတိရ တာနဲ့ သမိုင်းသစ်ကို ရေးလိုက်ပါတယ်။

ဆွေကြီးမျိုးကြီးက ဆင်းသက်လာတဲ့ ကျွန်မမှာ ညီအမ မောင်နှမ ၀မ်းကွဲ ခြောက်ဆယ်ကျော် ရှိပါ တယ် (ဒီလိုကြီးတဲ့ ဆွေကြီး မျိုးကြီး နော်) သူတို့ထဲက ကျွန်မထက် ငယ်တဲ့ တချို့ကို ကျွန်မက study guide လုပ်ပေးရတာက အကြီး တာဝန်ပေါ့။ ဆယ်တန်း အပြီး ကျောင်း လေးနှစ် ပိတ်ထားချိန် မှာတော့ မျက်နှာ နာရတဲ့ အသိမိတ်ဆွေတွေ သူတစိမ်း တွေရဲ့ သားသမီးတွေ ကိုလဲ study guide လုပ်ပေးရ ပါတယ်။ ဒီမှာတင် ကျွန်မရဲ့ လူငယ် ဘ၀လေး ဆုံးရှုံးသွား ပါရော။ အနေအထိုင် ဗရုတ်ကျ မလား .. မင်္ဂလာပါ ဆရာမ ဆိုတဲ့ လက်ညှိုးလေး ပါးစပ်နား တေ့ပြီး နှုတ်ဆက်သံ အဆုံးမှာ သေချင် စော် နံသွား တတ်ပါ တယ်။ ကျောင်းတွေ ပြန်ဖွင့်လို့ ကျွန်မ တက္ကသိုလ် ဒုတိယနှစ် အရောက် မှာ တော့ ကျွန်မ စာသင် ပေးခဲ့တဲ့ မောင်ငယ် တွေက စစ်ဆေး တက္ကသိုလ် ကျောင်းသား ကြီးတွေ ဖြစ်နေ ပါပြီ။ ကျွန်မ မှာတော့ ဘွဲ့ ရဖို့ နေနေသာသာ ကျောင်းတွေ တဆက်တည်း ဆက်တိုက် ဖွင့်ပါစေ ကြောင်း ဆုတောင်း နေရတဲ့ ဘ၀။ ဒါကြောင့်လဲ သူတို့က ကျောင်းဆက်တိုက် ဖွင့်မှာ သေချာတဲ့ တက္ကသိုလ်ကို မိဘတွေ အတင်းပို့လို့ ရောက်ခဲ့ကြ တာပဲကိုးး

သမီးရေ သမီးမောင်လေး ဆေးရုံ တင်ထားရတယ် အဖျားက ၁၀၆ ဖြစ်နေတာ ၅ရက် ဆက်တိုက်မို့ သူ့ စီနီယာတွေက သူ့ကို မင်္ဂလာဒုံ စစ်ဆေးရုံ တင်ထားရတယ်တဲ့။ အမေတို့တော့ လူနာမေး သွားပြီးပြီ ဒါပေမယ့် မောင်လေးက သူ့ မမကြီးကို တွေ့ချင် တယ်လို့ မှာလိုက်တယ် သွားတွေ့လိုက် ပါဦး သမီးရယ် လူမမာ အားရှိတာပေါ့

အမေက ဒီစကား ကို ဆိုလာတော့ စိုးရိမ်စိတ်က ကြီးလာပါတယ်။ ဒီမောင်ငယ်နဲ့ ကျွန်မက စိတ်လှိုင်း အလျားချင်း တူပုံ ရတယ် ။ တယောက် တနေရာစီ ဘယ်လို ကွဲနေပါစေ .. သူ တခုခု ဖြစ်တော့မည် ဆိုရင် ကိုယ် အိပ်မက် မက်တတ် သလို ကိုယ် တခုခု ဖြစ်နေပြီ ဆိုရင်လဲ သူ အိပ်မက် မက်တတ်တဲ့ အကျင့် ရှိတယ်။ ဒီတော့ အရေးအကြောင်းဆို အချင်း ချင်း အမြဲ သိနေကျ။ အဲဒီနေ့ မတိုင်ခင် ညကပဲ သူ ရေတွင်းထဲ ကနေ ပြန်မတက်နိုင်တဲ့ ပုံကို အိပ်မက် မက်ထား တာမို့ ပိုစိတ်ပူသွားပါရော။ ဒါပေမယ့် ကျွန်မက mid-term စာမေးပွဲ ကို နောက်နေ့ စဖြေရ တော့မှာပါ။ ကျွန်မအိမ် ကနေ မှော်ဘီက ကျောင်းကို အသွား လမ်းမှာပဲ မင်္ဂလာဒုံ စစ်ဆေးရုံ ကို ဖြတ်ရတာမို့ မနက်အစောကြီးထ ဘတ်စ်ကား နဲ့ ဆေးရုံသွား လူနာ မေး ပြီးရင် ခဏတဖြုတ် စကားပြော အားပေးပြီး ကျောင်းကား ကို ဆေးရုံရှေ့က တားစီး လိုက်ရင် စာမေးပွဲ လဲ မပျက် ကလေးလဲ စိတ်ချမ်းသာမယ် ဆိုပြီး အဲလို စီစဉ် လိုက်ပါတယ်။ စာမေးပွဲသာ ရှိတာ ကျောင်းက အပြန် တန်းပြီး ၀င်ရမယ့် ညနေပိုင်း study guide အလုပ် ကလဲ ဆက်လုပ် ရဦး မယ်လေ။ အချိန် တွေက ကွက်တိ။

မနက်စောစော ဆန်ပြုတ်ကျို၊ ရေခဲဗူးနဲ့ ထည့်ပြီး ဆရာမနဲ့ တူအောင် ၀တ်ရ စားရ သေးသည်။ ကျောင်းသားက ကိုယ် နဲ့ အသက် သိပ်မကွာလို့ အနေနီးလို့ စိတ်ကစားတာ မဖြစ် ရအောင် အိုရုပ် ထွက်အောင်က ၀တ်ရသေး။ ခါးတို လက် ရှည် ကြေးအို ရောင်ဖျော့ နဲ့ ဒူးနားချိတ် အညိုရင့်ကို ၀တ်ရင်း ခါးထိအောင် ရှည်တဲ့ ဆံပင် တွေကို သေချာ စည်းရ သည်။ ပြီးမှ ကျောင်း စာမေးပွဲ အတွက်ရော စာပြန် သင်ဖို့ ကျောင်းသား တွေအတွက် စာရွက်စာတမ်း တွေကိုပါ စစ် ဆေးပြီး အိမ်က ထွက်လာ ခဲ့ပါတော့တယ်။

ရောက်ပါပြီ စစ်ဆေးရုံ။ ငါးထပ်ဆောင်တဲ့ အဆောင်တွေကို အထပ်ရေ.. ဟုတ်ပြီ။ ဆေးရုံ ၀င်းရဲ့ မြောက် ဘက်ဆုံးက အဆောင်။ ဓာတ်လှေကားက မီးပျက်နေလို့ ၅ထပ်ကို ခြေလျင်တက် ဟုတ်ကဲ့ လူနာဆောင်က *** ရောက်ပြီ။ ဘယ်သူနဲ့ တွေ့ချင်လို့ပါရှင့်။ ဒီအခန်းနော် ဟုတ်ကဲ့။ ဟော တွေ့ပြီ။

မြင်ရတဲ့ မြင်ကွင်းက ရွှေရင်ဆို့။ အလေးမ အားကစား လုပ်ဖူးတဲ့ ဗလ တောင့်တောင့် မောင်ငယ်က လူရုပ် မပေါ်အောင် ပိန်ချုံးပြီး တကိုယ်လုံးက နီစုတ် နေသည်။ အနားကပ် ကြည့်မှ အင်ပြင် အနီစက် တွေက တကိုယ်လုံး အပြည့်။ နဖူးစမ်း တော့ မီးလိုပူ ခြေဖ၀ါးက ရေခဲလို အေးစက်။ ဆေးရုံတက်တာ ငါးရက်ရှိပြီ ဆရာဝန် တယောက်မှ လာမကြည့် သေးဘူး တဲ့။ ဆရာဝန်က လူနာဆောင်ကို ဖုံးဆက်ပြီး တာဝန်ကျ သူနာပြုက ပြောသမျှ နားထောင်ပြီး ဘာဆေး တိုက်လို့ ညွှန်ကြား သတဲ့။ လူနာက ဒီလောက် ဖျားနေချိန်မှာ ဘေးကုတင်က လူကြီးပိုင်း လူနာတွေက စွပ်ကျယ်နဲ့ ဆေးလိပ် တဖွားဖွား။ ပြတင်းပေါက်က လေစိမ်းက ဒလဟော။

ဒီလူတွေက လူနာ မဟုတ်ဘူးလား ဆိုတော့ ရှေ့တန်း မထွက် ချင်တဲ့ ဗိုလ်မှူးတွေ ငွေပေးပြီး ဆေးရုံ အတက်ပြ နေ တာတဲ့။ ဒါကြောင့် ဒီအဆောင်ကို အရာရှိဆောင်လို့ ခေါ်ပြီး ဆရာဝန် တွေ တော်ရုံ မလာဘူးတဲ့။ ဒီလို အဆောင်ကို ဘာလို့ ပို့လဲ ဆိုတော့ အရာရှိလောင်း ဗိုလ်လောင်း မို့ပါတဲ့။ ကောင်းကြရော။ ဒါနဲ့ လူနာကို ပြုစုဖို့ သပ်သပ် ရပ်ရပ် ဖြစ်အောင် ဆံပင်ကို ဆံထုံး ကျစ်ကျစ် ပြင်ထုံး ပစ်လိုက်သည်။

ကဲ ဆေးရုံက ဘာကျွေးထားလဲ ဆိုတော့ ပုံစံ ဆန်ပြုတ်ကို ကြည့်တော့ အော့မိ မတတ်။ အမ ပြုတ် လာတဲ့ ဆန်ပြုတ်ပဲ သောက်ပါ ဆိုပြီး တိုက်တော့ အန်ချတဲ့ အထဲမှာ သွေးတွေ။ ပေရေ ကုန်တာ တွေကို ဆေးဖို့ အိမ်သာ ဘက်ကို ထွက် လာတော့ အ၀မှာတင် အနံ့က ထောင်းထောင်းထ။ ဟယ် ရေငုပ် ချန်ပီယံပဲ အသက်အောင့် ထားလိုက်စမ်း ..

ရဲဆေးတင်ပြီး ၀င်လိုက်တော့ ခြတောင်ပို့ တွေလို ထိုးထိုး ထောင်ထောင်။ အရာရှိဆောင် လုပ်နေပြီး အဲဒီလောက် စည်းကမ်း မဲ့ရ သလား လို့ စိတ်ထဲက ကျိန်ဆဲပြီး ရေဖွင့်တော့ အဖြေသိ သွားသည်။ ရေမလာပါ။ ဒါနဲ့ အောက်ထပ် ပြေးဆင်း … ဆေးရုံ ရှေ့ က စတိုးဆိုင်မှာ ရေသန့်ဘူး ဆယ်ဘူးဝယ်။ ၅ထပ်ကို ပြန်ပြေးတက်။ သန့်စင်ပေး။ ရေ၀တ်နဲ့ နဖူးကို အုပ်ပေးတော့ ကယောင် ကတမ်းတွေ သက်သာ သွားသည်။ ဆန်ပြုတ် နည်းနည်း ထပ်တိုက်။ ထပ်အန် .. သွေးစက်တွေက ပိုများလာပြီ။ လျှော့ထားတဲ့ စိတ်က ထောင်းကနဲ ပြန်ထ လာသည်။

ဒီ လူနာဆောင် တာဝန်ခံ ဘယ်သူလဲ

ခပ်ဆတ်ဆတ် အသံကြောင့် ဗိုလ်မှူး လူနာ ဆိုသူက ကြောင်အမ်းအမ်းကြည့် ယောင်တောင်တောင် လက်ညှိုးထိုးသည်။ သုံးပွင့်နဲ့ အမကြီး တယောက်

ဒီလူနာကို ဆရာဝန် တရက်မှ လာမကြည့်သေးဘူးဆို

ဆရာဝန်က လူကိုယ်တိုင် မလာပေမယ့် ကျွန်မတို့ တချိန်လုံး ရီပို့ တင်ပေး နေပါတယ်။ ပြီးတော့ ဆရာဝန် ညွှန်ကြား ချက် အတိုင်း ဆေးတွေလဲ ဂရုတစိုက် တိုက်နေတာ ပဲလေ။ ဒါ ကျွန်မတို့ ဆီက ထုံးစံပဲ။

အိမ်သာတောင် ရေမရှိ။ ဆရာဝန်က မျက်စိနဲ့တောင် လာကြည့်ဖော် မရတာ ဂရုတစိုက် လား။ ရှင်တို့ ဆေးရုံက ၀န်ဆောင်မှု ဒါအကုန်ပဲလား .. ဒါဆို ကျွန်မရဲ့ မောင်ကို ခု ဆေးရုံက ဆင်းပေး။ ကျွန်မ ဘာသာ အပြင်ဆေးရုံမှာ ကုမယ်
(((ဟာ))) (((ရှင်)))
အဲလိုတော့ ဆင်းပေးလို့ မရဘူးရှင့်။ ကျွန်မတို့ ဆီက လူနာကို တခြား ဆေးရုံမှာ ပေးမကုဘူး။ ဒါထုံးစံ မရှိဘူး

ဒါဆို ကျွန်မ မောင်က ဒီမှာ ငုတ်တုတ် အသေခံ ရမှာလား.. ရှင်တို့ ၅ရက် လုံးလုံး ဂရုတစိုက် ကုပေး ထားလို့ လူရုပ် တောင် မထွက်တော့ဘူး ဟော့ဒီ ရေခွက်ထဲ မြင်လား သွေးတွေ။ ကျွန်မ ရှင်တို့ရဲ့ ကုသမှုကို အယုံအကြည် တစက်မှ မရှိတော့ဘူး။ ခု ဆေးမှူး ဘယ်မှာလဲ။ ကျွန်မ သူနဲ့ အခု တွေ့ချင် တယ်။

ဆေးမှူးက သူ့ ရုံးခန်းမှာ ရှင့် ။ သူ လူနာဆောင် လှည့်ဖို့ အချိန်မရှိတော့ဘူး နောက် နာရီဝက် ဆိုရင် သူ အမှတ် ၂ စစ်ဆေးရုံ သွားရတော့မယ်

(((ဘာပြောတယ်)))… ဟားးးး နေစမ်း ပါဦး အမှတ် ၂က လူတွေ မှာမှ အသက်ပါ တာလား။ ကျွန်မရဲ့ မောင် မှာ အသက် မပါ ဘူးလား။ ကျွန်မရဲ့ မောင်က လူညွန့် တုံးနေတဲ့ လူ မဟုတ်ဘူးရှင့်။ ပညာ သိပ် တော်တဲ့ ဆရာဝန် ဗိုလ်လောင်း။ ဒီလိုလူ ကိုတောင် ရှင်တို့ က အသက် ပါတယ် မအောက်မေ့ဘဲ ဒီလိုပဲ ပစ်ထား သလား။ အဲဒီ ဆေးမှူး ဒီလူနာဆောင်ကို မလာနိုင်ရင် ကျွန်မ သူ့ဆီကို သွားမယ်။ ခု ဖုန်းဆက်ပေး။ ကျွန်မကို မတွေ့ဘဲ အမှတ်၂ကို ထွက်သွားမယ် ဆိုရင် ကျွန်မ အဆိုး မဆိုနဲ့။ အခု ချက်ချင်း ကျွန်မ သူ့ဆီ သွားတွေ့မယ်။ ဒီလူနာကိုပါ ခေါ်သွားမယ်။

ရှင်.. ဟုတ် ဟုတ်ကဲ့။ ဒီလူနာကို ဘယ်လို ခေါ်သွား မလဲ သူ့ကို သယ်ဖို့ ဘီးတပ် ကုတင်လဲ မရှိဘူး။ ပြီးတော့ ဆေးရုံ ထဲမှာ ဆွဲပေးတဲ့ shuttle bus လဲ ခုချိန် မလာသေးဘူး။

ကျွန်မမောင်ကို ကျွန်မဖာသာ ဖြစ်အောင် ထမ်းခေါ် သွားမယ်။ ရှင့် ဆေးမှူးဆီသာ ရှင်ဖုန်းဆက်။

ဒီလိုနဲ့ စိတ်ဆောင်ရင် ဘယ်က အားဝင် လာမှန်း မသိတဲ့ ကျွန်မဟာ ပေါင်ချိန် ၁၆၀လောက် လေးတဲ့ မောင်လေးကို ထမ်းနိုင် ခဲ့တယ်။ အမြင်မတော်တဲ့ ဆရာကြီး (လက်မောင်း ၂ရစ်နဲ့) တယောက်က ကူတွဲတာမို့ ၂ယောက် ညှပ် တွဲရင်း ဆေးမှူး ဗိုလ်မှူး အခန်းကို ရောက်ခဲ့တယ်။ ကြောင်တောင် တောင် နဲ့ နည်းနည်း ရှိန်နေ ပုံ ပေါ်တဲ့ ဆေးမှူးက သေချာ စစ်ပေးပြီး အလန့်တကြား အလော သုံးဆယ်နဲ့ အရေးပေါ် အခန်းကို ပို့ လိုက်ပါတယ်။ သွေးဖောက်စစ်တော့ ဖြစ်နေ တဲ့ ရောဂါက ၀က်သက်။ တိုက်ထားတဲ့ ဆေးတွေက တိုက်ဖွိုက် ဆေး။ နောက်ထပ် ၆နာရီ နောက်ကျလို့ ၀က်သက်ပိုး ဦးနှောက်ထဲ ၀င်ရင် သေ ရင် သေ မသေရင် ရူးတော့ မည်တဲ့။ ပိုက်ကြီး ပိုက်ငယ် အသွယ်သွယ်က ခြေမှာရော လက်မှာ ပါ ချက်ချင်း တန်းလန်း ဖြစ်သွားပြီ.. ပျာယာတွေ ခတ်ပြီး သူကိုယ်တိုင် မိဘ တွေဆီ ဖုန်းဆက်။ လူကြီး တွေက တပ်မတော် အစိုးရ လက်ထက်မှာ တပ်မတော် ဆေးရုံမို့ စိတ်ချ နေရာက ဒရောသောပါး ရောက် လာကြ။ စိတ်ချရတဲ့ အချိန် ရောက်လို့ ဆေးရုံကို ကျောခိုင်း ခဲ့ချိန်မှာ စာမေးပွဲချိန် ပြီးသွား ခဲ့ပြီ။

မတတ်နိုင်။ တက္ကသိုလ်ဆီကို ဆက်လက် ချီတက်.. ဆရာမ တွေကို အနူးအညွတ် တောင်းပန်ပြီး တယောက်တည်း ပြန် ဖြေခွင့် လေးများ ရလိုရငြား တောင်းပန် ကြည့်မည် ပေါ့။ ကျောင်းကို ရောက်တော့ ဆရာမက ဟဲ့သမီး ဘယ်လို ဖြစ်လာ တာလဲ ဖြေနိုင်လား တဲ့။ တီချယ် ဒီလို ဒီလို ပါပဲ… သမီး မဖြေ လိုက်ရဘူး။ ဘယ်လို လုပ်ရမလဲ။ အသနား ခံစာ တင်ပြီး ပြန်ဖြေရ မလား … ဆရာမလဲ ကျောင်းအုပ် ကြီးနဲ့ တိုင်ပင်ပြီး မေးပေး ခွင့်တောင်း ပေးမယ် ဒါထက် သမီးရဲ့ ခုံနံပါတ်က ဘယ်လောက်လဲ

ဟောတော့။ အဖြေလွှာ အထပ်တွေ ကြားထဲမှာ ကျွန်မရဲ့ ခုံနံပါတ်နဲ့ အဖြေလွှာ လေးက အထင်းသား...

ကျောင်းသား အများကြီးကို ဆရာ ဆရာမ မလုံမလောက်နဲ့ သင်ကြား စေခဲ့တဲ့ စနစ်ရဲ့ အကျိုး သက်ရောက်မှု က ဘယ် ကျောင်းသားက ဘယ်ခုံနံပါတ် ဆိုတာ မမှတ်မိ၊ လူနဲ့ နာမည်နဲ့ မတွဲမိ။ ဒီတော့ ကျွန်မ ကိုယ်စား စာမေးပွဲကို ဘယ်သူ ၀င်ဖြေ ပေးခဲ့ မှန်းလဲ ခုချိန်ထိ မသိ။ အဖြစ်မှန်ကို အထက်ကို တင်ပြ ရင်လဲ ဖိထောင်း မယ့် အခြေအနေ တွေကြောင့် တိတ်တိတ် နေခဲ့ပြီး မဖြေ ခဲ့တဲ့ စာမေးပွဲ လေးလဲ အောင်ခဲ့ရ။

မောင်ငယ်လေး ဆေးရုံက ဆင်းလာတော့ လာနှုတ်ဆက်သည်။ မမကြီး ပေးတဲ့ အသက်ပဲ ရှိတော့သည် တဲ့။ ဒါထက် ဆေးရုံ မှာရော သူ့ကျောင်း မှာပါ ဟိုးလေး တကျော် နာမည်ကြီး သွားသည်။ ဆေးမှူး ဗိုလ်မှူး နဲ့ တကွ ဆေးရုံ တခု လုံး လူနာဆောင် တခုလုံးကို ပတ်ကြိမ်း ဆူငေါက် သွားခဲ့သော အနှီ မမသည် ဘယ် ဗိုလ်ချုပ် ကတော် ပါနည်း တဲ့။

သေဟဲ့ နန္ဒိယ!!!

စနစ်ကပဲ ဆိုးနေတာလား … ခေတ်ကပဲ ဆိုးနေတာလား … ကျွန်မကပဲ ဆိုးနေတာလား...

Read More...

Sunday, September 5, 2010

လွမ်းလိပ်ပြာတို့ အိမ်ပြန်ချိန်

လွမ်းတယ်… လွမ်းလိုက်တာကွယ်…
တမာမြေက အညာလေကို လွမ်းတယ်
ပုဂံလမ်းက ဦးဆောက်ပန်းကို လွမ်းတယ်
ညောင်ဦးကမ်းပါးက ဘူးဘုရားကို လွမ်းတယ်
ပုပ္ပားတောင်မြတ် စကားဝါနံ့တွေကို လွမ်းတယ်
သနပ်ခါး ပါးကွက်ကျား အညာသူများကို လွမ်းတယ်

အင်းလေးမှာမြူး ခြေနဲ့လှော်တဲ့ အင်းဆားကူးကို လွမ်းတယ်
ပအို့ဝ်မြေက မနောဖြူအူစင်း နောင်ဗိန်ကတဲ့ သွေးချင်းတွေကိုလွမ်းတယ်
ဆည်းလည်းသံဝေ ဘုရားမြေနဲ့ ငြိမ်းချမ်းအေးမြ ပရ၀ုဏ်အလှတွေကိုလွမ်းတယ်
ကန္တာရဆူး ဖုန်ပေတူးနဲ့ နီမောင်းမည်းနက် ရေနံမြေထဲက အသက်တွေကို လွမ်းတယ်
မြစိမ်းရောင်စို လယ်တောတခိုက ငုတ်တုတ် လှုပ်တုတ် စာခြောက်ရုပ်တွေကို လွမ်းတယ်

လွမ်းလွန်လွန်းတဲ့ ကယောက်ကယက် အလွမ်း ကာရံမညီ နရီမကျ မလှပလဲ ကစဉ့်ကလျဲ ပါပဲ
လွမ်းတယ်…

ဝိညာဉ်လိပ်ပြာ လွင့်ပျံသာလျှင်
လွမ်းတပါဘိ မွေးဇာတိကို
လျှင်ခါ ပျံသန်း တွေ့ဖို့ မှန်းသီ
လွမ်းလိပ်ပြာတို့ အိမ်ပြန်ပြီ…

(ကြိုးကြာငှက်တို့ အိမ်ပြန်ချိန် သီချင်းလေးကို ခင်မောင်တိုး သီဆို ထားတာမို့ မြန်မာတော်တော် များများ နားယဉ် နေမှာပါ။ သိပ်ကို သိမ်မွေ့ နူးညံ့တဲ့ လိပ်ပြာတွေလဲ မိုင်ထောင်ချီ ခရီးကို ဖြတ်လို့ အိမ်ပြန်ကြပါတယ်။ သူတို့ကတော့ Monarch Butter flies ပါ။ သူတို့ အကြောင်းကို ဖတ်ရင်း ၀င်မိတဲ့ အတွေးကြောင့် ဒီခေါင်းစဉ် လေး ကို ဖန်တီးလိုက်ပါတယ်။ )

Read More...

Monday, August 9, 2010

အမသက်ဝေ ချစ်လို့ တက်ဂ်တဲ့ အသွင်တူ၏မတူ၏

အမသက်ဝေက တက်ဂ်လာတယ် အသွင်တူ၏ မတူ၏ တဲ့။ အားရပါးရ စာရိုက်ပြီး စိစစ်ရေး တင်မလို့ မေးလ် တခုထဲမှာ သိမ်း လိုက်တာကို မှတ်မိတယ်။ ခုတော့ စိစစ်ရေးက အကြောင်းပြန်လို့ အတည်ပြုပြီး သားအချက် တွေ တင်မယ်ဆိုတော့ ပြန်ရှာတာ မတွေ့တော့ဘူး။ အဲလို အထားအသို အထိန်းအသိမ်း တော်တာပေါ့။ သိမ်းလိုက် ပြီဟေ့ ဆိုရင် သူငယ်ချင်း တယောက် ပြောဖူး သလိုပဲ။ သူများတွေက top secrete နင်က bottom secret ပဲတဲ့။ လျှို့လျှို့ဝှက်ဝှက်ကို သိမ်းလိုက်တာ ပြန်ရှာလို့ကို မတွေ့တော့ဘူးတဲ့ ။ ဒီအချက်က သူနဲ့ လုံးဝ မတူတဲ့ အချက် ပါပဲ။ သူကတော့ အရာအားလုံးကို ပွစာကြဲ နေအောင် ထားတယ်။ ဒါပေမယ့် ဘယ်အပုံ ရဲ့ ဘယ်ဘက် အပြိုလေးရဲ့ တ၀က်လောက်မှာ ဘာလေး ရှိတယ်က အစ မှတ်မိတဲ့သူပါ။ ကိုယ်ကတော့ သူ့ကို အမြဲ အော်လေ့ ရှိတယ်။ နဂါးနိုင်မင်း လို့။ သူ့အခန်းက ဂဠုန်တကောင် တောင်ပံနဲ့ စိတ်ရှိ လက်ရှိ ခတ်ထား လို့ ပွပလဲ ပြီး ရှုပ်ရှက်ခတ် နေတဲ့ အတိုင်းပါပဲ။ ကိုယ်ကလဲ မျက်စိထဲ ရှုပ်ရှုပ် မြင်ရင် စိတ်တွေပါ ရှုပ်လာပြီး အလိုလို ဒေါသတွေ ထွက်လာတတ်တဲ့ လူစား။ မနေနိုင်လို့ ကြိုက်သလောက်ဝင်ရှင်း တပတ် မခံပါဘူး။ ပြန် ပွတာပါပဲ။ သူကလဲကိုယ် ရှင်းပေးတာ မခံပါဘူး။ သူ့ ပစ္စည်းတွေ ကိုယ် ပြောင်းထားတဲ့ နေရာ မှာ အထာမကျ လို့ ပါတဲ့။ ဒီတော့ လင်မယား ၂ယောက်သား သူ့ အခန်းနဲ့ သူ ကိုယ့်အခန်းနဲ့ ကိုယ် ခွဲထား ရတော့တာပါပဲ။ ရှုပ်ချင်ရင် သူ့ အခန်း သူရှုပ်။ ကိုယ့်အခန်းထဲ လာမဖွနဲ့ ဒါပဲ။ သူ့အခန်းလား မြွေမ၀င် ကြွက်မ၀င်ပဲ။ ၀င်ပြီးရင် ပြန်စရာလမ်း မမှတ်မိတော့လို့ မ၀င်ရဲတာ နေမှာ။



ဒီလောက်ဆို ဘယ်သူက စိတ်ရှည်ပြီး ဘယ်သူက စိတ်တိုတတ်လဲ သိသာပြီ ထင်ပ။ အသည်းယားပြီး ကိုင် ဆောင့်ချင် စိတ် ပေါက်လောက်အောင် သူက စိတ်ရှည်ပါတယ်။ အင်မတန် သည်းညည်းခံနိုင်တဲ့လူပါ။ ဒါ ကြောင့် ဒီမိန်းမနဲ့ ဒီလောက် မြဲတာ ထင်ပ (သူများ မပြောခင် ကြိုပြောထားတာ)*** ၂ယောက်လုံးက တော်ရုံနဲ့ စိတ်မဆိုးတတ်တာက အသွင်တူတာ ဆိုရင် စိတ်ဆိုးပြီဟေ့ ဆိုရင် တုန့်ပြန်တတ်တာချင်းကတော့ တကယ့်ကို အသွင်မတူတာပါ။ ကိုယ်က စိတ်တိုလာရင် မျက်စိထဲ ဘာမှ မမြင်တော့ဘဲ တုန့်ပြန်တတ် သလောက် သူက လုံးဝကို သွေးအေးစွာနဲ့ သူ့စိတ်ထဲက အပြီး သတ် ထုတ်ပစ်လိုက်တာပါပဲ။ အကြောင်း တ၀က်လောက် သိတဲ့ လူတွေက ပြောကြတယ် ယောက်ျားက အေး သလောက် မိန်းမက စွာသတဲ့။ ကိုယ့် ယောက်ျား အေးတာက မီးအေးအေးလေး အရိုးပါ နူးတယ် ဆိုတော့ ရီကြ သေးတယ်။

စိတ်မြန်လက်မြန် ရှိလှတဲ့ ကိုယ်နဲ့ အေးအေးဆေးဆေး ချင့်ချင့်ချိန်ချိန် လုပ်လွန်းတဲ့သူနဲ့ အမြဲတမ်း သူတခွန်း ကိုယ်တခွန်း ဖြစ်တာ အပြင်ထွက်ခါနီးတိုင်းပါပဲ။ မိန်းကလေး ဖြစ်တဲ့ ကိုယ်က အစစ အဆင်သင့် ဖြစ်လို့ အိမ် အပြင် ရောက်နေချိန်မှာ သူက အိမ်ထဲမှာ ပြင်လို့ ဆင်လို့ ကောင်းတုန်း။ မိန်းမ ပိုးတုန်းကတော့ မနက် ၅ နာရီ အိပ်ရာထပြီး မနက် ၇နာရီဆို အဆောင် အောက် ရောက်နေပြီ အဲဒီတုန်းကလို ၀ီရိယ ကောင်းပါလား ဆိုတော့ ရယ်ဖြဲဖြဲနဲ့ တူဘူးတဲ့။ မိန်းမလဲ ချင့်ချင့်ချိန်ချိန် ပိုးတာပါ။ သက္ကရာဇ် ၂၀၀၀ မှာ စတွေ့ပြီး သဘော ကျ ပေမယ့် ချင့်ချိန်နေတာနဲ့ ၂၀၀၄မှ စပြီး ရည်းစားစကား ပြောဖြစ်တယ်လေ တဲ့။ ဘယ်လောက် အသည်း ယားဖို့ ကောင်း လဲ။ စိတ်တိုလာလို့ လည်ပင်း ထညှစ်မိတာ ကိုယ်လွန်လား ပြော။

ခုချိန်ထိ လင်မယား ၂ယောက်တူတူ ရုပ်ရှင်ရုံ တို့ ပန်းခြံတို့ ကစားကွင်းတို့ မသွားဖူး သေးဘူး ဆိုရင် ယုံကြပါ့ မလား မသိ။ ဘယ်သွားမလဲ ၂ယောက်လုံး ၀ါသနာမှ မပါတာ။ ကွန်ပြူတာ နဲ့တနေကုန် မထတမ်း ထမင်း ပန်းကန် ပေါင်ပေါ် တင်ပြီး ဂိမ်း ကစားမလား ဆိုရင် ဟဲဟဲ ဆိုတဲ့ နေရာမှာတော့ အသွင်တူပါတယ်။ သူက Medal of Honor ကို ရွှေ တံဆိပ် ရအောင် ကစား နေချိန်မှာ ကိုယ်က bejeweled 2 ကို ကွန်ဂရက် ကျူလေးရှင်း စာတမ်း ထွက်အောင် ဆော့ ပါတယ်။ ည ဆယ့်တစ်နာရီကနေ မနက်တစ်နာရီ ထိုးခါနီး အထိ ဖုန်းတတီတီ ဆက်ပြီး လင်မယား ကြား ၀င် နှောင့်ယှက်နေတဲ့သူ ရှိတာတောင် တချက် အော်ထုတ်ပြီး ဖုန်းကို vibration tone ပြောင်းပြီး ဂိမ်း အဆော့ မပြတ်တာ ၂ယောက်လုံးပါပဲ။ အဲဒါ ဘာလို့လဲ ဆိုတော့

ဗိုက်ခေါက်ကြီး ထပ် ထွက်မလာစေနဲ့နော် ကြည့်မရတော့ဘူး
ဒါဖြင့် သူလဲ ခြေထောက်ကြီး တုတ်လာတာ ထိန်းပေါ့
ဘာလဲ ခြေထောက်တုတ်လာတော့ မကြိုက်ဘူးလား ပိန်ပိန်သွယ်သွယ်လေးမှ ကြည့်ချင်တယ်ပေါ့လေ
အဲလို မပြောပေါင် တုတ်တုတ် ပိန်ပိန် ကိုယ့်မိန်းမက ကိုယ့်မိန်းမပဲ။
ဒါဖြင့် ဘာလို့ ပြောသေးလဲ။ တော်ကြာ ပိန်ပိန်သွယ်သွယ်လေး ဖြစ်သွားလို့ ပိုးပန်းတဲ့လူတွေ ပေါလာရင် ဘယ်လိုလုပ်မလဲ
အို သူ့ဟာသူ တဖက်သတ် ပေါတာ ပေါပေ့စေပေါ့ လက်ခုပ်ဆိုတာ ၂ဘက်တီးမှ မြည်တာ။ ကိုယ့်မိန်းမ ဘက်က မပါရင် တဖက်သတ်တွေ ကြားမှာ ကိုယ့်မိန်းမက ကိုယ့်မှ ကိုယ်ဆို ဂုဏ်တောင် ယူသေး။

ဟွန့် ဒါမျိုးကျ တတ်တယ်။ နေပေါ့ ၀ိတ်မချချင်လို့ ဗိုက်ကြီး ပူလဲ ပူပေါ့။ ဒါမှ ကောင်မလေးတွေက ဗိုက် ပူကြီးဆိုပြီး ဘယ်သူ မှ လှည့်မကြည့်တော့ဘူး။ အိမ်ထောင်သည်မှန်း သိလျက်ကြားက ဗိုက်ပူကြီးလျက်နဲ့မှ လာရင် ဘာကြောင့်လဲ ဆိုတာ အသိ သာကြီး။
သူတို့ဟာသူတို့ လာချင်လာ မလာချင်နေပေါ့ ဘာ ခေါင်းထဲ ထည့်ထားစရာရှိလဲ။
အမယ် ဒီကလဲ မထည့်ပေါင်။ အဲလိုအစားကို မက်တဲ့ယောက်ျား စောစောသွား နားအေးပဲ။
မက်စရာလား။ ကိုယ့်တယောက်တည်း အတွက် မဟုတ်ဘဲနဲ့ သူများတွေနဲ့ပါ အဲလို ဆက်ဆံနေတာ ရောဂါ တွေ ပါလာမှ ကျောချမ်း စရာကြီး
တော်ပါ… သူများ သားသမီးကို ပြောလိုက်ရင် ပိုးစိုးပက်စက်… သူတို့လဲ ဒီဘ၀ကို ရောက်ချင်လို့ ရောက် လာတာ မဟုတ်လောက် ပါဘူး။ လမ်းမှန်ပေါ် ဘယ်လိုပြန်တင်ပေးရပါ့
သူတို့တွေအတွက်က ပညာပေးနည်း တမျိုးနဲ့ မရလောက်ဘူး စီးပွားရေးက @#$%....

တပူးတွဲတွဲနဲ့ အရမ်းကြီး ချစ်ပြနေတာမျိုး မရှိဘဲ လမ်းတူတူ သွားလို့မှ လက်ချင်းမချိတ်တတ် ပုခုံးမဖက်တတ် လွန်းလို့ လင် မယားဆိုတာ မယုံကြဘဲ မောင်နှမလား လို့ မေးယူ တတ်ကြတာ ခံရဖူးပေမယ့် ဗျစ်တောက် ဗျစ်တောက် ပွစိပွစိ လေးတွေက လွဲရင်တခါမှ ခွန်းကြီးခွန်းငယ် စကားမများဖူးသေးပါ။ အဲဒါ ဘာကြောင့်လဲ။ အတင်းကြီး ညှိုယူထားရ လို့လား တယောက် ယောက်က လိုက်လျော နေရလို့လား အလျှော့ပေး နေရလို့ လား စသဖြင့် စိစစ်ရေး တင်ရင်း ပေါ်တင်မေး အဖြေရှာကြည့်တော့

နားလည်မှု ပါတဲ့။ သူကလဲ မလိုက်လျောရသလို ကိုယ်ကလဲ အလျော့မပေး ရပါ။ တခုပဲ ရှိပါ၏။ တယောက် စိတ်ဆင်းရဲ အနေ ကြပ်အောင် တယောက်က မလုပ်သလို တယောက် စိတ်မချမ်းသာ ဖြစ်ရ လောက်အောင် လဲ တယောက်က အလိုက်မသိ အခွင့်အရေး ယူနေတာမျိုးတွေ မရှိလို့ပါတဲ့။

ကိုယ်ကတော့ ခုချိန်ထိ သူ့ကို ကိုယ့် ခင်ပွန်းသည် လို့ မထင်မိဘဲ ကိုယ်တယောက်တည်း နေတုန်းကလို ခံစားချက် မျိုးနဲ့ ပြောဆို ဆက်ဆံ နေလို့ ရနေပြီး ကိုယ်တယောက်တည်း နေတုန်းကထက် ပိုပြီး လုံခြုံ ပြည့်စုံ သလို ခံစားရ တာဟာ သူက ကိုယ့်ရဲ့ better half ဖြစ်နေလို့များလား။ လူတိုင်း ကိုယ့်ရဲ့ နောက်တခြမ်းကို ရှာဖွေ တွေ့ရှိကြပါစေ။

အမသက်ဝေရေ ကျေနပ်တယ် ဟုတ်???

Read More...

Sunday, August 9, 2009

ပစ္စုပ္ပန်မှာ(အခုတလော...)…

ဘလော့မရေးဖြစ်တာ ကြာပြီ ဖြစ်ပေမယ့် သံယောဇဉ် ကြီးတဲ့ဘလော့ ရပ်ဝန်း မှာ ကိုယ့်ဘလော့ကို ခဏလေး လာချောင်းတုန်း စီဘောက်စ်ထဲမှာ တွေ့လိုက်ရတာ... တဂ် ထားတယ်တဲ့။ ထိတ်ကနဲ ပျော်သွားတယ်။ ဘလော့လောက ကနေ ဒီလောက် ပျောက်နေတာတောင် သံယောဇဉ် တကြီးနဲ့ မှတ်မှတ်ရရ နေမကောင်းတဲ့ ကြားက အမတန်ခူးက တကူးတက လာတဂ် ထားတော့ ဖြစ်အောင် ရေးမယ်လို့... ဒီလိုနဲ့ ခွန်မြလှိုင်ရဲ့ ပစ္စုပ္ပန်က လက်ချောင်းတွေ ကြားကနေ ထွက်ကျ လာခဲ့ရပါတယ်။

တွေးနေမိတာက…
နည်းနည်းဖြစ်ဖြစ် အားချင်တယ်.. ဘလော့ရေးချင်လှပြီ.. စိတ်ကူးထဲမှာ ပို့စ်တွေ ပြည့်နေပြီ

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက…
လောဘကြီးသော ကြောင်ကလေးလို့ အကိုဝမ်းကွဲ တစ်ယောက် နာမည်ပေးထားသလိုပဲ ဒါလဲ င့ါဟာ ဟိုဟာလဲ ငါ့ဟာဆိုပြီး လက်နဲ့ ဖိ ခြေထောက်နဲ့ဖိ အမြီးလေးနဲ့ လှမ်းထောက် နောက်ဆုံး ထောက်စရာ ခြေလက် အမြီး ကုန်သွားတဲ့အချိန် နောက်တခု ထပ်ပေါ်လာတော့ လျှာလေးနဲ့ လှမ်းထောက်ပြီး ငါ့ဟာ ငါ့ဟာ … အင်းး ဟိုဟာလဲ လုပ်ချင် ဒီဟာလဲ လုပ်ချင် .. အာာာ… ညှောာင်င်င်င်င်င်

ကျန်းမာရေး...
အိပ်ရေးပျက်တာ များပြီး စဉ်းစားရတာတွေ များနေလို့ ခေါင်းကိုက်တယ်… အအေးခံတာ များသွားလို့ ညာတခြမ်း ပြန်လေး နေတယ် … အိမ်ပြောင်းထားလို့ လက်မောင်း လက်ဆစ်တွေ ကိုက်နေတယ် .. အင်းးးး ခန္ဓာ အနိစ္စ၊ ခန္ဓာ ဒုက္ခ၊ ခန္ဓာ အနတ္တ…

ဖတ်ဖြစ်တဲ့ စာအုပ်တွေက…
မိုးကုတ် ဆရာတော် ဘုရားကြီး ဘဒ္ဒန ၀ိမလ ရဲ့ သေနည်း ၃မျိုး၊ သောတာပန် နဲ့ ပုထုဇဉ် ကွာခြားချက်၊ တယ်ဆိုးတဲ့ ငါပါလား၊ ချမ်းမြေ့ဆရာတော်ဘုရားရဲ့ သစ္စာလေးပါး တရားတော်… မဟာမြိုင် ဆရာတော် ဦးဇောတိက ရဲ့ ကိုယ်ပန်းသော်လည်း စိတ်မနွမ်းပါ… တဖြည်းဖြည်းနဲ့ အိပ်ရာ ခေါင်းရင်းမှာ စာအုပ်တွေ ပုံနေပြီ ဒီညတော့ ရှင်းဦးမှပါ။

ရောက်ဖြစ်နေတာက…
လမ်းပေါ်မှာ… ဟိုသွားလိုက် ဒီသွားလိုက်…

ရေးဖြစ်နေတာက
ခုတက်ဂ်ဂိမ်းလေ… မတန်ခူးပေါ့လို့…

နားထောင်ဖြစ်နေတာက…
ဂျပန် ဂီတ ပညာရှင် Kitaro ရဲ့ တီးလုံးသက်သက်တွေ…

ရွတ်နေမိတဲ့ ကဗျာက…
Kiplin ရဲ့ IF ကဗျာထဲက

အားလုံးက မင်းကို မုသားတွေနဲ့ ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းကလဲ အလိမ်အညာတွေနဲ့ မတုံ့ပြန်ဘူး ဆိုရင်…

မင်းရဲ့ ရန်သူက ဖြစ်စေ မိတ်ဆွေက ဖြစ်စေ
မင်းကို နာကျင်အောင် မလုပ်နိုင်စေခဲ့ရင်…

လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူး ဆိုရင်…

ဖြစ်ချင်နေတာက…
မတန်ခူးနဲ့ တူနေတယ်… ကိုယ့်တိုင်းကိုယ့်ပြည်မှာ volunteer အလုပ်တွေ လုပ်ချင်တယ်…

စားဖြစ်နေတတ်တာက…
ယောက်ခမ ချက်ကျွေးတဲ့ အိန္ဒိယ အငွေ့အသက်နဲ့ မြန်မာ ထမင်းဟင်းတွေပေါ့.. ကိုယ်မှ ဟင်းမချက် အားတာလေ.. နားလည်မှု ရှိစွာနဲ့ မငြီးမငြူ ချက်ကျွေးတဲ့ ယောက်ခမကို ကျေးဇူးကမ္ဘာပါ …

သနားနေမိတာက…
ကိုယ်အပါအ၀င် စစ်အာဏာရှင် စနစ် လက်အောက်က လူသားတွေ အားလုံးကိုပါ.. ဟုတ်တယ်လေ ကိုယ့်ကိုယ်ကိုမှ မသနားရင် ဘယ်သူက လာပြီး သနားမှာလဲလို့…

လွမ်းနေမိတာက…
ရွှေတိဂုံ ဘုရားကြီး… တမာမြေက ပုဂံလေ… ငယ်ငယ်တုန်းက အညာမြေ… သောကြာညနေတိုင်း သွားနေကျ ကမ္ဘာအေး ဘုရားဝင်းထဲက ဒဂုံသီရိ ဘေးမဲ့ကန်… လွမ်းတယ် ငါးကြီးတွေရေ… နင်တို့လဲ အပတ်တိုင်း မပျက်မကွက် လာတတ်တဲ့ ငါတို့ သုံးယောက်ကို လွမ်းနေမှာပဲနော်…

မေ့လျော့ပစ်နေမိတာက…
ငါအရင်လောက် အားမထုတ် နိုင်တော့ပါလားးး အို မေ့ထားမယ် ကြိုးစားရင် ကျည်ပွေ့တောင် အတက်ပေါက်သေးတာပဲ.. လာထားးး မိန်းမမေ့သမီးးးးး (ယောက်ျားဘသား ကို အားကျမခံတာ၊ အဲလို ယောက်ျားတွေနဲ့ ပြိုင်တတ်တဲ့ လူပေါ့)

ခါးသက်နေမိတာက…
ငါ့ဆွေ ငါ့မျိုး ငါ့အာဏာ အတွက် ငါဧ။် အရှက်ကို စွန့်လွှတ်ရန် အဓိဌာန် ပြုပါဧ။် ဆိုတဲ့ လူတွေကို….

တမ်းတနေမိတာက
တမာမြေက အညာလေ… အဘိုး နဲ့ အတူ နေခဲ့တဲ့ အချိန်တွေ..

ကြိတ်ပြီးချီးကျူးနေမိတာက
အို… ပေါ်တင်ပဲ … ကိုယ့်စိတ်ကို ပြန်လိမ်နေရရင် ကိုယ့်ကိုယ်ကို သစ္စာဖောက်သလို ဖြစ်ကုန်မှာပေါ့.. သနားပါတယ် ကိုယ့်ကိုယ်ကိုမှ သစ္စာမရှိရင် ဘယ်သူက ကိုယ့်လာ သစ္စာ ရှိပါ့မလဲ… ဒီတော့ ပေါ်တင်ပဲ ချီးကျူးပစ်လိုက်မယ်… ကိုယ်ချမ်းသာကြောင်း ငယ်ငေါင်းစုတ်ပဲ့ နုံနဲ့သော စကားကို ပြောမိပါလျှင် လျှာတိုအောင်ပင် ရိတ်ချင်ဧ။် ဆိုတဲ့ လူတွေ အားလုံးကို ချီးကျူးလေးစားတယ်…

ကြိတ်ပြီးအထင်သေးနေမိတာက…
ပေါ်တင်ပဲ အထင်သေးပါတယ်… ကိုယ်ချမ်းသာကြောင်း လိပ်ကိုမျောက် ဖြစ်အောင် မျောက်ကို ဇီးကွက် ဖြစ်အောင် မှောက်ချည်လှန်ချည် ပြောတတ်တဲ့ လူတွေကို အထင်သေးတယ်။

ဆန္ဒမရှိတဲ့နေရာ…
အပေါ်က အတိုင်း ကိုယ် အထင်သေးတဲ့ လူတွေနဲ့ မတွေ့ချင် မြင်လျက်သား ဖြစ်နေတဲ့ နေရာမှာ နေဖို့ ဆန္ဒ လုံးဝ လုံးဝ မရှိပါ။ ဘုရားက ဟောထားတာ အသေ၀လာစ ဗာလာနံ တဲ့။ ဇာတိမြေကို ချစ်ရမယ် မစွန့်ခွာရလို့ မဟောဘူးလေ။

ဆန္ဒရှိနေတဲ့ကိစ္စ…
တရားရက်ရှည်စခန်းဝင်ချင်တယ်… မတန်ခူးနဲ့ လုံးဝ တူနေတယ်… အမိမြေကို ပြန်ဖို့ကတော့ အင်းးးး

မုန်းတီးနေမိတာက…
ကောက်ကျစ်စဉ်းလဲမှု… ကိုယ်ချင်းစာ တရား ခေါင်းပါးမှု…

ချစ်နေတာက
သမီးလေးပေါ့.. တော်ရုံ ဘယ်သူ့ကိုမှ သိပ်မချစ်တတ်ဘဲ သွေးအေး စိမ်းသက် နေတတ်ပေမယ့် သမီးလေး ကျမှ ဘာလို့ ချစ်လဲ ဆိုတော့ အင်းးးး သိချင်ရင် မြတ်နိုးကိုသာ မေးကြည့်ကြပါကွယ် ဟိဟိ

စိတ်ပျက်နေမိတာက
သူမတူအောင် ခွင့်လွှတ် နေတတ်သလောက် ဒီအချက်ကို အခွင့်ကောင်းယူပြီး ကန်းတက်လာလို့ ချဉ်သွားပြီ ဆိုရင် လုံးဝ ခွင့်မလွှတ်တော့ဘဲ တိုးရင်းပေါင်း နာကျည်းမိ တတ်တဲ့ ကိုယ့်အကျင့်ပါ။ ပင်ပန်းလွန်းတယ်လေ။ ကြိုးစားပြီး ဖျောက်ဖျက်ပေမယ့် မရဘဲ အကျင့်ပါနေလို့ စိတ်ပျက်မိတယ် ကိုယ့်ကိုယ်ကို တကယ်ပဲ။

စွဲလမ်းနေမိတာက…
မြင်းလှည်းတွေနောက် ဖုန်လုံးကြီးတွေ လိုက်သွားတတ်တဲ့၊ မန်ကျည်းရွက်နုသုတ် ပဲဆီဆမ်းနဲ့ ကုက္ကိုရွက်ဟင်းချို လတ်လတ်ဆတ်ဆတ် တွေနဲ့ ထမင်းဝိုင်းတွေ ရှိတဲ့၊ ဆည်းလည်းသံ တချွင်ချွင်နဲ့ စေတီပုထိုး ပေါတဲ့ အညာမြေ။

လိုအပ်နေတာက
ပကတိ ငြိမ်းအေးခြင်း၊ ဒီအရသာကို မခံစားရတာ တော်တော်ကြာပြီ ဒီမနက် တော်တော့ကို ခေါင်းကိုက်လို့ တရားထိုင်ဖြစ်တော့မှ ခဏ ပြန်ခံစား မိလိုက်တယ် ဒါကြောင့်လဲ ခုလို စာရေးနိုင်တာ။

တောင်းနေမိတဲ့ဆု
အမတ အငြိမ်းဓာတ် နိဗ္ဗာန်မြတ်ဆီ ရောက်ရပါလိုဧ။် ရောက်ကြပါစေဧ။်

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက...
စိတ်ကောင်းလေး ခဏဖြစ်ဖြစ် မွေးကြပါ။

ဝန်ခံချင်တာက...
တဇွတ်ဆိုမှ တဇွတ်ပဲ ထိုးတဲ့ တဇွတ်ထိုး… တဇောက်ကန်း မဖြစ်သွားအောင် မနည်း ကြိုးစား နေရတဲ့သူပေါ့။ အမျိုးသားကတော့ ပြောရှာတယ် တဇွတ်ထိုး မဟုတ်ဘူး တဇွတ်ဇွတ် ထိုးနေတာ တဲ့… နောက်က လိုက်ထိန်း ရတဲ့ သူကို သနားပါဦးတဲ့လေ။

ကဲ… အမတန်ခူးရေ ကျေနပ်နိုင်ပါစေနော်…

Read More...