Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Saturday, December 31, 2011

မြန်မာနိုင်ငံကို ရာသီအလိုက် ပန်းပင်တွေနဲ့ ဆေးရောင်ခြယ်



သမီးလေး မွေးလို့ နားနေချိန်မှာ NHK သတင်းဌာနက ထုတ်လွှင့်နေတဲ့ ဂျပန်ရိုးရာ အိုဟနမိ ပန်းကြည့်ပွဲတော် အကြောင်းကို မထင်မှတ်ဘဲ ကြည့်လိုက်ရပါတယ်။ ပန်းရောင်နဲ့ အဖြူရောင် ချယ်ရီပင်တွေကို တစုတဝေး တည်း အုံလိုက် ကျင်းလိုက် စနစ်တကျ မြေယာ အခင်းအကျင်း ပြုပြင် စိုက်ပျိုးထားပြီး ပန်းတောအုပ်ထဲမှာ လူတွေက လည်ပတ် ပျော်မြူး ပျော်ပွဲစားထွက်လို့… ၀င်ကြေးကောက်သလို အမှတ်တရ ပစ္စည်း အရောင်းဆိုင် တွေနဲ့ ရာသီစာ ရိုးရာ အလိုက် စားသောက်စရာ ဈေးတန်းတွေလဲ ရှိပါတယ်။ ရိုးရာကို ထိန်းသိမ်းရာ ရောက် သလို ယဉ်ကျေးမှုနဲ့ အပန်းဖြေမှု အခြေပြု ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့၊ သဘာဝ ပတ်ဝန်းကျင် ကိုပါ ထိန်းသိမ်းရင်း ၀င်ငွေကောင်းနေတဲ့ အဲလို ပန်းကြည့်ပွဲတော်မျိုး မြန်မာနိုင်ငံမှာ ရှိအောင် လုပ်လို့ ရမလား လို့ တွေးမိတာပါ။ ကမ္ဘာလှည့်ခရီးသည်တွေဟာ ကွန်ကရစ်ပုံကြီးကို ငြီးငွေ့လို့ အပန်းဖြေဖို့ ထွက်လာတာများပြီး သဘာဝပတ်ဝန်းကျင် အခြေပြု ခရီးသွားလုပ်ငန်း တိုးတက်နေတဲ့ ခေတ်ကြီး မှာ ကျွန်မတို့ နိုင်ငံမှာ ရှိတဲ့ ပွဲတော်တွေနဲ့ တချိန်တည်း ပင်လုံးကျွတ် ပွင့်တဲ့ သစ်ပင် ပန်းမန်တွေကို စဉ်းစား မိပါတယ်။


တန်ခူးလ သင်္ကြန်ပွဲနဲ့ ခွဲမရတဲ့ ပန်းက ပိတောက်ပါ။ မြန်မာနိုင်ငံမှာ ပိတောက်ကို ချစ်မြတ်နိုးသူများသလောက် တကူးတက တောအုပ်ဖြစ်အောင် စိုက်တာတော့ မကြားဖူးသေးပါဘူး။ တနှစ်မှာ တရက်တည်း ပွင့်တဲ့ ပိတောက် ဆိုတာ သဘာဝ အလေ့ကျဆိုရင်သာ အဲလိုပွင့်တာပါ။ ရာသီပန်းဆိုတာ အငုံကို ရေဖျန်းရင် ပင်ခြေ ကို ရေ အနည်းအများ ချင့်ချိန်လောင်းရင် ပွင့်တာပါပဲ။ ဒါပေမယ့် ရှားရှားပါးပါး ပိတောက်ပွဲတော် လုပ်ရင်ရော ဂျပန်တို့ရဲ့ အိုဟနမိ ပန်းကြည့်ပွဲတော်မျိုး မဖြစ်နိုင်စရာ ရှိသလား။ နိုင်ငံခြားသားတောင် အလည်အပတ် မျှော် စရာမလိုဘဲ ကျွန်မတို့ မြန်မာတွေ ပိတောက်ချစ်သူတွေ ပိတောက် သီချင်းတွေ နားဆင်ရင်း ပိတောက်တောမှာ အပန်းဖြေရင်း ပိတောက်နံ့ထဲမှာ မျောချင်ပါသေးတယ်။ လမ်းမကြီးတွေ တဖက်တချက်တွေ ပိတောက်ပင်တွေ တန်းစီစိုက်ရင်း သင်္ကြန်တွင်းမှာ ပိတောက်ပင်တွေအောက် မဏ္ဍပ် ဆောက်လို့ မြန်မာ့ရိုးရာ သင်္ကြန်ကို ယဉ်ကျေးမှု မပျက် ဆင်နွှဲနိုင်မယ်ဆိုရင် ထိုင်းနိုင်ငံက ချင်းမိုင်သင်္ကြန်ကို ပြုံကျနေတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ မြန်မာနိုင်ငံဘက် ခြေဦးလှည့်လာကြမှာပါ။ ထိုက်သင့်တဲ့ အိမ်ရှင်ကောင်း ပီသမှုနဲ့ အခြေခံ အဆောက်အဦလို့ ခေါ်တဲ့ ဘဏ်စနစ်၊ နိုင်ငံတကာ အဆင့်မီ လူနေထိုင်မှု စနစ်တော့ ရှိရင် အတိုင်းထက် အလွန်ပါ။

မတ်လကနေ မေလအကြားဆိုရင်တော့ ပင်လုံးကျွတ် နီရဲ ၀ါထိန် နေအောင်ပွင့်တဲ့ စိန်ပန်းပင်တွေကို အားကိုး နိုင်ပါတယ်။ ပွင့်စ ပွင့်ဆဲ နဲ့ ကြွေချိန်တလျှောက်လုံး ထိုင်ခုံလေးချပြီး ငေးရလောက်အောင် လွမ်းမောစရာ လှပ တဲ့ ရှုခင်းကို နွေသီချင်းလေးတွေ ခံစားရင်းနဲ့ ဆင်နွှဲချင်တာပါ။ ရာသီစာ ရိုးရာ မုန့်ပဲသရေစာလေးတွေ ပါရင် ပြည့်စုံပြီပေါ့။ အညာဒေသတွေမှာတော့ တမာတောတွေ ပင်လုံးကျွတ်ပွင့်ချိန်မှာ လှလဲလှ မွှေးလဲ မွှေးလွန်း ပါတယ်။ တမာတောကို လေတိုးပြီး တမာပန်းနံ့ ထုံနေတဲ့ လေဟာ အဆုတ်ရောဂါရှင်တွေအတွက်လဲ ကောင်း လှပါတယ်။ တမာတော အပန်းဖြေစခန်းများ ရှိရင်ဖြင့် တမာထွက် ပစ္စည်းပေါင်းစုံ ရောင်းချနိုင်ပါဦးမယ်။
မိုးဦး ဇွန် ဇူလိုင် ဆိုရင်တော့ ကဗျာ သီချင်း ဖွဲ့သီရေးရတဲ့ ပင်လုံးကျွတ်ပွင့်တဲ့ ခရေ တို့ရဲ့ ရာသီချိန်ပါ။ မိုးဖွဲဖွဲ မှာ ခရေတောထဲ ထီးလေးဆောင်းရင်း ခရေနံ့တသင်းသင်းမှာ လမ်းလျှောက်လို့ နားနေတဲကို ရောက်ရင်တော့ ကော်ဖီ လက်ဖက်ရည် တအိုးနဲ့ နွေးနွေးထွေးထွေး ခံစား အပန်းဖြေ နိုင်ပါတယ်။


မိုးတွင်းကာလမှာတော့ စကားပွင့်ရောင်စုံကို တောအုပ်သဖွယ် ပန်းတွေနဲ့ အလှခြယ်နိုင်ပါတယ်။ မိုးရာသီ ပင်လုံးကျွတ်ပွင့်တဲ့ စံကားဝါကို နှစ်သက်လွန်းလို့ စံကားဝါဖြစ်ထွန်းတဲ့ မြေလတ်ဒေသမှာ စံကားဝါ ဥယျာဉ် ဖန်တီးချင်တဲ့ အာသီသ ကျွန်မ မှာ ရှိနေပါတယ်။ မိုးအကုန် အောက်တိုဘာ မှာတော့ သီတင်းကျွတ် မီးထွန်း ပွဲတော်နဲ့ ခွဲမရတဲ့ ကြာပန်းရောင်စုံ ဖူးပွင့်ပါပြီ။ တရုတ်နိုင်ငံ မှာတော့ ကြာမျိုးပေါင်းစုံကို စုစည်းပြီး ကြာပန်း ကြည့် ပွဲတော်ကို တခမ်းတနား ဆင်ယင် ကျင်းပတာပါ။ ကြာပန်းမျိုး ရောင်စုံထဲမှာ အာကာသထဲကို ယူသွား မျိုးပွားခဲ့လို့ သာမန်ထက် အဆ၂၀လောက် ကြီးကြီး ပွင့်တဲ့ ကြာပန်းလဲ ပါဝင်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံ မှာလဲ သူတို့လောက် မဟုတ်ရင်တောင် သူတို့လောက် နီးပါး ကြာမျိုးပေါင်းစုံ သဘာဝအတိုင်း ရှိပြီးသားပါ။ မန္တလေးတိုင်း မိတ္ထီလာခရိုင် မလှိုင်မြို့ ရွှေပေါ်ကျွန်း စေတော်ဝင် ကျောင်းနားက ရေကန်ကြီး ထဲမှာ အချင်း ၂ပေလောက် ကြီးတဲ့ ကြာပန်းမျိုးတွေ ရှိနေပါတယ်။ ရွှေပေါ်ကျွန်း ကြာမျိုး မဟုတ်ပေမယ့် အဲလောက်နီးပါး ကြီးတဲ့ အချင်းတပေခွဲလောက်ရှိတဲ့ ကြာပန်းမျိုးတွေကတော့ မြောက်ဒဂုံ ၄၈ရပ်ကွက်ထဲက ကန်ထဲမှာ ပွင့်လန်းနေတာပါ။ ရှိပြီးသား ရိုးရာ ယဉ်ကျေးမှု သယံဇာတ တွေကို နိုင်ငံတကာ အလယ်မှာ ချပြ ဂုဏ်ယူ အသုံးချဖို့ပဲ ကျန်ပါတယ်။

နိုဝင်ဘာလ ဖြစ်တဲ့ တန်ဆောင်မုန်း တန်ဆောင်တိုင်ပွဲတော်နဲ့ တပြိုင်တည်း ပင်လုံးကျွတ် ပွင့်တဲ့ မယ်ဇလီပင် တွေနဲ့ အတူ ဆေးပေါင်းခတဲ့ မယ်ဇလီဖူးသုတ် ကို ခံစားနိုင်ပါသေးတယ်။ အဲဒီနောက် ဆောင်းရာသီ တ လျှောက်လုံး လိုလို ပင်လုံးကျွတ်ပွင့်တဲ့ ကရမက်ပင်၊ သော်ကကြီး၊ သရဖီနဲ့ ကံ့ကော်တို့ကို ခံစားနိုင်ပါတယ်။ ရန်ကုန် တက္ကသိုလ်ဝင်းကြီးထဲက ကံ့ကော်တော ခမျာမှာတော့ တောရှင်းပြီး စာကြည့်တိုက်ဆောက်ပစ်တဲ့ ဥာဏ်ကြီးရှင် တယောက်ကြောင့် ခုတော့ မရှိတော့ပါဘူး။ ရန်ကုန်က ကမ္ဘာအေးဘုရားဝင်းထဲ လိုဏ်ဂူပတ်လမ်း တလျှောက် မှာတော့ ကံ့ကော်ပင်တွေ စီတန်း စိုက်ပျိုးထားလို့ တပေါင်းပွဲတော် အချိန်မှာ ကံ့ကော်ဝတ်မှုန် လမ်းပေါ်ကနေ လျှောက်လှမ်းနိုင်တဲ့ အထိ ရှုမငြီးနိုင်စရာ လှပမွှေးကြိုင်လွန်းပါတယ်။

ပြီးတော့ ဆောင်းရာသီတလျှောက် ခြုံလိုက်နွယ်လိုက် ဆင်ယင်နိုင်ရင် ဆင်ယင်နိုင်သလောက် ရုံလိုက် အုံ လိုက်ပွင့်တဲ့ မွှေးကြိုင်လှတဲ့ နွယ်ပန်းပင်တွေ ပေါများ လွန်းပါတယ်။ ပန်းဥယျာဉ် တွေ အဖြစ်သာမက မြို့ရွာ တွေရဲ့ လမ်းတွေအလိုက် တန်ဆာဆင်နိုင်ရင်ဖြင့် ဒေသခံ နေထိုင်သူတွေအတွက် အင်မတန် ကျက်သရေ ရှိသလို စိတ်လက် လန်းဆန်းစေမှာပါ။ ဖြတ်သွားဖြတ်လာ ဧည့်သည်တွေ အတွက်လဲ ဆွဲဆောင်မှု တရပ် ဖြစ်ပါလိမ့်မယ်။
ဂျပန်နိုင်ငံက အိုဟနမိ ပွဲတော်ဟာ ပန်းအလှကိုသာရှုစားနိုင်တာ ဖြစ်ပြီး ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ ပန်းရနံ့ကိုပါ ရှုရှိုက်ခံစားနိုင်တဲ့ ပင်လုံးကျွတ် ပွင့်တဲ့ ပန်းမျိုးစုံ ၁၂ရာသီလုံး ဖူးပွင့်နေပါတယ်။
ရန်ကုန်မြို့မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ကျွန်မကတော့ လူသိများပြီးသား အင်းလျား ကန်တော်ကြီးနဲ့ လှော်ကား ဥယျာဉ်တို့ကို ရာသီအလိုက် ပင်လုံးကျွတ်ပွင့်တဲ့ ပန်းရောင်စုံနဲ့ အလှခြယ်ပြီး ပန်းကြည့်ပွဲတော် ဖန်တီး ထားတာ မြင်ချင်စိတ်တွေ ပြင်းထန်သူပါ။

ဒီစာကိုရေးနေချိန်မှာပဲ ချင်းပြည်နယ်က ရွာလေး တရွာကို ကဘာ့အကြီးဆုံး ချယ်ရီစိုက်ခင်းအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေတဲ့ သတင်းတပုဒ်ကို ဖတ်မိပါတယ်။ ကိုယ့်မြို့ရွာဖွံ့ဖြိုးတိုးတက်ရေး အတွက် ခုလို သစ်ပင်ပန်းမန် စိုက်ခင်း တွေကိုစိုက်ပျိုးပြီး ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်အောင် ကြိုးစားတဲ့ ချင်းအမျိုးသမီးကြီးကို ကျွန်မ လှိုက်လှိုက်လှဲလှဲ ဂါရ၀ပြုမိပါတယ်။ မြန်မာနိုင်ငံတွင်းက သက်ဆိုင်ရာ မြို့မိမြို့ဖ များလဲ သက်ဆိုင်ရာ ရေမြေမှာ ဖြစ်ထွန်းမယ့် ပင်လုံးကျွတ်ပွင့်တဲ့ သစ်ပင် ပန်းပင်တွေကို ဒီလိုသာ မြိုင်မြိုင်ဆိုင်ဆိုင် စိုက်ပျိုးလိုက်ရင်ဖြင့် ဆေးရောင်စုံ ပန်းချီကားကြီးတချပ်အဖြစ် မြန်မာကို ကမ္ဘာက အာ၇ုံစိုက်မိမှာပါ။ အမိ မြန်မာမြေမှာ ပန်းရောင်စုံ တို့ရဲ့ အလှ ရနံ့တွေနဲ့ သင်းထုံလှပ ကြွယ်ဝနေပြီး နိုင်ငံတကာက တန်ဖိုးထားလို့ လာရောက်ကြည့်ရှုရင်း ရင်သပ်ရှုမော ဖြစ်ရမှာ အသေအချာပါပဲရှင်။

Read More...

Sunday, April 17, 2011

သင်္ကြန် လည်ပြန်

သင်္ကြန်ဆိုတဲ့ စကားဟာ မြန်မာလူမျိုးတိုင်းအတွက် အသံလေး ကြားရင်ကို ဟန်မဆောင် နိုင်လောက်အောင် ချစ်မက် မြတ်နိုးကြတဲ့ စကား… သင်္ကြန်ရေသဘင်ပွဲ ကလဲ နှစ်သစ်ကူး ရောက်တိုင်း အထိမ်းအမှတ်အဖြစ် တမြတ်တနိုး တန်ဖိုးထား ဆင်နွဲကြတဲ့ပွဲ… ဒီပွဲကို မြန်မာနိုင်ငံတွင်းမှာသာမက နိုင်ငံတကာ ရောက်နေကြတဲ့
ပြည်ပရောက် မြန်မာတွေကပါ ဖြစ်နိုင်သည့်နည်းဖြင့် ဆင်နွဲကြသည်။

နှစ်ဟောင်းက အညစ်အကြေးတွေ စင်ကြယ်ပါစေ ဆိုတဲ့ သင်္ကေတ၊ ပူလောင် နေတဲ့ နွေရာသီမှာ အေးချမ်း ပါစေ ဆိုတဲ့ စိတ်စေတနာ … ဒီလောက် လှပတဲ့ အတိတ်နမိတ်တွေနဲ့ ကျင်းပတဲ့ နှစ်သစ်ကူး အတာ ရေသဘင် ပွဲတော် သင်္ကြန်… သင်္ကြန်တွင်းမှာ စတုဒိသာ အလှူပွဲတွေ ခြိမ့်ခြိမ့်သဲသဲ… နွေရာသီ ပူပူမှာ တေဇောဓာတ် လွန်ကဲပြီး ၀မ်းပျက် ၀မ်းလျှော မဖြစ်ကြအောင် မြန်မာ့တိုင်းရင်းဆေး ပညာနဲ့ တွက်ဆပြီး အချိုကဲတဲ့ ပထ၀ီ ဓာတ် များတဲ့ မုန့်လုံးရေပေါ်နဲ့ ရွှေရင်အေးကို စီမံ ဒါနပြုကြသည်။ ၇ရက် သားသမီးများ အေးချမ်း ကြစေဖို့ အတာအိုးထဲ ၇နေ့ ၇နံ ပန်းမန်တွေ စိုက်ကာ သိကြားမင်းကို ကြိုကြသည်။ တနှစ်တာ လုပ်ခဲ့သမျှ ကောင်းတာ လုပ်သူတွေကို သိကြားမင်းက ရွှေပုရပိုဒ်နဲ့ ရေးမှတ် စာရင်းကောက်ပြီး မကောင်းတာ လုပ်သူတွေကို ခွေး သားရေ ပုရပိုဒ်နဲ့ ရေးမှတ် စာရင်းကောက်သည်ဟု အဆိုရှိကြသည်။ သိကြားမင်း တကယ် လာတာ မလာတာ အသာထား … စိတ်ဓာတ် စစ်ဆင်ရေး အရ စိတ်ကောင်း အလုပ်ကောင်း ထားကြဖို့ သိကြားမင်းနဲ့ ချည်တုပ် ထားရာ ရောက်သဖြင့် ကြိုက်သည်။ ဒီလောက် အနှစ်သာရ ပြည့်ဝတဲ့ ဒီသင်္ကြန် ကို ဒီဘက် နှစ်တွေမှာ ဘာကြောင့် များ မူးရူး ရိုင်းစိုင်းနေတဲ့ သရုပ်ပျက် ပုံစံတွေနဲ့ ဆင်နွှဲ ကြတာ ပါလိမ့်…

ငယ်ရွယ်စဉ် ကလေးဘ၀ သင်္ကြန်သည် ရေဖြန်းရုံ ရေလောင်းရုံသာ… မှတ်မှတ်ရရ ၈၈ လူထု အရေးတော်ပုံကြီး အပြီးမှာ သင်္ကြန်သည် စတင် ရိုင်းစိုင်း လာခဲ့သည်။ ခွက်စောင်းခုတ် ပြွှတ်နဲ့ မျက်နှာတွေ နားတွေကိုထိုး တာ တွေ လုပ်လာကြသည်။ ပိုဆိုးသည်က ရေပူဖောင်း ရေထုပ်များ… ၁၉၉၃ သင်္ကြန်က စပြီး ရေပူဖောင်း ရေထုပ် များနဲ့ ပစ်ပေါက် ကစားသူတွေကို ဖမ်းဆီး အပြစ်ပေးနိုင်သည့် အမိန့် ထွက်ပါမှ သက်သာရာ ရသည်။ သို့သော် ဆပ်ပြာမြှုပ် ဖြန်းသည့် ဗူးများဖြင့် မျက်စိထဲ ဖြန်းထည့် ကြသည် အထိ ရိုင်းစိုင်း စိတ်ထား ဆိုးယုတ် လာကြတဲ့ နောက်ပိုင်း သင်္ကြန်ကို ချစ်မြတ်နိုးလှသော ကျွန်မ .. သင်္ကြန်တွင်းမှာ ရိပ်သာ တရားစခန်းသာ ၀င်ဖြစ် ခဲ့တော့သည်။ နောက်ပိုင်း နောက်ပိုင်း နှစ်တွေမှာတော့ မြန်မာ နိုင်ငံတွင်းက သင်္ကြန်တွေက အနှစ်သာရ ကင်းမဲ့ ပျက်သုဉ်း လာခဲ့သည်။ တနှစ်မှ တခါ ပျော်ရတာမို့ ခွင့်လွှတ် နားလည် ပေးပါ၊ ဒီအချိန်လေး စိတ် ထွက်ပေါက် ရှာရတာမို့ ဖြေတွေးပေးလိုက်ပါ ဆိုတဲ့ စကားတွေကို ပြော ထွက် သူတွေကို ကျွန်မ ဘယ်လိုမှ နားမလည်နိုင်… နှစ်သစ်ကူး အခါသမယ မှာ မင်္ဂလာရှိရှိ ကြက်သရေ ရှိရှိ မနေသင့် ဘူးလား… ဒီလို ဟော့ရမ်း သော့သွမ်း နေရမှ ပျော်သတဲ့လား… စိတ်ထွက်ပေါက်က ကောင်းရာ ကောင်းကြောင်း နည်းနဲ့ ထွက်ပေါက် မရှာတတ်ဘူးလား… ကျွန်မ မြတ်နိုးတဲ့ သင်္ကြန်လေး ရုပ်ဆိုး ပျက်စီး ရတာကို နှမြော မဆုံးပါ။

၂၀၁၁ သင်္ကြန်… အမိမြေမှာတော့ ၂၀၁၀ တုန်းက သမိုင်းတခုလုံးမှာ ပထမဆုံး အကြိမ် သင်္ကြန် မဏ္ဍပ် ဗုံးခွဲ ခံရခြင်း အပြင် ၂၀၁၁ သင်္ကြန် မတိုင်ခင်လေး ဗုံးရှာတွေ့တာ တရားဝင် ၂ကြိမ် ဆိုတော့ ပြည်သူ တွေ သင်္ကြန် ရေသဘင်ပွဲကို ဖြောင့်ဖြောင့် ဆင်နွဲဖို့ စိုးရွံ့ကုန်၏ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာ သင်္ကြန်သည် ဒီလောက်ကို အရုပ်ဆိုး အကျည်း တန် သွားခဲ့သည်။

မမျှော်လင့်ဘဲ အမိမြေက ခွာပြီး နိုင်ငံရပ်ခြားရောက်တော့မှ ဒေသတွင်းနိုင်ငံတွေ ထဲမှာ ရိုးရာ သင်္ကြန်ပွဲ ဆင်နွှဲ တာ တကမ္ဘာလုံးမှာ မြန်မာ ထိုင်း လာအိုနဲ့ ကမ္ဘောဒီးယား လေးနိုင်ငံသာ ရှိကြောင်း သိရသည်။ အဲဒီလေးနိုင်ငံ ထဲမှာ ကျွန်မ လေ့လာရသလောက် မြန်မာ့ ရိုးရာ သင်္ကြန်က အနှစ်သာရ အပြည့်ဝဆုံးလို့ ခံစားမိသည်။ ကိုယ့် ငါးချဉ် ကိုယ်ချဉ်သည်ပဲ ထားပါတော့လေ… ဒီနေရာမှာ ကျွန်မ တွဲမြင်လာတာက ရိုးရာ ယဉ်ကျေးမှု အခြေပြု ခရီးသွားလာရေး လုပ်ငန်း။ နိုင်ငံ အသီးသီးက ရိုးရာယဉ်ကျေးမှု အခြေပြု ခရီးသွား လုပ်ငန်းတွေကို သူ့ထက်ငါ အပြိုင်အဆိုင် ကြော်ငြာရင်း တဖက်က ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းသလို တဖက်ကလဲ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု နယ်ပယ်ကို ချဲ့ထွင်ရင်း နိုင်ငံတကာ ဈေးကွက်ကို ရယူ ဖို့ ကြိုးစား နေကြသည်။ ဂျပန် ယဉ်ကျေးမှု ကိုရီးယား ယဉ်ကျေးမှု ကျယ်ပြန့်လာတော့ ဂျပန် ပစ္စည်း အစားအသောက်နဲ့ ကိုရီးယား ပစ္စည်း အစား အသောက် တွေပါ ဈေးကွက် တွင်ကျယ် လာတဲ့ နည်းအတိုင်းပင်။

ကျွန်မတို့ မြန်မာနိုင်ငံကတော့ ရိုးရာ ယဉ်ကျေးမှု ပွဲတော် တွေကို ခေတ်မီအောင် ဆိုတဲ့ ထန်းလက်နဲ့ ကာရင်း သရုပ်ပျက် သထက် ပျက်လာ ခဲ့ကြသည်။ ရိုးရာကိုလဲ ဖျက်သထက် ဖျက်လာ ခဲ့ကြသည်။ မြန်မာသံ စစ်စစ် ညက်ညော မြူးကြွတဲ့ သင်္ကြန် သီချင်းတွေ နေရာမှာ အနောက်တိုင်းက အောက်တန်းလွှာ လူတန်းစားတွေ ကြမ်းကြမ်း ရမ်းရမ်း အကြောဖြေ ခုန်ပေါက်ရာမှာ တီးခတ်တဲ့ ဒီဂျေတွေနဲ့ အစားထိုး ရုံမက ရောမွှေ ပစ်ကြ သည်။ မြန်မာ့ရိုးရာ သံချပ်တွေ နေရာမှာ ဟစ်ဟော့ပ်တွေ အစားထိုး ၀င်လာသည်။ မြန်မာအက ခေါင်း၊ ခါး၊ ခြေ၊ လက် စည်းချက် ကျကျ အက တွေ နေရာမှာ ပြည့်တန်ဆာ တန်းက လိင်စိတ် နှိုးဆွ အကတွေက နေရာယူလာ သည်။ မြန်မာရိုးရာ ယဉ်ကျေးမှု အတာ သင်္ကြန် သည်မျှ လောက် အထိ အောက်တန်းကျ သွားခဲ့လေသည်။

ကျွန်မ ထိုင်းနိုင်ငံကို ရောက်စက သင်္ကြန်ကို ကလေးတွေ ရေကစားဖို့ သက်သက်လောက် သဘော ထားပြီး မြို့ကြီးများမှာ ယာဉ်ကြောပိတ်ဆို့မှု ကင်းမဲ့ ခြောက်ကပ်တဲ့ အားလပ်ရက်ရှည် အဖြစ် မြင်တွေ့ နေခဲ့ရတာပါ။ ဒါပေမယ့် ၂၀၀၈ ခုနှစ်မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်အရှေ့ဘက်က မဟာချိုင် ဒေသမှာ သိန်းချီနေတဲ့ မြန်မာအလုပ်သမား တွေက မြန်မာ့ရိုးရာ သင်္ကြန်ကို မြန်မာ အသိုင်းအ၀ိုင်းထဲမှာ အားရ ပါးရ ဆင်နွှဲ ခဲ့ကြသည်။ စက်ရုံ အလိုက် မြန်မာ အသိုင်းအ၀ိုင်း အလိုက် ယိမ်းက ရေပက် သင်္ကြန်တွင်း တရားစခန်းဝင်၊ ရှင်ပြု ရဟန်းခံ ပွဲတွေကို မြန်မာ ရဟန်းတော်များ ဦးဆောင် ကြီးကြပ်မှုနဲ့ ခမ်းခမ်းနားနား ကျင်းပ ခဲ့ကြသည်။ သူများ နိုင်ငံရောက် ရွှေ့ပြောင်း မြန်မာ အလုပ်သမား တွေက မြန်မာ့ ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန်ပွဲကို ရိုးရာ မပျက် ထိန်းသိမ်း စောင့်ရှောက်ပြီး ဆင်နွှဲ နေချိန်မှာ မြန်မာနိုင်ငံ တွင်းမှာတော့ တချို့ အမျိုးသမီးတွေက သင်္ကြန်လည်ရာမှာ အင်္ကျီတောင် မပါတော့… တချို့နေရာတွေများ သင်္ကြန် အတက်နေ့မှာ ကိုယ်တုံးလုံး ချွတ်ပြီးတောင် ကကြ သတဲ့… ဖျော်ဖြေရေး နိုင်ငံအဖြစ် နိုင်ငံတကာမှာ နာမည်ပျက်နေတဲ့ ထိုင်းနိုင်ငံ ရဲ့ ပြည့်တန်ဆာ လုပ်ငန်း ထွန်းကားရာ ပတ်တယားက အစည်ကားဆုံး လမ်းဖြစ်တဲ့ walking street မှာတောင် အဆောင်တွေ အခန်းတွေ ထဲမှာသာ ကတဲ့ တိုင်ပတ် ပွတ်သပ် အကကို ရွှေမြန်မာ များက အင်းလျားလမ်း ပေါ်က သင်္ကြန် မဏ္ဍပ် လက်ရမ်းပေါ် တက်ပြီး ပြောမကောင်း မြင်မကောင်းအောင် ကနေတာကို youtube အင်တာနက် စာမျက်နှာပေါ်မှာ ဗီဒီယို အဖြစ်နဲ့ မကြည့်ချင် မြင်လျက်သား တွေ့လိုက်ရသည်။ ပိုဆိုးတာက ဒီအကြောင်း တွေကို ထိုင်းနိုင်ငံ ရဲ့ ရုပ်မြင်သံကြား လိုင်းတွေထဲက တခု ဖြစ်တဲ့ iTV က နိုင်ငံတကာ သိအောင် ထုတ်လွှင့် ကြေညာ လိုက်လေသည်။

အဲဒီနောက် ၂၀၁၁ သင်္ကြန်မှာတော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တော်ဝန် ကိုယ်တိုင်က ဖိတ်ခေါ် ကမ်းလှမ်း လာခဲ့ တော့သည်။ ကမ္ဘာကျော် ချင်းမိုင်သင်္ကြန်ပွဲမှာ မြန်မာတွေကလဲ မြန်မာ့ရိုးရာ မပျက် ပါဝင်ဆင်နွဲ ကြပါတဲ့… သင်္ကြန် အကြိုနေ့မှာ ချင်းမိုင် တမြို့လုံးကို စီတန်း လှည့်လည် ပြီး ရိုးရာ ယဉ်ကျေးမှု ခင်းကျင်းပြသတဲ့ ထွက်တော်မူ သင်္ကြန်ယိမ်း ပြိုင်ပွဲ မှာလဲ မြန်မာ အဖွဲ့က ၀င်ပြိုင် စေချင်ပါတယ်တဲ့။ တသက်နဲ့ တကိုယ် ဒီလို အသိအမှတ်ပြု ဖိတ်ခေါ်တာ မခံရဖူးတဲ့၊ သူများနိုင်ငံမှာ ရွှေ့ပြောင်း အလုပ်သမား အဖြစ် မျက်နှာ ငယ်ခဲ့ကြ ရတဲ့၊ ကိုယ့်ကိုယ်ကို မြန်မာလို့ အသိခံရရင်တောင် ရဲနဲ့ နတ်ကလိန်လို့ ထိုင်းလိုခေါ်တဲ့ ဆိုးသွမ်း လူငယ်တွေ က အနိုင်ကျင့် ဗိုလ်ကျတာ ခံရမှာ ကြောက်လို့ မြန်မာလို့ မပြောရဲ ခဲ့တဲ့ ရွှေမြန်မာတွေက ခုလို လူရာဝင် လာခဲ့တဲ့ အဖြစ်။ ဒါပေမယ့် အလုပ်ရှင်က ခွင့်ပေး အချိန်ပေးမှ သင်္ကြန် ယိမ်း တိုက်နိုင်မယ့် အလုပ်သမား ဘ၀။ လူစုံမှ ယိမ်းအက တိုက်လို့ ကျင့်လို့ ရမယ့် အခြေအနေ၊ ဘယ်တုန်းကမှ သင်္ကြန် မကဖူးခဲ့တဲ့ ပြည်ပရောက် အလုပ်သမ လေးတွေ၊ ပြီးတော့ ဆင်တူ ၀တ်စား ဆင်ယင်ဖို့ မြန်မာ့ရိုးရာ ၀တ်စုံများ။ လိုအပ်ချက်တွေ မပြည့်စုံ မှုတွေကို အားခဲ ရင်ဆိုင် အပြိုင်နွှဲရမည့် ၂၀၁၁ သင်္ကြန်ပွဲ…

သင်္ကြန်အကြိုနေ့မှာ မိုးက သည်းသည်းမည်းမည်း… မိုးနဲ့ အပြိုင် အာဆီယံ ဒေသတွင်း လေးနိုင်ငံက ပြိုင်ပွဲဝင် အဖွဲ့ပေါင်း ၆၀ က အပြိုင်အဆိုင် ခမ်းနား သိုက်မြိုက်စွာ ငြိမ့်ညောင်း လှပစွာ ရိုးရာ အကအလှတွေနဲ့ တဖွဲ့ပြီး တဖွဲ့ ထွက်လာခဲ့ကြသည်။ လမ်းပေါ်မှာ မိုးအေးလို့ လူက နည်းနေဆဲ…

မြန်မာအဖွဲ့က သင်္ကြန် သင်္ကေတ မြို့မ ငွေငန်းရုပ်နဲ့ အတူ အသံချဲ့စက်ကြီး ရှစ်လုံး ကို ကားပေါ်တင်လို့ သင်္ကြန်မိုး သီချင်းနဲ့ အတူ သင်္ကြန် ယိမ်းအကနဲ့ ဟိန်းထပြီး ထွက်လာခဲ့ လေသည်။




သင်္ကြန်မိုး သီချင်းသံနဲ့ အတူ ချင်းမိုင်ရောက် မြန်မာတွေလဲ နေရာအသီးသီး ကနေ လမ်းပေါ်ကို အုံလိုက် ကျင်းလိုက် ထွက်လာခဲ့ ကြလေသည်။

မြန်မာအဖွဲ့ရဲ့ ရှေ့ဆုံးမှာတော့ သာသနာ့အလံ တလူလူနဲ့ အလံကိုင်အဖွဲ့.. အဲဒီနောက်မှာ မြန်မာနိုင်ငံတွင်း တိုင်းရင်းသား လူမျိုးစုကြီး ၈စု ကိုယ်စားပြု စုံတွဲ ၈တွဲ… သူတို့နောက် ကပ်လျက်က သာသနာပွဲကိုင် လှပျိုဖြူများ… ပြီးတော့ သင်္ကြန် အတာအိုးကိုင် လှပျိုဖြူများ နောက်ကပ်လျက်က သင်္ကြန်ယိမ်း ကနေကြတဲ့ လှပျိုဖြူများ…

သူတို့နောက်မှာတော့ ငွေငန်းပေါ်က နိုင်ငံတော် ရွှေတံဆိပ်ဆုရှင် မင်းသမီး ချောစုမျိုး… မြိုင်ဆိုင် လိုက်သည့် ဖြစ်ခြင်း…
ချင်းမိုင်မြို့ရဲ့ န၀ရတ် တံတားပေါ် မြန်မာသင်္ကြန်ယိမ်းအဖွဲ့ အရောက်မှာတော့ လမ်းပေါ်မှာ လူတွေက မိုးရေစက်တွေနဲ့ အပြိုင် ပြည့်လျှံလို့…



န၀ရတ်တံတားပေါ်ကနေ ညဈေးရှေ့ … ညဈေးရှေ့ကနေ ချင်းမိုင်မြို့ရိုးဟောင်း ဆီကို ကရင်း လျှောက်ရင်း ရောက်လာခဲ့တော့ တူးပို့သံက ပွဲကြည့် မြန်မာ ပရိသတ်တို့ရဲ့ သံပြိုင် လိုက်ဆိုမှုကြောင့် မိုးခြိမ်းသံကို ကျော်လွန် ဟိန်းထွက် လက်ခုပ် သြဘာသံ ဘ၀ဂ် ညံခဲ့ပြီ။ နားမလည်ဘဲ သင်္ကြန်ယိမ်းအဖွဲ့နဲ့အတူ လိုက်ပါ ကခုန်နေတဲ့ နိုင်ငံခြားသားတွေ.. ရွှေပြည်ဝေး ရွှေမြန်မာတို့ရဲ့ ၀မ်းနည်း ၀မ်းသာ မျက်ရည်တွေက မိုးရေနဲ့ အပြိုင်...



တိုင်းပြည်တွင်း စီးပွားရေး အခြေအနေ ကြောင့် သူများနိုင်ငံမှာ မျက်နှာ အောက်ချ နေခဲ့ရတဲ့ ရွှေမြန်မာတွေ ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်းရာမှာတော့ ပြိုင်ပွဲဝင် အဖွဲ့ပေါင်း ၆၀ ထဲမှာ လူသစ်အဖွဲ့သစ် ဖြစ်ပေမယ့် ဆုတံဆိပ် ဆွတ်ခူးခဲ့ပြီ။



အဲဒီလိုပဲ ရိုးရာ ယဉ်ကျေးမှု အခြေပြု ခရီးသွား လုပ်ငန်းကြီး တရပ်လုံးလဲ ထိုင်းနိုင်ငံရဲ့ ဈေးကွက်ဆီ ရွှေ့ပြောင်း သွားခဲ့လေပြီ။

ဘယ်တုန်းကမှ ဘယ်အမျိုးသမီးမှ ပိတောက်ပန်း မပန်တဲ့ ထိုင်းနိုင်ငံ၊ ခုတော့ သင်္ကြန်ကြိုတဲ့ ချင်းမိုင်သူ ရုပ်တု မှာ ပိတောက်ပန်းတွေ ဝေလို့…



Read More...

Sunday, April 3, 2011

မြန်မာ့ ခရီးသွားလုပ်ငန်းနဲ့ အများသုံး ၀န်ဆောင်မှု လုပ်ငန်း တရပ်

လူတိုင်း စား၊ ၀တ်၊ နေရေး ဆိုတဲ့ ရေးကြီး ၃ပါး မှာ ထိပ်ဆုံးက ပါနေတာ စားရေးပါ။ စားပြီးရင် မဖြစ်မနေ လုပ်ရ တာကတော့ စားပြီးသမျှ ပြန်စွန့်ထုတ်ရတာပါပဲ။ ၀မ်းတလုံးကောင်းရင် ခေါင်းမခဲ ဆိုတဲ့ အတိုင်း ၀မ်းကောင်းပြီး စွန့်ထုတ်မှု မှန်ကန်နေမှ ကျန်းမာရေး ကောင်းပါတယ်။ ဒီတော့ လူတိုင်းအတွက် စားရေး ပြီးရင် စားရေး လောက် တန်းတူ အရေးကြီးတာ စွန့်ရေး ဆိုရင် မှားမယ် မထင်ပါဘူး။

အိမ်တအိမ်မှာ သာသာယာယာ ရှိဖို့ အိမ်သားအားလုံး ကျန်းမာရေးအတွက် မရှိမဖြစ်အရေးကြီးတာ အိမ်သာပါ။ အိမ်သာမှဧည့်လာ ဆိုတဲ့ အတိုင်း ဧည့်ခန်းသာမက အိမ်သာပါ ကောင်းမှ ဧည့်သည်လာမှာကို မရှက်မကြောက် ကြိုဆိုရဲတာပါ။ အညာဒေသ မိသားစု များတဲ့ တချို့အိမ်တွေမှာ ခြံကျယ် မြေပေါတိုင်း အိမ်သာ ၂လုံး ဆောက် ထားလေ့ ရှိပါတယ်။ ဧည့်သည်အတွက် တလုံး၊ အိမ်သားတွေ အတွက် တလုံးပေါ့။ ဒါက တမိသားစုသုံး အတွက်ပါ။ ဟိုးအရင်က မြေပေါ သစ်ပင်ပေါ ခြုံနွယ်ပိတ်ပေါင်း ထူထပ် တော့ အိမ်နောက်ဖေး ရွာနောက်ဖေး တွေမှာ ခြုံတိုး ကြပါတယ်။ နောက်တော့ ဗီဒီယိုခွေတိုင်းလိုလို မှာရော ကျေးရွာ ရပ်ကွက် မြို့နယ်အလိုက် ပညာပေးမှုတွေကြောင့် ယင်လုံအိမ်သာကို ဆောက်ရကောင်းမှန်း သိလာကြပါတယ်။ ဒါတောင် မြန်မာ နိုင်ငံ ဝေးလံ ခေါင်ဖျားတဲ့ ဒေသတွေမှာ ခြုံတိုးဆဲ ယင်လုံအိမ်သာ ဆိုတာ ဘာမှန်း မသိသေးတဲ့ ကျေးရွာတွေ အများကြီး ကျန်နေ ပါသေးတယ်။ ၀မ်းရောဂါ လွယ်လွယ်နဲ့ မြန်မြန် ကူးစက်နိုင်တဲ့ အတွက် တားမြစ် ပညာ ပေးနေ ပေမယ့် ထိရောက်မှု နည်းသေးတာကြောင့် အိမ်သာကျင်းတူးရ သက်သာအောင် မြစ်ချောင်း ဘေး တလျောက် မှာ အစီအရီ တန်းနေတဲ့ အိမ်သာ တွေလဲ ရှိဆဲပါပဲ။
အများသုံး အိမ်သာ ယဉ်ကျေးမှုနဲ့ ၀န်ဆောင်မှု ကတော့ ကျွန်မတို့ မြန်မာနိုင်ငံမှာ အတော့်ကို နိမ့်ကျ နေသေး တာကို ၀မ်းနည်း စရာ မြင်ရပါတယ်။ ကျွန်မတို့ နိုင်ငံမှာ တကယ်တမ်းတော့ အများသုံး အိမ်သာက သိပ်ကို ရှားပါးသေး တာပါ။ အလွန်ဆုံး ရှိလှ ဈေးအိမ်သာနဲ့ ဆေးရုံ အိမ်သာပေါ့။ အားနာ တတ်လှ ပါတယ်ဆိုတဲ့ ကျွန်မ တို့လူမျိုးတွေဟာ အများသုံး အိမ်သာ တွေမှာ ကိုယ့်ပစ္စည်းကို သူများမြင်လို့ စိတ်ဒုက္ခ ရောက်ရမှာ ကိုတော့ ဘာလို့ အားမနာ ကြပါလိမ့် ဆိုတဲ့ အတွေးကို ပြည်တွင်းက အများသုံး အိမ်သာတွေကို မတော်တဆ သုံးမိ တိုင်း အမြဲ တွေးမိပါတယ်။ ဒါပေမယ့် တချို့ နေရာတွေမှာတော့ သုံးစွဲသူကို အပြစ်တင်လို့ မရဘဲ စီမံခန့်ခွဲသူ ဘက်က အားနည်းချက်ကိုပါ တွဲမြင်ရလေ့ ရှိပါတယ်။ ဒါကတော့ သုံးစွဲသူ အတွက် တောင် သန့်ရှင်းစရာ ရေနဲ့ ပစ္စည်း လုံလုံလောက်လောက် ချထား မပေးတာ ပါပဲ။ ဒီတော့ သန့်ချင်လို့တောင် ဘာနဲ့ သွားသန့် ရှင်းရပ။
အများသုံး သောက်ရေအိုးစင် ကိုတော့ သေသေချာချာ စနစ်တကျ လှူတတ်တဲ့ ကျွန်မတို့ နိုင်ငံနဲ့ လူမျိုးဟာ လူမြင်ကွင်းက အ၀င်ကိုပဲ ဂရုစိုက်ပြီး အထွက် ကိစ္စကိုတော့ လူမမြင်ကွယ်ရာ ကိစ္စမို့များ လျစ်လျူရှု ထားလေ ရော့သလား ဆိုတာလဲ တွေးမိ ပါတယ်။ နိုင်ငံခြား ဧည့်သည်များကို ဟိုဟိုသည်သည် အလည်အပတ် ပို့ရတော့ မယ့် အချိန်များဆို ဒီအရေးနဲ့ ပတ်သက်ရင် ကိုယ်တိုင် စိတ်ဒုက္ခ ရောက်ရတာထက် တော်တော်ကို မျက်နှာ ပူရ တာပါ။ မြန်မာနိုင်ငံထဲကနေ နိုင်ငံခြားကို ထွက်လာမိတဲ့ အချိန်မှာတော့ ကိုယ်ရောက်ဖူးတဲ့ နေရာတွေက အများသုံး အိမ်သာတွေကို ပိုပြီး ဂရုတစိုက် ကြည့်မိပါတော့တယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာတော့ အများသုံး အိမ်သာတွေကို ကျား၊ မ နဲ့ မသန်စွမ်းသူများ အတွက် သီးခြားစီ ခွဲခြားတဲ့ အပြင် တိုးတက် များပြား လာတဲ့ ယောက်ျားလျာ မိန်းမလျာတွေနဲ့ အတူ သုံးစွဲသူ လူအပေါင်း အဆင် ပြေစေဖို့ men, women, handicraft, lesbians and gays ဆိုပြီး ငါးမျိုးခွဲ အိမ်သာတွေ ဆောက်ပေးသင့် မသင့် စည်ပင်သာယာ ရေး အဖွဲ့က စပြီး စဉ်းစားနေပါပြီ။ အများသုံး အိမ်သာ ပေါပေါများများ လွယ်လင့်တကူ တွေ့နိုင်တဲ့ နေရာတွေကတော့ ဈေး၊ ဘူတာရုံ၊ အဝေးပြေး ကားဂိတ်၊ မြို့ပတ် ကားမှတ်တိုင်တွေမှာက အခပေး အများသုံး အိမ်သာတွေ၊ စက်သုံးဆီ အရောင်းဆိုင် တိုင်း၊ Shopping centers, Minimart, Top Store and Hotels တွေမှာတော့ အခမဲ့ အများသုံး အိမ်သာတွေ ပါပဲ။ ပေါလိုက်ပါတဲ့ အများသုံး အိမ်သာတွေ၊ သန့်ရှင်း သပ်ရပ် မှုကတော့ ၀င်ပြီး ပြန်မထွက်ချင်စရာ၊ နေရာတွေကို လိုက်ပြီး အဲကွန်း၊ တေးသံသာနဲ့ လက်ဆေး ဆပ်ပြာမွှေး၊ အိမ်သာသုံးစက္ကူ၊ လက်သုတ်စက္ကူ၊ အနံ့ဆိုးပျောက် အမွှေးခဲတွေ အပြင် တခါတခါ နံ့သာဆီ မီးခွက် တွေကိုတောင် တွေ့ရပါသေးတယ်။


ဘန်ကောက်မြို့ကြီးပေါ်မို့သာ ဒီလို တွေ့ရတာ မဟုတ်ဘဲ နယ်မြို့ တွေမှာလဲ ဒီအတိုင်းပါပဲ။ အသုံးအဆောင် ပစ္စည်း ကွာချင် သာ ကွာမယ်၊ သန့်ရှင်းသပ်ရပ်မှုကတော့ သိပ် မကွာလှပါဘူး။ ပြီးတော့ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတဲ့ နိုင်ငံ ပီပီ လူမျိုးပေါင်း တရာ့ တပါးမကအောင် ၀င်ထွက် သုံးစွဲ နေပေမယ့် ညစ်ညမ်း နံစော် နေတာမျိုး မတွေ့ရတာကို ချီးကျူးမိပါတယ်။ ဒါကတော့ စီမံခန့်ခွဲသူ နဲ့ သန့်ရှင်းရေး အလုပ်သမား တွေရဲ့ မခိုမကပ်မှု နဲ့ တာဝန်ယူ တာဝန်ခံမှု ကြောင့်ပဲ ဖြစ်မယ် ထင်ပါတယ်။ ကုန်ကုန် ပြောရရင်တော့ မြို့ တမြို့နဲ့ တမြို့ အကြားက ခရီး တထောက် နားတဲ့ ရှုခင်းသာ စခန်းလေးတွေ နေရာမှာပါ အများသုံး အိမ်သာ တွေကို ဒီလို သန့်သန့် ရှင်းရှင်း မြင်ရပါတယ်။ ခရီးသွား ပြည်သူတွေ လမ်းတကာ နင်းလာတဲ့ ဖိနပ်နဲ့ အိမ်သာ ထဲ ၀င်လို့ မတော်တဆ ကြမ်း ပြင် ရေစိုနေရင် ဗွက်ထမှာ စိုးလို့ ရာဘာ ဖိနပ်တွေကိုပါ အဆင်သင့် ချပေး ထားပါသေးတယ်။ ၀န်ဆောင်ခ ကတော့ တချို့နေရာ တဘတ် တချို့ နေရာ ၃ဘတ် ပါပဲ။



ဥရောပ အလယ်ပိုင်း နိုင်ငံတွေ ဆီကို မတော်မဆ ရောက်ခဲ့တုန်းကလဲ ထိုင်းလိုပါပဲ။ အများသုံးအိမ်သာတွေကို ဖောဖောသီသီ သန့်သန့်ရှင်းရှင်း တွေ့ရပါတယ်။ လူနေမှု အဆင့်မြင့်တဲ့ တိုင်းပြည်တွေမှာ သဘာဝ သယံ ဇာတ ကို တန်ဖိုးထားတယ် ထင်ပါ တယ်၊ ရေ ဈေးကြီးတော့ အခမဲ့ အများသုံး အိမ်သာကို မတွေ့မိ တော့ဘဲ အခပေး အများသုံး အိမ်သာ အသုံးပြုခကလဲ ထိုင်းနဲ့ ယှဉ်ရင် ဈေးကြီး ပါတယ်။ ချက် သမတ နိုင်ငံ မှာက လူတယောက် ၃ခရောင်း၊ ဂျာမနီနိုင်ငံ မြို့တော် ဘာလင်မှာ တော့ လူတယောက် ၀.၅ ယူရို၊ ဘာပဲ ဖြစ်ဖြစ် လွယ်ထားလို့ မရတဲ့ အန္တရာယ် ကို စိတ်ချမ်းချမ်းသာသာ သန့်သန့်ရှင်းရှင်း ဖြေရှင်းနိုင်တဲ့ အတွက် ပေးပျော် ပါတယ်။ စိတ်ထဲမှာလဲ နိုင်ငံကြီးသား ပီသ တဲ့ တာဝန်ခံ သူတွေနဲ့ အသုံးပြုသူတွေ အဖြစ် လက်ခံ ချီးကျူးမိ ပါတယ်။ ဒါက ဒီလုပ်ငန်းကို စီးပွားရေး လုပ်ငန်းအဖြစ် ကန်ထရိုက်ယူပြီး လုပ်ကိုင်တဲ့ သူတွေဘက်က အသုံးပြု သူတွေအပေါ် စီစဉ်ပေးတဲ့ ၀န်ဆောင်မှု အပိုင်းပါ။ အများသုံး အိမ်သာ ၀န်ဆောင်မှု အတွက် စီးပွားရေး လုပ်ငန်းရှင် တွေဟာ ဒီလုပ်ငန်းရဲ့ ဘေးထွက် ပစ္စည်း အညစ်အကြေးတွေကို ဘယ်လို စွန့်ပစ် သလဲဆိုတော့ မစွန့်ပစ် ပါဘူးတဲ့။ စွန့်ပစ် အညစ်အကြေးလို့ ကို မသုံးနှုံးဘဲ ဘေးထွက်ပစ္စည်း လို့ သုံးနှုံးရခြင်းအကြောင်းက စွန့်ပစ်စရာ မလိုအောင် အစစ အရာရာ အသုံးဝင်နေသေးလို့ပါတဲ့။

၂ပြန် ၃ပြန် မြတ်တဲ့ စီးပွားရေး ဖြစ်မှန်း သူတို့ စီမံ ခန့်ခွဲပုံ အရ သိရပုံက ဒီလိုပါ။ ဘေးထွက် ပစ္စည်းတွေကို မြေကြီးထဲ ရေထဲ ဒီအတိုင်း စွန့်ပစ်ရင် မြေနဲ့ ရေထုကို ညစ်ညမ်းစေသလို ပါဝင် ဓာတ်ဆားတွေ ကြောင့် မြေနဲ့ ရေထုကို အဆိပ်သင့် စေနိုင်ပါတယ်။ ဒါ့ အတွက် တိုက်ရိုက် စွန့်ပစ်မှု လုံးဝ မလုပ်ဘဲ Septic tank တွေ ထဲကို သွယ်ယူ ထိန်းသိမ်းပါတယ်။ ပြီးတော့ စနစ်တကျ သိမ်းပါတယ်။ Septic tank တွေက နည်း စနစ် တကျ လုပ် ထားတဲ့ အတွက် ဘေးထွက် ပစ္စည်း တွေက ထွက်လာတဲ့ ဓာတ်ငွေ့တွေက biogas အဖြစ် ပြန်အသုံး ပြုဖို့ ရောင်းချလို့ ရသလို ဘေးထွက်ပစ္စည်း တွေ ကိုယ်တိုင် ကိုတော့ ပါဝင် ဓာတ်ဆား ပမာဏကို ပညာရှင်တွေက ထိန်းညှို စစ်ဆေး အပြီးမှာ ဇီဝ မြေသြဇာရည်၊ ဇီဝ မြေသြဇာခဲ တွေ အဖြစ်နဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ပြန်သုံးဖို့ ရောင်းချ နိုင်ပါသတဲ့။ Septic tank တွေကိုလဲ မိသားစု သုံး၊ အများသုံး မှာလဲ ဘယ်လောက် လီတာဆံ့ ဆိုပြီး လူတယောက် တရက် စွန့်ပစ်နှုံးနဲ့ တလအတွင်း လူ ဘယ်နှယောက်စာ ဆိုတာ အထိ တွက်ချက် ထုတ်လုပ် ထားတဲ့ Septic tank တွေကို ထုတ်လုပ် ရောင်းချလို့ မျိုးစုံ ဘက်စုံ စီးပွားဖြစ် နေကြပါတယ်။ ဒီတော့ စားဝတ်နေရေးနဲ့ အပြိုင် အရေးကြီးပြီး ဘယ်လိုမှ ရှောင်လွှဲ လို့ မရတဲ့ စွန့်ရေး ကိစ္စ ကြီးကို ၀န်ထုပ်ဝန်ပိုးလို ဖြေရှင်း မနေဘဲ အမြင်တွေကို ပြောင်းလဲရင်း စီးပွားရေး လုပ်ငန်း ကြီး တခုအဖြစ် လည်ပတ် ဆောင်ရွက်လို့ ရနေတယ် ဆိုတာ လက်တွေ့ မြင်နေရ ပါတယ်ရှင်။

ကျွန်မတို့ မြန်မာနိုင်ငံကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး စေချင်တယ် ဆိုရင်တော့ တခြား facilities and infrastructure တွေကို နိုင်ငံတကာ အဆင့်မီဖို့ အသာထားလို့ လူတိုင်း လွယ်မထားနိုင်တဲ့ အန္တရာယ်ကို ရောက်လေရာ သွားလေရာမှာ အဆင်ပြေပြေ ဖြေရှင်းနိုင်ဖို့ ဒါလေးတခုတော့ ပညာပေးဖို့ လေ့ကျင့်ဖို့ အသည်း အသန် လိုအပ်နေတယ် ဆိုတာကို တောင်းဆို တင်ပြ လိုက်ရပါတယ်ရှင်။

Read More...

Monday, February 14, 2011

ဘ⁠ဘရန် tag လာပါသော အိမ်ထောင်ရေး

ဘလော့ဂါ ဘိုးအေကြီး ဘ⁠ဘရန် ခေါ် ကိုရန်အောင်က လူပျိုကြီးဘ၀မှ ကျွတ်သင့်မကျွတ်သင့် စဉ်းစားရန် အိမ်ထောင်သည် ဘလော့ဂါ မှ အိမ်ထောင်ရေး အထွေထွေတို့ အကြောင်း မျှဝေပါရန် တဂ်ပါ၏။ ဒါကြောင့် ကျွန်မ ခွန်မြလှိုင်သည် မိမိ တဦးတယောက်တည်း၏ အမြင် ကြောင့် လူပျိုကြီး ကိုရန်အောင် အိမ်ထောင်ရေး အပေါ် နားလည်မှု လွဲမှားမည်ကို စိုးရိမ်ပါသဖြင့် ဒီပို့စ် ဖတ်မိသူ ဦး⁠ဦး ဒေါ်ဒေါ် ကိုကို မမ အိမ်ထောင်သည် အပေါင်းက ကောမန့် ရေးခြင်းဖြင့် လည်းကောင်း ဘလော့ဂါ ဦး⁠ဦးဒေါ်ဒေါ် ကိုကို မမတို့အား post အဖြစ် ရေးရန် ထပ်ဆင့် တဂ် ခြင်းဖြင့် လည်းကောင်း ကိုရန်အောင်ကို မစ လိုက်ရပါသည်။ (ဟိဟိ)

အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုး သည်သုံးမျိုး ချက်မပိုင်လျှင် နောင်ပြင်ရန် ခက်လိမ့် အမျိုး ဆိုတဲ့ အတိုင်း အိမ်ထောင် ရေး ကို ပေါ့ပေါ့တန်တန် သဘောမထားဖို့ ရှေးစာဆိုတို့ စာချိုးခဲ့၏ ထို့ကြောင့် တချို့ တချို့သော သူတွေက သာမန် အသေး အဖွဲက အစ အကျယ်ချဲ့ ဇာချဲ့ ဂုဏ်ဖက် ပကာသန စွက်ပြီး လိုရာဆွဲ အလွဲသုံးစား လုပ်ကြသောကြောင့် မပေါ့တန်ငြား အင်မတန် လေးပင်သွား လေ သည်။ ထို့ကြောင့် အိမ်ထောင်ရေး ဟူသည် အရှင်လတ်လတ် အိမ်ထဲတွင် ထောင်ချခြင်း ဆိုတဲ့ သဘောသက်ရောက် သွားသည်က မြန်မာ့ အိမ်ထောင်ရေးမှာ အတော်များများ တွေ့ရ၏။ သူ့စည်းကိုယ့်စည်း သေချာ နားမလည်ဘဲ အိမ်ထောင်ရေး စည်းဟု တွင်တွင် အော် ကာ တသီး ပုဂ္ဂလ စည်းများကို မေ့ချင်ယောင် နားမလည်ချင်ယောင် ဆောင်ရင်း အိမ်ထောင်ကျလိုက်သည်နှင့် အိမ်ထောင်ဖက် များ တယောက်ကို တယောက် အရှင်လတ်လတ် ငွေဝယ်ကျွန် ပိုင်သလို သဘောထား ကုန်ကြသောအခါ အိမ်ထောင်ရေးများ အဆင် မပြေ ဖြစ်ကြ၏။ အိမ်ထောင် တခု အတွင်း တာဝန်ခွဲဝေမှု အပိုင်းတွင် တဖက်စောင်းနင်း အဖြစ်များက အပြင်လူ မသိ၊ လူရှေ့ ချစ်ပြ၊ ငိုပြ တတ်သူများက နာမည်ကောင်း ရကြ၏။ တကယ်ချစ်သူ ခံစတမ်း၊ ညံ့သူ ခံစတမ်း ဟု ထောပနာ ပြုသူများကလဲ ရှိသေး၏။

တော်တော် စိတ်ပျက်မိသော မြန်မာ့ ရိုးရာ တခုမှာ အိမ်ထောင်ရေးဟူသည် တမိသားနဲ့ တမိသားချည့် ပေါင်းစည်းတာ မဟုတ်။ သူ့ အသိုင်း အ၀ိုင်းနဲ့ ကိုယ့်အသိုင်းအ၀ိုင်း သူ့လူ့အဖွဲ့အစည်းနဲ့ ကိုယ့်လူ့အဖွဲ့အစည်း ပေါင်းစည်းတာ ဟူသတ⁠တ်။ သာမန် လူသားချင်း ပေါင်းသင်းဆက်ဆံရေး ကျယ်ပြန့်မှု ရှုထောင့်မှသာ ကြည့်လျှင် ကောင်းသလိုလို ဟုတ်သလိုလို။ သို့သော်... ထိုထို အသိုင်းအ၀ိုင်း များသည် သူ့စည်းနဲ့ သူမနေ သူများ အိမ်ထောင်ရေးကို အကြံပေးသလိုလို စေတနာ ထားသလိုလိုနဲ့ မသိမသာ တမျိုး သိသိသာသာ တမျိုး ၀င်စွက် ကြလေသော အခါ... အရွယ်ရောက်လို့မှ ကိုယ့်အိုး ကိုယ့်အိမ် ထူထောင်နိုင်လို့ အိမ်ထောင်ပြု ပါပြီ ဆိုကာမှ စိတ်မချ သလိုလို ၀င်ထိန်းသလိုလို ၀င်စွက်ကြသူ များကြောင့် အိမ်ထောင်ရေး အဆင်မပြေသည်က အများသား... (လင်မယား မသင့်တင့်လို့ ကြားဝင် ဖျန်ဖြေ စေ့စပ်ခြင်း များသည် တကယ်တော့ သေချာ အသုံးမ၀င်လှ။ များသောအားဖြင့် ကိုယ့်ဘက်က မှန်သည် ထင်တာက များသောကြောင့်)

မယားနေစ ကြောင်သေမှ၊ လင်နေစ ဆင်သေမှ ဆိုတဲ့ စကားတွေနဲ့ တယောက်ကို တယောက် အနိုင်ကျင့်ဖို့ အပိုင်ကြံ ကြသူများ၊ မရခင် ဖျာလိုလိပ် ထိပ်ပေါ်တင်၊ ရပြီးမှ မိသားစု ပြိုကွဲမှာ ငဲ့ညှာ စိုးရိမ်သူ၊ တခုလပ် နာမည်ကို အဆိုးမြင် ကြောက်တတ်သူ မကောင်းမြင်သူ များခြင်းအပေါ် အခွင့် ကောင်း ယူကာ ဖျာလို ချနင်း ဖိနှိပ် သူများလဲ ပေါ၏။ နာမည်ကောင်းကို မက်မောသူများ သည်ဗျူဟာကြောင့် စိတ်ဓာတ်ရေးရာ အကြီး အကျယ် ကျဆုံး၏။ ဂုဏ်အတွက်ဟု ဆိုကာ ယဉ်ကျေးမှု ဓလေ့ထုံးစံ စည်းကမ်း အယောင်ဆောင် ဖိနှိပ်ချုပ်ချယ် လိုရာဆွဲ ပုံသွင်းခြင်း များကိုလဲ အနှီ အိမ်ထောင်ရေးများတွင် များများကြီး တွေ့ရတ⁠တ်၏။ ထို ဆိုးကွက် များကို မြင်ကာ လွတ်လပ်မှုကို ကြိုက်သူများက အိမ်ထောင်ရေးကို ရွံ့မုန်းကြ၏။ တချို့ တချို့သော သူများက သူများလူမှာ သည်လိုဖြစ်သော်လည်း ငါ့လူကတော့ ဟိုလိုမို့ တမျိုး တဘာသာ ထင်မှတ်ပြီး အထီးကျန်မှုကို ကုစားရန် အလို့ငှာ အိမ်ထောင်ပြု တ⁠တ်ကြသေးသည်။ (ဘ⁠ဘရန် ကြောက်အောင် ဖြဲခြောက်ခြင်း မဟုတ်။ ကိုယ်တိုင် မြင်ဖူး ကြုံဖူးသော တကယ့်ဖြစ်ရပ်များသာ)

အိမ်ထောင်ရေး ဆိုရင် ယောက်ျားလေး ဘက်ကရော မိန်းကလေး ဘက်ကပါ ၂ဦးပေါင်း တအိမ်ထောင် ၂ယောက်ပေါင်း တဘ၀မို့ တယောက်တည်းရဲ့ ခံယူချက် နားလည်မှု ထည့်ဝင်မှုနဲ့ မလုံလောက် ပါဘူး။ ဒါ့အပြင် ပြင်ပ က တိုက်ခတ်လာမယ့် လောကဓံ လေလှိုင်းတွေ စွပ်စွဲ ပုတ်ခတ် မှုတွေကို ကြံ့ကြံ့ခံပြီး အချင်း ချင်း အပြန်အလှန် ဖေးမ ကူညီ ရင်ဆိုင်ရဦးမှာပါ။ အိမ်ထောင်ရေးမှာ လင်ရော မယားပါ စိတ်ရင်းမှန် ပွင့်လင်းပြီး ဒိုးတူ ဘောင်ဖက် ရင်ဆိုင်ကြမယ် ဆိုရင် လောကဓံ ဘ၀တိုက်ပွဲကို မျက်စိ လေးလုံး နားလေးဘက် နဲ့ မြင်ကြား သမျှ တွေကို ခေါင်း၂လုံးနဲ့ တိုင်ပင် ဖြေရှင်းရာ ရောက်တာမို့ အိမ်ထောင်သည် ဘ၀ဟာ တကိုယ်တည်း ဘ၀ ထက် သာတာ အမှန်ပါ။ အဲလိုမှ မဟုတ်ဘဲ တယောက် ယောက်က တဖက်သတ် အနိုင် လိုချင်စိတ် ရှိသူ တကိုယ် ကောင်းဆန်သူ ဆိုရင်တော့ မြွေပွေး ခါးပိုက်ပိုက်၊ ရန်သူ ကျောပိုး ဘ၀ဆိုးလိုက်မယ့် ဖြစ်ချင်း။

ဘ၀တိုက်ပွဲမှာ နဂိုကမှ ရုန်းကန် ရလို့ ပင်ပန်းရတဲ့ အထဲ လင်မယား အချင်းချင်း သွေးမစည်းဘဲ လူရှေ့ ချစ်ပြ အိမ်မှာ အနိုင်ကျင့်ရင်း လိုဘ မဖြည့် ပေးရင် ဖြစ်စေချင်တာ လုပ်မပေးရင် ကိုယ်ပုံသွင်း သလို မနာခံရင် ကိုယ့် အိမ်ထောင်ဖက် ကို နာမည်ဖျက် အပုပ်ချရင်း ကျွန်တော် ကျွန်မ ကတော့ ချစ်လိုက် ရတာ သူကတော့ ဒီလို.. ဆိုပြီး ငိုပြတတ် ပေမယ့် ကွဲမပေး သူတွေကြောင့် အိမ်ထောင်ရေးကို စိတ်အနာကြီး နာပြီး အိမ်ကို မပြန်ချင် လေလွင့် သွားတဲ့ ယောက်ျား တွေရော မိန်းမ တွေပါ ရှိခဲ့ဖူး ရှိနေဆဲပါ။ သူတို့ရဲ့အတွေးအခေါ်တွေ ကိုလဲအံ့သြ မိပါတယ်။ အဲဒီလို လုပ်တော့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်း ကိုယ့်အိမ်ထောင်ဖက် နာမည်ပျက်တော့ ကိုယ်ပါ ရော အထိ မနာဘူးလား။ ရေမြင့်မှ ကြာတင့် တာပါ။ ဘာလို့ အဲလောက် တကိုယ်ကောင်း ဆန် အတွေးတိမ် အသိတရား နည်းသလဲ မတွေးတတ် အောင်ပါပဲ။

သာယာ ပျော်ရွှင်စရာ အိမ်ထောင်ရေး ဖြစ်ဖို့ ဆိုရင် အိမ်ထောင်ရေး စည်းသာမက အိမ်ထောင်ဖက်ချင်း တ ယောက်အပေါ် တယောက် ထားတဲ့စည်းပါ ရှိဖို့ လိုပါတယ်။ ဒီလိုပြောလာရင် အမယ်လေး လင်မယား အချင်း ချင်း စည်းထား နေရအောင် ဘာ မဟုတ်တာ ခိုးလုပ်ဖို့ လဲ စသဖြင့် အဆိုးဘက်က မြင်တတ် ကြပါသေး။ အခု ရှုပ်မှ နောင်ရှင်း ဆိုသလို ထားကို ထားသင့်တဲ့ စည်းတွေ ကတော့ ၀ိသာခါကို သူ့အဖေ ဓနဉ္ဇယ သူဌေးကြီးက မှာလိုက်တဲ့ စည်းကမ်းချက် ၈ချက်က နမူနာ ပါပဲ။ ခေတ်နဲ့ အညီ ထပ်ဖြည့် နိုင် ကိုယ့်ယဉ်ကျေးမှုနဲ့ အညီ လျှော့ နိုင်ပေမယ့် ခုထိတော့ ခေတ်မီနေဆဲ စည်းကမ်းချက် ရှစ်ချက် ကတော့

အတွင်းမီး အပြင်မထုတ်နဲ့

အပြင်မီး အတွင်းမသယ်နဲ့

မီးပုံကြီးကို ရိုသေ

နတ်ကို ရှိခိုး

(ဆက်ပါဦးမည်)

Read More...

Wednesday, August 11, 2010

``ငြိမ်းချမ်းရေး နဲ့ အတူ….ပျံ ´´ By "ဘုန်းဦးမော် "

ဦးတည် ပျံသန်းရာ အရပ်ဆီကို လှမ်းမြင်မနေရ ပေမယ့် အဲဒီဒေသရဲ့ ကြေကွဲဖွယ် အနိဌာရုံ မြင်ကွင်း တွေက ကျွန်တော်ရဲ့  အတွေး ကားချပ်ထဲမှာ ရုပ်ရှင်ကား တစ်ကား ပြနေ သလို တဖျပ်ဖျပ် နဲ့ ပေါ်လာနေတယ် ။ (အာဖဂန်နစ္စတန် ရဲ့  မြို့တော်ကဘူးလ် ) အတွေး ပုံရိပ် မျိုးစုံ က အဆက်အစပ်မဲ့ ပြောင်းလဲ လှုပ်ရှား နေပေမယ့် ပြ ကွက် အားလုံးရဲ့  တစ်ခုတည်း သော တူညီချက် ကတော့ သွေး နဲ့ မျက်ရည်တွေ ။ပွေ့ဖက်မှု တစ်ခု ကို မတောင့်တ ဖူးတဲ့သူ ဘယ်သူ ရှိမလဲ ဒါပေမယ့် ကဘူးလ်မြို့ ထဲမှာ ကင်းလှည့် နေရတဲ့ စစ်သားတွေ ကတော့ ဘယ်နေရာ ကနေ ထွက်လာ မယ်မှန်း မသိတဲ့ သက်ရှိ မိုင်းဗုံးတွေ ရဲ့ ပွေ့ဖက်မှု တွေကို တွေးကြောက် နေရတယ် ။ ကို်ယ့်နိုင်ငံ ထဲမှာ ကိုယ့် မိသားစု နဲ့ အတူ ပျော်ပွဲရွှင်ပွဲ ဆင်နွဲနေတဲ့ အချိန် ဘယ်သူတွေ မပျော်ပဲ နေကြမလဲ ။ ဒါပေမယ့် ကဘူးလ် မြို့ တစ်နေရာ က လူမစုံတဲ့ မိသားစု အင်္ဂါ မစုံတဲ့ ပျော်ရွှင်မှု နဲ့ ပွဲတော် တွေကို အထိတ်တလန့် ကျော်ဖြတ် နေကြ ရတယ် ။ ဦးတည် ရာ လမ်းကြောင်း ကနေ တိမ်းစောင်း မသွား ရအောင် လေယာဉ်ကို အသာအယာ ထိန်းမောင်း နေရင်း ကျွန်တော့် ရဲ့  နှုတ်ခမ်းတွေ မသိမသာ တွန့်ကွေး သွားတယ် ။ အခု ကျွန်တော် ဘီ-၁၅၀ ဗုံးကြဲ လေယာဉ် ကြီးကို ကဘူးလ် မြို့ ဆီ ဦးတည် မောင်းနှင် နေရပြန်ပြီ ။ ကျွန်တော်ရဲ့  ဘယ်ညာ နှစ်ဖက် နဲ့ အနောက် ခပ်စောင်းစောင်း ဆီကနေ ကပ်ပါ ပျံသန်း လာကြတဲ့ အမျိုးအစားတူ လေယာဉ်ကြီး လေးစင်း ကို ငဲ့စောင်းကြည့်လိုက်မိတယ်။ အဲဒီ လေယာဉ်ကြီး တွေပေါ်က လေယာဉ်မှူးတွေကရော ဘာတွေများ တွေးနေကြမလဲ။ သိပ်မကြာခင် အချိန်လေး မှာ လုပ်ရ တော့မယ့် ကျွန်တော် တို့ရဲ့  လုပ်ရပ်ဟာ ကမ္ဘာကြီးရဲ့  အနာဂတ်အတွက် တစ်ပိုင်း တစ်စသော ငြိမ်းချမ်းရေး ကို ယူဆောင် ပေးနိုင် လိမ့်မလား ဆိုတာ မသေချာ ပေမယ့် ကျွန်တော်တို့ မောင်းနှင် ပျံသန်း လာတဲ့ ဗုံးကျဲလေယာဉ်ကြီး ငါးစင်း ကတော့ ကဘူးလ်မြို့ နဲ့ နီးသတက်နီးလာပါပြီ ။


ဒီစီမံကိန်းရဲ့  နာမည်ကို ငြိမ်းချမ်းရေး( PEACE ) လို့အမည်ပေးထားတယ် ။ မြေပြင်က နေသာ ကောင်းကင်ကို မော့ ကြည့်မယ် ဆိုရင် တစ်စင်းစီရဲ့ ၀မ်းဗိုက်မှာ အင်္ဂလိပ်အက္ခရာ တစ်လုံးစီကို ရေးထိုးထားတဲ့ လေယာဉ်ကြီး ငါးစင်းကို မြင်ကြ ရလိမ့်မယ် ။ အဲဒီ လေယာဉ်ကြီးငါးစင်း ရဲ့ ၀မ်းဗိုက်က အက္ခရာငါးလုံးကို ပေါင်းစပ်ဖတ်လိုက်ရင်တော့ ငြိမ်းချမ်း ရေး လို့ အဓိပ္ပါယ် ရတဲ့ PEACE ဆိုတဲ့ စကားလုံး ကို တွေ့၇လိမ့်မယ် ။ကျွန်တော်ကတော့ အလယ်က လေယာဉ်ကြီး A ကို မောင်းနှင်နေရတဲ့ လေယာဉ်မှုးတစ်ယောက်ပေါ့ ။ အာဖဂန်နစ္စတန် ရဲ့  နယ်နိမိတ်နားကို ချဉ်းကပ်လာပြီဆိုတဲ့ အသိ ပေးသံကို ကျန်လေယာဉ် လေးစင်း လုံးစီ ပို့လိုက်တယ် ။ သူတို့အားလုံးရဲ့  ပြန်သတင်းပို့ချက်တွေ အရ သူတို့ လုပ်ငန်း စဖို့ အဆင်သင့်ဖြစ်နေကြပြီ ။ လေယာဉ်တွေရဲ့ အနောက်ဘက် တံခါးဝကြီးကို ဖွင့်ချလိုက်ဖို့ အမိန့်မပေးရသေးပါ စက္ကန့် ပိုင်းအလိုမှာပဲ စီမံကိန်းရေးဆွဲသူ ခေါင်းဆောင် ပြောလိုက်တဲ့ စကား တစ်ခွန်းကို နားထဲမှာ ရုတ်တရက် ပြန် ကြားလိုက် မိတယ် ။

``ဒါ ဟာ ရူးနှမ်းတဲ့ စိတ်ကူးတစ်ခုပဲလို့ အပြစ်တင် ဝေဖန်နေကြသူတွေ ရှိနေပေမယ့်လဲ ဒိစိတ်ကူးနဲ့ လုပ်ရပ်ဟာ ငြိမ်းချမ်းရေးကို ဆောင်ယူနိုင်လိမ့်မယ်လို့ ငါကတော့ အပြည့်အ၀ ယုံကြည်တယ် ´´

ကျွန်တော်လဲ ဒီလိုပဲ ယုံကြည်ချင်ပါတယ် ။ အခြားလေယာဉ်လေးစင်း ဆီကို အမိန့်တစ်ခုလှမ်းပေးလိုက်ခြင်း နဲ့ တပြိုင်နက် တည်းမှာပဲ ကျွန်တော်မောင်းနေတဲ့ လေယာဉ်ကြီး ရဲ့ အနောက်ဘက် တံခါးကြီးကို ဖွင့်ချလိုက်တယ် ။
* * * * * * * * * * *

တစ်ညလုံး မလင်းရလို့ စိတ်ဆိုးနေပုံရတဲ့ နေမင်းကြီးဟာ သူရဲ့ အလင်းတန်းကို တလက်လက်ဖြာရင်း နံနက်ခင်းထဲကို အားမာန်အပြည့်နဲ့ ချဉ်းနင်း ၀င်ေ၇ာက်လာတယ် ။ မြို့တော် ရဲ့  နံနက်ခင်း ဟာ ဒီနေ့တော့ အခိုက်အတန့် အားဖြင့် ယမ်းခိုး ယမ်းငွေ့တွေ ကင်းနေတုံးပါပဲ ။ တစ်နေ့တာအတွက် အခုအချိန်အထိ ဘယ်လို ပေါက်ကွဲ ပစ်ခတ်သံမျိုး မှ မကြား ရသေးတာကို က မင်္ဂလာတစ်ပါးပဲ မဟုတ်လား ။ ၀တ်ပြုဆုတောင်းသံတွေ သောသောညံနေတဲ့ မြို့တော် တခွင် တပြင်ဟာ တစတစ နဲ့ အသက်ဝင်နိုးထလာတယ် ။ ဆုတောင်းသံတွေကို ဘုရားသခင်ကများ မကြားလေရော့သလား ဒါမှမဟုတ် ဒါဟာ ဘုရားသခင် စွန့်ပစ်ထားတဲ့ နယ်မြေတစ်ခုလေများ လား ။ တကယ်တမ်းက ငြိမ်းချမ်းချင်လှပါပြီ ဆိုတဲ့ ဆုတောင်းတွေ ပြည့်သင့် လှပါပြီ ။

ဟိုး အဝေးဆီက နေပျံ့ဝဲလာတဲ့ လေယာဉ်တွေက အသံလှိုင်းတစ်ခု ကို သူတို့ ရဲ့ တမန်တော်အဖြစ် မြို့တော်ဆီ အရောက် ပို့လွှတ်လိုက်ကြတယ် ။ မြို့သူမြို့သား အချို့ လမ်းပေါ်ဆင်းလာကြပြီး မြို့တော် အတွင်းမှာ အတူရှိနေတဲ့ နိုင်ငံ တကာ က နေတိုးတပ်ဖွဲ့ဝင်တွေလည်း ရပ်တံ့ငြိမ်သက် ကုန်ကြပြီ ။ သူတို့ အားလုံးရဲ့  ဦးခေါင်းတွေ ကောင်းကင်ဆီကို မော့လာကြပြီး အသံလာရာဆီ ငံ့လင့်ငေးကြည့်နေကြပြီ ။ နေမင်းရဲ့ အလင်းတန်းတွေကို တောင် ထိုးခွဲဖြတ်သန်း ခွင့် မပြုတဲ့ ဒြပ်မဲ့ ထုတည် ကြီးတစ်ခုက သူကိုယ်သူ တိမ်တိုက်လို့ အမည်တပ်ပြီး ကောင်းကင်နယ်အချို့ ကို သိမ်းပိုက် ထားတယ် ။ အသံထွက်လာတာက အဲဒီတိမ်တိုက်ကြီး ရဲ့ ဟိုမှာဘက်ဆီက ……။

ဘယ်လိုအရာကြီးများ အဲဒီတိမ်တိုက်ကြီးရဲ့ ကြားထဲကနေ ဘွားကနဲ ပေါ်လာမလဲဆိုတာကို အားလုံးက စိုးရိမ်စိတ် ကဲ နေတဲ့ သိချင်စိတ်တွေနဲ့ ငေးမျှော် စိုးထိတ်နေကြတယ် ။ အဲဒီအချိန်မှာပဲ နီးသထက်နီးလာတဲ့ အသံလှိုင်းကို အဓိပါယ် ဖွင့်ဆိုပေးလိုက်တဲ့အနေနဲ့ ဘီ၁၅၀ အမျိုးအစား ဗုံးကျဲလေယာဉ်ကြီးငါးစင်းဟာ တိမ်တိုက်ကြီးကို ထိုးခွဲပြီး ရှေ့ဆင့် နောက်ဆင့် ဆိုသလို ဘွားကနဲ ပေါ်လာကြတယ် ။

``အို ´´
`` အမလေး ´´
စီကနဲညံ့သွားတဲ့ အာမေဋိတ်သံတွေကို အလျင်မလိုကြတဲ့ လူကြီးအချို့ နဲ့ စစ်သားတွေက ရုတ်ရုတ်သဲသဲ မဖြစ်ပွား အောင် လိုက်ထိမ်းနေရတယ် ။ ဟိုဟိုဒီဒီ ဆီ ပြေးဖို့ပြင်နေတဲ့ ခြေလှမ်းတွေက လေယာဉ်ကြီးငါးစင်းရဲ့ ၀မ်းဗိုက်မှာ ရေးထားတဲ့ PEACE ဆိုတဲ့ စာသားကြောင့် တစ်အောင့်လေး စိတ်သက်သာရသွားကြတယ် ။ ဒါဟာ ငြိမ်းချမ်းရေး ကို ပြောတာပဲ ။ သူတို့တွေ သက်သာရာ ရစ စိတ်တွေ နဲ့ သူတို့အပေါ်ကနေ အနည်းငယ်လွန်သွားပြီ ဖြစ်တဲ့ လေယာဉ်ကြီး တွေကို လိုက်ငေးတုန်းမှာ လေယာဉ်ကြိးတွေ ရဲ့ အနောက်ဘက်တံခါးတွေ ပွင့်လာတာကို တွေ့လိုက်ကြတယ် ။ ဒီတစ်ခါ တော့ ဘယ်သူမှ မအော်မိတော့ အောင်ကို အားလုံးမှင်သက် အံသြနေကြ…..

မင်……..သက် ………….အံ့………….သြ ………..နေကြ ။ ခဏအကြာ မှ ကောင်းကင်ရဲ့ မြင်ကွင်းကို ပင့်သက်တွေ တဝေေ၀ နဲ့ မက်မက်မောမော မော့ကြည့်နေကြတဲ့ သူတို့အားလုံး ရဲ့ ဆီကနေ အသံတစ်သံ လျှံထွက်ကျလာတယ် ။
`` အိုး ………ဘုရားသခင်´´
* * * * * *

ကျွန်တော် အခု ကဘူးလ်မြို့တော်ကနေ ပြန်လှည့်လာခဲ့ပြီ ။ လုပ်စရာရှိတဲ့ တာဝန်တစ်ခုကို လဲ အကျေပြွန်ဆုံး ထမ်းရွက် နိုင်ခဲ့ ပြီးပြီ သယ်လာတဲ့ဝန်တွေကို ကျဲချလိုက်ရလို့ ပေါ့ပါးသွားပြီ ဖြစ်တဲ့ လေယာဉ်ပေါ်မှာ ကျွန်တော်ကတော့ ရင်ထဲက ကျေနပ်မှု့ပီတီ တွေ နဲ့ ပြည့်ကျပ်ဆို့နင့်လို့ ။ ကျွန်တော်ရဲ့ မျက်ဝန်းနှစ်ဖက်မှာ မျက်ရည်တွေ ၀ဲတက်လာတယ် ။ ၀ဲလာတဲ့ မျက်ရည်တွေကြောင့် ၀ိုးတ၀ါးဖြစ်နေတဲ့ အမြင်အာရုံတွေကြားမှာပဲ ဒီစံမံကိန်းကြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ စည်းရုံးလှုံဆော် ခဲ့ကြတဲ့ မြင်ကွင်းတွေကို တစ်ကွက်ခြင်း ပြန်မြင်လာတယ်.. အသံလှိုင်းတွေနဲ့ အတူ……။

``ဗုံးကျဲလေယာဉ်တွေကို ပန်းကျဲလေယာဉ်အဖြစ် ကျွန်တော်အသွင်ပြောင်းပစ်မယ် ။ ကျွန်တော်တို့ရဲ့ လေယာဉ်ပေါ်မှာ လူ့ အသက်ကို သေစေနိုင်တဲ့ ဖျက်အားပြင်းဗုံးတွေတင်မသွားပဲ ။ ရိုင်းစိုင်းနေတဲ့ နှလုံးသားတွေကို နှုးညံ့ငြင်သာ သွားစေ နိုင်တဲ့ ပန်းပွင့်တွေ တင်သွားကြမယ် ´´

``ကမ္ဘာပြည်သူ့အပေါင်းတို့ ခင်ဗျား ခင်ဗျားတို့ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုတာ ခင်ဗျားတို့ ပြောစရာမလိုပဲ ကျွန် တော် တို့ နားလည်နေပါတယ် ။ အကြမ်းဖက်မှု့တွေ ၊ စစ်မက်တွေ ဖြစ်ပွားနေတဲ့ ဒေသတွေကို ငြိမ်းချမ်း စေချင်တယ် ဆိုတဲ့ ခင်ဗျားတို့ရဲ့ ဆန္ဒမွန်တွေကို ပန်းပွင့်လေးတစ်ပွင့်ဆီ နဲ့ ကိုယ်စားပြုပြီးတော့ သာ သူတို့ဆီ အရောက်ပို့ပေးနိုင်ခဲ့ရင် ခင်ဗျားတို့ရဲ့  မေတ္တာတရားတွေ ပန်းပွင့်လေးတွေက တဆင့် သူတို့ဆီ ကူးစက်ပြီး နှုးညံ့သိမ့်မွေ့ခြင်း တစ်ခုကို သူတို့ရဲ့ နှလုံးသားထဲမှာ ဖန်တီးပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ အခိုင်အမာ ကို ယုံကြည့်နေပါတယ် ။

``ခင်ဗျားတို့ရဲ့ ချစ်ခြင်းမေတ္တာတွေ ရောယှက်သက်ဝင်နေတဲ့ ပန်းပွင့်လေးတွေကို ကြည့်ပြီး စနက်တံကို မီးရှို့မယ့် လက် တွေ ၊ သေနတ်မောင်းတံကို ကွေးညွှတ်ဆွဲလိုက်မယ့် လက်တွေ တွန့်ဆုတ်တွေဝေ သွားကြပြီး နောက်ဆုံးမှာ လက်ထဲ က လက်နက်တွေကို ပစ်ချ ပန်းပွင့်လေးတွေကို ကောက်ယူမွှေးမြသွားကြမယ့် အဖြစ်မျိုးကို ကျွန်တော်တို့ ယုံယုံ ကြည်ကြည် နဲ့ မျှော်လင့်မိတယ် ။

`` ငြိမ်းချမ်းရေးကို မြတ်နိုးသူတိုင်း ကျွန်တော်တို့ဆိကု ပန်းတစ်ပွင့်ဆီ ပို့ပေးကြပါ ။ခင်ဗျားတို့ပို့လိုက်တဲ့ ပန်းတွေ အပြည့် အသိပ်နဲ့ ဗုံးကြဲလေယာဉ်ကြီးတွေကို ပန်းကြဲလေယာဉ်ကြီးတွေ အဖြစ် အသွင်ပြောင်းပြီး စစ်မက်ဖြစ်ပွားရာ နေရာ တွေ ဆီကို ကျွန်တော်တို့ အရောက်ပို့ဆောင်ပေးပါ့မယ် ´´

``ကမ္ဘာ့ပြည်သူအပေါင်းတို့ခင်ဗျား ကျွန်တော်တို့ဆီ ပန်းတစ်ပွင့် ပို့ခြင်းအားဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကိုဆောင်ယူကြပါ ..´´

ရက်အနည်းငယ်အတွင်းမှာပဲ ကျွန်တော်တို့ စီစဉ်ထားတဲ့ ပန်းစုဆောင်းရာနေရာ တွေ အားလုံးမှာ ပန်းပွင့်တွေ တောင်ပုံ ရာပုံ ဖြစ်လာတယ် ။ ပြည်သူတွေရဲ့  ငြိမ်းချမ်းရေး ဆာလောင်မှု့ကို မျက်ဝါးထင်ထင် တွေ့လိုက်ရတာပါပဲ. ။ ငြိမ်းချမ်းရေး ကို အထူးလိုလားနေကြတဲ့ ပြည်သူလူထုတစ်ရ့ပ်လုံး ရဲ့  ဆန္ဒပြင်းအားတွေကြောင့်ပဲ ကျွန်တော်တို့တွေ ဗုံးကြဲ လေယာဉ် တွေကို ပန်းကြဲ လေယာဉ်ကြီးတွေ အဖြစ် အမှန်တကယ် ပြောင်းလဲနိုင်ခဲ့တယ် ။ အခုဆိုရင် စီမံကိန်းရဲ့ ပထမဆုံး ပစ်မှတ် ဖြစ်တဲ့ အာဖဂန်နစ္စတန် နိုင်ငံရဲ့ မြို့တော် ကဘူးလ်ပေါ်ကို ပန်းကြဲလေယာဉ်ကြီး ငါးစင်း နဲ့ ပန်းတွေ သွားကြဲ ချနိုင်ခဲ့ပြီ ။ လူ့အဖွဲ့အစည်းရဲ့  လူသားဆန်မှု့ ၊ အကြင်နာတရား ၊ ချစ်ခြင်းမေတ္တာ ပြီးတော့ ငြိမ်းချမ်းရေး သ၀ဏ်လွာ ဖြစ်တဲ့ သန်းပေါင်းများစွာသော ရောင်စုံပန်းပွင့်တွေက နှစ် ပေါင်းများစွာကြာရှည် စွဲမြဲခဲ့ကြတဲ့ အမုန်းတရားတွေ ၊ ဒဏ်ရာ တွေကို နှစ်သိမ့် ဖြောင်းဖျနိုင်စွမ်း ရှိပါ့မလား ။ အခြား လူသား တစ်ယောက် ရဲ့ အသက်ကို တန်ဖိုး မထားနိုင် တော့တဲ့ အထိ အာဃာတမှိုင်းတွေ မိနေတဲ့ နှလုံးသားတွေထဲမှာ ငါ့ရဲ့ ပစ်ခတ်မှု ကြောင့် ပန်းတစ်ပွင့် ကြေမွ ပျက်ဆီးသွားခဲ့ရင် ဆိုတဲ့ စိုးရိမ်ပူပန်စိတ်မျိုး ရှိနေနိုင်ပါ့မလား သံသယတချို့တ၀က် ဆက်လက် ရှိနေသေးပေမယ့်. ကျွန်တော့် ရဲ့  အိမ် အပြန်လမ်း ကတော့ ကြည်နှုး ကျေနပ်မှု့ပီတိတွေ အပြည့်နဲ့ ကြည်လင်လှပခဲ့ပါပြီ ။

အဲဒီနေ့က ကဘူးလ်မြို့တစ်မြို့လုံး ပန်းတွေနဲ့ ဖုံးသွားတယ် …….

သေနတ်သံတွေ အားလုံး ရှက်ရွံသေးသိမ် သွားနိုင်လောက်ပါတယ်။

05.03.2010(FRI )

*သူငယ်ချင်း ``စစ်ကိုအောင် ၏ အဖြစ်ချင်ဆုံးဆန္ဒအား ရေးဖွဲ့ သည် *

Read More...

“အနုပညာ၏ သီးခြားဖြစ်တည်မှု” By "ဘုန်းဦးမော်"

အနုပညာ ပစ္စည်း တစ်ခုကို ဖန်တီးသူ အနုပညာ ရှင်က ပိုင်တယ် ဆိုတာထက် ဆိုင်ရုံပဲ ဆိုင် တယ် လို့ ပြောရမလိုပါ။ ဘာဖြစ်လို့  လဲ ဆိုတော့ တကယ် အနုပညာ သဘောတွေ သက်ဝင်သွားပြီး ဖြစ်တဲ့ အနုပညာ ပစ္စည်း တစ်ခုမှာ သီးခြားဖြစ်တည်မှုတစ်ခု ရှိ လာလို့ ဖြစ်ပါတယ်။ ဖန်တီးသူ အနုပညာရှင် ကိုယ်တိုင် မျှော်လင့် မထား တဲ့ မရည်ရွယ်တဲ့ လမ်းတစ်ခုကို အနုပညာက သူ့  သဘော နဲ့ သူ၊ သူ့ ရဲ့ ကိုယ်ပိုင် ဖြစ်တည်မှုနဲ့ အတူ လျှောက်သွား ကောင်း လျှောက်သွားနိုင်ပါတယ်။ ဖန်တီးသူ အနုပညာရှင် ရဲ့ ရည်ရွယ်ရာနဲ့  အသစ် ဖြစ်တည် လာတဲ့ အနုပညာရဲ့ လားရာဟာတူကောင်းတူသွားနိုင်သလို၊ ကွဲကောင်းလည်း ကွဲသွားနိုင် ပါတယ်။ အနုပညာရှင်နဲ့ သူ့ ရဲ့ အနုပညာဟာ သီးခြားဖြစ်တည်မှုတွေ သက်သက်ပါပဲ။ ကိုယ်သွေးကြောင့်ဖြစ်တဲ့ ကိုယ့်ရဲ့ ရင်သွေး ဟာ ကိုယ်နဲ့ ပတ်သက် ဆက်နွယ် နေပေမယ့် သူ့ မှာ ကိုယ်ပိုင်ဖြစ်တည်မှု၊ ကိုယ်ပိုင် လွတ်လပ်မှု၊ ကိုယ်ပိုင်ကံကြမ္မာတွေ ရှိနေ တာမျိုးနဲ့ သဘောတရား ချင်း ဆင်တူတယ်။ ဆိုင်သာ ဆိုင်တယ် မပိုင်ဘူးပေါ့။ ဒီတော့ ငါဖန်တီးတဲ့ အနုပညာဟာ ဘာအတွက်ပဲ ဖြစ်ရမယ်၊ ညာအတွက်ပဲဖြစ်ရမယ် ဆိုပြီး ကန့် သတ်ပစ်လိုက် ခြင်းဟာ ကိုယ့်သားသမီးရဲ့ သီးခြားဖြစ်တည်မှုကို၊ ကိုယ်ပိုင် လွတ် လပ်ခွင့် ကို အသိအမှတ်မပြု ပဲ မင်းတို့ ငါဖြစ်စေချင်သလို ဆရာဝန်ကြီးပဲဖြစ်ရမယ်၊ အင်ဂျင်နီယာ ကြီးပဲဖြစ်ရမယ် စသည် ဖြင့် ကန့် သတ်ပစ်လိုက်တာမျိုး နဲ့ သွားတူနေပါတယ်။ သေချာပါတယ် ကျွန်တော်တို့ အတွက်တော့ အနုပညာ ဟာ အသုံးချခံ သက်သက် သက်မဲ့ပစ္စည်း တစ်ခုဆိုတာထက် အများကြီးပိုပါတယ်။



အနုပညာတစ်ခုခုကို ဖန်တီးတဲ့အခါမှာ ရည်ရွယ်ချက် တစ်စုံတစ်ရာ ရှိကောင်းရှိနေနိုင်ပါတယ်။ ရှိကောင်း ရှိနေနိုင်တယ် ဆိုတာ ရှိချင်မှရှိ မယ်လို့ လဲ သဘော သက်ရောက်ပါတယ်။ ရည်ရွယ်ချက်ရှိခြင်း၊ မရှိခြင်းကို အနုပညာဖြစ်ခြင်း၊ မဖြစ် ခြင်း အတွက် ပြဿနာရှိတယ်လို့ ကျွန်တော်တို့ မယူဆပါဘူး။ ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ မရှိဘူးဖြစ်စေ အနုပညာ ဟာ ဖြစ်တည်မှု တစ်ခုကို ရလိုက်တာနဲ့ တပြိုင်နက် တစ်နေရာရာကို ဒါမှမဟုတ် နေရာပေါင်းများစွာကို သူ့ သဘောနဲ့ သူ ရွေ့ တယ်ဆိုတာ ကတော့ အသေအချာပါပဲ။ အနုပညာရဲ့ အရွေ့ ဟာ အနုပညာရှင်ရဲ့ ရည်ရွယ်ရာ ဆီကိုပဲ ဦးတည် မလား၊ ဦးမတည်ဘူးလား ဆိုတာ ကတော့ မသေချာပါဘူး။ အဲ့ဒါကို တော့ နားလည်ထားဖို့ လိုမယ် ထင်ပါတယ်။ အရိပ် ရချင်လို့ သစ်ပင်စိုက်သူ တွေရှိနိုင်ပါတယ်။ သစ်သားလိုချင်လို သစ်ပင်စိုက်သူတွေ ရှိနိုင်ပါတယ်။ အသီးစားချင်လို့ သစ်ပင် စိုက် သူတွေလည်း ရှိပါတယ်။ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိန်းရေးအတွက် သစ်ပင် စိုက်သူတွေလည်း ရှိပါတယ်။ ဘာမှ မရည်ရွယ်ပါပဲ သစ်ပင်စိုက်ချင်လို့ စိုက်သူတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ အဲ့ဒီလိုပဲ သစ်ပင်တွေကို ချစ်လို့ သစ်ပင်စိုက်သူတွေ လည်းရှိနိုင်ပါသေးတယ်။ ဘာကြောင့်ပဲစိုက်စိုက် အပင်ပေါက် လာပြီ ဆိုရင်တော့ သစ်ပင် ဟာ သူ့ လမ်းသူလျှောက်ပြီး သူ့ အလုပ်သူ လုပ်ပါလိမ့်မယ်။ အရိပ်ရချင်လို့ စိုက်တဲ့သစ်ပင်ဟာ အသီး ကို ပေးချင် ပေးပါ လိမ့်မယ်။ ကျေးငှက်တွေ အတွက် နေစရာလည်း ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ အကိုင်းကျိုးကျလို့  ခေါင်း ပေါက် သွားသူတောင် ရှိလာနိုင်ပါသေးတယ်။ အနုပညာ နယ်ပယ်မှာလည်း အဲ့ဒီ့လို သဘောတွေ သက်ဝင်နေတာ ကို သေချာ ကြည့်ရင် မြင်နိုင်ပါတယ်။ အနုပညာ တစ်ခုကို ဖန်တီးခြင်းဟာ ကိုယ်ပြောချင်တာကို၊ ကိုယ်ခံစားနေရတာတွေကို တခြား သူတွေ သိအောင် တင်ပြခြင်းဆိုတာထက် အများကြီး ပိုပါတယ်။ အနုပညာရှင် တစ်ယောက်ရဲ့ ဖန်တီးနေစဉ် ခံစားမှု၊ ဖြစ်တည် မွေးဖွား လာတဲ့ အနုပညာ ပစ္စည်း တစ်ခု၊ အဲ့ဒီ့ အနုပညာ ကို ကြည့်ရှု့ သူရဲ့  ခံစားသိမြင်လိုက်မှု အဲ့ဒီ့ သုံးခုဟာ တစ်ခုတည်းဆီကို လည်း ညီသွားနိုင်သလို၊ သုံးခု ဆီကိုလည်း လုံးဝကွဲ သွားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ အနုပညာက လွတိလပ်မှုကို အားပေးပါတယ်။

ကျွန်တော်ရဲ့ အမြင်အရတော့ (ကျွန်တော် တစ်ယောက်တည်း ရဲ့ သီးခြားအမြင်အရတော့) အနုပညာ တစ်ခုကို ခံစား တယ်ဆိုတာ သချာင်္ပုစ္ဆာတစ်ပုဒ် တွက်သလို တိကျတဲ့ အဖြေမှန်ထွက်မှ အမှတ်ပြည့် ရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ အဆိုပါ အနု ပညာကို ဖန်တီးလိုက်သူ အနုပညာရှင်က ဘာကို ဆိုလိုသလဲ၊ ဘာတွေခံစားနေရတာလဲ၊ ဘာကို ပြောချင် တာလဲဆိုတာ တွေကို အနုပညာ ပစ္စည်းကတဆင့် အမှန်အတိုင်း ခံစားသိမြင် လိုက်နိုင်မှ အဆင့်အမြင့်ဆုံး အနုပညာ ခံစားမှု ဖြစ်တယ်လို့ လဲ မယူဆ ပါဘူး။ အနုပညာ ဝေဖန်သူတွေ၊ အနုပညာက တဆင့် ခေတ်ကို ခန့် မှန်းသူတွေ၊ အနုပညာ ကို ဘာသာရပ်တစ်ခုအနေနဲ့  ဆန်းစစ် လေ့လာ သူတွေ အတွက်တော့ အဲ့ဒီ့အချက်ကတော့ အရေးပါကောင်း ပါနိုင်ပါတယ်။ အနုပညာခံစားသူတွေ အတွက်တော့ သိပ်အရေး မပါဘူးလို့ မြင်ပါတယ်။ အနုပညာမှာ သီးခြား ဖြစ်တည်မှု နဲ့  ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိသလို၊ အနုပညာခံစားသူတွေမှာလဲ သီးခြားဖြစ်တည်မှုနဲ့  ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိပါတယ်။ အဲ့ဒီ့ နှစ်ခုစလုံးကို ကျွန်တော် တို့ တန်ဖိုးထားပါတယ်။

အနုပညာရှင်ရဲ့ အခန်း ကဏ္ဍကို မြှင့်တင်ဖို့  အနုပညာနဲ့ ခံစားသူ တို့ ရဲ့ ပိုင်ခွင့်တွေကို ကန့် သတ်ပစ်ဖို့ ကျွန်တော်မှာ ဆန္ဒ မရှိပါဘူး။ ဒါကြောင့်လည်း ကိုယ်ဖန်တီးတဲ့ လက်ရာတွေကို အနုပညာအဖြစ် ယုံကြည်တဲ့ အနုပညာရှင် အချို့ ဟာ သူတို့  အနု ပညာနဲ့  ပတ်သက်ပြီး အဲ့ဒါက ဘာကို ဆိုလိုတာလည်း၊ ဒါက ဘာအဓိပ္ပါယ်လည်း စတဲ့မေးခွန်းမျိုးတွေကို ဖြေဖို့  ငြင်းဆန်ကြတာ ဖြစ်ပါတယ်။ အနုပညာ ပစ္စည်း တစ်ခုကို တစ်စုံတစ်ရာ အဓိပ္ပါယ် ဖွင့်ဆိုလိုက်ခြင်းဟာ အဲ့ဒီ့ အနုပညာရဲ့ သီးခြားဖြစ်တည်မှု နဲ့  လွတ်လပ်ခွင့်ကို ဘောင်ခတ် ပစ်လိုက်ခြင်း ဖြစ်တယ်လို့ မြင်ကြလို့ ပါ။ အနုပညာ ပစ္စည်း တစ်ခုကို တိကျတဲ့ အဓိပ္ပါယ် တစ်ခု ဖွင့်လိုက်ပြီး ဒါပဲဖြစ်တယ် လို့ ညီမျှခြင်းထိုးလိုက်ခြင်းဟာ အဲ့ဒီ့ အနုပညာရဲ့  ရှင်သန်ရွှေ့ လျားနေတဲ့ ၀ိဥာဉ်ကို သတ်ပြစ်လိုက် တာနဲ့ အတူတူပါပဲ။ အဲ့ဒီ့လို မလုပ်ကြပါနဲ့  လို့ မတောင်းဆိုချင်ပေမယ့် ကျွန်တော်တို့ ကတော့ အဲ့ဒီ့လို မလုပ်ပါဘူး။ ကိုယ်ဖန်တီး တဲ့ အနုပညာပစ္စည်းရဲ့  အနုပညာ ၀ိဥာဉ်ကို ခေတ်ကမ္ဘာ အဆက်ဆက် ရှင်သန် သက်ဝင်ခွင့် ပေးချင်ကြပါတယ်။ ကျွန်တော်တို့  ရဲ့  အနုပညာတွေ သူ့ အား၊ သူ့ အင်၊ သူ့ ဝိဥာဉ် နဲ့ ခေတ် အဆက်ဆက်ကို ဖြတ်သန်း ရှေ့ ဆက်ကြပါလိမ့်မယ်။

အနုပညာဆိုတာ မိမိရဲ့ သွေးနဲ့ ဖြစ်တဲ့ ရင်သွေးကို ဗိုက်ထဲက ကိုးလလွယ် ဆယ်လမှာ ဖွားမြင် လိုက် သလို ကာလ အတိအကျ မရှိပေမယ့် တစ်စုံတစ်ခုသော ကာလ အထိ ရင်ဘက်ထဲမှာလွယ်ပိုးထားပြီး နေ့ စေ့ လစေ့ ဖြစ်တဲ့အခါ ဖန်တီး မွေး ထုတ် လိုက်မိတဲ့ ရင်နှစ်သည်းချာ ရတနာပါပဲ။ ကိုယ်မွေးထုတ် လိုက်တဲ့ လူသား တစ်ယောက်ရဲ့ ဖြစ်တည်မှု တန်ဖိုးနဲ့  စွမ်းပကား ကို တွက်ဆမရနိုင်သလို ပဲ ကိုယ်ဖန်တီးတဲ့ အနုပညာရဲ့  သီးခြား ဖြစ်တည်မှု တန်ဖိုးနဲ လောကကို တွက်ဆ မရနိုင်သလို ပဲ ကိုယ် ဖန်တီးတဲ့ အနုပညာ ရဲ့ သီးခြားဖြစ်တည်မှု တန်ဖိုးနဲ့ လောကကို ဖြန့်ကျက် လှုပ်ခါ နိုင်စွမ်း ကို လည်း မှန်းဆရ ခက်ပါတယ်။ အရေးကြီးတာက ကိုယ့် ရင်သွေးရဲ့ ရှင်သန်နေတဲ့ ၀ိဥာဉ်ကို ကိုယ်တိုင်က ပြန်ပြီး သတ်ပစ်မိတာမျိုး၊ ဘောင်ခတ် ပစ်မိ တာမျိုး မလုပ်မိဖို့ ပါ။ ခင်ဗျား သေသွားပေမယ့် ခင်ဗျားရဲ့ အနုပညာတွေ သူတို့ ရဲ့ ကိုယ်ပိုင် အနုပညာ ၀ိဥာဉ် နဲ့  ဆက်လက်ရှင်သန် နေရင် မကောင်းဘူးလားဗျာ…။
27.3.2010

14:00

ဘုန်းဦးမော်

Read More...

သုည ဖြစ်သွားတဲ့ ည (By နေဘုန်းလတ်)

"တစ်ဆယ်"

အသံတစ်သံ ပဲ ဒါပေမယ့် လက်ကြမ်းကြမ်းတစ်ဖက် နဲ့ ပုတ်နိးလိုက်တာထက် တောင် ပိုဆိုးသေးတယ် ၊အဲဒါနဲ့ ပဲ သူ လန့် နိုးသွားတယ် ဘာသံလဲ ဟ ဆိုတဲ့ စူးစမ်းစိတ်နဲ့ သူဘေးဘီ ၀ဲယာ ကိုလှည့်ပတ်ကြည့်တော့ ညက အလင်း ကွက်တိ ကွက်ကြား အောက်မှာ တိတ်ဆိတ်ဆဲ ငြိမ်သက်မြဲ သူ့နှလုံးသား တစ်ခု တည်းက ပဲ တဒိန်းဒိန်း လှုပ်နေ သလို လိုသူဝဲဘက် ရင်အုံကို လက်နှစ်ဖက် နဲ့ အတင်း ဖိထား လိုက်မိတယ် ခုဏက အသံက ဘာသံလည်း ခန ပျောက် သွားတဲ့ မေးခွန်း ကသူ့အလိုလို ပြန်ရောက်လာတယ် ၊ ကိန်းဂဏ္ဍန်းတစ်ခု ရဲ့ နံမည် ကို တစ်ယောက်ယောက်က အော် ရွတ်လိုက်သံမျိုး သူပြန်ကြားယောင် ကြည့်လိုက်ပေမယ့် အသံက နားထောင်နေရသလို မပီပြင်တော့ဘူး.. အဲဒီတော့ သူစိတ် ထဲမှာ ၀ိုးတိုးဝါးတား အိပ်မက်များလားပေါ့ ရေတစ်ခွက် ထသောက်ပြီး သူပြန်အိပ်ဖို့ ကြိုးစားတယ် မျက်လုံး တွေကို မှိတ် စိတ်တံခါးတွေကို ပိတ် အိပ်စက်ခြင်း ဟာ အရိပ်တစ်ခု လို သူ့ကို အတိတ် ပြန်မိုးလာရဲ့



" ကိုး "

ဒီတစ်ခါတော့ လန့်နိုးတာ မဟုတ်ဘူး ပြန်အိပ်လို့ မပျော်သေးတာ ဒီတစ်ခေါက်မြည်တဲ့ အသံကိုတော့ သူအသေအချာ ကြားလိုက် ရတယ် "ကိုး" တဲ့ ဒါဆို အရင်တစ်ခေါက် ကြားလိုက်ရတဲ့ အသံက တဆယ် ပေါ့ အထွေအထူး စဥ်းစား နေစရာ မလိုပဲ ရုတ်တရက်ပြန်မှတ်မိလိုက် တဲ့ အတွက် သူပြုံးမိတယ် ခုန တဆယ် အခု ကိုး ညကြီးမိုးချုပ် ဘယ်သူ ကများ လာပြီး တာလီချိုးနေသလဲ လို့ သူတွေးတယ် မဟုတ်သေး ပါဘူး တာလီချိုး တာ ဆိုလည်း ငယ်ရာကနေ ကြီးရာ ကို ရေရမှာပေါ့ အခုဟာ က သူ့အတွေးတွေ ကိုသူ့အတွေး ကပဲ အဲဒီလို ပြန်ပြင်တဲ့ အခါသူ့စိတ်ထဲမှာ ဒွိဟ ဆိုတာ ကြီး ဖြစ်လာတယ် ၊ မပြတ်သားမှု့ တစ်ခု ကမေးခွန်း အဟောင်း ကိုပဲပြန်ပြီး စတယ် ဒါ ဘာသံလည်း သူအိပ်ယာပေါ်ကနေ ကတိုက်ကရိုက် ထပြီး မီးခလုတ်ကို ဖွင့် လိုက်တယ်၊ လင်း သွား တဲ့ အခန်း ၀န်းကျင် ကို တစ်ပါတ်လှည့် ကြည့်ရင်း အသံဘယ်က ထွက်လာသလဲ လို့သူ လိုက်ရှာတယ် ၊ အသံထွက်ရာ နေရာကို လိုက်ရှာနေရင်း ပဲ ခုဏက အမှောင်တွေ ဘယ်ရောက်သွားတာပါလိမ့် ဆိုတဲ့ အတွေး က ပါ ၀င်လာတယ် အသံကို ပဲ ဆက်ရှာရမလို အမှောင်ကိုပဲ ပြန်ရှာ ရတော့မလို မီးခလုတ်ကို ပြန်ပိတ်လိုက်လို့ အလင်း မရှိတော့တဲ့အခါ အမှောင်ပြန်ေ၇ာက်လာမှာပေါ့ လို့ သူ့ရဲ့ အသိစိတ် က ၀င်အဖြေပေးတယ် ။ အိုကေ သူအလင်းအမှောင် ကိစ္စကို အာရုံထဲက နေ ဆွဲခွာလိုက်ပြိး အသံလာရာကိုပဲ ပတ် ရှာတယ် မတွေ့ဘူး ဘာဆိုဘာမှမတွေ့ဘူး ၊ အရာအားလုံး က အခုမှ ငြိမ်သက်တိတ်ဆိတ် သူ့ရင်ခုန်သံ တဒိတ်ဒိတ် ကပဲရင်ဘတ်က နေ တဖိတ်ဖိတ် ထွက်ကျလာနေတယ် ။



" ရှစ် "

အဲဒီအသံ ကို ကြား ကြား ချင်းပဲ သူပြတင်းတံခါးကို တွန်းဖွင့်လိုက်တယ် အပြင်ကလေအေးတွေ အတွင်းကို ၀င်လာကြ တာလား ၊ အတွင်းကလေပူတွေ အပြင်ကိုထွက်သွားကြတာလား တော့ မသိဘူး ၊ သူ အေးကနဲ ခံစားလိုက်ရတယ် ၊ နိုး တစ်ဝက်အိပ်တစ်ဝက် ဖြစ်နေတဲ့ စိတ်က အခုမှ ပဲ အပြည့်အ၀ နိုးထလာသလိုလို သူလန်းဆန်း တက်ကြွလာတယ်၊ ဒါ ပေမယ့် ခဏ ပဲ သူ့စိတ်ကို အဖြေမပေးနိုင်သေးတဲ့ မေးခွန်းက အပေါင်းအဖေါ်တွေ ခေါ်ချပြိးထပ်ရောက်လာတယ် ၊ ဘာသံလည်း ဘယ်သူအော်နေတာလဲ ၊ ဘာအတွက်လဲ ဘယ်က ထွက်လာတာလဲ ၊ သူဖွင့်ထားတဲ့ ပြတင်းတံခါးကနေ အပြင်လောက ကိုလှမ်းကြည့်လိုက်တယ်မိုးရွာနေတာပဲ ၊ လမ်းမီးရောင်တွေ ရဲ့ ဖြာထွက်အလင်းက မိုးစက်မိုးပေါက် လေးတွေ ရဲ့ မြင်ကွင်းကိုပြတ်သားရှင်းလင်းစေကြတယ် ၊ ဒီ မိုး ဟာ မုန်တိုင်း ရဲ့  ခေါင်းလား အမြီး လား အခု ချိန် အထိတော့ အရာအားလုံးဟာ နေသားတကျ စီစီရီရီ လှပနေတုန်းပဲ ၊ ဒါဆို ဒါမုန်တိုင်းရဲ့  အစပေါ့ ၊ဟင့်အင်းသူခေါင်း ကို ဖြေးညှင်းစွာ ခါမိတယ် ၊ သူ့ဖာသာ သူ ရွာတဲ့ အညတရ မိုး ပဲ ဖြစ်နိုင်တာပဲလေ၊ မိုးကို မြင်တာနဲ့ မုန်တိုင်း ကို သတိရလိုက်မိ တဲ့ သူ့ကို သူ ပြန်အပြစ်တင်မိတယ်

မိုး........ဓါတ်မိုးတိုင်..........အလင်း...........မုန်တိုင်း..............အညတရမိုး..........အပြစ်.... အထိန်းအကွပ်မဲ့ ဖြာထွက် ၀ဲလွင့်သွားတဲ့ စိတ်ကို ပြန်ဖမ်း မိလိုက်တဲ့ အချိန်မှာ ၊ မူလ ပြသနာက ပြန်ပေါ်လာတယ် ၊ အသံ... အော်သံ... ကိန်းဂဏန်း ရေတွက်သံ......... တစ်ဆယ်.... ကိုး .... ရှစ်..... တဲ့ ....ပြီးရင် ခုနှစ် လာအုံးမှာလား..၊ ဦးနှောက်က စဥ်းစားတဲ့ အလုပ်ကို လုပ်နေတဲ့ အချိန်မှာ သူ့ရဲ့  အကြည့်တွေ က ပတ်ဝန်းကျင် တခွင်လုံးဆီကို ပြေးလွှားနေတယ် ၊ နှလုံးသား ကတော့ စိတ်ရဲ့  စေစား ရာ အတိုင်း အနှေး အမြန် ချိန်ဆလှုပ်ရှားလို့ ..............။



" ခုနှစ်"

သူ နဲနဲ တော့ ရိပ်မိစ ပြုလာတယ် ၊ ဒါ ကိန်းဏ္ဍန်းတွေကို နောက်ပြန် ရေတွက်နေတာပဲ၊ နိုးနေပြိးသား မေးခွန်းများစွာ ထဲကအချို့အတွက် အဖြေကို ရရှိလိုက်ပေမယ့် ၊ အဲဒီ အဖြေကြောင့်ပဲ နောက်ထပ် မေးခွန်းတွေအသစ်တွေ ထပ်ထပ် ထွက်လာတယ် ၊ ဘာဖြစ်လို့ဒီလို ရေတွက်ရတာလဲ ၊ ဘယ်သူ က ဒီလို ရေတွက် နေတာလဲ ၊ အဲဒိလူ ဘာလုပ်မလို့လဲ ၊ ဒီလိုမျိုး ရေတွက်မှု့ မျိုး ကို ဘယ်လိုနေရာ မျိုး မှာကြားခဲ့ ဖူး သလဲ လို့ သူအပြင်းအထန် စဥ်းစားမိ ရဲ့  ၊ တဖွဲဖွဲ ရွာနေတဲ့ မိုးက တဖြေးဖြေး သည်းလာပြီပဲ သူ့မျက်နှာတင် မကဘူး သူ့ရဲ့ ခန္ဓာကိုယ် အပေါ်ပိုင်း က ပါ စွဲစ ပြုလာပြီ ၊ သူ ပြူတင်း တံခါးကို ၀ုန်းကနဲ ဆွဲပိတ်လိုက်တယ်။ တံခါးပိတ်သွားမှာ မိုးသံ လေသံ တွေ အတိုင်းအတာ တစ်ခုအထိ တိတ်သွားတယ် ၊ ဒါပေမယ့် အော်သံကတော့ သူ့ စိတ်ရဲ့ နောက်ကို အရိပ် လို ကပ်ပါနေတုန်း၊ သူရေစိုေ နတဲ့ အပေါ် အကျီင်္်ကို ချွတ်ပြီး တီရှပ် တစ်ထည် ကောက်စွပ် လိုက်တယ် ၊ ဒီအခန်းထဲမှာငါ့အတွက် လုံခြုံနေသားပဲ ဘယ်သူတွေ ဘာကြောင့်ပဲ ဘာတွေ အော်နေနေပေါ့ ၊ ငါနဲ့ ဘာဆိုင် လို့လဲ ၊ သူ့ရဲ့  ဘုဂလန့် အတွေး က ဂနာမငြိမ် တဲ့ သူ့ စိတ်ကို ခဏတဖြုတ်လောက်တော့ ငြိမ်စိတ်သွားစေတယ် ၊သူ အေးအေးဆေးဆေးပဲ ကော်ဖီဖျော်နေလိုက်တယ် ၊ ပြီးတော့ တီဗွီရှေ့မှာ ထိုင်ပြီး တီဗွီခလုတ်ကို ဖွင့်လိုက်တယ် ၊ ချန်နယ် ပေါင်း များစွာ ရှိတဲ့ အနက် သတင်းချန်နယ် တစ်ခုမှာ သူ့ လက်တွေ ရပ်သွားတယ် ၊ ဒုံးကျဉ် တစ်စီး ကို ပစ်လွှတ်ဖို့ အတွက် အမှတ်စဉ်တွေကို ရေတွက်နေတယ် ၊ ဖိုက်... ဖိုး... သရီး... တူး... ၀မ်း... ဖိုင်းယား... ချလွမ်း ၊ သူ့လက်ထဲက ကော်ဖီခွက် လွတ်ကျကွဲ သွားတယ် ၊ သူ့စိတ်တွေလည်း ကယိမ်းကပါး ကစဉ့်ကလျား သူ့ကိုသူ ပြန်သတိထား မိချိန်မှာ သူမိုးရေထဲ မိုးရေအရွှဲသား နဲ့ ဖြစ်နေပြီ ၊



"ခြောက် "

ရှာ ....ရှာ......တွေ့အောင်ရှာ.....ပတ်ပတ်လည်မှာ ရှိနေတဲ့ ပတ်ဝန်းကျင် က သူ့ကို အလည်ဗဟို မှာ ထားပြီး သွက် သွက်ခါအောင် လှည့်နေသလိုပဲ ဘယ်အရပ် မျက်နှာ ကို ဦးတည် ဘယ်အရပ် မျက်နှာ ကို ဆုံးဖြတ် ဘယ်အရပ် မျက်နှာ ဆီ ပြေးထွက်ရမှာလည်း ၊ သူ စိတ်တွေ တုန်လှုပ် ခြောက်ခြားလာတယ် ၊ သူ့ထက် အစပေါင်းများစွာ မြင့်တဲ့ တိုက်တွေရဲ့  ခေါင်မိုးတွေ ပေါ် သူမော့ကြည့်မိတယ် ၊မနီးစပ် တဲ့ ဝေးကွာမှု့ တစ်ခု ရဲ့ေ၀၀ါးမှု့ ကို မိုးရေစက်တွေ ကပါ အား ဖြည့် ပေးလို့ထင်ရဲ့ သူဘာကို မှ သဲသဲ ကွဲကွဲ မမြင်ရဘူးဘာမှလည်း မမြင်ရ ဘာမှန်းလဲမသိရပဲ သူ ဘာကြောင့် ဒီလောက် တောင်တုန်လှုပ်နေရတာလည်းလို့ သူ့ကိုယ်သူ ပြန်မေးဖို့ သတိရလိုက်တာ ဟာ သူ့အတွက် ကံကောင်းတာပဲ ၊ မိုး ကလည်း လျှပ်စီးတ၀င်းဝင်းတွေမိုးချုန်းသံ တဒိုင်းဒိုင်းတွေ အပိုဆောင်းပြီး သည်းလို့ကောင်းနေတုန်း ၊ စိတ်အေးအေး ထားစမ်းပါ လို့ သူ့ကို သူပြန်သတိ ပေးရင်း ထပ်ထွက်လာမဲ့အော်သံ နောက်တစ်ချက်ကို သူနားစွင့် နေလိုက်တယ် ၊ တစ်စုံတစ်ယောက် က တစ်စုံတစ်ခု ကိုပစ်လွှတ်ဖေါက်ခွဲ ပစ်တော့မှာလား ၊ အဲဒီ တစ်ခုခုဟာ ပေါက်ကွဲ အား ပြင်း ထန်တဲ့ စွမ်းအားကြောင့်ဗုံးတစ်လုံး များ ဖြစ်မလား ၊ ဟင့်အင်း မဟုတ်သေးပါဘူး အခုငါရှိနေတဲ့ နိင်ငံက စစ်မဲ့ ကင်းစင် တဲ့ နိုင်ငံတစ်ခုပဲ ၊တုန်လှုပ်ခြောက်ခြား စိတ်တွေ လျှော့ပါးသွားတာ ကို အခွင့်ကောင်းယူပြိး အတွေးစတွေက ဟိုတစ်စ ဒီတစ်စ နဲ့ သူ့ ရဲ့  စိတ်အာရုံထဲ ပြန်လည်ပွထလာကြတယ် ၊ သူ့ ငံ့လင့် နေလို့ ထင်ရဲ့ နောက်ထပ် အော်သံတစ်ချက် က တော်တော်နဲ့ ထပ်ထွက် မလာတော့ဘူး ဒါ ရပ်တန့်သွားတာလား ၊ လက်လျှော့ လိုက်တာလား ဒါမှ မဟုတ်ေ၇ှ့ဆက် ဖို့တွေဝေ စဉ်းစား သွားတာလား ၊ မိုးက အဆုံးစွန်အထိသည်းပြိးနောက်မှာ တဖြေးဖြေး ပြန်စဲ လာနေတယ် ၊ အသံ တွေက တဖြေးဖြေး ပါး...လျား...ကင်း....ဆိတ်...မိုးဟာ သူ မရွာခဲ့ သလို ပဲ ၊ လုံးဝတိတ်သွားတယ် ။ သူကတော့ မိုးကောင်းကင် အဟောင်းကြီး ရဲ့ အောက်မှာ မိုးရေတွေ စိုလျှက်သားနဲ့ ကျန်ခဲ့...........။



" ငါး "

အသံက ဟိုးအဝေးကြီးကမှ မဟုတ်ပဲ သူ့အနီးအပါး ကို ဝေ့၀ဲ ရှာမိတယ် ၊ ဘယ်သူမှ မရှိဘူး ၊ တကယ်တမ်း က ဘယ် သူမှ မရှိဘူး ဆိုတာ ထက်ကို ပိုတယ် ၊ အသံထွက်နိုင်တဲ့ အရာ ဘာမှကို ရှိမနေခဲ့ ဘူး ၊ သူ့အနီးအနားမှာ သူ့ရဲ့ ခြေဖ၀ါး တွေ အောက်မှာက အသက်မဲ့ လမ်း အနက် ၊ သူ့ ရဲ့  ဘေး တစ်ချက်မှာ က အသံမဲ့မီးရောင်အ၀ါ ၊ သူ့အနား မှာ ဘယ် သူမှ ရှိမနေတာ ကို သူမသေမချာ နဲ့ သေချာလိုက်ရတယ် ၊ ဒါဆိုဒီအသံ ဘယ်ကနေ ထွက်လာတာလဲ ၊ ဒါ ထင်ယောင် ထင်မှားဖြစ်ခြင်း လား ၊ နားကြားများ လွဲတာလား၊ ကြားခဲ့ လိုက်ပြီးပြီ ဖြစ်တဲ့ အသံခြောက် ချက် ရဲ့ ပြတ်သား မှု က သူ့အာရုံ ထဲ ၀ိုးတ၀ါး ပြန်ပေါ်လာတယ် ၊ သူအသေအချာကြားခဲ့ရတာပဲ ၊ သူစိတ်ပျက်လက်ပျက် နဲ့ သူ့အခန်းလေး ရှိရာ ဆီ ၊ လှေခါးထစ်တွေ များစွာကို ကျော်ဖြတ်ပြိး ၊ ပြန်တက် လာခဲ့တယ် ၊ ဟောင်းလောင်း ပွင့်လျှက်သား တံခါးနဲ့ သူ့ အခန်းလေးက ဟာလာဟင်းလင်း ကြိုဆိုတယ် သူပြေးထွက်သွားတုန်းက တံခါးပြန်ပိတ်ဖို့ မေ့လျှော့ခဲ့တာ နေမှာ ....သူ့ကိုယ်ပေါ် ကတစ်စက်စက် ကျနေတဲ့ ရေစက်တွေနဲ့ အခန်းလေး ရွှဲရွှဲ စိုသွားရဲ့  တံခါးကိုအလုံခြုံဆုံးဖြစ်အောင် ဘယ်လိုမျိုး အထပ်ထပ် ပိတ်ရမလဲ လို့ သူ့ စဥ်းစားတယ် ၊ အဲဒီအသံကိုထပ်မကြားရတော့ အောင်လေ ၊ အခုချိန်အထိ ဘယ်က ထွက်လာမှန်းမသိ တဲ့ အသံတစ်ခု က သူ့အာရုံတွေကတဆင့် ၊ သူ့ ရဲ့  အသွေးအသား အားလုံးထိ ပျံ့နှံ့ တွယ် ငြိနေပြီ ၊ တံခါးကို ရှာလိုရသမျှ သော့အထပ်ထပ် နဲ့ အ ဆင့်ဆင့် ခတ်နေပေမယ့် ဒီအသံကိုရှေ့ဆက် ပြိး သူထပ် ကြားရ အုံးမှာ ပဲလို့ စိတ်ထဲက အလိုလို သိနေသလိုလို ၊ သံပန်းတံခါးရဲ့ အလည်အက်ကြောင်းမှာ အထက်အောက် စီတန်း ခတ် ပိတ် ထားကြတဲ့ သော့ခလောက်တွေ ရဲ့ အဓိပါယ်မဲ့ မှု့ ကို သူအကြောင်သား ရပ်ငေးကြည့်နေမိတယ် ၊ သေချာ နေသား ပဲ ဒီသော့ခလောက်တွေလည်း မတားနိုင်ဘူး ဆိုတာ ၊



"လေး "

လေး တဲ့တ၀က်တောင်ကျော်သွား ခဲ့ ပြီ ပဲ ၊ ကြားလိုက်ရတဲ့ အသံကို သူ သံယောင်လိုက်မိတယ် ၊ အသံက သူ့ ရင်ဘတ်ထဲ ကနေထွက်ကျလာသလိုပါပဲ လား ၊ သူ့နက်နက်ရှိုင်းရှိုင်း ကို အလန့်တကြားဖြစ်သွားတယ် ၊ ဒါသူ့ ရင်ဘတ် ကြီးထဲက အော်မြည်သံလား ။ သူ ချိန်ကိုက်ဗုံးတစ်ခုကိုများ ကိုက်မြိုထား မိသလား ၊ သူ့နှလုံးသားရဲ့နေရာကိုသူလက်နဲ့ ပြန်စမ်းပြိး ရန်ခုန်သံ စည်းချက်တွေကို စိတ်မှန်းနဲ့ ရေတွက်နေမိတယ်၊ ရင်ခုန်သံ တဒိတ်ဒိတ်ကလည်း အခုတော့ အမှတ် စဉ်တွေ မှတ်နေသလိုလို ၊ ဟုတ်သလိုလို မဟုတ်သလိုလိုဖြစ်နေစဲ ၊ အမှန်တရား ခပ်ဝါးဝါး တွေ ကြားမှာ သူကိုယ်တိုင် မပြတ်မသား ဖြစ်လာတယ် ၊ အဝေးတစ်နေရာက မဟုတ်တာတော့သေချာတယ် ၊ ဒါဖြင့် သူရင်ဘတ်ထဲ ကထွက်လာတာလား ဆိုတော့ မသေချာပြန်ဘူး ၊ ဒါမှမဟုတ် သူတစ်ယော က်တည်းပဲ ကြားနိုင်တဲ့ သူ့အတွက် သီးသန့် အသံတွေလား ၊ သူ အခြားသူတွေကိုလိုက်မေးကြည့်ဖို့ စဉ်းစား လိုက်တယ် ၊ အဲဒီလို စဉ်းစား မိလိုက်စဉ်မှာ ပဲ ဒီအခန်းလေးထဲမှာသူတစ်ယောက်တည်း နေတာပဲ ဆိုတာ ကို သတိရသွားတယ် ၊ ဒါဆို ဘယ်သူ့ကို သွားမေးမှာလည်း ၊ စိုနေတဲ့ အ၀တ်တွေကိုအခုထိ သူမလဲဖြစ်သေးဘူး ၊ သူကိုယ်တိုင်ပိတ်ထားတဲ့ သော့ခလောက်အထပ်ထပ်ကို သူ့ကိုယ်တိုင်ပဲ ပြန်ဖွင့်ဖို့ ကြိုးစားတယ် ၊ ပိတ်တုန်း ကလွယ်သလောက် ဖွင့်တော့ ခက်လိုက်တာ ၊ သော့တံတွေနဲ့ သော့ပေါက်တွေက ဘယ်လိုမှ ကို သဟဇာတ မဖြစ်ဘူး ။ ဟူး.............နောက်ဆုံး သူလက်လျှော့ လိုက်တယ် ဘယ်သူ့ကိုမှ လိုက်မေးမနေတော့ဘူး လေ...။



" သုံး "

ဒီတစ်ခါ အသံက သူ့ရင်ဘတ်ထဲ ကထွက်လာတယ်ဆိုတာ ဆို သူ အသေအချာ သိလိုက်ရတယ်လို့ သူ့ကိုယ်သူ ထင် ပြစ်လိုက် တယ် ၊ အဲဒီအထင်နဲ့ ကပ်လျှက်ပဲ ငါ့ နှလုံးသား ပေါက်ကွဲထွက်တော့မှာလားလို့ သူတူးတူး ခါးခါး တွေးမိရဲ့  ၊ ဒုက္ခပဲ အဲဒိ အတွေးသာ တကယ်မှန်မယ်ဆို၊ အဲဒိအတွက်အချိန် က မိနစ်ပိုင်းပဲ လိုတော့တာပေါ့ ၊ သူဆောက်တည်ရာ မရ ဖြစ်လာတယ် ၊ ငါဘာလို့ ဒီလောက်တောင် ညံ့ရတာလည်း လို့ ၊ သူ့ကိုယ်သူလဲ အပြစ်တင်မိတယ် ၊ တကယ်ဆို အစကတည်းက ဒီလိုတွေးခဲ့မိဖို့ ကောင်းတာပေါ့ ။ အခုတော့ အမှတ်စဉ် က "သုံး " ကိုရောက်နေပြီ ၊ ပြီးရင် နှစ် ပြီး တော့  တစ်....အဲဒီ တစ်... ပြီးရင် သူ ဆက်မတွေးဝင့်တော့ဘူး ၊ သူ့အပေါ် အကျီင်္ ကိုဆွဲချွတ်ရင်း ကွန်ပြူတာရှေ့ ကို အပြေးသွားမိတယ် ၊ မပြင်း တဲ့လျှပ်စစ်ကြောင်း တစ်ခုက သူ့လက် ကနေ တဆင့် သူတကိုယ်လုံးဆီစီးဝင်သွားရဲ့  သူ ဆတ်ကနဲ လက်ကို ရုပ်လိုက်ပြီးမှ ရေစို နေတဲ့ ဂျင်းဘောင်းဘီ ကို သတိရတယ်၊ အ၀တ်ဟောင်းတွေ ချွတ်လဲဖို့ အချိန် မပေးချင် တော့ပေမယ့် လဲအုံးမှတော့ဖြစ်မယ် ၊ သူ့အ၀တ်အစား တွေ အကုန်လဲပြိးခေါင်းကို ရေစင်အောင် လက် တစ်ဖက် က သုတ်ရင်းမောက်စ် ကလေး ရဲ့ အကူအညီ နဲ့ ကွန်ပြူတာကို သူ့ရဲ့ ဝက်ဆိုဒ် ဆီ သွားဖို့ အမိန့်ပေးနေ လိုက်တယ်၊ အဲဒီအချိန်မှာ ပဲ...၊



" နှစ် "

အဲဒိအသံက သူ့ရဲ့  ရင်ဘတ်ထဲ ကနေ သူ့ရဲ့  ငယ်ထိပ်ကိုစောင့် ထိုးလိုက်သလိုပဲ ။ ခဏ နေပါဦး ခဏနေပါဦး ဘယ်ဆီ ဘယ်ဝယ် ကို ရည်ရွယ်ရမယ် မှန်းမသိတဲ့ ၊ တောင်းပန် တိုးလျိုး မှု့ တစ်ခုကို သူ့ နှုတ်ဖျားကနေ တိုးတိုးလေး ရွတ်ဆို မိတယ် ၊ အရေးထဲ ကော်နက်ရှင်ကလည်း နှေးလိုက်တာ၊သူ့စိတ်ကို ဘယ်လိုမှ ဆွဲဆန့်လို့ မရဘူး ဖြစ်နေတယ် ၊ အဲဒိ အခိုက်အတန့်လေး မှာအချိန်တွေကလည်း တို.. စိတ်တွေကလည်း တို... သူမငို မိအောင် စိတ်တွေကိုမနဲ ထိန်းထား ရတယ် ၊ ဒီလို ကံကြမ္မာ ဆိုးမျိုး နဲ့ ဘာကြောင့်များလာတိုးရတာလဲ သူမျက်ရည်တွေ ၀ဲလာတယ် ၊အရာရာ ကို အသိ နောက်ကျခြင်းတွေက သူ့ရဲ့  လက်ကျန် ဘ၀ထဲကို နောင်တတွေ တပြုံတခေါင်း ကြီးမလာတယ်၊ ကွန်ပြူတာ ဖန်သား ပြင်ပေါ်မှာ ပေါ်နေတဲ့ တလူလူလွင့်နေတဲ့ ၀င်းဒိုးအလံလေးက သူ့ကို နှုတ်ဆက်လက်ပြနေသလို သူ့ဝက်ဆိုဒ်လေး က အခု ချိန်အထိ ပြည်ပြည့်၀၀ တက်မလာသေးဘူး ၊ သူ့ဝက်ဆိုဒ်လေးမှာ တစ်ခုခု တင်ဖို့ အချိန်မှ ရပါတော့မလား ၊



" တစ် "

ဟာ.....ဒါ သူ့ဘ၀ နဲ့  နောက်ဆုံးမိနစ် ထင် ရဲ့  ဘာမှ ချန်မထားနိုင်ခဲ့သေးခင်မှာဘယ်မှ မသွားပါရစေနဲ့ အုံး ဗျာ လို့ ဘယ်သူ့ ကို တောင်းပန်ရမှာလည်း သူစဉ်းစားတယ် ၊ လောကအတွက်တစ်စုံတစ်ခု ချန်ထားဖို့ အချိန်မရှိတော့ဘူး ဆိုရင်လည်း နောက်ဆုံးအနေနဲ့ နှုတ်ဆက်စကားလေး တော့ ပြောသွား ပါရစေ ၊ ခဏလေးပါ ငါတွယ်တာ တဲ့ အနည်း အကျဥ်းသော သူတွေဆီ အီးမေးလ် လေး တစ်ဆောင်လောက်ပို့ ယုံပါ သူ့ပါးစပ်က နေ တတွတ်တွတ်ထွက် လာနေ တဲ့ ငြီးတွား ရေရွတ်သံတွေ ဟာ ဘယ်သူ့အတွက်လည်းဘယ်သူက ကြားမှာလည်း ကြားရင်ကော ဘယ်သူက ဘာဝင် လုပ်ပေးနိုင်မှာလဲ ၊ သူ့ အီးမေးလ် ပို့ဖို့ အတွက် ကွန်ယက်တစ်ခုကို လှမ်းချိတ်လိုက်စဉ်မှာပဲ တောက် ကနဲ မီးပျက် သွားတယ် ၊

အား...............

အလန့်တကြားအော်လိုက် မိတဲ့ သူ့ရဲ့  အသံ က လမ်းမပေါ် ကို လျှံ ထွက်ကြသွားမှာသေချာတယ် ၊ ဒီနိုင်ငံမှာ မီးမပျက် ပဲ ဘာလို့အခု မှ တိုက်တိုက်ဆိုင်ဆိုင် အဲဒိမီးတွေဘာလို့ ပိတ်သွား ရတာလဲ ၊ သူမျက်စီရှေ့ က အမှောင်ထု ကို ပြူးပြဲ စိုက်ကြည့်ရင်း တစ်စတစ်လေသောအလင်းကို လိုက်ရှာနေမိရဲ့  ၊ အဲဒီအချိန်မှာပဲ သူမကြားချင်ဆုံးသော အသံတစ်ခုကို သူနား နဲ့ ဆက်ဆက်ကြားလိုက်ရတယ်။



" သုည "



သူ မျက်လုံးတွေ ပွင့်လျှက်သားနဲ့အပြီးအပိုင် အိပ်မောကျသွားခဲ့တယ်.....................။



26.06.2009 (Fri )

12:50 PM

Read More...

Saturday, April 24, 2010

လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ်

C-Box မှာ မေးလာသူ ကိုထိုက်အတွက် သိစရာတွေကို ဒီမှာ သွားဖတ်ဖို့ ညွှန်းပေးလိုက်ပါတယ်။ ကိုယ်တိုင် မရေးအားပေမယ့် ဒီစာရေးသူရဲ့ အိမ်ထောင်သာယာရေး ရည်ရွယ်ရင်း စေတနာ တွေကိုလဲ လက်ခံလို့ရတဲ့ အတွက် ထပ်ဆင့် ဝေမျှ တာပါရှင်။ ဒါပေမယ့် ဒီနီတိကို ကျွန်မ အပြည့်အ၀ သဘောတူတာတော့ မဟုတ်ပါဘူး ရှေးခေတ်တုန်းက အိမ်ထောင် ဦးစီး ယောက်ျား အလုပ် လုပ်ရင် တအိမ်လုံး ထိုင်စားလို့ ရတဲ့ခေတ်က ကျား/မ ခွဲခြားမှုတွေ နွယ်နေတဲ့ ဒီအစဉ်အလာကို ခုခေတ်မှာ ကျွန်မ သဘောမကျပါဘူး။ ခုခေတ်မှာ လင်ရောမယားပါ အလုပ်ထွက် လုပ်နေရတဲ့ အချိန် အခါမှာ လင်မယား ၂ယောက်လုံး က ယောက်ျားအလုပ် မိန်းမ အလုပ် ခွဲနေစရာမလိုဘဲ လင့်ကျင့်ဝတ်ရော မယား ကျင့်ဝတ်ပါ လိုအပ်သလို ကျေနိုင်ကြဖို့ အရေးကြီးတယ်လို့ပဲ ကျွန်မ ယူဆထားပါတယ်။

(မှတ်ချက်။ ကျွန်မရဲ့ ယူဆချက်တွေကို လိုက်ယူဆ လိုက်နာ စရာမလိုပါ။ လူတိုင်း လွတ်လပ်စွာ သို့ပေမယ့် သူတပါးကို မထိခိုက်အောင် ထင်မြင်ယူဆ ကျင့်သုံး နိုင်ကြပါတယ်။)

Read More...

Tuesday, April 13, 2010

ဘယ်တုန်းကမှ မ၀ခဲ့ဖူးသူ

ဒီစာကို သံလွင်အိပ်မက် က စည်သူ(သံလွင်)ရဲ့ ၀သောသူကပိန်ချင်တယ် ဆောင်းပါးကို ဖတ်ပြီး စိတ်ကူးပေါက် လို့ ရေးပါသည်။
အရပ် ၅ပေ ၉လက်မ ရှိအောင် အရပ်ရှည်တဲ့ ကျွန်မ ကိုယ်အလေးချိန် အမြဲတမ်း ပေါင် ၁၂၀ ကနေ ၁၄၀ ကြား မို့ body index မှာအမြဲတမ်း under weight နဲ့ normal ကြားမှာ ပြေးနေတာ ပါပဲ။ ဒါပေမယ့် တစေ့တစောင်း အကဲခတ်သူများနဲ့ သူငယ်ချင်း လူရင်း တွေက လက်ဖျားခါ ယူရအောင် အစားကြီးပါသည်။ ကြေးအိုး ပွဲကြီး တပွဲနဲ့ ပက်ပ်စီ ပုလင်း တလုံးကို တထိုင် တည်း စားနိုင်ပါသည်။ ဘယ်တော့မှ ဗိုက်ပူမလာ။ ဗိုက်ခေါက် မထွက် လာပါ။ ဗိုက်သူခိုးလို့ သူငယ်ချင်းတွေက ခေါ်ကြပါသည်။ ဒါဖြင့် အဲလို မ၀အောင် ဘယ်အရာက ထိန်းထားပါ သနည်း။


ညစာ
ည ၇နာရီနောက်ပိုင်း စားသမျှသည် အဆီကိုအားပေးပြီး ည ၇နာရီရှေ့ပိုင်း စားသမျှသည် အင်အားကိုပေးသည် လို့ ဘီဘီစီက ဦးလေးဖေသန်းရဲ့ မေးပါများ စကားရ အစီအစဉ်မှာ ငယ်ငယ်တုန်းက (ဘယ်လောက် ငယ်တုန်း ကလဲ မမှတ်မိ.. သိတတ်တဲ့ အရွယ်တည်းက ဘီဘီစီကလွှင့်တဲ့ ဒီအစီအစဉ်ကို မလွတ်တမ်း နားထောင် ပါ သည်) မှတ်သားဖူးတဲ့ အတိုင်း လိုက်နာပါသည်။ ညဘယ်အချိန် အိပ်အိပ် ညစာကို ၇နာရီထက် နောက်ကျလျှင် မစားတော့ပါ။ ဖျော်ရည် ဖြစ်စေ အသီးဖြစ်စေ ဗိုက်အင်မတန်ဆာလျှင် ခနော ဆန်ပြုတ်ထုပ် ဖြစ်စေ သောက်ပြီး အိပ်ပါသည်။

မနက်စာ
မနက် ၆နာရီနဲ့ ၈နာရီကြားမှာ ကိုယ်ခန္ဓာသည် သွေးခဲခြင်း လုပ်ငန်းကို လုပ်ဆောင်သည် မနက်စာ စားခြင်း သည် သွေးခဲခြင်း လုပ်ငန်းကို အနှောင့်အယှက်ပေးသည်။ ထို့ကြောင့် လေဖြတ်မှာ စိုးရိမ်သူများ မနက်စာကို မဖြစ်မနေ စားသင့်သည်။ ထို့ပြင် အစာအိမ်သည် တညလုံး အစာမရှိသော်လည်း အလုပ်ပုံမှန် လုပ်သဖြင့် မနက်ခင်းတွင် အစာဖြည့်ပေးမှ အစာအိမ် နံရံချင်း ပွတ်သည့်ဒဏ်ကို ကာကွယ်နိုင်ပြီး အစာအိမ် ပေါက်ခြင်း စသည့် အစာအိမ်ရောဂါများကို ကာကွယ်နိုင်ပါမည်။ ဟုတ်ကဲ့.. ကျွန်မ မနက်စာ အများကြီး စားပါသည်။ တက္ကသိုလ် ကျောင်းသူ ဘ၀က ကျောင်းသွားသည့် နေ့တွင် မနက်ခင်း အိမ်က စားခဲ့သမျှ (ကျောက်ခဲ အစာ ကြေနိုင် လောက်အောင် ကောင်းသော ကျောင်းသွားရာလမ်းရဲ့ ကောင်းမှုကြောင့်) ကျောင်းရောက်လျှင် ကျောင်းကင်တဲင်းတွင် ထိုင်ပြီး ထမင်းကြော် တပွဲနဲ့ အအေးတခွက် ထပ်ပြီး ၀ါးတီးဆွဲပါသည်။ ဟိုတယ်များ တွင် မနက်စာ စားရသည့် အခါမျိုးတွင်တော့ အမေရိကန် မနက်စာမှသာ ကျွန်မအတွက် အဆင်ပြေပါသည်။ အရှေ့တိုင်းဆန်ပြုတ်လောက်တော့ မဖြုံ။

နေ့လယ်စာ
ဘယ်သူရှေ့တွင် ဖြစ်ဖြစ် ဘယ်သူတွေ ဘယ်လို ၀ိုင်းကြည့်နေပါစေ ရှက်ရွံ့ရွံ့လေးနဲ့ ကြောင်စာလောက် စား သော မိန်းကလေး များထဲတွင် လုံးဝ လုံးဝ မပါပါ။ ဗိုက်အဆာပြေ သလောက် ၀င်သမျှ စားပါ၏။ နေ့လယ်စာ အ၀တီး ထားပေလို့ ညနေခင်း ကျောင်းကနေ အိမ်အပြန် လမ်းမှာ အသုပ်စုံ၊ ရခိုင်မုန့်တီ အစရှိသည်များကို စားပါသေး၏ ထိုမျှ စားသော ကျွန်မ ဘယ်သောအခါမှ မ၀ဖူးပါ။ ဘာကြောင့်လဲ ဆိုသော်

လမ်းလျှောက်ခြင်း
အင်မတန် လမ်းလျှောက်နိုင်ပါသည်။ ၂မှတ်တိုင် ၃မှတ်တိုင်လောက်ကို ကားစောင့်ရတာ စိတ်မရှည်လျှင် ခြေ ကျင် လျှောက်ပါ၏ စိတ်နဲ့လူနဲ့ ပြောင်းပြန် အချိုးကျပါ၏။ တခါသား ညနေဘက် မြို့ထဲ ကနေ ကမ္ဘာအေး ဘက်ကို အပြန် ဘတ်စ်ကား စီးလာရာမှာ နှင်းဆီးကုန်း ဘိုးဘွားရိပ်သာ အကျော်လောက်မှာ ကားပျက်၏ လာသမျှ နောက်ကားများက အတွယ်တွေနဲ့ချည်း။ ဘတ်စ်ကား စောင့်ရင်း ည ၇နာရီခွဲ၏ အိမ် ကို ဖုန်းဆက်ပြီး လာကြိုခိုင်းစရာ ကားမောင်းမည့်သူ တဦးမှ အိမ်မှာမရှိ။ ညဘက် မိန်းကလေး ၂ယောက်တည်း တက္ကစီလဲ မစီး ချင်တာမို့ ခြေကျင် လျှောက်၏ ကားပျက်ရာ နေရာကနေ အိမ်ကို တနာရီခွဲ ကြာအောင် လျှောက် ယူရ၏ မှတ်မှတ်ရရ လမ်းလျှောက် စံချိန်တင်ခြင်း။ လမ်းလျှောက်လျှင်လဲ အားနဲ့မာန်နဲ့ အတော်မြန်မြန် လမ်းလျှောက် နိုင်ပါ၏ ဖြည်းဖြည်းချင်း လမ်းလျှောက်ရသည်ကို နည်းနည်းမှ မနှစ်မြို့။ အူအတက် ပေါက်ပြီး နေပြန် ကောင်းခါ စ ၂လခန့်သာ လမ်းလျှောက်နှေးဖူးပါသည်။ ထို့ပြင် တတ်နိုင်သလောက် ဓာတ် လှေကား မသုံးဘဲ အထပ်မြင့် တွေကို ရိုးရိုးလှေကားသာ သုံးပါသည်။ ဓာတ်လှေကား သုံးနေရင်း မီးပျက်မှာလဲ ကြောက်၊ ရာဇ၀တ်မှုတွေ ကြုံ ရမှာလဲ ကြောက်သောကြောင့် ဖြစ်ပါသည်။ လှေကားအတက်အဆင်း လုပ်ခြင်း သည် လွန်စွာ အဆီကျ စေသော လေ့ကျင့်ခန်းလဲ ဖြစ်ပါသည်။

အိမ်တွင်းမှု
အိမ်တွင်းသန့်ရှင်းရေးကို အိမ်ဖော်ငှားလုပ်ခိုင်းပြီး ကိုယ်တိုင်က အားကစားရုံ သွားကာ လေ့ကျင့်ခန်း ယူသူများ ကို နားမလည်။ ဖုန်နဲ့ မတည့်သော ပန်းနာရင်ကြပ် ရောဂါ ရှိသူများ၊ သူငယ်ချင်းမိတ်ဆွေ များနဲ့ အိမ်မှာ မတွေ့ ချင်လို့ အားကစားရုံမှာ တွေ့ဖို့ ချိန်းလိုသူများကို နားလည်ပေး နိုင်ပါ၏။ ကျွန်မကတော့ ပန်းနာရင်ကြပ် ရောဂါ လဲ မရှိ၊ မိတ်ဆွေ သူငယ်ချင်းကို အိမ်လည် ခေါ်ရတာလဲ ၀ါသနာ ပါတာမို့ အိမ်သန့်ရှင်းရေးကို ကိုယ် တိုင် လုပ်ကာ ၀ိတ်ချပါ၏ လေ့ကျင့်ခန်း လုပ်ပြီးသားပင် ဖြစ်ပါသေး… အိမ်လဲသန့်ရှင်းပါသေး…

အစားအသောက်
အဆီအအိမ့်ကို လုံးဝ မကြိုက်၊ အသားမကြိုက်ဘဲ ဟင်းသီးဟင်းရွက် မပါရင် ထမင်းစားမ၀င်တဲ့ ကိုယ့်အကျင့် လေးက ကိုယ့်ကို ပိန်စေတာလို့ ထင်ပါသည်။ ဒိန်ချဉ် အပါအ၀င် သစ်သီးဖျော်ရည် မျိုးစုံကို မက်မက်စက်စက် သောက်ပါ၏ (မှတ်ချက်။ ကိုကာကိုလာ ပက်ပ်စီ အပါအ၀င် စည်သွပ် အစားအစား များကို လုံးလုံး မကြိုက် သလို အတတ်နိုင်ဆုံး မစားမသောက်ပါ။) ဟင်းရွက်ကြော် အရည်သောက် ဟင်းချို တခွက်နဲ့ ငပိရည် တို့စရာ စုံစုံ ပါတဲ့ ထမင်းဝိုင်းကို ဟော်တယ်မှာ ဖိတ်ကျွေးတဲ့ ညစာထက် မက်ပါသည်။

လေ့ကျင့်ခန်း
ရေကူးပါသည်။ အားကစား လိုက်စားခြင်းမဟုတ်။ ရေကြောင်းခရီးသွားလျှင်၊ လေကြောင်းခရီးသွားလျှင် မတော်တဆ ရေထဲ အသက်ရှင်လျက် ကျခဲ့လျှင် ရေမွန်းရေနစ်မှာ ကြောက်လို့ ရေကူးတတ်အောင် သင်ထားပြီး ရေကူးနည်း မမေ့အောင် ပြန်လေ့ကျင့်ခြင်းမျှသာမို့ပါ။ ဘာပဲ ပြောပြော .. ပုံမှန်မဟုတ်တောင် အနည်းဆုံး တလ တခါမက ရေကူးပါသည်။

အစားမလျှော့လိုသူများ၊ လေ့ကျင့်ခန်း သီးသန့် မလုပ်လိုသူများ စားသောက်မှု ပုံစံနဲ့ နေထိုင်မှု ပုံစံ ပြောင်း ကြည့် နိုင်ပါသည်။ ကျန်းမာရွှင်လန်းစွာဖြင့် ကိုယ့် ခန္ဓာ အလှကို ကိုယ်ကြည်နူးနိုင်ကြပါစေ။

မှတ်ချက်။ အစားပုတ်ကြောင်း ကြေညာ ပြီးပြီမို့ ထမင်းဖိတ်ကျွေးလိုသူများ ဆင်ခြင်ကြပါကုန်…

Read More...

Tuesday, February 9, 2010

အိမ်ဦးနတ်အစွဲနဲ့ရောင်းကုန်စိတ်ဓာတ်

ဝါရင့် သတင်းစာ ဆရာကြီး လူထုစိန်ဝင်း ရေးတဲ့ စာတချို့ ကို ကျွန်မရဲ့ ဘလော့မှာ တင်ဖူးပါတယ်။ ခုလဲ weekly eleven မှာ ပါလာတဲ့ ဆရာ့ရဲ့ ဆောင်းပါးလေးကို ချောကလက်မြို့တော် အင်တာနက် စာမျက်နှာမှာ တွေ့လို့ ထပ်ဆင့် မှတ်တမ်း တင်ထားလိုက်တာပါ။ ကျွန်မကပဲ မစ္ဆရိယ စိတ်များနေတာလား ဒါမှမဟုတ် ဆရာကြီးကပဲ ဒိတ်အောက်နေတာလား ဝေဖန်ချင်သူများ ချောကလက်မြို့တော်က လူငယ် လေးတွေရဲ့ ကောမန့် တွေကိုပါ ဖတ်နိုင် လေ့လာနိုင်အောင် လင့်ခ်ပါ ပေးထား ပါတယ်ရှင်။

ဒီခေတ်ဂျာနယ်၊မဂ္ဂဇင်းတွေဖတ်ရတာတော်တော်အကုသိုလ်ဖြစ်ပါတယ်။မြန်မာမိန်းခလေးတွေရဲ့ ၀တ်ပုံစားပုံ လော်လီတာ တွေကို ကြည့်ပြီး စိတ်ထဲက “ဆတ်ဆလူးမလေးတွေပဲ” အစချီတဲ့ ဖရုဿဝါစာ မျိုးတွေနဲ့ အသံ မထွက်ဘဲ ကောက်ချက်ချမိပါတယ်။ ဒီတော့ အလကားနေရင်း အကုသိုလ်မဖြစ်ဘဲ ဘယ်နေ တော့ မလဲ။ လွန်လွန်း နေပြီ ကဲပုံတွေလည်း ကြည့်ဦးလေ ။ကျောတစ်ပြင်လုံး ခါးထိအောင် ဟာလာဟင်းလင်း ၀တ်လိုဝတ်၊ အပေါ်ပိုင်း တစ်ခုလုံး ဗလာကျင်း ထားတဲ့ “ရင်ရှား” ၀တ်စုံ ၀တ်လိုဝတ်နဲ့ သိပ်ကို နိုင်ငံတကာ အဆင့်မီ ဖြစ် နေကြ ပါတယ်။နိုက်ကလပ် လိုနေရာမျိုး သွားတဲ့အခါ ၀တ်ချင်ဝတ်ပါ။ ခုတော့ မင်္ဂလာဆောင်တို့  မွေးနေ့ပွဲ တို့လို နေ့ခင်း ကြောင်တောင် လူပုံ အလယ်မှာ လုပ်တဲ့ပွဲ တွေကိုတောင် မျက်နှာ ပြောင်တိုက် ၀တ်ရဲ ကြတာ တော့ တ်ာတော် အံသြမိတယ်။မော်ဒယ်ရှိုးတွေမှာ မီးမောင်းထိုး ထားပြီးကိုယ်ဟန်ပြကြတာလည်း အမြင်ရိုင်း လှပါတယ်။ အဘိုးကြီးမို့ဒိတ်အောက်ပြီ “အန်းတစ်”ဖြစ်နေ လို့ပြောတာမဟုတ်ပါဘူး။လွန် ခဲ့တဲ့ နှစ်အစိတ် သုံးဆယ်လောက် ကတောင် မိန်းခလေးတွေဆံပင်တိုတို ညှပ်ပြီး ဘောင်းဘီဝတ်တာကို အားပေးခဲ့တာပါ။ အခု လည်း ဟစ်ဟော့ဂီတကိုနှစ်သက်အားပေးနေသူပါ။ တချို့မိန်းကလေးတွေ အထူး သဖြင့် ဖျော်ဖြေရေး နယ် ပယ် က မိန်းကလေးတွေ(အနုပညာရှင်လို့ မပြောချင်ပါဘူး) ကတော့ လွန်လွန်း အားကြီးနေပြီ လို့ ထင်ပါတယ်။

မြန်မာမျက်စိနဲ့ကြည့်တာ

ဒါထက်ဆိုးတာရှိပါသေးတယ်။အဲဒီနယ်ပယ်က မိန်းခလေးတွေပါပဲ။လူရှေ့ သူရှေ့ မရှက်မကြောက် တယောက် ပြိး တယောက် “ထည် လဲ” တွဲပြလိုက်ကြ၊ကွဲပြလိုက်ကြနဲ့မြန်မာမိန်းကလေးတွေမဟုတ်ကြသလိုပါပဲ။ နက်ဖြန် ယူတော့မှာလိုလို၊ သန်ဘက်ခါ ယူတော့မှာ လိုလို နဲ့နောက်လုံးဝမယြူုဖစ်တော့ နစ်နာကျန်ရစ်ရတာက ဘယ်သူ လဲ။ သူတို့တတွေက “နိုင်ငံတကာအဆင့်မီ”တွေမို့ ရှက်ရကောင်းမှန်း မသိပေမယ့် ဒီနိုင်ငံကမြန်မာနိုင်ငံ၊ လူမျိုး ကမြန်မာလူမျိုးတွေလေ။ ဒီတော့“နိုင်ငံတကာမျက်စိနဲ့ဘယ်ကြည့်မလဲ” “မြန်မာမျက်စိ နဲ့” ကြည့်ပြီး မြန်မာ ယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ပဲ အကဲဖြတ်ကြမှာပေါ့။ ဒီခေတ်ကပါးစပ်နဲ့တီးတိုး သတင်းလွင့်တဲ့ ခေတ် မဟုတ် တော့ဘူး။ လက်ကိုင်ဖုန်းနဲ့ဓာတ်ပုံရော၊ဗီဒီယိုပါရိုက်ပြီးချက်ချင်းအင်တာနက်ပေါ်တင်လို့ရတဲ့ ခေတ်ဖြစ် နေပြီ လေ။ဗြောင်လိမ်လို့ရတဲ့ ခေတ်မဟုတ်တော့ဘူး။

ရှောင်မလွတ်ပုံတွေ

“မမြင်ချင်မကြည့်နဲ့လို့ပြောလည်းစာနယ်ဇင်းတွေမဖတ်ဘဲမနေနိုင်တော့ဝယ်ဖတ်ရတာပဲ။ စာနယ်ဇင်း အဖုံး တွေမှာကို အဲဒီလို “ရင်ရှား” ပုံတွေပါနေတော့ မကြည်ဘဲလည်း မြင်နေရပါတယ်။အတွင်းမှာလည်း ကိုယ်ဖတ် ချင်တဲ့ စာကိုအဲဒီလိုမျက်နှာပြည့် ရောင်စုံပုံတွေကြား မှာမနည်းလိုက်ရှာပြီး ဖတ်နေရတာ ဆိုတော့ ရှောင်လို့ ကို မရနိုင်ပါဘူး။ဖတ်ရှင်ဆိုတာဒီလိုပါပဲ။ခေတ်စားလိုက်ပျောက်သွားလို က်ဖြစ်နေ မှာပါ။ ရေးကြီးခွင်ကျယ် လုပ် ပြောမနေပါနဲ့လို့ ဆိုသူတွေရှိပေမယ့် မပြောဘဲနေဖို့မသင့်ပါဘူး။ဂျာနယ်မဂ္ဂဇင်းတွေထဲမှာ ပါနေတယ် ဆို တော့ လူတိုင်းမြင်တွေ့နေရတာဖြစ်တယ်။ပြီးတော့ဖျော်ဖြေရေးနယ်ပယ်ကလူတွေဆိုတော့ ကလေးတွေက လိုက်အတု ခိုးတတ်ကြ ပါတယ်။ ၀တ်ပုံစားပုံ အတုခိုးရုံတင်မက စာနယ်ဇင်းတွေထဲ အမြဲပါနေတဲ့ ဖျော်ဖြေရေး သမားတွေရဲ့ “ထည်လဲထည်ချွတ်” ကိစ္စတွေ တွဲလိုက်ခွဲလိုက် နောက်တစ်ယောက် ထပ်တွဲလိုက် ကိစ္စတွေ ကိုပါ အတုမြင် အတတ်သင် ဖြစ်ကုန်မှာ စိုးရပါတယ်။ ဒါကြောင့် ပြောရတာပါ။

ဘီကီနီနဲ့အားကစား

ဒီလိုအ၀တ်အစားလော်လီကြတာမြန်မာမိန်းကလေးတွေတင်မဟုတ်ပါဘူး။သူတို့အနောက်နိုင်ငံသူတွေ လည်း အတူတူပါပဲ။ ပိုတောင်ကဲ ပါသေးတယ်။ တစ်လောက ကျင်းပပြီးစီးသွားတဲ့ နိုင်ငံတကာ ပြေးခုန်ပစ်ြ ပိုင်ပွဲ တစ်ခုမှာ ၀ါသနာပါတဲ့ မီ(၁၀၀)ပြိုင်ပွဲနဲ့ အမြင့်ခုန် တုတ်ထောက်ခုန်ပြိုင်ပွဲတွေကိုကြည့်ဖြစ်ပါတယ်။

အဲဒီမှာသတိထားမိတာ တစ်ခုက ယောက်ျား အားကစားသမား တွေက အားကစားဘောင်းဘီ၊ အင်္ကျီတွေနဲ့ လုံလုံခြုံခြုံ ၀တ် ကြပေမယ့် အမျိုးသမီးတွေကတော့အပြေးသမားတွေကလည်း ဘီကီနီဝတ်စုံနဲ့ အခုန် သမား တွေ ကလည်း ဘီကီနီဝတ်စုံ နဲ့ချည်းဖြစ်နေပါတယ် ။နောက်တစ်ခါ စောင့်ကြည့်လေ့ ရှိတဲ့ ကမ္ဘာ့ ပတ်လည် တင်းနစ်ကစားပွဲ တွေမှာလည်း ဖက်ဒါရာတို့၊ နာဒယ်လ် တို့လိုယောင်္ကျားတွေ ကဘောင်းဘီနဲ့ စပို့ရှပ်နဲ့ တင့်တင့်တယ်တယ်ခင်ဗျ။ ၀ီလျံညီအစ်မတို့၊ရှာရာပိုဗာတို့လို အမျိုးသမီးတွေ ကတော့တင်ပါးကို ဖုံးရုံ သာရှိတဲ့ စကတ်တိုနံ့နံ့လေးနဲ့ ချက်ပေါ်ဗိုက်ပေါ် အင်္ကျိမျိုးဝတ်ကြတယ်။ တင်ပါးဖုံးရုံသာ ဖုံးတဲ့စကတ်တိုနဲ့ ကုန်းလိုက်ကွလိုက် ဘောလုံး ရိုက်တဲ့ မြင်ကွင်းဟာဘယ်လိုမှကိုမတင့်တယ်ပါဘူး။

မိန်းမဆိုတာရောင်းကုန်မဟုတ်

ဒီခေတ်ကြီးမှာ မိန်းခလေးတွေကဘာကြောင့်များ ယောင်္ကျားလေးတွေထက် ပိုပြီးအရှက်နည်း နေရသလဲ ဆိုတာ စဉ်းစား လို့ကို မရပါဘူး။ မိန်းမသားများရဲ့ နောက်ဆုံးရည်မှန်းချက် ပန်းတိုင်ဟာ လင်ကောင်း သား ကောင်း ရဖို့ဆိုတဲ့ ရှေးခေတ်က ဆိုထားပါတော့ နားလည်နို င်သေးတယ်။ အခုခေတ်က မိန်းမတွေ ပညာသင် အလုပ်လုပ်ပြီး ငွေရှာနိုင်တဲ့ ခေတ်ဖြစ်နေပြီလေ။ ယောင်္ကျားတွေကို ဆွဲဆောင် ညှို့ယူ ဖမ်းစားဖို့ ကိုယ့် ကိုယ် ကိုယ်ရောင်းကုန်ပစ္စည်းလိုခင်းကျင်းပြသနေဖို့မလိုတော့ပါဘူး။ မိန်းကလေးတွေကိုယ်တိုင်က ဒါကို သဘော မပေါက် ကြသေးတာလားမပြောတတ်တော့ပါဘူး။အမျိုးသမီးအခွင့်အရေးတို့ အမျိုးသမီးလွတ်မြောက်ရေးတို့ ကျယ်ကျယ် အော်နေတဲ့ အနောက်နိုင်ငံတွေမှာတောင် မယ်စကြ၀ဠာပြိုင်ပွဲလို ပွဲကြီးတွေ လုပ်နေကြတာ နားမလည်နိုင်တော့ပါဘူး ဒီလိုပြိုင်ပွဲတွေကိုမြင်တိုင်း မျက်စိ ထဲမှာတော့ “နွားပွဲ”တွေကိုပဲ ပြေးပြေးပြီး မြင်နေမိ ပါတော့တယ်။

ယောင်္ကျားကအိမ်ဦးနတ်မဟုတ်

အမျိုးသမီးလွတ်မြောက်ရေးဆိုတာသူများဆီကတောင်းယူလို့မရပါဘူး။အမျိုးသမီးတွေကိုယ်တိုင်သူတို့ခေါင်းထဲမှာ အမြစ်တွယ်နေတဲ့ “ရောင်းကုန်” စိတ်ဓာတ်ကိုဖယ်ရှား သုတ်သင်ပစ်ရပါမယ်။ယောင်္ကျားက အိမ်ထောင် ဦးစီး၊ မိန်းမက အိမ်ရှင်မ ဆိုတဲ့အယူအဆ ကိုလည်း စွန့်လွတ်ရပါမယ်။ ဒီခေတ်မှာလင်ရော၊ မယားပါ အလုပ် လုပ်ပိုက်ဆံရှာ နေကြ ရတာဖြစ်လေတော့ အိမ်ထောင့်တာဝန်ကိုလည်း ခွဲဝေယူကြရမှာဖြစ်ပါတယ်။ ယောင်္ကျား အိမ်ဦးနတ်ဆိုပြီး အိမ်ဦးခန်းမှာ မိန့်မိန့်ကြီး ထိုင်ပြီး သတင်းစာ ဖတ်နေလို့ မရတော့ပါဘူး။ ရုံးချိန် အမီထမင်းချိုင့်ယူသွားနိုင်အောင်ငရုတ်သီးဝင်ထောင်းဖို့လိုရင်ထောင်းပေး၊ချိုင့်ဆေးဖို့လိုရင်ဆေးပေးလုပ်ရမှာပါပဲ။ ဒါမှရာသက်ပန် သာယာခိုင်မြဲတဲ့အိမ်ထောင်ဖြစ်မှာပါ။

လုပ်အားခွဲဝေမှု

မိန်းမတွေက သူတို့စိတ်ထဲက “ရောင်းကုန်” စိတ်ဓါတ်ဖျောက်ပစ်ဖို့လိုသလို၊ ယောင်္ကျားတွေကလည်း “အိမ်ဦးနတ်” ဆိုတဲ့ အစွဲ ကြီးဖျောက် ပစ်ဖို့လိုပါတယ်။ ဒီနေ့ ကမ္ဘာတစ်ခုလုံးမှာ ရှေးကလို “ရာသက်ပန် ရိုးမြေကျ” ဆိုတာမျိုး ကိုတော့ သိပ်အလေးမထား ကြတော့ဘဲလင်မယားကွားရှင်းတာကို ထမင်းစား ရေသောက်သဘောထားပြီးကွာလိုက်ကြ၊ထပ်ယူလိုက်ကြ၊ထပ်ကွာလိုက်ကြ ဆိုတဲ့ကိစ္စမျိုးတွေ အလွန် အင်မတန်ကို များပြားနေပါတယ်။ အများအားဖြင့်တော့ အိမ်ထောင်ရေးမှာ“လုပ်အားခွဲဝေမှု”(Division of Labor) မရှိတဲ့ အတွက်ဖြစ်ကြရတာလို့ယူဆပါတယ်။

မကြိုက်ရင်သွားလို့ရတယ်

ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ်သူတို့ အနောက်လူ့အဖွဲ့အစည်းတွေမှာတော့ အိမ်ထောင်ရေးကိစ္စ တို့၊ ဖိုမကိစ္စ တို့ဆိုတာ ထမင်း စားရေသောက် ကိစ္စလောက်ဘဲ သဘောထား ကြတာ ဖြစ်လေတော့ ဘယ်သူ့ ဘယ်သူမှ အပြစ်တင်မနေကြတော့ပါဘူး။ သူကြိုက်တာ သူလုပ်၊ ကိုယ်ကြိုက်တာကိုယ်လုပ်ပဲလေ။ ဒါပေမယ့် မြန်မာနိုင်ငံမှာနေတဲ့ မြန်မာလူမျိုးဆိုရင်တော့ မြန်မာ့ယဉ်ကျေးမှုဓလေ့ ထုံးစံတွေကို ပစ်ပယ်လို့ မရပါဘူး။ မကြိုက်လည်း လိုက်နာရ မှာပါပဲ။ မလိုက်နာ နိုင်ဘူး ဆိုရင် လည်းရပါတယ်။ ကြိုက်တဲ့ နေရာသွားပြီး နေချင် သလိုနေပါ။ ခုခေတ် ပတ်စပို့ရဖို့ မခက်ပါဘူး “ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်” ဆိုတဲ့ မြန်မာ စကားက အမျိုးကောင်း သမီးများကို ပြောတာ မဟုတ်ဘူး ဆိုတာတော့ မြန်မာပြည်မှာနေရင် သိထား ကြဖို့ လိုတယ်လို့ သတိပေးလိုက်ချင်ပါတယ်။

စာရေးသူ:လူထုစိန်ဝင်းနဲ့(WEEKLY ELEVEN ဂျာနယ်)

ကျွန်မရဲ့ မှတ်ချက်။ ဆရာကြီး (ဦး) လူထုစိန်ဝင်းကတော့ ယောက်ျားသားဖြစ်လျက် နှမချင်း စာနာပြီး အမျိုးသမီးတွေကို ပြောထားပါပြီ။ မလိုက်နာ နိုင်လို့ နိုင်ငံခြား ထွက်မယ် ဆိုသူ မိန်းကလေးများ နိုင်ငံခြား ရောက်မှ (ပြည်တွင်းမှာ အဟုတ်ထင်ခဲ့သမျှ) ကိုယ့်အခြေအနေ ကိုယ် အမှန်အတိုင်း သိသွားပါ လိမ့်မယ် ဆိုတဲ့အကြောင်းကို ကျွန်မ ထပ်လောင်း ပြောချင်ပါတယ်ရှင်။

Read More...

Sunday, January 31, 2010

Brain Storming and Debating Skill နဲ့ မြန်မာတွေ

မှတ်သားမိသလောက် ရေးရရင် ၀န်ကြီးဌာနတွေနဲ့ အစိုးရ အဖွဲ့အစည်းတွေကို အားနည်းချက် ထောက်ပြပြီး ရေးလိုက်တာနဲ့ ဆဲစာတွေ တက်လာတော့တာပဲ။ အ၀တ်အစား ပက်စက်တဲ့ အကြောင်းတွေကို အရှက် အကြောက် စည်းမျဉ်းနဲ့ ထောက်ရေးလိုက်ရင် အလွယ်တကူပဲ ခေတ်ဟောင်းက အဖွားကြီး အဖြစ် ဝေဖန် ပစ်လိုက်ကြတယ်။ သကရာဇ် ၂၀၀၀ နောက်ပိုင်း မြန်မာ မိန်းကလေးတွေ အ၀တ်အစား ပက်စက်နှုံး သိပ်ကို မြန် လာပါတယ်။ ခေတ်ရေစီးကြောင်း ဆိုတာ ဘယ်သူ့ခေတ်ရဲ့ ရေစီးကြောင်းလဲ။ နိုင်ငံခြားမှာ ဒီလိုပဲ ၀တ်နေ တာပဲ။ ရေးသူ ကိုယ်တိုင် နိုင်ငံခြားမှာ နေပြီး နိုင်ငံခြားသူတွေ ၀တ်ချင်သလို ၀တ်နေတာကျ မပြောနိုင် ဘဲ ကိုယ့်နိုင်ငံထဲက လူတွေကို ခေတ်ဟောင်းထဲ ထားချင်တယ်လို့ စွပ်စွဲ ပြစ်တင်တဲ့ လူတွေ အတွက် ကျွန်မ ဘာကြောင့် ဒီလို မေးခွန်းတွေနဲ့ ခေါင်းပေးစားလဲ ဆိုတာ ဖြည်ချ ပါ့မယ်။

ပြည့်တန်ဆာ စီးပွားရေးနဲ့ နာမည်ကြီးတဲ့ ထိုင်းနိုင်ငံမှာ အခု ကျွန်မ နေပါတယ်။ ဒိထက် ပိုပြီး လေ့လာခွင့် ရတဲ့ အကြောင်းက ကျွန်မ တကသိုလ် တက်စဉ်က အပိုဝင်ငွေရအောင် ပါရဂူတန်း ကျောင်းသားကျောင်းသူတွေ အတွက် သုတေသန စာတမ်း တွေကို လူတွေ ဖြေနိုင်ဖို့ အကူ လိုက်မေး ပေးတဲ့ interviewer အလုပ်ကို စာတမ်း တစောင် ဘယ်ဈေးနှုံးနဲ့ အချိန်ပိုင်း အလုပ်လုပ်ပါတယ်။ ဒီတော့ sex industry ကိုသုတေသန လုပ်တဲ့ စာတမ်းရော၊ လူမှုရေးသိပ္ပံ ဘာသာရပ်က နယ်ပယ်မျိုးစုံကို ရှုထောင့် ပေါင်းစုံနဲ့ ချဉ်းကပ် သုတေသန လုပ်တဲ့ မေးခွန်းတွေကိုပါ ကျွန်မ အကျွမ်းတ၀င် ရှိခဲ့ဖူးပါတယ်။ ကျွန်မ ရေးသမျှ စာတွေကို မပိုင်ဘဲ ကျွန်မ လက်ဖျားနဲ့ တောင် မတို့ပါဘူး။ ကျွန်မ ကိုယ်ရည်သွေးချင်လို့ ဒီလို ရေးပြနေတာ မဟုတ်ပါဘူး။ ကျွန်မ ရဲ့စာတွေကို ပေးတဲ့ မှတ်ချက်တွေဟာလဲ ကျွန်မရဲ့ နောင်လုပ်မယ့် လူမှုရေး သုတေသန စာတမ်း အတွက် လောကမှာ ဘယ်လို လူစားတွေလဲ ရှိနေနိုင်ပါလား ဆိုတာ ကျွန်မ ထည့် တွက် စဉ်းစားဖို့ အထောက်အကူပြုပါလိမ့်မယ်။

ဝတ်ဆင်သူရဲ့ ကိုယ်ရေးကိုယ်တာ

အရင်အပတ်က မြန်မာ မော်ဒယ်လ်တွေ ထိုင်းမှာ ပြည့်တန်ဆာ အတန်းအစားက ညဘက် အလုပ်လုပ်ဖို့ ဧည့်ကြိုခေါ်တဲ့ အ၀တ်အစား မျိုးတွေ ၀တ်ပြီး မျက်နှာပေးကလဲ ရမ္မက်တွေ ဆူဝေ နေတဲ့ အိပ်ရာထဲ ၀င်ရန် အသင့် အနေအထားနဲ့ ရိုက်ထားတဲ့ ပြက္ခဒိန် တစောင်ကို မေးခွန်းထုတ်ထားတဲ့ ပို့စ် တခု တင်လိုက်ပါတယ်။ မှတ်ချက် မျိုးစုံ တက်လာပါတယ်။ ဒီနေရာမှာ ကျွန်မ ကြိုပြောထားချင်တာက ပြည့်တန်ဆာ ကို မျက်စိမှိတ် အထင်သေးပြီး ရှုံ့ချတဲ့ လူစားထဲ ကျွန်မ မပါတဲ့အပြင် လူ့အသိုင်းအ၀ိုင်းအတွက် တနည်းတဖုံ အသုံးဝင်တဲ့ ကယ်တင်ရှင်တွေ အဖြစ်တောင် ကျွန်မ သဘောထားပါတယ်။ သူတို့သာ ရှိမနေရင် ကာမ သောင်းကျန်းတဲ့ ယောက်ျားသားတွေကြောင့် မုဒိမ်းမှုတွေ ဘယ်လောက် များလိုက်မလဲ လို့ စဉ်းစားမိလို့ပါ။

ပထမ ဦးဆုံး မြန်မာမော်ဒယ်လ်တွေ ဒီလိုဝတ်စားပြီး ဒီလိုပုံစံနဲ့ ပြက္ခဒိန် ထုတ်တာကို ရှုံ့ချတဲ့ အချက်ကို ကျွန်မ ပြောချင်ပါတယ်။ ထိုင်း လို နိုင်ငံမှာတောင်ဒီလိုဓာတ်ပုံကို ရုပ်ရှင်မင်းသမီးတိုင်းမရိုက်ပါဘူး။ တောင်းမှာ အကွပ် လူမှာ အ၀တ် ဆိုတာ အလကား မဟုတ်ပါဘူး။ နိုင်ငံခြားမှာ အ၀တ်ကို ကြည့်လိုက်တာနဲ့ ဘယ်အတန်းအစား လဲ ဆိုတာ တန်းသိပါတယ်။ ရုပ်ရှင်က လိုင်း မျိုးစုံရှိပါတယ်။ လိင်စိတ်ဆွတဲ့ ရုပ်ရှင်လိုင်းမှာ သရုပ်ဆောင်တဲ့ မင်းသမီးများသာ ဒီလိုပုံကို ရိုက်ပါတယ်။ တခြား လိုင်းက မင်းသမီး ဒီလို ပုံရိုက်ရင် ဒီ အတန်း အစားကို သွင်း လိုက်ပါတယ်။ မြန်မာနိုင်ငံက လူငယ်ထု အတော် များများက နိုင်ငံခြားနဲ့ အလှမ်း ဝေးပါတယ် (မြို့ကြီးတွေက အင်တာနက် တက်နိုင်တဲ့လူငယ် လက်တဆုပ် စာကို တနိုင်ငံလုံးက လူငယ်ထုနဲ့ နှိုင်းကြည့်ပါ) နိုင်ငံခြားမှာ ဘယ်အတန်းအစားက ဘယ်လို ၀တ်လဲ ဆိုတာ မသိဘဲ ဘယ်သူက ဘယ်လိုင်းရယ်လို့ တိတိ ကျကျ မရှိတဲ့ ကိုယ့်နိုင်ငံက လူငယ်ထု အတုယူစရာလို ဖြစ်နေတဲ့ မော်ဒယ်လ်တွေက ဒါမျိုးဝတ်ပြီး ဒီလို နေပြ ရင် နာမည် ကြီးသူကို အထင်ကြီးတတ်တဲ့ သာမန် လူတန်းစားက လိုက်အတုခိုးပါလိမ့်မယ်။ နိုင်ငံခြားမှာ ဒါမျိုး ၀တ်တဲ့ အတန်းအစားက ၀တ်နေတာပဲ ဆိုပေမယ့် ဒါမျိုးဓာတ်ပုံ ရိုက်တဲ့ နေရာမှာ ဘယ်လောက် အတိမ်း အစောင်း မခံလဲ ဆိုတာ ဒီမှာ လေ့လာနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ဘယ် အဆင့်ရောက်လောက်အောင် ဘယ်လောက် စော်ကား ခံနေရလို့ ခံနေရမှန်း မသိကြ တာလား။ သိသိနဲ့ ပျော်ပျော်ကြီး လိုင်းဝင် ခံနေကြတာလား ဆိုတာတော့ ကာယကံရှင်တွေ အသိဆုံး ဖြစ်ပါ လိမ့်မယ်။

နိုင်ငံခြားမှာ ဒီလိုပဲ ၀တ်နေတာပါ ခေတ်မီအောင် ဒါမျိုးဝတ်ပါလို့ မြှောက်ပေးတဲ့ နိုင်ငံခြားပြန်တွေက ဘယ်လို လူစားတွေလဲ ဆိုတာ ကျွန်မ အမုန်းခံပြီး ဖော်လိုက်ပါ့မယ်။ ပညာတတ် လူကုံထံ အမျိုးကောင်းသမီး အသိုင်း အ၀ိုင်းကို မ၀င်ဆံ့လို့ အားသန်ရာ ၀ါသနာပါရာ အပေါစား နိုက်ကလပ်တွေ တက်ပြီး အပျော်မယ် လောက လောက်ကိုသာ ၀င်ဆံ့ တဲ့ မြင်ဖူး ဆက်ဆံဖူးတဲ့ လူစားများက ကိုယ့်ကိုယ်ကို ဆရာကြီးလုပ်ကာ ပြည်တွင်းမှာလဲ သူတို့ ဈေးပေါပေါနဲ့ အာသာဖြေ ငမ်းကြောထူလို့ ရအောင် တလွဲပြော မြှောက်ပေးခြင်းသာ ဖြစ်ပါတယ်။

နိုင်ငံခြားမှာ နိုက်ကလပ်က အလွှာစုံ ရှိပါတယ်။ အပေါစား နိုက်ကလပ်များမှာ ကြေးနည်းစား ညဉ့်ငှက်မယ် တွေက အကြမ်းစား တိုင်ပတ် အကတွေနဲ့ ဖျော်ဖြေပါတယ်။ ကျောင်းသား နိုက်ကလပ်မှာ ကျောင်းသူ ကျောင်း သားတွေ အပျော် ကခုန် ကြပါတယ်။ စည်းရှိတဲ့ ကျောင်းသူ ကျောင်းသားများ ရှိသလို စည်းလွတ်ဝါးလွတ် သမား တွေလဲ ကိုယ့်ဇာတ် ကိုယ် ကကြပါတယ်။ ကြေးကြီးတဲ့ နိုက်ကလ ပ်တွေမှာ ကရင်းခုန်ရင်း ရင်းနှီး ကျွမ်းဝင် အောင် မိတ်ဖွဲ့ပြီး စီးပွားရေး ဆွေးနွေးကြပါတယ်။ အသိအကျွမ်း နယ်ချဲ့ကြပါတယ်။ ကြေးကြီးစား နိုက်ကလပ်မှာ အပေါစား အပျော်မယ် ၀တ်စုံနဲ့ ညဉ့်ငှက်မယ်များ အနားတောင် သီလို့ မရပါ။ နိုင်ငံခြားမှာ လူတိုင်း ကိုယ့်အဆင့်အတန်း နဲ့ကိုယ်၊ ကိုယ်ကျင်လည်ရာ ၀န်းကျင်နဲ့ကိုယ် ၀တ်ရ စားရပါတယ်။ ပါရဂူ ပါမောက္ခလဲ နားကွင်းနဲ့ ဘောင်းဘီ တိုနဲ့ လို့ လာမပြောပါနဲ့။ သူ့ကိုယ်ပိုင်အချိန် သူသွားလာ ကျက်စားရာ နေရာမှာ သူဝတ်ချင်သလို ၀တ်မှာ ဖြစ်ပေမယ့် စာသင်ခန်းထဲ ညီလာခံထဲ ပွဲလမ်းထဲ သာမန် ဧည့်သည်နဲ့ တွေ့တဲ့ အချိန် တွေမှာ ဒါမျိုးဝတ်ရင် ယဉ်ကျေးမှု နားမလည်တဲ့ အရိုင်းအစိုင်း အဖြစ် သတ်မှတ် ခံရမှာ အသေ အချာပါ။ နောက်တခုက သူများလူမျိုး ကိုယ်ပြားပြားမို့ အတိုအပြတ်ဝတ်တိုင်း ကြည့်လို့ မျက်စိမရိုင်းတာ ရှိပါတယ်။ မြန်မာမိန်းကလေး အိုးကြီးပါတယ်။ ကြိုက်တဲ့ ထိုင်းမ စလုံးမနဲ့ ယှဉ်ပါ။ အိုးကြီး ခြေတုတ်နဲ့ အတို အပြတ် ၀တ်တော့ တော်တော်ကို ကြည့်ရရုပ်ဆိုးပါတယ်။ ကျွန်မမှ ဒီလိုပြောတာ မဟုတ်ပါဘူး။ နှမသားချင်း စာနာ တတ်တဲ့ မိန်းမဖြစ်ပြီးရော ငမ်းတတ်သူ မဟုတ်တဲ့ ယောက်ျားလေးတိုင်း ပြောတာ ကြားဖူးပါတယ်။

လျှပ်ပေါ်လော်လည်တဲ့ အ၀တ်အစားတွေ ကို ခေတ်မီတယ် ထင်ပြီး ၀တ်လို့ ဖြစ်နိုင်တဲ့ ဆိုးကျိုးက ကိုယ့် အန္တရာယ် ကိုယ်လက်ယပ်ခေါ်နေတာပါပဲ။ တကယ်တမ်း အားမနာတမ်း ပြောရရင် ကိုယ့်နိုင်ငံက မဟာပုရိသ မြန်မာ ယောက်ျားသား များထဲ နှမချင်းစာနာပြီး ယဉ်ကျေးသူက ခုခေတ်မှာ နည်းလာပါပြီ။ ဒီလိုပြောလို့ မဟုတ် သူများ မနာပါနဲ့။ မိန်းကလေး တယောက် လက်ဖက်ရည်ဆိုင်ရှေ့က ဖြတ်လို့ ချွတ်ချက်အော် မကြားတကြား ဖြစ်စေ အုပ်လိုက် လှောင်စိန် ကျပြီး ဖြစ်စေ ပါးစပ် အရသာခံတဲ့ ယောက်ျားက ဘယ်လောက် ရာခိုင်နှုံး ရှိသလဲ။ သင်္ကြန် အပါအ၀င် ပွဲတော်တွေမှာ ဘတ်စ်ကားတွေ ပေါ်မှာ နှမသားချင်း မစာနာ လူအုပ်ထဲ လူကြပ်တာကို အခွင့်ကောင်း ယူပြီး လက်သရမ်းတတ်တဲ့ ယောက်ျားက ဘယ်လောက် ရာခိုင်နှုံး ရှိသလဲ။ ကျွန်မ ဘတ်စ်ကား စစီးတဲ့ အချိန် ကလေး ဘ၀တည်းက မြင်ဖူးပါ များလွန်းလို့ အပျိုဖော်ဝင်တည်းက ဘတ်စ်ကား စီးတိုင်း ဓားမြှောင် သော့ချိတ် ကို အိတ်မှာ အမြဲချိတ်ပြီး ဓားကို အဆင်သင့် ဖွင့်ပြီးမှ ဘတ်စ်ကား စီးပါတယ်။ ထိုင်းလို နိုင်ငံမျိုးမှာတောင် မြန်မာပြည်ထဲက အခြေအနေမျိုးကို ၆နှစ်အတွင်း တခါမှ မမြင်ဖူးသေးပါဘူး။ ဒီလို အခြေ အနေ မျိုးမှာ ဖုံးလွှမ်း ထားသင့်တဲ့ အစိတ်အပိုင်းကို မျက်စိပသာဒ အလှူပေးနေတဲ့ အ၀တ်မျိုး ၀တ်တာဟာ ဘယ်လောက်ထိ အန္တရာယ် လက်ယပ်ခေါ်တဲ့ အပြုအမူပါလဲ။ ဖွဟဲ့ မပြောကောင်း ပြောကောင်း မုဒိမ်းကျင့် ခံရလို့မှ ရဲစခန်းမှာ တိုင်တာတောင် ရာဇ၀တ်ကောင်က ဈေးတည့်ပြီးမှ အတိုင်ခံရတာပါလို့ ထွက်ဆိုလာရင် ဘယ်လို လုပ်ကြ မလဲ အရပ်ကတို့။ ၂၀၁၀မှာ ဒါမျိုးဝတ်တာ မဆန်းဘူးဆိုသူများ မျက်မွှေးတဆုံး မကြည့်ကြ ပါနဲ့။ မောင်နဲ့ နှမ၊ သားနဲ့အမိ၊ နှမသားချင်း မိဘချင်း သားသမီးချင်း စာနာကြဖို့ ကျွန်မ အမုန်းခံ ရေးနေရ တာပါ။

နိုင်ငံခြားမှာ ဒီလိုပဲ ၀တ်တယ် ဆိုတဲ့ လူစားများကို ထပ်ပြီး သက်သေနဲ့ တကွ ကျွန်မ စိန်ခေါ်ပါတယ်။ ဘယ် လူကြီးလူကောင်း အသိုင်း အ၀ိုင်းက ဒီလိုဝတ်လဲ ဆိုတာ ပြပါ။ ဒီနှစ်ပိုင်းတွေမှာ ပြတဲ့ နိုင်ငံတကာ ဖက်ရှင်ရှိုး တွေတောင် တော်တော် လုံခြုံ လာပါပြီ။ သြော်စီ၊ အစ္စရေးနဲ့ နိုင်ငံတော်တော်များများက ဖက်ရှင်ရှိုးတွေ ကြည့် ပြီး မြန်မာပြည်က ဖက်ရှင်ရှိုးတွေ ကြည့်မိရင် ဘုရားတပြီး နိုင်ငံခြားသားက မြန်မာ ဖက်ရှင်ရှိုးတွေ မကြည့် မိပါစေနဲ့ ဆုတောင်းရတာ အမောပါ။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်က တချို့ ဖက်ရှင်ရှိုးတွေက ကိုယ် တိုင် ထွင်ပါတယ် ဆိုတဲ့ တချို့ ဒီဇိုင်းတွေက ဘန်ကောက်က ပတူနမ်လို့ ခေါ်တဲ့ ဘတ်ဂျက်ဈေးက အ၀တ်တွေ ဒီဇိုင်းတွေ ဖြစ်နေ လို့ပါ။ ဘယ်ဆိုင်က ဒီဇိုင်း ဆိုတာက အစ ကျွန်မ တပ်အပ် ပြောနိုင်ပါတယ်။ ဆိုင်တွေက အမျိုးအစား မျိုးစုံ ရှိပါတယ်။ ကျောင်း သူကျောင်း သားလိုင်း၊ အစိုးရ၀န်ထမ်းလိုင်း၊ နိုင်ငံခြားကုမ္ပဏီ ၀န်ထမ်း လိုင်း၊ ကုန်တိုက် ဈေးသည်လိုင်း၊ လမ်းဘေး ဈေးသည်လိုင်း၊ မားကက်တင်း ၀န်ထမ်းလိုင်း၊ အပျော်မယ်လိုင်း စသဖြင့် လိုင်းပေါင်းစုံ အတွက် ဖက်ရှင်ဝတ်စုံ တွေကို သက်ဆိုင်ရာ လိုင်းကိုသာ ကိုင်တဲ့ ဆိုင်တွေမှာ ၀ယ်နိုင် ပါတယ်။ ဒီလောက် သူ့လိုင်းအတွက် သူ သီးသန့် ဖြစ်နေတဲ့ နိုင်ငံခြားက ၀တ်စား ဆင်ယင်ပုံ ကိုတောင် မသိ ဘဲနဲ့ ဗဟုသုတ မရှိဘဲနဲ့ နိုင်ငံခြားမှာ ဒီလိုပဲ ၀တ်နေတာကို ပြည်တွင်းက လူတွေကို ဘာညာ ဆိုတဲ့ ဝေဖန် စကားက တော်တော်ကို သနားစရာ ကောင်းတဲ့ မှတ်ချက် ဖြစ်နေပါပြီ။ လူငယ်တွေဟာ အနာဂတ်ရဲ့ ခေါင်းဆောင် လို့ တင်စားကြပါတယ်။ ကျွန်မတို့ အနာဂတ်ရဲ့ ခေါင်းဆောင်ဖြစ်မယ့် လူငယ်တွေ နည်းနည်း ပြော များများ စဉ်းစားကြ စေချင်ပါတယ်။ အရည်အသွေးကောင်းမွန်စွာ စဉ်းစား ဆုံးဖြတ်နိုင်တဲ့ အရည်အချင်း ရှိဖို့ ဘက်စုံထောင့်စုံက အသိပညာ ဗဟုသုတတွေ ကြွယ်ဝအောင် လေ့လာ သင့်ပါတယ်။ ကိုယ့်ဝန်းကျင် က ကိုယ် အထင်ကြီး မိတဲ့ တစုံတယောက်ရဲ့ စကားလောက်နဲ့ လမ်းမဆုံးဘဲ ဖြန့်ထွက် ရှာဖွေကြပါ လို့ တောင်းပန် ပါရစေ။

ဒီနေရာမှာ စကားကတ်ပြီး ထိုင်မသိမ်းနဲ့ ရင်ဖုံးနဲ့ နေပါလား အစရှိသဖြင့် အရေမရ အဖတ်မရ အဓိပ္ပာယ် မရှိတဲ့ မှတ်ချက်များကတော့ ကလေးဆန် လွန်းတယ် ပြောမိရင်တောင် ကလေးသူငယ် အသရေဖျက်မှုနဲ့ ပြန်တရားစွဲ ခံရနိုင်လို့ မပြောတော့ပါဘူး။ ခေတ်အခါ အခြေအနေ ပတ်ဝန်းကျင် အလုပ်အကိုင်ပေါ် မူတည်ပြီး ၀တ်စား ဆင် ယင်မှု ပြောင်းလဲ နိုင်ပါတယ်။ နိုင်ငံခြားမှာ နေရာတကာ ချိတ်ထမီ ကြီး တကားကားနဲ့ ကျွန်မ မ၀တ်ပါဘူး။ မလို အပ် ပါဘူး။ ဒါပေမယ့် လူ့လောကမှာ အ၀တ်အစား ၀တ်ဆင်ရခြင်းရဲ့ အဓိက အကြောင်း ရင်း အရှက် တရား ကို ထိန်းသိမ်းဖို့ နဲ့ လူမြင်ကွင်းမှာ မမြင်သင့်သော အရာများကို ဖုံးကွယ်ဖို့တော့ ၀တ်စား ဆင်ယင် ရပါ လိမ့် မယ်။ အ၀တ်အစားက အဓိက မဟုတ်ပါဘူး စိတ်ဓာတ်က အဓိက ပါလို့ ကတ်သတ် ပြောဆိုနေမယ့် လူများကို တခွန်းပဲ ပြန်ပြောပါ့မယ် ဒီလောက် ဖြစ်နေရင် ရှင်တို့ အမေ သမီး နှမတွေကိုသာ ဒီလိုဆင်ပြီး လူပုံအလယ် ထုတ်ကြွားပြီး တော်လိုက်တာလို့ လက်ခုပ်တီး ချီးမွမ်း လိုက်ကြ ပေတော့။ သူများ အမေ ဖြစ်လာမယ့် သူများ သမီး သူများနှမ တွေကိုတော့ မြှောက်ပေး မနေကြပါနဲ့။

စီးပွားရေး

ဒုတိယမေးခွန်းကို ဖြည်ပါပြီ။ နာမည်ကြီး အွန်လိုင်းဂျာနယ် တခုရဲ့ ဝေဖန်ချက်ပါ။ အမျိုးသမီးရေး တဖက်စွန်း ရောက်တယ် ဆိုတဲ့အချက်။ အမျိုးသမီးတွေကို စီးပွားရေးကြော်ငြာတွေမှာ မသုံးသင့် ဆိုပြီး ခပ်ကြောင်ကြောင် ဘာညာ ဆိုပြီး ဝေဖန်တဲ့ ကိစ္စ။ ကျွန်မဆိုလိုချက်ကို သိသိနဲ့ မသွားဘဲ ကိုယ်လိုရာကိုယ်ဆွဲပြီး ဝေဖန်တာ ဖတ်ရတာ တော်တော် စိတ်ပျက်မိပါတယ်။ ကျွန်မ ဆိုလိုတာ အမျိုးသမီးတွေကို မလုံတလုံဝတ်ခိုင်း ကောက်ကြောင်း တွေ ဖော်ပြီး စီးပွားရေးကြော်ငြာတွေမှာ သုံးတာကိုပဲ ကျွန်မ ဆိုလိုတာပါ။ ဆိုလိုချင်တဲ့ ပုံစံကို ပြက္ခဒိန်ပါ ပို့စ်တင်ပြီး ဝေဖန်ထားတာမို့ အရှင်းကြီးပါ။

ကမ္ဘာကျော် လျှပ်စစ်ကုမ္ပဏီ Philips နဲ့ တကွ တခြား နာမည်ကျော် ကားကုမ္ပဏီတွေ သူတို့ ပစ္စည်းတွေရဲ့ ခံနိုင်ရည်၊ အရည်အသွေးနဲ့ ခေတ်မီမှုတွေကို လူတောင် မပါဘဲ ကြော်ငြာတာ ကြည့်ဖူးပါသလား။ ဘရစ်စတုံး ကားတာယာ ကြော်ငြာကို ခွေးလေး ၂ကောင်နဲ့ ကားနဲ့ ကြော်ငြာတာ ကြည့်ဖူးပါသလား။ ကားရှေ့ ခုန်ဝင်တဲ့ ခွေးလေးကို မတိုက်မိအောင် အချိန်မီ ဘရိတ်အုပ်နိုင်လို့ ခွေးမသေဘူး တာယာလဲ ပန်းမစားဘူးဆိုတဲ့ အတွေး အခေါ် နဲ့ ကြော်ငြာသွားတာပါ။ မြန်မာပြည်က ကြော်ငြာတွေများ ကြည့်လိုက်ရင် ဘာမှမဆိုင်ဘဲ မော်ဒယ်လ် ရေစိမ် လိုက်ကြတာ နားကို မလည်နိုင်ပါ။ ပစ္စည်းအရည်အသွေးကို လူသိအောင် ကြော်ငြာ မလုပ်နိုင်လို့ လူ သတိထားမိပြီးသား မော်ဒယ်လ်နဲ့ ပစ္စည်း နာမည်ကို လူသိအောင် ကြော်ငြာ နေရတဲ့ ဘ၀လို့ သနားရမလို ဖြစ်နေပါတယ်။

ဒီမှာ ကြော်ငြာ လုပ်ငန်းနဲ့ အသက်မွေးတဲ့ လူတွေက ဘာလို့ ဒီလိုပုံစံနဲ့ ကြော်ငြာလဲ ဆိုတာ လာပါပြီ။ မားကက်တင်း ပိုင်းက ညီမ တယောက်က ပြောလာပါတယ်။ ဒါမျိုးကြော်ငြာရိုက်မှ စီးပွားရေး သမားက ဈေး ကွက် ရှိတော့ မှာပေါ့ အမရယ်တဲ့။ ဘာဈေးကွက်ပါလိမ့်။ ကျွန်မတို့ မြန်မာ့ဈေးကွက်က ဒါမျိုးပဲ တောင်းဆို တတ်တဲ့ အဆင့်အတန်း ရောက်နေပြီလား။ ဒါမှမဟုတ် ဒါမျိုးကိုမှ အဟုတ်ထင်အောင် တမင် တွန်းပို့နေတဲ့ ရေစီးကြောင်းကို ဖန်တီးနေကြတာလား။ နောက်ပြီး ဒါမျိုးနဲ့ပဲ စီးပွားလုပ်စား တတ်ကြတော့ တာလား။ ရိုက် ပေါက် မေးခွန်းတွေ တသီကြီး ပိုထွက်လာပါတယ်။

အနုပညာ

ဒါဟာ အနုပညာ ဆိုလာရင်တော့ အနုပညာ နဲ့ ပတ်သက် လို့ ကျွန်မ ပြန်မေးစရာတွေ ရှိလာပါတယ်။ Fine art, classical art, modern art စသဖြင့် ဖန်တီးနိုင်ရင် ဖန်တီး နိုင်သလောက် အနုပညာ ပေါင်းစုံ ရှိတဲ့ အထဲမှာမှ nude art တမျိုးတည်းကိုသာ အနုပညာလို့ မြင်နေ ရှေ့တန်းတင်နေ ရင်တော့ ကျွန်တော်မျိုးမ ပြောစရာ စကားလုံး ရှာမတွေ့တော့ပါ။ ဟုတ်ကဲ့ ဒါမျိုးပုံကို ညစ်ညမ်း တယ် လို့ မြင် ရင် ကျွန်မစိတ် မသန့်ရှင်းလို့ ဖြစ်မယ်လို့ ဝေဖန်သူကို ပြန်မေးပါရစေ။ ဒီပုံကို မြင်ပြီး ဘယ်သူ ဘယ် နိုင်ငံခြားသား ကမှ ယဉ်ကျေး သိမ်မွေ့ တဲ့ အမျိုးကောင်းသမီးတွေလို့ ချီးကျူးမှာ မဟုတ်တာ တော့ သေချာ ပါတယ်။

ဓာတ်ပုံပညာ

ဓာတ်ပုံပညာကို ဘယ်လောက် နားလည်လို့လဲ ဆိုတော့ ကျွန်မမှာ ဟောတော့ လို့သာ အော်မိပါတယ်။ photography ပညာရပ်မှာ fashion photography ရယ်လို့ တလိုင်းရှိတယ် ဆိုတာကို ဓာတ်ပုံ ပညာ မလေ့လာ ဖူးသူ အတွက်တော့ ဟယ် ဟုတ်လားလို့ ပြောချင် ပြောပါလိမ့်မယ်။ ကျွန်မ ပြန်မေး ပါရစေ။ photography and pornography ကြားက ကွဲပြားမှုကို သိပါသလား။ မသိလို့ ဘာတွေ ဘယ်လိုဖြစ်ပျက် ခဲ့ဖူးတယ် ဆိုတာလေးတွေ လေ့လာနိုင်ဖို့ ချပြရင်း ကျွန်မ နှုတ်ဆက်လိုက်ပါတယ်။ မြန်မာလူငယ်များ ဦးနှောက်သုံး စဉ်းစား နိုင်ကြပါစေ။ စကားရည် မလုခင် အသိပညာ ၀မ်းစာပြည့်အောင် အရင် ဖြည့်ဆည်း နိုင်ကြပါစေ။

ဥပဒေရေးရာ သတ်မှတ်ချက်
http://www.feministing.com/archives/012385.html

နိုင်ငံတကာ အမြင်
http://www.usefilm.com/photo_forum/11/1495/

ဒီဆောင်းပါးရဲ့ အဆက်ပါ။

Read More...

Saturday, January 16, 2010

Good Night သူငယ်ချင်း

သူငယ်ချင်းရေ
ငါ မနေ့ညက ရုပ်သေးပွဲ သွားကြည့်တယ်ဟ။ အဲ့ ရုပ်သေးပွဲမှာ ကဗျာဆရာ ကိုငြိဏ်းဝေက ဇာတ်ကြောင်း ပြောတယ်။
ညဟာ အမှောင် မဟုတ်ဘူး
အမှောင်ဟာ ည မဟုတ်ဘူး
ညဟာ အိပ်စက်ဖို့ မဟုတ်ဘူး
ညဟာ အိပ်မက် ဖို့ ဖြစ်တယ် တဲ့။

ငါ ဒီစာသားကို သိပ်ကြိုက်သွားတယ်။ ဟုတ်တယ်။ ညဆိုတာ ငါတို့ နေ့ခင်းမှာ အလုပ်ကောင်းကောင်း မှန်မှန် ကန်ကန် လုပ် နိုင်ဖို့ ငါတို့ ပြန်အားဖြည့်ရာ အချိန်ဖြစ်တယ်။ ဒါကြောင့် ညဟာ အမှောင် မဟုတ်ဘူး။ ငါတို့ အတွက် နေ့ခင်း တွေချည့် လိုတာ မဟုတ်ဘူးလေ။ ညလဲ လိုအပ်ပါတယ်။ ဒါပေမယ့် ညကို မှန်မှန် ကန်ကန် အသုံးချတတ်ဖို့လဲ လိုအပ်တာပေါ့။

ညဟာ အိပ်မက်ဖို့တဲ့။ ငါတို့ လိုချင်တဲ့ အနာဂတ်တွေကို ငါတို့ စွဲစွဲလမ်းလမ်း အိပ်မက်ကြတယ်။ နေ့ခင်း ကြောင်တောင်မှာ လူသူ အများကြား ငါတို့ အိပ်မက်တွေ မှန်မှန်ကန်ကန်နဲ့ စိတ်ဖြောင့်ဖြောင့် အိပ်မက် နိုင်မှာ မှ မဟုတ်တာလေ။ ညဘက် လူခြေ တိတ်ဆိတ်တုန်းလေး အိပ်မက် မက်ရမှာ မို့လား။ ဒါပေမယ့် အိပ်မက် ဖို့ အတွက် ငါတို့ အိပ်စက်ဖို့ လိုတယ်။ အိပ်စက်ခြင်းဟာ အိပ်မက်ဖို့ရော ငါတို့ နေ့ခင်းမှာ အင်ပြည့် အားပြည့် မှန်မှန်ကန်ကန် အလုပ်လုပ်ဖို့ အတွက်ရော သိပ် အရေးကြီးတယ်။ ဒီလို အိပ်စက်နိုင်ဖို့ ညတွေကို အသုံးချ ရမယ်။ ဒါကြောင့် ဒီညက စပြီး ငါ ညတွေကို မှန်မှန်ကန်ကန် အသုံးချတော့မယ် သူငယ်ချင်း။

ကောင်းသောညပါ သူငယ်ချင်း
ကောင်းကောင်း အိပ်စက် နိုင်ပါစေ။

မင်းရဲ့ သူငယ်ချင်း
ခွန်မြလှိုင်

Read More...

Saturday, November 14, 2009

အညာမြေ ၊ အပူလှိုင်းနဲ့ အဖိုးရဲ့ခြံ

သံလွင်အိပ်မက် မှာ ဖတ်လိုက်ရတယ်။ အောက်တိုဘာလထဲမှာ ပုဂံကို အလည်လာကောင်းတဲ့နိုင်ငံခြားသား ၃ယောက် အပူလွန် နှလုံးရောဂါနဲ့ သေဆုံးလို့တဲ့။ ကမ္ဘာလှည့်ခရီးသည်တွေကို ဟိုတယ်နဲ့ ခရီးသွားလာရေး ၀န်ကြီးဌာနက သတိပေး သတဲ့။ တိုင်းသူပြည်သားတွေ ကိုတော့ သတင်းစာကနေ သတိပေးထားတာ ကျွန်မ ခုထိ မဖတ်မိသေးပါဘူး။ မေ့မှာစိုးလို့ နွေရောက်မှ သတိပေး ကြေညာမယ် ထင်ပါရဲ့။ ဒါမှ မဟုတ်.. အများပြည်သူ အထိတ်တလန့် မဖြစ်ရအောင် နာဂစ်မုန်တိုင်း တိုက်တုန်းကလိုပဲ သတင်းကို အသာလေး ချိုထားလိုက်မလား မသိပါဘူး။

အောက်တိုဘာဆိုတာ မိုးအကုန်ဆောင်းအကူးမို့ အညာမြေအတွက် ပူလွန်းတဲ့လ မဟုတ်သေးပါဘူး။ ဒါပေမယ့် ကမ္ဘာကြီး ပူနွေးမှုေ ကြာင့် အပူချိန် လွန်ကဲ လာတဲ့ အတွက် ခုလို ဖြစ်ရသလား။ သစ်ခုတ်တာ လက်လွန်သွားလို့ မြန်မာ့မြေ အပူချိန် လွန်ကဲ လာသလား။ ၂မျိုးလုံးရဲ့ သက်ရောက်မှုကြောင့် ဆိုတာတော့ သေချာပါတယ်။ ခုတောင် ဒီလိုဆိုရင် နွေရောက်ရင် ဘယ်လို လုပ်ကြ မလဲ။ ဒီကြားထဲ မိုး/ဇလ ညွှန်ချုပ်ဟောင်း ဒေါက်တာ ထွန်းလွင် ကလဲ ပြောထားသေးတယ်။ ဒီနှစ် အညာနွေမှာ အပူလှိုင်း ဖြတ်နိုင် တယ်တဲ့။

အဖိုး သက်ရှိ ထင်ရှား ရှိစဉ်က နွေရောက်ရင် ကျွန်မတို့ သိပ်ပျော်ပါတယ်။ တမာမြေက အညာနွေကို ကျွန်မတို့ ချွေူးတလုံးလုံးနဲ့ ပျော်ပျော် ကြီး ဖြတ်သန်း ကြပါတယ်။ အဖိုးရဲ့ အစီအစဉ်နဲ့ မနက်ခင်း ကိုးနာရီ နောက်ဆုံး ထားလို့ တမြို့လုံးနဲ့ အနီး အနား ရွာတွေက အသက် ခြောက်ဆယ် အထက် လူကြီးသူမတွေကို တအိမ် တက်/ ဆင်း ကားနဲ့ လိုက်ခေါ်ပါရော .. မွေးကင်းစ ကလေးတွေနဲ့ သူတို့ အမေတွေလဲ လိုက်ချင်ရင် လိုက်နိုင် ပါတယ်။ ပြီးတော့ မြို့ပြင်က ဆယ်ဧက ကျော် ကျယ်ပြီး နေပြောက်မထိုးအောင် သစ်ပင်ကြီးတွေ စိမ်းစို ပေါက်ရောက်နေတဲ့ အဖိုးရဲ့ ခြံကြီးထဲ ခေါ်ထား လိုက် တာပါ။

အဖိုးရဲ့ ခြံထဲမှာ လူတွေ ၀ိုင်းမ ပြီး ရွှေ့လို့ရတဲ့ အလယ်တဲလို့ ခေါ်တဲ့ ဗိုလ်တဲလဲ ရှိပါ တယ်။ သစ်လုံး တွေနဲ့ တိုင်ထူထားပြီး ထန်းလက် မိုး ထန်းလက်ကာ ၀ါးကြမ်းခင်းနဲ့ ခြေတန်ရှည် အလယ်တဲ က လူ လေးဆယ် လောက်တော့ အေးအေးလေး ၀င်ထိုင်နိုင်အောင် ကျယ် ပါတယ်။ မတ်လထဲ ရောက် တာနဲ့ အလယ်တဲ ကို ထန်းလက် အသစ်တွေနဲ့ အမိုးအကာ လဲလှယ် ထားတဲ့အတွက် ကြမ်းကြားလေနဲ့ ထန်းလက်လေ အေးအေး လေး က မွှေးလို့။

မြန်မာ တိုင်းရင်းဆေး ပညာကို နားလည်တဲ့ အဖိုးဟာ ရာသီဥတုနဲ့ ကိုက်ညီတဲ့ ဓာတ်စာတွေ ပါတဲ့ နေ့လယ်စာ နဲ့ အားလုံးကို ထမင်းကျွေးပြီး သူ့ခြံထဲမှာ နားနေစေ ပါတယ်။ တနေ့လည်လုံး ရေနွေးကြမ်း ပေါ့ပေါ့လေးနဲ့ ထန်းလျက် ခဲ၊ ပေါက်ပေါက်ဆုပ်တွေ နှမ်းဆုပ်တွေ စားဖို့ ချပေး ထားပါသေးတယ်။ စားရင်း သောက်ရင်း ရှေးဟောင်း နှောင်းဖြစ်နဲ့ ပုံတိုပတ်စ တွေ ပြောနေတဲ့ လူကြီးတွေ နားမှာ မော့ရင်း နားထောင်နေတဲ့ ကလေး တွေလဲ ရှိသလို အလယ်တဲအောက်က တိုင်လုံး တွေကြား ဇယ်ခုပ်နေတဲ့ ကလေးတွေ ရှိတာပေါ့။ ညနေ ငါးနာရီ ကျော်လို့ နေလုံးလုံး စောင်းပြီ ဆိုမှ အားလုံးကို အိမ်ပြန် ပို့ပါတယ်။ ဒါကြောင့် အညာနွေကြောင့် တခြား နယ် တွေမှာ အပူမိ သေဆုံးတဲ့ သက်ကြီးရွယ်အိုတွေ ကလေးတွေ ရှိပေမယ့် အဖိုးတို့မြို့မှာ အဖိုးရဲ့ တသက် ဒါမျိုး မဖြစ်ဖူးခဲ့ ပါဘူး။ အဖိုး ဆုံးပြီးတဲ့ နောက်ပိုင်းမှာတော့ ဒီဓလေ့ကို လက်ဆင့်ကမ်း ကျင့်သုံးသူ မရှိတော့တာ ၀မ်းနည်း စရာပါ။ အဖိုးရဲ့ ခြံကြီးလဲ လယ်/ဆည် ၀န်ကြီး ဗိုလ်ချုပ်ညွန့်တင် ဦးဆောင်မှု အောက်က ဆည်ကြီး ကျိုးတဲ့အထဲ ပါသွားလိုက်တာ.. နေပြောက် မထိုးခဲ့ ဖူးတဲ့ ခြံနေရာမှာ ဘူဒိုဇာ နဲ့ တိုက်ပြီး မြေလှန် ထားသလို မြက်တပင်တောင် မကျန်ခဲ့တော့ ပါဘူး။

အဖိုးရေ.. အဖိုးမြေး အဖိုးရဲ့ ခြေလှမ်းကို အမီ မလိုက်နိုင်သေးတဲ့ အတွက် တမလွန်ကနေ ကူညီ အားပေးပါဦး။ အညာမြေတွေမှာ အပူလှိုင်း ခိုဖို့ ခြံတွေထဲက ဇရပ်တွေ ဆောက်ပြီး လှူနိုင်တဲ့ တချိန်ကို ရောက်ချင် ပါတယ်။ အဖိုးမြေးလဲ မကြာခင် ကာလ အတွင်း အမိမြေကို အဖိုးရဲ့ နည်းတွေနဲ့ အလုပ်အကျွေး ပြုနိုင်အောင် အားပေးပါဦး အဖိုးရေ။

Read More...

Friday, November 13, 2009

ဘယ်ကမ္ဘာက ပျက်မှာလဲ

ကမ္ဘာ ပျက်မယ် ဆိုတဲ့ ကောလဟလ ပျံ့နေတာ ကြာပြီ ဖြစ်ပေမယ့် ကမ္ဘာပျက်တော့မယ့်အကြောင်း ရိုက် ထားတဲ့ ရုပ်ရှင်၂ကား ထွက်လာ တဲ့နောက် အင်တာနက်ပေါ်မှာ သိပ္ပံ ၀က်ဘ်ဆိုဒ် အတုတွေ ပလူပျံ တက်လာ ပါတယ်။ ကမ္ဘာ တကယ် ပျက်တော့မလောက် ရေးထားတဲ့ စာမျက်နှာတွေရော.. မပျက်ပေမယ့် ကမ္ဘာ့ မြေ မျက်နှာတွေ ကျောက်လွှာကြီးတွေ ပြတ်ရွေ့ပြီး ကမ္ဘာမြေပုံ အသစ် ထွက်မယ် ဆိုတာတွေ စုံနေ အောင် ဖတ်ရ ပါတယ်။ ဘယ် အဖွဲ့ အစည်းက တာဝန်ခံ ကြေညာတဲ့ ၀က်ဘ်ဆိုဒ်လဲဆိုတော့… အဲဒီ အကြောင်းအရာနဲ့ ပတ်သက် တာ ဘာမှ ကြေညာ မထားဘူးလေ။ ယူကျုပေါ်မှာ ဆရာကြီးစတိုင်လ်နဲ့ ရှင်းလင်းချက်တွေ ဗီဒီယိုကလစ်နဲ့ ကြည့်ရပါရဲ့ .. ပြောတဲ့လူက ကိုယ့်ကိုယ်ကို ဘယ်သူဆိုတာ မိတ်ဆက် မထားတဲ့အပြင် ဘယ်မှာမှ မမြင်ဖူးတဲ့ရုပ်နဲ့။ တကယ့် အဖွဲ့အစည်းကြီးတွေက တာဝန်ခံတွေ ဆိုရင် google image မှာ သူတို့ အစည်းအဝေး တက်နေတဲ့ ပုံတွေ၊ လုပ်ငန်းခွင် ၀င်နေတဲ့ ပုံတွေ စသဖြင့် ရှိတတ်ကြပါတယ်။ အဲလို လိုက်စစ်ရင် လူအတု ဟန်ဆောင် ထားတောင် ပေါ်ပါတယ်။ အမယ်.. အမေရိကန် အမျိုးသား လေကြောင်းနဲ့  အာကာသ သိပ္ပံ အဖွဲ့ကြီး နာဆာ ရဲ့ လျှို့ဝှက်ချက်ကြီး ပေါက် ကြား သတဲ့၊ နာဆာ ကိုယ်တိုင်က တရားဝင် သတိပေးလိုက်တယ် တဲ့.. တင် ထားတဲ့ သူ ဗီဒီယို ကလစ် ပိုင်ရှင်က ဘယ်အဖွဲ့အစည်း ကလဲ ဆိုတာကို အင်တာနက် စာမျက်နှာရဲ့ ညာဖက် အပေါ်ထောင့်ကို ကြည့်လိုက်တော့ ဘယ်သူမှန်း မသိတဲ့ လူတွေ။ တာဝန်ယူ တာဝန်ခံမှု ရှိတဲ့ အဖွဲ့အစည်းက တာဝန်ခံတွေ တင်ထားတာ မဟုတ် နေဘူး။ ဒါကြောင့် စတည်း က တော့ မယုံပါဘူး။

ခွန်မြလှိုင်က ၂၀၁၂ မှာ ကမ္ဘာပျက်မှာကို ဘာလို့ မယုံတာလဲ ဆိုရင် ဖြေပါ့မယ်။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးပီပီ ဂေါတမ မြတ်စွာဘုရား ချန်ထားတဲ့ သာသနာ နှစ် ငါးထောင်က ခုမှ တ၀က်ကျိုးတာ မကြာသေးတဲ့ အတွက် သာသနာနှစ် ကုန်ဖို့တောင် နှစ်ပေါင်း နှစ်ထောင်ကျော် ကျန်သေးလို့ ဖြစ်ပါတယ်။ နောက်ပြီး ပြောနေ ရေးနေ ကြတဲ့ ကမ္ဘာပါတဲ့ နဂါးငွေ့တန်း ကြယ်စုကြီး တတန်းတည်း ဖြစ်တာက နှစ် ၂၀၀၀ ကျော်တိုင်း တခါ ဖြစ်နေကြမို့ ဂေါတမ မြတ်စွာဘုရား မပွင့်ခင် နှစ် ၅၀ ကမှ တခါ တတန်းတည်း ကျခဲ့ဖူးတဲ့ အတွက် ဘုရားတောင် ပွင့်နိုင် ခဲ့ပါသေးတယ်။ ဒီတော့ ကမ္ဘာပျက်မယ့် ကောလဟလ က လုံးဝ ယုတ္တိ မတန်နေပါဘူးရှင်။

သူငယ်ချင်းတွေက မေးတယ်.. ကမ္ဘာပျက်တော့မယ်ဆို နင်ဘယ်လို လုပ် မလဲ တဲ့။ ကမ္ဘာ ပျက် မှာ သေချာရင်၊ နောက်ပြီး တခြား ဘယ် နည်းလမ်း နဲ့မှ သိပ္ပံပညာရှင်တွေ နိုင်ငံ့ခေါင်းဆောင် တွေက လွတ်မြောက်ဖို့ အစီအစဉ် တွေ လုပ်ပေး မထားဘူး ဆိုရင်၊ ပြီးတော့ အရေးအကြီးဆုံး အနေနဲ့ ကိုယ်တိုင် က ဘယ်လိုမှ မတားဆီးနိုင်၊ မရှောင်ပြေးနိုင်တော့ဘူးဆိုရင်၊ ကမ္ဘာပျက်မယ့် အချိန်ကို နာရီမိနစ် စက္ကန့် နဲ့ အတိအကျ သိရင် count down party လုပ်မယ်လို့။ ဒီလောက် တိတိကျကျ သိပြီး တခြား ဘယ်နည်းလမ်းမှ မရှိတော့ မှတော့ နောက်ဆုံး အချိန် လေးကို ကိုယ့်ဘ၀မှာ အရေးအကြီးဆုံး လူတွေနဲ့ တူတူ မရဏာနုဿတိ ပွားရင်း ပျော်ပျော်ကြီး ရင်ဆိုင်လိုက် တော့မှာပေါ့။ ဒိထက် ဘာပို လုပ်နိုင်မှာ မို့လဲ။

ဒီလိုနဲ့ သံလွင်အိပ်မက် e-zine ကိုဖတ်တော့ နာဆာက ကမ္ဘာမပျက်ကြောင်း တရားဝင် ကြေညာတဲ့ မေး/ဖြေ အင်တာနက် စာမျက်နှာ လွှင့်ထုတ်လိုက်တယ် ဆိုတဲ့ သတင်းဖတ်လိုက်ရတယ်။ ဘယ်နေမလဲ။ ချက်ချင်း အဲ့ စာမျက်နှာ သွားဖတ်ရင်း သိပ္ပံနည်းကျ ရှင်းပြ ထားတာတွေ ဖတ်လိုက်ရတော့ ရီတောင် ရီမိတယ်။ သူတို့ ခမျာ ဟုတ်မဟုတ် မေးတဲ့ အီးမေးလ်တွေ နေ့တိုင်း အစောင်ရာနဲ့ချီ လက်ခံ ရနေတယ်တဲ့။ ကိုယ်သာဆို ကိုယ်မသိတဲ့ မေးလ်တွေ ၀င်လာရင် Spam mail ဆိုပြီး တခုမှ မဖတ်ဘဲ ဖျက်ချ ပစ်တတ်တာ။ သူတို့ ခမျာ မေးလ်တွေ အကုန်ဖတ်။ တူရာ စုပြီး ခေါင်းစဉ်ခွဲ။ အမေးအများဆုံးတွေကို သေသေချာချာ ပြန်ဖြေ ပေးထား ရှာရဲ့။



ကဲ.. ၂၀၁၂ ဒီဇင်ဘာ ၂၁ ကျရင် ဘာလုပ်ကြမလဲ… ကျွန်မကတော့ နှစ်သစ် မကူးမီ ဆယ်ရက်အလို မြန်မာ ပြည်ကြီး ငြိမ်းချမ်း သာယာပြီး ဒီမိုကရေစီ ရနေပြီ ဖြစ်တဲ့ အထိမ်းအမှတ်နဲ့ နှစ်သစ်ကို ကြိုဆိုဖို့ အစီအစဉ်တွေ ရေးဆွဲ ပြင်ဆင် နေမှာ သေချာပါတယ်ရှင်။ (ဟေ့ရောင်တွေ ... ပြင်ထားနော်)

Read More...

Monday, October 26, 2009

နိုင်ငံရေးကို နှာခေါင်းရှုံ့ခဲ့တဲ့ ရေပေါ်ဆီ လူတန်းစားတွေ

လူထုစိန်ဝင်း

(အောက်တိုဘာ ၅ ရက်နေ့ထုတ် Favourite ဂျာနယ်မှာ ရေးထားတဲ့ ဆရာလူထုစိန်ဝင်းရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ တတိယအုပ်စု ဆိုသူတွေကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ ဆရာ လူထုစိန်ဝင်းရဲ့ အမြင်ကို သိနိုင်အောင် မျှဝေပေးလိုက် ပါတယ်။ )

"မြန်မာ လူမျိုးများရဲ့ နိုင်ငံရေး အသိအမြင် ဗဟုသုတက နိမ့်ကျနေသေး လေတော့ ဒီမိုကရေစီ စနစ် အောင်မြင်ပါ့မလား" အသက်နှစ်ဆယ်၊ အစိတ်ဝန်းကျင် လူငယ်တွေနဲ့ စကားပြောကြတိုင်း ဒီမေးခွန်း တစ်ခုကို မေးမြဲဖြစ်တယ်။ သူတို့ စိတ်ထဲမှာ အနောက် နိုင်ငံကြီးတွေလို ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံကြီးတွေမှ ဒီမိုကရေစီ အောင်မြင်နိုင်တယ်လို့ ထင်မှတ် နေကြဟန် ရှိပါတယ်။ တချို့ကျတော့လည်း နိုင်ငံရေးဆိုတာ နှာခေါင်း ရှုံစရာလို့ ယူဆပြီး တစ်သက်လုံး ဝေးဝေးရှောင်ခဲ့တဲ့ ရေပေါ်ဆီ လူတန်းစား "အီလစ်"(elite) တွေ ပြောတဲ့ စကားသံတွေ ကြားပြီး "နဝေတိမ်တောင်" ဖြစ်နေကြပုံ ရပါတယ်။

အပေါ်ယံမှာ ဝေ့ကာဝဲကာ

ရေပေါ်ဆီ လူတန်းစား ဆိုတာက အများအားဖြင့် ခေတ်တိုင်း ခေတ်တိုင်းမှာ ရေပေါ်ဆီလို အပေါ်ယံမှာချည်း ဝေ့နေလေ့ရှိလို့ ရေပေါ်ဆီ လူတန်းစားလို့ ခေါ်တာဖြစ်တယ်။ သူတို့က မြို့ကြီးသားတွေ ဖြစ်တော့ လည်လည်ပတ်ပတ် ရှိကြတယ်။ ဘယ်သူ တန်ခိုးရှိသလဲဆိုတာ ကောင်းကောင်းသိပြီး တန်ခိုးရှိသူတိုင်းနဲ့ တည့်အောင်ပေါင်း အမြတ်ထုတ်တတ်ကြတယ်။ ပေါင်းနေတဲ့ သူ တန်ခိုးအရောင် မှိန်သွားရင် ချက်ချင်းစွန့်ခွာပြီး အရောင်တောက်သူကို ပြေးကပ်လေ့ ရှိတယ်။ ရာသီဥတုကို လိုက်ပြီး အရောင် ပြောင်းတတ်တဲ့ လူစားမျိုးတွေ ဖြစ်ကြတယ်။ ခေတ်တိုင်း ခေတ်တိုင်း အပေါ်ယံလွှာမှာချည်း ဝေ့ကာဝဲကာ နေကြ လေတော့ လူတွေကို အမြဲတမ်း ငုံကြည့်လေ့ရှိတယ်။ တန်ခိုးရောင် ပြိုးပြိုးပြက်ပြက် လက်တဲ့သူ မဟုတ်ရင် ဘယ်သူ့ကိုမှ အထင်ကြီးတာ မဟုတ်ဘူး။ဒီတော့ လူတွေကြား ဘယ်တော့မှ မနေဘူး။ လူတွေ အကြောင်းလည်း ဘာမှမသိဘူး။ လူတွေ အကြောင်း မသိတော့ တိုင်းပြည် နိုင်ငံအကြောင်းလည်း ဘာမှ မသိပါဘူး။ စင်ကာပူ နိုင်ငံကြီး တိုးတက်ပုံတွေ၊ နယူးယောက် မြို့တော်ကြီး စည်ကားပုံ တွေ အကြောင်း အများကြီး ပြောနိုင်ပေမယ့်၊ လယ်ဆိုတာ ဘာလဲ၊ ယာဆိုတာ ဘာလဲ၊ ကိုင်းဆိုတာ ဘာလဲလို့ မေးရင်တောင် မှန်အောင် ဖြေနိုင်တာ မဟုတ်ပါဘူး။

ဆယ်ဆသာတယ်

ဒီလို လူတွေဟာ တိုင်းရေးပြည်ရေး နိုင်ငံရေးဆိုတာ သူတို့လို ရေပေါ်ဆီတွေနဲ့ပဲ ဆိုင်တယ်။ လက်လုပ်လက်စား လူသာမန် တွေနဲ့ လားလားမှ ထိုက်တန်တာ မဟုတ်ဘူး။ ဒီမိုကရေစီရဲ့ အနှစ်သာရဆိုတာ ပညာတတ် ရေပေါ်ဆီတွေသာ သဘောပေါက် နားလည် နိုင်တာမျိုး ဖြစ်တယ်၊ ဆင်းရဲလို့ ပညာကောင်းကောင်း မသင်နိုင်တဲ့ သူတွေရဲ့ နိုင်ငံရေး အသိပညာ ရေချိန်ဟာ အင်မတန် နိမ့် တယ်။ ဒီလူတွေနဲ့ ဒီမိုကရေစီ တည်ဆောက်လို့ မရသေးဘူးလို့ ကျယ်ကျယ်လောင်လောင် ပြောလေ့ ရှိကြတယ်။ ဒီစကားတွေ ကြားပါများတော့ လူငယ်တွေက နားယောင်ပြီး ဟုတ်နိုးနိုး ထင်နေရှာကြတာ ဖြစ်တယ်။ အဲဒါကြောင့် မြန်မာလူမျိုးဟာ တခြား နိုင်ငံကြီးသားတွေလောက် နိုင်ငံရေး အသိမမြင့်ဘူး ဆိုတောင်မှ နိုင်ငံရေးဆိုတာ နှာခေါင်းရှုံ့စရာ သဘောထားပြီး ဘယ်တုန်းကမှ နိုင်ငံရေးကိစ္စ တွေမှာ မပါဝင်ခဲ့ဖူးတဲ့ ရေပေါ်ဆီ လူတွေထက်တော့ ဆယ်ပြန် ဆယ်ဆမက နိုင်ငံရေးအသိ မြင့်မားတယ်လို့ ရှင်းပြလိုက်ရ ပါတယ်။

လိမ်မှန်းညာမှန်းမသိတဲ့ လူမျိုး

မြန်မာလူမျိုးဟာ တခြား နေရာများမှာ ညံ့ချင်ညံ့မယ်။ နိုင်ငံရေး အသိမှာတော့ ထိပ်တန်းက ရှိနေတဲ့ လူမျိုးဖြစ်တယ်။ နယ်ချဲ့ အစိုးရက ၉၁ဌာန အုပ်ချုပ်ရေးတို့၊ ဒိုမီနီယံ အဆင့်ပေးမယ် တို့နဲ့ လှည့်စားခဲ့ပေမယ့် လိမ်တာကို လိမ်မှန်းသိ၊ ညာတာကို ညာမှန်း သိလို့ လုံးဝ လွတ်လပ်ရေးမှ တစ်ပါး ဘာမှ မလိုချင်ဘူးလို့ အပြတ် ပြောခဲ့တာပါ။ ပါးစပ်ပြောသာ မဟုတ်ဘူး။ လက်တွေ့မှာလည်း မရရတဲ့နည်းနဲ့ ယူမယ်ဆိုတာ အထင်အရှား ပြခဲ့တာပါ။ ဂျပန်ခေတ်မှာလည်း ဂျပန်ပေးတဲ့ လွတ်လပ်ရေး နဲ့တင် ကျေနပ် ရောင့်ရဲ မနေခဲ့ပါဘူး။ လိမ်တာကို လိမ်မှန်းသိလို့ တော်လှန်ရေးဆင်နွှဲ အောင်ပွဲခံခဲ့တာ ဖြစ်တယ်။ ရှေးလူကြီးတွေကသာ ပေးတာလေးယူပြီး ရောင့်ရဲနေလိုက်ကြရင် ဒီနေ့ လွတ်လပ်တဲ့ မြန်မာလူမျိုးရယ်လို့ ရှိလာမှာ မဟုတ် ပါဘူး။

ရန်/ငါပြတ်လို့

လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ဘိုးဘွားများကို ကျေးဇူးတင်စရာ ကောင်းလှပါတယ်။ သူတို့တစ်တွေ ရည်မှန်းချက် တိကျ ခိုင်မာပြီး၊ ရန်/ ငါ ပြတ်သား ခဲ့ကြလို့သာ လုံးဝ လွတ်လပ်ရေး ရခဲ့တာပါ။ ဒီကနေ့ အာဆီယံ နိုင်ငံတွေ ထဲမှာ ဝင့်ဝင့် ကြွားကြွား ဖြစ်နေတဲ့ မလေးရှား နိုင်ငံဆိုရင် ၁၉၅၇ ခုနှစ်ကျမှ လုံးဝ လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ရောက်ရှိ လာခဲ့တာပါ။ အဲဒါ ကြောင့် မြန်မာလူမျိုးများကို နိုင်ငံရေးအသိ နိမ့်ကျတယ် ဆိုတဲ့ စကားကို လုံးဝ လက်မခံပါဘူး။ မြန်မာပြည် က ရေပေါ်ဆီ လူ တွေ လောက်က ပြောတာသာ မဟုတ်ပါဘူး။ သူတို့ အထင်ကြီး ကိုးကွယ်တဲ့ အနောက် နိုင်ငံကြီးတွေက မြန်မာ့အရေး ကျွမ်းကျင် သူ လို့ ကိုယ့်ဟာကိုယ် ကင်ပွန်းတပ်ထားတဲ့ "နိုင်ငံရေးဂုရု" ဆိုသူတွေ ပြောတာလည်း လက်မခံ ပါဘူး။ မြန်မာပြည်မှာ နေပြီး နယ်ချဲ့ဒဏ်၊ ဖက်ဆစ်ဒဏ်၊ ပြည်တွင်း စစ်ဒဏ်တွေကို ကျောကော့အောင် ခံခဲ့ရတဲ့ မြန်မာလူမျိုး တွေလောက် မြန်မာ့ နိုင်ငံရေးကို နားလည်တဲ့လူ ဘယ်မှာမှ မရှိနိုင်ပါဘူး။

မျက်နှာပြောင်သူတွေ

မျက်ကန်း မျိုးချစ်စိတ်နဲ့ ဒီလိုပြောတာ မဟုတ်ပါဘူး။ အဲဒီ ကိုယ့်ဟာကိုယ်ခန့်တဲ့ "ဂုရု"တွေ ရေးတဲ့ စာအုပ်တွေ အများကြီး ဖတ် ထားဖူးလို့ ပြောတာပါ။ ဆင်စွယ် ရဲတိုက်ကြီးတွေ ထဲက စာအုပ်တွေမှာ လှန်လှောရှာဖွေပြီး သူများတကာ ရေးထားတဲ့ သီအိုရီ တွေနဲ့ ချိန်ညှိပြီး ရေးသား ထားတာမျိုး တွေသာ များပါတယ်။ နိုင်ငံရေး ဆိုတာ သိပ္ပံပညာရပ် တစ်ခု ဖြစ်ပေမယ့်လို့ ဂျီသြမေကြီ တွက်သလို၊ သင်္ချာတွက်သလို၊ တွက်လို့ဖြစ်တာ မဟုတ်ပါဘူး။ နိုင်ငံရေး ဆိုတာ လူတွေနဲ့ တိုက်ရိုက် ပတ်သက် နေတာ ဖြစ်လို့ လူတွေရဲ့ ဘဝ၊ လူတွေရဲ့ ခံစားချက်ကို အလေးထားပြီး စဉ်းစားဖို့ လိုအပ်ပါတယ်။ လူတွေ ကြားမဝင်ဖူးတဲ့ ရေပေါ်ဆီ "အီလစ်" တွေနဲ့ နိုင်ငံခြားသား "ဂုရု"တွေက မြန်မာလူမျိုးတွေရဲ့ ဘဝ၊ မြန်မာလူမျိုးတွေရဲ့ ခံစားချက်ကို မြန်မာတွေထက် ပိုသိတယ်လို့ ပြောရင်တော့ တော်တော် မျက်နှာပြောင်တဲ့ လူတွေပဲလို့သာ ကောက်ချက်ချလိုက် ရတော့မှာ ဖြစ်ပါတယ်။

လူထုစိန်ဝင်း

(padaukmyay.blogspot.com မှရယူထားခြင်း ဖြစ်ပါတယ်။)

Read More...