Friday, November 13, 2009

ဘယ်ကမ္ဘာက ပျက်မှာလဲ

ကမ္ဘာ ပျက်မယ် ဆိုတဲ့ ကောလဟလ ပျံ့နေတာ ကြာပြီ ဖြစ်ပေမယ့် ကမ္ဘာပျက်တော့မယ့်အကြောင်း ရိုက် ထားတဲ့ ရုပ်ရှင်၂ကား ထွက်လာ တဲ့နောက် အင်တာနက်ပေါ်မှာ သိပ္ပံ ၀က်ဘ်ဆိုဒ် အတုတွေ ပလူပျံ တက်လာ ပါတယ်။ ကမ္ဘာ တကယ် ပျက်တော့မလောက် ရေးထားတဲ့ စာမျက်နှာတွေရော.. မပျက်ပေမယ့် ကမ္ဘာ့ မြေ မျက်နှာတွေ ကျောက်လွှာကြီးတွေ ပြတ်ရွေ့ပြီး ကမ္ဘာမြေပုံ အသစ် ထွက်မယ် ဆိုတာတွေ စုံနေ အောင် ဖတ်ရ ပါတယ်။ ဘယ် အဖွဲ့ အစည်းက တာဝန်ခံ ကြေညာတဲ့ ၀က်ဘ်ဆိုဒ်လဲဆိုတော့… အဲဒီ အကြောင်းအရာနဲ့ ပတ်သက် တာ ဘာမှ ကြေညာ မထားဘူးလေ။ ယူကျုပေါ်မှာ ဆရာကြီးစတိုင်လ်နဲ့ ရှင်းလင်းချက်တွေ ဗီဒီယိုကလစ်နဲ့ ကြည့်ရပါရဲ့ .. ပြောတဲ့လူက ကိုယ့်ကိုယ်ကို ဘယ်သူဆိုတာ မိတ်ဆက် မထားတဲ့အပြင် ဘယ်မှာမှ မမြင်ဖူးတဲ့ရုပ်နဲ့။ တကယ့် အဖွဲ့အစည်းကြီးတွေက တာဝန်ခံတွေ ဆိုရင် google image မှာ သူတို့ အစည်းအဝေး တက်နေတဲ့ ပုံတွေ၊ လုပ်ငန်းခွင် ၀င်နေတဲ့ ပုံတွေ စသဖြင့် ရှိတတ်ကြပါတယ်။ အဲလို လိုက်စစ်ရင် လူအတု ဟန်ဆောင် ထားတောင် ပေါ်ပါတယ်။ အမယ်.. အမေရိကန် အမျိုးသား လေကြောင်းနဲ့  အာကာသ သိပ္ပံ အဖွဲ့ကြီး နာဆာ ရဲ့ လျှို့ဝှက်ချက်ကြီး ပေါက် ကြား သတဲ့၊ နာဆာ ကိုယ်တိုင်က တရားဝင် သတိပေးလိုက်တယ် တဲ့.. တင် ထားတဲ့ သူ ဗီဒီယို ကလစ် ပိုင်ရှင်က ဘယ်အဖွဲ့အစည်း ကလဲ ဆိုတာကို အင်တာနက် စာမျက်နှာရဲ့ ညာဖက် အပေါ်ထောင့်ကို ကြည့်လိုက်တော့ ဘယ်သူမှန်း မသိတဲ့ လူတွေ။ တာဝန်ယူ တာဝန်ခံမှု ရှိတဲ့ အဖွဲ့အစည်းက တာဝန်ခံတွေ တင်ထားတာ မဟုတ် နေဘူး။ ဒါကြောင့် စတည်း က တော့ မယုံပါဘူး။

ခွန်မြလှိုင်က ၂၀၁၂ မှာ ကမ္ဘာပျက်မှာကို ဘာလို့ မယုံတာလဲ ဆိုရင် ဖြေပါ့မယ်။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးပီပီ ဂေါတမ မြတ်စွာဘုရား ချန်ထားတဲ့ သာသနာ နှစ် ငါးထောင်က ခုမှ တ၀က်ကျိုးတာ မကြာသေးတဲ့ အတွက် သာသနာနှစ် ကုန်ဖို့တောင် နှစ်ပေါင်း နှစ်ထောင်ကျော် ကျန်သေးလို့ ဖြစ်ပါတယ်။ နောက်ပြီး ပြောနေ ရေးနေ ကြတဲ့ ကမ္ဘာပါတဲ့ နဂါးငွေ့တန်း ကြယ်စုကြီး တတန်းတည်း ဖြစ်တာက နှစ် ၂၀၀၀ ကျော်တိုင်း တခါ ဖြစ်နေကြမို့ ဂေါတမ မြတ်စွာဘုရား မပွင့်ခင် နှစ် ၅၀ ကမှ တခါ တတန်းတည်း ကျခဲ့ဖူးတဲ့ အတွက် ဘုရားတောင် ပွင့်နိုင် ခဲ့ပါသေးတယ်။ ဒီတော့ ကမ္ဘာပျက်မယ့် ကောလဟလ က လုံးဝ ယုတ္တိ မတန်နေပါဘူးရှင်။

သူငယ်ချင်းတွေက မေးတယ်.. ကမ္ဘာပျက်တော့မယ်ဆို နင်ဘယ်လို လုပ် မလဲ တဲ့။ ကမ္ဘာ ပျက် မှာ သေချာရင်၊ နောက်ပြီး တခြား ဘယ် နည်းလမ်း နဲ့မှ သိပ္ပံပညာရှင်တွေ နိုင်ငံ့ခေါင်းဆောင် တွေက လွတ်မြောက်ဖို့ အစီအစဉ် တွေ လုပ်ပေး မထားဘူး ဆိုရင်၊ ပြီးတော့ အရေးအကြီးဆုံး အနေနဲ့ ကိုယ်တိုင် က ဘယ်လိုမှ မတားဆီးနိုင်၊ မရှောင်ပြေးနိုင်တော့ဘူးဆိုရင်၊ ကမ္ဘာပျက်မယ့် အချိန်ကို နာရီမိနစ် စက္ကန့် နဲ့ အတိအကျ သိရင် count down party လုပ်မယ်လို့။ ဒီလောက် တိတိကျကျ သိပြီး တခြား ဘယ်နည်းလမ်းမှ မရှိတော့ မှတော့ နောက်ဆုံး အချိန် လေးကို ကိုယ့်ဘ၀မှာ အရေးအကြီးဆုံး လူတွေနဲ့ တူတူ မရဏာနုဿတိ ပွားရင်း ပျော်ပျော်ကြီး ရင်ဆိုင်လိုက် တော့မှာပေါ့။ ဒိထက် ဘာပို လုပ်နိုင်မှာ မို့လဲ။

ဒီလိုနဲ့ သံလွင်အိပ်မက် e-zine ကိုဖတ်တော့ နာဆာက ကမ္ဘာမပျက်ကြောင်း တရားဝင် ကြေညာတဲ့ မေး/ဖြေ အင်တာနက် စာမျက်နှာ လွှင့်ထုတ်လိုက်တယ် ဆိုတဲ့ သတင်းဖတ်လိုက်ရတယ်။ ဘယ်နေမလဲ။ ချက်ချင်း အဲ့ စာမျက်နှာ သွားဖတ်ရင်း သိပ္ပံနည်းကျ ရှင်းပြ ထားတာတွေ ဖတ်လိုက်ရတော့ ရီတောင် ရီမိတယ်။ သူတို့ ခမျာ ဟုတ်မဟုတ် မေးတဲ့ အီးမေးလ်တွေ နေ့တိုင်း အစောင်ရာနဲ့ချီ လက်ခံ ရနေတယ်တဲ့။ ကိုယ်သာဆို ကိုယ်မသိတဲ့ မေးလ်တွေ ၀င်လာရင် Spam mail ဆိုပြီး တခုမှ မဖတ်ဘဲ ဖျက်ချ ပစ်တတ်တာ။ သူတို့ ခမျာ မေးလ်တွေ အကုန်ဖတ်။ တူရာ စုပြီး ခေါင်းစဉ်ခွဲ။ အမေးအများဆုံးတွေကို သေသေချာချာ ပြန်ဖြေ ပေးထား ရှာရဲ့။



ကဲ.. ၂၀၁၂ ဒီဇင်ဘာ ၂၁ ကျရင် ဘာလုပ်ကြမလဲ… ကျွန်မကတော့ နှစ်သစ် မကူးမီ ဆယ်ရက်အလို မြန်မာ ပြည်ကြီး ငြိမ်းချမ်း သာယာပြီး ဒီမိုကရေစီ ရနေပြီ ဖြစ်တဲ့ အထိမ်းအမှတ်နဲ့ နှစ်သစ်ကို ကြိုဆိုဖို့ အစီအစဉ်တွေ ရေးဆွဲ ပြင်ဆင် နေမှာ သေချာပါတယ်ရှင်။ (ဟေ့ရောင်တွေ ... ပြင်ထားနော်)

No comments: