Saturday, November 14, 2009

အညာမြေ ၊ အပူလှိုင်းနဲ့ အဖိုးရဲ့ခြံ

သံလွင်အိပ်မက် မှာ ဖတ်လိုက်ရတယ်။ အောက်တိုဘာလထဲမှာ ပုဂံကို အလည်လာကောင်းတဲ့နိုင်ငံခြားသား ၃ယောက် အပူလွန် နှလုံးရောဂါနဲ့ သေဆုံးလို့တဲ့။ ကမ္ဘာလှည့်ခရီးသည်တွေကို ဟိုတယ်နဲ့ ခရီးသွားလာရေး ၀န်ကြီးဌာနက သတိပေး သတဲ့။ တိုင်းသူပြည်သားတွေ ကိုတော့ သတင်းစာကနေ သတိပေးထားတာ ကျွန်မ ခုထိ မဖတ်မိသေးပါဘူး။ မေ့မှာစိုးလို့ နွေရောက်မှ သတိပေး ကြေညာမယ် ထင်ပါရဲ့။ ဒါမှ မဟုတ်.. အများပြည်သူ အထိတ်တလန့် မဖြစ်ရအောင် နာဂစ်မုန်တိုင်း တိုက်တုန်းကလိုပဲ သတင်းကို အသာလေး ချိုထားလိုက်မလား မသိပါဘူး။

အောက်တိုဘာဆိုတာ မိုးအကုန်ဆောင်းအကူးမို့ အညာမြေအတွက် ပူလွန်းတဲ့လ မဟုတ်သေးပါဘူး။ ဒါပေမယ့် ကမ္ဘာကြီး ပူနွေးမှုေ ကြာင့် အပူချိန် လွန်ကဲ လာတဲ့ အတွက် ခုလို ဖြစ်ရသလား။ သစ်ခုတ်တာ လက်လွန်သွားလို့ မြန်မာ့မြေ အပူချိန် လွန်ကဲ လာသလား။ ၂မျိုးလုံးရဲ့ သက်ရောက်မှုကြောင့် ဆိုတာတော့ သေချာပါတယ်။ ခုတောင် ဒီလိုဆိုရင် နွေရောက်ရင် ဘယ်လို လုပ်ကြ မလဲ။ ဒီကြားထဲ မိုး/ဇလ ညွှန်ချုပ်ဟောင်း ဒေါက်တာ ထွန်းလွင် ကလဲ ပြောထားသေးတယ်။ ဒီနှစ် အညာနွေမှာ အပူလှိုင်း ဖြတ်နိုင် တယ်တဲ့။

အဖိုး သက်ရှိ ထင်ရှား ရှိစဉ်က နွေရောက်ရင် ကျွန်မတို့ သိပ်ပျော်ပါတယ်။ တမာမြေက အညာနွေကို ကျွန်မတို့ ချွေူးတလုံးလုံးနဲ့ ပျော်ပျော် ကြီး ဖြတ်သန်း ကြပါတယ်။ အဖိုးရဲ့ အစီအစဉ်နဲ့ မနက်ခင်း ကိုးနာရီ နောက်ဆုံး ထားလို့ တမြို့လုံးနဲ့ အနီး အနား ရွာတွေက အသက် ခြောက်ဆယ် အထက် လူကြီးသူမတွေကို တအိမ် တက်/ ဆင်း ကားနဲ့ လိုက်ခေါ်ပါရော .. မွေးကင်းစ ကလေးတွေနဲ့ သူတို့ အမေတွေလဲ လိုက်ချင်ရင် လိုက်နိုင် ပါတယ်။ ပြီးတော့ မြို့ပြင်က ဆယ်ဧက ကျော် ကျယ်ပြီး နေပြောက်မထိုးအောင် သစ်ပင်ကြီးတွေ စိမ်းစို ပေါက်ရောက်နေတဲ့ အဖိုးရဲ့ ခြံကြီးထဲ ခေါ်ထား လိုက် တာပါ။

အဖိုးရဲ့ ခြံထဲမှာ လူတွေ ၀ိုင်းမ ပြီး ရွှေ့လို့ရတဲ့ အလယ်တဲလို့ ခေါ်တဲ့ ဗိုလ်တဲလဲ ရှိပါ တယ်။ သစ်လုံး တွေနဲ့ တိုင်ထူထားပြီး ထန်းလက် မိုး ထန်းလက်ကာ ၀ါးကြမ်းခင်းနဲ့ ခြေတန်ရှည် အလယ်တဲ က လူ လေးဆယ် လောက်တော့ အေးအေးလေး ၀င်ထိုင်နိုင်အောင် ကျယ် ပါတယ်။ မတ်လထဲ ရောက် တာနဲ့ အလယ်တဲ ကို ထန်းလက် အသစ်တွေနဲ့ အမိုးအကာ လဲလှယ် ထားတဲ့အတွက် ကြမ်းကြားလေနဲ့ ထန်းလက်လေ အေးအေး လေး က မွှေးလို့။

မြန်မာ တိုင်းရင်းဆေး ပညာကို နားလည်တဲ့ အဖိုးဟာ ရာသီဥတုနဲ့ ကိုက်ညီတဲ့ ဓာတ်စာတွေ ပါတဲ့ နေ့လယ်စာ နဲ့ အားလုံးကို ထမင်းကျွေးပြီး သူ့ခြံထဲမှာ နားနေစေ ပါတယ်။ တနေ့လည်လုံး ရေနွေးကြမ်း ပေါ့ပေါ့လေးနဲ့ ထန်းလျက် ခဲ၊ ပေါက်ပေါက်ဆုပ်တွေ နှမ်းဆုပ်တွေ စားဖို့ ချပေး ထားပါသေးတယ်။ စားရင်း သောက်ရင်း ရှေးဟောင်း နှောင်းဖြစ်နဲ့ ပုံတိုပတ်စ တွေ ပြောနေတဲ့ လူကြီးတွေ နားမှာ မော့ရင်း နားထောင်နေတဲ့ ကလေး တွေလဲ ရှိသလို အလယ်တဲအောက်က တိုင်လုံး တွေကြား ဇယ်ခုပ်နေတဲ့ ကလေးတွေ ရှိတာပေါ့။ ညနေ ငါးနာရီ ကျော်လို့ နေလုံးလုံး စောင်းပြီ ဆိုမှ အားလုံးကို အိမ်ပြန် ပို့ပါတယ်။ ဒါကြောင့် အညာနွေကြောင့် တခြား နယ် တွေမှာ အပူမိ သေဆုံးတဲ့ သက်ကြီးရွယ်အိုတွေ ကလေးတွေ ရှိပေမယ့် အဖိုးတို့မြို့မှာ အဖိုးရဲ့ တသက် ဒါမျိုး မဖြစ်ဖူးခဲ့ ပါဘူး။ အဖိုး ဆုံးပြီးတဲ့ နောက်ပိုင်းမှာတော့ ဒီဓလေ့ကို လက်ဆင့်ကမ်း ကျင့်သုံးသူ မရှိတော့တာ ၀မ်းနည်း စရာပါ။ အဖိုးရဲ့ ခြံကြီးလဲ လယ်/ဆည် ၀န်ကြီး ဗိုလ်ချုပ်ညွန့်တင် ဦးဆောင်မှု အောက်က ဆည်ကြီး ကျိုးတဲ့အထဲ ပါသွားလိုက်တာ.. နေပြောက် မထိုးခဲ့ ဖူးတဲ့ ခြံနေရာမှာ ဘူဒိုဇာ နဲ့ တိုက်ပြီး မြေလှန် ထားသလို မြက်တပင်တောင် မကျန်ခဲ့တော့ ပါဘူး။

အဖိုးရေ.. အဖိုးမြေး အဖိုးရဲ့ ခြေလှမ်းကို အမီ မလိုက်နိုင်သေးတဲ့ အတွက် တမလွန်ကနေ ကူညီ အားပေးပါဦး။ အညာမြေတွေမှာ အပူလှိုင်း ခိုဖို့ ခြံတွေထဲက ဇရပ်တွေ ဆောက်ပြီး လှူနိုင်တဲ့ တချိန်ကို ရောက်ချင် ပါတယ်။ အဖိုးမြေးလဲ မကြာခင် ကာလ အတွင်း အမိမြေကို အဖိုးရဲ့ နည်းတွေနဲ့ အလုပ်အကျွေး ပြုနိုင်အောင် အားပေးပါဦး အဖိုးရေ။

No comments: