Tuesday, April 13, 2010

ဘယ်တုန်းကမှ မ၀ခဲ့ဖူးသူ

ဒီစာကို သံလွင်အိပ်မက် က စည်သူ(သံလွင်)ရဲ့ ၀သောသူကပိန်ချင်တယ် ဆောင်းပါးကို ဖတ်ပြီး စိတ်ကူးပေါက် လို့ ရေးပါသည်။
အရပ် ၅ပေ ၉လက်မ ရှိအောင် အရပ်ရှည်တဲ့ ကျွန်မ ကိုယ်အလေးချိန် အမြဲတမ်း ပေါင် ၁၂၀ ကနေ ၁၄၀ ကြား မို့ body index မှာအမြဲတမ်း under weight နဲ့ normal ကြားမှာ ပြေးနေတာ ပါပဲ။ ဒါပေမယ့် တစေ့တစောင်း အကဲခတ်သူများနဲ့ သူငယ်ချင်း လူရင်း တွေက လက်ဖျားခါ ယူရအောင် အစားကြီးပါသည်။ ကြေးအိုး ပွဲကြီး တပွဲနဲ့ ပက်ပ်စီ ပုလင်း တလုံးကို တထိုင် တည်း စားနိုင်ပါသည်။ ဘယ်တော့မှ ဗိုက်ပူမလာ။ ဗိုက်ခေါက် မထွက် လာပါ။ ဗိုက်သူခိုးလို့ သူငယ်ချင်းတွေက ခေါ်ကြပါသည်။ ဒါဖြင့် အဲလို မ၀အောင် ဘယ်အရာက ထိန်းထားပါ သနည်း။


ညစာ
ည ၇နာရီနောက်ပိုင်း စားသမျှသည် အဆီကိုအားပေးပြီး ည ၇နာရီရှေ့ပိုင်း စားသမျှသည် အင်အားကိုပေးသည် လို့ ဘီဘီစီက ဦးလေးဖေသန်းရဲ့ မေးပါများ စကားရ အစီအစဉ်မှာ ငယ်ငယ်တုန်းက (ဘယ်လောက် ငယ်တုန်း ကလဲ မမှတ်မိ.. သိတတ်တဲ့ အရွယ်တည်းက ဘီဘီစီကလွှင့်တဲ့ ဒီအစီအစဉ်ကို မလွတ်တမ်း နားထောင် ပါ သည်) မှတ်သားဖူးတဲ့ အတိုင်း လိုက်နာပါသည်။ ညဘယ်အချိန် အိပ်အိပ် ညစာကို ၇နာရီထက် နောက်ကျလျှင် မစားတော့ပါ။ ဖျော်ရည် ဖြစ်စေ အသီးဖြစ်စေ ဗိုက်အင်မတန်ဆာလျှင် ခနော ဆန်ပြုတ်ထုပ် ဖြစ်စေ သောက်ပြီး အိပ်ပါသည်။

မနက်စာ
မနက် ၆နာရီနဲ့ ၈နာရီကြားမှာ ကိုယ်ခန္ဓာသည် သွေးခဲခြင်း လုပ်ငန်းကို လုပ်ဆောင်သည် မနက်စာ စားခြင်း သည် သွေးခဲခြင်း လုပ်ငန်းကို အနှောင့်အယှက်ပေးသည်။ ထို့ကြောင့် လေဖြတ်မှာ စိုးရိမ်သူများ မနက်စာကို မဖြစ်မနေ စားသင့်သည်။ ထို့ပြင် အစာအိမ်သည် တညလုံး အစာမရှိသော်လည်း အလုပ်ပုံမှန် လုပ်သဖြင့် မနက်ခင်းတွင် အစာဖြည့်ပေးမှ အစာအိမ် နံရံချင်း ပွတ်သည့်ဒဏ်ကို ကာကွယ်နိုင်ပြီး အစာအိမ် ပေါက်ခြင်း စသည့် အစာအိမ်ရောဂါများကို ကာကွယ်နိုင်ပါမည်။ ဟုတ်ကဲ့.. ကျွန်မ မနက်စာ အများကြီး စားပါသည်။ တက္ကသိုလ် ကျောင်းသူ ဘ၀က ကျောင်းသွားသည့် နေ့တွင် မနက်ခင်း အိမ်က စားခဲ့သမျှ (ကျောက်ခဲ အစာ ကြေနိုင် လောက်အောင် ကောင်းသော ကျောင်းသွားရာလမ်းရဲ့ ကောင်းမှုကြောင့်) ကျောင်းရောက်လျှင် ကျောင်းကင်တဲင်းတွင် ထိုင်ပြီး ထမင်းကြော် တပွဲနဲ့ အအေးတခွက် ထပ်ပြီး ၀ါးတီးဆွဲပါသည်။ ဟိုတယ်များ တွင် မနက်စာ စားရသည့် အခါမျိုးတွင်တော့ အမေရိကန် မနက်စာမှသာ ကျွန်မအတွက် အဆင်ပြေပါသည်။ အရှေ့တိုင်းဆန်ပြုတ်လောက်တော့ မဖြုံ။

နေ့လယ်စာ
ဘယ်သူရှေ့တွင် ဖြစ်ဖြစ် ဘယ်သူတွေ ဘယ်လို ၀ိုင်းကြည့်နေပါစေ ရှက်ရွံ့ရွံ့လေးနဲ့ ကြောင်စာလောက် စား သော မိန်းကလေး များထဲတွင် လုံးဝ လုံးဝ မပါပါ။ ဗိုက်အဆာပြေ သလောက် ၀င်သမျှ စားပါ၏။ နေ့လယ်စာ အ၀တီး ထားပေလို့ ညနေခင်း ကျောင်းကနေ အိမ်အပြန် လမ်းမှာ အသုပ်စုံ၊ ရခိုင်မုန့်တီ အစရှိသည်များကို စားပါသေး၏ ထိုမျှ စားသော ကျွန်မ ဘယ်သောအခါမှ မ၀ဖူးပါ။ ဘာကြောင့်လဲ ဆိုသော်

လမ်းလျှောက်ခြင်း
အင်မတန် လမ်းလျှောက်နိုင်ပါသည်။ ၂မှတ်တိုင် ၃မှတ်တိုင်လောက်ကို ကားစောင့်ရတာ စိတ်မရှည်လျှင် ခြေ ကျင် လျှောက်ပါ၏ စိတ်နဲ့လူနဲ့ ပြောင်းပြန် အချိုးကျပါ၏။ တခါသား ညနေဘက် မြို့ထဲ ကနေ ကမ္ဘာအေး ဘက်ကို အပြန် ဘတ်စ်ကား စီးလာရာမှာ နှင်းဆီးကုန်း ဘိုးဘွားရိပ်သာ အကျော်လောက်မှာ ကားပျက်၏ လာသမျှ နောက်ကားများက အတွယ်တွေနဲ့ချည်း။ ဘတ်စ်ကား စောင့်ရင်း ည ၇နာရီခွဲ၏ အိမ် ကို ဖုန်းဆက်ပြီး လာကြိုခိုင်းစရာ ကားမောင်းမည့်သူ တဦးမှ အိမ်မှာမရှိ။ ညဘက် မိန်းကလေး ၂ယောက်တည်း တက္ကစီလဲ မစီး ချင်တာမို့ ခြေကျင် လျှောက်၏ ကားပျက်ရာ နေရာကနေ အိမ်ကို တနာရီခွဲ ကြာအောင် လျှောက် ယူရ၏ မှတ်မှတ်ရရ လမ်းလျှောက် စံချိန်တင်ခြင်း။ လမ်းလျှောက်လျှင်လဲ အားနဲ့မာန်နဲ့ အတော်မြန်မြန် လမ်းလျှောက် နိုင်ပါ၏ ဖြည်းဖြည်းချင်း လမ်းလျှောက်ရသည်ကို နည်းနည်းမှ မနှစ်မြို့။ အူအတက် ပေါက်ပြီး နေပြန် ကောင်းခါ စ ၂လခန့်သာ လမ်းလျှောက်နှေးဖူးပါသည်။ ထို့ပြင် တတ်နိုင်သလောက် ဓာတ် လှေကား မသုံးဘဲ အထပ်မြင့် တွေကို ရိုးရိုးလှေကားသာ သုံးပါသည်။ ဓာတ်လှေကား သုံးနေရင်း မီးပျက်မှာလဲ ကြောက်၊ ရာဇ၀တ်မှုတွေ ကြုံ ရမှာလဲ ကြောက်သောကြောင့် ဖြစ်ပါသည်။ လှေကားအတက်အဆင်း လုပ်ခြင်း သည် လွန်စွာ အဆီကျ စေသော လေ့ကျင့်ခန်းလဲ ဖြစ်ပါသည်။

အိမ်တွင်းမှု
အိမ်တွင်းသန့်ရှင်းရေးကို အိမ်ဖော်ငှားလုပ်ခိုင်းပြီး ကိုယ်တိုင်က အားကစားရုံ သွားကာ လေ့ကျင့်ခန်း ယူသူများ ကို နားမလည်။ ဖုန်နဲ့ မတည့်သော ပန်းနာရင်ကြပ် ရောဂါ ရှိသူများ၊ သူငယ်ချင်းမိတ်ဆွေ များနဲ့ အိမ်မှာ မတွေ့ ချင်လို့ အားကစားရုံမှာ တွေ့ဖို့ ချိန်းလိုသူများကို နားလည်ပေး နိုင်ပါ၏။ ကျွန်မကတော့ ပန်းနာရင်ကြပ် ရောဂါ လဲ မရှိ၊ မိတ်ဆွေ သူငယ်ချင်းကို အိမ်လည် ခေါ်ရတာလဲ ၀ါသနာ ပါတာမို့ အိမ်သန့်ရှင်းရေးကို ကိုယ် တိုင် လုပ်ကာ ၀ိတ်ချပါ၏ လေ့ကျင့်ခန်း လုပ်ပြီးသားပင် ဖြစ်ပါသေး… အိမ်လဲသန့်ရှင်းပါသေး…

အစားအသောက်
အဆီအအိမ့်ကို လုံးဝ မကြိုက်၊ အသားမကြိုက်ဘဲ ဟင်းသီးဟင်းရွက် မပါရင် ထမင်းစားမ၀င်တဲ့ ကိုယ့်အကျင့် လေးက ကိုယ့်ကို ပိန်စေတာလို့ ထင်ပါသည်။ ဒိန်ချဉ် အပါအ၀င် သစ်သီးဖျော်ရည် မျိုးစုံကို မက်မက်စက်စက် သောက်ပါ၏ (မှတ်ချက်။ ကိုကာကိုလာ ပက်ပ်စီ အပါအ၀င် စည်သွပ် အစားအစား များကို လုံးလုံး မကြိုက် သလို အတတ်နိုင်ဆုံး မစားမသောက်ပါ။) ဟင်းရွက်ကြော် အရည်သောက် ဟင်းချို တခွက်နဲ့ ငပိရည် တို့စရာ စုံစုံ ပါတဲ့ ထမင်းဝိုင်းကို ဟော်တယ်မှာ ဖိတ်ကျွေးတဲ့ ညစာထက် မက်ပါသည်။

လေ့ကျင့်ခန်း
ရေကူးပါသည်။ အားကစား လိုက်စားခြင်းမဟုတ်။ ရေကြောင်းခရီးသွားလျှင်၊ လေကြောင်းခရီးသွားလျှင် မတော်တဆ ရေထဲ အသက်ရှင်လျက် ကျခဲ့လျှင် ရေမွန်းရေနစ်မှာ ကြောက်လို့ ရေကူးတတ်အောင် သင်ထားပြီး ရေကူးနည်း မမေ့အောင် ပြန်လေ့ကျင့်ခြင်းမျှသာမို့ပါ။ ဘာပဲ ပြောပြော .. ပုံမှန်မဟုတ်တောင် အနည်းဆုံး တလ တခါမက ရေကူးပါသည်။

အစားမလျှော့လိုသူများ၊ လေ့ကျင့်ခန်း သီးသန့် မလုပ်လိုသူများ စားသောက်မှု ပုံစံနဲ့ နေထိုင်မှု ပုံစံ ပြောင်း ကြည့် နိုင်ပါသည်။ ကျန်းမာရွှင်လန်းစွာဖြင့် ကိုယ့် ခန္ဓာ အလှကို ကိုယ်ကြည်နူးနိုင်ကြပါစေ။

မှတ်ချက်။ အစားပုတ်ကြောင်း ကြေညာ ပြီးပြီမို့ ထမင်းဖိတ်ကျွေးလိုသူများ ဆင်ခြင်ကြပါကုန်…

7 comments:

Wai Yan Hpone said...

ဘိုးတော်က “၀လို့ကတော့အသိပဲ”ဆိုပြီး ရာဇသံပေးထားတာလည်း တစ်ချက်ပါလို့ ထည့်ရေးဦးလေ...

mks said...

ဖတ်မှတ်သွားပါတယ်။
ရေကူးတာကတော့ ဘယ်တော့မှမမေ့ဘူးကြားဘူးတာဘဲ။
ရေထဲသာချကြည့်လိုက် လက်တွေခြေတွေ သူ့ ဟာသူလှုပ်ရှားသွားတယ်တဲ့။
မင်္ဂလာပါ

rose of sharon said...

အရပ်က၅ပေ၉လက်မဆိုတော့ တော်တော်ရှည်တာဘဲ... မှတ်သားစရာတွေယူသွားပါတယ်

တန်ခူး said...

မိုက်တယ်ကွာ… လှိုင်နည်းလေးတွေကို လေ့လာမှတ်သားသွားတယ် လှိုင်ရေ… ခက်တာက ညစာစားချိန်က ရနာရီထက်အမြဲကျော်၊ ရေကလဲမကူးတတ်၊ ၂မှတ်တိုင်ထဲ ဝေးတဲ့ဈေးကို ဘတ်စ်ကား စိတ်ရှည်ရှည်စောင့်ပြီးစီး၊ ညဘက်တွေ အလုပ်လုပ်ရင် ည၁၂နာရီကျော်ရင် အစာအိမ်က အလိုက်မသိ အသားကုန်အလုပ်လုပ်… လှိုင်ရေ… လှိုင်အမ မတန်ခူး ဘုတ်အီးဖြစ်နေတာ ဘာဆန်းလို့ လဲနော်… အရပ်မြင့်မြင့်နဲ့  slim ညီမလေးက အရမ်းကို ကြည့်ကောင်းမှာနော်… တွေ့ ချင်လိုက်တာ…

Anonymous said...

အစားကိုအကုန်စားတဲ့..လူကြီးတွေကပြောကြတယ်..
အခွင့်ရှိ၇င်နောက်ထပ်နှစ်၂၀ကြာရင် ဒါမှမဟုတ်၁၀နှစ်ကြာမှာ ဘယ်တုန်းကမှ ဆိုတဲ့ဒီပို့စ်လေးအတိုင်း ဖြစ်မဖြစ်..စောင့်ကြည့်နေမယ်နော်...

ငယ်စဉ်ကစ၍ အစားကိုအသားကုန်စားခဲ့သူ..
ငယ်စဉ်က စားသလောက်အသားမဖြစ်ခဲ့သူ..
ခုလည်း တအားကြီးမ၀သေးပေမဲ့ ..ထိန်းစားနေပီ..


MN

လင်းလက်ကြယ်စင် said...

မမရေ .. နည်းလမ်းတွေက မိုက်တယ်။ ညီမတော့ အားကစားကို သတ်သတ်မှတ်မှတ် မလုပ်ဖြစ်ပါဘူး။ ရေကူးသင်တန်းတက်ဖို့တော့ စိတ်ကူးထားတယ်။ အခုအချိန်ထိ ရေမကူးတတ်တာ ခက်တယ်။ ပုံမှန်တော့ ပန်းခြံထဲ ၊ ကမ်းခြေမှာ လမ်းအကြာကြီးလျှောက်ရတာ ၀ါသနာပါတယ်။ အိမ်မှာ အိမ်တွင်းမှုတွေလုပ်ရတာလည်း တစ်နေ့ကို အိမ်ပေါ်မှာတင် ဘယ်နှစ်မိုင်တောင် လျှောက်ဖြစ်လည်းမသိ ဟိး .. ။

မနက်စာကို သေချာစားတာ ကောင်းတယ်။ မနက်စာနဲ့ နေ့လည်စာကို ညီမလည်း သေချာစားတယ်။ ညစာတော့ တခါတလေ ဆန်ပြုတ်သောက်တယ်။ ညစာကို ထမင်းဟင်း သို့မဟုတ် အစားများများစားရင် ညီမမှာ မနက်မိုးလင်းရင် လေအန်ချင်သလို ဖြစ်လို့ တအားလေးလံနိုင်တာတွေ မစားဘူး။ အသီးအနှံများများစားတာလည်း ကောင်းတယ်။ သူများတွေပြောတာတော့ အသားလှချင်ရင် ဒူးရင်းသီးစားတဲ့။ ညီမက အသီးအနှံကြိုက်ပေမယ့် ဒူးရင်းသီးမှ မစားတာ :( ။

သတိရလို့ လာလည်သွားတာ မမရေ။ ပျော်ရွှင်ချမ်းမြေ့ပါစေ :)

nyeeminkha said...

လာလည်ပါတယ်ခင်ဗျာ ကျွန်တော်လဲ တော်တော်ဝတာဗျ ဒီပို့ စ်လေး ဖတ်ရတာ အရမ်းအားရပါတယ် ဒါပေမဲ့ နည်းလမ်းကို လိုက်နာဖို့ ကျတော့ ကျွန်တော်က အရမ်းပျင်းတယ်လေ ... :P ၀တာတော့ အတော်ဆိုးတယ်ဗျာ ... အမ အရပ်က တော်တော်ရှည်တယ်နော် ဟုတ်ပါ့ဟုတ်ပါ့မလား ...နောက်တာတော့ ဟုတ်ပါဘူးနော်... ဟိး
ခင်မင်ပါတယ် ခင်ဗျာ အားရင်လဲ လာလည်နိုင်ပါတယ် ...ကျွန်တော်က ဒီမှာနေပါတယ်