Wednesday, October 15, 2014

ဂွစာမရဲ့ အနိုင်နဲ့ အရှုံး

ဂွကျလှတဲ့ဇာတ်ကောင်စရိုက်နဲ့ ဂွစာမရဲ့ အမူအကျင့်လေးတွေ အကြောင်း ဘလော့ပေါ် တင်ဖူးပါတယ်။ ဖန်တီးထားတဲ့ ဇာတ်ကောင်မဟုတ်ဘဲ တကယ်အပြင်မှာ ရှိတဲ့ မိန်းကလေးတယောက်အကြောင်း ဖြစ်လို့ ချီးကျူးစောနေရင် ချီးကျူးခံရမှာ ရှက်လို့ ကြိုဝန်ခံထားတာပါ။ ခုလဲ သူနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အနိုင်အရှုံး ဆိုင်ရာ အတွေးအခေါ်လေးတွေကို သတိရလို့ ဒီပို့စ်ကို ဖန်တီးဖြစ်ပါတယ်။ ++++++++++++++++++++++++++++++++++++++++++++ ဗိုက်ခွဲထားလို့ အလုပ်က ခွင့်ရက်ရှည်ယူ အိမ်မှာနားနေရင်း နှစ်ချီပြီး မကြည့်ဖြစ်ခဲ့တဲ့ မြန်မာ ရုပ်သံလိုင်းပေါင်းစုံ ကို ရီမုဒ်တခုကိုင်ရင်း လိုင်းပေါင်းစုံ ပြောင်းကြည့် နေမိသည်။ အစီအစဉ်ပေါင်းစုံကို စပ်စုရာက MRTV-4 က ထုတ်လွှင့်ပြသနေတဲ့ Minutes to win it အစီအစဉ်လေးကို ကြည့်မိသည်။ မူရင်းရည်ရွယ်ချက်ကတော့ ဖြတ်ထိုးဥာဏ် အားကောင်းဖို့ ရည်ရွယ်ပုံ ရပါသည်။ ဒါပေမယ့် ကိုယ်ကတော့ ပြိုင်ပွဲထက် ပြိုင်ပွဲဝင်တွေရဲ့ မျက်နှာပေး အမူအရာ ခံစားချက်တွေကို ပိုသတိထား မိသည်။ ပြိုင်ပွဲဝင်သူတိုင်းတော့ မဟုတ်နိုင်ပေမယ့် ကိုယ်ကြည့်မိတဲ့ အချိန်မှာမှ ပြိုင်ပွဲဝင်သူ တချို့ တွေရဲ့ ပြိုင်ပွဲ နဲ့ ပြိုင်ဖက်အပေါ် ထားတဲ့ သဘောထားနဲ့ ခံစားချက်တွေကို မျက်နှာပေးတွေ လေသံတွေကနေတဆင့် မြင်လိုက်ရသည်။ ဒီတော့ ကျောင်းတုံးက သူငယ်ချင်းလေး ဂွစာမကို သတိရမိပြန်တော့သည်။ ကျောင်းက စုပေါင်းကထိန်ပွဲအတွက် စုပြီးသွားကြဖို့ စီစဉ်ထားတဲ့ ကားကို စောင့်နေချိန်၊ သူငယ်ချင်းလေး ယောက်သား ပျင်းပျင်းနဲ့ မုန့်ဝယ်စားကြသည်။ မိန်းကလေးတွေ ပီပီ နေကြာစေ့နဲ့ ဇီးယိုဇီးထုပ်တွေပေါ့။ ဒီအတိုင်းစားရမှာ ပျင်းတော့ နေကြာစေ့ ပြိုင် စားမလား။ အရင်စားလို့ ကုန်တဲ့လူက နိုင်ကြေးလို့ တယောက်က အဆိုပြုပြီး လေးယောက်လုံး သဘောတူလိုက်ကြသည်။ နေ ကြာစေ့ ပြိုင်စားခန်း မရောက်မီ ဒီသူငယ်ချင်း လေးယောက်ကြားက ဆက်ဆံရေး အခြေအနေက နည်းနည်းရှင်းပြထားဖို့ လိုနေသည်။ လေးယောက်ထဲက ဂွစာမက မကောင်းလှတဲ့ ကျန်းမာရေး ကြောင့် နေ့တိုင်းကို တနေ့စာအတွက်ပဲ အသက်ရှင်မယ် ဆိုကာ ဘ၀ကို ဖြတ်သန်းသူ၊ နောက် တယောက် ကတော့ သိမ်ငယ်စိတ်ကို ဖုံးဖိရင်း ဘ၀ရည်မှန်းချက် အမြင့်ကြီး တွေအတွက် အသည်းအသန် ကြိုးစားနေ သလောက် သူ့ပင်ကိုယ်ရည်မှန်းချက်ကို တပါးသူ မရိပ်မိအောင် ဖုံးကွယ်ထားတတ်သူ ယုန်ကလေး။ ၂ယောက် လုံးက သူတို့ရဲ့ ထူးခြားတဲ့စရိုက်တွေကြောင့် လူစိတ်ဝင်စား ခံရသူတွေချည့်။ ကျန်သူငယ်ချင်း ၂ယောက်က တော့ ဒီ၂ယောက်ကြားက မြေစာပင်တွေ ဖြစ်လိုက်၊ ဖန်တီးရှင် တွေ ဖြစ်လိုက်ပေါ့။ ဒီလိုနဲ့ တယောက်ကို နေကြာစေ့ ဆယ့်ငါးစေ့စီ စားကြဖို့ ရေတွက် ဝေစုယူပြီး တစ်၊ နှစ်၊ သုံးလို့ ရေတွက်အပြီး မှာတော့ ဂွစာမနဲ့ သူငယ်ချင်း၂ယောက် ပေါင်း ၃ယောက်က တဖျောက်ဖျောက်မြည် အောင် နေကြာစေ့ ၀ါးနေ ကြပြီ။ အဲဒီအချိန်မှာ မမယုန်ကလေး က နေကြာစေ့ အားလုံးကို ပါးစပ်ထဲ ပစ်ထည့်ရင်း နိုင်ပြီဟု ဆိုလေသည်။ သူငယ်ချင်း၂ယောက်ကတော့ ဒီလိုလူလည်ကျလို့ ဘယ်ရ မလဲ။ စားလို့ကုန်မှနိုင်ကြေးလို့ ပြောထားတာ ဒီလိုလူလည်ကျလို့ မရဘူး။ ၀ါးလို့ မြိုလို့ကုန်မှ အဖြေထွက်မှာ ဟု ပြန်ပြောသည်။ ဂွစာမကတော့ ဘာမှ မပြောဘဲ နေကြာစေ့ကိုသာ တဖျောက်ဖျောက် မြည်အောင် မဲပြီး စားလေသည်။ စားလို့ကုန်တော့ နေကြာစေ့ ခွံ တွေကို စာအုပ်ပေါ် ဖြန့်ချရင်း ပါးစပ်က ၀ါးရင်းနဲ့ ငါကတော့ နိုင်တာ ရှုံးတာ အရေးမကြီးဘူး။ နေကြာစေ့ စား ရတာ အမြတ်ပဲ။ နင်တို့ကိုနိုင်တော့ ဘာဖြစ်မှာမို့လဲ။ ရှုံးတော့ရော… နာစရာလား ဟု ရယ်ကျဲကျဲ ပြောလေ သည်။ ပြီးတော့ လျှာထုတ်ပြသည်။ နေ ကြာစေ့ ပြိုင်စားပွဲတွင် ဂွစာမ နိုင်လေသည်။ နေကြာစေ့ အားလုံးကို အခွံမခွာဘဲ ပါးစပ်ထဲ ပစ်ထည့်ခဲ့သော မမယုန်ကလေးကတော့ အခွံတွေကို မြိုမချနိုင်တိုင်း ကြေအောင်ဝါးနေရလို့ နောက်ဆုံးမှ ကုန်ပြီး ရှုံးလေသည်။ ထိုအခါမှ သူက ရှင်က နေကြာစေ့ ကို ကိုက် ရုံကိုက်ပြီး လက်နဲ့ အခွံမခွာဘဲ ဘယ်လိုစားလဲ၊ အခွံထဲမှာ အစေ့တွေ မကျန်ဘူး လား။ ဂွစာမ။ ။ ကျန်မကျန် သိချင်ရင် ဒီမှာလေ နေကြာစေ့ခွံတွေ၊ စာအုပ်ပေါ် တင်ပြထားတယ်။ အစေ့ကျန်မကျန် စစ်ကြည့်၊ နိုင်ချင်တိုင်း ဒီလောက် အရသာရှိတဲ့ နေကြာစေ့တွေကို အခွံနဲ့ ရောပြီး လွှင့်မပစ်နိုင်ပါဘူး။ သူငယ်ချင်း။ ။ ဟယ် ရှင်တို့ကလဲ။ ဟုတ်ပါရဲ့.. နေကြာစေ့ကို လက်နဲ့မခွာဘဲ ကိုက်ရုံနဲ့ အစေ့က ပါးစပ်ထဲ ကျန်ခဲ့အောင် ရှင် ဘယ်လိုစားလဲ ပြောပါဦး။ ဂွစာမ။ ။ အလေ့အကျင့်ပါပဲကွာ.. ကိုယ်ငယ်ငယ်က အဘွားကိုစပါးလုံးကူရွေးပေးပြီး စပါးလုံးတွေကို စာ ကလေး တွေကို အမြဲ ကျွေးတယ်။ စာကလေးတွေက စပါးလုံးကို သူတို့နှုတ်သီးနဲ့ ကောက်ပြီးရင် ဆန်စေ့ချည့် ပါသွားတာကွ။ သမံတလင်းပေါ် စပါးလုံးကြဲပြီး စာကလေးကျွေးပြီးရင် စပါးခွံတွေချည့် ကျန်ခဲ့တာ။ ကိုယ်က အမြဲအမှိုက်ပြန်လှည်းရတယ်။ အဲဒါနဲ့စိတ်ဝင်စားပြီး သူတို့ ဘယ်လို စပါးလုံးကောက်စားလဲ ဆိုတာ ကိုယ်စပ်စု ခဲ့တာ။ အဲဒီနည်းနဲ့ ခု နေကြာစေ့ စားလိုက်တာပဲ။ ဟဲဟဲ မြင်ဆရာ စာကလေးပေါ့။ ဟယ် အဲလိုလား… သူတို့စကားဝိုင်းကို နားထောင်နေရင်း တွေးမိတာကတော့ လောကမှာ နိုင်စရာမလိုတဲ့ ကိစ္စတွေကို ဘာလို့ အသည်းအသန် ခံစားပြီး အနိုင်လိုချင်နေကြတာလဲ ဆိုတာပါ။ နိုင်စရာမလိုတဲ့ ပျော်ရမယ့် အရေးမှာ အနိုင်လို ချင်လွန်းသူကတော့ အမှိုက်တွေ ပါးစပ်ထဲ ထည့်ဝါးရတာသာ အဖတ်တင်တယ်ဆိုတာလဲ သံဝေဂ ရလိုက်မိ ပါတယ်။ တဆက်တည်းမှာပဲ ဟိုးနှစ်က ကြည့်မိတဲ့ နိုင်ငံခြား ရုပ်ရှင်ဇာတ်လမ်းလေးကို ထပ်သတိရမိတယ်။ နိုင်ငံ့လက်ရွေးစင် ဘတ်စ်ကက်ဘောအသင်းသားအဖွဲ့က အပျော်ခရီးထွက်ရင်း လမ်းမှာ စိတ်ကူးပေါက်ရာက ကမ်းခြေတခုထိ ဆင်းလာခဲ့ကြတယ်။ ကမ်းခြေက ရွာစုကြီးထဲမှာမှ သူတို့ရောက်တဲ့ ရွာဟာ အပျော်တမ်း ဘတ်စ်ကက်ဘော ကစားရာမှာ နှစ်တိုင်း ဗိုလ်စွဲနေကျမို့ အင်မတန်နာမည်ကြီးတဲ့ တောအသင်းဖြစ်ပါသတဲ့။ ကမ်းခြေမှာ အပန်းဖြေနေတဲ့ နိုင်ငံ့လက်ရွေးစင်အသင်းက အပျော် ကစားဖို့ ဘတ်စ်ကက်ဘော ကွင်းပြင်တော့ ရွာအသင်းနဲ့ ပြိုင်ကစားဖို့ ရွာအသင်းက စိန်ခေါ်ပါသတဲ့။ နိုင်ငံ့လက်ရွေးစင်အသင်းမှန်း မသိတော့ သာမန်အပန်းဖြေသူတွေ အောက်မေ့လို့လဲ ပါမှာပေါ့လေ။ တောသားတွေ အတင်းကြွားနေတာကို မျက်စိ နည်းနည်း နောက်နေတဲ့ နိုင်ငံ့ လက်ရွေးစင်အသင်းကလဲ စိန်ခေါ်ချက်ကို လက်ခံပါသတဲ့။ ဒီမှာတင် မြို့သားတွေနဲ့ တောသား လက်ရွေးစင်တွေ ပြိုင်ကြမယ်ဆိုတာနဲ့ လောင်းကြေးထပ်ကြပါရောတဲ့။ ပတ်ဝန်းကျင် ရွာတွေက အားပေးသူတွေလဲ ရောက်လာ ပါတယ်။ ပထမတချီ စကစားတာနဲ့တင် လက်ရည်က တအားကွာနေပြီး ရွာအသင်းက ပိုးစိုးပက်စက် ရှုံးပါတယ်။ ဒီမှာတင် စည်းစိမ်ပြုတ် လောင်းကြေးထပ်ထားတဲ့ ရွာအသင်းသား တွေရဲ့ မိသားစုတွေက အမူအရာ ပြောင်းနေကြပါပြီ။ ဒုတိယတချီ ကစားချိန်မှာတော့ ရန်လိုတဲ့ အကြည့်တွေ မျက်လုံးတွေကို သတိထားမိတဲ့ နိုင်ငံ့လက်ရွေးစင် အသင်းသားအဖွဲ့က သရေဖြစ်အောင် ကစားလိုက်ကြတယ်။ တတိယအချီ မကစားခင်မှာတော့ သူတို့ တိုင်ပင်လိုက်ကြတယ်။ ပြီးတော့ ရှုံးချင်ယောင်ဆောင်ပြီး လျော့ကစား လိုက်ကြတယ်။ ရွာသားတွေ စည်းစိမ်ပျက် ဘ၀ပျက်မယ့်အရေးကနေ ကယ်ပေးလိုက်တာပါ။ သူတို့တမင် အရှုံးကစားပေးလိုက်တဲ့ အခါ ပွဲ အပြီးမှာ အင်မတန်ဝမ်းသာ သွားတဲ့ ရွာသားတွေက ဖက်လှဲတကင်းနဲ့ နှုတ်ဆက်ကြတယ်။ သူတို့ကို အင်မတန် ကျေးဇူးတင် သွားတဲ့ အတွက် မကြာခင် ကျင်းပမယ့် ပွဲတော်ကိုလဲ ရက်ရွှေ့ပြီး ချက်ချင်း ကျင်းပ ပျော်ပွဲခံလိုက်ကြတယ်။ ဇာတ်ကားလေးက အပျော်တွေနဲ့ ပြီးဆုံးသွားသလို ဘ၀အတွက် တွေးစရာတွေလဲ အများကြီး ပေးခဲ့ပါတယ်။ နိုင်ငံ့လက်ရွေးစင် အသင်းသားတွေ အနေနဲ့ ရွာအသင်းကို အရှုံးကစားပေးလို့ ဂုဏ်သိက္ခာ ကျစရာလဲ အကြောင်း မရှိသလို နိုင် ရလို့လဲ ဂုဏ်တက်စရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် အရှုံးကစားပေးလိုက်တဲ့ အတွက် အနိုင်ရလိုက်တာကတော့ တရွာလုံး ရဲ့ နှလုံးသား တွေပါပဲ။ ရုပ်ရှင်ကြည့် ပရိသတ်ရဲ့ နှလုံးသားတွေ ကိုပါ ရလိုက်တယ်လို့ ခံစားရပါတယ်။ ဘ၀မှာ အဓိပ္ပာယ်မရှိ တဲ့ ပြိုင်ပွဲတွေအတွက် အဓိပ္ပာယ်ရှိတဲ့ တန်ဖိုးမဖြတ် နိုင်တဲ့ ကိုယ်ကျင့်တရားတွေ၊ သမိုင်းတွေ၊ ဘ၀တွေ ပွန်းစားသွား တာမျိုး၊ ထိခိုက်စွန်းထင်းသွားတာမျိုး ကတော့ အရှုံးလွန်တဲ့ အရှုံးဆုံး အရှုံးပါပဲ။ ပြိုင်ပွဲတခုမှာ နိုင်ဖို့ဆိုတာ တခဏတာ ရလာဒ်ပါ။ အဲဒီပြိုင်ပွဲရဲ့ အနိုင်အရှုံး အတွက် ဘာတွေ ဘယ်လိုလုပ်သွားခဲ့ဖူးတယ် ဆိုတာကတော့ ရေရှည်ခံ အမြဲတည်တံ့ ကျန်ရစ်တဲ့၊ အထူး သဖြင့် ခုလို သတင်းနည်းပညာခေတ်မှာ လိမ်ဖို့ ဖျောက်ဖျက်ဖို့ မဖြစ်နိုင်တဲ့ သမိုင်းပဲလို့ သံဝေဂယူ သုံးသပ် နေမိပါတယ်ရှင်။

No comments: