Thursday, October 16, 2008

အချစ်ဆိုသည်မှာ

အမတန်ခူး က တဂ်လာသည်။ စကားလုံးလေးက ချစ်စရာ လေး.. ဘာကို ချစ်ရမလဲ.. ဘယ်လို အချစ်မျိုးကို ဖွဲ့ဆို ရမလဲ.. ဒါနဲ့ သူကရော ဘယ်လို အချစ်အကြောင်းကို ဖွဲ့နွဲ့ ထားသလဲ သိရအောင် သူ့ ဘလော့ လေး ကို သွားဖတ်တော့မှ.. လား.. လားး လက်စသတ်တော့ ဘ၀ လက်တွဲဖော်နဲ့ ကိုယ်နဲ့ ကြားက အချစ် ကို ရည်စူးမှန်း သိတော့သည်။ အင်းးး ရေးရဦးတော့ မည်။ ဘယ်က ဘယ်လို စရေးရပါ့။ သူ့လိုပဲ ကလေး ဘ၀က စပြီး နားလည်သလို ကြုံသလို ရေးတော့မည်။

အချစ် ဆိုတာကို ကြားဖူးနားဝ စရှိခဲ့ပုံက ကိုယ့်ကို တော်တော် ခေါင်းရှုပ်စေခဲ့သည်။

ဖေဖေ့ကို ချစ်လား… မေမေ့ကို ချစ်လား.. ဖေဖေနဲ့ မေမေ ဘယ်သူ့ကို ပိုချစ်လဲ.. ဘွားဘွားနဲ့ မေမေ ဘယ်သူ့ကို ပိုချစ်လဲ

ဘယ်သိမလဲ…

သည်ကြားထဲ ဘယ်သူ့ကို ပိုချစ်ပါသည်ဟု ဖြေမိရင် လျော့ချစ်တယ်လို့ အထင်ခံရသူက မျက်စောင်းက ခဲ သေးသည်။ သိဘူး။ တူတူ ချစ်တယ်လို့ ဖြေတော့ နှစ်ဘက် လုံးက မကျေနပ်.. အခက်ကြီးရယ် ခက်ရ ပါ တယ်။ ဒါကြောင့် ချစ်လားလို့ မေးလာရင် ဘယ်တုန်းကမှ မပျော်။ အချစ် ဆိုတာ ဘာလဲ။ သူတဖက် သား တို့ စိတ်ကျေနပ်ဖို့ သုံးနှုံးတဲ့ နှစ်သက်စဖွယ် စကားလုံး တစ်လုံးလား။ သူ့ဘက်သား ကိုယ့် ဘက် သား အပြိုင် ဆွယ်ဖို့ မာယာချိုချိုလား။ ချစ်လား မချစ်လား မေးခွန်း ထုတ်ပြီး သူတို့ စိတ်အလိုမကျတိုင်း အပြစ် မရှိဘဲ စောင်းမြောင်းပြီး ရိုက် နှက် ငေါက်ငမ်းပြီး မျက်ရည် ပိုးပိုးပေါက်ပေါက် ကျအောင် စိတ်ဆင်းရဲ ခဲ့ရပြီးမှ သမီးကို ဆူ ချင်လို့ မဟုတ်ဘူး ဟိုတစ်ယောက်ကို မကျေနပ်လို့ ရွဲ့ပြောတာနော် ဆိုတဲ့ စကားနဲ့ ချွေး သိပ် ခဲ့တာက အချစ်စစ်လား။ အချစ်ဆိုတာ တကယ်က ဘာလဲ။ ကိုယ့်အတွက် ချိုမြိန်သော စကား လုံးနဲ့ အ တွေ့ အကြုံ တစ်ရပ် ဘယ်တုန်းကမှ မဖြစ်ခဲ့။ ကိုယ်တကယ် လွမ်းရတဲ့ အဖိုးက ချစ်လားလို့ တခါမှ မမေးခဲ့ သလို ချစ်ကြောင်းလဲ တခါမှ မပြောခဲ့ ဖူးပါ။ ဒါပေမယ့် သူနဲ့ နေရတာ အချိန်တိုင်း ပျော် တယ်။ စိတ်ထဲမှာ လုံခြုံတယ်။ ချစ်လား လို့ မေးတတ် ပြောတတ်တဲ့ လူတွေနားမှာ ဘယ်အချိန် ကိုယ့်ကို ထပြီး ဆူငေါက် ရိုက်နှက် အလိုမကျ မျက်စောင်းခဲမလဲ ဆိုတာကို စိတ်တထင့်ထင့်နဲ့ နေခဲ့ရသည်။ အချစ် ဆိုတဲ့ အရာ ကိုယ့်အတွက် တော်တော် ဆိုးခဲ့ပါသည်။

နည်းနည်းလေး အရွယ်ရလာတော့ (မူလတန်းပါ) အရပ်ရှည်ပြီး လူကောင် ထွားလွန်းတဲ့ ကိုယ် မှတ်မှတ် ရရ တတိယတန်း အရောက်မှာ အဌမတန်းက ကျောင်းသား တစ်ယောက်က ရည်းစားစာ လိုက်ပေးသည်။ ဘာ နားလည် မှာတုန်း။ ကိုယ့်အကိုဝမ်းကွဲ တွေတောင် ရည်းစား မရကြသေး။ အူကြောင်ကျားနဲ့ ကျောင်း ဆင်း ချိန်မို့ အတန်းပိုင် ဆရာမလဲ အလုပ်ရှုပ်နေချိန်၊ ကိုယ့်ကို အင်မတန်ချစ်လို့ ကျောင်းအပ် စောစော လက်ခံ ခဲ့တဲ့ ကျောင်းအုပ်ကြီးနဲ့ ကျောင်းဝင်းထဲ အတွေ့ သူမေးလို့ ကိုယ်တောင် မဖတ်ရ သေးခင် သူ့ လက်ထဲ ထိုစာ ရောက်သွားရာ တကျောင်းလုံး ဟိုးဟိုးကျော်.. လူတွေ မျက်စိ ဒေါက်ထောက် လိုက်ကြည့် တာ ခံ လိုက်ရ.. အမြင်ကတ်လိုက်သည့် ဖြစ်ချင်း။ အဲသည့် အချစ်ဆိုတဲ့ ဟာကြီးက ကိုယ့်ကို အမြဲ ဒုက္ခပေးသည်။

ကိုယ် အလယ်တန်း ရောက်သည့်အချိန် အကိုဝမ်းကွဲတွေက ရည်းစားတွေ ရနေပြီ။ ပြောလို့ ပြောတာ မ ဟုတ်။ တော်တော် ချောသလောက် အမြင် ကတ်စရာ ကောင်းလောက်အောင် စွံသော အကိုများမို့ သူတို့ အိတ်ထဲမှာ ရည်းစားစာက အနည်းဆုံး ငါးစောင် အထက် နေ့တိုင်း ရှိတတ်သည်။ အဲဒီ ရည်းစားစာ တွေ ကို ခိုးဖတ်ရင်း သူတို့ရှေ့မှာ အပြောင်အပျက် ပြန်ရွတ် နောက်ပြောင် ရယ်မောရင်း အချစ်ဆိုတဲ့ အရာ က လှောင်ပြောင် ရယ်မော စရာအဖြစ် ပြောင်းလာ ခဲ့သည်။ မပြောင်း ခံနိုင်ရိုးလား… ရည်းစားက ဟော တစ် ယောက် ဟောတစ်ယောက်။ အချစ် ဆိုတဲ့ အရာက ကျွန်မရဲ့ အသိအာရုံမှာ လူတစ်ယောက် ကို ကိုယ့် အလိုဘက် ပါလာအောင် မြှူဆွယ် ဖြားယောင်း အချိုသတ် ပြောဆို သုံးနှုံး တတ်သော အသုံးချခံ စကား လုံး အဖြစ် စွဲနေ ခဲ့ လောက် အောင် အဖြစ်အပျက် များက တွန်းပို့ ခဲ့ပြီကိုးးး အဲဒီ အချိန်က အကိုတစ် ယောက် ရဲ့ ရည်းစားစာ ထဲက ကဗျာ တစ်ပုဒ် အောက်မှာ ခဲတံနဲ့ ဖြည့်စွက် ရေးခဲ့ပုံလေးကို ခုထိ သတိရ မိသည်။

ဆံကေသာဦး ပန်ရွယ်ခူးလဲ၊ ဂုဏ်နှိုင်းမမီ၊ ဘက်မညီမို့၊ ရည်တည် နေမြဲ၊ တကိုယ်တည်း (ဆံကေသာဦး ပန်ရွယ်ခူးမယ်ဆိုလို့ တပွင့်တည်းလား မှတ်တယ် .. တကယ်တမ်းကျ အခိုင်လိုက်ကြီး ဟွန့်) တဲ့လေ။

ဒီလို စိတ်အခြေခံ ရှိရတဲ့ အထဲ အထက်တန်းအောင်လို့ GCE ‘A’ level သင်တန်းကို သွားတက်တော့ ဘိုကေ ဆံပင်မှာ ရှပ်အင်္ကျီနဲ့ စတိုင်လ် ဘောင်းဘီရှည်၊ ဝေါ့ခ်ကင်းရှူး နဲ့ သင်တန်း တက်တတ်တဲ့ ကိုယ် က စာသင်ခန်းထဲ ဘယ်သူနဲ့မှ အတူ မထိုင်ဘဲ တစ်ယောက်တည်း ထိုင်သည်။ ကိုယ့် နောက် ခုံတန်းက ယောက်ျားလေး တအုပ်က စာအုပ် တအုပ်နဲ့ အလုပ်ရှုပ်ရင်း ပြောတတ်တဲ့ စကားများက ကိုယ့်နားထဲ သံရည်ပူ လောင်းထည့် သလို….

ဟေ့ကောင်တွေ.. မင်းတို့နဲ့ လောင်းထားတဲ့အတိုင်း ၁၇လမ်းက ကောင်မလေးကို ငါလိုက်တာ ခု အဖြေ ရပြီ ဟော့ဒီမှာ သူ့ဆီက စာနဲ့ ဓာတ်ပုံ.. ကဲ လောင်းကြေး ပေးပေတော့.. ၂၁လမ်းထဲက စော်ကတော့ ဂန်ကျယ် နေတယ်ကွာ.. ခုထိ အဖြေမရသေးလို့ ငါလောင်းကြေး ရှုံးတယ်ပဲ ထားလိုက်ပါ။ ဒီတော့ ဟို ကောင်ကို ငါက လောင်းကြေး တ၀ိုင်းပေါ့ ဟုတ်လား။ ဟိုဘက် လမ်းထဲက မဲကြီးက ဒီစော်ကို ကြွေနေ တယ် ကြားတယ်။ သူ့ဒေတာတွေ ငါ့ဆီ အသင့်ရှိတယ်။ ၀မ်းတေဘယ်နဲ့ လာဝယ်လို့ ပြောလိုက်….

ဘုရား.. ဘုရား.. ထိုအုပ်စုကို ဖျတ်ခနဲ မြွေကြည့် ကြည့်လိုက်မိသည်။ သေတောင် မျက်စိထဲက ဒီပုံရိပ် ထွက်မည် မဟုတ်။ အချစ်ဆိုသည်မှာ လောင်းကြေး တ၀ိုင်းစာလား။

နောက်ကျူရှင်ချိန် တခုမှာ ကြားလိုက်ရတဲ့ စကား ကိုယ့်နားကို လှမ်းဆွဲပြီး သတိပေး လိုက်သလိုပါ။

“ကောင်လေးတွေ စာလိုက်ပေးရင် မကြိုက်ရင်လဲ အသာယူပြီး နောင်မှ လုပ်ချင်တာ လုပ်ပစ်လိုက်နော်.. ၅လမ်းဘက်မှာ ဂါမဏိတို့ အုပ်စု မိုက်ရိုင်း လိုက်တာ.. သူပိုးနေတဲ့ ကောင်မလေးက သူ့ကို လက်မခံဘဲ လက်ဆွဲ စာပေးတာကို ပါးရိုက်လို့ ဆိုပြီး လူပုံအလယ်မှာ ပြန်ပါးရိုက် ပစ်လို့တဲ့.”

“သူတို့က အဲလိုပဲ သူ့အကိုလဲ ကောင်မလေးက အသားယူ ကြွားပြီး သူ့ကို ထားခဲ့ပြီး ပိုသာတဲ့ နောက်တစ်ယောက် နဲ့ တွဲလို့ ပညာပေးတဲ့ အနေနဲ့ ကားတင်ပြေးပြီး မယူဘူးတဲ့”

ဘုရား..ဘုရား.. အချစ်ဆိုသည်မှာ ဒါလား.. ဒီလိုနဲ့ မမျှော်လင့်ဘဲ လက်ဆောင် ရတတ်တဲ့ ပန်းနီနီ တွေရဲ့ ပွင့်ဖတ်တွေကို ဘောက်ဖောက် ကစား ပစ်ခဲ့သည်။

အိမ်ရှေ့ ဂစ်တာ လာတီးတဲ့ လူတွေကို အိမ်ထဲမှာ အနေရကြပ်အောင် လုပ်သည့် တရားခံ တွေလို့ သတ်မှတ် မျက်မုန်းကျိုး ခဲ့သည်။

အိမ်ရှေ့မှာ ကားလာရပ်ထားပြီး တနေကုန် တနေခမ်း လာထိုင်စောင့် နေတတ်တဲ့ လူတွေကို အလုပ်မရှိ အချိန်ဖြုန်း နေတဲ့သူတွေလို့ စွပ်စွဲ ခဲ့သည်။

ထုပ်ဆီးတိုး နေရလောက်အောင် လိုက်စာပေးရင် လူကြည့်မခံရအောင် မြန်မြန် ပြီး ပြီးရော သဘောနဲ့ ယူလာ ခဲ့ရတဲ့ စာအိတ်တွေကို အိမ်နံရံမှာ ချိတ်ထားတဲ့ အိတ်ကြီးထဲ ထည့်ပြီး ‘လူကို မယုံသင်္ကာ အကြည့် နဲ့ လွယ်အိတ်ကို စစ်လားဆေးလား လာမလုပ်နဲ့။ သိချင် လာဖတ်လှည့်’ လို့ တအိမ်သားလုံးကို စိန်ခေါ် ခဲ့သည်။

ကိုယ်က ဆက်သွယ်ဖို့ ဖုန်းနံပါတ် မပေးပါဘဲလျက် အိမ်နားက အခပေး ဖုန်းခေါ်ပေးတဲ့ အသုပ်ဆိုင်ကို ဖုန်းဆက်ပြီး ကိုယ့်ကို ခေါ်ခိုင်းလို့ ဆိုင်ရှင်က ၀မ်းသာအယ်လဲ လာခေါ်ပေးရင် ဆိုင်ရှင်ကို အားနာလို့ သွားကိုင်ရတဲ့ ဖုန်းဆက်သူ တွေကို သူများပိုက်ဆံ လိုက်ဖြုန်းသူတွေလို့ ရန်တွေ့ရင်း မျက်မုန်းကျိုး ခဲ့ သည်။

ဒီကြားထဲ စတုတ္ထနှစ် ရောက်ခါမှ ကိုယ့်ကို အသုပ်ဆိုင်က တဆင့် ဖုန်းခေါ် တဲ့သူကို အဖေက သွားဖုန်း ထူးပြီး ဖုန်းနံပါတ် ပေးရ ကောင်းလားလို့ ခြေနဲ့ကန်ကျောက် အရိုက် ခံရချိန်က အိတ်ထဲ ဆောင်ထားတဲ့ ဓားပစ်ချပြီး အသေသတ်လို့ ကုန်းအော်ရင်း တနှစ် ဓာတ်ပုံ ခြောက်ပုံ တောင်းပေမယ့် ဓာတ်ပုံ တစ်ပုံမှ စာရင်း မရှိတဲ့ ကျောင်းသားရေးရာက ဓာတ်ပုံနဲ့ ဒေတာ ရောင်းစားတဲ့ ၀န်ထမ်းတွေ အကြောင်း ဖော် ကောင် လုပ်လို့ ကျောင်းထွက်မယ်လို့ ကြိမ်းဝါး ခဲ့သည်။

သို့သော် တချို့ တချို့သော သူများရဲ့ ကိုယ့်အပေါ် ဆက်ဆံမှုက အမြဲ လွမ်းနေရတဲ့ အဖိုးကို သတိရ စေ ခဲ့သည်။ ချစ်ကြောင်း မပြောပေမယ့်၊ စိတ်အနှောင့်အယှက် လုံးဝ မဖြစ်စေ ပေမယ့် သူတို့ရဲ့ လုပ်ရပ် လေး တွေက ကိုယ့်ကို အဖိုးနဲ့ နေရ တုန်းကလို စိတ်လုံခြုံမှု ပေးခဲ့ ကြသည်။ စိတ်ညစ်ချိန် အားပေးလိုက်၊ ကိုယ့် ကို စိတ်အနှောင့် အယှက် ဖြစ်စေလောက်တဲ့ အခြေအနေဆို ရှောင်ရှားလိုက်၊ မထင်မှတ် ထားတဲ့ အချိန် မှာ ကိုယ့်ကို ပျော်ရွှင် ရယ်မော စေလိုက်၊ ကိုယ်ပြသနာ တက်နေချိန်မှာ ပြသနာ ဖြေရှင်းနည်းကို သွယ် ၀ိုက် လမ်းပြ လိုက်နဲ့ ဘာအခွင့်အရေးမှ ပြန်မတောင်းဆိုသလို ဘယ်လို စိတ် ရှုပ် စရာ မျိုးကိုမှ မဖြစ်စေ လိုက်တဲ့ သူများရဲ့ ဂရုစိုက်မှု များက အချစ် ဆိုတဲ့ အရာရဲ့ တကယ့် အဓိပ္ပာယ် ခံစားမှုကို ပါးစပ်က မပြော ဘဲ ကိုယ့်ကို သင်ပြ ပေးခဲ့သလိုပါ။

ဒါပေမယ့် နေ့စဉ်နဲ့ အမျှ ပူလောင် ပြင်းထန် ပေါက်ကွဲ နေတဲ့ ကိုယ့်ပတ်ဝန်းကျင်က အတ္တ လွန်ဆွဲပွဲ တွေ က ဒီငြိမ်းချမ်းတဲ့ အချစ်တွေကို ခံစားခွင့် မပေးနိုင်လောင်အောင် ပွဲဆက်က များလွန်း ခဲ့သည်။ ဖြစ်စေ ချင်လို့၊ အမြင့်ကို ရောက်စေ ချင်လို့၊ ချမ်းချမ်းသာသာ မြင့်မြင့်မားမား နေစေ ချင်လို့ စတဲ့ စတဲ့ တွန်း အား များက တဖြည်းဖြည်းမက ဖိအားတွေ အဖြစ်နဲ့ အသက်တောင် ၀၀ မရှူနိုင်ခဲ့။ နောက်ဆုံးတော့ ခါးရိုး ကျိုးကြေ သွားတဲ့ ကုလားအုတ်လေး တစ်ကောင်လိုပဲ စိတ်မပါဘဲ ခြေကုန် လက်ကုန် ဆွဲနေ ခဲ့ရတဲ့ လွန်ကြိုးကို ပစ်ချလို့ လွန်ပွဲကို ကျောခိုင်းပြီး ငြိမ်းချမ်းစွာ ရင်ဖွင့်လို့ လမ်းလျှောက် သင်နေတဲ့ ကလေးကို လိုက်ကြည့် သလို အရိပ် တကြည့်ကြည့်နဲ့ လက်ကမ်း ကြို နေတဲ့ အနီးဆုံး ရင်ခွင်ထဲ ၀င်ပြီး နားခို ခဲ့ပါ တော့တယ်။

တချို့က ပြောကြတယ်။ မင်းပတ်ဝန်းကျင်က တန်းစီနေတဲ့ သူတွေထဲမှာ သူက ဘာများ သာလို့လဲတဲ့။ ငါ့ထက် သူက ဘာများ သာတာ ရှိလို့ မင်းက ရွေးရတာလဲ ပြောစမ်းပါဦးကွာတဲ့။ မင်းကို လက်ထပ်ခွင့် တောင်းထားတဲ့ ဂုဏ်ထူး ဘွဲ့ထူး ရာထူး စည်းစိမ်တွေ အပြည့်နဲ့ လူတွေကို ကျော်ပြီး ဒီတစ်ယောက်ကို ဘာလို့ ရွေးတာလဲ ပြောစမ်းပါဦးတဲ့။ အားမနာတမ်း ဖြေလိုက် ချင်ပါတယ်။

ဒီရင်ခွင်မှာ လူမက်စရာ ဂုဏ်၊ ပကာသနတွေ တခုမှ မရှိဘူး…
ဒီရင်ခွင်မှာ စည်းစိမ် ချမ်းသာ ရာထူး အာဏာတွေ တခုမှ မရှိဘူး…

အဲဒီလိုပဲ
ဒီရင်ခွင်မှာ ပူလောင် ပြင်းပြမှုတွေ တခုမှ မရှိဘူး…
ဒီရင်ခွင်မှာ တောင်းဆိုချက်တွေ တခုမှ မရှိဘူး…
ဒီရင်ခွင်မှာ အပေးအယူ ကိစ္စတွေ တခုမှ မရှိဘူး…

ဒါပေမယ့်
ဒီရင်ခွင်မှာ လုံခြုံ စိတ်ချရမှုတွေ အပြည့် ရှိတယ်…
ဒီရင်ခွင်မှာ မြတ်နိုး လေးစား စရာ စာရိတ္တတွေ အပြည့် ရှိတယ်…
ဒီရင်ခွင်မှာ ကြည်ညို လေးမြတ်စရာ ကိုယ်ကျင့်တရားတွေ အပြည့် ရှိတယ်…
ပြီးတော့ ဒီရင်ခွင်မှာ အချစ် ဆိုတာကို အဆိုးမြင်၊ မကောင်းထင်ပြီး သံသယတွေနဲ့ အမြဲ ရန်လုပ် တတ်တဲ့ မိန်းမဆိုးလေး တစ်ယောက်ကို အချစ်ရဲ့ နူးညံ့ သိမ်မွေ့ ကိုယ်ကျိုးရှာမှု ကင်းတဲ့ အခြင်းအရာ တွေကို ဖွင့်ပြော သင်ကြား ပေးခြင်း မရှိဘဲ နားလည် လက်ခံ လာအောင် စွမ်းဆောင် နိုင်တဲ့ အမြုတေ ဓာတ်တွေ ကိန်းဝပ်နေတယ်။

ဒီတော့ အချစ်ဆိုသည်မှာ ကိုယ့်အတွက်တော့ ကန္တာရ ဘ၀ခရီးကြမ်းမှာ ငြိမ်းချမ်းစွာ နားခိုခွင့် ပေးခဲ့တဲ့ အိုအေစစ် ရပ်ဝန်းလေး တစ်ခုပါပဲ။

ဘလော့ဂါ ရပ်ဝန်းက ညီအစ်မ များကို ပြန်တဂ်ပါမယ်
အမ ယုယမြတ်နိုး
ညီမလေး ဆောင်းမြူနှင်းနှင်းဆီ နီနီမီးလေးဝင်္ကပါ၊ ခေးအော့စ် အားရင်၊ ခံစားလို့ ရရင် ရေးပေး ပါနော့။


9 comments:

Kay said...

ညီမရေ- ယောက်ခမ က..ချော- သားက ချော- ချွေးမ ကလည်း ချော ပေ တော့မပေါ့။ ယောက်ခမ ကို ချစ်လို့..သားကို ရွေးလိုက်တယ် ထင်ပါ့။

း)

Winkabar said...

အစ်မရေးထားတာ အရှည်ကြီးပဲ။ သမီးရေးရင်တော့ အဲလောက်ရှည်မှာမဟုတ်ဘူးထင်တယ်။ အစ်မတို့က အတွေ့အကြုံများတဲ့လူတွေဆိုတော့။ ဟဲဟဲ.. ရေးပြီးရင် မုန့်ကျွေးရမှာနော် :P ။

တန်ခူး said...

ဖတ်လို့ ကောင်းလိုက်တာ လှိုင်ရယ်… ရေးပေးတာ ကျေးဇူးကမ္ဘာနော်…
အနှိုင်းမဲ့ရင်ခွင်တခုထဲက ကောင်မလေးတယောက်ရဲ့ နူးညံ့အေးမြတဲ့ ချစ်ခြင်းရဲ့အိုအေစစ်လေးက ဖတ်သူရင်တောင် ငြိမ်းစေတယ်…
မြင်တာနဲ့ တင် စိတ်ထားကောင်းမယ်ဆိုတာ သိသာတဲ့ ချစ်စရာသားအမိလေးနဲ့ အမျိုးတော်ခွင့်ရတာကလဲ ကံကောင်းခြင်းလက်ဆောင်ပေါ့…
လှိုင်သားလေးမွေးရင် အဲလိုလေးရိုက်ပြီး ဘလော့ဂ်ပေါ်တင်ပေးနော်…..

Anonymous said...

ကံကောင်းလိုက်တာနော် ဘာပဲပြောပြောပါ အဲလို ဘ၀မျိုးကို လိုချင်တယ် တို့အတွက်ကတော့ မရနိုင်တော့ပါဘူး

chaos said...

သေချာတစ်ခုရသွားပြီ။
အစ်မ ဘလော့လေးကနေ အစ်မလှိုင်က တော်တော်ချောပုံရတယ်။ နောက်များကြုံရင် ဓါတ်ပုံကြည့်ချင်တယ်။ ပြနော်။ အစ်မလှိုင်ရဲ့ ကိုယ်တွေ့အချစ်လေးကို ဖတ်ရတာ ကြည်နူးစရာလေးပါ။

pandora said...

လှိုင်ရဲ့ ကံကောင်းတဲ့ အချစ်ခရီးလေး အစဉ်အေးမြ ချောမွေ့နေပါစေ။

ခွန်မြလှိုင် said...

အမကေရေ.. မတော်လိုက်ရတဲ့ ယောက္ခမလောင်းကြီးကိုလဲ ချစ်ပေမယ့် သူ့သားရဲ့ စကားကို မခံနိုင်လို့ လွဲခဲ့တာလေ.. တကယ်က သားအမိ နှစ်ယောက်လုံးကို ချစ်နိုင်မှလို့ ဆိုရင် ပိုမှန်မယ် ထင်ပါတယ်။

ညီမလေး ၀င်္ကဘာရေ ကျွေးမှာပေါ့ ထိုင်းကိုရောက်ရင် လက်တို့လိုက်နော်

အမတန်ခူးနဲ့ အနောနီးမတ်စ်ရေ ဒီတခါ ကံကောင်း ပေလို့ .. မဟုတ်ရင် လူဖြစ်ကျိုးတောင် နပ်အောင် ပျော်ဖူးပါ့ မလားပဲ။ သားလေး မွေးရင် အဲလို ရိုက်ပြီး ဘလော့ပေါ် တင်ဖို့က အင်းးးး ဆုငွေ မတပ်ရင် တင်မယ်လေ :P

ညီမလေး Chaos ရေ ချောသလားတော့ မမေးနဲ့ ငါးရှဉ့်က အမ ခေါ်ရတယ် ရှည်လမျောကြီးမို့..

မပန်ရေ ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ.. မပန်လဲ ဒီဆုနဲ့ ပြည့်ပါစေနော့..

Anonymous said...

အစ်မ ယောက္ခမ က ချစ်စ၇ာလေးတော့....

Anonymous said...

အဲ..မေ့လို့ မေ့လို့ ...သားသားလေးကလဲ ချောပါ့....ခိ ခိ...