Wednesday, November 26, 2008

အစိမ်းရောင် ခြေအိတ် တစ်စုံရဲ့ အရိပ် (၁)

ပထမဆုံး အဆင့် အနေနဲ့ တမင် မွေးယူ ထားတဲ့ ခြေဖမိုးပေါ်က အမာရွတ် ပျောက်ကင်း အောင် အရေပြား အထူးကုနဲ့ ဆာဂျရီ လုပ်ပြီး ကုယူ ခဲ့သည်။ ဆရာဝန်ကတော့ ထင်ရှာမည်။ ခြေဖမိုးပေါ်က အမာရွတ် သေး သေးကို အကျယ်ချဲ့ပြီး ပလတ်စတစ် ဆာဂျရီ လုပ်ယူ ရလောင်အောင် တော်တော် အလှကြိုက်တဲ့ မိန်းက လေးပဲလို့ … ဒါပေမယ့် ဒီ အမာရွတ်က ဆွပေးတဲ့ နှလုံး သား ဒဏ်ရာကိုတော့ သူသိမည် မဟုတ်။ အရင်က တမင် မွေးယူ ထားခဲ့ပြီး အခုမှ တကူးတက ပြန်ဖျက်ရသည့် အကြောင်းရင်း ကိုလဲ သူသိမှာ မဟုတ်.. နေပါ စေလေ .. သူသိစရာမှ မလိုတာ.. သူ့အလုပ်က သူ့ဆီ အလုပ်လာ အပ်သူ ကျေနပ်အောင် ကုပေး လိုက်ရုံ သာ… ကိုယ့်အလုပ်ကသာ.. အင်းး ကိုယ့်အလုပ်က ဘာလုပ် စရာ ကျန်သေးလဲ…

ဒုတိယ အဆင့် အနေနဲ့ အစိမ်းရောင် ခြေအိတ် တစ်စုံကို တစစီ ဖြုတ်ဖို့… ခြေအိတ်များ မလိုချင် တော့ရင် အစုံလိုက် လွှင့် ပစ် လိုက်ရုံပေါ့ လို့ လွယ်လွယ်နဲ့ နားချလို့ မရနိုင် လောက်အောင် သူမမှာ နာကျည်း မုန်းတီး ချက်တွေ ရှိနေ ခဲ့သည်။ ဒါကြောင့် ဒီ သိုးမွေး ခြေအိတ် အစိမ်းရောင် တစ်စုံကို တစစီ ဖြည်းဖြည်းချင်း စိမ်ပြေ နပြေ ဖြုတ်ပစ်မည်။ ပြီးတော့ မွမွလေးတွေ ဖြစ်အောင် ကတ်ကြေး ထက်ထက် တစ်လက်နဲ့ အပိုင်းပိုင်း ဖြတ် ပစ်မည်။ ပြီးတော့.. ပြီးတော့ သူမ ဘာများ အညိုးတကြီး လုပ်နိုင် ဦးမှာ ပါလဲ.. သိုးမွေးစ မွမွလေးတွေကို တစ်ပုံစီ ပုံပြီး ရေမျှော.. မီးရှို့.. လေထဲ လွှင့်ပစ် ပြီးတော့.. ပြီးတော့…

(((((((((((((((အာာာာာာာာာာာာာာာာာာားးးးးးးးးးးးးးးးးးးးးးးးးး ))))))))))))))))))
**********************************************

ညီလာခံ တစ်ခု တက်အပြီး လမ်းခွဲ နှုတ်ဆက် ခါနီး အမှတ်တရ ပစ္စည်း မလဲလှယ်ခင် တည်းက အရိပ် တကြည့်ကြည့် လုပ်ထားမိသည်မို့ ကြိုတင် ကြံစည် ထားတဲ့ အတိုင်း သူ့ ခြေစွပ် ဖိနပ်ထဲက ၀တ် လက်စ ခြေအိတ် အစိမ်း လေးကို အသာ ထုတ်ယူ ထားခဲ့ပြီး ဖြစ်နေတာ ကိုယ့်ရဲ့ ရူးသွပ်မှု လား။ အသာလေး လှစ်ခနဲ ပြုံးလိုက်မိတဲ့ သူမရဲ့ အပြုံးကို အကြမ်းဖျင်း အဓိပ္ပာယ် ဖွင့်ရရင် ရှက်ပြုံးလို့ အလွယ် ပြောလို့ ရလေ မည် လား။ အပြည့်စုံဆုံး အဓိပ္ပာယ် ဖွင့်ရရင်တော့ မိုနာလီဇာ အပြုံးလို ခံစားချက် တွေကို ကွန်ပြူတာနဲ့ တွက် ထုတ် မှ ရနိုင်မည် ဆိုရင် လွန်ချေ မည်လား ဆိုတာ လီယိုနာဒို ဒါဗင်ချီမှပဲ သိနိုင်ပေမည်။

Even if you can’t marry me, let me be besides you.. Let me help you.. let me support you to fulfill your desired destination.. I don’t want you to be part of my life.. I just want to be part of your life… Will you accept me in this way? Can you do me that little favor please!!!

အို ကြည့်စမ်းပါဦး.. ဘယ်လောက်တောင် ချိုသာ နူးညွတ်ဖွယ် ကောင်းတဲ့ စကားလုံး လေးတွေ ပါလိမ့်.. ဒီ လောက်တောင် အချစ် ဆိုတာကို ဖော်ကျူး တတ်တဲ့၊ ကြင်နာ တတ်တဲ့ ပြီးတော့ တာဝန်လဲ ယူချင်တဲ့၊ တာဝန် ယူခွင့် မရရင်တောင် ဘာ မျှော်လင့်ချက်မှ မရနိုင်ရင်တောင် မစားရတဲ့ အမဲ သဲနဲ့ မပက်ဘဲ ဆက်လက် ကူညီ ထောက်ပံ့ချင်တဲ့၊ လူမျိုးကို ဘ၀ လက်တွဲ ဖော် အဖြစ် လက်တွဲချင်ကြသည့် မိန်းကလေးများ လောကမှာ အပုံ.. ဒါပေမယ့် တကိုယ်ကောင်း မဆန်နိုင်တဲ့ သူမ အဖို့ ငဲ့စရာ များလှတဲ့ လူ့ပတ်ဝန်းကျင်မှာ သူ့ကို လက်မတွဲ နိုင်ရင်တောင် ချစ်ရုံလေး သတိရရုံလေးနဲ့ ဘ၀မှာ ကျေနပ် ရောင့်ရဲ နိုင်မည်ဟု တထစ်ချ ယုံကြည် ခဲ့မိ ဖူး သည်။ သို့သော် ပတ်ဝန်းကျင် သတင်းစကား တွေကြား သူက အပြစ်ကင်းသော သူတော့ မဟုတ်ခဲ့။ အိမ် ထောင် ပျက်ဖူးသော သူ့မှာ ကောလဟလ နဲ့ လူမှုရေး သတင်း စကားတွေ ကတော့ ကောင်းလှသည် မ ဟုတ်။ ဘယ်သူ မှားလို့ ဘယ်သူ မှန်တယ် ဆိုတာ တွေကို မျက်မြင် သက်သေ မရသေး ခင်မို့ သူမ မခွဲခြား နိုင်သေးခင် အနေ မနီး ချင် တာမို့ သူမ ကြိုးစား ရှောင်နိုင် ခဲ့သည်။ ဘ၀ကို အသန့်စင်ဆုံးနဲ့ အပြစ် အကင်း ဆုံး စံပြအဖြစ် ဖြတ်သန်းချင်သူ ပီပီ သူမ ကိုယ်ကျင့်တရား ကို အဖြူစင် အတောက်ပြောင်ဆုံး ဖြစ် အောင် ထိန်းခဲ့တာမို့ ဒီအချိန်မှာ အညစ်စွန်း လုံးလုံး မခံနိုင်။ ထို့အတူ သူမရဲ့ ဘ၀ လက်တွဲဖော် သည်လဲ စံပြ ကိုယ်ကျင့်တရား ကောင်းသူသာ ဖြစ်စေ ချင်တာ သူမရဲ့ သန္ဒိဌာန်ပါ။

ရှင့်ခြေအိတ်လေးကို ကျွန်မ အမှတ်တရ ယူထားလိုက်တယ်နော်

ဗျာ.. ဘယ်ခြေအိတ်လဲဟင်

ဖိနပ်ထဲက ခြေအိတ်ပါ

ဟာ… အဲဒါကြီးက မလျှော်ရသေးဘူး… ယူချင်ရင် မသုံးရသေးတဲ့ ခြေအိတ် အသစ် ရှိပါတယ်။ ကိုယ့် ခြေ အိတ် ဘယ်လောက် နံမယ် ဆိုတာ ကိုယ် သိတယ် ပြန်ပေးပါဗျာ. လိုချင်ရင် ခြေအိတ် အသစ် ယူပါနော်..

ဟင့်အင်း.. အဲဒီ ခြေအိတ်ပဲ ယူမယ်။ ယူထား ပြီးပြီ။

ဟာာာ.. မလုပ်ပါနဲ့ဗျာ ကိုယ် ခြေထောက်မှာလေ.. ဟို နှင်းခူနာ တစ်ခု ရှိတယ်ဗျ။ ကိုယ်က ဆီးချို ရောဂါ ရှိတော့ အနာက ဘယ်လိုမှ မပျောက်နိုင်ဘူး ဖြစ်နေတာ.. အဲဒီခြေအိတ်က အနာက မန်းရည်တွေ စိုချင် စိုနေမှာ.. တော်ကြာ ကူးနေပါမယ်.. မယူပါနဲ့ဗျာ.. တောင်းပန် ပါတယ်နော်…

အဲဒါ မြင်သားပဲ.. သိသားပဲ.. သိသိနဲ့ တမင်ယူတာ… ဒါပဲနော်.. တာ့တာ … အပြန် ခရီးမှာ ကံကောင်းပါစေ။
******************************************************

သူမျက်နှာပူပူနဲ့ ရှက်ကျန် ခဲ့မှာ စိုးလို့ လှစ်ခနဲ ပြေးထွက်လာတာမို့ သူဘယ်လိုပုံစံနဲ့ ကျန်ခဲ့မယ် ဆိုတာ မသိခဲ့… အဲဒီလိုပဲ အသန့်ကြိုက်လွန်းသော သူမ…. ဒီခြေအိတ်ကို တမင် မလျှော်ဘဲ ၀တ်ခဲ့လို့ ခြေထောက် မှာ အနာကူးပြီး ဘဘုန်းဆီ ရောက်ခါ ဆေးတောင်း ခဲ့ရသည်ကိုလဲ သူမသိခဲ့။ ဘဘုန်းက နန်းတွင်း ဆရာ တော် မို့ ဘုရင် ဆက်ကပ်ထားတဲ့ နန်းတွင်းဆေးတွေ သူ့မှာ အပုံအပင်… ဘဘုန်းဆီက ဆေးကောင်းမှုနဲ့ သူမ ခြေထောက်က အနာ ၃ရက် အတွင်း ပျောက်ကင်း ခဲ့ပေမယ့် ဘဘုန်းဆီက တောင်းယူခဲ့တဲ့ ဆေးတွေက အများကြီး ကျန်နေသေးသည်။ ဒီလို အများကြီး ကျန်အောင်လဲ တမင်သက်သက် သူမ ပိုတောင်းယူ ခဲ့ခြင်း သာ.. ထိုမျှမကသေး… သစ္စာ တရားနဲ့ စိတ်စွမ်းအားကို ယုံကြည်သူ ပီပီ သူမ သစ္စာ ဆိုခဲ့သေးသည်။

ကျွန်မရဲ့ ရူးသွပ်မှုကို ကျွန်မသာ သိပါတယ်။ သူ့ဆီက ဘာမျှော်လင့်ချက်မှ မထားဘဲ ဖြူစင် ခဲ့ပါတယ်။ ဒီ သစ္စာ စကား မှန်ပါရင် သူ့အနာ အမြန်ဆုံး ပျောက်ပါစေ။ နောက်ပြီး သူ့ရဲ့ စကားတွေကလဲ မှန်သော သစ္စာ စကား ဖြစ်ခဲ့ရင် သူ့ရဲ့ ဆီးချို ရောဂါပါ အမြန်ဆုံး ပျောက်ကင်း ပါစေ။ တကယ်လို့ သူ့ရဲ့ စကားတွေက မှန် သော သစ္စာစကား မဟုတ်ခဲ့ဘဲ ကျွန်မကို သွေးဆောင် ဖြားယောင်းတာ ဖြစ်ခဲ့ရင် ပြောင်းပြန် အကျိုး အနေနဲ့ သူ့တသက် ဒီ အနာနဲ့ ဒီရောဂါ ဘယ်တော့မှ မပျောက်ဘဲ ကြာလေ ဆိုးလေ ဖြစ်ပါစေ။ ပြီးတော့ သူ့ရဲ့ ဆိုး ပြစ်တွေ အတွက် သူပြန် ဒဏ်ခံ ရတာကို ဒီဘ၀မှာပဲ လက်တွေ့ မြင်ရပါစေ။ အဲဒီ အတွက် နောင်တ တွေကို တသက်လုံး တနုံ့နုံ့ ခံစားရင်း သူ့အပြစ် တွေကိုသူ ပြန်လည် ပေးဆပ် နေရ ပါစေ။

ဒီလို လူမသိ သူမသိ တိတ်တိတ် သစ္စာဆို အပြီးမှ ဆေးဘူးလေးကို အနီရောင် ပိုးသား ချည်ထိုး ရှုံ့အိတ်လေးထဲ ထည့်ပြီး သူလိမ်းဖို့ လက်ဆောင် အဖြစ် ပေး ခဲ့တော့ သူက ပြုံးလဲ့လဲ့…
**************************************************
ကျောင်းတက်ရင်း အပိုဝင်ငွေ ရဖို့ ဧည့်လမ်းညွှန် အလုပ်ကို အချိန်ပိုင်း လုပ်နေတဲ့ သူမ အဖို့ ဟိုတယ် ၀န်ထမ်း များ၊ ဧည့်ကြို ၀န်ထမ်းများနဲ့ တခြား ဧည့်လမ်းညွှန် အပေါင်းအသင်း အများကြီး ရှိတာ မဆန်းသလို လုပ်ငန်း သဘော အရ လမ်းကျွမ်းပြီး မျက်စိလျှင်တာ၊ လူတွေကို မှတ်မိတတ် လာတာလဲ မထူးဆန်းပါ။ ခုလဲ အုပ်စုလိုက် အစည်းအဝေး လာတက်တဲ့ ဧည့်သည် တသိုက်ကို ဟိုတယ် ပြန်အပို့ မှတ်မိနေတဲ့ သူ့အသံကို ဧည့်ကြို ကောင်တာ ဘက်ကနေ မမျှော်လင့်ဘဲ ကြားလိုက် ရတာမို့ ဖျတ်ခနဲ လှည့်အကြည့်

သျှမ်းရေ… ကိုကို ခဏလေးပဲ ပြန်ထွက်ရမှာပါ.. ကို့နောက် တကောက်ကောက် လိုက်နေရရင် သျှမ်းလေး ပင် ပန်းမှာ စိုးလို့.. နားနှင့်နော.. ကိုကို့မိတ်ဆွေနဲ့ တွေ့ပြီးပြီးချင်း ချက်ချင်း ပြန်လာမှာပေါ့.. တစ်ယောက်တည်း ထားခဲ့ရမှာ စိတ်မချ ဘူးကွာ.. အခန်းတံခါးကို သေချာ သော့ခတ် ထားနော်… ကိုကို အလုပ်ပြီးတာနဲ့ ချက် ချင်း ကို ပြန်လာမှာ သိလား.. ခဏလေးတောင် ခွဲချင်တာ မဟုတ်ဘူး.. အခုတောင် သျှမ်းလေး ပင်ပန်း နေမှာ စိုးလို့ဗျ!! သြော် တံခါးခေါက်သံ ကြားရင် ချောင်း ကြည့်ပေါက် ကနေ သေချာ အရင်စစ်ပြီးမှ ကို့အပြုံးကို မြင်မှ ဖွင့်နော်.. စိတ်ပူတယ်.. တာ့တာနော်

မျက်နှာပေး အမျိုးမျိုးနဲ့ လေယူလေသိမ်း အတက်အကျတို့နဲ့ ကြင်ကြင်နာနာကြီး ရွှန်းရွှန်းဝေအောင် အလွမ်း သယ်နေသူက တခြားလူ မဟုတ်.. ကောင်တာက ပြန်ထွက်လာသော သူ .. မမြင်အောင် ကမန်းကတန်း ပုန်း ကွယ်ရင်း သက်ပြင်းကို ကြိတ် ရှိုက်လိုက် မိသည်။ သူ့ကျောပြင်က ကိုယ့် မြင်ကွင်းကနေ တဖြည်းဖြည်း ဝေး သွားတော့ မှ သူမရဲ့ ခြေလှမ်းတွေက ဧည့်ကြို ကောင်တာ ဆီသို့

ခုနက ဧည့်သည်က ဒီဟိုတယ်မှာ ဖောက်သည်လား။

ဟုတ်တယ် အမရဲ့။ သူက အသင်း တောင် ၀င်ထားတယ်လေ.. ကျွန်တော်တို့ ဟိုတယ် လုပ်ငန်းစုရဲ့ ကွန်ယက် ထဲမှာ ဘယ် ဟိုတယ် တက်တည်းတည်း၊ တည်းနေကျ ဖောက်သည် အဖြစ် အသင်းဝင် ထားရင် ရမယ့် ၀န်ဆောင်မှု တွေက အများကြီး ဆိုတော့ အသင်းဝင် အင်အားလဲ များတယ်… ပြီးတော့….

ဧည့်ကြို ယောက်ျားလေးက ဧည့်လမ်းညွှန် သူမနဲ့ ခင်နေ ပြီးသားမို့ ပြီးတော့ လုပ်ငန်းနဲ့ ဆက်စပ် နေတဲ့ သတင်း အချက် အလက် မို့ ရွှန်းရွှန်းဝေ ပြောဆိုနေလျက်.. စကားလက်ဆုံ ခဏတာ ကျအပြီးတွင်တော့ သူနဲ့ အတူ ဒီဟိုတယ်မှာ နေခဲ့ ဖူးသော မိန်းကလေး စာရင်းက ရက်စွဲ များနဲ့ တကွ သူမလက်ထဲမှာ အထပ်လိုက်.. ဒါတင် ပဲလား။ ဒီဟိုတယ်မှာ မဟုတ်ဘဲ ဒီ ဟိုတယ် လုပ်ငန်းစုနဲ့ ချိတ်ဆက် ထားသော တခြား ဟိုတယ် များမှာရော.. လက်စသတ်တော့…

တူ………… တူ……………. တူ……………..

လက်ကိုင်ဖုန်းက အသံမြည် လာသည်မို့ သူမ ကြည့်လိုက်တော့ သူ့နံပါတ်… မဲ့ပြုံးကို ယဲ့ယဲ့ပြုံးရင်း ဧည့်ကြို သူငယ်ချင်းလေးကို နှုတ်ဆက်ပြီး ဖုန်းနားထောင်လိုက်တော့

ကိုယ် ခုပဲ လေယာဉ်ပေါ်က ဆင်းတာ.. ကိုယ့်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်မှာစိုးလို့ ကြိုပြီး မေးလ် မပို့တာ.. ပြီးတော့ ညီမက ကိုယ့် တောင်းဆိုချက်ဆို ဘာတခုမှ ခွင့်မပြုတော့ ၀မ်းနည်းတာနဲ့ တိတ်တိတ် ကလေး နေမလို့ပါဘဲ.. ဒါပေမယ့်ဗျာ.. သတိရလွန်းလို့ ဘယ်လိုမှ စိတ်မထိန်း နိုင်တာနဲ့ ဖုန်းဆက် လိုက် မိတာ.. စိတ်ဆိုးလားဟင်.. စိတ်ညစ် သွားလားဟင်

အသံ မထွက်မိအောင် မနည်း သတိထားပြီး ထိန်းလိုက် ရသည်။ တတ်လဲ တတ်နိုင် ပါပေ့… သို့သော် ရုတ် တရက်မို့ သူမရဲ့ ရင်မှာ စကားလုံးတို့ မရှိတော့.. ရန်တွေ့စရာ စကားလုံးတောင် မရှိ မှတော့ ကိုယ်ကျင့် တရားကို အသက် ထက် တန်ဖိုး ထားတဲ့ သူမ အတွက် တခြား စကားလုံးလဲ မရှိတော့.. အပြစ် တင်ချင် စိတ်လဲ မရှိတော့…

ဒါထက် ခြေထောက်က အနာ ပျောက်သွား ပြီလားဟင်

ဟင့်အင်း မပျောက်သေးဘူး။ အဲဒီ ဆေးဗူးလေးတော့ ကိုယ် လိမ်းလို့ ကုန်သွားပြီ။ ဒါပေမယ့် ဆေးဗူးခွံလေးနဲ့ အိတ်လေးကို ကိုယ် ခုထိ သိမ်းထားတယ် သိလား။ ကိုယ်နဲ့ မကွာကို ဆောင်ထားတာ. ခုတောင် ပါလာ သေးတယ်။ မယုံရင် ပြမယ် သိလား။ အင်းးး ဒါပေမယ့် ညီမက ကိုယ့်ကို တွေ့ခွင့်တောင် ပေးပါ့ မလား မသိဘူး။ ညီမရယ်.. ကိုယ့်အသက်အရွယ် ကိုယ့်အဆင့်နဲ့ ဒီလောက် အောက်ကျခံ တောင်းဆို နေရတာ နည်းနည်းမှ မသနား ဘူးလားဟင်

သူမ မျက်နှာပေါ်မှ မဲ့ပြုံးပင် ပျောက်ကွယ် သွားခဲ့ပြီး တင်းမာ အေးစက်သော မျက်နှာထားကြောင့် သူမရဲ့ အဖော် ဧည့်လမ်းညွှန် လုပ်ဖော်ကိုင်ဖက် ကောင်မလေးပင် ပါးစပ်လေး အ၀ိုင်းသား ဖြစ်သွားသည်မို့ သူမ မျက်နှာထားကို ချက်ချင်း ပြင်လိုက် ရသည်။ ထိုနေ့သည် လောကဓံက သူမ အတွက် စိတ်ကျန်းမာ ကြံ့ခိုင် ရေး လေ့ကျင့်ခန်းနဲ့ စာမေးပွဲ ပြင်းပြင်းထန်ထန် ပေးခဲ့သော နေ့တစ်နေ့ ဖြစ်ခဲ့လေသည်။ သို့သော် သူမ စာမေးပွဲ အောင်ခဲ့ လေသည်။

ဟိုတယ်ထဲက လှမ်းအထွက်.. သက်ပြင်းမောကို မော့အထုတ်လိုက် ဟိုတယ်တိုင်များ နံရံများက လုံခြုံရေး ကင်မရာ များကို ဖျတ်ခနဲ အမြင်မှာ အကြံတစ်ခု လင်းခနဲ လက်သွားသည်။ ကြည့်ဖူးသော အက်ရှင်ကားများ အလကား မဖြစ်။ သူမလို ဧည့် လမ်းညွှန် တစ်ယောက် အတွက် ဟိုတယ်များက လုံခြုံရေး ၀န်ထမ်းများ၊ လုံခြုံရေး ဆိုင်ရာ အရာရှိ များနဲ့ ခင်မင်ဖို့ လုံးဝ မခက်။ ဒါဆိုရင် လုံခြုံရေး ကင်မရာ များက ဖမ်းယူ ရိုက်ကူး သိမ်းဆည်း ထားသော ရုပ်သံခွေများ ရဖို့လဲ လုံးဝ မခက်။

ဒီလိုနဲ့ အခန်းကို ပြန်ရောက်တော့ ဖဲဗူး လှလှလေး တဗူးက သူမရဲ့ စားပွဲပေါ်ကနေ ပစ္စည်းဟောင်းများ ထားသော ကတ္ထူပုံးထဲ ရောက်သွား ခဲ့လေသည်။
**************************************************************
မကြီး
ပြော
နင့်အလုပ်ရှင်ဟောင်းလေ.. မွန် ကာယ အလှမယ်ဟောင်းကို အလုပ်ခန့် ထားပြီး ဖူးဖူးမှုတ် ထားတယ်ဟ..
သူ့လုပ်ငန်းအတွက် အသုံးဝင်လို့ နေမှာပေါ့.. ၀န်ထမ်းကောင်းကိုဆို အလုပ်ရှင်တွေက လက်လွှတ်ရမှာ ကြောက်တတ်တာပဲဟာ .. ထူးဆန်းလား…

ဟဟ .. အဲဒီတစ်ယောက်က လှတာက လွဲရင် ဘာမှ မတတ်ဘူးဟ. အဲဒါကို သူက အင်္ဂလိပ်စာ ဆရာခေါ်ပေး ရတာနဲ့ ကွန်ပြူတာ ဆရာ သီးသန့် ငှားပေး ရတာနဲ့..

ကြိုးစားလို့ .. မြေတောင်မြှောက်ပေးရင် ဖြစ်ထွန်း နိုင်လို့ မြေတောင်မြှောက်ပေး ရင်းနှီး မြှုပ်နှံ ပေးနေတာ ဖြစ်မှာပေါ့။ ကိုယ့် ၀န်ထမ်း တော်လာရင် ကိုယ့်လုပ်ငန်းလဲ အောင်မြင် လာတာပဲဟာ။

ဟာာာ.. ဒီအပျိုကြီးကလဲ ဂေါက်လိုက်တာ.. မဟုတ်ဘူးဟ .. သူတို့ ဘာလိုလိုတွေ.. နင့်အလုပ်၇ှင်ဟောင်း ကလဲ ခပ်ပွေ ပွေနဲ့ … ဟိုတလောက သင်္ကြန်တွင်း ဘုန်းကြီး ၀တ်တော့လဲ ဘုန်းကြီးလေး သုံးရက် ၀တ်တာကို ညီမလေးတို့ အဖွဲ့ထဲက သူသူ ဆိုတဲ့ ကောင်မလေးကို ဘုန်းကြီးဝတ်ကြီးနဲ့ တညတည်း ငါးခါ ဖုန်းမက်ဆေ့ခ်ျ ပို့တယ်ဟ.. ဟာဟ.. ကုသိုလ်တော့ ရဦး တော့မယ်။

သူ့ဟာသူ ဘယ်လိုနေနေ.. ကိုယ်နဲ့ အနေသာကြီး..

အဲလိုဆိုလဲ ပြီးတာပဲလေ.. သူက နင့်ကိုလဲ အီစီကလီ လုပ်ဖူးတယ် မို့လား။ နင်စိတ်ယိုင် သွားမှာ စိုးလို့ ငါက ပြောတာ.. ဒါပဲနော်… အိမ်ထောင်ပျက် လူပွေ တစ်ယောက်နဲ့ ဇာတ်လမ်းရှိတဲ့ လူစားကို ငါက ညီအမ မတော် ချင်ဘူး။

(((ဘာပြောတယ်))) လက်စသတ်တော့ နင်က အသားလွတ် လာစော်ကားနေတာပဲ.. နင် အငယ် ဖြစ်ပြီး တော်တော် မိုက်ရိုင်း ပါလားဟင်… ဟေ့.. ငါ့စာရိတ္တ၊ ငါ့ကိုယ်ကျင့်တရား တခုခု မှားနေရင် အမှားကို ထောက်ပြီး ကြိုက်သလို လာပြော.. အသားလွတ် လာမစော်ကားနဲ့

ဒါကတော့ နင့်ကိုယ်နင် အသိဆုံး ဖြစ်မှာပေါ့

ငါ ဘာမှ မမှားဘဲ ငါ့ကို အသလွတ် လာမစော်ကားနဲ့နော်.. ငါ့သည်းခံမှုက အကန့် အသတ် ရှိတယ်။ နင် ခုချက်ချင်း ငါ့မျက်စိ အောက်က ထွက်သွားစမ်း

ဟတ်ဟတ် ဒီအိမ်က နင့်အိမ်က မဟုတ်ဘူး .. ငါ့မိဘအိမ်.. ငါလဲ ဆိုင်တယ်… နင်မကျေနပ်ရင် နင်ထွက်သွားလေ

(((တောက်)))

ဂုဏ်မက် ငွေမက်လွန်းပြီး ကိုယ်တိုင်က လက်ကြော တင်းတင်း ရှာဖွေ ကြိုးစားချင်စိတ် မရှိဘဲ အပြင်လူ အ ပေါ်တွင် ကောင်းသ လောက် မိသားစု အပေါ်တွင် ဆိုးသွမ်း လွန်းသော ဒီလို ညီမမျိုး ရှိသည့် ကိုယ့်ကံကို ကျိန်ဆဲရင်း အဲဒီညက ခြံထဲမှာ ခြင် တအုပ် ကို အဖော်လုပ်လို့ မိုးလင်း ခဲ့ရသည်။ နို့မို့ရင် ဆက်စော်ကားနေတဲ့ ဒင်းရဲ့ စကားတွေ မခံနိုင်လို့ ရန်ထဖြစ်ရရင် အကြီး ဖြစ်လျက် အငယ်ကို မထိန်းနိုင်ဘဲ ဖက်ပြိုင် ရန်ဖြစ်သည်လို့ အလွယ် သတ်မှတ်ပြီး ဖိဆဲ တတ်တဲ့ မိဘတွေရဲ့ အငြိုငြင်က ဆက်ခံရဦးမှာကို သိနှင့် နေပြီသား။ သူကလဲ ဒီအကွက်ကို တမင် ချိုးသည်ကို သူမ သိပြီးသား... ဒီလို ညမျိုး များပြား လာ လွန်း ခဲ့တော့ သူမ အဖို့ အပြစ်ကင်းသော ထွက်ပြေး ခြင်းဖြင့် ဒီအသိုင်းအ၀ိုင်း ထဲက ထွက်ပြေး ဖို့သာ ရွေးခဲ့ မိတော့သည်လေ။

******************
ဒီနေ့ .. အသိ တစ်ယောက်က အကူအညီ တောင်းလာတာမို့ ဒီနိုင်ငံကို တခါမှ မရောက်ဖူး သေးတဲ့ မိန်းက လေး တစ်အုပ်ကို နောက်ဆုံးရက် အဖြစ် ဧည့်လမ်းညွှန် ၀န်ဆောင်မှု လုပ်ပေးရဦးမည်။ ရက်သတ္တ တပတ်လုံး တခြား နေရာတွေ နှံ့အောင် လည်ပတ် ပြီးပြီမို့ ပြီးတော့ လူငယ်တွေ ချည့်မို့ ကစားကွင်းကို ပို့ပေးပြီး အရိပ် ကောင်းကောင်းမှာ ကိုယ်က နားရင်း စာမေးပွဲ အတွက် စာဖတ်နေချိန်

အမက.. မသစ္စာဖြူ ဟုတ်ပါတယ်နော်… ညီမ အမကို မေးစရာလေးတွေ ရှိလို့ ခဏ ခွင့်ပြုပါနော်..

သူမက ဧည့်လမ်းညွှန် အလုပ်ကို ခေါ်ရလွယ် မှတ်မိလွယ်သော နာမည် တစ်လုံးတည်းနဲ့ လုပ်ကိုင်သူ။ ခု တော့ သူမရဲ့ နာမည် အရင်းကို ဖွင့်မေးရင်း ခွင့်တောင်း လာသူက သူမကို ဧည့်လမ်းညွှန် အဖြစ် ငှားထား သော ပြီးတော့ ငှားထားတဲ့ တပတ်လုံး သူမကို အကဲခတ် နေသည်ဟု သူမ ခံစားရသော တပတ်တာ အလုပ် ရှင်.. ဘာ ရည်ရွယ်ချက်နဲ့ သူမကို ငှားလဲ ဆိုတာကို လှစ်ကနဲ တွေးမိပေမယ့် ဒါပေါ့လေ.. သူ့ဆန်စား ရဲရ မည်ပေါ့.. ခေါင်းကို အသာ ညိတ်ရင်း ထိုင်ခုံကို နှစ်ယောက် ထိုင်သာ အောင် စာအုပ်များ ရှင်းလိုက်တာမို့ သူမက နေရာလွတ်မှာ ၀င်ထိုင်သည်။

အမက ဦးကိုကိုနဲ့ ဘယ်လိုသိပြီး ပတ်သက် တာလဲဟင်

ရှင်.. ဘယ်က ဦးကိုကိုလဲ ညီမ.. ဒီလို နာမည်မျိုးတွေက အများကြီးလေ

သြော်.. **** ကုမ္ပဏီက လူကြီး ဦးကိုကိုပါ။ အမ အဲဒီမှာ အလုပ် လုပ်ဖူးတယ် မို့လား

အင်းးး လက်စသတ်တော့ ကောင်မလေးက သူမရဲ့ နောက်ကြောင်းကို အတော် သိထား ပြီးချေပြီ။ ဘာ ရည်ရွယ်ချက်နဲ့ သူမကို ချဉ်းကပ် လာသည်ကို အကြမ်းဖျင်း မှန်းလို့ ရသွားခဲ့ပြီ။

သြော် ဟုတ်တယ် ညီမရဲ့။ ဒါပေမယ့် အမက ၃လ လောက်ပဲ လုပ်ပြီး အလုပ်ထွက်ခဲ့တာ.. ဒီမှာ လာ ကျောင်းတက် ဖို့လေ။ စတည်းက အဲလောက် အချိန်ပဲ လုပ်နိုင်မယ် ဆိုပြီး စာချုပ်ပြီး လုပ်တာ ညီမရဲ့။ ဘာလို့လဲ။

အမကို သူက ကျောင်းထားပေးနေတာဆို

ဟမ်… ဘယ်ကလာ… ဘယ်သူတွေ ပြောတဲ့ ကောလဟလ ကြားလာပြန်လဲ ညီမရယ်။ အမ ကျောင်းတက် တာရော ပညာတော် သင် လျှောက်တာရော အမဘာသာ တိတ်တိတ် ကြိတ် စုံစမ်း လျှောက်ထား ပြီး အားလုံး အဆင်သင့် အောင်မှ ကျောင်းလာ တက်တာပါ။ အမတို့ တက္ကသိုလ်က ချွန်တွန်း များတော့ အမ နိုင်ငံခြား ထွက်မယ် သတင်း ကြားလို့ မဟုတ်မဟတ် ချွန်ရင် ထွက်ရ ခက်မှာ စိုးလို့။ မိသားစုတောင် အမ နိုင်ငံခြား ထွက်ခါနီး ၃ရက် အလိုမှ သိတာ။ ဦးကိုကိုဆို ထွက်မယ့် ရက်မှကို သိတာ။ အမက အလုပ် အပ်ပြီးတာနဲ့ တခါ တည်း နှုတ်ထွက်တယ် ပြောပြီး ထွက်လာတာ မို့လို့လေ။ ပညာသင် ထောက်ပံ့ကြေး က ကျောင်းစရိတ်ပဲ ရလို့ နေစရိတ်၊ စားစရိတ် အတွက် ခုလို အချိန်ပိုင်း ဧည့်လမ်းညွန် လုပ်ရင်း ကိုယ့်အားကိုယ်ကိုး ကြိုးစား နေတာပါ ညီမရယ်.. နေပါဦး… ဦးကိုကိုက အမကို ကျောင်းထားပေး နေတာလို့ ညီမကို ဘယ်သူက ပြော တာလဲ…

ဟင်.. ဒါဆို ဦးကိုကိုရဲ့ ဒီနိုင်ငံက လုပ်ငန်းတွေကို အမက တာဝန်ခံ လုပ်ပေး နေတာ မဟုတ်ဘူးပေါ့

ဟမ်.. ညီမ ပြောသမျှ အထူး အဆန်း ချည့်ပဲ.. ဦးကိုကိုမှာ လုပ်ငန်းတွေ ဒီနိုင်ငံမှာ ရှိလို့လား။ အမတောင် မသိဘူး။ မကြားမိ သေးဘူး။ နေပါဦး ညီမရဲ့။ ညီမကို ဒါတွေ ဘယ်သူ ပြောတာလဲ။

လှပ ၀ိုင်းစက်သော မျက်လုံးလေး အ၀ိုင်းသားနဲ့ ရှည်လျား ကော့ပျံ နေသော မျက်တောင် ထူစိတ်စိတ် ကြီး တွေ ပုတ်ခတ် ပုတ် ခတ် လုပ်ရင်း ချင့်ချိန် နေပုံ ရသော ကောင်မလေးကို သေချာ ကြည့်ရင်း ပဟေဠိကို သူမ အဖြေ ရှာနေ မိသည်။ နောက်ဆုံး တော့ သက်ပြင်းရှည်ကြီးကို ချရင်း ကောင်မလေး က ဇာတ်စုံ ခင်းတော့ သည်။ သူမ ပြောသော စကား အဆုံး သစ္စာဖြူ တကိုယ် လုံး အကြောအခြင်တို့ တဖျင်းဖျင်း နေအောင် တုန်လှုပ် ဒေါသထွက် မိလေသည်။

ညီမက ဦးကိုကိုရဲ့ ကုမ္ပဏီခွဲ တစ်ခုက ၀န်ထမ်းပါ။ ၀န်ထမ်း အစည်းအဝေး တွေမှာ ဆိုရင် သူက အမ တော် ကြောင်း ကြိုးစား ကြောင်းနဲ့ ဒါကြောင့် သူက အမကို နိုင်ငံခြားမှာ ကျောင်းထား ပေးရုံ မက နိုင်ငံခြားက သူ့ လုပ်ငန်းခွဲ တွေမှာ ဦးစီးဖို့တောင် တာဝန် လွှဲလို့ ရတဲ့ အကြောင်း၊ ကျန်တဲ့ ၀န်ထမ်း တွေကိုလဲ အမလို ကြိုး စား စေချင်ကြောင်း၊ သူ စိတ်ကျေနပ်ရင် အမကို တာဝန် ပေးသလိုပဲ နောက်ထပ် ၀န်ထမ်း တွေကို နိုင်ငံခြား လွှတ်ချင် မြေတောင် မြှောက်ပေး ချင်တဲ့ အကြောင်းတွေ ပြောလေ့ ရှိတယ်။ ၀န်ထမ်းတွေ ရှေ့မှာ ဆိုရင် သူက ခပ်တည်တည် ဆက်ဆံ တတ်ပေမယ့် နှစ်ယောက်ချင်းဆိုရင် ညီမအပေါ် သူက သိပ်ကောင်း ပါတယ်။ ညီမသာ ကြိုးစားပြီး သူ့ကိုလဲ ပျော်အောင် ထားမယ် ဆိုရင် ညီမကို နိုင်ငံခြား ပို့ပြီး ကျောင်းထား မယ်.. အဲဒီ အချိန် အတွင်းမှာ ညီမရဲ့ မိသားစု ကိုလဲ သူက တာဝန် ယူမယ် တဲ့လေ။ ဒါပေမယ့် ညီမက သိပ် ငယ်ပြီး တက်လမ်းတွေ အများကြီး ရှိတော့ ညီမက နိုင်ငံခြားမှာ ကျောင်းတက်ရင်း သူ့ထက် သာတာတွေ တွေ့နိုင် လို့ ညီမရဲ့ အခွင့်အလမ်း တွေကိုလဲ မပိတ်စေ ချင်ဘူးတဲ့။ ဟိုလေ .. ညီမတို့ချင်း သာမန် ဆက်ဆံရေး မက တော့ .. အမက သူ့ရဲ့ ရိုးရိုး ၀န်ထမ်း လား။ ညီမ လိုပဲလား ဆိုတာ ဟို… သိ.. သိချင် လို့ပါ။ ဒါမှ သူ့ကို အလို လိုက်သင့် မလိုက်သင့် ညီမ ဆုံးဖြတ် ရမှာ မို့ပါ။ ညီမတို့ လွန်လွန်ကျူးကျူးတော့ မဖြစ်ကြ သေးပါဘူး အမရယ်.. ညီမကို နားလည်ပါနော်.. ညီမလေ အမရဲ့ ကိုယ်ကျင့်တရားကို အထင်သေးလို့ မဟုတ်ပါဘူးနော်.

သူမ အမြတ်နိုးဆုံး သစ္စာတရား၊ သူမ အသက်ထက် တန်ဖိုးထား စောင့်ရှောက် ရသော ကိုယ်ကျင့်တရား၊ သူမ အဖြစ်ချင်ဆုံး စံနမူနာများ။ ထိုအရာများနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ လုပ်ရပ် များကို ပြုလျက် သူမကို ဘယ်လိုမှ ဖြား ယောင်း သွေး ဆောင် အသုံးချလို့ မရနိုင်တဲ့ အချိန်မှာတောင် အသန့်စင်ဆုံး ဖြစ် အောင် အတတ်နိုင်ဆုံး ထိန်းသိမ်း ထားခဲ့တဲ့ သူမရဲ့ နာမည် ကို မရရအောင် နောက်ကွယ်မှာ ကိုယ်ကျိုး အတွက် အသုံးချသူ၊ ဒီလို အသုံးချရင်း သူမ အမြတ်နိုးဆုံး ဆိုတဲ့ ကိုယ်ကျင့်တရား နဲ့ သစ္စာ တရားတွေကို သမီးချင်း နှမချင်း မစာနာဘဲ မိန်းကလေး ငယ်လေးတွေ ချိုးဖောက် ဖျက် ဆီး အောင် နည်းပေး လမ်းပြ လုပ်ရင်း မဟုတ်မဟတ် မက်လုံး တွေနဲ့ သူတပါးရဲ့ ကိုယ်ကျင့်တရားတွေ သစ္စာတရားတွေကို ဖျက်ဆီး နေတဲ့ သူ့ရဲ့ လုပ်ရပ်ကို သူမ တအား စက်ဆုပ် မုန်းတီး ရွံရှာ မိလေသည်။

ထိုနေ့ညက သူမကို ရှိခိုး ကန်တော့ပြီး သူမရဲ့ အခန်းထဲက မျက်ရည် စက်လက် ငိုရှိုက်ရင်း ထွက်ခွာ သွားတဲ့ မျက်တောင်ရှည် မိန်းကလေးရဲ့ နောက်ကျောကို ကြည့်ရင်း သုမ အတွက် ကံကြမ္မာ စာမေးပွဲကို လှောင်ရယ် ရယ်ခဲ့ မိသော နေ့တစ်နေ့ ဖြစ်ခဲ့ သည်။ သို့သော် မျက်တောင်ရှည် မိန်းကလေးရော.. လောကဓံ စာမေးပွဲကို အောင်မြင်အောင် ဖြေနိုင် ပါမည်လား။ သို့သော် စာမေးပွဲ တစ်ရပ်ကို မေးခွန်း ပုံစံနှင့် မေးတတ်သော အထာ တို့ကို သိနှင့် ပြီးသော လေ့လာ ပြင်ဆင် ထားပြီးသော လူတယောက် အဖို့ ထိုစာမေးပွဲကို အောင်ချင်စိတ် ရှိလျှင် အောင်ကို အောင်မြင်မည်သာ ဖြစ်လေသည်။ ထိုမိန်းကလေး ကရော လောကဓံ စာမေးပွဲကို အမှန် တကယ် လွယ်လွယ်ကူကူနဲ့ အောင်မြင်နိုင်ပါ့မလား။ သူမ ကိုယ်တိုင် ကရော ဒီလောကဓံ စာမေးပွဲကို လွယ်လွယ် ကူကူ အောင်နိုင် ခဲ့တာ ဟုတ်ရဲ့လား။ ခက်ခက်ခဲခဲ အောင်မြင် ခဲ့တာလား။ ဒါမှ မဟုတ် အမြဲတမ်း အောင်နိုင် နေစေဖို့ အမြဲတမ်း လေ့ကျင့် ဆည်းပူးနေတာလား…

**************************************************************
ထိုနေ့ညက သူမရဲ့ ဦးနှောက်နဲ့ နှလုံးသားတို့ စကားစစ်ထိုး ကြသံကို သူမ ရှင်းရှင်း လင်းလင်း ပြတ်ပြတ် သားသား ကြားလိုက် ရသည်။

နှလုံးသားက ပြောသည်…
ကိုယ့်နှလုံးသားကို ကိုယ် သစ္စာဖောက်မလို့လား… မင်းမုန်းရင် မေ့လိုက်ရုံပေါ့.. မင်းမှ မမေ့နိုင်ဘဲလေ

ဦးနှောက်က အသိတရား လက်ကိုင်ထားဖို့ သတိပေးသည်။
ဖြစ်တတ် ပျက်တတ်တဲ့ စိတ်ခံစားမှုကို အလိုလိုက်ပြီး ကိုယ် အနှစ်နှစ် အလလ က စောင့်ထိန်း လာခဲ့တဲ့ ကိုယ်ကျင့်တရားကို ဖျက်ဆီး ပစ်မလို့လား။ ကိုယ့်ပန်းတိုင်၊ ကိုယ့်ခံယူချက်၊ ကိုယ့်စံနမူနာကို ကိုယ်တိုင် ပြန်ပြီး သစ္စာ ဖောက်မလို့လား။

နှလုံးသားက ဆင်ခြေကန်သည်။
မင်း သူ့ကို တကယ် မုန်းမေ့ နိုင်လို့လား.. မင်းရဲ့ အတွေးထဲမှာ သူ့ပုံရိပ်ကို မင်းမေ့ဖျောက်ပစ် နိုင်လို့လား။ ပြီးတော့ မင်း သူ့ကို တကယ် စိတ်နာ ပြတ်သား နိုင်လို့လား

ဦးနှောက်က ၀င်ရောက် ဖြန်ဖြေ ပြန်သည်။

မင်းက အတွေးအခေါ် ဒသနတွေက ထွက်လာတဲ့ စကားလုံး ဆန်းဆန်း လှလှ တွေးစရာ တွေကို စွဲလန်းတတ် တာပဲ။ ပြီးတော့ အမုန်း သံယောဇဉ်ကို မမေ့နိုင်တာက ချစ်တာမှ မဟုတ်တာ။ မင်းက မင်းပတ်ဝန်းကျင်ကို ကောင်းမွန် မြင့်မြတ်တဲ့ လူ့လောက အဖြစ် မြင်ချင်လို့ အဆိပ်ပင် ရေလောင်းတဲ့ လုပ်ရပ်မျိုးကို မလုပ်နိုင် ဘူးဆို။ မင်းရဲ့ ခံယူချက်၊ ရပ်တည်ချက်တွေကို မေ၀၀ါး စေနဲ့လေ။ ဒီလို လူစားမျိုးကို ခွင့်လွှတ် နားလည် ပေးနေရင် သူတို့ ပိုရောင့်တက် အတင့်ရဲပြီး မင်းရဲ့ ရည်မှန်းချက် ပန်းတိုင်လဲ ယိုင်လဲ သွားလိမ့်မယ်။

အပြန်အလှန် မေးခွန်း ထုတ်နေရင်း စိတ်ရှုပ် လာတာမို့ စိတ်အငြီးပြေဖို့ အသစ် ၀ယ်လာသော အယ်လ်ဘမ် တစ်ချပ်ကို MP3 Player ထဲ ထည့်ပြီး ဖွင့်လိုက်စဉ် ကြားလိုက် ရသော သီချင်း တစ်ပုဒ်ကြောင့် စိတ်တိုတိုနဲ့ ထိုအယ်လ်ဘမ်ကို စက်ထဲက ပြန်ထုတ်ပြီး ခါးလယ်က ချိုးလိုက် မိလေတော့သည်။

(ဆက်ရန်)


2 comments:

သစ်နက်ဆူး said...

ရေခဲပြင်က ပန်းရေ....
ဗိုလ်အောင်ဒင် ဆိုခဲ့ ဘူးတယ်ဗျ....။
မုန်းရဲရင် လွမ်းရဲပါသည်....ဆိုပဲ..။

burmese said...

အချစ်မရှိပြထွက်၏
ကိုတေ