Tuesday, September 7, 2010

ပုခက်လွှဲကျယ် (အပိုင်း- ၂)

မိုးဖွဲဖွဲရွာလို့ မြေသိပ်နေပြီး လျှောက်လို့ ကောင်းတဲ့ သဲနီလမ်းကလေးက ခပ်တိုတိုပေမယ့် ဒီ လမ်း ပေါ်မှာပဲ တရက် ၂ချိန် တက်ရတဲ့ မူလတန်းနဲ့ အလယ်တန်း ကျောင်း၂ကျောင်းတောင် ရှိနေတာမို့ ကလေးငယ်တွေ ကျောင်းဝတ်စုံနဲ့ သွားလာ ကျောင်းတက်နေတာကို မနက် နေ့လယ် ညနေ နေ့ သုံးယံ စလုံးမှာ ကျောင်းတက် ကျောင်းဆင်း ချိန်တိုင်း ပျားပန်းခပ် စည်ကားနေတဲ့ လမ်းလေးပါ။ ဒါပေ မယ့် ညနေစောင်းလို့ လထွက်တပြူ ရောက်ရင်တော့ အေးဆေး ငြိမ်သက် တိတ်ဆိတ် လို့။ စာတမ်းအတွက် စာဖတ်များလို့ ငြီးစီစီ ဖြစ်မှုကနေ သက်သာဖို့ ၀ရန်တာ မှာ ရပ်ရင်း ငေးမောနေ မိတဲ့ သက်ထားက မျက်စောင်းထိုးအိမ်က မြင်ကွင်းတခုကြောင့် ရုတ်တရက် မှင်သက် အံ့သြ။ သေသေချာချာ မမြင်ရလို့ အကြံ ထုတ်ရင်း ခရီးထွက်စဉ်က အမှတ်တရ ၀ယ်ခဲ့တဲ့ အဝေးကြည့် မှန်ပြောင်းလေးကို သတိရသည်။ သင့်မသင့် ခဏလောက် စဉ်းစား ပြီးမှ သိချင်စိတ်ကို ထိန်းမရတာမို့ အခန်းထဲ ၀င်ယူပြီး ကန့်လန့်ကာ ကြားက ကြည့်လိုက်မိတော့…

ရွှန်းရွှန်းလက်နေတဲ့ သရက်ကိုင်းတွေရဲ့ အရိပ်အောက်က လရောင်အောက်မှာ မျက်နှာကို မော့ ရင်း မျက်စိ မှိတ် လျက် ငြိမ်ပြီး ရပ်နေတဲ့ ပါးကွက်ဝိုင်းမ… လက်၂ဖက်က ကလေးငယ်တယောက် လူ ကြီး ချီတာ ခံချင်လို့ မြှောက်ထား တဲ့ဟန်နဲ့။ အံ့သြစိတ်နဲ့ အတူ ဆေးပညာဆိုင်ရာ ဖြစ်နိုင်ချေ တို့က စိတ်ထဲမှာ ပြေးလွှား တွက်ချက်လို့… ဒီကလေးမ အိပ်မက်ယောင် နေတာလား။ ဒါမှမဟုတ် စိတ္တဇ ဖြစ် နေပြီလား… ဒါမှမဟုတ်… ၀ရန်တာကို ကြည့်ရင်းလဲ မဖြစ်သင့် တာတွေ ဖြစ်မသွားဖို့ ရင်တထိတ်ထိတ် ဆုတောင်းရင်း ဘာလုပ်ရမှန်းမသိ။ သူ့အိမ်က လူကြီးတွေ မသိကြဘူးလား။ ဖုန်းဆက်ပြီး အချိန်မီ ပြောမှ ထင်ပါရဲ့.. အို.. သူတို့ အိမ်မှာ ဖုန်းမှ မရှိဘဲ။ အဝေးကြည့်မှန်ပြောင်းကို မြှောက်လိုက် ချ လိုက် ပြာယာခတ်နေတဲ့ သက်ထား တယောက် … လင်းလင်းသာ နေတဲ့ လရောင်ဖြူ ၀ါထိန် အောက်မှာ ပါးကွက် ၀ိုင်းမ မျက်ခွံ လေးတွေ တဖြည်းဖြည်း ပွင့်လာတာ မြင်လိုက်ရမှ အသက် ရှူမိတော့သည်။ ၀မ်းနည်း အားငယ် လွမ်းဆွတ် နေသော မျက်ဝန်းလေးများ… နေ့လည်က စာသင်ခန်းထဲမှာ အတန်း ရှေ့ထွက်ပြီး ဂုဏ်ပြု သြဘာသံ လက်ခံ နေရစဉ်က မျက်နှာ ပြုံးပြုံးလေး နဲ့ တခြားစီ။ တန်းကနဲ ကျ လာတဲ့ မျက်ရည် တစကို ဖျတ်ခနဲ သုတ်ရင်း အိမ်တံခါးကို အင်မတန် လေးကန်ကန် ဖွင့်ရင်း အထဲကို ဖွဖွလေး ၀င်သွားပုံကို မျက်စိတဆုံး ငေးရင်း အရင် အပတ်က ဒေါက်တာ သက်ထား စုံစမ်းရရှိလာတဲ့ အချက်အလက်တချို့ကို သတိရသွားပြန်သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

သြော် ဒေါက်တာ က ပါးကွက်ဝိုင်းမလေးကို ချစ်လို့လား။ အင်းး ချစ်စရာ ချောလဲချော ဥာဏ်လဲ ကောင်းကိုးး အင်းလေ မျိုးရိုး ကလဲ သူ့အဘွားဆို ချောလွန်းလို့ အောက်ပြည်က လူတွေ လှေကို လချီစီးပြီး အထက်အညာထိ တက်ကြည့်ယူရတဲ့ အထိကို နာမည်ကြီးခဲ့တာကလား သူ့အမေလဲ ဒီလိုပေါ့။ ဒီကလေးမလဲ အပျိုဖြစ်လာရင် ဒီလိုပဲ နေမှာပါ။ ဒါပေမယ့် သူ့ အဖိုးသာ ခုနေ သူ့မြေးကို မြင်ရင် စိတ်ကောင်းမှာ မဟုတ်ဘူး။ သူ့အဖိုးက ပါးကွက်ဝိုင်းမ ၄တန်းနှစ်ကပဲ ဆုံးသွား တာလေ။ သူ့မြေးသူ ချစ်လိုက်တာ တုန်လို့ပေါ့ဗျာ။

ဦးကြီးက ဆွေစဉ်မျိုးဆက်ကိုသိတာပါလား။ ဘယ်လိုသိလဲ ဦးလေးရဲ့။ နောက်ပြီး သူ့အဖိုးက ဘာလို့ စိတ်မကောင်း ရမှာလဲ။

သြော် ဦးလေးက ပါးကွက်ဝိုင်းမရဲ့ အမေဘက်က အဖိုးအိမ်မှာ ကုန်ကားမောင်းခဲ့ဖူး တာကိုးကွယ့်။ သိပြီပေါ့။ သူ့အဖိုးရဲ့ ကျေးဇူး ကြောင့်လဲ ခုလို အိမ်ပိုင် ယာပိုင် နေနိုင်တာပါလေ။ ပြည်သူပိုင် သိမ်းတဲ့ ခေတ်မှာ အရေးပိုင်တွေ မြို့ကို မရောက်ခင် အသိမ်း မခံရခင် သူ့အဖိုးက သူပိုင်သမျှ ကုန်တိုက်နဲ့ ပွဲရုံတွေ ထဲက လိုချင်တာ မှန်သမျှ ကုန်ကားနဲ့ တစီး တိုက် သယ်သွား ပေတော့ ဆိုပြီးပေးခဲ့တာကွဲ့ … ဦးကြီးလဲ ခုလောက်ဆို နတ်ရွာသုဂတိ လားမှာပါလေ။

သြော် ပါးကွက်ဝိုင်းမ အဖိုးက သူဌေးကြီးလား

ချမ်းသာပြီကော ဆရာမရဲ့။ တမြို့လုံး ချမ်းသာသမျှ အကုန်စုတောင် သူ့အဖိုးကို မမီဘူး။ အိမ်ဖော် တွေက တန်းလျား လိုက်။ ပွဲရုံ ၀န်ထမ်းတွေက ရာချီနေတာ။ အဲလို သူဌေးသမီးက တမြို့တည်းသား စည်းကမ်းကြီး ဘီးစိပ် တိုက်တဲ့ တရုတ် မိသားစုက သားအငယ် အစိုးရ အရာရှိနဲ့ ညားပြီး အိမ်တွင်းမှု မနိုင် တော့ ဒီဘက် မိသားစုက မကြည်ဖြူ.. တခါ ပါးကွက်ဝိုင်းမ အဖေ ကိုလဲ မချမ်းသာလို့ အမေဘက်က အသိုင်းအ၀ိုင်းက နှိမ်တာ ပြောတာတွေနဲ့ ဆိုတော့ အိမ်ထောင်ရေး က မသာယာ ဘူးလေ။ ပါးကွက် ၀ိုင်းမ အဖေဘက်က အဖိုးအဖွားတွေက စီးပိုး တယ်။ ဒီကြားထဲ ပါးကွက်ဝိုင်းမရဲ့ အမေ ရန်ကုန်မှာ ကျောင်းလာ တက်တုန်း နောက်ပိုင်းက ဆွေမျိုးတွေက ဦးကြီး ဆုံးခါနီး အမွေတွေကို လက်ဝါးကြီး အုပ် လိုက်တယ်လေ။ အဲဒီ နောက်ပိုင်းမှာ သူ့အမေ နေရာမရ တော့ဘူးပေါ့။ ပါရဂူဘွဲ့ရ ချွေးမ အကြီး ကို ဖူးဖူး မှုတ်တော့ တာပေါ့။ ဒါတွေ ကြောင့်လဲ ဒီကလေးမကို အားကိုးပြီး အနိုင်ယူမယ်လို့ တလွဲ ဆံပင်ကောင်း တွန်းအားတွေ အဖေရော အမေကပါ ပေးတော့ တာပဲလေ။ ကျွန်တော့မှာ အိမ်ချင်းကပ် ဆိုတော့ သူတို့အိမ် ထဲက ပြောသံဆိုသံတွေက အတိုင်းသား ကြားရ တာကလား။ ဒါထက် ပါးကွက် ၀ိုင်းမက ဘာလို့ ဆေးခန်း ပြရတာလဲ ဒေါက်တာ.. မိုးမိပြီး ဖျားလို့လား။

ဟူးးး စိတ္တဇနာ လို့ ပြောရမယ် ထင်ပါရဲ့ ဦးလေးရယ်… မူးလဲလို့ပါ။ ဒီလောက် အရွယ် ငယ်ငယ်လေးနဲ့ သွေးအား နည်း တာ မဖြစ်သင့် ဘူး။ ဒါထက် ဦးလေးလဲ ခါးကို ဓာတ်မှန်တော့သွားရိုက်ဖို့ ကျွန်မ ဆေးစာ ရေးပေး လိုက်မယ်နော်။ ဒူလာနဲ့ လိပ်ခေါင်း ကတော့ စိတ်သိပ်မပူပါနဲ့ အဆိုးကြီး အဆင့် မရောက်သေးပါဘူး။ ပေးလိုက်တဲ့ ဆေးတွေ မှန်မှန်သောက်နော်။ ကုန်ကား မောင်း လာတဲ့ဒဏ်တွေလေ။ ဦးလေးပြောမှ သိတော့ အဆင်ပြေတာပေါ့။

ဟုတ်ကဲ့ ဒေါက်တာလေးရေ.. ကျန်းမာပါစေဗျာ ပြန်ဦးမယ်နော့
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

သမီး မအိပ်ဘဲ မှန်ပြောင်းကြီး ကိုင်ပြီး ဘာငိုင်နေတာလဲကွဲ့ အိပ်တော့လေ မေမေတောင် တရေးနိုးပြီ

ခုနက ပါးကွက်ဝိုင်းမလေ ၀ရံတာမှာ တယောက်တည်း မတ်တပ်ရပ်နေတာ အကြာကြီးပဲ အမေရဲ့။ သမီး စိတ်ပူလို့ ချောင်းနေ တာ
သူတို့ အိမ်က ကလေးပြုစုပုံ မှားနေတယ်ကွယ်… ဘာလဲ သမီးရဲ့ စာတမ်းအတွက် လေ့လာနေတာ မို့လား မေမေလဲ အခြေ အနေ ကြည့်ပြီး တရက်ရက် သူတို့အိမ် သွားလည်ရင်း စောင်းပါးရိပ်ခြည် တားမြစ် ပြောဆိုကြည့်ပါဦးမယ်ကွယ်

သမီးလေ မေမေ့လို ဆရာဝန် ပြီးတော့ ကလေးတွေကို နားလည်တတ်တဲ့ အမေ တယောက်ရတာ သိပ်ကို ကံကောင်း တာပဲ လို့ ပိုပို ခံစားမိလာတယ် သိလား။ ဒါထက် သူတို့ အိမ်ကို ဘာအကြောင်းပြ ပြီး သွားလည်မလဲ မေမေရဲ့

ခြံထဲမှာ ပိန်းပန်းတွေ ပွင့်နေပြီလေ။ ဘုရားပန်းတွေ အိမ်နီးချင်းနဲ့ မျှဝေ တာဟာလဲ ချစ်ဖို့ကောင်းတဲ့ တို့မြန်မာ့ ဓလေ့ပဲ မို့လား

အားကိုးလိုက်ရတာ … ဒါမှ ချစ်မေကွ

အမေ့ကို သိုင်းဖက်ရင်း သက်ထား တယောက် ခြံထဲက ပန်းလေးတွေကို ငေးရင်း အတွေး တခု လက်ခနဲ ၀င့်သွား လေသည်
သြော်… ပန်းလေးတွေလဲ ဥယျာဉ်မှူးကောင်းရဲ့ ပြုစုပျိုးထောင်မှု ရမှ လန်းဆန်းငွားစွင့် အားအင် အပြည့် နဲ့ ဖူးပွင့်နေခွင့် ရတာ ပါလား… ပန်းငုံ ပန်းဖူးလေး တွေလို နုနယ်လှတဲ့ ကလေးငယ်တွေ အနာဂတ်ဥယျာဉ်မှာ သန်စွမ်း လှပ စေဖို့ ဥယျာဉ်မှူး တွေကို သင်တန်းများ ပေးခွင့်ရရင်ဖြင့် … အတွေးနဲ့ပင် သက်ထား ရင်ခုန်နေမိလေသည်။

(အပိုင်း ၃ မျှော်ပါရန်)

1 comment:

သိင်္ဂါကျော် said...

စိတ်ဝင်စားစရာ ကောင်းတယ် မမရေ.. ဆက်ရန် မျှော်နေပါတယ်..
ကလေးတွေရဲ့ စိတ္တဇက လူကြီး မိဘတွေကြောင့် ဖြစ်လာရတာပါ..