Saturday, August 22, 2009

ရှမ်ဘဲလားသို့ အပြန်လမ်း (န၀မပိုင်း)

နီတိတွေ ဆိုရိုးတွေကို သံသယ များနေတဲ့အချိန်၊ အိပ်ရေး ၀၀ မအိပ်နိုင်လောင်အောင် ကိုယ် ရော စိတ်ပါ မအားရ မနားရတဲ့ အချိန်၊ အိပ်မိပြန်တော့ အိပ်မက်ထဲမှာ အိပ်မက် ပြန်မက်နေသေး… အိပ်မက်ကျမ်းထဲမှာ အဓိပ္ပာယ်ကို ရှာဖတ်မိတော့ ရက်ရက်စက်စက် အလိမ်ခံရမည်တဲ့။ မဲ့ပြုံးနဲ့ ရှက်ပြုံး ရောပြုံးမိတော့သည်။ စိတ်အာရုံတွေ ပင်ပန်းလွန်းလို့ သက်သာရာ ရစေဖို့ တရားစာအုပ် တအုပ်လောက် ကို အိပ်ချိန်ထဲက ဖဲ့ပြီး ဖတ်ချင်စိတ် ပေါ်လာသည်။ မဟာစည် ဆရာတော် ဘုရား ကြီးရဲ့ ဓမ္မစကြာ တရားတော် တွေကို ပြန်စုစည်း ထုတ်ဝေ ထားတဲ့ စာအုပ် လေးက အိမ်အပြောင်းမှာ ကံကောင်း ထောက်မစွာ စာအုပ်ပုံတွေ ကြားက ထွက်လာခဲ့တာမို့ တော်သေးတယ်လို့ စိတ်ကို ပြန်ဖြေ ရသည်။ စာအုပ်ကို မဲဖတ်နေရင်း…

နောက်ကျောဆီက ရိပ်ခနဲ ဖြစ်သွားလို့ လှည့်ကြည့်မိတော့ အမေ… ထူးထူးခြားခြား ၀တ်စုံနက်ကြီး ၀တ်လို့ မျက်လုံးစိမ်းကြီး ၀င်းဝင်းတောက်ပြီး ကျွန်မကို ကြည့်နေလိုက်တာ


လန့်လိုက်တာ အမေရယ်ယ်ယ်… အသံမပေး ဘာမပေးနဲ့ .. ဟင်င်င် လက်ထဲမှာ ဓားမြှောင်ကြီးက ဘာလုပ်…

စကားမဆုံးမီ ပြေးထိုးလိုက်သော ဓားချက်ကို ကမန်းကတန်း လွတ်အောင်ရှောင်ရင်း ခြေနင်းကွက်က ခံစစ်ကို အသင့်ပြင်လိုက်မိသည်

အမေ ဘာဖြစ်တာလဲ ဘာလုပ်တာလဲ အာာာ အမေ

တရစပ် နောက်က လိုက်ထိုးခုတ်နေတဲ့ ဓားချက်ကို ရှောင်ရင်း အခန်းထောင့်မှာ ချောင်ပိတ် မိသွားသည်။ ဘယ်လို လုပ်ရပါ့။

မြေးငယ်… တရားကို အာရုံပြုလိုက်

မယ်မယ်ရဲ့ အသံကို ဟိုးးးး အပေါ်ဘက်က ဆီက ကြားလိုက်ရသည်။ ထိုအခိုက်မှာပဲ ပိုင်းခုတ်ချ လာတဲ့ အမေ့ ဓားချက် ၀င်းကနဲ အလက်မှာ ကျွန်မရဲ့ ခန္ဓာကိုယ်က အပေါ်ဘက်ကို ပျံတက် သွားခဲ့သည်

မြေးငယ်.. အဲဒါ မြေးငယ်ရဲ့ အမေ မဟုတ်တော့ဘူး.. မြေးငယ် အမေကို သူတို့ သတ်ပြီး အမေ့ကိုယ်ထဲ မိစ္ဆာ ၀င်နေတာ.. မြေးငယ် ခံစစ်ချည့် မကစားနဲ့ တိုက်စစ်ဆင်တော့..

အို…

တခြားအချိန်မှာဆို ဒီစကားကြောင့် တခုခု ဖြစ်မှာသေချာပါသည်။ လက်ဖြစ်တတွက် အချိန်လေး အတွင်းမှာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ချလိုက်သည် ဘယ်အမေရင်းမှ ဒီလို ရက်စက်နိုင်မှာ မဟုတ်။ ခုလဲ အမေကိုယ်ကို မြင်နေရပေမယ့် မျက်လုံးတွေ အသားအရေတွေ ၀တ်စားဆင်ယင်ပုံတွေက အမေ့ ထုံးစံ မဟုတ်။ ဒါပေမယ့် ဘာပဲ ပြောပြော အမေ့ကိုယ်ခန္ဓာကို ကျွန်မက ဘယ်လိုမှ တိုက်စစ် မဆင်နိုင်ပါ။ လေထုလွှာထဲမှာ ဝေ့၀ိုက်ပျံသန်းရင်း အမေ့ကိုယ်ခန္ဓာကို အကဲခတ်တော့ သူကပါ ပျံတက် လိုက်ပါ လာခဲ့သည်။

လှစ်ကနဲ လှစ်ကနဲ ၀င်လာတဲ့ ဓားချက်တွေကို ခါးကို ကုန်းရင်း ငုံ့ရှောင်သည်၊ ခေါင်းကို လှန်ပြီး မော့ရှောင်သည်။ ကိုယ်ကို လှည့်စောင်းပြီး ရို့ရှောင်သည်။ ခြေအစုံကို ကွေးယူ ရင်း သွဲ့ ရှောင်သည်။ လေထဲမှာ ၀ဲကာပျံရင်း ကိုယ်အမူအရာတွေကို အသေးစိတ် တရစပ် စိတ်က လိုက်ပြီး တရားရှုမှတ်ရသည်။

ဝင့်ခနဲ ပေါ့သွားတဲ့ ခံစားချက် နဲ့ အတူ လေထု တလွှာအထက်ကို မြင့်တက်သွားတဲ့ ကိုယ့်ကိုယ်ကို သတိပြုလိုက်မိသည်။ တရစပ် တိုက်ခိုက်နေခဲ့တဲ့ အမေ့ ကိုယ်ခန္ဓာက အောက်မှာကျန်ခဲ့ပြီ။

ဘာလို့ ဒီလို လုပ်ရတာလဲ။ ကျွန်မ ရှင့်ကို ဘာလုပ်မိလို့လဲ
မင့်အသားကို စားမှ ငါက စွမ်းအားတက်မှာ.. မင်းအသားကို မစားရရင် ငါ သာမန် အဆင့်က တက်မှာ မဟုတ်ဘူး
ဒီနေ့ ဒီအချိန်ထိ ဘာတွေ စားခဲ့လို့လဲ
ဟားဟား ငါ့ကို ကိုးကွယ်နေတဲ့ လူတွေရဲ့ အသားတွေ အသွေးတွေကို နည်းနည်းချင်း စုပ်ယူ စားသုံး နေခဲ့တာပေါ့ကွဲ့  သိဒ္ဓိတင်တယ် ဆိုပြီး ခေါင်းကို သပ်ထားရင် ကျေနပ်နေကြတာ.. လောဘ သားတွေဟာ ငါရဲ့ သားကောင်တွေပေါ့… ငါက ငါ့ဆီ လာတဲ့လူတွေ ဆီကပဲ စားတာပါကွယ်..
ဒါဖြင့် ကျွန်မကိုတော့ ရှင်က ဘာလို့ ရန်လုပ်တာလဲ
ဟဲ့ နင်က ကိုယ့်အားကိုယ်ကိုးဖို့ လိုက် လှုံ့ဆော်နေတာကိုးး ငါ့စားအိုးပျောက်တာပေါ့
အယ် .. ဒါဖြင့် ရှင် ဘာလို့ အမေ့ကိုယ်ထဲ ၀င်ရတာလဲ
ဟားဟား ဒါမှ နင့်ကို သတ်လို့ ရမှာကိုးး မဟုတ်ရင် နင်က ပြန်ခုခံမှာလေ

ပြောပြောဆိုဆို သူမ ရှိနေတဲ့ လေထုအလွှာပေါ်ကို အမေ့ ကိုယ်ခန္ဓာက ပျံတက် လိုက်တဲ့အခါ ကိုယ်ပေါ်က အရေပြားတွေ စုတ်ပြတ် ထွက်သွားတာကို တွေ့လိုက်ရသည် အဆီပြင်ရဲရဲ အသားစိုင်တွေနဲ့မို့ မကြည့်ရက် နိုင်ပါ

ဆက်လိုက်တက်မလာခဲ့နဲ့… ဒီအလွှာက ရှင့်အတွက် မဟုတ်ဘူး ရှင်မတက်နိုင်ဘူး မနေနိုင်ဘူး ပြန်သွားပါ ဆက်လိုက်မတက်ခဲ့နဲ့
ငါလိုချင်တာကို ငါက ရအောင် အမြဲယူခဲ့တယ် ငါရအောင်ယူမှာပဲ
တောင်းပန်ပါတယ် ဆက်မလိုက်ခဲ့ပါနဲ့

အနာတရ ဖြစ်သွားတဲ့ ကျားဆိုးထက် သောင်းကျန်းစွာပဲ သူမကို သဲကြီးမည်းကြီး ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့ သွေးသံရဲရဲနဲ့ အမေ့ကိုယ်ကို သူမ ဘယ်လိုမှ မကြည့်ရက်ပါ ဓားချက်တွေကို ရှောင်ရင်း တိမ်းရင်းက သတိ အမှတ်ကို ခံစားချက်က ဖုံးလွှမ်း မသွားဖို့ အထူးသတိထား ကြိုးစားနေရင်းက သိမ့် ခနဲ ခံစားမှုနဲ့ အတူ သူမ ခန္ဓာကိုယ် တခုလုံး ငှက်မွှေးလေး တမှင်လို ပျော့ပျောင်းသွားတာကို ခံစားလိုက်မိတာနဲ့ အတူ နောက်ထပ် လေထု အဆင့် တလွှာပေါ် သူမ ရောက်နေခဲ့ပြီ

ညည်းက နောက်တဆင့် မြင့်အောင် တက်နိုင်တယ်ကိုးးး

ပြောပြောဆိုဆို အမေ့ကိုယ်ခန္ဓာက သူ့လက်သူ တချက်ကိုက်ပြီး သူမရှိရာ လေထု အလွှာဆီကို ထပ် လိုက်တက်လာခဲ့ချိန်မှာ

ဘုရားရေ…

သတိကြီးကြီးနဲ့ အမှတ်မပျက်အောင် ထိန်းထားတဲ့ ကြားထဲက အံ့သြမှုကြောင့် သူမ ဘုရားတ မိသည်… အမေ့ကိုယ်ခန္ဓာက အသားစိုင်တွေ မီးလောင် ပျောက်ဆုံး ကုန်တာများ တရှဲရှဲနဲ့ မြင်ရက်စရာ မရှိ.. တခဏ အတွင်းမှာ အရိုးစု သာ ကျန်တော့သည်

ကျေးဇူးပြုပြီး ဆက်မလိုက်ခဲ့ပါနဲ့တော့

အရိုးစုကြီးက လေးကွေး နှေးလွစွာနဲ့ သူမ နောက်ကို ဆက်လိုက်နေဆဲ… ငှက်မွှေးလေး လွင့်သလို လွင့်နေတဲ့ သူမ အတွက်က သတိ အမှတ်ကို တချက် မလွတ်အောင် သိမှတ်မှုကို သာ အားစိုက်ထားပြီး ဓားချက်တွေကို အထူး ရှောင်စရာ မလိုတော့… သူမကို မထိုးခုတ် နိုင်လောက်အောင် အရိုးစုကြီးက နှေးကွေးလေးလံ နေခဲ့ပြီလေ…

သနားလိုက်ပါဘိ… အသိတရား ရပါတော့ရှင်… ပြန်ပါတော့…

ရေတွင်းထဲက မီးစုန်း တက်လာသလိုပါပဲ.. ဟောက်ပက် ဖြစ်နေတဲ့ အရိုးစု မျက်ကွင်းကြီးထဲက စိမ်းစိမ်းတောက်နေတဲ့ မျက်လုံး အစုံက သူမကို စူးစူးဝါးဝါး ကြည့်ရင်းက ခြောက်တောက်တောက် အသံအက်ကြီးနဲ့ ပြောသံထွက်လာခဲ့သည်

ငါ မရရအောင် သတ်မယ် နင့်ကို ရမှ ငါကျေနပ်နိုင်မယ် ငါ ဒီလို ဖြစ်သွားရတာ နင့်ကြောင့်င့်င့်င့်

သူမစိတ်ထဲ ဖြာကနဲ လင်းသွားတာနဲ့ တပြိုင်နက် အသိတချက် လျှပ်ပြက်သွားခဲ့သည်။ လိုချင်တပ်မက်မှုနဲ့ ငါစွဲက မနာလို ၀န်တိုမှုနဲ့ ဒေါသမီးကို ထွန်းညှိုပြီး အမှန်တရားကို မောဟတံလျှပ်နဲ့ မမြင်ရအောင် ဖုံးကွယ်ပစ်ပြီး သတ္တ၀ါတွေကို အဆုံးစွန် လောင်မြိုက် စေလိုက်တာပါလား။ ကိုယ့်စိတ်ကို သတိကို မလွတ်စေရအောင် ရှုမှတ်ရင်းက လွင့်ကနဲ အတွေ့ကို ခံစားလိုက်မိသည်။ အတွေ့တွေကလဲ မမြဲလိုက်တာ ခဏလေး အတောအတွင်း လေးမျိုးပြောင်းခဲ့သလို နောက်ထပ် လေထု အလွှာ တဆင့်စီကို သူမ ပျံတက်သွားခဲ့တာကို တွေ့လိုက်ရသည်.

ဆက်မလိုက်ခဲ့နဲ့တော့နော်

ဘယ်လိုဖြစ်ဖြစ် အမေ့ကိုယ်ခန္ဓာ ဆိုတဲ့ အစွဲ အပြင် ကိုယ်နဲ့ ပတ်သက်ပြီး ဒုက္ခများနေတဲ့ သူ့ကို သနားလွန်းလို့ ပြောနေရင်း တန်းလန်းနဲ့ သူ ပျံတက်လိုက်ခဲ့ဖို့ ကြိုးစားတဲ့ အခိုက်မှာတော့….

အိုးးးး

သူမ ရှိရာ လေထု အလွှာက လေတွေက အရိုးတွေကို အမှုန့် ဖြစ်အောင် တိုက်စား လွှင့်ထုတ်လိုက်တာကို မျက်ဝါးထင်ထင် ခံစားချက် ကင်းစွာ မြင်လိုက်ရပါတော့တယ်။ ဘေးပတ်ဝန်းကျင်မှာ ကြယ်စင်တွေက တပွင့်ချင်း လင်းလို့… အာကာသထဲက တနေရာကို ဦးတည် ပျံသန်းနေကြသည်။ သူမလဲ တဖြည်းဖြည်းနဲ့ ကြယ်တွေနား ရောက်တော့ သူမလို သတ္တ၀ါတွေ ဖြစ်နေတာကို အံ့သြစိတ် ကင်းစွာ တွေ့လိုက်ရသည်။ တယောက်ကို တယောက် နှုတ်မဆက်ကြ.. မြင်ကာမတ္တနဲ့ အသိအမှတ်ပြုရုံလေး စိတ်ထဲ ပြုလိုက်မိသည်။ ပတ်ဝန်းကျင်က လင်းသထက်လင်းပြီး အလင်းပြင်ကျယ်ကြီးထဲမှာ သူမတို့ အားလုံး ပေါင်းစည်းမိလိုက်ကြလေသည်
***********************************************************

အားးး .. လင်းလွန်းလိုက်တာ

မျက်နှာကို အစွမ်းကုန် ရှုံ့ရင်း ကိုယ်လို လှိမ့်ချလိုက်ရင်းက လက်၂ဖက်ကို အားပြုထောက်ရင်း ထထိုင်မိတော့ မနက် ဆယ်နာရီ.. စူးရဲရဲ နေရောင်က သူမပေါ် လင်းဖြာ ကျနေလေတော့သည်။

ဇာတ်သိမ်းမျှော်


3 comments:

ထက်ထက် said...

အန်တီရေ မင်္ဂလာပါနော် အန်တီblogကို ဝင်ဝင်ဖတ်ဖြစ်တာ တော်တော်ကြာပြီ တင်တဲ့postတွေကို လိုက်ဖတ်နေတာ... ခုမှcommentမှာ ဝင်ရေးတာ... ဒီဝတ္ထုက အရမ်းကောင်းတယ်... အဲလိုဝတ္ထုမျိုးကို ဖတ်ရတာ ကြိုက်တယ် ဒီဝတ္ထုကို ရေးတဲ့ အန်တီကို အရမ်းကျေးဇူးတင်တယ်... နောင်လဲဆက်ရေးပါအုန်းလို့... :)

Army Soul said...

ဇာတ်သိမ်းပိုင်းကို မျှော်နေပါတယ်။

ဖတ်ရင်းနဲ့ ဘာရယ်တော့ မဟုတ်. အခြားအခြားသော အတွေးများပါ ရသွားတယ်။

ဦးကောဝိဒ(မြိတ်) said...

ခွန်မြလှိုင်ရေ...
ယခင်ရေးခဲ့တဲ့အပိုင်းတွေ မဖတ်ဖူးသေးပါဘူး၊ ခုဒါလေးဖတ်ပါဆိုလို့ ဖတ်လိုက်တာပါ။
အိပ်မက်နဲ့ ပတ်သက်ပြီး ၀တ္ထုဆန်ဆန်ရေးထားတာ ကောင်းပါတယ်။ တကယ်မဟုတ်ပေမဲ့ ဒီစာဖတ်တဲ့ သူတိုင်း အသိ တစ်ခုခုတော့ ရသွားနိုင်ပါတယ်။
ဓမ္မနဲ့ ပတ်သက်ပြီး မမြဲတဲ့သဘောတရားလေးကို လျပ် တပြက် ထည့်ရေးထားတာ တွေ့ရတယ်
မိဘပေါ် သားသမီးတို့ရဲ့ ရှိရင်းစွဲ မေတ္တာလေးကို လစ်ပြ ထားတာလဲ ကောင်းပါ့...........
ဆက်လက်ရေးသားနိုင်ပါစေ.........