Thursday, August 28, 2008

ရှမ်ဘဲလားသို့ အပြန်လမ်း (ဆဌမ ပိုင်း)

အလုပ်သစ် လျှောက်လို့ ရွေးချယ်ခံရပြီး သင်တန်းပါ အချိန်ပြည့် တက်နေရသောကြောင့် ပင်ပန်းသမျှ အိမ်ပြန်ရောက် သည်နှင့် တခါမှ ဆွဲဆောင်မှု မကောင်းဖူးသော အိပ်ရာက သံလိုက် ဓာတ် အပြည့်နဲ့ ဆွဲဆောင် နေလေသည်။ ခြေလက် ဆေးကြောပြီးတော့ ညစာပင် မစားရသေး.. ခဏလောက် လှဲလိုက် ဦးမယ် ဟူသော အတွေးကြောင့် အညောင်းပြေ အကြောဆန့် ပြီးမှ ဘုရားကို ရှိခိုးပြီး အိပ်မည်ဟု ဆင်ခြေ တေးထား လိုက်သည်။ ခြေ ဆန့် လက်ဆန့် လှဲချပြီး အကြောဆန့်ခိုက် မှေးခနဲ ဖြစ်သွားသည်။ သို့သော် စိတ်မသန့်လို့ လှည့်ကြည့်လိုက်တော့ လားလား..

အရိုးခေါင်းခြောက်နဲ့ အရိုးပဒေသာ တစ်ခုက ၀တ်ရုံမည်းကြီး ၀တ်လျက် လက်ကြီး ၂ဘက် ဆန့်တန်းပြီး ကျွန်မထံ လှမ်းလာ နေသည်မှာ ခြေလှမ်း ၃လှမ်းစာသာ လိုတော့သည်။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ… ဓမ္မံ သရဏံ ဂစ္ဆာမိ… သံဃံ သရဏံ ဂစ္ဆာမိ..

ဖြည်းဖြည်း မှန်မှန် ရွတ်ရင်း နှာသီးဖျားကို အာရုံစိုက်ကာ စိတ်ကို ငြိမ်အောင် ထိန်းလျက် ၀င်လေ ထွက်လေကို မှန်မှန်ရှု လိုက်စဉ် မဖြစ်စဖူး ထူးကဲသော အဖြစ်တခု ဖြစ်သွားလေသည်။
တရားမှတ်နေသော ခန္ဓာကိုယ် ထဲက လျှပ်စီးရောင် အလင်းကွင်းများ အကွင်းလိုက် အကွင်း လိုက် ပြန့်ထွက် သွားလေရာ ထို လှမ်းလာ နေသော အရိုးစုကို ထိပြီး အပိုင်းပိုင်း ပြတ်ကျ သွားခြင်းပင်.. သြော်… သနားပါတယ်

ဆက်လက် ရှုမှတ် နေခိုက် ဟိုအဝေး ခပ်လှမ်းလှမ်း ဆီမှာ ဆယ်ယောက်ထက် မနည်းသော ၀တ်ရုံမည်းနဲ့ အရိုးစုများ လက်ဆန့်တန်းလျက် လှမ်းလာနေဆဲ.. သူတို့ ကိုယ့်ဆီ ရောက်ဖို့ အချိန် နည်းနည်း လိုသေးသည်။ ထိုအခိုက် ဖျတ်ခနဲ အတွေး တချက် လက်လာခဲ့သည်။

ငါ တရားပြန်မှတ်ရင် ခုနလို အလင်းကွင်းတွေ ထွက်ပြီး သူတို့ အပိုင်းပိုင်း ပြတ်လို့ သေဦး မည်။ ဒါပေမယ့် ကုသိုလ် အထောက်အပံ့ မရှိဘဲ ဒီဘ၀ကို စိတ်စွဲရင် နောင်ဘ၀မှာ ဒီလို သတ္တ၀ါပဲ ပြန်ဖြစ်ရင် ပြန်လာ နှောင့်ယှက် ဦးမှာပဲ။ ဒီတော့ ငါ့အတွက် ဘာမှ အကျိုးမထူးသလို သူတို့လဲ ခဏခဏ သေရတဲ့ အတွက် ငါ့အပေါ် အမုန်း ရန်ငြိုးပဲ တိုးတာ အဖတ်တင်မယ်။ သူတို့ကို နှိမ်နင်း နေရရင် ငါမောတာပဲ အဖတ်တင်မယ်။ ဘယ်လို လုပ်ရပါ့… တရား အမှတ် ကို မပြတ်စေဘဲ သတိထားရင်း စကား တချို့ကို သူတို့ဆီ စိတ်ရွယ်ရင်း ပြောဖြစ်သည်။

အသင်တို့.. သင်တို့ကို ငါ ဒုက္ခ မရောက်စေချင်။ သံသရာမှာ ဘ၀ အဆင့်အတန်းတွေ တိုး တက်ဖို့ ဆိုတာ သူများ လုပ်ပေးလို့ မရ.. ကိုယ်တိုင် လုပ်မှ ကိုယ်တိုင် ရပါတယ်။ ကိုယ့်ဘ၀ တိုးတက်ဖို့ သူများကို နှောင့်ယှက် ဖျက်ဆီး ရုံနဲ့ မရ။ သူများက အမုန်းနဲ့ လက်စားချေရင် ကိုယ်ကျိုး နည်းပါလိမ့်မယ်။ အများ ကောင်းကျိုးလုပ်မှ တိုးတက် မှာပါ။ အများကောင်းကျိုး မလုပ်နိုင်ရင်တောင် သူများ အကျိုးကို မဖျက်ဆီး ပါနဲ့။ ငါ တသက်တာ ပြုခဲ့သမျှ ကုသိုလ် တွေကို အမျှ ပေးပါတယ်။ အမျှယူဖို့ သာဓု ခေါ်ပါ။ ပြီးတော့ ဒီ အတွေးအခေါ် တွေဟာ ဗုဒ္ဓက သင်ကြား ပေးတာမို့ ကျေးဇူးတင်ချင်ရင် ဗုဒ္ဓကို တင်ပါ။ ဒီတရားကို ဗုဒ္ဓ ဟောခဲ့တာ ဖြစ်ပါ တယ်။ ငါက ဗုဒ္ဓရဲ့ တပည့်သာ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ တရားကို ဆည်းပူး လိုက်နာရင် သံသရာမှ မကျွတ်လွတ်ခင် ကိုယ့်ဘ၀ တိုးတက် နိုင်ပါတယ်။ အမျှ.. အမျှ.. အမျှ

စကားဆုံးတော့ တရားကို ဆက်မှတ်ဖြစ်သည်။ ဒီအချိန်မှာ စောစောကလို လျှပ်ရောင် အလင်း ဖြူ ကွင်း မဟုတ်ဘဲ တံလျှပ်လို အရောင်မဲ့ လှိုင်းများ ကိုယ်ထဲက အကွင်းပြန့်လိုက် ဖြန့် ထွက် သွားသည်ကို မိမိကိုယ်ကို အံ့သြလျက် တွေ့လိုက် ရလေသည်။ ထိုအလင်းကွင်း များ သူတို့ ကို ထိတွေ့ မိသောအခါ အပိုင်းပိုင်းများ ပြတ်သွား လေမလားလို့ စိုးရိမ်စိတ်ဖြင့် ကြည့်မိတော့ အိုးးးး ၀တ်ရုံမည်းများ အားလုံး အဖြူရောင် ပြောင်းသွားကာ ကိုယ့်ဆီ ဆန့်တန်း ထားသော လက်များက လက်သည်းများ ကြွေကျပြီး ခုတော့ လက်အုပ်ချီလို့… အရိုးစုများက အသားများ ရုတ်ခြည်း ပြည့်လာပြီး အစွယ်များ ကြွေကျ သွားလေပြီ။ ငြိမ်းငြိမ်းချမ်းချမ်း လှည့်ပြန်သွားသော သူတို့ နောက်မှာတော့ ဒေါသ ထွက်နေသော သတ္တ၀ါ မည်းမည်းကြီး အကြီးကြီး တစ်ကောင်…

ရုတ်တရက် လန့်နိုးလာတော့ လူက နုံးခွေလို့… ထမင်းလုံး တစ္ဆေ ခြောက်ရအောင်က လူက ညစာ မစားရသေး။ ဘုရား မရှိခိုးဘဲ အိပ်မိလို့ အိပ်မက်ဆိုးမက်သလားလို့ တွေးရင်း အိပ်ရာ က လူးလဲထပြီး ရေမိုးချိုး၊ ညစာစား၊ ဘုရား ရှိခိုးပြီး အိပ်ရာ ၀င်ခဲ့ရလေသည်။ သို့ရာတွင် မကြာခဏ မက်တတ်သော ထိုအိပ်မက် များမှာ တခုနဲ့ တခု ဆက်စပ် နေတာမို့ စမ်းသပ် ချင်စိတ်က တားမရလို့ အိပ်မပျော်ခင် အဓိဌာန် တစ်ခု လုပ်ခဲ့မိ လေသည်။ စမ်းသပ် ချင်တာ ကလဲ အကြောင်း ရှိလေသည်။ ငယ်တည်းက အိပ်ပျော်နေလျက်နဲ့ စာထရေးခြင်း၊ တံခါး ထပိတ်ခြင်း၊ တအိမ်လုံးက တံခါးများကို ထစစ်ဆေးခြင်း၊ အိမ်သန့်ရှင်းရေး အမှိုက်လှည်းခြင်း စသည် များကို အိပ်မက်ယောင်ရင်း အစီအစဉ် တကျ ထလုပ်တတ်သော ကျွန်မမှာ မနက် မိုးလင်းလို့ အိပ်ရာက နိုးမှ အိမ်သားများက ပြန်ပြောပြလို့ သိရသည်မှာ ခဏခဏ။

ငါမက်တဲ့ အိပ်မက် များဟာ တစုံတခုကို စိတ်စွဲလို့ သို့မဟုတ် တခြား အကြောင်းအရာ တခုခု နဲ့ ဆက်စပ် ပတ်သက်လို့ မက်နေတာလား။ ဒါမှ မဟုတ် ငါ အိပ်ပျော်နေစဉ် ငါ့ စိတ်က ရုပ်နု ကို နှိုးပြီး တကယ် ကြုံတွေ့ ဖြစ်ပျက် နေတာတွေလား။ သေချာအောင် သိသာ ထင်ရှားအောင် သက်သေ တခု ဒီည အိပ်ပျော်ပြီး မနက်ကျရင် အဖြေတိတိကျကျ သိလာပါစေ။
***********************************************
ကိုရေ.. မိုးလင်းပြီး .. အိပ်ရာထတော့… အပြင် သွားစရာ ရှိတယ်.. မျက်နှာသစ် ထားနှင့်.. ကော်ဖီ ဖျော်ထားနှင့်မယ်

ပြောပြောဆိုဆို မီးဖိုခန်းထဲ ၀င်လာပြီး ကော်ဖီဖျော်ဖို့ လုပ်တော့ ကော်ဖီနဲ့ သကြားက အသင့် ရှိသော်လည်း နို့မှုန့် က ကုန်နေချေပြီ။ ထည့်သော ပုလင်းချင်းက ဆင်တူမို့ သေချာ အောင် နို့မှုန့်ကုန်တာလား သကြားကုန်တာလား ဆိုတာ ထပ်စစ်လိုက် သေးသည်။ အင်း ကုန်တာ နို့မှုန့် သေချာသည်။
ဟောတော့.. နို့မှုန့် ကုန်နေတာကိုးးး အင်း ဒီရက်ပိုင်း မုန်တိုင်း ကယ်ဆယ်ရေး ကိစ္စနဲ့ ခရီးထွက်ချည့် နေရတာနဲ့ အိမ်မှာ ဘာကုန်နေမှန်းတောင် သတိ မထားဘူး။ ကိုရေ မျက်နှာသစ်ပြီးရင် လမ်းထိပ် ဆိုင်မှာ နို့မှုန့် ၀ယ်ပေးဦးနော်.. နော်လို့.. ကြားလား
***************************************
ဟင်… ဘာရယ် ဘာတွေပြောနေတာလဲ.. ဘာလဲ အိပ်မက် ယောင်နေပြန်ပလား
အန်..
မျက်စိ ဖွင့်လိုက်တော့ မိုးစင်စင် လင်းလို့.. ဒါဆို.. အင်း.. အိပ်မက်ကို သေချာအောင် ပြန်စဉ်းစား လိုက်သည်။ နောက်တော့ ခင်ပွန်းသည်ကို စကား မပြန်နိုင်ဘဲ လှေကားအတိုင်း တရကြမ်း ဆင်းပြေးသည်။
ဟ… ဖြေးဖြေးဆင်းလေ.. ဘယ်လိုဖြစ်တာလဲ
အမျိုးသား အသံက နောက်က အလောတကြီး ထွက်လာသည်။ စကားပြန်မပြော နိုင်သေးဘဲ မီးဖိုးခန်းကို အပြေးဝင်သည်။ စင်ပေါ်က ပုလင်းများ ဆွဲချရင်း ပုလင်းများကို စစ်သည်။ ဟော.. တွေ့ပါပြီ..
ဘာဖြစ်တာလဲ… အလန့်တကြားနဲ့.. ဟင်.. နို့မှုန့် ပုလင်း အခွံကြီး ကိုင်ပြီး ဘာတွေ ငိုင်နေ တာလဲ.. ဘာဖြစ်ပြန်တာလဲ.. အာာာာ လုပ်ပြီ။ ရော့… ဒီမှာထိုင်.. လာ.. ရေသောက် လိုက် နော်… ဖြည်းဖြည်းသောက်.. ပေးပေး ဒီပုလင်း… ကို လမ်းထိပ် ထွက်ပြီး နို့မှုန့် ၀ယ်လိုက် ဦးမယ်.. ဟုတ်ပါရဲ့ .. နို့မှုန့် ကုန်နေတာ သတိတောင် မထားမိဘူး။ အိမ်ပြန် မအိပ်ဖြစ်တာလဲ ကြာပြီကိုးးး ဘာရှိလို့ ဘာကုန်နေမှန်းတောင် မမှတ်မိတော့ဘူး… မောနေရင် ငြိမ်ငြိမ် ထိုင်နေ နော်.. ကို မြန်မြန်သွားပြီး မြန်မြန် ပြန်လာမယ်

ပြောပြောဆိုဆို အပြင် ပြန်ထွက် သွားသော ခင်ပွန်းသည်ရဲ့ နောက်ကျောကို ငေးကြောင်ကြောင် ကြည့်ရင်း ပါးစပ်အဟောင်းသားနဲ့ ကျွန်မ သတိ ပြန်ဝင်လာတော့ White Board ပေါ်မှာ စာလုံး သုံးလုံး ချရေး မိလေသည်။
Dreams come true!!!
**********************************************
(ဆက်လက် ဖော်ပြ ပါမည်။)


No comments: