Sunday, November 9, 2008

ရှမ်ဘဲလားသို့ အပြန်လမ်း (အဌမပိုင်း)

ဒီရက်ပိုင်း အလုပ် များလိုက် သမှ ကောင်းကောင်းတောင် မနားရ၊ ပင်ပန်းလွန်းလို့ အိပ်ရာဝင်တဲ့ အချိန် တွေက နောက်ကျ နဲ့မို့ အိပ်လိုက်ရင် တချိုးတည်း သိုးခနဲ အိပ်ပျော် သွားလိုက်တာ ဘာအိပ်မက်မှ မက်ချိန် မရ၊ နှိုး စက်သံ နာခံရင်း နောက်နေ့ မနက်ကို ဖြတ်သန်း ရနဲ့။ ဒီလိုနဲ့ တစ်ရက် ကတော့ နောက်နေ့ နေ့လယ် တစ်နာရီက စလို့ သာ အလုပ် ရှိတော့ တာမို့ အားရ ပါးရ အိပ်ဖို့ အိပ်ရာပေါ်မှာ အကျအန နေရာ ယူပြီး အိပ်မပျော်တပျော် ဖြစ်တုန်း…
**************************************************************************

ဒေါက်… ဒေါက်.. ဒေါက်
ဘယ်သူများ ပါလိမ့်.. အိပ်ရာက လူးလဲ ထရင်း တံခါးဖွင့်တော့ ကိုကြီး..

သြော် .. လာလေ ကိုကြီး အကြောင်းထူး ရှိလို့လား

အင်းးး ညီမလေး အတွက် ဆေးလာပို့တာ။ ရော့ သောက်လိုက်ဦး

အိုးးး ညီမလေး ဆေးသောက်ဖို့ မေ့နေတာ.. ကျေးဇူးကိုကြီး

ဇီးကင်းခန့် ရွှေရောင် ဆေးလုံး လေးကို ကျောက်ပျဉ်ပေါ် တင်သွေး လိုက်တော့ အစိမ်းရောင် ဆေးနှစ်များ ထွက်လာသည်။ ဒါကို ပန်းကန်လုံးလေးထဲ ထည့်ပြီး ကိုကြီး ကမ်းပေးသော ဆေးကို လှမ်းယူ မော့သောက်ရင်း စိတ်ထဲမှာ ထိုင်းမှိုင်း သလို ဖြစ်လာ တာကို သတိ ထားလိုက် မိစဉ်

ညီမလေး.. ကိုကြီးကို ကြည့်စမ်း

အိုးးးး ကိုကြီးမျက်လုံးထဲက ရောင်စဉ်တွေက ကိုယ့်မျက်လုံးထဲ ဖောက်ဝင်တော့မလိုလို.. လူက တအား ထိုင်း မှိုင်း လေးလံ လာရင်း လွတ်ထွက် မတတ် ဖြစ်နေတဲ့ သတိ တွေကို စုစည်း လိုက်ရင်း တရား မှတ်ရင်း ကိုကြီးရဲ့ မျက်လုံး များကို ပြန် လည် စူးစိုက် ကြည့်လိုက် မိစဉ်

ကိုကြီးရဲ့ ကိုယ်ထဲက လျှပ်ပြက်သလို လင်းဖြာ ထွက်လာသော အလင်းတန်းမျှင် များကို ကိုယ့်ခန္ဓာကိုယ်က အစွမ်းကုန် စုပ်ယူ သိုလှောင် ထားလိုက်သည်ကို မိမိဘာသာ တွေ့လိုက်ရလေသည်။
အားးးး
ကိုကြီးးးး
မြေးငယ်… ဘာဖြစ်တာလဲ.. ဘိုးဘိုးဆီ လာဦး
ရှင် .. ဟုတ်ကဲ့ ဟုတ်ကဲ့
ထိုင်ခုံပေါ် ခြေပစ်လက်ပစ် နွမ်းလျစွာ ကျသွားသော ကိုကြီးကို တချက် လှည့်ကြည့်ရင်း လာခေါ်သူနောက် ကမျောသောပါး လိုက်လာစဉ် သူက နံရံကို ဖောက်ထွက် သွားခဲ့သည်။ ကိုယ်လဲ သူ့လို နံရံကို မဖောက်ဝင်ခင် နှစ်ကိုယ် ခွဲလျက် တစ်ကိုယ် ကို ထားခဲ့ပြီး သွားသင့်သလား ဒါမှ မဟုတ် တခါတည်း လိုက်သွား သင့်သလား စဉ်းစားစဉ် ဘေးနားက အသံ တစ်သံက သတိပေး လာသည်။

မချန်ထားနဲ့.. မသမာသူ တစ်ယောက်က မင့်ရဲ့ ၀ိညာဉ် ချက်ကြိုးကို ဖြတ်လိုက်ရင် မင်း တခါတည်း အပြီး ဘ၀ပြတ် သွားလိမ့်မယ်။ ဒီအတိုင်းပဲ လိုက်သွား

သြော်.. ဟုတ်ကဲ့

နံရံကို ဖောက်ထွက်လိုက်တော့ ဟိုမှာ ဘက်ခြမ်းမှာ မြူငွေ့ အပြည့်နဲ့ လဟာပြင်ကြီး.. ငှက်မွေး တစ်မျှင်လို လွင့်မျောနေ ပေမယ့် ဘိုးဘိုး ရှိလောက်ရာ နေရာ ဘက်ဆီက သံလိုက်စက်ကွင်းလို ဆွဲအား တမျိုး ရှိနေတာမို့ အဲဒီဘက်ကို အာရုံခံပြီး အလျားလိုက် လွင့်မျော ပျံသန်း သွားနေစဉ် မြင်လိုက်ရသော မြင်ကွင်းကြောင့် အလွန် အံ့အား သင့်ရ လေသည်။
အလျားလိုက် ဖြတ်သန်း ရသော မြူခိုး လွင်ပြင် တလျှောက်မှာ ရှမ်းဦးလေးကြီး ညီနောင်၊ အညာ ပုဆိုးကြမ်း တိုက်ပုံနက် ရင်ဘတ် ကြယ်သီးမတပ်ဘဲ ၀တ်လျက် ဆံရှည် ဦးကြီး။ တခေါင်းလုံး ဆံပင်တွေ ဖြူနေလျက်နဲ့ ဆံထုံးအကြီး ကြီး နဲ့ ရှေးခေတ်ပုံ ဘွားဘွား ကြီးများ၊ အဖြူ ၀မ်းဆက် ရှေးခေတ် မင်းသား အင်္ကျီ၊ တောင်ရှည်ပုဆိုး တို့နဲ့ ချောမော ခန့်ညား သော အကိုကြီး တစ်ယောက်၊ သူတို့ တွေကို ဖြတ်ကျော် လာတော့ အိန္ဒိယ လူမျိုး ဆံထုံးမှာ မြွေပတ် နေသော ဦးကြီးနဲ့ ဇနီး၊ မျက်နှာ ပြုံးချို ရွှင်သာ လှသော ကလေးငယ် တစ်ဦး၊ ကြာပွင့် ပလ္လင်ပေါ် ထိုင်နေသော အလွန် ချောမော လှပ သ လောက် လက်မောင်း တွေ အများကြီးနဲ့ အိန္ဒိယ ပျိုဖြူ တစ်ဦး၊ လူလို ၀တ်ဆင် ထားရုံ မက လက်ထဲ တင်းပုတ် လုံးလုံးကြီး တစ်ခု ကိုင်လျက် မကိုဋ် ဆောင်းထားသော မျောက်ဖြူ ကြီး တစ်ကောင်။ ဒါ သူတို့ နေရာလားလို့ တွေးရင်း ကိုယ်ကတော့ ဆက်လက် ပျံသန်း နေဆဲ။
အချိန်တော်တော်ကြာ မြူငွေ့ ဖြူဖြူများကြား ဆက်လက် ပျံသန်း ပြီးတော့မှ တနေရာ ရောက်တော့ လမ်းဆုံး တော့မလို ခံစား ရသည်။ ထိုအခိုက်မှာ မိမိ မျက်လုံးမှ မီးမောင်းသဖွယ် အလင်းတန်း ထွက်လာသည်ကိုလဲ ကိုယ့်ဘာသာ အံ့သြစွာ တွေ့လိုက်ရ လေသည်။ စောစောကတော့ မြူငွေ့ ဖြူဖြူ များကြောင့် ကြည့်လေရာ လက်တကမ်းစာသာ မြင်ရသည်မို့ ခံစားချက်ကို လိုက်ပြီး ရမ်းသမ်း လာခဲ့ ရသည်။ ခုတော့ မျက်လုံး မီးမောင်း ကြောင့် သေချာ မြင်ရပြီ။ ကြည့်လိုက်တော့ အလျားလိုက် ဥမင် လိုဏ်ခေါင်း က လမ်းဆုံး နေပေမယ့် အပေါ်အောက် ဒေါင်လိုက် ဖောက်ထားသော ဥမင် လိုဏ်ခေါင်း ကြီးရဲ့ လမ်းကြောင်းပေါ်မှာ ကိုယ်ရောက် နေသည်ကို အထင်းသား တွေ့လိုက် ရသည်။ အောက်ကို ငုံ့ မကြည့်မိဘဲ အပေါ်ကို တရှိန်ထိုး ပျံတက် လာခဲ့တော့ လမ်းတ လျှောက် ကိုလည်း မကြည့်မိ။ အပေါ်ဆုံး ရောက်တော့ ခန်းမကျယ်ကြီး တစ်ခုနှင့် လမ်းဆုံး သွားလေသည်။ ခန်းမကျယ်ကြီး ထဲကို ပျံသန်း ၀င်ရောက် မိစဉ် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ရင်ထဲမှာ ၀မ်းနည်း ၀မ်းသာ ငိုချင် စိတ်များ ပြည့်လျှံ တက်လာ ခဲ့သည် ကို မိမိဘာသာ ပြန်သတိ ထားလိုက် မိသည်။

အစည်းအဝေး ခန်းမ ထဲက ကြာဖြူပွင့် ပလ္လင်များ ပေါ်မှာ အသီးသီး ထိုင်နေ ကြသော သူများ။ အားလုံးက ၀တ်စုံဖြူများ ၀တ်ဆင်လျက် ကြည်လင် အေးမြ ငြိမ်းချမ်းသော မျက်နှာ မျက်လုံး များနှင့် ကိုယ့်ကို ကရုဏာ သက်စွာ ၀ိုင်းကြည့်လို့

မြေးလေး.. တော်တော် ပင်ပန်း သွားပြီလား။ လူ့ပြည်ကို လေ့လာ ချင်လွန်းလို့ ဆိုပြီး အလည်သွားတာ ကြာလှချည့်။ ခုမှ တခေါက် ပြန်ရောက် လာတော့တယ်။ မြေးလေး ဘာတွေ လေ့လာလို့ တွေ့ခဲ့လဲ ပြောပါဦး။

ဘိုးရယ်.. ကိုကြီးလေ ဘာဖြစ်တာလဲ မသိဘူး .. သမီးကိုတိုက်တာ ဘာဆေးလဲ မသိဘူး။ ဆေးတိုက်ပြီး သူလဲ ဘာဖြစ်…

အဘိုးက လက်ကာပြလိုက်တာမို့ စကားစ တပိုင်းတန်းလန်း

မြေးလေး ရဲ့ ကိုကြီးက မြေးလေး ကို ချစ်ပေမယ့် မြေးလေး ကို သူ့လက် အောက် မှာပဲ ထားပြီး စောင့်ရှောက် ချင်ပေမယ့် မြေးလေးက သူ့ထက်သာ သွားတော့မှာမို့ မြေးလေးကို သူ့စိတ်တန်ခိုး လွှမ်း မိုးမှု အောက်မှာပဲ ထားချင်လို့ ဆေးတိုက်ပြီး စိတ်ညှို့ခဲ့တာ။ မြေးလေးက စိတ်ဖြူစင်ပြီး သတိ တအား ကောင်းတဲ့ အတွက် သူ့ရဲ့ အတ္တ မစင်တဲ့ စိတ်တန်ခိုးက မြေးရဲ့ စိတ်တန်ခိုးကို မကျော် နိုင်လို့ ခုတော့ သူ့တန်ခိုး အားလုံး မြေးလေးဆီ ရောက်သွား ခဲ့ပြီ။ သူဟာ ကိုယ့်စိတ်ကို ဖြူစင် နေအောင် သတိထား စောင့်ထိန်းမှု မပြု နိုင်ဘဲ သူတပါး ကိုယ့်ထက် သာမှာ မလိုလားတဲ့ စိတ် ကြောင့် ခုတော့ သူကျင့်ကြံ ထားသမျှတွေ အကုန် ပျောက်ပြီး သာမန်လူ ပြန်ဖြစ် သွားခဲ့ပြီ.. ကိုယ့်အတွက် အဓိက အရေးကြီး ဆုံး စောင့်ကြည့် ရမှာ ကိုယ့်စိတ် ပါပဲ။ ကိုယ် အရေးကြီးဆုံး စောင့်ရှောက်ရမှာ ကိုယ့်စိတ် ဘယ်အကြောင်းနဲ့မှ မညစ်နွမ်း ဖို့ပါပဲ။

သြော်.. ဒါဆို ဘိုးတို့က မြေးကို စောင့်တော့ ကြည့်နေခဲ့တယ်ပေါ့.. ဒါဖြင့် မြေး ဆေးရုံပေါ်မှာ သေကောင် ပေါင်းလဲ ဖြစ်နေ တုန်းက ဘာလို့ မကူတာလဲ.. မြေး မိစ္ဆာ တွေ၊ သရဲ တွေနဲ့ ရင်ဆိုင် နေရချိန်က အဘိုးလဲ မလာဘူး။ မယ်မယ်လဲ ဘယ် ရောက်နေလဲ မသိဘူး

ဝင်မကူ ပေမယ့် မြေးကို စောင့်ကြည့် နေခဲ့ပါတယ်။ မြေး ရင်ဆိုင် နိုင်ခဲ့သားပဲ။ ခုဆို မြေးက ဒီက ထွက်သွား ခါစ မြေး မဟုတ်တော့ ဘူးလေ။ ဒါထက် ပြောပါဦး။ ဒီက မထွက်ခင် ကတော့ ဂင်္ဂါ ၀ါဠု သဲစု မက ဘုရားတွေ ပွင့်သွားပြီး ဒီလောက် တရားတွေ ဟောသွား လျက်နဲ့ လူ့လောကမှာ လူတွေ ဘာဖြစ်လို့ အကျွတ်တရား မရနိုင် ဖြစ်ရတာလဲ။ ချွတ်ရ ခက်တဲ့ အကြောင်း ရင်းကို လေ့လာ ဦးမယ် ဆို။ ခုတော့ ဘာတွေများ လေ့လာ တွေ့ရှိ ခဲ့သလဲ ပြောပါဦး မြေးရဲ့။

တစ္ဆေ မိစ္ဆာ တွေနဲ့ ယှဉ်ပြိုင် တိုက်ခိုက် ရင်းနဲ့ ရလာတဲ့ အသိက

တစ္ဆေ မိစ္ဆာ ဘ၀ကနေ ကျွတ်လွတ်ပြီး ကောင်းရာ ဘုံဘ၀ကို ရောက်ဖို့က ကုသိုလ် ကောင်းမှုလုပ် အမျှဝေလို့ သာဓု ခေါ်ရင် တစ္ဆေ မိစ္ဆာတွေရဲ့ အမွေးကြမ်း၊ အစွယ်၊ ဦးချို၊ ခြေစွယ် လက်စွယ်တွေ ကျွတ်ရတယ်။ အဲဒါတွေ ကျွတ်တဲ့ အချိန် အနာခံ ရတယ်။ အဲလို အချိန်မှာ သူတို့ထက် ပိုဆိုး၊ ပိုအားကြီးတဲ့ တစ္ဆေကြီး မိစ္ဆာကြီးတွေက လာရောက် အနိုင်ကျင့်တာ ခံရတဲ့ အချိန်မှာ ခံနိုင်ရည် ရှိဖို့ လိုတယ်။ ဒါပေမယ့် အဲလို ခံရချိန်မှာ မိစ္ဆာကြီး တွေရဲ့ သူလျှို ဒလန် တွေက ကုသိုလ်လုပ် အမျှ ဝေတဲ့ နည်းနဲ့ သူတို့ အစွယ် တွေကို လာချွတ်လို့ တခြား တစ္ဆေတွေ လာတိုက်တဲ့ အခါ ပြန်ခုခံ စရာ မရှိလို့ ခုလို နာကျင် ခံစား ရတာ၊ ရှုံးနိမ့် ရတာလို့ အထင်မှားတဲ့ အတွက် ကောင်းမှု လုပ်ဖို့ ကြောက်တယ်။ အမျှပေးရင် သာဓု မခေါ်ရဲ တဲ့အပြင် ပိုစိတ်ဆိုးပြီး ရန်လုပ်တယ်။ ပိုမြင့်တဲ့ ဘုံဘ၀ကို ရောက်ဖို့ အတွက် တစ္ဆေ မိစ္ဆာ ဘ၀ကနေ သေမှ ဒီဘ၀က ကျွတ်ပြီး နောက်ဘ၀ကို ရောက်တာ။ ဒီအတွက် အနာခံ အသေ ခံ ရတယ်။ တဘ၀ ချုပ်ငြိမ်း ဇာတ်သိမ်း ပေးရတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်ကို သူတို့ မသိလို့ နားမလည်လို့ သေရမှာ ကြောက်ကြတယ်။ ဒါကြောင့် သူတို့ တစ္ဆေ၊ မိစ္ဆာ ဘ၀က မကျွတ်နိုင် ကြတာ။
လူတွေ မကျွတ်နိုင် ကြတဲ့ အကြောင်း ကလဲ ဆင်တူ ပါပဲ။ သူတို့ စိတ်ဓာတ် လုံခြုံမှု အတွက် မာန ဦးချိုတွေ၊ အတ္တ အစွယ် တွေကို အားကိုးရာ အဖြစ် ကိုးကွယ် နေကြတယ်။ အဲဒီ မာနတွေ အတ္တတွေ ချထားရင်း သည်းခံစိတ် မွေးဖို့ ကြိုးစားချိန်မှာ သူတပါးက စီးတာ၊ ကြောတာ၊ ဗိုလ်ကျ၊ အနိုင်ကျင့် နှိပ်စက်တာ ခံရချိန်မှာ ဒေါသ၊ အတ္တ၊ မာန တွေကို ပြန်ကောက်ပြီး ရန်တုံ့မူဖို့၊ ကာကွယ်ဖို့ ကြိုးစားကြတယ်။ ဒါနဲ့ပဲ သံသရာ လည်နေ ကြတယ်။ လူသားအချင်းချင်း ကိုယ်ချင်းစာစိတ်နဲ့ ဖေးကူ လိုက်ရတဲ့ ပီတိကို ခံစား တတ်လောက်အောင် အသိတရား မပြည့်ဝ ကြသေးဘဲ အချင်းချင်း ဗိုလ်ကျ လိုက်ရတာ၊ ကြောလိုက်ရတာ၊ ဟိန်းဟောက် အနိုင်ကျင့် လိုက်ရတာကို အရသာထင်၊ ကျေနပ် ပီတိ ဖြစ်နေတဲ့ သားရဲ တိရစ္ဆာန် စိတ် ဓာတ် အထုံပါတဲ့ လူတွေ များနေ ကြတယ်။

လောကီ လူသားတွေ စိတ်ဓာတ် ငြိမ်းချမ်း ဖြူစင်နေအောင် ကြိုးစားတဲ့အချိန် သူတို့ ရင်ဆိုင် ရတဲ့ အရေးကြီးတဲ့ အခက်အခဲ တစ်ခု ရှိသေးတယ်။ အဲဒါက ချက်ချင်း မြင်သာတဲ့ အချိန် အတော အတွင်းမှာ အနစ်နာ ခံရတော့ ကိုယ်၊ ကောင်းကျိုး ခံစား ရတော့ သူတပါး ဖြစ်နေတာပဲ။ ဒါကို မကျေမနပ် ခံစားရသလို၊ တချို့ ကျတော့ ကံရဲ့ အကျိုး ဆိုတာ ဘာလဲလို့ သံသယ ပြန်ဖြစ် လာတာပဲ ဘိုးဘိုး။ ကိုယ်က ကောင်းရပြီး ခံစားရတော့ ဆိုးတဲ့သူက ကောင်းကျိုး ခံစား ရတယ် လို့ မြင်ကြ တာကိုးး။ ကောင်းတာ လုပ်ရင် ကောင်းကျိုး ခံစား ရတာက ရေရှည်မှ မြင်သာတဲ့ အခါကျ မှတ်ဥာဏ်က ဆက်စပ် စဉ်းစားဖို့ မေ့ပြီလေ။ ဒါ့အပြင် လူသားတွေ မစဉ်းစား မိတဲ့ နောက် အချက် တစ်ချက် ရှိသေးတယ် ဘိုးရဲ့။ ဒါကတော့ ကောင်းမှုကံ စေတနာ ဆိုတာကို တလွဲ အသုံးချ နေတာပဲ။ သူတပါး ကောင်းစား ပါစေ ဆိုတဲ့ စိတ်စေတနာနဲ့ ကောင်းမှု လုပ်တာ နည်းပြီး ငါကုသိုလ်ရပြီး တနေ့ ကောင်းကောင်း ခံစားရပါစေ ဆိုတဲ့ စိတ်နဲ့ ကောင်းမှု လုပ်နေတာ များနေတယ်။ အဲဒီ တည်းက သူတို့ စိတ်စေတနာက ကိုယ်ကျိုးဖက်ပြီး အတ္တများနေလို့ အကျိုးပေး လျော့နေပြီလေ။ တချို့များ ငါကုသိုလ် ရဖို့ ဆိုတဲ့ အဆင့်တောင် မဟုတ်တော့ဘဲ ကျေးဇူး အကြွေးချ ထားပြီး ငါက ကျေးဇူးရှင်နော် ကျေးဇူးသိတတ်ပါ ဆိုပြီး အတိုးနဲ့ မွေးပြီး ကိုယ်ကျိုး ရှာတာ တွေတောင် တအား များလာ နေပြီ ဘိုးဘိုး။ မြေးစိတ်ထဲ ဘ၀င်မကျဆုံး အချက်က လူ့ပြည်မှာ သာသနာ့ ၀န်ဆောင် သူတော်ကောင်း တွေ အစုလိုက် အပြုံလိုက် ဖမ်းဆီး နှိပ်စက် သတ်ဖြတ် ခံရတာ ခဏခဏ ဖြစ်နေပြီ။ သူတော်ကောင်းကို သူတော်ကောင်း တရားနဲ့ တကွ နတ်ကောင်း နတ်မြတ် တွေက စောင့်ရှောက်တယ်ဆို၊ ခုတော့ ဘာလို့ တရားက ပြန်မစောင့် နိုင်တာလဲ။ ဘာကြောင့် နတ်ကောင်း နတ်မြတ် တွေက မစောင့်ရှောက်တာလဲ။

ဒါကတော့ မြေးရယ်။ တရားက ပြန်စောင့်ရှောက် ချင်ပေမယ့် အဲဒီ သူတော် ကောင်းက အတိတ် ဘ၀က အကုသိုလ် ပါလာလို့ အဲဒီ အကုသိုလ်က ပြန်အကျိုးပေး တဲ့အချိန် အနှိပ်စက် အသတ်ဖြတ် ခံရ တာပါ။ မြတ်စွာဘုရား ကိုယ်တော်တိုင် တောင် ၀ဋ်ပါတော့ ၀ဋ်ခံ ရတာပဲ မဟုတ်လား။ သာမန် သူတော်ကောင်း ကတော့ ပြော စရာ မရှိပါဘူးကွယ်။ နတ်ကောင်း နတ်မြတ်တွေ မစောင့်ရှောက်နိုင် ရတာလဲ အကြောင်း ရှိတယ်ကွယ့်။ ခုချိန်က အပါယ် လေးဘုံ သား သတ္တ၀ါတွေ လူပြန်ဖြစ်တာ များနေတဲ့ အချိန်အခါ ဖြစ်နေတယ်။ နတ်သက် ကြွေပြီး နတ်က လူဖြစ်တာ များတဲ့ အချိန် ခေတ်ကာလမှာ ဆိုရင်တော့ ဒီလောက် မဆိုးရွား လှပါဘူး။ ခုတော့ ဘုရား ပရိနိဗ္ဗာန် စံပြီးစ၊ ဘုရား ချွတ်ထားလို့ ပါရမီ ရင့်ပြီး သား လူ၊ နတ်၊ ဗြဟ္မာ တွေက ကျွတ်တမ်း ၀င်ကုန် ကြတဲ့ အတွက် ပါရမီ နုသေးတဲ့ နောင်ဘုရားရှင် တွေရဲ့ သာဝက တွေပဲ ကျန်တာ ဆိုတော့ သာဝက အားနည်း နေတဲ့ အချိန်ကိုးကွယ့်။ ဒီကြားထဲ နတ်မိစ္ဆာ တွေက လာနှောင့်ယှက်လို့ နတ်၊ ဗြဟ္မာ တချို့ လဲ ကောင်းကောင်း မနေရဘဲ စစ်တိုက်ရ သကွဲ့။ ဒီအချိန် အတော အတွင်းမှာ လူ့ပြည်ကို မစောင့်ရှောက် နိုင်တော့ သာသနာ့ ၀န်ထမ်း ရဟန်း ရှင်လူတွေ နှိပ်စက် သတ်ဖြတ် ခံရ တော့တာပေါ့။ စစ်ပန်း နေတဲ့ နတ်ဗြဟ္မာ တွေလဲ စစ်နိုင်လို့ ခုတော့ ပြန် အားယူတဲ့ အနေနဲ့ ၀ါတွင်း ဥပုသ် သီလ စောင့်နေ ကြပါတယ်။ တချို့လဲ လူ့ပြည်မှာ လူဝင်စား ဆင်းကုန် ကြပါပြီ။

အများကြီး တပြိုင်တည်း မဆင်းနိုင် ကြတာလဲ အကြောင်း ရှိတယ် မြေးရဲ့။ သူတို့ရဲ့ မိဘ ဖြစ်ထိုက် လောက်အောင် ဘုန်းကံနဲ့ အကျင့် သီလ သမာဓိနဲ့ ပြည့်စုံတဲ့ မိခင်လောင်း ဖခင်လောင်းက ရှားလှတယ်။ ကိုယ်ကျင့်သီလ သမာဓိနဲ့ ပြည့်စုံ သူများ ကျတော့လဲ ဘုန်းကြီး၊ မယ်သီလရှင်၊ လူပျိုကြီး၊ အပျိုကြီးတွေ ဖြစ်နေ ပါရော့လား။ ဒီတော့ လူ့ပြည်ကို ကယ်တင်မယ့် နတ်ကောင်း နတ်မြတ် တွေခမျာ လူ့ပြည်ကို ဆင်းလာပြီး ပဋိသန္ဓေ ယူလို့ မဖြစ်နိုင် အခက်တွေ့ နေကြရ တော့တာပေါ့။ ဒီတော့ လူသားတွေလဲ နတ်ကောင်း နတ်မြတ်တွေ ၀င်စားတဲ့ ဘုန်းကံ ကြီးမား မြင့်မြတ်တဲ့ သားသမီး ရတနာတွေ လိုချင်ရင် သူတို့ ကိုယ်တိုင်က သားသမီး ရတနာနဲ့ ထိုက်တန်တဲ့ မိခင်ကောင်း ဖခင်ကောင်း ဖြစ်အောင် ကိုယ်ကျင့်သီလ၊ သမာဓိ၊ ပညာတွေ ပြည့်စုံအောင် နေထိုင် ကျင့်ကြံ ကြဖို့ လိုတယ်။ မြေးလဲ လူ့ပြည်ကို လေ့လာရေး ဆင်းရုံ သက်သက် ခဏ ဆိုပြီး ဆင်းသွား လိုက်တာ၊ နတ်မိစ္ဆာ တွေနဲ့ စစ်ဖြစ်လို့ အင်အား လိုလို့ ပြန်လာဖို့ ခေါ်ပြန်တော့ ငြင်းဆန် ရှောင်ပြေး နေခဲ့တယ်။ ဒါပေမယ့် အဲဒီ အပြစ်တွေကို ကာမိ ရုံ မက သိပ်ကောင်းတဲ့ အတွေ့အကြုံ မှတ်တမ်းတွေ ရလာခဲ့ပြီမို့ နောက်တာဝန် တရပ် အနေနဲ့ လူသား တွေကို ဒီသတင်းလေး ပြန်ပေးဖို့ ပြန်သွား ချေဦးကွယ်။


ကောင်းပါပြီ ဘိုးဘိုး

အပြန်ခရီးမှာ လာရာလမ်းက မပြန်ဘဲ အညို ဘ၀ကနေ အဖြူရောင်ပြောင်း နေသော စီးတော် ခြင်္သေ့ ပျံကြီးက နောက် တံခါး တစ်ခုကနေ ပြန်လိုက်ပို့သည်။ တောစဉ် အထပ်ထပ် တောင်စဉ် အသွယ်သွယ် ရေအိုင်ကြီး အလီလီ မြစ်အစင်းစင်း တို့ကို ဖြတ်ကျော် ပျံသန်းရင်း ………..
အိုးးးး မျက်စိ စူးလိုက်တာ.. ရှေ့မှာ ဘာများ ပါလိမ့်…
************************************************************************
မျက်မှောင်ကို အစွမ်းကုန် ရှုံ့ရင်း နဖူးပေါ် လက်ကာပြီး ကြည့်တော့ ခေါင်းရင်း ပြတင်းပေါက် ကန့်လန့်ကာ ကြားက စူးရဲစွာ လင်းဖြာ ကျနေသော နေခြည်က မျက်နှာပေါ် ကွက်တိကျလို့။ နာရီကြည့်တော့ မနက် ကိုးနာရီခွဲ… ဘုရားဘုရား.. ငါ အိပ်မက် မက်နေ ပြန်တာ ပါလား…. ဒါပေမယ့် ဒီအိပ်မက်က
အိပ်မက် အစစ်လား
တကယ်လား


4 comments:

thorn musem said...

မလှိုင်ရေ.....
ကိုယ်လိုလူတွေ ကိုယ့်လို ကြုံရသူတွေ ရှိပါသေးလားဆိုတာတော့ သိလိုက်သလိုပါဘဲ...
လူတွေမယုံနိုင်မှာနို့ နုတ်ပိတ်နေတာဗျ...။

ဟန်လင်းထွန်း said...

ကောင်းလိုက်တာဗျာ။

Upasaka said...

တရားက ပြန်စောင့်ရှောက် ချင်ပေမယ့် အဲဒီ သူတော် ကောင်းက အတိတ် ဘ၀က အကုသိုလ် ပါလာလို့ အဲဒီ အကုသိုလ်က ပြန်အကျိုးပေး တဲ့အချိန် အနှိပ်စက် အသတ်ဖြတ် ခံရ တာပါ။ မြတ်စွာဘုရား ကိုယ်တော်တိုင် တောင် ၀ဋ်ပါတော့ ၀ဋ်ခံ ရတာပဲ မဟုတ်လား။ သာမန် သူတော်ကောင်း ကတော့ ပြော စရာ မရှိပါဘူးကွယ်။ နတ်ကောင်း နတ်မြတ်တွေ မစောင့်ရှောက်နိုင် ရတာလဲ အကြောင်း ရှိတယ်ကွယ့်။ ခုချိန်က အပါယ် လေးဘုံ သား သတ္တ၀ါတွေ လူပြန်ဖြစ်တာ များနေတဲ့ အချိန်အခါ ဖြစ်နေတယ်။ နတ်သက် ကြွေပြီး နတ်က လူဖြစ်တာ များတဲ့ အချိန် ခေတ်ကာလမှာ ဆိုရင်တော့ ဒီလောက် မဆိုးရွား လှပါဘူး။ ခုတော့ ဘုရား ပရိနိဗ္ဗာန် စံပြီးစ၊ ဘုရား ချွတ်ထားလို့ ပါရမီ ရင့်ပြီး သား လူ၊ နတ်၊ ဗြဟ္မာ တွေက ကျွတ်တမ်း ၀င်ကုန် ကြတဲ့ အတွက် ပါရမီ နုသေးတဲ့ နောင်ဘုရားရှင် တွေရဲ့ သာဝက တွေပဲ ကျန်တာ ဆိုတော့ သာဝက အားနည်း နေတဲ့ အချိန်ကိုးကွယ့်။ ဒီကြားထဲ နတ်မိစ္ဆာ တွေက လာနှောင့်ယှက်လို့ နတ်၊ ဗြဟ္မာ တချို့ လဲ ကောင်းကောင်း မနေရဘဲ စစ်တိုက်ရ သကွဲ့။ ဒီအချိန် အတော အတွင်းမှာ လူ့ပြည်ကို မစောင့်ရှောက် နိုင်တော့ သာသနာ့ ၀န်ထမ်း ရဟန်း ရှင်လူတွေ နှိပ်စက် သတ်ဖြတ် ခံရ တော့တာပေါ့။ စစ်ပန်း နေတဲ့ နတ်ဗြဟ္မာ တွေလဲ စစ်နိုင်လို့ ခုတော့ ပြန် အားယူတဲ့ အနေနဲ့ ၀ါတွင်း ဥပုသ် သီလ စောင့်နေ ကြပါတယ်။ တချို့လဲ လူ့ပြည်မှာ လူဝင်စား ဆင်းကုန် ကြပါပြီ။
ဒီာပိုဒ်လေးက တကယ့် အခြေနေမှန်ကိုပြောနေတာပါ၊သူတော်ကောင်းပညာရှင်ကြီးတွေရဲ့နုတ်ထွက်
ကိုပြန်ပြောနိုင်တဲ့အိပ်မက်မျိုးတစ်ခါလောက်မက်ဖူးချင်တယ်၊တချို့အပိုင်းတွေဟာ
စာထဲမှာ မပါပေမဲ့လက်တွေ့မှာရှိနေတယ်(ကျနော်ကျမ်းမစုံတာဖြစ်မည်)ဒီအကြောင်းတွေကို အခွင့်သင့်ရင် ဆွေးနွေးကြတာပေါ့၊စာအုပ်တွေရဲ့အပြင်ဖက်က အမှန်တရားနယ်တစ်ခုပေါ့။

တန်ခူး said...

လှိုင်ရေ… ရှမ်ဘဲလားကို မျှော်နေတာကြာလှပေါ့…
ဒီတပိုင်းက အရမ်းတန်ဖိုးရှိသလို မှတ်သားစရာတွေလဲ အများကြီးနော်…
ကိုယ့်စိတ်ကိုယ်သိအောင် တတ်နိုင်သမျှကြိုးစားနေဆဲပါညီမရေ… ဒီပို့ စ်လေးအတွက်ကျေးဇူးပါ…