ရှမ်ဘဲလားသို့ အပြန်လမ်း (သတ္တမ ပိုင်း)
တမနက် သင်တန်း ရောက်တော့ သူငယ်ချင်းမလေးက ဆီးကြို ငြီးတွား လေသည်။
အမရေ… ညီမ အခန်းကလေ သရဲ ခြောက်နေသလိုပဲ.. ညီမတစ်ယောက်တည်း မနေဖူးလို့ စိတ်ချောက်ခြားနေလို့များလား တကယ်လား သိချင်လို့.. အမက သရဲခြောက် ခံဖူးတယ် ဆိုတော့ သေချာအောင် တညလောက် ညီမ အခန်းကို လိုက်အိပ် ပေးပါလားဟင်
ရုံးက လုပ်ဖော်ကိုင်ဖက် ညီမလေး တစ်ယောက် တောင်းဆိုလာသည်။ ဖြစ်ရလေ ငါ့အတွေ့ အကြုံရယ်…
ဘယ်လို ကြုံလို့လဲ ပြောပါဦး ညီမရဲ့
ညီမတို့ နေတဲ့ တိုက် က တိုက်သစ်၊ နောက်ကျောဘက်မှာ တိုက်ပျက်ကြီး တစ်လုံးနဲ့ ငှက် ပျောတော ရှိတယ်။ သူ့ဘေးမှာ ဗလီ တစ်ခု နဲ့ ကုလားတန်း အိမ်ဝိုင်းကြီး ရှိတယ်။ ညီမရဲ့ အခန်း ရှေ့က အပေါ်ထပ်ကို တက်တဲ့ လှေကားနဲ့ အခန်းက ခြံ ထောင့် မြေညီထပ် ဆိုတော့ မှောင်ပြီး နည်းနည်း ချောင်ချတယ်။ အခန်းငှားခ ဈေးသက်သာ တယ်။ ညီမလဲ အခန်းက ည အိပ်ရုံ အိပ်တာ ဆိုတော့ ဈေးသက်သာတာ ယူထားတာ။ အဲဒါ ညည ဆိုရင် နားနားကပ်ပြီး ဟွဲ.. ဟွဲ နဲ့ အသံပေး နေသလိုပဲ။ အဲ့ အသံ ကြားရင် ကြက်သီး ထတာ တအားပဲ။ နောက်ပြီး အခန်းရှေ့ ကနေ တဒေါက်ဒေါက်နဲ့ လမ်းလျှောက်လိုက် အခန်း တံခါး ခေါက်လိုက် လုပ်နေ လို့ တရုတ်ကပ် မှန်ပြတင်း ထဖွင့် ကြည့်ရင် ဘယ်သူမှ မရှိဘူး။ အခန်း ထဲလဲ လက်သည်း ညှပ်သံ တထောက်ထောက်က ညတိုင်း ကြားရတယ်။ အသားဟင်း တွေ ၀ယ်လာတဲ့ နေ့ ဆိုရင် နားနားကပ်ပြီး ငါ့ကိုကျွေးလို့ ပြောလွန်းလို့ အဲ့ညဆို ရူးချင်ရော
အယ်.. အဲဒါ တခါတလေမှလား ညတိုင်းလား
ညတိုင်း
အဲ့အခန်းကို ပြောင်းတာ ဘယ်လောက် ကြာပြီလဲ
၃ပတ်
ကြောက်တာ ဘေးဖယ်ထားဦး… အိပ်ရေးပျက်လို့ ရူးလောက် ပါသည်။ ခုလဲ မျက်လုံးက ကြောင်စီစီ ဖြစ်နေသလိုလို..
ဒီည အမ လိုက်အိပ်ပေးမယ်လေ
ကျေးဇူးပါ အမရယ်
************************************************
တိုက်ကတော့ အပျံစားပေမယ့် အခန်းကိုရောက်တော့ သူပြောသလို အင်မတန် ချောင်ကျ သော အခန်းလေး။ မြေညီထပ် ထောင့်ခန်းမို့ ခြံစည်းရိုး အုတ်တံတိုင်းနဲ့ သူ့အခန်း နံရံက ကပ်နေကာ လေ၀င် လေထွက် လုံးဝ မကောင်း။ ဒီကြားထဲ အခန်းရှေ့ တည့်တည့်က အပေါ် ထပ် တက်သော လှေကားကြီးက ဟီးလို့။ အဲယားကွန်းမရှိ နံရံကပ် ပန်ကာသာ ရှိလေသည်။ သူကြားတဲ့ ဟွဲသံက ဒီပန်ကာ ကလဲ ဖြစ်နိုင်သည်။ ပြီးတော့ ပန်ကာက မူလီကို စစ်သည်။ လက်သည်းညှပ်သံ ဆိုသည်မှာ ပန်ကာ မော်တာထဲ တခုခု ညပ်နေတာလဲ ဖြစ်နိုင်လေသည်။ ညအိပ်တော့ သူမက ပန်ကာ ဖွင့်အိပ်လေ့ ရှိသော်လည်း ကျွန်မက ပန်ကာလေ ကြောက်တာ မို့ ချွေးတစီစီနဲ့ အိပ်ရတော့မည်။
ညစာ စားတော့ ကိုယ်က သင်္ဘောသီးထောင်းနဲ့ မုန့်ဖတ်ကို ထိုင်းစတိုင်လ်နဲ့ စားပေမယ့် အမဲသား ကြိုက်သော သူမက အမဲနှပ်နဲ့ ထမင်းစားသည်။ သရဲကြောက်သော မမ.. အဖော် ပါတော့ အရဲကိုးပြီး အတိုးချ စားလေသည်။ ကျန်နေသော အမဲနှပ်ကို သေချာ ထုပ်ပိုး သိမ်းဆည်းပြီး အတိုးချကာ သိုးအောင် အိပ်တော့သည်။ ကျွန်မကတော့ ထုံးစံအတိုင်း ပဌာန်းရွတ် စည်းချပြီး ဘုရား ရှိခိုးကာ အိပ်တော့သည်။
ဒေါက်… ဒေါက်… ဒေါက်
ဒေါက်ဖိနပ်သံ တခေါက်ခေါက်က လှေကားအတိုင်း ဆင်းလိုက်တက်လိုက် လုပ်နေသည်မှာ ည ဆယ်နာရီ ခန့်မှ မနားတမ်း ကြားနေသည်မှာ တချက်တီး အထိ.. လူအမျိုးမျိုး ခြေသံ အထွေထွေကို ကျွန်မ ကောင်းကောင်း ခွဲခြား တတ်ပါသည်။ သို့သော် ခုက ဒီခြေသံချည့် … တရုတ်ကပ်ကနေ အရဲစွန့် ချောင်းတော့ ဘယ်သူမှ မရှိ။ ထိုအခိုက် ချွေးရွှဲရွှဲကို လေအေးက ဝှေ့တိုက်လာသည်။ တရုတ်ကပ် ပြတင်းမှန်ကိုဖွင့်ပြီး ကန့်လန့်ကာ အထူတပ် ထားတာမို့ ကန့်လန့်ကာကို ဆွဲပိတ် လိုက်သည်။ လက်တည့် စမ်းချင်သည်လေ။ ဒီလေက ဒီလောက် လှောင်ပိတ် နေတဲ့ ဒီအခန်းလို နေရာကို ဘယ်နေရာက သဝေထိုးပြီး တိုက်လာ နေတာလဲ သိချင်သေးသည်။ သိပါပြီ။ လှေကားဘက်က တ၀ှီးဝှီး တိုက်လာသော လေအေးက ကန့်လန့်ကာ အထူကို လွင့်ထွက်အောင် တိုက်သည် အထိ ပြင်းလှ ပါသည်။
တောက်
ဘုရားဘုရား.. တောက်ခတ်သံက ပြင်းလှချည့်။ ခြေသံက ပိုပြင်းလာသည်။ မေတ္တာသုတ်ကို တွင်တွင်ရွတ်သည်။ မေတ္တာပို့ပြီး အမျှဝေသည်။ ငြိမ်းချမ်းရေး စကားပြောသည်။ တရားချ သည်။ ဘယ်လိုမှ မရ။ ဘယ်လို သရဲပါလိမ့်နော်.. ဆေးရုံမှာ တွေ့ရသမျှ၊ တသက်လုံး တွေ့ဖူး သမျှ သရဲတွေ၊ မေတ္တာပို့ရင် ဘုရားစာ ရွတ်ရင် ပြေးရင်ပြေး၊ မပြေးရင် ခင်သွားတာ ချည့်ပါပဲ။ ဒီသရဲက ရန်လို လှချည့်။ နောက်ဆုံး မနှောင့်ယှက်ဖို့ ဘယ်လိုမှ ဖျောင်းဖျ မရတော့ တရား ထိုင်၊ တရားမှတ် နေလိုက် သည်။ ထိုအခိုက် အခန်း တံခါးဝကနေ သူ့ပုံရိပ်က မားမားကြီး ပေါ် လာသည်။ သူ အခန်းထဲ ကို ဘယ်လိုမှ ၀င်လို့ မရ။ ဒီတော့ သူက အိပ်နေသော သူငယ်ချင်း မကို ထပြီး တံခါး ဖွင့်ခိုင်း လေသည်။ မယ်မင်းကြီးမက အိပ်မှုံစုံမွှားနဲ့ တံခါး ထဖွင့်ဖို့ ပြင် သည်။
မဖွင့်နဲ့။ သူက သိပ်စွမ်းနေတယ်။ ငါ နိုင်မနိုင် မသေချာဘူး။ တံခါးဖွင့်ရင် စည်းပေါက် သွားလိမ့်မယ်… လုံးဝ မဖွင့်နဲ့
ကျွန်မ စကားသံကြောင့် တံခါးကို လက်လှမ်းနေသော သူငယ်ချင်းမ လက်က လေထဲ တန်း လန်း ရပ်သွားသည်။ ထိုအခိုက် အလွန်အမင်း ဒေါသထွက် နေသော ထိုသတ္တ၀ါက သူ့ မျက်လုံး စိမ်းများ ထဲကနေ ထိုသူငယ်ချင်းမကို စိုက်ကြည့်လိုက်ပြီး ကျွန်မကို ရန်လုပ် ခိုင်း တော့သည်။ ကျွန်မ ဒုတိယ အကြိမ် ဘုရားတ လိုက်မိသည်။ စည်းဝိုင်းထဲ ၀င်မရလို့ စည်း အပြင်ကနေ အထဲက လူကို လှမ်းညှို့ပြီး ရန်လုပ်ခိုင်း နိုင်သည် အထိ သည်သတ္တ၀ါ စွမ်းလှ ပါတကား။ ထိုအချိန်တွင် ကျွန်မရဲ့ သူငယ်ချင်းကလဲ အသိပျောက်ကာ ကျွန်မထံ လှမ်းလာ နေလေပြီ။ ပါးစပ်ကလဲ ဗလုံးဗထွေးနဲ့ ဘာတွေ ပြောနေမှန်း မသိ။
တရားမှတ် မပျက်စေဘဲ သတိ အပြည့် နှင့်ပင် ကျွန်မ လှုပ်ရှားမှု တစ်ခု ရုတ်ခြည်း ထလုပ် ရ သည်။ ယင်းမှာ သူငယ်ချင်းမကို ပဌာန်းနှင့်ပင် စည်းချ ချုပ်နှောင် လိုက်ရခြင်းပင်။ ပြီးတော့ ပိတ်ထားသော အခန်းတွင်း မီးလုံးများ မီးချောင်းများ အားလုံးကို ဖွင့်ချ လိုက်သည်။ ထို့ နောက် သူရပ်နေရာ အခန်း တံခါး ပေါက်ကို လက်ညှိုး ညွှန်လျက် စက်ကြီး ၁၃သုံးပါး ဂါထာ ရွတ် သစ္စာ ဆိုသောအခါ ထိုသတ္တ၀ါ ပြေးလေ တော့သည်။ နာရီ ကြည့်လိုက်တော့ မနက် ၃ နာရီ ခွဲလေပြီ။ အိပ်ရာထက် ပြန်လှဲရင်း အထပ်ထပ် စဉ်းစား မိသည်။ သည် သတ္တ၀ါ ဘာလို့ ဒီလောက်တောင် ရန်လိုသလဲ။ ဘာလို့ ပါလိမ့် ဆိုတဲ့ အဖြေက ထွက်မလာသေးးး
ဒီလိုနဲ့ တခြံကျော် ကုလားဝိုင်း ထဲက ကြက်တွန်သံ ပျပျကို ကြားရသည်။ လင်းကြက် တွန်ပြီ။ အာရုဏ် လာပြီမို့ စိတ်ချရပြီမို့ စိတ်လျှော့ အချလိုက် အိပ်ပျော် သွားပြန်သည်။ သို့သော် လာပြန်ပါပြီ။ ၈ထပ်တိုက် တလုံးစာ မြင့်သော ကြီးသော သတ္တ၀ါ အမည်းကြီး.. အမဲရောင် အမှုန်များ လှိုင်းများ လွှတ်ကာ သူ့ဝန်းကျင် တခုလုံး မဲမှောင် နေအောင် ဖြန့်ထုတ်ရင်း ဒေါကြီး မောကြီး လာနေသည်။ သူ့ဝန်းကျင်က မဲမဲ အကောင်လေး များကလဲ သူ့အားကိုးဖြင့် ထောင်လွှား မြောက်ကြွ ကျွန်မထံ ပြေးလာ နေကြသည်။ ဒီလောက် အများကြီး ကျွန်မ တစ် ယောက်တည်း ရင်ဆိုင် ရတော့မည်။ ဘယ်လို လုပ်ရပါ့။ ဒေါက်တိုင်တွေ တတိုင်ချင်း ဖြုတ်နေ ရင် မောတာ အဖတ်တင်မည်။ ပင်မတိုင် ပြိုမှ သူ့ကို မှီပြီး မာန်တက် နေသော ဒေါက်တိုင် အားလုံး ပြိုပေမည်။ ဒီသတ္တ၀ါတွေ ဘယ်သူတွေ ပါလိမ့်။ ဗုဒ္ဓနဲ့ ဓမ္မ ကိုတောင် ဒီလောက် သည်းကြီး မည်းကြီး အာခံ နေသည်မှာ ဗုဒ္ဓ သာသနာ ထဲမှ သတ္တ၀ါများ လုံးဝ မဖြစ်နိုင်။ ဒါဆို ဗုဒ္ဓ သာသနာထဲက သူတွေနဲ့ အတိုက်အခံ ဖြစ်နေတာ ဘယ်သူ ပါလိမ့်။ သိကြားနဲ့ အသုရာ စစ်ဖြစ်သတဲ့။ သိကြားက ဘုရားရဲ့ သာဝက။ သာသနာတော်ထဲ ကုသိုလ် လုပ်သမျှ နတ်များ ဟာ သိကြားရဲ့ ပရိသတ် ဖြစ်သတဲ့။ ဒါဆို ဘုရားကို ရိုသေပြီး တရားကို ကျင့်ကြံသူကို နှောင့် ယှက်သူ ဟာ သိကြားရဲ့ ပရိသတ် မဖြစ်နိုင်။ ဘုရားလက်ထက် ကတည်းက ဘုရားရဲ့ သာဝက ကို နှောင့်ယှက်သူဟာ မာရ်နတ်ရဲ့ အပေါင်းပါ ချည့်မို့ ခုလဲ မာရ်နတ်ရဲ့ လက်ပါးစေ မဟုတ်ရင် အသုရာပဲ ဖြစ်နိုင်မည်။ အမှောင်ကို ခွင်းဖို့ အလင်းကိုသာ သုံးရတော့မည်။ သာသနာ အတွက် ဆိုရင်တော့ အသက်သေရင် သေပါစေတော့။ သူတို့ကို ကြောက်လို့ သူတို့ ပြုသမျှ နုရမည်၊ သူတို့ ခိုင်းသမျှ ရိုင်းရမည် ဆိုလို့ ကတော့ သံသရာ နစ်မွန်းကြောင်း မို့ ကောင်းရာမွန်ရာ ဘယ်တော့မှ ရောက်တော့မည် မဟုတ်။ ကိုယ့်စိတ်နဲ့ လူမလုပ်ရဘဲ သူ့စိတ်နဲ့ ကိုယ် ဖြစ်ကာ အရှင်လတ်လတ် သေရသလို ဖြစ်တော့မည်။ သေတာချင်း အတူတူ ဘာထူး မည်နည်း။ ကိုယ့်စိတ်နဲ့ ကိုယ့်ကို သေရတာက ကိုယ့်ဘ၀နဲ့ ကိုယ်မို့ မြတ်ဦးမည်။ သူ့စိတ်နဲ့ ကိုယ့်ကိုယ် သေရတာ ဘ၀ တပိုင်းသေ နဲ့မို့ သေရ ရှင်ရ ကျိုးပင် မနပ်။
ဝင်လေ ထွက်လေကို အာရုံအထူးစိုက်ပြီး တရားမှတ်ရင်း စိတ်ကို ထိုသတ္တ၀ါကို ခြေချွတ်ဖို့ ညွတ်ချ ထားလိုက်သည်။ ထိုအခိုက် ရုပ်ထဲက အဖြူရောင် အလင်းများက ဖြာထွက် လာပြီး ခန္ဓာကိုယ်ပါ ကြွတက်လာပြီး ထိုသတ္တ၀ါရဲ့ ကိုယ်ထဲ ဖောက်ဝင် သွားလေသည်။ မဲလိုက်တာ မှောင်လို့။ ကိုယ့်အလင်းကို သူ့အမဲမှုန် များနဲ့ ဖုံးအုပ် မှောင်ချ ပစ်ဖို့ ထုတ်လွှတ် နေသည်မှာ တဖွားဖွား… ကိုယ်ကလဲ အလင်းနဲ့ ထိုးဖောက်ဖို့ ကြိုးစား ရသည်မှာ အသွေးတွေ အသား တွေ တစစီ ပဲ့ကြွေရင်း လောင်ကျွမ်း လင်းလက် နေရသည့် အလား… ကိုယ့်စိတ်က သတိ စူးစိုက်မှု အားနည်း သွားသည်နှင့် တပြိုင်နက် သူ့ အမည်းမှုန် များက ကိုယ့် ကိုယ်ထဲထိ ထွင်း ဖောက် ၀င်ရောက် လာသည်မှာ အခံရ ခက်လွန်းလှသည်။ ထိုအခါ ချက်ချင်း သတိ ပြန်ထိန်း ပြီး ပြန်တွန်း ထုတ်ရသည်။ အို.. အသွေးတွေ အသားတွေ ကုန်လို့ အရိုးတွေ ရိုးတွင်း ခြင်ဆီ တွေပါ လောင်သွားစေဦး.. ရအောင် တားမည်။ သူလဲ အသက်တချောင်း ကိုယ်လဲ အသက် တချောင်း။ သူ့မှာလဲ အသက်ပို ပါတာမဟုတ်တဲ့ အတူတူ ဘာကြောက်စရာ ရှိလဲ။ စိတ်ပိုင်း ဖြတ်မှု အဓိဌာန် လုံးဝ ဒုံးဒုံးကျ သွားလေလေ စိတ်ကလေးက ပိုသိမ်မွေ့ ငြိမ်သက် သွားလေ လေ။ ထိုအခိုက်မှာ ခန္ဓာကိုယ်က ရုပ်မှုန်လေး တခုချင်းက အသေးဆုံး အစိတ်အပိုင်းထိ ပြိုကွဲ ကြည်လင် လင်းလက် လာခဲ့လေပြီ။
ဒီတခါ ထွက်လာသော အလင်းက တကိုယ်လုံး ရှိသမျှ အားအကုန် ထုတ်သုံး လိုက်သည်မို့ ထင့်။ အရောင်စုံ လှသည်။ အနီ၊ အစိမ်း၊ အဖြူ၊ အ၀ါ၊ အနက်စူးစူးနဲ့ လျှပ်ရောင်တို့ ကုန် အောင် ထွက်လာ ခဲ့သည်။ သို့သော် အရင်လို အကွင်းလိုက် မဟုတ်။ ဓားသိုင်းသမားတို့ ဓားစကြာ လှည့်သလို အလင်းသွားတို့က အ၀ိုင်းလိုက် လှည့်ကာ မွှေလေတော့သည်။ အလင်းသွားများ ကြားဝယ် အမည်းထုက အလွှာလိုက် အလွှာလိုက် ပြတ်ကျလျက်။ ခန္ဓာ ကိုယ် မရှိတော့ သလို ခံစားရလျက်က စိတ်က အဖြစ်အပျက်ကို သိသည် ဆိုရုံလေး သိနေရင်း အမှတ်က တစက် ကလေးမှ မပြတ်။ ပြတ်လို့ မဖြစ်ဘူး ဆိုတဲ့ အသိက သတိကို ထိန်းမတ် ပေးနေသည်။ သတ္တ၀ါကြီးလဲ မခံနိုင်တော့ဘဲ ၀ူးဝူးဝါးဝါး အော်ခဲ့ပြီ။
အပြီးတိုင် ဆုံးမမည် ဆိုသော ပိုင်းဖြတ်ချက်နဲ့ အတူ သူ့ဗိုက်ထဲက ကိုယ့် ခန္ဓာက အပေါ်ကို တဖြည်းဖြည်း မြင့်တက် လာလေပြီ။ ခေါင်းကနေ ဖောက်ပြီး ပြန်ထွက်မည်ဟု ကြံစည် လိုက် သော ခဏ.. ခေါင်းကနေ ဖောက်မထွက် ပါနဲ့ ပါးစပ်ထဲကနေ ပြန်ထွက် ပေးပါ။ နောက်နောင် မနှောင့်ယှက် တော့ပါ ဆိုသော ကတိ စကား ထွက်လာ ခဲ့ပြီ။ သာသနာကို မယုံကြည်ဘဲ နှောင့်ယှက် ဖူးသူရဲ့ ကတိ စကားကို ဘယ်လို ယုံမည်နည်း။ သို့သော် ပြုပြင်ရန် အခွင့်အရေး မပေးပြန်ရင် ဒီအချက်ကြောင့် မိုက်တွင်း နက်ရ ပါသည်လို့ ဆင်ခြေ ပေးနိုင် နေဦးမည်။
အိုး အခက်ဆုံး အပိုင်းပါပေ။ သူနဲ့အပြန်အလှန် စကားပြော နေစဉ် သတိကို လွှတ်လို့ မရ၊ တရားအမှတ်ကို အဆက်ပြတ်လို့ မရ။ တချက်လေး လွတ်လိုက်သည်နှင့် သူ့ အမဲလှိုင်း များ က ကိုယ့်ကို ၀ါးမြို သွားပေ လိမ့်မည်။ သတိကို မပြတ်အောင် ထိန်းရင်း အကြံ တချက် လက်ခနဲ ထွက်ပြီ
ကောင်းပြီ။ သင့်ကိုယ်ထဲမှာ ငါ့ကိုယ်ပွားကို ထားခဲ့ပြီး ငါ သင့်ပါးစပ် ကနေ အပြင် ပြန်ထွက် မယ်။ သင် စိတ်ပြောင်းလို့ ပြန်နှောင့်ယှက်ဖို့ စိတ်ကူး လိုက်တာနဲ့ သင့်ကိုယ်ထဲက ငါ့ ကိုယ်ပွားက ချက်ချင်း သိပြီး ကတိ ဖျက် လိမ်ညာမှု ကြောင့် နောက်တကြိမ် ခွင့်လွှတ်မှု မရှိတော့ဘဲ သင့်ကိုယ်ကို အပိုင်းပိုင်း ဖြတ်လိမ့်မယ်။ သင်ကိုယ်တိုင်က စိတ်ပြောင်းလို့ နှောင့်ယှက်ရင် ဖြစ်စေ၊ သင့် သာဝက နောက်လိုက်များက သာသနာ ထဲက လူတွေကို နှောင့်ယှက် လာရင် ဖြစ်စေ သင့်ကိုယ်ထဲက ငါ့ကိုယ်ပွားက သင့်ကို ဒဏ်ပေး လိမ့်မယ်။ ကဲ ဘယ်လိုလဲ သင်သဘောတူ လက်ခံ နိုင်လား။ လက်မခံ နိုင်ရင်တော့ ငါ သင့်ခေါင်းထဲကနေ ဖောက်ထွက်မယ်။
ငါတို့ အရွယ်မရောက်ခင်က ငါတို့ထက် အင်အား ကြီးသူ တွေက ငါတို့ကို နှိပ်စက်တယ်။ ငါတို့ အရွယ်ရောက်လို့ ဦးချိုတွေ၊ အစွယ်တွေ၊ ခြေသည်း လက်သည်းတွေ၊ အမွှေးကြမ်းတွေ ထွက်လာမှ ငါတို့ အင်အားကြီးမှ သူတို့ အနှိပ်စက် ကို ငါတို့မခံရ တော့တာ။ သင်က တရား လုပ်တယ် ဆိုပြီး နှိပ်စက် တတ်တာပဲ။ သင်က အမျှပေးတယ်။ ငါတို့က အမျှယူပြီး သာဓု ခေါ်လိုက်တာနဲ့ ငါတို့ အစွယ်တွေ၊ လက်သည်းတွေ၊ ဦးချိုတွေ၊ အမွှေးကြမ်း တွေ ကျွတ်ထွက် ကုန်တာ သိပ်နာတယ်။ ဒီလို နာရတဲ့ အထဲ အကောင်ကြီး တွေက နှိပ်စက်ခွင့် ရကုန်တယ်။ တချို့ဆို သာဓု ခေါ်လိုက်တာနဲ့ ချက်ချင်း သေကုန်တယ်။ သင်ပြောတော့ တရားကို လက်ခံသူက ကောင်းကျိုး ရတယ်ဆို ငါတို့ဘယ်မှာ ကောင်းလာ လို့လဲ…
သြော်.. ဒါကြောင့် သင်က ဒီလောက် ရန်လိုတာကိုးးး သင်ဟာ စိတ်နူးညံ့မှုကြောင့် ဒီဘ၀က ကျွတ်ခါနီးလို့ သင်္ကေတ ပြရုံလေး အချိန်မှာ စိတ်ကို ပြန်ကြမ်း ပစ်လိုက်လို့ ဒီဘ၀က မကျွတ် နိုင်ဘဲ ဒီလို ခံစားရတာပါ။ ဒါဆို သာဓု ခေါ်လို့ သေသွားပါတယ် ဆိုတဲ့ သင့်လူတွေ ဘယ် ရောက် ကုန်လဲ သိလား။ သင်တန်ခိုး ကြီးတာပဲ.. သူတို့ကို တမ်းတ ခေါ်ယူပြီး မေးကြည့်ပါဦး။ ဒီဘ၀က လုံးဝ ကျွတ်လွတ်ဖို့ အတွက် မသေဘဲ နောက်ဘ၀ကို ရောက်ရိုး ထုံးစံ ရှိလို့လား။ ဒီဘ၀မှာ အဆင့်မြင့်ရုံပဲ နေချင်တာလား ဒီဘ၀နဲ့ မသက်ဆိုင် လောက်အောင် ကောင်းတဲ့ နောက်ဘ၀ကို ပြောင်းပြီး နေချင်တာလား။ သင် သေချာ စဉ်းစားပါ။ တနေရာကနေ လုံးဝ မစွန့်ခွာဘဲ နောက်တစ်နေရာမှာ အပြီး သွားနေလို့ ရသလား။
အသည်းအသန် သတိထား ထိန်းနေရတဲ့ အမဲလှိုင်း သိပ်သည်းမှု ရုတ်ခြည်း လျော့ကျ သွားခဲ့ ပြီ။ ဒါဆို ဒီသတ္တ၀ါကြီး အတိုင်း အတာ တခုထိ သဘောပေါက်တာ သေချာပါပြီ။
ကောင်းပါပြီ။ ကျုပ် သဘောပေါက်ပြီ။ ဒါပေမယ့် ဘယ်လောက်ထိ မှန်လဲ ဆိုတာ ကျုပ် သုံးသပ် ဦးမယ်။ ပြီးတော့ ကျုပ် နောက်လိုက် ထဲမှာလဲ ပေကပ်ကပ် ကောင်တွေ ရှိပါတယ်။ သူတို့အားလုံးကို ကျုပ်ခေါ်ပြီး မနှောင့်ယှက်ဖို့နဲ့ ပြောစကား နားမထောင်ရင် ဒဏ်ပေးမယ် လို့ သတိပေး ပါ့မယ်လို့ ကျုပ် ရဲရဲကြီး ကတိပေး ပါတယ်။ ဒါပေမယ့် ကျုပ် နောက်လိုက် အားလုံးကို ပြန်ခေါ် သတိပေး စောင့်ကြည့်ဖို့ အချိန် ၂လ စောင့်ပေးပါ။ ဒီကြားထဲမှာတော့ နှောင့်ယှက်လို့ ဆိုပြီး ကျုပ်ကို သင့်ရဲ့ ကိုယ်ပွားက မသတ်ပါနဲ့။ သင် တရားသမား ဆိုရင် ဒီလောက်တော့ ပြန်ငဲ့ညှာပါ။
အမယ်.. သူကလဲ အလာကြီးပဲ။ ဒါပေမယ့်
သင်ပြောတဲ့အထဲမှာ ဟာကွက် ရှိနေတယ်။ ဒီအချိန် ၂လ အတွင်းမှာ သင်ကိုယ်တိုင်ရဲ့ စိတ်ပြောင်းပြီး နှောင့်ယှက်ချင်စိတ်ပေါ်လာရင်၊ အဲဒီစိတ်ကို မထိန်းချုပ်ဘဲ နှောင့်ယှက်ဖို့ ကြိုးစား လာခဲ့ရင် သင့်ကို ငါ့ ဆုံးမ ရလိမ့်မယ်။ သင့်နောက်လိုက် တွေက သင်ထိန်းတဲ့ ကြားက ဆိုးသွမ်းနေရင် သင်ကိုယ်တိုင်က ဒဏ်ပေးဖို့ တမင် အချိန်ဆွဲ နေခဲ့ရင်တော့ သင့်ကိုရော သင့်နောက်လိုက် ကိုရော ငါ ဆုံးမ ရလိမ့်မယ်။ သဘောတူလား…
ကောင်းပြီ .. သဘောတူပါတယ်
မျှတသော တောင်းဆိုမှုမို့ လက်ခံဖို့ ဆုံးဖြတ် ခဲ့သည်။
ကောင်းပြီ။ ငါ ပြန်ထွက်တော့မယ်။ သင့်ကိုယ်ထဲ ငါ့ကိုယ်ပွား ထားခဲ့တာကို သင်လဲ ကိုယ်ချင်းစာ တတ်ရင် ဘယ်လိုမှ အောက်မေ့မှာ မဟုတ်ပါဘူး။
အဓိဌာန်ကြောင့် ကိုယ်၂ခု ကွဲထွက် သွားချိန် အားတွေ တ၀က်လျော့ သွားသလို ခံစားရသည်။ ပြီးတော့ လက်ဖျစ်တတွက်မှာ ကုဋေ ကိုးသိန်း ဖြစ်ပျက် နေသော စိတ်က ကိုယ်ပွားနဲ့ ကိုယ့် ဆီမှာ လူးလာ ခေါက်ပြန်။ လက်ဖျစ်တတွက်မှာ ငါးကုဋေ ကျော်ရုံသာ ဖြစ်ပျက် နေသော ရုပ် ကလာပ်စည်း များကို စိတ်က နိုင်နင်းစွာ ထိန်းသိမ်း ပြီးတဲ့ အခါ စိတ်ရော ရုပ်ပါ ပြန်အားပြည့် စေဖို့ သတိနဲ့ တရားပြန်မှတ်ရ ပြန်သည်။ သေချာပြီလို့ စိတ်က သတ်မှတ်ချိန် ရောက်မှ သူ့ ကိုယ်ထဲက ပြန်ထွက် လိုက်တော့ အပြင်လောကမှာ လင်းချင်းလို့… သူ့ကိုယ်ထဲ ၀င်ရောက် ခါစက အမဲလှိုင်းများ လှိမ့်နေသလိုမို့ ဘာရုပ်မှ သဲသဲ ကွဲကွဲ မမြင်ရသော သတ္တ၀ါ လေးများမှာ ခုတော့ အရေခွံ ပြောင်ပြောင် လေးတွေနဲ့။ သြော် သူကိုယ်တိုင်ရဲ့ ရုပ်သွင် ကိုလဲ ခုမှ သေချာ မြင်ရ တော့သည်။ အမဲမှုန် အမဲလှိုင်းများ လွှင့်ထုတ် ထားခြင်း မရှိတော့။
သာဓု… သာဓု… သာဓု
*********************************************
အင်းးးး… အမ ဘာတွေ သာဓု ခေါ်နေတာလဲ… အင်း ဒီမနက် ဘာလို့လဲ မသိဘူး။ ခါတိုင်း ပန်ကာ ဖွင့်အိပ်တာတောင် အိုက်တာ။ ခုပန်ကာ ပိတ်ထားတာကို ချမ်းလိုက်တာ အမရယ်..
သူငယ်ချင်းမလေးရဲ့ အမေးကြောင့် မျက်စိ ဖွင့်လိုက်တော့ နေရောင်က အခန်းထဲထိ ဖြာကျ နေပြီ။ ပင်ပန်း လွန်းလို့ မလှုပ်ချင် လှုပ်ချင် ထလာသော ကိုယ့်ကို သူက ကြည့်ရင်း
အမ မျက်တွင်းဟောက်ပက်နဲ့ ပါလား.. ညက မအိပ်ရဘူးလား
မမလေးရယ်.. ရှင်ညက သောင်းကျန်း လိုက်တာ မမှတ်မိ ဘူးလား
အန်.. ဘာသောင်းကျန်းလို့လဲ အမရဲ့ .. အယ် ညက ဆိုလို့ ညီမ ညကလေ အိပ်မက် မက် တယ် သိလား… ၆ထပ်တိုက်လောက် မြင့်တဲ့ အကောင်ကြီးက ညီမကို လှမ်းခေါ်တယ်တဲ့။ ပြီးတော့ ညီမ မူးသလိုလို မသိတသိနဲ့ ဘာဆက်ဖြစ်မှန်း မသိဘူး.. နေပါဦး ဘာလို့ ဒီလောက် ချမ်းနေရတာလဲ .. ညက မိုးတွေ တအားများ ရွာလို့လားဟင်
အခန်းပြင် ထွက်ကြည့်လေ… ဘာရေမှ တင်မကျန်နေဘူး.. စိုနေတာလဲ မရှိဘူး
ဟယ်.. ဒါဆို
ရှင့်အခန်းက သရဲက ကြမ်းလိုက်တာ.. အမ တညလုံး မအိပ်ရဘူး.. မိုးလင်းခါနီးမှ အိပ်ပျော်သွားတာ
ဟင့်..
ခုတော့ ကောင်းသွားမှာပါ။ စိတ်မလုံသေးရင် အခန်း ပြောင်းလိုက်နော်.. ကဲ.. ရုံးသွားဖို့ ပြင်ကြစို့
********************
(ဆက်လက် ဖော်ပြ ပါမည်။)
3 comments:
လှိုင်ရေ… အတော်စိတ်လှုပ်ရှားစရာပဲ… ဖတ်နေရင်း အသက်ရှုဖို့ တောင် မေ့နေတယ်…
အဲဒါတကယ်ကြီးလားဟင်......
ကြောက်စရာကြီး..ကုလားသရဲလား...
နောက်ထပ် ဆက်ဖတ်ချင်ပါတယ် မမ..
Post a Comment