Sunday, September 5, 2010

ပုခက် လွှဲကျယ် (အပိုင်း- ၁)

မိတ္ထီလာ ကန်ဝယ်… ဖားကောက်ခဲ့ပါ့မယ်… ဗျိုင်းရှေ့က ပျံကာ ပျံကာရယ်...

ခပ်သဲ့သဲ့ ကြားနေတဲ့ ကလေးချော့တေးကြောင့် ပြတင်းပေါက်က အသာငုံ့ကြည့်လိုက်တော့ ဘေးအိမ်က ပါး ကွက်ဝိုင်းမ ခြံထဲက သစ်ပင်ရိပ်မှာ ဆင်ထားတဲ့ ပုခက်ကို လွှဲရင်း သူ့သမီး ပုလုကွေး ကို တေးဆိုသိပ် နေ သည်။ စည်းချက်ကျကျ ဖြည်းဖြည်း မှန်မှန် လွှဲနေတဲ့ ပုခက်ထဲမှာတော့ အခါလည် ကလေးမက တေးစနဲ့ ငြိမ့် ရင်း မှိန်းလို့။ သြော် ပါးကွက်ဝိုင်းမ လေးတောင် ကလေး အမေ ဖြစ်နေပြီကော။ ဒေါက်တာ သက်ထားနွယ် ဒီရပ်ကွက်ထဲ ပြောင်းလာခါစ က သူတို့လေးတွေ အသက် ဆယ်နှစ် တောင် မပြည့်တတ် ကြသေး။ ပါးကွက် ၀ိုင်းမ၊ ဗျိုင်းဖြူမ၊ မယ်ညိုလေးနဲ့ သီတာအေး တို့က အိမ်နီးချင်း လဲ ဟုတ်သလို တတန်း တည်း ကျောင်းသူ လေးတွေ။ ဒါပေမယ့် သူတို့လေးတွေ ကစားဖော် ကစားဖက် စိတ်ဖြောင့်ဖြောင့် မဖြစ်ခဲ့ ရှာကြ။

ပါးကွက်ဝိုင်းမ အဖေနဲ့ မယ်ညိုလေးနဲ့ သီတာအေးတို့ အမေတွေက တရုံးတည်း လုပ်ဖော်ကိုင်ဖက်တွေ။ ဒီတော့ လတိုင်း ရုံးက အစည်းအဝေးမှာ ဆုံကြတိုင်း လုပ်ဖော်ကိုင်ဖက်များက သတင်းမေးကြသည်။ ဒီလ အတန်းထဲ ဘယ်သူ အဆင့်တစ် ရလဲဗျ… ဆိုတိုင်း ခေါင်းမော့ ဖြေနိုင်သူက ပါးကွက်ဝိုင်းမ အဖေ ဆိုတာကိုလဲ ဒေါက်တာ သက် ထားနွယ် မှာ သူ့ဆေးခန်းက လူနာတွေ ဆီက တဆင့် စကား ပြန်ကြား ခဲ့ရသည်။ ရုပ်ရည် သန့်ပြန့် သွက်လက် ချက်ချာတဲ့ ဒီကလေးတွေက ဒီရပ်ကွက်လေးထဲမှာ လူ စိတ်ဝင်စား ခံကြရဆုံးများ ဖြစ် ခဲ့ကြသည်။ သို့သော် အိမ်နီးချင်းမို့ ပါးကွက်ဝိုင်းမလေးကို အကြောင်းပိုသိခဲ့ရသလို ပိုစိတ် မကောင်း ဖြစ်ခဲ့ ရသည့် သက်ထား တယောက် ဘွဲ့လွန် စာတမ်းအတွက် ရွေးလိုက်သည်က ပတ်ဝန်းကျင် သက်ရောက်မှု နဲ့ ကလေးစိတ်ပညာ ဆိုတဲ့ ခေါင်းစဉ်ပါ။ ကလေးတွေကို လေ့လာဖို့သူ ရွေးချယ်လိုက်တာက ဒီရပ်ကွက်ထဲက ကလေးတွေ တက် နေတဲ့ သူနေတဲ့ လမ်းထဲက ကျောင်းကလေး။ ပါးကွက်ဝိုင်းမတို့ ကျောင်းကလေးပါ။ ကျောင်းအုပ်ကြီး နော်မာရီယာက အားတက် သရော ကူညီတာကြောင့် သက်ထား ၀မ်းမြောက်ရသည်။ ကျောင်းအုပ်ကြီး ရုံးခန်းက အထွက် ဘေးချင်းကပ် စာသင်ခန်းထဲက လက်ခုပ်သံ တဖြောင်းဖြောင်းကြောင့် အသာရပ် စေ့ငုတော့ ကျောင်းအုပ်ကြီး ကနားလည်စွာ ပြုံးလို့

ကဲ.. ဒီနေ့ စာစီစာကုံး ပြိုင်ပွဲမှာရော ၀ါကျ အလှရေး ပြိုင်ပွဲမှာရော စာလုံးပေါင်းသတ်ပုံ စစ်ပွဲမှာပါ ၃ခုလုံး ပထမ ရတဲ့ အတွက် ခုလို ဂုဏ်ပြုတာ ဖြစ်တယ်။ သားတို့ သမီးတို့လဲ သူ့လို တော်ရင် သူ့လို ဂုဏ်ပြုခံရမယ်။ သမီး ကလဲ ဒီလိုဖြစ် အောင် ဘယ်လို ကြိုးစားခဲ့တယ် ဆိုတာ သူငယ်ချင်းတွေ သိရအောင် ပြောပါဦး

သမီးက ကျောင်းစာ အပြင် ဗဟုသုတ ရအောင် ရွှေသွေး တို့ တေဇတို့ တို့ကျောင်းသားတို့ ဖတ်ပါတယ်။ တို့ ကျောင်းသား စာစောင်ထဲက စာစီစာကုံးတွေကို နမူနာ ယူပါတယ်။ ရွှေသွေးနဲ့ တေဇ စာစောင်တွေက ၀ါကျ ရေးပုံ အသစ်တွေကိုလဲ သတိ ထား မိပါတယ်xxxx

သွက်လက် ချက်ချာစွာနဲ့ အတန်းရှေ့မှာ ခပ်ပြုံးပြုံးလေး ရပ်ရင်း ပြောပြ နေတာက ပါးကွက်ဝိုင်းမ… အတန်း ရှေ့က အသာ ထွက်လာတော့ ကျောင်းအုပ်ကြီးက ပြုံးလို့။

ဒီကလေးမလေး က ကျောင်းမှာ အသက်မပြည့်ဘဲ ကျောင်းအပ်လက်ခံ ပေးခဲ့တဲ့ တယောက်တည်းသော ကျောင်းသူ လေးပါ။ ကျွန်မ အဲဒီတုန်းက ဆုံးဖြတ်ချက် မမှားဘူးဆိုတာ ကြာလေ သိလေပဲ။ သူက သိပ်ကို လေ့လာအား ကောင်းတယ်

ဟုတ်ကဲ့ ပါးကွက်ဝိုင်းမက ကျွန်မနဲ့ အိမ်နီးချင်းပါ။ ကျွန်မလဲ သူ့ကို စိတ်ဝင်စားတယ်။ သူတင် မကဘူး ဒီ အတန်း ထဲက ဒီရပ်ကွက်ထဲက ကလေးတွေက ကျွန်မ သတိထားမိသလောက် တယောက်တမျိုးစီ ထူးချွန်ကြ သလိုပဲ။ သီတာအေးက အဆို အက မှာ ပါရမီပါတယ်။ မယ်ညိုလေးဆို ပန်းချီဆွဲ သိပ်တော်တာပဲ။ ဗျိုင်းဖြူလေး က စီးပွားရေး သမားရဲ့ သမီးပီပီ လူမှု ဆက်ဆံရေး တယ်တော်တာကိုး ဆရာမကြီးရဲ့။

ဟုတ်တယ် ကျွန်မတို့ကတော့ အခြေခံ ပါရုံလောက်ပဲ သင်ပေးနိုင်တာပါလေ။ သူတို့လေးတွေ အားသန်ရာ နယ်ပယ်မှာ ထူးချွန်ပေါက်မြောက်သွားဖို့ မိဘနဲ့ ပတ်ဝန်းကျင်က အရေးကြီးတယ်

စကားစမြည်ပြောရင်း နှုတ်ဆက် ထွက်ခွာ… စာတမ်းအတွက် လေ့လာရင်း စာဖတ်ရင်းနဲ့ သက်ထားတယောက် နေ့နဲ့ ညလဲ မှားခဲ့လွန်းလှပြီ။ စိတ်ပါရင် ပါသလို အလုပ်ထဲ စာတမ်းထဲ နစ်မြုပ်နေရင်း တန်းလန်း သက်ထားရဲ့ စိတ်ကို ပတ်ဝန်းကျင်ဆီ ပြန်ဆွဲခေါ်လိုက်တာက
(((ဖြန်း))).. ((( ဖြန်း))).. ((( ဖြန်း)))
ကိုယ့်အဆင့်ကိုယ် မထိန်းသိမ်းနိုင်ဘူးလား။ ဒီလောက် လွယ်တဲ့စာ တွေ ကို ဒီလောက် နိမ့်တဲ့ အတန်းမှာတောင် အမှတ်ပြည့် ရအောင် မဖြေနိုင်ရင် ကြီးရင် ဘယ်လို လူလုပ်မှာလဲ။ ကြည့်ချင်လိုက်တဲ့ တီဗီ ဖတ်ချင်လိုက်တဲ့ ရွှေသွေး တေဇ တို့ကျောင်းသား။ မိဘဆီက တောင်းဆိုတတ် သလောက် ကိုယ့်ဘက် အဖြစ် ရှိအောင် ထိုက်တန်အောင် ဘယ်လို ကြိုးစားရမယ် ဆိုတာ မသိဘူးလား။ နောက် လမှာ အဆင့်လျှော လို့က တော့ ဒီဝါးခြမ်းပြားနဲ့ကို မဟုတ်ဘူး ဟိုကြိမ်လုံးကို ကြည့်ထား။

ရင်ထဲ ဆို့ကနဲ ဖြစ်သွားသည်။ အသာလှမ်းချောင်း လိုက်တော့ ပါးကွက်ဝိုင်းမ.. ကလေးတန်မဲ့ သူ မငို။ သူ့ ပါးကွက်ဝိုင်းလေး တွေပေါ် ဖြတ်စီးနေတဲ့ မျက်ရည် တွေကိုလဲ မသုတ်။ အံကိုကြိတ်လျက် ၀မ်းနည်းခံပြင်းနေတဲ့ မျက်လုံးတွေကို ခြံပြင်ကို ပို့ထား လျက်။ သူ့ခြေသလုံး ဖောင်းဖောင်းဖြူဖြူလေးတွေမှာ အနီစင်း ၃ချက် ကန့်လန့် ဖြတ်လျက်သား အစင်းလိုက်… သက်ပြင်းချရင်း အ၀တ်လဲပြီး ကျောင်းအုပ်ကြီး ဆီကို တိုင်ပင်ဖို့ ထွက်လာခဲ့သည်။ သို့သော် ဗျိုင်းဖြူမ လေးတို့ အိမ်ရှေ့က အဖြတ်

ကြောက်ပါပြီ ပါပါကြီးရယ် သမီးထပ်ကြိုးစားပါ့မယ်။ သမီး နာလှပါပြီ။ ထပ်မရိုက်ပါနဲ့တော့ အီးဟီးဟီး

ကိုအောင်ဝင်းရယ် ကျွန်မ တောင်းပန်ပါတယ် ကျွန်မ စာအသင်အပြ ညံ့လို့ပါ သမီးအပြစ် မဟုတ်ပါဘူး ကျွန်မကို ဒီလောက် ရိုက်ရရင် တော်ရောပေါ့ရှင် သမီးလေးကို မရိုက်ပါနဲ့တော့ နော်

နင်တို့ သားအမိ ၂ယောက်လုံး @#$%သုံးကို မကျဘူး။ ဟိုကောင်ထက် ငါပိုချမ်းသာတယ် ငါပို ငွေရှာ နိုင် တယ်။ နင်တို့ကို ဒီလောက် ထားတာတောင် ဟိုကောင့်သမီးထက် ငါ့သမီးက ညံ့ရသေးလား။ ဟမ်.. နင်တို့ ငါ့ကို အရှက်ခွဲနေကြတာ။ သူ့သမီး က ဆုပေးပွဲ မှန်သမျှ သူ့အတွက်ချည့်လား အောက်မေ့ရတယ်။ ဘာလို့ အဲလောက်တောင် တုံးအ ညံ့နေရတာလဲ။ သူ့-ျီးပဲ နင်စားနေဖို့ ကောင်းတယ်

နားနှစ်ဖက်ကို ယောင်ယမ်း ပိတ်ရင်း ခြေလှမ်းကို သွက်သွက်လှမ်းမိသည်။ ဆရာမကြီးတို့ အိမ်ဘက် လမ်းခွဲကို အကွေ့… မယ်ညိုလေးကို သူ့ခြံထဲက သစ်ပင်အောက် ပန်းချီဆွဲတဲ့ ဒေါက်ခုံလေး ဘေးမှာ တွေ့လိုက်ရသည်။ စိတ်ထဲ နည်းနည်း အေးချမ်း သွားလို့ တစေ့တစောင်း အကဲခတ်ရင်း မျက်ဝန်းက မယ်ညိုလေးရဲ့ ပန်းချီကား ကနေ တဆင့် စုတ်တံကိုင်ထားတဲ့ လက် ကလေး တွေ တုန်ယင်နေတာကို သတိပြုမိသည်။

ဘုရားရေ… ညိုမည်း ဖောင်းအစ်နေတဲ့ လက်ဆစ်လေးများ၊ ပြီးတော့ ပြီးတော့ နီရဲ ဖောင်းကားနေတဲ့ နားရွက်လေးများ။ ဖျတ်ခနဲ စုတ်တံ လွတ်အကျမှာတော့ ယောင်ကိုင်းနေတဲ့ လက်ဖ၀ါး ရဲရဲလေး။

သမီး
ခပ်အုပ်အုပ် ခေါ်သံ အဆုံး မယ်ညိုလေး ဖြည်းဖြည်းလှည့်ကြည့်သည်။ ပြီးတော့ ခြံစည်းရိုးနားကို ဖြည်းဖြည်း ချင်း လှမ်းလာ သည်။ မျက်ဝန်းမှာ မျက်ရည်ဥကလေးက တွဲလောင်းခိုလျက်သား…

သမီးလေး လက်တွေ ဘာဖြစ်တာလဲ
မေမေ လက်ဆစ်ခေါက်ထားတာ ဒေါက်တာအန်တီ

ခပ်အစ်အစ် ဖြေသံ အဆုံး ရှိုက်သံတိုးတိုးလေး ထွက်လာသည်။

ဘာဖြစ်လို့လဲ သမီးရယ်
အဆင့်တစ် မရလို့ ပြီးတော့ ပါးကွက်ဝိုင်းမထက် အမှတ်ပို မများလို့။ ဒေါက်တာ… သမီး ပါးကွက်ဝိုင်းမထက် ပို ဥာဏ်ကောင်း အောင် တော်အောင် ဘာဆေး စားရမလဲဟင်

ဘုရား ဘုရား သမီးလေးရယ်… ရင်ထဲမှာ ဆို့နင်းရင်းက ကလေးအတွက် သင့်တော်မယ့် အဖြေကို အပြေးအလွှား စဉ်းစားရသည်။

သမီးက ပါးကွက်ဝိုင်းမ လောက် ဥာဏ်မကောင်းတာ မဟုတ်ပါဘူးကွယ်။ ပါးကွက်ဝိုင်းမ က သမီးလို ပန်းချီဆွဲ မတော်ဘူးလေ။ သမီးက ပါးကွက်ဝိုင်းမထက် တော်တာတွေ ရှိပါတယ်ကွယ်။
ဒါပေမယ့် ပိုတော်တာတွေက အသုံးမကျဘူးတဲ့။ စာပိုတော်မှ ဖြစ်မယ်တဲ့.. မေမေနဲ့ ဖေဖေက ပြောတယ်

ပါးပေါ်လိမ့်ဆင်းလာတဲ့ မျက်ရည်ဥတို့ ကို သုတ်ပေးရင်း

ဒါဆို သမီးရဲ့ ဖေဖေနဲ့ မေမေကို အန်တီ ရှင်းပြပေးမှာပေါ့ကွယ်.. မငိုနဲ့နော် တိတ်နော် သမီးလေးက တော်ပါတယ်ကွယ်။ လက်တွေကို ဘာဆေးလိမ်းထားလဲ။
ဒဏ်ကြေဆေး လိမ်းထားတယ် အန်တီ
အေးပါ သမီးလေးရယ်။ သမီး ရဲ့ ဖေဖေနဲ့ မေမေ ရှိလား
အပြင်သွားတယ် ညနေမှ ပြန်ရောက်မယ်တဲ့
အန်တီ လာခဲ့ပါဦးမယ်။ ဟော မိုးဖွဲတွေ ကျလာပြီ။ သမီး အအေးမိနေမယ် အိမ်ထဲ ၀င်တော့နော်

မိုးဖွဲတို့က သူ့ရင်ကို မအေးစေနိုင်ပါချေ။ နယုန်မိုးသေးက မွေးထုတ်လိုက်တဲ့ မြက်သားတွေလို ကလေးတွေရဲ့ အနာဂတ် ဘ၀ လေးတွေ စိမ်းလန်းစေဖို့ သူ တတ်စွမ်းသမျှ မိုးဖွားလေးတွေနဲ့ ဖြန်းပက်ဖို့ ဆုံးဖြတ်လိုက်မိ လေတော့သည်
+++++++++++++++++++++++++++++++++++++++++++++++++++

(စိတ်ကူးထဲမှာ ရေးနေတာ ၂နှစ်ကျော်ပြီ ဖြစ်ပေမယ့် ဆေးပညာဆိုင်ရာ တွေ့ရှိချက်တွေကို ပြန်ဖတ်ပြီး တိုက်ဆိုင် စစ်ဆေး နေလို့ ကြာသွားပါတယ်။ ဒီ ဇာတ်လမ်းလေးဟာ ဖြစ်ရပ်မှန်ကို အခြေခံ ထားတယ် ဆိုတာ ၀န်ခံပါတယ်။ ခွန်မြလှိုင် သိပ်တော် လွန်းလို့ ရေးနိုင်တာ မဟုတ်ရ ပါဘူး။ တကယ် ဖြစ်ခဲ့တာပါ။)

2 comments:

ရွှန်းမီ said...

အင်း.. ခံစားမိပါတယ်။
နယုန်မိုးသေး မြက်သားမွေး
မွေးလာတဲ့မြက် မြေစာမြက် ဖြစ်နေပြီ။

သက်ဝေ said...

ဖတ်ရတာ စိတ်ဆင်းရဲလိုက်တာ ညီမရယ်...
မိဘတွေက ကိုယ့်ရဲ့ အတ္တနဲ့ လောဘတွေကို ဒီလိုပဲ ကလေးတွေအပေါ် ပုံချကြသတဲ့လား... မိဘတိုင်းမှာ ကိုယ့် ကလေးအပေါ် အားမလို အားမရ စိတ်မျိုးတွေ ရှိတတ်ကြစမြဲပါ... သို့သော်လည်း...

ကလေးတွေကို အကျိုးသင့် အကြောင်းသင့် နားလည်အောင် ပြောဆို ဆုံးမကြဖို့ သူတို့ ဘာလို့ နားမလည်ကြတာလဲ...း((

အမလဲ ကလေး စိတ်ပညာ အကြောင်းကို စိတ်ဝင်စားတယ်... ဟိုးစောစောပိုင်းတုန်းက ပိုစ့် ၃ ခု ရေးဖူးတယ်...

http://thet-wai-blog.blogspot.com/2008/11/blog-post_05.html

http://thet-wai-blog.blogspot.com/2008/11/blog-post_06.html

http://thet-wai-blog.blogspot.com/2008/11/blog-post_11.html

ညီမ အချိန်အားရင် ဖတ်ကြည့်ဖို့ပါ...း))