Thursday, August 28, 2008

ရှမ်ဘဲလားသို့ အပြန်လမ်း (သတ္တမ ပိုင်း)


တမနက် သင်တန်း ရောက်တော့ သူငယ်ချင်းမလေးက ဆီးကြို ငြီးတွား လေသည်။
အမရေ… ညီမ အခန်းကလေ သရဲ ခြောက်နေသလိုပဲ.. ညီမတစ်ယောက်တည်း မနေဖူးလို့ စိတ်ချောက်ခြားနေလို့များလား တကယ်လား သိချင်လို့.. အမက သရဲခြောက် ခံဖူးတယ် ဆိုတော့ သေချာအောင် တညလောက် ညီမ အခန်းကို လိုက်အိပ် ပေးပါလားဟင်

ရုံးက လုပ်ဖော်ကိုင်ဖက် ညီမလေး တစ်ယောက် တောင်းဆိုလာသည်။ ဖြစ်ရလေ ငါ့အတွေ့ အကြုံရယ်…

ဘယ်လို ကြုံလို့လဲ ပြောပါဦး ညီမရဲ့

ညီမတို့ နေတဲ့ တိုက် က တိုက်သစ်၊ နောက်ကျောဘက်မှာ တိုက်ပျက်ကြီး တစ်လုံးနဲ့ ငှက် ပျောတော ရှိတယ်။ သူ့ဘေးမှာ ဗလီ တစ်ခု နဲ့ ကုလားတန်း အိမ်ဝိုင်းကြီး ရှိတယ်။ ညီမရဲ့ အခန်း ရှေ့က အပေါ်ထပ်ကို တက်တဲ့ လှေကားနဲ့ အခန်းက ခြံ ထောင့် မြေညီထပ် ဆိုတော့ မှောင်ပြီး နည်းနည်း ချောင်ချတယ်။ အခန်းငှားခ ဈေးသက်သာ တယ်။ ညီမလဲ အခန်းက ည အိပ်ရုံ အိပ်တာ ဆိုတော့ ဈေးသက်သာတာ ယူထားတာ။ အဲဒါ ညည ဆိုရင် နားနားကပ်ပြီး ဟွဲ.. ဟွဲ နဲ့ အသံပေး နေသလိုပဲ။ အဲ့ အသံ ကြားရင် ကြက်သီး ထတာ တအားပဲ။ နောက်ပြီး အခန်းရှေ့ ကနေ တဒေါက်ဒေါက်နဲ့ လမ်းလျှောက်လိုက် အခန်း တံခါး ခေါက်လိုက် လုပ်နေ လို့ တရုတ်ကပ် မှန်ပြတင်း ထဖွင့် ကြည့်ရင် ဘယ်သူမှ မရှိဘူး။ အခန်း ထဲလဲ လက်သည်း ညှပ်သံ တထောက်ထောက်က ညတိုင်း ကြားရတယ်။ အသားဟင်း တွေ ၀ယ်လာတဲ့ နေ့ ဆိုရင် နားနားကပ်ပြီး ငါ့ကိုကျွေးလို့ ပြောလွန်းလို့ အဲ့ညဆို ရူးချင်ရော

အယ်.. အဲဒါ တခါတလေမှလား ညတိုင်းလား
ညတိုင်း
အဲ့အခန်းကို ပြောင်းတာ ဘယ်လောက် ကြာပြီလဲ
၃ပတ်
ကြောက်တာ ဘေးဖယ်ထားဦး… အိပ်ရေးပျက်လို့ ရူးလောက် ပါသည်။ ခုလဲ မျက်လုံးက ကြောင်စီစီ ဖြစ်နေသလိုလို..
ဒီည အမ လိုက်အိပ်ပေးမယ်လေ
ကျေးဇူးပါ အမရယ်
************************************************
တိုက်ကတော့ အပျံစားပေမယ့် အခန်းကိုရောက်တော့ သူပြောသလို အင်မတန် ချောင်ကျ သော အခန်းလေး။ မြေညီထပ် ထောင့်ခန်းမို့ ခြံစည်းရိုး အုတ်တံတိုင်းနဲ့ သူ့အခန်း နံရံက ကပ်နေကာ လေ၀င် လေထွက် လုံးဝ မကောင်း။ ဒီကြားထဲ အခန်းရှေ့ တည့်တည့်က အပေါ် ထပ် တက်သော လှေကားကြီးက ဟီးလို့။ အဲယားကွန်းမရှိ နံရံကပ် ပန်ကာသာ ရှိလေသည်။ သူကြားတဲ့ ဟွဲသံက ဒီပန်ကာ ကလဲ ဖြစ်နိုင်သည်။ ပြီးတော့ ပန်ကာက မူလီကို စစ်သည်။ လက်သည်းညှပ်သံ ဆိုသည်မှာ ပန်ကာ မော်တာထဲ တခုခု ညပ်နေတာလဲ ဖြစ်နိုင်လေသည်။ ညအိပ်တော့ သူမက ပန်ကာ ဖွင့်အိပ်လေ့ ရှိသော်လည်း ကျွန်မက ပန်ကာလေ ကြောက်တာ မို့ ချွေးတစီစီနဲ့ အိပ်ရတော့မည်။

ညစာ စားတော့ ကိုယ်က သင်္ဘောသီးထောင်းနဲ့ မုန့်ဖတ်ကို ထိုင်းစတိုင်လ်နဲ့ စားပေမယ့် အမဲသား ကြိုက်သော သူမက အမဲနှပ်နဲ့ ထမင်းစားသည်။ သရဲကြောက်သော မမ.. အဖော် ပါတော့ အရဲကိုးပြီး အတိုးချ စားလေသည်။ ကျန်နေသော အမဲနှပ်ကို သေချာ ထုပ်ပိုး သိမ်းဆည်းပြီး အတိုးချကာ သိုးအောင် အိပ်တော့သည်။ ကျွန်မကတော့ ထုံးစံအတိုင်း ပဌာန်းရွတ် စည်းချပြီး ဘုရား ရှိခိုးကာ အိပ်တော့သည်။

ဒေါက်… ဒေါက်… ဒေါက်
ဒေါက်ဖိနပ်သံ တခေါက်ခေါက်က လှေကားအတိုင်း ဆင်းလိုက်တက်လိုက် လုပ်နေသည်မှာ ည ဆယ်နာရီ ခန့်မှ မနားတမ်း ကြားနေသည်မှာ တချက်တီး အထိ.. လူအမျိုးမျိုး ခြေသံ အထွေထွေကို ကျွန်မ ကောင်းကောင်း ခွဲခြား တတ်ပါသည်။ သို့သော် ခုက ဒီခြေသံချည့် … တရုတ်ကပ်ကနေ အရဲစွန့် ချောင်းတော့ ဘယ်သူမှ မရှိ။ ထိုအခိုက် ချွေးရွှဲရွှဲကို လေအေးက ဝှေ့တိုက်လာသည်။ တရုတ်ကပ် ပြတင်းမှန်ကိုဖွင့်ပြီး ကန့်လန့်ကာ အထူတပ် ထားတာမို့ ကန့်လန့်ကာကို ဆွဲပိတ် လိုက်သည်။ လက်တည့် စမ်းချင်သည်လေ။ ဒီလေက ဒီလောက် လှောင်ပိတ် နေတဲ့ ဒီအခန်းလို နေရာကို ဘယ်နေရာက သဝေထိုးပြီး တိုက်လာ နေတာလဲ သိချင်သေးသည်။ သိပါပြီ။ လှေကားဘက်က တ၀ှီးဝှီး တိုက်လာသော လေအေးက ကန့်လန့်ကာ အထူကို လွင့်ထွက်အောင် တိုက်သည် အထိ ပြင်းလှ ပါသည်။
တောက်
ဘုရားဘုရား.. တောက်ခတ်သံက ပြင်းလှချည့်။ ခြေသံက ပိုပြင်းလာသည်။ မေတ္တာသုတ်ကို တွင်တွင်ရွတ်သည်။ မေတ္တာပို့ပြီး အမျှဝေသည်။ ငြိမ်းချမ်းရေး စကားပြောသည်။ တရားချ သည်။ ဘယ်လိုမှ မရ။ ဘယ်လို သရဲပါလိမ့်နော်.. ဆေးရုံမှာ တွေ့ရသမျှ၊ တသက်လုံး တွေ့ဖူး သမျှ သရဲတွေ၊ မေတ္တာပို့ရင် ဘုရားစာ ရွတ်ရင် ပြေးရင်ပြေး၊ မပြေးရင် ခင်သွားတာ ချည့်ပါပဲ။ ဒီသရဲက ရန်လို လှချည့်။ နောက်ဆုံး မနှောင့်ယှက်ဖို့ ဘယ်လိုမှ ဖျောင်းဖျ မရတော့ တရား ထိုင်၊ တရားမှတ် နေလိုက် သည်။ ထိုအခိုက် အခန်း တံခါးဝကနေ သူ့ပုံရိပ်က မားမားကြီး ပေါ် လာသည်။ သူ အခန်းထဲ ကို ဘယ်လိုမှ ၀င်လို့ မရ။ ဒီတော့ သူက အိပ်နေသော သူငယ်ချင်း မကို ထပြီး တံခါး ဖွင့်ခိုင်း လေသည်။ မယ်မင်းကြီးမက အိပ်မှုံစုံမွှားနဲ့ တံခါး ထဖွင့်ဖို့ ပြင် သည်။
မဖွင့်နဲ့။ သူက သိပ်စွမ်းနေတယ်။ ငါ နိုင်မနိုင် မသေချာဘူး။ တံခါးဖွင့်ရင် စည်းပေါက် သွားလိမ့်မယ်… လုံးဝ မဖွင့်နဲ့
ကျွန်မ စကားသံကြောင့် တံခါးကို လက်လှမ်းနေသော သူငယ်ချင်းမ လက်က လေထဲ တန်း လန်း ရပ်သွားသည်။ ထိုအခိုက် အလွန်အမင်း ဒေါသထွက် နေသော ထိုသတ္တ၀ါက သူ့ မျက်လုံး စိမ်းများ ထဲကနေ ထိုသူငယ်ချင်းမကို စိုက်ကြည့်လိုက်ပြီး ကျွန်မကို ရန်လုပ် ခိုင်း တော့သည်။ ကျွန်မ ဒုတိယ အကြိမ် ဘုရားတ လိုက်မိသည်။ စည်းဝိုင်းထဲ ၀င်မရလို့ စည်း အပြင်ကနေ အထဲက လူကို လှမ်းညှို့ပြီး ရန်လုပ်ခိုင်း နိုင်သည် အထိ သည်သတ္တ၀ါ စွမ်းလှ ပါတကား။ ထိုအချိန်တွင် ကျွန်မရဲ့ သူငယ်ချင်းကလဲ အသိပျောက်ကာ ကျွန်မထံ လှမ်းလာ နေလေပြီ။ ပါးစပ်ကလဲ ဗလုံးဗထွေးနဲ့ ဘာတွေ ပြောနေမှန်း မသိ။

တရားမှတ် မပျက်စေဘဲ သတိ အပြည့် နှင့်ပင် ကျွန်မ လှုပ်ရှားမှု တစ်ခု ရုတ်ခြည်း ထလုပ် ရ သည်။ ယင်းမှာ သူငယ်ချင်းမကို ပဌာန်းနှင့်ပင် စည်းချ ချုပ်နှောင် လိုက်ရခြင်းပင်။ ပြီးတော့ ပိတ်ထားသော အခန်းတွင်း မီးလုံးများ မီးချောင်းများ အားလုံးကို ဖွင့်ချ လိုက်သည်။ ထို့ နောက် သူရပ်နေရာ အခန်း တံခါး ပေါက်ကို လက်ညှိုး ညွှန်လျက် စက်ကြီး ၁၃သုံးပါး ဂါထာ ရွတ် သစ္စာ ဆိုသောအခါ ထိုသတ္တ၀ါ ပြေးလေ တော့သည်။ နာရီ ကြည့်လိုက်တော့ မနက် ၃ နာရီ ခွဲလေပြီ။ အိပ်ရာထက် ပြန်လှဲရင်း အထပ်ထပ် စဉ်းစား မိသည်။ သည် သတ္တ၀ါ ဘာလို့ ဒီလောက်တောင် ရန်လိုသလဲ။ ဘာလို့ ပါလိမ့် ဆိုတဲ့ အဖြေက ထွက်မလာသေးးး

ဒီလိုနဲ့ တခြံကျော် ကုလားဝိုင်း ထဲက ကြက်တွန်သံ ပျပျကို ကြားရသည်။ လင်းကြက် တွန်ပြီ။ အာရုဏ် လာပြီမို့ စိတ်ချရပြီမို့ စိတ်လျှော့ အချလိုက် အိပ်ပျော် သွားပြန်သည်။ သို့သော် လာပြန်ပါပြီ။ ၈ထပ်တိုက် တလုံးစာ မြင့်သော ကြီးသော သတ္တ၀ါ အမည်းကြီး.. အမဲရောင် အမှုန်များ လှိုင်းများ လွှတ်ကာ သူ့ဝန်းကျင် တခုလုံး မဲမှောင် နေအောင် ဖြန့်ထုတ်ရင်း ဒေါကြီး မောကြီး လာနေသည်။ သူ့ဝန်းကျင်က မဲမဲ အကောင်လေး များကလဲ သူ့အားကိုးဖြင့် ထောင်လွှား မြောက်ကြွ ကျွန်မထံ ပြေးလာ နေကြသည်။ ဒီလောက် အများကြီး ကျွန်မ တစ် ယောက်တည်း ရင်ဆိုင် ရတော့မည်။ ဘယ်လို လုပ်ရပါ့။ ဒေါက်တိုင်တွေ တတိုင်ချင်း ဖြုတ်နေ ရင် မောတာ အဖတ်တင်မည်။ ပင်မတိုင် ပြိုမှ သူ့ကို မှီပြီး မာန်တက် နေသော ဒေါက်တိုင် အားလုံး ပြိုပေမည်။ ဒီသတ္တ၀ါတွေ ဘယ်သူတွေ ပါလိမ့်။ ဗုဒ္ဓနဲ့ ဓမ္မ ကိုတောင် ဒီလောက် သည်းကြီး မည်းကြီး အာခံ နေသည်မှာ ဗုဒ္ဓ သာသနာ ထဲမှ သတ္တ၀ါများ လုံးဝ မဖြစ်နိုင်။ ဒါဆို ဗုဒ္ဓ သာသနာထဲက သူတွေနဲ့ အတိုက်အခံ ဖြစ်နေတာ ဘယ်သူ ပါလိမ့်။ သိကြားနဲ့ အသုရာ စစ်ဖြစ်သတဲ့။ သိကြားက ဘုရားရဲ့ သာဝက။ သာသနာတော်ထဲ ကုသိုလ် လုပ်သမျှ နတ်များ ဟာ သိကြားရဲ့ ပရိသတ် ဖြစ်သတဲ့။ ဒါဆို ဘုရားကို ရိုသေပြီး တရားကို ကျင့်ကြံသူကို နှောင့် ယှက်သူ ဟာ သိကြားရဲ့ ပရိသတ် မဖြစ်နိုင်။ ဘုရားလက်ထက် ကတည်းက ဘုရားရဲ့ သာဝက ကို နှောင့်ယှက်သူဟာ မာရ်နတ်ရဲ့ အပေါင်းပါ ချည့်မို့ ခုလဲ မာရ်နတ်ရဲ့ လက်ပါးစေ မဟုတ်ရင် အသုရာပဲ ဖြစ်နိုင်မည်။ အမှောင်ကို ခွင်းဖို့ အလင်းကိုသာ သုံးရတော့မည်။ သာသနာ အတွက် ဆိုရင်တော့ အသက်သေရင် သေပါစေတော့။ သူတို့ကို ကြောက်လို့ သူတို့ ပြုသမျှ နုရမည်၊ သူတို့ ခိုင်းသမျှ ရိုင်းရမည် ဆိုလို့ ကတော့ သံသရာ နစ်မွန်းကြောင်း မို့ ကောင်းရာမွန်ရာ ဘယ်တော့မှ ရောက်တော့မည် မဟုတ်။ ကိုယ့်စိတ်နဲ့ လူမလုပ်ရဘဲ သူ့စိတ်နဲ့ ကိုယ် ဖြစ်ကာ အရှင်လတ်လတ် သေရသလို ဖြစ်တော့မည်။ သေတာချင်း အတူတူ ဘာထူး မည်နည်း။ ကိုယ့်စိတ်နဲ့ ကိုယ့်ကို သေရတာက ကိုယ့်ဘ၀နဲ့ ကိုယ်မို့ မြတ်ဦးမည်။ သူ့စိတ်နဲ့ ကိုယ့်ကိုယ် သေရတာ ဘ၀ တပိုင်းသေ နဲ့မို့ သေရ ရှင်ရ ကျိုးပင် မနပ်။

ဝင်လေ ထွက်လေကို အာရုံအထူးစိုက်ပြီး တရားမှတ်ရင်း စိတ်ကို ထိုသတ္တ၀ါကို ခြေချွတ်ဖို့ ညွတ်ချ ထားလိုက်သည်။ ထိုအခိုက် ရုပ်ထဲက အဖြူရောင် အလင်းများက ဖြာထွက် လာပြီး ခန္ဓာကိုယ်ပါ ကြွတက်လာပြီး ထိုသတ္တ၀ါရဲ့ ကိုယ်ထဲ ဖောက်ဝင် သွားလေသည်။ မဲလိုက်တာ မှောင်လို့။ ကိုယ့်အလင်းကို သူ့အမဲမှုန် များနဲ့ ဖုံးအုပ် မှောင်ချ ပစ်ဖို့ ထုတ်လွှတ် နေသည်မှာ တဖွားဖွား… ကိုယ်ကလဲ အလင်းနဲ့ ထိုးဖောက်ဖို့ ကြိုးစား ရသည်မှာ အသွေးတွေ အသား တွေ တစစီ ပဲ့ကြွေရင်း လောင်ကျွမ်း လင်းလက် နေရသည့် အလား… ကိုယ့်စိတ်က သတိ စူးစိုက်မှု အားနည်း သွားသည်နှင့် တပြိုင်နက် သူ့ အမည်းမှုန် များက ကိုယ့် ကိုယ်ထဲထိ ထွင်း ဖောက် ၀င်ရောက် လာသည်မှာ အခံရ ခက်လွန်းလှသည်။ ထိုအခါ ချက်ချင်း သတိ ပြန်ထိန်း ပြီး ပြန်တွန်း ထုတ်ရသည်။ အို.. အသွေးတွေ အသားတွေ ကုန်လို့ အရိုးတွေ ရိုးတွင်း ခြင်ဆီ တွေပါ လောင်သွားစေဦး.. ရအောင် တားမည်။ သူလဲ အသက်တချောင်း ကိုယ်လဲ အသက် တချောင်း။ သူ့မှာလဲ အသက်ပို ပါတာမဟုတ်တဲ့ အတူတူ ဘာကြောက်စရာ ရှိလဲ။ စိတ်ပိုင်း ဖြတ်မှု အဓိဌာန် လုံးဝ ဒုံးဒုံးကျ သွားလေလေ စိတ်ကလေးက ပိုသိမ်မွေ့ ငြိမ်သက် သွားလေ လေ။ ထိုအခိုက်မှာ ခန္ဓာကိုယ်က ရုပ်မှုန်လေး တခုချင်းက အသေးဆုံး အစိတ်အပိုင်းထိ ပြိုကွဲ ကြည်လင် လင်းလက် လာခဲ့လေပြီ။

ဒီတခါ ထွက်လာသော အလင်းက တကိုယ်လုံး ရှိသမျှ အားအကုန် ထုတ်သုံး လိုက်သည်မို့ ထင့်။ အရောင်စုံ လှသည်။ အနီ၊ အစိမ်း၊ အဖြူ၊ အ၀ါ၊ အနက်စူးစူးနဲ့ လျှပ်ရောင်တို့ ကုန် အောင် ထွက်လာ ခဲ့သည်။ သို့သော် အရင်လို အကွင်းလိုက် မဟုတ်။ ဓားသိုင်းသမားတို့ ဓားစကြာ လှည့်သလို အလင်းသွားတို့က အ၀ိုင်းလိုက် လှည့်ကာ မွှေလေတော့သည်။ အလင်းသွားများ ကြားဝယ် အမည်းထုက အလွှာလိုက် အလွှာလိုက် ပြတ်ကျလျက်။ ခန္ဓာ ကိုယ် မရှိတော့ သလို ခံစားရလျက်က စိတ်က အဖြစ်အပျက်ကို သိသည် ဆိုရုံလေး သိနေရင်း အမှတ်က တစက် ကလေးမှ မပြတ်။ ပြတ်လို့ မဖြစ်ဘူး ဆိုတဲ့ အသိက သတိကို ထိန်းမတ် ပေးနေသည်။ သတ္တ၀ါကြီးလဲ မခံနိုင်တော့ဘဲ ၀ူးဝူးဝါးဝါး အော်ခဲ့ပြီ။

အပြီးတိုင် ဆုံးမမည် ဆိုသော ပိုင်းဖြတ်ချက်နဲ့ အတူ သူ့ဗိုက်ထဲက ကိုယ့် ခန္ဓာက အပေါ်ကို တဖြည်းဖြည်း မြင့်တက် လာလေပြီ။ ခေါင်းကနေ ဖောက်ပြီး ပြန်ထွက်မည်ဟု ကြံစည် လိုက် သော ခဏ.. ခေါင်းကနေ ဖောက်မထွက် ပါနဲ့ ပါးစပ်ထဲကနေ ပြန်ထွက် ပေးပါ။ နောက်နောင် မနှောင့်ယှက် တော့ပါ ဆိုသော ကတိ စကား ထွက်လာ ခဲ့ပြီ။ သာသနာကို မယုံကြည်ဘဲ နှောင့်ယှက် ဖူးသူရဲ့ ကတိ စကားကို ဘယ်လို ယုံမည်နည်း။ သို့သော် ပြုပြင်ရန် အခွင့်အရေး မပေးပြန်ရင် ဒီအချက်ကြောင့် မိုက်တွင်း နက်ရ ပါသည်လို့ ဆင်ခြေ ပေးနိုင် နေဦးမည်။

အိုး အခက်ဆုံး အပိုင်းပါပေ။ သူနဲ့အပြန်အလှန် စကားပြော နေစဉ် သတိကို လွှတ်လို့ မရ၊ တရားအမှတ်ကို အဆက်ပြတ်လို့ မရ။ တချက်လေး လွတ်လိုက်သည်နှင့် သူ့ အမဲလှိုင်း များ က ကိုယ့်ကို ၀ါးမြို သွားပေ လိမ့်မည်။ သတိကို မပြတ်အောင် ထိန်းရင်း အကြံ တချက် လက်ခနဲ ထွက်ပြီ
ကောင်းပြီ။ သင့်ကိုယ်ထဲမှာ ငါ့ကိုယ်ပွားကို ထားခဲ့ပြီး ငါ သင့်ပါးစပ် ကနေ အပြင် ပြန်ထွက် မယ်။ သင် စိတ်ပြောင်းလို့ ပြန်နှောင့်ယှက်ဖို့ စိတ်ကူး လိုက်တာနဲ့ သင့်ကိုယ်ထဲက ငါ့ ကိုယ်ပွားက ချက်ချင်း သိပြီး ကတိ ဖျက် လိမ်ညာမှု ကြောင့် နောက်တကြိမ် ခွင့်လွှတ်မှု မရှိတော့ဘဲ သင့်ကိုယ်ကို အပိုင်းပိုင်း ဖြတ်လိမ့်မယ်။ သင်ကိုယ်တိုင်က စိတ်ပြောင်းလို့ နှောင့်ယှက်ရင် ဖြစ်စေ၊ သင့် သာဝက နောက်လိုက်များက သာသနာ ထဲက လူတွေကို နှောင့်ယှက် လာရင် ဖြစ်စေ သင့်ကိုယ်ထဲက ငါ့ကိုယ်ပွားက သင့်ကို ဒဏ်ပေး လိမ့်မယ်။ ကဲ ဘယ်လိုလဲ သင်သဘောတူ လက်ခံ နိုင်လား။ လက်မခံ နိုင်ရင်တော့ ငါ သင့်ခေါင်းထဲကနေ ဖောက်ထွက်မယ်။

ငါတို့ အရွယ်မရောက်ခင်က ငါတို့ထက် အင်အား ကြီးသူ တွေက ငါတို့ကို နှိပ်စက်တယ်။ ငါတို့ အရွယ်ရောက်လို့ ဦးချိုတွေ၊ အစွယ်တွေ၊ ခြေသည်း လက်သည်းတွေ၊ အမွှေးကြမ်းတွေ ထွက်လာမှ ငါတို့ အင်အားကြီးမှ သူတို့ အနှိပ်စက် ကို ငါတို့မခံရ တော့တာ။ သင်က တရား လုပ်တယ် ဆိုပြီး နှိပ်စက် တတ်တာပဲ။ သင်က အမျှပေးတယ်။ ငါတို့က အမျှယူပြီး သာဓု ခေါ်လိုက်တာနဲ့ ငါတို့ အစွယ်တွေ၊ လက်သည်းတွေ၊ ဦးချိုတွေ၊ အမွှေးကြမ်း တွေ ကျွတ်ထွက် ကုန်တာ သိပ်နာတယ်။ ဒီလို နာရတဲ့ အထဲ အကောင်ကြီး တွေက နှိပ်စက်ခွင့် ရကုန်တယ်။ တချို့ဆို သာဓု ခေါ်လိုက်တာနဲ့ ချက်ချင်း သေကုန်တယ်။ သင်ပြောတော့ တရားကို လက်ခံသူက ကောင်းကျိုး ရတယ်ဆို ငါတို့ဘယ်မှာ ကောင်းလာ လို့လဲ…

သြော်.. ဒါကြောင့် သင်က ဒီလောက် ရန်လိုတာကိုးးး သင်ဟာ စိတ်နူးညံ့မှုကြောင့် ဒီဘ၀က ကျွတ်ခါနီးလို့ သင်္ကေတ ပြရုံလေး အချိန်မှာ စိတ်ကို ပြန်ကြမ်း ပစ်လိုက်လို့ ဒီဘ၀က မကျွတ် နိုင်ဘဲ ဒီလို ခံစားရတာပါ။ ဒါဆို သာဓု ခေါ်လို့ သေသွားပါတယ် ဆိုတဲ့ သင့်လူတွေ ဘယ် ရောက် ကုန်လဲ သိလား။ သင်တန်ခိုး ကြီးတာပဲ.. သူတို့ကို တမ်းတ ခေါ်ယူပြီး မေးကြည့်ပါဦး။ ဒီဘ၀က လုံးဝ ကျွတ်လွတ်ဖို့ အတွက် မသေဘဲ နောက်ဘ၀ကို ရောက်ရိုး ထုံးစံ ရှိလို့လား။ ဒီဘ၀မှာ အဆင့်မြင့်ရုံပဲ နေချင်တာလား ဒီဘ၀နဲ့ မသက်ဆိုင် လောက်အောင် ကောင်းတဲ့ နောက်ဘ၀ကို ပြောင်းပြီး နေချင်တာလား။ သင် သေချာ စဉ်းစားပါ။ တနေရာကနေ လုံးဝ မစွန့်ခွာဘဲ နောက်တစ်နေရာမှာ အပြီး သွားနေလို့ ရသလား။

အသည်းအသန် သတိထား ထိန်းနေရတဲ့ အမဲလှိုင်း သိပ်သည်းမှု ရုတ်ခြည်း လျော့ကျ သွားခဲ့ ပြီ။ ဒါဆို ဒီသတ္တ၀ါကြီး အတိုင်း အတာ တခုထိ သဘောပေါက်တာ သေချာပါပြီ။

ကောင်းပါပြီ။ ကျုပ် သဘောပေါက်ပြီ။ ဒါပေမယ့် ဘယ်လောက်ထိ မှန်လဲ ဆိုတာ ကျုပ် သုံးသပ် ဦးမယ်။ ပြီးတော့ ကျုပ် နောက်လိုက် ထဲမှာလဲ ပေကပ်ကပ် ကောင်တွေ ရှိပါတယ်။ သူတို့အားလုံးကို ကျုပ်ခေါ်ပြီး မနှောင့်ယှက်ဖို့နဲ့ ပြောစကား နားမထောင်ရင် ဒဏ်ပေးမယ် လို့ သတိပေး ပါ့မယ်လို့ ကျုပ် ရဲရဲကြီး ကတိပေး ပါတယ်။ ဒါပေမယ့် ကျုပ် နောက်လိုက် အားလုံးကို ပြန်ခေါ် သတိပေး စောင့်ကြည့်ဖို့ အချိန် ၂လ စောင့်ပေးပါ။ ဒီကြားထဲမှာတော့ နှောင့်ယှက်လို့ ဆိုပြီး ကျုပ်ကို သင့်ရဲ့ ကိုယ်ပွားက မသတ်ပါနဲ့။ သင် တရားသမား ဆိုရင် ဒီလောက်တော့ ပြန်ငဲ့ညှာပါ။

အမယ်.. သူကလဲ အလာကြီးပဲ။ ဒါပေမယ့်

သင်ပြောတဲ့အထဲမှာ ဟာကွက် ရှိနေတယ်။ ဒီအချိန် ၂လ အတွင်းမှာ သင်ကိုယ်တိုင်ရဲ့ စိတ်ပြောင်းပြီး နှောင့်ယှက်ချင်စိတ်ပေါ်လာရင်၊ အဲဒီစိတ်ကို မထိန်းချုပ်ဘဲ နှောင့်ယှက်ဖို့ ကြိုးစား လာခဲ့ရင် သင့်ကို ငါ့ ဆုံးမ ရလိမ့်မယ်။ သင့်နောက်လိုက် တွေက သင်ထိန်းတဲ့ ကြားက ဆိုးသွမ်းနေရင် သင်ကိုယ်တိုင်က ဒဏ်ပေးဖို့ တမင် အချိန်ဆွဲ နေခဲ့ရင်တော့ သင့်ကိုရော သင့်နောက်လိုက် ကိုရော ငါ ဆုံးမ ရလိမ့်မယ်။ သဘောတူလား…

ကောင်းပြီ .. သဘောတူပါတယ်

မျှတသော တောင်းဆိုမှုမို့ လက်ခံဖို့ ဆုံးဖြတ် ခဲ့သည်။

ကောင်းပြီ။ ငါ ပြန်ထွက်တော့မယ်။ သင့်ကိုယ်ထဲ ငါ့ကိုယ်ပွား ထားခဲ့တာကို သင်လဲ ကိုယ်ချင်းစာ တတ်ရင် ဘယ်လိုမှ အောက်မေ့မှာ မဟုတ်ပါဘူး။

အဓိဌာန်ကြောင့် ကိုယ်၂ခု ကွဲထွက် သွားချိန် အားတွေ တ၀က်လျော့ သွားသလို ခံစားရသည်။ ပြီးတော့ လက်ဖျစ်တတွက်မှာ ကုဋေ ကိုးသိန်း ဖြစ်ပျက် နေသော စိတ်က ကိုယ်ပွားနဲ့ ကိုယ့် ဆီမှာ လူးလာ ခေါက်ပြန်။ လက်ဖျစ်တတွက်မှာ ငါးကုဋေ ကျော်ရုံသာ ဖြစ်ပျက် နေသော ရုပ် ကလာပ်စည်း များကို စိတ်က နိုင်နင်းစွာ ထိန်းသိမ်း ပြီးတဲ့ အခါ စိတ်ရော ရုပ်ပါ ပြန်အားပြည့် စေဖို့ သတိနဲ့ တရားပြန်မှတ်ရ ပြန်သည်။ သေချာပြီလို့ စိတ်က သတ်မှတ်ချိန် ရောက်မှ သူ့ ကိုယ်ထဲက ပြန်ထွက် လိုက်တော့ အပြင်လောကမှာ လင်းချင်းလို့… သူ့ကိုယ်ထဲ ၀င်ရောက် ခါစက အမဲလှိုင်းများ လှိမ့်နေသလိုမို့ ဘာရုပ်မှ သဲသဲ ကွဲကွဲ မမြင်ရသော သတ္တ၀ါ လေးများမှာ ခုတော့ အရေခွံ ပြောင်ပြောင် လေးတွေနဲ့။ သြော် သူကိုယ်တိုင်ရဲ့ ရုပ်သွင် ကိုလဲ ခုမှ သေချာ မြင်ရ တော့သည်။ အမဲမှုန် အမဲလှိုင်းများ လွှင့်ထုတ် ထားခြင်း မရှိတော့။

သာဓု… သာဓု… သာဓု
*********************************************

အင်းးးး… အမ ဘာတွေ သာဓု ခေါ်နေတာလဲ… အင်း ဒီမနက် ဘာလို့လဲ မသိဘူး။ ခါတိုင်း ပန်ကာ ဖွင့်အိပ်တာတောင် အိုက်တာ။ ခုပန်ကာ ပိတ်ထားတာကို ချမ်းလိုက်တာ အမရယ်..

သူငယ်ချင်းမလေးရဲ့ အမေးကြောင့် မျက်စိ ဖွင့်လိုက်တော့ နေရောင်က အခန်းထဲထိ ဖြာကျ နေပြီ။ ပင်ပန်း လွန်းလို့ မလှုပ်ချင် လှုပ်ချင် ထလာသော ကိုယ့်ကို သူက ကြည့်ရင်း
အမ မျက်တွင်းဟောက်ပက်နဲ့ ပါလား.. ညက မအိပ်ရဘူးလား
မမလေးရယ်.. ရှင်ညက သောင်းကျန်း လိုက်တာ မမှတ်မိ ဘူးလား
အန်.. ဘာသောင်းကျန်းလို့လဲ အမရဲ့ .. အယ် ညက ဆိုလို့ ညီမ ညကလေ အိပ်မက် မက် တယ် သိလား… ၆ထပ်တိုက်လောက် မြင့်တဲ့ အကောင်ကြီးက ညီမကို လှမ်းခေါ်တယ်တဲ့။ ပြီးတော့ ညီမ မူးသလိုလို မသိတသိနဲ့ ဘာဆက်ဖြစ်မှန်း မသိဘူး.. နေပါဦး ဘာလို့ ဒီလောက် ချမ်းနေရတာလဲ .. ညက မိုးတွေ တအားများ ရွာလို့လားဟင်
အခန်းပြင် ထွက်ကြည့်လေ… ဘာရေမှ တင်မကျန်နေဘူး.. စိုနေတာလဲ မရှိဘူး
ဟယ်.. ဒါဆို
ရှင့်အခန်းက သရဲက ကြမ်းလိုက်တာ.. အမ တညလုံး မအိပ်ရဘူး.. မိုးလင်းခါနီးမှ အိပ်ပျော်သွားတာ
ဟင့်..
ခုတော့ ကောင်းသွားမှာပါ။ စိတ်မလုံသေးရင် အခန်း ပြောင်းလိုက်နော်.. ကဲ.. ရုံးသွားဖို့ ပြင်ကြစို့
********************
(ဆက်လက် ဖော်ပြ ပါမည်။)


Read More...

Happiness is a Voyage

အီးမေးလ် ထဲက ရတာလေးပါ။ ကြိုက်လွန်းလို့ မျှဝေ ပါတယ်။

Read this document on Scribd: Happinessisavoyage

Read More...

ရှမ်ဘဲလားသို့ အပြန်လမ်း (ဆဌမ ပိုင်း)

အလုပ်သစ် လျှောက်လို့ ရွေးချယ်ခံရပြီး သင်တန်းပါ အချိန်ပြည့် တက်နေရသောကြောင့် ပင်ပန်းသမျှ အိမ်ပြန်ရောက် သည်နှင့် တခါမှ ဆွဲဆောင်မှု မကောင်းဖူးသော အိပ်ရာက သံလိုက် ဓာတ် အပြည့်နဲ့ ဆွဲဆောင် နေလေသည်။ ခြေလက် ဆေးကြောပြီးတော့ ညစာပင် မစားရသေး.. ခဏလောက် လှဲလိုက် ဦးမယ် ဟူသော အတွေးကြောင့် အညောင်းပြေ အကြောဆန့် ပြီးမှ ဘုရားကို ရှိခိုးပြီး အိပ်မည်ဟု ဆင်ခြေ တေးထား လိုက်သည်။ ခြေ ဆန့် လက်ဆန့် လှဲချပြီး အကြောဆန့်ခိုက် မှေးခနဲ ဖြစ်သွားသည်။ သို့သော် စိတ်မသန့်လို့ လှည့်ကြည့်လိုက်တော့ လားလား..

အရိုးခေါင်းခြောက်နဲ့ အရိုးပဒေသာ တစ်ခုက ၀တ်ရုံမည်းကြီး ၀တ်လျက် လက်ကြီး ၂ဘက် ဆန့်တန်းပြီး ကျွန်မထံ လှမ်းလာ နေသည်မှာ ခြေလှမ်း ၃လှမ်းစာသာ လိုတော့သည်။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ… ဓမ္မံ သရဏံ ဂစ္ဆာမိ… သံဃံ သရဏံ ဂစ္ဆာမိ..

ဖြည်းဖြည်း မှန်မှန် ရွတ်ရင်း နှာသီးဖျားကို အာရုံစိုက်ကာ စိတ်ကို ငြိမ်အောင် ထိန်းလျက် ၀င်လေ ထွက်လေကို မှန်မှန်ရှု လိုက်စဉ် မဖြစ်စဖူး ထူးကဲသော အဖြစ်တခု ဖြစ်သွားလေသည်။
တရားမှတ်နေသော ခန္ဓာကိုယ် ထဲက လျှပ်စီးရောင် အလင်းကွင်းများ အကွင်းလိုက် အကွင်း လိုက် ပြန့်ထွက် သွားလေရာ ထို လှမ်းလာ နေသော အရိုးစုကို ထိပြီး အပိုင်းပိုင်း ပြတ်ကျ သွားခြင်းပင်.. သြော်… သနားပါတယ်

ဆက်လက် ရှုမှတ် နေခိုက် ဟိုအဝေး ခပ်လှမ်းလှမ်း ဆီမှာ ဆယ်ယောက်ထက် မနည်းသော ၀တ်ရုံမည်းနဲ့ အရိုးစုများ လက်ဆန့်တန်းလျက် လှမ်းလာနေဆဲ.. သူတို့ ကိုယ့်ဆီ ရောက်ဖို့ အချိန် နည်းနည်း လိုသေးသည်။ ထိုအခိုက် ဖျတ်ခနဲ အတွေး တချက် လက်လာခဲ့သည်။

ငါ တရားပြန်မှတ်ရင် ခုနလို အလင်းကွင်းတွေ ထွက်ပြီး သူတို့ အပိုင်းပိုင်း ပြတ်လို့ သေဦး မည်။ ဒါပေမယ့် ကုသိုလ် အထောက်အပံ့ မရှိဘဲ ဒီဘ၀ကို စိတ်စွဲရင် နောင်ဘ၀မှာ ဒီလို သတ္တ၀ါပဲ ပြန်ဖြစ်ရင် ပြန်လာ နှောင့်ယှက် ဦးမှာပဲ။ ဒီတော့ ငါ့အတွက် ဘာမှ အကျိုးမထူးသလို သူတို့လဲ ခဏခဏ သေရတဲ့ အတွက် ငါ့အပေါ် အမုန်း ရန်ငြိုးပဲ တိုးတာ အဖတ်တင်မယ်။ သူတို့ကို နှိမ်နင်း နေရရင် ငါမောတာပဲ အဖတ်တင်မယ်။ ဘယ်လို လုပ်ရပါ့… တရား အမှတ် ကို မပြတ်စေဘဲ သတိထားရင်း စကား တချို့ကို သူတို့ဆီ စိတ်ရွယ်ရင်း ပြောဖြစ်သည်။

အသင်တို့.. သင်တို့ကို ငါ ဒုက္ခ မရောက်စေချင်။ သံသရာမှာ ဘ၀ အဆင့်အတန်းတွေ တိုး တက်ဖို့ ဆိုတာ သူများ လုပ်ပေးလို့ မရ.. ကိုယ်တိုင် လုပ်မှ ကိုယ်တိုင် ရပါတယ်။ ကိုယ့်ဘ၀ တိုးတက်ဖို့ သူများကို နှောင့်ယှက် ဖျက်ဆီး ရုံနဲ့ မရ။ သူများက အမုန်းနဲ့ လက်စားချေရင် ကိုယ်ကျိုး နည်းပါလိမ့်မယ်။ အများ ကောင်းကျိုးလုပ်မှ တိုးတက် မှာပါ။ အများကောင်းကျိုး မလုပ်နိုင်ရင်တောင် သူများ အကျိုးကို မဖျက်ဆီး ပါနဲ့။ ငါ တသက်တာ ပြုခဲ့သမျှ ကုသိုလ် တွေကို အမျှ ပေးပါတယ်။ အမျှယူဖို့ သာဓု ခေါ်ပါ။ ပြီးတော့ ဒီ အတွေးအခေါ် တွေဟာ ဗုဒ္ဓက သင်ကြား ပေးတာမို့ ကျေးဇူးတင်ချင်ရင် ဗုဒ္ဓကို တင်ပါ။ ဒီတရားကို ဗုဒ္ဓ ဟောခဲ့တာ ဖြစ်ပါ တယ်။ ငါက ဗုဒ္ဓရဲ့ တပည့်သာ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ တရားကို ဆည်းပူး လိုက်နာရင် သံသရာမှ မကျွတ်လွတ်ခင် ကိုယ့်ဘ၀ တိုးတက် နိုင်ပါတယ်။ အမျှ.. အမျှ.. အမျှ

စကားဆုံးတော့ တရားကို ဆက်မှတ်ဖြစ်သည်။ ဒီအချိန်မှာ စောစောကလို လျှပ်ရောင် အလင်း ဖြူ ကွင်း မဟုတ်ဘဲ တံလျှပ်လို အရောင်မဲ့ လှိုင်းများ ကိုယ်ထဲက အကွင်းပြန့်လိုက် ဖြန့် ထွက် သွားသည်ကို မိမိကိုယ်ကို အံ့သြလျက် တွေ့လိုက် ရလေသည်။ ထိုအလင်းကွင်း များ သူတို့ ကို ထိတွေ့ မိသောအခါ အပိုင်းပိုင်းများ ပြတ်သွား လေမလားလို့ စိုးရိမ်စိတ်ဖြင့် ကြည့်မိတော့ အိုးးးး ၀တ်ရုံမည်းများ အားလုံး အဖြူရောင် ပြောင်းသွားကာ ကိုယ့်ဆီ ဆန့်တန်း ထားသော လက်များက လက်သည်းများ ကြွေကျပြီး ခုတော့ လက်အုပ်ချီလို့… အရိုးစုများက အသားများ ရုတ်ခြည်း ပြည့်လာပြီး အစွယ်များ ကြွေကျ သွားလေပြီ။ ငြိမ်းငြိမ်းချမ်းချမ်း လှည့်ပြန်သွားသော သူတို့ နောက်မှာတော့ ဒေါသ ထွက်နေသော သတ္တ၀ါ မည်းမည်းကြီး အကြီးကြီး တစ်ကောင်…

ရုတ်တရက် လန့်နိုးလာတော့ လူက နုံးခွေလို့… ထမင်းလုံး တစ္ဆေ ခြောက်ရအောင်က လူက ညစာ မစားရသေး။ ဘုရား မရှိခိုးဘဲ အိပ်မိလို့ အိပ်မက်ဆိုးမက်သလားလို့ တွေးရင်း အိပ်ရာ က လူးလဲထပြီး ရေမိုးချိုး၊ ညစာစား၊ ဘုရား ရှိခိုးပြီး အိပ်ရာ ၀င်ခဲ့ရလေသည်။ သို့ရာတွင် မကြာခဏ မက်တတ်သော ထိုအိပ်မက် များမှာ တခုနဲ့ တခု ဆက်စပ် နေတာမို့ စမ်းသပ် ချင်စိတ်က တားမရလို့ အိပ်မပျော်ခင် အဓိဌာန် တစ်ခု လုပ်ခဲ့မိ လေသည်။ စမ်းသပ် ချင်တာ ကလဲ အကြောင်း ရှိလေသည်။ ငယ်တည်းက အိပ်ပျော်နေလျက်နဲ့ စာထရေးခြင်း၊ တံခါး ထပိတ်ခြင်း၊ တအိမ်လုံးက တံခါးများကို ထစစ်ဆေးခြင်း၊ အိမ်သန့်ရှင်းရေး အမှိုက်လှည်းခြင်း စသည် များကို အိပ်မက်ယောင်ရင်း အစီအစဉ် တကျ ထလုပ်တတ်သော ကျွန်မမှာ မနက် မိုးလင်းလို့ အိပ်ရာက နိုးမှ အိမ်သားများက ပြန်ပြောပြလို့ သိရသည်မှာ ခဏခဏ။

ငါမက်တဲ့ အိပ်မက် များဟာ တစုံတခုကို စိတ်စွဲလို့ သို့မဟုတ် တခြား အကြောင်းအရာ တခုခု နဲ့ ဆက်စပ် ပတ်သက်လို့ မက်နေတာလား။ ဒါမှ မဟုတ် ငါ အိပ်ပျော်နေစဉ် ငါ့ စိတ်က ရုပ်နု ကို နှိုးပြီး တကယ် ကြုံတွေ့ ဖြစ်ပျက် နေတာတွေလား။ သေချာအောင် သိသာ ထင်ရှားအောင် သက်သေ တခု ဒီည အိပ်ပျော်ပြီး မနက်ကျရင် အဖြေတိတိကျကျ သိလာပါစေ။
***********************************************
ကိုရေ.. မိုးလင်းပြီး .. အိပ်ရာထတော့… အပြင် သွားစရာ ရှိတယ်.. မျက်နှာသစ် ထားနှင့်.. ကော်ဖီ ဖျော်ထားနှင့်မယ်

ပြောပြောဆိုဆို မီးဖိုခန်းထဲ ၀င်လာပြီး ကော်ဖီဖျော်ဖို့ လုပ်တော့ ကော်ဖီနဲ့ သကြားက အသင့် ရှိသော်လည်း နို့မှုန့် က ကုန်နေချေပြီ။ ထည့်သော ပုလင်းချင်းက ဆင်တူမို့ သေချာ အောင် နို့မှုန့်ကုန်တာလား သကြားကုန်တာလား ဆိုတာ ထပ်စစ်လိုက် သေးသည်။ အင်း ကုန်တာ နို့မှုန့် သေချာသည်။
ဟောတော့.. နို့မှုန့် ကုန်နေတာကိုးးး အင်း ဒီရက်ပိုင်း မုန်တိုင်း ကယ်ဆယ်ရေး ကိစ္စနဲ့ ခရီးထွက်ချည့် နေရတာနဲ့ အိမ်မှာ ဘာကုန်နေမှန်းတောင် သတိ မထားဘူး။ ကိုရေ မျက်နှာသစ်ပြီးရင် လမ်းထိပ် ဆိုင်မှာ နို့မှုန့် ၀ယ်ပေးဦးနော်.. နော်လို့.. ကြားလား
***************************************
ဟင်… ဘာရယ် ဘာတွေပြောနေတာလဲ.. ဘာလဲ အိပ်မက် ယောင်နေပြန်ပလား
အန်..
မျက်စိ ဖွင့်လိုက်တော့ မိုးစင်စင် လင်းလို့.. ဒါဆို.. အင်း.. အိပ်မက်ကို သေချာအောင် ပြန်စဉ်းစား လိုက်သည်။ နောက်တော့ ခင်ပွန်းသည်ကို စကား မပြန်နိုင်ဘဲ လှေကားအတိုင်း တရကြမ်း ဆင်းပြေးသည်။
ဟ… ဖြေးဖြေးဆင်းလေ.. ဘယ်လိုဖြစ်တာလဲ
အမျိုးသား အသံက နောက်က အလောတကြီး ထွက်လာသည်။ စကားပြန်မပြော နိုင်သေးဘဲ မီးဖိုးခန်းကို အပြေးဝင်သည်။ စင်ပေါ်က ပုလင်းများ ဆွဲချရင်း ပုလင်းများကို စစ်သည်။ ဟော.. တွေ့ပါပြီ..
ဘာဖြစ်တာလဲ… အလန့်တကြားနဲ့.. ဟင်.. နို့မှုန့် ပုလင်း အခွံကြီး ကိုင်ပြီး ဘာတွေ ငိုင်နေ တာလဲ.. ဘာဖြစ်ပြန်တာလဲ.. အာာာာ လုပ်ပြီ။ ရော့… ဒီမှာထိုင်.. လာ.. ရေသောက် လိုက် နော်… ဖြည်းဖြည်းသောက်.. ပေးပေး ဒီပုလင်း… ကို လမ်းထိပ် ထွက်ပြီး နို့မှုန့် ၀ယ်လိုက် ဦးမယ်.. ဟုတ်ပါရဲ့ .. နို့မှုန့် ကုန်နေတာ သတိတောင် မထားမိဘူး။ အိမ်ပြန် မအိပ်ဖြစ်တာလဲ ကြာပြီကိုးးး ဘာရှိလို့ ဘာကုန်နေမှန်းတောင် မမှတ်မိတော့ဘူး… မောနေရင် ငြိမ်ငြိမ် ထိုင်နေ နော်.. ကို မြန်မြန်သွားပြီး မြန်မြန် ပြန်လာမယ်

ပြောပြောဆိုဆို အပြင် ပြန်ထွက် သွားသော ခင်ပွန်းသည်ရဲ့ နောက်ကျောကို ငေးကြောင်ကြောင် ကြည့်ရင်း ပါးစပ်အဟောင်းသားနဲ့ ကျွန်မ သတိ ပြန်ဝင်လာတော့ White Board ပေါ်မှာ စာလုံး သုံးလုံး ချရေး မိလေသည်။
Dreams come true!!!
**********************************************
(ဆက်လက် ဖော်ပြ ပါမည်။)


Read More...

အသည်းဆိုင်ရာ သိကောင်းစရာများ

Read this document on Scribd: Liverdamage-FYI

Read More...

ချမ်းသာတဲ့ နိုင်ငံတွေနဲ့ ဆင်းရဲတဲ့ နိုင်ငံတွေကြားက ကွာခြားချက်

Read this document on Scribd: First World

Read More...

Wednesday, August 27, 2008

ကျွန်မ မကျေလည်တဲ့ မီဒီယာ ဥပဒေနဲ့ လူမှုရေး ဦးတည်ချက်များ

ညီမငယ် ဘာညာက သတင်းစာ ဖတ်ပါဦး ဆိုလို့ ဖတ်ရင်း ဒီခံစားချက်ကြောင့် ဒီပို့စ် ရေးဖြစ် ပါတယ်။ ဒီရက်ပိုင်း မြန်မာ့အလင်းမှာ မထူးခြားသလို ရှိတဲ့သတင်းနဲ့ ထူးခြားသလို ရှိတဲ့ သတင်း ၂ခု တက်လာ ပါတယ်။ မထူးခြားသလို ရှိတာက ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ သတင်း နဲ့ ထူးခြားသလို ရှိတာက အ၀တ် မလုံတဲ့ ဆိုင်းဘုတ်တွေ ပြန်ဖြုတ်သိမ်းတဲ့ သတင်းပါ။

ဟုတ်ကဲ့။ အပေါ်ယံကြော ကြည့်လိုက်ရင် အမျိုးသား ယဉ်ကျေးမှု ထိန်းသိမ်း သလိုလို ပါပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့တနှစ် နီးပါးက ထွက်ခဲ့တဲ့ ဆယ်စက္ကန့် ဆိုတဲ့ ဟစ်ဟော့ပ် သီချင်းခွေ ထဲမှာ ကဲသာကဲ ဆိုတဲ့ သီချင်း တစ်ပုဒ်ကို မထင်မှတ်ဘဲ နားထောင် ခဲ့မိပါတယ်။ ဟစ်ဟော့ပ် သီချင်းကို ကျွန်မ မကြိုက်တာ ကျွန်မရဲ့ ကိုယ်ပိုင် ခံစားချက်ပါ။ ဒါကြောင့် ဘယ်တုန်းကမှ ၀ယ်ယူ နားထောင်ခြင်း မပြုဖူးပါ။ ခုလဲ သူငယ်ချင်း တစ်ယောက် ဖွင့်ထားလို့ မလွှဲသာကြား ကြားခဲ့ရာက နားကြားများ လွဲသလားလို့ ထပ်ကာ ထပ်ကာ နားထောင် မိပါတယ်။ အံ့သြတကြီးနဲ့ပေါ့။ စာသားက

“မင့်ကောင်မလေးသာ ခေါ်လာခဲ့… ဆွဲမှာပဲ… ကဲသာကဲ” တဲ့။

မြန်မာ့ ရိုးရာ အစဉ်အလာမှာ သူငယ်ချင်းရဲ့ ရည်းစား၊ မိန်းမ ဆိုတာ စိတ်နဲ့တောင် မပြစ်မှားရတဲ့ အထိ စည်းစောင့် ရပါတယ်။ ခုတော့ လူငယ်တွေကြား ရေပန်းစားတဲ့ ဟစ်ဟော့ပ် သီချင်း ရေစီးကြောင်းကို ခုတုံး လုပ်ပြီး လူစင်စစ်က တော်သလင်းခွေးလို ဖြစ်ချင်တိုင်းဖြစ်ဖို့ တွန်းအားပေး မြှောက်ပေး သလို ဖြစ်တဲ့ ဒီ သီချင်းခွေ ကိုတော့ ထုတ်ဝေ ဖြန့်ချီခွင့် ပြုပြီး မြန်မာ့ရိုးရာ စစ်စစ် ဖြစ်တဲ့ သီးလေးသီး အငြိမ့်ခွေ ဖြန့်ဖြူး ခွင့် ကျတော့ နည်းအမျိုးမျိုးနဲ့ ကန့်သတ် ပိတ်ပင် ထားလို့ လက်သိပ်ထိုး ကူးယူ ကြည့်ရှု နေတာ ကိုကျ ဥပဒေ ပုဒ်မ တပ်ကာ ဖမ်းဆီးတာ ဘာသဘော ပါလဲ။

မြန်မာ့ ရိုးရာ အစဉ်အလာ စစ်စစ် ဖြစ်တဲ့ သင်္ကြန် တွင်း သံချပ် ထိုးတာကိုကျ ပိတ်ပင်ပြီး ဘီယာနဲ့ အရက် ကြော်ငြာ မဏ္ဍပ် တွေပေါ် က နောက်ကျော တွေ မှာ အ၀တ်ကို မပါ ကြိုးလေး ၂ပင်သာ ချည် ထားတဲ့ ညဉ့်ငှက်မယ် တဖြစ်လဲ ကချေ သည် များကို လွတ် လပ်စွာ ကခွင့်၊ ကဲခွင့် ပေးထားတာရော ဘာအတွက်ပါလဲ။ ဟုတ်ကဲ့ ကြည့်လဲ လုပ်ကြ ပါ ပေါ်လစီ ချမှတ်သူ၊ အကောင်အထည်ဖော်သူ ဥပဒေ ပညာရှင်နဲ့ တရားသူကြီး ဆိုသူ တို့ရေ…

အ၀တ် မလုံတဲ့ ကြော်ငြာ ဆိုင်းဘုတ်တွေ ဖြုတ်သိမ်းတာ မိုးကြိုးပစ်လို့ ထန်းလက်နဲ့ ကာသလား ဆိုတာ လေးလဲ တခု ထောက်ပြ ချင်ပါသေးတယ်။ ဟုတ်ကဲ့။ ဒီလို အ၀တ်တွေ ရောင်းဝယ် ဖောက်ကား နေတဲ့ ဆိုင်ကြီး ဆိုင်ကောင်း ခမ်းနားတဲ့ ဆိုင်တွေကို ဘယ်သူတွေ ပိုင်ပါသလဲ။ ဘာလို့ ရောင်းခွင့် ရနေ သလဲ။ ဒီလို မလုံခြုံတဲ့ အ၀တ်တွေ ၀တ်ဆင် ပြသ နေတဲ့ မော်ဒယ်လ် ရှိုးပွဲတွေကို ဘယ်သူတွေ ဦးဆောင် ကျင်းပ နေသလဲ။ ဒီလို မလုံခြုံတဲ့ အ၀တ်တွေ ၀တ်ဆင်ပြီး ဧည့်ခံ နေတဲ့ ဘီယာဆိုင်နဲ့ ကာရာအိုကေ ဆိုင်တွေကို ဘယ်သူတွေ ပိုင်ဆိုင် ထားသလဲ။ ဒါတွေကို ဘယ်သူက ဖြစ်ပွားခွင့် ပေးထားသလဲ။

ခုဆို ရန်ကုန်မြို့ လယ်ခေါင် မဟာဗန္ဓုလ လမ်းနဲ့ တခြား လမ်းတွေက ပလက်ဖောင်း တွေပေါ်မှာ အပြာ ကား တွေကို ပေါ်တင် ခင်းကျင်း ရောင်းချ ရုံသာ မက ယောက်ျားသုံးနဲ့ မိန်းမသုံး လိင်အင်္ဂါ ပစ္စည်း အတု များကိုပါ လမ်းဘေး ပလက်ဖောင်းပေါ် ခင်းကျင်း ရောင်းချ နေတာတွေကို ဘယ်သူကမှ မဖမ်းတဲ့ ကိစ္စ ပါပဲ။ ဂျေဂျေ နိုက်ကလပ်မှာ အ၀တ် မပါဘဲ ကနေတဲ့ အဖြစ်အပျက်ကို ကြားဖူးတာ ဆယ်စုနှစ် တစ်ခုစာ လောက် ကြာနေ ပါပြီ။ နိုင်ငံခြား ဘာသာ သင်တန်း တစ်ခုမှာ ယောက်ျားလေး အယောင်ဆောင် တက် ရောက် နေစဉ်က ကိုယ့်ကို ယောက်ျား ထင်လို့ သင်္ဘောသား လောင်းလျာများ လွတ်လွတ်လပ်လပ် ပြော ဆိုနေ တာကို နားနဲ့ ဆတ်ဆတ် ကြားဖူး ခဲ့တာပါ။ ပိုဆိုးတဲ့ အဖြစ်က သိမ်ကြီးဈေး ၀န်းကျင်က အခန်း တွင်း ဘီယာဆိုင်များနဲ့ အနှိပ်ခန်း များမှာ တည ဖျော်ဖြေခ ကျပ်ငွေ ဆယ့်ငါးသိန်း ပေးရင် လူ ဆယ် ယောက် ထိုင်တဲ့ ၀ိုင်း တစ်ဝိုင်းမှာ ကိုယ်လုံးတီး ဖျော်ဖြေ ရေးမယ် တစ်ယောက်က အရက်ငှဲ့ ပေး၊ ၀န်ဆောင်မှု ပေးနေတဲ့ ကိစ္စပါ။ ဒီလောက်တောင် အခြေအနေ ဆိုးသလား။ ဒါမျိုး ငါတို့ မြန်မာနိုင်ငံမှာ တကယ် ဖြစ်နေပြီ လားလို့ မယုံနိုင် လွန်းလို့ သူငယ်ချင်း များက အမျိုးသား ထံကို ဓာတ်ပုံများ ပေးပို့ လာပါတယ်။ ဓာတ်ပုံ များ သက်သေ အဖြစ် လက်ထဲ ရှိနေ ပေမယ့် ကျွန်မရဲ့ ဘလော့ စာမျက်နှာ ညစ်ညမ်းမှာ စိုးရိမ်တဲ့ အတွက် မဖော်ပြ တော့ပါဘူး။ ဒီ လုပ်ငန်း ပိုင်ရှင် တွေက ဘယ်သူတွေ ပါလဲ။ မိန်းမက မိခင်နဲ့ကလေး စောင့်ရှောက်ရေး တို့ အမျိုးသမီး

စွမ်းဆောင်ရှင်တို့ စတဲ့ အသင်းဝင် ရာထူး ယူထားပြီး ယောက်ျား လုပ်သူက အနှိပ်ခန်း ဖွင့်စား နေတဲ့ ဒီခေတ်ကြီးမှာ အ၀တ် မလုံတဲ့ ဆိုင်းဘုတ် ဖြုတ်တာလေး တစ်ခုနဲ့ တော့ မိုးကြိုး ပစ်တာကို ထန်းလက်နဲ့ ကာဖို့ ကြိုးစား တာဟာ သိပ် ကလေး ဆန်လွန်း ပါတယ်။

ဒီကိစ္စတွေဟာ ဘယ်သူ့မှာ တာဝန် ရှိပါသလဲ။ အနောက်တိုင်း ယဉ်ကျေးမှု ထိုးဖောက်တာ ခံ၇လို့ အနောက် တိုင်းကို အပြစ်ပုံ ချမယ် ဆိုရင်တော့ ယဉ်ကျေးမှု ၀န်ကြီး ဌာန မလိုအပ်တော့ တာမို့ ဖျက်သိမ်း လိုက်ဖို့သာ ကောင်းပါတယ်။ ဒီဝန်ကြီး ဌာန ရှိလျက်နဲ့ ဒီလောက် ဖြစ်နေမှတော့ ရှိဖို့ လိုအပ် သေးလို့ လားလို့ တွေးမိလို့ပါ။ ဒါမှ မဟုတ် သိသိနဲ့ ရည်ရွယ်ချက် ရှိရှိ တမင် ပေးဖြစ် ထားသလား ဆိုတာလဲ တွေးမိ ပါရဲ့။



ဘယ်အမျိုးရဲ့၊ ဘယ်မျိုးရိုးရဲ့ အမျိုးသား ယဉ်ကျေးမှုကို ထိန်းသိမ်း လက်ဆင့်ကမ်းဖို့ ဒါမျိုးတွေ ဖြစ်ပွားခွင့် ပေးနေတာ ပါလဲ။ လူမြင်တာတွေကျ ၀ါဒ ဖြန့် ကောင်းရုံ လုပ်ပြ နေပြီး အနှစ်သာရ ကိုကျတော့ ပြောင်းပြန် လှန်နေတာ၊ ခွင့်ပေး နေတာ အမြင် မတော်တာ ကြာလှ ပါပြီနော့…







နအဖခေတ် ယဉ်ကျေးမှု ၀န်ကြီးဌာနရဲ့ လမ်းညွှန်မှု အောက်က မြန်မာပြည်တွင်း လူငယ်များရဲ့ ၀တ်စား ဆင်ယင်မှုနဲ့ အင်္ဂလန်မှာမွေး အင်္ဂလန် နိုင်ငံသား အဖေနဲ့ အင်္ဂလန်မှာ ကြီးပြီး မိခင် ဒေါ်အောင်ဆန်း စုကြည်နဲ့ ၈နှစ်သား ကတည်းက ခွဲခွာ ခဲ့ရတဲ့ သားငယ် ကိုထိန်လင်း စကော့တလန်မှာ ပါလီမန် တက်ရောက် နေပုံကို နှိုင်းယှဉ် ဖော်ပြ ထားတာ ဖြစ်ပါတယ်။ ကြိုက်တဲ့ ဂုဏ်သရေရှိ လူကြီး လူကောင်း များရဲ့ သားများရဲ့ နိုင်ငံခြားရောက် ၀တ်စား ဆင်ယင်မှုနဲ့ နှိုင်းယှဉ် နိုင်ပါသေးတယ်နော်။


Read More...

Tuesday, August 26, 2008

အော်ဂလီ ဆန်တယ်

အော်ဂလီဆန်တယ်
၃စက္ကန့် အတွင်း ပြန်ချတဲ့ missed call လုပ်ပြီး
ဖုန်းဆက်တာ မကိုင်လို့ စိတ်ပူလွန်းလို့ သတင်းမေးတာလို့
မာယာ အပြည့်နဲ့ ချစ်ပြတဲ့ သူတွေကို…

အော်ဂလီဆန်တယ်
လူချင်း တိုက်ရိုက်တွေ့စဉ်က ရန်လုပ်ပြီး
ကွယ်ရာမှာ တွေ့ရာလူနဲ့ လိုက်သတင်းမေး
မာယာ အကြင်နာတွေ ခြွေပြ နေတတ်တဲ့ သူတွေကို…

အော်ဂလီဆန်တယ်
လူချင်း မတွေ့လို့ စိတ်ပူလွန်းလို့ အကြောင်းပြ
အသိတွေကို လိုက်သတင်းမေးပြီး
သတင်းဝယ်လက်ဆီ သတင်းရောင်းစားတဲ့
အသားထဲက လောက်ထွက် အကြံ ပက်စက် သူတွေကို…

အော်ဂလီဆန်တယ်
တိုက်ရိုက် အသုံးဝင်နေစဉ် ရွှန်းရွှန်းဝေပြ
အသုံးမ၀င်တော့ဘူး ထင်စဉ်
လူကွယ်ရာမှာ ကန်ချရင်းနဲ့
မာယာမေတ္တာ စုန်ရေတွေ ရေစီးကမ်းပြို လိုက်ပြ နေသူတွေကို…

အော်ဂလီဆန်တယ်
တပည့်အပေါ် စေတနာ အပြည့်လို့ တွင်တွင်အော်ရင်း
စေတနာ အပြည့်နဲ့ ၀က်စာကျွေး
ဝက်ပေါ်ရင် မြတ်မယ့်ငွေကို တွက်တဲ့လူလို
ဆရာပီပီ တပည့်မွေး … တွက်ချက် လုပ်ရက် သူတွေကို…

အော်ဂလီဆန်တယ်
သားသမီးချင်း မစာနာ.. မွေးမွေးပြီး စားပစ်တတ်တဲ့
စားပြီးရင်လဲ သေသေသပ်သပ် ထိုးကျွေးတတ်တဲ့
ဒယ်ဒီကြီးနာမည်ခံ ဂုဏ်သရေရှိ ခေါင်းကြီးတွေကို…

အော်ဂလီဆန်တယ်
ဒီလို လူစားတွေကို သိသိနဲ့ ဆရာမွေး
လှေကားလုပ်နင်းပြီး အထက်တက်ဖို့ ကြိုးစား နေတဲ့ သူတွေကို…

အော်ဂလီဆန်တယ်
ဒီလို လူစားတွေ ကြီးစိုး နေတဲ့ ဒီခေတ် ကြီးကို…

အော်ဂလီဆန်တယ်
ဒီခေတ်ကို ပုံဖော် နေတဲ့
ရေလောင်း ပေါင်းသင် ပေးနေတဲ့
ဒီစနစ်ကြီးကို…

အော်ဂလီဆန်တယ်
ဒီစနစ်ကြီးကို ရည်ရွယ်ချက် ရှိရှိ ပုံသွင်းနေတဲ့ ဒီလူစားတွေကို…

အော်ဂလီဆန်တယ်…
အော်ဂလီဆန်တယ်…
အော်ဂလီဆန်တယ်…

လက်ကိုင်ဖုန်းအသုံးပြု ရာဇ၀တ်မှု များကို ဆက်ဖို့ ရေးရင်း ခံစားချက်တွေ ပျို့အန် တက်လာလို့ ဖွင့်ချ လိုက်တာပါ။ ဒေါသတွေ သိပ်များ သွားရင် ဆောရီးပါနော့…

Read More...

Monday, August 25, 2008

မြန်မာ အသိုင်းအ၀ိုင်းမှ လက်ကိုင်ဖုန်း အသုံးပြု ရာဇ၀တ် မှုများ

စိတ်ထဲ အချဉ်ပေါက် နေတာ တော်တော် ကြာပါပြီ။ ခိုင်လုံတဲ့ သက်သေများ မစုံသေးလို့ အောင့်ထားတာ ကြာပေါ့။ ခုတော့ လာလေရော့။
ကျွန်မတို့ ဇနီးမောင်နှံ ဒီကိစ္စနဲ့ ပတ်သက်လို့ နှောင့်ယှက် ခံနေရတာ ၂နှစ်ကျော် ပါပြီ။ လက်ကိုင်ဖုန်းက တစ် မိနစ်ခြား တစ်ခါ တူခနဲ မြည်နေတာ ဆယ့်ငါးမိနစ်ခြား တစ်ခါ ကရစ်ခနဲ သံရှည် ဆွဲနေတာ၊ ဘယ်လက်ကိုင်ဖုန်း၊ လိုင်းဖုန်း ကိုမှ forward call မလုပ်ထားဘဲ လင်မယားချင်း ဖုန်းခေါ်တာ ဖြစ်စေ၊ အပြင်ကို ဖုန်းခေါ်တာ ဖြစ်စေ မှာ “သင့် ခေါ်ဆိုမှုကို တခြား ဖုန်းနံပါတ် တစ်ခုထဲ forward လုပ်ပေး နေပါတယ်” ဆိုတဲ့ သတိပေးချက် ထွက် လာတာ စသဖြင့် မသင်္ကာ ဖြစ်လို့ ဖုန်းနံပါတ် ပြောင်းတာ ခဏခဏ ပါ။ ကုန်ကုန် ပြောရရင် တော့ ကျွန်မက လမ်းထွက်ရင် ဘယ်တော့မှ ပစ္စည်း မပျောက်၊ ခါးပိုက်နှိုက် မခံရ သမျှ အိမ်ထဲမှာ ဆိုရင်တော့ တွေ့ကရာ နေရာ မှာ ဖုန်းကို ကောက်တင် ထားတတ် ပါတယ်။ ဖုန်း ပျောက်လို့ ရှာရမှာ ပျင်းတဲ့ အတွက် လိုင်းဖုန်း ကနေ လက် ကိုင်ဖုန်း ကို လှမ်းခေါ်ပြီး missed call လုပ်ပါတယ်။ အသံကြားတဲ့ နေရာမှာ ဖုန်း ရှိတာ သေချာတာပေါ့။ မပိုင် ဘူးလား။ အဲ.. တခါတော့ ကိုယ့်မျက်စိ ရှေ့တင် မြည်နေတဲ့ လက်ကိုင်ဖုန်းကြောင့် လိုင်းဖုန်းကို ချခါနီး တဖက် က မိန်းမ အသံနဲ့ ဖုန်းထူး လာပါ လေရော.. ဟာဟ… လင်မယား ၂ယောက်သား မျက်လုံး အပြူးသားနဲ့ အသံ မထွက် နိုင်ဘဲ လက်ကိုင်ဖုန်းကို တစ်ယောက် တလှည့် နားထောင် ကြည့်ရင်း မျက်စိ မှိတ်ပြပြီး စပီကာ ဖွင့်လို့ ကျွန်မက စကားပြော ပါတယ်… ဟဲဟဲ … ဘယ်သူ့ စနက် ထင်ပါသလဲ… ဘယ်လို ပြောမယ် ထင်လဲဟင်

နောက်တကြိမ်က ကျွန်မရဲ့ ဟန်းဖုန်းကို ခေါ်တာပါ။ ဒီနံပါတ်ကို ခေါ်တာကျ ယောက်ျားရှင့်… ဖြစ်ချင်တော့ ကျွန်မက ဖုန်းနားထောင်ရ သိပ် ပျင်းကြော ထူပါတယ်။ ကျွန်မဖုန်း ဖြစ်နေစေဦး.. အနားမှာ အမျိုးသား ရှိနေရင် သူ့ကိုပဲ ကိုင်ခိုင်းပါတယ်။ ပြောချင်စိတ် ရှိမှ ကျွန်မက လက်လှမ်းယူပါတယ်။ ဗိုလ်ကျတယ်လို့ အမျိုးသားက ပြောလာရင် ရီဖြဲဖြဲနဲ့ ပြောင်ပြဆဲပါ။ ဖုန်းထဲက လူက “ကိုယ် သီဟလေ” တဲ့.. အဟ.. ကျွန်မရဲ့ သူငယ်ချင်း နာမည်ထဲ သီဟ ဆိုတာ မရှိပါ။ သီသီ ဆိုရင်တော့ နီးစပ်မည်။ နံပါတ်က လင်မယား နှစ်ယောက်လုံး မသိတဲ့ နံပါတ်။ နောက်တစ်ခုက ကျွန်မရဲ့ သူငယ်ချင်း ယောက်ျားလေးများ အားလုံးနဲ့ ကျွန်မရဲ့ အမျိုးသားကို မိတ် ဆက် ပေးထားသည်မို့ ကျွန်မ ပုံမှန် ချတ်တင် ထိုင်နေကျ လူ ၂၅၀ကျော် ထဲက ယောက်ျား ၁၀၀ ကျော်လုံးနဲ့ အမျိုးသားနဲ့ပါ ချတ်တင် ထိုင်နေကျပါ။ နှစ်ယောက်လုံးရဲ့ အီးမေးလ်ကို ကြုံသူက ကောက်စစ် ပေးသလို ဖုန်း ကိုလဲ ကိုင်ချင်တဲ့ လက်ကိုင်ဖုန်းကို ကိုင်ချင်သလို လင်မယား နှစ်ယောက်သား တူတူ တလှည့်စီ ကိုင်နေတာမို့ ဒီ၂ယောက်ကြားမှာ ဘာလျှို့ဝှက်ချက်မှ မရှိ။ စပီကာ ဖွင့်ပြီး ဖုန်းကိုင်တာမို့ ဘယ်က သီဟလဲလို့ ကျွန်မ ပြန် မေး နေတုန်း “ကိုယ့်ကို ပြန်ခေါ်” ဆိုပြီး ဖုန်းချ သွားလေသည်။ တင်စီးပ။ “ခေါက်ထားလိုက်” လို့ အမျိုးသားက ပြောပြီး ၂ယောက်သား ဂိမ်းဆက် ကစားကြသည်။ ခဏ နေတော့ ဖုန်း message တွေ လှိမ့်ဝင် လာပါရော။ ဟားဟား။ ဆက်ခေါက် ထားပြီး ဆက် ဂိမ်းဆော့ နေကြသည်။ ခဏနေတော့ ဖုန်းထပ် ဆက်လာ ပြန်သည်။ ဒီ တခါတော့ အမျိုးသားက ကောက်ကိုင်ပါသည်။ ဂိမ်းဆော့ ရတာ ဇိမ်ပျက်လို့ စိတ်တို နေပါပြီ။

“ဘယ်ကကောင်လဲကွာ၊ နားလည်မှု မရှိဘူးလား ညသန်းခေါင်ကျော်နေပြီ” လို့ ကြိမ်းလွှတ်တော့ “မင့်ဦးလေး” လို့ ပြောပြီး ဖုန်းချ သွားပါသည်။ နောက်ထပ် ဖုန်းပြန် မဆက်ပေမယ့် လင်မယား ၂ယောက် တူတူ သုံးသော အီးမေးလ်ထဲ အီစီကလီ မေးလ်တွေ သီဟ နာမည်နဲ့ တလှေကြီး ၀င်လာ လေသည်။ ဒီမေးလ် လိပ်စာနဲ့ ဒီဖုန်း နံပါတ်ကို သိသော လူထဲမှာ ဒီလို နှောင့်ယှက် ချင်စိတ် ရှိသော၊ မင်းတို့ကို စီးပွားပျက်အောင် လင်မယား ကွဲအောင် လုပ်ပြမယ်လို့ ကြိမ်းမောင်း ဖူးသော လူတစ်ဦးသာ ရှိပါသည်။ ထိုညက လင်မယား ၂ယောက်လုံး Red Alert II ကို ရွှေတံဆိပ်နဲ့ နိုင်ပါသည်။ ဂိမ်းဆော့လို့ ကောင်းလိုက်သည့် ဖြစ်ချင်း..

ကိုဘလာဂေါက် ဘန်ကောက်ကို လာတုန်းက အမျိုးသားနဲ့ အတူ ရှိနေစဉ် အပြင် ရောက်နေတဲ့ ကျွန်မက အမျိုးသားထံ ဖုန်းဆက် ပါ တယ်။ မိန်းမ သံ နောက်ကနေ ကြားနေ ရပါတယ်။ အပီအပြင် ညုနေ တာပါ။ ဒါနဲ့ ကိုဘလာဂေါက်နဲ့ ချက်ချင်း ဖုန်း ပြောတော့ ဘာ နောက်ခံ အသံမှ ရှိမနေ ပါဘူး။ သူတို့ ၂ယောက်က အတူ တူ ရှိနေ ပါတယ်။ ရီရသားနော်။ ဒါနဲ့ အမျိုးသားရဲ့ ဖုန်းကို ပြန်ခေါ်တော့ ညုတုတု မိန်းမသံက ထွက်နေဆဲ.. လက်ကိုင်ဖုန်းကို ကိုဘလာဂေါက်ထံ လက်ဆင့်ကမ်းဖို့ အမျိုးသားကို ပြောပြီး ကိုဘလာဂေါက်နဲ့ ဆက်ပြော ပါတယ်... ပြီးတော့ ကိုဘလာဂေါက်က အမျိုးသားကို လက်ကိုင်ဖုန်းကို ပြန် လက်ဆင့် ကမ်းလိုက် ပါတယ်။ ဒီလောက်ဆို ခိုင်လုံ ပြီလေ။ "ယောက်ျားရေ.. မိန်းမ အပြင် သွား နေတုန်း ယောက်ျားကို ပြုစုဖို့ ငှားပေး ထားတဲ့ မိန်းမက အပြုစု ကောင်းရဲ့ လား။ မကောင်းရင် ဖြုတ်ပစ်ပြီး နောက်တစ်ယောက် အသစ် ခန့်လိုက်နော်" လို့ အငေါ်တူး ပြောလိုက်တော့ ချက်ချင်း မိန်းမ သံ တိတ်သွား ပါ ရော။ လက်ကိုင်ဖုန်း လိုင်းချင်း ပူးတာ ဆိုရင် ဒီလို အသံ ချက်ချင်း တိတ်စရာ အကြောင်း မရှိ ပါဘူး။ အမျိုးသား ခမျာ ကျွန်မ ဘာသံ ကြားနေတယ် ဆိုတာ မသိရှာလို့ အူကြောင်ကြောင် နဲ့လေ။ ကျွန်မ ဒီလို checking လိုက်နေတယ် ဆိုတာ ကိုလဲ ကိုဘလာဂေါက်ရော အမျိုးသားပါ မသိလိုက် ပါဘူး။ နောက်မှ ပြန်ပြော ပြရ ပါတယ်။ လာလည် သွားတာ ကျေးဇူးပါ ကိုဘလာဂေါက်ရေ… ခင်ဗျား တစ် ယောက်လုံး အနားမှာ သက်သေ ရှိနေ ပေလို့ပဲဗျို့။ အဲဒီ အချိန် "နင့်ယောက်ျားဆီ ဖုန်းဆက်တာ နောက်က မိန်းမသံ ကြားရသဟ"လို့ လာပြော နေတဲ့ အနားက သူငယ်ချင်းများ တခါတည်း သံသယ ရှင်းသွားလို့ပါ။ စပီကာ ဖွင့်ပြီး ပြောသလေ။ ကိုယ့်ယောက်ျား အကြောင်း တော့ ကိုယ်သိတာပေါ့နော။ ကိုယ်သိရုံနဲ့ မပြီး၊ သူများ သံသယ ရှင်းဖို့လဲ လိုသေးတာကိုး။

ဖုန်းခေါ်ခ မတတ်နိုင်လို့ ကျွန်မတို့ simcard ကို ပွားယူ ခိုးသုံး တာလားလို့ သနားမိလို့ ပြသနာ မလုပ်ဘဲ ဖုန်းကဒ်ထဲ ကျန်သမျှ ငွေ ကုန်ရင် နံပါတ် အသစ် ပြောင်းမယ်လို့ ဆုံးဖြတ်ပြီး အရေးမကြီးတဲ့ ခေါ်ဆိုမှုများ အတွက် အဲဒီ နံပါတ်ကို ဆက်သုံး ပါတယ်။ ဟဲဟဲ.. ပိုက်ပိုက် ဖြည့်ပေးသဗျ… သက်တမ်း မကုန် စေချင်ဘူး ထင်ပါ့။ ဒါမှ ဆက်လက် ခိုးနားထောင်လို့ ရမယ် ထင်ပုံ ရတယ်။

ဒီလို လုပ်လို့ ရရိုးလားလို့ သိချင်စိတ် ပြင်းပြ လာတာနဲ့ ဆက်သွယ်ရေး ကုမ္ပဏီ များမှာ လုပ်နေတဲ့ သူငယ် ချင်း နိုင်ငံခြားသားများနဲ့ မြန်မာ များထံ စနည်း နာပါတယ်။ ဟုတ်ကဲ့။ မြန်မာပြည်ထဲက ကျေးဇူးရှင် အဖျက် သမား က သူ့ဝန်ထမ်းကို Thai Telecom မှာ အလုပ်ဝင်ခိုင်း ထားပါသတဲ့။ တာမွေ ပလာဇာ အောက်က ကုလားဆိုင်မှာ simcard ကော်ပီ ပွားတာ တစ်ချပ်မှ ကျပ် တစ်သောင်းသာ ပေးရပြီး နေ့ချင်းပြီး ပါတယ်တဲ့။ အဲဒီ ဘိုးတော်ကို ဘန်ကောက် ခေါ်လာပြီး ပွားခိုင်းရင် အဲဒီ ဘိုးတော်က ပျော်ပျော်ကြီးလုပ်ပေးမှာ သေချာ သပ။ ဒီလိုနဲ့ ဆက်ပြီး တမင်သက်သက် မဟုတ်ပေမယ့် ခရီးသွား ဟန်လွှဲ ကြုံလို့ စပ်စုရင်း မေးရင်း မြန်းရင်း သိလာ သမျှကို ဘလော့ဖတ်သူ များနဲ့ ဘော်ဘော် များကို ဝေမျှ ပါမယ်။

ပထမဆုံး ဖုန်းကုမ္ပဏီများရဲ့ ဆက်သွယ်ရေး ကွန်ယက်များ အလုပ်လုပ်ပုံကို ပြောပါမယ်။ ဒုတိယ အနေနဲ့ sim card ခေါ် လက်ကိုင်ဖုန်းများ ဆက်သွယ် အသုံးပြု နိုင်တဲ့ ဆားကစ် ပြားလေးများရဲ့ အလုပ်လုပ်ပုံကို ပြောပါ မယ်။ တတိယ အနေနဲ့ ဘယ်လို ဘယ်ပုံ နံပါတ် ခိုးယူ ပုံတူပွားတယ် ဆိုတာ ပြောပါမယ်။ နောက်ဆုံး အနေနဲ့ မြန်မာ နိုင်ငံက ယုဇန ပလာဇာနဲ့ တာမွေ ပလာဇာ အောက်ရယ်၊ ထိုင်းနိုင်ငံက MBK Shopping Mall က Myanmar Corner နဲ့ ထိုင်းနိုင်ငံတွင်း မြန်မာ အများဆုံး တည်ရှိရာ မဟာချိုင်မှာ အခြေစိုက်တဲ့ မြန်မာ စစ်တပ်၊ ဆက်သွယ်ရေး တပ်က စစ်ပြေးဟောင်း ဆိုသူများ ထူထောင် ထားတဲ့ လက်ကိုင်ဖုန်းက simcard များ ပုံတူကူး ပွားယူ နှောင့်ယှက် စီးပွားဖြစ် နေကြပုံများကို တင်ပြ ပါမယ်။
(ဆက်လက် တင်ပြ ပါဦးမည်)


Read More...

Killer Phone Call ဟာ ကောလာဟလ တကယ် ဟုတ်သလား

အရင် ၃-၄ လလောက် တုန်းက ကျွန်မ တခါ ဘလော့မှာ သတိပေး ဖူးပါတယ်။ နောက်ဆုံး ဂဏန်း သုံးလုံးက နံပါတ်တူပြီး စုစုပေါင်း နံပါတ် ၁၃လုံးပါ ဖုန်းနံပါတ်များ လက်ခံ နားထောင်သူ လူလေးဦး မဲဆောက် မြို့မှာ ဦးနှောက် သွေးယို ပြီး သေဆုံးတဲ့ သတင်းလေးပါ။ တကယ်က နိုင်ငံတကာ ဖုန်းခေါ်ဆိုမှု ဆိုရင် ကိုယ့် လက်ကိုင် ဖုန်းမှာ နံပါတ် အများကြီး ပေါ်နိုင် ပေမယ့် ရှေ့ဆုံးမှာ + လက္ခဏာလေး ပါပါတယ်။ ဒါမှ မဟုတ် နံပါတ် မပေါ်ဘဲ လာတတ် ပါတယ်။ ထိုင်း လက်ကိုင်ဖုန်းက နံပါတ် ဆယ်လုံးသာ ပါပြီး အိမ်/ရုံးသုံး လိုင်းဖုန်းက နံပါတ် ကိုးလုံးသာ ပါပါ တယ်။ ဟုတ်ကဲ့။ ကံထူးသူ ကျွန်မ လက်ကိုင်ဖုန်း နံပါတ် တစ်လုံး တည်းကို အဲလို ဖုန်းခေါ်ဆိုမှု ၂ကြိမ် တိတိ လက်ခံ ရရှိ ခဲ့ပါတယ်။ နံပါတ် ၂မျိုးလုံး ဂဏန်း ၁၃လုံး ချည့်ပါ။ ဈေးဆစ် လွန်းလို့ သေမင်းက ငြင်းထားလို့ လား မသိ။ ၂ကြိမ်လုံး missed calls ဖြစ်သွား ခဲ့ပါတယ်။ ကျွန်မနဲ့ ဖုန်း အဆက် အသွယ် ရှိတဲ့ ယောက်ျားလေး သူငယ်ချင်း နောက်တစ်ယောက်လဲ ဒီလို နံပါတ် ၁၃လုံးနဲ့ ဖုန်းခေါ်ဆိုမှု လက်ခံ ရရှိပြီး missed call ပဲ ဖြစ်သွား ခဲ့ပါတယ်။ အာဂ သတ္တိခဲ ကိုယ်တော်က သူ့ဖုန်းကို စပီကာ ဖွင့်ပြီး အဲဒီ နံပါတ် ကို ပြန်ပြီး ဖုန်းခေါ် ကြည့်တော့ ဘယ်သူမှ လာမကိုင်ဘဲ ဖုန်းကတော့ မြည်နေဆဲ ပါတဲ့။ ဒီသတင်းက ထိုင်းမှာ တော်တော် ပြန့်ပါတယ်။ ဘယ်သတင်း ဌာန ကမှ သတင်း မထုတ်ပြန် သလို ဘယ်ရဲစခန်း ကမှလဲ အသံ မထွက် ခဲ့ကြ ပါဘူး။ သေဆုံးသူ ကာယ ကံရှင် မိသားစုများရဲ့ ပါးစပ်သတင်းပဲ ရှိခဲ့ ပါတယ်။

ကျန်ခဲ့တဲ့ ဇွန်လ ထဲမှာတော့ ချင်းမိုင် ညဈေးတန်းမှာ ဈေးသည် တစ်ဦး အဲဒီ ဖုန်း လက်ခံ ကောက်ကိုင် မိလို့ လဲကျတာမို့ ဆေးရုံ အတင်မှာ သေဆုံး ပြန်ပါတယ်။ ဆရာဝန်က ဒီ ဖုန်းက ထွက်တဲ့ လှိုင်းကြောင့် ဦးနှောက် သွေးကြောပြတ် သေဆုံးတယ်လို့ အတည်ပြု ပြောကြား ပေမယ့် ရဲစခန်းက ချက်ချင်း လိုက်လာ သတင်းပိတ် ပါတယ်တဲ့။ အများပြည်သူ အထိတ်တလန့် ဖြစ်မှာ စိုးတဲ့ အတွက် သတင်း မထုတ်ပြန်ဖို့၊ သူတို့ အမှုလိုက်မှာ ဖြစ်တဲ့ အကြောင်းနဲ့ မမိခင် အတော အတွင်း ပြည်သူ လူထုကို သွယ်ဝိုက်သော နည်းနဲ့ ပညာပေးဖို့ ကတိ ပြုကြောင်း ပြောခဲ့ ပါတယ်။

ခုဆိုရင်တော့ ထိုင်း ရုပ်မြင် သံကြားလိုင်း အမှတ် ၃နဲ့ အမှတ် ၅ ကနေပြီး တရစပ် ကြေညာ နေပါပြီ။ လက် ကိုင်ဖုန်း အသုံးပြု သူများ လက်ကိုင်ဖုန်းကို တိုက်ရိုက် နားထောင်ခြင်းမှ ရှောင်ကြဉ်ပြီး နားကြပ် တပ်ဆင်ပြီး အသုံးပြုဖို့ ပညာပေး နေပါပြီ။ ဒါဟာ သွယ်ဝိုက်သော နည်းနဲ့ ၀န်ခံ လိုက်သလို ပါပဲ။

ကျွန်မ ကတော့ လက်ကိုင်ဖုန်း အသံမြည်တိုင်း ကိုယ့်အသိ မဟုတ်ရင် မကိုင်သလို ကိုင်ခါနီးတိုင်းလဲ ဂဏန်း ဘယ်နှစ်လုံးလဲ ရေတွက်ရင်း နားကြပ်လေး ဆောင်ထားတာ အကျင့် တစ်ခု ဖြစ်နေ ပါပြီရှင်…

Read More...

ဘယ်သွားနေလဲ မရေခဲ (၂)

ဖရာ့သက်လွမ် စေတီ ပရ၀ုဏ် ၀င်းအတွင်း ကျောက်စာ လေးချပ်မျှ ကိုသာ တွေ့ရပြီး သဲကျောက်ပေါ်တွင် ထွင်းထု ထားခြင်း ဖြစ်ပါတယ်။ ရှေးခေတ် လာအို စာပေ အရေးအသားနှင့် ကျောက်စာ များမှာ ဖတ်လို့ မရ နိုင်လောက်အောင် ကျောက်သား ပြုန်းတီး မှုများ ဖြစ်ပေါ် နေသော်လည်း ရှေးခေတ် မြန်မာစာပေ အရေး အသား နှင့် ကျောက်စာ နှစ်ချပ် မှာမူ သက်တမ်း ပိုရင့်သော ကျောက်သားပေါ်တွင် ထွင်းထု ထားသောကြောင့် ဘုရားဧ။် ဘွဲ့တော်မှာ မြန်မာ ဘာသာဖြင့် လောက မဏိ စူဠာ ဟု အမည်တွင်ကြောင်း ဖတ်ရှု သိရှိ ခဲ့ရပါတယ်။

ဘုရား စောင်းတန်း ပတ်လည်တွင် ဈေးသည်များ မရှိဘဲ ရှေးဟောင်း ရုပ်တု အကျိုး အပဲ့များ ကိုသာ တွေ့ရ ပါတယ်။ စေတီ ပရ၀ုဏ် အပြင်ဘက် မှာတော့ ဈေးတန်းလေး ရှိပြီး လာအို နိုင်ငံထွက် ပြည်တွင်းဖြစ် လက် ယက် ပုဝါ တဘက် ထမီ စသည်များကို ဈေးဝယ်တတ်လျှင် (ထိုင်းလို မပြောဘဲ အင်္ဂလိပ်လို သို့မဟုတ် လာအို ဘာသာစကားဖြင့် ၀ယ်သော်) ထိုင်းထက် ခေါက်ချိုး သက်သာသော ဈေးဖြင့် ၀ယ်ယူ နိုင်ပါသည်။ လာအို စကားနဲ့ ထိုင်းစကားဟာ တကယ်တော့ အထက် အညာက ပြောတဲ့ မြန်မာ စကားနဲ့ အောက်ပြည် အောက်ရွာ က ပြောတဲ့ မြန်မာ စကား လောက်သာ ကွာတာပါ။ အားစိုက် နားထောင်ရင် နားလည် နိုင်ပါတယ်။ စကားလုံး အသုံးအနှုံးနဲ့ လေယူလေသိမ်း နည်းနည်း ကွာတာပဲ ရှိပါတယ်။ ငွေထည်ကိုသာ တမြတ်တနိုး ရိုးရာ အဖြစ် တန်ဖိုးထား ၀တ်ဆင်သော လာအိုတို့ကြောင့် ငွေထည် လက်ဝတ် ရတနာ မျိုးစုံကို တွေ့နိုင်ပါတယ်။ တရုတ် နိုင်ငံမှ တင်သွင်း လာတဲ့ အခြား ပစ္စည်း များကိုလည်း ထို ဆိုင်တန်း များတွင် တွေ့နိုင် ပါသည်။

ဘုရားဖူးလို့ ပြီးတော့ နေလည်းစောင်းပြီမို့ မနီးမဝေးက မဲခေါင် မြစ်ကမ်းကို လမ်းလျှောက်ခဲ့ ပါတယ်။ လမ်းမှာ သမတ အိမ်တော်နဲ့ ဟိုတယ် တစ်ချို့ကတော့ အတော့်ကိုခမ်းခမ်းနားနား တွေ့ရပါတယ်။ မဲခေါင် မြစ်ကမ်း နဖူး ကတော့ အင်းလျားကန်ဘောင် ကို အလွမ်းပြေစရာ တူလှ ပါတယ်။ ဆိုင်တွေ တန်းစီ နေပြီး အများဆုံး တွေ့ရ တာ အသားကင် ဆိုင်တွေပါ။ ကောက်ညှင်းကို ထမင်းလို စားတာ တွေ့ရပါတယ်။ ကောက်ညှင်းပေါင်းနဲ့ အ သားကင်ကို နေရာတိုင်းမှာ တွေ့ရတာ လာအို ထုံးစံ ပါလားလို့ ကောက်ချက် ချယူ ရပါတယ်။ အဲ… အသား ကင် ဆိုလို့ အမဲ၊ ၀က်၊ ကြက်နဲ့ ငါးခူကင်ပဲ ရှိတာပါ။ အကင် တွေက ထိုင်းက အကင်ထက် အရသာ ပိုရှိ ပါ တယ်။ အသားတွေ လတ်ဆတ်လို့ ချိုတဲ့ အရသာကို ခံစား ရပါတယ်။ ထိုင်းမှာလို အဆာပလာ တွေကြောင့် ချိုပြီး လျှာပေါ်မှာ ပူကျန် ခဲ့တဲ့ အရသာ ရှိနည်းမျိုး မဟုတ်ပါဘူး။ ပုစွန်တော့ တအားကို ရှားပါတယ်။ ထိုင်းကနေ သွင်းတဲ့ ရေဘ၀ဲနဲ့ ခရု ကိုလဲ နည်းနည်း ပါးပါး တွေ့ရပါတယ်။


ကဲ … ငါလာပြီ မဲခေါင်ရေ လို့ ကြုံးဝါးရင်း မြစ်ထဲ ဆင်းခဲ့ပါတယ်။ (ရေနည်းနေလို့ သဲသောင်ပြင်ကြီးက တမျှော် တခေါ်ပါပဲ ဟဲဟဲ. ညောင်ဦးဖီးလို ရေဆင်း ကူးတာ မဟုတ်ဘူးနော်)။ သဲသောင်ပြင်က အိုလံပစ် ဘောလုံးကွင်း ငါးကွင်းစာ လောက်ကို မြစ်ကြော တလျှောက် ကျယ်နေ တာပါ။ ရေစီးကြောင်းက မြစ်ရဲ့ ငါးပုံ တစ်ပုံလောက်ပဲ စီးနေ ပါတယ်။ သဲသောင်ပြင်က သဲဖြူလွ တွေက နင်းလို့ ကောင်းလွန်းလို့ ရေရှိတဲ့ နေရာ အထိကို ဖိနပ်ချွတ်ပြီး လမ်းလျှောက် ပါတယ်။ အားပါးပါး … အဝေးကြီး လမ်းလျှောက် လာလို့ ခြေဖ၀ါးတွေ ပူပြီး ညောင်းနေတာ သက်သာ သွားတာပဲ..


မဲခေါင်မြစ်ဟာ နဂါးရှိတယ်လို့ နာမည်ကြီးပြီး Dragon tour ဆိုပြီး နဂါးကို လာစောင့် ချောင်းတဲ့ ခရီးသွား လုပ်ငန်းတောင် ရှိပါတယ်။ တခါကတော့ ညဘက် မီးပွားတွေ မြစ်ကြောင်းတလျှောက် မြစ်ထဲ ပေါ်လာလို့ ဆိုတဲ့ သတင်းက မီဒီယာတွေကို သို့လော သို့လော ဂယက် ရိုက်စေ ဖူးပါတယ်။ မျက်မြင်လို့ ပါးစပ်နဲ့ ပြော ကြတဲ့ လူတွေ ရှိပေမယ့် သက်သေ ဓာတ်ပုံ မပြနိုင်လို့ ခုထိ မဲခေါင် နဂါးဟာ ဒဏ္ဍာရီ ဘ၀က မတက် နိုင်သေး ပါဘူး။ အောက်က ဓာတ်ပုံ ကတော့ မဲခေါင် နဂါး အယောင်ဆောင် ထားတဲ့ ခွန်မြလှိုင်ပါ ဟဲဟဲ… မဲခေါင် ရေစီး ကြောင်း ထဲကနေ သဲသောင် ပေါ်ကို ခုနေများ နဂါး တက်လာရင် ဘယ်လို လုပ်မလဲလို့ မောင်တော် ဘုရားက ခြောက် တာနဲ့ သူနဲ့ ပြိုင်က မှာပေါ့လို့ ပြောရင်း ပြောင်ပြ နေပုံကို သူက ဓာတ်ပုံ ရိုက်လိုက် တာပါ။


မဲခေါင် မြစ်ထဲကနေ လထွက်လာတာကို စောင့်ကြည့်… တကယ့်ကို သာယာ ကြည်နူး စရာ တသက်မမေ့မယ့် မြင်ကွင်းပါ။ ဟိုဘက် ကမ်းက ထိုင်း၊ ဒီဘက်ကမ်းက လာအိုပေါ့…. ကမ္ဘာ့ တတိယ နိုင်ငံ စာရင်းဝင် လာအို နိုင်ငံရဲ့ ဗီယန်ကျန်း မြို့ရဲ့ ညအလှကို မဲခေါင် မြစ်ထဲ ကနေ ဓာတ်ပုံ လှမ်းရိုက်ရင်း တအား ၀မ်းနည်း သွားပါ တယ်။ ရန်ကုန်မြစ်ထဲကနေ ရန်ကုန်မြို့ရဲ့ ညအလှကို ဓာတ်ပုံ ရိုက်မိရင် ဘယ်လို နေမလဲ လို့ တွေးမိ လို့ပါ။



ဓာတ်ပုံရိုက်ပြီး ကမ်းပေါ် ပြန်အတက်… စစ်သားတွေ တပ်စိတ် တစိတ်စာနဲ့ ပက်ပင်း တိုးပါတယ်။ သူတို့က ဘာတွေ ပြောမှန်းမသိ။ လန့်က လန့်သေး… မြစ်ပြင် ကျယ်ကြီးက သဲသောင် ပေါ်မှာ ကိုယ်တစ်ယောက်တည်း မိန်းမလေ။ ၀တ်စုံတွေက ကွန်မြူနစ် တံဆိပ်နဲ့ စစ်ဝတ်စုံ တွေပါ။ ကိုယ့်ထက် ထိုင်းစကား လည်ဝယ်တဲ့ မောင် တော် ဘုရားက ခေါင်းငြိမ့်ရင်း အိုကေလို့ ပြောပြီး ကမ်းပေါ် ရောက်မှ မေးကြည့်တော့.. လုယက်တာ ဖြစ်မှာ စိုးလို့ ကင်းလှည့်တဲ့ ကင်းအဖွဲ့ ဖြစ်ကြောင်းနဲ့ နောက်ကို ဒီလို ညမှောင်ထိ မနေဖို့ သတိပေး တာလို့ ပြောပါ တယ်။ ဒီလို ဆိုတော့လဲ အဟောဝတ ကောင်းလေစွ ပေါ့။ ကမ်းနဖူးက ဆိုင်မှာပဲ အမေရိကန် ထမင်းကြော်ကို အ၀လွေး ပါတယ်။ တစ်ပွဲကို ကစ် သုံးသောင်းပါ။ မဲခေါင် မြစ်ထဲက သဲသောင်ပြင်ပေါ် အသွားအပြန် ဘောလုံး ကွင်း ဆယ်ကွင်းစာလောက် လမ်းလျှောက် လာတော့ ဟဲဟဲ.. တစ်ပန်းကန်နဲ့ ဘယ် ဗိုက်ဝ မလဲနော်…

ဟိုတယ်ကို အပြန်လမ်းက လက်ရှိ နေရာကနေ ဝေးပါ သေးတယ်။ လမ်းမီး အားလုံး ထွန်းထားလို့ လင်းထိန် နေပေမယ့် တောမြို့ လောက်ကို လူနည်းတဲ့ ဗီယန်ကျန်းမို့ ညနေ ၇နာရီဆို လမ်းပေါ် လူပြတ် နေပါပြီ။ ဒါနဲ့ အငှားကား တားပါတယ်။ တကယ်တော့ လမ်းလျှောက်တာ များလို့ ခြေဖ၀ါးတွေလဲ ကျိန်းနေပါပြီ။ ဈေးဆစ်ပုံ ပြောပါဦးမယ် အဟိ.. ကစ်လေးသောင်း ပါတဲ့.. ကားငှားခ များတယ်လို့ ဈေးလျှော့။ နှစ်သောင်းခွဲ ပေးမယ် ဆိုတော့ တားတဲ့ နေရာ ကနေ ဟိုတယ်ထိ ငါးကီလိုမီတာ ဝေးတယ်တဲ့.. ဒါကြောင့် မလျှော့ဘူးတဲ့လေ။ ဒီ လောက် အဝေးကြီးကို ငါ ဘယ်လိုများ လျှောက်ခဲ့ ပါလိမ့်လို့ တွေးရင်း ဟန်ကိုယ့်ဖို့နဲ့ “ငါမြန်မာနော်” လို့၊ “မြန်မာပြည် ကနေ ထိုင်းထိ ခြေကျင် လာပြီး စစ်တိုက်တာ သမိုင်းမှာ ကြားဖူးတယ် မဟုတ်လား” လို့။ “နှစ် သောင်းခွဲ မရရင် ငါ ခြေကျင် ပြန်မှာ” လို့လဲ ပြောလိုက်ရော.. မောင်မင်းကြီးသား ခမျာ ဆူးပုပ် ရွက် လောက် မျက်နှာလေးနဲ့ လိုက်ပို့ ပါမယ် ဆိုပြီး နှစ်သောင်းခွဲကို ထပ် ဈေးမညှိ ရဘဲ ပို့ရှာ ပါတယ်. ခွိခွိ… သြော် ဘိုးဘေး တို့ရေ.. ခုချိန်ထိ သမိုင်း ကြောင်း က လူရှိန်ဆဲပါ။ ကျွန်မတို့ ခေတ် ရောက်ခါမှ ညံ့ရမယ့် အဖြစ်ကို အတတ်နိုင်ဆုံး ကြိုးစားပြီး အဖတ် ဆယ် ပါ့မယ်။

အဲဒီညက ညောင်းလွန်းလို့ အိပ်လို့ ကောင်းမှကောင်းပါ။ နောက်နေ့ မနက် စောစောထ၊ လာအို မနက်စာ အ၀စား (ခရမ်းချဉ်သီး ထောင်း၊ မျှစ်ထောင်း၊ ထမင်းပူနဲ့ ဟင်းနုနွယ်ညွှန့် အတို့အမြှုပ်)၊ လမ်းလျှောက်ရင်း မြို့ကို ပတ်ပါတယ်။ မနုသီဟ ဖင်နှစ်ခွ ဆိုတဲ့ လူခေါင်းနဲ့ ခြင်္သေ့ ဖင်နှစ်ခွ ရုပ်ကိုသာ မြင်ဖူးတဲ့ ကျွန်မ၊ ခုတော့ နဂါး ဖင်နှစ်ခွ မုခ်ဦးကို ခုလို အမိအရ ဓာတ်ပုံ ရိုက်ယူ ခဲ့ပါတယ်။


လမ်းဘေး ၀ဲယာက လာအို ဗိသုကာ လက်ရာနဲ့ ဘုန်းတော်ကြီးကျောင်းများ၊ ပြီးတော့ လာအိုရဲ့ landmark ဖြစ်တဲ့ ပတူဇေ ခေါ် ဇေ လို့ နာမည်ရတဲ့ မုခ်ဦး တံခါးကြီး


ပြင်သစ် ကိုလိုနီ ဖြစ်ခဲ့ ဖူးတဲ့ နိုင်ငံမို့ အစိုးရ ဆိုင်ရာ ၀န်ကြီး ဌာနနဲ့ ကျောင်းများ၊ ရုံးများရဲ့ မုခ်ဦးမှာ လာအို၊ ပြင်သစ် နှစ်ဘာသာနဲ့ အမည်နာမ ရေးထိုး ထားပါတယ်။


ချိုင့်ခွက်၊ ကျင်း၊ လမ်းသား ပွခြင်း မရှိဘဲ သန့်ရှင်း ပျံ့ပြူး သပ်ရပ် လှတဲ့ ဗီယန်ကျန်း မြို့လယ် လမ်းမ များ


ကားစုတ်၊ ကားဟောင်း လုံးဝ မရှိတဲ့ ဗီယန်ကျန်းမြို့ နေ့လယ် ရှုခင်း


အဲအဲ.. အဲလို ပြောရင် မျက်နှာ လိုက်ရာ၊ မရိုးမသား သတင်း ထိမ်ချန်ရာ ကျနေ ပါ့မယ်။ သွားလည်တဲ့ သုံးရက် အတွင်း ဟိုင်းလတ် ကားစုတ် နှစ်စီးကို လမ်းကြားထဲက အိမ်တွင်း အလုပ်ရုံ ရှေ့မှာ ရပ်ထားတာ တွေ့ခဲ့ပါ တယ်။ ပလတ်စတစ်စုတ်၊ စက္ကူစုတ် လည်ကောက်တဲ့ ကားပါ။ local recycling အိမ်တွင်း အလုပ်ရုံသုံး အမှိုက် ကောက် ကားများ ဖြစ်ပါတယ်။ သူများ တတိယ နိုင်ငံက အမှိုက်ကောက် တာတောင် ဟိုင်းလပ် အစုတ် လေး နဲ့ အမှိုက်ကောက် ပါတယ်နော်။ (မှတ်ချက်။ မြူနီစီပယ် အမှိုက်သိမ်းကား မဟုတ်ပါ။) အင်တာနက်ဆိုင်များ လမ်းဘေးမှာ တွေ့လို့ ၀င်သုံးလိုက်တော့ တချက် စိတ်ပျက် မိပေမယ့် ဖျတ်ခနဲ စိတ်သက်သာရာ ရလိုက် ပါ တယ်။ တတိယ နိုင်ငံ ပီပီ အင်တာနက် နှေးတာကတော့ မြန်မာ နိုင်ငံ အတိုင်း ပါပဲ။ တခြား နေရာတွေ မြန်မာ နိုင်ငံထက် သာနေလို့ စိတ်ဆင်းရဲ နေချိန်မှာ ကွန်မြူနစ် စနစ် ကျင့်သုံး တဲ့ နိုင်ငံမို့ သတင်းနဲ့ ဆက်သွယ်ရေး ထိန်းချုပ်တာ ချင်းကျ မြန်မာနိုင်ငံနဲ့ တန်းတူ လိုက် သွားပါတယ်။

နေ့လယ် ထိုင်းသံရုံးကနေ ဗီဇာ ရလို့ ပတ်စ်ပို့ ပြန်ထုတ်ချိန်မှာ ကိုယ့်ပတ်စ်ပို့ ကိုယ်ယူပြီး ထပ်လျှောက်လည်.. နောက်နေ့မှာ လာရာ လမ်း အ တိုင်း ထိုင်းကို ပြန်ခဲ့ပါတယ်။ ဗီယန်ကျန်း မြို့လယ် ကားဂိတ်ကနေ နယ်စပ်ကျော် ဘတ်စ်ကား စီးရင်း နယ်စပ်ဂိတ်တွေကို ဖြတ်ရင်းနဲ့.... နေရစ်တော့ မဲခေါင်ရေ...


နှုတ်ဆက်ခဲ့ပါတယ် နောင်ခိုင်ရေ


ဘန်ကောက်မှာ လာကြိုနေတဲ့ သူငယ်ချင်း လေးက သူ့နိုင်ငံ ဖြစ်တဲ့ ကမ္ဗော ဒီးယားက သူ့မြို့ ဖြစ်တဲ့ စီယမ်ရိဖ် မြို့လေးကို လိုက်လည် ပါလားတဲ့။ ကမ္ဘာကျော် အန်ကောဝပ် ဘုရား ကျောင်း နဲ့ ဒဏ္ဍာရီ ဆန်ဆန် ရေအောက်ကို နစ်မြုပ် သွားခဲ့ပြီး ယနေ့တိုင် တည်ရှိ နေဆဲ ရှေးဟောင်း မြို့တော် ရှိရာ စီယမ်ရိဖ် မြို့ကို စရိတ်ငြိမ်း အလည် ခေါ်တော့ ငြင်းလို့ ကောင်းမလားနော် … ဘော်ဘော် တို့ရေ… အလည် လိုက်မယ် မို့လား… Virtual tour နဲ့လေ …


Read More...

Saturday, August 16, 2008

ဘယ်သွားနေလဲ မရေခဲ (၁)


ဘလော့ အတင် ကျဲတယ်နော်.. အွန်လိုင်းပေါ်လဲ မတွေ့ဘူး… နေကောင်းရဲ့လား စိတ်ပူတယ် … စသော စသော မေးလ်လေးများ၊ နှုတ်ခွန်းဆက် စကားလေးများ ခဏခဏ ဖတ်ရ သော ကြောင့် လည်းကောင်း၊ တချို့ တချို့ သော သူများရဲ့ အချွန်နဲ့ မမှု ကြောင့် စံခလ ဘူရီမှာ ဖောက်ခွဲရေး သင်တန်း သွားပေး နေလား ဆိုတဲ့ မေးခွန်း များကြောင့် လည်းကောင်း (“မဖြေ ရှင်း တော့ ပါဘူးလေ အထင်ခံရ နည်းလား.. ဖောက်ခွဲရေး ဆိုလို့ ပဲကြီးလှော် စားပြီး အီးဗုံး ခွဲတာ လောက်ပဲ လုပ်တတ် တာကို အထင်ကြီးတော့ လူရှိန် တာပေါ့” ဆိုပြီး နေတာ ကြာ တော့ အဲဒီ နေရာ ဘယ်နားမှန်း မသိ တာကြောင့် စိစိ ပေါက်ပေါက် မေးလာရင် အရှက် ကွဲမှာ စိုးလာ တာက တစ်ကြောင်း) စတာတွေကြောင့် ဘယ်တွေ လျှောက်လည် နေတာလဲ ဆိုတာ ကို ပြောရင်း ဘော်ဘော် တို့ကို virtual tour ပါ တလက်စတည်း ပို့ပါ တော့မယ်။

လောဝ်ရှမ်းတို့ ဌာနေ

လန်ဇန် လို့ ရှေးအခါက မင်းနေပြည် အဖြစ် အမည်တွင်ခဲ့ ဖူးပြီး ဆင်သန်းပေါင်း များစွာ ရှိတဲ့ မြေလို့ အဓိပ္ပာယ် ရတဲ့ လာအို နိုင်ငံရဲ့ မြို့တော် ဗီယန်ကျန်းမြို့ကို ထိုင်းနိုင်ငံရောက် ရွှေ တော်တော် များများ တိုင်ပတ် ဖူးကြ ပါလိမ့်မယ်။ အားလုံး တညီ တညွတ်တည်း ငြီးတာ က တော့ ဈေးကြီးတယ်တဲ့။ ထိုင်းထက်ကို အစစ အရာရာ ရှားပါး ဈေးကြီး ပါသတဲ့။

ဘန်ကောက်ကနေ မီးရထားနဲ့ ပေါ့ပေါ့ပါးပါး ရှုခင်း ငေးရင်း၊ ညောင်းလာရင် ရထား တွဲထဲ လမ်းထ လျှောက်ရင်း သက်သက်သာသာ စီးလာ လိုက်တာ ညရထားစီးရင် မနက်ကို လာအို- ထိုင်း နယ်စပ်မြို့ ဖြစ်တဲ့ နောင်ခိုင်ကို ရောက်ပါတယ်။ နောင်ခိုင်မြို့လေးဟာ နယ်စပ်မြို့ ဖြစ် ပေမယ့် ထိုင်း-မြန်မာ နယ်စပ် မြို့တွေလို ရှုပ်ထွေးမှု ရှိမနေဘဲ အေးချမ်း တိတ်ဆိတ် လှပါ တယ်။ ဘဏ်များ ရှိပေမယ့် ဘယ်သူမှ ငွေသိပ် မလဲလို့လား မသိ။ ဒေါ်လာနဲ့ ဘတ် လဲလှယ် ဖို့ ရှိသမျှ ဘဏ် အားလုံးကို သွားခဲ့ ပေမယ့် မရှိလို့ မှောင်ခိုက လဲခဲ့ရ ပါတယ်။ မြို့လေးက သပ်ရပ်သလို မြို့တွင်းရှိ လူများကလဲ ရိုးသား အေးဆေး ကြပြီး နိုင်ငံခြားသားမို့ ဈေးပိုတင် ခြင်း၊ ကလိန်ကျခြင်းလဲ မလုပ်ကြတာ စိတ်ချမ်းသာ စရာပါ။ ဘူတာကနေ နယ်စပ်ဂိတ်ကို တုတ်တုတ်ခေါ် သုံးဘီးကား စီးတာ ဘတ် ၃၀ပဲ ပေးရပါတယ်။ နယ်စပ်ဂိတ် ရောက်တော့ တန်းစီ နယ်စပ်ဖြတ်ပေါ့။ ထွေထွေထူးထူး မရှိပေါင်။ ထိုင်းဂိတ်ကနေ လာအိုဂိတ်ကို သွားဖို့ ဘတ်စ်ကား စီးတော့လဲ လူတစ်ယောက် ဘတ် ၃၀ပါပဲ။ လာအိုဂိတ် မှာလဲ ဘာမှ ထွေထွေ ထူးထူး ရစ်ခြင်း၊ ပွဲစား ရှုပ်ခြင်း မရှိဘဲ အေးအေးချမ်းချမ်း ဗီဇာ ရလာပါရော။ ထိုင်း တစ်ဘတ် ကို လာအို ကစ် ၂၈၅ (ငွေဈေး အပြောင်းအလဲ ရှိနိုင်သည်) နဲ့ နယ်စပ်ဂိတ်မှာ ကတည်းက လဲလှယ် နိုင်ပါတယ်။

လာအို နယ်စပ် ဂိတ် ကနေ ဗီယန်ကျန်း မြို့ထဲက တည်းခိုရာ ဟိုတယ် (ကြိုက်ရာ ဟိုတယ်) ထိ taxi ကားခ ဘတ် ၃၀၀၊ ဘတ်စ်ကား စီးရင် နယ်စပ်ဂိတ်ကနေ ဗီယန်ကျန်း မြို့လယ် ကားဂိတ်ထိ ဘတ်စ် ကားခ ၅၅ဘတ် ပေးရပါတယ်။

လာအို နယ်စပ်ဂိတ်က ဓာတ်ပုံများ


လမ်းမှာတော့ ကမ္ဘာကျော် မဲခေါင် မြစ်ကြီးက ရေစီးသန်သန်နဲ့ စီးဆင်းလို့… လမ်းဘေး ၀ဲယာ က ရှုခင်းကတော့ ထိုင်းနိုင်ငံက နယ်မြို့လေးတွေ လိုပါပဲ။ သိပ် ခမ်းခမ်း နားနားကြီး မဟုတ် နေဘူး။

ကမ္ဘာကျော် မဲခေါင်မြစ်


ရောက်ရောက်ချင်း ထိုင်းသံရုံးမှာ ဗီဇာ ပြန်လျှောက် ပါတယ်။ ဗီဇာကို မနက် ၁၁ နာရီ မထိုး ခင်ထိ လျှောက်လွှာ လက်ခံပြီး ပွဲစား မလိုပါဘူး။ ဒါပေမယ့် တချို့ မလည်ရှုပ် လာအို တွေက ပွဲခ တောင်းပြီး လျှောက်ပေး မယ်လို့ ဆွယ်တတ် ပါတယ်။ လျှောက်လွှာတင်ပြီး ထမင်းစား ထွက်နိုင် ပါပြီ။ ဆိုင် မရှာတတ် လို့ကတော့ လမ်းဘေးက သာမန် ထမင်းဆိုင် မှာ ထိုင်စားရင် အနည်းဆုံး လာအို ကစ် တစ်သောင်းခွဲ ကနေ အများဆုံး ခြောက်သောင်းခန့် အထိ ကုန်ကျ နိုင်ပါတယ်။ ခပ်သန့်သန့် ဆိုင် ဆိုရင် တနပ်စာကို ဘတ် ၆၀၀ ထိ ရိတ်တာ ခံရဖူးသူ ရှိပါတယ်။

စားသောက်ပြီးတော့ ရေသန့် တဗူး ၀ယ်ပါတယ်။ လာအိုတွေ အားလုံး လိုလို ထိုင်းစကား ပြောလို့ ရပါတယ်။ ထိုင်းလိုပြောပြီး ၀ယ်မိတော့ တလီတာဝင် ရေသန့် တဗူးကို လေးထောင် ပေးရပါတယ်။ တစ်ရက်ကို ရေ လေးလီတာလောက် သောက်တတ်တဲ့ ကိုယ့်အတွက် ရေသန့် တဗူးက တစ်နာရီ သာသာပဲ ခံတာမို့ မြို့ထဲ လျှောက်လည်ရင်း နောက်တနေရာမှာ ရေထပ် ၀ယ်ပါတယ်။ အင်္ဂလိပ်လို ပြောပြီး ၀ယ်တော့ စောစောက တံဆိပ်နဲ့ တလီတာဝင် ရေသန့် တဗူးကို နှစ်ထောင်ပါ။ ဒါနဲ့ မြို့သား တောရောက် မအူမလည်နဲ့ ဆက်လျှောက်ပေါ့.. နောက် တစ်နေရာမှာ ရေသန့် ထပ်ဝယ်တော့ တဗူးယူပြီး ဘာမှ မပြောဘဲ တစ်သောင်းတန် တစ်ရွက် ထုတ်ပေးလိုက်တော့ ကိုးထောင် ပြန်အမ်းပါတယ်။ ဒီတော့မှ ဇာတ်ရည် လည်ပါတော့တယ်။ ငါ ထိုင်းလို ပြောမိလို့ ငါ့ဆီက မြဘုရားဖိုး ပြန်ယူ လိုက်တာ ပါလားလို့…

သေချာ ရှင်းပြ ပါ့မယ်။ မသိသေး သူများ အတွက်ပါ။ သိပြီးသား သူများ စာပိုဒ် ကျော်ဖတ် နိုင် ပါတယ်။ လာအို လူမျိုးတွေက ထိုင်းကို အသေ မုန်းပါတယ်။ ထိုင်းဟာ အတိတ်က လာအို နိုင်ငံ ကို တိုက်ခိုက် သိမ်းပိုက် ပြီး လာအို နိုင်ငံရဲ့ ရှေးဟောင်း မြို့တော် လွမ်ပရာဘမ်က မြ ဘုရားကို ထိုင်းနိုင်ငံကို ပင့် ဆောင် လာပါတယ်။ တကယ်တော့ ဒီမြဘုရားဟာ အနော်ရထာ ဘုရင်ကို သီဟိုဠ် ဘုရင်က လက်ဆောင် ဆက်သ ထားပြီး ပုဂံကို အပို့ လမ်းမှာ မုန်တိုင်း မိပြီး ထိုင်းကမ်းခြေမှာ သင်္ဘော ဆိုက်တော့ ပို့ခိုင်းသူများက ကြောက်ပြီး ဆက်မပို့ ရဲတော့လို့ ကုန်းလမ်း ကနေ လာအို နိုင်ငံကို ရောက်သွားခဲ့ပြီး လာအို ဘုရင်က တမြတ်တနိုး ကိုးကွယ် ထားတဲ့ ဆင်းတုတော်ပါ။ ဒီအကြောင်းကို သီဟိုဠ် ဘုရင်က သိတော့ အနော်ရထာ ဘုရင်ထံ အကြောင်းကြား လာပါ တယ်။ နှစ်နိုင်ငံ လုံးက ဘုရင် တွေနဲ့ မိတ်မပျက် ချင်တဲ့ အနော် ရထာ ဘုရင်က သီဟိုဠ် ဘုရင်ကိုပါ ဖိတ်ခေါ်ပြီး မြဘုရားကို လာအို ဘုရင်ထံ ရေစက်ချ လှူဒါန်း ခဲ့ ပါတယ်။ အနော်ရထာ ဘုရင် ဆီက မျက်နှာသာ ရလိုမှု ကိုသာ အဓိက ထားတဲ့ သီဟိုဠ် ဘုရင် ဟာ ခုလို အနော်ရထာ ဘုရင်နဲ့ အတူ အလှူရှင် အဖြစ် ရေစက် ချခွင့် ရတဲ့ အတွက် ကျေနပ် သလို စစ်တိုက်ပြီး ဖြစ်စေ၊ သံတမန် လွှတ်ပြီး ဖြစ်စေ ပြန်ယူရင် အဲဒီ ခေတ်က အင်အားကြီးတဲ့ အနော်ရထာ ဘုရင်ကို မြဘုရား ပြန်ပေးရမှာ သေချာ နေပေမယ့် ပြည်သူတွေရဲ့ သဒ္ဒါတရား ကို ခုလို အသိအမှတ်ပြု လေးစားစွာ ရေစက်ချ လှူပေးတဲ့ အတွက် လာအို ဘုရင်ကလဲ အနော် ရထာ မင်းမြတ်ကို ပိုကြည်ညို လေးစား ခဲ့တယ်လို့ သမိုင်းက ဆိုပါတယ်။ ဒီလို သမိုင်း ကြောင်း ကြီးတဲ့ မြဘုရား ကိုမှ ထိုင်းက လာအို နိုင်ငံကနေ တိုက်ခိုက် သိမ်းပိုက် ယူခဲ့ ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံ နယ်နမိတ် ထဲက စီယံ ပြည်နယ် ကြီးဟာ အရင်က လာအို ပိုင်တာပါ။ ပြင်သစ် ကိုလိုနီ အောက် လာအို နိုင်ငံ ကျရောက်နေစဉ် ထိုင်းက ပြင်သစ်နဲ့ တည့်အောင် ပေါင်းပြီး စီယံ နယ်ကို ထိုင်းနယ်နမိတ်ထဲ ထည့်လိုက် ပါတယ်တဲ့။ ဒါကြောင့် လာအို လူမျိုး တွေ ဟာ ထိုင်းကို မုန်းသလို ထိုင်းနိုင်ငံထဲ ရောက်နေတဲ့ လာအို လူမျိုးတွေ (အထူးသဖြင့် စီယံ နယ်ထဲက လာအိုတွေကို ထိုင်းက အိစံလို့ ခေါ်ပါတယ်) ဟာလဲ ထိုင်းနိုင်ငံထဲမှာ မကြာ ခဏ ပြသနာ ရှာပါတယ်။ ဒါကြောင့် အိစံတွေဟာ ထိုင်းနိုင်ငံ ထဲမှာ နာမည်ဆိုးနဲ့ နာမည်ကြီး ပါတယ်။ လာအို နိုင်ငံထဲမှာ ထိုင်းလို ပြောပြီး ဈေးဝယ်ရင် ပိုဈေး ပြောလို့ သတိထားရ ပါတယ်။ အဆင်မပြေဖို့ ပိုများ ပါတယ်။

ဗီယန်ကျန်းမြို့လေးက တကယ်တော့ သေးသေးလေးပါ။ မြို့ထဲကို မြေပုံ တစ်ချပ်နဲ့ အတူ ခြေကျင် ပတ်ပါတယ်။ သူတို့နိုင်ငံရဲ့ national emblem ထဲမှာတောင် ပါတဲ့ လာအိုရဲ့ ရွှေတိဂုံ ကတော့ ဖရာ့ သက်လွမ် စေတီ ဖြစ်ပါတယ်။ အဲဒီ စေတီ ပရ၀ုဏ် ထဲမှာ မြန်မာ ဘာသာနဲ့ ရေးထွင်း ထားတဲ့ ရှေးဟောင်း ကျောက်စာ နှစ်ချပ်ကို ပုဂံ ခေတ်က စာအရေး အသားနဲ့ ဖတ်ခဲ့ ရပါတယ်။ (ဆယ်တန်းတုန်းက အက္ခရာ အရေးအသား သင်ခန်းစာကို မှတ်မိတာ အဖိုးတန် သွားပါတယ်။)

ဖရာ့သက်လွမ် စေတီတော်? သူ့ပရ၀ုဏ်ထဲက လာအို ဗိသုကာ လက်ရာ ဘုရားကျောင်းဆောင်နဲ့ မြန်မာ ကျောက်စာများ


ဆက်လက် ဖော်ပြ ပါမည်


Read More...

Wednesday, August 13, 2008

International Youth Day ကို ကမ္ဘာက ဘယ်လိုမြင်လဲ

အပြည်ပြည် ဆိုင်ရာ လူငယ်များနေ့ (International Youth Day- IYD) ကို သြဂုတ်လ ၁၂ ရက်နေ့မှာ ကမ္ဘာနဲ့ အ၀ှမ်း ခြိမ့်ခြိမ့် သဲသဲ ကျင်းပ နေကြပါတယ်။ ကမ္ဘာ့ ကုလ သမဂက ဦးစီး ကျင်းပတဲ့ အပြည်ပြည် ဆိုင်ရာ လူငယ့် ညီလာခံ မှာ နိုင်ငံ အသီးသီးက လူငယ် ကိုယ်စား လှယ် များရဲ့ အကြံပြု တင်ပြ ထောက်ခံချက် အရ သြဂုတ် ၁၂ ရက်နေ့ကို အပြည်ပြည် ဆိုင်ရာ လူငယ်များနေ့ အဖြစ် သတ်မှတ်ဖို့ 1999 ဒီဇင်ဘာ ၁၇ မှာ ဆုံးဖြတ်ချက် အမှတ် ၅၄/ ၁၂၀နဲ့ ဆုံးဖြတ် သတ်မှတ် ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ် သြဂုတ် ၁၂ရက် နေ့က စတင် လို့ ဒီ အထိမ်းအမှတ်နေ့ကို တနှစ်တခါ မရိုး ရအောင် နှစ်အလိုက် ခေါင်းစဉ် အမျိုးမျိုးနဲ့ ကျင်းပ ခဲ့ကြပါတယ်။


Yearly Themes for IYD

2007 - Be seen, Be heard: Youth participation for development
2006 - Tackling Poverty Together
2005 - WPAY+10: Making Commitments Matter
2004 - Youth in an Intergenerational Society
2003 - Finding decent and productive work for young people everywhere
2002 - Now and for the Future: Youth Action for Sustainable Development
2001 - Addressing Health and Unemployment
First Observance of International Youth Day 2000

ဒီနှစ်ကို ကမ္ဘာ့ ကုလ သမဂ္ဂက လူငယ်နဲ့ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု : လှုပ်ရှားမှု လုပ်ဖို့ အချိန်ရောက်ပြီ ဆိုတဲ့ ခေါင်းစဉ် (“Youth and climate change: Time for action”)နဲ့ သတ်မှတ် ပေးခဲ့ပြီး ကမ္ဘာကျော် Times မဂ္ဂဇင်းက ဦးဆောင် ပြုလုပ်တဲ့ ဓာတ်ပုံ ပြိုင်ပွဲ ကိုလဲ ဒီခေါင်းစဉ်နဲ့ပဲ ကမ္ဘာ တ၀ှမ်းက လူငယ်တွေကို တရားမျှတ သန့်ရှင်းစွာ ပါဝင် ယှဉ်ပြိုင်ဖို့ အခွင့်အရေး ပေးခဲ့ ပါတယ်။


ကမ္ဘာနဲ့ ချီတဲ့ ပြိုင်ပွဲ အမျိုးမျိုးကို လူငယ်များရဲ့ လူရည်လူသွေး မြင့်မားရေး ဆိုတဲ့ ရည်ရွယ် ချက် နဲ့ ပြုလုပ် ပေးခဲ့ ကြပါ သေးတယ်။ ဒီနှစ် မှာတော့ volvo က စပွန်ဆာ ပေးပြီး လူငယ် ဆိုတာ ဘ၀နဲ့ အနာဂတ်ရဲ့ ပဲ့ကိုင်ရှင် ဆိုတဲ့ အိုင်ဒီယာ နဲ့ Volvo Youth Sailing ISAF World Championship 2008 ကို ကျင်းပ ပြုလုပ် ခဲ့ပါတယ်။


ဒါ့အပြင် ပုပ်ရဟန်းမင်းကြီးကလဲ အရေးတယူ တခုတ်တရ ပွဲကျင်းပလို့ ဂုဏ်ပြုတဲ့ အပြင် နိုင်ငံ အတော် များများက ၀န်ကြီးချုပ်များ သမတ များကလဲ သူတို့ နိုင်ငံက လူငယ်များ အတွက် အားပေးစကားများ ပြောကြား ခဲ့ကြ ပါသေးတယ်။ အနာဂတ် နိုင်ငံတော်ကို ဦးဆောင်မယ့် လူငယ်များရဲ့ အခန်းကဏ္ဍကို အစောတည်းက ကြိုတင် အားပေး လူ့စွမ်းအား မြှင့်တင် ထားတဲ့ သဘောပါပဲ။
ကျွန်မတို့ မြန်မာ နိုင်ငံမှာလဲ ဟိုးယခင်က တေဇ လူငယ်၊ လမ်းစဉ် လူငယ်၊ ရှေ့ဆောင် လူငယ်၊ လူရည်ချွန် အစရှိတဲ့ လူငယ့် အရည်အသွေးမြှင့် ပြိုင်ပွဲ စစ်စစ်တွေ၊ သင်တန်း စစ်စစ် တွေ ရည်ရွယ်ချက် နဲ့ စေတနာ မှန်မှန်နဲ့ ပြုလုပ် ကျင်းပ ပေးဖူးတဲ့ အချိန်လေး တစ်ခု တချိန်က ရှိခဲ့ ဖူးပါတယ်။

ခုများရော … ရှိနေရင် လက်တို့ ပြောပြ ပါဦးလို့….

ဆောင်းမြူနှင်း ဘလော့ကလဲ အပြည်ပြည် ဆိုင်ရာ လူငယ်များနေ့ကို ခုလို ဂုဏ်ပြု ပို့စ်တင် ထားပါတယ်။


Read More...

Monday, August 11, 2008

NGOs in Golden Land of Myanmar

ကြော်ငြာ ပါရစေ.. မြန်မာပြည်က NGOs များက ခေါ်တဲ့ အလုပ်အကိုင် အခွင့်အလမ်းများ၊ နိုင်ငံတကာက ပေးတဲ့ မြန်မာများ လျှောက်ထား နိုင်တဲ့ ပညာသင်ဆုများ အကြောင်း အပါအ၀င် သတင်းအချက်အလက် စုံလင်တဲ့ ဆိုဒ်လေးကို တွေ့လို့ လက်တို့ ဝေမျှ လိုက်ပါတယ်။ ဒီ ၀က်ဘ်ဆိုဒ်ကို ပြုလုပ်သူများကိုလဲ ကျေးဇူး အထူးပါ။ (ဘယ်သူတွေ ဖန်တီးလဲ မသိသေးပါဘူးနော်.. မြင်မြင်ချင်း သူများတွေ အကျိုး ဖြစ်ထွန်း ပါစေလို့ ဝေမျှ လိုက်တာပါ)

http://www.ngoinmyanmar.org/index.php?option=com_content&task=view&id=22&Itemid=39

Read More...

မြို့ရန်ကုန် ပြောင်ကတုံးကို သျှောင်ထုံးစို့လား (နောက်ဆုံးပိုင်း)


အမှုန်များ Particulate Matter (PM10 and PM2.5)

အမှုန်များ ဆိုတာ လေထု ထဲမှာ တွေ့ရသမျှ အမှုန်လေးများ ဖြစ်ပြီး ဖုန်မှုန့်၊ အမှိုက်မှုန့်၊ မီးခိုး၊ အရည်စက် ကလေးများ (ရေခိုး ရေငွေ့ မဟုတ်သော အကြောင်း အမျိုးမျိုး ကြောင့် အရည်ပျော်ကာ အရည်မှုန်စက် လေးများ ဖြစ်လာသော)၊ ဂျိုးကပ်မှု တခုခု ကြောင့် ဖြစ်ပေါ် လာသော ကာဗွန်မှုန့် ကဲ့သို့ မှိုင်းများမှ ဖြစ်လာသော အမှုန်များ စသည်တို့ ပါဝင် နိုင်ပါသည်။ ဒီလို အမှုန်တိုင်းသည် ချောင်းဆိုးခြင်း၊ အသက်ရှုရာတွင် နာကျင် ခက်ခဲခြင်းနဲ့ ပန်းနာ ရင်ကြပ် တို့ကို ဖြစ်ပေါ် စေနိုင် ပါသည်။ အချင်း ၂.၅ မိုက်ခရို မီတာ ရှိသော အမှုန် များကို PM 2.5 ဟု ခေါ်ပြီး အချင်း ၂.၅ ကနေ တစ်ဆယ် ထိ ရှိသော အမှုန် များကို PM10 ဟု ခေါ်ပါသည်။ ထိုအမှုန်များမှာ စက်ရုံမီးခိုးခေါင်းတိုင်များ၊ အင်ဂျင်ကျနေသော စက်များ၊ ကားဟောင်းများက ထွက်သော မီးခိုးများ၊ ကတ္တရာလမ်းနဲ့ ကား တာရာဘီးများ ပွတ်တိုက်မှု ကြောင့် ထွက်သော အခိုးအငွေ့များ ထဲတွင် အဆိုပါ အမှုန်များ ပါဝင် နေလေ့ ရှိပါသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တမြို့ထဲတွင် ကားဘီးနဲ့ လမ်း ပွတ်တိုက်မှုကြောင့် ထွက်သော အမှုန် ပမာဏ တစ်နှစ်လျှင် တန်ချိန် ၂၀ ဟုပင် ဖတ်ရှု မှတ်သား ဖူးပါသည်။

ဘန်ကောက်မြို့ လမ်းလယ်ခေါင်မှ အလှစိုက် ပန်းပင် သစ်ပင်များကို မကြာခဏ လဲလှယ် ရခြင်း အကြောင်းရင်းမှာ အဆိုပါ အမှုန်များက သစ်ရွက်များဧ။် ရွက်ပြား အောက်မှ stomata ခေါ် လေရှူပေါက် များကို ပိတ်ဆို့ ခြင်းကြောင့် သစ်ပင်များ အသက်ရှူ မရဘဲ သေကုန်လေ့ ရှိသောကြောင့် ဖြစ်ပါသည်။ အင်္ဂလန် နိုင်ငံရှိ မြေအောက် ဘူတာရုံ များတွင် သံလမ်းနဲ့ ရထားဘီး ကြိတ်ရာမှ ထွက်ပေါ် လာသော အမှုန် မှုန်မွှား သေးသေး များမှာ အဆုတ် အတွင်းပိုင်းအထိ ၀င်ရောက် ဒုက္ခ ပေးနိုင် သောကြောင့် သုတေသနပြု စာတမ်း ထုတ်ပြန် သတိပေး ရသည် အထိ ဖြစ်ခဲ့သည်။
အဆိုပါ အမှုန် ပမာဏ အတိုင်းအတာ ၂မျိုးလုံးမှာ ကျန်းမာရေး အတွက် သတိထားရသော အနေအထားမှာ ရှိနေပါသည်။ အဘယ်ကြောင့် ဆိုသော် အသက်ရှူသွင်းရာတွင် နှာခေါင်း၊ လေရှူပြွန်နှင့် အသက်ရှူ လမ်းကြောင်း စနစ်တို့ ထဲသို့ ၀င်ရောက် နိုင်လောက်အောင် သေးမှုန် ပေါ့ပါး သောကြောင့် ဖြစ်ပါသည်။
အမှုန် မွှားမွှား လေးများ ထွက်ပေါ် လာသော ရင်းမြစ် များမှာ ကားများ၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံများ၊ သစ်သား နှင့် သစ်တောများ မီးလောင်ကျွမ်းခြင်းနှင့် တခြား စက်မှုဆိုင်ရာ ဖြစ်စဉ် များကြောင့် ဖြစ်နိုင်ပါသည်။ အမှုန်ကြမ်း၊ အမှုန်ကြီးများ ထွက်ပေါ်ရာ ရင်းမြစ် များမှာ အမှုန့် ကြိတ်ချေ ပြုလုပ်သောလုပ်ငန်းစဉ်များ (ဥပမာ- သတ္ထုတွင်း တူးဖော်ခြင်း) ပြုပြင် ထိန်းသိမ်းခြင်း မရှိသော/ ရှိသော လမ်းများ ဖြစ်ပါသည်။

ကျန်းမာရေးကို ဘယ်လို ထိခိုက်စေသလဲ ဘယ်သူတွေ ထိခိုက်မှု အများဆုံးလဲ

အမှုန်နုရော အမှုန်ကြမ်းပါ အသက်ရှု လမ်းကြောင်း အဖွဲ့အစည်းထဲကို ၀င်ရောက် နှောက်ယှက် နိုင်စွမ်းပြီး မြောက်များစွာ သော ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများကို ဆွဲခေါ် သယ်ဆောင် လာနိုင် ပါတယ်။ အမှုန်ကြမ်းဟာ အသက်ရှူ လမ်းကြောင်းကို ယားယံ စေပြီး ပန်းနာရင်ကြပ် ရောဂါကို ပိုဆိုးစေ ပါတယ်။ အမှုန်နု များ အသက်ရှူ လမ်းကြောင်းထဲ ၀င်ရောက်မှု ကတော့ ပိုမို ဆိုးရွားတဲ့ ကျန်းမာရေး ဆိုင်ရာ ဆိုးကျိုးများ သက်ရောက် စေပြီး အရွယ် မတိုင်ခင် သေဆုံးမှု ကိုတောင် ဖြစ်စေ နိုင် ပါတယ်။ အမှုန်ကြောင့် ဖြစ်ပေါ်တဲ့ ကျန်းမာရေး ဆိုင်ရာ ဆိုးကျိုးများဟာ ရေတိုမှာ ဖြစ်စေ (တစ်ရက် စသည်)၊ ရေရှည်မှာ ဖြစ်စေ (တစ်နှစ်ထက် ပိုတဲ့ အချိန်) သင့် ကျန်းမာရေးကို သက်ရောက် စေမှာ ဖြစ်ပါတယ်။
အမှုန်များ သင့်ကိုယ်ထဲ ၀င်ရောက်တဲ့အခါ သင့်မှာ နှလုံး သို့မဟုတ် အဆုတ် တို့နဲ့ ပတ်သက်မှု ရှိတဲ့ ရောဂါ (ဥပမာ- ပန်းနာ ရင်ကြပ်၊ နာတာရှည် အဆုတ် အားနည်း ယိုယွင်းရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါ၊ နှလုံး သွေးအားနည်းရောဂါ) တို့ ရှိခဲ့ ရင် အသက်တိုခြင်း သို့မဟုတ် ဆေးရုံသို့ အရေးပေါ် တင်ပို့ ရခြင်းများ ဖြစ်ပေါ် လာနိုင် ပါတယ်။
သက်ကြီး ရွယ်အို များမှာ ပိုပြီး အန္တရာယ် သင့်နိုင်ပါတယ်။ နှလုံးနဲ့ အဆုတ် ရောဂါ ရှိသူ သက်ကြီး ရွယ်အိုများ အမှုန် သိပ် များတဲ့ နေရာ တွေမှာ အမှုန် များစွာကို အသက် ရှူသွင်း မိရင် အမှုန်ကြောင့် ချည့်တင် ဆေးရုံသို့ အရေးပေါ် တင်ရခြင်း၊ ရုတ်တရက် အသက်ရှူ ရပ်ကာ သေဆုံးခြင်း များပင် ဖြစ်ပေါ် နိုင်ပါတယ်။
ကလေးများနဲ့ နှလုံး အဆုတ် ရောဂါ ဝေဒနာသည် များဟာ ဒီလို အမှုန် များကို ရှူမိရင် သာမန်လို အသက်ရှူနိုင်မှု မရှိတော့ ဘဲ အသက်ရှူ မြန်ခြင်းနဲ့ ချောင်းဆိုးခြင်း များကို ချက်ချင်း ခံစား ရလေ့ ရှိပါတယ်။ ဒီလို အမှုန် များဟာ အသက်ရှူ လမ်း ကြောင်း ဆိုင်ရာ ကူးစက် ရောဂါများနဲ့ လက်ရှိ ရှိပြီးသား အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများရဲ့ အခြေအနေကို ပိုဆိုး စေပါတယ်။ ဆေးသောက်ရမှု ပိုများ လာစေပြီး ဆရာဝန်ထံ သွားရောက် ပြသ ရမှု ပိုစိပ် လာစေ ပါတယ်။

သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု ဆိုတာ ဘာတွေလဲ

အမှုန်များဟာ လေရဲ့ သယ်ဆောင် မှုကြောင့် အလွန်ဝေးသော နေရာ များထိ သယ်ဆောင် သွားခံရ နိုင်ပြီး မြေပေါ် ဖြစ်စေ ရေထဲ ဖြစ်စေ ပြန်လည် ကျရောက် နိုင်ပါတယ်။ ဒီလို ကျရောက် မှုကြောင့် ဖြစ်ပွား နိုင်တာ များကတော့
• ရေကန်များနဲ့ စမ်းချောင်း များကို အက်ဆစ်ပေါက်စေ နိုင်ခြင်း
• ကမ်းခြေနဲ့ မြစ်ဝ ကျွန်းပေါ် ဒေသ များတွင် ရေထဲရှိ ပျော်ဝင် ပစ္စည်းများ ဘက်ညီမှုကို ပြောင်းစေခြင်း
• မြေဆီ မြေသြဇာများကို အာနိသင် လျော့ကျ စေခြင်း
• သစ်တော များနှင့် လယ်ယာ စိုက်ခင်း များကို ပျက်စီးစေခြင်း
• သဘာဝ ဂေဟ စနစ် ထဲမှ သက်ရှိ မျိုးကွဲ များ မျိုးရိုး ကွဲပြားပြီး မျိုးဆန်း အသစ် ပေါ်ပေါ်က်ခြင်း အပေါ် ဆိုးကျိုး သက်ရောက် စေခြင်းတို့ ဖြစ်ပါသည်။

အခြား သက်ရောက်မှု များမှာ

အမှုန်များဟာ အမေရိကန်၊ ဘန်ကောက် နဲ့ ပီကင်းမှာ မြင်ကွင်းကို မှုံဝါးစေတဲ့ အဓိက အကြောင်းရင်း ဖြစ်ပြီး နဲ့ အခြား သဘာဝ ဥယျာဉ်များရဲ့ အလှအပ တွေကိုလဲ ဖျက်ဆီး ပါတယ်။ အက်ဆစ်ဓာတ် ပါတဲ့ အမှုန်နက် (မှိုင်း) များဟာ ကျောက်တုံး များနဲ့ အခြား ယဉ်ကျေးမှု ဆိုင်ရာ အရေးပါတဲ့ ရုပ်တုများ ကျောက်တိုင်များကို စွန်းထင်း တိုက်စား ပျက်စီး စေနိုင် ပါတယ်။
ဒါတွေကြောင့် ဖုန်များ အမှုန်များ ထူထပ် ပေါများ ချိန်တွေမှာ သတိလက်လွတ် မနေကြဘဲ နှာခေါင်းအုပ် အ၀တ်များကို ဂရုတစိုက် သုံးစွဲ ကြဖို့ လိုပါတယ်။ အထက်အညာ ဒေသ တွေမှာ နွေရောက်ရင် လမ်းတွေက ဖုန်ထူလို့ ဖုန်တွေ မျက်စိထဲ ၀င်တဲ့ အခါ မျက်ခမ်းစပ် ရောဂါ ဖြစ်တာဟာ လတ်တလော ချက်ချင်း သိသိ သာသာ ခံစား ရတဲ့ ဝေဒနာ ဖြစ်ပြီး အဆုတ်ထဲ အသက်ရှူ လမ်းကြောင်းထဲ ၀င်ရောက်ရင် ပိုဆိုးရွားတဲ့ ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်ပေါ် နိုင်ပါတယ်။ ဒါပေမယ့် စက်ရုံများ၊ မြို့ပြ လမ်းများက ထွက်တဲ့ ကတ္တရာမှုန်များ မှိုင်းများကတော့ ပိုမို ဆိုးရွား လှတဲ့ ကျန်းမာရေး ထိခိုက်မှု များ ဖြစ်ပေါ် နိုင်တာမို့ အထူးသဖြင့် စက်ရုံဇုန်များနဲ့ အနီးတ၀ိုက်မှာ နေထိုင်သူများ ပိုမို သတိထားကာ ကျန်းမာရေးဆိုင်ရာ အသိ၊ သတိ ရှိဖို့ လိုအပ်ကြောင်း နှိုးဆော် လိုက်ပါတယ်ရှင်။

စာရေးသူရဲ့ မှတ်ချက်။ ။ အရင် တပတ်ကပဲ ပြည်တွင်း ဂျာနယ် တစ်ခုမှာ ကြော်ငြာတာကို ဖတ်လိုက်မိတဲ့ အတွက် အလွန်အမင်း အံ့အားသင့်ရပါတယ်။ ကြော်ငြာလေးက ရိုးရိုးလေးပါ။ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ လက်အောက်ခံ ပန်းဥယျာဉ်နဲ့ သစ်ပင် ဌာနက အသင့်စိုက်ပျိုး နိုင်သော သစ်ပင်၊ ပျိုးပင်များ အဆင်သင့် ရှိကြောင်း၊ ၀ယ်ယူ စိုက်ပျိုး ကုသိုလ် ယူချင်ရင် ဆက်သွယ် ၀ယ်ယူ နိုင်ကြောင်းနဲ့ အိမ်တိုင်ယာရောက် စိုက်ပျိုး ပေးနိုင်ကြောင်း ကြော်ငြာ ထားပါတယ်။ ဒါဆိုရင် နာဂစ်အလွန် မြို့တော် ပြန်လည် စိမ်းလန်း စိုပြေရေး အတွက် မြို့တော် စည်ပင်မှာ သစ်ပင်နဲ့ ၀န်ထမ်းပါ အဆင်သင့် ရှိလျက်နဲ့ ဘာလို့ တာဝန် ကျေပွန်အောင် မထမ်းဆောင်ဘဲ သစ်ပင်ကိုရော ၀န်ဆောင်မှု ကိုပါ ရောင်းစားရ သလဲ ဆိုတဲ့ အတွေးလေး တွေးမိပါတယ်။
တဆက်တည်းမှာပဲ ဂျပန်နိုင်ငံက ကိုဘေး ငလျင်ကိုသတိရမိ ပါတယ်။ ကိုဘေးမှာ ငလျင်လှုပ်လို့ ရေနဲ့ လျှပ် စစ် လိုင်းတွေ ဆိုးဆိုးရွားရွား ပြတ်တောက် ကုန်တာကို ငလျင်ကြောင့် ပျက်စီးတဲ့ လမ်းပန်း ဆက်သွယ်ရေး အပြို အပျက် တွေကြောင့် အချိန်မီ အမြန်ဆုံး ပြန်လည် ပြုပြင် တပ်ဆင်ရေး မလုပ်နိုင်လို့ မြို့တော်ဝန် ခမျာ အရှက်ရပြီး သတ်သေ သွားခဲ့ပါတယ်။ မြန်မာနိုင်ငံက ရန်ကုန်မြို့မှာ နာဂစ် မုန်တိုင်းကြောင့် သစ်ပင်နဲ့ ပန်းပင် များ ပြန်လည် စိုက်ပျိုးရေး လုပ်ဖို့ အပင်ရော ၀န်ထမ်းပါ အလုံအလောက် ရှိလျက်နဲ့ မြို့တော်စည်ပင်ရဲ့ တာဝန်နဲ့ ၀တ္တရား ဖြစ်တဲ့ ပြန်လည် ထူထောင်ရေးကို လုပ်သင့်လျက် မလုပ်တဲ့ အပြင် မုန်တိုင်းကြောင့် နာလန် မထူနိုင်တဲ့ ပြည်သူကို သစ်ပင် ၀ယ်လှူဖို့ စီးပွားရေး ကြော်ငြာ ထည့်တာဟာ မလွန်လွန်း ဘူးလားလို့ စဉ်းစားမိ ပါရဲ့။ ဂျပန် နိုင်ငံက ကိုဘေး မြို့တော်ဝန်ကို ပြန်မရှက်ဘူးလားလို့ တွေးမိ ပါရဲ့။ တောမီးလောင်လို့ တောကြောင် လက်ခမောင်း ခတ်သလား လို့လဲ မေးချင်ပါရဲ့။ @#$%^

ရှက်တတ်ကြ သေးရဲ့လား။ အရှက်တရား ရှိကြ သေးရဲ့လား။ တော်ဧ။် မတော်ဧ။် ဒီလောက်လေးတောင် မစဉ်းစား တတ်ကြ တော့ဘူး လား လို့လဲ မေးလိုက်ချင် ပါဘိ။
(ပြီးပါပြီ)။


Read More...

Thursday, August 7, 2008

တိမ်ပန်းချီ တို့ ပြောတဲ့ စကား

အဇဋာ ကောင်းကင်ပြာထက်က တိမ်ပန်းချီ တို့ကို ငေးမောဖူးသူတို့ ရှိကြ ပါလိမ့်မယ်။ တိမ် ပန်းချီ တို့ရဲ့ အဓိပ္ပာယ်ကို ဖတ်သူတို့ထဲတွင် အနုပညာသည် တို့သာမက မိုးလေ၀သနဲ့ ဇလ ဗေဒ ပညာရှင်တို့ အပြင် နောက်ပိုင်း သဘာဝ ပတ်ဝန်းကျင် လေ့လာ ထိန်းသိမ်းရေး သိပ္ပံ ပညာရှင် တို့ပါ ပါဝင် လာခဲ့ ကြပါတယ်။

အင်ဒိုနီးရှား နိုင်ငံက မီးတောင် ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာတဲ့ ပြာမှုန်များက တိမ်များကို ထိတွေ့တဲ့အခါ ညဘက်မှာတောင် ဒီလို လှပ ဆန်းကြယ်တဲ့ အပြာရောင် တောက်နေတဲ့ တိမ် များနဲ့ ည ရှုခင်းကို တွေ့မြင်ရတယ်လို့ ဆိုပါတယ်။


ဒီလို အပြာရောင် တောက်နေတဲ့ တိမ်မျိုး ကို Noctilucent clouds လို့ ခေါ်ပြီး ဖင်လန် နိုင်ငံ မှာလဲ ဒီလို တိမ်တွေနဲ့ ညနေ ဆည်းဆာ ကို ရှားရှားပါးပါး မြင်တွေ့ မှတ်တမ်းတင် နိုင်ခဲ့ကြ ပါတယ်။


တရုတ်နိုင်ငံ၊ ဟီနန် ပြည်နယ်၊ နန်ယန်တက္ကသိုလ်မှ ဘူမိရူပ ပညာရှင် ဂေါင်နဲ့ ၀မ်တို့ဟာ ၂၀၀၄ ဒီဇင်ဘာမှာ စက်တယ်လိုက် ဂြိုလ်တုက ဓာတ်ပုံတွေ လေ့လာရင်းနဲ့ တိမ်တွေကြားက ကွက်လပ်တွေကို ဂရုတစိုက် ကြည့်မိ ခဲ့ကြ ပါတယ်။ ဒီတိမ်တွေဟာ ကီလိုမီတာ ရာပေါင်း များစွာ အထိ သွယ်တန်းပေါ်ထွန်း နေတာ ဖြစ်ပြီး လေတိုက်နေ ပေမယ့် ဒီတိမ်တွေဟာ ရွေ့လျား ပျောက်ကွယ် မသွားဘဲ နာရီပေါင်း အတော်ကြာ ဆက်လက် တည်ရှိ နေခဲ့ တာကို တအံ့တသြ တွေ့ရပါတယ်တဲ့။ ဒီတိမ်တွေ ပေါ်ထွန်း ခဲ့တာရဲ့ အောက်မှာ တိုက်ဆိုင်စွာ အီရန် တောင်ပိုင်းက မြေလွှာ ပြတ်ရွေ့ကြော ရှိနေခဲ့ တာပါ။

အဲဒီ မြေလွှာ ပြတ်ရွေ့ကြော တလျှောက်မှာ မြေထုနဲ့ လေထု အပူချိန် မြင့်တက် နေတာကိုလဲ စစ်ဆေး တွေ့ရှိ ခဲ့တယ်လို့ ဆိုပါတယ်။ ၆၉ရက်အကြာ ဖြစ်တဲ့ ၂၀၀၅ ဖေဖော်ဝါရီမှာ ပြင်းအား ရစ်ချတ် တာ စကေး ၆.၄ အထိ ရှိတဲ့ ငလျင်လှုပ်ပြီး လူ၆၀၀ကျော် သေဆုံး ခဲ့ရ ပါတယ်။ ၂၀၀၅ ဒီဇင်ဘာ လမှာ ဒီလို တိမ်မျိုး နာရီ အတော်ကြာ ပေါ်လာခဲ့ပြီး နောက် ၆၄ ရက် အကြာမှာ တခါ ထပ်ပြီး ရစ်ချတ်တာ စကေး ၆ အထိ ရှိတဲ့ နောက်ထပ် ငလျင်တစ်ခု အဲဒီ ဒေသမှာ ဖြစ်ပေါ် ခဲ့တယ်လို့ ဆိုပါတယ်။ ဆက်လက် လေ့လာ စုံစမ်းချက် တွေအရ ပြတ်ရွေ့ကြောင်း တလျှောက်က ထွက်တဲ့ ဓာတ် ငွေ့ တွေရဲ့ အပူချိန်ကြောင့် တိမ်တွေမှာ အကွက်တွေ ဖြစ်ပေါ် လာခဲ့တာ ဖြစ်ပြီး ပြတ်ရွေ့ ကြောင်း တလျှောက်က ပထ၀ီ အနေအထား အရ ရေငွေ့ တွေလဲ ပို အငွေ့ပျံ တက်ပြီး တိမ် များလဲ ပိုမို ဖွဲ့စည်း ဖြစ်ပေါ် လာခဲ့တယ် လို့ ဆိုပါတယ်။
(International Journal of Remote Sensing, vol 29, p 1921)

မေလ ၁၂ရက်နေ့ က တရုတ် နိုင်ငံ စီချွမ်မှာ ရစ်ချတ်တာ စကေး ၈ အထိ ရှိတဲ့ ကမ္ဘာကျော် ငလျင်ကြီး လှုပ်ခဲ့ပါတယ်။ အဲဒီ ငလျင် လှုပ်ခဲ့တဲ့ နေရာရဲ့ ကီလိုမီတာ ၁၄၀၀ အကွာက ရှန်တုန်း မြို့ပေါ်မှာ မေလ ၉ရက် နေ့က တွေ့ရှိခဲ့ ရတဲ့ ငလျင် နိမိတ်ပြ မိုးတိမ်လို့ ခေါ်ဆို နိုင်လောက်တဲ့ ဖြစ်တောင့်ဖြစ်ခဲ တိမ်စိုင် များကို အောက်ပါ ဓာတ်ပုံ အတိုင်း လေ့လာ တွေ့ရှိရပါတယ်။ ဒီလိုဆို လူသားတွေဟာ ငလျင် လှုပ်တော့မယ် ဆိုတာကို ကြိုတင် ခန့်မှန်း သိရှိ နိုင်တာ သေချာပါပြီလား…


တကယ် ငလျင် လှုပ်ခဲ့တဲ့ နေရာနဲ့ ဒီလောက် အဝေးကြီးမှာ ပေါ်တဲ့ တိမ်နဲ့ ငလျင်ဟာ ဆက်စပ်မှု ရှိနိုင်ပါ့ မလားဆိုသူ များအတွက် မြေလွှာ ပြတ်ရွေ့ကြောပြ မြေပုံကိုပါ ပူးတွဲ ဖော်ပြ ပေးလိုက် ပါတယ်။



တကယ်တော့ ငလျင် လှုပ်တော့ မယ်လို့ တိတိကျကျ ခန့်မှန်း တိုင်းတာ နိုင်ပါပြီလို့ အာမခံ နိုင်တဲ့ သိပ္ပံ ပညာ မပေါ်သေး ပေမယ့် ခန့်မှန်း နိုင်ဖို့ နည်းလမ်းတွေ၊ သက်သေ ပြုချက်တွေ တဖြည်းဖြည်း နဲ့ ပေါ်ထွန်း လာနေပြီ ဖြစ်ပါတယ်။ မကြာမီ နှစ်များအတွင်းမှာ ငလျင် မလှုပ်မီ ကြိုတင် ခန့်မှန်း နိုင်တဲ့ ကမ္ဘာကြီးထဲမှာ ကျွန်မတို့ နေထိုင် နိုင်ကြဖို့ မျှော်လင့်ချက် များလာပြီလို့ ပြောနိုင် ပါပြီရှင်။


Read More...

Wednesday, August 6, 2008

သဘာဝ ပတ်ဝန်းကျင်ထဲက ငှက်ကလေး တွေကို ကျွန်မ ဘာလို့ချစ်???

အီးမေးလ်ထဲက ရတာလေးပါ .. concept လေးကို ကြိုက်လွန်းလို့ မျှဝေ လိုက်ပါတယ်

Read this document on Scribd: The Birds-IG-PR

Read More...

Welcome Beijing Olympic on our 20th Anniversary!!!

အီးမေးလ်ကနေ ရတာလေးပါ စာရေးသူ slide လုပ်သူကို မသိပါဘူး ခံစားချက်တွေ တိုက်ဆိုင်လို့ တင်ပေးလိုက်ပါတယ်

Read this document on Scribd: Beijing Olympics

Read More...

Sunday, August 3, 2008

ရှမ်ဘဲလားသို့ အပြန်လမ်း (ပဉ္စမပိုင်း)


အော်… ဒါမျိုးတွေလဲ ရှိတတ်မှန်း ကျွန်မ သိပါပြီ အသင်လောက လို့သာ ဟစ်လိုက် ချင်ပါသည်။
ကိုယ့်ဆီက အကြွေးယူတုန်း ကတော့ အလွန်ကို အောက်ကျခံ ကျို့ရို့ နေလို့ ကိုယ်က ပြန်ပြီးတောင် အားမနာဖို့ စိတ်ဆင်းရဲ မခံဖို့ အားပေးရင်း ချက်ချင်း ထုတ်ပေး ခဲ့သလောက် သူပြန် အဆင်ပြေ နေလို့ ကိုယ်က အကြွေး ပြန်တောင်းတော့ မထီတရီနဲ့ ညစာ စားစရာ မရှိတော့ရင် ငါးရာမျိုး တစ်ထောင်မျိုး ယူသွားနှင့်လေ… ကြိုမပြော ထားလို့ လက်ထဲ အကြွေးဆပ်ဖို့ငွေ အသင့် မရှိသေး.. ဆိုင်သစ် ဖွင့်ဖို့ ဆိုင်ခန်း ၀ယ်ထားလို့ပါတဲ့…

နောက်တစ်ယောက်ကလဲ အကူအညီ လိုတုန်း ကတော့ ရွှန်းရွှန်း ဝေသလောက် သူ့ ဘက်က ပြန်လည် တုန့် ပြန်ဖို့ ကျတော့ ဘုန်းကြီး ကျောင်းက ဖုန်းနံပါတ်လေး တစ်ခုလောက်ကို ပြန်ပြော ပြဖို့တောင် အလွန် အပန်း တကြီး အလုပ်များ နေလေဟန်နဲ့ တွန့်တို လွန်းရုံမက စကားပါ တင်စီး ပြောဆို လွှတ်လိုက်သေးသည်။

ဟော ခုလဲ နောက်တစ်ယောက်… အမတို့ လုပ်ငန်းကို ကျွန်တော် စိတ်ဝင်စားလို့ ပါဝင် ပါရစေလို့ စတင် တောင်းဆိုလာသူ… ၂ဦး ၂ဖက် ဖက်စပ် လုပ်ပုံ နည်းလမ်းများ ရွေးချယ်ခြင်း၊ တာဝန်ပိုင်းတွေ ခွဲယူ သင့်ပုံနဲ့ အကြောင်းရင်း စတာတွေကို အသေးစိတ် တိုင်ပင် ဆွေးနွေး ခဲ့ကြတာ ဘယ်နှစ်လမှ မရှိသေး။ ခုတော့ သူ့ ဟာသူ တခြားလူတွေ စည်းရုံးပြီး လုပ်ငန်းကို စထားနှင့် ပြီးခါမှ မသိလို့ စလိုက်မိ ကြောင်းနဲ့ ဆင်တူ ၂ခု ရှိနေ တာ မကောင်းလို့ ပူးပေါင်းဖို့ ကမ်းလှမ်း ပါရစေ၊ ဘယ်သူက ဘယ်ဘက်ကို လာပေါင်းရ ပေါင်းရ ပါ ဆို တော့.. အင်းးးး မပေါင်းပြန်လဲ သူတို့က ဒီလောက် သဘောထား ကြီးကြီးနဲ့ ကမ်းလှမ်း တာတောင် ကိုယ် ကပဲ မာန ခံသလို ဖြစ်ဦးမည်။ ပေါင်းတယ် ဆိုတာ နာမည်ချင်း ပေါင်းတာထက် အနှစ်သာရချင်း ပေါင်းတာက ပိုအရေး ကြီးသည်။ လက်ရှိ ပုံစံနဲ့ ပေါင်းရမှာ ကျတော့လည်း လုပ်ပုံ ကိုင်ပုံက …. ခုတည်းက ကျင့်ဝတ်နဲ့ မညီ၊ သြော်.. ဒါမျိုးတွေလဲ ရှိတတ်ပါလားလို့ ကျွန်မ သိပါပြီ အသင်လောက လို့သာ စိတ်ထဲက ကြိတ်အော် မိတော့သည်။

စိတ်မောမောနဲ့ အိပ်ရာထက် ပစ်လှဲ မိရင်း စိတ်ရော လူပါ ဖြေလျှော့ ချလိုက်မိတော့သည်။

ဘယ်လိုလဲ .. စိတ်လျှော့ချင် ပြီလား သမီး

ဘာကို စိတ်လျှော့ ရမှာလဲ မယ်မယ်… ဒေါသစိတ်တို့ သောကစိတ် တို့ ဆိုရင်တော့ လျှော့လို့ ရပါတယ်။ စတည်းက မဖြစ်အောင် သတိထား တာမို့ စိတ်ပျက်မိ ပေမယ့် စိတ်မဆိုးအောင် ထိန်းနိုင်ပါတယ်။ ဒါပေမယ့် သမီးရဲ့ စံနှုံး ကိုတော့ နည်းနည်းမှ မလျှော့ နိုင်ဘူး။ ဒါထက် မယ်မယ်ရဲ့ ပြောပါဦး.. ဘာလို့ သမီးက ဒီလို လူမျိုးတွေ နဲ့ချည့် ခဏခဏ တွေ့နေရတာလဲ။ သမီး ကိုက အနေ မတတ် အထိုင် မတတ် မို့လို့လား။ တချို့ ကလဲ မေးက ငေါ့သေးတယ်.. ချိတ် ချိတ်ချင်းမို့ ချိတ်တာတဲ့။ ဘုန်း ဘုရားကလဲ ပြောသေးတယ်။ ချိတ်ချင်း မဟုတ်လို့ ကိုယ်က ဖြောင့်ပေမယ့် ချိတ်တွေနဲ့ ကန့်လန့်ကြီး ခံနေလို့ သူတို့ လာချိတ်တာ ခံရ တာတဲ့။ သမီးက ချိတ်လား၊ လူကန့်လန့်လား၊ ဘာဖြစ်နေ တာလဲ ကိုယ့်ကိုယ် ကိုလဲ ပြန်ဆန်းစစ် ရလို့ ရူးချင် လာပြီ။ မယ်မယ်ပဲ ဆန်းစစ် ပေးပါဦး…

သမီးက စာမေးပွဲ ဖြေနေ ရတာလေ.. ဒါကြောင့် သမီး စိတ်လျှော့ချင်ပြီလား လို့ မေးတာ
ဘာရယ်.. စာမေးပွဲ

ဟုတ်တယ် သမီးရဲ့ … လူဆိုတာ အခြေခံ သီလ မကောင်းဘဲ သမာဓိ ထူထောင်လို့ မရဘူး။ သီလ ဆိုတာမှာ ကိုယ်ကျင့်သီလ ဖြစ်တဲ့ စာရိတ္တ သီလနဲ့ ၀ါရိတ္တ သီလ ဆိုတာ ရှိတယ်။ ဘုန်းကြီးကျောင်းမှာ ဥပုသ်စောင့် သီလ ယူတာ လောက်ကို သီလလို့ ရဲရဲကြီး မယူဆ နိုင်သေးဘူး သမီးရဲ့။ ဘုန်းကြီးရှေ့မှာ တည်တဲ့ သီလ ဆိုတာ ဘုန်းကြီး ကွယ်ရာမှာ၊ အရေးအကြောင်း ကျဉ်းထဲ ကြပ်ထဲမှာ ဘုန်းကြီးကျောင်းမှာ သီလ ယူထားတဲ့ သူတိုင်း သီလ ကို ဆက်မစောင့် နိုင်ကြ တော့ဘူး။ ဒီတော့ အဲဒီ သီလဟာ ရင်ထဲ အသည်းထဲ ခံယူချက်ထဲ ကိုယ်ကျင့် တရား ထဲမှာ သံမှို ရိုက်သလို မူလီရှည်ရှည် စုပ်ထား သလို စွဲနေရဲ့လား ဆိုတာကို လောကဓံ စာမေးပွဲနဲ့ စစ်မှ ပေါ်တာ… ဒီလို စစ်လျက်နဲ့မှ အောင်တဲ့ သီလကို အခြေခံမှ သမာဓိကို ထူထောင်လို့ ရမှာ သမီးရဲ့
တချို့က ပြောတော့ ဖဲရိုက်တာ၊ ငါးမျှားတာ၊ စီးကရက် သောက်တာလဲ စိတ်ကို ငြိမ်စေတယ် သမာဓိရတယ် ဆိုပဲ မယ်မယ်ရဲ့ ခစ်ခစ်

မကောင်းတာကို လုပ်ပြီး ရတဲ့ သမာဓိက မိစ္ဆာသမာဓိပဲ ဖြစ်မှာပေါ့ သမီးရဲ့။ မဂ္ဂင် ရှစ်ပါးထဲမှာ သမ္မာ သတိနဲ့ သမ္မာ သမာဓိ ဆိုတာ အလကား ထည့်ထားတာ မဟုတ်ဘူးလေ။ သမ္မာ သီလကို အခြေမခံဘဲ သမ္မာ သတိကို တည်လို့ မရဘူး။ သမ္မာသတိ မရှိဘဲ သမ္မာ သမာဓိကို ထူထောင်လို့ကို မရဘူးလေ။ နောက်ပြီး သမာဓိ မခိုင် ဘဲလဲ အရေးကြုံရင် သီလကို မထိန်းနိုင်ဘူးလေ။ ဒီတော့ သမီး ကြုံရသမျှ လောကဓံက သမီးရဲ့ သီလနဲ့ သမာဓိကို စမ်းတဲ့ စာမေးပွဲ တွေပဲပေါ့။
သြော်… ဒါကြောင့် မြတ်စွာဘုရား ပါရမီ ရင့်တဲ့ ဘ၀တွေမှာ လသားအရွယ် ကလေးငယ်လေး သူ့ကို ပြန်သတ် တဲ့ ဖခင်နဲ့ သူ့ကို လေးဘ၀ တိတိ ဆက်တိုက် သတ်ခဲ့တဲ့ မိခင်တို့နဲ့ ကြုံရတာလား မယ်မယ်

ဒါပေါ့ သမီးရယ်… ဒါကို ပညာတိမ်သူ တချို့နဲ့ မိစ္ဆာဒိဌိ တွေက ကောင်းတာ လုပ်လျက်နဲ့ ဆိုးတဲ့ အခြေအနေ ကြုံရတာ အကောင်း အဆိုး ဆိုတဲ့ လုပ်ရပ်တွေရဲ့ အကျိုးဆက် ဆိုတာ မရှိဘဲ ကိုယ်ကိုယ်တိုင်ရဲ့ လိမ်မာ ပါးနပ် မှု နဲ့ လုပ်ရည် ကိုင်ရည် ပေါ်ပဲ မူတည်တယ်လို့ မြင်သွား အယူ ပိုလွဲ သွားတတ် ကြတယ်လေ။ သနားစရာပါ။

ဟင်.. ဒါဆို.. သမီးက ဘာမို့လို့.. ဘယ်သူ မို့လို့ ဒီလို အစမ်းသပ် ခံရတာလဲ …
သမီးမှာ အရေးကြီးတဲ့ တာဝန် တစ်ရပ် ရှိတယ်။ အဲဒီ တာဝန်ကို သီလ အခြေခံ သိပ်ကောင်းပြီး သမာဓိ ခိုင်မာမှု ကြီးတဲ့ သူမှ ထမ်းဆောင် နိုင်မယ်။ ဒါကြောင့် သမီးကို လောကဓံ ပြင်းပြင်းနဲ့ လေ့ကျင့်ပေးပြီး စာမေးပွဲ စစ်နေ တာ..

ဟင် … ဘယ်လို တာဝန်လဲ … ဘယ်သူက ချမှတ်တာလဲ … သမီးကရော ဘာအကြောင်းကြောင့် ဒီတာဝန်ကို ထမ်းဆောင် ရမှာလဲ… ဒါထက် မယ်မယ်ကရော ဘယ်သူလဲ.. သမီးရဲ့ အရင်ဘ၀က အမေလား… ဒါမှ မဟုတ် ခုဘ၀က အမေရင်းက ဘ၀ပြောင်း သွားတာလား

တစ်ယောက်မှ မဟုတ်ပါဘူး သမီးရယ်.. မယ်မယ်က သမီးကို စောင့်ရှောက်ဖို့ တာဝန်နဲ့ လာတာပါ။ သမီးရဲ့ ခမည်းတော်နဲ့ မယ်တော်က လွှတ်ထားလို့ စောင့်ရှောက် နေရ ပေမယ့် သမီးကိုလဲ ငယ်တည်းက သံယောဇဉ် ဖြစ်မိ တာလဲ ပါပါတယ်။

ဖခမည်းတော်နဲ့ မယ်တော်… သူတို့က ဘယ်သူတွေလဲ.. ဘယ်ကလဲ.. သမီးက သူတို့နဲ့ တူတူ မရှိနေဘဲ ဘာလို့ သပ်သပ် ဖြစ်နေရတာလဲ..

သမီးတကယ် မမှတ်မိတော့ ဘူးလား.. သမီးပဲ အလည် ထွက်ချင်လို့ လေ့လာရေး ဆင်းချင်လို့ ဆိုပြီး ခွင့် တောင်းပြီး ထွက်သွား ခဲ့တာလေ.. ဟော်နန်းမှာ ကျူးကျော်သူတွေ လုပ်ကြံလို့ ကိုယ်တော် ဘုရားတို့ အကူ အညီ လိုလို့ သမီးကို သူတို့ ပြန်ခေါ် စဉ်က သမီး ပြန်မလာ ခဲ့ဘူး။ ကိုယ်တော်ကြီး တို့ကလည်း သမီးကို အပြင်မှာ ထားတာဟာ ဟော်နန်း မျိုးဆက် ပြတ်ခဲ့ ရင်တောင် သမီး ကျန်ခဲ့ရင် မျိုးဆက် ကျန်တယ် ဆိုပြီးတော့ သမီးကို လိုလို မယ်မယ် သဘော ထားပြီး ပြန်မခေါ် တော့ဘဲ ချန်ထား ခဲ့ကြတာ သမီးရဲ့… ခုတော့ သမီးရဲ့ အကိုကြီး အစွမ်းနဲ့ လုပ်ကြံ သူတွေ ကျဆုံးလို့ ကျူးကျော် သူတွေ စစ်ရှုံးလို့ သေသူသေ၊ ပြေးသူ ပြေးကုန် ကြပါပြီ။ ကိုယ်တော် ဘုရားတို့ ဘေးကင်း ကြပါပြီ။

ဘာတွေလဲ.. နားမလည်ဘူး.. ဒါဆို ခုလက်ရှိ မိသားစု ၀င်တွေ သမီးအပေါ် ရက်စက် ကြတာ… အတ္တတကြီး ဆက်ဆံ ကြတာ မိသားစုရင်း မဟုတ်လို့လား … ဟုတ်လား.. ဒါဆို သမီးရဲ့ မိသားစု ရင်းတွေ ဘယ်သူ တွေလဲ.. ခုရော ဘယ်မှာ လဲ…

မယ်မယ် ပြောခွင့် မရှိဘူး သမီး… ဘိုးဘေးတွေ ဆိုရင်တော့ မယ်မယ် ပြောခွင့် ရှိပါတယ်။ သမီးရဲ့ မျိုးဆက်ကို ပြန်ရှာချင် သပ ဆိုရင်တော့ ရာဇာဝေနဲ့ တေဇာဝေ ဆိုတဲ့ နာမည် နှစ်ခုကိုသာ မှတ်ထား ပေတော့ သမီး..

ပြူးကျယ် ၀ိုင်းစက်သော မျက်ဝန်း အစုံနဲ့ အံ့သြတကြီး မော့ကြည့် မိတော့ ဖြူမှုန် အေးစိမ့်သော အခိုးအငွေ့ များ တလူလူကြားက အေးချမ်း လင်းချင်းသော အရောင်တို့ ဖြန့်ကျက်လျက် မယ်မယ်က ၀တ်စုံဖြူနဲ့ လှပ ကြည်လင် နေသည်။ ယုံရအခက် မယုံရ အခက်မို့ သူမ ဘာပြန်ပြော ရမယ်မှန်း မသိသောကြောင့် စမ်းသပ်ရန် တစ်ခု တောင်းဆို လိုက်မိသည်။
သမီး မိဘတွေနဲ့ တွေ့ချင်တယ်… သူတို့ကို အပြင်မှာ မြင်ရင်တောင် မမှတ်မိတဲ့သူ မဖြစ်ချင်ဘူး။ မိဘမှန်း မသိလို့ မတော်တဆ စော်ကားမိရင် ဘယ်လို လုပ်မလဲ… သူတို့ ဘယ်သူလဲ .. ဘယ်မှာလဲ…

သမီး ပြန်လာ ခဲ့မယ် ဆိုရင် … အင်း ပြန်လဲ ပြန်လာရ မှာပါပဲ… သမီးဟာ လူ့လောကကို နားလည်ပြီ ဆိုမှတော့ နည်းလမ်း တွေလဲ ရလာ မှာပဲမို့.. ပြန်လာ ဖြစ်မှာ သေချာပါတယ်။ သမီးရဲ့ ခမည်းတော်နဲ့ မယ်တော် တို့ကို သမီး ပြန်မှတ်မိ သင့်ပါပြီ… သူတို့လဲ ဟိုးမှာ သမီးကို မျှော်နေ ကြပါတယ်…

ဟိုးးးးး မှာ…..

ပြောပြောဆိုဆို ညွှန်ပြ ရာကို လှမ်းမျှော် ကြည့်မိတော့ သဲကန္တာရလား နှင်းတောင် တွေလား မသေချာတဲ့ ဖွေး ဖွေး ဆွတ် နေတဲ့ တောင်ထွဋ် တစ်ခု ပေါ်မှာ ထူးဆန်း သပ်ရပ် ထူထဲသော ၀တ်စုံ ကိုယ်စီနဲ့ လူသုံးယောက် လက်များ ဝှေ့ယမ်း ပြနေတာကို ပျပျလေး လှမ်းမြင် လိုက်ရ လေသည်။ ထိုသူ သုံးယောက်ကို အားစိုက် ကြည့် လိုက်မိတော့ သူမရဲ့ ကိုယ်က အဖြူရောင် အလင်းများ ယှက်ဖြာ ကျလာတာကို အံ့သြ တကြီး တွေ့လိုက် ရသ လို ထိုသူ သုံးယောက် ထံက အဖြူရောင် အလင်းလှိုင်း များကလဲ သူမထံကို လွင့်ပျံ ကျရောက် လာကြပြီး လုံးဝ တသားတည်း ကျသွားခိုက် … သူမစိတ်ထဲ မည်သို့ ဖြစ်သည် မသိ… လှိုက်ဖို နွေးထွေး လှုပ်ရှားမှုကို သည်းမခံ နိုင်တော့တဲ့ အဆုံး စကားလုံး တချို့ သူမရဲ့ နှလုံးသား ထဲမှ ပေါက်ကွဲ ထွက်လာပြီး ရင်ခေါင်း တခုလုံး ပဲ့တင် ထပ်လျက် နှုတ်ခမ်း နှစ်လွှာမှ တဆင့် ပွင့်အန် ထွက်လာ ခဲ့လေသည်….

(((ဖုဝှါ))) …. (((မူဟို့))) … (((တာ့ကော))) … (((( နွီအော်.. ဟွေလိုင်)))) ((( နွီအော် ကျင်းဟွေလိုင်))) (((မန့်တာ့ )))
***************************************************************
စွေ့ကနဲ ဆွဲထူ ပွေ့ယူ လိုက်တဲ့ အတွေ့ကြောင့် လန့်ဖျပ် မောဟိုက်စွာ မျက်လုံး အစုံကို ဖွင့်ကြည့် မိတော့ စိုးရိမ် တကြီးနဲ့ ခင်ပွန်းသည်… လက်ထဲမှာလဲ အိပ်ရာဘေးမှာ အဆင်သင့် အမြဲ ဆောင်ထား တတ်သော ရေသန့်ဘူးက အသင့်…

အိပ်မက် ယောင်ပြန် ပြီလား…. မောနေပြီ … စိတ်ကို လျှော့ထားနော်… ဖြည်းဖြည်းချင်း ရေသောက်… ဖြည်း ဖြည်း နော်.. မသီး စေနဲ့.. အင်းး ဖြစ်ရမယ်.. ခုတလော အိပ်မက် ယောင်တာ စိပ်တယ်နော်… ဘာတွေ အတွေးများနေလဲ.. ကြည့်ရတာ ကိုယ့် မိန်းမက တိဘက် တရုတ် သေလို့ ၀င်စားလား မသိဘူးနော်.. တရုတ်စကား မတတ်ဘဲ အိပ်မက်ယောင် လိုက်ရင် အမြဲ တရုတ်လို ချည့်ပဲ ယောင်တာလေ…

အင်းးးး မသိပါဘူး ကိုရာ… ခုန ဘာတွေ ယောင်လိုက် လို့လဲ.. အဲဒါ ဘာအဓိပ္ပာယ် တွေလဲ… ကိုက တရုတ်စကားပြော သင်ထားတာ ဆိုတော့ ကိုပဲ ဘာသာ ပြန်ပေး ပါဦး…

ခမည်းတော်နဲ့ မယ်တော် ဘုရား.. သမီးပြန်လာပါ့မယ် ခဏစောင့် ဆိုပဲ.. ဘာလဲ.. ကို့ကို ထားခဲ့မှာလား

အယ်… အဲလိုကြီးလား အဟီးးး

မချိသွားဖြဲလေး ရယ်ရင်း စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းကုပ်နေတဲ့ သူမကို ကိုက ပြုံးစိစိနဲ့ ကြည့်ရင်း

တရုတ်ကားတွေ ကြည့်ရင်း စိတ်စွဲလို့ လျှောက်ယောင် နေတာ ဖြစ်မှာပေါ့.. ခေါင်းရှုပ် စိတ်ညစ် ခံမနေ ပါနဲ့… ထတော့.. အိပ်ပုတ်လေး.. ကိုက မနက်စာ ဆန်ပြုတ်တောင် ပြုတ်ပေး ပြီးနေပြီ.. ဘုရားဆွမ်းတော် ကပ်ရင်း သူအော်သံ ကြားလို့ ပြေးဝင်လာတာ.. မျက်နှာသစ်နှင့်… ကို ဆွမ်းတော် စွန့်ပြီး အောက်ထပ် ဆင်းလာခဲ့မယ်…

ဟုတ်ကဲ့ရှင့် … သာဓုပါရှင်… ခုလို အမြဲ လိမ်လိမ်မာမာ လုပ်ပေးနော် အဟိ
ဟွန်းးး

(ဆက်လက် ဖော်ပြ ပါဦးမည်။)


Read More...

သင် ဘာမှ မလုပ်နိုင်တာ တကယ် သေချာ သလား

ခဏခဏ မြင်ရ ကြားရတာ စိတ်ထဲ တော်တော် အခံရ ခက်လာလို့ ဒီပို့စ်ကို ရေးတာပါ။ တို့က ဘာလုပ်နိုင်မှာ မို့လို့လဲ… ဘာမှ မတတ်နိုင် ပါဘူးကွာ စတဲ့ စကားများကို လူသား မဆန်စွာ ခဏခဏ ပြောနေတာဟာ ပြော သလို တကယ် ကိုယ့်စိတ်ထဲက ယုံနေ မိလို့ ပြောနေမိ တာလဲ ရှိနိုင်သလို သူများရဲ့ စိတ်ထဲမှာ အဲလို စိတ်အစွဲ တကယ် ၀င်နေ စေချင်လို့ စိတ်ဓာတ် စစ်ဆင်ရေး သမားတွေက စကား လမ်းကြောင်းပြီး ပြောနေတာလဲ ဖြစ် နိုင်တယ် ဆိုတာ သတိရသင့် ပါတယ်။ လူသား မဆန်စွာ ဆိုတဲ့ စကားလုံးကို အဆိုးမြင် အပြစ်တင်တဲ့ သဘော နဲ့ ပြောတာ မဟုတ် ပါဘူးနော်… လူသားတိုင်းဟာ ကိုယ့်ဘ၀ ဘယ်လို အခြေအနေ ရောက်နေ ရောက်နေ ကောင်းကျိုး အညွန့် တလူလူ တက်အောင် အမြဲ ကြိုးစား လှုပ်ရှား နေသင့် ပါတယ်။ သူတပါး စိတ်အား ငယ် နေချိန် မှာလဲ အားတက်အောင် ပံ့ပိုး ကူညီ သိုင်းဝိုင်း သင့်ပါတယ်။ ဒီလိုမှ လူဆိုတဲ့ အနက် အဓိပ္ပာယ် ပြည့်စုံမှာ ဖြစ်ပြီး မဟုတ်ခဲ့ရင် လူသား ဆန်နေ ပါ့မလား။ လူသား တိုင်းဟာ ဘယ်လို အခြေအနေ ဆိုးထဲ မှာပဲ ရောက်နေ ရောက်နေ ဒီအခြေ အနေဆိုး ထဲကနေ ဖောက်ထွက် နိုင်ဖို့ ကြံဆ ကြိုးစား နေရ ပါမယ်။ မကောင်းတဲ့ နည်း လမ်း ဖြစ်တဲ့ သူတပါးကို နင်းချ လှေကားလုပ် တက်တဲ့ လူယုတ်မာ အလုပ်မျိုး နဲ့တော့ အခြေအနေဆိုး ထဲ ကနေ ဖောက်မထွက် သင့် ပါဘူး။ ၀ဋ်လည် တတ်လို့ပါ။

အဲလို ငါ ဘာမှ မတတ်နိုင်ဘူး လုပ်မပေး နိုင်ဘူးလို့ စကားလေး တစ်ခွန်း ထွက်တော့မယ် ဆိုရင် တချက် လောက် သတိတရ စဉ်းစား စေချင် ပါတယ်။ မွေးကင်းစ အရွယ်မှာ ဆွံ့အ၊ နားမကြား၊ မျက်မမြင် ဖြစ်သွား ခဲ့ရ ပေမယ့် … ရေကို ရေလို့ သိဖို့တောင် သင်ပေး ဖို့ရာ မျက်စိ၊ နား၊ စကားပြော စတဲ့ ဆက်သွယ်ရေး အင်္ဂါ တစ်ခုမှ အလုပ်မလုပ်နိုင် ပေမယ့် … မလျော့တဲ့ ဇွဲနဲ့ ကြိုးစားရင်း ဘွဲ့ရ ပညာတတ်ရုံ မကဘဲ နာမည်ကျော် စာရေးသူ ဖြစ်ခဲ့တဲ့ ဟယ်လင်ကဲလား၊ မွေးတည်းက ခြေနှစ်ချောင်းသာ အကောင်းပါပြီး မိခင် ခွေးမကြီးက ကိုက်သတ်ဖို့ ကြိုးစားတာ ခံရတာ တောင်မှ မလျော့တဲ့ ဇွဲနဲ့ ဆက် ကြိုးစားရင်း ခြေ၂ချောင်းပေါ် မတ်မတ် ရပ်ရင်း မိဘမဲ့ ကလေးနဲ့ မသန်စွမ်းသူ များကို စိတ်ဓာတ်ရေးရာ အားပေးတဲ့ အစီအစဉ်တွေမှာ စွမ်းစွမ်းတမံ ပါဝင် ဆောင်ရွက် ရင်း ကမ္ဘာကျော် လာတဲ့ ခွေးမလေး Faith တို့ကို အားနာဖို့ ရှက်ဖို့ ကောင်းလှ ပါတယ် ဆိုတဲ့ အကြောင်း လေးပါ။ လုပ်ပေးချင်စိတ်၊ ကြိုးစားချင်စိတ် တကယ် ရှိရင် ဘာမဆို ဖြစ်လာ နိုင်ပါတယ်။

သူတို့က သူတို့ကိုးးး သူတို့က အနောက်နိုင်ငံက… ဒီမိုကရေစီ စနစ်နဲ့ ခေတ်မီ ဖွံ့ဖြိုး တိုးတက် နေတဲ့ နိုင်ငံ မှာ နေရတာကိုးးး ဒီလို အခွင့်အရေးကို ရမှာပေါ့… ငါတို့နဲ့ နောက်ခံ စနစ်ချင်း၊ အုပ်ချုပ်သူချင်း၊ ပတ်ဝန်းကျင် ချင်း မတူမှ မတူတာကိုးးး လို့ ဆင်ခြေ ကန်လို သူများ အတွက် ဖြစ်ရပ်မှန် တစ်ခုကို ပြောချင်ပါတယ်။

အသက် ၂၅ အရွယ် မြန်မာ မိန်းကလေး တစ်ယောက် မဟာသိပ္ပံ တက်ရင်း နိုင်ငံတကာ ဂျာနယ်တွေက ကမ်း လှမ်း တဲ့ စာတမ်းတွေ နိုင်ငံ တကာ ညီလာခံ တွေအတွက် ပြင်းပြင်း ထန်ထန် ကြိုးစား နေခိုက် ခေါင်းတခြမ်း ကိုက်၊ ကိုယ် တခြမ်း ချည့်နဲ့ပြီး လေဖြတ် ဝေဒနာနဲ့ နိုင်ငံ ရပ်ခြားမှာ မိဝေး ဘဝေး ဆေးရုံ လနဲ့ချီပြီး တက်ရ ပါတယ်။ သူမရဲ့ ဦးနှောက် ဘယ်ဘက် တခြမ်းမှာ သွေးခဲတွေ ပိတ်ဆို့နေလို့ လေဖြတ်တာ ဖြစ်ပြီး စာမ ဖတ် တတ် တော့တဲ့ အဖြစ် ထိ ရောက်သွား ပါတယ်။ လူအကူ မပါဘဲ မလှုပ်ရှား နိုင်သလို ဘီးတပ် ကုလားထိုင် အဆင့် မဟုတ်ဘဲ ဘီးတပ် ကုတင်နဲ့ သွားလာ ရတဲ့ အဖြစ်မှာ အပေါ်သွေး၊ အောက်သွေး ချိန်တော့ 50/30 ၊ အရေးပေါ် အချက် ပေး စက်တွေက တင်တောင် မြည်လျက်နဲ့ လက်လျော့ ရမလို အနေအထား ရောက်နေ ခဲ့ ပါတယ်။ တကယ့် အခွင့်အရေး ကြီးတွေ လက်တကမ်း အလို ရောက်မှ ပုတ်ချ ခံလိုက် ရသလို ဖြစ်ခဲ့ ရတဲ့ အပြင် တခါမှ မမျှော်လင့် ဖူးတဲ့ နာတာရှည် ဒုက္ခိတ အဖြစ်ကို ရောက်တော့ မှာပါလား ဆိုတဲ့ အသိကြောင့် သူမ စိတ်အား လျှော့ လိုက်တဲ့ အချိန်မှာ လူမှုရေး အဖွဲ့ တချို့ကို ဦးဆောင် နေတဲ့ သူငယ်ချင်း နှစ်ယောက်က ပြော လာ ပါ တယ်။ ငါတို့နဲ့ အပြည့်အ၀ နားလည်မှု ရှိတဲ့ သူငယ်ချင်း အသက် ကလေး ရှူနေ ရင်တောင် စိတ်ဓာတ် ခွန်အား ပေးသလို ဖြစ်နေတာမို့ အဆုံးရှုံး မခံ နိုင်ဘူး ဆိုတဲ့ စကားလေးပါ။ ဒီလို လူတကာ အကူအညီကို ယူ နေရတဲ့ အနေ အထား မှာတောင် သူများ အတွက် လုပ်ပေး နိုင်တာ ရှိပါသေးလား။ သူများ အတွက် တနည်း တဖုံ အသုံး ၀င် နေပါ သေးလား ဆိုတဲ့ အသိနဲ့ သူမဟှာ ပြန်လည် ရုန်းထ ကြိုးစား ခဲ့ပါတယ်။

ဇွန်းကို ကိုင်ပြီး ကိုယ့်ထမင်းကို ကိုယ်တိုင် ခပ်စား ဖို့ မတတ်နိုင်တဲ့ အနေအထားမို့ ခဲတံ ဘောလ်ပင် မကိုင် နိုင်တော့ အတွက် စာရေးဖို့ ကီးဘုတ်ကို အသုံးချပြီး စာစီ စာရိုက် ပြန်ကျင့်၊ စာလုံးဝ မဖတ်တတ် တော့တဲ့ အနေ အထား ကနေ ကလေး စာပေ တွေကနေ တဆင့် စာပြန်ဖတ်၊ နည်းနည်းလေး စဉ်းစား ရင်တောင် လူးလှိမ့် အော်ဟစ် နေရ လောက်အောင် ခေါင်းကိုက်တဲ့ ဝေဒနာ ခံစား နေရလို့ ဘာဆို ဘာမှ မခံစား မစဉ်းစား မိအောင် ကြိုးစား နေခဲ့ ရတဲ့ အနေအထား ကနေ ကာတွန်းကားတွေ ကနေ ပြန်စကြည့်ပြီး စဉ်းစား တတ် အောင်၊ ခံစားချက် မပါဘဲ စဉ်းစား လုပ်ဆောင် တတ်အောင် ပြန်လေ့ကျင့် ခဲ့ရပါတယ်။ ဒါပေမယ့် ဒုတိယ အကြိမ် လေဖြတ် အပြီးမှာတော့ ဆရာဝန်က သူမကို သတိပေး ခဲ့ပါတော့တယ်။ တတိယ အကြိမ်မြောက် ကံမကောင်း နိုင်တော့ ပါဘူးတဲ့…
သူမဟာ တခြားလူ မဟုတ် ပါဘူး ကျွန်မရဲ့ ရှင်သန်ဆဲ အချစ် ဇာတ်လမ်း လေးထဲက ဇာတ်လိုက် မိန်းကလေး ပါ။ အဲဒီ ဇာတ်လမ်းထဲက အဖြစ် အပျက် တွေဟာ ဇာတ်လိုက် မိန်းကလေး မသေသေး တာက လွဲလို့ ကျန်တာ အမှန် တွေချည့် ပါပဲ။ သူမရဲ့ ရောဂါ တွေဟာလဲ ဆေးရုံ မှတ်တမ်း တွေအရကို သက်သေ ကျန်စွာ အသက်နဲ့ မလိုက် ခဲ့ပါဘူး။ သူမဟာ မြန်မာ နိုင်ငံသား ပဲ ဖြစ်ပြီး လက်ရှိ ခေတ် စနစ် ထဲမှာ ရှင်သန် လှုပ်ရှား ရုန်းကန် နေသူပါ။ ပိုဆိုး တာက သူမ ရဲ့ ရောဂါ တွေအကြောင်း သူမ အပါအ၀င် သူမရဲ့ ပတ်ဝန်းကျင်က မသိသေး ချိန်က သူမက မပြိုင်ပေမယ့် သူမကို ပြိုင်ဘက်လို သဘောထား သူတွေက ဒီအချိန်ကို အမိအရ အခွင့်အရေး ယူပြီး သူမရဲ့ မိသားစု ဘ၀ကို ပျက်စီးအောင် နည်းမျိုးစုံနဲ့ ပြုကျင့် ခဲ့ကြ တာပဲ ဖြစ်ပါတယ်။

telecom ဆက်သွယ်ရေး နည်းပညာ ကျွမ်းကျင်သူကို ငှားရမ်းပြီး သူမရဲ့ ဟန်းဖုန်းကို ဖောက်ယူ နားထောင်ကာ သူမရဲ့ စီးပွားကို ဖျက်ခဲ့ ကြတယ်။ sim card ကိုပါ ကော်ပီ ပွားယူကာ သူမ အယောင်ဆောင် ချိန်းဆို ဆက် သွယ် မှုများ ပြုလုပ် နှောင့် ယှက်ခြင်းများ ပြုခဲ့ ကြပါတယ်။ သူမရဲ့ အချက်အလက် များကို ပွားယူပြီး ဘဏ်တွေ မှာ လိမ်လည် ခဲ့ကြတယ်။ တခြား စီးပွားရေး လုပ်ငန်း တွေကိုလဲ အယောင်ဆောင် ချိန်းဆို မှုများ ပြုလုပ် ခဲ့ တယ်။ သူမရဲ့ မေးလ်ကို ဖောက်ယူပြီး သူမရဲ့ အိမ်ထောင်ရေး ပျက်ပြားအောင် မေးလ် အတုတွေ အပြန် အလှန် ပို့ခဲ့ ကြတယ်။ ဒါ့အပြင် ဖုန်းနံပါတ်ရော မေးလ်ပါ ဖောက်ယူ ထားတာမို့ အချိတ် အဆက်တွေ လုပ်ပြီး နည်းမျိုးစုံ ချောက်ချ ခဲ့ကြတယ်။ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး မိသားစု ဘ၀ပါ မကျန်အောင် အကွက် ကျကျ စီမံ ဖန်တီး ကြိုးစား ဖျက်ဆီး ခဲ့ကြတယ်။

ဒါပေမယ့် ခံစားချက် ကင်းနေပြီး ဖြစ်တဲ့ အဲလို နေတတ်အောင် ဆေးရုံပေါ်မှာ လေ့ကျင့် ခဲ့ပြီး ဖြစ်တဲ့ သူမနဲ့ သူမအကြောင်း ခရေစေ့ တွင်းကျ အကုန် သိရုံမက နည်းပညာပါ ကျွမ်းကျင်သူ ခင်ပွန်းသည် တို့ဟာ ဘ၀ကို ကြံ့ကြံ့ခံ နေထိုင်ရင်း လောကဓံကို ပြသနာ မတက်အောင် နေနိုင် ခဲ့ကြ ပါတယ်။ နောက်ဆုံး ဘယ်လိုမှ တခြား နည်းနဲ့ လုပ်ကြံလို့ မရတော့ တဲ့အခါ မြန်မာ နိုင်ငံသားများ အကြောက်ဆုံး ဖြစ်တဲ့ နိုင်ငံရေး ဆိုင်ရာ ချောက်ချခြင်းနဲ့ အကွက်ဆင် ချောက်ချ ခဲ့ကြတယ်။ သူမ မကြားဖူး မဆက်သွယ် ဖူးတဲ့ အဖွဲ့အစည်း များကို သူမရဲ့ မေးလ်နဲ့ ဖုန်းနံပါတ် များကို အသုံးပြု အဖွဲ့ဝင်ခြင်း၊ အဲဒီ အဖွဲ့အစည်း များက သူမကို ဆက်သွယ် လေဟန် လူအတုနဲ့ ပို့လွှတ် ဆက်သွယ်ခြင်း၊ စသဖြင့် ထောင်ချောက် ဆင်ခဲ့ ကြတယ်။ ဒီလို လောကဓံကို ရင်ဆိုင် ရတဲ့ အချိန်နဲ့ တပြိုင်တည်း သူမရဲ့ ကျန်းမာရေး အခြေအနေ အကြောင်း သူမ သိပြီးတဲ့ အခါ သူမ ဘာတွေ ဆက်လုပ် နေတယ် ထင်ပါသလဲ။

သူမကတော့ လူမှုရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းများကို စိတ်အား၊ လူအား၊ အဆက်အသွယ်အား၊ ငွေအား သူမ တတ်နိုင်သမျှ နည်းလမ်း ပေါင်းစုံနဲ့ ဆက်လက် လုပ်ကိုင်ရင်း ခုချိန်မှာ အဖွဲ့အစည်း များစွာ အတွက် စုစုပေါင်း ဘတ်သန်း ငါးဆယ် ကျော်ဖိုး အလှူခံ ထောက်ပံ့ ပြီးနေ ခဲ့ပါပြီ။ ဗုဒ္ဓ သာသနာရေးနဲ့ လူမှုရေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု အတွက် လက်ရှိ အခြေအနေ ကနေ ပိုလို့ တိုးတက် လာတဲ့ အခြေအနေ တစ်ရပ် အထိ ရောက်အောင် မြှင့်တင် ပြီးပါပြီ… သို့ပေမယ့် ဆက်လက် ကြိုးစား ဆောင်ရွက်ဆဲ… လောကဓံကို ဘက်မလုပ် ဘဲ လျစ်လျူရှု ပြီး ခံစားချက် ကင်းမဲ့ဆဲ…

ကျွန်မ အတွက်တော့ ဟဲလင် ကဲလား၊ ခွေးမလေး Faith နဲ့ သူမ တို့ဟာ စံပြ ဖြစ်နေဆဲ….
ကဲ.. သင်ရော.. သင်ဘာမှ မလုပ်နိုင်တာ သေချာ ပြီလား…

Read More...