Monday, August 25, 2008

ဘယ်သွားနေလဲ မရေခဲ (၂)

ဖရာ့သက်လွမ် စေတီ ပရ၀ုဏ် ၀င်းအတွင်း ကျောက်စာ လေးချပ်မျှ ကိုသာ တွေ့ရပြီး သဲကျောက်ပေါ်တွင် ထွင်းထု ထားခြင်း ဖြစ်ပါတယ်။ ရှေးခေတ် လာအို စာပေ အရေးအသားနှင့် ကျောက်စာ များမှာ ဖတ်လို့ မရ နိုင်လောက်အောင် ကျောက်သား ပြုန်းတီး မှုများ ဖြစ်ပေါ် နေသော်လည်း ရှေးခေတ် မြန်မာစာပေ အရေး အသား နှင့် ကျောက်စာ နှစ်ချပ် မှာမူ သက်တမ်း ပိုရင့်သော ကျောက်သားပေါ်တွင် ထွင်းထု ထားသောကြောင့် ဘုရားဧ။် ဘွဲ့တော်မှာ မြန်မာ ဘာသာဖြင့် လောက မဏိ စူဠာ ဟု အမည်တွင်ကြောင်း ဖတ်ရှု သိရှိ ခဲ့ရပါတယ်။

ဘုရား စောင်းတန်း ပတ်လည်တွင် ဈေးသည်များ မရှိဘဲ ရှေးဟောင်း ရုပ်တု အကျိုး အပဲ့များ ကိုသာ တွေ့ရ ပါတယ်။ စေတီ ပရ၀ုဏ် အပြင်ဘက် မှာတော့ ဈေးတန်းလေး ရှိပြီး လာအို နိုင်ငံထွက် ပြည်တွင်းဖြစ် လက် ယက် ပုဝါ တဘက် ထမီ စသည်များကို ဈေးဝယ်တတ်လျှင် (ထိုင်းလို မပြောဘဲ အင်္ဂလိပ်လို သို့မဟုတ် လာအို ဘာသာစကားဖြင့် ၀ယ်သော်) ထိုင်းထက် ခေါက်ချိုး သက်သာသော ဈေးဖြင့် ၀ယ်ယူ နိုင်ပါသည်။ လာအို စကားနဲ့ ထိုင်းစကားဟာ တကယ်တော့ အထက် အညာက ပြောတဲ့ မြန်မာ စကားနဲ့ အောက်ပြည် အောက်ရွာ က ပြောတဲ့ မြန်မာ စကား လောက်သာ ကွာတာပါ။ အားစိုက် နားထောင်ရင် နားလည် နိုင်ပါတယ်။ စကားလုံး အသုံးအနှုံးနဲ့ လေယူလေသိမ်း နည်းနည်း ကွာတာပဲ ရှိပါတယ်။ ငွေထည်ကိုသာ တမြတ်တနိုး ရိုးရာ အဖြစ် တန်ဖိုးထား ၀တ်ဆင်သော လာအိုတို့ကြောင့် ငွေထည် လက်ဝတ် ရတနာ မျိုးစုံကို တွေ့နိုင်ပါတယ်။ တရုတ် နိုင်ငံမှ တင်သွင်း လာတဲ့ အခြား ပစ္စည်း များကိုလည်း ထို ဆိုင်တန်း များတွင် တွေ့နိုင် ပါသည်။

ဘုရားဖူးလို့ ပြီးတော့ နေလည်းစောင်းပြီမို့ မနီးမဝေးက မဲခေါင် မြစ်ကမ်းကို လမ်းလျှောက်ခဲ့ ပါတယ်။ လမ်းမှာ သမတ အိမ်တော်နဲ့ ဟိုတယ် တစ်ချို့ကတော့ အတော့်ကိုခမ်းခမ်းနားနား တွေ့ရပါတယ်။ မဲခေါင် မြစ်ကမ်း နဖူး ကတော့ အင်းလျားကန်ဘောင် ကို အလွမ်းပြေစရာ တူလှ ပါတယ်။ ဆိုင်တွေ တန်းစီ နေပြီး အများဆုံး တွေ့ရ တာ အသားကင် ဆိုင်တွေပါ။ ကောက်ညှင်းကို ထမင်းလို စားတာ တွေ့ရပါတယ်။ ကောက်ညှင်းပေါင်းနဲ့ အ သားကင်ကို နေရာတိုင်းမှာ တွေ့ရတာ လာအို ထုံးစံ ပါလားလို့ ကောက်ချက် ချယူ ရပါတယ်။ အဲ… အသား ကင် ဆိုလို့ အမဲ၊ ၀က်၊ ကြက်နဲ့ ငါးခူကင်ပဲ ရှိတာပါ။ အကင် တွေက ထိုင်းက အကင်ထက် အရသာ ပိုရှိ ပါ တယ်။ အသားတွေ လတ်ဆတ်လို့ ချိုတဲ့ အရသာကို ခံစား ရပါတယ်။ ထိုင်းမှာလို အဆာပလာ တွေကြောင့် ချိုပြီး လျှာပေါ်မှာ ပူကျန် ခဲ့တဲ့ အရသာ ရှိနည်းမျိုး မဟုတ်ပါဘူး။ ပုစွန်တော့ တအားကို ရှားပါတယ်။ ထိုင်းကနေ သွင်းတဲ့ ရေဘ၀ဲနဲ့ ခရု ကိုလဲ နည်းနည်း ပါးပါး တွေ့ရပါတယ်။


ကဲ … ငါလာပြီ မဲခေါင်ရေ လို့ ကြုံးဝါးရင်း မြစ်ထဲ ဆင်းခဲ့ပါတယ်။ (ရေနည်းနေလို့ သဲသောင်ပြင်ကြီးက တမျှော် တခေါ်ပါပဲ ဟဲဟဲ. ညောင်ဦးဖီးလို ရေဆင်း ကူးတာ မဟုတ်ဘူးနော်)။ သဲသောင်ပြင်က အိုလံပစ် ဘောလုံးကွင်း ငါးကွင်းစာ လောက်ကို မြစ်ကြော တလျှောက် ကျယ်နေ တာပါ။ ရေစီးကြောင်းက မြစ်ရဲ့ ငါးပုံ တစ်ပုံလောက်ပဲ စီးနေ ပါတယ်။ သဲသောင်ပြင်က သဲဖြူလွ တွေက နင်းလို့ ကောင်းလွန်းလို့ ရေရှိတဲ့ နေရာ အထိကို ဖိနပ်ချွတ်ပြီး လမ်းလျှောက် ပါတယ်။ အားပါးပါး … အဝေးကြီး လမ်းလျှောက် လာလို့ ခြေဖ၀ါးတွေ ပူပြီး ညောင်းနေတာ သက်သာ သွားတာပဲ..


မဲခေါင်မြစ်ဟာ နဂါးရှိတယ်လို့ နာမည်ကြီးပြီး Dragon tour ဆိုပြီး နဂါးကို လာစောင့် ချောင်းတဲ့ ခရီးသွား လုပ်ငန်းတောင် ရှိပါတယ်။ တခါကတော့ ညဘက် မီးပွားတွေ မြစ်ကြောင်းတလျှောက် မြစ်ထဲ ပေါ်လာလို့ ဆိုတဲ့ သတင်းက မီဒီယာတွေကို သို့လော သို့လော ဂယက် ရိုက်စေ ဖူးပါတယ်။ မျက်မြင်လို့ ပါးစပ်နဲ့ ပြော ကြတဲ့ လူတွေ ရှိပေမယ့် သက်သေ ဓာတ်ပုံ မပြနိုင်လို့ ခုထိ မဲခေါင် နဂါးဟာ ဒဏ္ဍာရီ ဘ၀က မတက် နိုင်သေး ပါဘူး။ အောက်က ဓာတ်ပုံ ကတော့ မဲခေါင် နဂါး အယောင်ဆောင် ထားတဲ့ ခွန်မြလှိုင်ပါ ဟဲဟဲ… မဲခေါင် ရေစီး ကြောင်း ထဲကနေ သဲသောင် ပေါ်ကို ခုနေများ နဂါး တက်လာရင် ဘယ်လို လုပ်မလဲလို့ မောင်တော် ဘုရားက ခြောက် တာနဲ့ သူနဲ့ ပြိုင်က မှာပေါ့လို့ ပြောရင်း ပြောင်ပြ နေပုံကို သူက ဓာတ်ပုံ ရိုက်လိုက် တာပါ။


မဲခေါင် မြစ်ထဲကနေ လထွက်လာတာကို စောင့်ကြည့်… တကယ့်ကို သာယာ ကြည်နူး စရာ တသက်မမေ့မယ့် မြင်ကွင်းပါ။ ဟိုဘက် ကမ်းက ထိုင်း၊ ဒီဘက်ကမ်းက လာအိုပေါ့…. ကမ္ဘာ့ တတိယ နိုင်ငံ စာရင်းဝင် လာအို နိုင်ငံရဲ့ ဗီယန်ကျန်း မြို့ရဲ့ ညအလှကို မဲခေါင် မြစ်ထဲ ကနေ ဓာတ်ပုံ လှမ်းရိုက်ရင်း တအား ၀မ်းနည်း သွားပါ တယ်။ ရန်ကုန်မြစ်ထဲကနေ ရန်ကုန်မြို့ရဲ့ ညအလှကို ဓာတ်ပုံ ရိုက်မိရင် ဘယ်လို နေမလဲ လို့ တွေးမိ လို့ပါ။



ဓာတ်ပုံရိုက်ပြီး ကမ်းပေါ် ပြန်အတက်… စစ်သားတွေ တပ်စိတ် တစိတ်စာနဲ့ ပက်ပင်း တိုးပါတယ်။ သူတို့က ဘာတွေ ပြောမှန်းမသိ။ လန့်က လန့်သေး… မြစ်ပြင် ကျယ်ကြီးက သဲသောင် ပေါ်မှာ ကိုယ်တစ်ယောက်တည်း မိန်းမလေ။ ၀တ်စုံတွေက ကွန်မြူနစ် တံဆိပ်နဲ့ စစ်ဝတ်စုံ တွေပါ။ ကိုယ့်ထက် ထိုင်းစကား လည်ဝယ်တဲ့ မောင် တော် ဘုရားက ခေါင်းငြိမ့်ရင်း အိုကေလို့ ပြောပြီး ကမ်းပေါ် ရောက်မှ မေးကြည့်တော့.. လုယက်တာ ဖြစ်မှာ စိုးလို့ ကင်းလှည့်တဲ့ ကင်းအဖွဲ့ ဖြစ်ကြောင်းနဲ့ နောက်ကို ဒီလို ညမှောင်ထိ မနေဖို့ သတိပေး တာလို့ ပြောပါ တယ်။ ဒီလို ဆိုတော့လဲ အဟောဝတ ကောင်းလေစွ ပေါ့။ ကမ်းနဖူးက ဆိုင်မှာပဲ အမေရိကန် ထမင်းကြော်ကို အ၀လွေး ပါတယ်။ တစ်ပွဲကို ကစ် သုံးသောင်းပါ။ မဲခေါင် မြစ်ထဲက သဲသောင်ပြင်ပေါ် အသွားအပြန် ဘောလုံး ကွင်း ဆယ်ကွင်းစာလောက် လမ်းလျှောက် လာတော့ ဟဲဟဲ.. တစ်ပန်းကန်နဲ့ ဘယ် ဗိုက်ဝ မလဲနော်…

ဟိုတယ်ကို အပြန်လမ်းက လက်ရှိ နေရာကနေ ဝေးပါ သေးတယ်။ လမ်းမီး အားလုံး ထွန်းထားလို့ လင်းထိန် နေပေမယ့် တောမြို့ လောက်ကို လူနည်းတဲ့ ဗီယန်ကျန်းမို့ ညနေ ၇နာရီဆို လမ်းပေါ် လူပြတ် နေပါပြီ။ ဒါနဲ့ အငှားကား တားပါတယ်။ တကယ်တော့ လမ်းလျှောက်တာ များလို့ ခြေဖ၀ါးတွေလဲ ကျိန်းနေပါပြီ။ ဈေးဆစ်ပုံ ပြောပါဦးမယ် အဟိ.. ကစ်လေးသောင်း ပါတဲ့.. ကားငှားခ များတယ်လို့ ဈေးလျှော့။ နှစ်သောင်းခွဲ ပေးမယ် ဆိုတော့ တားတဲ့ နေရာ ကနေ ဟိုတယ်ထိ ငါးကီလိုမီတာ ဝေးတယ်တဲ့.. ဒါကြောင့် မလျှော့ဘူးတဲ့လေ။ ဒီ လောက် အဝေးကြီးကို ငါ ဘယ်လိုများ လျှောက်ခဲ့ ပါလိမ့်လို့ တွေးရင်း ဟန်ကိုယ့်ဖို့နဲ့ “ငါမြန်မာနော်” လို့၊ “မြန်မာပြည် ကနေ ထိုင်းထိ ခြေကျင် လာပြီး စစ်တိုက်တာ သမိုင်းမှာ ကြားဖူးတယ် မဟုတ်လား” လို့။ “နှစ် သောင်းခွဲ မရရင် ငါ ခြေကျင် ပြန်မှာ” လို့လဲ ပြောလိုက်ရော.. မောင်မင်းကြီးသား ခမျာ ဆူးပုပ် ရွက် လောက် မျက်နှာလေးနဲ့ လိုက်ပို့ ပါမယ် ဆိုပြီး နှစ်သောင်းခွဲကို ထပ် ဈေးမညှိ ရဘဲ ပို့ရှာ ပါတယ်. ခွိခွိ… သြော် ဘိုးဘေး တို့ရေ.. ခုချိန်ထိ သမိုင်း ကြောင်း က လူရှိန်ဆဲပါ။ ကျွန်မတို့ ခေတ် ရောက်ခါမှ ညံ့ရမယ့် အဖြစ်ကို အတတ်နိုင်ဆုံး ကြိုးစားပြီး အဖတ် ဆယ် ပါ့မယ်။

အဲဒီညက ညောင်းလွန်းလို့ အိပ်လို့ ကောင်းမှကောင်းပါ။ နောက်နေ့ မနက် စောစောထ၊ လာအို မနက်စာ အ၀စား (ခရမ်းချဉ်သီး ထောင်း၊ မျှစ်ထောင်း၊ ထမင်းပူနဲ့ ဟင်းနုနွယ်ညွှန့် အတို့အမြှုပ်)၊ လမ်းလျှောက်ရင်း မြို့ကို ပတ်ပါတယ်။ မနုသီဟ ဖင်နှစ်ခွ ဆိုတဲ့ လူခေါင်းနဲ့ ခြင်္သေ့ ဖင်နှစ်ခွ ရုပ်ကိုသာ မြင်ဖူးတဲ့ ကျွန်မ၊ ခုတော့ နဂါး ဖင်နှစ်ခွ မုခ်ဦးကို ခုလို အမိအရ ဓာတ်ပုံ ရိုက်ယူ ခဲ့ပါတယ်။


လမ်းဘေး ၀ဲယာက လာအို ဗိသုကာ လက်ရာနဲ့ ဘုန်းတော်ကြီးကျောင်းများ၊ ပြီးတော့ လာအိုရဲ့ landmark ဖြစ်တဲ့ ပတူဇေ ခေါ် ဇေ လို့ နာမည်ရတဲ့ မုခ်ဦး တံခါးကြီး


ပြင်သစ် ကိုလိုနီ ဖြစ်ခဲ့ ဖူးတဲ့ နိုင်ငံမို့ အစိုးရ ဆိုင်ရာ ၀န်ကြီး ဌာနနဲ့ ကျောင်းများ၊ ရုံးများရဲ့ မုခ်ဦးမှာ လာအို၊ ပြင်သစ် နှစ်ဘာသာနဲ့ အမည်နာမ ရေးထိုး ထားပါတယ်။


ချိုင့်ခွက်၊ ကျင်း၊ လမ်းသား ပွခြင်း မရှိဘဲ သန့်ရှင်း ပျံ့ပြူး သပ်ရပ် လှတဲ့ ဗီယန်ကျန်း မြို့လယ် လမ်းမ များ


ကားစုတ်၊ ကားဟောင်း လုံးဝ မရှိတဲ့ ဗီယန်ကျန်းမြို့ နေ့လယ် ရှုခင်း


အဲအဲ.. အဲလို ပြောရင် မျက်နှာ လိုက်ရာ၊ မရိုးမသား သတင်း ထိမ်ချန်ရာ ကျနေ ပါ့မယ်။ သွားလည်တဲ့ သုံးရက် အတွင်း ဟိုင်းလတ် ကားစုတ် နှစ်စီးကို လမ်းကြားထဲက အိမ်တွင်း အလုပ်ရုံ ရှေ့မှာ ရပ်ထားတာ တွေ့ခဲ့ပါ တယ်။ ပလတ်စတစ်စုတ်၊ စက္ကူစုတ် လည်ကောက်တဲ့ ကားပါ။ local recycling အိမ်တွင်း အလုပ်ရုံသုံး အမှိုက် ကောက် ကားများ ဖြစ်ပါတယ်။ သူများ တတိယ နိုင်ငံက အမှိုက်ကောက် တာတောင် ဟိုင်းလပ် အစုတ် လေး နဲ့ အမှိုက်ကောက် ပါတယ်နော်။ (မှတ်ချက်။ မြူနီစီပယ် အမှိုက်သိမ်းကား မဟုတ်ပါ။) အင်တာနက်ဆိုင်များ လမ်းဘေးမှာ တွေ့လို့ ၀င်သုံးလိုက်တော့ တချက် စိတ်ပျက် မိပေမယ့် ဖျတ်ခနဲ စိတ်သက်သာရာ ရလိုက် ပါ တယ်။ တတိယ နိုင်ငံ ပီပီ အင်တာနက် နှေးတာကတော့ မြန်မာ နိုင်ငံ အတိုင်း ပါပဲ။ တခြား နေရာတွေ မြန်မာ နိုင်ငံထက် သာနေလို့ စိတ်ဆင်းရဲ နေချိန်မှာ ကွန်မြူနစ် စနစ် ကျင့်သုံး တဲ့ နိုင်ငံမို့ သတင်းနဲ့ ဆက်သွယ်ရေး ထိန်းချုပ်တာ ချင်းကျ မြန်မာနိုင်ငံနဲ့ တန်းတူ လိုက် သွားပါတယ်။

နေ့လယ် ထိုင်းသံရုံးကနေ ဗီဇာ ရလို့ ပတ်စ်ပို့ ပြန်ထုတ်ချိန်မှာ ကိုယ့်ပတ်စ်ပို့ ကိုယ်ယူပြီး ထပ်လျှောက်လည်.. နောက်နေ့မှာ လာရာ လမ်း အ တိုင်း ထိုင်းကို ပြန်ခဲ့ပါတယ်။ ဗီယန်ကျန်း မြို့လယ် ကားဂိတ်ကနေ နယ်စပ်ကျော် ဘတ်စ်ကား စီးရင်း နယ်စပ်ဂိတ်တွေကို ဖြတ်ရင်းနဲ့.... နေရစ်တော့ မဲခေါင်ရေ...


နှုတ်ဆက်ခဲ့ပါတယ် နောင်ခိုင်ရေ


ဘန်ကောက်မှာ လာကြိုနေတဲ့ သူငယ်ချင်း လေးက သူ့နိုင်ငံ ဖြစ်တဲ့ ကမ္ဗော ဒီးယားက သူ့မြို့ ဖြစ်တဲ့ စီယမ်ရိဖ် မြို့လေးကို လိုက်လည် ပါလားတဲ့။ ကမ္ဘာကျော် အန်ကောဝပ် ဘုရား ကျောင်း နဲ့ ဒဏ္ဍာရီ ဆန်ဆန် ရေအောက်ကို နစ်မြုပ် သွားခဲ့ပြီး ယနေ့တိုင် တည်ရှိ နေဆဲ ရှေးဟောင်း မြို့တော် ရှိရာ စီယမ်ရိဖ် မြို့ကို စရိတ်ငြိမ်း အလည် ခေါ်တော့ ငြင်းလို့ ကောင်းမလားနော် … ဘော်ဘော် တို့ရေ… အလည် လိုက်မယ် မို့လား… Virtual tour နဲ့လေ …


1 comment:

တန်ခူး said...

လှိုင်ရေ… Virtual tourနဲ့ လာအိုရော မဲခေါင်မြစ်ပါသွားလိုက်ပြီ… ဓာတ်ပုံလေးတွေ မြင်ရရင် ပိုတောင် အသက်ဝင်ဦးမယ်… မျှဝေပေးတာ ကျေးဇူးပါ မရေခဲရေ…