Wednesday, January 30, 2008

ဒီလို လူမျိုး

မချစ်ပါနဲ့
ရွံ့မုန်းလွန်းလို့ပါ
ချစ်သူလို့ နာမည်ခံ
ရင်ကိုဖွင့်ဖွင့်ပြီး ငိုချင်းတွေ ညည်းပြရင်း
မျက်ရည်တွေနဲ့ သူများဘ၀ကို နစ်သထက်နစ်အောင် မနှစ်ပါနဲ့
အဲလို မာယာအချစ်နဲ့လူစားမျိုးကို ချစ်သူ မတော်ချင်ဘူး
ကြောက်လွန်လွန်းလို့ပါ

မခင်ပါနဲ့
စိတ်ပျက်လွန်းလို့ပါ
သူငယ်ချင်းလို့ နာမည်ခံ
သိပ်ခင်လို့ သိပ်သိတာပဲ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့
မာယာတွေကို အမှန်တွေကြားထဲ
အသားညှပ်ပေါင်မုန့်လို ထည့်ရင်း
အပြုံးတွေနဲ့ ဘ၀ဆုံးအောင် အမုန်းမလုပ်လိုက်ပါနဲ့
အဲလို မာယာသူငယ်ချင်းမျိုး မပေါင်းချင်ဘူး။
ကြောက်လွန်လွန်းလို့ပါ

Read More...

Sunday, January 27, 2008

ရှင်သန်ဆဲ အချစ်

“မင်္ဂလာ မနက်ခင်းပါ ကို”

ဒီလို နှိုးသံနဲ့ အတူ ပါးပြင်ပေါ် နွေးခနဲ ကျလာတတ်သော ချစ်ဇနီးရဲ့ အနမ်းကို မနက်တိုင်း အိပ်ရာက နိုးနိုးချင်း ဖျတ်ခနဲ သတိရ နေကျ ဖြစ်နေ မိသည် မှာ သူရှိတာနဲ့ မရှိတာ မခြားနား လောက်အောင်ကို တထပ်တည်း ကျ နေတဲ့ ခံစားချက် ကြောင့် ဖြစ်နိုင်ပါတယ်။ သူမကို နှလုံးသားက လက်ခံပြီး ဖြစ်နေတာကို သိတည်းက သူမက နှလုံးသား ထဲက ဘယ်တော့မှ ပြန်မထွက်တော့… ပြန်ထွက်ခွင့်လဲ မပေးနိုင်တော့ လောက်အောင် သူမရဲ့ ပုံရိပ် က နှလုံးသား ကျောက်စာထဲ ထွင်းလျက် စွဲမြဲ နေပြီ ဖြစ်လေသည်။

“မင်္ဂလာ မနက်ခင်းပါ ပိလေး”

ရေရွတ်ရင်း အိပ်ရာ သိမ်းခဲ့သည်။ မျက်နှာသစ် သွားတိုက် ပြီးနောက် ကော်ဖီ နှစ်ခွက်ကို အပြင်း အပျော့ မတူ အောင် ဖျော်ပြီး မနက်စာ ကို ခါတိုင်းလိုပဲ ၂ယောက်စာ ပြင်ဆင် ထားလိုက် သည်။ သူမက ကော်ဖီကို အပျော့ စား သောက်သည်။ သူတို့ ၂ယောက်ရဲ့ ထူးခြားချက်က တစ်ယောက် ကြိုက် တာ ကို တစ်ယောက်က အတင်း လိုက်ကြိုက် စရာ မလိုသလို မကြိုက်လို့ ဆိုပြီးလည်း အတင်း မတားမြစ် သလို ရှောင်ကြဉ် နေစရာ မလို။ အချင်းချင်း တားမြစ် ပိတ်ပင်မှု မပြုရက် လောက်အောင် တစ်ယောက် စိတ် အနှောင့် အယှက် ဖြစ်မှာကို တစ် ယောက် စိုးရိမ် ကြလေ သည်။ ကိုယ့် အပြုအမူကြောင့် သူ စိတ်ညစ်တာ မဖြစ် အောင်လဲ ဂရုစိုက် ကြသည်။ မနက်စာ မစားခင်
“ဒိုးဇို့ အိတာဒါ ခိမတ်စ်စ်စ်စ်”

သူမ ပြုံးပြုံးလေး ပြောနေကျ အသံလေးကို ကြားယောင်ရင်း သူလဲ ခပ်တိုးတိုး ရွတ်မိရင်း မျက်ရည် နွေးနွေး တို့က ကော်ဖီ ပန်းကန်ထဲ သက်ဆင်း သွားကြသည်။ ထမင်း စားပွဲဝိုင်းက သူမ ထိုင်နေကျ ထိုင်ခုံလေး ပေါ်မှာ တင်ထားတဲ့ သူမ ကြိုက်တဲ့ တွီတိ ငှက်ရုပ်လေး ကို ငဲ့စောင်း ကြည့်ရင်း ပြုံးမိသည်။ သူမသည် ကလေးများ ငိုနေရင် အစွမ်းကုန် ချော့မြှူရင်း အငို တိတ်အောင် လုပ်တတ်သူ၊ သူမ ချော့လျက် အငို မတိတ်သော ကလေး ဆိုလို့ မရှိသလောက်။ သူမ မြှူသည့် ပုံစံက တွီတိ ငှက်လေး အတိုင်းပင်။ မျက်လုံး ၀ိုင်းဝိုင်းလေးကို အသကုန် ပြူးပြီး ပါး၂ဖက်ကို ခံတွင်းထဲ အားကုန် စုပ်သွင်းလျက် နှတ်ခမ်း ပါးပါး သေးသေးလေးက တွီတိ ငှက်လေးရဲ့ နှုတ်သီး ပုံ ဖြစ်သွားသော အခါ လက်နှစ်ဖက်ကို ချိုင်းထဲသွင်းကာ တောင်ပံလို ခတ်ပြသော သူမကို မြင်လျှင် ငိုသော ကလေး ချက်ချင်း ထရယ် လေသည်။ ဒီပုံစံ လေးကိုပဲ သူ စချစ် မိခဲ့သည် မဟုတ်ပါလား။ ခုရော ပိလေး ရယ် … ကိုယ်မျက်ရည် ကျနေတာ မြင်ရင် အဲလို ပဲ ချော့မလား။ ဒါမှ မဟုတ် ကိုယ့်ပါးလေးကို ကိုင်ပြီးပဲ အမေ တစ်ယောက် စတိုင်နဲ့ ကိုယ့်ကလေး ကိုယ်ချော့ သလို နှစ်သိမ့်ပြီး ချော့မလားဟင်။ ကိုယ် တခုခုကို တအား သဘောကျပြီး

နှစ်နှစ်ခြိုက်ခြိုက် ရီနေတဲ့ မျက်နှာလေးကို ကလေးလေးနဲ့ တူလို့ သိပ်ချစ်တာပဲ ဆိုတဲ့ ပိလေး အတွက် ကိုယ်အမြဲ မဟုတ် ပေမယ့် မကြာ မကြာ ရယ်မော နေနိုင်အောင် ကြိုးစားပါ့မယ်။
အလုပ်သွားဖို့ ပြင်တော့ ဖိုင်တွေ အသင့် စီပေး ထားတတ်တဲ့ ပိလေး၊ အလုပ် မသွားခင် အပြင် မထွက် ခင် တိုင်း ပြုံးပြုံးလေးနဲ့ ခေါင်းလေး စောင်းငဲ့ မော့ပေးရင်း ပါးလေး တစ်ဖက်ကို လေဖောင်း ပေးထား တတ်တဲ့ ကလေး ဆန်ဆန် မျက်နှာပေး လေးနဲ့ ပိလေးကို ကိုယ် ဘယ်လိုမှ မထားခဲ့ ရက်အောင် အမြဲ ဖြစ်ခဲ့ ရတယ်။ ခုတော့ တံခါးဝမှာ အိမ်ထဲ ပြန်လှည့်ရင်း အမြင် အာရုံထဲ ပိလေးက ခြေဖျားလေး ထောက်လို့… နဖူး သုံးနေရာ တချက်ချင်း နွေးကနဲ ဖြစ်သွားသလိုပဲ..

“ကို့နဖူးကြီးက အကျယ်ကြီးကို သုံးချက် နမ်းမှ နေရာနှံ့မှာ… ”

ချိုလွင်လွင် ရယ်သံလေးနဲ့ နောက်ပြောင် ပြော လေ့ ရှိတဲ့ ချစ်ဇနီးရဲ့ နှာတံ ချွန်ချွန် လေးကို ဆွဲလိမ် လိုက်တိုင်း နှာခေါင်းလေး ရှုံ့ရင်း တာ့တာပြ ကျန်ခဲ့တဲ့ ဇနီးကို အတွေးနဲ့ နှုတ်ဆက်ရင်း အလုပ်ထဲ ရောက်ခဲ့တယ်။

အလုပ်ကို ရောက်ရောက်ချင်း ကိုယ်ရုံးရောက်ပြီ လို့ မက်ဆေ့ခ်ျက ပို့နေကျ။ မဟုတ်ရင် လမ်းမှာ တခုခု ဖြစ်မှာ သူမ စိုးရိမ် မယ်လေ။ သူမကတော့ ခါတိုင်း ဒီအချိန် ဆိုရင် ဘလော့ နေလောက်ပြီ။
**************************************************************************



“ကို ထမင်းစားရအောင်”
နေ့လယ်စားချိန်ရောက်တာနဲ့ အချိန်မှန်စားဖို့သတိပေးတတ်တဲ့သူမရဲ့ အသံလေးကို အချိန်ကိုက် ကြား ယောင် နေမိတာ မထူးဆန်းတော့။ သူ့အကြိုက်ကို ပြင်ခဲ့တာ ဆိုလို့ ထမင်းအေးမှ ကြိုက်သော သူ့ကို ထမင်းပူ စားတတ်အောင် အတင်း ဂျီကျခြင်း တစ်ချက်သာ… သို့သော် ချွဲချွဲလေးနဲ့ ချက်ကျ လက်ကျ ရှင်းပြ ပြီး တောင်းဆိုသော သူမရဲ့ ဆန္ဒက မငြင်းရက် လောက်အောင်ပင်…

“ကို ကလဲ.. ထမင်းအေးက ထမင်းပူလောက် အာဟာရ မပြည့်တော့ဘူး။ အစား အစာဆိုတာ အထူးသဖြင့် ကာဗို ဟိုက်ဒြိတ် တွေက ၄၀ ဒီဂရီ စင်တီကနေ ၇၀ ဒီဂရီ စင်တီ ဂရိတ်ကြားဆို ပိုးတွေ ပေါက်ဖို့ သိပ်ကောင်း တာ။ ၄၀ ထက်အေးနေမှ ဒါမှမဟုတ် ၇၀ထက် ပူနေမှ စားလို့ အဟာရ အပြည့်ဝင်တာ။ ထမင်းအေးစားရင် ရင်ပြည့် မှာပေါ့။ ထမင်းပူ စားနော်.. နော်.. လိမ်မာပါတယ်.. တအားကြီး ပူကျက် နေတာမှ မဟုတ်တာ.. လာ ပိပိ မှုတ်ပေးမယ်.. စားလိုက် ပါဆို.. ဟ.. ပါးစပ်ဟ .. အင်း ဒီလိုမှပေါ့.. သားသား လိမ်မာတယ် တစ်မှတ် … ”

ထမင်း တစ်လုတ် ၀ါးလိုက်ရင်း သူမ ပြောသံ လေးတွေက အတွေးထဲ ၀င်လာသည်။ အသား တစ်ခွက်၊ အရွက် တစ်ခွက်၊ ဟင်းချို တစ်ခွက် အမြဲစီစဉ် တတ်ပြီး အနည်းဆုံးတော့ ဟင်းရွက်ကြော် တစ်ခွက် ပါမှ စားတတ်သော သူမ အတွက် အကြိုက်ဆုံး အရွက်မှာ မုန်ညင်းစိမ်း ဖြစ်လေသည်။ အာဟာရ ပြည့်အောင် ဂရုတစိုက် စီစဉ် ချက် ပြုတ် ကျွေးမွေး တတ်သော သူမကြောင့် အိမ်ထောင် ကျမှ သူပို ကျန်းမာ ထွားကြိုင်း လာသည်။ အ၀တ် များ တစ်ထည်ပြီး တထည် မတော်တော့လို့ အသစ်ဝယ်ရတိုင်း သူမက စည်းတစ်ခု ချသည်။

“ကိုနော်.. ဗိုက်တော့ မရွှဲ လာစေနဲ့ ဘောင်းဘီကို ခါးနံပါတ် ၃၄ ထက် ကျော်လာရင် အသစ် လုံးဝ ၀ယ်မပေး ဘူး။ ရှိတာ ရအောင် ၀တ်။ ဗိုက်ကျပ်ရင် ၀ိတ်လျှော့။ လေ့ကျင့်ခန်း လုပ်ရမယ် ဟွန်းးးး ဗိုက်ကြီး ပူလာ လို့က တော့ ဗိုက်တစ်လုံးနဲ့ ပစ်ထား ခဲ့မယ် ဘာမှတ်လဲ”

အတည်ပေါက် ရုပ်လေးနဲ့ မျက်စောင်းထိုးကာ ကြိမ်းမောင်း နေသံလေးက နားဝင်ချိုလှသည်။ တချက် ပြုံးမိရင်း ရုံးက အပြန် ဈေးဝင်ရင် ၀ယ်ဖို့ စာရင်း တစ်ခု တိုးမှတ်လိုက်သည်။ ရုံး ကင်တင်း ကနေ ထမင်းစား အပြီး ပြန် တက် လာတော့ ကိုယ်ဝန်ကြီး တကားကားနဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို ပက်ပင်း တိုးသည်။ နှုတ်ဆက် ဖို့ ပြုံးတာ မဟုတ်ဘဲ သူမကို သတိ ရလို့ ပြုံးမိ ပေမယ့် နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိသော သူ့ကို ထို အမျိုးသမီးက တခုတ်တရ နှုတ်ဆက် သွားလေသည်….

“ဟိ .. မင်္ဂလာ ရှိတယ်နော် တွေ့တာ ဟိုမှာ မီးပုံးပျံကြီးတစ်လုံး”
“ကိုနော်.. ဘာတွေ လာပြောနေတာလဲ”
“ပိလေး ကိုယ်ဝန်ရရင် သူ့လိုပဲ နငယ်လေးနဲ့ တူမှာ အဟိ”
“ကိုနော် ပြောလေ ကဲလေ.. ဒါထက် ကလေး တကယ် မရနိုင်ရင် ဘယ်လို လုပ်မလဲ”
“အာနိုးလို ကိုယ်ဝန်ဆောင်လိုက်မယ်လေ”
“အာာာာ ကိုကလဲ ပေါက်တီးပေါက်ရှာ”
“တစ်ယောက်တလှည့်စီ ကလေးလုပ်တမ်း ကစားမယ်ကွာ.. ဒါဆို သားတစ်ယောက် သမီးတစ်ယောက် ရပြီ”
“ဟားဟားဟား ကို ဟာလေ ပွေလီ ပါပေ့.. ပေါက်ပေါက် ရှာရှာ.. ဒါဆို ကိုယ်က သား၊ ပိလေးက သမီးပေါ့ ဟုတ်လား”
“အင်းပေါ့.. မီးမီးလေး လာလာ.. ဖေဖေကြီး ရေခဲမုန့် ၀ယ်ကျွေးမယ် … နော်”
“အောင်မယ် သူသာ ရေခဲမုန့် စားချင်တိုင်း… (မျက်စောင်း ချိုချိုလေး ထိုးပြီးမှ ) သားသားကြီးရင် ဘာလုပ်မယ် မေမေ မေးရင်ကွယ်”
“ဂလောင်ဂလင် တီးကာရယ် … ရေခဲချောင်း ရောင်းပါမယ်.. ရောင်းလဲရောင်းရတယ် … စားလဲ စားရတယ်”
“အရင်းတော့ ပြုတ်တော့မှာပဲ သားသားရယ် ”
“ဟားဟားဟား”

သူမနဲ့ ပျော်ရွှင်စွာ ရယ်မောရင်း ဘ၀အမောများကို ဖြေဖျောက် ခဲ့ကြ ဖူးသည်။ သူမရဲ့ မွေးရာပါ ရောဂါ တစ်ခု ကြောင့် ကလေး မရနိုင် လောက်အောင် ခက်ခဲမည် ဆိုသော ဆရာဝန် ရဲ့ စကား အဆုံးမှာ ကလေးအဖေ ဖြစ်ချင် လှသော ကိုမျိုးကို သနားကြည့် ကြည့်ရင်း မျက်နှာလေး ငယ်နေသော ပိလေး။ အမြဲ သူ့မျက်နှာကို အရိပ် တကြည့်ကြည့်နဲ့ ပိလေး။ ငြိမ်ကျသွားရင်း ၃ ရက်လောက်နေတော့

“ကို ” “ ဟင်”

“ကို.. ကလေး အဖေ ဖြစ်ချင်ရင်လေ.. နောက်မိန်းမ ယူပါလားဟင်”
“ ((( ဟမ် ))) ဘာရယ်”

“အော် ကို ကလေး လိုချင်တာ သိတယ်လေ.. အဲဒါ ကိုယ့်ရင်သွေးလေး ရအောင် နောက်မိန်းမ ယူပါလားလို့ ”

“ဟာ… ဘာတွေ လာပြောနေတာလဲ မယူချင်ပါဘူး ပိလေး တစ်ယောက်လုံး ရှိနေတာ .. မလိုဘူး.. မယူဘူး … မယူပါဘူး.. ပေါက်ကရတွေ လျှောက်မတွေးနဲ့ … နော်”

“ပိလေး သဘောတူပါတယ် ကိုရဲ့.. ပိလေးကြောင့် ကိုယ့် ရှေ့ရေးတွေ အပျက် မခံရ စေချင်ဘူး.. ကိုယ်က တစ်ဦး တည်းသော သားလေ.. ကိုယ့်မိဘ တွေက မျိုးဆက် ကိုယ့်ရင်သွေး လေးကို ချီချင် ကြမှာ.. ပိလေးက ကို့ရဲ့ ဆန္ဒ တွေကိုရော ကို့ မိဘ ဆန္ဒ တွေကိုရော ဖြည့်ဆည်း ပေးနိုင် တော့တာမှ မဟုတ်တာ.. ကို့ရဲ့ အခွင့် အရေးကို မပိတ်ပင် ထားချင် ပါဘူး။ ကို … နောက်အိမ်ထောင် ထူထောင် ချင်ရင် ပိလေးကို အားမနာ နဲ့နော်.. ကို့ရဲ့ လိုအပ်ချက်ကို ဖြည့်ပေး နိုင်မယ့် နောက် အိမ်ထောင်ကို ညီမလေးလို ချစ်နိုင်ပါတယ်.. ကို့ရဲ့ ကိုယ်ပွား လေး ကိုလဲ ကို့ရဲ့ သွေးမို့ ချစ်နိုင်ပါတယ် ကိုရယ်.. အချစ်က ပြောင်းလဲ သွားမှာ မဟုတ်ပါဘူး”

“ပိလေးရယ်.. ကိုယ် မယူ ပါဘူးကွာ.. ပိလေး ကို ကို့အချစ်တွေ အားလုံး ပေးပြီးပြီပဲ.. နောက် တစ်ယောက် အတွက် ကိုယ့်မှာ အချစ် မကျန် တော့ဘူး ပိလေးရဲ့.. အချစ် မပါတဲ့ အိမ်ထောင်ရေးကို မတည်ဆောက် ချင်ဘူး .. ဆက်မပြော ပါနဲ့တော့ ပိလေးရယ်.. ကို့ကို ကတိပေးနော်.. ကို မသိအောင် ဘာမှ လျှောက် မလုပ် ရဘူးနော်.. ကို့ကိုလဲ ထားမသွား ရဘူးနော်.. ပေး ကတိ”
မျက်ရည်ဝဲလေးနဲ့ ခေါင်းညိတ်နေသော .. ကိုယ့်အတွက် စဉ်းစားပေး တတ်လွန်းပြီး အတ္တ နည်းလှတဲ့ ချစ်ဇနီး လေး ကို ဘယ်လို ကိုယ်ထားခဲ့ ရက်မှာလဲကွယ်.. ဒါပေမယ့်… ဒါပေမယ့် ကွာ…

****************************************************


ရုံးအဆင်း ဒီနိုင်ငံကို အလုပ်လုပ်ဖို့ ရောက်တာ မကြာသေးသော သူငယ်ချင်းကို လမ်းပြ လမ်းညွှန် လုပ်ဖို့ ဈေးဝယ် ချိန်းထားလို့ သူ့ကို ဘူတာမှာ ကြိုရင်း shopping mall ထဲ ရောက်လာသည်။

“ညစာ အိမ်လိုက်စားကွာ.. မင်းလဲ ငါ့အိမ် ရောက်ဖူးတာပေါ့… ည အိမ်မှာပဲ အိပ်ချင် အိပ်လေ .. နောက်နေ့ ရုံးတက် စရာ ရှိတာမှ မဟုတ်တာ”

“အေးလကွာ.. ကောင်းသားပဲ.. ငါတို့ မဆုံဖြစ်တာ ကြာလှပြီပဲ .. အေးဆေး စကားလေး ဘာလေး ပြောကြ တာပေါ့”

“အင်း.. လုပ်ငန်းကိစလေးတွေလဲ တိုင်ပင် ကြတာပေါ့ကွာ”

“ကိုမျိုး မင်းမလဲ ငြိမ်လှချည်လားကွာ.. ရှေ့အပတ် ငါတို့ ကုမ္ပဏီ ပစ်ကနစ် ရှိတယ် ဧည့်သည် ဖိတ်ခဲ့လို့ ရတယ် လာလည်ပါလား ရုံးက ကောင်မလေး တွေက အမိုက်စား လေးတွေကွ”
“အင်း အခြေအနေ အရ ပေါ့ကွာ”

“ဆုံးတဲ့လူကလဲ ဆုံးတာ ကြာနေ ပါပြီကွာ။ မင်းစိတ်ကို အရမ်းကြီး ထိန်းမထား ပါနဲ့။ မင်းအသက် ခုမှ သုံးဆယ် ကျော်စ လေး ရှိသေးတာ.. ကလေးလဲ ကျန်ခဲ့တာ မဟုတ်ဘဲနဲ့။ နောက်အိမ်ထောင်လေး ဘာလေး ပြုပေါ့.. ဘယ်သူမှ မင်းကို အပြစ် မတင် ပါဘူး။ မင်းကို ကြိုက်တဲ့ စောင့်တဲ့ လူတွေလဲ အများကြီးကိုများကွာ.. မုဆိုးဖိုမို့ ဂုဏ်မငယ် ပါဘူး။ မိန်းကလေးရှင်တွေကလဲ မင်းကို အရေးပေး နေတာပဲဟာ။ သူ့ကိုပဲ လွမ်းပြီး ၀မ်းနည်း ပူဆွေး နေမယ့် အစား တမ်းတ သတိရ နေမယ့် အစား နောက်တစ်ယောက် အစားထိုး လိုက်ပါလား။”

“ဟာကွာ.. ဟေ့ကောင်.. ငါ သူကလွဲလို့ ဘယ်သူ့ကိုမှ ချစ်မရဘူး ဆိုတာ မင်းသိသားနဲ့… ငါ လိုချင်ရင် နောက် မိန်းမ ယူလို့ ရမှန်း သိပါတယ်။ သူကိုယ်တိုင် ကလဲ သူမဆုံးခင် တည်းက ငါ့ကို နောက်မိန်းမ ယူဖို့ သူ့ကို ကွာ ချင် ကွာပေးဖို့ ပြောခဲ့ ပါတယ်။ ဒါပေမယ့် ငါ သူ့ကိုပဲ ချစ်ရတာ ပျော်တယ်။ သူ့ကို စဉ်းစား တွေးတော နေရတာ ပျော်တယ်။ သူ့ကို လွမ်းရတာ ပျော်တယ်။ သူ့ဟာ အပြင် လောကမှာ သေဆုံး သွားခဲ့ ပေမယ့် ငါ့ နှလုံးသား ထဲမှာ ရှင်သန် နေဆဲပါ။ ငါ ရူးနေတာလဲ မဟုတ်ဘူး။ သူ ဆုံးသွားတာကို ငါ လက်မခံ တာလဲ မဟုတ် ပါဘူး။ သူဆုံးသွားတာ ငါလက်ခံ ပါတယ်။ ဒါပေမယ့် သူ အသက် ဆုံးလို့ ဆိုပြီး ငါ သူ့ကို ဆုံးရှုံး မသွား ပါဘူး။ အချစ် ဆိုတာ ဘယ်တော့မှ မသေဘူး။ ငါ့အတွေးထဲ သူအမြဲ ရှင်သန်နေတယ်။ သူ့အချစ်တွေရော ငါ့အချစ်တွေပါ အမြဲ တူတူ ရှင်သန် နေကြတယ်။ ဒါကြောင့် သူ့ကိုလွမ်းလို့ ငါ ပူဆွေး ၀မ်းနည်းတာ ခံစား မနေရ ပါဘူး။ သူ့ကို ချစ်နေရရင် သူ့အကြောင်း လေးတွေ ကို တွေးရင်း ပီတိ ဖြစ်ပြီး ကြည်နူးရတဲ့ ခံစား ချက်က ငါ သူ့ကို ဘာနဲ့မှ အစား မထိုးနိုင်တဲ့ အဓိက အချက်ပဲ။ အစား ထိုးဖို့ စဉ်းစား ကြည့်လို့ကို မရဘူးကွာ .. သူဆုံး သွားပေမယ့် ငါ့အတွက် ကတော့ အချစ်တွေ ပြောင်းလဲ သွားမှာ မဟုတ်ဘူး ကွာ”

“ဟာကွာ.. ဆောရီး သူငယ်ချင်းရာ”

“ရပါတယ်ကွာ”

ပိလေး ကြိုက်တဲ့ သစ်ခွပန်း တအိုး ၀ယ်လိုက်တော့ သူငယ်ချင်းက အံ့သြ တကြီး ကြည့်သည်။ ဒီနေ့ သူ့ မွေးနေ့ လေ.. သူ့မွေးနေ့ ညစာ စားပွဲမှာ သူငယ်ချင်း ခေါ်လာတိုင်း မညီးမညူ ဧည့်ခံ တတ်သော သူမက ခုလဲ ဘာမှ ပြောဆို ကန့်ကွက်မှာ မဟုတ်… ဟိုတချိန်က သူ ထိတ်လန့်ခဲ့ရသော အဖြစ်ဆိုး ကြီးသည် ခုတော့ သူ့ကို ဘာမှ ထူးခြားသော ခံစားချက် မပေးနိုင်တော့…
**********************************************************
ပိန်လှီ ဖျော့တော့ လှသော ဇနီးသည် နောက်တစ်ခါ ဆေးရုံတက်ရပြန်တော့ ဆရာဝန်ကြီးက စမ်းသပ် စစ်ဆေး ချက် များကို ကိုင်ရင်း စစ်ရင်း

“ အခြေအနေက တအား ခက်ခဲနေတယ်.. သူ့မှာ ရှိတဲ့ erupted lymphoma က လင့် အကျိတ်တွေက ကလီစာ တွေ ထဲထိ ပြန့် နေပြီ။ အဆုတ်မှာ အများဆုံး တွေ့ရတယ်။ ကိုယ်တွင်း သွေးယို နှုံးကလဲ များလာ တယ်။ ငယ်ရွယ်စဉ် လေဖြတ် ဝေဒနာ ကလဲ ရှိပြန်တော့ ဆေးကို ဘယ်လို ပေးရမယ် မှန်းကို မသိ တော့ဘူး။ တအား ခက်တယ်။ အက်စ်ပရင် မ သောက် ပြန်လဲ လေဖြတ်တာ ပြန်ဖြစ် နိုင်တယ်။ ဆက်သောက်ရင်လဲ သူက သွေးယိုနှုံး ကိုရော လင်ဖိုးမား ကိုပါ ပိုဆိုး စေတယ်။ သွေးယိုနှုံး တားတဲ့ဆေး သောက်ပြန်ရင်လဲ ဦးနှောက်ထဲ သွေးခဲ ပိတ်ဦးမယ်။ ဒီတော့ အကောင်းဆုံးက ဆေးအားလုံး နားပစ်လိုက်ပြီး ခင်ဗျားတို့ ပျော်ပျော်ရွှင်ရွှင် နေကြပါ။ ဒါပဲ လောလော ဆယ် အကြံပေး ပါ့မယ် နောက်သုံးလ ကျွန်တော် အခြေအနေ ကြည့်ဖို့ ပြန်ချိန်း လိုက်ပါ့မယ်” တဲ့

“ ဒီ အဖြစ်ကြီးကို ရှောင်တိမ်းလို့လဲ မရ၊ ပုန်းအောင်းလို့လဲ မရမယ့် အတူတူ ရင်ဆိုင်ကြတာပေါ့ ကို.. တခု တော့ ပိုတောင် ကောင်းသေးတယ်။ တရား သဘောနဲ့ ကြည့်ရင် ကုသိုလ် ကောင်းမှု လုပ်ချိန် ရတယ်လေ။ ရုတ်တရက် ဦးနှောက် သွေးကြော ပြတ်သေတဲ့ လူဆို ကုသိုလ် လုပ်ဖို့ အချိန် မရဘူး ကို။ ဒီတော့ တမလွန်မှာ ဘယ်ဘ၀ ရောက်မလဲ စိတ်မချ ရဘူး။ လောကီ အတွက် ကြည့်မယ် ဆိုရင်လဲ ရုတ်တရက် သေသွားရင် သူ ရှိတုန်းလေး ငါ ဘယ်လို လုပ်ပေး ခဲ့လိုက် ရမှာ .. ခုတော့ ဘာလေးတောင် မလုပ်ပေး လိုက်နိုင်ဘူး ဆိုတဲ့ နောင်တ တွေ ပိုက်နေ ရမှာ။ ခုလို ကြိုသိတော့ လုပ်ချင်တာတွေ အားလုံးကို အကုန် မပြီးရင်တောင် တခုပြီး တခု လုပ်ရင်း စိတ်ချ ရနိုင်တယ်။ နောက်ပြီး ကိုရယ်.. လူချင်း ခြားသွား ပေမယ့် နှလုံးသားချင်း ခြားသွား မှာမှ မဟုတ်တာနော်..”

“ဟင့်အင်းကွာ.. ပိလေး က ကိုယ့်ရဲ့ ဘ၀ပါ.. ပိလေး မရှိတဲ့ နောက် ကိုယ့်မှာ ဘ၀မှ မရှိ တော့ဘဲ .. ကိုယ် ဘယ်လို ရှင်သန် နေခဲ့နိုင်မှာလဲ။ ”

“ ကို.. အဲလိုကြီး မလုပ်ပါနဲ့ကွာ.. နော်.. ကို စိတ်ချမ်းသာမှ ပိလေး စိတ်ချမ်းသာမှာ.. ကို စိတ်ချမ်းသာ အောင် နေမယ် မဟုတ် လားဟင်.. ကို.. ပျော်ပျော် နေခဲ့ ပါနော် .. မကြံစည် ကောင်းတာတွေ မကြံစည် ရဘူးနော် .. ကတိပေး”

“ ပိလေး မရှိတဲ့ဘ၀မှာ ဘယ်လို ပျော်မလဲ.. ဘယ်လို ပျော်အောင် နေရမှာလဲ.. ဘယ်လိုလုပ် စိတ်ချမ်းသာ မှာလဲ”

“ ဒါဆို ပိလေးကို ကိုယ့်ဘ၀မှာ ဆက်ထား ထားလေ..”

“ ဟင်.. ဘယ်လို .. ဘယ်လို”

“ ဟုတ်တယ်လေ.. ပိလေးရဲ့ အချစ် တွေကို ကို့ရဲ့ နှလုံးသားထဲမှာ ဆက်ထားပေးလေ.. ပိလေး အပြင် လောက မှာ မရှိတော့ ပေမယ့် ကို နှလုံးသား ထဲမှာ ဆက်ရှိ နေလို့ ရတာပဲ.. ကို့ နှလုံးသား ထဲမှာ အမြဲ ရှင်သန် နေမယ်လေ.. ကို က ပိလေးကို ရှင်သန်ခွင့် ပေးထားမယ် ဆိုရင်ပေါ့.. နော်..”

“ ကလေးလေးရယ်”

နှစ်ယောက်လုံး မငို နိုင်လောက်အောင် အသံ မထွက် နိုင်လောက်အောင် ဆို့နင့် ကြေကွဲ စွာဖြင့် တစ်ယောက် လက်ကို တစ်ယောက် တင်းတင်း ဆုပ်ကိုင် ထားခဲ့ ကြသည်။ အဲဒီနောက် သူတို့ နှစ်ယောက်အချိန်ကို အပျော် ဆုံး အသုံးချ ခဲ့ကြသည်။ အပန်းဖြေ ခရီးတွေ ထွက်သည်။ အိမ်မှာ ၂ဦးတည်း ရုပ်ရှင် တကားပြီး တကား ကြည့် ရင်း နေကြာစေ့တွေ တဖျောက်ဖျောက် စားရင်း တစ်ယောက် ကို တစ်ယောက် ပွေပွေ လီလီ နောက်ပြောင် ကြရင်း ရယ်မောရင်း အချိန်တွေကို အကောင်းဆုံး အသုံးချ ခဲ့ကြသည်။

အခုရော.. ခုလဲ ပိလေးက သူကြိုက်သော သစ်ခွ ပန်းအိုးလေးကို တယုတယ ရွှန်းရွှန်းစားစား ကြည့်ရင်း ပျော်နေ မည်ကို သူသိသည်။ သူ ညဘက် အိမ်ပြန် နောက်ကျရင် သူ့ကိုလဲ စိုးရိမ်ပြီး သူကိုယ်တိုင်လဲ ကြောက်တတ်သော ပိလေးကို နှစ်သိမ့်ဖို့ စောစော ပြန်နေကျ အတိုင်း ညဉ့်မနက်ခင် သူ အိမ်ပြန် လာခဲ့လေသည်။

Read More...

Wednesday, January 23, 2008

အကြောက်တရားရဲ့ စည်းသတ်ဘောင်

ဒီ ဗွီဒီယို ဖိုင်လေးကို မနိုင်းနိုင်းစနေ ဘလော့မှ စကြည့်ဖူးတည်းက အတွေးတွေ များနေ ခဲ့ပါတယ်။


တောဘုရင် ခြင်္သေ့များ အုပ်စုလိုက် လိုက်ဖမ်းတော့ ပြောင်ကြီး ပြေးလိုက်တာမှ အမြီးကို တန်းနေတာပါပဲ။ ဒါ များ သဘာဝပဲ ဘာထူးဆန်း လို့လဲ လို့ အထွန့်တက် စရာ ရှိပါတယ်။ ဒါပေမယ့် သူ့ကလေးကို ခြင်္သေ့တွေ မိသွားပြီလဲ ဆိုရော သားသမီး ဇောနဲ့ ပြောင်တွေ အုပ်လိုက် ကြီးကို စည်းရုံးပြီး ခေါ်ချ လာရော။ ပြောင်အုပ်က ရံပေး ထားပြီး အုပ်စုလိုက် ရှိနေတဲ့ ခြင်္သေ့ တွေကို ပြောင်တွေက ရဲရဲဝံ့ဝံ့ ပြန်လည် တိုက်ခိုက် ကြတာမှာ နောက်ဆုံး တောဘုရင် ဆိုတဲ့ ခြင်္သေ့လဲ ရှုံးပြီး ပြန်ထွက်ပြေး ရတော့ တာပါပဲ။ ပြောင်သားလေး ကိုလဲ မတွေး ၀ံ့တဲ့ အခြေအနေ ကနေ ပြန်လည် ကယ်တင် လိုက်နိုင် ပါတယ်။ အသိဉာဏ် မရှိတဲ့ အဟိတ် တိရစ္ဆာန် ဆိုတဲ့ ပြောင် တွေမှာတောင် အခြေခံ စဉ်းစား တတ်တဲ့ အချင်းချင်း စည်းလုံးမှု ရှိကြ ပါသေးတယ်။ ခံစားချက်တွေနဲ့ မှန်ကန်အောင် တုန့်ပြန် တတ်မှုတွေက အံ့မခန်းပါပဲ။ ဒါဆို ကျွန်မတို့ လူတွေ ကရောရှင် ???

နေရာတိုင်းမှာ ကန့်သတ်ချက် ဘောင် ဆိုတာ ရှိပါတယ်။ ခံစားချက်မှာလဲ ကန့်သတ်ချက် ဘောင် ဆိုတာ ရှိပါတယ်။ ခံစားချက် ကုန်သွားရင် ခံစားနိုင်တဲ့ ကန့်သတ်ချက် ကုန်သွားရင် စိတ်ကုန်တယ် ဆိုတဲ့ စကား သုံးလေ့ ရှိပါတယ်။ စိတ်ကုန်တယ် ဆိုတာ လက်လျှော့ အရှုံးပေးတာ မဟုတ်ဘဲ ခံစားချက် တစ်ရပ် ကုန်ဆုံး တာပါ။

အတိုင်းအတာ ကန့်သတ်ချက် တစ်ခုထက်ပိုတဲ့ ဖိနှိပ် ရက်စက်ခြင်း အောက်မှာ အကြောက်တရားနဲ့ ကြောက် စိတ် ဆိုတဲ့ ခံစားချက် ဟာလဲ ကုန်ဆုံး သွားတတ် ပါတယ်။ ကုန်ဆုံးရုံ သက်သက် မဟုတ်ဘဲ သေချာတာ တစ်ခု က အကြောက် စည်းဘောင်ကို ကျော်လွန်တဲ့ အခါ အမုန်းမှာ ရင်ဆိုင်ခြင်းတွေ နောက်က ကပ်ပါ လာပါ တော့တယ်။ တောဘုရင် ခြင်္သေ့ အုပ်လိုက်ကို ပြောင်တွေ သားသမီးဇောနဲ့ ဘယ်လို မောင်းထုတ် လိုက်တယ် ဆိုတဲ့ ပြချက်ဟာ အကြောက်တရား ကုန်ဆုံးမှု နောက်မှာ အမုန်းတရားနဲ့ တော်လှန်ခြင်း ကပ်လိုက် ပါလာ တတ်တယ် ဆိုတာရဲ့ သက်သေပဲ ဖြစ်ပါ တော့တယ်ရှင်။

Read More...

ဘလော့ဂါတို့ရဲ့ တောင်ပံ

အပြင်မှာ မမြင်ဖူးကြပေမယ့်
စိတ်ချင်းနီးလို့ ခင်မင်
စကားလုံးနဲ့ ဖွဲ့တဲ့ ဘလော့ ကောင်းကင်မှာ
စိတ်ကူး တောင်ပံ ဆန့်လို့ ခရီးနှင်
ငါတို့ရင်ခုန်သံချင်း ပွင့်လင်း ခင်မင် ခဲ့ကြတယ်…

တိမ်ညစ်တို့ ဖရိုဖရဲ
မိုးခါးမိုးတွေ စဲတဲ့ တနေ့မှာပေါ့
လင်းလက် နွေးထွေးတဲ့ နေခြည်လှုံရင်း
လက်တွေ့လောက ကောင်းကင်ပြင်ပေါ်
ငါတို့ရဲ့ တောင်ပံများကို ဖြန့်ဝဲရင်း
လွတ်လပ်ရေးတေး သီကြူးနိုင်ဖို့ …

သူငယ်ချင်းတို့ရေ….
ငါတို့ကောင်းကင်ပေါ်က
တိမ်ညစ်တို့ ဝေးလွင့်စေဖို့
ငါတို့ တောင်ဟုန်နဲ့ ခတ်ထုတ်
ငါတို့ ခွန်အားနဲ့ မောင်းထုတ်ဖို့

တောင်ပံ သွေးဖို့ တွေးကြစို့ …
တောင်ပံ သန်ဖို့ မာန်မြှင့်စို့…
တောင်ဟုန်စွမ်းဖို့ အားမွေးစို့…

Read More...

ကျွန်မ သိတဲ့ ဇန်န၀ါရီ မွေးနေ့ရှင် ဘလော့ဂါများ မွေးနေ့ အသီးသီးမှ သက်ဆုံးတိုင် ပျော်ရွှင်စွာ ဘလော့နိုင်ကြပါစေ..

ဇန်န၀ါရီ 1 ရက် မွေးနေ့ရှင် ဂျေဂျေ
ဇန်န၀ါရီ ၁၂ ရက် မွေးနေ့ရှင် လေးမ
ဇန်န၀ါရီ 19 ရက် မွေးနေ့ရှင် ပင့်ခ်ဂိုးလ်
ဇန်န၀ါရီ 21 ရက် မွေးနေ့ရှင် မင်းသစ္စာ
ဇန်န၀ါရီ 22 ရက် မွေးနေ့ရှင် မအိမ့်ချမ်းမြေ့ (ဘာညာ့ ဘလော့မှာ တွေ့လို့ :) )
ဇန်န၀ါရီ 24 ရက် မွေးနေ့ရှင် မောင်ပွတ် (ဇန်န၀ါရီဖွား ညီအကို သုံးယောက်လုံး :) )
ဇန်န၀ါရီ 25 ရက် မွေးနေ့ရှင် ကိုလင်းဦး
ဇန်န၀ါရီ 29 ရက် မွေးနေ့ရှင် စိန်မမ
ဇန်န၀ါရီ လဖွား ဖြစ်ပေမယ့် မွေးနေ့ ရက်စွဲ မသိလိုက်ရတဲ့ မောင်မျိုးမောင်နိုင် မြလွှာ သိုးမလေး ရွှန်းမီ စမိုင်းမေ တို့ အားလုံး အတွက် မွေးနေ့ ဆုတောင်း ကဗျာလေး ရေးပေး လိုက်ပါတယ်။

မွေးနေ့ဆုတောင်း

အပြင်မှာ မမြင်ဖူးပေမယ့်
စိတ်ချင်းနီးလို့ ခင်မင်
စကားလုံးနဲ့ ဖွဲ့တဲ့ ဘလော့ ကောင်းကင်မှာ
စိတ်ကူး တောင်ပံ ဆန့်လို့ ခရီးနှင်
ငါတို့ရင်ခုန်သံချင်း ပွင့်လင်း ခင်မင် ခဲ့ကြတယ်…

မွေးနေ့တဲ့!!!
ဘ၀ရဲ့ သမိုင်းမှတ်တိုင်
တစ်တိုင်ပြီးတစ်တိုင် ချန်ရစ်
လက်ရှိနောက်ဆုံး တစ်တိုင်ကို
ဘယ်လို ပုံစံနဲ့ စိုက်ထူရစ်မလဲ
အတွေးရဲရဲ အရေးရဲတဲ့ ဘလော့ဂါရေ…

ကလောင်တစ်ခုနဲ့ ဘလော့ပေါ် ခရီးနှင်
နှလုံးသား တွေကို အရောင်ကောင်းအောင် ပြုပြင်နေတဲ့
ကလောင်ရှင်တို့ မွေးနေ့မှသည်
သက်ဆုံးတိုင် အနုပညာနဲ့ ပျော်မွေ့
နှလုံးစိတ်ဝမ်း ချမ်းမြေ့ ကြပါစေ….

Read More...

Tuesday, January 22, 2008

ရွှေမြန်မာကို ဘယ်လို စာလုံး ပေါင်းမလဲ

မြန်မာ နိုင်ငံသား များဟာ ရွှေ ကြိုက်တဲ့ လူမျိုး ဖြစ်သလို ရွှေထွက်ရာ မြေကို ပိုင်ဆိုင်သူများလဲ ဖြစ်ပြီး ရွှေရောင် ၀င်းတဲ့ စေတီ ပုထိုး ပေါများရာ အမိ မြန်မာ နိုင်ငံတော်ကို ရွှေ နိုင်ငံတော်လို့ တင်စား ကြပါတယ်။ မိမိ ကိုယ်ကိုလဲ ရွှေများလို့ တင်စား ခေါ်ဝေါ် ကြပါတယ်။ အဲဒါဟာ ဟိုးးးး ပဒေသရာဇ် ခေတ် တည်းက ခုထိ ပါပဲ။ နိုင်ငံခြားရောက် မြန်မာများဟာ အချင်းချင်းကြား မြန်မာလူမျိုး ဆိုတဲ့ စကားလုံး အစား ရွှေလို့ စကားဝှက် သုံးနှုံး ကြပါတယ်။

ရွှေစစ်ရင် ငရဲမီးကို ကြောက်စရာ မလိုဘူး။ ရွှေစစ်ရင် အက်ဆစ် အစားခံတယ်။ ရွှေစစ်ရင် မီး မကြောက်ဘူး ဆိုတဲ့ စကားတွေဟာ ရွှေပန်းထိမ် သမားများ ပြောလေ့ ရှိတဲ့ စကားလဲ ဖြစ်သလို ရှေး မြန်မာ ကြီးများက ကိုယ့်ကိုယ်ကို သီလဂုဏ်၊ အမျိုးသား ယဉ်ကျေးမှု စွမ်းရည် အစရှိတာတွေ အပေါ် ဂုဏ်ယူ ၀ံ့ကြွားစွာ တင်စား ပြောဆို ကြတာလဲ ဖြစ်ပါတယ်။ သီလ လုံခြုံလို့၊ ကိုယ်ကျင့်တရား ကောင်းမွန်လို့ ငရဲကျမှာ မဟုတ်တဲ့ အတွက် သီလကို ယုံကြည်လို့ ငရဲကို ကြောက်စရာကို မလိုသူ၊ အဘက်ဘက်က စမ်းသပ် စစ်ဆေး ခံနိုင်သူ အဖြစ် ဂုဏ်ယူ ၀ံ့ကြွား ကြတာ ဖြစ်ပါတယ်။

၂၁ရာစု ခေတ်သစ် ရွှေ မြန်မာ တို့ကရော … ကိုယ့်ကိုယ်ကို ဘယ်လို ရွှေ မြန်မာ အဖြစ် စာလုံး ပေါင်းနေကြ ပါ သလဲ။ ကိုယ့်ကိုယ်ကို ပြန်မေးကြ စေချင် ပါတယ်။ မိုက်တွင်း နက်လွန်းပြီး ငရဲကျမှာ မကြောက် ရလောက်အောင် လောဘ၊ ဒေါသ၊ ရာဂ မီးတွေ ဟုန်းဟုန်း တောက်နေ ကြလို့လား၊ ဘာကြောင့် ဘယ်လို အကြောင်းကြောင့် ငရဲ မကြောက် ကြသလဲ အဓိပ္ပာယ် ဖွင့်ဆိုမှု စာလုံးပေါင်း ချင်းတော့ မတူ ပါဘူး။ ကျွန်မတို့ ၂၁ ရာစု ရွှေ မြန်မာကို ဘယ်လို စာလုံး ပေါင်းကြ မလဲရှင်။ ကိုယ့်ခေတ်က ရွှေ မြန်မာကို ဘယ်လို စာလုံးပေါင်းနဲ့ သမိုင်း တွင်စေ ချင်ပါ သလဲရှင်။

Read More...

“အမေများနေ့“ မှာ မင်္ဂလာ အရှိဆုံး ဖြစ်အောင် ဘယ်လို ကျေးဇူး ဆပ်မလဲ

ပြာသိုလပြည့် ဖြစ်တဲ့ ဒီနေ့ကို မြန်မာနိုင်ငံက အမေများနေ့ အဖြစ် သတ်မှတ်ထားပါတယ်။ အနန္တော အနန္တ ငါးပါး ဂိုဏ်းဝင် မြင်းမိုရ် တောင်ဦး မက ကျူးတဲ့ မွေးကျေးဇူးရှင် အမေ များရဲ့ ဂုဏ်ရည်ဟာ မြတ်စွာဘုရား ကိုယ်တော် တိုင် နတ်ပြည်ထိ တက်ရောက် တရားဟော ကျေးဇူး ဆပ်ရ လောက်အောင် ကြီးမြတ် လှပါတယ်။ မြတ်စွာ ဘုရားရဲ့ မွေး မိခင် မယ်တော် မာယာဟာ မြတ်စွာဘုရား ၇ ရက်သားမှာ နတ်ရွာ စံတဲ့ အတွက် ချစ်သနား လွန်းလို့ သားရင်း ကို နို့ထိန်း လက်ကို အပ်ပြီး မြတ်စွာ ဘုရား အလောင်းတော် မင်းသား လေးကို ကိုယ်တိုင် နို့ချို တိုက်ကျွေး ပြုစု စောင့်ရှောက် တဲ့ အဒေါ်ရင်း ဖြစ်သူ ကျေးဇူးရှင် မိထွေးတော် ဂေါတမီ ကိုလည်း သာသနာ့ဘောင် ၀င်ရောက်ခွင့် ပြုပြီး ရဟန္တာ ထေရီမကြီး အဖြစ် နိဗ္ဗာန် သို့တိုင် ရောက်အောင် တရား ဟောပြ ကျေးဇူး ဆပ်တဲ့ အတွက် နို့ နှစ်လုံး ဖိုးလုံး ကျေပါပေတယ်လို့ ထေရီ အပဒါန်မှာ မိထွေးတော် ဂေါတမီ ကိုယ်တိုင် ဒီလို ဥဒါန်း ကျူးရင့် ခဲ့ပါတယ်။

ငါဟာ သားဘုရားကို နို့ချို တိုက်ကျွေး ပြုစု ပေမယ့် ငါ့နို့ချိုဟာ တခဏသာ ဆာလောင် မွတ်သိပ်မှုကို ပြေပျောက် စေပြီး လောကီ အစီးအပွား ဖြစ်တဲ့ အသက်ခန္ဓာ ပွားစည်းရေးကိုပဲ ဖြည့်ဆည်း ပေးနိုင်ခဲ့တယ်။ သားဘုရားက ပြန်လည် တိုက်ကျွေးတဲ့ လောကုတ္တရာ တရား နို့ချိုရည် ကတော့ သံသရာ တလျှောက်လုံး ကိလေသာ လိုချင်မှု တရား တွေကို ငတ်မွတ် တောင့်တ ဆာလောင် မွတ်သိပ် လာခဲ့ရာက တစ်သံသရာ လုံးစာ ငတ်မွတ်မှု ကင်းပျောက် လို့ နိဗ္ဗာန်တည်း ဟူသော အရသာ အမြိုက် တရားကို ရပါ ပေတယ်။ သားတော် ဘုရားရဲ့ ဓမ္မ နို့ချိုကြောင့် သား ဘုရားဟာ င့ါနို့ဖိုး ၂လုံး ဖိုးလုံး ကြေပါ ပေတယ် .. သွေးကနေ ဖြစ်တဲ့ နို့ချိုထက် တရား နို့ချိုက အတိုင်းမသိ ပိုလို့ မြင့်မြတ်လှ ပါတယ်လို့ ဥဒါန်း ကျူးရင့် တော် မူပါတယ်။

မြတ်စွာဘုရား ကိုယ်တော်တိုင်ကလဲ အမြင့်မြတ်ဆုံး ပုံစံနဲ့ မိဘ ကျေးဇူး အကျေ ဆပ်နည်းကို ဒီလို မိန့်ကြား သွားပါသေးတယ်။

ချစ်သားတို့.. အကြင်ယောက်ျားသည် မိဘ နှစ်ပါးကို ၀ဲယာ ပုခုံး နှစ်ဖက်ပေါ် တင်လျက် မိဘ ၂ပါးတို့ စိတ်တိုင်းကျ အသက်ထက်ဆုံး ပြုစု လုပ်ကျွေး ငြားအံ့။ ထိုယောက်ျား၏ ပြုစု လုပ်ကျွေးမှုကို အမြင့်မြတ်ဆုံးဟု ငါဘုရား မဟော သေး။ အကြင်သူသည် ကံ၊ ကံ၏ အကျိုး တရား တို့အပေါ် သဒ္ဓါ တရား နည်းပါးသော မိဘ တို့အား ယုံကြည်မှု သဒ္ဓါ တရား ခိုင်မြဲ လာအောင်၊ သီလ မရှိ သေးသော မိဘကို အကျင့် သီလနဲ့ ပြည့်စုံ လာအောင်၊ ကုသိုလ် အကုသိုလ် တရား တို့ကို မသိ သေးသူ မိဘ တို့ကို သိအောင်၊ နိဗ္ဗာန် ရောက်ကြောင်း တရားတော် များကို မသိ မနာကြား ဖူးသေးသော မိဘ တို့ကို သိအောင် နာကြား နိုင်အောင် ပြုစု ဆောင်ရွက် နိုင်ငြားအံ့။ ထိုသူရဲ့ တရားဖြင့် မိဘ ကျေးဇူး ဆပ်နည်းကို အမြင့်မြတ်ဆုံး မိဘ ကျေးဇူး ဆပ်နည်းဟု ငါဘုရား ဟော၏ လို့ မိန့်တော် မူခဲ့ ပါတယ်။

မြတ်စွာ ဘုရား ကိုယ်တော်တိုင်ကလဲ ခမည်းတော် သုဒ္ဓေါဒန မင်းကြီးနဲ့ မယ်တော် မာယာ၊ မိထွေးတော် ဂေါတမီ အစရှိတဲ့ ကျေးဇူးရှင် အားလုံးကို တရား ဟောပြ ခြင်းဖြင့် ( တနည်း ဆိုရသော် သားသမီးက မိဘကို ပြန်လည် တရား ဟော လမ်းမှန်ကို ညွှန်ပြ ခြင်းဖြင့်) ကျေးဇူး ဆပ်တော် မူခဲ့ ပါတယ်။ မြတ်စွာဘုရားရဲ့ လက်ယာတော်ရံ အဂ္ဂ မဟာ သာဝကကြီး ဖြစ်တဲ့ ပညာအရာ ဧတဒဂ်ရ ရှင် သာရိ ပုတ္တရာ ကိုယ်တော်မြတ်ကြီး ဟာလဲ သွေးဝမ်း သွားတဲ့ ဝေဒနာ ခံစား နေရ လျက်က ခရီး ပန်းတာ သည်းခံလျက် အယူ မှားပြီး ဗြဟ္မဏ ၀ါဒကို ကိုးကွယ် နေတဲ့ မယ်တော် သာရီ ပုဏ္ဏေးမကြီး ထံကို အရောက်ပြန်ကာ တရားဟောပြလျက် ထေရ၀ါဒ သာသနာကို သက်ဝင် ယုံကြည် စေခဲ့ ပါတယ်။ မြတ်စွာ ဘုရားရော ပညာ အရာ အသာဆုံး ဧတဒဂ် ရတဲ့ အဂ္ဂ သာဝက ကြီးကပါ မိရိုးဖလာ အယူမှားကို မယူကြဘဲ ပညာနဲ့ ဆင်ခြင်ပြီး တရားစစ် တရားမှန်ကို ရှာဖွေသူများ ဖြစ်ကြ ပါတယ်။ ရှာဖွေ တွေ့ရှိတဲ့ တရားစစ် တရား မှန်ကို မိဘ များအား ပြန်လည် ဝေမျှ ခံစား စေသူများ ဖြစ်ကြ ပါတယ်။ ဒါကြောင့် မိဘ မေတ္တာ စုန်ရေသာ ရှိတယ် ဆန်ရေ မရှိဘူး ဆိုတဲ့ စကားကို ပြန်လည် ဆင်ခြင် စဉ်းစားဖွယ် ဖြစ်ပါတယ်။ ဒီလောက်ဆိုရင် သားသမီးက မိဘကို မှန်ကန်သော တရား ပြသပြီး ကျေးဇူး ဆပ်ခြင်းကို မြတ်စွာ ဘုရား ချီးမွမ်းတော် မူတာကို ရှင်းလင်း ပြတ်သား စွာ တွေ့နိုင်ပါတယ်။

မြတ်စွာ ဘုရားရဲ့ ဖခမည်းတော် သုဒ္ဓေါဒန မင်းကြီး ဟာလည်း ဘုရား တောထွက် စဉ်က တကြိမ်၊ သားငယ် နန္ဒ မင်းသား နန်းတက်ပွဲမှာ ဆွမ်းခံကြွရင်း အပြန် သပိတ်ပိုက်ခိုင်းပြီး ရဟန်းဝတ်ပေး ခံလိုက်ရ စဉ်က တကြိမ်၊ မြေးတော် ရာဟုလာ ၇နှစ်သား အရွယ်မှာ အမွေတောင်းခိုက် ကိုရင် သာမဏေ ပြုပေးတာ ခံလိုက်ရစဉ်က တကြိမ် သံယောဇဉ် အပူမီးများကြောင့် ငိုကြွေး ခဲ့ရသမျှ မြတ်စွာ ဘုရား ဟောကြားသော တရား တော်ကို နာကြား ကျင့်ကြံ ပြီးနောက် တစ်သံသရာ လုံးစာ အို၊ နာ၊ သေဘေး များကြောင့် ငိုကြွေး ရသမျှ မျက်ရည် များကို ပယ်သုတ် ပေးသော မအို၊ မနာ၊ မသေရာ နိဗ္ဗာန်ကို ဆိုက်ရောက် ရလို့ သားဘုရားရဲ့ ကျေးဇူး ကြီးလှ တယ်လို့ ဥဒါန်း ကျူးရင့်တော် မူပါတယ်။

မြတ်စွာဘုရားရဲ့ တရားတော်များ ထေရ၀ါဒ သာသနာမှာ ဒီလို အခိုင်အမာ ပါရှိ ပါလျက် ဗုဒ္ဓ ဘာသာကို အများဆုံး အခြေခံ ထားတဲ့ မြန်မာ့ ရိုးရာ ယဉ်ကျေးမှု အစဉ် အလာကို ပြောင်းလိုတဲ့ အချို့သော သူများဟာ မျက်မှောက်ခေတ် ပြည်သူများ စား၊ ၀တ်၊ နေ၊ ရေး ကြပ်တည်း မှုကြောင့် ဘာသာ တရားကို လေ့လာ လိုက်စား နိုင်မှု အားနည်း တာ ကို အခွင့်ကောင်းယူပြီး ဘာသာရေးကို ခုတုံး လုပ်ပြီး အတ္တ ကြီးမား လွန်းတဲ့ လူတချို့ရဲ့ အလိုကို လိုက်ပြီး သံဃာ အတု များကို ဖန်တီးကာ အာဏာရှင် ယဉ်ကျေးမှုကို ဖန်တီး ထူထောင် နေကြ ပါတယ်။ “မိဘ ကျေးဇူး ဆိုတာ ဘုရား တောင် နို့ တစ်လုံးဖိုးပဲ ကျေတယ်“၊ “သုဒ္ဓေါဒန မင်းကြီး ရဟန္တာ အဖြစ် ပရိနိဗ္ဗာန် ပြုတော့ ဘုရား ကိုယ် တော် တိုင် အလောင်း တော်ကို ထမ်းတယ် “၊ “ မိဘကို ပြန်ပြောရင် ငရဲ ကြီးတယ်“၊ “မိဘ စကားကို တသဝေ မတိမ်း နားထောင်မှ ကြီးပွားမယ်“ “အဖေတို့ ကလဲ ၊ အမေတို့ ကလဲ စသဖြင့် “ကလဲ“ တပ်ပြီး ဝေဖန် ရင်တောင် ငရဲ ကြီးတယ်“ “မိဘ မျက်ရည် တစ်ပေါက် ကျရင် သားသမီး တသက်လုံး မကြီးပွားဘဲ ငရဲ ကျမယ်“ စတဲ့ စတဲ့ မှားယွင်း ဖောက်ပြန် နေတဲ့ ကြီးနိုင် ငယ်ညှင်း၊ အထက်အောက် ဖိနှိပ်၊ မျက်စိမှိတ် ယုံခိုင်းတဲ့ သာသနာဖျက် တရား များကို ဖြန့်ဖြူး နေကြ သလို မိဘ အများစု ဟာလဲ တဖြည်းဖြည်း အတ္တတွေ ကြီးလာ နေကြပြီး အာဏာရှင် ယဉ်ကျေးမှု ထဲကို မျောပါ စီးဝင် နေကြတာ တွေ့ရ ပါတယ်။ သာသနာဖျက် တရားများကို လက်ခံ ကျင့်သုံး နေတဲ့ မိဘ ပြည်သူ များဟာလဲ သာသနာဖျက် ရေစီးကြောင်းထဲ မသိဘဲ မျောပါရင်း အကုသိုလ် တရား ကြီးမားစွာ ရနေတာကို မသိကြ ရှာပါဘူး။ တရားကို ကြည့်ပြီး မကိုးကွယ် တတ်ဘဲ သင်္ကန်းကို ကြည့်ပြီး ကိုးကွယ်သူများ အဖြစ်များ ကြပါတယ်။

ဒါကို ထေရ၀ါဒ ရဟန်း သံဃာ စစ်စစ် များဟာ သံဃာချင်း အဓိကရုဏ်း မဖြစ်လိုတဲ့ အတွက် ကြောင့်ရော၊ အဲလို ဖြစ်ခဲ့ရင် သေချာ နားမလည်တဲ့ လူများက သံဃာများ အချင်းချင်း မတည့် မရှု ဖြစ်တယ်လို့ ထင်မြင်ပြီး ကြည်ညိုမှု သဒ္ဓါ တရား ပျက်ပြားလို့ သံဃာ စစ်များကို အထင်လွဲ ပြစ်မှားရင် အကုသိုလ် ဖြစ်မှာကို စိုးတာ ကြောင့်ရော၊ သံဃာတုကို ဘက်ပြိုင် စကား မပြောချင်တဲ့ အတွက်ရော၊ ဘာမှ အထွေ အထူး မမိန့်တော့ဘဲ ကိုယ့် ဒကာ၊ ဒကာမ များနဲ့ စာသင်သား သံဃာ တော်များ ကိုသာ တရားစစ် များကို သင်ကြား ပို့ချရင်း ကင်းကင်း နေတော် မူကြ ပါတယ်။

ကဲ.. ဒီနေ့ အမေများနေ့မှာ ကျွန်မတို့ တတွေ မြတ်စွာဘုရား ချီးမွမ်းတော် မူတဲ့ မင်္ဂလာ ရှိသော “တရားဖြင့် ကျေးဇူး ဆပ်ခြင်း“ ဖြင့် မိဘ များကို ကျေးဇူး ဆပ်ကြ ပါစို့ရှင်။

Read More...

အခု တလော

အခုတလော ဘလော့ဂါတွေ တော်တော် များများက သေခြင်း တရား အကြောင်းချည့် ရေးလိုက် ကြတာ… မ tag ဘဲကို ရေးနေ ကြတာ တိုက်ဆိုင်လှ ပါချိမ့်.. မကြာခင် ဘလော့ဂါ တစ်ဦးဦး သွားတော့ မှာမို့ တိတ်တိတ်လေး သွယ် ၀ိုက်လို့ နှုတ်ဆက် နေသလား မှတ်ရတယ်။ အခု တလောပဲ ကျွန်မ သီလရှင် ၀တ်ဖြစ်ပါတယ်။ တိုက်ဆိုင်စွာ မဟာစည် ဆရာတော် ဘုရားကြီးရဲ့ တပည့် တာချီလိတ် ဆရာတော်လို့ နာမည်ကြီးတဲ့ ဥပဇ္ဈာယ် ဆရာတော်က ဒီလို သြ၀ါဒ ပေးပါတယ်။

လူဆိုတာ သေမျိုး ချည့်ပဲ။ ခဏနေ သေတာနဲ့ တော်ကြာမှ သေတာပဲ ကွာတယ်။ အသေ မဦးခင် မသေခြင်း တရား ကို ရအောင် ရှာ၊ တွေ့ရင်လဲ ကိုယ်ပိုင် ဖြစ်အောင်ပြု၊ တရားဆိုတာ သိရုံ သိလို့ မရဘူး။ ရအောင် ကျင့်မှ ရတယ်၊ ရပြီးလဲ ပြန် မဆုံးရှုံး ရအောင် ကိုယ့် သန္တန်မှာ ကိန်းနေအောင်၊ ကိုယ်ပိုင် ဥစ္စာ ဖြစ်သွားအောင် လုပ်ထား ရတယ်။ ကိုယ်ပိုင် စည်းစိမ် ပွားများ အောင် ကျင့်ရသလို ကိုယ်ပိုင် တရား ပွားများအောင် ကျင့်ကြံ ရတယ်။ အဲလို ကျင့်ကြံ ဖို့ ပညာ ရှိမှ ရတယ်။ ပညာဆိုတာ နိဗ္ဗာန် သွားနည်းပဲ။ သတိမပါရင် ပညာကို မဖြစ်ဘူး။ သတိနဲ့ ပိုင်းခြား ဆင်ခြင် ဝေဖန် မှ ပညာဆိုတဲ့ အသိကို ရတယ်။ အဲဒီ အသိကို အရှိ ဖြစ်အောင် ကိုယ်တိုင်က ကျင့်ရတယ်။

လူတွေက ပါရမီ ဆိုတာကို ပြောလိုက်ကြတာ။ ပါရမီ ဆိုတာ ဘာလဲ။ အလုပ်ပဲ။ ပါရမီဆိုတာ ကိုယ်က ဖြည့်မှ ပြည့် တာ။ မဖြည့်ဘဲ ပါရမီ မပါဘူး ဆိုပြီး ထိုင်နေရင် ပြည့်ကို မပြည့်ဘူး။ နောက်ပြီး ပါရမီက ပြည့်နေဦးတော့.. ကိုယ်က ထယူ ခံစားမှ ရတာ။ ပါရမီ ပြည့်တယ် ဆိုတာ ထမင်းစားပွဲ ရှေ့ရောက် စားဖို့ အသင့် ပြင်ပေး ထားတာနဲ့ တူတယ်။ ကိုယ်တိုင်က ယူစား ဖို့တော့ လိုသေးတာပဲ။ အဲလိုပဲ တရား ရဖို့ ကျင့်ရာ မှာလဲ ပါရမီ ပြည့်ရင်တောင် ခံစား နိုင်ဖို့ အားထုတ် နေရဦး မှာပဲ။ ဘုရား ရဟန္တာတွေ ကိုယ်တိုင် တောင်မှ ဒီဖြစ်ပျက် ကိုပဲ ပြန်စပြီး ရှုတာ ပါပဲ။ သူတို့ရဲ့ အထိခံ အာရုံတွေ ဖြစ်တဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ကို အတိုက်ဓာတ် ဖြစ်တဲ့ ရုပ်အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ တွေက လာထိတာပဲ။ အဲလို ထိခိုက်မှာ သတိ ကပ်တော့ ထိကာ မတ္တမှာ ဖြစ်ပြီး ချက်ချင်း ပျက်သွားတာ သိတဲ့ အတွက် နှစ်သက်မှု၊ မနှစ်သက်မှု မပေါ် တော့ဘဲ အပူလောင် မခံရ တော့ဘူး။ သတိ မကပ် တော့ နှစ်သက်ရင် လောဘမီး၊ မနှစ်သက်ရင် ဒေါသမီး လောင်တော့ တာပဲ။

ဒီတော့ မသေခင် တစ်မိနစ် ရရ၊ ဆယ် မိနစ် ရရ အချိန် မရ ရအောင် ကြိုးစား အားထုတ်ရင်း ကိုယ့်စိတ်မှာ ဘာ အာရုံပဲ ပေါ်ပေါ်၊ ပေါ်ရာ အာရုံကို သတိနဲ့ လိုက်သိပြီး သိကာ မတ္တနဲ့ ဖြတ်ချပြီး ကိုယ့်ရဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ အထိခံ အာရုံတွေကို အပူ မလောင်အောင် အားထုတ်ပါ။ လိုက်ခံစား နေရင် မပြီးနိုင် မစီး နိုင် အလုပ်ရှုပ် တတ်တယ်။ ကိုယ့်ကိုယ်ကို ချစ် အကုသိုလ် မဖြစ်စေနဲ့။ အာရုံ ကောင်းတာနဲ့ ကြုံလဲ မှတ်ချ၊ ဖြတ် ချ၊ မကောင်း တာနဲ့ ကြုံလဲ မှတ်ချ၊ ဖြတ်ချ၊ လောက မှာ အကောင်း အဆိုး အားလုံးက ဖြစ်ပြီး ပျက်တာ ချည့်ပဲ။ လူတွေ ကသာ အကောင်းကို မပျက် စေချင် အဆိုးကို ပျက်စေ ချင်ပြီး ဖြစ်ချင် တာတွေ မဖြစ် ရလို့ ဆင်းရဲ နေကြ တာ။ သူ့သဘောကို သူ့သဘော အတိုင်း ထားလိုက်ရင် .. ပြုပြင် စီရင် မနေ ချင်ရင် ကိလေသာမီး အပူ မလောင် တော့ဘူး။ လောင်လဲ ခဏပဲ။ ဒုက္ခဖြစ်ချိန် မကြာတော့ ဖြစ်ကြော တိုတာပေါ့။ အကုသိုလ်စိတ် မပေါ်တော့ဘူး။ ပေါ် လဲ သတိနဲ့ ချက်ချင်း ပြန်ထိန်း နိုင်ရင် အကုသိုလ် မကြီး တော့ဘူး။ ကိုယ့်ကိုယ်ကို ချစ်၊ အကုသိုလ် မဖြစ်စေနဲ့တဲ့။

သေမင်းဆိုတာ သိပ်လည်တာပဲ။ လူမိုက်ကို မကြိုက်ဘူး ပညာရှိ သူတော်ကောင်း ကိုမှ ကြိုက်တယ် ရွေးခေါ်တယ်။ ဒါကြောင့် လူမိုက်တွေ အသက် ရှည်ပြီး ပညာရှိ သူတော်ကောင်း ငယ်ငယ်နဲ့ သေတယ်။ ဒါကြောင့် အသေ မဦးခင် မသေရာ တရား ဖြစ်တဲ့ နိဗ္ဗာန် ရောက်ကြောင်း တရားဦးအောင် ကြိုးစား အာားထုတ် ပါလို့ နောက်ဆုံး မိန့်မှာ သြ၀ါဒ ပေးခဲ့ ပါတယ်။


ပညာရှိ သူတော်ကောင်း ကြီးများ မိန့်လိုက်ရင် တစ်ခွန်းဆို ဆိုသလောက် အနှစ်ပါ လိုက်တာ လို့ စဉ်းစားမိတယ်။ နောက်တမျိုး စဉ်းစားတော့ သူတော်ကောင်းက ကုသိုလ် ကောင်းမှုပဲ လုပ်တော့ မကောင်းတဲ့ သူတွေ ကြီးစိုး နေတဲ့ နေရာမှာ နေရင်း ၀ဋ်ခံ စရာ မလိုတော့ စောစော စီးစီး ကောင်းရာ မွန်ရာ ရွှေ့ထား လိုက်တာလဲ ဖြစ်နိုင် တယ်လို့… ဟုတ်တယ်လေ. လူ့ပြည်မှာ အဘိုးကြီး အဘွား ကြီးတွေ နတ်ပြည် ရောက်ပါစေ ဆုတောင်း နေတာ.. ကလေး တွေ ကို နောက်ဘ၀ နတ်သား နတ်သမီး လေးတွေ ဖြစ်ပါစေလို့ သီတင်းကျွတ်မှာ ဆုပေးတာ.. ဒီဘ၀ မသေဘဲ နောက် ဘ၀မှာ နတ်ဖြစ် ချင်လို့ ရမှ မရဘဲ။ နတ်ပြည် ရောက်လောက်တဲ့ ကုသိုလ် ကောင်းမှု လုပ်ထားပြီး မြန်မြန်သေမှ မြန်မြန် နတ်ပြည် ရောက်မှာကိုး.. ဒါပေမယ့် ကျွန်မ ကတော့ ဘုရား ရဟန္တာ ကိုယ်တော် မြတ်ကြီး တွေတောင် ရှောင် မရတဲ့ မကောင်းတဲ့ အာရုံ တွေကို မမြင်ချင် တော့လို့ မကြုံချင် တော့လို့ နောက်ဘ၀ ဘယ်လို ဘ၀ ကိုပဲ ရမယ် ပြောပြော မလိုချင် တော့ပါ ဘူးရှင်။ ဒါကြောင့် ပဋိစ္စ သမုဒ်ပါဒ် စက်ဝိုင်းကို သညတ္ခန္ဓာ ကနေ ဝေဒနက္ခန္ဓာ မကူးခင်၊ ဝေဒနက္ခန္ဓာ ကနေ ဥပါဒါနက္ခန္ဓာ မကူးခင် ဖြတ်ချဖို့ ကြိုးစား နေမိ ပါတော့တယ်။

Read More...

Sunday, January 13, 2008

ထိုင်းကိုလာမယ့် မြန်မာ ယောက်ျားလေးများ သတိ*

မိန်းကလေးများ ထိုင်းကို လာရင် ဘယ်လို ၀တ်ရမယ် နေရမယ် ဆိုတာကျ ပြောပြီး ကျွန်တော်တို့ အတွက် လဲ ပြောဦးလေ ဆိုတဲ့ ဘလော့ဂါ မောင်လေးများ သတိထားစဖွယ် လေးများကို တင်ပြ လိုက်ပါတယ်။

အ၀တ်အစား။
ယောက်ျားလေးပဲ ဘယ်လို ၀တ်ဝတ် စပို့ရှပ်၊ တီရှပ်၊ ရှပ်အင်္ကျီနဲ့ စွပ်ကျယ်ပဲ ၀တ်စရာ ရှိတယ်လို့ ထင်စရာပါ။ အဲ.. အဲဒါလေးများဆိုပြီး
body fit ခေါ် ကိုယ်ကျပ်လေးများ ၀တ်လိုက်မယ် ဆိုရင် ဒန်တန့်တန်..
နောက်ပြီး အရောင်အသွေးလေးများကလဲ နုဖပ် နေမယ် ဆိုရင် ဒန်တန့်တန်..
နောက်တစ်မျိုး အပွင့် အခက် အဆင်လေးများကလဲ မိန်းမ၀တ် ဆန်နေမယ် ဆိုရင် ဒန်တန့်တန်
မောင်ငယ်လေးများကို အခြောက် သို့မဟုတ် နွဲ့နေသူ girlish လို့ သမုတ် လိုက်မှာ ဖြစ်ပါတယ်။ တိန်**

ဘောင်းဘီ ကတော့ အထူး မပြောတော့ပါဘူးနော်.. ဒါပေမယ့် ယောက်ျားဝတ်နဲ့ မိန်းမ၀တ် ဘောင်းဘီ များ ကိုတော့ ခွဲခြား တတ်ပြီး သားလို့ ယူဆပါတယ်။ ဖိနပ် ကိုလဲ ဒီဇိုင်းကို ကြည့်စီး ပေါ့နော့.. ထူးပေ သည် ဆန်းပေသည် ဆိုတိုင်း သွားဝယ် မစီးနဲ့လေ.. ယောက်ျားလျာ မိန်းကလေး တွေအတွက် ထုတ် ထားတဲ့ ဖိနပ် ဖြစ်နေ တတ်တယ် နော့။

အနေအထိုင်။
မြန်မာပြည်က လာတဲ့ ယောက်ျားလေးများ အထင်လွဲ ခံရဆုံး အပြုအမူက ယောက်ျားလေး သူငယ်ချင်းချင်း ပုခုံးဖက် သွားတာ၊ ပုခုံး ဖက်ရင်း ဓာတ်ပုံ တွဲရိုက်တာ၊ ပြီးတော့ လမ်းသွားရင်း အတူတွဲ ထိုင်ရင်း ခေါင်းပုတ် လက်ပုတ်၊ ဆံပင်ဖွ၊ အစရှိတဲ့ ခင်မင် ရင်းနှီးမှု ပုံပြ အမူအရာ များဟာ နိုင်ငံခြား မှာတော့ ယောက်ျားချင်း ဒီလို အလေ့ မရှိဘဲ ယောက်ျားချင်း အတူနေ gay များသာ ပြုမူလေ့ ရှိကြတဲ့ အမူအရာ ပါတဲ့။ တခါက မြန်မာ ကျောင်းသား နှစ်ယောက် ပျော်ပွဲစား ထွက်ရာမှာ အဲလို အတူ ဓာတ်ပုံ သွေးရိုး သားရိုး ရိုက်မိ ပေမယ့် သူ သဘောကျတဲ့ ထိုင်းမလေးကို သွားရောက် ပိုးပန်း ရာမှာ နှစ်ဖက် ချွန်လို့ အထင် ခံလိုက် ရတဲ့ အတွက် အတော် ကြီးကို ခံစား သွားရ တယ်လို့ ဆိုပါ တယ်နော့။

နောက်တခါ ကွင်းထိုး ဖိနပ် လှလှ လေး စီး၊ ကိုယ်ကျပ် အင်္ကျီလေးကို ဗလ ကြွားဖို့ ၀တ်ရင်း နှင်းဆီ ပန်းလေးကို ကိုင်ကာ အသည်း လေးဆီ သွားဖို့ ကားစောင့် နေတုန်း လိုက်မလား အခေါ် ခံရ တတ်တာ လဲ သတိ ထားပါ။ ဘာကြောင့်လဲ ဆိုတော့ gay များ အဖော် ရှာဖို့ သင်္ကေတ ဖြစ်လို့ပါတဲ့ ခွိခွိ။

နိုင်ငံခြားသူကို ပိုးပန်း ရာမှာ သူငယ်ချင်း အုပ်လိုက် ထမင်းစား မုန့်စား နေစဉ် တည့်တည့် သွားပြီး ညစာ စားဖို့ ဖိတ်တာဟာ ပိုးပန်းနည်း တစ်ရပ်ပါ။ ပေါ်တင် ပြောလို့ မရိုင်းပါဘူး။ အဲ.. မြန်မာပြည်မှာ ပိုးပန်းနည်း ဖြစ်နေတဲ့ သွားလေရာနောက် တကောက်ကောက် လိုက်ခြင်း၊ စာသင်ခန်းရှေ့ အိမ်ရှေ့ သွားစောင့်ခြင်း ပြုမိ တဲ့ အတွက် ပြန်ပေးဆွဲဖို့ လိုက်ချောင်း နေပါတယ် လို့ ရဲကို အတိုင်ခံ လိုက်ရတဲ့ မြန်မာ ကျောင်း သား ရှိဖူးတယ်နော့။ သူတို့ ခမျာ တကယ် ကြောက်ရှာ တာပါ :P မကြုံ ဖူးဘူး မဟုတ်လား။ ကြိုက်လို့ လိုက်ကြည့် မိတာ ပါလို့ ၀န်ခံတော့ ဘာလို့ အဲလို ဗြောင် မပြော သလဲ တဲ့လေ။ အင်းလေ ဟုတ်ပါ့။ ဗြောင် ဖွင့်ပြော လိုက်ရင် ပြီးနေ တာကို နော်။

ကဲ.. ဒီလောက်ဆို အိုကေတယ်ဟုတ်။ ကျန်တာတော့ မီးစင်ကြည့်ကပေါ့.. တော်ကြာ ကိုယ်ပိုင် အစွမ်း အစ ထုတ်ခွင့် ပိတ်ပင်လို့ လူ့အခွင့်အရေး ဖောက်ဖျက် သူကြီး ဖြစ်နေပါ့မယ်။ တော်သေးပြီနော်။

Read More...

Friday, January 11, 2008

“ပန်း“ လန်းအောင် ထားနည်း

ပန်းအိုးထိုးနည်း ပြီးတဲ့အခါ မသိမဖြစ် အရေးကြီးတဲ့ “ပန်း“ လန်းအောင် ထားနည်း ရှိပါသေးတယ်။ ပန်းအိုး ထိုးတဲ့ နေရာမှာ သုံးတဲ့ ပန်းများ၊ အရွက်များကို အကြမ်းခံ မခံ စမ်းသပ်တဲ့နေရာမှာ အရိုးမာတာ မမာတာနဲ့ မဆိုင်ပါဘူး၊ ရေမသောက်ရရင် ရေနဲ့ မထိရရင် ခဏနဲ့ နွမ်းသွား/ မသွား အပေါ်သာ မူတည် ပါတယ်။ ရေ၀မှ လန်းရင် ရေနဲ့ စူး တို့ကို အသုံးချပြီး ထိုးနိုင်ပြီး ရေမသောက်ရလဲ အကြမ်းခံနိုင်တဲ့ ပန်းနဲ့ အရွက် တို့ကို ရွှံ့စေးတုံးနဲ့ ထိုးတာ ပိုပြီး လိုသလို နေရာတကျ ထိုးနိုင်ပါတယ်။

ဒီနေရာမှာ ပန်းကို စ၀ယ် တည်းက ပညာပါပါ ၀ယ်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာ အိမ်ရှင်မ များက ပန်းဖူးကို ၀ယ်တတ် ကြပါတယ်။ အဖူးက အိမ်မှာ ဆက်ပွင့်ရင် ကြာရှည် ပန်းထိုး ခံမယ်၊ ဈေးဖိုး သက်သာတယ် စသဖြင့် လွဲမှားစွာ တွေးမိ တတ်ပါတယ်။ အဖူးကျစ်ရင် မပွင့်နိုင် တော့ဘဲ အဖူး ဘ၀ ကနေ တခါတည်း ခြောက်သွား ပါတော့ တယ်။ အဖူးပွပွ တွေကနေ ပွင့်လာရင်လဲ နုနယ်စဉ် အခါမှာ အခူး ခံလိုက် ရတာ ဖြစ်တဲ့ အတွက် အကြမ်းမခံဘဲ လွယ်လွယ် ညှိုးတတ် ပါတယ်။ ဒီတော့ အဖူးကို ၀ယ်ပြီး ပန်းအိုး ထိုးရင် ပန်းပွင့်ရဲ့ အလှကို မခံစား ရတော့ ဘူးပေါ့။ ပန်းဝယ်တဲ့ အခါမှာ အနာအဆာ မပါတာ ရွေးဝယ်နိုင်ရင် အကောင်းဆုံးပါ။ အနာ ပါရင် ရေစိမ်တဲ့ အခါ ရေနာ မိပြီး မြန်မြန် ပျက်စီး တတ်ပါတယ်။ ရေမထောင်ခင် ဈေးက ၀ယ်လာတဲ့ ပန်းများရဲ့ ကိုင်းဖျား အရိုးကို ကြည့်ပါ။ ကိုင်းဖျား က ခြောက်နေရင် လက်တဆစ်လောက် ဖြတ်ပေးပြီး ကိုင်းရင်းမှာ စိုစိမ်းစိမ်း ဖြစ်နေတဲ့ နေရာဆီ ရောက်တာကို မြင် တဲ့ အထိ ဖြတ်ပေးရပါတယ်။ မဖြတ်ရင် ရေထောင်တဲ့ အခါ ပန်းကိုင်းရဲ့ အရင်းက ဆဲလ်များက သေပြီး ခြောက် တောင် နေပြီး ဖြစ်တာမို့ ရေကို ပန်းဆီ ရောက်အောင် မပို့ နိုင်တော့ ပါဘူး။

ပန်းအလှ ပညာရှင်ဟာ ပန်းများကို အစိုးရသူ ဖြစ်ရပါမယ်။ ဆိုလိုတာက ပန်းများကို အဖူးအငုံ အဖြစ် ကြာကြာ ထားချင်၊ မြန်မြန် ပွင့်စေချင် ခဲ့ရင် အဲလိုဖြစ်အောင် ဖန်ဆင်း နိုင်စွမ်း ရှိရပါတယ်။ အပြော ကြီးလိုက် တာ ရယ်လို့ မရှိရအောင် ပန်းကို ဘယ်လို ဖန်ဆင်း မလဲ ကြည့်ရအောင်နော်

ပန်းကို မပွင့်အောင် ထားနည်း။ ။ ပန်းစည်းကို ဖက် သို့မဟုတ် သတင်းစာ စကူနဲ့ ပတ်တဲ့ အခါ ပန်းအားလုံးရဲ့ မျက်နှာပြင် အထက်မှာ တစ်ထွာ/ ၁၀လက်မခန့် ပိုထားပြီး ပန်းပွင့်များရဲ့ အောက်မှာ စုပြီး သေချာ ချည်နှောင်ပါ။ ပြီးတော့ တခါ ပန်းပွင့်များရဲ့ အထက် ပိုနေတဲ့ အစကို ပန်းများကို မထိခိုက်ရုံ ချိုချဉ်ပုံစံ လိမ်ချည်ပြီး အမှောင်ရိပ် ကျတဲ့ နေရာမှာ ရေထောင်ပါ။ အထူးသဖြင့် နှင်းဆီ ပန်းများကို Buspro၊ Paracetamol စတဲ့ဆေးပြား တစ်ပြား ကြိတ်ချေပြီး ရေ တလီတာနဲ့ ရောလို့ ရေစိမ်ရင် ကြာကြာ လန်းနေလေ့ ရှိပါတယ်။

ပန်းကို မြန်မြန်ပွင့်စေတဲ့ နည်း။ ။ ပန်းကိုင်းမှာ ပါတဲ့ အရွက်တွေကို သင်ထုတ်ပြီး ရေအေးနဲ့ ရေနွေး စပ်ထားတဲ့ ရေနွေးနွေးလေးမှာ ပန်းအိုးထိုးပြီး အလင်းရောင် ရှိရာ နေရာမှာ ချထားပါ။ ပန်းများ မြန်မြန် ပွင့်ပါတယ်။

ဘုရား ပန်းအိုးတို့ကို သာမန် ပုံစံ ပန်းမထိုးခင် ပန်းရိုးကို ဖြတ်တဲ့ နေရာမှာ (ပန်းအိုး အရှည်+ ပန်းအိုး အ၀ အကျယ်) ထက် တဆခွဲ အရှည်ကို တိုင်းပြီး ပန်းအိုး ထိုးနည်း အတိုင်း လိုတိုး ပိုလျှော့ လုပ်ပြီး ဖြတ်ရ ပါတယ်။

သစ္စာပန်းကို ပန်းအိုးထိုးရာမှာ ကိုင်းက သိပ်ရှည်နေပြီး ပန်းပွင့်များလဲ လှလှပပ ဖြစ်နေလို့ ထိပ်ဖျားကလဲ အဖူးက တအား ကျစ်နေလို့ မပွင့် နိုင်တော့ မှာမို့ ထိပ်ဖျားကို ဖြတ်ပစ် ချင်ပြီ ဆိုရင် ပန်းရိုး ငုတ်တို ဖြစ်တာကို မမြင် သာ အောင် အဖူးနဲ့ ကွယ်ပြီး တစောင်း ချွန်ချွန် ဖြတ်ပေးရ ပါတယ်။

ဈေးက ၀ယ်လာတဲ့ ဂန္ဓမာပန်းကို အိမ်ရောက်ရောက်ချင်း ပန်းကိုင်းဖျားကို လက်တဆစ်လောက် ဖြတ်ချ၊ အရွက် အတက်တွေ အကုန်ဖြတ်၊ အဆစ်တုံး ပါနေရင် ဖြတ်ချပြီး ရေထောင်ရ ပါတယ်။ ၃နာရီလောက် ရေထောင်ပြီးရင် နောက်ထပ် ၂၄နာရီ ဆက်တိုက် ရေမထောင်လဲ လန်းနေတတ် ပါတယ်။

ဒေစီပန်းတွေ ဆိုရင်တော့ ရိုးတံမှာ အညိုရောင် ကုန်သည် အထိ ဖြတ်ပြီးမှ ရေစိမ် ရပါတယ်။ လီလီပန်း ဆိုရင် ရိုးတံ အခေါင်းကို မြင်ရတဲ့ အနေအထားထိ ဖြတ်ပြီး ရေထောင် ရပါတယ်။ သစ်ခွပန်းကို ရေစိမ်မယ် ဆိုရင် ရိုးတံချည့် ရေစိမ်လို့ မရပါဘူး။ အရိုး၊ အရွက်၊ အပွင့် အားလုံးကို ရေစိမ် ရပါတယ်။ ရိုးတံ ရှည်လေ ပန်းဆီ ရေရောက်ဖို့ အချိန် ကြာလေ ပန်းလန်းဖို့ နှေးလေ ဖြစ်တာကြောင့် ပန်းရိုးတံ ဖြတ်ရာမှာ ဒီအချက် ကိုပါ ထည့် ချင့်ချိန်ပြီး ရိုးတံကို ဖြတ်ရ ပါတယ်။

နှင်းဆီကို ဆူးစူးမှာ ဆူးချင်း ငြိနေလို့ လိုချင်တဲ့ အနေအထား မရမှာ ကြောက်လို့ ပန်းထိုးရ ခက်နေရင် စိတ်မညစ် ပါနဲ့။ ကိုယ် ချန်ထား ချင်တဲ့ ထိပ်ပိုင်း အရွက် ၃ခက်လောက် ချန်ပြီး ကျန်တာကို အ၀တ် ကြမ်းနဲ့ ပတ်ပြီး သပ်ချ လိုက်ရင် ဆူးတွေ ကိုင်းတွေ ရှင်းထွက် သွားပါ လိမ့်မယ်။

နောက်ဆုံး အနေနဲ့ အရေးတကြီး မှာချင်တာကတော့ ပန်းကို ရေအေးနဲ့ ထိုးရတာ မှန်ပေမယ့် စေတနာ ပိုပြီး ရေခဲ ရည်နဲ့ ဘယ်တော့မှ ပန်းအိုး မထိုးဖို့ ပါပဲ။ ပန်းရဲ့ မိခင် အပင်ဟာ ပူနွေး စိုစွတ်တဲ့ မြေကြီး ထဲက ထွက်လာ တာကို မမေ့ပါနဲ့။ နောက်ပြီး ဘယ်လို ပန်းကို မဆို အေးရင် လန်းတယ် ဆိုပြီး ရေခဲ သေတ္တာထဲ မထည့် မိဖို့ အထူး ဂရုစိုက် ပေးပါ။ ဘာကြောင့်လဲ ဆိုတော့ သာမန်ထက် အေးတဲ့ နေရာမှာ ဘယ်ပန်း မဆို ခံနိုင်ရည် မရှိဘဲ ပုပ်ပြီး ရိဆွေး သွားတတ် လို့ပါ။ ခွန်မြလှိုင် ဆိုတဲ့ သစ်ခွပန်း တစ်မျိုးက လွဲလို့ ဘယ်ပန်းမှ ရေခဲပြင်မှာ မရှင်သန် နိုင်ပါဘူးရှင်။


Read More...

ပန်းထိုးနည်းမှ ဆရာကိုင် ပညာရပ်များ

ပန်းအကြောင်း နားလည် ရပါတယ်။ ပန်းလတ်လတ် မရလို့ ပွင့်ချပ် တချို့ နွမ်းနေတဲ့ ပန်းဆိုရင် နွမ်းနေတဲ့ ပွင့်ချပ် ကို ဆွဲမဖြုတ် ရပါဘူး။ ပွင့်ချပ် ဟန်ချက် ပျက်သွားတဲ့ အတွက် ပန်းပွင့်ရဲ့ ကျန်တဲ့ ပွင့်ချပ် များလဲ အလွယ်တကူ လိုက်ကြွေ တတ်ပါတယ်။ ဒါဆို ဘယ်လို လုပ်မလဲ။ ဒါလေးများ… နွမ်းနေ၊ ၀ါနေ၊ ပိုးကိုက် နေတဲ့ နေရာလေးကို ပွင့်ချပ်နဲ့ တူအောင် ကတ်ကြေး ထက်ထက်လေးနဲ့ ပုံဖော်ပြီး ညှပ်ထုတ် ပစ်လိုက်တာပေါ့။ ဒါလောက်ဆို အဖြည့်ခံ ငါးရိုးရွက်လေးတွေ အဖျားမှာ ခြောက်နေ ပဲ့နေရင်လဲ အဲလိုပဲ အချွန် အတက်ပုံ လေးတွေ ပေါ်အောင် ကတ်ကြေးနဲ့ ညှပ်ထုတ်ပြီး အလှဆင် နိုင်ပါတယ်။

ပန်းကိုင်းကို ဖြတ်တဲ့ အခါမှာ တုံးတိ ဖြတ်မချဘဲ စွေစောင်းစောင်းလေး ဖြတ်တဲ့ အတွက် ရွှံ့၊ သဲ၊ ကျောက်စရစ် စတာတွေ ခံပြီး ပန်းအိုး ထိုးတဲ့အခါ ထိုးစိုက်ရ လွယ်စေ ပါတယ်။
ပန်းထိုးတော့မယ် ဆိုရင် ပန်းအိုးရဲ့ နောက်ခံ အရောင်၊ စားပွဲခင်း အရောင်တွေနဲ့ လိုက်ဖက်ညီတဲ့ ပန်း အရောင်ကို ရွေးထိုးရ ပါတယ်။ ဒါမှ ပန်းအလှ ပေါ်လွင်မှာ ဖြစ်ပါတယ်။ နောက်ခံ အရောင်ဖျော့ အ၀ါနုမျိုး ဖြစ်ခဲ့ရင် နှင်းဆီနီနီ၊ အဖြည့်ခံ အရွက် အစိမ်းရင့်ရင့်၊ ခရမ်း၊ နီညို စတဲ့ အရောင်ရှိတဲ့ သစ်ခွနဲ့ အခြားပန်းများကို ထိုးနိုင်ပြီး သစ်သား ရောင် နောက်ခံ နံရံ၊ ကန့်လန့်ကာများ ရှိခဲ့ရင်တော့ ပန်းကို အ၀ါ တောက် တောက်၊ အဖြူသန့်သန့်၊ အနီဖျော့ ဖျော့နဲ့ သစ္စာပန်း ရောင်စုံများကို သုံးနိုင်ပါတယ်။ ကတ္တီပါ အနီ နောက်ခံ မှာ ပန်းအရောင်ကို အဖြူ၊ ပန်းရောင်၊ အ၀ါ နု စတာတွေ သုံးနိုင်ပြီး နက်ပြာရောင် နောက်ခံ ကန့်လန့်ကာမှာ ဆိုရင် ပန်းကို အရောင်ဖျော့ ရောင်စုံ သုံးနိုင် ပါတယ်။

အဖြည့်ခံ ပန်းရောင်စုံ နဲ့ အရွက်မျိုးစုံ တို့ကိုလဲ သိထား ရမှာ ဖြစ်ပါတယ်။ ငါးရိုး၊ ကျောက်ခက်၊ ဇော်လုံး၊ တောင် ထန်းရွက်၊ ရောင်စုံ မြန်မာ သစ္စာပန်းများ၊ starwar ခေါ် ကြယ်ပန်း ရောင်စုံ၊ ၀ါဆိုပန်း အသေးများနဲ့ ဂန္ဓမာ ပန်း အသေးများ ကိုလည်း အဖြည့်ခံ ပန်းများ အဖြစ် သုံးနိုင်ပါတယ်။ အဓိက ထိုးတဲ့ ပန်းများနဲ့ အဖြည့်ခံပန်းများရဲ့ အရောင်ဟာ မတူ ကွဲပြား ရမှာ ဖြစ်ပေမယ့် တပြိုင်နက် ထဲမှာ အရောင်ချင်း လိုက်လျော ညီထွေ ဖြစ်ရမှာလဲ ဖြစ်ပါ တယ်။ ဥပမာ ရေမွှေး နှင်းဆီ ပန်းရောင်ကို အဓိက ထားလို့ ပန်းထိုးပြီး ခရမ်းရောင် ပဲပန်းကို အဖြည့်ခံ အနေနဲ့ ရံပြီး ထိုးတာ မျိုးပါ။

နောက်ဆုံးအနေနဲ့သိရမှာက ဘာအတွက် ပန်းထိုး မှာလဲ ဆိုတာပဲ ဖြစ်ပါတယ်။ မင်္ဂလာ အတွက် ၀မ်းသာကြောင်း ထင်ဟပ်ဖို့ ပန်းထိုးမှာလား၊ အမင်္ဂလာ အခမ်းအနား ဖြစ်တဲ့ အသုဘ လိုဟာ အတွက် ပန်းထိုးမှာလား ဆိုတာပါ။ ခရစ်ယာန် လူမျိုး တို့ရဲ့ မင်္ဂလာရောင်ဟာ ပန်းနုရောင်၊ အဖြူရောင် ဖြစ်ပြီး ဗုဒ္ဓဘာသာ မြန်မာတို့ အတွက် မင်္ဂလာ ရောင်ဟာ ပန်းစီရောင် တောက်တောက်နဲ့ ရွှေဖလားရောင် ဖြစ်ပါတယ်။ ဒီလိုပဲ သက်ဆိုင်ရာ လူမျိုးအလိုက်၊ ဘာသာ အလိုက် မင်္ဂလာ အရောင်နဲ့ အမင်္ဂလာ အရောင်များကိုလဲ ကျွမ်းကျင် နှံ့စပ်အောင် သိထား ရမှာ ဖြစ်ပါ တယ်ရှင်။

Read More...

အိမ်တွင်း အလှပန်းအိုး ထိုးကြမယ်

ရှေး မြန်မာ့ နန်းတွင်းမှာ ပန်းတော်ဆက်တွေ အစဉ်အဆက် ရှိခဲ့ကြ ပေမယ့် ဘုရားပန်း ကလွဲရင် အလှပန်းကို အိမ်တွင်းထဲ နန်းတော်ထဲ ထိုးလေ့ သိပ်မရှိဘဲ ခေါင်းမှာချည့် ပန်ပစ်ကြ လို့လား၊ ဒါမှ မဟုတ် အိမ်တွင်း ပန်းထိုး အလှဆင်နည်းကို သီးသန့် ရေးသား မှတ်ထားခဲ့တဲ့ သက်သေ အဖြစ် စာထဲ ပေထဲ ထည့်မရေး ခဲ့လို့လား မပြော တတ်ပါဘူး။ ဒါမှ မဟုတ် ကိုယ်တိုင်ပဲ စာဖတ် မနာသေး တာလား၊ ရှိမှန်း မသိသေး တာလား မပြောတတ် ပါဘူး။ ခုထိတော့ မြန်မာ့ ရိုးရာ ပန်းအလှထိုးနည်း ရယ်လို့ တိတိကျကျ သေချာစွာ စာတစ်စောင် ပေတဖွဲ့ မတွေ့ဖူး သေးပါဘူး။

ဂျပန်များ ကတော့ အိမ်တွင်းနဲ့ အခမ်းအနား များမှာ သေချာစွာ ပန်းအလှ ထိုးကြ သလို ပန်း အလှထိုးနည်း စာအုပ် များလဲ ရေးသား ထုတ်ဝေ ကြပါတယ်။ အဓိက အနေနဲ့ Shin (ကောင်းကင်)၊ Soe (လူသား) နဲ့ Tai (မြေကြီး) တို့ သဟဇာတ ဖြစ်မှုကို အခြေခံပြီး ပန်းအိုး ထိုးလေ့ ရှိပါတယ်။ ဒါကြောင့် ဂျပန် ပန်းအိုးထိုးနည်းမှာ အဓိက အခက် အလက် အကိုင်းကြီး ၃ခုကို တွေ့ရမှာဖြစ်ပါတယ်။ Shin ဟာ အရှည်ဆုံး အကိုင်း၊ Soe အလတ် အနေတော် ရှည်တဲ့ အကိုင်း ဖြစ်ပြီး Tai ဟာ အတိုဆုံး အကိုင်း ဖြစ်ပါတယ်။ ဒီနေရာမှာ ကိုင်းဟာ ပန်း၊ သစ်ကိုင်းခြောက်၊ သစ်ရွက်ရှည် ဘာမဆို ဖြစ်နိုင်၊ ဖြစ်ခွင့် ရှိပါတယ်။
ဂျပန် စံနှုံး အရ Ikebana (အိခဲဘန) လို့ခေါ်တဲ့ အခြေခံ ပန်းအလှ ထိုးရာမှာ ပန်းအိုးထဲ ပန်းပင်နဲ့ ပန်းပွင့် အစစ် အတိုင်း ပွင့်နေတယ်လို့ ထင်ရအောင် အရွက်နဲ့ ပန်းတို့ မညီမညာလေး ဒါပေမယ့် သဘာဝ ဆန်ဆန် လှလှလေး အတည့်၊ တစောင်း၊ နောက်ကျော စသည် အမြင်စုံ အောင် ထိုးပေး ရပါတယ်။ ပန်းပွင့် မ ဂဏန်း အရေအတွက် ကိုသာ ထိုးလေ့ ရှိပါတယ်။ သစ်ကိုင်း ပန်းကိုင်းတွေကို ဖြတ်တဲ့အခါ တုံးတိ ဖြတ်မချဘဲ သဲထဲ၊ ရွှံ့ထဲ ထိုးရတဲ့အခါ ပိုမြဲအောင် အချွန် တစောင်း ဖြတ်ချ ရပါတယ်။ ပန်းအိုး ထိုးနည်း အဓိက အားဖြင့် လေးမျိုး ရှိပါတယ်။ သူတို့ ကတော့
(၁) Shoka (ရှောခ) {၃ပွင့်ခန့်သာ ထိုးလေ့ ရှိ}
(၂) Nageire (နငဲအိရီ) {၅ပွင့်မှ ၁၁ပွင့်ကြား ခုဂဏန်းသာ ထိုးလေ့ရှိ}
(၃) Moribana (မိုရိဘန)
(၄) Free Style တို့ဖြစ်ပါတယ်

ဒီပန်းအိုးထိုးနည်းတို့ကို အသုံးပြုတော့မယ် ဆိုရင် နောက်ခံ ကန့်လန်ကာ၊ နံရံ စသည်တို့ရဲ့ အရောင်နဲ့ ပန်း အရောင်ကို လိုက်ဖက်ညီအောင် သတိထား ထိုးစိုက်ရမှာ ဖြစ်ပါတယ်။ ဂျပန် ရိုးရာ ပန်းအိုးထိုးနည်း များဟာ ကောင်တာများ၊ စာဖတ်ခန်း၊ အိပ်ခန်းနဲ့ ရုံးခန်းများ အတွက်သာ သင့်တော်ပြီး ခန်းမများမှာ အသုံးပြုလို့ မရနိုင် မလှပ မထည်ဝါ လှပါဘူး။ ရှောခနဲ့ နငဲအိရီ နည်းတွေကို ထိုးတဲ့အခါ ပန်းအိုး မြင့်ကို သုံးပြီး ထိုးရမှာ ဖြစ်ပြီး တဖက်လှအဖြစ် အသုံးပြုပြီး ပန်းအိုး အလှထိုး စိုက်ရမှာ ဖြစ်ပါတယ်။ မိုရိဘန ကတော့ အ၀ကျယ် လင်ပန်း ဆန်ဆန် ဇောက်မနက်တဲ့ ပန်းအိုး အနိမ့်ကို အသုံးပြု ထိုးစိုက် ရမှာ ဖြစ်ပါတယ်။ ဒါမှ ပန်းခိုင်များ ကလန် ကလား ဖြစ်ခြင်းက ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။

(၁) Shoka (ရှောခ)

ပန်းကိုင်းများဟာ ပန်းအိုးရဲ့ နှုတ်ခမ်းသားမှာ မှီကပ် ထိ မထားရဘဲ ပုံမှာ ပြထားတဲ့ အတိုင်း သစ်ကိုင်း တုတ်တို များ ကို အသုံးပြုပြီး ပန်းအိုးရဲ့ အ လယ် တည့်တည့်မှာ ရှိအောင် ပြင်ဆင်ထားရ ပါမယ်။ ပန်းကိုင်း များဟာ အရင်းမှာ ပန်းအိုး နှုတ်ခမ်းကနေ တစ်လက်မ ကနေ တစ်လက်မ ခွဲခန့် အမြင့် အထိ ရှင်းပြီး အဖျားက ကိုင်းကွဲများ ရှိရပါမယ်။ ကိုင်းအလှကို ဦး စား ပေးပြီး ပန်းကို အရံ အဖြစ်သာ ဖြည့်ရ ပါတယ်။ ဒီနည်းအတွက် ကိုင်း အဖြစ် ငါးရိုးရွက်၊ ဇီဇ၀ါ ကိုင်း၊ ပုဏ္ဍရိတ်ကိုင်း၊ ဥနှဲကိုင်းနဲ့ သစ္စာပန်း အ ရွက်ရှည် များကို အသုံးပြု နိုင်ပါတယ်။ ၀ါးကိုင်း သေးသေး၊ ဒါမှ မဟုတ် တစ်ကိုင်းမှာ တပွင့်ပဲ ပန်းပါတဲ့ ပန်း အမျိုးအစားကို ထိုးရမှာ ဖြစ်ပါတယ်။

Shin= ပန်းရိုးကို ဖြတ်တဲ့ နေရာမှာ (ပန်းအိုး အရှည်+ ပန်းအိုး အ၀ အကျယ်) ထက် ၂ဆ သို့မဟုတ် ၂ဆခွဲ အရှည်ကို တိုင်းပြီး ဖြတ်ရ ပါတယ်။
Soe= Shinရဲ့ သုံးပုံ နှစ်ပုံ အရှည်ကို တိုင်းပြီး ဖြတ်ရ ပါတယ်။
Tai= Shinရဲ့ သုံးပုံ တစ်ပုံ အရှည်ကို တိုင်းပြီး ဖြတ်ရ ပါတယ်။

(၂) Nageire (နငဲအိရီ)


လိုအပ်တဲ့ ကိုင်းအနေ အထား အမှန်ကို ရဖို့ ပန်းအိုးထဲမှာ စူး၊ ရေ၊ ရွှံ့၊ သဲ၊ ကျောက်စရစ် တို့အပြင် အလှပြင်ရာမှာ သုံးသော သဲဖော့တုံး နဲ့ သံဇကာ ကိုလဲ အသုံးပြု နိုင်ပါတယ်။ အဲလို အသုံးပြုထားတဲ့ အရာတွေကို မမြင် ရဘဲ ဖုံးကွယ် ထားနိုင်ဖို့ ပန်းကိုင်းကို ဖြတ်ရာမှာ အနာ အဆာ မပါတဲ့ အရွက်မွှား တွေကို ရှင်းမပစ် ရပါဘူး။

ဒီပန်းအိုး ထိုးနည်းမှာ အဓိက ကျတာက Shin ကိုင်း ဖြစ်ပြီး သစ်ကိုင်းခြောက်ကို အသုံးပြုလေ့ ရှိပါတယ်။ ဒါ့အပြင် ရွက်ဝါတွေကို သပ်ထားတဲ့ အရိုးအဆစ်ပေါ်နေတဲ့ ဇော်စိမ်း၊ ဇော်ကျား၊ ၀ါးကိုင်းခြောက် အသေး စတာတွေကိုလဲ သုံးနိုင်ပြီး ပိန်းရွက်၊ ဂမုန်းရွက်၊ စတာတွေကိုလဲ အသုံးပြုနိုင်ပြီး တဖက်လှပဲ သုံးတာ ဖြစ်ပါတယ်။ ပန်းကိုင်းတွေကို ဖြတ်ရာမှာ
Shin= ပန်းရိုးကို ဖြတ်တဲ့ နေရာမှာ (ပန်းအိုး အရှည်+ ပန်းအိုး အ၀ အကျယ်) ထက် တစ်ဆခွဲ အရှည်ကို တိုင်းပြီး ဖြတ်ရ ပါတယ်။
Soe= Shinရဲ့ လေးပုံ သုံးပုံ အရှည်ကို တိုင်းပြီး ဖြတ်ရ ပါတယ်။
Tai= Shinရဲ့ တ၀က် အရှည်ကို တိုင်းပြီး ဖြတ်ရ ပါတယ်။

(၃) Moribana (မိုရိဘန)


သူ့စည်းကမ်းချက်ကတော့ ဇောက်မနက်ဘဲ အ၀ကျယ်တဲ့ လင်ပန်းလို ပန်းအိုး မှာ အလယ်ခေါင်မှာ ပန်းကို စု မထိုးဘဲ ဘေးနား တဖက်စွန်း ကပ်ထိုး ရတာ ဖြစ်ပါတယ်။ ရှင်း၊ စိုး၊ တိုင်း အကိုင်း သုံးခုထက် နိမ့်တဲ့ ပန်းခိုင် များကို အကိုင်း များရဲ့ အနီး တ၀ိုက်မှာ ထည့်ပြီး အလှဖြည့်ပေးရတာ ဖြစ်ပါတယ်။ နံပါတ် တစ် ဟာ ကိုင်းဖြစ်ပြီး နံပါတ် ၂ ဟာ ပန်းဖြစ်ရ ပါမယ်။ နံပါတ် ၃ ဖြစ်တဲ့ ကွက်လပ် နေရာမှာ ကိုင်း ၃ကိုင်းကို မကွယ်စေ၊ မဖုံးလွှမ်းစေတဲ့ ပန်း သို့မဟုတ် အရွက် လှလှ များကို အလှဖြည့် ရမှာ ဖြစ်ပါတယ်။

အ၀ကျယ် ပန်းအိုး ဖြစ်တဲ့ အတွက် ပန်းကိုင်းတွေနဲ့ သူတို့ ငြိမ်ပြီး ဟန်ချက်မျှ နေဖို့ သုံးထားရတဲ့ စူးတွေ၊ သဲ၊ ရွှံ့ တွေကို ပန်းအိုးထဲမှာ တိုက်ရိုက် မြင်မနေရအောင် သစ်ရွက်၊ ခရုခွံ၊ ဂျပန်မြက် အချပ်လေးများ (အစစ်/ အတု)၊ ကျောက်စရစ် အလှများ စသဖြင့် တခုခု ရရာနဲ့ ဖုံးအုပ် ထားရမှာ ဖြစ်ပါတယ်။

(၄) Free Style
ကြိုက်သလို ခံစားရသလို ထိုးနိုင်ပါပြီရှင်။ ကျောက်ခက် အနွယ်များ၊ ကြက်တူရွေး နှုတ်သီး အနွယ်များ စတဲ့ ပန်းထိုးနေကျ မဟုတ်တဲ့ ပန်းများကို အမြင် ဆန်းအောင် ဒီဇိုင်း ကန့်သတ်ချက်မဲ့ စိတ်တိုင်းကျ ခံစားပြီး ထိုးနိုင် ပါတယ်။
ဘယ်သူမဆို အားလပ်ချိန်မှာ ပန်းအိုး ထိုးရင်း ကိုယ့်ပတ်ဝန်းကျင်ကို ပန်းအလှ ဆင်ရင်း စိတ်ဖိအား တင်းကြပ်မှု တွေကို ဖောက်ထုတ်နိုင်၊ အလှအပမှာ သာယာ နိုင်ပြီး ကိုယ့်ကိုယ်ကိုလဲ အလှ ဖန်တီးရှင် တစ်ယောက် အဖြစ် ဈာန်ဝင်စားနိုင် လေးစားနိုင် စေတဲ့ ပန်းအလှ ထိုးခြင်းကို နှစ်နှစ် ခြိုက်ခြိုက် စိတ်ပါ ၀င်စားစွာ လုပ်ဆောင်ရင်း သာယာတဲ့ ပတ်ဝန်းကျင် လေးကို ဖန်တီး သူများ ဖြစ်နိုင် ကြပါစေ။

(မနုရေ ကျေနပ် နိုင်ပါစေ ရှင်)

Read More...

မိန်းကလေးများ တတ်အပ်တဲ့ ပညာများ

ဒီခေါင်းစဉ် ဖတ်မိတာနဲ့ တပြိုင်နက် အချက်အပြုတ်၊ အချုပ် အလုပ် အိမ်တွင်းမှု အလုပ်များ လို့ချည့် ပြေးမြင် မိတတ် ကြပါတယ်။ အထူးသဖြင့် ယောက်ျား အလုပ်၊ မိန်းမ အလုပ်ရယ်လို့ ခွဲခြား တတ်သူများက ဒီလို ပို ရှုမြင် မိတတ် ကြပါတယ်။ တကယ်တော့ ရှေးမြန်မာ ခေတ် အဆက်ဆက် မိန်းမများ တတ်မြောက် ခဲ့ကြတာ ဒါတွေချည့် သက်သက် မဟုတ် ပါဘူး။ သမိုင်းကို အပေါ်ယံ ရှပ် မလေ့လာဘဲ သေသေချာချာ လေ့လာမယ် ဆိုရင် စစ်သူကြီး လဂွန်းအိမ်ရဲ့ ဇနီးသည် မယ်နှင်း ကေသရာဟာ ပြိုင်ဘက်ကင်း အမွှေးနံ့သာ ပညာရှင် တစ်ဦး ဖြစ်ပြီး မင်းတုန်းမင်း ရဲ့ မိဘုရား ခေါင်ကြီး စကြာဒေ၀ီဟာ ဗေဒင် ယတြာ အတတ်မှာ တဖက်ကမ်း ခတ် ကျွမ်းကျင် တတ်မြောက်သူ ဖြစ်ပါတယ်။ အရှေ့တောင် အာရှ တလွှား တန်ခိုး ထွားခဲ့တဲ့ ဘုရင့်နောင် မင်းတရားရဲ့ မိဖုရား ခေါင်ကြီး ခင်ခင်ကြီး ဟာ စစ်သေနင်္ဂ ဗျူဟာ ပိုင်နိုင် ကျွမ်းကျင်သူ ဖြစ်ပါတယ်။ သူတို့လို နာမည်ကျော် မဟုတ်ပေမယ့် ရှေးခေတ် မြန်မာ အမျိုးသမီး တိုင်းလိုလိုဟာ ဘုန်းတော်ကြီး သင် ပညာရေးကျောင်းများက သင်ကြားပို့ချ ပေးလိုက်တဲ့ စာပေ၊ အရေးအဖတ်၊ ဂဏန်း သင်္ချာ အတွက် အချက် တို့အပြင် မိရိုးဖလာ စိုက်ပျိုး မွေးမြူရေး အတတ်၊ အခြေခံ ဗေဒင်နဲ့ အခြေခံ မြန်မာ့ ဆေးဝါး ကုသနည်း တို့ကို တတ်မြောက် ကျွမ်းကျင် ကြပါ သေးတယ်။ ဒါတွေ တတ်လို့ ရှေးခေတ် ပညာ လို့ အထင်သေးဖို့ မလိုပါဘူး။ သူ့ခေတ်နဲ့သူမို့ ခေတ်မီစွာ တတ်မြောက်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီခေတ်မှာ ပတ်ဝန်းကျင် ခေတ်ပြိုင် နိုင်ငံ များမှ သက်ဆိုင်ရာ နိုင်ငံသူ များလဲ ဒီလောက် ပဲ တတ်ကြ လို့ ဖြစ်ပါတယ်။ ဒါ့အပြင် ရှေးခေတ် မြန်မာ အမျိုးသမီး များရဲ့ ခေတ်မီခြင်းမှာ သူများ ခေတ်ကို ပုံတူ ကူးချ ခြင်းမျိုးနဲ့ ခေတ်မီတာ မဟုတ်ဘဲ ကိုယ့်ခေတ်ကို ကိုယ်တိုင် ဖန်တီး ခဲ့ကြ တာကို တွေ့ရမှာ ဖြစ်ပါတယ်။

ပုဂံခေတ်က မုဆိုးမတောင် ဘုရားတည် နိုင်တယ် ဆိုတဲ့ စကားကို ကြားဖူးကြ မှာပါ။ မုဆိုးမ ဆိုတာ လုပ်ကိုင် ရှာဖွေ ကျွေးမွေးမယ့် လင်ယောက်ျား မရှိတော့ သူပေါ့။ ဒါဆို သူ ဘာကြောင့် ဘုရား တည်နိုင် ပါလိမ့်။ အရှင်းကြီးပါ။ သူကိုယ်တိုင် အလုပ် လုပ်လို့ ပါပဲ။ ပုဂံခေတ်က မြန်မာ နိုင်ငံဟာ အာရှ တလွှား ဘာကြောင့် အင်အားကြီး နိုင်ငံ ဖြစ်ရသလဲ။ ကျွန်မ တွက်ထုတ်လို့ ရတဲ့ အဖြေ ကတော့ ယောက်ျား၊ မိန်းမ မခွဲခြားဘဲ အလုပ်လုပ် နေခဲ့ ကြလို့ ဖြစ်ပါတယ်။ မိန်းမတွေဟာလဲ နိုင်ငံသမီးကောင်း ပီသစွာ ကျရာ နေရာက မခိုမကပ်ဘဲ တာဝန်ယူ အလုပ်လုပ် နေခဲ့ ကြလို့ပါ။ ရှေးခေတ် မြန်မာနဲ့ ခုခေတ် မြန်မာ နိုင်ငံ တကာ အလယ်မှာ နေရာ ရပုံချင်း ကွာနေတာ ဘာကြောင့် ပါလဲ။ နေရာ ယူပုံချင်း၊ မှန်ကန်တဲ့ နေရာ ရဖို့ အားစိုက် ပုံချင်း ကွာနေ လို့ပါပဲ။ ရှေးခေတ် မြန်မာ များနဲ့ ခုခေတ် မြန်မာများ ဘယ်သူက ပိုတော်လို့ ဘယ်သူက ပိုညံ့ပါ သလဲ။ ခေတ်ပြိုင် နိုင်ငံများနဲ့ ယှဉ်ကြည့် စေချင် ပါတယ်။ လူတော် ဖြစ်စေ လူညံ့ ဖြစ်စေ၊ ပုခက် လွှဲတဲ့လက် ပိုင်ရှင် ဖြစ်တဲ့ အမျိုးသမီး များက မွေးထုတ် လိုက်တာပါ။ ဒီနေရာမှာ အူဝဲလို့ အော်ထွက်လာရုံ မွေးထုတ်တာကို ပြောချင်တာ မဟုတ် ပါဘူးနော်။ နိုင်ငံန့ လူမျိုး အတွက် အသုံးကျ ဂုဏ်ယူ ရလောက်တဲ့ နိုင်ငံ သားကောင်း တစ်ယောက် အဖြစ် ကာယ၊ ဉာဏ၊ စာရိတ္တ ဆိုင်ရာ အရည် အသွေး မြင့်မားစွာ လူလား မြောက်အောင် ပြုစု ပျိုးထောင် မွေးထုတ် တာကို ပြောတာပါ။

ကဲ မျက်မှောက်ခေတ် မြန်မာ အမျိုးသမီး များရော ရှေးခေတ် မြန်မာ အမျိုးသမီး များလောက် ခေတ်မီ ကြပါ ရဲ့လား။ အစွမ်း အစ ရှိကြ ပါရဲ့လား။ ကိုယ့်ခေတ်ကို ကိုယ်တိုင် မှန်ကန်စွာ အဆင့်အတန်း မြင့်မားစွာ ဖန်တီး နိုင်ကြ ပါပြီလား။ ကျွန်မလဲ ကိုယ့်ကိုယ်ကို မညှာတမ်း မေးနေမိ ပါတော့တယ်။

Read More...

မိန်းကလေးများ အတွက် မှန်ကန်သော နေရာယူမှုနဲ့ အခွင့်အရေး

ဒီဆောင်းပါးကို ရေးရခြင်း အကြောင်းရင်းက ဒီလထုတ် People magazine က ဆောင်းပါး တစ်ပုဒ်ကြောင့် ဖြစ် ပါတယ်။ နှုတ်တစ်ရာ စာတစ်လုံး ဆိုတာနဲ့ အညီ လူကြားထဲ ထုတ်ဝေ ဖြန့်ချီတဲ့ စာစောင် တစ်ခုက ရေးလိုက် တဲ့ စာသား တစ်ကြောင်းကြောင့် လူ့အဖွဲ့အစည်းကြား ကိုယ်ကျင့်တရား ဘယ်လောက်တောင် ခြစား နေပြီလဲ ဆိုတာ သိခွင့် ရလိုက် သလို ဒီလို ခြစား နေမှုကို အဟုတ် လုပ်ပြီး အတုခိုး ပိုမှား ကုန်အောင် တွန်းအား ပေးရာ ရောက်တဲ့ ဒီလို ရေးသားမှု မျိုးကို ကန့်ကွက် ရှုံ့ချ တဲ့ အနေနဲ့ ဒီဆောင်းပါးကို ရေးရခြင်း ဖြစ်ပါတယ်။ အဲဒီ အလှကုန် နဲ့ အလှ ပြင်နည်း ကြော်ငြာ ဆောင်းပါးမှာ ယောက်ျားလေး တစ်ယောက်ထက် လှပတဲ့ မိန်းကလေး တစ်ယောက်ဟာ အလုပ်လျှောက် ရာမှာ အလုပ်ရ နိုင်ခြေ ပိုများပြီး အလုပ်ခွင်မှာ ပိုနေရာပေး ခံရတဲ့ အတွက် မိန်းမ ဖြစ်ရတာ ကံကောင်းတယ် လို့ ဆိုပါတယ်။ ဒီလို ဆိုရင် လှပအောင် ပြင်ဆင် လိမ်းကျံ ခြယ်သပြီး အလှ ပြင် တော်ရင် အညုတော် အိုက်တင် အပေးကောင်းရင် ယောက်ျား လေးထက် အလုပ်ရ နိုင်ခြေ ပိုများတယ် ဆိုရင် အဲဒီလို စံနှုံးနဲ့ အလုပ် ခန့်တဲ့ လုပ်ငန်းဟာ ဘယ်လို လုပ်ငန်း မျိုးပါလိမ့်.. သာမန် ကောင်းရောင်း ကောင်းဝယ် လုပ်ငန်းသာ ဒီစံနှုံးနဲ့ အလုပ်ခန့် ရင်တော့ အောင်မြင် တိုးတက် လိမ့်မယ် မထင်ပါ။

မြန်မာ့ လူ့ဘောင် အဖွဲ့အစည်းမှာ တွင်ကျယ်နေတဲ့ မှားယွင်းတဲ့ အစဉ်အလာ တစ်ရပ်က မိန်းကလေး ဆိုတာ ဗိုင်းကောင်း ကျောက်ဖိ နေရတယ်။ အားနွဲ့သူ ဖြစ်တယ် ဆိုတဲ့ စကား ဖြစ်ပါတယ်။ ဒီအတွက် ယောက်ျားလေး များဟာ မိန်းကလေး များထက် ပိုမို အားစိုက် ပင်ပန်း ရသလို ဒီလို တာဝန်ယူရ အပင်ပန်း ခံရတဲ့ အတွက် မိန်းကလေး များထက် ပိုမို အရေးပါ လာရခြင်း အကြောင်းရင်းလဲ ဖြစ်ပါတယ်။ တကယ်တော့ အလုပ်လုပ်သူ ပိုမို အရေးပါ အရာရောက် လာတဲ့ သဘောမို့ ယောက်ျားလေး များကို ပိုမို အခွင့်အရေး ပေးတယ် မိန်းကလေး ကို နှိမ်တယ် လို့ တဖက်သတ် စွပ်စွဲရင်း နေရာ တောင်းယူလို့ မရ နိုင်ပါဘူး။ အဲလို မဟုတ်ဘဲ မိန်းမသား အားနွဲ့ သူမို့ ပို အရေးပေး ရမယ် ဆိုလာခဲ့ရင် ယောက်ျား လေးများ အတွက် တရား မျှတမှု ရှိပါ့ မလား။

ဒါကြောင့် မိန်းကလေး များ အနေနဲ့ ကိုယ့်ကိုယ်ကို အားနွဲ့သူ အဖြစ် ရေသာခို နေခဲ့လို့ အခွင့်အရေး ဆုံးရှုံး နေခဲ့ ရတာကနေ ပြန်ပြီး နေရာ ယူချင်တယ် ဆိုရင် မှန်ကန်သော နေရာ ယူမှုနဲ့ တရားဝင် သန့်သန့် ရှင်းရှင်း ယှဉ်ပြိုင်ပြီး နေရာ ယူသင့် ပါတယ်။ ဒါမှလဲ လူလေးစား တန်ဖိုးထား ခံရမှာ ဖြစ်ပါတယ်။ အဲလို မဟုတ်ဘဲ အလှ လေး ပြင်ပြီး မာယာ၊ တီတီ တာတာနဲ့ အခရာတွေ များနေပြီး နေရာ တစ်ခုကို ရဖို့ တဏှာ ရမက်နဲ့ ဖုံးလွှမ်းပြီး အပိုင် ကြံတဲ့ နည်းကို သုံးခဲ့ရင် ဒီလို ချဥ်းကပ် နည်းကို အောက်လမ်းနည်း လို့ ခေါ်ပါတယ်။ ဘယ်သူမှ မလေး စား သလို တန်ဖိုးလဲ ထားမှာ မဟုတ်သလို အဲလိုနည်းနဲ့ ရယူ ထားတဲ့ နေရာ ဟာလဲ ခိုင်မြဲ နေမှာ မဟုတ် ပါဘူး။

မိန်းကလေး ဆိုတာ ဗိုင်းကောင်း ကျောက်ဖိ အိမ်တွင်းအောင်း နေရမယ်၊ ယောက်ျားလေးနဲ့ မရောနှော ရဘူး ဆိုတဲ့ မှားယွင်းတဲ့ အစဉ်အလာ ဘယ်ခေတ်က စတယ် ဆိုတာ သေချာ မသိရ ပေမယ့် ခေတ် အဆက်ဆက် စာပေ တွေမှာတော့ တကယ့် ခေတ်များမှာ မြန်မာ မိန်းမတွေ အဲလိုချည့် နေခဲ့တာ မဟုတ် ပါဘူး။ ပုဂံခေတ် မြန်မာ မတွေဟာ ပိဋကတ် သုံးပုံ အာဂုံဆောင်ဖို့ ကြိုးစား ကြတယ်။ ကလေးတစ်ဖက် အိမ်ရှင်မ ဖြစ်လင့်ကစား အနည်းဆုံး တစ်ရက်ကို တံပူ တစ်ချောင်းစာ အရှည် စာပိုဒ် ရှိတဲ့ တရားတော်များကို နှုတ်တက် ရအောင် ကျက် မှတ် ကြိုးစား ကြတယ်လို့ စာပေ သက်သေ ရှိပါတယ်။ ရဟန်းတော် များကိုတောင် ကျမ်းစာကို ကိုယ်တိုင် ပို့ချတဲ့ အမျိုးသမီး ဓမ္မ ကထိက များ ရှိနေခဲ့ ပါတယ်။ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင် စတဲ့ ခေတ် အဆက် ဆက် မှာ အမျိုးသမီး စာဆို များစွာ နာမည် ကျော်ကြား ကြပါတယ်။ အမျိုး သမီး သိုင်းသမား စစ်သည်၊ သူလှ်ျိုမ များလဲ နာမည်များ သမိုင်းတွင် ခဲ့သလို ခေတ်အဆက်ဆက် မြန်မာ အမျိုးသမီး များဟာ ကုန်သည်၊ လယ်လုပ်တဲ့ နေရာမှာလဲ ယောက်ျား များနဲ့ တန်းတူ အလုပ်လုပ် ကြတယ်။ လောက ကျင့်ဝတ် များကို မှတ်သား နာယူ ကြ တယ်။ ယောက်ျား အရည်အချင်းကမှ အရည်အချင်း အစစ်အမှန် မဟုတ်ပါဘူး။ မိန်းမတွေ လုပ်ကိုင်ရတဲ့ အလုပ် များထဲ မှာလဲ အရည်အချင်း ရှိမှ လုပ်လို့ ရတဲ့အလုပ်တွေ အများကြီးပါ။ ရှေ့တန်းမှာ စစ်တိုက် တာမှ အရည်အချင်း မဟုတ်သလို နောက်တန်းမှာ ကလေးထိန်း တာမှာလဲ အရည်အချင်း လိုပါတယ်။ ယောက်ျားကမှ၊ မိန်းမ ကမှ၊ ယောက်ျား အလုပ်ကမှ၊ မိန်းမ အလုပ်ကမှ ရယ်လို့ ခွဲခြား သတ်မှတ် နေစရာ မလိုပါဘူး။ ဘယ်အလုပ် ကိုပဲ လုပ်လုပ်၊ ထူးချွန် ပြောင်မြောက်အောင် လုပ်ကိုင် နိုင်မှုဟာ အရည်အချင်း တစ်ရပ် ပါပဲ။

ယုတ်စွ အဆုံး ဘုရင့် သမီးတော် များပင် အနည်းဆုံးတော့ သံတမန် အတတ်များ တတ်မြောက်ကြ ပါတယ်။ တကယ် တော့ ရှင်ဘုရင်ချင်း နှမပေး၊ သမီးယူ လုပ်ကြတာ သာမန် အိမ်ထောင်ရေး မဟုတ်ဘဲ နှစ်နိုင်ငံကြား ချစ်ကြည်ရေး သံတမန် စေလွှတ်တဲ့ သဘော ဆောင်သလို အပြန်အလှန် ဓားစာခံ မွေးတယ် ဆိုလဲ မမှား ပါဘူး။ ခေတ် အဆက်ဆက် မြန်မာ မိန်းကလေးများ တာဝန် ကိုယ်စီ ထမ်းဆောင် ခဲ့ကြ ပါတယ်။ ဗိုင်းကောင်း ကျောက်ဖိ ဆိုသလို အိနြေ္ဒ သိက္ခာ မြင့်မားစွာ နေထိုင်ကြ ပေမယ့် တာဝန် မဲ့ခဲ့ တာတော့ မဟုတ်ပါဘူး။ ကျေးလက် စာဆို တို့ရဲ့ စာပေ၊ ကဗျာ၊ တေးတွေ ထဲမှာ မြန်မာ မိန်းကလေးများရဲ့ ကိုယ်ရည် ကိုယ်သွေး၊ ဉာဏ်စွမ်း ဉာဏ်စ တို့ကို တွေ့ရမှာ ဖြစ်ပါတယ်။ ရေသာခို ချင်တိုင်း အားနွဲ့သူ မိန်းမသား၊ ရိုးရာ အစဉ်အလာ ကို ထိန်းတဲ့ သူအဖြစ် အိမ်တွင်း အောင်းတယ် စသည်ဖြင့် စကားလုံး အလှသုံးပြီး တကယ် မမှန် ခဲ့တဲ့ အစဉ် အလာ တွေကို အသက် မသွင်း စေချင် ပါဘူး။ အနည်းငယ်သော နန်းတွင်း မိဖုရား စာဆိုရှင် တို့က သူတို့ ကိုယ် သူတို့ နုညံ့ သိမ်မွေ့သူ အဖြစ် အတိသယ ၀ုတ္တိ အလင်္ကာ မြောက်အောင် အလွန်အကျူး ဖွဲ့ဆိုတာ တချက်ကို ထောက်ပြီး မိန်းမ တွေတိုင်း သိပ် အားနွဲ့ နေခဲ့ ကြတယ်လို့ ယူဆလို့ ရတာ မဟုတ်ပါဘူး။

ဒီနေရာမှာ ယောက်ျားလေးနဲ့ မိန်းကလေး မရောနှော မဆက်ဆံတာ ရှေး အစဉ်အလာ အဖြစ် မှားယွင်းစွာ လက်ခံ နေတာ သတိထား စရာပါ။ ရှေးခေတ် ယောက်ျားလေးနဲ့ မိန်းကလေးများ ဘုန်းတော်ကြီးသင် ပညာ ရေး အဖြစ် ဘုန်းကြီးကျောင်းမှာ အတူတူ မခွဲမခြား စာသင် ရပါတယ်။ စစ်မှု ထမ်းသူက လွဲရင် နောက်ပိုင်း ဘ၀ တလျှောက်က လုပ်ငန်းခွင်မှာလဲ ကျား/မ မခွဲခြားဘဲ အတူ လုပ်ကိုင် ကြပါတယ်။ ယောက်ျားလေးနဲ့ မိန်းကလေး ခွဲခြားတာကို စတွေ့ရတာ ကိုလိုနီခေတ်ပါ။ သွေးခွဲ အုပ်ချုပ်ရေး ခေတ်စား တဲ့ အချိန် အခါမို့ ကွန်ဗင့်ကျောင်းများ၊ သီလရှင် များ က သင်တဲ့ မိန်းကလေး ကျောင်းများ၊ ကျောင်းအိပ် ကျောင်းစား တက်ရတဲ့ ယောက်ျားလေး ကျောင်းများ ကိုလိုနီ ခေတ် ကျမှ ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။ မြန်မာပြည် ခေတ်အဆက် ဆက် ကျား/မ မခွဲခြား တန်းတူ ရည်တူ အလုပ်လုပ်ခဲ့ နေရာယူ ခဲ့ကြ ပြီးခါမှ ကျွန်ခေတ် တစ်ခေတ် တည်းက အစဉ်အလာကို ရှေးအစဉ် အလာ အဖြစ် ဖဲ့ထုတ် ယူလို့ မရနိုင် ပါဘူး။

ယောက်ျားနဲ့ မိန်းမ ဆိုတာ တကိုယ်လုံး ခန္ဓာကိုယ် အလယ်ပိုင်းလေး တစ်နေရာ မတူ တာက လွဲလို့ ခြေ ၂ချောင်း၊ လက်၂ဖက်၊ ခေါင်းတစ်လုံး၊ ဦးနှောက် တစ်ခုစီ ပါတာချင်း အတူတူ ပါပဲ။ ခွန်အား ကြီးတဲ့ နေရာမှာတော့ ယောက်ျား မိန်းမ ကွာတာမို့ ခွန်အား ကြီး/နည်း ကွာတာ မဟုတ်ပါဘူး။ ငယ်စဉ် ဘ၀ ကတည်းက အလေ့အကျင့် အပေါ် မူတည် ပြီးသာ ကွာ တာပါ။ ငယ်စဉ်က ကြမ်းကြမ်းတမ်းတမ်း ဆော့ကစား လာခဲ့တဲ့ မိန်းကလေးဟာ ငယ်စဉ်မှာ မိဘများက နုဖတ် ထားတာ ခံရတဲ့ ယောက်ျားလေးထက် သန်မာ ထွားကြိုင်းပြီး အကြမ်းခံ နိုင်ပါတယ်။ ဒါကြောင့် မြန်မာ မိန်းကလေး များ ကိုယ့်ကိုယ်ကို အားနွဲ့သူ အဖြစ် လွဲမှားစွာ လက်ခံ နေတာကို ကိုယ့်စိတ်ကို တော်လှန်ပြီး စိတ်ဓာတ် ခွန်အား ရှိသူ၊ ကိုယ်ရည် ကိုယ်သွေး ပညာ အရည်အချင်း ခွန်အား ရှိသူ အဖြစ် နေရာ တစ်ခုကို သန့်သန့် ရှင်းရှင်း တရား မျှတမှု ရှိစွာ ရယူရင်း ကောင်းမွန် မြင့်မြတ်တဲ့ အခွင့်အရေး များကို လိပ်ပြာ သန့်သန့် ရယူ ပိုင်ဆိုင် နိုင်ကြ ပါစေ။

(ဒီနေရာမှာ မကောင်းတာကို ပြိုင်ဆိုင်ခြင်း စတဲ့ နှိုင်းယှဉ်ခြင်းများ တလွဲဆံပင် ကောင်းစွာ ပြုမူခြင်းကို မဆိုလိုပါ)***

Read More...

အမျိုးသမီး အဆင့်အတန်းနဲ့ အခွင့်အရေး

နိုင်ငံတကာမှာ ယောက်ျားလေး များနဲ့ ပတ်သက်ပြီး မိန်းကလေး များရဲ့ အဆင့် အတန်းနဲ့ အခွင့်အရေးကို ကိုယ်တိုင် မြင်တွေ့ မှတ်သား ရသမျှ တင်ပြ ပါဦးမယ်။
၁. ကတော်၊ ဇနီး မယား သို့သော် ကံဆိုးရင်တော့ ပွဲတက်မယား (မပစ်ပယ် နိုင်သေးတဲ့ အစဉ်အလာ အရ လူလေးစား နေရာပေး အခံရဆုံး အဆင့်)

၂. မယားငယ် (ဒုတိယ အဆင့် လူလေးစား ခံရ ပါသေးတယ်။ ပွဲတက် မယား မဟုတ် ပေမယ့် ဇနီး မယား တစ်ယောက် အဖြစ် ရသင့် ရထိုက်တဲ့ အကျိုး ခံစားခွင့် များကိုလည်း ရတတ် ပါတယ်။ ဒါပေမယ့် ကိုယ့် ခင်ပွန်းသည်ရဲ့ အသိုင်းအ၀ိုင်းမှာ လူရာဝင်မှု၊ ပြောရေး ဆိုခွင့် ရှိမှု များကိုတော့ ရရှိမှာ မဟုတ်ပါဘူး။)

၃. ရည်းစား (မြန်မာပြည် မှာလို သာမန် ချစ်ကြိုက်တဲ့ သမီး ရည်းစား ကို ပြောတာ မဟုတ်ပါ။ ကြိုက်လို့ အတူ နေ နေသူများ ရှိသလို အကြောင်း တစုံ တရာကြောင့် အတူ နေသူ များလဲ ရှိပါတယ်။ အိမ်ထောင် ရှိလျက်နဲ့ ရည်းစား ထားသူ များလဲ ရှိပြီး ဒီရည်းစား အတွက် တာဝန် ယူမှု နည်းပါတယ်။ တွဲနေခိုက် အလို လိုက်တဲ့ သဘော ထက် မပိုလှ ပါဘူး။ ကိုယ့်ရည်းစားရဲ့ အသိုင်းအ၀ိုင်းမှာ လူရာ ၀င်မှုလဲ မရှိလှ ပါဘူး။ ဒါကြောင့် ကိုယ့် ကိုယ်ကို တန်ဖိုး ထားသူများ ရည်းစား မထားခင် အတော် သတိထား ကြသလို စေ့စပ်ဖို့ ကမ်းလှမ်း ခံရရင် ဒါမှ မဟုတ် လက်ထပ်ခွင့် တောင်းခံရရင် အတော်ကြီးကို ၀မ်းသာ ဂုဏ်ယူ တတ်ကြ ပါတယ်။ မြန်မာပြည်က ခေါ် ဝေါ် သတ်မှတ်တဲ့ ရည်းစားနဲ့ နိုင်ငံခြားက သတ်မှတ် ခေါ်ဝေါ်တဲ့ ရည်းစားနဲ့ အဓိပ္ပာယ် သတ်မှတ် ပုံချင်း မတူ တာကို သတိ ထားသင့် ပါတယ်။)

၎. သူငယ်ချင်း၊ လုပ်ဖော် ကိုင်ဖက် (မြန်မာပြည်က စံနှုံးနဲ့ သတ်မှတ်ပုံချင်း မကွာလှ ပါဘူး။ ကိုယ်ပိုင် အရည် အချင်း ရှိရင် ရှိသလောက်၊ တာဝန် ယူနိုင်ရင် ယူနိုင် သလောက် သူ့နေရာနဲ့သူ အရေးပါ အရာရောက် လှသ လို တန်ဖိုးထား အလေးစား ခံရ တတ်ပါတယ်။)

၅. ကြေးစား သို့မဟုတ် ညဉ့်ငှက်မယ် (ရှင်းပါတယ်။ အတတ်နိုင်ဆုံး ဟိုစာလုံးကို မသုံးချင် လို့ပါ။ ဒါပေမယ့် ဒီကြေးစား မှာလဲ အဆင့် အတန်း အဓိပ္ပာယ် အမျိုးမျိုး ရှိပါတယ်။ ဒီနေရာမှာ ခန္ဓာကိုယ်၊ သွေးသားကို ရင်းနှီးပြီး အလုပ် လုပ်သူကို ဆိုလိုတာပါ။ တစ်နာရီ ဘယ်ဈေးနဲ့ အလုပ် လုပ်တဲ့ ဧည့်လမ်းညွှန်များ၊ အခြား လမ်းညွှန် အေဂျင်စီ များကို မဆိုလိုပါ *** )

၅.၁. အပင့်ဆောင်ခံ ကြေးစား (တရားဝင် မှတ်ပုံတင် ထားတဲ့ ကုမ္ပဏီ ကြီးများက ထွက်တဲ့ နိုင်ငံတကာ အဆင့် မီ ဇိမ်ခံ စားသောက်ဆိုင်၊ ဟိုတယ် များရဲ့ ဧည့်ဆောင်မှာ အကြိုတော်၊ အမှာတော် များက တဆင့် ပင့်ရ တဲ့ ကြေးစားမယ် များဟာ အတော့ကို ပညာ တတ်ကြ ပါတယ်။ ဂျပန်ပြည်က ရှေးခေတ် ဂေးရှားမယ် များလို အတတ်ပညာ များကို နှစ်ချီ လေ့လာ သင်ယူ ထားကြ သလို သက်ဆိုင်ရာ နိုင်ငံများရဲ့ ယဉ်ကျေးမှု၊ ဓလေ့ ထုံးစံများနဲ့ ဘာသာ စကားများကို ကျွမ်းကျင်စွာ တတ်မြောက် ထားကြ ပါသေးတယ်။ သာမန် ရုံးဝန်ထမ်း မိန်းကလေး ထက်ကို စမတ်ကျ နေတတ် ပါသေးတယ်။ သူတို့ဟာ ငယ်စဉ်ဘ၀ ကတည်းက ဒီအတွက် လေ့ကျင့် သင်ကြား ခံရတဲ့ အတွက်သူတို့ အလုပ်ကို ဂုဏ်ယူခြင်း ဆိုတဲ့ လွဲမှားတဲ့ အယူ အဆကြောင့် ဒီဘ၀ကို ပျော်နေကြ ပါတယ်။)

၅.၂. အဆင့်မြင့် ကြေးစား (လှောင်ပိတ်ခံ အကျယ်ချုပ် ကျသလို နေရတဲ့ ကြေးကြီးတဲ့ ကြေးစား မယ်လေးများ ဖြစ်ပါတယ်။ သူတို့ဟာ ရောင်းစား ခံရတာ ဖြစ်စေ၊ အဖမ်း ခံရတာ ဖြစ်စေ ဒီဘ၀ ရောက်လာတာ များပြီး သန့်ပြန့်တဲ့ ရုပ်ရည်နဲ့ တခြား ကြေးစားနဲ့ ယှဉ်ရင် နောက်ကြောင်း ကောင်းတဲ့ ဘ၀ နောက်ခံ ရှိတတ် ကြပါတယ်။ လစ်ရင် လစ်သလို ထွက်ပြေးဖို့ ကြိုးစား တတ်ကြ သလို အဖမ်း ခံရရင်လဲ အသေဆိုးနဲ့ အသေသတ်ခြင်း ခံရ ရှာတဲ့ ဇာတ်လမ်းတွေ ကြားဖူးပါတယ်။)

၅.၃. ခရီးဖော် ကြေးစား (အထက်ဖော်ပြပါ ကြေးစား ၂မျိုးထဲမှာ ဖောက်သည်မြဲတဲ့ ကြေးစားကို ဖောက်သည် ဧည့်သည်က အာမခံ တဲ့အခါ ဧည့်သည်နဲ့ အတူ ခရီးထွက်ခွင့်၊ အပြင်ထွက် လည်ပတ်ခွင့် ရတတ်ပါတယ်။ ထွက်မပြေးဖို့ စိတ်ချ ရလောက်တဲ့ အခြေအနေ ဆိုရင် ပိုင်ရှင်က ခွင့်ပြု တတ်ပါတယ်။ ဒီအတွက် ဖောက်သည် က အာမခံ တစ်ခုခု ပေးရတတ် ပါတယ်။ )

၅.၄. သာမန်ကြေးစား (အထူး မပြောလို ပါဘူး။ လူတိုင်း လိုလို အနည်းနဲ့ အများ သိနေကြတာပါ)

၅.၅. စူပါ ကြေးစား ( အထက်ဖော်ပြပါ ကြေးစားမယ် များထဲက ရုပ်ရည် ရူပကာနဲ့ အဆက်အသွယ်ပေါ် မူတည် လို့ စာနယ်ဇင်း များရဲ့ စာမျက်နှာနဲ့ ရုပ်ရှင် တီဗွီ ဖန်သားပြင်ပေါ်ကို ရောက်လာ တတ်တဲ့ စူပါ မင်းသမီး များ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ရွေးချယ်မှု လမ်းပေါ် မူတည်လို့ တကယ့် စူပါစတား များဖြစ်လာ ကြသူများ ရှိသလို အညှီအဟောက် ကြော်ငြာများ အတွက် ကိုယ်ဟန်ပြ ပေးရတဲ့ Porn Star များလဲ ဖြစ်သွား ကြပါတယ်။ Super star and Porn Star ကြားမှာ အမူအရာ၊ ကိုယ်ဟန်ပြပုံနဲ့ မျက်နှာပေးများလဲ သိသာစွာ ကွာခြား တတ် ပါတယ်။ တခါက နိုင်ငံခြားရောက် မြန်မာ ကျောင်းသူ မလေး တစ်ယောက် မသိဘဲနဲ့ ဆိုဖာပေါ် မှောက်ရင်း ရယ်မော နေဟန် ဓာတ်ပုံ ရိုက်ပြီး သူငယ်ချင်း များကို ပို့မိလို့ တော်တော် ကြီးကို အထင်လွဲ သိက္ခာကျ ခဲ့ရ ဖူးပါတယ်။ အနေအထိုင် တတ်ကြပါမှ တန်ကာ ကျပါတယ်။)
မြန်မာ မိန်းကလေးများ ကိုယ့်ကိုယ်ကို တန်ဖိုးထားရင်း ကိုယ်လိုချင်တဲ့ အခွင့်အရေး အတွက် ကိုယ် နေချင်တဲ့ အဆင့်အတန်းကို သတိရှိရှိ ပညာသား ပါပါ ရွေးချယ်ပြီး နေထိုင် နိုင်ကြ ပါစေ။ အနေတတ်၊ အ၀တ်အဆင် တတ်ကြ ပါစေ။

(ဒီဆောင်းပါးကို ရေးနိုင်ဖို့ အချက်အလက်များကို ကူညီ ရှာဖွေ ပြောပြ ပေးခဲ့တဲ့ Faculty of Social Science မှာ မဟာဝိဇ္ဇာ စာတမ်းပြုစုသူ သူငယ်ချင်း များကို ကျေးဇူး အထူး တင်ပါတယ်။)

Read More...

ထိုင်းနိုင်ငံက ပတ်တယား ကမ်းခြေကို အလည် လာရင် ဘယ်လို ၀တ်သင့်/ ၀တ်ချင်လဲ

နှမချင်း သမီးချင်း မစာနာ တတ်သူများ ပြောသမျှ ယုံပြီး သူတို့ လက်ဆောင် ပေးသော အ၀တ် များကို နိုင်ငံခြား ဖြစ် ဆိုတိုင်း အထင် ကြီးပြီး ၀တ်မိ သမျှ ပြည်တွင်းက မြန်မာ မလေးများ အရှက်တကွဲ အကျိုးနည်း မဖြစ်ရ လေအောင် ကိုယ်တိုင် သွားရောက် စဉ်က ဓာတ်ပုံ ရိုက်ယူ တင်ပြ လိုက်ပါတယ်။

ပတ်တယားမှာ ခန္ဓာ၊ သွေးသားနဲ့ မရင်းဘဲ အလုပ်လုပ်နေ သူလေးများ

Shopping center က ၀န်ထမ်း
စားသောက်ဆိုင် ဧည့်ကြို


တိုင်ပတ် အက မစခင်

ညဉ့်ငှက်မယ် တွေရဲ့ ၀တ်စား ဆင်ယင်ပုံ




ရိုးရိုး ကမ္ဘာလှည့် ခရီးသည် များရဲ့ ၀တ်စား ဆင်ယင်ပုံ




လင်မယား တွေရဲ့ ၀တ်စားဆင်ယင်ပုံ


ရည်းစား စုံတွဲ များရဲ့ ၀တ်စား ဆင်ယင်ပုံ


ညဉ့်ငှက်မယ် များအတွက် ၀တ်စုံများ (သာမန် ဧည့်သည် ဘယ်သူမှ မ၀ယ်ဘဲ သူမတို့သာ ၀ယ်တာကို တနေကုန် ချောင်းကြည့်ရင်း သိခဲ့ ရပါတယ်)



Read More...

တောင်းမှာ အကွပ် လူမှာ အ၀တ်

လူတိုင်းကြားဖူးပြီးသား ဖြစ်မှာပါ။ အကွပ်မရှိတဲ့ တောင်း ဖရိုဖရဲဖြစ်သလို၊ အကွပ် မကောင်းတဲ့ တောင်းဟာ တန်ဖိုး နိမ့်သလို အဲ.. အ၀တ်မရှိတဲ့လူ အ၀တ် မကောင်းတဲ့ လူဟာ လူ့တန်ဖိုး ကျတတ်တယ်လို့ ဆိုတာပါ။ ရှေး ပဒေသရာဇ် ခေတ်မှာ ဘုရင် မင်းနဲ့ မိသားစုရဲ့ အ၀တ်ဟာ မှူးမတ် မိသားစုရဲ့ အ၀တ်နဲ့ တူလို့ မရသလို အမှုလုပ် ကျေးကျွန် တို့ရဲ့ အ၀တ် တို့လဲ မတူ ကွဲပြား ရပါတယ်။ ဒါမှ လူမှားပြီး မထေမဲ့မြင် မလုပ်မိ အောင်ပါ။ သက်ဦး ဆံပိုင် ပဒေသရာဇ် ခေတ်ပေကိုး။ ယခုခေတ် မှာတော့ လူတန်းစားကို ဒီနည်းနဲ့ မခွဲခြား ပေမယ့် ကုမ္ပဏီ ၀န်ထမ်း ၀တ်စုံတွေ၊ အစိုးရ အရာရှိ ၀တ်စုံတွေ ကွဲပြားတာ တွေ့ဦး မှာပါ။

အိမ်နေရင်း အ၀တ်၊ ညအိပ် ၀တ်စုံ၊ ရုံးသွား၊ ကျောင်းသွား၊ ဈေးသွား၊ ပျော်ပွဲစားသွား ၀တ်စုံများ အ၀တ်စ တန်ဖိုး သာ မက အဆင် ဒီဇိုင်းပါ မတူညီ ရတာ တွေ့ရပါ လိမ့်မယ်။ ပွဲတက် ၀တ်စုံ၊ ဘုရား၊ ဘုန်းကြီး ကျောင်း နဲ့ ဘာသာရေး ဆိုင်ရာ အခမ်း အနား များ သွားရောက်ရင် ၀တ်တဲ့ ၀တ်စုံကတော့ အားလုံး ထဲမှာ အထူး ဂရု စိုက် ခံရတဲ့ ၀တ်စုံများ ဖြစ်ကြပြီး တခြား လာရောက် သူများရဲ့ ဂုဏ်နဲ့ အိမ်ရှင် ဖိတ်ကြား သူရဲ့ ဂုဏ်ကို လေးစားသော အားဖြင့် မိမိ ကိုယ်တိုင် ကလဲ လူ့ယဉ်ကျေးမှု စံကို နားလည်သူ အဖြစ် ကိုယ့်ကိုယ်ကို လေးစား သော အားဖြင့် အဂါရ၀ ဖြစ်စေတဲ့ မထီမဲ့မြင် သဘော ကို ဆောင်တဲ့ ၀တ်စုံကို မ၀တ်ဘဲ လေးစား ထိုက်တဲ့ ၀တ်စုံကို ၀တ်ရ ပါတယ်။

ဒီလို လေးစား ထိုက်တဲ့ ၀တ်စုံ ဆိုတာ ဘယ်လိုဟာပါလိမ့်။ အ၀တ်စရဲ့ တန်ဖိုးထက် ၀တ်စုံ ဒီဇိုင်းဟာ ပိုမို အရေးပါ အရာရောက် လှပါတယ်။ နိုင်ငံခြားမှာ ကိုယ့်မြန်မာ့ ယဉ်ကျေးမှု အရတင် မကဘဲ နိုင်ငံခြား စံနှုံးနဲ့ မြန်မာ မိန်းကလေး တစ်ယောက် အတွက် ဘယ်လို ၀တ်စုံတွေဟာ ဘယ်သဘောကို ဆောင်ပါလိမ့် ရယ်လို့ ကျွန်မ တွေးမိ မှတ်သားမိ ကြုံခဲ့ ဆုံခဲ့ ဖူးတာ လေးတွေ ကို အမှတ်တရ ဒီလို မှတ်စု ထုတ်ထား ခဲ့ဖူးပါတယ်။

စပို့ထ်ရှပ် (Sport-Shirt) ဟာ သူ့နာမည် အတိုင်း အားကစား လုပ်နေစဉ် မှာသာ ၀တ်သင့်တယ်။ မိန်းမ၀တ် စွပ်ကျယ် များဟာလဲ အိမ်ကို ဧည့်သည် မလာလောက်တဲ့ နေ့များမှာ အိမ်နေရင်း ၀တ်ဖို့သာ သင့်တော် ပါတယ်။ ဆယ်ကျော်သက် မိန်းကလေး များကတော့ အပျော် ဈေးဝယ်ထွက် ရာမှာ ၀တ်တတ်ကြ ပါသေးတယ်။

ရင်ဘတ်မှာ ဒီဇိုင်းစုံတပ် တီရှပ်ဟာ ပျော်ပွဲစားနဲ့ ရိုးရိုးဈေးသွား ဟင်းချက်စရာ ၀ယ်ရုံ အတွက်ပဲ သင့်တော် တယ်။

အကြမ်းခံ ယောက်ျားဝတ် ရှပ်နဲ့ ဂျင်း ၀တ်စုံများဟာ ခရီးသွား ရာမှာနဲ့ ပျော်ပွဲစား ထွက်ဖို့ပဲ ကောင်းတယ်။

ခေတ်ပေါ် ဟော့ရှော့ အင်္ကျီ စကတ် ဘောင်းဘီ တို (ကွာတား၊ ဒူးဆစ်၊ ပေါင်လယ်) များဟာ ပျော်ပွဲစား၊ ခရီး သွားနဲ့ အပျော် ဈေးဝယ်ထွက် ခြင်းများနဲ့သာ သင့်တော် ပါတယ်။ ဒါတောင် တခါက ကမ်းခြေ တစ်ခုကို ပျော်ပွဲ စား အသွားမှာ ခရီးစဉ်မှာ ပါလာတဲ့ ဧည့်သည် မိန်းကလေး တစ်ယောက်ဟာ နိုင်ငံခြား ကြော်ငြာ တစ်ခုမှာ မင်းသမီး ၀တ်တဲ့ ရင်ညွန့်အောက် အရှိုက်နေရာလောက်မှာ ခွဲထားတဲ့ ဘတ်လပ် ဟော့ရှော့ အင်္ကျီကို ၀တ်လာ တာမှာ ကမ်းခြေက လေတိုက်နှုံးကြောင့် ဗိုက်သား တ၀င်းဝင်းကို ဖုံးဖိ မရ ဖြစ်ခဲ့ရတဲ့ အတွက် နိုင်ငံခြားသားရဲ့ မျက်လုံးမှာ အထင်မှား ခံရတဲ့ အတွက် မိကောင်းဖခင် သမီး ဖြစ်လျက် အ၀တ် မ၀တ် တတ်လို့ သိက္ခာကျ ခဲ့ရပါတယ်။

ညအိပ်ဝတ်စုံဟာ ကျန်းမာရေးအတွက် အင်မတန်ကောင်းပေမယ့် ညအိပ် ၀တ်စုံကြီးကို အိမ်နေရင်း နေ့ခင်း ဘက် ၀တ်ထား မိတဲ့ အတွက်၊ နောက်ပြီး အိမ်အပြင် လမ်းကူးရုံမှာ တခုခု ထွက်ဝယ်တဲ့ အခါ ပြီးပြီးရော သဘော နဲ့ အပျင်း ထူပြီး အ၀တ် မလဲဘဲ ညအိပ် ၀တ်စုံနဲ့ အပြင် ထွက်မိတဲ့ အတွက် တညလုံး ညဉ့်ငှက်မယ် လုပ်စား နေခဲ့ပြီး အခုမှ မနက်စာ အပြင် ထွက်ဝယ်တဲ့ မိန်းမစားလို့ အပြော ခံရတဲ့ သူတစ်ယောက်ကို တွေ့ဖူး တယ်။ တကယ်လဲ ညဉ့်ငှက်မယ်များ အဲလို လုပ်တတ်ပါတယ်တဲ့။ ကိုယ့်ရဲ့ အမူအကျင့်ဟာ သူတို့နဲ့ မတော် တဆ သွားတူ လိုက်တာနဲ့ အဲလို လူစားလို့ သတ်မှတ် ခံရတတ် ပါတယ်။

ကြိုးတစ်ချောင်း အင်္ကျီများနဲ့ ကြိုးကို မပါတဲ့ အင်္ကျီများကို အနောက်နိုင်ငံများမှာတောင် (Topless) လို့ ခေါ်ပြီး အဆိုတော် မင်းသမီးများ ၀တ်ရင်တောင် ရှုံ့ချ ခံရလေ့ ရှိပါတယ်။ အဲဒီ အင်္ကျီများဟာ လည်ဟိုက် အင်္ကျီကို စတိုင်ထုတ် ၀တ်ရာမှာ အတွင်းခံ အရောင်ကွဲ အဖြစ်သာ ၀တ်လေ့ ရှိကြတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ မြို့ပေါ် တွေ မှာတောင် မိန်းမကောင်းက အဲလို အင်္ကျီနဲ့ အပြင် မထွက်ပါဘူးရှင်။ မြန်မာ အမျိုးသမီး များက အဲလို အင်္ကျီ တွေကို အပြင် ထွက်ရင် ဖြစ်စေ နိုင်ငံခြားက ရုံးများမှာ ဖြစ်စေ သူ့ချည့် ၀တ်ကြ တဲ့အခါ မြန်မာမ သိက္ခာ ကျရပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ ၀တ်စုံများ အားလုံးကို နိုင်ငံတကာ စံနှုံး အရ အဂါရ၀ ၀တ်စုံ သို့မဟုတ် မလေးစား ထိုက်တဲ့ ၀တ်စုံလို့ သတ်မှတ်ပြီး အထက် လူကြီးနဲ့ ဆရာသမား များနဲ့ တွေ့ဆုံ ရာမှာ သို့မဟုတ် ပွဲလမ်း၊ မင်္ဂလာဆောင်၊ ဧည့်ခံပွဲနဲ့ ဘာသာရေး ဆိုင်ရာ အချိန်အခါ နေရာ များမှာ လုံးဝ မ၀တ်ဆင် ရပါဘူး။ ၀တ်ဆင် ခဲ့ရင် ရိုင်းစိုင်းသူ အဖြစ် သတ်မှတ် ခံရလေ့ ရှိပါတယ်။ နောက်ပြီး ဒူးဆစ်အထက် စကတ်၊ ဘောင်းဘီ၊ ဂါဝန် များကို ၀တ်ဆင်ပြီး လူကြားထဲ ထွက်တဲ့ ဘယ် မိန်းမကိုမှ ဘယ်နိုင်ငံကမှ လေးစား ထိုက်တဲ့ မိန်းမ အဖြစ် မသတ်မှတ် ပါဘူး။ မကဲ့ရဲ့ ရင်သာ နေမယ် မချီးကျူး မလေးစား ပါဘူး။ လေဒီ ဒိုင်ယာနာ ကိုယ်တိုင်တောင် စကတ်တို ၀တ်မိလို့ သူတို့ နိုင်ငံထုတ် နိုင်ငံကျော် သတင်းစာ ကြီးတွေ ကိုယ်တိုင် ပစ်ပစ်နှစ်နှစ် ဝေဖန် အပြစ် တင်တာ ခံခဲ့ရ ဖူးပါ တယ်။ ကိုယ် ၀တ်စား မိတဲ့ ၀တ်စုံကို လိုက်ပြီး ဘယ်လို မိန်းမစား ဖြစ်တယ် ဆိုတာ သတ်မှတ် ခံရလေ့ ရှိတဲ့ အတွက် နိုင်ငံခြားက ထုတ်တဲ့ ၀တ်စုံ ကတ်တလောက်ကို ကြည့်ပြီး သတိမဲ့ အဆင်ခြင် မဲ့ အတုယူ ၀တ်စားမှု များကို ကျေးဇူးပြုပြီး ကိုယ့်လူမျိုးကို ကိုယ်ချစ်ရင် သတိထား ရမှာ ဖြစ်ပါတယ်။ ဒါမှ မဟုတ်ဘဲ အများစုက ထင်တိုင်း ကြဲနေရင် မြန်မာမတွေ ဆိုတဲ့ ခေါင်းစဉ်နဲ့ သိမ်းကြုံး အထင်သေး ခံရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားက အထူးသဖြင့် ထိုင်းနိုင်ငံထုတ် တချို့ ဖက်ရှင် မဂ္ဂဇင်း များဟာ အပြာ၊ အ၀ါ မဂ္ဂဇင်းများ ဖြစ်ကြလို့ ဓာတ်ပုံ ကြည့်ရုံနဲ့ ၀တ်စုံ လှတယ် ထင်ပြီး ချူပ်ဝတ် တတ်ကြ ပါတယ်။ ထိုင်းစာ ကိုသာ ဖတ်တတ် လို့ ဖတ်မိရင် ဘာအတွက် ၀တ်တဲ့ ၀တ်စုံ ဆိုတာကို တွေ့ရ မှာ ဖြစ်ပါ တယ်ရှင်။

ကျွန်မရဲ့ မျက်စိထဲ အမြင် အရိုင်းဆုံးနဲ့ ရင်အနာဆုံး ၀တ်စား ဆင်ယင်မှု နဲ့ အက တွေကတော့ ကမ္ဘာ မှာ တောင် နာမည်ကျော် ပြည့်တန်ဆာ လုပ်ငန်း အထွန်းကားဆုံး ဖြစ်တဲ့ ပတ်တယား လို နေရာ မှာတောင် walking street လို့ခေါ်တဲ့ အဆိုးဆုံး နေရာ မှာတောင် ဆိုင်ခန်း ထဲမှာပဲ ကပြ အသုံးတော် ခံတဲ့ ပြည့်တန်ဆာ တို့ရဲ့ တိုင်ပတ် အက ကို မြန်မာ နိုင်ငံရဲ့ ရိုးရာ ယဉ်ကျေးမှု သင်္ကြန် ပွဲတော်မှာ လမ်းမပေါ် မဏ္ဍပ်ပေါ်မှာ အရှက် မရှိ ဆိုးဆိုးရွားရွား တက်က ပြသ နေသလို သက်ဆိုင်ရာ ကလဲ အရေးမယူ ခွင့်ပြု ထားတဲ့ အချက်ပါပဲ။ ကိုယ့်တိုင်းပြည် ဘာနိုင်ငံကြီး ဖြစ်နေပြီလဲ ဆိုတာများ သတိ ရသူ ရှိပါလေစ။ မြန်မာ နိုင်ငံရဲ့ ရိုးရာ သင်္ကြန် မှာ ဒီအကကို မကြည့်ချင် မြင်လျက်သား ဖြစ်နေတာကို နိုင်ငံခြားသား သတင်းထောက်များက ၂၀၀၇ သင်္ကြန်မှာ TITV သတင်းဌာန Channel 8 က လွှင့်ထုတ် ပြသ သွားခဲ့ပြီး ဖြစ်သလို တခြား သတင်းဌာန များကလဲ လက်ညှိုး ထိုးတာ ခံနေရပြီး ဖြစ်ပါတယ်။

နိုင်ငံခြားမှာ ကျောင်းနေ ဖူးတဲ့ ထိုင်းကျောင်းသူ လေးများ ၀မ်းနည်း ပက်လက် ပြန်ပြော ပြတတ်တဲ့ သူတို့ အ တွေ့ အကြုံ တစ်ရပ် ရှိပါတယ်။ နာမည်ကျော် ပတ်တယားနဲ့ ပြည့်တန်ဆာ လုပ်ငန်းကြောင့် သူတို့ ကျောင်းသူ တွေ အထူး သဖြင့် အနောက် နိုင်ငံကို သွားတဲ့ အခါ ထိုင်းမမှန်း သိတာနဲ့ ဘယ်လောက်လဲ အမေးခံ ရတာကို ရင် အနာဆုံးပဲ လို့ ဆိုပါတယ်။ ဒါဆို ကျွန်မတို့ မြန်မာ နိုင်ငံရော? မြန်မာမ လေးများရော? အ၀တ်အစား မတတ်၊ အနေ မတတ်လို့ အရှေ့တောင် အာရှမှာ ထိုင်းထက် ဆိုးတဲ့ ရတဲ့ နိုင်ငံအဖြစ် ကမ္ဘာမှာ နာမည် ကျော် ရင်း နိုင်ငံ တကာရောက် မြန်မာမ လေးများ ဘယ်လောက်လဲ အမေး မခံ ရအောင် အ၀တ်အစား အနေအထိုင် သတိထား ဆင်ခြင် ကြပါစို့ရှင်။ စာတွေ့ မဟုတ် လက်တွေ့ မြင်ရအောင် ဓာတ်ပုံ များပါ တင်ပေး လိုက်ပါ တယ်။


ထိုင်းနိုင်ငံက တိုင်ပတ် အက


မြန်မာ့ရိုးရာ အတာ သင်္ကြန်မှာ ရန်ကုန် မြို့တော်ရဲ့ အထင်ကရ လမ်းမပေါ်က သင်္ကြန် မဏ္ဍပ် တွေပေါ်မှာ

Read More...

Wednesday, January 9, 2008

ကမ္ဘာတလွှား မြို့ပြညများ


ဝါရှင်တန်


ဗီယန်နာ

တိုရွန်တို၊

စင်ကာပူ

Petersburg

ပါရီ

Oakland

နိုင်ဂါရာ ရေတံခွန်၊

မော်စကို

လန်ဒန်

လော့စ် အိန်ဂျယ်လိစ်

လပ်စ်ဗီးဂတ်စ်

ကိုပင်ဟေဂင်

ကိုပင်ဟေဂင်

Cologne Cathedral.b

ကလိဗ်လန်း

ချီကာဂို

ဘရာဇီး၊

(ရန်ကုန်၊ မြန်မာ) အဲ.. presentation လုပ်နေတုန်း မီးပျက်သွားတာ ဟိဟိ

သူငယ်ချင်းတစ်ယောက် အီးမေးလ် ပို့လိုက်တာမှာ သူ့ အိုင်ဒီယာကို သဘောကျလို့ ထပ်ဆင့် တင်ပြလိုက်တာပါရှင်

Read More...

မုန်တိုင်း စိန်ခေါ်သံ

ကိုယ်ဟာ ဓာတ်ခဲ တစ်လုံးပါ..
ဗို့အားတွေ ရှိလျက်..
မလင်းမိအောင် ကိုက်မြိုထားရ...

ဒီလိုပါပဲ ချစ်ရသူရယ်
ကိုယ့်ရင်ဘတ်ထဲက ကျောက်ဆစ်နှလုံးသားကို
အသက်သွင်းခဲ့သူ ဗီးနပ်စ်ကိုမှ
ချစ်မိခဲ့တဲ့ကိုယ့်မှာ
နတ်သမီး ကျိန်စာတွေကို
ဆုအဖြစ်လက်သင့်ခံလို့ပေါ့ …

မုန်တိုင်းကို မသိကျိုးကျွံပြုနေတဲ့ သက်တံ့တစင်းပေါ့..
လောကကို လှောင်ပြောင်နေလိုက်တာလေ
မျှော်လင့်ချက် နေခြည်ရှိသရွေ့တော့
စိန်ခေါ်တယ်ဟေ့ မုန်တိုင်းရေ့
မင်းလာမှ ကိုယ်ဖြစ်တာလေ..
အပြုံးနဲ့ကို ကြိုဦးမှာပါ။

Read More...

Tuesday, January 8, 2008

လူငယ်တို့ရဲ့ ရင်ထဲက စကား

လူကြီးနဲ့ လူငယ်ဆိုပြီး အထက်တန်း မြန်မာစာ သင်ရိုးမှာ စကားပြေ အဖြစ် သင်ခဲ့ရဖူးပါတယ်။ ပြဌာန်း ရခြင်း ရည်ရွယ်ချက် က လူကြီးနဲ့ လူငယ် ညီညွတ်ကြဖို့၊ အချင်းချင်း အပြန်အလှန် နားလည် ညှိနှိုင်း ကြဖို့ပါ။ ဒါပေမယ့် ပြဌာန်းချိန်မှာ စသင်ခဲ့ ရပြီး လူကြီးဖြစ်လာ ကြသူတွေက လူငယ်တွေကို နားလည် ပေးကြ ရဲ့လား။ အဲဒီ စကားပြေ ရဲ့ ရည်ရွယ်ချက်က လက်တွေ့ ဘ၀တွေထဲ အထိ အောင်မြင်မှု ရရှိ ခဲ့ကြ ရဲ့လား။ သင်ယူသူ တွေက စာမေးပွဲ အောင်ရုံ အလွတ်ကျက်ပြီး အသိ စိတ်ဓာတ်တွေ ထဲကို ဒီစာ တွေရဲ့ အနှစ်သာရတွေ စိမ့်ဝင် နားလည် သွားခဲ့ ကြရဲ့လား။ ဘာတွေ လိုအပ် လွဲချော် နေခဲ့ ကြသလဲ။ ယနေ့ခေတ် လူကြီး လူငယ် ဆက်ဆံရေးနဲ့ လူငယ်တွေရဲ့ လူကြီးများ အပေါ် အမြင်၊ တောင်းဆိုချက် တွေကို စစ်ဘက်က လူငယ် တစ်ယောက်နဲ့ အရပ်ဘက်က လူငယ်တစ်ယောက် ဆွေးနွေးထားတဲ့ စနေ စကားဝိုင်းလေးကို တင်ဆက် လိုက်ပါတယ်။

သူငယ်ချင်းလေးတစ်ယောက် အွန်လိုင်းပျောက်နေလို့ အပြန်အလှန် သတင်းမေးကြရင်း စကားဝိုင်းလေး စဖြစ်ပါတယ်။

Paphiopedilum: သူနှစ်သစ်မှာ ရည်းစားရအောင် လုပ်မယ်လို့ မက်ဆေ့ တင်ထားတာ အခု အကောင်အထည် ဖော်နေတာ နေမှာပေါ့ အဟဲ
bluearrow07:း) ဟုတ်မယ်ထင်တယ် အစ်မလှိုင် ကျွန်တော်လည်း အဲဒါကို မေးမလို့
Paphiopedilum: ဟဟ သူများမေးနေ မျှားပြာကရော ရှိပြီးသားလား အဟဲ
bluearrow07: အဟီး ဒီလိုပါပဲ .. ဟိုတစ်ယောက် ဒီတစ်ယောက်.. ပေါင်း ၃ ၄ ယောက်ပေါ့.. နောက်တာ
Paphiopedilum: စိတ်ကူးဖဲရိုက်တာပေါ့လေ ဟဲဟဲ
bluearrow07: ရိုက်လို့ကောင်းတယ်နော် ဟီး ဟီး
Paphiopedilum: တွက်ရေး စက်သူဌေး လက်ရှိ စက်မရှိ အဟိ… အမမောင်တစ်ယောက်ကို သူ့စီနီယာက ပြောတဲ့ စကား တစ်ခွန်းတော့ ကြိုက်တယ်.. လေးစားတယ်…
မင်းယူမယ့် မိန်းမက မင့်မိန်းမ မဟုတ်ဘူး မင်းသားသမီးတွေရဲ့ အမေတဲ့
မင်းတပ်ထွက် နေတုန်း နောက်ပိုင်းမှာ မင်းသားသမီး တွေကို ဘယ်လိုအမေမျိုး လက်ထဲ ထားခဲ့မလဲ.. မင်းကိုယ်တိုင် ဘယ်လို အမေမျိုး လိုချင်လဲ.. မင့်သားသမီးတွေကို ဘယ်လိုအမေမျိုး ရစေချင်လဲတဲ့..


bluearrow07: ဟာ အစ်မလှိုင်ရေ ကျေးဇူးအရမ်းတင်တယ်ဗျာ .. ဒီလိုစကားတွေ မှတ်သားရတာ.. တကယ်ပါ
ကျွန်တော့်တို့ အများကြီး စဉ်းစားရတော့မှာနော်
Paphiopedilum: ငယ်တော့ဘူးလေ.. ပြီးတော့ ရည်းစားကို ဘယ်သဘောနဲ့ ထားမလဲ
bluearrow07: ငယ်တုန်းတော့ လုပ်ချင်တာတွေများ စိတ်ကူးတွေက ယဉ်နဲ့ .. ဟုတ်
Paphiopedilum: ကိုယ်တိုင်ရော ဘယ်လို အဖေ လိုချင်လဲ ကိုယ်တိုင်ရော ဘယ်လို အဖေ ဖြစ်အောင် နေမလဲ .. ဟဲဟဲ..
ကလေးချင်း တွေ့တဲ့အခါ ရန်ဖြစ် စကားနိုင် လုတဲ့အခါ မင့်အဖေက အရင်က ဘယ်လိုဟာကြီးပါကွာဆိုတာကို ကိုယ့်ကလေးက ကြားလာခဲ့ရင် ???
bluearrow07: အဟဲ ကျွန်တော် နောက်ပိုင်း မိန်းမမယူဘူးလို့တောင် စဉ်းစားနေတာ အစ်မလှိုင်ရ ... ကြာလာတော့ ရင်ဘတ်ထဲက အောင့်အောင့် လာတယ် .. ကိုယ့်ရင်ဘတ်ကို နားလည်တဲ့ အမျိုးသမီးက ခပ်ရှားရှားလား
Paphiopedilum: နားလည်အောင် ရှင်းပြဖို့ ချပြဖို့ ကိုယ့်အလုပ်လေ.. အလိုလိုနေရင်းတော့ ဟိုက နားလည်ပေးပါ့မလား
ကိုယ်ကိုယ်တိုင်က နားလည်အောင် နေမှပေါ့ ကိုယ်တိုင်က မော်ဒန်ကဗျာ တစ်ပုဒ်လို နားလည်ရ ခက်အောင် မနေနဲ့ပေါ့
bluearrow07: ဒါပေမယ့် တခါတလေ ကျွန်တော့်တို့ကိုယ်တိုင်တောင် ကိုယ်ဘာလုပ်လဲဆိုတာကို နားမလည်ဘူး .. ဘ၀တက်လမ်းကို ကိုယ်ဘာသာရိုက်ချိုးသလိုမျိုးတွေနဲ့ ကြုံလာရင် ... သူတို့က ဘယ်လိုနေမလဲ
တခါတလေ ကိုယ့်ရင်ဘတ်ကို ကိုယ်မုန်းနေတယ်
Paphiopedilum: ကိုယ့်ကိုယ်ကို လူတော်လူကောင်းလို့ မြင်ရင် မိန်းမယူ ကလေးယူတာ နိုင်ငံကို ချစ်ရာ ရောက်တယ် ကိုယ့်မျိုးရိုးဗီဇကို ချန်ပေးလို့ မဟုတ်ရင် လူဆိုးတွေက သူတို့ မျိုးရိုး ဗီဇ ဆိုးတွေ ချန်တာ များရင် ခက်မယ် ဘ၀ တက်လမ်း ထက် ဘ၀နေနည်းက ပိုအရေးကြီးပါတယ်.. တက်နေတာချည့် ခရီးမှ မဟုတ်တာ.. ဆင်းနေတာလည်း ခရီးပဲလေ.. ဘ၀ဆိုတာ ခရီးတစ်ခုပါပဲ.. တက်တလှည့်ဆင်းတလှည့်ပေါ့.. တခါတလေ သူများတက်ဖို့ နေရာပေးလိုက် ရတာလဲ ခံယူ တတ်ရင် ပီတိ တစ်ခုပါပဲ.. အဓိက က နေတတ်ဖို့ပေါ့
bluearrow07: နေတတ်ပါတယ် အစ်မလှိုင်ရယ် .. နေတတ်လွန်းလို့ တခါတလေ အားမရဘူး တကိုယ်ရေဆို အကြောင်း မဟုတ်ဘူးလေ တခါတလေ ကျွန်တော့်တို့က ရင်ဘတ်ကို ဦးစားပေးတယ် ... အခုချိန်ထိ ဒုက္ခေ၇ာက်ပေါင်းလဲ မနည်းဘူး ။။ ကျွန်တော်တို့ လုပ်နေတဲ့ အလုပ်နဲ့ ရင်ဘတ်နဲ့က မကိုက်ဘူးဗျ.. ၂ ယောက်ဖြစ်လာရင် အများကြီး မတွေးသေးဘူး မိသားစုတွေ လူမျိုးတွေ ဘာတွေ ညာတွေပေါ့
Paphiopedilum: နေဘုန်းလတ်ကို ကောမန့်ရေးပေးသလိုပေါ့ နေသားကျ ကျင့်သားရလာတဲ့ ယဉ်ကျေးမှု မျက်နှာဖုံးတပ် အစဉ်အလာ ကြီးနဲ့ အသိတရား၊ မသိစိတ်နဲ့ အသိစိတ် တထပ်တည်းကျအောင် မနေတတ်တော့ မိမိနဲ့ငါ ရန်ဖြစ်တယ်
bluearrow07: ရန်ဖြစ်ရုံဆို ... အေးဆေးပေါ့ အစ်မရယ် ... အခုက အလဲထိုးနေကြတာ ..
Paphiopedilum: အလဲတော့ ထိုးလို့ မရဘူးလေ အခြေအနေပေါ်မူတည်ပြီး ပါးပါးနပ်နပ် လှည့်သုံးမှ ရမှာ
ဒီ အစဉ်အလာကြီးကို မတော်လှန်နိုင်သေးမချင်းပေါ့.. ဒီအစဉ်အလာကြီးကို ကျင့်သုံးနေတဲ့ လူတိုင်း စိတ်ဓာတ်တော်လှန်ရေး လုပ်မှ အစဉ်အလာတရပ်ပြောင်းမှာ ဆိုတော့… အစဉ်အလာ တရပ်ပြောင်းမှ မသိစိတ်နဲ့ အသိစိတ် တထပ်တည်းကျမှာ ဆိုတော့အချိန်ယူရဦးမယ်
bluearrow07: တခါတလေ အသိတရားနဲ့ ကိုယ်ကျင့်တရား ရင်ဘတ်ထဲက ခံစားချက်တွေ ပြိုင်ပြီဆိုရင် ...
Paphiopedilum: အဲဒါကတော့ ကွယ် စိတ်ဆိုတာမျိုးက အလိုလိုက်ရင် အမိုက်စော်ကားတယ်
bluearrow07: လူငယ်ဖြစ်ပြီး အဲလောက်ပျော့ညံ့ရလားဆိုပြီး မိုက်ရူးရဲစိတ်က ခေါင်းထောင်လာတယ်
Paphiopedilum: လွှတ်ပေးတဲ့ မြင်း ရိုင်းတယ် လွှတ်ပေးတဲ့ စိတ်လဲ ကြာရင် ရိုင်းလာတယ်.. ဒီနေရာမှာ ကိုယ်ကျင့်တရားက စာလုံးပေါင်း မှန်ဖို့တော့ လိုတယ်… ဟဲဟဲ ငယ်ငယ်က အိမ်မှာ မိဘတွေ ဆူရင်ပေါ့ သားသမီးဆိုတာ မိဘ ပြောသမျှ နားထောင်မှ လိမ်မာတာ ဆိုတာ .. တကယ်က ပြောသမျှ နားထောင်တာ နာခံတာလေ လိမ်မာတာမှ မဟုတ်တာ ပြောစကား နားမထောင်ရင် လူလိမ်မာ မဟုတ်ဘူးလူမိုက်တဲ့.. ဘုရားက လူလိမ်မာလား လူမိုက်လားလို့.. သူက မိဘ စကား နားမထောင်ဘဲ တောထွက်တာလို့ … သွားတာပဲ.. မိဘနဲ့ ကိုယ် မတည့်တော့ဘူး
bluearrow07: အဲဒီလိုမျိုး စွန့်စားဖို့ကြတော့လဲ ချစ်ရမဲ့သူတွေက များတယ် ... အစ်မပြောသလို အစဉ်အလာ ယဉ်ကျေးမှု ဆိုတာကို ထည့်တွက်နေရတယ်
Paphiopedilum: ဘုရားဟောတာကတော့ ကိုယ်ချစ်တဲ့သူကို လမ်းမှားပေါ် ရောက်နေရင် လမ်းမှန်ပေါ် ရောက်အောင် တင်ပေးမှ တကယ် ချစ်ရာ ရောက်သတဲ့… သိင်္ဂါလောဝါဒသုတ်မှာ ဟောတယ်… တင်ပေးမယ်
မိဘ ကျေးဇူး ဆပ်တယ် ဆိုတာလဲ အဲလိုပဲ အတ္တကြီးပြီး လမ်းမှားပေါ် ရောက်နေတဲ့ မိဘကို လမ်းမှန်ပေါ် ရောက်အောင် တင်ပေးနိုင်မှ ကျေးဇူးတကယ် ဆပ်ရာ ကျတယ်တဲ့
bluearrow07: ဗုဒ္ဒဘုရားဟောသလို မိဘကိုလဲ ပြစ်မှားလို့မရပြန်ဘူး ယုံကြည်ရာလမ်းကို လျှောက်ဖို့ကြတော့လဲ ...
Paphiopedilum: မိဘကို အမှားထောက်ပြတာ ပြစ်မှားတာ မဟုတ်ဘူးလေ.. သပ်သပ်စီ.. မြန်မာတွေက အဲဒါတွေ ရောထွေးနေကြတာ.. အမှန်ကို အမှားဖြစ်အောင် လုပ်မှ ပြစ်မှားရာ ရောက်တယ် မှားနေလို့ ထောက်ပြပြီး အမှန်ကို ပြောပြတာ ပြစ်မှားရာ မရောက်ဘူး.. အဲ.. တခုတော့ ရှိတယ် အတ္တသိပ်ကြီးနေတဲ့ မိဘက ငါ့စကား မှန်ရမှ ဆိုပြီး အဲလိုပြန်ပြောရင် ငါ့ခံမပြောနဲ့ ဘာညာ စွပ်စွဲတတ်တယ်.. အဲဒါသူတို့ အမှား.. ပြေပြေပြစ်ပြစ် ဆွေးနွေးတာကို ခံပြောတယ်လို့ စွပ်စွဲတာကိုး
bluearrow07: အဲဒီလိုမျိုး နားလည်ပေးမဲ့ မိဘဆို၇င်တော့ ကောင်းတယ်အစ်မရယ် ... အခုခေတ်မှာက အမေတွေက ကောင်းစေချင်တာပဲ .. ကိုယ်က အမေထက် ကိုယ်လျှောက်မဲ့လမ်းကို နားလည်လို့ သေချာပြောပြရင် ... သားရယ်ဆိုပြီး မျက်ရည်ကျတယ် .. ဘယ်လိုလဲ အစ်မရယ် မိဘမျက်ရည်ကျလို့ ကျွန်တော်ငရဲခံရမယ်ဆို ကျွတ်မယ်မထင်ဘူး
Paphiopedilum: အမှားထောက်ပြတာ ပြစ်မှားတာ မဟုတ်ဘူး ပြီးတော့ မိဘ မျက်ရည် ကျအောင်လုပ်ရင် သားသမီး ငရဲကျစတမ်းဆိုတာ ငရဲနဲ့ လှည့်ချောက်တာ.. တကယ်သာ ဖြစ်ကြည့် ဘုရား ငရဲကကို တက်ရစရာ မရှိဘူး
ဘုရားက မိဘ စကား နားမထောင်ဘဲ တောထွက် တဲ့အပြင် ဆွမ်းခံကြွတော့ မင်းမျိုးဖြစ်လျက် တောင်းစားရလားဆိုပြီး အဖေ ဘုရင်ကြီး ငိုလိုက်ရတာ နောက်ပြီး ညီတော် နန္ဒကို မင်္ဂလာပွဲထဲ သပိတ်ထမ်းခိုင်းပြီး ကျောင်းပြန် ဘုန်းကြီး ၀တ်ပေးပစ်တာ.. သားတော် ရာဟုလာ ၇နှစ်သားလေးကို ကိုရင်ဝတ်ပေးပစ်တာ သုဒ္ဓေါဒန မင်းကြီး ငိုလိုက်ရတာ.. ဘယ်မှာငရဲကြီးတုန်း.. တကယ်က သူတို့ဟာသူတို့ သူတို့ အတ္တနဲ့ သူတို့ ခံစားလို့ ငိုရတာ သားသမီးက မှန်ရာကို လုပ်တာ ဘာမှ ငရဲ မကြီးဘူး
မြန်မာ မိဘတွေက သူတို့ ဖြစ်စေချင်တာ သူတို့ အတ္တကို သားသမီးတွေက ဖြည့်ပေးရအောင် မျက်ရည် လက်နက်ကို သုံးပြီး ဘာသာရေးကို အလွဲသုံးစား လုပ်လာတာ ကြာပြီ ဒါကြောင့် ဘုရားကို တရားကို ခုတုံး လုပ်ပြီး လိုရာရအောင် အသုံးချနေလို့ တိုင်းပြည် မွဲနေတာ… လူမျိုးလိုက်ကြီး အပြစ်လုပ်နေလို့… ကိုယ့်အကုသိုလ်က ကိုယ့်ပြန်ဒဏ်ခတ်တာ

bluearrow07: ဘာသာတရားရယ် ယဉ်ကျေးမှုရယ် .. ကိုယ်ကျင့်တရားရယ် ... နောက်ပြီး လောကုတ္တရာဘက်ရယ်ကို ထောင့်စုံအောင်လဲ လိုက်မတွေးတတ်သေးဘူး ကိုယ်ရဲ့ အသိဥာဏ်ပါးပါးလေးနဲ့ လုပ်တဲ့အလုပ်တွေကျပြန်တော့လည်း တချို့ က နားမလည်ကြဘူး ... လောကီသားးပဲ အစ်မရယ် ... တရားမှ မရသေးတာ
Paphiopedilum: ဘာသာတရားက ပြောင်းလဲလို့မရလောက်အောင် စစ်မှန်နေတာ.. မြန်မာ့ စံ ဖြစ်တဲ့ ကိုယ်ကျင့်တရားက ဘာသာတရားပေါ်အခြေခံတယ်.. ဒီတော့ မှားယွင်းနေတဲ့ ယဉ်ကျေးမှု စံကိုပဲ ပြင်မှ ရမယ်.. ဘာသာတရားကို ခုတုံးလုပ်ပြီး မှားနေတဲ့ ယဉ်ကျေးမှု မျက်နှာဖုံးတပ် အစဉ်အလာပေါ့… နားမလည်သူကို နားလည်အောင် ရှင်းပြတာ ကိုယ့်တာဝန်လေ
ခုလို အသိက တရားရစရာ မလိုပါဘူး… ခွဲခြားဝေဖန် သုံးသပ်နိုင်တဲ့ အသိ ရှိရင် ရပါတယ်… လောကီ လောကုတ် မလိုလှပါဘူး
bluearrow07: အဲဒီယဉ်ကျေးမှုတွေကို ချစ်ရတဲ့သူတွေက နားမလည်နိုင်ကြဘူးလေ ...
Paphiopedilum: အော် ရှင်းပြပေါ့… ချစ်ရတဲ့သူတွေ လမ်းမှားရောက်နေရင် လမ်းမှန်ပေါ် တင်ရမှာ ကိုယ့်တာဝန်လေ
ဒါမှ ချစ်ရာ တကယ် ရောက်မယ်
bluearrow07: အော် အစ်မရယ် ရှင်းပြရလွန်းလို့လဲ သူတို့အမြင်မှာ နလဗိန်းတုံးကို ဖြစ်လို့ ... ခေတ်ကြီးတခုလုံးကို မပြောင်းလဲနိုင်သေးဘူး… ဘယ်လိုလုပ်မလဲ… လူငယ်တွေကို သတ်နေတယ်… ချစ်တတ်တဲ့သူတွေကို အဆိပ်ခတ်နေတယ်
Paphiopedilum: ကိုယ်က သူတို့ကို မပြောင်းလဲ နိုင်ရင် သူတို့က ကိုယ့်ဘ၀ကို အရောင်ခြယ်လိမ့်မယ် အမှန်တရားကို တကယ်ချစ်ရင် အမှန်တရားကို ကာကွယ်ရမယ် အမှားလုပ်နေသူတဲ့သူကို အမှန်ရောက်အောင် တွဲခေါ်ဖို့က ကိုယ့်တာဝန် လေ… အရှိန်ပြင်းနေတုန်း U turn တော့လှည့်လို့ မရဘူးပေါ့ဟယ်။ ဖြည်းဖြည်းချင်းတော့ ကွေ့ယူရမှာပေါ့
bluearrow07: ငယ်ရာကနေ ကြီးလာတဲ့ဆိုတဲ့ လူကြီးတွေက လူငယ်တွေကို အပေါ်ယံအရောင်လေးနဲ့ ထိတ်တုံးခတ် ဖြစ်တယ် ..လူငယ်စိတ်ကို ရင်ဘတ်ထဲဝင်မကြည့်ဘူး ... ကြာလာတော့ ဒဏ်ရာတွေက များလာတယ် ... ဒဏ်ရာတွေ ချိုပါစေတော့ ဆိုပြီး ... ပြုံးပြတယ် ... ပိုနာလာသလိုပဲ
Paphiopedilum: သူတို့ကိုယ်တိုင်လဲ ငယ်ရာက ကြီးလာရင် ကိုယ်ချင်းစာတတ်တဲ့ စိတ်ရှိရင် တို့ကို နားလည်ပေးသင့် ပါတယ်… သူတို့လဲ ငါတို့ ငယ်တုန်းက ခံစားရတဲ့ နာကျင်မှုမျိုး မခံစားရပါစေနဲ့ ဆိုတဲ့ စိတ်မျိုးပေါ့… ခုတော့ ငါမွေးထားလို့ ငါကျွေးထားလို့ ငါ့သားသမီးဖြစ်လာတာ ငါ့စကားနားထောင် ဆိုတာနဲ့ အော် သူလဲ ငါလို လူသားတစ်ယောက် ခံစားချက် ယုံကြည်ချက်တွေ ရှိပါလား ဆိုတာရယ် ဘယ်ဟာက တကယ့်မေတ္တာပါမလဲ
bluearrow07: ကောင်းစေချင်တဲ့စိတ်ကို သိတော့လည်း ရုန်းထွက်ရခက်သားလား
Paphiopedilum: ကောင်းစေချင်တဲ့စိတ်ဆိုတာ သိမ်းကြုံးပြောလို့တော့မရဘူး… ငါကောင်းစေချင်တာလား သူပျော်ပြီး ကောင်းစေချင်တာလား ဆိုတာပေါ့… အမ သူငယ်ချင်းမ တစ်ယောက် ရှိတယ်… သူ့အမေက သူ့ကို အမထက် သာစေချင်တယ်… ကောင်းစေချင်တဲ့စိတ် ပဲ ထားပါတော့… ဒါပေမယ့် ကျောင်းက ရီပို့ကဒ်ရတိုင်း အမထက် အမှတ်/ အဆင့်မသာရင် သူ့ကို ရိုက်တယ်… ကြိုးစားစေချင် ကောင်းစေချင်တာလား.. ငါ့သမီးကမှ နင့်သမီးထက် သာတာ ဆိုပြီး ရုံးမှာ အဖေ့ရှေ့ ကြွားချင်တာလား.. ကဲ အဲဒီ ကောင်းစေချင်တဲ့စိတ်ထဲ မေတ္တာပါလား အတ္တပါလား
bluearrow07: ဒါတွေက သိနေတယ် သူတို့ရဲ့ရင်ဘတ်ထဲကို မြင်နေရတယ် အတ္တဆိုတာကို အနည်းအကျဉ်းတော့ သဘောပေါက်တယ် ... ဒါပေမယ့်  မိဘလေ အစ်မရယ်… ဘယ်သားသမီးက အမုန်းခံချင်မလဲ.. မိဘကို စိတ်ဆင်းရဲခံချင်မလဲ
နောက်ဆုံးတော့လည်း ကျိတ်မှိတ်ပြီး ခံလိုက်ရတာပဲလေ
Paphiopedilum: အင်း ဆန်ရေတွေကို မြင်နေရရက်နဲ့ စုန်ရေချည့် ပြောနေတာ ခက်တာလေ
bluearrow07: နောက်တော့ ပတ်ဝန်းကျင် လူအဖွဲ့အစည်းက ကိုယ့်ကို မြင်လာတယ်
Paphiopedilum: မိဘမေတ္တာ တကယ် စစ်ရင် မုန်းစရာလား
bluearrow07: မုန်းစရာမဟုတ်လို့ ချစ်နေရတာပေါ့ အစ်မရယ်.. အခုခေတ်နဲ့ မိဘတွေနဲ့ မေတ္တာ.. နည်းနည်းများ ကွာနေသလားလို့.. သားသမီးတွေကို ချစ်တာကို သိတယ် စုန်ရေဆိုတာကို သိတယ်.. ရင်အုပ်မကွာ ပေမယ့် နည်းနည်းဝေး နေသလားလို့
Paphiopedilum: အမ ငယ်ငယ်က မိဘမေတ္တာကို မယုံဘူး အချစ်ဆိုတာကို မယုံဘူး.. ရီပို့ကဒ်မှာ အမှတ်ကောင်းနေ အဆင့်တစ် ထိပ်ဆုံးရောက်နေမှ ချစ်တာဟာ မေတ္တာ မဟုတ်ဘူး အဆင့်နိမ့်ကျသွားရင် ရိုက်တာပဲဟာ ဆိုပြီးလေ မေတ္တာတွေ အချစ်တွေကို အယုံအကြည် မရှိတော့ဘူး.. သားသမီးတွေကို ချစ်တာ မဟုတ်ဘူး ငါ့သားသမီးက ဒီလိုတော်တယ်ဆိုတဲ့ ကြွားချင်တဲ့ အတ္တကိုပဲ ချစ်တာပါ လို့ မြင်လာတာ.. မကောင်းဘူးပေါ့နော်
bluearrow07: လူတွေလေ အစ်မရယ်.. ပြီးတော့ ကျွန်တော်တို့ကလဲ လူတွေ.. ပြီးတော့ သားသမီး
Paphiopedilum: အဲဒါတွေကို နမူနာယူပြီး ကိုယ့်သားသမီးအလှည့်ကျရင် ကိုယ်လို မဖြစ်စေရဘူးဆိုတဲ့ စိတ်ပဲ ၀င်လာတယ်.. နို့မို့ရင် အတ္တတွေနဲ့ စိတ်ဆင်းရဲတာချည့် ဆက်နေရင် လူဖြစ်ရကျိုး မနပ်တော့ဘူး
bluearrow07: အဲဒီလိုပဲ တွေးရတယ် အစ်မရယ် ဒါပေမယ့် ရင်ထဲမှာ မကောင်းဘူး.. နားလည်စေချင်တယ်
Paphiopedilum: ပြောပြပေါ့ဟယ်။ အမဆို ပြောရတယ် .. သူများပြောတာ ယုံလား သားသမီး အရင်းပြောတာ ယုံလား သူများ ပြောတိုင်းယုံပြီး သားသမီးကို သိပ်ဖိအား ပေးလာမယ် ဆိုရင် သူများကို ပိုချစ်လို့ အဲလိုဆို သူတို့ကို သားသမီး တော်ထား မလားလို့... သူများက ပါးစပ်အားတိုင်း သွားပြီး ကြွား.. တဖက်လှည့်နဲ့ ဖိအားပေးခိုင်း .. အမယ်လေး နိုင်ငံခြားမှာ ဘယ်လို အလုပ်ပေါ ဘယ်လိုသက်သာတာ သူတို့ သားသမီးဆို ဘယ်လိုငွေပို့တာ ဘာညာနဲ့ ဟုတ်လဲဟုတ်ဖဲနဲ့.. အဲဒါကို ယုံပြီး ကိုယ့်ကို လိုက်ဖိအား ပေးလာ ကြာတော့ မခံနိုင်ဘူး။ အဲဒီတော့ အဖြစ်မှန်ကို ချပြရ ပြန်ထောက်ပြီး ပြောပြရတယ်
bluearrow07: အဲလိုပဲ အစ်မရယ် ကျွန်တော့်ကိုရွေးခိုင်းတဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ကျွန်တော့်တို့ သိတဲ့အသိ ... ပြီးတော့ လူတွေရဲ့မျက်နှာ .. မိဘတွေရဲ့စေတနာ ..မေတ္တာ။ ပါးပါးနပ်နပ်နဲ့ လျှောက်ပြန်တော့လည်း ပါးစပ်သေနတ်တွေနဲ့ တွေ့ တယ်
Paphiopedilum: ခေတ်လူကြီးတွေကို ပြန်ပြီး ပညာပေးရမယ့်သဘောပဲ သားသမီးတွေရဲ့ မျက်ရည် ပုလဲကုံးကို လည်မှာဆင်ပြီး ပွဲတက်လှချင်တာလားလို့
bluearrow07: ရင်ထဲမှာနားလည်ပေမယ့် ... လူငယ်ဆိုတာကိုတော့ ကိုယ့်ကိုကိုယ် မေ့လို့မရဘူး
Paphiopedilum: အဲဒါပေါ့ ယဉ်ကျေးမှု မျက်နှာဖုံးတပ် အစဉ်အလာနဲ့ အသိတရား တထပ်တည်း ကျအောင် မနေနိုင်သေးလို့ မိမိနဲ့ငါ ရန်ဖြစ်ပါတယ်ဆို
bluearrow07: အဲလိုပါပဲ အစ်မရယ် ... ထပ်ပြီးအပူတွေမရှာချင်တော့ဘူး တရားမရသေးပေမယ့် သူများတွေကိုတော့ ဒုက္ခမပေးချင်တော့ဘူးဗျာ
Paphiopedilum: အမှားထဲ လျှောက်နေတဲ့သူနဲ့ အမှန်ထဲ လျှောက်နေသူ ဘယ်သူ ဒုက္ခ ရောက်မလဲ။ တရားရတာနဲ့ မဆိုင်ပါဘူးဟယ် အမြင်မှန် ရတာနဲ့ပဲ ဆိုငိပါတယ်။ တရားဆို သိပ်မြင့်နေမယ်
bluearrow07: ကိုယ်အမြင်ရပြီး သူများတွေကို အမှန်မြင်အောင် မလုပ်နိုင်သေးဘူး ဆိုရင် ကိုယ်မြင်တာတွေက မှန်ပါတော့ မလား အစ်မရယ်
Paphiopedilum: ဆိုင်ပါဘူး သတ္တ၀ါတိုင်း တရားထူး မရပေမယ့် တရားထူးရအောင် မဟောနိုင်ပေမယ့် ဘုရားရတဲ့ တရားက တရားထူး အစစ်ပါ။ အဲလိုပေါ့။ ကိုယ်ရတဲ့အမြင်မှန်ကို သူများက နားမလည်တိုင်း ကိုယ့်အမြင်မှားနေတာမှ မဟုတ်တာ သူတို့မှာ အမှန်ကို ကြည့်မြင်နိုင်စွမ်း ရှိဖို့ လိုသေးတာပေါ့
bluearrow07: သံသရာဆိုတာ အဲဒါကြီးလား အစ်မ
Paphiopedilum: သံသရာ ဆိုတာ ဘ၀ အဆက်ဆက် ကံမပြတ်သေးသမျှ ဘ၀ချင်းဆက်နေတာက သံသရာပေါ့
အခုဟာက လောက လေ
bluearrow07: လောကထဲမှာ လူတွေနေတယ် လူတွေက လူတွေက ဖတ်တယ် ... လူတွေက အမှားတွေလုပ်တယ် ... အမှားတွေက လူတွေကို လုပ်တယ်
Paphiopedilum: လူထူးလူမြတ်တွေ၊ လူကောင်းတွေက အမှန်ကို ဖော်ထုတ်တယ်.. အဲဒီ အမှန်တွေက လူတွေကို ပဲ့ပြင်တယ်။ ကိုယ်က အမှားအမှန်တွေကို မြင်နိုင်တဲ့ အမြင်ရှိဖို့၊ အမှားကိုရော အမှန်ကိုရော အစစ်အတိုင်း လက်ခံနိုင်တဲ့ နှလုံးသား ရှိရမယ် ဒါမျိုး အမှားရှိတတ်ပါလားလို့ လက်ခံနိုင်ရမယ် မှားနေတာကြီးကို သိသိနဲ့ ပေးမှားတဲ့ လက်ခံခြင်းမျိုးတော့ မဖြစ်ရဘူး
bluearrow07: ဟုတ်တယ်နော် အစ်မ လူသားချင်းစာနာတတ်တယ် ဆိုတာ စာလုံးကြီးပဲလား မသိဘူး ပြီးတော့ အသွားအပြန်ရှိတယ်ဆိုတဲ့ မေတ္တာ ... ချစ်ရတဲ့သူတွေက များ
Paphiopedilum: စာနာစိတ် စစ်စစ် မေတ္တာစိတ် စစ်စစ်မှာ အတ္တတွေ အရောင်မခြယ်ထားရင် သံသယ ပွားစရာ မရှိပါဘူးဟယ်
bluearrow07: အကုန်လုံးနားလည်နိုင်ပါစေ အစ်မရယ် ... ကိုယ်တိုင်က အမှန်တရားကို သိပြီး မဖော်ထုတ်နိုင်သေးဘူး ... အားလုံးသိအောင် ဖော်ထုတ်နိုင်မယ့်သူကိုလဲ မတွေ့ သေးဘူး ။။။။ ဒီကြားထဲ လူက ဖြစ်နေတော့
Paphiopedilum: သူများကို မျှော်မယ့် အစား ကိုယ်တိုင်က စပြီး ကိုယ့်မိသားစု ပတ်ဝန်းကျင် ကို တဖြည်းဖြည်း ဆင့်ပွားဖြန့်သွားရမှာပါပဲ.. တော်နေဒိုး မုန်တိုင်းလိုပေါ့ ထိပ်ဝက ကျဉ်းကျဉ်းလေးလေ.. ပြီးမှ သူ့ parameter က ကျယ်သွားတာလေ.. အဲလို ကျယ်သွားအောင်…
မျှားပြာရေ အမတို့ ချတ်လာတာ တော်တော်ရှည်နေပြီ စနေစကားဝိုင်းဆိုပြီး ပို့စ်တင်လိုက်ရင် ကောင်းမယ်ထင်တယ်နော့်
bluearrow07: အစ်မသဘောပါ အစ်မရယ်

ကဲ.. ကျွန်တော် ကျွန်မတို့ လူငယ်ချင်းကတော့ ခု စာထဲမှာ ပါတဲ့ အတိုင်း မူရင်းအတိုင်း ဖော်ပြလိုက်ပါတယ်။ လူကြီး၊ လူငယ်၊ စစ်သား၊ အရပ်သား မခွဲခြားဘဲ စည်းလုံးနိုင်ကြဖို့ အတ္တကြီးတွေကို တင်းတင်းဆုပ်ကိုင်ထားတဲ့ လက်သီးဆုပ် ကြီးများကို ဖြည်လို့ နားလည်မှု ကမ်းလက်တွေ လှမ်းကြပါစို့ရှင်။


Read More...