Tuesday, January 22, 2008

အခု တလော

အခုတလော ဘလော့ဂါတွေ တော်တော် များများက သေခြင်း တရား အကြောင်းချည့် ရေးလိုက် ကြတာ… မ tag ဘဲကို ရေးနေ ကြတာ တိုက်ဆိုင်လှ ပါချိမ့်.. မကြာခင် ဘလော့ဂါ တစ်ဦးဦး သွားတော့ မှာမို့ တိတ်တိတ်လေး သွယ် ၀ိုက်လို့ နှုတ်ဆက် နေသလား မှတ်ရတယ်။ အခု တလောပဲ ကျွန်မ သီလရှင် ၀တ်ဖြစ်ပါတယ်။ တိုက်ဆိုင်စွာ မဟာစည် ဆရာတော် ဘုရားကြီးရဲ့ တပည့် တာချီလိတ် ဆရာတော်လို့ နာမည်ကြီးတဲ့ ဥပဇ္ဈာယ် ဆရာတော်က ဒီလို သြ၀ါဒ ပေးပါတယ်။

လူဆိုတာ သေမျိုး ချည့်ပဲ။ ခဏနေ သေတာနဲ့ တော်ကြာမှ သေတာပဲ ကွာတယ်။ အသေ မဦးခင် မသေခြင်း တရား ကို ရအောင် ရှာ၊ တွေ့ရင်လဲ ကိုယ်ပိုင် ဖြစ်အောင်ပြု၊ တရားဆိုတာ သိရုံ သိလို့ မရဘူး။ ရအောင် ကျင့်မှ ရတယ်၊ ရပြီးလဲ ပြန် မဆုံးရှုံး ရအောင် ကိုယ့် သန္တန်မှာ ကိန်းနေအောင်၊ ကိုယ်ပိုင် ဥစ္စာ ဖြစ်သွားအောင် လုပ်ထား ရတယ်။ ကိုယ်ပိုင် စည်းစိမ် ပွားများ အောင် ကျင့်ရသလို ကိုယ်ပိုင် တရား ပွားများအောင် ကျင့်ကြံ ရတယ်။ အဲလို ကျင့်ကြံ ဖို့ ပညာ ရှိမှ ရတယ်။ ပညာဆိုတာ နိဗ္ဗာန် သွားနည်းပဲ။ သတိမပါရင် ပညာကို မဖြစ်ဘူး။ သတိနဲ့ ပိုင်းခြား ဆင်ခြင် ဝေဖန် မှ ပညာဆိုတဲ့ အသိကို ရတယ်။ အဲဒီ အသိကို အရှိ ဖြစ်အောင် ကိုယ်တိုင်က ကျင့်ရတယ်။

လူတွေက ပါရမီ ဆိုတာကို ပြောလိုက်ကြတာ။ ပါရမီ ဆိုတာ ဘာလဲ။ အလုပ်ပဲ။ ပါရမီဆိုတာ ကိုယ်က ဖြည့်မှ ပြည့် တာ။ မဖြည့်ဘဲ ပါရမီ မပါဘူး ဆိုပြီး ထိုင်နေရင် ပြည့်ကို မပြည့်ဘူး။ နောက်ပြီး ပါရမီက ပြည့်နေဦးတော့.. ကိုယ်က ထယူ ခံစားမှ ရတာ။ ပါရမီ ပြည့်တယ် ဆိုတာ ထမင်းစားပွဲ ရှေ့ရောက် စားဖို့ အသင့် ပြင်ပေး ထားတာနဲ့ တူတယ်။ ကိုယ်တိုင်က ယူစား ဖို့တော့ လိုသေးတာပဲ။ အဲလိုပဲ တရား ရဖို့ ကျင့်ရာ မှာလဲ ပါရမီ ပြည့်ရင်တောင် ခံစား နိုင်ဖို့ အားထုတ် နေရဦး မှာပဲ။ ဘုရား ရဟန္တာတွေ ကိုယ်တိုင် တောင်မှ ဒီဖြစ်ပျက် ကိုပဲ ပြန်စပြီး ရှုတာ ပါပဲ။ သူတို့ရဲ့ အထိခံ အာရုံတွေ ဖြစ်တဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ကို အတိုက်ဓာတ် ဖြစ်တဲ့ ရုပ်အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ တွေက လာထိတာပဲ။ အဲလို ထိခိုက်မှာ သတိ ကပ်တော့ ထိကာ မတ္တမှာ ဖြစ်ပြီး ချက်ချင်း ပျက်သွားတာ သိတဲ့ အတွက် နှစ်သက်မှု၊ မနှစ်သက်မှု မပေါ် တော့ဘဲ အပူလောင် မခံရ တော့ဘူး။ သတိ မကပ် တော့ နှစ်သက်ရင် လောဘမီး၊ မနှစ်သက်ရင် ဒေါသမီး လောင်တော့ တာပဲ။

ဒီတော့ မသေခင် တစ်မိနစ် ရရ၊ ဆယ် မိနစ် ရရ အချိန် မရ ရအောင် ကြိုးစား အားထုတ်ရင်း ကိုယ့်စိတ်မှာ ဘာ အာရုံပဲ ပေါ်ပေါ်၊ ပေါ်ရာ အာရုံကို သတိနဲ့ လိုက်သိပြီး သိကာ မတ္တနဲ့ ဖြတ်ချပြီး ကိုယ့်ရဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ အထိခံ အာရုံတွေကို အပူ မလောင်အောင် အားထုတ်ပါ။ လိုက်ခံစား နေရင် မပြီးနိုင် မစီး နိုင် အလုပ်ရှုပ် တတ်တယ်။ ကိုယ့်ကိုယ်ကို ချစ် အကုသိုလ် မဖြစ်စေနဲ့။ အာရုံ ကောင်းတာနဲ့ ကြုံလဲ မှတ်ချ၊ ဖြတ် ချ၊ မကောင်း တာနဲ့ ကြုံလဲ မှတ်ချ၊ ဖြတ်ချ၊ လောက မှာ အကောင်း အဆိုး အားလုံးက ဖြစ်ပြီး ပျက်တာ ချည့်ပဲ။ လူတွေ ကသာ အကောင်းကို မပျက် စေချင် အဆိုးကို ပျက်စေ ချင်ပြီး ဖြစ်ချင် တာတွေ မဖြစ် ရလို့ ဆင်းရဲ နေကြ တာ။ သူ့သဘောကို သူ့သဘော အတိုင်း ထားလိုက်ရင် .. ပြုပြင် စီရင် မနေ ချင်ရင် ကိလေသာမီး အပူ မလောင် တော့ဘူး။ လောင်လဲ ခဏပဲ။ ဒုက္ခဖြစ်ချိန် မကြာတော့ ဖြစ်ကြော တိုတာပေါ့။ အကုသိုလ်စိတ် မပေါ်တော့ဘူး။ ပေါ် လဲ သတိနဲ့ ချက်ချင်း ပြန်ထိန်း နိုင်ရင် အကုသိုလ် မကြီး တော့ဘူး။ ကိုယ့်ကိုယ်ကို ချစ်၊ အကုသိုလ် မဖြစ်စေနဲ့တဲ့။

သေမင်းဆိုတာ သိပ်လည်တာပဲ။ လူမိုက်ကို မကြိုက်ဘူး ပညာရှိ သူတော်ကောင်း ကိုမှ ကြိုက်တယ် ရွေးခေါ်တယ်။ ဒါကြောင့် လူမိုက်တွေ အသက် ရှည်ပြီး ပညာရှိ သူတော်ကောင်း ငယ်ငယ်နဲ့ သေတယ်။ ဒါကြောင့် အသေ မဦးခင် မသေရာ တရား ဖြစ်တဲ့ နိဗ္ဗာန် ရောက်ကြောင်း တရားဦးအောင် ကြိုးစား အာားထုတ် ပါလို့ နောက်ဆုံး မိန့်မှာ သြ၀ါဒ ပေးခဲ့ ပါတယ်။


ပညာရှိ သူတော်ကောင်း ကြီးများ မိန့်လိုက်ရင် တစ်ခွန်းဆို ဆိုသလောက် အနှစ်ပါ လိုက်တာ လို့ စဉ်းစားမိတယ်။ နောက်တမျိုး စဉ်းစားတော့ သူတော်ကောင်းက ကုသိုလ် ကောင်းမှုပဲ လုပ်တော့ မကောင်းတဲ့ သူတွေ ကြီးစိုး နေတဲ့ နေရာမှာ နေရင်း ၀ဋ်ခံ စရာ မလိုတော့ စောစော စီးစီး ကောင်းရာ မွန်ရာ ရွှေ့ထား လိုက်တာလဲ ဖြစ်နိုင် တယ်လို့… ဟုတ်တယ်လေ. လူ့ပြည်မှာ အဘိုးကြီး အဘွား ကြီးတွေ နတ်ပြည် ရောက်ပါစေ ဆုတောင်း နေတာ.. ကလေး တွေ ကို နောက်ဘ၀ နတ်သား နတ်သမီး လေးတွေ ဖြစ်ပါစေလို့ သီတင်းကျွတ်မှာ ဆုပေးတာ.. ဒီဘ၀ မသေဘဲ နောက် ဘ၀မှာ နတ်ဖြစ် ချင်လို့ ရမှ မရဘဲ။ နတ်ပြည် ရောက်လောက်တဲ့ ကုသိုလ် ကောင်းမှု လုပ်ထားပြီး မြန်မြန်သေမှ မြန်မြန် နတ်ပြည် ရောက်မှာကိုး.. ဒါပေမယ့် ကျွန်မ ကတော့ ဘုရား ရဟန္တာ ကိုယ်တော် မြတ်ကြီး တွေတောင် ရှောင် မရတဲ့ မကောင်းတဲ့ အာရုံ တွေကို မမြင်ချင် တော့လို့ မကြုံချင် တော့လို့ နောက်ဘ၀ ဘယ်လို ဘ၀ ကိုပဲ ရမယ် ပြောပြော မလိုချင် တော့ပါ ဘူးရှင်။ ဒါကြောင့် ပဋိစ္စ သမုဒ်ပါဒ် စက်ဝိုင်းကို သညတ္ခန္ဓာ ကနေ ဝေဒနက္ခန္ဓာ မကူးခင်၊ ဝေဒနက္ခန္ဓာ ကနေ ဥပါဒါနက္ခန္ဓာ မကူးခင် ဖြတ်ချဖို့ ကြိုးစား နေမိ ပါတော့တယ်။

No comments: