Sunday, January 27, 2008

ရှင်သန်ဆဲ အချစ်

“မင်္ဂလာ မနက်ခင်းပါ ကို”

ဒီလို နှိုးသံနဲ့ အတူ ပါးပြင်ပေါ် နွေးခနဲ ကျလာတတ်သော ချစ်ဇနီးရဲ့ အနမ်းကို မနက်တိုင်း အိပ်ရာက နိုးနိုးချင်း ဖျတ်ခနဲ သတိရ နေကျ ဖြစ်နေ မိသည် မှာ သူရှိတာနဲ့ မရှိတာ မခြားနား လောက်အောင်ကို တထပ်တည်း ကျ နေတဲ့ ခံစားချက် ကြောင့် ဖြစ်နိုင်ပါတယ်။ သူမကို နှလုံးသားက လက်ခံပြီး ဖြစ်နေတာကို သိတည်းက သူမက နှလုံးသား ထဲက ဘယ်တော့မှ ပြန်မထွက်တော့… ပြန်ထွက်ခွင့်လဲ မပေးနိုင်တော့ လောက်အောင် သူမရဲ့ ပုံရိပ် က နှလုံးသား ကျောက်စာထဲ ထွင်းလျက် စွဲမြဲ နေပြီ ဖြစ်လေသည်။

“မင်္ဂလာ မနက်ခင်းပါ ပိလေး”

ရေရွတ်ရင်း အိပ်ရာ သိမ်းခဲ့သည်။ မျက်နှာသစ် သွားတိုက် ပြီးနောက် ကော်ဖီ နှစ်ခွက်ကို အပြင်း အပျော့ မတူ အောင် ဖျော်ပြီး မနက်စာ ကို ခါတိုင်းလိုပဲ ၂ယောက်စာ ပြင်ဆင် ထားလိုက် သည်။ သူမက ကော်ဖီကို အပျော့ စား သောက်သည်။ သူတို့ ၂ယောက်ရဲ့ ထူးခြားချက်က တစ်ယောက် ကြိုက် တာ ကို တစ်ယောက်က အတင်း လိုက်ကြိုက် စရာ မလိုသလို မကြိုက်လို့ ဆိုပြီးလည်း အတင်း မတားမြစ် သလို ရှောင်ကြဉ် နေစရာ မလို။ အချင်းချင်း တားမြစ် ပိတ်ပင်မှု မပြုရက် လောက်အောင် တစ်ယောက် စိတ် အနှောင့် အယှက် ဖြစ်မှာကို တစ် ယောက် စိုးရိမ် ကြလေ သည်။ ကိုယ့် အပြုအမူကြောင့် သူ စိတ်ညစ်တာ မဖြစ် အောင်လဲ ဂရုစိုက် ကြသည်။ မနက်စာ မစားခင်
“ဒိုးဇို့ အိတာဒါ ခိမတ်စ်စ်စ်စ်”

သူမ ပြုံးပြုံးလေး ပြောနေကျ အသံလေးကို ကြားယောင်ရင်း သူလဲ ခပ်တိုးတိုး ရွတ်မိရင်း မျက်ရည် နွေးနွေး တို့က ကော်ဖီ ပန်းကန်ထဲ သက်ဆင်း သွားကြသည်။ ထမင်း စားပွဲဝိုင်းက သူမ ထိုင်နေကျ ထိုင်ခုံလေး ပေါ်မှာ တင်ထားတဲ့ သူမ ကြိုက်တဲ့ တွီတိ ငှက်ရုပ်လေး ကို ငဲ့စောင်း ကြည့်ရင်း ပြုံးမိသည်။ သူမသည် ကလေးများ ငိုနေရင် အစွမ်းကုန် ချော့မြှူရင်း အငို တိတ်အောင် လုပ်တတ်သူ၊ သူမ ချော့လျက် အငို မတိတ်သော ကလေး ဆိုလို့ မရှိသလောက်။ သူမ မြှူသည့် ပုံစံက တွီတိ ငှက်လေး အတိုင်းပင်။ မျက်လုံး ၀ိုင်းဝိုင်းလေးကို အသကုန် ပြူးပြီး ပါး၂ဖက်ကို ခံတွင်းထဲ အားကုန် စုပ်သွင်းလျက် နှတ်ခမ်း ပါးပါး သေးသေးလေးက တွီတိ ငှက်လေးရဲ့ နှုတ်သီး ပုံ ဖြစ်သွားသော အခါ လက်နှစ်ဖက်ကို ချိုင်းထဲသွင်းကာ တောင်ပံလို ခတ်ပြသော သူမကို မြင်လျှင် ငိုသော ကလေး ချက်ချင်း ထရယ် လေသည်။ ဒီပုံစံ လေးကိုပဲ သူ စချစ် မိခဲ့သည် မဟုတ်ပါလား။ ခုရော ပိလေး ရယ် … ကိုယ်မျက်ရည် ကျနေတာ မြင်ရင် အဲလို ပဲ ချော့မလား။ ဒါမှ မဟုတ် ကိုယ့်ပါးလေးကို ကိုင်ပြီးပဲ အမေ တစ်ယောက် စတိုင်နဲ့ ကိုယ့်ကလေး ကိုယ်ချော့ သလို နှစ်သိမ့်ပြီး ချော့မလားဟင်။ ကိုယ် တခုခုကို တအား သဘောကျပြီး

နှစ်နှစ်ခြိုက်ခြိုက် ရီနေတဲ့ မျက်နှာလေးကို ကလေးလေးနဲ့ တူလို့ သိပ်ချစ်တာပဲ ဆိုတဲ့ ပိလေး အတွက် ကိုယ်အမြဲ မဟုတ် ပေမယ့် မကြာ မကြာ ရယ်မော နေနိုင်အောင် ကြိုးစားပါ့မယ်။
အလုပ်သွားဖို့ ပြင်တော့ ဖိုင်တွေ အသင့် စီပေး ထားတတ်တဲ့ ပိလေး၊ အလုပ် မသွားခင် အပြင် မထွက် ခင် တိုင်း ပြုံးပြုံးလေးနဲ့ ခေါင်းလေး စောင်းငဲ့ မော့ပေးရင်း ပါးလေး တစ်ဖက်ကို လေဖောင်း ပေးထား တတ်တဲ့ ကလေး ဆန်ဆန် မျက်နှာပေး လေးနဲ့ ပိလေးကို ကိုယ် ဘယ်လိုမှ မထားခဲ့ ရက်အောင် အမြဲ ဖြစ်ခဲ့ ရတယ်။ ခုတော့ တံခါးဝမှာ အိမ်ထဲ ပြန်လှည့်ရင်း အမြင် အာရုံထဲ ပိလေးက ခြေဖျားလေး ထောက်လို့… နဖူး သုံးနေရာ တချက်ချင်း နွေးကနဲ ဖြစ်သွားသလိုပဲ..

“ကို့နဖူးကြီးက အကျယ်ကြီးကို သုံးချက် နမ်းမှ နေရာနှံ့မှာ… ”

ချိုလွင်လွင် ရယ်သံလေးနဲ့ နောက်ပြောင် ပြော လေ့ ရှိတဲ့ ချစ်ဇနီးရဲ့ နှာတံ ချွန်ချွန် လေးကို ဆွဲလိမ် လိုက်တိုင်း နှာခေါင်းလေး ရှုံ့ရင်း တာ့တာပြ ကျန်ခဲ့တဲ့ ဇနီးကို အတွေးနဲ့ နှုတ်ဆက်ရင်း အလုပ်ထဲ ရောက်ခဲ့တယ်။

အလုပ်ကို ရောက်ရောက်ချင်း ကိုယ်ရုံးရောက်ပြီ လို့ မက်ဆေ့ခ်ျက ပို့နေကျ။ မဟုတ်ရင် လမ်းမှာ တခုခု ဖြစ်မှာ သူမ စိုးရိမ် မယ်လေ။ သူမကတော့ ခါတိုင်း ဒီအချိန် ဆိုရင် ဘလော့ နေလောက်ပြီ။
**************************************************************************



“ကို ထမင်းစားရအောင်”
နေ့လယ်စားချိန်ရောက်တာနဲ့ အချိန်မှန်စားဖို့သတိပေးတတ်တဲ့သူမရဲ့ အသံလေးကို အချိန်ကိုက် ကြား ယောင် နေမိတာ မထူးဆန်းတော့။ သူ့အကြိုက်ကို ပြင်ခဲ့တာ ဆိုလို့ ထမင်းအေးမှ ကြိုက်သော သူ့ကို ထမင်းပူ စားတတ်အောင် အတင်း ဂျီကျခြင်း တစ်ချက်သာ… သို့သော် ချွဲချွဲလေးနဲ့ ချက်ကျ လက်ကျ ရှင်းပြ ပြီး တောင်းဆိုသော သူမရဲ့ ဆန္ဒက မငြင်းရက် လောက်အောင်ပင်…

“ကို ကလဲ.. ထမင်းအေးက ထမင်းပူလောက် အာဟာရ မပြည့်တော့ဘူး။ အစား အစာဆိုတာ အထူးသဖြင့် ကာဗို ဟိုက်ဒြိတ် တွေက ၄၀ ဒီဂရီ စင်တီကနေ ၇၀ ဒီဂရီ စင်တီ ဂရိတ်ကြားဆို ပိုးတွေ ပေါက်ဖို့ သိပ်ကောင်း တာ။ ၄၀ ထက်အေးနေမှ ဒါမှမဟုတ် ၇၀ထက် ပူနေမှ စားလို့ အဟာရ အပြည့်ဝင်တာ။ ထမင်းအေးစားရင် ရင်ပြည့် မှာပေါ့။ ထမင်းပူ စားနော်.. နော်.. လိမ်မာပါတယ်.. တအားကြီး ပူကျက် နေတာမှ မဟုတ်တာ.. လာ ပိပိ မှုတ်ပေးမယ်.. စားလိုက် ပါဆို.. ဟ.. ပါးစပ်ဟ .. အင်း ဒီလိုမှပေါ့.. သားသား လိမ်မာတယ် တစ်မှတ် … ”

ထမင်း တစ်လုတ် ၀ါးလိုက်ရင်း သူမ ပြောသံ လေးတွေက အတွေးထဲ ၀င်လာသည်။ အသား တစ်ခွက်၊ အရွက် တစ်ခွက်၊ ဟင်းချို တစ်ခွက် အမြဲစီစဉ် တတ်ပြီး အနည်းဆုံးတော့ ဟင်းရွက်ကြော် တစ်ခွက် ပါမှ စားတတ်သော သူမ အတွက် အကြိုက်ဆုံး အရွက်မှာ မုန်ညင်းစိမ်း ဖြစ်လေသည်။ အာဟာရ ပြည့်အောင် ဂရုတစိုက် စီစဉ် ချက် ပြုတ် ကျွေးမွေး တတ်သော သူမကြောင့် အိမ်ထောင် ကျမှ သူပို ကျန်းမာ ထွားကြိုင်း လာသည်။ အ၀တ် များ တစ်ထည်ပြီး တထည် မတော်တော့လို့ အသစ်ဝယ်ရတိုင်း သူမက စည်းတစ်ခု ချသည်။

“ကိုနော်.. ဗိုက်တော့ မရွှဲ လာစေနဲ့ ဘောင်းဘီကို ခါးနံပါတ် ၃၄ ထက် ကျော်လာရင် အသစ် လုံးဝ ၀ယ်မပေး ဘူး။ ရှိတာ ရအောင် ၀တ်။ ဗိုက်ကျပ်ရင် ၀ိတ်လျှော့။ လေ့ကျင့်ခန်း လုပ်ရမယ် ဟွန်းးးး ဗိုက်ကြီး ပူလာ လို့က တော့ ဗိုက်တစ်လုံးနဲ့ ပစ်ထား ခဲ့မယ် ဘာမှတ်လဲ”

အတည်ပေါက် ရုပ်လေးနဲ့ မျက်စောင်းထိုးကာ ကြိမ်းမောင်း နေသံလေးက နားဝင်ချိုလှသည်။ တချက် ပြုံးမိရင်း ရုံးက အပြန် ဈေးဝင်ရင် ၀ယ်ဖို့ စာရင်း တစ်ခု တိုးမှတ်လိုက်သည်။ ရုံး ကင်တင်း ကနေ ထမင်းစား အပြီး ပြန် တက် လာတော့ ကိုယ်ဝန်ကြီး တကားကားနဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို ပက်ပင်း တိုးသည်။ နှုတ်ဆက် ဖို့ ပြုံးတာ မဟုတ်ဘဲ သူမကို သတိ ရလို့ ပြုံးမိ ပေမယ့် နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိသော သူ့ကို ထို အမျိုးသမီးက တခုတ်တရ နှုတ်ဆက် သွားလေသည်….

“ဟိ .. မင်္ဂလာ ရှိတယ်နော် တွေ့တာ ဟိုမှာ မီးပုံးပျံကြီးတစ်လုံး”
“ကိုနော်.. ဘာတွေ လာပြောနေတာလဲ”
“ပိလေး ကိုယ်ဝန်ရရင် သူ့လိုပဲ နငယ်လေးနဲ့ တူမှာ အဟိ”
“ကိုနော် ပြောလေ ကဲလေ.. ဒါထက် ကလေး တကယ် မရနိုင်ရင် ဘယ်လို လုပ်မလဲ”
“အာနိုးလို ကိုယ်ဝန်ဆောင်လိုက်မယ်လေ”
“အာာာာ ကိုကလဲ ပေါက်တီးပေါက်ရှာ”
“တစ်ယောက်တလှည့်စီ ကလေးလုပ်တမ်း ကစားမယ်ကွာ.. ဒါဆို သားတစ်ယောက် သမီးတစ်ယောက် ရပြီ”
“ဟားဟားဟား ကို ဟာလေ ပွေလီ ပါပေ့.. ပေါက်ပေါက် ရှာရှာ.. ဒါဆို ကိုယ်က သား၊ ပိလေးက သမီးပေါ့ ဟုတ်လား”
“အင်းပေါ့.. မီးမီးလေး လာလာ.. ဖေဖေကြီး ရေခဲမုန့် ၀ယ်ကျွေးမယ် … နော်”
“အောင်မယ် သူသာ ရေခဲမုန့် စားချင်တိုင်း… (မျက်စောင်း ချိုချိုလေး ထိုးပြီးမှ ) သားသားကြီးရင် ဘာလုပ်မယ် မေမေ မေးရင်ကွယ်”
“ဂလောင်ဂလင် တီးကာရယ် … ရေခဲချောင်း ရောင်းပါမယ်.. ရောင်းလဲရောင်းရတယ် … စားလဲ စားရတယ်”
“အရင်းတော့ ပြုတ်တော့မှာပဲ သားသားရယ် ”
“ဟားဟားဟား”

သူမနဲ့ ပျော်ရွှင်စွာ ရယ်မောရင်း ဘ၀အမောများကို ဖြေဖျောက် ခဲ့ကြ ဖူးသည်။ သူမရဲ့ မွေးရာပါ ရောဂါ တစ်ခု ကြောင့် ကလေး မရနိုင် လောက်အောင် ခက်ခဲမည် ဆိုသော ဆရာဝန် ရဲ့ စကား အဆုံးမှာ ကလေးအဖေ ဖြစ်ချင် လှသော ကိုမျိုးကို သနားကြည့် ကြည့်ရင်း မျက်နှာလေး ငယ်နေသော ပိလေး။ အမြဲ သူ့မျက်နှာကို အရိပ် တကြည့်ကြည့်နဲ့ ပိလေး။ ငြိမ်ကျသွားရင်း ၃ ရက်လောက်နေတော့

“ကို ” “ ဟင်”

“ကို.. ကလေး အဖေ ဖြစ်ချင်ရင်လေ.. နောက်မိန်းမ ယူပါလားဟင်”
“ ((( ဟမ် ))) ဘာရယ်”

“အော် ကို ကလေး လိုချင်တာ သိတယ်လေ.. အဲဒါ ကိုယ့်ရင်သွေးလေး ရအောင် နောက်မိန်းမ ယူပါလားလို့ ”

“ဟာ… ဘာတွေ လာပြောနေတာလဲ မယူချင်ပါဘူး ပိလေး တစ်ယောက်လုံး ရှိနေတာ .. မလိုဘူး.. မယူဘူး … မယူပါဘူး.. ပေါက်ကရတွေ လျှောက်မတွေးနဲ့ … နော်”

“ပိလေး သဘောတူပါတယ် ကိုရဲ့.. ပိလေးကြောင့် ကိုယ့် ရှေ့ရေးတွေ အပျက် မခံရ စေချင်ဘူး.. ကိုယ်က တစ်ဦး တည်းသော သားလေ.. ကိုယ့်မိဘ တွေက မျိုးဆက် ကိုယ့်ရင်သွေး လေးကို ချီချင် ကြမှာ.. ပိလေးက ကို့ရဲ့ ဆန္ဒ တွေကိုရော ကို့ မိဘ ဆန္ဒ တွေကိုရော ဖြည့်ဆည်း ပေးနိုင် တော့တာမှ မဟုတ်တာ.. ကို့ရဲ့ အခွင့် အရေးကို မပိတ်ပင် ထားချင် ပါဘူး။ ကို … နောက်အိမ်ထောင် ထူထောင် ချင်ရင် ပိလေးကို အားမနာ နဲ့နော်.. ကို့ရဲ့ လိုအပ်ချက်ကို ဖြည့်ပေး နိုင်မယ့် နောက် အိမ်ထောင်ကို ညီမလေးလို ချစ်နိုင်ပါတယ်.. ကို့ရဲ့ ကိုယ်ပွား လေး ကိုလဲ ကို့ရဲ့ သွေးမို့ ချစ်နိုင်ပါတယ် ကိုရယ်.. အချစ်က ပြောင်းလဲ သွားမှာ မဟုတ်ပါဘူး”

“ပိလေးရယ်.. ကိုယ် မယူ ပါဘူးကွာ.. ပိလေး ကို ကို့အချစ်တွေ အားလုံး ပေးပြီးပြီပဲ.. နောက် တစ်ယောက် အတွက် ကိုယ့်မှာ အချစ် မကျန် တော့ဘူး ပိလေးရဲ့.. အချစ် မပါတဲ့ အိမ်ထောင်ရေးကို မတည်ဆောက် ချင်ဘူး .. ဆက်မပြော ပါနဲ့တော့ ပိလေးရယ်.. ကို့ကို ကတိပေးနော်.. ကို မသိအောင် ဘာမှ လျှောက် မလုပ် ရဘူးနော်.. ကို့ကိုလဲ ထားမသွား ရဘူးနော်.. ပေး ကတိ”
မျက်ရည်ဝဲလေးနဲ့ ခေါင်းညိတ်နေသော .. ကိုယ့်အတွက် စဉ်းစားပေး တတ်လွန်းပြီး အတ္တ နည်းလှတဲ့ ချစ်ဇနီး လေး ကို ဘယ်လို ကိုယ်ထားခဲ့ ရက်မှာလဲကွယ်.. ဒါပေမယ့်… ဒါပေမယ့် ကွာ…

****************************************************


ရုံးအဆင်း ဒီနိုင်ငံကို အလုပ်လုပ်ဖို့ ရောက်တာ မကြာသေးသော သူငယ်ချင်းကို လမ်းပြ လမ်းညွှန် လုပ်ဖို့ ဈေးဝယ် ချိန်းထားလို့ သူ့ကို ဘူတာမှာ ကြိုရင်း shopping mall ထဲ ရောက်လာသည်။

“ညစာ အိမ်လိုက်စားကွာ.. မင်းလဲ ငါ့အိမ် ရောက်ဖူးတာပေါ့… ည အိမ်မှာပဲ အိပ်ချင် အိပ်လေ .. နောက်နေ့ ရုံးတက် စရာ ရှိတာမှ မဟုတ်တာ”

“အေးလကွာ.. ကောင်းသားပဲ.. ငါတို့ မဆုံဖြစ်တာ ကြာလှပြီပဲ .. အေးဆေး စကားလေး ဘာလေး ပြောကြ တာပေါ့”

“အင်း.. လုပ်ငန်းကိစလေးတွေလဲ တိုင်ပင် ကြတာပေါ့ကွာ”

“ကိုမျိုး မင်းမလဲ ငြိမ်လှချည်လားကွာ.. ရှေ့အပတ် ငါတို့ ကုမ္ပဏီ ပစ်ကနစ် ရှိတယ် ဧည့်သည် ဖိတ်ခဲ့လို့ ရတယ် လာလည်ပါလား ရုံးက ကောင်မလေး တွေက အမိုက်စား လေးတွေကွ”
“အင်း အခြေအနေ အရ ပေါ့ကွာ”

“ဆုံးတဲ့လူကလဲ ဆုံးတာ ကြာနေ ပါပြီကွာ။ မင်းစိတ်ကို အရမ်းကြီး ထိန်းမထား ပါနဲ့။ မင်းအသက် ခုမှ သုံးဆယ် ကျော်စ လေး ရှိသေးတာ.. ကလေးလဲ ကျန်ခဲ့တာ မဟုတ်ဘဲနဲ့။ နောက်အိမ်ထောင်လေး ဘာလေး ပြုပေါ့.. ဘယ်သူမှ မင်းကို အပြစ် မတင် ပါဘူး။ မင်းကို ကြိုက်တဲ့ စောင့်တဲ့ လူတွေလဲ အများကြီးကိုများကွာ.. မုဆိုးဖိုမို့ ဂုဏ်မငယ် ပါဘူး။ မိန်းကလေးရှင်တွေကလဲ မင်းကို အရေးပေး နေတာပဲဟာ။ သူ့ကိုပဲ လွမ်းပြီး ၀မ်းနည်း ပူဆွေး နေမယ့် အစား တမ်းတ သတိရ နေမယ့် အစား နောက်တစ်ယောက် အစားထိုး လိုက်ပါလား။”

“ဟာကွာ.. ဟေ့ကောင်.. ငါ သူကလွဲလို့ ဘယ်သူ့ကိုမှ ချစ်မရဘူး ဆိုတာ မင်းသိသားနဲ့… ငါ လိုချင်ရင် နောက် မိန်းမ ယူလို့ ရမှန်း သိပါတယ်။ သူကိုယ်တိုင် ကလဲ သူမဆုံးခင် တည်းက ငါ့ကို နောက်မိန်းမ ယူဖို့ သူ့ကို ကွာ ချင် ကွာပေးဖို့ ပြောခဲ့ ပါတယ်။ ဒါပေမယ့် ငါ သူ့ကိုပဲ ချစ်ရတာ ပျော်တယ်။ သူ့ကို စဉ်းစား တွေးတော နေရတာ ပျော်တယ်။ သူ့ကို လွမ်းရတာ ပျော်တယ်။ သူ့ဟာ အပြင် လောကမှာ သေဆုံး သွားခဲ့ ပေမယ့် ငါ့ နှလုံးသား ထဲမှာ ရှင်သန် နေဆဲပါ။ ငါ ရူးနေတာလဲ မဟုတ်ဘူး။ သူ ဆုံးသွားတာကို ငါ လက်မခံ တာလဲ မဟုတ် ပါဘူး။ သူဆုံးသွားတာ ငါလက်ခံ ပါတယ်။ ဒါပေမယ့် သူ အသက် ဆုံးလို့ ဆိုပြီး ငါ သူ့ကို ဆုံးရှုံး မသွား ပါဘူး။ အချစ် ဆိုတာ ဘယ်တော့မှ မသေဘူး။ ငါ့အတွေးထဲ သူအမြဲ ရှင်သန်နေတယ်။ သူ့အချစ်တွေရော ငါ့အချစ်တွေပါ အမြဲ တူတူ ရှင်သန် နေကြတယ်။ ဒါကြောင့် သူ့ကိုလွမ်းလို့ ငါ ပူဆွေး ၀မ်းနည်းတာ ခံစား မနေရ ပါဘူး။ သူ့ကို ချစ်နေရရင် သူ့အကြောင်း လေးတွေ ကို တွေးရင်း ပီတိ ဖြစ်ပြီး ကြည်နူးရတဲ့ ခံစား ချက်က ငါ သူ့ကို ဘာနဲ့မှ အစား မထိုးနိုင်တဲ့ အဓိက အချက်ပဲ။ အစား ထိုးဖို့ စဉ်းစား ကြည့်လို့ကို မရဘူးကွာ .. သူဆုံး သွားပေမယ့် ငါ့အတွက် ကတော့ အချစ်တွေ ပြောင်းလဲ သွားမှာ မဟုတ်ဘူး ကွာ”

“ဟာကွာ.. ဆောရီး သူငယ်ချင်းရာ”

“ရပါတယ်ကွာ”

ပိလေး ကြိုက်တဲ့ သစ်ခွပန်း တအိုး ၀ယ်လိုက်တော့ သူငယ်ချင်းက အံ့သြ တကြီး ကြည့်သည်။ ဒီနေ့ သူ့ မွေးနေ့ လေ.. သူ့မွေးနေ့ ညစာ စားပွဲမှာ သူငယ်ချင်း ခေါ်လာတိုင်း မညီးမညူ ဧည့်ခံ တတ်သော သူမက ခုလဲ ဘာမှ ပြောဆို ကန့်ကွက်မှာ မဟုတ်… ဟိုတချိန်က သူ ထိတ်လန့်ခဲ့ရသော အဖြစ်ဆိုး ကြီးသည် ခုတော့ သူ့ကို ဘာမှ ထူးခြားသော ခံစားချက် မပေးနိုင်တော့…
**********************************************************
ပိန်လှီ ဖျော့တော့ လှသော ဇနီးသည် နောက်တစ်ခါ ဆေးရုံတက်ရပြန်တော့ ဆရာဝန်ကြီးက စမ်းသပ် စစ်ဆေး ချက် များကို ကိုင်ရင်း စစ်ရင်း

“ အခြေအနေက တအား ခက်ခဲနေတယ်.. သူ့မှာ ရှိတဲ့ erupted lymphoma က လင့် အကျိတ်တွေက ကလီစာ တွေ ထဲထိ ပြန့် နေပြီ။ အဆုတ်မှာ အများဆုံး တွေ့ရတယ်။ ကိုယ်တွင်း သွေးယို နှုံးကလဲ များလာ တယ်။ ငယ်ရွယ်စဉ် လေဖြတ် ဝေဒနာ ကလဲ ရှိပြန်တော့ ဆေးကို ဘယ်လို ပေးရမယ် မှန်းကို မသိ တော့ဘူး။ တအား ခက်တယ်။ အက်စ်ပရင် မ သောက် ပြန်လဲ လေဖြတ်တာ ပြန်ဖြစ် နိုင်တယ်။ ဆက်သောက်ရင်လဲ သူက သွေးယိုနှုံး ကိုရော လင်ဖိုးမား ကိုပါ ပိုဆိုး စေတယ်။ သွေးယိုနှုံး တားတဲ့ဆေး သောက်ပြန်ရင်လဲ ဦးနှောက်ထဲ သွေးခဲ ပိတ်ဦးမယ်။ ဒီတော့ အကောင်းဆုံးက ဆေးအားလုံး နားပစ်လိုက်ပြီး ခင်ဗျားတို့ ပျော်ပျော်ရွှင်ရွှင် နေကြပါ။ ဒါပဲ လောလော ဆယ် အကြံပေး ပါ့မယ် နောက်သုံးလ ကျွန်တော် အခြေအနေ ကြည့်ဖို့ ပြန်ချိန်း လိုက်ပါ့မယ်” တဲ့

“ ဒီ အဖြစ်ကြီးကို ရှောင်တိမ်းလို့လဲ မရ၊ ပုန်းအောင်းလို့လဲ မရမယ့် အတူတူ ရင်ဆိုင်ကြတာပေါ့ ကို.. တခု တော့ ပိုတောင် ကောင်းသေးတယ်။ တရား သဘောနဲ့ ကြည့်ရင် ကုသိုလ် ကောင်းမှု လုပ်ချိန် ရတယ်လေ။ ရုတ်တရက် ဦးနှောက် သွေးကြော ပြတ်သေတဲ့ လူဆို ကုသိုလ် လုပ်ဖို့ အချိန် မရဘူး ကို။ ဒီတော့ တမလွန်မှာ ဘယ်ဘ၀ ရောက်မလဲ စိတ်မချ ရဘူး။ လောကီ အတွက် ကြည့်မယ် ဆိုရင်လဲ ရုတ်တရက် သေသွားရင် သူ ရှိတုန်းလေး ငါ ဘယ်လို လုပ်ပေး ခဲ့လိုက် ရမှာ .. ခုတော့ ဘာလေးတောင် မလုပ်ပေး လိုက်နိုင်ဘူး ဆိုတဲ့ နောင်တ တွေ ပိုက်နေ ရမှာ။ ခုလို ကြိုသိတော့ လုပ်ချင်တာတွေ အားလုံးကို အကုန် မပြီးရင်တောင် တခုပြီး တခု လုပ်ရင်း စိတ်ချ ရနိုင်တယ်။ နောက်ပြီး ကိုရယ်.. လူချင်း ခြားသွား ပေမယ့် နှလုံးသားချင်း ခြားသွား မှာမှ မဟုတ်တာနော်..”

“ဟင့်အင်းကွာ.. ပိလေး က ကိုယ့်ရဲ့ ဘ၀ပါ.. ပိလေး မရှိတဲ့ နောက် ကိုယ့်မှာ ဘ၀မှ မရှိ တော့ဘဲ .. ကိုယ် ဘယ်လို ရှင်သန် နေခဲ့နိုင်မှာလဲ။ ”

“ ကို.. အဲလိုကြီး မလုပ်ပါနဲ့ကွာ.. နော်.. ကို စိတ်ချမ်းသာမှ ပိလေး စိတ်ချမ်းသာမှာ.. ကို စိတ်ချမ်းသာ အောင် နေမယ် မဟုတ် လားဟင်.. ကို.. ပျော်ပျော် နေခဲ့ ပါနော် .. မကြံစည် ကောင်းတာတွေ မကြံစည် ရဘူးနော် .. ကတိပေး”

“ ပိလေး မရှိတဲ့ဘ၀မှာ ဘယ်လို ပျော်မလဲ.. ဘယ်လို ပျော်အောင် နေရမှာလဲ.. ဘယ်လိုလုပ် စိတ်ချမ်းသာ မှာလဲ”

“ ဒါဆို ပိလေးကို ကိုယ့်ဘ၀မှာ ဆက်ထား ထားလေ..”

“ ဟင်.. ဘယ်လို .. ဘယ်လို”

“ ဟုတ်တယ်လေ.. ပိလေးရဲ့ အချစ် တွေကို ကို့ရဲ့ နှလုံးသားထဲမှာ ဆက်ထားပေးလေ.. ပိလေး အပြင် လောက မှာ မရှိတော့ ပေမယ့် ကို နှလုံးသား ထဲမှာ ဆက်ရှိ နေလို့ ရတာပဲ.. ကို့ နှလုံးသား ထဲမှာ အမြဲ ရှင်သန် နေမယ်လေ.. ကို က ပိလေးကို ရှင်သန်ခွင့် ပေးထားမယ် ဆိုရင်ပေါ့.. နော်..”

“ ကလေးလေးရယ်”

နှစ်ယောက်လုံး မငို နိုင်လောက်အောင် အသံ မထွက် နိုင်လောက်အောင် ဆို့နင့် ကြေကွဲ စွာဖြင့် တစ်ယောက် လက်ကို တစ်ယောက် တင်းတင်း ဆုပ်ကိုင် ထားခဲ့ ကြသည်။ အဲဒီနောက် သူတို့ နှစ်ယောက်အချိန်ကို အပျော် ဆုံး အသုံးချ ခဲ့ကြသည်။ အပန်းဖြေ ခရီးတွေ ထွက်သည်။ အိမ်မှာ ၂ဦးတည်း ရုပ်ရှင် တကားပြီး တကား ကြည့် ရင်း နေကြာစေ့တွေ တဖျောက်ဖျောက် စားရင်း တစ်ယောက် ကို တစ်ယောက် ပွေပွေ လီလီ နောက်ပြောင် ကြရင်း ရယ်မောရင်း အချိန်တွေကို အကောင်းဆုံး အသုံးချ ခဲ့ကြသည်။

အခုရော.. ခုလဲ ပိလေးက သူကြိုက်သော သစ်ခွ ပန်းအိုးလေးကို တယုတယ ရွှန်းရွှန်းစားစား ကြည့်ရင်း ပျော်နေ မည်ကို သူသိသည်။ သူ ညဘက် အိမ်ပြန် နောက်ကျရင် သူ့ကိုလဲ စိုးရိမ်ပြီး သူကိုယ်တိုင်လဲ ကြောက်တတ်သော ပိလေးကို နှစ်သိမ့်ဖို့ စောစော ပြန်နေကျ အတိုင်း ညဉ့်မနက်ခင် သူ အိမ်ပြန် လာခဲ့လေသည်။

16 comments:

Chit Lay Pyay said...

စစ်ရေ အရမ်းကောင်းတာပဲ၊ ဘာဖြစ်မယ်ဆိုတာ သိနေပေမယ့်လဲ ဘာကြောင့်ဘယ်လို ဖြစ်သွားတာလဲ ဆိုတာ သိချင်နေတယ်၊ စိတ်ထဲလဲ မကောင်းဘူး၊ ရင်ထဲကို နင့်နေတာပဲ ဆွတ်ပျံ့ ကြည်နူး လွမ်းဆွတ် ဖို့ ကောင်းလိုက်တာ

မင်းကျန်စစ်။ said...

ကောင်းတယ် အမရာ။ ဖတ်ရတဲ့ အချိန်နဲ့ တန်အောင် ပျော်တာတွေရော ဝမ်းနည်းရတာတွေရော ခံစားချက်တွေ အစုံရလိုက်တယ်။ ခုန ပြောလိုက်သလိုပဲ သူလေးကို ဖတ်ခိုင်းလိုက်အုံးမယ်။ ဟိဟိ

ဂျေဂျေ said...

အရမ်းခံစားရပါတယ်

ကို said...

“မင်္ဂလာ မနက်ခင်းပါ ကို”

ဒီလို နှိုးသံနဲ့ အတူနှာခေါင်းထဲထောင်းကနဲဝင်လာတတ်သောအာပုပ်နံ့ ကြောင့် ကျွန်တော့တို့ အိပ်ရာနိုးနိုးချင်းစကားမပြောကြရန်သဘောတူခဲ့ကြတာလည်းကြာခဲ့ပါပြီ။

layma said...

အရမ်းကောင်းပါတယ်လို့ မရေးရက်နိုင်လောက်အောင်...။

နွေကဗျာ said...

အစ်မရေ..လာလည်သွားတယ်နော်..ဖတ်ရတာ အရမ်းကြည် နူးစရာ ကောင်းပြီး.ကြေကွဲဖို့လဲ ကောင်းတယ်..အချစ်ဆိုတာကို..လေးလေးနက်နက် ခံစားမိတယ်..နေရာလေး မှာ ၀င်ပြီးခံစား ကြည့်သွားတယ်..

မျှားပြာ said...

ခံစားသွားရပီ ..

thamudayanwe said...

ကောင်းပါတယ်..ဒါပေမဲ့ အသက်ကအရမ်းငယ်သေးတယ်
သားသမီးလဲမကျန်ခဲ့ဘူးဆိုတော့ အချိန်တခုခုမှာ အင်းးး
ထပ်တွေ့နိုင်သေးတာပဲနော်..
ဖြစ်နိုင်ချေပါ.
အရေးအသားကတော့ ရှယ်ပဲ ဗျို့

PeTi said...

အရေးအသားက ကောင်းတော့ ဖတ်ရတာ ရင်ထဲမှာ မကောင်းဖြစ်သွားတယ်။ အသက်လည်းငယ် သားသမီးလည်း မကျန်ခဲ့ပေမယ့် နှစ်အတော်ကြာ သို့မဟုတ် တသက်လုံး ကိုတယောက်ထဲ ရှိနေဦးမှာပါ။
အချို့တလေမှာ ချစ်တယ်ဆိုတာ တသက်မှာတခါပဲ ဖြစ်တတ်ပါတယ်။

ကလိုစေးထူး said...

မရောက်တာကြာပြီ။ စီဘောက်စ်မှာ ညီမလာအော်မှပဲ သတိရဖြစ်သလို ဖြစ်သွားတယ်။ :D ဒါနဲ့ လာဖတ်တော့ အခု ၀တ္ထုတိုကို ဖတ်ခွင့် ရလိုက်တယ်ဆိုပါတော့။ :)

လင်း said...

ဖတ်ပြီးတော့ ဘာမှန်းမသိတဲ့ ခံစားချက်ကြီး တခုကျန်ခဲ့တယ်

Yan said...

မာစတာပိစ်လေးတစ်ခုပါပဲ မလှိုင်ရေ.

စတား ၅ ခုပေးသွားတယ်.

*****

Y.

LIN LET KYAL SIN said...

အမရယ် .. အခုအချိန်မှာ ညီမအတွက် အရမ်းခံစားနေရချိန်မို့ ဒီဇတ်လမ်းလေးကိုဖတ်ပြီး မျက်ရည်ကျမတတ် ခံစားမိတယ် .. ။ ရိုးရိုးလေးနဲ့ လှပတဲ့ဇတ်လမ်းလေးတစ်ခုပါပဲ .. အားပေးသွားတယ်နော် :)

စိုးထက် - Soe Htet ! said...

အခုမှ ဖတ်ဖြစ်သွားလို့ ဗျ ... အရမ်းကောင်း ပါတယ် ခင်ဗျာ :D

Winkabar said...

အရမ်းကောင်းတယ်အစ်မရေ။ တကယ်ကို ဆွဲဆောင်နိုင်တဲ့ဇာတ်လမ်းလေးပါပဲ။

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း said...

ဖတ်ပြီး စိတ်ထဲမှာ အရမ်းဝမ်းနည်းပြီး ကျန်ခဲ့တယ် အစ်မရေ။