Friday, January 11, 2008

ပန်းထိုးနည်းမှ ဆရာကိုင် ပညာရပ်များ

ပန်းအကြောင်း နားလည် ရပါတယ်။ ပန်းလတ်လတ် မရလို့ ပွင့်ချပ် တချို့ နွမ်းနေတဲ့ ပန်းဆိုရင် နွမ်းနေတဲ့ ပွင့်ချပ် ကို ဆွဲမဖြုတ် ရပါဘူး။ ပွင့်ချပ် ဟန်ချက် ပျက်သွားတဲ့ အတွက် ပန်းပွင့်ရဲ့ ကျန်တဲ့ ပွင့်ချပ် များလဲ အလွယ်တကူ လိုက်ကြွေ တတ်ပါတယ်။ ဒါဆို ဘယ်လို လုပ်မလဲ။ ဒါလေးများ… နွမ်းနေ၊ ၀ါနေ၊ ပိုးကိုက် နေတဲ့ နေရာလေးကို ပွင့်ချပ်နဲ့ တူအောင် ကတ်ကြေး ထက်ထက်လေးနဲ့ ပုံဖော်ပြီး ညှပ်ထုတ် ပစ်လိုက်တာပေါ့။ ဒါလောက်ဆို အဖြည့်ခံ ငါးရိုးရွက်လေးတွေ အဖျားမှာ ခြောက်နေ ပဲ့နေရင်လဲ အဲလိုပဲ အချွန် အတက်ပုံ လေးတွေ ပေါ်အောင် ကတ်ကြေးနဲ့ ညှပ်ထုတ်ပြီး အလှဆင် နိုင်ပါတယ်။

ပန်းကိုင်းကို ဖြတ်တဲ့ အခါမှာ တုံးတိ ဖြတ်မချဘဲ စွေစောင်းစောင်းလေး ဖြတ်တဲ့ အတွက် ရွှံ့၊ သဲ၊ ကျောက်စရစ် စတာတွေ ခံပြီး ပန်းအိုး ထိုးတဲ့အခါ ထိုးစိုက်ရ လွယ်စေ ပါတယ်။
ပန်းထိုးတော့မယ် ဆိုရင် ပန်းအိုးရဲ့ နောက်ခံ အရောင်၊ စားပွဲခင်း အရောင်တွေနဲ့ လိုက်ဖက်ညီတဲ့ ပန်း အရောင်ကို ရွေးထိုးရ ပါတယ်။ ဒါမှ ပန်းအလှ ပေါ်လွင်မှာ ဖြစ်ပါတယ်။ နောက်ခံ အရောင်ဖျော့ အ၀ါနုမျိုး ဖြစ်ခဲ့ရင် နှင်းဆီနီနီ၊ အဖြည့်ခံ အရွက် အစိမ်းရင့်ရင့်၊ ခရမ်း၊ နီညို စတဲ့ အရောင်ရှိတဲ့ သစ်ခွနဲ့ အခြားပန်းများကို ထိုးနိုင်ပြီး သစ်သား ရောင် နောက်ခံ နံရံ၊ ကန့်လန့်ကာများ ရှိခဲ့ရင်တော့ ပန်းကို အ၀ါ တောက် တောက်၊ အဖြူသန့်သန့်၊ အနီဖျော့ ဖျော့နဲ့ သစ္စာပန်း ရောင်စုံများကို သုံးနိုင်ပါတယ်။ ကတ္တီပါ အနီ နောက်ခံ မှာ ပန်းအရောင်ကို အဖြူ၊ ပန်းရောင်၊ အ၀ါ နု စတာတွေ သုံးနိုင်ပြီး နက်ပြာရောင် နောက်ခံ ကန့်လန့်ကာမှာ ဆိုရင် ပန်းကို အရောင်ဖျော့ ရောင်စုံ သုံးနိုင် ပါတယ်။

အဖြည့်ခံ ပန်းရောင်စုံ နဲ့ အရွက်မျိုးစုံ တို့ကိုလဲ သိထား ရမှာ ဖြစ်ပါတယ်။ ငါးရိုး၊ ကျောက်ခက်၊ ဇော်လုံး၊ တောင် ထန်းရွက်၊ ရောင်စုံ မြန်မာ သစ္စာပန်းများ၊ starwar ခေါ် ကြယ်ပန်း ရောင်စုံ၊ ၀ါဆိုပန်း အသေးများနဲ့ ဂန္ဓမာ ပန်း အသေးများ ကိုလည်း အဖြည့်ခံ ပန်းများ အဖြစ် သုံးနိုင်ပါတယ်။ အဓိက ထိုးတဲ့ ပန်းများနဲ့ အဖြည့်ခံပန်းများရဲ့ အရောင်ဟာ မတူ ကွဲပြား ရမှာ ဖြစ်ပေမယ့် တပြိုင်နက် ထဲမှာ အရောင်ချင်း လိုက်လျော ညီထွေ ဖြစ်ရမှာလဲ ဖြစ်ပါ တယ်။ ဥပမာ ရေမွှေး နှင်းဆီ ပန်းရောင်ကို အဓိက ထားလို့ ပန်းထိုးပြီး ခရမ်းရောင် ပဲပန်းကို အဖြည့်ခံ အနေနဲ့ ရံပြီး ထိုးတာ မျိုးပါ။

နောက်ဆုံးအနေနဲ့သိရမှာက ဘာအတွက် ပန်းထိုး မှာလဲ ဆိုတာပဲ ဖြစ်ပါတယ်။ မင်္ဂလာ အတွက် ၀မ်းသာကြောင်း ထင်ဟပ်ဖို့ ပန်းထိုးမှာလား၊ အမင်္ဂလာ အခမ်းအနား ဖြစ်တဲ့ အသုဘ လိုဟာ အတွက် ပန်းထိုးမှာလား ဆိုတာပါ။ ခရစ်ယာန် လူမျိုး တို့ရဲ့ မင်္ဂလာရောင်ဟာ ပန်းနုရောင်၊ အဖြူရောင် ဖြစ်ပြီး ဗုဒ္ဓဘာသာ မြန်မာတို့ အတွက် မင်္ဂလာ ရောင်ဟာ ပန်းစီရောင် တောက်တောက်နဲ့ ရွှေဖလားရောင် ဖြစ်ပါတယ်။ ဒီလိုပဲ သက်ဆိုင်ရာ လူမျိုးအလိုက်၊ ဘာသာ အလိုက် မင်္ဂလာ အရောင်နဲ့ အမင်္ဂလာ အရောင်များကိုလဲ ကျွမ်းကျင် နှံ့စပ်အောင် သိထား ရမှာ ဖြစ်ပါ တယ်ရှင်။

No comments: