Sunday, August 9, 2009

ပစ္စုပ္ပန်မှာ(အခုတလော...)…

ဘလော့မရေးဖြစ်တာ ကြာပြီ ဖြစ်ပေမယ့် သံယောဇဉ် ကြီးတဲ့ဘလော့ ရပ်ဝန်း မှာ ကိုယ့်ဘလော့ကို ခဏလေး လာချောင်းတုန်း စီဘောက်စ်ထဲမှာ တွေ့လိုက်ရတာ... တဂ် ထားတယ်တဲ့။ ထိတ်ကနဲ ပျော်သွားတယ်။ ဘလော့လောက ကနေ ဒီလောက် ပျောက်နေတာတောင် သံယောဇဉ် တကြီးနဲ့ မှတ်မှတ်ရရ နေမကောင်းတဲ့ ကြားက အမတန်ခူးက တကူးတက လာတဂ် ထားတော့ ဖြစ်အောင် ရေးမယ်လို့... ဒီလိုနဲ့ ခွန်မြလှိုင်ရဲ့ ပစ္စုပ္ပန်က လက်ချောင်းတွေ ကြားကနေ ထွက်ကျ လာခဲ့ရပါတယ်။

တွေးနေမိတာက…
နည်းနည်းဖြစ်ဖြစ် အားချင်တယ်.. ဘလော့ရေးချင်လှပြီ.. စိတ်ကူးထဲမှာ ပို့စ်တွေ ပြည့်နေပြီ

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက…
လောဘကြီးသော ကြောင်ကလေးလို့ အကိုဝမ်းကွဲ တစ်ယောက် နာမည်ပေးထားသလိုပဲ ဒါလဲ င့ါဟာ ဟိုဟာလဲ ငါ့ဟာဆိုပြီး လက်နဲ့ ဖိ ခြေထောက်နဲ့ဖိ အမြီးလေးနဲ့ လှမ်းထောက် နောက်ဆုံး ထောက်စရာ ခြေလက် အမြီး ကုန်သွားတဲ့အချိန် နောက်တခု ထပ်ပေါ်လာတော့ လျှာလေးနဲ့ လှမ်းထောက်ပြီး ငါ့ဟာ ငါ့ဟာ … အင်းး ဟိုဟာလဲ လုပ်ချင် ဒီဟာလဲ လုပ်ချင် .. အာာာ… ညှောာင်င်င်င်င်င်

ကျန်းမာရေး...
အိပ်ရေးပျက်တာ များပြီး စဉ်းစားရတာတွေ များနေလို့ ခေါင်းကိုက်တယ်… အအေးခံတာ များသွားလို့ ညာတခြမ်း ပြန်လေး နေတယ် … အိမ်ပြောင်းထားလို့ လက်မောင်း လက်ဆစ်တွေ ကိုက်နေတယ် .. အင်းးးး ခန္ဓာ အနိစ္စ၊ ခန္ဓာ ဒုက္ခ၊ ခန္ဓာ အနတ္တ…

ဖတ်ဖြစ်တဲ့ စာအုပ်တွေက…
မိုးကုတ် ဆရာတော် ဘုရားကြီး ဘဒ္ဒန ၀ိမလ ရဲ့ သေနည်း ၃မျိုး၊ သောတာပန် နဲ့ ပုထုဇဉ် ကွာခြားချက်၊ တယ်ဆိုးတဲ့ ငါပါလား၊ ချမ်းမြေ့ဆရာတော်ဘုရားရဲ့ သစ္စာလေးပါး တရားတော်… မဟာမြိုင် ဆရာတော် ဦးဇောတိက ရဲ့ ကိုယ်ပန်းသော်လည်း စိတ်မနွမ်းပါ… တဖြည်းဖြည်းနဲ့ အိပ်ရာ ခေါင်းရင်းမှာ စာအုပ်တွေ ပုံနေပြီ ဒီညတော့ ရှင်းဦးမှပါ။

ရောက်ဖြစ်နေတာက…
လမ်းပေါ်မှာ… ဟိုသွားလိုက် ဒီသွားလိုက်…

ရေးဖြစ်နေတာက
ခုတက်ဂ်ဂိမ်းလေ… မတန်ခူးပေါ့လို့…

နားထောင်ဖြစ်နေတာက…
ဂျပန် ဂီတ ပညာရှင် Kitaro ရဲ့ တီးလုံးသက်သက်တွေ…

ရွတ်နေမိတဲ့ ကဗျာက…
Kiplin ရဲ့ IF ကဗျာထဲက

အားလုံးက မင်းကို မုသားတွေနဲ့ ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းကလဲ အလိမ်အညာတွေနဲ့ မတုံ့ပြန်ဘူး ဆိုရင်…

မင်းရဲ့ ရန်သူက ဖြစ်စေ မိတ်ဆွေက ဖြစ်စေ
မင်းကို နာကျင်အောင် မလုပ်နိုင်စေခဲ့ရင်…

လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူး ဆိုရင်…

ဖြစ်ချင်နေတာက…
မတန်ခူးနဲ့ တူနေတယ်… ကိုယ့်တိုင်းကိုယ့်ပြည်မှာ volunteer အလုပ်တွေ လုပ်ချင်တယ်…

စားဖြစ်နေတတ်တာက…
ယောက်ခမ ချက်ကျွေးတဲ့ အိန္ဒိယ အငွေ့အသက်နဲ့ မြန်မာ ထမင်းဟင်းတွေပေါ့.. ကိုယ်မှ ဟင်းမချက် အားတာလေ.. နားလည်မှု ရှိစွာနဲ့ မငြီးမငြူ ချက်ကျွေးတဲ့ ယောက်ခမကို ကျေးဇူးကမ္ဘာပါ …

သနားနေမိတာက…
ကိုယ်အပါအ၀င် စစ်အာဏာရှင် စနစ် လက်အောက်က လူသားတွေ အားလုံးကိုပါ.. ဟုတ်တယ်လေ ကိုယ့်ကိုယ်ကိုမှ မသနားရင် ဘယ်သူက လာပြီး သနားမှာလဲလို့…

လွမ်းနေမိတာက…
ရွှေတိဂုံ ဘုရားကြီး… တမာမြေက ပုဂံလေ… ငယ်ငယ်တုန်းက အညာမြေ… သောကြာညနေတိုင်း သွားနေကျ ကမ္ဘာအေး ဘုရားဝင်းထဲက ဒဂုံသီရိ ဘေးမဲ့ကန်… လွမ်းတယ် ငါးကြီးတွေရေ… နင်တို့လဲ အပတ်တိုင်း မပျက်မကွက် လာတတ်တဲ့ ငါတို့ သုံးယောက်ကို လွမ်းနေမှာပဲနော်…

မေ့လျော့ပစ်နေမိတာက…
ငါအရင်လောက် အားမထုတ် နိုင်တော့ပါလားးး အို မေ့ထားမယ် ကြိုးစားရင် ကျည်ပွေ့တောင် အတက်ပေါက်သေးတာပဲ.. လာထားးး မိန်းမမေ့သမီးးးးး (ယောက်ျားဘသား ကို အားကျမခံတာ၊ အဲလို ယောက်ျားတွေနဲ့ ပြိုင်တတ်တဲ့ လူပေါ့)

ခါးသက်နေမိတာက…
ငါ့ဆွေ ငါ့မျိုး ငါ့အာဏာ အတွက် ငါဧ။် အရှက်ကို စွန့်လွှတ်ရန် အဓိဌာန် ပြုပါဧ။် ဆိုတဲ့ လူတွေကို….

တမ်းတနေမိတာက
တမာမြေက အညာလေ… အဘိုး နဲ့ အတူ နေခဲ့တဲ့ အချိန်တွေ..

ကြိတ်ပြီးချီးကျူးနေမိတာက
အို… ပေါ်တင်ပဲ … ကိုယ့်စိတ်ကို ပြန်လိမ်နေရရင် ကိုယ့်ကိုယ်ကို သစ္စာဖောက်သလို ဖြစ်ကုန်မှာပေါ့.. သနားပါတယ် ကိုယ့်ကိုယ်ကိုမှ သစ္စာမရှိရင် ဘယ်သူက ကိုယ့်လာ သစ္စာ ရှိပါ့မလဲ… ဒီတော့ ပေါ်တင်ပဲ ချီးကျူးပစ်လိုက်မယ်… ကိုယ်ချမ်းသာကြောင်း ငယ်ငေါင်းစုတ်ပဲ့ နုံနဲ့သော စကားကို ပြောမိပါလျှင် လျှာတိုအောင်ပင် ရိတ်ချင်ဧ။် ဆိုတဲ့ လူတွေ အားလုံးကို ချီးကျူးလေးစားတယ်…

ကြိတ်ပြီးအထင်သေးနေမိတာက…
ပေါ်တင်ပဲ အထင်သေးပါတယ်… ကိုယ်ချမ်းသာကြောင်း လိပ်ကိုမျောက် ဖြစ်အောင် မျောက်ကို ဇီးကွက် ဖြစ်အောင် မှောက်ချည်လှန်ချည် ပြောတတ်တဲ့ လူတွေကို အထင်သေးတယ်။

ဆန္ဒမရှိတဲ့နေရာ…
အပေါ်က အတိုင်း ကိုယ် အထင်သေးတဲ့ လူတွေနဲ့ မတွေ့ချင် မြင်လျက်သား ဖြစ်နေတဲ့ နေရာမှာ နေဖို့ ဆန္ဒ လုံးဝ လုံးဝ မရှိပါ။ ဘုရားက ဟောထားတာ အသေ၀လာစ ဗာလာနံ တဲ့။ ဇာတိမြေကို ချစ်ရမယ် မစွန့်ခွာရလို့ မဟောဘူးလေ။

ဆန္ဒရှိနေတဲ့ကိစ္စ…
တရားရက်ရှည်စခန်းဝင်ချင်တယ်… မတန်ခူးနဲ့ လုံးဝ တူနေတယ်… အမိမြေကို ပြန်ဖို့ကတော့ အင်းးးး

မုန်းတီးနေမိတာက…
ကောက်ကျစ်စဉ်းလဲမှု… ကိုယ်ချင်းစာ တရား ခေါင်းပါးမှု…

ချစ်နေတာက
သမီးလေးပေါ့.. တော်ရုံ ဘယ်သူ့ကိုမှ သိပ်မချစ်တတ်ဘဲ သွေးအေး စိမ်းသက် နေတတ်ပေမယ့် သမီးလေး ကျမှ ဘာလို့ ချစ်လဲ ဆိုတော့ အင်းးးး သိချင်ရင် မြတ်နိုးကိုသာ မေးကြည့်ကြပါကွယ် ဟိဟိ

စိတ်ပျက်နေမိတာက
သူမတူအောင် ခွင့်လွှတ် နေတတ်သလောက် ဒီအချက်ကို အခွင့်ကောင်းယူပြီး ကန်းတက်လာလို့ ချဉ်သွားပြီ ဆိုရင် လုံးဝ ခွင့်မလွှတ်တော့ဘဲ တိုးရင်းပေါင်း နာကျည်းမိ တတ်တဲ့ ကိုယ့်အကျင့်ပါ။ ပင်ပန်းလွန်းတယ်လေ။ ကြိုးစားပြီး ဖျောက်ဖျက်ပေမယ့် မရဘဲ အကျင့်ပါနေလို့ စိတ်ပျက်မိတယ် ကိုယ့်ကိုယ်ကို တကယ်ပဲ။

စွဲလမ်းနေမိတာက…
မြင်းလှည်းတွေနောက် ဖုန်လုံးကြီးတွေ လိုက်သွားတတ်တဲ့၊ မန်ကျည်းရွက်နုသုတ် ပဲဆီဆမ်းနဲ့ ကုက္ကိုရွက်ဟင်းချို လတ်လတ်ဆတ်ဆတ် တွေနဲ့ ထမင်းဝိုင်းတွေ ရှိတဲ့၊ ဆည်းလည်းသံ တချွင်ချွင်နဲ့ စေတီပုထိုး ပေါတဲ့ အညာမြေ။

လိုအပ်နေတာက
ပကတိ ငြိမ်းအေးခြင်း၊ ဒီအရသာကို မခံစားရတာ တော်တော်ကြာပြီ ဒီမနက် တော်တော့ကို ခေါင်းကိုက်လို့ တရားထိုင်ဖြစ်တော့မှ ခဏ ပြန်ခံစား မိလိုက်တယ် ဒါကြောင့်လဲ ခုလို စာရေးနိုင်တာ။

တောင်းနေမိတဲ့ဆု
အမတ အငြိမ်းဓာတ် နိဗ္ဗာန်မြတ်ဆီ ရောက်ရပါလိုဧ။် ရောက်ကြပါစေဧ။်

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက...
စိတ်ကောင်းလေး ခဏဖြစ်ဖြစ် မွေးကြပါ။

ဝန်ခံချင်တာက...
တဇွတ်ဆိုမှ တဇွတ်ပဲ ထိုးတဲ့ တဇွတ်ထိုး… တဇောက်ကန်း မဖြစ်သွားအောင် မနည်း ကြိုးစား နေရတဲ့သူပေါ့။ အမျိုးသားကတော့ ပြောရှာတယ် တဇွတ်ထိုး မဟုတ်ဘူး တဇွတ်ဇွတ် ထိုးနေတာ တဲ့… နောက်က လိုက်ထိန်း ရတဲ့ သူကို သနားပါဦးတဲ့လေ။

ကဲ… အမတန်ခူးရေ ကျေနပ်နိုင်ပါစေနော်…

3 comments:

Anonymous said...

အန်တီရေ.. ထမင်းစားကောင်းအောင် ညာစားနေတာ..မယုံပါနဲ့..။

ဟွန်း..စာအုပ်ဘေးချပီး အိပ်နေတာများးး

လာမေးရင်ပြောလိုက်မှာနော်..သားရှင်တွေကို..ဒန်တန်တန်..

ကျုပ်လဲ တဇွတ်ထိုး...

မြတ်နိုး

သက်ဝေ said...

ညီမရေ...
ခုတလောကို လာဖတ်ပါတယ်...
ချစ်စဖွယ် သမီးလေး ရှိနေပြီလို့ သိထားလို့ ကိုယ်လဲ နောက်မကျရလေအောင် (တန်ခူး ထက်အရင်) လာနှုတ်ဆက် မိတ်ဆက်သွားပါတယ်...။

အပေါ်က မြတ်နိုးဆိုတာ ဂျပန်က ယုယမြတ်နိုးသာဆိုရင်တော့ ကိုယ်ဘာကြောင့် လာမိတ်ဆက်သွားတယ် ဆိုတာကို မေးကြည့်နိုင်ပါတယ်...။
ကိုယ်သိတဲ့ မြတ်နိုး မဟုတ်ရင်တော့လဲ တန်ခူးကိုသာ မေးကြည့်ပါတော့...။

ညီမ အချိန်တွေရပြီး စာတွေ အများကြီး (မြန်မြန်) ပြန်ရေးနိုင်ပါစေလို့ ဆုတောင်းသွားပါတယ်...။

တန်ခူး said...

ပူဆာစောတာ ခွင့်လွှတ်ပါညီမလေးရေ… မနေ့ ညကမှ ဘလော့တွေ တန်းစီဖတ်မိတာမို့  အားလုံးကို မျှမျှတတဖြစ်အောင် နောက်ဆုံးပို့ စ်လေးတွေအရင်ဖတ်မယ်ဆို ဖတ်သွားတာ ၀န်ခံပါတယ်…နောက်နေ့ မှ အကြွေးပို့ စ်လေးတွေ ဖတ်မယ်ပေါ့…(နောက်မှပြန်လာမယ်လို့ ရေးသွားတယ်လေကွယ်) ခုတော့…ခုတော့…ချစ်ညီမလေးရေးပေးထားတာလေးမှ လွတ်လေခြင်းဆို မနက်မိုးလင်းတာနဲ့  ပထမဆုံးဖတ်မိတာ ဒီပို့ စ်လေးပေါ့…ရင်ထဲမှာ နွေးထွေးသွားပြီ…လုပ်ချင်တာတွေဖြစ်ချင်တာတွေတူနေတာတွေ့ ရတော့ ရင်ထဲမှာ ကြည်နူးမိတယ်…အတူပြန်ကြမလား…ညီမရေ…ကျန်းမာရေးတော့ ဂရုစိုက်ပါ…နားနားနေနေလုပ်ပါ…ကိုယ့်ကိုယ်ကို သိပ်ကြီးအပင်ပန်းမခံပါနဲ့ နော်… လောဘကြီးတဲ့ကြောင်ကလေးတဲ့…အဲဒီနာမည်လေးနဲ့ ဥပမာလေးကို ချစ်လိုက်တာ…