Wednesday, July 29, 2009

အငတ်ဘေး ဆိုက်နေတယ်…

ဘယ်နေရာမှာ ဘယ်သူတွေ ဘာအငတ်ဘေး ဆိုက်နေပါလိမ့်လို့ မျက်လုံးပြူး မျက်ဆံပြူး မဖြစ် လိုက်ကြပါနဲ့။ ခွန်မြလှိုင် အငတ်ဘေး ဆိုက်နေလို့ပါ။

ဘာအငတ်ဘေးလဲ ဆိုရင် သတင်းအငတ်ဘေးပါ။ မီဒီယာကို မီဒီယာနဲ့ တိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ကျွန်မတို့ မြန်မာနိုင်ငံကြီးမှာ ပြည်သူတွေ သတင်းငတ်နေတယ်လို့ ပြောရင် ပြန်ကြားရေး ၀န်ကြီး စိတ်များ ဆိုးလေမလား။ တနေ့ တနေ့ ထုတ်လွှင့်လိုက်တဲ့ သတင်းစာ ရုပ်မြင်သံကြား ဒီလောက် များတာ ငတ်တုန်းလားလို့ မေးရင် ဟုတ်ကဲ့လို့ အကျယ်ကြီး အော်ဖြေလိုက်ချင်ပါတယ်။

သင်္ဘောသီးတွေ အများကြီး သီးပြီး ရန်ကုန်ပို့တာ ပြည်သူ သိချင်တဲ့ သတင်းလား။
တချက်တည်း ကျင်းဝင်တာ ပြည်သူ သိချင်တဲ့ သတင်းလား။
ဘယ်သူ့ကို ဘယ်သူက လာတွေ့သွားပါတယ်ဆိုပြီး ဘာအကြောင်း ဆွေးနွေးတယ် ဆိုတာ မပါတာ သတင်းလား။
ကိုရီးယား စစ်သံမှူး ပြောင်းတယ်လို့ မျက်နှာဖုံး သတင်းမှာ ကြေညာပြီး တောင်ကိုရီးယား လား မြောက်ကိုရီးယားလား ရှင်းရှင်းလင်းလင်း မပါလို့ အမောင် တောင်မှန်း မြောက်မှန်း မသိရတာ သတင်းလား။

ခုလဲ ကြည့်ပါဦး။ တကမ္ဘာလုံးက သတိထား နေရတဲ့ ကမ္ဘာ့ လူတုပ်ကွေး ကပ်ရောဂါကြီး ပျံ့နေလိုက်တာ။ မြန်မာပြည်မှာ ဘယ်နှစ်ယောက် တွေ့ပါတယ်လို့ တွေ့တိုင်း သတင်းစာ ကနေ ကြေညာ နေတာပဲလို့ ရန်အတွေ့ မစောပါနဲ့။

တွေ့သမျှ လူတိုင်းက ရန်ကုန်ကချည့်။ ပြီးတော့ နိုင်ငံခြားကနေ လေယာဉ်ပျံနဲ့ ပြန်လာတဲ့ သူချည့်။ ဒါပေမယ့် သူတို့ အားလုံးက သူ့ဟာသူ ဖျားလို့ ဆေးရုံ ပြရင်း သိသွားတဲ့ လူချည့်။ အဲဒီ လူတွေက လေဆိပ်ကနေ မြန်မာပြည်ထဲ ၀င်လာစဉ်က ဘာအဖျား လက္ခဏာမှ မပြဘဲ အိမ်ရောက်မှ ဖျားတဲ့လူတွေ။ သူတို့ မဖျားခင်က သူတို့နဲ့ အတူ ပါလာပြီးသား ဖြစ်တဲ့ ပိုးက လေထဲကနေ ဘယ်မှ မရောက်တော့ဘူး တဲ့လား။ ပြီးတော့ သူတို့နဲ့ အတူ လေယာဉ် တစီး တည်း စီးခဲ့တဲ့ လူတွေကို အိမ်မှာ စောင့်ကြပ်ပါတယ်တဲ့ ဘာလို့ ဓာတ်ခွဲခန်းမှာ ဆေးမစစ် ခဲ့ တာလဲ။ ဒီနေ့ အထိ swine flu ဝေဒနာရှင် ကိုးယောက် နိုင်ငံခြားကနေ ပိုးပါလာလို့ သူတို့နဲ့ လေယာဉ် အတူတူ စီးခဲ့တဲ့ လူတွေ လေယာဉ် တစီးကို မရှိဘူးဆို လူတစ်ရာလောက် ပါလာ တာ ဓာတ်ခွဲခန်းက စစ်ပေးခဲ့တာ စုစုပေါင်းမှ ၉၉ ယောက်တဲ့။ အဲဒီထဲကမှ ၉ယောက်မှာ A(H1N1) ပါလာ ပါတယ်တဲ့။ ဒါဆို ဆေးစစ်သမျှရဲ့ ဆယ်ရာခိုင်နှုံးပေါ့။ ဆေးမစစ်ခဲ့တဲ့ လူတွေထဲမှာရော…

ဘယ်မလဲ တနေ့တနေ့ ထောင်သောင်းချီ ၀င်နေတဲ့ နယ်စပ်ဂိတ်က လာတဲ့ လူတွေကို စစ် မစစ် ဆိုတဲ့ သတင်းတွေ။ အဲဒီလူတွေကို မျက်စိနဲ့ ထိုင်ကြည့်ဖို့ သူနာပြု ၂ယောက်ကို ထိုင်ခုံနဲ့ ပေးထိုင်ရုံနဲ့တော့ စစ်ဆေးတယ်လို့ လာမပြောပါနဲ့။ ကမ္ဘာ တလွှားမှာ လေဆိပ်က အပူချိန်တိုင်း စက်နဲ့ စစ်ခဲ့တာ တောင် မဖော် နိုင်ခဲ့ ကြဘဲနဲ့ ဒီလို စစ်လို့ ထိရောက်တယ် ဆိုရင် ကလေးတောင် မယုံဘူး။

ဘယ်မလဲ ပြည်နယ်နဲ့ တိုင်း အသီးသီးက လူနာတွေကို စစ်မစစ် ဆိုတဲ့ သတင်းတွေ။

ဘယ်မလဲ မြန်မာပြည်မှာ swine flu ရှိမရှိ စစ်တဲ့ ဓာတ်ခွဲခန်း ဘယ်နှစ်ခု ၇ှိလဲ ဆိုတဲ့ သတင်းတွေ။

ဘယ်မလဲ မြန်မာပြည်မှာ ကူးစက် ရောဂါကု ဆေးရုံ ဘယ်နှစ်ရုံ ရှိလဲ ဆိုတဲ့ သတင်းတွေ။

ဘယ်မလဲ ကာကွယ်ဆေးနဲ့ ကုသဆေးတွေ ဘယ်လောက် အဆင်သင့် ပြင်ဆင် ထားပါတယ် ဆိုတဲ့ သတင်းတွေ။

မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကာကွယ်ဆေးနဲ့ ကုသဆေး တနိုင်ငံလုံး အတိုင်းအတာမှာ ဘယ်လောက်၊ ဆေးရုံဆေးခန်းပေါင်း ဘယ်လောက်မှာ ဆေး ဘယ်နှစ်လုံးစီ အသင့် ရှိနေ ပါတယ် ဆိုတာမျိုးကို သတင်းစာကနေ ကြေညာ နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ မြန်မာ နိုင်ငံကတော့ ပြည်သူ လူထု စိတ်အေးချမ်းအောင် စိတ်လုံခြုံမှု ရှိအောင် ဘာတွေ သတင်း ကြေညာ ပေးတာ ရှိပါသလဲ။

ဟုတ်ကဲ့။ ကျွန်မ သတင်းငတ်နေပါတယ်။ မြန်မာ ပြည်သူ လူထုလဲ သတင်း အငတ်ဘေး ဆိုက်နေပါတယ်။


3 comments:

ဒူကဘာ said...

ကိုယ်နိုင်ငံမို့ ပြောတာ မဟုတ်ဖူး ကြားလိုက်ရင် သြချလောက်စရာကြီးပဲ။ မလှိုင် ရေ....

rose of sharon said...

ဟုတ်ပါတယ်... ရန်ကုန်ကကျမရဲ့မိသားစုတွေဆို ပြည်တွင်းရေးအခြေအနေသိချင်ရင်... ပြည်ပရောက်နေတဲ့ကျမကိုလှမ်းမေးကြတယ်....

တန်ခူး said...

ဟိုတနေ့ က အမေက လှမ်းပြောတယ်… ညည်းတို့ ဆီမှာသာ အသဲအသန်ဖြစ်နေတာ ဒီက လူတွေက ပျောက်တောင်ပျောက်နေကြပြီတဲ့… ဒါလေးများလို့ ဆိုချင်နေတဲ့ အမေ့ကို အတော်ရှင်းပြလိုက်ရတယ်