Tuesday, October 21, 2008

ဘယ်သူပြောလဲ


စိတ်ညစ်နေတဲ့သူကို
ရန်တွေ့နေတာတော့ မဟုတ်ဘူး
ဒါပေမယ့်

ဘယ်သူပြောလဲ
နင်က တစ်ယောက်တည်း အထီးကျန် ဆိုတာ

ဘယ်သူပြောလဲ
နင့်မှာ စကားပြောဖော် မရှိဘူး ဆိုတာ

ဘယ်သူပြောလဲ
နင်ချုပ်နှောင် ခံနေရတယ် ဆိုတာ

ဘယ်သူပြောလဲ
နင်အကျဉ်းကျ နေတယ် ဆိုတာ

ဘယ်သူပြောလဲ … ဘယ်သူပြောလဲ… ဘယ်သူပြောလဲ

ပြောလိုက်စမ်းပါ
နင့်မှာ နှလုံးသားချင်း နီးတဲ့
သူငယ်ချင်းမိတ်ဆွေ ၀ိုင်းဝိုင်းလည်နေတယ် ဆိုတာကို

ပြောလိုက်စမ်းပါ
အိပ်မက်ထဲမှာ စကားတွေ ဖောင်ဖွဲ့
စိတ်ချင်းဆက်သွယ်လို့ ရတဲ့ စကားဝိုင်းတွေ အကြောင်းကို

ပြောလိုက်စမ်းပါ
နင့်စိတ်ဝိညာဉ် အတွေးတွေ
နံရံလောက်ကို စကားထဲမထည့်
Three Dimension ကိုကျော်ဖြတ် နေတယ် ဆိုတာကို

ပြောလိုက်စမ်းပါ
စိတ်ခန္ဓာက ဘယ်လောက် လွတ်လပ်
လောကဓာတ် တခွင် ပျံသန်းထွက် နေတယ်ဆိုတာကို

ပြောလိုက်စမ်းပါ.. ပြောစမ်းလိုက်ပါ.. ပြောလိုက်စမ်းပါဟာ…

ဒါပေမယ့် တခုတော့ သတိရပါ
မျှော်လင့်ခြင်းဆိုတာ
နင်ဖွင့်ဖူးတဲ့ သေတ္တာလေး တစ်ခု မဖြစ်ဖို့ လိုသလို
ငါ ထွန်းဖူးတဲ့ ဖယောင်းတိုင် တစ်တိုင်လဲ မဟုတ်ဘူး
တကယ်တော့ … မျှော်လင့်ခြင်းဆိုတာ
အနာဂတ်မဲ့ အမှောင်ထုကို ခွင်းမယ့်
အလင်းတစ်စင်းဆိုတာကို..

လန့်နိုးတဲ့ အိပ်မက်တွေကို ပြန်ပြင်တဲ့ အိပ်မက်အဖြစ် ပြန်မက်
နင်ဖြစ်ချင်တဲ့ မနက်ဖြန် မနက်တွေကို စိတ်ကူးနဲ့ ဖန်ဆင်း
လိုအပ်ခြင်းတွေ ထောင့်စေ့အောင် ဖြည့်လိုက်ပါ။
ဒါဆို
ချုပ်ရိုးချင်း ထပ်နေတဲ့ နင့်ရင်ဘတ်
ရင်ကော့လို့ မတ်နေလိမ့်မယ့် မြင်ကွင်း
ငါမြင်ဖို့ ချင်ခြင်းတပ်မိရဲ့….

3 comments:

flowerworld said...

ကဗျာလေးကကောင်းလိုက်တာ............ ဘယ်သူပြောလဲ...ဒီလိုရေးလို့.....

chaos said...

ဘယ်သူပြောလဲ
အစ်မလှိုင် ကဗျာမှာ ခံစားချက်တွေ မပါဘူးလို့
ဘယ်သူပြောလဲ
အစ်မလှိုင်ရဲ့ ၀တ္ထုတွေ အသက်မ၀င်နေဘူးလို့
ဘယ်သူပြောလဲ
အစ်မလှိုင်ရဲ့ရင်ဘတ်ထဲ ကဗျာလှလှနဲ့ စာတွေ အများကြီး ထပ်မရှိနေဘူးလို့။..........

တန်ခူး said...

အဲဒါ… ခွန်မြလှိုင်ပေါ့
အဲဒါ… ရေခဲပြင်က ပန်းကလေးပေါ့
အဲဒါ…လွတ်လပ်စွာပျံသန်းနေတဲ့ တို့ ရဲ့စိတ်တွေပေါ့…
ဒီကဗျာအြ့ပီးမှာ ချုပ်ရိုးချင်းထပ်နေတဲ့ ရင်ဘတ် မတ်သွားတယ်…
လေးစားပါတယ် ညီမရေ…