သမိုင်းမြေဇာပင်များ
မြူနှင်းတွေ ချယ်တဲ့ ရေတံခွန်
မြခနောက်နဲ့ ရန်ကင်းတောင်တွေ
ဝန်းရံခတဲ့ အမ်တီယူ မြေ။
ခြောက်သွေ့တဲ့ တမာတန်း
ပင်လက်ပံ နီရဲရဲ
စွယ်တော် ရှိုက်သံနဲ့အတူ
သရက်ပင်အုပ်တွေ
ဝါးရုံတောတွေ
ထူထပ်တဲ့ အမ်တီယူမြေ။
ဒီလိုမြေ ဒီလောက်လှတာကို
ဖျက်ဆီးသူနဲ့
ဖျက်ဆီးခံသူတွေ အကြောင်း
ကျုပ်တို့ အသည်းနှလုံးနဲ့
ရေးထားတဲ့စာ။
ဒီစာကို ခင်ဗျားတို့လဲ
အသည်းနှလုံးနဲ့ဖတ်
ပြီးတော့ …
တိုင်းပြည်ဖျက်တဲ့အထဲ
ကျုပ်တို့ မပါဘူးဆိုတာ
နားလည်ပေးရင်
ကျေနပ်ပြီ။
ကဲ… စမယ်
ဒီလိုမြေမှာ
လှပတဲ့ လူငယ်ဘ၀ကို
မြှုပ်နှံသိမ်းထား ခဲ့ရဖူးတဲ့
ကနောင်၊ မက္ခရာ၊
ပြင်စည်နဲ့ ညောင်ရမ်းဆောင်တွေမှာ
မောင်ကြီးတို့ နေခဲ့ရတယ်။
ဒီလိုမြေမှာ
အနာဂတ်တွေကို
အနာဂတ်မှန်း မသိအောင်
ဖိစီးသိမ်းဆည်းရင်းနဲ့
နှစ်တွေကို ကုန်လွန်စေခဲ့ဖူးတဲ့
မန်းချယ်ရီနဲ့ မန်းသီရိ ဆောင်တွေမှာ
မယ်ကြီးတို့ နေခဲ့ရတယ်။
လူငယ်အသိကို
ခြမစားအောင်
ကြိတ်မှိတ် သိမ်းထားရင်း
ပြေးခဲ့ရတဲ့ ပီတီ
ဝင်ခဲ့ရတဲ့ နိုက်စတာဒီ။
ဘယ်ညာ.. ဘယ်ညာ…
ဘယ်ညာ… ဘယ်
ဘယ်သူ့အတွက်လဲ
ပြည်သူ့အတွက်ပဲ
ဒီလိုသာ ရိုက်သွင်းတိုင်းသာ ရရင်
မောင်တို့.. မယ်တို့ စစ်တပ်ဖွဲ့လို့ ရပြီ။
ဟဲဟဲ… မလုပ်နဲ့
စစ်တပိုင်း ဖြစ်မယ်မှန်း
မသိလို့ ၀င်ခဲ့မိတာ…
မှားမှန်း သိတဲ့ အချိန်မှာ
ကျုပ်တို့ ပြင်မရတော့ဘူး။
ဘုန်းကြီးတွေ ပင်လယ်ဝေ
လူတွေ လှိုင်းထ
အလောင်းတွေ ပုံနေတဲ့
အချိန်အခါ ရောက်မှ
ဝန်ထမ်းဆိုတာ မဖြစ်ချင်လိုက်တာ။
ဂမ်ဘာရီ တစ်ခေါက် လာရင်
ကျုပ်တို့ ဘယ်လောက် စိတ်ညစ်တယ်ဆိုတာ
လူထု လှုပ်ရှားမှု တစ်ခါ ဖြစ်ရင်
ကျုပ်တို့ ဘယ်လောက် အနေကြပ်တယ်ဆိုတာ
အလှုပ်အခတ် ရှိရင်
ကျုပ်တို့ အပြင်ထွက်ရင်တောင်
ဂိတ်ပတ်စ် ဆိုတာကြီး ရမှ ထွက်ရတယ် ဆိုတာ
ဓာတ်ခဲ မပါတဲ့ နာရီ တစ်လုံး
ခြောက်နာရီမှာ ရပ်တန့် နေတာ။
ေ၀၀ါးတဲ့ အနာဂတ်ကို
လူငယ်တွေ ကြိတ်မှိတ်ပြီး
အိပ်မက်မက်ချင်ယောင် ဆောင်နေရတာ
ဒါတွေ ဘယ်သူ သိမှာလဲ။
အတန်းတစ်ချိန်မှာ
ရိုးကော နှစ်ခါကောက်
တခါကောက် နာရီဝက်
နှစ်ခါကောက်တော့ တစ်နာရီ
အချိန်တန်ပြီ ငါတို့ လစ်စို့
လက်ဖက်ရည်ဆိုင်နဲ့ ဘောပွဲရုံကို
ဖြစ်ချင်တိုင်းဖြစ်နေတာ
ကျုပ်တို့ကို အပြစ်မတင်နဲ့
ဒီလို ရိုက်ချိုးထားတာကြီး
ဘယ်သူ အသက်ရှင်
ပျော်မွေ့ပြီး စာကိုတကယ်
ကြိုးစားမှာလဲ။
နောက်တော့
တဖြည်းဖြည်းနဲ့
ခြစား မခံချင်လဲ
မရတော့ဘူး
ရိုးကောက သင်တဲ့စာတဲ့
အရေးကြီးတဲ့အချိန်
ဆရာမက လက်ပ် မပါဘဲ
သီအိုရီချည့်ပဲ ပေးနေချိန်
ကျုပ်တို့ အင်ဂျင်နီယာ အတတ်ကို
ဘာအမြင် ရှိလို့ တကယ်တတ်မှာလဲ။
လုပ်စမ်းပါ သုတေသန
ဝမရှိဘဲ ၀ိ လုပ်ခိုင်းပြန်တယ်။
ကူးချမယ်.. ဟိုနိုင်ငံက ကျမ်းစာအုပ်
လုပ်ပြီ.. ဒုက္ခပဲ
မဖတ်ရဲဘူး… နိုင်ငံတကာ စမနာမှာ
ကူးထားတာ ပြန်အုပ်ရင်
ငါတင်မက သပန ပါ ပြုတ်သွားမယ်။
ဒီတော့လဲ ဆရာမက အလည်သား
ငါ့သား ငါ့သမီး ဒါကို
နိုင်ငံတကာမှာ ဖတ်လို့ မရဘူးတဲ့
ကျုပ်ကတော့ စိတ်ထဲက
ဟိ..ဟိ လို့ ခပ်ကျိတ်ကျိတ်လေး ရယ်ချင်တယ်။
ဖြစ်နေရတဲ့ ဘ၀ကို
မကျေနပ်ဘူး။
ဒီလိုနဲ့…
နောက်ဆုံးတော့ အပေါစား ဘွဲ့တစ်လုံး ရပြန်တယ်။
နယ်ကျောင်းမှာ ဆရာလုပ်ရပြန်တယ်။
နေဦး… ခဏ
ကြားဖြတ် ပြောဦးမယ်။
ဒါတောင် သပနက
လူ့အရင်းအမြစ်ကို
အနာဂတ် နိုင်ငံအတွက်
ပြုစု ပျိုးထောင် ပေးနေတယ်တဲ့ဗျာ။
ကျုပ်တို့တော့
ကိုယ့်ဘာသာ ဂလိထိုး ရယ်ရမလို ငိုရမလိုပဲ။
အင်း ဆက်မယ်….
ဆရာလုပ်တော့မှ တွေ့ပြီ ဒုက္ခ။
ဒီတော့လည်း သိပ်ပိုင်သပေါ့
ရှေ့က ဆရာ၊ ဆရာမ
လမ်းစဉ် အတိုင်း
ကျုပ်တို့ ကျက်တူရွေး လုပ်ပြန်ပြီ။
ဝိုင်တီယူပြေး အမ်တီယူပြေး
ဆရာကြီး၊ ဆရာမကြီးတွေ
ဖွင့်တဲ့ ကျူရှင်ကို
ကျုပ်တို့ ဆရာလေး၊ ဆရာမလေးတွေ
ကျက်တူရွေးနည်းနဲ့ တက်ရတယ်။
ပြီးတော့ ကျုပ်တို့ ကျူရှင် ပြန်ဖွင့်ပြန်တယ် နယ်ကျောင်းတွေမှာ
ကျက်တူရွေးနည်းနဲ့ ကျောင်းသားတွေကို ကိုယ်ကပြန်သင်
ဟုတ်လို့ဗျာ …
ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်…။
အဲဒီ အကျိုးဆက်ကို ဆက်ပြောမယ်။
ဒီလို သပနအောက်က ကျောင်းက ထွက်သူတွေ
နိုင်ငံခြားမှာ ပညာသင်ပြန်တော့
ဟဲဟဲ (ကိုယ့်လူမျိုးကို စော်ကားတာတော့ မဟုတ်ဘူးဗျာ)
စံချိန်မမီ.. ရေချိန်မမီ..
ပဲပင်ဖောက်ရင်း
စုန်းပြူးစိတွေချည့် ရသလို
စုန်းပြူးတွေ ဒုက္ခရောက်ရောပဲ။
ဒီတော့မှ အနှီ နိုင်ငံခြားရောက်
ကိုယ်ရွှေတော်တွေက
သူတို့ နောက်မျိုးဆက်ကို
ကျက်တူရွေးမျိုး မဖြစ်စေရဘူးတဲ့လေ။
ကဲ.. ဒါတွေ.. ထားတော့
ဆက်ပြောမယ်
ဒီလိုနဲ့ လုပ်နေရင်း သဘောပေါက်ပြီး
မြန်မာပြည် အင်ဂျင်နီယာ ပညာရေး
သမိုင်းမှတ်တိုင်မှာ
ငါတော့ တရားခံ အဖြစ်မခံ နိုင်ဘူးဟဲ့
ဒါပေမယ့် ငါ့ဝမ်းငါ့ခါး
ငါဘယ်လိုထမ်းမလဲ စဉ်းစားလိုက်ရတာ
နောက်ဆုံး ရလာဒ်ကတော့
ခပ်ရှင်းရှင်းပဲ
ထိုင်း၊ စင်ကာပူ၊ မလေးတ၀ိုက်
အပြေးလိုက်ကြရရုံပေါ့။
ဘာပဲပြောပြော
ဒီစာကို ဖတ်သူတိုင်း
ကျုပ်တို့ကို သမိုင်းတရားခံလို့
မမြင်ကြရင် ကျေနပ်ပြီ။
တကယ်က ကျုပ်တို့ဟာ
သိပ်သနားစရာ ကောင်းတဲ့
သမိုင်းမြေဇာပင်တွေပါဗျာ။
မြေဇာပင်များ
(written by a MTU student)
အရင် နှစ်ပတ်လောက်က နအဖ အစိုးရ ရဲ့ သိပ္ပံနဲ့ နည်းပညာ ၀န်ကြီးဌာန လက်အောက်က ပါရဂူဘွဲ့ရ အယောက် ၃၀ကျော် မိခင်ဌာနနဲ့ အဆက်အသွယ်ပြတ်ပြီး တာဝန်ပျက်ကွက်မှုကြောင့် ဆိုပြီး တရားစွဲကြောင်း သတင်း လေး ဖတ်ခဲ့ ရပါတယ်။ ခုတော့ ဒီကဗျာလေး ကျွန်မရဲ့ အီးမေးလ်ဆီ ရောက်လာ ခဲ့တဲ့ အတွက် ပြန်လည် ဝေမျှ လိုက်ပါတယ်နော်။
No comments:
Post a Comment