Sunday, November 4, 2007

အရင်ဘ၀ က ပေးတဲ့ အတွေးများ

အရင်ဘ၀က ဘာလဲ ဆိုတာ အရေး မကြီးလှဘူး လို့ ထင်စရာ ရှိပေမယ့် မြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထ မင်းသားဟာ သူ့ရဲ့ နောက်ဆုံး ဘ၀မှာ ဘယ်မှာမှမသင်ကြားခဲ့ဖူးတဲ့ လေးအတတ်ကို တဖက် ကမ်းခတ် ကျွမ်းကျင် ပိုင်နိုင်စွာ ပြသနိုင်ခဲ့တာ အရင်ဘ၀က အသဒိသ လေးသမား ဖြစ်ခဲ့စဉ် ဘ၀က လေး အတတ်ကို တဖက်ကမ်းခတ် ကျွမ်းကျင် တတ်မြောက် ခဲ့ဖူးလို့ အထုံ ပါလာတဲ့ အတွက် ဒီဘ၀မှာ အရင် ဘ၀ကို ပြန်သိနိုင်တဲ့ ဇာတိသရ ဉာဏ်ကို ရထားလို့ ပြန်သင်စရာ မလိုဘဲ ကျွမ်းကျင်ပြီးသား ဖြစ်နေတာ ပါတဲ့။ ဗုဒ္ဓ၀င် အရပါ။ ကျွန်မကတော့ ဇာတိသရ ဉာဏ်လဲ မရတော့ အရင်ဘ၀က ဘာလဲဆိုတာ ကြည့်တဲ့ လင့်လေးကို ဒေါက်တာ စိုးထက် ဘလော့မှာ တွေ့လို့ အပျော်စမ်းကြည့်လိုက်တာ ပါးစပ် အဟောင်းသား ဖြစ်သွားပါတယ်။ ဗေဒင်ဆရာတဲ့ တော်ရေ့..

ဗေဒင်ဆိုတာ မယုံလှတဲ့ ကျွန်မကို ဘုန်းဘုရားက ဘာလို့ ဗေဒင်သင်ပေးဖို့ ရွေးချယ်လိုက်တယ် ဆိုတာ ကျွန်မ အစက မသိခဲ့ ပါဘူး။ ချစ်လှ စွာသော အဘိုး ကိုယ်တိုင် ရဟန်း ဒကာ ခံထားတဲ့ ဘုန်းဘုရားကို အားလုံးက လေးစား ကြည်ညို ကြသလို သူ့ရဲ့ ဗေဒင် ပညာ ကလဲ အိန္ဒိယနိုင်ငံ ဗာရာဏသီက ဝေဒ တကသိုလ် မှာ လေးနှစ် သင်လာပြီး ဘွဲ့ရ၊ အဲဒီနောက် သီရိလင်္ကာမှာ နယ်ခံတွေက စိန်ခေါ်လို့ တတ်တဲ့ ပညာ မနေသာလို့ ပညာပြိုင်ကြရာက အနိုင်ရခဲ့တာမို့ အံ့မခန်းလို့ ဆိုကြပါတယ်။ ကျွန်မကတော့ အ သက် သာ ၂၀ ကျော်ရော ဗေဒင်ကို ဟုတ်တိ ပတ်တိ ယုံယုံ ကြည်ကြည် သဘော ထားပြီး တခါမှ မမေးဖူး ပါဘူး။ ဘုန်းဘုရားက ငါ့ဆီ ဗေဒင် လာသင်လှည့်လို့ ခိုင်းပေမယ့် တခါမှ မသွား။ နောက် သူ နေမကောင်း ဖြစ်လို့ ဝေယျာဝစ လုပ်ဖို့ ဓာတ်စာ ဆွမ်းကပ်ဖို့ လူကြီးတွေက တာဝန်ပေးလို့ ကျောင်းက အပြန် ဘုန်း ဘုရားကို လှူဖွယ် သွားကပ်တော့မှ သူက စာရွက်နဲ့ ဘောလ်ပင် အယူခိုင်းပြီး ကျွန်မကို သင်္ချာ တွက်ခိုင်း ပါတယ်။ ပေါင်း၊ နှုတ်၊ မြှောက်၊ စား တွေချည့်ပါ။ အကြွင်းတွေကို မှတ်ထားခိုင်းပါတယ်။ ဆယ့်ငါးမိနစ် လောက် တွက်ပြီးတော့မှ အကြွင်းတွေကို မေးပြီး ကျွန်မကို ညည်း ဘယ်နေ့က ဘယ်နေရာကို ဘယ်နေ့ နံ သားသမီးတွေနဲ့ ဘာသွားစားခဲ့တယ် မဟုတ်လားလို့ မေးပါရော။ ဖြုံသွားတာမှ ကြက်သီးတောင် ထပါ တယ်။ ဗေဒင်ဆိုတာ ဒါပဲတဲ့။ ဟဲဟဲ.. နည်းနည်း စိတ်ဝင်စား သွားပါတယ်။ သင်္ချာ ပညာပဲဟာနော်။ အဲဒီ အပေါ် မူတည်ပြီးမှ ဟောကိန်း ထုတ်တာ။ တိကျ သေချာမှု တခု ရှိသားပဲပေါ့။ စမ်းကြည့်ချင်စိတ် ပေါ်သွား ပါတယ်။ (ယုံသွားတာ မဟုတ်သေးဘူးနော်)။ ဒါနဲ့ ဗေဒင် သင်ခဲ့ပါတယ်။ ပညာရပ် တစ်ခုလို သဘော ထားပြီး သင်တာပါ။ ကိုးကွယ်စရာ ဘာသာရပ် အနေနဲ့ သင်တာတော့ မဟုတ်ပါဘူး။

ပထမဆုံး ဗေဒင် သစ္စာ ဆိုရတယ်။ နောက်တော့ နက္ခတ်နဲ့ ဗေဒင်တို့ရဲ့ ပရိယာယ်နဲ့ အခေါ်အဝေါ် တွေကို အရင် သင်ရ ပါတယ်။ စစချင်း ဟောနည်း မသင်ရ သေးဘူးနော်။ နောက်တော့မှ လင်္ကာတွေ အလွတ်ကျက် ရပါတယ်။ နောက်ဆုံးမှ တွက်နည်း စသင် ရပါ တော့တယ်။ လူတွေကို ဟောနည်း သင်အပြီးမှာ ဇာတာဖွဲ့နည်း၊ နိုင်ငံ တွေ ကို ဟောနည်း၊ နောက်တော့မှ အင်းအိုင်၊ ခလှဲ့၊ လက်ဖွဲ့၊ ဓာတ်ဆင်၊ ဓာတ်ရိုက်၊ ဓာတ်ဖြေ၊ တန္တရ၊ မန္တရ၊ မိုးကြိုးစက် ဆင်နည်း၊ စွယ်စုံ သျှို ရုပ်တု၊ စမ အစီအရင် စတာတွေကို ဆင်နည်း ဖြေနည်း တွေကို အကျဉ်း သင်ရ ပါတယ်။

ဒီတော့မှ အနတ္တ= အရာရာကို လုပ်ချင်တိုင်း လုပ်မရ ဆိုတဲ့ သဘောကို သွားပြီး ရှင်းရှင်းကြီး မြင်ရပါ တော့တယ်။ ဗေဒင်ဟောလို့ မမှန် နိုင်သူ ၃မျိုး ရှိပါသေး သတဲ့။ သူတို့ကတော့
(၁) စိတ်၊ ဇွဲ ကြီးလွန်းသူ
(၂) ဆိုးရွားလွန်းသော အကုသိုလ် အမှုကို လုပ်ထားသူ၊ လုပ်နေလေ့ ရှိသူ
(၃) ပုထုဇဉ် ဘ၀ကို လွန်မြောက်ပြီးသော အရိယာ ပုဂ္ဂိုလ် (သို့မဟုတ်) ကောင်းမှုများကို စိတ်ပါလက်ပါ ပုံမှန် အမြဲ လုပ်နေသူ တို့ ဖြစ်ပါတယ်။

ဒါ့အပြင် စောစောက ပြောထားတဲ့ အင်းအိုင်၊ ခလှဲ့၊ လက်ဖွဲ့၊ ဓာတ်ဆင်၊ ဓာတ်ရိုက်၊ ဓာတ်ဖြေ၊ တန္တရ၊ မန္တရ၊ မိုးကြိုးစက် ဆင်နည်း၊ စွယ်စုံ သျှို ရုပ်တုနဲ့ စမ အစီအရင် စတာတွေကလဲ လုပ်ချင်တိုင်း လုပ်လို့ မရတာတွေ့ရပါတယ်။ နက္ခတ် ကလဲ ကြုံဦးမှ၊ ရှားပါး ဂမုန်းတွေနဲ့ လိုအပ်တဲ့ ပစည်းတွေကလဲ လိုအပ်တဲ့ အချိန် မှာ အတိအကျ တူးလို့ ယူလို့ ရဦးပါမှ၊ စီရင်ဖို့ နက္ခတ် ကလဲ ကြုံဦးမှ၊ စီရင် နေတုန်း မှာလဲ အနှောင့် အယှက်က ကင်းဦး ပါမှ၊ စီရင် နေစဉ် ဂါထာ စုက်ရာမှာလဲ ဌာန် ကရိုဏ်း ကျန ပီသ ဦးပါမှ၊ အောင်မယ်လေး မှန်မှန်ကန်ကန် အစီအရင် တစ်ခုပြီးဖို့က တော်ရုံနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါ။ အဲဒါပဲ ကောင်းပါတယ်။ မဟုတ်ရင် လူ့လောက ရှုပ်ကုန် ရချည့်။

ပြီးတော့ တခု ကောင်းတာက သာသနာပ မှာ ပေါ်ထွန်းတဲ့ ဒီပညာရပ် တွေရဲ့ အစွမ်းက သာသနာတွင်း မှာ ပွင့်တဲ့ ဘုရားရဲ့ သာသနာရှေ့ ရောက်ရင် အကုန် ပျောက်တာပါ။ နေပူကျဲတဲ အောက်မှာ ပိုးစုန်းကြူး အရောင် မထွက်နိုင် တော့တဲ့ သဘော ပါပဲ။ သံဃာ့ ဂုဏ်ရည် ပြည့်စုံသူ သံဃာ တော်များ၊ ဘုရားရဲ့ ဓာတ်တော် မွေတော်များ နဲ့ မြတ်စွာ ဘုရားရဲ့ တရားတော်တွေ နှလုံးသား ထဲထိ ထုံမွှမ်း ထားသူ တို့ကို ဒီပညာတွေနဲ့ ဘာမှ လုပ်မရတာ အသေ အချာပါ။ ကုန်ကုန် ပြောရရင် ရတန သုတ်တော်ကို ရွတ်ရင် အ စိမ်း သရဲ လောက်ကို မပြောထားနဲ့၊ တန်ခိုး ကြီးလှတဲ့ နတ်ဘီးလူးများနဲ့ အသူရာနတ်တွေတောင် ထွက် ပြေး ရတာပါ။ တရား ပြည့်ဝ နေတဲ့ ဘုန်းကြီးကို ခေါင်းခေါက် မိတဲ့ လက်ဆော့သူ နတ်သူငယ် ကလေး ပေါက်စ၊ မာရ်နတ်ရဲ့ တူတော် မောင်တွေ ချက်ချင်း နတ်သက်ကြွေပြီး ငရဲကို ကျခဲ့ ဖူးတာ ပိဋကတ် တော် မှာ ပါပါတယ်။ ဒီတော့ ရှုပ်ရှုပ်ယှက်ယှက် ယတြာတွေ၊ အဆောင်တွေ၊ အရုပ်တွေကို ခေါင်းရှုပ်ခံပြီး ထုလုပ် ဆောင်ထား နေမယ့် အစား၊ အစွမ်း အထက်ဆုံး ဖြစ်တဲ့ မြတ်ဗုဒ္ဓရဲ့ တရားတော် များကိုပဲ အလွယ် ကြိုက် တဲ့ ကျွန်မကတော့ အာဂုံ ဆောင်ထား လိုက်ပါတယ်။ ပိုက်ပိုက် မကုန်တဲ့ စိတ်လဲ အချရဆုံး ဖြစ်တဲ့ ကိုယ် စောင့် ကိုယ်လုံ ပညာ ကတော့ တရားတော် များကို လိုက်နာခြင်း ပါပဲ။ မြတ်စွာဘုရားရဲ့ တရားတော်များ ထဲမှာ မကောင်းတာ တခုမှ မပါတာ ကြိုက်သလို စမ်းသပ်တိုင်း သိနိုင်တာပါ။

ဗေဒင် ပညာကို ၃နှစ် သင်အပြီး ဘုန်းဘုရားက ဟောခွင့် ပေးပါတယ်။ ဟောစား ရမယ်တဲ့။ အလကား မဟောရ ပါဘူးတဲ့။ အလကား ပေးရင် လူတွေက တန်ဖိုး မထားဘဲ နေတတ်လို့တဲ့။ ဒီတော့ အဲဒီ အချိန် က စလို့ ကျွန်မ တစ်ပါး သီလ တသက်စာ အလှူခံပြီး ဉာဏ် ပူဇော်ခ ယူပြီး လူတွေကို ဗေဒင်ဟောပေး ခဲ့ပါတယ်။ ပွင့်လင်း တိကျတဲ့ သူများက မလှူနိုင် ကြရင် ရိုးရာ ကျင့်စဉ် ၂ခု ပုံမှန် ကျင့်မယ့် ကတိယူပြီး ဟောပေးပါတယ်။ တခုမှ မလုပ်နိုင် သူများ ကိုတော့ သူတို့ရဲ့ သဒ္ဓါကြေး နဲ့ ဉာဏ်ပူဇော်ခ ယူပါတယ်။ ဘယ်လောက် ကန်တော့ ရမလဲ ဆိုသူများ ကျွန်မက တစ်ခွန်းပဲ ပြန်ပြောပါတယ်။ ကိုယ့်တန်ကြေး ကိုယ် ဆောင်ပြီး ကန်တော့ နိုင်သ လောက်ပဲ ကန်တော့လို့ .. ဒီလို လုပ်ရခြင်းရဲ့ အဓိက စေတနာက လူတွေ သီလ စောင့်ကြလို့ ဒီလူတွေနဲ့ ဖွဲ့စည်း ထားတဲ့ ကျွန်မရဲ့ တိုင်းပြည်လေး ပြန်လည် နာလံထူ စေချင်တဲ့ စေတနာကို သစ္စာ ဆိုလို့ ရပါတယ်။

သို့သော်လဲတဲ့… အဲတဲ့ .. ဆိုတဲ့ ဇာဂနာရဲ့ စကားလေး ယူသုံး ရမယ် ထင်ပါတယ်။ သာသနာ ထွန်းကား တဲ့ တိုင်းပြည် ပီပီ၊ သာသနာတော် ညစ်နွမ်းလာရင်၊ သာသနာတော်ကို ထိခိုက် စော်ကားသူ ပေါများလာ ရင်၊ သီလ ပျက်စီး အကျင့် တန်သူ ပေါများလာရင် ကျွန်မတို့ရဲ့ မြန်မာ နိုင်ငံဟာ ကပ်ကြီး သုံးပါး ဆိုက် ရောက်ပြီး ဒီလို အကျင့်ပျက်သူတွေ၊ သာသနာတော်ကို ဖျက်ဆီးသူတွေကို ကပ်ကြီး သုံးပါး ဆိုက်ကပ် ခံရ သေကြေ ပျက်စီး စေရင်း ကပ်ဆေးလေ့ ရှိပါတယ်။ သိသာ ထင်ရှားတဲ့ အချိန် ကာလ များကို ပြန်ပြောင်း ပြောရမယ် ဆိုရင် ဂျပန်ခေတ် နဲ့ ဖဆပလ အပျက်တို့ ဖြစ်ပါတယ်။ သာသနာစောင့် နတ်များကလဲ သာသနာ ကိုသာ စောင့်ပြီး တရား မစောင့်သူ များကို မျက်နှာ လွှဲလေ့ ရှိပါတယ်။ လူတွေကမှ တရားကို မစောင့်တာ၊ နတ်ကလဲ သူ့ထက် အဆင့် နိမ့်တဲ့ လူကို ဘာဂုဏ်ကို သွားရည်မျှော်ပြီး စောင့်ရှောက် ပေးရ မှာတုန်းလို့… နတ်ဖက်က ကြည့်တော့လဲ မှန်နေသား။ တရားကို နတ်စောင့် ဆိုတာ နတ်ပြည်က နတ်ကြီး က တရားကို စောင့်တာကို ဆိုလိုတာ မဟုတ်ဘဲ ပါးနပ်တဲ့ လူက တရားကို စောင့်တာကို ဆိုလို တာပါ။ တရား စောင့်တာ သူများ အတွက် စောင့်တာမှ မဟုတ် တာလေ။ ကိုယ်ကောင်းဖို့ ကိုယ်စောင့်ရ တာကိုး။

မြန်မာ နိုင်ငံရဲ့ ဗေဒင် ဟောကိန်း အရရော၊ မြန်မာနိုင်ငံရဲ့ သမိုင်း အရပါ ၂၀၀၆ စက်တင်ဘာ ကတည်းက (သမုဒ္ဒရာဇ် မင်း လက်ထက် ကတည်းက စတဲ့ ကောဇာနဲ့ တွက်နည်း အရရော၊ လွတ်လပ်ရေး ရတဲ့ နေ့ က ဇာတာနဲ့ တွက်နည်း အရပါ) မြန်မာနိုင်ငံရဲ့ ဇာတာ ဟာ ပါပ ကပ်ထဲ ရောက်လို့ နေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှ လွတ်ပါမယ်။ ကပ်ကြီး သုံးပါးလုံး ဆိုက်ပါမယ်။ ၂၀၀၇၊ ၂၀၀၈နဲ့ ၂၀၀၉ အဆိုးဆုံး ဖြစ်ပါမယ်တဲ့။ ဒါကြောင့် သံဃာတော် များက မေတ္တာ ရှေ့ထားပြီး ဒီလောက် အေးအေးချမ်းချမ်း တရားတော်များ ရွတ်ပွား ပေးနေ တာကို ဆူပူမှု ခေါင်းစဉ် တပ်လို့ ရက်ရက် စက်စက် ပစ်သတ် နှိပ်စက် ရုံမျှ မကသေး၊ သံဃာကို လိမ်မော် သီး လို့ ရိုင်းရိုင်း စိုင်းစိုင်း ခေါ်ဝေါ်ရင်း အာဏာပေး မော်ကြွား နေတဲ့ ကိုယ်စီးတဲ့ မြင်း အထီးမှန်း အမမှန်း မသိတာ မဟုတ်ဘဲ ကိုယ့်ကိုယ်ကို လူလား ဘာလား တောင် မသိတဲ့ သူများက တမှောင့်။ ကပ်ဆေးနှုံးကို အရှိန် မြှင့်ပေး နေလိုက် ကြပါ သေးတယ်။ ရင်လေးပါ့။

ကပ်ထဲမှာ ရောပါ မသွား ချင်ရင် ရဟန်း ရှင်လူများ အရွယ် မရွေး၊ ဘာသာ မရွေး တရား ၀တ်စုံသာ လုံလုံ ၀တ်ကြ ပါတော့။ ပါးစပ်က တရား စာတွေ ရွတ်ရုံနဲ့ မပြီး၊ ရင်ထဲ နှလုံးသားထဲပါ တရားကိန်းဖို့ လိုနေပါ တယ်။ ပါးစပ်က ဘုရား ဘုရား၊ လက်က ကားယား ကားယား လုပ်ရင် ဘုရားကို လိမ်လည်မှု အပြစ် တစ်ခု ထပ်တိုးမှာ မို့ပါ။ မြန်မာ ပြည် ကပ်ဆေး နေပါပြီ။ တားလို့လဲ မရတော့ ပါဘူး။ လောလောဆယ် တွက် ချက်မှု များအရ မြန်မာပြည် လူဦးရေ တ၀က်သာ အနိုင်နိုင် ကျန်ပါမယ်။ ဗေဒင် ဟောသက် ၅နှစ် အတွင်း မှာ ကျွန်မရဲ့ ဗေဒင် ဒီတစ်ခါ တော့ မမှန် စေချင် ပါဘူး။ ဗေဒင် ဟောလို့ မမှန်နိုင်တဲ့ လူစား ၃မျိုး ထဲက လူကောင်း ၂မျိုး မြန်မာ နိုင်ငံ ထဲမှာ ပေါပေါ များများ ရှိနေ ပါစေလို့ ဆုတောင်းရင်း…

1 comment:

စိုးထက် - Soe Htet ! said...

ဗေဒင်ဆရာရေ လာလည်သွားပါတယ် ... ဗဟုသုတ တော်တော် စုံတာကိုးဗျ ... တော်တယ်ဗျာ ... :)