Sunday, November 4, 2007

မထူးဆန်းတဲ့ လောကဓံ

ချဉ်းကပ်ပုံ နည်းလမ်းမတူပေမယ့်
အနှစ်ချုပ်လိုက်တော့ ဒါကဒါပါပဲ…

တစ်ရက် ရွှေ ၂၀သားလောက်စာ ၀င်ငွေတွေ ရှိခဲ့ဖူးသလို
ဘိုင်ပြတ်လို့ လမ်းက ခူးလာတဲ့ စောင်းလျားသီးနဲ့
ထမင်းတစ်နပ်ပြီးခဲ့ရတဲ့ ရက်တွေလဲ ရှိဖူးရဲ့
၂ရက်လုံး တူညီတဲ့ လောကဓံပါပဲ

ကျောင်းဝင်းထဲ ခြေအချ ((ဟေး)) သူကျောင်းတက်ပြီကွတဲ့
အုပ်စုလိုက် ၀ိုင်းအော်သံ ကြားရတဲ့ ရက်တွေ ရှိဖူးတယ်
ဒီကျောင်းဝင်းထဲမှာပါပဲ … တကိုယ်တော် အမကျန် ဘ၀နဲ့
မုန်းတီးမှု မျက်ဝန်းများအောက် ခပ်မော့မော့ လျှောက်ခဲ့ဖူးတယ်
ဒါတွေလဲ တူညီတဲ့ လောကဓံ ပါပဲ။

ဒေါင်ဒေါင်မြည် ကျန်းမာရေးနဲ့ လက်မောင်း ပြိုင်လှဲဖို့ စိန်ခေါ်
ယောက်ျားကြီးတွေကို ပုခုံးပေါ် ကျော်လို့ ကိုင်ပေါက်ဖူးရဲ့
တင်တောင်မြည် စက်တွေက အချက်ပြ …
ဘီးတပ် ကုလားထိုင်တစ်လုံးနဲ့လဲ အကြာကြီးဇိမ်ကျဖူးတယ်
သွားလေရာ အဆောင်အဖြစ် ဆရာဝန်ဆေးစာ တစ်စောင်ရခဲ့ရော့
တူညီတဲ့ လောကဓံ စုံအောင် ခံဖူးတာပေါ့လေ
ဒါတွေအတွက်တော့ဖြင့် နည်းနည်းမှ မဖြုံဖူးပါဘူး

စူဠ သုဘဒ္ဒါ ဘ၀ အဆက်ဆက် ရန်ငြိုးပြေဖို့အတွက်
အသက်ထက် မြတ်နိုးတဲ့ ကိုယ့်အစွယ် ကိုယ်တိုင်ဖြတ်
ဆဒ္ဒန်ဆင်မင်းက ဆက်သခဲ့ဖူးတယ်
လောကဓံရေ
မင်းရဲ့ ရန်ငြိုး ပြေဖို့ အတွက်ရော
ငါဘာတွေ ပေးဆပ်ရမလဲ ပွင့်ပွင့်လင်းလင်းပြောပါ။

ဒါပေမယ့်… ကျားကျား မီးယပ် ဆိုတဲ့ အသံကြားတိုင်း
ပျားရည်စားတာ နင့်ခွေးမစစ်လို့ ဆိုတဲ့ အသံတွေကြားတိုင်း
စိတ်ထဲမှာ ချဉ်တူးသွားတတ်တဲ့ငါ
ယောနိသော မနသိကာရနဲ့ လက်သင့်ခံတတ်ဖို့
ကြိုးစားလိုက်ဦးမယ်လေ…
(မှတ်ချက်။ ။ လက်ခံ တတ်တဲ့ နှလုံးသား အကြောင်း သင်ကြား ပေးတဲ့ အတွက် ကျေးဇူးပါ ကိုစစ်အိမ်ရေ.. ခုမှ စိတ်ထဲ နည်းနည်း ပေါ့သွားတယ်)

No comments: