Sunday, November 4, 2007

ကူညီပါရစေ ကူညီပါရစေခင်ဗျ

ဒီသီချင်းသံကြားရင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဆောင်ပုဒ်လို့ သိကြပါတယ်။ ရဲ ဘယ်နှစ်မျိုး ရှိလဲတော့ ကျွန်မ လဲ ရဲမျိုးက လာတာ မဟုတ်တော့ မသိပါဘူး။ ဒါပေမယ့် ရဲစခန်းနဲ့ ကျွန်မတို့ကတော့ တော်တော်ကို အဆက်အဆံ ရှိတယ်ရှင့်။ တခြားတော့ မဟုတ်ဘူး။ တခြား တကသိုလ် ကျောင်းသားတွေလို မဟုတ်ဘဲ အင်ဂျင်နီယာ ကျောင်းသား ကျောင်းသူတွေကို ရဲ စခန်း ထောက်ခံစာ ပါမှ ကျောင်းပေး တက်တဲ့ ကိစ္စပါ။ ဘယ်လို မှကို ဘ၀င်မကျနိုင်ပါဘူး။ ဒါမျိုးက ရာဇ ၀တ်သား ဖြစ်ဖူးတဲ့ သူမှ အဲလို အလုပ် ခံရ သင့်တဲ့ ကိစ္စပါ။ ရိုးရိုးသားသား အေးအေးချမ်းချမ်း နေတဲ့ သူကို အလကား နေရင်း ရာဇ၀တ် သားလို၊ ပြစ်မှု မှတ်တမ်း ရှိသူလို သဘောထား ဆက်ဆံ ခံရတာ တော်တော် ခံပြင်းပါတယ်။ မတတ်နိုင်ဘူးလေ.. ရှင်တို့ ခေတ်ဆိုတော့ လုပ်ကြပေါ့။ ကောင်းကောင်း နေလျက် သားနဲ့ ဒါမျိုး လာအချိုး ချိုးတော့ တမင်ကို တန် အောင် ပြစ်မှု ပြန်ကျူးလွန် ပစ်လိုက်တယ် မှတ်ကရော.. ကျောင်းပြေးတယ်။ နည်းနည်းနောနော ပြေးတာ မဟုတ်ဘူးရှင့် တစ်နှစ်ကို ကျူတိုရီယယ် ရှိတဲ့ ရက်ကလွဲလို့ ကျန်တာ တက်ကို မတက်တာ။ ကျောင်းခေါ် ချိန် မပြည့်ရင် စာမေးပွဲ မဖြေရ ဘူးလား။ ဖြစ်တယ်။ ဟိုဌာနက ကျောင်းသား ဒီဌာန လာပြီး ဘော်ဘော် ကိုယ်စား လက်မှတ် ထိုးပေး၊ ဒီဌာနက ကျောင်းသူ ဟိုဌာနက သူငယ်ချင်း အတွက် သွားပြီး နာမည် ခေါ် ရင် လူစား ထူးပေး တယ်ရှင့်။ ပိုတောင် စည်းလုံး ချစ်ခင် သွားသေးရဲ့။ ကျောင်းသား အများကြီး ကြားမှာ စာသင်နှစ် တစ်နှစ်ကို ၄-၅လ လောက်နဲ့ အတင်းဖြတ်ချပြီး သင်ပြီး စာမေးပွဲ စစ်တာကိုး။ ဆရာ တွေက လူမှတ်မိဖို့ မစဉ်းစား ထားနဲ့။ ဆရာတွေက ထောက်လှမ်းရေး လုပ်ဖို့ လေ့ကျင့် လာတာ မဟုတ် ဘူး။ သူတို့ စာပဲ သင်တတ်တာ။ တတိယ နှစ်က လျှပ်စစ် သင်တဲ့ ဆရာမကို အပြင်မှာ မြင်တောင် မမြင်ဖူးဘူး။ အင်း.. ပို့ဆောင်ရေး သင်တဲ့ ဆရာမနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သင်တဲ့ ဆရာမလဲ Year Book ရမှ မြင်ဖူး တာပါ။

အဲ ကျောင်းက ဘော်ဘော် များက မေးရှာပါတယ်။ နင် စာတကယ် မတတ်ဘဲ ဘယ်လို လုပ်စား မလဲတဲ့။ ငါက မိဘ စိတ်ချမ်းသာအောင် အမြီး တစ်ချောင်း တပ်ပေးတာ။ ငါဝါသနာ ပါတာ မဟုတ်လို့ လုပ်ကို မစား ဘူးလို့။ နင်တို့ တကယ် တတ်တော့ရော တကယ် လုပ်စားလို့ ရမယ် ထင်လားလို့ ပြန်မေးလိုက် သေးတယ်။ နိုင်ငံခြားမှာ မိသားစုဝင် ရှိတဲ့ သူငယ်ချင်းက ပြန်ဖြေတယ်။ သူများတိုင်းပြည်မှာ ဆောက်လုပ် ရေး အတွက် တိုင်တွေ နံရံတွေက စက်ရုံကနေ အချပ်လိုက် ထွက်လာတာ ကောက်တပ်ရုံပဲ ငါတို့ကို သင်ပေး ထားတာ လွန်ခဲ့တဲ့ နှစ် ၆၀က သင်ရိုး ဟောင်းကြီးတဲ့။ လျှောက် အများကြီး စဉ်းစားမနေနဲ့ နင်တို့ ငါတို့က သင်ပေးတာ ယူရုံပဲ သင်ရိုးက နင့်အဘက ဆွဲတာလို့ ပြောရင်း ညည်းရင်း စာမေးပွဲ အောင်ရင် ပြီးတာပဲလို့ စိတ်လျှော့ ခဲ့ကြရဲ့။

ကျောင်းပြီးတော့ နိုင်ငံခြား ထွက်မယ် ဆိုတော့ ပညာကို နိုင်ငံတော်က ကုန်ကျ စိုက်ဝင်ပြီး သင်ပေး ထားရလို့ လျော်ကြေးတဲ့။ ကဲ သုံးစား မရတဲ့ ပညာ အတွက် လျော်ကြေး ပေးဆိုလဲ ပေးတယ်ဗျာပေါ့။ မဟုတ်ရင် ဂိတ်ထွက်ကြေး မပေးရင် မထွက်ရဘဲကိုး။ ပတ်စ်ပို့လေး ရဖို့အတွက် ငွေကို လမ်းခင်းရပုံများ။ ရှားပါး အစိုးရ ၀န်ထမ်းကောင်း သိပ်ပီသတဲ့ အဖေက ပြောပါတယ်။ ငါလဲ လာဘ်ပေး လာဘ်ယူ တခါမှ မလုပ်ခဲ့ဘူး။ မင်းတို့လဲ မပေးရဘူးတဲ့။ အင်း ပတ်စ်ပို့ရုံး ရောက်ပါပြီ။ အဖေ့စကား မပယ်ရှားဘဲ ပတ်စ်ပို့ ရအောင် ဘယ်လို လုပ်ရပါ့။ ကျောင်းက ၀င်ခွင့်ဖြေဖို့ ခေါ်စာလေးကို ကိုင်ပြီး ပတ်စ်ပို့ လျှောက်ရတယ်။

ဖောင်တင်တော့ ဖောင်နံပါတ် ***ကိုသွားဝယ်တဲ့ မြေညီထပ်က ဖောင်လက်ခံ ဌာနက လက်မောင်း ၂ရစ်နဲ့ ရဲ က ပြောပါ တယ်။ ဖောင်ဝယ်ရမယ့် နေရာက လေးထပ်မှာ။ အော်.. ရုံး ဖွဲ့စည်းပုံ၊ ခင်းကျင်းပုံ ပြင်ဆင်တဲ့ လူတွေ တော်ချက်။ ကြပ်ညပ် နေတဲ့ လူအုပ်ကြီးကို တိုးခွေ့ရင်း လေးထပ်က ဖောင်ကို ၀ယ်ပြီး မြေညီထပ် ပြန်ဆင်း။ ဖောင်ကို ပြန်ပြီး အောက်ဆုံးက ထပ်ရပါတယ်။ စောင့်စမ်း.. ပွဲစားနဲ့ မလုပ်ချင်တဲ့ ခေါင်းမာသူ။ မနက် ၉နာရီ ကနေ စောင့်လိုက်တာ ကိုယ့်အလှည့် ရောက်နိုးနိုးနဲ့။ ကြားက ဖြတ်ဝင် လာတဲ့ ဖိုင်တွေက အများသား။ ဟေ့လူ အစဉ်လိုက် စီလေ. အလှည့် မကျော်နဲ့လို့ ပြောရအောင်က သူ့ ပေါ်လစီ ကို ဘာမှ ရှင်းရှင်း လင်းလင်း ရေးမထားတော့ ဒီဖိုင်တွေက အရင်နေ့ တည်းက စီထား တာလား မသေ ချာလို့ ပြောမဖြစ်။ နေ့လယ် ၂နာရီ ထိုးမှ ကိုယ့်အလှည့် ရောက်ပါတယ်။ ဒါနဲ့ စားပွဲရှေ့ ရပ်လိုက် တော့ ဖောင်နံပါတ် မှားနေ တယ်တဲ့။ ခင်ဗျား ပြောတဲ့ ဖောင်နံပါတ် ၀ယ်လာတာ ပဲလေ ဆိုတော့ မှားသွား လို့ တဲ့။ ရုပ်က မထေမဲ့မြင်။ ဒီအလုပ် လုပ်နေပြီး ဖောင်နံပါတ်က မှားပြော စရာလား။ မှားရင်လဲ ကိုယ့် အမှား ကို သိပြီး ပြေပြေ လည်လည် ပြောပေါ့။ ခုတော့ ထီမထင်တဲ့ မျက်နှာပေးနဲ့။ ဒေါသ စိတ်ကို ထိန်းရင်း လေးထပ်ကို တိုးခွေ့ပြီး တက်ခဲ့ရ ပြန်တယ်။ ဒီတခါ ကိုယ့်ရုပ်ကို မှတ်မိ နေပုံ ရတဲ့ ဖောင်ရောင်း တဲ့ ကောင်လေးက အထာ သိနေပုံ ရတယ် အမ.. ဖောင်နံပါတ် ဘယ်လောက် လိုပြန်တာလဲ တဲ့။ အော် တစ်ရွက် ဆယ်ကျပ်ထက် ဘယ်လိုမှ ပိုမတန်တဲ့ ဖောင် စာရွက်ကို ကျပ် နှစ်ရာနဲ့ ဖောင်ရောင်း စားပြီး ရတဲ့ငွေ ခွဲယူ နေကြ ပုံပဲလို့ တွေးလိုက် မိပါတယ်။ ဒါနဲ့

((ရှိသမျှ ဖောင်တွေ အားလုံး တစ်စုံပေး))

မမျှော်လင့်တဲ့ တောင်းဆိုမှု အတွက် အံ့သြ သွားပုံ ရပေမယ့် အားလုံး ထုတ်လိုက်တော့ ကျပ် ၂၀၀၀ ကျော်ဖိုး ကျပါတယ်။ ကိစ္စ မရှိပါ။ ယူပြီး ငွေချေပြီး စောစောက ကောင်တာ စားပွဲလေးဆီကို ပြန်လာ ခဲ့သည်။ တင်းမာနေတဲ့ မျက်နှာထားနဲ့ ကျွန်မ မျက်နှာကို အရသာခံ ကြည့်တဲ့ အကြည့်နဲ့ ဒင်းက စပ်ဖြဲဖြဲနဲ့ ဖောင်ကို အောက်ဆုံးက ပြန်စီပါတဲ့။

(((ဘယ်ဖောင်နံပါတ်ကို ပြန်စီရမှာလဲ ခုရှင်းအောင်ပြော။ ကြိုက်တဲ့ ဖောင်နံပါတ်ပြော၊ အခု အားလုံး တစ်စုံ ပါတယ်။ ခု ဖောင်ပြန် တင်မယ်။ နောက်တစ်ခါ ထပ်ပြီး မှားတယ် ပြောပြီး ပြန်တန်းစီ ခိုင်းရင် မင်းစားပွဲကို ငါဆွဲမှောက် ပစ်မယ် … မင်းကိုလဲ ငါပိတ်ထိုး တော့မှာနော်။ မင်း ၀တ္တရား ကိုလည်း ငါ မနှောင့်ယှက်ဘူး။ မင်းကလဲ မင်းတာဝန်ကို ခုတုံး လုပ်ပြီး ငါ့ကို ရစ်မယ် မကြံနဲ့။ တကယ် နာသွားမယ်)))

ခပ်မာမာ ပြတ်ပြတ် ပြောရုံမက ရုပ်ကလဲ တကယ် လုပ်မယ့် ရုပ် ပေါက်နေသော ကျွန်မလေသံကို နည်း နည်း ဖြုံသွားပုံ ရတယ်။ ဒါနဲ့ ဒီတဆင့်ကို ကျော်ခဲ့ရသည်။ နောက်ဆုံး စလစ် တစ်စောင် ရလာသည်။ ကျောင်းက စာမေးပွဲ ဖြေရမည့် ရက်က နီးလာပြီ။ ကိုယ့်စာအုပ်က အရိပ်အယောင် မမြင်ရသေး။ ဒါနဲ့ ရဲမှူး ရုံးခန်းကို သွားမေးသည်။ ဘာအတွက်လဲ။ ဘယ်သူလွှတ်တာလဲ .. အော်.. အဘလို့ ခေါ်တာ အဘလို လေးစားလို့ မဟုတ်ဘဲ ဘ နဲ့စတဲ့ မေးခွန်းတွေ တရစပ် ပစ်လွှတ် ရစ်တတ် လွန်းလို့ အဘလို့ ခေါ်တာ ဖြစ်နိုင်တယ်လို့ တွေးမိသည်။ အရစ်လွန်ရင် အဘား အဘားလို့ အော်သွားရ နိုင်လောက်သည်။

ဘာအတွက်လဲဆိုတော့ စာမေးပွဲ ဖြေရမယ့် ရက်က နီးနေပါပြီရှင်။ ကျွန်မ ကျောင်းတက်ဖို့ ၀င်ခွင့် စာမေးပွဲ သွားဖြေချင် လို့ပါ။ ဒါကြောင့် ကျွန်မ စာအုပ် လိုချင်လို့ပါ။ ဘယ် အဆင့်ရောက်နေပြီလဲ သိချင်လို့ပါ။ ဖြစ်နိုင်ရင် စာမေးပွဲ ရက် အမီ လိုချင်လို့ပါ။ ဒီမှာ ကျောင်းက စာလဲ ပါပါတယ်။ မယုံရင် ကျောင်းကို ဖုန်းဆက် မေးချင်လဲ ရပါတယ်

လို့ ဖြေလိုက်မိသည်။ တတိယထပ် ညာဘက်ခန်းက အရာရှိက ခပ်ရင့်ရင့်ဖြေလေသည်။

စာမေးပွဲဖြေတာ နင်ဖြေမှာပဲ .. ငါဖြေမှာမှ မဟုတ်တာတဲ့။ ကိုယ့်အလုပ်ကို ရှုပ်ရတဲ့အထဲတဲ့

စိတ်ထဲက ဟစ်ရင်း အော်မိသည်။ ခင်ဗျားတို့ အလုပ်က ပတ်စ်ပို့ လာလျှောက်တဲ့ ပြည်သူကို စိစစ်ပြီး ပတ်စ်ပို့ ထုတ်ပေးရမယ့် အလုပ် မဟုတ်လို့လား။ ပြည်သူ့ဝန်ထမ်းဆိုပြီး ပြည်သူကို မကူညီဘဲ ပွဲစားနဲ့ မလာရင် ငါ့ရန်သူ လုပ်ပြီး သမီးချင်း မစာနာ ပြောရက်လိုက်တာ လို့လေ။

ဒီလိုနဲ့ ပန်းဆိုးတန်း ပတ်စ်ပို့ရုံးက အကြီးဆုံး ရဲမှူးနဲ့ ၀င်တွေ့သည်။ သူ့လူတွေကို မတိုင်အား။ အရေးလဲ မစိုက်။ ကိုယ့်စာအုပ် ရဖို့က အရေးကြီးသည်။ သို့သော်လဲတဲ့

သမီးရဲ့ ဖိုင် ပျောက်သွားတယ်။ အန်ကယ့် အခန်းကနေ ပြည်ထဲရေးရုံးက ရဲမှူးကြီးဆီ အတင်မှာ လမ်းမှာ ပျောက်နေတာ။ အစကနေ ပြန်တင်.. တဲ့

ဖြစ်ချင်တော့ ကျောင်းမှာ ပညာ ပေးခံရ လွန်းလို့ ဘာလုပ်လုပ် သက်သေ ကျန်အောင် လုပ်တတ်တဲ့ ကျွန်မ က အဆင့်တိုင်းမှာ တင်ရသမျှ စာရွက် စာတမ်းကို ကော်ပီ ဆွဲလို့ ဖိုင်တွဲ ထားပါတယ်။ ကျေးဇူး တင်ပါတယ် ပညာ ပေးခဲ့ ဖူးတဲ့ ပညာရှင်တွေရေ..

ကျွန်မ အစကနေ ပြန်တင်ရင် ဒီနှစ် ကျောင်းလဲ တက်ရ တော့မှာ မဟုတ်ဘူး။ အချိန်လဲ မီတော့မှာ မဟုတ် ဘူး။ ကျွန်မရဲ့ လျှောက်လွှာ တိုင်းကို ကျွန်မ ကော်ပီ ဆွဲထား ပါတယ်။ ဟောဒီမှာ ကော်ပီ အစအဆုံး တစ် စုံ ပါ။ ကျွန်မကို အဲဒါနဲ့ ပြီးအောင် ဆက်လုပ်ပေးပါ။ တကယ်က ကျွန်မရဲ့ လက်ထဲမှာ ဒီဖိုင် ပျောက်တာ မဟုတ်ဘဲ ရဲမှူးကြီး လက်ထဲမှာ ပတ်စ်ပို့ ရုံးထဲမှာ ပျောက်တာ ဖြစ်တဲ့ အတွက် ဒီရုံးမှာ တာဝန် ရှိနေပါ တယ်။ ကျွန်မ တခြား ဘာမှ လုပ်ဖို့ မရည်ရွယ် ပါဘူး။ ကျွန်မရဲ့ ပတ်စ်ပို့ ရဖို့ပဲ ကျွန်မ စိတ်ဝင်စား ပါတယ် ရှင့်

လို့ပြောမှ အိုကေ သွားပါတယ်။ နောက် နှစ်ရက် အကြာမှာ အဲဒီ ကော်ပီကို ဆရာစံ လမ်းက ပြည်ထဲရေး ရုံးကို ပို့လိုက် ပါပြီတဲ့။ တပတ် နေရင် ရမယ် သေချာ ပြန်သတဲ့ လေ။

တစ်ပတ်စေ့တော့ ပြန်ရောက်လာပါရော ဒီနေရာကို .. ၀န်ကြီးရုံးကနေ လက်မှတ်ထိုးပြီး မပြီး မသိသေးဘူး တဲ့။ ပန်းဆိုးတန်း ရုံးကို မရောက် သေးဘူးတဲ့ နောက် နှစ်ရက် သုံးရက် နေမှ ပြန်လာပါတဲ့။ အဲဒီ နောက် နှစ်ရက် သုံးရက် ရောက်တော့ ပန်းဆိုးတန်း ရုံးကို တစ်ခေါက် ရောက်ပြန်သည်။ ကျွန်မရဲ့ ပတ်စ်ပို့ လေး က မရသေး။

ဆရာစံ လမ်းကို ကျွန်မ ရောက်တော့ နေ့လယ် တစ်နာရီ။ တပေါင်း နေက ပူပြင်းလှချည့်။ ဂိတ်ဝက စစ်သားလေးကို မေးလိုက်သည်။

ကျွန်မ။ ။ ရဲမှူးကြီးနဲ့ တွေ့ချင်လို့
လုံခြုံရေး။ ။ ဘာလုပ်ဖို့လဲ
ကျွန်မ။ ။ ကျွန်မ ပတ်စ်ပို့ မရသေးလို့ မေးချင်လို့
လုံခြုံရေး။ ။ ဘယ်သူ လွှတ်လိုက်တာလဲ
ကျွန်မ။ ။ ဘယ်သူမှ မလွှတ်ဘူး ကျွန်မဘာသာ လာတာ.. ပန်းဆိုးတန်း ရုံးက ဒီက မပို့သေးတာ ဆိုလို့ လာမေးတာ
လုံခြုံရေး။ ။ မင်းက ဘယ်ဌာနကလဲ
ကျွန်မ။ ။ ဘယ်ဌာန ကမှ မဟုတ်ဘူး။ ဘာ အလုပ်မှ လဲ လုပ်မနေဘူး။ ကျောင်းတက်ဖို့ ပတ်စ်ပို့ လာလျှောက်တာ
လုံခြုံရေး။ ။ ရဲမှူးကြီး အစည်းအဝေး ရှိတယ် မအားဘူး
ကျွန်မ။ ။ ကိစ မရှိပါဘူး ကျွန်မ ဒီမှာ ရပ်စောင့်မယ်
လုံခြုံရေး။ ။ သူက ဘယ်အချိန် ပြီးမယ် မသေချာဘူးနော် အလုပ်သိပ်ရှုပ်တာ
ကျွန်မ။ ။ ရပါတယ်ရှင် ရုံးဆင်းချိန် သူ့ကား ထွက်လာရင် ဒီဂိတ်ပေါက် ကနေ ကျွန်မစောင့်ပြီး ပြောချင်တာ ပြောရလဲ ဖြစ်ပါတယ်။
လုံခြုံရေး။ ။ ကျွတ်… အဲဒါဆိုလဲ စောင့်ကွာ

ဒီလိုနဲ့ တပေါင်းနွေ ပူပူ အောက်မှာ ကတ္တရာငွေ့ တထောင်းထောင်းထ နေတဲ့ လေပူက တသုန်သုန် တိုက်လို့ ချွေးတွေက တကိုယ်လုံး ရွှဲနစ်နေပါပြီ။ တပေါင်းနေနဲ့ အပြိုက် ကျွန်မရဲ့ စိတ်တွေ ပူနေတာကို သတိနဲ့ ထိန်းပြီး ပြန် အပူချ နေရပါတယ်။ နာရီဝက်လောက် ကြာတော့ အစောင့် စစ်သားက လှမ်းခေါ်ပါတယ်။
လုံခြုံရေး။ ။ မှတ်ပုံတင်ပါလား။ ပြပါ
ကျွန်မ။ ။ ဟုတ်ကဲ့ ပါတယ် ဒီမှာ
လုံခြုံရေး။ ။ တွေ့ချင်တဲ့ ကိစက
ကျွန်မ။ ။ ရော်… ကျွန်မရဲ့ ပတ်စ်ပို့ ရဲမှူးကြီး ဆီမှာ တကယ်ရောက်နေလား။ ပျောက်နေလား သိချင်လို့။
လုံခြုံရေး။ ။ ခင်ဗျားကို ဘယ်သူ လွှတ်လိုက်တာလဲ
ကျွန်မ။ ။ ဒုကပါပဲ ဘယ်သူမှ မလွှတ်ဘူး ကိုယ့်ဖာသာ လာပါတယ် ဆိုနေမှ.. သူများလွှတ်တာ ဆိုရင် တခြားအချိန် လာမယ်ရှင့်.. ကိုယ့်အပူနဲ့ ကိုယ်မို့ နွေအပူ ခံပြီး ဒီအချိန်မှာ အသည်းအသန် တွေ့ခွင့် တောင်းနေ တာပေါ့။
လုံခြုံရေး။ ။ ဘယ်ဌာနကလဲ
ကျွန်မ။ ။ လုပ်ပြန်ပြီ… ဘယ်ဌာနကမှ မဟုတ်ဘူး
လုံခြုံရေး။ ။ အိုကေ … ဒီမှာ လက်မှတ်ထိုး။ ပြီးရင် ဒီအတိုင်း ၀င်သွား ညာချိုး တွေ့တဲ့လှေကားကနေ တက်သွားပြီး ညာ ကော်ရစ်ဒါအတိုင်းသွား။
ကျွန်မ။ ။ အော် .. ဟုတ်.. ကျေးဇူး

ခပ်သွက်သွက် ဖြေရင်း မြန်မြန် လျှောက်ခဲ့ရသည်.. မတော် .. စိတ်ပြောင်းသွားမှဖြင့် မလွယ်။ ဒီိလိုနဲ့ ရုံးခန်းကို ရောက်သည်။ အပေါက်ဝက ပီအေက မေးမြန်း ရစ်နေ ပြန်ရာ အတွင်းထဲက အသံ ထွက်လာ သည်။ ဂိတ်ပေါက် က သတင်းပို့ ပြီးပြီ.. လွှတ်လိုက် ဟူသတတ်။ ကျွန်မလဲ လာသည့် အကြောင်းရင်းကို ဇာတ်စုံ ခင်းရ ပြန်သည်။ ကျွန်မရဲ့ စာရွက် စာတမ်း အားလုံးရဲ့ ကော်ပီ ဖိုင်တွဲကြီး ကလဲ အထပ်လိုက်။ ရဲမှူးကြီးက စလစ် နံပါတ်ကို ကြည့်ရင်း သူ့ပီအေကို ရှာခိုင်းသည်။ ဒီ၂ရက်အတွင်း လက်မှတ် ထိုးထား သော အပုံ ထဲတွင် မတွေ့။ ဒါနဲ့ စိစစ် ဆိုတဲ့ အပုံထဲ ရှာခိုင်း ပြန်သည်။ ထွက်လာပါသည်။ ကျွန်မရဲ့ ပတ်စ်ပို့။ လက်မှတ် ထိုးပြီး သည်မှာ အရင် အပတ် ကတည်းက။ ဒါကို ပန်းဆိုးတန်းကို မပို့ဘဲ လက်မှတ် မထိုးရ သေးသည့် စိစစ်ပုံထဲ ကျွန်မရဲ့ စာအုပ်လေးကို ထိုးထည့် ထားသည်။ ရဲမှူးက သူ့ပီအေကို တချက် ငေါက်သည်။ ကျွန်မ ရှေ့မို့ မဆူ။ ကျွန်မကို လက်တ၀ါး လောက် စာရွက် ပိုင်းလေးမှာ ဘာရေးမှန်း မသိ အောင် တခု ခြစ်သည်။ ပြီးတော့ လှမ်းပေးရင်း

ဒီနေ့ညနေတော့ သမီးကို စာအုပ် မပေးနိုင်ဘူး။ ပန်းဆိုးတန်း ရုံးလက်ခံမှာ စာရင်းသွင်းဖို့နဲ့ တံဆိပ်တုံး ထုဖို့ ကျန်နေလို့။ ဒါပေမယ့် ဒီစာရွက်ကို ယူပြီး နက်ဖြန် မနက် ၉နာရီ ရုံးဖွင့်ဖွင့်ချင်း စာအုပ် သယ်လာတဲ့ ကား ဆိုက်လိမ့်မယ်။ စာအုပ် ပုံးတွေ သယ်လာတဲ့ အထဲက ပုခုံးအပွင့်နဲ့ လူတစ်ယောက်ကို ဒီစာရွက် ပြလိုက်။ သူ စာအုပ်ကို အမြန်ပြီးအောင် လုပ်ပေးလိမ့်မယ်။ ယူပြီးတာနဲ့ ချက်ချင်း ဗီဇာ ၀င်ပေတော့။ ဟုတ်လား။ မီမှာပါ။

ဟုတ်ကဲ့။ ကျေးဇူး တအား တင်ပါတယ်ရှင်။ ကျွန်မရဲ့ ပညာရေးအတွက် ခုလို ကူညီတာ ကျေးဇူးပါ

ဒီလိုနဲ့ ဖြစ်သင့် တာတွေ မဖြစ်နိုင် တာကို ဖြစ်အောင် လုပ်ပေးလို့ ကျေးဇူးတွေ တလှေကြီး တင်ရင်း ဆရာစံ လမ်းက ပြည်ထဲရေး ရုံးကနေ ပြန်ထွက် လာခဲ့သည်။ နောက်နေ့ ပြောသည့် အတိုင်း ရပါသည်။ ပန်းဆိုးတန်းက ကိုယ့်ကို ပညာပြ ခဲ့ကြသော သူများ အားလုံး ပြာယာ ခတ်နေ ကြသည်။ တန်ခိုးကြီး လိုက်တဲ့ စက္ကူပိုင်းလေး။ ကျွန်မကို လှေခါး တက်ဆင်း လုပ်ခိုင်း ခဲ့သော သူမှာ နေစရာ မရှိ… အဲဒီနေ့ မနက် ၉နာရီ ခွဲမှာ ကျွန်မရဲ့ ပတ်စ်ပို့ စာအုပ်လေး ရခဲ့သည်။ လာဘ်ငွေ တပြားမှ မပေးခဲ့ရ.. သို့သော်

အော် … ကူညီပါရစေ.. ကူညီပါရစေ ခင်ဗျ တဲ့လား.. ဒါမျိုးဆို တော်ပါတော့ .. အတတ်နိုင်ဆုံး ကင်းကင်း နေပါရစေ။

( လွဲမှားနေသော စနစ် တစ်ခုကို ပြုပြင် စေလိုသော စိတ်ဖြင့် ဖြစ်ရပ်မှန်ကို ဖော်ပြခြင်း ဖြစ်ပါသည်။ )

4 comments:

Doughnut IO said...

လွန်ခဲ့တဲ့ ၂ နှစ်က ၅ ရက်အတွင်း (လျော်ကြေးကစ) လျှောက်လွှာတင်အပြီး အဆင်ပြေ ကောင်းမွန်နေတဲ့ စနစ်က ဘာဖြစ်သွားရတာလဲ။ (ကျလာဖို့တော့ ၂ လကျော်စောင့်ရပါသည်) ဒါပေမဲ့ အဲဒီလို တင်းတင်းမာမာပြောတာ သူတို့တွေ ကိုယ့်အဆင့် ကိုယ်သိဖို့ အထောက်အကူ ဖြစ်ပါသည်။ အမျိုးသားနဲ့ အမျိုးသမီးလဲ ကွာပါလိမ့်မယ်။

စိုးထက် - Soe Htet ! said...

ကောင်းတယ်ဗျ ... လူကြီး တိုက်ရိုက် ၀င်တွေ့ မှ ... အဲဒီလိုပဲ ... :)

thamudayanwe said...

သူများတိုင်းပြည်မှာ ဆောက်လုပ် ရေး အတွက် တိုင်တွေ နံရံတွေက စက်ရုံကနေ အချပ်လိုက် ထွက်လာတာ ကောက်တပ်ရုံပဲ ငါတို့ကို သင်ပေး ထားတာ လွန်ခဲ့တဲ့ နှစ် ၆၀က သင်ရိုး ဟောင်းကြီးတဲ့။ လျှောက် အများကြီး စဉ်းစားမနေနဲ့ နင်တို့ ငါတို့က သင်ပေးတာ ယူရုံပဲ သင်ရိုးက နင့်အဘက ဆွဲတာလို့ ပြောရင်း ညည်းရင်း စာမေးပွဲ အောင်ရင် ပြီးတာပဲလို့ စိတ်လျှော့ ခဲ့ကြရဲ့။
ဒီစာသားနဲ့ပတ်သက်ပြီးပြောပွရစေ..
civilဘာသာရပ်မှာstructure ဘာသာက modified အလုပ်နိုင်ဆုံးဘာသာရပ်ပါ..structure ဘာသာခက်တာနဲ့မလိုက်နိုင်လို့ဒီစကားပြောခဲ့တာဆိုရင်တော့ အမတို့လေးစားအားကိုးခဲ့ရဘူးတဲ့ ဆရာဦးညီလှငယ်
ဆရာဦးခင်မောင်တင့်တို့ကိုစော်ကားတာပါပဲ
structure ဘာသာရပ်ကအမို့ရှေ့တနှစ်ကစပြီး
စာအုပ်ပါပြောင်းလိုက်တာပါ..မြနမာ civil အင်ဂျင်နီယာဘာသာရပ်မှာstructure &Design ကသူများနိုင်ငံနဲ့တန်းတူလိုက်နိုင်ခဲ့တာပါ..
ညီမတို့သိလား working stress design & ultimate design ကွာခြားခက်အတိုင်းသင်သွားခဲ့တာပါ
လါန်ခဲ့တဲ့နှစ်၆၀ကမဟုတ်ပါ..အမတို့က ခက်တဲ့ဘာသာရပ်ကို အင်မတန်ဂုဏ်ထူးထွက်ချင်သလို
အဲဒီဘာသာရပ်ရဲ့တိုးတက်ပြောင်းလဲမှုကိုလိုလားလို့ဆရာတွေရဲ့အကုအညီတွေရယ်
အကိုကြီးတွေရဲ့အကူအညီနဲ့ အဲဒီသင်ရိုးတွေပြောင်းသွားဖို့အတွက်
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းစဖွဲ့တဲ့အချိန်မှာအားတက်သရောပါဝင်ကူညီခဲ့သူတွေဖြစ်ခဲ့ပါတယ်
အဲဒီနှစ်၆၀ကစာသင်ခဲ့ရတယ်ဆိုတာမဟုတ်ကြောင်း လုံးဝကန်ုကွက်ပါတယ် အတိုက်အခံလုပ်လို၍မဟုတ်ပါ
အမှန်တရားကိုပြောနေခြင်းဖြစ်ပါသည်။
သို့သော် ဒီဘာသာတခုပဲ modified ဖြစ်ခဲ့တာပါ..ဒါကြောင့်အမတို့ရဲ့နျစ်ကျင်းပနေတဲ့
ဆရာကန်တော့ပွဲမှာ အမကိုယ်တိုင်၂၀၀၃ခုနျစ်ဆရာကန့်တော့ပွဲမှာ
အဲဒီအချိန်ကဆရာညီမပြုတ်သေးဘူး
hydrology နဲ့တခြားဘာသာရပ်တွေမှာပါ modified လုပ်ပေးဖို့ပြောပြဘူးပါတယ်
ဆရာကလဲလက်ခံခဲ့ပါတယ်ဒါပေမဲ့ကံဆိုးစွာဆရာများမကြာမီပြုတ်သွားပါတယ်
ဆောရီးပါ..အမတို့က structure strong သမားတေါမို့ဖြေရှင်းတာပါ
၂။ မြန်မာပြည်မှာလုပ်တဲ့အလုပ်တိုင်းက လူကြီးနဲ့တွေ့မှအဆင်ပြေတာထုံးစံပါ
ဒါကြောင့်မြန်မာပြည်မှာရှိသူများကိုယ့်ကိစ္ဏအတွက် အောက်လူနဲ့ဘယ်တော့မှမဖြေရှင်းပါနဲ့ အထက်လူကြီးနဲ့တိုက်ရိုက်တွေ့ ပါ..
အောက်ကတွေ့ ခွင့်မပေးရင်..၀င်ပေါက်မှာထိုင်စောင့်နေပါ
အမြဲတမ်းကျတော်လုပ်နေကျပါ..
ကိုယ်လိုချင်တာရဖို့တိုက်ယူမှရတယ်ဆိုတာ
မြန်မာပြည်သူ/ပြည်သားများ ကိုသဘာဝကသင်ပေးလိုက်တာပါ..
ကိုယ်လိုချင်တာရယူဖို့ဘယ်လိုပဲဖြစ်ဖြစ် တိုက်ယူရပါမည်..
ကြောက်နေရင်တောင်ရင်ထဲမှာကြောက်စိတ်ထား၍
မျက်နှာမှာမဖော်ပြပါနှင့်

ခွန်မြလှိုင် said...

ကိုလောရှည်ရဲ့ မှတ်ချက် အတွက် ပို့စ် အသစ် တင်ထားပါတယ် ပျက် အစဉ် ပြင်ခဏတဲ့။
ကိုစိုးထက်ရေ… ပြောချင်ဘူး တကယ်ပဲ -)
မသမုဒယရေ.. မှတ်ချက် (၁) ကို ဖတ်ရမှ အမတို့ ဆရာတို့ လုပ်ဆောင်ချက်တွေကို ခုမှ သိရပါတယ်။ ဘယ်သူ့ ကိုမှ စော်ကားတာ မဟုတ်သလို မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်ပေါင်း ၂၆ရပ်မှာ (Year Book ကိုကြည့်ပြီးမှ ပြန်ပြော ခြင်းပါ) ဒီဘာသာ တစ်ရပ်ထဲ ပြောင်းတယ် ဆိုတာ ခုမှ အမ ပြောမှ သိတာပါ။ ကျွန်မရဲ့ ပို့စ် ထဲမှာ ခေါင်းစဉ် အရရော အဓိက ပြောတဲ့ အကြောင်းအရာ ကပါ လ၀က ကိုသာ ရည်စူး တာကြောင့် ဘယ် ဘာသာရပ် ကို စာအတူ လုပ်ရင်း ပြောတယ် ဆိုတာ ပြောဖို့ အတိအကျ ရေးဖို့ ကျန်သွားတာ ကျွန်မရဲ့ အားနည်းချက်ပဲ ထားလိုက်ပါတော့… ကျွန်မ ဆိုလိုချင်တာ Contracts, Specification and Estimation ဘာသာပါ။ ကျွန်မတို့ အိမ်တလုံး ဆောက်ရင် ဘိလပ်မြေ ဘယ်နှစ်အိတ်၊ သဲ ဘယ်နှစ်ကျင်း၊ သစ် ဘယ်နှစ်ချောင်း လိုမလဲ လို့ တွက် နေရတုန်းပါ။ တိုင်းပြည်က ဒီလောက်ပဲ လိုအပ်သေးလို့ ဒီလောက်ပဲ သင်ပေးတာ ဖြစ်ချင် ဖြစ်မှာပေါ့နော.. ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် ကြီးဆိုတော့ လဲလေ..
မှတ်ချက် (၂) ကိုတော့ အကြွင်းမရှိ ထောက်ခံပါတယ် အမရေ.. ခက်တာက ကျောင်းသားချင်း အတူတူ အင်ဂျင်နီယာ ကျောင်းသား ဖြစ်ရင် ပို အနှိပ်ကွပ် ခံရတာ လို့ ခံစားရတာ အဆိုးဆုံးပါ။ မတိုက် မဖြစ်အောင် ဖန်တီး ထားတဲ့ အခြေအနေ မို့ ပြန်တိုက် ရင်တောင် ရန်လိုတဲ့ သူပုန် ကျောင်းသား လို့ နာမည် တပ်တာတော့ အနာဆုံး ပါပဲ။ လူကြီးနဲ့ တွေ့မှ အဆင်ပြေတယ် ဆိုတဲ့ ဆိုက်ကို ကိုလဲ မုန်းပါတယ်။ လူကြီးက လက်အောက် ငယ်သားကို ပေးဆိုးထားပြီး ဒါမှ မဟုတ် ဆိုးခိုင်းထားပြီး ငါကမှ ကောင်းတယ်လို့ လူသိအောင် လုပ်တယ်လို့ ထင်မိပါတယ်။ လူကြီးကသာ နိုင်အောင် မှန်မှန်ကန်ကန် အုပ်ချုပ် ထားရင် ငယ်သားက ဒီလို ဆိုးရဲပါ့ မလားလို့ တွေးမိလို့ပါ။