Monday, November 5, 2007

ဖောက်ပြန်ပြီး တလွဲဖြစ်ကုန်သော မြန်မာ စကားပုံများနဲ့ ဆောင်ပုဒ်များ

ပျက်အစဉ်၊ ပြင်ခဏ
မူရင်း။ သည်အတိုင်းပစ်ထားလျှင် အစဉ်အမြဲ ပျက်နေမည်။ ထပြင်လိုက်ရင် ခဏနဲ့ ပြန်ကောင်းမည်
လက်ရှိအခြေအနေ။ အစဉ်အမြဲ ပျက်နေသည်။ ပြင်တုန်း ခဏသာ ကောင်းသည်
ပညာရွှေအိုး လူမခိုး
မူရင်း။ ပညာဆိုသည်မှာ လူမခိုးနိုင်သော ရွှေအိုးနှင့် တူသည်။ ပညာနဲ့ လုပ်စားရင် တသက်လုံး စားနိုင်သည်။ ကိုယ့်ပညာကို လူမခိုးနိုင်။
လက်ရှိအခြေအနေ။ ရွှေအိုးနဲ့ ချိန်စက် သင်ယူမှသာ ပညာ အစစ်ကို ရနိုင်သည်။ ရွှေအိုးရှိမှ ပညာရ တဲ့။

ထုတ်ကုန်
မူရင်း။ ထုန်ကုန် နှစ်ဆ တိုးမြှင့်ကြ
လက်ရှိအခြေအနေ။ ထုတ်ကုန်တန်ဖိုး နှစ်ဆတိုး (ကုန်ဈေးနှုံး တက်လို့ ငတ်နေပါပြီ)
ကုန်သည်
မူရင်း။ ကုန်သည်လုပ်ဖို့ ပေါင်းနှုတ် မြှောက်စား ဂဏန်း သင်္ချာ တတ်ရမယ်။
လက်ရှိအခြေအနေ။ ကုန်သည် လုပ်ဖို့ ပေါင်းပြီး နှုတ်တတ်အောင်၊ မြှောက်ပြီး စားတတ်အောင် ပညာတတ် ရမယ်။
ကြီးပွားချင်ရင်
မူရင်း။ ငွေရှာရင် တရုတ်လိုရှာ၊ ကုလားလိုစု၊ မြန်မာလို မဖြုန်းနဲ့
လက်ရှိအခြေအနေ။ ဖားလို ဖားလို့ အုံအင်အော်၊ လိပ်လို အခွင့်အရေး ရတုန်း ကိုယ့်ဘက် ကိုယ်ယက်၊ ပြီးရင် ယုန်လို ခြေကုန်သုတ်ပြေး

ကုရာ နတ္ထိ ဆေးမရှိ
မူရင်း။ ရောဂါက ပြင်းလို့ ဒါမှ မဟုတ် ရှားပါး ရောဂါ မို့လို့ ကုစရာ ဆေးမရှိ။
လက်ရှိအခြေအနေ။ သာမန် ရောဂါ ဖြစ်လျက်နဲ့ ဆင်းရဲလို့ ဆေးဖိုး မတတ်နိုင်လို့ ဒါမှမဟုတ် ဆေးရုံတွေမှာ ဆေးရှားပါး နေလို့ ကုစရာ ဆေးမရှိ

နောက်တစ်ချက်ကတော့ ထိုင်နေ အကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ ဆိုတဲ့ စကားပုံကို တလွဲ အဓိပ္ပာယ် ကောက်ခြင်း ဖြစ်ပါတယ်။ ဒီစကားပုံကလဲ လူတွေကို တခုခု အပြောင်းအလဲ ထမလုပ် ရဲအောင် ကြောက်နေ အောင် တော်တော် ဟန့်တား နိုင်စွမ်း ရှိနေတာ တွေ့ရပါတယ်။ တကယ်တော့ အဓိပ္ပာယ် အစစ်က ဘာမှ မလုပ်နဲ့ ငြိမ်ငြိမ်နေ၊ ထိုင်နေလျက် အကောင်းသား၊ ထသွားမှ ကျိုးနေမယ် ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။ မကောင်းတဲ့၊ တကယ် ပညာ မတတ်တဲ့ လူဟာ ဘာမှ မလုပ်ရင် သူမတတ်ကြောင်း၊ သူ လူကောင်း မဟုတ် ကြောင်း တခြား လူတွေ မသိနိုင် လောက်ပေမယ့် (သိဖို့ ခက်ပေမယ့်) မသိ မတတ် ပဲနဲ့ ကိုယ့်အဖြစ်ကို ရိုးသားစွာ ၀န်ခံလို့ ကြိုးစားခြင်း မပြုဘဲ တတ်ယောင်ကား၊ သိယောင်ကား လုပ်ခဲ့ရင် တကယ် မသိ၊ မတတ် တာတွေ ဖုံးဖိ မရအောင် ဘွင်းဘွင်းကြီး ပေါ်လွင် တာမို့၊ လူကောင်း မဟုတ် ကြောင်းလဲ လုပ်ရပ်က ပေါ်လွင် စေတာမို့ ဟန်ဆောင် ထားသမျှ အကုန်ပေါ်လို့ လူတွေ သူ့အကြောင်း သိကုန် ရတယ်လို့ အဓိပ္ပာယ် ရတာပါ။

(စာရှုသူများ နောက်ထပ် ရှိသေးရင် ကွန့်မန့်မှာ ဖြည့်ရေး ပေးခဲ့ ကြပါလို့ တောင်းဆို လိုက်ပါရ စေနော်)

3 comments:

စိုးထက် - Soe Htet ! said...

မရေးတတ်ကြောင်းပဲ ရေးခဲ့ပါတယ် ... မိုက်တယ်ဗျ ... :)

Chaos said...

အချိန်နှင့်ဒီရေ သည်လူကိုမစောင့်တဲ့
အခုတော့
ကျွန်မတို့ အားလုံးက အချိန်တစ်ခုကို မက်မောစွာ စောင့်စားရင်း လွတ်လပ်ခြင်း နေ့သစ်များဆီသို့

မွန် said...

ကြောက်လွဲ ရဲမင်းဖြစ်
လုပ်ရဲလုပ်ရက်မှ မင်းဖြစ်မယ်တဲ့နော်