Thursday, October 18, 2007

အစာလဲ ဆေး၊ အစာလဲ အဆိပ် ဒါမှမဟုတ် အစားမတော် တစ်လုပ်

ဒီဘလော့လာ သူငယ်ချင်းများအတွက် ကြားဖြတ် ကျန်းမာရေး သတင်းလေး တစ်ခု တင်လိုက်ပါရစေ။ အစာလဲ ဆေး၊ ဆေးလဲ အစာ မဖြစ်ဘဲ တခါတလေ အခန့်မသင့်ရင် အစာက အဆိပ်ဖြစ်သွားတတ် တာ လေးပါ။ ကိုယ့်ကိုယ်ကိုလဲ ဗေဒင်တွက်၊ ကိုတေးအေးရိပ်ကလဲ တွက်ပေးနဲ့ ဒီနှစ်ထဲ အင်္ဂါ ဘုမ္မိမို့ အသက်ဘေး သတိ ထား၊ စွပ်စွဲမှုတွေ ဖြစ်တတ်တယ် အဆိုးဆုံးက အဆိပ်မိတတ်တယ် ဆိုတာနဲ့ သတိ တအားထားခဲ့တဲ့ ကျွန်မ၊ ခရစ်နှစ် မွေးနေ့ လွန်တော့ လွတ်ပြီကျွတ်ပြီဆိုပြီး ပျော်နေခဲ့တယ်။ ဒါပေမယ့် မြန်မာ သကရာဇ်အရ ဆိုရင်တော့ မွေးနေ့ မရောက်သေးပါဘူး။ အဆိပ်မသင့်ရအောင် အပြင်က အစားအစာတောင် ၀ယ်မစားဘဲ အိမ်မှာပဲ ချက်ပြုတ် စားနေခဲ့ပါတယ်…

တန်ပြန်မနေ့က ဈေးသွားရင်း ဂုံးခရုကြီးတွေ လတ်လတ်ဆတ်ဆတ် တွေ့တော့ ကြိုက်တာနဲ့ ၀ယ် လာ၊ သုတ်စားဖို့ ပြင်ဆင်ရင်း သံပုရာသီး ၀ယ်ဖို့မေ့ခဲ့တော့ ရှာလကာရည် ထည့်သုံးတာပေါ့။ တို့ စားဖို့ အချဉ် အတွက် ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းကို Blender နဲ့ ကြိတ်၊ ရှာလကာရည်နဲ့ ဖျော်ပြီး နံနံပင်လေး အုပ် ထားရော.. ဂုံးခရုပြုတ်လေးနဲ့ တို့စားရင်း အဆင်ပြေနေတာ.. လျှာမှာ လည်ချောင်း မှာ စပ်ပေမယ့် ငရုတ် သီးရော ကြက်သွန်ဖြူရောက အရသာက စပ်သျှားသျှားမို့ သူတို့ကြောင့်လို့ ထင်ထားသမျှ ၃နာရီလောက် ကြာတော့မှ အဖြစ်မှန်က စပါတယ်။ နာလိုက်တဲ့ လည်ချောင်း၊ လျှာနဲ့ ဗိုက်။ စပ်ဖျဉ်းဖျဉ်းနဲ့ ပူပြီး နာနေတာပါ။ အဲဒီတော့မှ အပြင်းအထန် စဉ်းစားမိတော့ တွေ့ပါပြီ.. တရားခံ ရှာလကာရည်။ ကျွန်မတို့အိမ်က မီးဖိုချောင်က အရှေ့ဘက်မှာ.. အိမ်မျက်နှာစာက အနောက်ဘက် လှည့်မို့ တမနက်လုံး မီးဖိုချောင်ကို နေပူပါတယ်။ ရှာလကာရည်ပုလင်းက မီးဖိုချောင်မှာ မနက်တိုင်း နေလှန်းခံထားရတော့ အလကား နေရင်းနဲ့ တဖြည်းဖြည်း အငွေ့ပျံပြီး အရည်လျော့နေတာ သတိ မထား မိဘူး။ နေပူခံ အငွေ့ပျံရင်း highly concentrated acidic acid ဖြစ်လာနေတယ် ထင်ပါရဲ့။ အဲဒါကို မသိလိုက်ဘဲ ခရုနုနုလေးနဲ့ တို့စားလိုက်မိတော့ အစာ စားတဲ့ လမ်း ကြောင်း တလျှောက် အက်ဆစ် လောင်ကုန်တော့တာပါ။

ဒါနဲ့ ခြေမကိုင်မိ လက်မကိုင်မိ ဆေးမရှိဝါးမရှိ။ ကြားဖူးတဲ့ မြန်မာနည်းနဲ့ ဆန်ကို ရေစင်စင် ဆေးပြီး ကြိတ်ပါ တယ် ဆန်စိမ်း ကြိတ်ထားတာကို ရေဖျော်ပြီး သောက်ပါတယ်။ အားပါးတရ ရေကို မသောက် မဖြစ် အ၀ကြီး သောက်ပါတယ် ခဏနေတော့ ၀မ်းသွားပါရော.. လူကို မျော့သွားတာပဲ။ အူဆေးခံလိုက် ရသလိုပါပဲ။ အက်ဆစ် နဲ့ကို ဆေးတာလေ။ နောက်တော့ အွန်လိုင်းမှာ ရှိတတ်တဲ့ ဘလော့ဂါ ဆရာဝန် တွေ လိုက်ရှာပါ တယ်။ တော် ပါသေးရဲ့ ဒေါက်တာ လွဏ်းဆွေကို အွန်လိုင်းမှာ အသင့်တွေ့ပါရော။ သူက ဆေးမကုတာ ၁၅နှစ် ရှိပြီတဲ့။ သူသောက်ခိုင်းတဲ့ ဆေးက အိမ်မှာလဲ မရှိ။ ၀ယ်လဲမရ။ ခဏ နေတော့ ဘလော့ဖတ်တဲ့ ဒေါက်တာ အကို တစ်ယောက် အွန်လိုင်း ရောက်လာပါရော.. သူ့ကို မေးတော့ သူက ပြန်မေးတာ အများကြီး။

ဘယ်လို ပုံစံ နာတာလဲ၊ ဘယ်နေ့က စဖြစ်တာလဲ။ နာတာ အပြင် ဘာဖြစ်သေးလဲ၊ အန်သေးလား၊ ချောင်းဆိုး ရင် သွေးပါသေးလား၊ တံတွေးများ သလား။ ၀မ်းသွားတော့ ဘာအရောင်လဲ၊ အနက်လား၊ သွေးပေါင်ချိန် နဲ့ သွေးခုန်နှုံး ဘယ်လောက်လဲ နဲ့ စုံသွားတာပဲ… လေအန်တယ်၊ တံတွေးများ လာ တယ်။ သွေးတော့မထွက်ဘူး၊ ၀မ်းအရောင်၊ သွေးပေါင်ချိန် နဲ့ သွေးခုန်နှုံး က ပုံမှန်ပဲ အစာလမ်း ကြောင်း တလျှောက် စပ်ဖျင်းဖျင်းနဲ့ ပူနေ၊ နာနေတာ ပဲ ရှိတယ် ဆိုတော့မှ သူက ရေတအား သောက် လိုက်တာ မှန်သွားပါသတဲ့။ အက်ဆစ်ဖြေဆေးတွေ ဒီအချိန်မှာ ကိုယ့်သဘောနဲ့ကိုယ် မသောက်ရ ဘူးတဲ့။ အန်ဆေးတွေ၊ ၀မ်းနှုတ်ဆေး တွေလဲ ဆရာဝန် ညွှန် ကြားချက် မပါဘဲ သွားမစားရဘူးတဲ့။ တမင်သက်သက် အန် အောင် လဲ မလုပ်ရ ပါဘူး တဲ့။ အန်တာ ကြောင့် အရည်ဆုံးရှုံးတာ၊ သွေးပေါင် ချိန်နဲ့ သွေးခုန်နှုံးကို သွားသက်ရောက်မှာ ထည့်စဉ်းစား စရာပါတဲ့။ သူ့ဟာသူ အန်ချင်စိတ် ပေါ်လာ ရင်တော့ အန်ထုတ်လိုက်ပါတဲ့။ စားမိတဲ့ အက်ဆစ် အမျိုးအစား ပေါ်မူတည်ပြီးမှ ဆေး ပေးရမှာမို့ ကိုယ့် သဘောနဲ့ကိုယ် ကြားဖူးနားဝနဲ့ လျှောက်လုပ်ရင် ပိုဆိုး တတ်ပါ တယ်တဲ့။ ခေါင်းကို သေချာ မမြင်ရဘဲ မခွဲခြားတတ်ဘဲ တကိုယ်လုံးကို မြင်တာနဲ့ ယက်ကန်းကြိုး မြွေထင်ပြီး အဆိပ်မရှိဘူး အထင်နဲ့ မှား ဆွဲ လို့ မြွေစိမ်းမြီးခြောက် ဖြစ်နေမှ ဆေးမမီဘဲ သေတတ်တဲ့ သဘောမျိုးပါဘဲ။

အကောင်းဆုံးက အက်ဆစ်လောင်ရင် ပါးစပ်ကို ရိုးရိုးရေအေး (ရေခဲရေ မဟုတ်) များများနဲ့ ခဏခဏ ဆေးပေး၊ သောက်ပေးပြီး အနီးဆုံး ဆေးရုံဆေးခန်းကို သွားပါတဲ့။ ပြီးတော့ အစာအိမ် အူလမ်း ကြောင်း ကို ဘယ်လောက်တောင် လောင်သွားလဲ ဆိုတာ စစ်ပါတဲ့။ လူက နုံးပြီး မူးနေရင် ဓာတ်ဆားရည် အထုပ်သေး တစ်ထုပ်ကို ရေတလီတာနှုံး ခပ်ပျော့ပျော့ဖျော်ပြီး ၀င်သလောက် သောက်ပေးပါတဲ့။ ဖျော်ရည် ပြင်းရင် အစာအိမ် အူလမ်းကြောင်း နာနေတာကို သွားထိမှာ စိုးလို့ပါ။ သူကတော့ ပြောပါတယ် ရေသောက်များတာ မှန်သွားတယ် တဲ့။ နည်းနည်းပဲ ထိသွားတာပါတဲ့။ ဟုတ်ပါ့ ကိုယ့်ကိုယ်ကိုလဲ ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာ သတိရ မြန်သွားတယ်.. နည်းနည်းပဲ ထိတာကလဲ အစားမပုပ်တာလဲ ပါမှာပေါ့နော် ။ မှတ်သား လောက်ပါပေ့ ရှာလကာရည် ရယ်.. နောက် နောင် သူ့ကို ဘယ်တော့မှ နေရောင် ရတဲ့ နေရာမှာ မထားဖို့ တသက်စာ အမှတ်ထား လိုက်ရပါ တော့တယ်။ ခုထိတော့ လူက နုံးချိ ဖျော့တော့..

4 comments:

MELODYMAUNG said...

အစားမတော် တလုပ်တဲ့ တော်ပါသေးရဲ့ ဒီလောက်ပဲ ဖြစ်လို့ နေရောင်ရတဲ့ နေရာမှာ မထားဖို့ သင်ခန်းစာလေးကတော့ မှတ်သားလောက်ပါတယ် Thanks for your valuable lesson naw.

ပီကေ said...

ကျေးဇူးပဲဗျို့။ ကျွန်တော်က တွေ့ကရာလျှောက်စား၊ ရက်ကြာအစာလည်း နှမြောလို့စားနေကြ ဆိုတော့ ဒါမျိုး ဗဟုသုတက ယူထားမှဖြစ်မှာ။

နေဘုန်းလတ် said...

ဖြစ်မှဖြစ်ရလေ သူငယ်ချင်းရယ် ... စားနေတုန်းကတည်းက အရသာ နဲနဲ မထူးခြားဘူးလားဟယ် ... ။ ငါ့လောက်စားတာ ငါပဲ တခါမှတော့ အဲလိုကြီးမဖြစ်ဖူးပါဘူး ...။

layma said...

thank u so much...