Wednesday, October 17, 2007

အကန်းတစ်ယောက် မြင်တဲ့နေ့

ကျွန်မဟာ မွေးရာပါ မျက်ကန်းတစ်ယောက်ဖြစ်ခဲ့သတဲ့။ သူတို့က ပြောတာပါ။ မျက်ကန်းဆိုတာ မျက်စိ မမြင်ရ တာတဲ့။ မျက်စိဆိုတာဘာလဲဆိုတော့ ကျွန်မရဲ့ မျက်စိနှစ်လုံးကို သူတို့က ကျွန်မမျက်နှာပေါ်မှာ ကျွန်မရဲ့ လက် နဲ့ စမ်းမိအောင် သင်ပေးကြပါတယ်။ အဲဒီ မျက်စိ နှစ်လုံး ဆိုတာ ကြီးဟာ ကျွန်မ အတွက် ကတော့ ဘာမှ မထူး ခြားတဲ့ ဖုလုံးလေး ၂ဖုပါပဲ။ သူတို့က ကျွန်မကို သနား ကြတယ်။ မြင်ခြင်းဆိုတာ ဘာ ဆိုတာနဲ့ မြင်ရခြင်းရဲ့ အံ့ဖွယ် တွေကို သူတို့ ကျွန်မကို ပြောပြကြတယ်။

အလင်းဆိုတာ ဘာနဲ့ လင်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အမြင်အာရုံ ဆိုင်ရာ ခံစားချက်တွေ၊ အမှောင်ဆိုတာ ဘယ်လို ကြောက်စရာ ကောင်းကြောင်းနဲ့ မှောင်ခြင်းကြောင့် ဖြစ်ပေါ် လာတဲ့ ဆိုးကျိုးတရားတွေ သူတို့က ကျွန်မ ကို စေတနာနဲ့ ပြောပြကြ ပေမယ့် ကျွန်မအဖို့ အဲဒါတွေနဲ့ ပတ်သက်လို့ ဗဟုသုတရပေမယ့် ဘာမှန်းကို မခံစား မိပါဘူးရှင်။

ကျွန်မအတွက် အလင်းဆိုတာ ပူနွေးတယ်။ အမှောင်ဆိုတာ အေးတယ်။ အလင်းရှိရင် အသံရှိတယ်။ လောကကြီး က အလင်းရှိတယ်ဆိုတဲ့အချိန်မှာ လှုပ်ရှားသက်ဝင်နေပြီး အမှောင် ရှိတယ် ဆိုတဲ့ အချိန်မှာ အများအားဖြင့် တိတ် ဆိတ် ငြိမ်သက် နေလေ့ ရှိတယ်လေ… တခါတခါ ကျွန်မ စဉ်းစားမိတယ်

သာယာအေးချမ်းတယ် … အသံမကြား ရဘူး … ငြိမ်သက် တိတ်ဆိတ် နေတယ် … ဆိုတာ တခါတခါ တကယ် ငြိမ်းချမ်း နေလို့ ငြိမ်သက်နေတာလား ကြောက် စရာ ကောင်းလောက်အောင် မှောင်နေလို့ ငြိမ်သက် တိတ်ဆိတ် နေတာ လား ဆိုတာပါ။

ကျွန်မက မမြင်ရဘူး လေ။ ကျွန်မရဲ့ အတွေ့အကြုံအရ မှန်းပဲ မှန်းတတ်တာ ပေါ့နော်။

သူတို့ပြောတဲ့ ကျွန်မရဲ့ အမှောင် ကမ္ဘာလေး ထဲမှာ ကျွန်မရဲ့ စိတ်ကို ကြည်နူးစေတဲ့ သံစဉ်တွေရှိတယ်၊ ညစ် ညမ်း စေတဲ့ ဆူညံသံတွေရှိတယ်။ ချို့ယွင်းကို ကဲ့ရဲ့ နှိမ့်ချ ခြင်းတွေ ရှိသလို သနား ကြင်နာခြင်း တွေ ရှိတယ်။ ဒါပေမယ့် မမြင်နိုင်တာလို့ သူများ ပြောတာက လွဲလို့ ကျွန်မမှာ အများနည်းတူ လုပ်နိုင် ကိုင်နိုင်တယ်။ စာရေး စာဖတ် နိုင်တယ်၊ ကစား ခုန်စားနည်း တချို့ လုပ်နိုင်တယ်၊ ကျွန်မရဲ့ ငယ်ဘ၀ဟာ ပြီးပြည့်စုံ နေပါတယ်။ ကျွန်မ ရဲ့ ကမ္ဘာ မှာ ကျွန်မဟာ ဘုရင်မပါပဲ။

ဒါပေမယ့် ကျွန်မရဲ့ မိဘတွေနဲ့ ကျွန်မကို သိပ်ချစ် သိပ်ကူညီကြတဲ့ သူငယ်ချင်းတွေကတော့ ကျွန်မကို သိပ်ပြီး မျက်စိမြင်စေချင်ကြပါတယ်။ သူတို့ခမျာ ဟိုစုံစမ်း ဒီမေးမြန်းနဲ့ ကျွန်မ ပြန်မြင်နိုင်လောက်မယ့် နည်းပေါင်းစုံကို လိုက် စုံစမ်းကြရှာပါတယ်။ တနေ့မှာတော့ သူတို့ အားထုတ်မှုက အဖြေ ထွက်လာ ပါတယ်။ မိဘတွေနဲ့ တခြား သူတွေက ကျွန်မကို ဆေးစစ်ပြီး အာရုံကြော ထိခိုက် တာကြောင့် ကန်းတာ မဟုတ်လို့ ခွဲစိတ် ကုသပြီး မျက် ကြည်လွှာ ထည့်၊ ကုသမှု ခံယူရင် ကျွန်မ ပြန်မြင် နိုင်ပြီ လို့ အားရ ၀မ်းသာ ပြောကြပေမယ့် အနာခွဲတာ ခံဖူး ထားတဲ့ ကျွန်မ နောက်ထပ် ခွဲစိတ် ဆိုတာကြီးကို မုန်းတာနဲ့ လက်သင့် မခံခဲ့ ပါဘူး။ မြင်ရင် ဘာဖြစ်မလဲ ဆို တော့ အလင်း၊ အမှောင်တွေကို သိမှာပေါ့တဲ့။
(ကျမ်းကိုး။ http://dailystrength.org/support/Ears_Eyes_Mouth/Blindness_Visual_Impairment/)

အသက်ကလေး ရလာတော့ ကျွန်မ စဉ်းစားတတ်ပါပြီ။ လူတွေဟာ အလင်းဆိုတာကို ဘာလို့ဒီလောက် တမ်းတ ကြတာလဲ။ အလင်း ဆိုတာ စွမ်းအင်တဲ့။ ရူပဗေဒ သင်ခန်းစာထဲမှာ သင်လိုက်ရတယ်။ ဘာကြောင့် လင်းဖို့ ဒီလောက် လိုအပ် နေတာလဲ။ စွမ်းအင်အတွက် လုကြရာက စစ်ပွဲတွေတောင် ဖြစ်ရသတဲ့။ ဒါဆို ဒီအလင်းဟာ ဘယ်လောက် တောင် အစွမ်းသတ္တိ ရှိနေလို့ ပါလိမ့်။ စူးစမ်းမိတော့ အလင်းဆိုတာ အရောင်တွေ အားလုံးရဲ့ ဖန်ဆင်းရှင်တဲ့။ အရောင်တွေဆိုတာ လူတွေကို နှစ်သက် ကြည်နူးမှု တွေရော စက်ဆုပ်မှု တွေပါ ခံစားစေသတဲ့။ မလုပ်ဖူးတာတွေကို လုပ်တတ် လာရင်၊ မသိဖူး တာတွေကို သိတတ် လာရင် ခံစားရတဲ့ ခံစားချက် အပျော်ကို ကျွန်မ မက်မောတတ် လာချိန်မှာ အလင်း ဆိုတာကြီးကို သိချင်စိတ် တအားပြင်းပျ လာချိန်ရောက်တော့ ကျွန်မ ခွဲစိတ် ကုသ ခံရဖို့ ပြန်စဉ်းစားမိပါတယ်။ အမှောင်ထဲမှာ ကျွန်မအမြဲ နေနေရတာကို သိပ်သနားနေရှာတဲ့ ကျွန်မ ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းက ပြောရှာပါတယ်။

အလင်းကသာ အမှောင်ကို ထိုးဖောက် ၀င်ရောက် နိုင်စွမ်း တာပါ .. အမှောင်က အလင်းကို မဖုံးလွှမ်း နိုင်ပါဘူး အလင်းပိတ် အရာဝတ္ထု ကသာ အလင်းကို ကာဆီးလို့ အမှောင်ကို ဖန်တီး နိုင်တာပါ … အဲလိုပဲ လင်းနိုင်တဲ့ မျှော်လင့်ချက် ရှိလျက်နဲ့ နာကျင်မှုတွေကို ငဲ့ကွက်ပြီး ကိုယ့်ရဲ့ အဖိုးတန်လှတဲ့ အလင်းကို တသက်လုံး အမှောင် ဖုံး စေမလို့လား။ အဲဒီလို အလင်းကို ပိတ်စေတဲ့ ကြောက်ရွံမှု ဆိုတဲ့ စိတ်ကန့်လန့်ကာ အလင်းပိတ် အရာကို သတ္တိစိတ်နဲ့ ဆွဲဖယ်လိုက်ပါ။ ခွဲစိတ်ခံရမှု ဆိုတဲ့ အိပ်မက်ဆိုးကြီးကနေ နိုးထလိုက်ပါ။ စဉ်းကို မစဉ်းစားပါနဲ့။ ခွဲစိတ်ပြီးရင် မြင်နိုင်ခြင်း ဆိုတဲ့ အဓိက ကျတဲ့ ပန်းတိုင်ကိုပဲ ကြည့်ကြပါစို့။ ကဲလာ!!! အဲဒီ အလင်း ပိတ် အရာဝတ္ထုကို တို့ ဖယ်ကြမယ် ညီညီညာညာပေါ့ .. တဲ့။

သူ့ရဲ့ အားပေးမှုနဲ့ ကျွန်မ တသက်တာ ကြောက်ရွံ့ ခဲ့တဲ့ ခွဲစိတ်ကုသမှု ဆိုတာကြီးကို လက်ခံဖို့ ကျွန်မဆုံးဖြတ် တဲ့ နေ့မှာ ကျွန်မဘေးက လူတွေ အားလုံး ပျော်နေ ကြတာကို အသံကို နားထောင်ရုံနဲ့ သိနိုင်ပါတယ်။
(ဆက်ပါဦးမည်)

1 comment:

Anonymous said...

ကျနော်လည်း ခွဲရမယ် ထင်တယ် ။ မမြင်ရတော့ဘူး ။ ကွန်ပျူတာကြည့်ရင်းနဲ့ မျက်လုံးထဲ မျက်စိထဲ ၀င်သွားလို့ လုပ်ကြပါအုံး။