Sunday, August 12, 2007

ကြယ်တစ်ပွင့်ရဲ့ ညည်းချင်း


အဇဋာကောင်းကင်ပြင်ကိုတိမ်ကင်းစင်ချိန်မှာ မော့ကြည့်ရင်း ကောင်းကင် ပေါ်က ကြယ်တွေကို ရေတွက်ရင်း၊ ပုံဖော်ကြည့်ရင်း စကြာဝဠာ ထဲမှာ စိတ်ကူးနဲ့လျှောက်လည် တတ်တဲ့ ကျွန်မ အတွက် တိမ်ကင်းလို့ လသာပြီး လျှပ်စစ်မီး မလာတဲ့ သည်ည ဟာ သိပ်ပျော်ဖို့ ကောင်းနေ ပါတယ်။ ကြယ်တွေ ပြည့်နေတဲ့ ညဟာ ပူပြင်းတဲ့ လျှပ်စစ် အလင်းရောင်ရဲ့ နှောင့်ယှက် ခံရမှုက လွတ်ကင်းလို့ပျော်ရွှင်စွာ ၀င်း လက် နေဟန် ရှိနေပါရဲ့။ သည်နားက ကြယ်စုဟာ သည်ဒဏ္ဍာရီ ကြောင့် ကျော်ကြား ခဲ့တယ်၊ သည်နားက ကြယ်စု ကတော့ သည်အဓိပ္နာယ် ကို ဆောင်တယ် စသည်ဖြင့် ပြန်လည် စဉ်းစား တွေးတောရင်း စိတ်ကူး စကြ၀ဠာ ထဲမှာ လျှောက်လည် နေလိုက် တာ။ နောက်ကနေ တိုးတိုး ခေါ်သံကြောင့် လှည့်ကြည့် လိုက်တော့ ခေါင်း ပေါ်မှာ အရောင်လက် နေတဲ့ ကွင်းလေးကို ဆင်မြန်း ထားတဲ့ မိန်းမငယ် တစ်ယောက်ကို တွေ့လိုက် ရပါ တယ်။ သူမက သူမကိုယ် သူမ ဓူဝံကြယ် လို့မိတ်ဆက် ပါတယ်။ အော် လမ်းပြ ကြယ်လေး ပေါ့နော်လို့ ၀မ်းသာ အားရ တလေး တစား ပြန်ပြော လိုက်တဲ့ အခါ သူမက ခပ်နွမ်းနွမ်းလေး ပြုံးပြ လိုက်ပါတယ်။ ပြီးတော့ သူမနဲ့ အတူ စကြာဝဠာထဲ အလည် လိုက်ဖို့ ခေါ်ပါတယ်။ တကယ့်ကို ဆုတောင်း ပြည့်တာ ပဲပေါ့။ သူမရဲ့ တန်ခိုးကြောင့် ကျွန်မဟာ စကြ၀ဠာ ထဲကို အလည် လိုက်ကြည့် ခွင့်ရခဲ့ ပါတယ်။




အိုး ..နေတွေ၊ ဂြိုလ်တွေ၊ သူတို့ကို ၀န်းရံ နေတဲ့ လတွေ၊ ကြယ်တွေ၊ ဂြိုဟ်သိမ်တွေ၊ ဥက္ကာတုံး၊ ဥက္ကာခဲတွေ၊ ဓာတ်ငွေ့ တိမ်တိုက် တွေ၊ မြူငွေ့တွေ၊ ဘာမှန်းကို မသိ တာတွေ အိုး.. အများကြီး ... အများကြီး။ အဝေးက လှမ်းမြင် ရတာ လှသလို လိုနဲ့ အနီးကပ် လာလေ ကြောက်စရာ ကောင်းလာ လေပါပဲ။ မြေပြင် ပေါ်က မုန်တိုင်းက လူလွင့် ရုံပါ၊ စကြာဝဠာ ထဲက မုန်တိုင်းက ကြယ်နဲ့ ဂြိုဟ်သိမ် တွေပါ လွင့်ထွက် ကြေပျက် ပျောက်ကွယ် သွားနိုင် လောက်အောင် ကြမ်းတမ်း လှပါတယ်။ လူတွေသာ အသိုက် အ၀န်းနဲ့ နေတာ မဟုတ်ဘဲ ကြယ်တွေ ကလည်း အစုအဝေး လိုက်ရှိနေ တာကိုလည်း တွေ့ရပါတယ်။ သည့်အပြင်သူ့နား ရှိသမျှ အရာ အားလုံး အလင်းရောင် ပါမချန် အလွန် အရှိန်အဟုန် ပြင်းစွာ ဆွဲယူ စုပ်မျို တတ်တဲ့၊ ဘယ်လို ကြယ်မျိုး အရာမျိုး ကမှ သူ့ကို မတွန်းလှန် နိုင်တဲ့ တွင်းနက် ကြီးများ ကိုလည်း တွေ့ရပါ သေးတယ်။ တွင်းနက် ကြီးဆီ မျောပါ သွားရှာတဲ့ အရာ များစွာ ကတော့ တဝေါဝေါ စီးမျောလို့။ သည်တွင်းနက် ကြီးတွေက တဖြည်းဖြည်း ပိုမို ကြီးမား အရှိန်ပြင်း လာကြောင်း ကိုလည်း ကြယ်မလေးက ပြောပြ နေလို့ ပိုကြောက်မိ ပါတယ်။ သို့သော် တွင်းနက် ကြီးရဲ့ တဖက်ပေါက်မှာ ဘာရှိလည်း ဆိုတာ ကိုလည်း သိချင်မိ ပါသေးတယ်။ ဂြိုဟ်များ တွင်းနက် ကြီးထဲ စီးမျောရာ လမ်းတလျှောက် အချင်းချင်း ထိခိုက် မိရင်း ကြေပျက် သွားတဲ့ အပိုင်းအစ တွေ၊ ဖုန်မှုန့် တွေပဲ ရှိမှာပေါ့ လို့လည်း တွေးမိ ပါသေးတယ်။ ဟုတ်မဟုတ်တော့ ကိုယ်တိုင်တော့ ဆင်းမကြည့် ရဲပါဘူး။ ဝေးဝေး ကနေ ရှောင်သွား ဖို့တောင် ကြယ်မလေးကို ပြောမိ ပါသေးတယ်။ လက်ရှိ ဘ၀ကို မစွန့်လွှတ် ရဲသေးဘူး လေနော်။


ကြယ်ဆိုတာ တောက်လောင် နေတဲ့ ဓာတ်ငွေ့ မီးလုံး ကြီးမျှသာ ဖြစ်ကြောင်း၊ မွေးဖွားစ ကြယ်များ ရှိသလို သေဆုံး ခါနီး သို့မဟုတ် ဓာတ်ငွေ့ ကုန်ခါနီး ကြယ်များလည်း ရှိကြောင်း၊ လူ့ပြည်က ကျော်ကြား သူများ လိုသာ ဖြစ်ကြောင်း၊ ကြိုးစား နိုင်စွမ်း လျော့လာသူ သည်ကျော်ကြားမှု လျော့သွား သလိုသာ ဖြစ်ကြောင်း ကြယ်မလေး ကရှင်းပြ နေလေသည်။ သေဆုံး ခါနီး ကြယ်များ ကိုလည်း သူမက ကျွန်မကို သေချာ ပြသ နေသေး လေသည်



သည်လို ဂလက်ဆီပေါင်း မြောက်များစွာ တည်ရှိ နေတဲ့ စကြာဝဠာ ကြီးထဲ ကနေ ကျွန်မ လာခဲ့တဲ့ ကမ္ဘာ ဂြိုလ်ကို လှမ်းမျှော် ကြည့်လိုက်တော့ မမြင်ရ တော့ပါဘူး။ ကျွန်မ ဘေးပတ်လည်မှာ၊ ခေါင်းပေါ် မှာ၊ အောက်မှာ ကြယ်တွေ၊ ဂြိုဟ်တွေ မမြင်ရတဲ့ လမ်း ကြောင်းတွေ ပေါ်ကနေ တချို့က လျှပ်စီး လက်သလို၊ တချို့ ကတော့ ငြိမ့် ညောင်းစွာ စီးမျောနေ လေရဲ့။ ကျွန်မ ဘယ်လို အိမ်ပြန် ရမလဲ။ ကမ္ဘာ့ မြေပုံမှာ လမ်းပါ ပါတယ်။ စကြ၀ဠာ ထဲမှာ လမ်းဖောက် ထားတာမှ မရှိတာ။ သည်လိုဆို စကြ၀ဠာ မြေပုံရော၊ ကျွန်မ ဘယ်လို သုံးတတ် ပါ့မလဲ။ စိုးရိမ်စိတ် တွေနဲ့ ဆူးပုပ်ရွက် လောက် ငယ်သွားတဲ့ ကျွန်မ မျက်နှာကို ကြည့်ပြီး လမ်းပြကြယ် လေးက အဓိပ္ပာယ် ပါပါ ပြုံးပါတယ်။ စိတ်မပူ ရန်နဲ့ သူမဟာ သည်လမ်း ကိုတော့ ကျွမ်းကျင် ပါတယ်လို့ ပြောရင်း စကြ၀ဠာ ထဲကို ဆက်လျှောက် ကြည့်ချင် သေးလားလို့ မေးလာ ပါတယ်။ သည့်ပြင်လမ်းတွေ ကိုရော ကျွမ်းကျင် သလားလို့ ပြန်မေးတော့ သူ့အပိုင်း ကိုတော့ ကျွမ်းကျင် ပါတယ်လို့ ယုံကြည် စိတ်ချစွာ ပြောလာလို့ အားတက် သွားပါတယ်။ သို့သော် သူမက

"တခါတရံကိုယ်သွားနေကျလမ်းမှာတောင် ပုံမှန်မဟုတ်တဲ့အဖြစ်အပျက်မျိုးကြုံရလို့ တခြားလမ်းကနေ ကွေ့ပတ်သွားရတဲ့ အဖြစ်အပျက်ကို လူတိုင်းကြုံဖူးကြတာပါပဲ။ သည်လိုဖြစ်ခဲ့ရင်တော့ အနာဂတ်ကို အပိုင်တွက်လို့မရတော့ဘူးပေါ့ " တဲ့။

ကျွန်မအိမ်ပြန်ပါတော့မယ်လို့ပြောလိုက်တော့မှ သူမကအေးဆေးသက်သာ ခေါင်းငြိမ့်ရင်းအိမ်အပြန်လမ်း မှာ ကမ္နာသူကမ္နာသားတွေအတွက် စကားလက်ဆောင်တွေပါးနေခဲ့ပါတယ်။

ခပ်ကြမ်းကြမ်းတိုက်ခတ်လိုက်တဲ့လေကြောင့်ကျွန်မလန့်သွားချိန်မှာ ကိုကကျွန်မကိုစောင်တဘက် တထည် လွှမ်းခြုံပေးရင်း "အိပ်ငိုက်နေပြီလား"လို့မေးလိုက်မှ ကျွန်မလသာဆောင်ပေါ်မှာအချိန်အတော် ကြာနေခဲ့ပြီ ဆိုတာသတိရခဲ့ပါတယ်။ ဒါဆ "လမ်းပြကြယ်လေးရော "ဆိုတော့ကိုက "အိပ်မက်တောင် မက်နေပြီပေါ့လေ"လို့ပြောရင်းပြုံးရယ်ရင်းတွဲခေါ်ပါတယ်။ ကောင်းကင်ကိုထပ်မော့ကြည့်လိုက်တော့ လမ်းပြကြယ်လေးက နှုတ်ဆက်သည့်နှယ် ရွှန်းရွှန်းစားစား လင်းလက်လို့။

"ကြယ်လေးရေ..လူတွေအတွက်မင်းရဲ့စကားလက်ဆောင်ကိုငါသေသေချာချာပြန်ပြောလိုက်ပါ့မယ်ကွယ် "

ကြယ်လေးရဲ့စကားလက်ဆောင်များကတော့

လူတွေကိုလမ်းပြဖို့အားကိုးခံရတဲ့ကြယ်တပွင့်ဟာတကယ်တော့စကြာဝဠာထဲမှာကိုယ်တိုင်လမ်းမပျောက် ဖို့ဘယ်လိုကြိုးစားနေရသလဲဆိုတာ လူတွေကိုပြောပြချင်ပါတယ်တဲ့။ လမ်းပြကြယ်ကိုယ်တိုင် လမ်းမှားလမ်း ပျောက်ခဲ့ရင်သူ့ကိုအားကိုးပြီးလမ်းရှာနေသူတွေ၏ဒုက္မ္ခရောက်မှာကိုလည်းစိုးရိမ် ပူပန်နေရှာပါသတဲ့။လူတွေကို ကိုယ့်အားကိုယ်ကိုးပြီး လမ်းရှာစေချင်နေပါတယ်တဲ့။

ကဲ..ကြယ်လေးရေ၊ ကိုယ်သူတို့ကိုပြောပြလိုက်ပြီနော်။


1 comment:

Anonymous said...

မမရေ.. ဒီပို့စ်လေးက တကယ်ကို ကောင်းပါတယ်.. ပုံလေးတွေကလည်း စာကို ပိုအသက်ဝင်စေတယ်နော်..