Monday, August 6, 2007

ဘလော့ ရေးဖြစ်ခြင်း အကြောင်းရင်း သို့မဟုတ် စာရေးခြင်း သမိုင်းရဲ့ နိဂုံး

ကိုဖြိုးက တက်ထား ပြန်တော့လဲ ကိုယ့်အကြောင်းကို ရေးရတော့ မှာပေါ့လေ။ အစကနေ အဆုံးအထိ အမှန် တွေ ရေးရတော့မှာပဲ။ ကျွန်မရဲ့ ဘလော့ ရေးရခြင်း အကြောင်းရင်း က တော်တော်ရှည်တယ် ကိုဖြိုးရေ။ တ၀သာ ဖတ်ပေတော့။

ကိုဖြိုးက တက်ထား ပြန်တော့လဲ ကိုယ့်အကြောင်းကို ရေးရတော့ မှာပေါ့လေ။ အစကနေ အဆုံးအထိ အမှန် တွေ ရေးရတော့မှာပဲ။ ကျွန်မရဲ့ ဘလော့ ရေးရခြင်း အကြောင်းရင်း က တော်တော်ရှည်တယ် ကိုဖြိုးရေ။ တ၀သာ ဖတ်ပေတော့။

ပထမဆုံး စာစရေးဖြစ်ခြင်း အကြောင်းကို စရေးမှ ပြည့်စုံမယ် ထင်ပါတယ်။ နေဘုန်းလတ်က မေးဖူးတယ်။ နင်ဘာလို့ စာရေးဖြစ် တာလဲတဲ့။ ငါပြောချင် တာတွေ ပြောပြ ရင်ဖွင့် ဆွေးနွေး ရမယ့်သူ မရှိလို့ စာရွက်ပေါ် ချရေး ထားလိုက် တာလို့။ ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်ပါတယ်။ မရှက်ပါဘူး။ နည်းနည်းတော့ ၀မ်းနည်းတာ ပေါ့လေ။ ဒီလိုနဲ့ သူနဲ့ ကျွန်မ ပိုရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြပါတယ်။ သူနဲ့ အများကြီး ဆွေးနွေး ဖြစ်ခဲ့တယ်။ သူ ကျွန်မဆီက ဘာရသလဲ တော့ မသိ။ ကျွန်မကတော့ သူ့ဆီက တွေးပုံတွေးနည်းတွေ အများကြီး ရလိုက်ပါတယ်။

ကျွန်မဘ၀ရဲ့ ပထမဆုံး ၀တ္ထုတို ဆန်ဆန် စာလေးကို ကျွန်မ လေးတန်းကျောင်းသူအရွယ်မှာ မှတ်မှတ်ရရ ၁၀ရက် သြဂုတ် ၁၉၈၈ မှာရေးဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ အဲဒီစာလေးကို အဘွားက ဆွဲဖြဲ ပစ်လိုက် ပါတယ်။ နင်လျှောက် ရေးတာ အရေးမကြီး ဘူး နင့်အဖေ ဖမ်းခံ ထိမယ်တဲ့ ဘာမှမဆိုင်။ ဒီမိုကတော့ နှမြော နေလေရဲ့။ ကျွန်မက ပြန်နှစ်သိမ့် လိုက်ပါတယ်။ မူရင်းကို နှလုံးသားထဲမှာ သိမ်းထား တယ်လို့။ ဘာအကြောင်း လဲ ဆိုတော့ မကြာခင် ကျွန်မ ဘလော့မှာ အဲဒါလေး ကို ပြန်တင်ပါ့ မယ်။

ဒီလောက်ဆိုရင် ကျွန်မ စာရေးတာ အားပေး ခံရလား မခံရလား သိသာ လောက်ပါပြီ။ ရေးသမျှ ဖြဲခံရပါတယ်။ အလှောင် အဆူ ခံရပါတယ်။ ဒီလိုနဲ့ ကျွန်မဟာ မြန်မာစာ ဂုဏ်ထူးရှင် အမြဲ ဖြစ်လာ ခဲ့ပါတယ်။ စာရေးအား တွေကို စာစီစာကုံး ထဲကို ခြေစုံနှစ် ခဲ့တာကိုး။ လူအပေါင်းအသင်း နည်းသမျှ စာအုပ် အပေါင်းအသင်း များခဲ့တဲ့ ကျွန်မမှာ ရှိသမျှ အတွေးတွေ သွန်ချတဲ့ နေရာလေ။ စာစီစာကုံး တစ်ပုဒ်ကို ၁၅မိနစ်အတွင်း ၄မျက်နှာ၊ မိနစ် ၅၀ အတွင်း စာမျက်နှာ ၈မျက်နှာ ကနေ ၁၁ မျက်နှာ ထိကို ရေးခဲ့ဖူးပါတယ်။ စာစီစာကုံး ပြိုင်ပွဲ တိုင်းကိုလည်း အတန်းပိုင် ဆရာနဲ့ မြန်မာဆရာတို့ ကောင်းမှုကြောင့် ၀င်ပြိုင်ခဲ့ရပါတယ်။ ပြိုင်တာထက် ရေးနေ ရရင်ကို ကျွန်မ ကျေနပ် ပါတယ်။ ဆုရတာ ကတော့ အများ သိကြတဲ့ အတိုင်းပေါ့နော် အဟဲ။ အဖြည့်ခံ ဘ၀ပါပဲ။

မဂ္ဂဇင်းမှာ စာမူပါဖြစ်ခြင်း အကြောင်းက ကြုံဖူးပေါင် လို့ပြောရမယ် ထင်ပါတယ်။ မိဘများရဲ့ သူငယ်ချင်း အိမ် ကို လာလည်နေကျ ဦးလေးတစ်ယောက်က ကျွန်မရဲ့ စာတွေကို ယူဖတ်ရင်းနဲ့ သူရေးနေကျ သီလ၀ မဂ္ဂဇင်း မှာ တင်ကြည့်မယ် ဆိုပြီး ယူသွားပါတယ်။ အချိန် တော်တော် ကြာတဲ့ အထိ မပါလာ ပါဘူး။ နောက်ဆုံး တော့ ကျွန်မရဲ့ ပထမဆုံး ဘာသာရေး ဆောင်းပါးဖြစ်တဲ့ ကိုယ့်ကိုယ်ချစ် လူအစစ် ကို သီလ၀ မှာ ပုံနှိပ် စာလုံးနဲ့ မြင်ရပါ တော့တယ်။ စာမူခ ငါးရာ ထင်ပါတယ်။ စာအုပ် တစ်အုပ် နဲ့အတူ အဲဒီဦးလေးကပဲ အိမ်တိုင် ယာရောက် လာပို့ပေးပါတယ်။ အား လည်း ပေးပါတယ်။ ဆက်ရေးပါ ပေါ့လေ။ သူနဲ့က ရပ်ဆွေ ရပ်မျိုး တွေ ဆိုတော့ ဆွေမျိုးတွေကြားမှာ သတင်းပျံ့ သွားပါတယ်။ ကြီးတော် တွေက ပြစမ်း ပါဦးပေါ့။ သည် တော့ ဂါရ၀ တရား လက်ကိုင် ထားလို့ တစ်အိမ် တစ်အုပ် လက်ဆောင် လိုက်ပေးရ ပါရော။ အိမ်အလည် လာနေကျ တက္ကသိုလ်က သူငယ်ချင်း တွေက မြင်လို့ တောင်းသွားတာ ပါပါသေးတယ်။

ကမ္ဘာအေး ဘုရား စောင်းတန်းက စာအုပ်ဆိုင် တွေက အားမနာတမ်း ကိုယ်ဝင် မွှေနေကြ၊ စာမြည်း ဖတ်နေကျ တွေ ဆိုတော့ သူတို့ဆိုင်မှာ အဆင်သင့်ရှိတဲ့ စာအုပ်တွေ သိမ်းကြုံးဝယ်ထားတဲ့ ၁၂အုပ် တပတ်အတွင်း ကုန်ပါ ရော။ ကလေးကတည်းက ကိုယ့်ကို ထိန်းလာတဲ့ အကိုဝမ်းကွဲ အိမ်ထောင်သည် တွေကလည်း ငါတို့ လိုက်ရှာ ၀ယ်လို့ မရလို့ အလုပ် တစ်ဖက်နဲ့ မအားလို့ နင်ပဲ ၀ယ်လာ ပေးပါဦးဆိုပြီး တောင်းဆိုလာရော။ စာအုပ်ထွက် ၀ယ်ရပါတယ်။ စာမူခက လက်ဆောင်ပေးရတဲ့ စာအုပ်ဖိုးတောင် မလောက်ပါ။ အံ့သြစရာပါပဲ.. ထွက်တာမှ ၂ပတ်ပဲရှိသေးတယ်။ စာအုပ်ဆိုင် တော်တော် များများ မှာ မရှိတော့ပါဘူး။ သည်အပတ်စဉ် ရောင်းကောင်း သတဲ့။ ခါတိုင်း သည်လောက် မြန်မြန် မကုန်ဘူး တဲ့။ ဘာသာရေး မဂ္ဂဇင်း စစ်စစ် ဖြစ်တဲ့ သီလ၀ဟာ ဖက်ရှင် လို ဂမ္ဘီရလို မဂ္ဂဇင်းတွေလို လူကြိုက် မများလှ ပါဘူး။
ဒါနဲ့ လှည်းတန်းက စာပေလောက စာအုပ်ဆိုင် ကိုရောက်လာပါတယ်။ မေးလိုက်တော့ ကုန်ပြီတဲ့။ အံ့သြစရာ။ မေးနေတုန်း ဆိုင်အကူ ကောင်လေးက စကားရှည်လိုက်ပါတယ်။ မနေ့ကပဲ မမလေး ၂ယောက် လာဝယ် သွား တာ အုပ်ရေ ခုနှစ်ဆယ်တဲ့။ တော်တော် အံ့သြ သွားပါတယ်။ ကမ္ဘာအေး ဘုရားစောင်းတန်းက စာအုပ်ဆိုင် တွေတောင် ဆယ်အုပ်ထက် ပိုဝယ်ပြီး ဆိုင်ပေါ် တင်လေ့ မရှိပါဘူး။ ထုတ်ဝေရေးက ထုတ်တာ တောင် အုပ်ရေ ၅၀၀တည်းပါ။ ဘယ်သူတွေလဲ။ ၀ယ်နေကျ ဖောက်သည်တွေလား။ ဘယ်ဆိုင်ကလဲ လို့ မေးမိပါတယ်။ တကယ်က ကိုယ့်ကို သိပ်ချစ်တဲ့ အစ်ကို တွေကို ၀ယ်ပေး ဖြစ်အောင် ၀ယ်ပေးချင်လို့ပါ။ ဆိုင်နာမည် သိရင် အဆင်ပြေရင် လိုက်ဝယ်ချင်လို့ပါ။ ကောင်လေးက ပြန်ဖြေပါတယ်။ သူတို့က အမရဲ့ သူငယ်ချင်း တွေပဲ လေတဲ့။ အမနဲ့တောင် သူတို့နဲ့ အတူတူ D.Mate မှာ ဈေးဝယ်တုန်းက ကျွန်တော်တောင် တွေ့ဖူး သေးတယ် တဲ့။ တစ်ယောက်က ခြေညှိုးမှာ ရွှေကွင်းလေး နဲ့လေတဲ့။
သူ့စကားအဆုံးမှာ သူမ အတွက်ရော ကိုယ့်အတွက် ပါ ဖြစ်မှ ဖြစ်ရလေ လို့ပဲ ညည်းလိုက် မိပါတယ်။ သူတို့ မှာ ဘာစာအုပ်ဆိုင်မှ မရှိပါဘူး။ ဖြစ်ချင်တော့ ကျောင်း မှာ ကျွန်မကို သူတို့ ကောင်းကောင်း အရှက်ခွဲ ထားတဲ့ အချိန်နဲ့ ဒီစာအုပ်ထွက်ချိန်နဲ့ တိုက်ဆိုင်သွားပြီး ကျွန်မ ရဲ့ သူငယ်ချင်းများက ဒီစာအုပ်ကို ကျောင်းမှာ သူများ ကို လိုက်ငှား ဖတ်ပါတယ်။ ဒါကြောင့် ကျွန်မရဲ့ စာတွေ စာဖတ်သူ လက်ထဲ (အထူးသဖြင့် ကျောင်းသားတွေ လက်ထဲ) မရောက်အောင် ၀ယ်သိမ်းတာပါပဲ။ သြော်.. စာဖတ် ပရိသတ်က နည်းရတဲ့ မဂ္ဂဇင်းကို စိစစ်ရေးက ဖြတ်လိုက် သူတို့က ဖြတ်လိုက်နဲ့။ တော်တော် စိတ်ကုန် သွားပါတယ်။ စိတ်ပေါက်ပေါက်နဲ့ လက်ထဲက မဂ္ဂဇင်း ကိုပဲ ကော်ပီဆွဲပြီး အကိုတွေကို ပေးလိုက်ရ ပါတော့ တယ်။ ဒီနောက်တော့ စိတ်အချဉ်ပေါက်တာနဲ့ ဘာစာမှ ဘယ်မဂ္ဂဇင်းတိုက် ကိုမှ မတင်တော့ပါဘူး။ ကိုယ့်ဟာ ကိုယ်ပဲ ရေးပြီး သိမ်းထားလိုက်ပါတော့တယ်။ ဒါကတော့ မဂ္ဂဇင်းတွေကို စာမူပို့ချင်စိတ် ကုန်ရခြင်း အကြောင်း ဖြစ်မှာပါ။

နောက်တော့ နေဘုန်းလတ်တို့ သံလွင်အိပ်မက် အီးဇင်း လုပ်ဖြစ် တော့ ကြိုက်တာ ယူသုံးဆိုပြီး စာမူတွေ ပေး ထားလိုက် ပါတယ်။ ကိုယ့်စာကို လူများများ ဖတ်လို့ ရတာ ဒီတနည်းပဲ ရှိတော့ လို့ပါ။ ၃လတစ်ခါ ဆိုသ လောက် ပင်ပန်းတော့ သံလွင်အိပ်မက်ရဲ့ မူနဲ့ ကိုက်တာ လေးလဲ ရှိ၊ ပယ်တာ တွေလဲ ရှိပေါ့လေ။ နောက်တော့ အိပ်မက်များ အီးဇင်းကို တွေ့တော့ တော်တော် သဘောကျ ပါတယ်။ အကောင်းမြင်တဲ့ ပရိသတ်ပဲ ဖြစ်ဖြစ် အဆိုး မြင်တဲ့ ပရိသတ်ပဲ ဖြစ်ဖြစ် မှတ်ချက်ပေးသူကို ပရိသတ် လို့ပဲ မြင်ပါတယ်။ ကိုယ်ရေး ထားတာလေးကို ဖတ်တာ စာဖတ် သူ ဘယ်နှစ်ယောက် ရှိသွားပြီ ဆိုတာပါ မြင်ရတဲ့ အပြင် အမှတ် ကလေးတွေ ပေးတာ၊ ချက်ချင်း လဲ စာဖတ်သူရဲ့ မှတ်ချက် ကိုရတာ တွေ့တော့ ပိုဝမ်းသာ မိပါတယ်။
အားပေးတဲ့ မှတ်ချက် လေးတွေ ဖတ်ရတော့ တော်တော် အားတက် ပါတယ်။ အမှန် အတိုင်း ပြောတာပါ။ မျက်မြင် လောကမှာ အမြင် မတော် တာတွေ သိပ်များ လာတဲ့ အခါမှာ ညီမလေးသို့ ပေးစာများ ကဏ္ဍကို ရင်နာနာနဲ့ ထိထိမိမိ ရေးမိပါတယ်။ သိပ်မကြာ ခင် ဘာသွားတွေ့လဲ ဆိုတော့ ကျွန်မရဲ့ ပို့စ်တွေမှာ အနှုတ် တွေ အများကြီး တက်လာတာ ပါပဲ။ မှတ်ချက် များမှာ ရေးထားတဲ့ ဝေဖန် အကြံပြု စာတွေနဲ့ အမှတ် တွေနဲ့ ပြောင်းပြန်ကို ကွာဟ လာတာ ပါပဲ။ တချို့ စာဖတ် ပရိသတ်က စာမြည်းကို အရင် ဖတ်ပြီးမှ စာကိုယ်ကို ဆက်ဖတ် ပါတယ်။ တချို့က တော့ သူများ ပေးထားတဲ့ အမှတ်ကို ကြည့်ပြီးမှ စာကိုယ်ကို ဖတ်ပါတယ်။ ခုတော့ ကျွန်မရဲ့ ပို့စ်တွေမှာ အနှုတ် တွေချည်း စာဖတ် ပရိသတ်ရဲ့ မှတ်ချက် စစ်စစ်တွေ ဟုတ်သလား မဟုတ်သလား ကျွန်မ ဝေခွဲနိုင် ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အမှတ် ပေးသူ ဦးရေနဲ့ အနှုတ် တွေကို ပြန်တွက် ကြည့်လိုက်ရင် ဘယ်နှစ်ယောက်က အပေါင်းမှတ် ပေးပြီး ဘယ် နှစ်ယောက်က အနှုတ်မှတ် ပေးလဲ ဆိုတာ သိနိုင် လို့ပါ။ နောက်တော့ ပေါ်တင် အဆဲ ခံရတော့ တာပါပဲ။
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဟာသ လေး ကို တင်မိ တာမှာ အိပ်မက်များ အီးဇင်းကို မဖျက်ဆီး ပါနဲ့တဲ့ လေ။

ကျွန်မ ကောင်းကောင်း တွေးမိ ပါတယ်။ ကျွန်မရေးတဲ့ စာတိုင်းကို ဖတ်မိသူ အတွက် အဆိပ်သင့် စေသော စာ မဖြစ်ရ လေအောင် ကျွန်မ အမြဲ သတိထား ပါတယ်။ ဝေဖန်စာ များကိုလည်း မှားရင် ဘာကြောင့်၊ အားနည်းရင် ဘာကြောင့်လို့ ထောက်ပြပြီး အားမနာတမ်း ဝေဖန်တဲ့ စာများကို ကျွန်မ ကြိုဆို ပါတယ်။
ခါးရိုး ကျိုးကြေ သွား တဲ့ ကုလား အုတ်လေး ဆောင်းပါးမှာ ကုလားအုတ်ရဲ့ ဘို့ထဲမှာ ရေပါတယ် ထင်လို့ ကျွန်မရေးမိတဲ့ အမှားကို ထောက်ပြတဲ့ စာဖတ်သူကို ကျွန်မ ကျေးဇူးတင်လို့ စာကို ချက်ချင်း ပြန်ပြင်ပြီး ကျေးဇူး တင်ကြောင်း စာပြန်ခဲ့ ပါတယ်။ အမှတ်တရ အဖြစ် သူမရဲ့ အမှား ထောက်ပြ စာကို ကျွန်မ လုံးဝ မဖျက်ပစ် ပါဘူး။ သည်အတိုင်းပဲ ထားပါတယ်။ ဒါ ကျွန်မရဲ့ စိတ်ဓာတ်ပါ။ စာတစ်လုံး ဘုရား တစ်ဆူ ဆိုတဲ့ အတိုင်း ကျွန်မရေးတဲ့ ကျွန်မသမိုင်း မှာပဲ ဖြစ်ဖြစ်၊ သူများ ရေးတဲ့ ကျွန်မ သမိုင်း မှာပဲ ဖြစ်ဖြစ် ကျွန်မကို ထောက်ကွက် မဖြစ် ရအောင်၊ အမှား နည်းနိုင် သမျှ နည်းအောင် ကျွန်မ အမြဲ သတိထား ပါတယ်။ နောင်တ မရချင်လို့ အရင်ကြိုတ ထားတာပါ။

မှားရင်လဲ ၀န်ခံပါတယ်။ မှားတဲ့အတွက် ရှက်ပြီး အမှား ရာဇ၀င် ကို ဖျောက်ဖျက်ဖို့ လုံးဝ မကြိုးစား ပါဘူး။ အမှားကို ပြန်ပြင် ပါတယ်။ မှားဖူးတဲ့ ရာဇ၀င်ကို အမှတ်တရ ထားပါတယ်။ နောက်ထပ် မမှားအောင်လို့ သတိ ပေးဖို့ပါ။ ဒါပေမယ့် မမှား တာကို အမှား လုပ်ပြီး တမင် လိုက်လုပ် နေတာ တွေကို ဂရုမစိုက်သော်လည်း မကြိုက်ပါ။ လျစ်လျူရှု ထားလိုက် ဖို့လဲ မဖြစ် နိုင်ပါ။ စာဖတ် ပရိသတ်ကို ကျွန်မ လေးစားလို့ ချစ်လို့ သူတို့ကို လမ်းလွဲ ရောက်အောင် လွှဲနေတာကို ကျွန်မ လက်ပိုက် ကြည့်မနေ နိုင်လို့ လျစ်လျူ မရှုနိုင် တာပါ။ ဒါပေမယ့် ဒီလို လူတွေနဲ့ ကျွန်မနဲ့ အားပြိုင် သလို ဖြစ်နေ တာကို သူများရဲ့ အီးဇင်းထဲမှာ သွားမရှုပ် နေစေချင် တာလဲ ကျွန်မ ရဲ့ စေတနာပါပဲ။ အီးဇင်း ရှင်များနဲ့ တခြား စာဖတ်သူ များကို အားနာ တာလဲ ပါပါတယ်။ နောက်တော့ ဒါနဲ့တင် မကတော့ဘဲ ကျွန်မရဲ့ ပို့စ်တွေမှာ ကွန်မန့် ရေးလို့ မရတော့ တာတွေ၊ ကျွန်မ ဘာမှ restrict မလုပ်ထားဘဲ comment approval လိုတယ် ဆိုတာတွေ ဖြစ်လာပါတော့တယ်။ ကျွန်မဟာ အိုင်တီမှာ ငအပါ။ အီးဇင်းရှင် များကိုလည်း ဒုက္ခ မပေးချင် ပါဘူး။

နောက်တော့ သူငယ်ချင်း ကြီးများ ဖြစ်တဲ့ နေဘုန်းလတ်နဲ့ ဇင်ကိုလတ်တို့ ဘလော့ ကြပါရော.. ဒါနဲ့ ဘယ်လို ဘလော့လဲ ပေါ့လေ။ ဒီလိုနဲ့ ဘလော့ လိပ်စာလေး ရလာ ပါရော။ အိုင်တီမှာ ငအ လုံးလုံးဖြစ်တဲ့ ကျွန်မ၊ ဘလော့ အုန်းသီး တစ်လုံးနဲ့ ချာလည် လိုက်လို့။ ၂လလောက် ဘလော့က ဘလော့ရုပ်ကို ထွက်မလာပါဘူး။ ကိုညီလင်းဆက်ရဲ့ ဘလော့ကိုဖတ်လဲ နားမလည်.. (ပညာရပ် ဆိုင်ရာ စကားလုံး တွေနဲ့ ဝေးတဲ့ ကျွန်မကိုက တုံးလွန်းလို့ နားမလည် တာပါ) . ဒါနဲ့ သဘော ကောင်းပြီး စိတ်မတိုမှာ သေချာတဲ့ လတ်၂ယောက်ကို ကောင်းကောင်း ဒုက္ခပေးပါတယ် (လူရင်း နာနာ ဖွပ်တာ)။ နောက်တော့ ဇင်ကိုလတ် က ကိုရန်အောင်ကို မေး ဆိုပြီး အီးမေးလ် ပေးပါရော.. ဟိုကလိ၊ ဒီကလိ၊ ဟိုလူ့မေး၊ ဒီလူ့မေး၊ ဘလော့ဂါရပ်ဝန်းက သူငယ်ချင်း တွေကို လူစေ့ တက်စေ့ လိုက်မေးရင်း ဘလော့လေး တစ်ခု ဘလော့နဲ့ နည်းနည်း တူလာပါတယ်။ ခုထိ ပိုကောင်း အောင် ကြိုးစား နေတုန်းပါပဲ။ ဘလော့ဂါ ရပ်ဝန်းက သန့်စင်တဲ့ စေတနာ အဖြူထည် လေးတွေ၊ နွေးထွေးတဲ့ အားပေးမှုတွေ၊ တိုင်းပြည် ချစ်စိတ် လေးတွေ၊ တိုးတက် လိုစိတ်နဲ့ ကြိုးစား နေကြ သူတွေ၊ တကယ် စိတ်ချမ်း သာ မိပါတယ်။ ရေခဲပြင် ပေါ်က လူတစ်ယောက် မည်းမှောင်တဲ့ တာရှည်ဆောင်း အပြီးမှာ နွေဦးပေါက်မှာ နွေးထွေးတဲ့ နေခြည်နဲ့ တွေ့ရ သလောက် ၀မ်းသာ ပါတယ်။

ကိုယ့်ဘလော့လေး ကိုယ်ခြယ်သ ရင်းနဲ့ စိတ်ထဲက တစ်ခု ကြုံးဝါး မိပါတယ်။ ဒီတစ်ခါတော့ မတော်တဆ ဖတ်မိလို့ ဆိုတာမျိုးနဲ့ သူများ နဲ့ပါရော ရန်တိုက် တာမျိုး ကြုံရစရာ မလိုတော့ ဘူးလို့။ မကျေနပ်သူများ ဘလော့ဆိုတာ တမင်သက်သက် လာဖတ်မှသာ ကိုယ့်စာကို လူဖတ်မိမှာမို့ ဒီအထိ တကူးတက လာဖတ်ပြီး ပြောချင်သပဆို ကြိုက်သလောက် စီဘောက်မှာ လာအော် နိုင်ပါပြီ။ သမိုင်းဆိုတာ မူရင်း အတိုင်းမှ တန်ဖိုး တက် တာမို့ ဘာကိုမှ ဘယ်လို မှတ်ချက် ကိုမှ ကျွန်မ ဖျက်ချမှာ မဟုတ်ပါဘူး။ ပျားရည်သည် မဟုတ်တဲ့ လူများ၊ တမင် သက်သက် အပြစ် ရှာလိုသူ မဟုတ်တဲ့ စာဖတ်ပရိသတ် စစ်စစ်များ လူ့သဘာဝ စစ်စစ်ကို လေ့လာ အကဲခတ်လို့ ရအောင် ကို တမင် မဖျက်ဘဲ ထားပေး ထားမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အမာခံ ပရိသတ် စစ်စစ် နဲ့ ကိုယ်၊ မိမိသာ ထုတ်ဝေ သူ၊ မိမိသာ အယ်ဒီတာ၊ မိမိသာ စာရေးသူမို့ မိမိရဲ့ ပရိသတ် အပေါ် မိမိ ကိုယ်တိုင် ရဲ့ တင်ဆက်မှု သက်သက် နဲ့ လွတ်လွတ် လပ်လပ် မိမိရဲ့ စာမူများကို တင်ဆက်ခွင့် ပိုင်ပိုင် နိုင်နိုင် ရပြီ လို့လဲ ကြုံးဝါး မိပါတယ်။ ဒါနဲ့ အရင်က ရေးခဲ့ ရိုက်ထား ခဲ့တဲ့ စာမူများကို အားပါးတရ ရွေးချယ်ပြီး ဘလော့ပေါ် တင်ပါ တော့တယ်။

ဆေးရုံပေါ်မှာ ၃လလုံးလုံး ငယ်ရွယ်စဉ် လေဖြတ် ဝေဒနာနဲ့ နားနေ ရစဉ်က မသေခင် ငါ ဘာအလုပ် ချင်ဆုံးလဲ လို့တွေးမိပါတယ်။ စာရေးချင် တာပါလို့ အဖြေထွက်ပါတယ်။ အဲဒီအချိန်က အတွေးများကို အသေ ခေါင်းကိုက် နေတဲ့ ကြားက ချရေးမိတဲ့ စာမူလေးက သံလွင်အိပ်မက်မှာ တင်ပြခဲ့ဖူးပါတယ်။ ခုလဲ ခဲတံ၊ ဖောင်တိန် မကိုင် နိုင်ပေမယ့် အတတ်နိုင်ဆုံး ကြိုးစားပြီး ကီးဘုတ် အကူအညီနဲ့ တတ်နိုင် သလောက် ဆက်ရေး နေပါတယ်။ ဆက်လက် ဘလော့ ပါဦးမယ်။ အတိုချုံး ပြန်ပြောရရင် အနှောင့်အယှက် ကင်းကင်း စာရေးချင် လို့ကို ဘလော့ပါတယ်။ ကိုယ့်သီးသန့် ကမ္ဘာလေးမှာ ကိုယ်ရေးချင်တာတွေ ကိုယ်ပေးချင်တာတွေ အားပါးတရ ရေးတယ်။ ဖတ်ချင်သူတွေ လာဖတ် သူတွေ အချိန်ပေး ရကျိုး နပ်အောင် တစ်ခုခု ရသွားအောင် အဆိပ် အတောက် ကင်းတဲ့ (ရသ စာပေဖတ်ပြီး စိတ်မချမ်းသာ တာကိုတော့ ၀ိဘစ္ဆ ကလဲ ရသမို့ ခြွင်းချက် ပေးပါ) စာတွေ ရေးပါတယ်။ ဘလော့ ခြင်းကို ရပ်တဲ့နေ့ဟာ တလောက လုံးကို နှုတ်ဆက် တဲ့နေ့ပဲ ဖြစ်မှာ သေချာ ပါတယ်ရှင်။

2 comments:

Unknown said...

ကောင်းတယ်ဟာ၊ ရေးလိုက်တာမှ အရှည်ကြီးပဲ။ နင်တော့ ရေးပြီး ဘယ်လိုနေတယ်မသိဘူး။ ငါတော့ တော်တော်မောသွားတယ်။ ချချ။ သိချင်တာရှိလည်း ကူညီမယ်။ မသိရင် သိတဲ့လူကို ညွှန်ပေးမယ်။ နောက်ထပ်ပိုစ့်တွေကို လည်း စောင့်မျှော်ဖတ်ရှုနေပါမယ်။

Tayy Aye Yate said...

အနှုတ်တွေ များလို့ အားမငယ်နဲ့ ။
ကျနော် တစ်ယောက်လုံးရှိတယ်။
အနှုတ်တွေကို သိမ်းကြုံးယူထားတယ်။ အိပ်မက်မှာ အနှုတ်ဘုရင် ။ အမွှေးမဟုတ်ဘူးနော် ...ဟဲဟဲ