Saturday, August 4, 2007

ပန်းခရုစေတီငယ်

ညီမလေး ဒီခရု လေးဟာ ပင်လယ်ထဲမှာ နေတာပါ၊ သူဟာ ပင်လယ်လှိုင်း ဘယ်လောက် ကြီးကြီး ရေစီးတွေ ဘယ်လို ကြမ်းကြမ်း ကွဲကြေ မသွားခဲ့ဘူး။ ပင်လယ်ရေစီး၊ ပင်လယ်လှိုင်း တွေထဲမှာ ကြံ့ကြံ့ခံ နိုင်ခဲ့တယ်။ လှိုင်းပုတ်လို့ ပင်လယ် ကမ်းခြေမှာ သဲသောင်ပေါ် ပစ်တင်ခံ ခဲ့ရတုန်း ကလဲ မကွဲကြေ ခဲ့ဘူး။

ကာလမှာ ၁၉၄၇၊ ဗိုလ်ချုပ်အောင်ဆန်း တပ်ထွက် မိန့်ခွန်းခြွေ အပြီး တပ်မတော် သားများ အားလုံး၊ အသီးသီး တပ်ထွက်ဖို့ ပြင်ချိန်။
တော်လှန်ရေးစစ်သား ဗိုလ်တင်မောင်သည် ညီမဖြစ်သူ မပန်းဝေကို နှုတ်ဆက်ရင်း နှစ်သိမ့်နေချိန်။ အချစ်ဆုံး ညီမထွေးက တရှုံ့ရှုံ့ ငိုသည်။
အဖေလည်း စစ်တိုက်ရင်း အသက်ပေး သွားပြီ၊ အမေနဲ့ ညီမလေး တို့မှာ အစ်ကို့ကိုပဲ အားကိုးရတာ အကိုက ထပ်ပြီး စစ်တိုက်ရ ဦးမှာလား၊ ညီမလေး တို့လဲ ထပ်ပြီး စစ်ပြေးရ ဦးမှာပေါ့။ စစ်ထဲမှာ ဗုံးဆန်မှန် တာရော၊ ကာလ၀မ်း ဖြစ်တာ ရောကြောင့် တမျိုးလုံး တဆွေလုံးမှာ ညီမလေးရယ်၊ အမေရယ်၊ ကိုကြီးရယ်ပဲ ကျန်တော့တာ၊ ကိုကြီးက ထပ်ခွဲဦးမှာလား၊ ညီမလေး ထပ်မခံစား နိုင်တော့ဘူး ကိုကြီးရဲ့၊ ကိုကြီးကို ထပ်အဆုံးရှုံး မခံနိုင် တော့ဘူး။ ညီမလေးမှာ ထပ်ပြီး ခံနိုင်ရည် မရှိတော့ဘူး၊ မသွားပါနဲ့လား ကိုကြီးရယ်။
တရှုံ့ရှုံ့ငိုရင်း မပန်းဝေပြောသည်။ ဗိုလ်တင်မောင် သက်ပြင်းချရင်း ရှေ့တူရှုကို ငေးနေမိသည်။ သူကိုယ်တိုင် ကလည်း အမေနဲ့ ညီမကို မခွဲရက်၊ ထို့ထက် ပိုသည်က တိုင်းရေး ပြည်ရေးကို ပစ်မထားရက်။ တိုင်းပြည် လွတ်လပ်ရေး အစစ်အမှန် ရမှ သူတို့ မိသားစုလေး စစ်မှန်သော ငြိမ်းချမ်းမှု ကို ခံစားရမည် မဟုတ် ပါလော။ မိသားစု သာမက တတိုင်းပြည်လုံး ငြိမ်းချမ်း တည်ငြိမ် စွာ ကိုယ့်မင်း ကိုယ့်ချင်း ရပ်တည် နိုင်မှုက ပိုအရေးကြီး သည်လေ။ ဆည်းဆာက ပို၍ အရောင်ရင့် လာပြီ။ ပုပ္ပါး တောင်မကြီးနှင့် တောင်ကလပ် တို့ကတော့ ၀င့်ထည် လှပဆဲ။ မိုးကောင်းကင် ကတော့ စစ်ရိပ် စစ်ငွေ့တို့နှင့် မိုင်းပျ နေဆဲ။
ဗိုလ်တင်မောင် ဆုံးဖြတ်ချက် ချရင်း စစ်လွယ်အိတ် ထဲက ပစ္စည်း တခုကို ထုတ်ယူပြီး ညီမလေးကို တယုတယ ပေးသည်။
မပန်းဝေ ခေါင်းငုံ့ ငိုနေရာက လှမ်းလာသော ပစ္စည်းလေးကို သေသေချာချာ ကြည့်သည်။ ကျောက်ဖြစ် ရုပ်ကြွင်း စေတီပုံ ခရုငယ် လေး။ နားမလည်နိုင်သာ မျက်လုံး ရိုင်းလေးနှင့် မျက်တောင် တဖျတ်ဖျတ် ခပ်၍ မျက်ရည်များကို ဖယ်ရှားရင်း အကို့ကို ကြည့်သည်။
ညီမလေး ဒီခရု လေးဟာ ပင်လယ်ထဲမှာ နေတာပါ၊ သူဟာ ပင်လယ်လှိုင်း ဘယ်လောက် ကြီးကြီး ရေစီးတွေ ဘယ်လို ကြမ်းကြမ်း ကွဲကြေ မသွားခဲ့ဘူး။ ပင်လယ်ရေစီး၊ ပင်လယ်လှိုင်း တွေထဲမှာ ကြံ့ကြံ့ခံ နိုင်ခဲ့တယ်။ လှိုင်းပုတ်လို့ ပင်လယ် ကမ်းခြေမှာ သဲသောင်ပေါ် ပစ်တင်ခံ ခဲ့ရတုန်း ကလဲ မကွဲကြေ ခဲ့ဘူး။ သူဟာ ရေထဲလည်း ရေထဲ အလျှောက်၊ ကုန်းပေါ် ပစ်တင် ခံရတော့လဲ သူ့အလို အလျှောက် အလိုက်သင့်ပဲ ကြံ့ကြံ့ခံ ခဲ့တယ်။ သူ့အခွံဟာ မာပေမယ့် ထိခိုက်မိချိန်မှာ အလိုက်သင့် နေခဲ့လို့ မကွဲကြေ ခဲ့ဘူး။ နောက် သူ့အပေါ် သဲတွေ ပိလာပြီး နှစ်သန်းပေါင်း များစွာ ကြာတဲ့ အခါ ကျောက်ဖြစ် သွားခဲ့တယ်။ သူ့ရဲ့ မူလ ပုံသဏ္ဍာန်ဟာ ကျောက်သာ ဖြစ်သွားတယ် မပြောင်းလဲ ခဲ့ဘူး။ ကိုကြီး ဒီခရုခွံလေးကို ပုပ္ပါးတောင်ပေါ် တက်ပြီး ဘုရား ၀တ်ပြု တုန်းက ကောက်ရ လာခဲ့ တယ်။ တန်ပေါင်း များစွာလေးတဲ့ ကျောက်တွေ သဲတွေရဲ့ ဖိအားကို ခံခဲ့ရ တာတောင် ပုံသဏ္ဍာန် မပြောင်း၊ မကွဲကြေ ခဲ့တဲ့ ဒီခရုလေးကို ကိုကြီး သိပ်လေး စားတယ်။ ပင်လယ်ထဲ မှာရော၊ ကမ်းခြေ မှာရော နောက် မြေအနေအထား ပြောင်းလဲမှုကြောင့် သဲတွေဖို့ ကျောက်တွေ ဖိခံခဲ့ရပြီးတဲ့ နောက်ရော သူ့ရဲ့ ကြံ့ခိုင်စွာ ရပ်တည် နိုင်မှုက သိပ်အတုယူ စရာကောင်းတယ်။ ဒီ စေတီ ခရုလေးလို ညီမလေးလည်း လောကဓံကို ကြံ့ကြံ့ခံ နိုင်ပါစေလို့ ကိုကြီး ဆုတောင်းပါတယ်။

ဒီခရုလေးကို ကိုကြီး ကိုယ်နဲ့ မကွာ ဆောင်ထား ခဲ့တာ ကြာပြီ။ အခု ညီမလေးကို ပေးခဲ့မယ်။ သက်မဲ့ ရုပ်ကြွင်း လေးက သက်ရှိ ညီမလေးရဲ့ စံနမူနာ ကောင်းဖြစ်ပါစေ။ ညီမလေး ဘယ်တော့မှ လောကဓံကို အရှုံးမပေးနဲ့။ ကိုကြီး ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ၊ ညီမလေး ကိုယ့်အား ကိုယ်ကိုးပြီး ရပ်တည်နိုင် ရမယ်။ ဒီခရုလေး လိုပဲ ညီမလေးရဲ့ စိတ်ဓာတ်ဟာ မူလ ပုံသဏ္ဍာန် မပြောင်း လဲဘဲ ရပ်တည် နိုင်ရမယ်။ ကိုကြီးလည်း ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုး လွတ်လပ်ရေး ရဖို့၊ ကိုယ့်မင်း ကိုယ့်ချင်းနဲ့ နေနိုင်ဖို့၊ တိုင်းပြည်က ကိုကြီး တို့ကို လိုအပ် နေချိန်မှာ ကိုကြီး အသင့် ရှိနေ ရမယ်။ ကိုကြီး ဒီညပဲ စစ်ထွက် ရမယ်။ ဒီတော့ ညီမလေးလဲ အမေနဲ့ ညီမလေး ကိုယ်ကို သေချာ စောင့်ရှောက်ပါ။ ကိုကြီးလည်း ကိုယ့်တိုင်းပြည် နဲ့ ကိုယ့်လူမျိုးကို စောင့်ရှောက် နိုင်ဖို့ စစ်ထွက်မယ်။ ညီမလေးလဲ အမျိုးကောင်း သမီး ဗမာပြည်သူ ပီသကြောင်း လုပ်ရပ်နဲ့ သက်သေထူပါ။ ကိုကြီးလဲ ဗမာပြည်သား စစ်သားကောင်း တစ်ယောက် ပီပီ လွတ်လပ်ရေး ရသည်အထိ တိုက်မယ်။ ကဲ . ကိုကြီးလည်း အမေ့ကို ကန်တော့ ခဲ့ဦးမယ်။ သွားစို့ ညီမလေး
ဗိုလ်တင်မောင် ထိုင်ရာက ထရင်း ညီမကို လက်ကမ်း ပေးသည်။ မပန်းဝေလည်း အပြုံး တစ်ပွင့်ကို အားတင်း ပြုံးရင်း စေတီ ခရုငယ်ကို လက်တဘက်က တင်းတင်း ဆုပ်ရင်း အစ်ကို့ထံ လက်လှမ်း လိုက်သည်။ မောင်နှမ နှစ်ယောက် တစ်ယောက် လက် တစ်ယောက် တင်းတင်း ဆုပ်ကိုင်ရင်း လေးလေး နက်နက် ကြည့်မိ ကြသည်။ ထို့နောက် ကိုယ်စီ အားတင်း ပြုံးမိ ကြရင်း ပြိုင်တူ ခေါင်းညိတ် လိုက်ကြသည်။ ထို့နောက်တော့ သူတို့ နှစ်ယောက်ကို စောင့်မျှော် နေမည့် အမေအို ရှိရာ တောင်ခြေက အိမ်ကလေး ဆီသို့ နှစ်ယောက်သား အားမာန် အပြည့် လှမ်းခဲ့ကြ ပါတော့သည်။
သံလွင်အိပ်မက် အီးဇင်း အမှတ်စဉ် (၄)တွင် ရေးသား ဖော်ပြဖူးသော ဆောင်းပါး ဖြစ်ပါသည်။

No comments: