အပြုံးလှလှ ပြုံးနိုင်စေဖို့
ဝင်္ကဘာ လောကမှာ သစ္စာဆိုတဲ့ မီးရှူး တန်ဆောင် ဆိုတာသာ မရှိရင် လူသား အားလုံး ၀င်္ကဘာ ထဲမှာ လမ်းပျောက် လို့ အားလုံး ဒုက္ခရောက် ရဖို့သာ ရှိပါ တော့တယ်။ ကတိ မတည်၊ သစ္စာ မရှိသူဟာ သူ့ကို ဘယ်သူကမှ ယုံကြည်မှု မရှိတော့လို့ လူ့လောက အလည်မှာ လူရာ မ၀င် တော့ဘဲ၊ မရှိသုံး အသုံးချခံ ပစ္စည်း တစ်ခု အဖြစ်သာ
ကဲ့  ကျွန်မတို့ ဘယ်လို ရင်ဆိုင် ကြမလဲ၊ လက်မြှောက် အရှုံးပေး ခြင်းနဲ့ တတ်အားသရွေ့ ရင်ဆိုင်ခြင်း၊ ဘယ်နည်းကို ရွေးကြမလဲ။ လူသားဖြစ်တဲ့ ကျွန်မ တို့ဟာ တတ်အားသရွေ့ ရင်ဆိုင် ဖြေရှင်း ကြရမှာပါ။ တကယ်တမ်း တော့ အဟိတ် တိရစ္ဆာန် များတောင် အလွယ်တကူ လက်မြှောက် အရှုံးပေးခြင်း အမှု မပြုကြ ဘဲလေ။ လူသားများ ကတော့ လောကဓံကို ရင်ဆိုင် ကြရပါမယ်။ ဖြေရှင်း အနိုင်ယူ ကြရမယ်။ လောကဓံကို အရှုံး မပေးဘဲ လဲကျရင်တောင် ပြန်ပြီး ကိုယ်ထူကိုယ်ထ ပြန်ရပ်တည် နိုင်ခြင်း ဟာလည်း အောင်မြင်မှု တစ်ရပ်ပါ။ လောကဓံကို ရင်ဆိုင်ရုံပဲလား၊ မဖြစ်သင့်တာ မဖြစ်ရအောင် ကြိုတင် ကာကွယ် နိုင်စွမ်းဟာ အမြော်အမြင် ကြီးသူတို့ ထံမှာ ရှိကို ရှိပါတယ်။ ကာကွယ်၊ တွန်းလှန်၊ ကြံ့ကြံ့ခံ ဆိုတဲ့ စကားသုံးလုံး ကို ရေလဲ လုပ်ပြီး သုံးဖို့ လိုအပ်ပါ လိမ့်မယ်။
ဘ၀ခရီးလမ်း တစ်လျှောက် လောကဓံ မုန်တိုင်း တွေကို ရင်ဆိုင် ရင်းနဲ့ စိတ်ပျက်မှု၊ အားငယ်မှု၊ ညည်းညူမှု၊ ငိုကြွေးမှု၊ ရယ်မောမှု မျိုးစုံ ကြုံတွေ့ခံစားရပါလိမ့်မယ်။ ရယ်နိုင်ရင် အကောင်းဆုံးပါ။ ဒုက္ခ၊ သုခအားလုံးကို ရယ်ပစ် လိုက်နိုင်ရင် ကောင်းပါတယ်။ မရယ်နိုင် ပေမယ့် ပြုံးနိုင် ခဲ့ရင်လည်း ကောင်းတာ ပါပဲ။ ရယ်တာကို အိနြေ္ဒလုပ်တော့ အပြုံးနဲ့လေ။ ကြည်နူးပြုံး၊ ပီတိပြုံး၊ ရယ်ရွှင်ပြုံး၊ မချိပြုံး၊ ထေ့ပြုံး၊ လှောင်ပြုံး၊ သရော်ပြုံး ဘယ်လိုပဲပြုံးပြုံး မရယ်နိုင်တောင်မှ မငို၊ မမဲ့၊ မညည်းညူပဲ ပြုံးနိုင်တာက ကျွန်မတို့ ရည်မှန်းချက်ပါ။ ဖြစ်ချင်တာ ဖြစ်ခွင့်မရှိဘဲ သူဖြစ်ချင် သလို ဖြစ်တတ်တဲ့ လောကကြီး ရဲ့လောကဓံ မုန်တိုင်းထဲမှာ ပြုံးနိုင်ဖို့ ကျွန်မတို့မှာ ဘယ်လို အရည်အချင်းတွေ အနည်းဆုံး ရှိဖို့ လိုအပ်မလဲ။ အင်္ဂလိပ်ဘာသာ SMILESအပြုံးများ ဆိုတာလေး တစ်ခုနဲ့ အရင်ဆုံး ချိန်ထိုး နှိုင်းယှဉ် ကြည့်ကြရ အောင်ပါ။
Soul- စိတ်ဝိညာဉ်၊ စိတ်ရင်းခံ၊ စိတ်အရည်အသွေး၊ စိတ်ဖြင့် ခံစား၍ ကျိုးကြောင်း ဆင်ခြင် နားလည် ဖန်တီး နိုင်မှုနှင့် စိတ်ထား တတ်မှု စွမ်းရည်
ယောနိသော မနသိ ကာရ တဲ့၊ သင့်တင့်အောင် စိတ်ထား တတ်ရပါမယ်။ အတ္တ ပရ မျှတတဲ့ စိတ်ထားကို မွေးမြူနိုင် ရပါမယ်။ လူတစ်ယောက်ဟာ ဆုံးဖြတ်ချက်ကို စိတ်နဲ့ပဲ ချမှတ်ရ တာပါ။ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့ စိတ်ဟာ ကြည်လင် ရမယ်။ အမှားအမှန်ကို ခွဲခြားနိုင်လောက်တဲ့ အမှန်ကို မြင်နိုင်တဲ့ အမြင် တနည်း ပြောရရင် စိတ်အမြင် ကြည်လင်ဖို့ လိုပါတယ်။ စိတ်အမြင် ကြည်လင် နိုင်ဖို့ စိတ်အမြင်ကိုေ၀၀ါး ပိတ်ဆို့ နိုင်မယ့် အရာ တွေကို ဖယ်ရှားနိုင် ရပါမယ်။ ပြင်းထန်ပြီး တစ်ဘို့တည်း ကြည့်တတ်တဲ့၊ စားသာလျှင် ဘနဖူး သိုက်တူး၊ မစားရတဲ့ အမဲ သဲနဲ့ပက် စတဲ့ ဆိုးဝါး ပြင်းထန်တဲ့ အကုသိုလ် တရားတွေ စိတ်မှာ ကင်းစင်ရပါမယ်။ ဒါမှ လူ့လောက ထဲမှာ အဆင့်ရှိရှိ လူရာဝင်ဝင် နေထိုင် နိုင်ပါမယ်။ ကြည်လင် ငြိမ်သက် နေတဲ့ ရေမှာ ဘယ်အရာ မဆို အရိပ်ထင် နိုင်ပါတယ်။ ထို့အတူပဲ ကြည်လင် ငြိမ်သက် နေတဲ့ စိတ်ဟာ အရာ အားလုံးကို အမှန်အတိုင်း မြင်နိုင် တွေးခေါ်နိုင် ပါတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန တရားများ၊ ပြင်းထန် မှားယွင်းတဲ့ အယူအဆများ၊ အဂတိ တရား လေးပါးတို့ ဖုံးလွှမ်းနေရင် စိတ်အစဉ်မှာ မကြည်လင် ဆူပွက်ပြီး အမှန်ကို မြင်နိုင်မှာ မဟုတ်ပါဘူး။ အဖြစ်မှန်ကို ခံစားမိမှာ မဟုတ်ပါဘူး။ ဒါဆိုရင် အမှန် အတိုင်း ကျိုးကြောင်း ဆင်ခြင် နားလည် နိုင်မှာ မဟုတ် သလို မှန်ကန်တဲ့ ဆုံးဖြတ်ချက် များလည်း ချမှတ်နိုင်မှာ မဟုတ်ပါဘူး။ အစကတည်း က စိတ်ထား မမှန်ရင် အစမကောင်း အနှောင်း မသေချာဘဲ ဇာတ်သိမ်းလည်း လှမှာ မဟုတ်ပါဘူး။ ဒါဆိုရင် ဘယ်လိုမှ ပြုံးနိုင် တော့မှာ မဟုတ်ပါဘူး။
လူတွေဟာ ရွေးချယ်ခွင့် မရတဲ့ မွေးရာပါ ဗီဇတွေ ရှိကြ ပါတယ်။ လောဘကြီးသူ၊ ဒေါသကြီးသူ၊ တဇွတ်ထိုး လုပ်တတ်သူ စသည်ဖြင့် ရှိကြ ပေမယ့် အသိ၊ သတိတို့နဲ့ အတူ မလွန် ကဲအောင် စိတ်နဲ့ပဲ ထိန်းချုပ် နိုင်ရပါမယ်။ တောထဲ လွှတ်ပေး ထားတဲ့ မြင်းဟာ ရိုင်းသလို၊ အာရုံ ငါးပါးထဲ အထိန်းအကွပ် မရှိ လွှတ်ပေး ထားတဲ့ စိတ်ဟာ ရိုင်းပါ လိမ့်မယ်။ ထိန်းချုပ်ဖို့ ခက်ပါ လိမ့်မယ်။ အသိ၊ အလိမ္မာ၊ ဥာဏ်ပညာနဲ့ ယှဉ်ပြီး အမြဲ ထိန်းချုပ် ထားတဲ့ (တနည်း ပြောရရင်) ယဉ်ကျေး နေတဲ့ စိတ်ဟာ ကြည်လင် ငြိမ်သက် ပါလိမ့်မယ်။ ဥပမာ ပေးရရင် မြင်းရိုင်းကို မလှုပ်နိုင် အောင် ကြိုးနဲ့ ချည်တုပ် ထားတာမျိုး မဟုတ်ပဲ လိမ္မာ ယဉ်ကျေးပြီး သခင်အတွက် အသုံးဝင် အောင် လေ့ကျင့် ထားတဲ့ မြင်းတစ်ကောင် ဖြစ်လာအောင် ထိန်းချုပ်ရ ပါလိမ့်မယ်။ ဒီလိုပဲ ကိုယ့်စိတ် ရင်းခံနဲ့ စိတ် စွမ်းရည်ကို ထိန်းချုပ် မြှင့်တင်ရ ပါလိမ့်မယ်။ လူသားတို့ ပြုံးပျော် နိုင်ဖို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဟာ သိပ်ကို အရေးကြီး ပါတယ်။ ဆုံးဖြတ်ချက် တစ်ရပ်ဟာ ကမ္ဘာ စစ်ကြီးကို ဖြစ်စေ နိုင်သလို ဒေါသ ပုန်ထ တိုက်ခိုက် နေကြတဲ့ ရန်သူတပ် တွေကို ငြိမ်းချမ်းရေး၊ လမ်းစဉ် ပြန်ချမှတ် နိုင်လောက် အောင်လဲ အစွမ်းကြီး လှပါတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချပြီး ပြုံးပျော် ငြိမ်းချမ်း နိုင်စေဖို့ စိတ်အမြင် ကြည်လင် နိုင်စေဖို့၊ မှန်ကန်တဲ့ စိတ်ထား တတ်မှု စွမ်းရည် လေးတွေ ကြိုးစား မြှင့်တင် ကြရ ပါမယ်။
အရာရာ သတိရှိမှ အသိတရား ၀င်ပါမယ်။ သတိနဲ့ နေမှု၊ နှိုင်းယှဉ် ဆင်ခြင် ဆုံးဖြတ်မှု နောက်က အသိ လိုက်လာ ပါလိမ့်မယ်။ သတိနဲ့ အသိဟာ ဘ၀မှာ အင်မတန်မှ အရေးကြီးတဲ့ အစိတ်အပိုင်း မကတဲ့ ဘ၀ရဲ့ တစိတ် တပိုင်းပါ။ မြန်မာ စကားပုံ ရှိတယ်။ မသိမသာတဲ့၊ စကားလုံး လေးလုံးဟာ ရိုးစင်းပါတယ်။ ရိုင်းသယောင် ထင်ရပါတယ်။ ဒါပေမယ့် သိပ်ကို ထိမိ ကျစ်လစ်တဲ့ စာသားပါ။ ဟုတ်ပါတယ်။ မသိရင် မသာ ဖြစ်ပါမယ်တဲ့။ စစ်သည်တော် တို့အဖို့ သတိ မရှိလို့ မသိလို့ သတ်ကွင်းထဲ ရောက်သွားရင် သေမှာပါ။ ဆရာဝန် ဆေးပညာကို ပိုင်နိုင် ကျွမ်းကျင် စွာ မသိရင် သေမှာက တစ်ခါဆို တစ်ယောက်ပါ။ တာဝန်ယူမှုကို ကယ်တင်နိုင် ရင်တောင် ကိုယ့်ကိုယ်ကို၊ ကိုယ့်ဘ၀ကို၊ ကိုယ့်တက်လမ်းကို ကိုယ့်ဝန်းကျင်ကို ကယ်တင်နိုင်မှာသေချာပါတယ်။ အရာရာကို သတိ ရှိတဲ့လူဟာ လောကဓံကို ကြိုမြင် တတ်ပါတယ်။ အခြေနေ အရပ်ရပ်ကို နှိုင်းယှဉ် ဆင်ခြင် ဝေဖန် သုံးသပ် ပြီးတဲ့ နောက်မှာ အနာဂတ်ကို ကြိုတင်သိမြင် လာတတ်ကြ ပါတယ်။
ဒါဆိုရင် တတ်အား သရွေ့ ကြိုတင် ကာကွယ် နိုင်တဲ့အတွက် တကယ် ကြုံတွေ့ ရပြီ ဆိုရင် အထိနာ သက်သာ တတ်ပါတယ်။ ဒါဆိုရင် လောကဓံကို ငိုမဲ့၊ ညည်းညူရင်း ရင်ဆိုင်ရဖို့ အခွင့်အလမ်း သိပ်ကို နည်းပါး သွားပြီလို့ ဆိုရပါ လိမ့်မယ်။ လောကဓံရဲ့ ထိုးနှက်မှု ကြောင့် ပြင်းထန်တဲ့ စိတ်ခံစားမှုကို ခံစားရတယ် ဆိုတာ သိပ်မရှိနိုင် တော့ပါဘူး။ ဒါကြောင့် ဘ၀ရဲ့ လောကဓံကို သတိတစ်လုံး နိုင်အောင် သုံးနိုင်ပါမှ ပြုံးနိုင်ဖို့ နီးစပ်ပါ လိမ့်မယ်။
လူတော်တော် များများ ကတော့ အသိပညာ ပိုင်နိုင် ကျွမ်းကျင် လိုက်နာ ကျင့်သုံးသူကို လူ ကောင်း၊ အတတ် ပညာကို နှံ့စပ်ကျွမ်းကျင် တီထွင် ချဲ့ကား နိုင်သူကို လူတော်လို့ ယေဘုယျ အားဖြင့် ပြောဆို သုံးနှုန်း နေကြပါတယ်။ တကယ်တော့ နှစ်မျိုးလုံး အချိုးညီစွာ၊ မျှတစွာ ပေါင်းစပ် ပါဝင် နေမှု သာလျှင်လူသား ဆန်မှုကို ကိုယ်စားပြု ပါလိမ့်မယ်။ ဘ၀မှာ လူသား တစ်ယောက် အဆင်ပြေပြေ ရပ်တည်နိုင်ဖို့၊ ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေ သင့်မြတ်စွာ နေထိုင် တတ်ဖို့ အသိ ပညာရော အတတ် ပညာပါ အချိုးညီညီ ပေါင်းစပ် ပါဝင် နေရပါမယ်။
အရာရာကို သင့်တင့် မျှတစွာ စဉ်းစား ဆင်ခြင် ဆုံးဖြတ် ကျင့်ကြံ နိုင်မယ် ဆိုရင် အမြဲ မမှန်ရင် တောင် ခွင့်မလွှတ် နိုင်လောက် အောင် မှားသူ တစ်ယောက် ဖြစ်ဖို့ အခွင့်အလမ်း သိပ်ကို နည်းပါး သွားပါ လိမ့်မယ်။ ဒီလိုသာ ဆိုရင် တော်တော် သင့်သင့် ပြုံးနိုင်မယ်လို့ ယူဆလို့ ရပါလိမ့်မယ်။
သစ္စာဆိုတဲ့ စကားဟာ ဗျည်းလေး (၂)လုံးသာ ရှိပေလို့။ အင်မတန် ကျယ်ပြန့်ပြီး၊ အဓိပ္ပါယ် ကျယ်ဝန်းမှုနဲ့ ကန့်သတ်မှု ကတော့ တော်တော် ခက်ခက်ခဲခဲ ကန့်သတ်ရ ပါလိမ့်မယ်။ ကမ္ဘာမှာ Theory တွေ များစွာ ရှိပါတယ်။ ဒါပေမယ့် ကန့်သတ် နယ်ပယ် အတွင်း မှာသာ မှန်ကန် ကြပြီး၊ အမြဲတမ်း မှန်ကန်မှု ရှိတဲ့ theory ကတော့ ရှားပါတယ်။
သစ္စာဆိုတာ ဘယ်အချိန် အခြေနေ မှာမဆို မှန်ကန် ရမယ်တဲ့။ ဘာအပေါ်ကို မှန်ကန် ရမလဲ။ လူ့လောကမှာ ရပ်တည် နေထိုင် ရှင်သန် လှုပ်ရှား နေချိန်မှာ ပြုံးပန်းဆင် နိုင်ဖို့ ဘယ်လို မှန်ကန် ရမလဲ ဘာကို မှန်ကန်စွာ ယုံကြည် ရမလဲ၊ ဘယ်အပေါ်မှာ သစ္စာ ရှိရမလဲ။ လူကိုလား၊ မူကိုလား၊ ရပ်တည်မှု အပေါ်မှာလား၊ ခံယူချက် အပေါ်မှာလား၊ ဘယ်နေရာမှာ ဘယ်လို သစ္စာရှိ ရမှာလဲ။
တခါတရံမှာ မှန်ကန်မှုဟာ ကိုယ်ရင်ဆိုင် နေရတဲ့ လောကနဲ့ အံမ၀င် ခွင်မကျ ဖြစ်တတ် ပါတယ်။ ခံစားမှုနဲ့ လုပ်ရပ်အပေါ်မှာ သစ္စာဟာ တခါတရံ မညှာမတာ ရက်စက် တတ်ပါတယ်။ သစ္စာ၊ မေတ္တာ ယှဉ်တွဲ လာရင် ပျော့တာ၊ မာတာ ရွေးသုံးပါ တဲ့။ တကယ် မလွယ် လှတဲ့ အခြေ အနေပါ။ ဘယ်လို ကိုင်တွယ် ဖြေရှင်း မလဲ။ နည်းလမ်း ရအောင် ရှာကြံရ ပါမယ်။ သစ္စာ ကိုတော့ ပျက်ယွင်းလို့ မဖြစ်နိုင် ပါဘူး။ သစ္စာဆိုတာ အမှန်တရား ဖြစ်နေတဲ့ အတွက်ကို သစ္စာမရှိရင် ကိုယ်က အမှားပိုင်ရှင် ဖြစ်မှာ သေချာ လို့ပါပဲ။ လောက ဆိုတာ တကယ့် ၀င်္ကဘာ၊ ကံဆိုတာ တကယ့် မျက်လှည့် ဆရာတဲ့။
ဝင်္ကဘာ လောကမှာ သစ္စာဆိုတဲ့ မီးရှူး တန်ဆောင် ဆိုတာသာ မရှိရင် လူသား အားလုံး ၀င်္ကဘာ ထဲမှာ လမ်းပျောက် လို့ အားလုံး ဒုက္ခရောက် ရဖို့သာ ရှိပါ တော့တယ်။ ကတိ မတည်၊ သစ္စာ မရှိသူဟာ သူ့ကို ဘယ်သူကမှ ယုံကြည်မှု မရှိတော့လို့ လူ့လောက အလည်မှာ လူရာ မ၀င် တော့ဘဲ၊ မရှိသုံး အသုံးချခံ ပစ္စည်း တစ်ခု အဖြစ်သာ ကျင်လည် ရတော့မှာ ဖြစ်ပါမယ်။ ဒါဆိုရင် လူ့ဘ၀ နေရတာ မတန်မဟန် နိုင်တော့ ပါဘူး။ မှန်ကန် နိုင်ဖို့၊ မှန်ကန်စွာ ယုံကြည် နိုင်ဖို့ ဘယ်ဟာ အမှား၊ ဘယ်ဟာ အမှန်ဆိုတာ ရှင်းရှင်းလင်းလင်း ခွဲခြား ဝေဖန် သုံးသပ် နိုင်ရပါမယ်။
ဘယ်ဟာ အမှန်တရား ဘယ်ဟာ အမှား၊ လိမ်လည်မှု ဆိုတာ ခွဲခြား သိနိုင် ရပါမယ်။ အမှားကို ရဲရဲဝံ့ဝံ့ လက်ခံ ရင်ဆိုင်ပြီး ပြုပြင် နိုင်မယ် ဆိုရင် နောက်မကျ သေးရင် နလန်ထူ နိုင်ပေမယ့် အမှားကို ရင်မဆိုင် ၀ံ့လို့ ရှေ့အမှားကို နောက်အမှားနဲ့ ဖုံးရင်း ကိုယ့်လိပ်ပြာ ကိုယ်မလုံတဲ့ ဝေဒနာကို ခံစားရင်း ဘယ်တော့မှ မပြုံးနိုင် တော့ဘဲ အသက်တောင် ရှုလို့ မ၀တဲ့ အခြေအနေ ကို ရောက်တတ် ကြပါတယ်။ ဒါကြောင့် သစ္စာ တရားကို ရှာဖွေ တွေ့ရှိ့ အသုံးချ တတ်မှ သာလျှင် လောကဓံကို ရင်ဆိုင်ရင်း အပြုံးလှလှပြုံးနိုင်ပါလိမ့်မယ်။
လူတစ်ယောက်ရဲ့ ဘ၀မှာ အရေး အကြီးဆုံးက ဘာလဲ။ ရည်မှန်းချက် ဆိုတာ ဘာလဲ။ ကိုယ်တကယ် ဖြစ်ချင်တာ ဘာလဲ။ ကိုယ်တကယ် လုပ်နေတာ ဘာလဲ။ ကိုယ့်ရဲ့ ရပ်တည်မှုက ဘာလဲ။ ကိုယ်ဟာ ဖြစ်ချင်တာကို ဖြစ်အောင် အကောင် အထည်ဖော် ဆောင်ရွက် နေတဲ့ လမ်းကြောင်း ပေါ်မှာ ရှိရဲ့လား။ ကိုယ်ဘာတွေ လုပ်နေမိ ခဲ့သလဲ။ အခုလက်ရှိ ကိုယ်ဘာတွေ လုပ်နေ မိသလဲ ဆိုတာတွေ အားလုံးကို အမှန်အတိုင်း သိဖို့ လိုအပ် ပါတယ်။ လူတော်တော် များများဟာ ဘ၀ရေစီးကြောင်းမှာ အလိုက်သင့် မျောပါပြီး သာသလိုနေ၊ ကြုံသလိုစား၊ ဖြစ်သလို လုပ်နေကြ တာတွေ များနေသရွေ့ ပန်းတိုင်ကို သေချာ စွာ မသတ်မှတ် နိုင်သရွေ့ ဘယ်တော့မှ စစ်မှန် အားရ ကျေနပ်တဲ့ ပျော်ရွှင်မှုကို ရမှာ မဟုတ်ပါ ဘူး။ ဒါကြောင့် ပထမဆုံး ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ် ကြည့်။ ငါဟာ ဘယ်လို လူလဲ၊ ဘာဖြစ်ချင် တာလဲ၊ ငါ့ရဲ့ အားသာ ချက်နဲ့ အားနည်းချက် တွေဟာ ဘာလဲ ဆိုတာ သေချာ ဆန်းစစ် ကြည့်ဖို့ လိုပါတယ်။
ပြီးရင်တော့ ကိုယ့်ရဲ့ ဘ၀ လမ်းကြောင်းကို ခိုင်ခိုင်မာမာ ရေးဆွဲပါ။ စည်းကမ်းချက်ကို ချမှတ်ပါ။ ပြီးရင် ကိုယ့်ရဲ့ လိုချင်တဲ့ အနာဂတ် ဘ၀ကို မှန်းမျှော် ပုံဖော်ပြီး စီမံကိန်း အတိုအရှည် တို့ကို ရေးဆွဲပါ။ ပြီးပြီ ဆိုရင်တော့ အားကုန် ထုတ်လို့ ကြိုးစား ပါတော့။ ကြိုးစား နေရင်းနဲ့ကို မျှော်လင့်ချက် ရောင်ခြည် တို့ကြောင့် မျှော်လင့်ချက် မရှိတဲ့ ဘ၀ကို ရေစုန်မျော ဖြတ်သန်း နေရတာ ထက် ပိုပျော်နေမှာ သေချာ ပါတယ်။ ပျော်နေတဲ့ သူဟာ ပြုံးဖို့ ၀န်မလေး တော့ပါဘူး။ အလိုလို နေရင်း မျက်လုံးမှာ အပြုံးရိပ် သန်းနေပါ လိမ့်မယ်။
လက်ဝှေ့သမားများရဲ့ စကား တစ်ခွန်း ရှိပါတယ်။ ထိုးနိုင် တာသာ စွမ်းရည် မဟုတ်၊ အထိုးခံ နိုင်တာ ဟာလဲ စွမ်းရည်ပါတဲ့။ လောကဓံကို ခံနိုင်ရည် ရှိရပါမယ်။ ဘယ်လို ခါးစည်းခံမလဲ။ ကိုယ့်ကို လူတစ်ယောက်က ဓားမြှောင် ထက်ထက် တစ်လက်ကို ဓားရိုးက ကိုင်လျက်နဲ့ ကမ်းပေးရင် ဘယ်လို ယူမလဲ။ မယူမဖြစ်တဲ့ အခြေအနေမှာ ဓားသွားကို လှမ်းကိုင်ရင်း ယူမလား၊ ဓားပြားကို လှမ်းကိုင်ရင်း ယူမလား၊ ဓားမြှောင် ရိုးစွန်း ကို ကွေ့ကိုင်ပြီး ယူမလား၊ ကိုယ့်ဘာသာ ဆုံးဖြတ် ရပါမယ်။ အချင်းတူတဲ့ တုတ်ရှည် တစ်ချောင်း ဆိုပါစို့။ ကွန်ကရစ် ချောင်း၊ သံချောင်း၊ သစ်သား ချောင်းနဲ့ ကြိမ်လုံး တစ်ချောင်း ရှိကြတယ်။ ဘယ်ပစ္ခည်း အမာဆုံးလဲ။ ဒါပေမယ့် ကွေးကြည့် လိုက်မယ် ဆိုရင် ဘယ်ပစ္ခည်းက အခိုင်ဆုံး လဲ။ လက်ပြန် လွှတ်လိုက် ချိန်မှာ ဘယ်ပစ္ခည်းက မူလပုံစံ ပြန်ဖြစ် နိုင်မလဲ။ လောကဓံ တရား တစ်ခုဟာ အမြဲတမ်း ဒီပုံစံ အတိုင်း ကိုယ့်ပေါ် သက်ရောက် နေမှာ မဟုတ်ပါဘူး။ အမျိုးမျိုး ပြောင်းလဲပြီး သက်ရောက် နေမှာပါ။ ဒါကြောင့် ကိုယ့်စိတ်ကို တစ်နေရာ အတွက်သာ ခံနိုင်ရည် ရှိအောင် ကြိုတင် ပြင်ဆင် ရမှာ မဟုတ်ဘဲ လောကဓံ တရား ရှစ်ပါးလုံး အတွက် ခံနိုင်ရည် ရှိအောင် ကြိုတင် ပြင်ဆင် ရပါမယ်။ မတူညီသော ခံနိုင်ရည် အားများကို လိုက်လျော ညီထွေ အသုံးပြု နိုင်ရ ပါမယ်။ လိုအပ် သလို အသိ၊ သတိ တို့နဲ့ ပြောင်းလဲ ကိုင်တွယ် ဖြေရှင်း ယူရ ပါမယ်။
ကြံ့ခိုင် သန်စွမ်း မှုနဲ့ ခံနိုင်ရည် အားကို လိုအပ် သလို ပြုပြင် ပြောင်းလဲ အသုံးချ နိုင်ရ ပါမယ်။ ဒါမှ လောကဓံနဲ့ ရင်ဆိုင် တဲ့အခါ မကျိုးမပဲ့ မပျက်စီးဘဲ မူလ ပုံစံ အတိုင်း ပြန်ရပ်တည် နိုင်မှာ ဖြစ်ပါတယ်။ မူလ ပုံစံ ဆိုတာ အကောင်း ပကတိ နဂိုအတိုင်း ပြန်လည် ရပ်တည် နိုင်မှုကို ပြောတာပါ။ ခံနိုင်ရည် အားကို ချင့်ချိန် အသုံးချရင်း လောကဓံ လေလှိုင်း တိုက်ခတ် မှုကို အလိုက်သင့် ခံရင်း စိတ်ဓါတ် ရေးရာ မကျိုးမပဲ့ မပြိုလဲဘဲ ကြံ့ကြံ့ခံ ရပ်တည် နိုင်မှသာ လောကဓံ ကို အပြုံးမပျက် ခံနိုင်ရည် ရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် လောကဓံကို အပြုံးမပျက် ရင်ဆိုင် နိုင်ဖို့ ခံနိုင် ရည်အား ဟာလည်း မရှိမဖြစ် လိုအပ်လှပါတယ်။
ကျွန်မတို့ လူသားများဟာ ကိုယ့်ဗီဇ၊ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို မျက်စိမှိတ် ခံယူပြီး လောကဓံကို ရင်ဆိုင် ကြမယ့် အစား ကိုယ့်ဗီဇ ကိုယ့် ပတ်ဝန်းကျင်ကို အလိုက်သင့် လက်ခံ၊ ထိန်းကျောင်း ပြုပြင်ပြီး ကိုယ့်ဘ၀ရဲ့ လိုအပ်ချက် များကို ဖြည့်ဆည်းရင်း အပြုံးစစ်စစ် များကို ပန်ဆင်နိုင် ကြပါစေ၊ လောကဓံ မုန်တိုင်း ထဲမှာ ပြုံးပျော် နိုင်ကြ ပါစေလို့ ဆန္ဒပြု လိုက်ပါတယ်။
ကြော့သူဇာ အမည် ကလောင်ခွဲ ဖြင့် သံလွင်အိပ်မက် အီးဇင်း အမှတ်စဉ် (၄)တွင် ရေးသား ဖော်ပြဖူးသော ဆောင်းပါး ဖြစ်ပါသည်။
No comments:
Post a Comment