Tuesday, July 31, 2007

ပြောင်းပြန်ရေနောက်

ဂုဏ်၊ အစဉ်အလာ၊ ဓလေ့ထုံးတမ်း၊ မျိုးရိုးနဲ့ နာမည်ကောင်း ဆိုတာတွေ ကြီးနေပြီဆိုရင်…

ပြောင်းပြန်စီးလို့ နောက်တဲ့ ရေကို ပြောတာမဟုတ်သလို ဂမ္ဘီရ သမားတွေ အရူးအမူး လိုက်ရှာ နေတဲ့ မြစ်သာ မြစ်ရေ ကိုပြော တာလည်း မဟုတ်ပါဘူး။ တခြား မြစ်တွေက မြောက်ကနေ တောင်ကို စီးပေမယ့် သူက တောင်ကနေ မြောက်ကို စီးပြီး တခြား မြစ်တွေက ရေလယ် နောက်ပြီး ကမ်းမှာ ကြည်ပေမယ့် သူက ပြောင်းပြန် မြစ်လယ်မှ ရေကြည်ပြီး ကမ်းစပ်မှာ ရေနောက်လို့ မြစ်သာ မြစ်ရေကို ပြောင်းပြန် ရေနောက်လို့ ခေါ်တာပါ။
သဘာဝတရားအရ စုန်ရေသာရှိတယ်၊ ဆန်ရေ မရှိဘူးလို့ ပြောလေ့ရှိပေမယ့် လောကမှာ သည်လို ဆန်တက်တဲ့ ကိစ္စလေး တွေလည်း ရှားရှားပါးပါး ရှိနေတတ်ပါတယ်။ သဘာဝ နိယာမ အတိုင်း သွားလေ့ရှိရင် ရိုးစင်းတာပေါ့လေ။ ဆန်းပြားတာ ကတော့ နေရာတိုင်းမှာ မကောင်းပါဘူး။
တောင်တောင်အီအီ မွန်းကြပ်တဲ့စိတ်နဲ့ ရင်ထဲမှာ ဟာနေအောင် ဗလာကျင်းလျက် ဂျပန်သီချင်းလေးတစ်ပုဒ်ကို တိုးတိုး လေး ညည်းလိုက်မိတယ်။

Ue o muitte… arukoo… namida ga kobore… nani yooni …omuitte ..aruku… hiori..boo..sinoyoo

မျက်ရည်များ ပါးပြင်ပေါ်ကို ယိုစီးမကျလာရလေအောင် အပေါ်မော့ပြီး လမ်းလျှောက်မယ်နော် တဲ့။
ပါးအို့နီနီနဲ့ မေးကြောထောင်ပြီး အပေါ်မော့ပြီး လမ်းလျှောက်တတ်တဲ့ မာနကြီးတဲ့ မိန်းကလေးလို့ အများက သတ်မှတ် ကြောက်ရွံ့တာ ခံရတဲ့ သူမ ညည်းဆို နေတဲ့ သည်သီချင်းရဲ့ အဓိပ္ပာယ်ကို ရှင်တို့သိရင် သည်လို သတ်မှတ်မှာ မဟုတ်ပါ ဘူး။ ငိုလို့ မဖြစ်နိုင် လောက်အောင် ယူထား ရတဲ့ တာဝန်တွေက ပုခုံးပေါ်မှာ အနင့်သားလေ။ အားကိုးပါတယ် ဆိုတဲ့ စကား တစ်ခွန်းဟာ တန်ထောင်ချီ လေးတဲ့ ၀န်ထုပ်ဝန်ပိုး တွေထက် ပိုလေးပါတယ်။ တခဏတာ ထမ်းဆောင်ရမယ့် တာဝန် မဟုတ်လေဘဲ မိသားစုရဲ့ သြရသ ဆိုတဲ့ကြိုးက ခါးမှာ မချည်၊ လည်မှာ ချည်ထား တော့လေ… ဆွေကြီးမျိုးကြီး ဆိုတဲ့ စကားကို နာနာကျည်းကျည်း ပြုံးပစ်လိုက်တယ်.. ဟုတ်မယ်.. ရှင်စောပုဘုရင်မကြီးရဲ့ သမီးတော် ကိုးကွယ်တဲ့ နန်းဘုရားမှာ ရင်ဘတ်မှာ အပေါက်ကြီး နဲ့ဆိုတာ။
ဂုဏ်၊ အစဉ်အလာ၊ ဓလေ့ထုံးတမ်း၊ မျိုးရိုးနဲ့ နာမည်ကောင်း ဆိုတာတွေ ကြီးနေပြီဆိုရင်…

ဒါတွေကို တန်ဖိုး ထားနေတဲ့ မိဘဆွေမျိုးတွေ ရှိနေပြီ ဆိုရင်…

အဲသည့် မိဘတွေကို စိတ်ချမ်းသာ စေချင်ပြီ ဆိုရင်…
ပြီးတော့ အဲဒါတွေနဲ့ ထိန်းကျောင်း ကြပ်မတ်ထားမှ လူတွေရဲ့ အကျင့်စာရိတ္တတွေ၊ အမူအကျင့်တွေ လွယ်လွယ် မဖောက်ပြန်မှာ ဆိုတာကို ယုံကြည် လက်ခံ ထားရင်…

လူလိုမနေနဲ့တော့။ ခံစားရ သက်သာအောင် နှလုံးသားကို ခွဲထုတ် ပစ်လိုက်။ ကိုယ့်ကိုယ်ကို သတိပေးရင်း နှလုံးသားကို ဖြုတ်ထုတ် လိုက်တော့ နှလုံး သွေးကြော လေးတွေက မျက်ရည် စက်လက်နဲ့ နှုတ်ဆက်ကြတယ်။ မမှုဟန် အတင်း ဆောင်ရင်း သီချင်းကို ဆက်ညည်း လိုက်တယ်

Shirawase ga sora no ue ni, Shira wase ga tora no ue ni
ပျော်ရွှင်ခြင်းဆိုတာတွေက ကောင်းကင်ရဲ့ အပေါ်မှာ.. ပျော်ရွှင်ခြင်းဆိုတာ မိုးတိမ်တွေရဲ့ အထက်မှာတဲ့။
အပေါ်နှုတ်ခမ်း ပါးပါး၊ အောက်နှုတ်ခမ်း ထူထူလေးကို တင်းတင်းစေ့ လိုက်တော့ မြင်သူတွေက ပြုံးတယ်လို့ ထင်ကြ တယ်။ တကယ်တော့ အသံတိတ်နည်းနဲ့ ကျွန်မ ရင်ထဲမှာ သည်းသည်း ထန်ထန် ငိုနေတာပါ။ သူတို့က ပြောကြတယ်။ သူမရဲ့ မျက်လုံး လေးတွေက အမြဲ အရည်လဲ့ပြီး ရွှန်းစို နေတာပဲ.. သည်လို မျက်လုံးမျိုး လှလှလေး ရထားတာ ကံကောင်း လိုက်တာတဲ့။ သည်မျက်လုံး ထဲကနေ မျက်ရည်မြစ်တွေ လျှံကျမလာအောင် မျက်ခမ်းတမံနဲ့ ယဲ့ယဲ့လေး အနိုင်နိုင် ထိန်းရတဲ့ ပညာကို ရှင်တို့ သင်စရာ မလိုတာ ဘယ်လောက် ကံကောင်းလဲလို့ ရင်ထဲက ဟစ်ရင်း ပြောမိရဲ့။
မိဘတွေ ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှု အားရဂုဏ်ယူမှု တွေအတွက် ရင်းလိုက်ရတဲ့ အရာတွေ၊ အတွေးတွေ၊ အကြိုက်တွေ၊ ခံစားချက်တွေ… အို.. နှလုံးသားတစ်စုံလုံးနဲ့ အပြည့်ပါပဲ… ဦးဏှောက်က အဖြေတစ်ခု ထုတ်ပေးတယ်။ ကျေနပ်ပါတယ် တဲ့။ မိဘတွေနဲ့ ပတ်သက်လို့ နောင်တ ရစရာ မလိုဘူး ပေါ့တဲ့။
ပေါ့ပါး သွားတဲ့ စိတ်အခြေအနေတစ်ခုကို လိုချင်လို့ ရုပ်ရှင် ဂျိုးကပ် သူငယ်ချင်း ရွေးပေးတဲ့ ဟိန္ဒီရုပ်ရှင် ဇာတ်ကား တစ်ကားဖြစ်တဲ့ Mohabethein ဆိုတဲ့ ကားကို ကြည့်ဖို့ စဉ်းစား လိုက်တယ်။ မင်းသားတွေက နာမည်အကြီးဆုံး အမီတာဘာချန်နဲ့ ရှာရွတ်ခန်း၊ မင်းသမီးက မယ်ကမ္ဘာ အက်ရှ် ၀ါယာရာ ရိုင်၊ ပြီးတော့ ဘာမှ နားမလည် ဦးတော့ ကုလားက ကြည့်ရတာ အညောင်း ပြေတယ် ဆိုပြီး ကြည့်လိုက်မိတယ်။
အမီတာဘာချန်နဲ့ အက်ရှ် ၀ါယာရာ ရိုင် က သိပ်ချစ်ကြတဲ့ သားအဖ။ ဘယ်သူက ဘယ်သူ့ကို ပိုချစ်သလဲ လို့မေးရင် ဘယ်လိုဖြေမလဲ စုန်ရေသမား တွေရေ။ အဖေလုပ်သူက သမီးကို တပည့်နဲ့ သဘောမတူနိုင်ဘဲ ကျောင်းကနေ နှင်ထုတ်၊ ဘ၀မှာ ပညာ ဆက်သင်ခွင့်ပါ မရတော့အောင် လုပ်ပစ်ခဲ့တယ်။ ပြီးတော့မှ သမီးလေးကို မေးတယ်။ သမီး နေသာရဲ့လား၊ ပျော်ရဲ့လားတဲ့။ မေးရက် လိုက်တာ။ အပြစ်မဲ့ ချစ်သူကို ရက်ရက်စက်စက် ဘ၀တုံးအောင် လုပ်ပြီးမှ သည်စကားကို မေးရက် လိုက်တာ။ သမီးရဲ့ ဖခင် အပေါ်မှာ ထားတဲ့ မေတ္တာက ရှင်းပါတယ်။ တည်တည်ငြိမ်ငြိမ် ပါပဲ။ နီရဲ စိုလဲ့နေတဲ့ မျက်ဝန်းရွဲကြီးတွေနဲ့ အပြုံးမပျက် ပြန်မေးရှာတယ်။ ဖေဖေရော ပျော်သလားတဲ့။ ဖေဖေပျော်ပါတယ် သမီး ဆိုတော့ ဖေဖေပျော်ရင် သမီးလည်း ပျော်ပါတယ် ဖေဖေရယ်တဲ့။ အဖေကို အပြစ် တစ်စက်မှ မတင်ရက်တဲ့ သမီး။ နောက်ဆုံးတော့ မွန်းကြပ် လွန်းတဲ့ စိတ်ဝေဒနာကို တင်းမခံနိုင် တော့တဲ့အတွက် ၀ရန်တာကနေ ခုန်ချသွားခဲ့တယ်။
မိဘတွေဟာ ကိုယ့်သားသမီး အတွက် တကယ်ပဲ စဉ်းစား ပေးပြီး ချစ်ကြရဲ့လား။ သူတို့ရဲ့ အလိုဆန္ဒ တွေအတွက် စိတ်ကျေနပ် ပျော်ရွှင်မှု ရစေဖို့ သားသမီးတွေ ရင်းနှီး ပေးဆပ် လိုက်ရတာ ဘာတွေလဲ ဆိုတာ သိလိုက် ကြရဲ့လား။ ဒီဇာတ်ဝင်ခန်း အပြီးမှာ နာကျင်စွာ ပြုံးမိပါတယ်။ သမီးကို တစက် ကလေးမှ မဆူမငေါက် ရှာတဲ့ အဖေအပေါ် ပြန်လည် နားလည် ခွင့်လွှတ်မှု ထားတဲ့ သမီးနဲ့ သမီးကို အပြစ်မမြင်ဘဲ တပည့်ကိုသာ စိတ်ဆိုးလွန်းလို့ နှင်ထုတ်ခဲ့တဲ့ အဖေ။ ကိုယ့်မှာတော့… တွေးမိရင်း ၀မ်းနည်းမှု လှိုင်းတံပိုး တစ်ချက် အရိုက်မှာ နှလုံးသွေးကြော လေးတွေကနေ သွေးတွေ ပွင့်အန် တက်လာကြတယ်။ အတင်း မျိုချလိုက်တဲ့ ခံစားချက်တွေက ရင်ဘတ်ထဲမှာ ၀ုန်းဒိုင်းကြဲ ရိုက်ခတ်လို့။ အတွေး တွေရဲ့ မွန်းကြပ်မှုမှ ခဏတာ လွတ်မြောက်ဖို့ အဇဋာ ကောင်းကင်ပြင်ကို ငေးမောနိုင်ဖို့ ၀ရန်တာကို ထွက်လာခဲ့တယ်။ ၀ရန်တာ လက်ရမ်းကို ကျောနဲ့ မှီထားရင်း သံစဉ်တစ်ခုက တိုးတိုးလေး ရွတ်မိလျက်သား…
Kanashimi ga sora no shita ni… Kanashimi ga tora no shita ni.. ue o muitte arukooo…

ဝမ်းနည်း ငိုကြွေးမှုတွေဟာ တိမ်တွေရဲ့ အရိပ်အောက်မှာ.. ၀မ်းနည်း ငိုကြွေးမှုတွေဟာ ကြယ်တွေရဲ့ အရိပ်အောက်မှာ မျက်ရည်များ ပါးပြင်ပေါ်ကို ယိုစီးမကျ ရလေအောင်…
ညည်းဆိုရင်းနဲ့ ခေါင်းကို မော့လိုက် မိတယ်။ ခန္ဓာကိုယ်က အားအင်မဲ့စွာ နုံးချိ လာခဲ့တော့ ၀ရန်တာ လက်ရမ်းပေါ်ကို ကျောမီလျက်နဲ့ ပိုမော့ လိုက်တယ်.. အား.. မွန်းကြပ်မှုတွေ လွတ်ထွက် သွားလောက်တဲ့ ကောင်းကင်.. ကြယ်ညီလာခံ နေတဲ့ လပြည့်ည.. ညဉ့်ပိုးကောင် လေးတွေက စိုးစီစိုးစီ ညံလို့… ဟိုးအဝေးမှာ မှုန်ပျပျ တိမ်ငွေ့တန်းလေးတောင် ထင်းလို့။ စိတ်လွတ်လက်လွတ် မော့ငေး နေလိုက်တယ်။ တိမ်ဇာလွှာရုံလေးက လ၀န်းဘေးကို တဖြည်းဖြည်း ရစ်သမ်း လို့။ မြူငွေ့ အေးအေးလေးတွေ ပါးပြင်ကို ထိခတ်လာတော့မှ အပြင်မှာ အေးတာကို သတိပြုမိတယ်.. သည်လောက် အေးချမ်း သာယာ နေတဲ့ လောကကို သတိမမူ မိလောက်အောင် ငါ့စိတ်တွေ ဒီလောက် မွန်းကြပ် နေခဲ့ပါလားလို့ သတိ ထားမိ ချိန်မှာ မျက်ဝန်းတို့ သွေ့ခြောက် နေပြီ။ ရင်အစုံမှာ ခံစားချက်တွေ ဗလာကျင်း သွားတာကို နှစ်နှစ်ချြိက်ခြိုက် ပြုံးလိုက်မိတယ်။ လက်အစုံကို ဆန့်မြှောက်ရင်း မြူငွေ့ လေးတွေကို ရင်ခွင်နဲ့ ဆီးကြိုလိုက်တယ်။ သည်လို အေးချမ်း ခြင်းကို ငါငတ်မွတ် နေတာ ကြာခဲ့ ပြီကော။ ၀ရန်တာကို မှီထောက် ထားတဲ့ကျောပြင်က အချိန် ကြာတော့ ကျိန်းလာတာနဲ့ နည်းနည်း နေရာ ရွှေ့ပြီး ဆက်ငေး နေမိတယ်။ သြော်.. လွတ်လပ် အေးချမ်း ပါပေ့။ မြူငွေ့လေးတွေပဲ ပိုပြီး သိပ်သည်းစွာ ကျလာသလားမသိ။ သူမရဲ့ အမြင်တွေေ၀၀ါးလာသည်။ ညသည် ပိုမို မှိုင်းပျစွာ လှပလို့…
ညဥ့်လေအေးက ပျပျလေး တိုက်ခတ် လာတာကို တရှိုက်မက်မက် ၀င်သက် ရှူသွင်း လိုက်တော့ ညမွှေးပန်း နံ့လေးတွေ တသက်သက် နမ်းရှိုက်ခွင့် ရလိုက်တယ်.. ဒါပေမယ့် ခံတွင်းထဲက သံနံ့ကို ပျပျလေး ရလိုက်တယ်။ သူမရဲ့ နှုတ်ခမ်း နှစ်လွှာ ပွင့်အာ လာတဲ့အခါ နှလုံးသွေးတွေ စီးကျလာတော့ သူမ တားဖို့ မကြိုးစား တော့ဘူး။ အသက်ကို ခပ်ပြင်းပြင်း ရှိုက်အသွင်း လိုက်မှာ ခန္ဓာကိုယ်က လျောကနဲ … သူမရဲ့ ခန္ဓာကိုယ် သွယ်လျလျ လေးက မဟူရာ မွေ့ယာပြင် ပေါ်ကို လွင့်ခနဲ … လေထဲမှာ ပက်လက်ကလေး လွင့်နေ ဆဲမှာပဲ သူမ သီချင်း စာသားလေး တစ်ကြောင်းကို အားမစိုက်ဘဲ အသာ ညည်းလိုက်တယ်…
Shirawase ga sora no ue ni…
ပျော်ရွှင်မှုတွေဟာ မိုးတိမ်တွေရဲ့ အထက်မှာ..

ခုလဲ သူမ မိုးတိမ်တွေ ပေါ်မှာ ဆိုတော့ ပျော်ရွှင်မှု တွေနဲ့ နီးစပ်သွားပါပြီ… သည်အခိုက်မှာ လွတ်လပ် နှစ်ခြိုက်စွာ ပြုံးလိုက်တဲ့ သူမရဲ့ နှုတ်ခမ်းလွှာက စီးထွက် လာတဲ့ နှလုံးသွေးစက် လေးကတော့ ညမွှေးပန်းရုံ လေးပေါ်ကို သူမထက် စောစွာ ကျသွား ပါတော့တယ်။
(သီချင်းကို ဒီမှာ နားထောင်ပါ)

No comments: