Thursday, August 9, 2007

ကျွန်မရဲ့ သားဦး ၁၉နှစ်ပြည့် မွေးနေ့ အမှတ်တရ

ခေါင်းစဉ်ဖတ်ပြီး မလန့်ကြ ပါနဲ့ရှင်။ လွန်ခဲ့တဲ့ ၁၉နှစ် တိတိမှာ ကျွန်မရဲ့ ပထမဆုံး စာလေးကို ၉နှစ် သမီး ဘ၀မှာ ကျွန်မ ပထမဆုံး စတင် ရေးသားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီစာလေးကို အဘွားက ဆုတ်ဖြဲ ခဲ့တဲ့ အတွက် မူရင်းကို နှလုံးသား ထဲမှာ သိမ်းထား ခဲ့ပါတယ်။ ခု သူ့ရဲ့ ၁၉ နှစ်ပြည့် မွေးနေ့မှာ ကျွန်မက မူရင်း ကို ပထမဆုံး ပြန်ရေး ခဲ့တာပါ။ အောက်ပါ ဆောင်းပါးလေးကို ၉နှစ်အရွယ် ကလေး တစ်ယောက်ရဲ့ အရေးအသား အတိုင်း ပြန်လည် တင်ပြ တာ ဖြစ်ပါတယ်။


၁၀ သြဂုတ် ၁၉၈၈

ကျောင်းမတက်ရတာ တစ်ပတ်ရှိပြီ။ လူကြီးတွေပြောတော့ ဘယ်တော့မှ ပြန်ဖွင့်မလဲ မသေချာဘူးတဲ့။ မိဘ နဲ့ တခြား မောင်နှမ တွေက နယ်က (မေမေ့ အဖေ) ဘိုးဘိုး နေမကောင်းလို့ အဖော်လုပ် ပြုစု နေကြ တယ်။ ငါ့မှာ တစ်ယောက်တည်း ပျင်းရတဲ့အထဲ ကျောင်းက ပိတ်ပြန်ပြီ။ ရန်ကုန် အိမ်ကြီးမှာ ငါနဲ့ (ဖေဖေ့ မေမေ) ဘွားဘွား ၂ယောက်တည်း။ ဆော့ရတာလဲ မပျော်ဘူး။ မောင်နှမတွေမှ မရှိတာ။ လမ်းထဲ မှာ အတူ ဆော့စရာ ရွယ်တူတွေလဲ မရှိဘူး။ ယဉ်ကျေးမှု သင်တန်းကလဲ လာရင်း လမ်းမှာ ကလေး ပျောက်မှာ စိုးလို့ ဆိုပြီး ပိတ်လိုက် ပြန်ပြီ။ ပိတ်ကြပါ။ ဘာမှ ထွက်ပေါက် မရှိအောင်ကို ပိန်းပိန်းပိတ်။ ပျင်းတယ်။ ကျောင်းသုံး ဖတ်စာအုပ် ထဲက စာတွေလဲ လျှောက်ဖတ်လို့ ကုန်ပြီ။ ဘာလုပ်ရမှန်း မသိဘူး။ ပျင်းတာပဲ သိတယ်။ တော်သေးတယ် ဟိုဘက်လမ်းက အမေသန်း ဆိုတဲ့ ဘွားဘွားကြီးက ကလေးတွေ မပျက်စီး အောင် ဆိုပြီး သိုးမွေးထိုး အလကား သင်ပေးနေလို့။ ဘွားဘွားကြီးက သိပ်တော်တာပဲ ဒီလောက် အသက်ကြီး နေပြီ တောင် မနားဘူး။ စိတ်ထားလဲ သိပ်ကောင်း တာပဲ။ သူ့ဆီ လာသင်တဲ့ ကလေးတွေကို မုန့် အလကား ကျွေးပြီးကို သင်ပေး သေးတယ်။ ငါ့ကိုလဲ သိုးမွေး ထိုးတတ်တာ မြန်လို့ ချစ်လို့ ဆိုပြီး ခု သင်ခန်းစာတွေ ပြီးရင် သိုးမွေး ထိုးထားတဲ့ ပန်းပွင့်တို့ စက္ကူ တို့နဲ့ ပန်းအတု လုပ်ပြီး ပန်းအိုး ထိုးနည်း သင်ပေး ဦးမယ်တဲ့။ ပျော်လိုက်တာ။ ဖေဖေ မေမေတို့ ပြန်လာရင် အံ့သြ သွားစေရမယ်။ ဘွားဘွားကြီး အမေသန်း လုပ်ထား တာ သိပ်လှ တာပဲ။ အိမ်က ဘွားဘွားကို ဖေဖေ မေမေတို့ ဘယ်တော့ ပြန်လာမလဲ ဆိုတော့ နင့် အဘိုး နေပြန် ကောင်းတဲ့ အချိန်တဲ့။ ခေတ် အခြေအနေ ကလဲ မကောင်း ဘူးတဲ့။ ဖုန်းဆက်တော့ အဘိုးက နေပြန် ကောင်း နေလို့ ဖေဖေက အရင် ပြန်လာ ချင်တာ ရထား မရှိလို့တဲ့။ ကားလဲ မရှိဘူးတဲ့။ ရထားတွေ ကားတွေ ပိတ်ထား တယ်တဲ့။ ခေတ်က ဘယ်တော့ ပြန်ကောင်း မှာလဲ ဆိုတော့ ဘယ်သိ မလဲတဲ့။ ပိုမဆိုး ရင် ကံကောင်းတဲ့။ ဖေဖေ မေမေ တို့ကို သတိ ရတယ်။ ဒါပေမယ့် သူတို့ မရှိတာ အဆူ မခံရလို့ ပျော်တော့ ပျော်သား။ ကျောင်းက ရီပို့ကဒ် ရတဲ့ နေ့လေးပဲ ပြုံးဖော် ချစ်ဖော်ရတယ်။ ကျန်တဲ့ နေ့ဆို တခု မဟုတ် တခု ဆူချည့် နေတာပဲ။ ငါမှားလို့ ဆူခံရ တယ်ဆို တော်သေး။ ခုတော့ သူတို့ချင်း ရန်ဖြစ် တာနဲ့ ငါ့ကို ရွဲ့ ဆူတာ မကြိုက်ဘူး။ မှတ်မိ သလောက် တနေကုန် ပျော်ရတဲ့နေ့ ဆိုတာ တခါမှ မရှိ ဖူးဘူး။ ငါသာ အဆင့် တစ်တွေ ရမနေဘူး ဆိုရင် ငါ့ကို ချစ်တောင် ချစ်ပါ့ မလား မသိဘူး။

အိမ်က ဘွားဘွား ကတော့ ချက်ပြုတ် စားသောက် စကားပြော သတင်းစာဖတ်နဲ့ တနေ့တနေ့ သူမို့ မပျင်းဘူး။ တမြန် မနေ့က စပြီး တတိုင်းပြည်လုံး အကြီးအကျယ် ဆန္ဒပြသတဲ့။ မနေ့ကတော့ လမ်းထဲကို လူအုပ်ကြီး ပြိုဆင်း လာတယ်။ များလိုက်တဲ့ လူတွေ။ အော်နေ လိုက်ကြတာ။ ဒီမိုကရေစီ ရရှိရေး တို့အ ရေး တဲ့။ ဒီမို ကရေစီ ဆိုတာ ဘာကြီးလဲ မသိဘူး။ သမဆိုင် ကနေ သွားထုတ်လို့ မရဘူးနဲ့ တူတယ်။ ထုတ်လို့ ရလဲ ကောင်းမှာ မဟုတ်ပါဘူး။ သမဆိုင်က ထုတ်ပေးသမျှ တစ်ခုမှ မကောင်းဘူး။ ဆန်ဆိုလည်း ထုတ်ယူ လာတဲ့ အတိုင်းဆို ၀က်ပဲ ကျွေးလို့ ရတယ်။ ဖွဲတွေရော၊ ဆန်ပိုးကောင်တွေရော၊ စပါးလုံး တွေ ရော။ အိမ်မှာ ထမင်းချက် အ၀တ်လျှော် လာကူနေတဲ့ မကလျာနီ ဆိုရင် တခေါင်းလုံး ဖွေးနေ အောင် ဖွဲပြာ ရတာ။ သူ မျက်လုံး ပြူးတာ စပါးလုံး ကောက်ရလို့ ဖြစ်မယ်။

တစ်ပါတီစနစ် ချုပ်ငြိမ်းရေး တို့အရေး ဆိုတာတော့ နည်းနည်း သိသလိုပဲ။ ဗိုလ်ချုပ်နေ၀င်းရဲ့ ဆိုရှယ်လစ် ပါတီ ဆိုတာကို ပြောတာ ထင်တယ်။ ရေဒီယို က အသံလွှင့် သွားတာ ကြားဖူးတယ်။ ဘွားဘွားက မေးရင် တော့ မကြိုက် ဘူး။ သူကျ နားထောင်တယ်။ ပြီးတော့ မေးရင်တော့ ရှင်းမပြဘူး။ ကြည့်ရတာ သူလည်း သိပ်နား မလည်ဘူး ထင်တာပဲ။ ခြံတံခါးကို အမြဲ သော့ခတ် ထားပြီး လူအုပ်ကြီး ဆင်းလာသံ ကြားတာနဲ့ အိမ်တံခါး တွေပါ အလုံ ပိတ်ခိုင်းတယ်။ သူများ ခြံတွေဆို တမင်တောင် ဖွင့်ထားပြီး ရေတိုက် မုန့်ဝေနဲ့။ အေးလေ။ အိမ်မှာ ဘယ်သူ မှ မရှိတော့ သူလဲ ကြောက်လို့ ဖြစ်မှာပေါ့။ သူများ ခြံတွေ မှာက ဦးလေး ကြီးတွေ ရှိတာကိုး။ ဒါပေမယ့် ၀ရန်တာ ကနေ ကြည့်ခွင့် လေးတော့ ပေးသင့် တာပေါ့။ ခုတော့ တအိမ်လုံး ရှိသမျှ တံခါး အလုံ ပိတ်ပြီး မီးချောင်း ကြီးပဲ ဖွင့်ထားတယ်။ ညဆိုလည်း ဧည့်စာရင်း လိုက်စစ်သံတွေ ကြားရတယ်။ ဘွားက တော့ အိမ်ရှေ့က ကြိုက်သလောက် အော် လုံးဝကို ဖွင့်မပေးဘူး။ ဧည့်စာရင်း စစ်ချင်ယောင် ဆောင်ပြီး ၀င်လုတော့ ဘယ်လို လုပ်မလဲ တဲ့။ ခေတ်က ကောင်းတာ မဟုတ်ဘူးတဲ့။ နင့်အဖေလဲ ရှိတာ မဟုတ်ဘူး တဲ့။ အင်းလေ။ ဒါတော့ ဟုတ်ပါတယ်။ တီဗွီထဲက ဇာတ်ကား တွေမှာ ဓားပြတိုက် ခံရတာ ကြောက်စရာကြီး။

မေမေ့တူ ကိုကို လာည အိပ်ပေးလို့ တော်သေးတယ်။ အကိုဝမ်းကွဲ တွေထဲမှာ သူ့ကို အချစ်ဆုံးပဲ။ အမ ကြီး တွေ သူ့ကို လာတွေ့ တာတော့ မုန်းတယ်။ သူ့ဆီမှာ ရည်းစားစာ တွေဆို အများကြီးပဲ။ ကိုကို့ကို ချစ်ကြ တာပဲ ဟာ။ မုန်းကြ တာမှ မဟုတ်တာ။ ချစ်ကြ ပါစေ ညီမလေးရဲ့ တဲ့။ သိပ်အမြင် ကပ်တာပဲ။ သူတို့ အကိုကို သူတို့ ချစ်ပါလား။ ဘာလို့ သူများ အစ်ကိုကို လာချစ်လဲ။ တစ်ခုတော့ ရှိတယ်။ ငါ့ကိုကိုက သိပ်ချောတာ။ တက္ကသိုလ်မှာ အချောဆုံး ဆုရ တယ်တဲ့။ ကင်းလို့ ခေါ်တယ်တဲ့။ သူတို့ အကိုတွေက ရုပ်ဆိုးလို့ ဖြစ်ချင် ဖြစ်မယ်။ ငါ့မှာ ငါ့ကို ပန်းချီ ဆွဲပြတာ၊ တက္ကသိုလ် အကြောင်းကို ပြောပြတာ၊ ရီစရာတွေ ပြောပြတာ၊ ငါ့ကို လက်ဆွဲပြီး ငါသွားချင်တဲ့ နေရာတွေ ဘုရားတွေ လိုက်ပို့တာ၊ ငါးစာတွေ သွားကျွေးရင် အဖော် လုပ်တာ ဒီအစ်ကိုပဲ ရှိတာ။ ခုလဲ အမကြီး တစ်ယောက်နဲ့ ချိန်းထား လို့တဲ့။ မသွား ရဘူး ဆိုတာကို နောက်ဖေး ၀င်နေတုန်း လစ်ထွက် သွားတယ်။ ညမှ ပြန်ရောက် မယ် ထင်ပါရဲ့။ ညနေတောင် စောင်းနေပြီ။ ညနေ ၅နာရီ ၂၀ရှိပြီ။ ပြန်လာမှ တွေ့မယ်။

ဟော .. လေယာဉ်ပျံသံတွေ ကြားတယ်။ ခါတိုင်း မကြားဖူး ပါဘူး။

ဟဲ့မြေး အိမ်တံခါးမ တွေရော ပြတင်းပေါက်တွေရော လိုက်ပိတ်စမ်း

အာ ဘွားဘွားကလဲ .. ဘာလို့လဲ

ဝေါ….. ဒုန်း… ဒက် ဒက် ဒက် ဒက် ဒက် ဒက် ဒက် ဒက်

ဘွားရေ…. ကြောက်တယ် ဘာဖြစ်တာလဲ

ရဟတ်ယာဉ် ပေါ်ကနေ စက်သေနတ်နဲ့ ပစ်တဲ့အသံ.. အဲဒီ နေရာတင် ၀ပ်နေ.. မလှုပ်နဲ့..

ဘွားလဲ ၀ပ်နေလေ..

ဝပ်ရင်းနဲ့ ရေချိုးခန်း ထဲသွား.. အုတ်ကန် ရေထုတ်ထားတယ်.. အဲဒီထဲ ၀င်နေ

ဟုတ်ကဲ့ ဘွား… ဘွားကရော လာလေ

ငါ တံခါးတွေ လိုက်ပိတ်ဦးမယ်

ဟာ.. ဘွားကလဲ .. ဒါဆို သမီးလဲ ပြတင်းပေါက်တွေ လိုက်ပိတ်မယ်

ဒက် ဒက် ဒက် ဒက် ဒက် ဒက် ဒက် ဒက်

ဘွားရေ

လာ.. ပြောစကားကို နားမထောင်ဘူး။ တံခါးတွေ မဖွင့်ပါနဲ့ ဆိုတာ

ပိတ်လိုက်ရင် မှောင်သွားမှာပေါ့

မီးဖွင့်ပေါ့ဟဲ့

မီတာတက်မှာ စိုးလို့

နင့်အဖေလို ကပ်စေးပဲ နဲနေ.. နင့်အသက်နဲ့ မီတာခ ဘယ်ဟာ ပိုတန်လဲ

တဆတ်ဆတ် တုန်နေတဲ့ လက်က ည ၈နာရီ ကျော်တဲ့ အထိ တုန်တုံး.. စောစောက ဖြစ်သွားတာ တွေကို ပြန်ချ ရေးနေတာ လက်ရေး တွေလဲ ရင်ခုန်သံတွေနဲ့ အတူ ခုန်ဆွ ခုန်ဆွနဲ့။ ဘွားက ဘာလို့ တံခါးတွေ ပိတ်ထားလဲ ဆိုတာ ခုမှ သိတော့တယ်။ စောစောက ကြိုပြော ထားပါလား ဆိုတော့ နင် အမြဲ လန့်နေမှာ စိုးလို့တဲ့။ ဘွားက ဘယ်လိုလုပ် သိလဲ ဆိုတော့ သူငယ်ငယ်က ဒုတိယ ကမ္ဘာစစ်က ဒီထက် ဆိုးသတဲ့။ ခုရော စစ်ဖြစ်တာလား ဆိုတော့ ဘွားက ဘာမှ ပြန်မပြောဘူး။ သိပ်သိ ပုံလဲ မရဘူး။ သူမှ အပြင် မထွက် တာ။ သူပုန်တွေ ၀င်လာ တာလား ဆိုတော့ မဟုတ်နိုင် ဘူးတဲ့။ မေးမယ့်သာ မေးရတာ မဖြစ်နိုင်ဘူး။ ရုပ်ရှင်ထဲမှာ သူပုန်နဲ့ စစ်တပ် ပစ်ရင် အပြန်အလှန် ပစ်ကြ ခတ်ကြတာ။ ခုနက ပစ်ပုံက တဖက်သတ်ကြီး။ ပြန်ပစ်သံ မကြားရဘူး။ ဘယ်သူတွေကို ပစ်တာလဲ ဆိုတော့ ဆန္ဒပြတဲ့ လူတွေကို ပစ်တာ ဖြစ်မယ်တဲ့။ ဒါဆို မတရားဘူး။ ဆန္ဒပြတဲ့ သူတွေမှာ မြှောက်မြှောက် ပြနေတာ လက်သီးဆုပ်။ သူတို့ လက်သီးဆုပ် ထဲမှာ ဘာမှ မရှိဘူး။ လက်သီးဆုပ်ကို မြှောက်ပြလို့ ရဟတ်ယာဉ် ပေါ်ကနေ စက်သေနတ်နဲ့ ပစ်တာ ကတော့ လွန်လွန်းတယ်။ တရား မျှတမှု မရှိဘူး။ ဒါနဲ့ ကိုကိုရော.. ခုထိ ပြန်မလာဘူး။ ဒီည ကိုကို ပြန်မလာဘူး။ ဒါဆို.. ကိုကိုရော.. ဘယ်ရောက်သွားလဲ.. ကိုကိုရယ် ပြန်လာပါ။ ဒီလို အချိန်မှာ အမကြီး တွေနဲ့ လျှောက် လည်တာ ဟုတ်ပါ့မလား။ ညာပြော တာလား။ ကိုကိုက တက္ကသိုလ် ကျောင်းသား ဆိုတော့ ဆန္ဒပြ တာလဲ တက္ကသိုလ် ကျောင်းသား တွေပဲတဲ့။ အမကြီးတွေနဲ့ လျှောက်လည်ချင်လဲ လျှောက်လည်ပါ။ နောက်ဆို အပြင် သွားခါနီး ဖိနပ်ဖွက် ထားတာ မလုပ်တော့ ပါဘူး။ ရည်းစား စာတွေ ဆွဲဖြဲ ပစ်တာ မလုပ်တော့ ပါဘူး။ ပြန်တော့ လာပါ။ စက်သေနတ်နဲ့ ပစ်ခံရတဲ့ အထဲ ပါမသွား ပါစေနဲ့။ ဘယ်လို ဖြစ်ဖြစ် ပြန်လာပါ။ ကိုကို ဘာမှ မဖြစ်ပါစေနဲ့။

No comments: