Sunday, July 8, 2007

ကိုယ့်ကိုယ်ကိုချစ် လူအစစ်

ကျွန်မသည် ပတ္တမြားမြို့သစ်၊ ရွှေဥမင်တောရ ဓမသုခရိပ်သာ အတွင်းတွင် မကြာသေးမီကမှ ဘ၀နတ်ထံ ပျံလွန်တော် မူသွားပြီဖြစ်သော ရွှေဥမင်ဆရာတော် ဘုရားကြီး၏ ကြွင်းကျန်တော် မူခဲ့သော သုံးမျိုး၊ သုံးစား သော ဓါတ်တော်များကို ဖူးမြော်ကြည်ညိုရင်း လွန်ခဲ့သော အတိတ်ကာလက ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူခဲ့သော သြ၀ါဒစကားများကို ပြန်လည်ကြားယောင်လာခဲ့မိပါသည်။

တန်ဆောင်မုန်းလပြည့်နေ့တွင် ကျွန်မသည်သူငယ်ချင်းဖြစ်သူ နှင့်အတူ ရွှေဥမင်တောရသို့ သွားရောက်ပြီး ကထိန်လျာ သင်္ကန်းများနှင့် လှူဖွယ်ဝတ္တုများကို ဆရာတော် ဘုရားကြီးအား ကပ်လှူခဲ့ပါသည်။ “တပည့်တော်တို့နှင့် သင့်လျော် သော တရားတော်များကို ချီးမြှင့် ပေးသနား တော်မူပါဘုရား” ဟု လျောက်ထားရာ ဆရာတော်ဘုရားကြီးက ကျွန်မတို့ အား ကြည့်ရှု အကဲခတ်ရင်း...

“အင်း..ပညာတတ် လူငယ်တွေပဲ၊ အရိပ်ပြရင် အကောင် ထင်မှာပါ။ ပုံပြင်လို့ပဲ ထားပါ တော့။ လူနှစ်ယောက်ရှိတယ်။ တစ်ယောက်က ပျားရည်သည်၊ နောက်တစ်ယောက်က ပျားရည် ၀ယ်မယ့်သူ ဖြစ်တယ်။ ပျားရည်သည်က သူ့ပျားရည်စစ်လို့ ဈေးကြီးတယ်တဲ့။ ပျားရည် ၀ယ်မယ့်သူက ဈေးကြီးပါစေ၊ ပျားရည်သာ စစ်ရင် ၀ယ်မယ်၊ ပျားရည်စစ်မစစ် စမ်းတဲ့နည်းတွေ အများကြီးရှိတယ်။ အလွယ်ဆုံးနည်းက ခွေးကို ကျွေးကြည့် မယ်။ ပျားရည်ကချိုပေမယ့် သိပ်ပူလို့ပျားရည်စစ်ရင် ခွေးမစားနိုင်ပါဘူး။ ပျားရည်သည် ကလည်း ကြိုက်တဲ့နည်း နဲ့ စမ်းပါတဲ့။ ဒါကြောင့် ပျားရည်ဝယ်မယ့် သူက သူ့ခွေးကို ပျားရည် ကျွေးကြည့်ပါတယ်။ခွေးကလည်း စားပါတယ်။ သည်တော့ ပျားရည်ဝယ်မယ့်သူက ပျားရည်သည်ကို မင်းပျားရည်က မစစ်လို့ခွေးစားတယ်။ ဒါကြောင့်မ၀ယ်နိုင်ဘူး လို့ပြောပါတယ်။ သည်တော့ ပျားရည်သည်က ငါ့ပျားရည်ကစစ်တယ်။ မင်းရဲ့ခွေးက မစစ်တာ လို့ပြန်ပြောပါတယ်။ သည်တော့ ပျားရည် ၀ယ်မယ့်သူဟာ ပျားရည်သည်နဲ့ကိုယ့်ခွေး စစ်ကြောင်း ဖက်ပြိုင်ငြင်းပြီး နေစရာ လိုပါဦးမလား။ ပျားရည်မစစ်ရင် မ၀ယ်တော့ရုံပါပဲ။ ကိုယ့်ခွေးက ခွေးစစ်ကြောင်း ဖက်ပြိုင်ငြင်းနေစရာ မလိုတော့ပါဘူး။ အများညီရင် ဤကိုကျွဲလို့ ဖတ်လို့ရတယ် ဆိုပေမယ့်လည်း ကျွဲကြီးကို ဤ လို့ပြောတိုင်း ကျွဲကြီးကတော့ ပုံပြောင်းမသွားနိုင်ပါဘူး။ ပျားရည်သည် များကစုပြီး မင်းရဲ့ခွေးက မစစ်တာလို့ ၀ိုင်းပြောတိုင်းလည်း သက်ရှိခွေးက အစစ်ကနေ အတု ဖြစ်မသွား နိုင်တဲ့အတွက် ပျားရည်ဝယ်မည့်သူဟာ ဘာမှ ကြောက်ရွံ့ အားငယ်နေစရာ မလိုပါဘူး။ ဒါပေမယ့် ပျားရည်ကတော့ မစစ်ရင် ခွေးစားခံရပါမယ်။ လူဆိုတာလည်း လူမစစ်ရင် ငရဲခွေး စားခံရပါလိမ့်မယ်။ လူစစ်မစစ် သိချင်ရင် ကိုယ့်ကိုယ်ကို ချစ်မချစ် ကြည့်ရုံပါပဲ။ ကိုယ့်ကိုယ်ကိုချစ် လူအစစ်တဲ့။ အဲဒါဟာ အတ္တကြီးတာကို ဆိုလိုတာ မဟုတ်ပါဘူး။ လူတွေဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ ဆိုကြပေမယ့် တကယ်တော့ ခံစားစရာအာရုံ ငါးပါးကိုပဲ ချစ်နေကြတာပါ။ ကိုယ့်ရောဂါနဲ့ မတည့်တာ တွေကို စားတယ်။ အန္တရာယ်ရှိတဲ့ ခရီးကို သွားတယ်။ လတ်တလော အဆင်ပြေရင် ပြီးရော သံသရာ နစ်မွန်းကြောင်း မကောင်းမှုတွေကို လုပ်တယ်ဆိုရင် ကိုယ့်ကိုယ်ကို ချစ်ရာမရောက်ဘဲ နှစ်ရာ ရောက်ပါတယ်။ ကိုယ့်ကိုယ်ကို မချစ်လို့လူမစစ်ရင် ငရဲခွေးစားပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုချစ်ရင် လူကောင်း လူတော် ဖြစ်အောင် ကြိုးစားရမယ်။ သက်ရှည်ကျန်းမာအောင် နေထိုင်ရမယ်။ နောင်ဘ၀မှာ သုံးဆယ့်တစ် ဘုံရဲ့ အောက်ဆုံးဘုံများဖြစ်တဲ့ အပါယ်လေးပါး မကျရောက်အောင် ငါးပါး သီလကို စောင့်ထိန်းရမယ်။ သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ရာမှန် မြတ်နိဗ္ဗာန်ကို ဧကန်ရောက်ဖို့ ၀ိပဿနာ ဘာဝနာများ ပွားများ အားထုတ် ကြရမယ်” ဟု ဆိုဆုံးမတော် မူခဲ့ပါသည်။

အနည်းငယ်မျှသော ကိန်းဂဏန်းဖြစ်သည့် ငါးပါးတည်းဟူသော သီလတွင် မုသာဝါဒကံကိုချိုးဖောက်ခြင်း ခေါ် လိမ်ညာခြင်းသည် အပြင်းထန်ဆုံး၊ အပြစ်အကြီးဆုံး သီလပင် ဖြစ်ပါသည်။ ကျွန်မတို့ဧ။် မြတ်စွာဘုရားရှင် သည် ဘုရားဖြစ်ရန် ပါရမီဖြည့် ကျင့်ခဲ့ရသော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံးတွင် ငါးပါး သီလတွင် မုသာ ၀ါဒမှတပါး ကျန်သီလလေးပါးကို ရံဖန်ရံခါ ချိုးဖောက်ခဲ့ဖူးပါသည်။ သူရာ မေရယကံကို သေသောက်ကြူးဘ၀က ကျူးလွန်ရင်း ကာမေသု မိစ္ဆာစာရကံကို ကျူးလွန်ခဲ့သဖြင့် စိဉ္ဇမာဏ၀ိကာ ပရဗိုဇ်မ လောင်းလျာဧ။် ရန်ကြွေး ဆုတောင်းကြောင့် ကလဲ့စားချေ ခံခဲ့ရခြင်းဖြင့် ၀ဋ်လည်တော်မူခဲ့ရပါသည်။ ပြုသူအသစ်၊ ဖြစ်သူအဟောင်း ပေတည်း။ ပါဏာတိ ပါတကံနှင့် အဒိန ဒါနကံ တို့ကိုလည်း ခိုးသူကြီး ဘ၀ နက္ခတ် ကြုံသောကြောင့် ဖြစ်ခဲ့ပြီး ကျူးလွန်ခဲ့ သော်လည်း လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး မုသာဝါဒကံကို စိုးစဉ်းမှ မကျူးလွန်ခဲ့ပါ။ ဗုဒ္ဓ၀ါဒသည် သစ္စာလေးပါး အမှန်တရားကို ရှာဖွေသောဝါဒ ဖြစ်သောကြောင့် အမှန်တရားကို ဖုံးကွယ်သော မုသာဝါဒကို ကျူးလွန်ခဲ့ပါလျှင် နိဗ္ဗာန်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သော သံသာရ၀ဋ ဒုက္ခတောဟု ဆိုအပ်သော သံသရာဝဲ စုပ်သောကြောင့် ဒုက္ခ ဆင်းရဲ အပေါင်း စုစည်းရာ အပါယ်ဘုံမှ မလွတ်တော့ဘဲ ၀ဲစုပ်ရာ နောက်သို့ လိုက်ပါသွားရလျှင် နောင်တဖန် ဘုရားဖြစ်အောင် ကြိုးစားဖို့ အခွင့်မသာနိုင်တော့ပါ။ ထို့ကြောင့် ဗျာဒိတ်ခံယူတော် မူသောဘ၀ မှစပြီး ဘုရားဖြစ်တော်မူပြီး ပရိနိဗ္ဗာန် ပြုပြီးချိန်အထိ မုသာဝါဒကံကို လုံးဝ ကျူးလွန်တော် မမူခဲ့ပါချေ။

မုသာဝါဒဆိုသည်မှာ လိမ်ညာ ပြောဆိုခြင်း ဟူသော ရိုးစင်းလွန်းသော အဓိပ္ပာယ် တစ်ခုတည်း မဟုတ်ပါ။ လှည့်ဖျား ခြင်း၊ သွေးဆောင် ဖြားယောင်းခြင်း၊ သွေးထိုးခြင်း၊ သူတပါး နာမည် ဂုဏ်သတင်း ထိခိုက်အောင်၊ ပျက်စီးအောင် ကြိုးစားခြင်း၊ စော်ကား စောင်းမြောင်း ပြောဆိုခြင်း၊ သူတပါးဧ။် ဂုဏ်သိက္ခာနှင့် အကျင့် စာရိတ္တကို အခြားလူများ အထင်လွဲအောင် ပြောဆိုခြင်း စသည်ဖြင့် များစွာ အကျုံးဝင်ပေသည်။ ကျေးဇူးတော်ရှင် မြတ်စွာ ဘုရားရှင်သည် ဘုရားအဖြစ်သို့ ခံယူတော်မူပြီး ချိန်မှစပြီး သုဂတော ဂုဏ်တော် နှင့်အညီ "ကျိုးရှိဟုတ်မှန် သူခံသာသော စကားနှင့် ကျိုးရှိဟုတ်မှန် သူမခံသာသော စကား" နှစ်ပါးတည်း ကိုသာ မိန့်ကြားတော် မူခဲ့ပါသည်။ အရယ်အရွှမ်း စကား တစ်ခွန်းတစ်လေ မျှပင် မိန့်ကြားတော်မမူခဲ့ပါပေ။ ဘုရားဟူသော ဝေါဟာရဧ။် အဓိပ္ပာယ်မှာ "တစ်ခွန်းတည်းသော အမှန်စကားကိုသာ မိန့်ကြားတော်မူသော သူ" ဟုဖြစ်ပါသည်။ သို့ဖြစ်သောကြောင့် သံသရာ ၀ဲစုပ်ခံရမည့် ဘေးမှ ကင်းဝေးစေရန် သီလလုံခြုံပါမှ ကိုယ့်ကိုယ်ကို ချစ်ရာရောက်ပါမည်။

ရွှေဥမင်ဆရာတော်ဘုရားကြီးသည် 2002ခုနှစ် နိုဝင်ဘာ 21ရက်နေ့တွင် ပရိနိဗ္ဗာန် ၀င်စံ တော်မူပြီး ဖြစ်သောကြောင့် နိုဝင်ဘာ 26ရက်နေ့ အန္တိမအဂ္ဂိ ဈာပန သဘင် ဆင်ယင် ကျင်းပရာတွင် သုံးမျိုးသော ဓာတ်တော်များ ကြွင်းကျန်တော် မူခဲ့ပါသည်။ ဆရာတော် ဘုရားကြီးဧ။် ဆုံးမသြ၀ါဒ တရားများကို နောင်တွင် နာကြားရ တော့မည် မဟုတ်သည်ကို တွေးမိသောကြောင့် ၀မ်းနည်းကြေကွဲစွာ ကျလာရသော မျက်ရည်တို့ဖြင့် စိုရွှဲနေသော လက်ဆယ်ဖြာ ထိပ်မှာ မိုးကာ ရှိခိုး ကန်တော့ရင်း ၀ဋ်ဆင်းရဲ အဖြာဖြာ ဆင်းရဲ အဖုံဖုံမှ ကင်းငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့ ကြွလှမ်းတော် မူသွားပြီဖြစ် သော ဆရာတော် ဘုရားကြီးဧ။် ဓာတ်တော် မွေတော်များကို ပူဇော်ရင်း ဆရာတော် ဘုရားကြီး ပျံလွန်တော် မမူမီ အချိန်လေးတွင် ကပ်ပြီး တရားအားထုတ်ခွင့် ရလိုက်သည်မှာ တော်ပါသေးရဲ့ဟု ဖြေသိမ့်လျက် ဆရာတော် ဘုရားကြီး ဧ။် သြ၀ါဒကို ခံယူလျက် ကိုယ့်ကိုယ်ကိုချစ် လူအစစ်ဖြစ်အောင် ကြိုးစားပါမည်။ ဆရာတော် ဘုရားဧ။် နောက်သို့ မကွေ့မကောက် ဖြောင့်ဖြောင့် လိုက်ခဲ့ပါမည် ဘုရား ဟုဝန်ခံရင်း ကြွင်း ကျန်ရစ်သော ဓာတ်တော်တို့ကို ရှိခိုးကန်တော့ ခဲ့ကြရပါတော့သည်။

(၀န်ခံချက်။ ။ ဆရာတော်ဘုရားကြီးဧ။် သြ၀ါဒများကို အပိုအလို မရှိ မူရင်းအတိုင်း ရေးသား ပူဇော် အပ်ပါသည်။ စာရေးသူဧ။် ကြံစည် တွေးတော ဖြည့်စွက် ရေးသားမှု မပါရှိပါ။)
၂၀၀၃ခုနှစ် သီလ၀ဘာသာရေးမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဆောင်းပါးကို ပြန်လည်မျှဝေပါသည်။

No comments: