Sunday, September 5, 2010

လွမ်းလိပ်ပြာတို့ အိမ်ပြန်ချိန်

လွမ်းတယ်… လွမ်းလိုက်တာကွယ်…
တမာမြေက အညာလေကို လွမ်းတယ်
ပုဂံလမ်းက ဦးဆောက်ပန်းကို လွမ်းတယ်
ညောင်ဦးကမ်းပါးက ဘူးဘုရားကို လွမ်းတယ်
ပုပ္ပားတောင်မြတ် စကားဝါနံ့တွေကို လွမ်းတယ်
သနပ်ခါး ပါးကွက်ကျား အညာသူများကို လွမ်းတယ်

အင်းလေးမှာမြူး ခြေနဲ့လှော်တဲ့ အင်းဆားကူးကို လွမ်းတယ်
ပအို့ဝ်မြေက မနောဖြူအူစင်း နောင်ဗိန်ကတဲ့ သွေးချင်းတွေကိုလွမ်းတယ်
ဆည်းလည်းသံဝေ ဘုရားမြေနဲ့ ငြိမ်းချမ်းအေးမြ ပရ၀ုဏ်အလှတွေကိုလွမ်းတယ်
ကန္တာရဆူး ဖုန်ပေတူးနဲ့ နီမောင်းမည်းနက် ရေနံမြေထဲက အသက်တွေကို လွမ်းတယ်
မြစိမ်းရောင်စို လယ်တောတခိုက ငုတ်တုတ် လှုပ်တုတ် စာခြောက်ရုပ်တွေကို လွမ်းတယ်

လွမ်းလွန်လွန်းတဲ့ ကယောက်ကယက် အလွမ်း ကာရံမညီ နရီမကျ မလှပလဲ ကစဉ့်ကလျဲ ပါပဲ
လွမ်းတယ်…

ဝိညာဉ်လိပ်ပြာ လွင့်ပျံသာလျှင်
လွမ်းတပါဘိ မွေးဇာတိကို
လျှင်ခါ ပျံသန်း တွေ့ဖို့ မှန်းသီ
လွမ်းလိပ်ပြာတို့ အိမ်ပြန်ပြီ…

(ကြိုးကြာငှက်တို့ အိမ်ပြန်ချိန် သီချင်းလေးကို ခင်မောင်တိုး သီဆို ထားတာမို့ မြန်မာတော်တော် များများ နားယဉ် နေမှာပါ။ သိပ်ကို သိမ်မွေ့ နူးညံ့တဲ့ လိပ်ပြာတွေလဲ မိုင်ထောင်ချီ ခရီးကို ဖြတ်လို့ အိမ်ပြန်ကြပါတယ်။ သူတို့ကတော့ Monarch Butter flies ပါ။ သူတို့ အကြောင်းကို ဖတ်ရင်း ၀င်မိတဲ့ အတွေးကြောင့် ဒီခေါင်းစဉ် လေး ကို ဖန်တီးလိုက်ပါတယ်။ )

1 comment:

rose of sharon said...

လွမ်းတယ်... အဝေးမှာနေရသူအဖို့ လွမ်းစရာတွေကအများသားနော်