Monday, September 13, 2010

ကျွန်မ သောက်မိတဲ့ ကဲမ်းနောင်မိုင်

မနေ့ညနေက သူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်ပါတယ်။ ကိုယ့်အတွက် ပါတယ် မထင်လိုက် ပါနဲ့... သူငယ်တန်းကြိုကို အဆင့်ကျော် တက်ခွင့် ရတဲ့ သမီးလေး အတွက် ကျောင်းကို ထည့်ပေးဖို့ mineral water နဲ့ ဘောင်းဘီ သွားဝယ် တာပါ။ ဒါပေမယ့် shopping center ရောက်တာနဲ့ ဗိုက်က ဆန္ဒပြတော့ food court ကို အရင် သွားပါတယ်။ ကိုယ်ကတော့ ငပိ ထမင်းကြော် (ခေါင့်ပတ် ကပိ) သမီးလေး အတွက်က ကြက်ဆီ ထမင်း (ခေါင့်မန်ကိုင်) အမျိုးသား ကတော့ ၀က်လက် ထမင်း (ခေါင့်ခါမူ) မှာစားကြတာပေါ့ သူငယ်ချင်း မိသားစု ကတော့ ထိုင်းမှာ အနေကြာ သူတွေ ပီပီ ထိုင်းဟင်း ချိုစပ် ထူးထူး ဆန်းဆန်း တွေ မှာစားကြ ပါရော။ အဲဒီ မှာတင် သူငယ်ချင်း ညီမလေးက အမ မြည်းကြည့် ပါလားတဲ့။ ဟင်းရည် မဲပျစ်ပျစ် တပန်းကန် သယ်လာပါတယ်။ လေးတယ် ခံတွင်း မြိန်တယ် ဒါပေမယ့် နည်းနည်း တက်မယ် နော်တဲ့။ အိစံဟင်း အမ ရဲ့တဲ့။ အိစံ ဆိုတာ လာအို နိုင်ငံက လောရှမ်းလူမျိုးတွေ ကို ထိုင်းတွေ ခေါ်တဲ့ နာမည် ပါ။ လောဝ်ရှမ်း ရိုးရာ ဟင်းရည်ပေါ့.. ဟင်းရည် နာမည်က ကဲမ်းနောင်မိုင်...

တဇွန်းမြည်းကြည့်ပါတယ်။ ဟုတ်ပါတယ်။ လေးပါတယ်။ နည်းနည်းငံပြီး စပ်ပါတယ်။ ဒါပေမယ့် ဆားငံတာမျိုး မဟုတ်ဘဲ ဟင်းရည်က လေးပြီး အရသာ တော်တော် ရှိပါတယ်။ ခံတွင်း လိုက် ပါတယ်။ ဒီတော့ ထမင်းဖြူ တပန်းကန် နဲ့ ကြက်သား ငရုတ်ပွ တပွဲ ထပ်သွားမှာပြီး သူ့ဟင်းနဲ့ မျှစားပါတယ်။ စားရင်း တန်းလန်း မျက်ခွံ လေးလာပါတယ်။ စားသောက် ပြီးတော့ ရေသောက် ဈေးပတ် ပေါ့။ ဈေးဝယ်ဖို့ စိတ်လော နေတော့ ကိုယ့်ကိုယ်ကို သတိမထားမိပါဘူး။ ကျွန်မက အဲလိုပဲ စိတ်ဆောင်နေရင် ရှူးဒိုင်းနဲ့ ယောက်ျားကြီး အားကစား သမားလောက် လုပ်နိုင် ကိုင်နိုင် ပေမယ့် စိတ်လျှော့ပြီး နားလိုက် တော့မှ အရုပ် ကြိုး ပြတ်... အိမ်ပြန်ရောက်လို့ သမီးလေးကို သိပ်ပြီး ပစ္စည်းတွေ နေရာချထားပြီးပြီလဲ ဆိုရော လူက လေးကွက်သိုင်း တင် မကဘူး ရှစ်ကွက် သိုင်းပါ နင်းနေပြီ။


မူးလိုက်သမှ... ငယ်တုန်းက အရက်ကို ဘုန်းဘုန်းအလှူခံလို့ ဖြတ်ချိန် မတိုင်ခင် တရုတ်နှစ်ကူးမှာ Chivas Regal ကို ပုလင်းတ၀က် ကုန်အောင် ကျိတ်တုန်း က ဒီလောက် မမူး ပါဘူး။ အထင်မကြီးပါနဲ့ ကျွန်မသွေးက alcohol resistant ရှိနေလို့ပါ။ ဒါပေမယ့် ဒီဟင်းရည်လေး သောက်ပြီး လူက ဘယ်လိုမှ လမ်းမ လျှောက် နိုင်ဘဲ လေထဲ မြောက်တက် မျောပါ နေသလောက်ကို မူးတာပါ။ ခေါင်းကနေ အခိုးတွေ အူထွက်နေသလို ဦးခေါင်းတခုလုံးက ရှိသမျှ အပေါက်တွေ ကနေ အခိုးတွေ ထွက်နေသလို ခံစားရပါတယ်။ ဒါနဲ့ စိတ်ထိန်း သတိထား အမှတ်လေးနဲ့ သတိ တအား ထားပြီး ရေပူနဲ့ ရေချိုး ပါတယ် မရပါဘူး ခေါင်းပါ လျှော်ပစ် လိုက်ပါတယ်။ မထူးပါဘူး။ ဒါနဲ့ လေမှုတ်စက်နဲ့ ဆံပင် ခြောက်အောင် လေမှုတ်.. ယောက်ျားက လှမ်းအော် ပါတယ်.. ဘယ်လိုတွေ ဖြစ်နေတာ လဲတဲ့။ ဟန်ကိုယ့်ဖို့ ဘာမှ မဖြစ်ဘူးလို့ ပြန်ပြောရင်း facebook ဖွင့်တော့ စာလုံးတွေက ပျံနေတယ်.. ဘယ်ရမလဲ လိုက်ဖမ်း တာပေါ့။ ခေါင်းရေ နင်ကပဲ မူးနိုင် မလား ငါ့သတိ ကပဲ ထိန်းနိုင် မလား ... ကိုယ့်သတိကိုယ် ပြန်စမ်းသပ်ရင်း လျှောက် comment ပေး .. နောက်ဆုံးတော့ Laptop ဘေးတင် စိုက်ကျ သွားပါရော။

ကြာလေ တက်လေ ကြာလေ မူးလေ တရိပ်ရိပ်နဲ့ တက်လာ တာများ အသက်ပါ ပါသွားမလားပဲ။ ယောက်ျားက ပွစိပွစိနဲ့ ဆူပူပြီး အိပ်ရာပေါ် ဆွဲတင် တာ တောင် ခေါင်းမပြောနဲ့ လက်ညှိုး တောင် မထောင် နိုင်လောက် အောင်ပါပဲ။ ဇက်ကြောတွေ နားထင်တွေကို ဆေးတွေ လိမ်းပေးပြီး စောင်ခြုံ ပေးတာ တွေကို သိနေပေမယ့် ဘာမှ ပြန်မလုပ် နိုင်ပါဘူး။ မနက် ၂ချက် ခွဲလောက် တရေးနိုးတော့ နာရီလေး ဘာလေး ထကြည့် နိုင်ပြီ။ ရေကို ကိုယ့်ဖာသာ ထသောက်နိုင် လာပြီ။ ဒါပေမယ့် ယိုင်ထိုး နေတုန်း။ နေ့လည်စာ စားခါနီး အချိန် အထိ မူးပြီး အာရုံ ကောင်းကောင်း မစိုက် နိုင်သေး။ ခု စာရေးနေတဲ့ ည အချိန် ရောက်မှ သေချာ ကြည်လင်ပါတော့တယ်။


ဒီလောက် မူးအောင် ဒီဟင်းရည်ထဲ ဘာတွေ ပါလို့လဲ ဟုတ်လား။ ပါတာတွေက


မျှစ်၊ မှိုမွှား၊ ကြွက်နားရွက်မှို၊ ရွှေဖရုံသီး၊ ခ၀ဲသီး၊ ဆူးပုပ်ရွက်၊ ပင်စိမ်းရွက်၊ ဂျင်း၊ ငပိရည်နဲ့ ဂဏန်း ငပိကောင်


ဟုတ်တယ်.. မသေကောင်း မပျောက်ကောင်း... မှတ်ထားတယ် ဒီဟင်းရည် နာမည်က ကဲမ်းနောင်မိုင်... ဝေးဝေးကရှောင်ဖို့။

3 comments:

သက်ဝေ said...

အဲဒီ ဟင်းရည်မှာပါတဲ့ Ingredient တွေကို ဖတ်မိတော့မှ.... ဘုရား တသိန်းတ ပြီး...

နောက်ကို တွေ့တိုင်း မစားပါနဲ့ ညီမရယ်...
လိမ်မာတယ်နော်....း))

Anonymous said...

ဘုရားဘုရား..ကြီးတော်ေ၇.. တက်စာတွေကြီးပဲစုထားတာကိုးဟ...
ရှင်မသေကောင်းမပျောက်ကောင်း..။ သွေးဆောင့်တိုးပီးသေမှ ဟုတ်ပေ့ဖြစ်နေမယ်။

ဒါမဲ့ သူတို့တွေရောင်းတယ်ဆိုတော့ သူတို့စားရင်ဘာမှမဖြစ်ကြလို့နေမယ်ထင်တယ်။

နောက်မစားနဲ့တော့..။အစားကို ကိုယ်ကဆင်ခြင်မှ အသက်ကို ဥာဏ်စောင့်မှာ။ ဟီး...ဒါနဲ့ စားတုန်းကတော့ အရသာရှိလားဟင်။


myatnoe

သိင်္ဂါကျော် said...

တော်သေးတာပေါ့ အိမ်ရောက်မှ မူးလို့..
သွေးတက်တာ ဖြစ်နိုင်တယ်..