Saturday, August 28, 2010

နိုင်ငံခြားမှာ မြန်မာလို ပြောတော့မယ် ဆိုရင်

ကျွန်မ တွေ့ဖူး သလောက် မြန်မာတွေလေ … နိုင်ငံခြားများ ရောက်ပြီ ဆိုရင် ကိုယ့်တိုင်းပြည်မှာ အကြောင်း အမျိုးမျိုးကြောင့် ပိတ်ထားခဲ့ရတဲ့ ပါးစပ်တွေ အာပေါင်အာရင်းသန်သန် ပွင့်ပြီးသကာလ အရိုးမရှိတဲ့လျှာကို မော်တာ တပ်ပြီး မြန်မာလို အားရပါးရ ကျယ်ကျယ် လောင်လောင် ရှေ့နောက် မကြည့် စတမ်း ပြောတတ် ကြပါ တယ်။ (ထိုင်း ရောက် ရွှေ့ပြောင်း အလုပ်သမားတွေ မပါ။ မြန်မာမှန်း သိရင် ထိုင်းရဲက ဖမ်းပြီး ငွေရှာတတ် လွန်းလို့ ဘောလုံး ပွဲ ရာသီ ဆိုရင် လမ်း တောင် မထွက်ရဲ ကြပါဘူး။ ဘောလုံးပွဲ လောင်းကြေးရှုံးထားတဲ့ ထိုင်းရဲ တွေက အချိန်ပို ဆင်းတတ် လို့ပါ)။ ထင်ကြတာ ကတော့ နိုင်ငံခြားမှာမို့ တခြားလူတွေ ကိုယ့်စကား နားမလည် တာမို့ ပြဿနာ မရှိလောက်ဘူး ထင်ပြီး စိတ်ချလက်ချ ပြော လိုက် ကြတာ ပါပဲ။ ပိုဆိုးတာ နိုင်ငံခြား ရောက်ခါစ ယောက်ျားလေး တွေပါ။ မြန်မာပြည်မှာ တည်းက မိန်းကလေးမြင်လိုက်ရင် နှမသားချင်း မစာနာ တတ်ဘဲ ပါးစပ် အရသာခံ အမျိုးမျိုး နောက်ပြောင် အသားယူ ပြောဆိုတတ်တဲ့ လူတွေ အဆိုးဆုံး။ ကိုယ့် ရှေ့က ဖြတ်သွားရင် ထိုင်းမှန်း မသိ မြန်မာမှန်း မသိနဲ့။ ရမ်းသမ်း ပြောပါ လေရော။ ခဏခဏ နားကြားပြင်း ကတ်လောက်စရာ ကြုံရ ကြားရ ပါတယ်။ ထိုင်းရောက်တာ အနေကြာတဲ့ လူများ ကျတော့ တီဗီထဲ ကင်မရာ တချက် ရမ်းလိုက်ရင် တောင် ဒါ ထိုင်း လား မြန်မာလား ထိုင်းရောက်တာ ကြာနေတဲ့ မြန်မာ လား မြန်မာပြည်မှာ အနေကြာတဲ့ ထိုင်း လား ဆိုတာအထိ သိပါတယ်။ ဒီတော့ ဆင်ခြင်ကြပါတယ်။ အတွေ့အကြုံ တွေ များနေမှကိုးး။

အဲ ခွန်မြလှိုင် ဒီလောက် နိဒါန်းချီနေတာ ဘာလို့ပါလိမ့် ဆိုတော့ ကိုယ်တွေ့လေးတွေ ပြောချင်လို့ပါ။ တရက်သား ဘန်ကောက် မှာ ကွန်ပြူတာ စီးတီးလို့ ခေါ်နိုင်တဲ့ ပန်တစ် ပလာဇာကို အသွား ခင်ပွန်းသည်နဲ့ လမ်းသွား ရင်း ခပ်တိုးတိုး တွတ်ထိုးနေတုန်း နောက်ကနေ ခင်ဗျားတို့က မြန်မာ တွေလား ဆိုလို့ လှည့်ကြည့်လိုက်တာ လား လား အမေရိကန် ဘိုးတော်ကြီးပါ။ တော်တော် များ မြန်မာလို တတ်သလား ဆိုတာ သိချင်လို့ မဟုတ်ဘူး တရုတ် ဆို တော့ သြော် ကကတစ်ကိုးတဲ့.. နောက်တာနော် ကပြား လို့ ပြောတာတဲ့။ လင်မယား ၂ယောက် တယောက် မျက်နှာ တယောက် ကြည့်ရင်း ခေသူမဟုတ်ဘဲကိုး လို့ တပြိုင်နက် ပြောမိ တော့ သူက ရယ်လို့။ ခင်ဗျား မြန်မာစာ ဘယ်မှာသင်လဲ မေးရင်း အတူ စကားပြောရင်း လမ်းဆက်သွားဖြစ်ပါတယ် သူကလဲ ပန်တစ် ကိုပဲ သွားမယ် ဆိုတာကိုးးး ခင်ဗျား နာမည် ဘယ်သူလဲ ဆိုတော့ ဘစောဖြူတဲ့။ အမယ် ခင်ဗျားက မြန်မာ နာမည် တောင် ရှိနေမှပဲ ဆိုတော့ ရခိုင် နာမည်ပါ ခင်ဗျတဲ့။ အဲလို အဲလို… အဲဒီက စပြီး နေ့ပြော နောက်တင် မက ပတ်ပတ်လည် အကုန် ကြည့် လို့ ကိုယ့်ကိုယ်ကို ဆုံးမ လိုက်မိ ပါတယ်။

နောက်တခါက ဘတ်စ်ကား စီးရင်း ခင်ဗျ… ဒီတခါက မြန်မာ မိန်းကလေး ၂ယောက်ပါ။ ကားပေါ် ပါလာတဲ့ ရုပ်ဆိုးဆိုး ပါးမြိုင်း မွှေးတွေ နှုတ်ခမ်းမွှေးတွေနဲ့ ကုလားကြီးကို ဟဲ့ ဟိုမှာ နင့်ချစ်ချစ် ဘာညာနဲ့ အချင်းချင်း နောက်ပြောင်ပြီး ခပ်တိုးတိုး တွတ်ထိုး ပြီး အပြန်အလှန် စနောက် နေပါတယ်။ မခံချင်အောင်ကို ပေးစားပြီး စနောက်နေကြ တာပါ။ ခပ်တိုးတိုးပေမယ့် ကြားနေရ ပါတယ်။ မှတ်တိုင်တော်တော်များများကို ဖြတ်ကျော်လာပြီး ဂိတ်ဆုံးခါနီးအထိ တရစပ် နောက်ပြောင်လာတာပါ။ အဲ မှတ်တိုင် တခုကို ရောက်ခါနီး ကုလား အဖိုးကြီး ထိုင်ရာ က ထရော ဟဲ့ နင့်ချစ်ချစ်ကို နှုတ်ဆက်လိုက်လေ ဆိုပြီး ထပ်အစမှာ ကုလား အဖိုးကြီးက ကဲ ချစ်ချစ်တို့ ကိုယ်ဆင်းတော့မယ်နော် ဆိုပြီး မြန်မာလို ပီပီသသကြီး နှုတ်ဆက်ပြီး ဘတ်စ်ပေါ်က ဆင်းသွား ပါရော။ ကိုယ့်မှာ အိတ်ထဲက စာအုပ် ကမန်းကတန်းထုတ်လို့ မျက်နှာကို အုပ်ရင်း ရီလိုက်ရတာ။ မချော ၂ယောက် သားတော့ တော်တော်ကို အီစိမ့် ကျန်ခဲ့ပါတယ်။

အဲ နောက်တခါ အီစိမ့်သွားတာကတော့ ခွန်မြလှိုင် ကိုယ်တိုင်ပါပဲ။ ဘန်ကောက်ကနေ ချင်းမိုင် အလာ လေယာဉ် ပေါ် စတက် တည်းက တောသားမြို့ရောက် ဒီဇိုင်းနဲ့ တရုတ်ရုပ် မြန်မာ နိုင်ငံသား ငါးယောက်ကို အုပ်လိုက် တွေ့ပါတယ်။ ထိုင်း ဆိုတာက သိတဲ့အတိုင်း လူရှုပ် အုပ်စုရှုပ်မို့ ကျွန်မက အပေါင်းအသင်း များများ မထားရဲပါဘူး။ တော်ကြာ ကိုယ်ပေါင်းမိတဲ့ ၂ယောက်က ထောက်လှမ်းရေးနဲ့ သူပုန် ဖြစ်နေမှာ ကြောက်လွန် လွန်းလို့ပါ။ ဒီတော့ မျက်မှန်းတန်းမိရုံ တချက် ကြည့်ပြီး ခပ်တည်တည် ဆက်နေပါတယ် သူတို့ကတော့ ကျွန်မ ကို တအံ့တသြကြီး ကြည့်လို့… ပြဿနာတော့ လာတော့မယ် လို့ စိတ်ထဲက ခပ်ထင့် ထင့် တွေးရင်း တခရီး တည်း စီးလာလိုက်တာ ချင်းမိုင် လေဆိပ် အရောက် မနေနိုင်တဲ့ ကောင်လေး တယောက် လှမ်းပြော လိုက်တဲ့ စကားကြောင့် ကျွန်မ ထမရိုက်မိအောင် စိတ်ထိန်းရင်း ခပ်မြန်မြန်ပဲ လေဆိပ်ထဲက ထွက်လာရကြောင်းပါ။ ပြောလိုက် တဲ့ စကားက

မျက်နှာလေးက နုသလောက် မိန်းကလေး ပီသသလောက် အရပ်ကြီးနဲ့ လူကောင်ကြီးက နည်းတာကြီး မဟုတ်ဘူးနော်။ အခြောက် ကြီးလား မသိဘူး …. တဲ့

ပိန်လှီ ပုသေး ဖြတ်ဖောက်ချုပ်လေးတွေနဲ့ ညားမယ့် အူတူတူ ငကြောင်လေးတွေ…

ဟွန်းဟွန်းးး ဆင်ခြင်နိုင်လွန်းမှ တော်ရုံ ကျမယ်နော…

4 comments:

ချစ်ကြည်အေး said...

ငါ့ညီမ နုထွားကြီးကို အဲလိုပြောသွားကြသလား.... ဟဟ...သနားစရာလေး...အမသာဆို တခုခု ပြန်ပြောမိလားပဲ....:)

icecubebar said...

ဟားဟားရီရတယ်အစ်မရယ်။ ကျွန်မလဲ အဲ့ဒီလိုခံရဘူးတယ်။့  ကျွန်မက man T-shirtတွေ ဝတ်လေ့ရှိတယ်။ လူဆိုဒ်ကလဲ ယောကျာ်းလိုပုံမျိုးလေ။ အဲ့ဒါ စင်ကာပူ တိုးပါးရိုးမှာ ရှေ့ကအတွဲတတွဲက လက်ချင်းချိတ်ပြီးလာနေရင်း အဲ့ဒီအတွဲနဲ့  အနီးကပ်လဲရောက်ရော ကောင်မလေးက ဘာပြောလဲဆိုတော့ ယောကျာ်းကြီးမှတ်နေတာ မိန်းမကြီးတော့ တဲ့လေ။ အနီးကပ်ကြီး အဲ့ဒီလို ဒဲ့ဒိုးကြီး အပြောခံရတာ တော်တော်အီသွားတာပဲ။ လူလဲမှားစရာမရှိဘူး လမ်းတလမ်းလုံးမှာ သူတို့ အတွဲနဲ့  ကျွန်မပဲရှိတာ။

khin oo may said...

တို့ကတော့ မြင်လိုက်တာ နဲ့ မြန်မာမှန်းသိနိုင်တဲ့ရုပ်ရည်နဲ့ပါ။

သိင်္ဂါကျော် said...

အတင်းပြောမယ် ဆိုရင် နည်းနည်းတော့ ဆင်ခြင်ပြောမှ ဖြစ်မှာပေါ့.. :D
လောလောဆယ် india က သင်တန်းမှာတော့ African တွေ များတယ်..။ မြန်မာစကားမပြောနဲ့ မြန်မာ ဆိုတာ ဘယ်နားမှာပါလို့ မနည်းကို ရှင်းပြနေရတယ်။ ခုမှပဲ ကိုယ့်နိုင်ငံကို လူတော်တော် သိပါလားလို့.. :(