Wednesday, July 15, 2009

မြန်မာ့ရိုးရာ ကလေးကစားနည်းများနဲ့ ကျွန်မ (၄)


လူတန်း။ ရွှေတံခါးကြီး ဖွင့်ပါဦး
တားသူ။ ဘယ်မင်းဆီကလဲ
လူတန်း။ ဗြဟ္မာမင်းဆီက
တားသူ။ ဗြဟ္မာစော်နံ ပြန်လိုက်ဦး
လူတန်း။ ဂျုံးဂျုံးဂျက်ဂျက်

လတ်တလော အဖြစ်အပျက်များက ငယ်ဘ၀ဆီ ဆွဲခေါ်သွားပါတယ်။ ဒီကစားနည်းကို တော်တော် ငယ်ငယ်တုန်းက ကစားတာပါ။ တားသူကို ရွေးထုတ်ပြီး တားသူ စိတ် ကြည်လင် ပြီး တံခါး ဖွင့်ပေး ချိန်စိတ် ပေါက်အောင် အမျိုးမျိုး လှည့်ပတ် ပြောရသော ကစားနည်း ပါပေ။ ပါဝင် ကစားသူ များရင် များသလောက် လူတန်းရှည်ပြီး မီးရထားတွဲလို ဖြစ်အောင် တယောက် ခါး တယောက်ကိုင်ပြီး အတန်း လိုက်ကြီး တံခါးသွားဖွင့်ခိုင်းရ သလို မဖွင့်ပေးရင်လဲ အတန်း လိုက်ကြီး ပြန်ရပါတယ်။ ဈေးဆစ် ကောင်းသူ က ရထားခေါင်းတွဲ အဖြစ် နေရပါတယ်။

လူတန်း။ ရွှေတံခါးကြီး ဖွင့်ပါဦး
တားသူ။ ဘယ်မင်းဆီကလဲ
လူတန်း။ နတ်မင်းဆီက
တားသူ။ နတ်စော်နံ ပြန်လိုက်ဦး
လူတန်း။ ဂျုံးဂျုံးဂျက်ဂျက်

လူတန်း။ ရွှေတံခါးကြီး ဖွင့်ပါဦး
တားသူ။ ဘယ်မင်းဆီကလဲ
လူတန်း။ လူမင်းဆီက
တားသူ။ နတ်စော်နံ ပြန်လိုက်ဦး
လူတန်း။ ဂျုံးဂျုံးဂျက်ဂျက်

လူတန်း။ ရွှေတံခါးကြီး ဖွင့်ပါဦး
တားသူ။ မဖွင့်နိုင်ဘူး
လူတန်း။ ရွှေတွေ ငွေတွေ ပေးပါ့မယ်
တားသူ။ မလိုချင်ဘူး
လူတန်း။ မိုးပေါ်က နတ်သမီးလေး ပေးပါ့မယ်
တားသူ။ မယုံပါဘူး
လူတန်း။ တိုက်တွေ ကားတွေ ပေးပါ့မယ်
တားသူ။ ငါ့မှာ ရှိပြီးသား
လူတန်း။ လိုချင်တာကို ပြောပါ ပေးပါ့မယ်
တားသူ။ ငါလိုချင်တာ နင်တို့ကိုပဲ တစ်နှစ်သုံး

ဒီလိုဆိုတော့မှ ပြေးရပါတော့တယ်။ စကားအချီအချ ပြောနေရင်းနဲ့ ထ စစ်ကြေညာရင် အချိန်မီ ပြေးဖို့ ပြေးပေါက်ကို ကြည့်ထား ရတဲ့ ကစားနည်းပါ။ တားတဲ့ ဂိတ်စောင့် လုပ်ရသူကလဲ ဘယ်သူ့ကို ချောင် ပိတ် ဖမ်းရင် မြန်မြန် မိမလဲ စဉ်းစားရင်း အချိန်ဆွဲပြီး ရစ် နေရတာပါ။ ပြီးတော့ တံခါးပေါက်ကို ပစ်ပြီး လူကိုချည့် လိုက်ဖမ်းလို့လဲ မရပါဘူး။ တယောက်ယောက်ကို မမိခင် ကိုယ့်တံခါးကနေ တယောက် ယောက် ၀င်သွား နိုင်တယ် ဆိုရင် ဂိတ်စောင့်က အစက ပြန်စောင့်ရပါတယ်။ ဂိတ်ထဲ တစ်ယောက်မှ မ၀င်နိုင်သေးခင် လူတန်းထဲက တစ်ယောက် ကို ဂိတ်စောင့်က ဖမ်းမိရင်တော့ အဖမ်းခံရသူ ဂိတ်စောင့် ပြန်ဖြစ်ပါတယ်။

ငယ်တုန်းက ကစားနည်းလေးက ခုတော့ လူကြီးဘ၀ မှာလဲ အသက်ဝင်နေတာကို တအံ့တသြ သိလိုက်ရပါတယ်။

ကျွန်မတို့ ရှေ့ရေး အတွက် ပိတ်နေတဲ့ တံခါးတွေက အများသား ပါလား…

အဲဒီ တံခါးတွေ ပွင့်ဖို့ ကျွန်မတို့ ဈေးဆစ်နေကြ သလား…

ဈေးဆစ်လို့ မရတော့တဲ့ အဆုံး လိုက်ဖမ်းပြီ ဆိုရင်ရော တစ်ယောက်ယောက်က လွတ်အောင် ပြေးနေတုန်း တစ်ယောက်ယောက်က ဂိတ်ပေါက်ထဲ လွတ်လွတ်ကျွတ်ကျွတ် ပြေးဝင်ပြီး ဒီပွဲကို အဆုံးသတ် နိုင်ပါ့မလား…

ကလေးဘ၀တုန်းက ပျော်ပျော်ရွှင်ရွှင် ဆော့ကစား ခဲ့သလို လူကြီးဘ၀ ကစားပွဲမှာ ပျော်ပျော်ရွှင်ရွှင် ဆော့ကစား နိုင်ပါ့မလား….

တွေးမိတာလေးတွေပါ။



No comments: