Monday, July 13, 2009

ကျွန်မနဲ့ Brand များ

Brand ဆိုတာကို စသိတတ်ခါစ အချိန်က ကျွန်မ သိတဲ့ Brand တွေက အဖိုးရဲ့ အမွေ ရွှေအစစ်နဲ့ လုပ် ထားတဲ့ တစ်တိုနီ နာရီလေးရယ်၊ လက်တိုဂျင် နို့မှုန့်ဗူးတွေရယ်ပါ။ နောက်တော့ ကား ၀ါသနာ ပါလွန်းတဲ့ အဖေနဲ့ အမျိုးသားကြောင့် လူစီးကား brand မျိုးစုံကို သိလာ ပါတယ်။ ကား ထည်လဲ စီးနေလို့ သိတယ် လို့တော့ အထင်တော် မကြီးလိုက်ပါနဲ့.. ထိုင်းဘုရင် စီးတာ Maybach, ကိုယ်တို့ ဗိုလ်ချုပ်မှူးကြီး စီးတာ မာစီဒီး တံခါးခြောက်ပေါက်၊ ကိုယ့်နိုင်ငံသား ပြည်တွင်းဖြစ်ကို အားပေးသူများ စီးတာက စက်မှုဇုန်ထုတ် ဒိုဘာမင် :P သြော်... ကျွန်မ စီးတာလား.. ၉၆၉၃ ဖိယက်လေ.. ကိုယ့်ခြေထောက် ကိုယ်သုံးပြီး ဖိကာ ယက်ကာ စီးရတဲ့ ဖိနပ်ပေါ့...

အမက်မောဆုံးက အစားအသောက် ဆိုရင် အစားပုတ်လို့ အော်တော့မယ် ထင်ပါရဲ့… ဟုတ်ကဲ့ ကျွန်မရဲ့ ကျန်းမာရေးနဲ့ အထူး ညီညွတ် တဲ့ ဂျပန်စားစရာ ဆိုရင် Nippon-Tei နဲ့ Sha bu shi ဆိုင်ကို ချက်ချင်း အမှတ်ရသလို၊ အနောက်တိုင်း အစားအစာ ဆိုရင် sizzler ကို သိပ်ကြိုက်ပါတယ်။ ကော်ဖီကိုတော့ မွှေးသလောက် ညဘက် မျက်လုံး မကြောင်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မြဲ ဖြစ်တဲ့ Black Canyon ကို ကြိုက်ပါတယ်။ Starbucks လေး တခွက်သောက်တာ ၂ည အိပ်မပျော်လို့ စာမေးပွဲမှာ ချွေးပြန်ဖူးပါရဲ့.. Junk food လို့ ခေါ်တဲ့ အကျိုးမဲ့ အစားအစာ ဖြစ်တဲ့ McDonald's နဲ့ Donuts ဆိုရင် မျက်စောင်းတောင် လှည့် မထိုးပါဘူး။ မြန်မာ၊ တရုတ် နဲ့ အိန္ဒိယစားစရာ အတော် များများကိုတော့ ကိုယ်တိုင် ချက်ပြုတ် တတ်တာမို့ ဘယ်ဆိုင်မှ သိပ်ပြီး ခြေဦး မလှည့်တတ် ပါဘူး။

မိန်းကလေး ပီသစွာ cosmetics တွေကို သိမယ် မထင်ပါနဲ့… ဓာတု ပစ္စည်း allergy ဖြစ်တဲ့ အသားအရေ မို့ Imperial leather ဆပ်ပြာ နဲ့ Johnson baby shampoo ခေါင်းလျှော်ရည် ကောင်းကောင်း သုံးပြီးရင် အသားအရည်၊ ဆံပင်နဲ့ ပတ်သက် လို့ လုပ်စရာ ကုန်ပါပြီ။ အဲ… မုသာဝါဒ မထိုက်အောင် ၀န်ခံစရာ မျက်ခုံးမွှေးဆွဲ ခဲတံ ကောင်းကောင်း တချောင်းတော့ ဆောင်ပါတယ်။ ကိုယ်က ဂန္ဓာလရာဇ် သွေးပါတော့ မျက်ခုံးက မပါသလောက် ကိုးး အိတ်ထဲမှာ ခေါင်းဖြီးစရာ ဘီးတစ်ချောင်းတောင် မဆောင်ဘဲ ဆံပင်ကို တင်ပါးဝဲတဲ့ အထိ အရှည် ထားဖူးပါတယ်။ အိမ်မှာ ဆံပင် ကိစ္စ အပြတ် ဖြတ်ပြီး သပ်သပ် ရပ်ရပ် ချည်နှောင် ထုံးဖွဲ့ ပြီးရင် အလှအပနဲ့ ပတ်သက်လို့ တနေကုန် လုပ်စရာ ကုန်ပါပေါ့။

ဒါပေမယ့် အ၀တ် အစားကို ဘယ်လောက်ထိ လက်လွတ်စပယ် ၀တ်တတ်လဲ ဆိုရင် ရှိသမျှလေးနဲ့ ပတ် ၀တ်နေလို့ အတန်းဖော် သူငယ်ချင်းသစ်က သူ့အမ အ၀တ်တွေ ယူမလားလို့ အမေးခံရတဲ့ အထိပါပဲ။ အဲဒီ အချိန်က စလို့ အ၀တ်ကို တမင် သတိထားပြီး အပြောင်းအလဲနဲ့ ၀တ်လာ ရပါတယ်။ တက္ကသိုလ် တက်ချိန်မှာ ကျောင်းတဖက်နဲ့ study guide လုပ်နေခဲ့လို့ တပည့်တွေက ကန်တော့ တဲ့ ပါတိတ်၊ မိဘ တွေရဲ့ အထက်အရာရှိများ ဆရာများက သူတို့အိမ်ခေါ် ဗေဒင်မေး ပြီးရင် ဆုချတဲ့ အနေနဲ့ သူတို့ကို အောက်လက် ငယ်သားတွေ ကန်တော့ ထားပြီး ပိုလျှံနေတာတွေ ကိုယ့်ကို ပြန်ပေး တတ်လို့ ၀တ်ရတဲ့ ပါတိတ်တွေ… ဒါတွေကြောင့် တက္ကသိုလ်မှာ ဆရာမ ဆိုတဲ့ နာမည်ပြောင် ရခဲ့တဲ့ အထိ ပါပဲ။ ခုနောက်ပိုင်း ဗေဒင် ဟောရင်တော့ ဟောခမယူ၊ ပစ္စည်း အကန်တော့ မခံဘဲ တပါးသီလ ရာသက်ပန် ခံယူတဲ့ ကုသိုလ် ကိုသာ အလှူခံ တော့တာမို့ ကိစ္စ ရှင်းလှပါရဲ့…

ဒါပေမယ့် ခုချိန်ထိ ကျွန်မရဲ့ အ၀တ် ဗီရိုကို လာကြည့်ရင် commercial T-shirt တွေနဲ့ သူများ လက်ဆောင် ပေးထားတဲ့ ready-made free size အ၀တ်တွေ ကသာ နေရာ အပြည့် ယူထားတာ တွေ့ရမှာပါ။

ကျွန်မ အတွက် အထူး ကောင်းတဲ့ ကံက စနေနံ တနင်္ဂနွေနံ ပစ္စည်း ၀ယ်စရာ လုံးဝ မလိုဘဲ လက်ဆောင် ဖောဖောသီသီ ရတတ်တာပါ။ ဘာတွေလဲ သိချင်တယ်ဟုတ်၊ နားကပ်၊ နာရီ၊ ဖိနပ်၊ ဖောင်တိန်၊ ထီး နဲ့ အိတ်မျိုးစုံ တို့ပါပဲ။ ဒီတော့ တကိုယ်ရေ ပစ္စည်း သိပ်ဝယ်စရာ မလိုတဲ့ ကျွန်မမှာ ငွေသုံးစရာလဲ သိပ်မလို လှ ပါဘူး။

ကျွန်မရဲ့ ဒီအကျင့်ကို ကောင်းကောင်း သိတဲ့ သူငယ်ချင်း ယောက်ျားလေး တစ်ယောက်က မနေနိုင် မထိုင်နိုင် မေးပါတယ်။ နင် ဒီ လောက် ငွေရှာပြီး ဘာမှ မသုံးဘဲ နင့်ငွေတွေ စုထားတာ ဘယ်လောက် တောင် များနေပြီလဲတဲ့။ အမျိုးသားက ရီမောရင်း လက်ခါပြ ပါတယ်။ ငွေ လုံးဝ မစုမိလောက်အောင် ဘာလုပ်ပစ်လဲ လို့ သူတအံ့တသြ မေးလာချိန်မှာ ကျွန်မရဲ့ မျက်စိထဲ မြင်လာတာက လမ်းမှာ ဈေးမှာ မိဘမဲ့ ဂေဟာတွေမှာ ကလေးနဲ့ မတူစွာ ကြီးပြင်းနေကြရတဲ့ ကလေးတွေ….

ကျွန်မရဲ့ နားထဲမှာ ကြားယောင်လာတာက …

ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းက ကလေးတွေအတွက် ဆန်ကုန်တော့မယ်နော်…

ကျောင်းအဆောင် အမိုးက မိုးယိုနေပြီ ခေါင်မိုး အသစ်လဲရတော့မယ်နော်…

နာဂစ် ဒေသမှာ ကလေးတွေကို စာသင်မယ့် ဆရာ၊ ဆရာမ ငှားမရတော့ဘူး သူတို့ အတွက် နေထိုင် စားသောက်ဖို့ လောက်ငတဲ့ လခ တော့ အပိုဆောင်း စီစဉ်ပေးမှ ဖြစ်တော့မယ်။ ဆရာဆရာမ တယောက် တလခ သုံးသောင်း အပိုဆောင်း ပေးငှားနိုင်ရင်တော့ ကလေးတွေကို စာပြန်သင်ပေး နိုင်တော့မှာပါ…

အမရေ.. ကလေးဆေးရုံမှာ တညကို သွေးသွင်းရတဲ့ ကလေး ၁၈ယောက်လောက် ဖြစ်နေပြီ သွေးလွန်တုပ်ကွေး ကာကွယ်ရေး ခြင်ဆေးဖျန်းဖို့ ကျောင်းတွေကို အခမဲ့ ခြင်ဆေး လိုက်မှုတ် ပေးရအောင် … ခြုံရှင်းခ၊ မြောင်းဖော်ခနဲ့ ခြင်ဆေး အတွက် တကျောင်းဆို ပျမ်းမျှ စရိတ်က….

ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေရဲ့ ကလေးတွေ အိမ်စောင့်ကျန်နေရင်း ဖတ်ဖို့ စာအုပ်တွေက စာကြည့်တိုက် မှာ အဟောင်းတွေပဲ ကျန်တော့တယ် စာအုပ်အသစ်တွေကို ကလေးတွေ ဖတ်ချင်နေကြပြီ စာအုပ်နဲ့ သူတို့ အားလပ်ချိန်လေးတွေကို ထိန်းမထားရင် ဂိမ်းဆိုင်က တဆင့် ကလေးကုန်ကူးသမားတွေ လက်ထဲတို့ အလုပ်ရုံတို့ကို ရောက်သွားမှာ စိုးရတယ်။ ကလေးတွေရဲ့ စာဖတ်အားက တပတ်ကို စာအုပ် ငှားတဲ့သူ ပျမ်းမျှ --- ယောက်ဆိုတော့ တစ်ယောက်ကို လေးအုပ်နှုံးနဲ့ စုစုပေါင်း လိုတဲ့ စာအုပ်က…

ကျွန်မရဲ့ နောင်ရေးကို စိတ်ပူတဲ့ လူကြီးမိဘ များကတော့ တတွတ်တွတ် ပြောရှာသည်။ မြတ်စွာဘုရား တောင်မှ ကိုယ်တိုင် ဘုရား ဖြစ်အောင် ကျင့်ပြီးမှ သတ္တ၀ါ တွေကို ကယ်တာ တဲ့။ ကျွန်မက ကိုယ်တိုင် တောင် အခြေ မခိုင်သေးဘဲ ခုလို လုပ်နေရင် လေ ၂ခါ ဖြတ်ပြီးသား လူမမာ နောက်တခါ ဆေးရုံ တက် ရရင် ကုစရာ ငွေ မရှိဘဲ နေမည်တဲ့။

ခပ်ကျိတ်ကျိတ် ပြုံးရင်း စိတ်ထဲက တိတ်တိတ် ဆိုမိသည်။ မြတ်စွာဘုရားက ဘုရားဖြစ်ဖို့ လှူတာမှာ ကိုယ်အင်္ဂါ သာမက အသက်ပါ လှူတာ... ကျွန်မက သေရင် ကိုယ့်နောက် မပါမယ့် ပစ္စည်းတွေကို ဘာလို့ စုထားမလဲ လို့… နော်


2 comments:

Moe Cho Thinn said...

ဒီပို့စ်လေး ဖတ်ပြီး သာဓုခေါ်မိပါတယ် မမရေ..

ကျန်းမာရေးတော့ ဂရုစိုက်ပါအုံး။ ဒါမှ ကိုယ်လှူချင်၊ လုပ်ချင်တာတွေ ရေရှည်လုပ်နိုင်မှာမို့ပါ။

ရွှန်းမီ said...

လေးစားမိပါတယ်..