Tuesday, May 19, 2009

မြန်မာ့ ကလေးကစားနည်းများနဲ့ ကျွန်မ (၂)

ဒီရက်ပိုင်း ကြားရတဲ့ သတင်းတွေက ကျွန်မ ငယ်ငယ်က ကစားခဲ့ဖူးတဲ့ ကစားနည်း တစ်ခုကို သတိရစေပါတယ်။ ဒါကတော့ ခြေတပေါင်ကျိုး လိုက်တမ်းပြေးတမ်း ကစားနည်းပါ။ ကစား ပုံက ဒီလိုပါ။

စည်းဝိုင်းကြီး ၀ိုင်းပြီး ကစားသူတွေက စည်းဝိုင်းထဲကနေ အပြင်ကို လုံးဝ မထွက်ရ ပါဘူး။ လိုက်သူ တစ်ယောက်ကို မဲချ ရွေးရပါတယ်။ ခြေ၂ဖက်နဲ့ ပြေးတဲ့ လူတွေကို လိုက်သူက ခြေ တဖက်တည်းနဲ့ ခုန်ပြီး လိုက်ဖမ်း ရတာပါ။ လိုက်ဖမ်းသူက မြေပေါ်ကို ခြေထောက်၂ဖက် တပြိုင်တည်း မကျရ ပါဘူး။ ကျရင် လိုက်သူ ရှုံးတယ်။ အစက ပြန်လိုက် ရတယ်။ ထိုင်ဘုတ် မရှိဘူး။ ပြေးသူက စည်းဝိုင်းထဲက မထွက် မိအောင် သတိထားပြီး လွတ်အောင် ပြေးရပါတယ်။ ပွဲက နည်းနည်းတော့ မတရား ပါဘူး။ ပြေးသူ တွေက အများကြီး… ခြေ၂ဖက်ကို အားကိုး ပြေးနေ ချိန်မှာ လိုက်သူ တစ်ယောက် တည်းက ခြေတဖက် တည်းနဲ့ ခုန်ပြီး လိုက်ရ တာကိုးးး လိုက်ဖမ်းလို့ မိရင် အမိခံ ရတဲ့ ပြေးသူက လိုက်သူ ပြန်ဖြစ် ပါတယ်။ ဒါပေမယ့် ဒီကစားပွဲကို ကစား ရင်းနဲ့ ကျွန်မ ခြေထောက် အရမ်းသန် လာပါတယ်။ ခြေတဖက်တည်းနဲ့ အကြာကြီး ရပ်နိုင် ခုန်နိုင် ပြေးနိုင် လာပါတယ်။ ကျွန်မတင်မှ မဟုတ်ပါဘူး ဒီကစားနည်းကို ကစားရ သူတိုင်း အဲလို ဖြစ်လာ တာပါ။ လက် ၂ဖက်ကို အစွမ်းကုန် ဆန့်တန်း ရမ်းခါရင်း ခါးကို လွှဲလို့ ခြေတပေါင်ကျိုးကို အားအပြင်းဆုံး ညှစ်ထုတ် ခုန်ပျံရင်း လိုက်ရ ပါတယ်။ စည်းဝိုင်းထဲမှာမို့ ပြေးသူကို ဘယ်လို ချောင်ပိတ် ဖမ်းရမယ် ဆိုတဲ့ နည်းကိုပါ ကျွမ်းကျင် လာပါတယ်။

လောကဓံက တခါတရံမှာ ကျွန်မတို့ အပေါ် မတရားဘူးလို့ ထင်ရလောက်အောင် မညှာ မတာ နှိပ်စက်ပါတယ်။ ဒါပေမယ့် ဒီ ခြေတပေါင်ကျိုး ကစားနည်းလေးက ဒီလို မတရားတဲ့ပွဲကို ဘယ်လို ကျော်လွှားပြီး မတရားတဲ့ သူတွေကို ဘယ်လို အမိဖမ်းပြီး ကစားပွဲကို နိုင်အောင် ကစား ရတယ် ဆိုတာကို လေ့ကျင့် ပေးလိုက် ပါတယ်။ ဒါကြောင့် ဒီကစားနည်း လေးဟာ ကျွန်မ အကြိုက်ဆုံး ကစားနည်း လေးတွေ ထဲက တခုပါပဲရှင်။

2 comments:

တန်ခူး said...

စိန်ပြီလားဟေ့လှိုင်ရေ… ပြေးလေသန်လေမို့ … ပြေးကြလိုက်ကြ… သြော်… ဒါပဲဘ၀လားကွယ်…

မဆုမွန် said...

ဟုတ်တယ် အဲ့ကစားနည်းကို သိပ်ကြိုက်တယ်
နောက် ကိုယ်လုံးကို ၀ိုင်းထဲ ထိုးထားပြီး ဖြဲခြောက် အုပ်ဖမ်းရတာ အရသာ စည်းဝိုင်းကျဉ်းလေးထဲက အုပ်လိုက်ကြီး ဒေါင့် ကပ်နေတဲ့နေရာကို လိုက်ဖမ်းရတာလဲ အရသာပဲ ကစားနည်းလေးကို ဖတ်ပြီး ငယ်ငယ် ကလေးဘ၀ကို သတိရမိတယ်