Monday, October 13, 2008

အောက်တိုဘာ ၅ရက် : ကမ္ဘာ့ ဆရာများနေ့

အောက်တိုဘာလ ၅ရက်နေ့ကို ကမ္ဘာ့ ဆရာများနေ့ အဖြစ် ကမ္ဘာ့ ကုလ သမဂ္ဂ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ (UNESC0) က ၁၉၉၄ ခုနှစ်မှာ သတ်မှတ်ခဲ့ပြီး ကမ္ဘာ့ နိုင်ငံပေါင်း ၁၀၀ကျော်က နှစ်စဉ် ကျင်းပလျက် ရှိပါတယ်။ မြန်မာ့ ရိုးရာ အရ ဆရာသမားကို ပူဇော် ကန်တော့တဲ့ အချိန်အခါဟာလဲ သီတင်းကျွတ်လ (အနီးစပ်ဆုံး အင်္ဂလိပ် လ = အောက်တိုဘာလ) ဖြစ်တာမို့ အာစိရိယ ပူဇော်ပွဲကို နှစ်ပေါင်းများစွာ အစဉ်အဆက် ကျင်းပ ပြုလုပ် လာခဲ့ တာဟာ ကမ္ဘာ့ ကုလ သမဂ္ဂ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ (UNESC0) က ကမ္ဘာ့ ဆရာများနေ့ အဖြစ် တရားဝင် မသတ်မှတ်ခင် ကတည်းက ဖြစ်ပါတယ်ရှင်။

ဆရာသမား များကို ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အရ အာစရိယ ဂုဏော အနန္တော= ဆရာသမားရဲ့ ကျေးဇူးဂုဏ်ဟာ ရေတွက် မရ နိုင်အောင် အနှိုင်းမဲ့ များပြား လှတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲလို အနန္တော အနန္တ ငါးပါး ဂိုဏ်း ၀င် ဆရာဖြစ်ဖို့ ဆရာ့ ကျင့်ဝတ် ငါးပါး ကိုလဲ ဗုဒ္ဓ မြတ်စွာဘုရားက ခုလို ဟောကြား ထားပါတယ်။ ဒါကြောင့် ဗုဒ္ဓ မြတ်စွာဘုရားရဲ့ အဓိပ္ပာယ် သတ်မှတ်ချက် အားလုံးဟာ တဖက် စောင်းနင်း မဆန်ဘဲ (Check and Balance ဆန်ဆန်) မှတ်ကျောက်တင် ဆန်းစစ် ခံနိုင် လောက်အောင် တိကျ မျှတ မှန်ကန် လှပါပေတယ်။ ဆရာ့ ကျင့်ဝတ် ငါးပါး ကတော့ အများ သိကြ ပြီးတဲ့ အတိုင်း

အတတ်လည်းသင်၊ ပဲ့ပြင် ဆုံးမ၊ သိပ္ပ မချန်၊ ဘေးရန် ဆီးကာ၊ သင့်ရာ အပ်ပို့ ဆရာတို့ ကျင့်ဖို့ ၀တ်ငါးဖြာ ပဲ ဖြစ်ပါတယ်ရှင်။ ဆရာများ နေ့မှာ ဆရာ့ ကျင့်ဝတ်နဲ့ ကိုက်ညီ ပြည့်စုံတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးကို ထိခြင်း ငါးဖြာနဲ့ ရှိခိုး ဦးညွတ်လျက် ဒီပို့စ်နဲ့ ကန်တော့ပန်း ဆင်လိုက်ပါတယ်ရှင်။

ဒါပေမယ့် ဒီနေရာမှာ တချက် သတိထား စရာတော့ ရှိနေပါတယ်။ ဥပမာ ပေးရရင်တော့ ရှင်သာရိ ပုတ္တရာနဲ့ ရှင်မဟာ မောဂ္ဂလာန် အလောင်းအလျာ ဖြစ်တဲ့ သူငယ်ချင်း နှစ်ဦးဟာ ဘုရားရှင်ရဲ့ တရားတော်ကို မနာကြား ရသေးခင်က တိတ္ထိ ဆရာကြီး ရဲ့ တပည့်များဖြစ်ကြပါတယ်။ သူတို့ ဆရာကြီးရဲ့ တရားတွေ လွဲမှားနေကြောင်း သိရှိ ပြီးတဲ့အချိန်မှာ ဆရာ့အပေါ် တွယ်ကပ်လို့ မခွဲနိုင် မခွာရက် မဖြစ်နေ ကြပါဘူး။ ဆရာ့ ကျေးဇူးကို မှန်ကန်စွာ ဆပ်တဲ့ အနေနဲ့ သူတို့ ရရှိ ထားတဲ့ တရားထူး တရားမြတ် သတင်းကောင်းကို မျှဝေတဲ့ အပြင် မြတ်စွာဘုရားထံ သွားရောက် ရဟန်း ပြုဖို့လဲ ပင့်ခေါ် ကြပါ သေးတယ်။ မိမိအကျိုးစီးပွား အစစ်အမှန်ထက် ဂုဏ်၊ ပကာသနကို ပိုမက်မောတဲ့ ခေါင်းမာ လှတဲ့ ဆရာကြီးဟာ လူမိုက် အများရဲ့ ဆရာပဲ လုပ်တော့မယ် လူလိမ္မာ ပညာရှိရဲ့ တပည့်တော့ မခံတော့ဘူးလို့ ပြောဆို ငြင်းပယ်တဲ့ အခါမှာ ဆရာမှားကို စွန့်လို့ ဆရာစစ် ထံမှာ သွားရောက် နည်းနာ ခံယူ ခဲ့ပါတယ်။ ဒါကြောင့် လှေနံ ဓားထစ် အရာရာကို မဆုံးဖြတ်ဘဲ မှန်ကန်စွာ ဆုံးဖြတ် တတ်ဖို့ အရေးကြီးလှ ပါတယ်။ အောင်ခြင်း ရှစ်ပါးမှာ နာမည်ကြီးတဲ့ အင်္ဂုလိမာလ ဟာလဲ ဆရာက တပည့်ကို မကောင်းကြံလို့ သူများသတ်လို့ သေစေချင်တဲ့ ဥပါယ် တံမျဉ်နဲ့ လူသတ် ခိုင်းခဲ့တဲ့ အတွက် ဒီလို ဆရာမျိုးဟာ အနန္တော အနန္တ ငါးပါး ဂိုဏ်းဝင် ဆရာ မဟုတ်ဘူး ဆိုတာလဲ သတိ ပြုရမှာ ဖြစ်ပါတယ်ရှင်။


No comments: