Tuesday, October 14, 2008

အောက်တိုဘာ ၆ရက် : ကမ္ဘာ့ နေရာ ထိုင်ခင်းနေ့

စား၊ ၀တ်၊ နေရေး ဆိုတဲ့ ရေးကြီးသုံးပါး ထဲက နေရာ ထိုင်ခင်း အတွက် အလေးဂရု ထားတဲ့ အနေနဲ့ အောက်တိုဘာ လ ရဲ့ ပထမဆုံး တနင်္လာနေ့ ကို ကမ္ဘာ့ နေရာ ထိုင်ခင်းနေ့ အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ လူသားများ နေရာချထားရေး အစီအစဉ်က ၁၉၈၆ ခုနှစ်က စတင် သတ်မှတ်ပြီး နှစ်အလိုက် သက်ဆိုင်ရာ ဆောင်ပုဒ်များ သတ်မှတ် ပြဌာန်းပြီး အထိမ်းအမှတ် ပွဲများ၊ နေရာထိုင်ခင်း စီစဉ်သူများထဲက အထူးချွန်ဆုံး သူများကို ဆုချီးမြှင့်ပွဲများ နှစ်စဉ် ကျင်းပ ပြုလုပ် ခဲ့ကြပါတယ်။ ခုချိန်ထိ သတ်မှတ်ခဲ့တဲ့ ဆောင်ပုဒ် များကတော့

2008: Harmonious Cities

2007: A Safe City is a Just City

2006: Cities, Magnets of Hope

2005: The Millennium Development Goals and the City

2004: Cities - Engines of Rural Development

2003: Water and Sanitation for Cities

2002: City-to-City Cooperation

2001: Cities without Slums

2000: Women in Urban Governance

1999: Cities for All

1998: Safer Cities

1997: Future Cities

1996: Urbanization, Citizenship and Human Solidarity

1995: Our Neighbourhood

1994: Home and the Family

1993: Women and Shelter Development

1992: Shelter and Sustainable Development

1991: Shelter and the Living Environment

1990: Shelter and Urbanization

1989: Shelter, Health and the Family

1988: Shelter and Community

1987: Shelter for the Homeless

1986: Shelter is my Right

၂၀၅၀ ခုနှစ်မှာ ကမ္ဘာ့ လူဦးရေ စုစုပေါင်းရဲ့ သုံးပုံ နှစ်ပုံ ဖြစ်တဲ့ လူဦးရေ ၆ဘီလျံဟာ မြို့ပြ များမှာ နေထိုင်ကြဖို့ အလားအလာ ရှိနေပြီး သူတို့ အတွက် အိုးအိမ် နေရာ ထိုင်ခင်း စီစဉ် မပေးနိုင်ရင် နေရာထိုင်ခင်း အတွက် အတော်ကို ပြသနာ ရှိနိုင် နေပါတယ်။ ဒါ့အပြင် အိုဇုန်းလွှာ ပေါက်ပြဲမှု ရဲ့ အကျိုးသက်ရောက်မှု ဖြစ်တဲ့ အန္တာတိကတိုက်နဲ့ အာတိတ် စက်ဝိုင်းတွင်းက ရေခဲပြင်များ အရည် ပျော်မှုကြောင့် ကမ္ဘာ့ ပင်လယ် ရေမျက်နှာပြင် မြင့်တက်မှုကြောင့် ပင်လယ်ကမ်းခြေ ဒေသ မြို့ကြီးများ ဖြစ်တဲ့ ရှန်ဟိုင်း၊ နယူးယောက်၊ ဘန်ကောက် စတဲ့ လူသန်းချီ နေထိုင်တဲ့ မြို့ကြီးများ ပင်လယ်ရေအောက် ရောက်မယ့် အလား အလာ များက ရှိနေပါသေးတယ်။

• ကမ္ဘာ့ နိုင်ငံအားလုံးရဲ့ ၇၅% မှာ နိုင်ငံသားများအတွက် လုံလောက်တဲ့ အိုးအိမ် မြေယာ ပိုင်ဆိုင်ခွင့်အတွက် အကာအကွယ် ပေးမှု အပြည့်ရှိတဲ့ ဥပဒေများ ပြဌာန်း ထားပါတယ်။ (ကျွန်မတို့ မြန်မာ နိုင်ငံမှာတော့ နိုင်ငံတော် အစိုးရ အမည်တပ် အာဏာပိုင်များက လက်ညှိုးညွှန်ရာ မြေယာ အသိမ်းခံရပြီး လျော်ကြေး ရရှိမှု မရှိတဲ့ အပြင် တခါတရံ အမှုဆင် တရားစွဲပြီး အိမ်အပ်ရင် အမှု ရုပ်သိမ်း ပေးမယ်လို့ ခြိမ်းခြောက် ခံရတာမျိုးတောင် ကိုယ်တွေ့ ကြုံခဲ့ ရဖူးပါတယ်။ )*

• ကမ္ဘာ့ နိုင်ငံအားလုံးရဲ့ ၆၁% မှာ အတင်း အဓမ္မ အိုးအိမ်မြေယာ ရွှေ့ပြောင်းခံရမှုက ကာကွယ်ပေးတဲ့ တရားဥပဒေတွေ ရှိကြပါတယ်။ (ကျွန်မတို့ မြန်မာ နိုင်ငံမှာတော့ ဆည်ဆောက်ဖို့ အကြောင်းပြလိုက်၊ လမ်းဖောက်ဖို့ အကြောင်းပြလိုက်၊ ဖြစ်ရပ်မှန် မပေါ်ဘဲ မြို့ထဲမှာ မီးလောင်တဲ့ ရပ်ကွက်တွေကို မြို့ပြင်မှာ နေရာပေးပြီး အပိုင်သိမ်းလိုက်၊ ဘာအကြောင်း ပြချက်မှ မပြဘဲ ရွာလိုက် မီးရှို့လိုက်နဲ့ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ အခြေအနေ တစ်ခုမှာ ရှင်သန် လာခဲ့ရတဲ့ နိုင်ငံသားတွေ သားစဉ် မြေးဆက်ပါပဲ။)*

• ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အိမ်ထောင်စု တစ်ခုမှာ သူတို့ နှစ်စဉ် ၀င်ငွေရဲ့ ၈ဆ တတ်နိုင်ရင် အိုးအိမ် ပိုင်ဆိုင်နိုင်ပါတယ်တဲ့။ အာဖရိကမှာ ၁၂ဆခွဲ၊ လက်တင် အမေရိကမှာ ၅.၄ဆနဲ့ အာရပ် စော်ဘွားများ ပြည်ထောင်စုမှာတော့ လစဉ် ၀င်ငွေရဲ့ ၄၅% အကုန်အကျ ခံမှ အိုးအိမ် မြေယာ ပိုင်ဆိုင် နိုင်ပါသတဲ့။ (မြန်မာနိုင်ငံမှာ သာမန် အစိုးရ ၀န်ထမ်း တစ်ဦးရဲ့ လစာငွေ တစ်သိန်း ကျပ် ဖြစ်နေချိန် ရန်ကုန်မြို့မှာ သာမန် အခြေအနေ တိုက်ခန်း တစ်ခန်း ဈေးနှုံးနဲ့ လစဉ် စားသောက်ဖို့ စားစရိတ် တောင် အနိုင်နိုင် ဖြစ်နေချိန်မှာ တသက်လုံး အိုးအိမ် မပိုင်ဘဲ နေသွားရတဲ့ လူတွေ ဘယ်လောက် များနေပါသလဲ။)*

• အိုးအိမ် စရိတ်မှာ အာရှ-ပစိဖိတ်ဒေသက ဈေးအမြင့်ဆုံးပါတဲ့။ ၀န်ဆောင်မှု ပါပြီးသား အိမ်ယာ စခန်း တစ်ခုမှာ တစ် စတုရန်း မီတာ အတွက် US$ ၃.၁ ဖြစ်ပါတယ်တဲ့။ အာဖရိက မှာတော့ အနိမ့်ဆုံးဖြစ်ပြီး တစ်စတုရန်း မီတာ အတွက် US$ 0.15 ဖြစ်ပါတယ်တဲ့။ (မြန်မာနိုင်ငံ ရန်ကုန်မြို့က အဆင့်မြင့် ကွန်ဒို တိုက်ခန်း တစ်ခန်းရဲ့ လက်ရှိ ပေါက်ဈေး ကတော့----)* စီးပွားရေး လုပ်ပိုင်ခွင့် ကန့်သတ်ချက်တွေ ကြားမှာ တိုင်းရင်းသား လုပ်သားပြည်သူ များကတော့ မြို့ပြင်က ဖြစ်သလို အကွက်ရိုက် နေရာချထားတဲ့ မြို့သစ်များမှာ ဖြစ်သလို နေထိုင် နေကြပြီး မြို့လယ်ခေါင်က နေရာကောင်း များမှာတော့ တရုတ်၊ အိန္ဒိယနဲ့ နိုင်ငံခြားသားပိုင် လုပ်ငန်းရှင် များက နေရာယူလျက်... မန္တလေးမြို့ရဲ့ နန်းတော်ဟာ တရုတ်ဘုံကျောင်း ဖြစ်တော့မှာပဲ လို့ သံချပ် ထိုးခဲ့ရတဲ့ အထိပါပဲ။

• သောက်သုံးရေ ရရှိမှုမှာ အာဖရိက တိုက်က စုစုပေါင်းလူဦးရေရဲ့ ၂၀% အောက်ဟာ စည်ပင်သာယာ ရေပိုက်လိုင်းမှ ရေရရှိပြီး ၄၀% ကတော့ ရေခပ်ဖို့ အိမ်ကနေ မီတာ ၂၀၀ အကွာကို သွားရပါတယ်တဲ့။ (ရန်ကုန်မြို့လည် နဲ့ ဆင်ခြေဖုံး မြို့ တချို့က တိုက်ခန်းများမှာ နေထိုင်သူ များကတော့ ရှစ်ထပ်တိုက်ကို ရေထမ်းတင်ရင်း….)*

တကယ်တော့ မြို့တည်တယ် ဆိုတာ အကွက်ချပြီး မြေကွက်ရိုက် ရောင်းစားရုံ မကပါဘူး။ မြို့တမြို့ အတွက် လိုအပ်တဲ့ မြို့သူ မြို့သား ဦးရေ သတ်မှတ်ချက်၊ ဒီလူတွေ အတွက် သောက်သုံးရေ၊ စားရေရိက္ခာ၊ အလုပ်အကိုင်၊ နေရာထိုင်ခင်း စတဲ့ အခြေခံ စီမံချက်များ၊ ဒါတွေကို ပံ့ပိုးဖို့ မြို့ပြ မြေယာ အခင်းအကျင်း ဖြစ်တဲ့ သန့်ရှင်း လုံလောက်တဲ့ ရေအရင်းအမြစ်နဲ့ ရေပိုက်လိုင်း၊ ဈေး၊ စိုက်ခင်းနဲ့ မွေးမြူရေးခြံ၊ စွမ်းအင် အရင်းအမြစ် (ဖယောင်းတိုင်နဲ့ ရေနံဆီ မီးခွက်လောက်နဲ့ အလုပ်မဖြစ်ပါ)၊ အလုပ်အကိုင် ပေးဖို့ စက်မှုဇုန်နဲ့ ကုန်သွယ်ရေးဇုန်များ၊ ဒီမြို့သူမြို့သားများရဲ့ ကျန်းမာရေး အတွက် ဆေးရုံ၊ ဆေးပေးခန်း၊ ဆက်သွယ်ရေး အတွက် စာတိုက်နဲ့ ကြေးနန်း၊ ဖုန်း၊ အင်တာနက် လိုင်းများ တပ်ဆင်မှု၊ လုံခြုံရေးအတွက် ရဲစခန်း (စစ်တပ်နဲ့ ၀ိုင်းထားပြီး ဓားစာခံ အဖြစ် ထားဖို့ မသင့်ပါ) အစရှိသဖြင့် လိုအပ်ချက် များစွာ ရှိနေပါတယ်။ အားလုံးထဲမှာ အရေးကြီးဆုံးကတော့ ဒီမြို့က ထွက်တဲ့ အမှိုက်သရိုက်နဲ့ ရေဆိုးများကို ဘယ်လို အမြန်ဆုံးနဲ့ အသန့်ရှင်းဆုံး စွန့်ထုတ် စီရင်မလဲ ဆိုတာပါပဲ။ မြို့ပြင်ထုတ်ပြီး အမှိုက်ပုံမှာ ပစ်မယ်လို့ ကလေးတွေး တွေးလို့ကတော့ အမှိုက်ပုံက ပေးတဲ့ ကပ်ရောဂါဘေးက ပြေးလွတ်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် မြို့တွင်းနဲ့ မြို့ပြင် ဆင်ခြေဖုံး ဒေသက လူများရဲ့ အကျင့်စာရိတ္တ တွေကို ပညာရေးနဲ့ မျှတတဲ့ အခြေခံ ပံ့ပိုးမှု တွေနဲ့ ထိန်းညှိပေးမှု မရှိရင်လဲ မြို့ပြ လုံခြုံရေးကို ထိခိုက် စေဦးမှာ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် ကမ္ဘာ့နေရာထိုင်ခင်းနေ့ အတွက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တော့
“ မြို့ပြတွေ လောင်စာ သုံးစွဲမှုနဲ့ အညစ်အကြေး စွန့်ပစ်မှု အစရှိတဲ့ အချက်တွေ ဟန်ချက်မညီရင် ကမ္ဘာ့လူဦးရေရဲ့ သုံးပုံ နှစ်ပုံဟာ ဒုက္ခတွေနဲ့ ရင်ဆိုင် ရပါလိမ့်မယ် ဒါကြောင့် ဒီနှစ်အတွက် ဆောင်ပုဒ်ကို ဟန်ချက်ညီသော မြို့ပြများ လို့ သတ်မှတ် ရတာပါ။ ကမ္ဘာကြီးဟာ ဖိအားအပြင်းဆုံး စိန်ခေါ်မှုတွေ ဖြစ်တဲ့ ဆင်းရဲမွဲတေမှု၊ သဘာဝကပ်ဘေးများ၊ တရိပ်ရိပ် မြင့်တက်လာတဲ့ အစားအစာနဲ့ လောင်စာ ဈေးနှုံး စတာတွေနဲ့ ရင်ဆိုင် နေရပါတယ်။ ဟန်ချက်ညီမှု ရှိတဲ့ မြို့ပြများဟာ လူသားတို့ရဲ့ နေရာ ထိုင်ခင်း အတွက် ချွေချွေတာတာ မျှဝေ သုံးစွဲနိုင်တဲ့၊ လောင်စာ၊ စားရေ ရိက္ခာနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းတဲ့၊ နည်းလမ်းမှန်တဲ့ အညစ်အကြေး စွန့်ထုတ်မှု စတာတွေကို ပံ့ပိုးနိုင်တဲ့၊ ကောင်းမွန်တဲ့ စနစ် တစ်ခုပါ။ ဒါကြောင့် ကမ္ဘာ့ လူသား အားလုံး သဘာဝ အမွေအနှစ် များပိုမို စိမ်းလန်း ကောင်းမွန်စွာ ဖွံ့ဖြိုး တိုးတက်အောင် ထိန်းသိမ်းပြီး ကမ္ဘာ့လူသား အားလုံး အတွက် ရည်ရွယ်ချက် ကောင်းမွန် ပြီးပြည့်စုံတဲ့ လူနေမှု အဆင့်အတန်း တစ်ရပ်ကို တည်ဆောက် ကြပါစို့လို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်” လို့ ပြောကြား ခဲ့ပါတယ်။

ကျွန်မတို့ မြန်မာ နိုင်ငံသူ နိုင်ငံသားများလဲ မြို့ပြ ပီသတဲ့ မြို့ပြ များမှာ ရည်ရွယ်ချက် ကောင်းမွန် မှန်ကန်တဲ့ စနစ်များ နဲ့ အညီ ကောင်းမွန် ပြီးပြည့်စုံတဲ့ လူနေမှု အဆင့်အတန်း များနဲ့ နေထိုင် နိုင်တဲ့ တနေ့ အမြန်ဆုံး ဆိုက်ရောက် လာပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ရှင်။


No comments: