Monday, October 13, 2008

သီတင်းကျွတ် လပြည့် အဘိဓမ္မာ အခါတော်နေ့ (ပြီးတော့ ကျွန်မ မွေးနေ့)

မြတ်စွာဘုရားက တာဝတိံသာ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စား ထားခဲ့ပြီး အဘိ ဓမ္မာ တရားတော် အကျယ်ကို ၀ါတွင်း သုံးလ ပတ် လုံး ဟောကြားတော် မူပြီး တရားစစ်သူကြီး ရှင် သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို တချိန် တည်းမှာ ဟောကြား သင်ပြ တော် မူပြီး သီတင်းကျွတ် လပြည့်နေ့မှာ လူ့ပြည်ကို ပြန်ဆင်း ခဲ့တဲ့ အထိမ်း အမှတ် အနေနဲ့ နက်ဖြန် မနက်မှာ ကျရောက် မယ့် သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့ အဖြစ် သတ်မှတ် ခေါ်ဝေါ် ခဲ့ကြပါသည်။



အဘိဓမ္မာ တရားတော် အကျယ်ဟာ အလွန် ရှည်လျား များပြားတဲ့ အတွက် ၀ါတွင်း သုံးလ ပတ်လုံး မရပ်မနား ဟော ကြားမှ ပြီးပြည့်စုံ အောင် ဟောကြား နိုင်မှာ ဖြစ်လို့ လူ့ပြည်မှာ တထိုင် တည်း တနေရာတည်း ဆက်တိုက် နာကြား နိုင်တဲ့သူ မရှိလို့ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စားထား ဟော ကြား ရတာ ဖြစ်ပြီး လူသား ဖြစ်တဲ့ မြတ်စွာဘုရား ကိုယ်တော်တိုင် ကတော့ လူ့ပြည်ဆင်းပြီး က္ကရိယာပုဒ် လေးပါး ညီညွတ် မျှတအောင် စပ္ပါယ်ရင်း တရား စစ်သူကြီး ဖြစ်ရုံမက အဘိဓမ္မာ တရားတော်မှာ အထုံ ပါရမီ ပါသူ လက်ယာတော်ရံ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို ဟောပြတော် မူပါတယ်။ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးက တဆင့် တခြား သာဝက ငါးရာကို မကျဉ်း မကျယ် ပြန်လည် ဟောပြ သင်ကြား ပေးခဲ့ ပါတယ်။ ဒီအထိမ်းအမှတ် အနေနဲ့ သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော် နေ့ လို့ ခေါ်ဆိုခြင်း ဖြစ်ပါသည်။ သီတင်းကျွတ် လပြည့်နေ့မှာ ကျင်းပ လေ့ ရှိတဲ့ ပွဲများ ကတော့

ပ၀ါရဏာပွဲ။ ။ ပ၀ါရဏာရဲ့ အဓိပ္ပာယ်မှာ ဖိတ်ကြားခြင်း၊ တိုက်တွန်းခြင်း၊ တောင်းပန်ခြင်း တို့ ဖြစ်လေသည်။ သာသနာ့ဝန်ဆောင် ရဟန်းတော် များဟာ ၀ါကျွတ်တာနဲ့ သီတင်းကျွတ် လပြည့်နေ့မှာ “အရှင် ဘုရားတို့။ တပည့်တော်သည် သံဃာကို ဖိတ်ကြား ပါဧ။်။ တပည့်တော် ဧ။် အပြစ်ကို မြင်သော်လည်းကောင်း၊ ကြားသော် လည်းကောင်း၊ သံသယ ရှိလျှင် သော်လည်း ကောင်း တပည့်တော်အား သနားသော အားဖြင့် ပြောဆို သတိ ပေးကြပါ။ အပြစ်ကို ကုစား ပါ မည်" ဟု ဖိတ်ကြား တိုက်တွန်း ပြီး ရဟန်းများက မိမိရဲ့ အပြစ်များကို အခြား တစ်ပါး ထံမှာ မိမိ ရဲ့ သဘောဆန္ဒ အလျောက် ဖွင့်ဟ ပြောဆိုပြီး ၀န်ချ တောင်းပန် ကြသလို သာသနာတော် သန့်ရှင်း တိုးတက် ရေးအတွက် အပြုသဘော ဆောင်ပြီး ဝေဖန် သုံးသပ် ကြသည့် ပွဲလဲ ဖြစ် ပေသည်။ အလွန်ပင် ဒီမိုကရေစီ နည်းလမ်း ကျန စည်းစနစ် ကောင်းလှသော ပွဲပါပေ။

မီးမြင့်မိုရ်ပွဲ။ ။ သီတင်းကျွတ် လပြည့်နေ့ ညနေမှာ နတ်ပြည် ကနေ လူ့ပြည်ကို ဆင်းအ လာ လပြည့်ဝန်း နဲ့အတူ ကောင်းကင်မှာ တင့်တယ်စွာ ဖူးမြင်ရတဲ့ မြတ်စွာဘုရားကို နတ်လူ အများက ပူဇော်တဲ့ အနေနဲ့ ဆီမီးများနဲ့ ပူဇော် ကြတဲ့ အထိမ်းအမှတ် အနေနဲ့ အိမ်၊ ကျောင်း၊ တန်ဆောင်း များမှာ ဆီမီး၊ မီးပုံးများ ထွန်းညှိ ပူဇော်ကြသလို ဘုရားစေတီ များမှာလဲ ပွဲများ ပြုလုပ်ပြီး မီးမြင့်မိုရ်ပွဲများ ပြုလုပ် ကြပါသည်။ ပုဂံမြို့ မြင်းကပါ ဂူပြောက်ကြီး ဘုရားက ပန်းချီ ကား တွင် ဗုဒ္ဓ မြတ်စွာ ဘုရား တာဝတိံသာမှ သင်္ကသနဂိုရ်ပြည်သို့ သက်ဆင်းပုံ ပန်းချီကို တွေ့ရသည့် အတွက် မီးမြင့်မိုရ်ပွဲကို ပုဂံခေတ် တည်းက ကျင်းပခဲ့သည်ဟု ယူဆ နိုင်ပေသည်။

ဘုရားပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော်များ၊ သက်ကြီး ပူဇော်ပွဲနှင့် ဆရာကန်တော့ပွဲများ စသည်တို့ ကိုလည်း မြန်မာနိုင်ငံ တ၀ှမ်း ကျင်းပလေ့ ရှိကြ သည်မှာ ယနေ့တိုင် ဖြစ်လေသည်။

သီတင်းကျွတ် လကို တူရာသီဟု ခေါ်ပြီး ချိန်ခွင်ရုပ်သဏ္ဍာန် နက္ခတ် ထွန်းပ လေသည်။ ထိုမျှ မက ၁၂လ ရာသီတွင် နေ့တာနဲ့ ညတာ တူညီသော တခုတည်းသော လလဲ ဖြစ်လေသည်။ ထို့ကြောင့် ကင်းဝန် မင်းကြီးက “ သီတင်းကျွတ်ပြီ တူရာသီ အာသ၀ဏီ ရှိန်ဝါရွှန်း၊ ကြာမျိုးလည်းစို မီးမြင်းမိုရ် ဗဟိုအချာထွန်း” ဟု ဖွဲ့ဆို ခဲ့လေသည်။

သီတင်းကျွတ် လပြည့် အဘိဓမ္မာ အခါတော်နေ့အကြောင်း သိကောင်းစရာ အဖြာဖြာများကို တင်ပြရင်း ကျွန်မရဲ့ မွေးနေ့မှာ ကုသိုလ် ယူလိုက် ပါတယ်ရှင်။


6 comments:

Unknown said...

မွေးနေ့မှာ ပြုရသောကုသိုလ်ကြောင့် ချစ်သော မိသားစုနဲ့ အတူ ဘ၀ခရီးလမ်းကို မမောပန်းပဲ ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းနိုင်ပါစေ အစ်မရေ။

ပန်းခရေ said...

မခွန်မြလှိုင်ရေ မွေးနေ့မှစ၍ နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်ချမ်းသာမှု အစစ်အမှန်ဖြင့် ဘ၀ကိုအောင်မြင်စွာ ဖြတ်သန်းနိုင်ပါစေ..လို့ဆုတောင်းပေးပါတယ်

Taungoo said...

ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေအမရေ
ကျွန်တော်လည်း ဒီနေ့ပါပဲ။


မေတ္တာဖြင့်

Anonymous said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ အမ ခွန်မြလှိုင် Happy Birthday!!

အမက ကျွန်တော့် အမေနဲ့ မွေးနေ့တူတယ် =)

kay said...

Happy Birthday ညီမရေ-
နောက်နဲနဲကျ သွားတယ်.. ကျန်းမာ ရွှင်လန်းပါစေ။

Anonymous said...

အားလုံး အားလုံးကို ကျေးဇူး ကုဋေကုဋာပါ.. ပေးတဲ့ဆုနဲ့ ပြည့်ပါစေနော်